အပိုင်း ၁၃၃-၁၃၆
Vol. 7 Ch. 133-136
အပိုင်း (၁၃၃)
လေအလျင်နဲ့ကိုယ်ခံပညာရှင်၊ လျုံဝမ်းယွမ်။
" ကောင်စုတ်လေး၊ မင်း ငါ့ကို ကန်လိုက်နိုင်ခဲ့တာနဲ့ မင်းကိုယ်မင်း တိုက်ခိုက်နိုင်ပြီထင်နေတာလား။ ဒီနေ့ ငရဲဘုရင်က ဘယ်သူလဲဆိုတာကို ပြပေးရမှာပေါ့ "
တစ်ဖက်တွင် ယဲ့ဖန်က လုံးဝကြောက်တဲ့ပုံစံမပြတာကြောင့် ထိုလူကြီးက စိတ်တိုသွားပုံရသည်။ ကြောက်စရာကောင်းတဲ့ မျက်နှာထားနဲ့ သူ့အနောက်ကလူတွေကို လက်ဝှေ့ယမ်းပြလိုက်သည်။
" ကောင်မလေးကိုထားလိုက်။ ကျန်တဲ့နှစ်ယောက်ကိုတော့ အကုန်သတ်ပစ်လိုက်ကြ "
သူ့ရဲ့အမိန့်ကိုရပြီးတဲ့နောက် သူ့နောက်မှ လူအုပ်ကြီးက ချက်ချင်း သူတို့ရဲ့လက်နက်ကိုယ်စီကိုသယ်ပြီး ယဲ့ဖန်နှင့် နောက်ထပ်နှစ်ယောက်ဆီသို့ ပြေးလာကြသည်။
ထိုမြင်ကွင်းကြောင့် ယဲ့ဖန် စိတ်ပိုင်းဖြတ်ပြီး အားတင်းကာ ချဖို့ပြင်လိုက်သည်။
ယဲ့ဖန်သည် အတော်ခက်ခဲပြီး နာကျင်တဲ့အခြေအနေကို ရင်ဆိုင်ရတော့မှာသိပေမဲ့ သူ့မှာရှောင်လွှဲဖို့နည်းလမ်းမရှိတော့ပေ။
ဒီလမ်းက အန္တရာယ်များမှန်းသိပေမဲ့ အားတင်းပြီးသာ ရှေ့ဆက်တိုးရတော့မည်ဖြစ်သည်။
ထိုအချိန်မှာဘဲ ယဲ့ဖန်ထက်မြန်တဲ့ပုံရိပ်တစ်ခုက သူ့အနောက်ကနေ ဖြတ်ခနဲရှေ့တက်သွားသည်။
ထိုပုံရိပ်သည် အခြားမဟုတ်ဘဲ သူ အထင်သေးမိသည့် ဦးလေးလျုံဖြစ်နေသည်။
ဦးလေးလျုံရဲ့အမြန်နှုန်းက ဘယ်လောက်တောင်များတာလဲ။
ယဲ့ဖန်၏ခန္ဓာကိုယ်သည် စနစ်ကြောင့် အားပြည့်နေပါသော်လည်း တစ်ဖက်သူနဲ့ပြိုင်ပြေးပါက သူ အားကုန်ထည့်ပြေးလျှင်တောင် လိုက်မှီလောက်မည်မဟုတ်ပေ။
ဦးလေးလျုံသည် အလင်း၏အလျင်နှုန်းဖြင့် လူအုပ်ထဲကို ပြေးဝင်သွားသည်။
ထို့နောက် ယဲ့ဖန် မေ့မရတဲ့မြင်ကွင်းကို မြင်လိုက်ရသည်။
ဦးလေးလျုံ၏ကန်ချက်နှင့် ထိုးချက်တွေက အလင်းလိုမြန်ကာ ပုံရိပ်တွေကိုသာ မြင်နေရသည်။
ထို့နောက် ဦးလေးလျုံ၏တစ်မီတာပတ်လည်အတွင်းက သူတွေအားလုံး လွင့်ထွက်ကုန်ကြသည်။
သူဖြတ်သွားတဲ့နေရာတိုင်း လူတွေက ခြေကနေ ကိုင်မြှောက်ခံရသည်။
ဒါက သေချာပေါက် ကွန်ပျူတာဖြင့်ပြင်ထားသောရုပ်ရှင်ပြကွက်မဟုတ်ပေ။
သို့ပေမဲ့ ပြကွက်တွေက ရုပ်ရှင်ထဲကထက်ပင် ပိုကောင်းနေသေးသည်။
ယဲ့ဖန်သည် မြင်ကွင်းကြောင့် အံ့ဩမှင်သက်နေသည်။
ယောကျာ်းတိုင်းတွင် ဝူရှအိပ်မက်ရှိသည်။
သူတို့အားလုံးက ယှဉ်ပြိုင်လို့မရတဲ့နည်းပညာတွေတတ်မြောက်ချင်ကြပြီး လူဆိုးတွေကိုရှင်းထုတ်ကာ တရားမျှတမှုကို ဆောင်ကျဉ်းပေးချင်သည်။
ယဲ့ဖန် အရင်တုန်းက ဝူရှဝတ္ထုတွေကိုဖတ်ပြီး ထိုကဲ့သို့အိပ်မက်မျိုးရှိခဲ့သည်။
သို့ပေမဲ့ ထိုဝတ္ထုတွေက အလိမ်အညာတွေမှန်း ယဲ့ဖန်နားလည်လာသည်။
တုနှိုင်းမရတဲ့ ကိုယ်ခံပညာမျိုး ဒီကမ္ဘာတွင်မရှိပေ။
လူစွမ်းကောင်းတွေလည်းမရှိပေ။
လူအများစုက မကောင်းတဲ့သူကို နှိမ်နင်းရင်း မကောင်းတဲ့သူက သူတို့ကို အရင်းရှင်းပစ်တာကို ခံကြရသည်။
သို့ပေမဲ့ ဦးလေးလျုံ၏တိုက်ကွက်တွေကိုတွေ့တဲ့အခါ ယဲ့ဖန်၏အိပ်မက်တို့က ပြန်အစပျိုးလာတော့သည်။
သူလည်း ပြေးပြီး ဦးလေးလျုံဘေးမှ ကူတိုက်ပေးချင်သည်။
သို့ပေမဲ့ ယဲ့ဖန် သူ၏တိုက်ခိုက်နိုင်စွမ်းကို သေချာသိသည်။
သူသွားလျှင်တောင်မှ ကူတိုက်မပေးနိုင်ဘဲ ပိုရှုပ်သွားစေလိမ့်မည်။
မကူညီပေးခြင်းက သူပေးနိုင်သည့် အကောင်းဆုံးကူညီခြင်းဖြစ်နေသည်။
မိနစ်ပိုင်းအတွင်းမှာဘဲ လက်နက်နဲ့လူဆိုးတွေက ဦးလေးလျုံတစ်ယောက်တည်းကြောင့် အလဲလဲအပြိုပြိုဖြစ်နေကြသည်။
သူတို့အားလုံးက မြေပေါ်မှာလှဲပြီး နာကျင်မှုကြောင့် အော်နေကြရသည်။
သူတို့ရဲ့ခေါင်းဆောင်ကသာ လက်ထဲမှာ သံပိုက်ကိုကိုင်ပြီး တစ်ယောက်တည်းရပ်ကျန်နေခဲ့သည်။
သူခေါ်လာခဲ့တဲ့ ဆယ်ယောက်ထက်မနည်းသောအကူအညီတွေက ဒီလောက်မြန်မြန်ကျသွားမယ်လို့ ထင်မထားပေ။
ပြီးတော့ တစ်ဖက်ကလည်း အဘိုးအိုတစ်ယောက်ဖြစ်နေသေးသည်။
" ခင်ဗျား ........ ဘယ်လိုမှော်အကွက်တွေသုံးနေတာလဲ "
ထိုလူက သူ့စိတ်ထဲမှ အံ့ဩမှုကို ဖော်ပြဖို့ စကားပင်ရှာမရဖြစ်နေသည်။ ထို့ကြောင့် မှော်ပညာအတတ်ကိုသာ လွှဲချအပြစ်တင်ပြီး ဦးလေးလျုံကို မယုံကြည်နိုင်စွာကြည့်နေခဲ့သည်။
" လျုံဝမ်းယွမ်၊ လေသိုင်း "
ဦးလေးလျုံက လေသိုင်းထိုးတဲ့အနေအထားကနေ ထိုလူကို လက်ချောင်းကွေးကာ စိန်ခေါ်လိုက်သည်။
ထိုလူကလည်း သူ မလွတ်နိုင်တော့ဘူးဆိုတာကိုသိသည်။
သူမျက်နှာမှာ အကြင်နာတရားမဲ့သည့်အမူအရာဖြင့် လက်ထဲမှ သံပိုက်ကိုဆွဲကာ လျုံဝမ်းယွမ်ရှိရာသို့ လွှဲချလိုက်သည်။
ဘန်း၊ ဘန်း၊ ဘန်း .........
လျုံဝမ်းယွမ်၏ လှုပ်ရှားမှုတို့က သေသပ်သန့်ရှင်းမြန်ဆန်ကာ လုံးဝနှေးကွေးမနေပေ။
သံပိုက်ကို လက်ဗလာဖြင့်ဆွဲဖမ်းကိုင်လိုက်ပြီး ပြန်တွန်းထုတ်လိုက်ကာ တစ်ဖက်သူရဲ့ရင်ဘတ်ကို မိုးရေစက်အလား ထိုးချလိုက်သည်။
ပြကွက်တွေက တစ်ချက်တည်းနဲ့ မျက်စိကျိန်းစေနိုင်သည်။
" ဖူး ......... "
အဆုံးတွင် ထိုလူက သွေးအန်ထွက်ပြီး ရွှံ့ဗွက်အိုင်ပေါ်တွင် လဲကျသွားခဲ့သည်။
သူလဲကျသွားတဲ့အခါ ဦးလေးလျုံက အလယ်မှာရှိနေပြီး ပတ်လည်တွင် လူတွေလဲကျနေကာ နာကျင်မှုကြောင့် အော်ဟစ်နေကြသည်။
ထိုအချိန်တွင် ဦးလေးလျုံ၏ခပ်ကုန်းကုန်းခန္ဓာကိုယ်က ရုတ်တရက် အရပ်ရှည်ရှည်ခပ်တောင့်တောင့်ခန္ဓာကိုယ်ဖြစ်နေသည်ဟု ယဲ့ဖန်ခံစားမိလိုက်သည်။
သူက စစ်ပွဲနတ်ဘုရားအသွင်ရှိနေသည်။
ယဲ့ဖန်က သူ့ကိုငေးကြည့်ရင်း ရှေ့တက်ကာ ကိုယ်ခံပညာဆရာကြီးကို အရိုအသေပေးချင်သည်။
သို့ပေမဲ့ ရှုကျင်းရှင်းက ရုတ်တရက် သူ့ကိုဆွဲပြီး ဦးလေးလျုံကိုပြောလိုက်သည်။
" ဦးလေးလျုံ၊ ကျွန်မ ဦးလေးနဲ့ထားခဲ့တော့မယ် "
ထို့နောက် သူမက ယဲ့ဖန်ကိုဆွဲပြီး ထွက်သွားခဲ့သည်။
" ဘုရားရေ၊ ဒီလိုကျွမ်းကျင်ဆရာကြီးတွေက ဒီကမ္ဘာမှာရှိတာလား "
" မင်းမြင်လိုက်လား။ အဲ့လို 'ဖားဖားဖားဖူးဖူး'ဆိုတဲ့အသံတွေထွက်လာပြီးတော့ လူတွေက မြေပေါ်လဲကုန်ပြီး သွေးတွေအန်ထွက်ကုန်တာလေ။ သူက အရမ်းမိုက်တာဘဲ "
" အဲ့လိုလူတွေက ဝတ္ထုတွေထဲမှာဘဲရှိတယ်လို့ထင်ခဲ့တာ။ အပြင်မှာတွေ့ရမယ်လို့ ထင်မထားဘူး ...... "
သူတို့နှစ်ယောက်က အဝေးကြီးထိလျှောက်လာခဲ့ပေမဲ့ ယဲ့ဖန်က အံ့ဩနေဆဲဖြစ်သည်။
သူ့မျက်နှာက ဦးလေးလျုံကို လေးစားမှုအပြည့်ဖြစ်နေသည်။
ရှုကျင်းရှင်းက သူ ဘယ်လောက်စိတ်လှုပ်ရှားနေလဲဆိိုတာကိုတွေ့ပြီးပြောသည်။
" ဦးလေးလျုံက ကျွန်မ အဖေနောက်ကို မလိုက်ခင်က ကိုယ်ခံပညာလောကမှာ အတော်လေးနာမည်ကြီးတာ "
" ကိုယ်ခံပညာလောကလား "
ယဲ့ဖန်က အနည်းငယ်စိတ်ဝင်စားသွားပြီး ရှုကျင်းရှင်းကို အမြန်လှည့်ကြည့်လိုက်သည်။
" သူ့ဆီကနေ အကွက်နည်းနည်းလောက် သင်ချင်တယ်လို့ ဦးလေးလျုံကို ပြောပေးလို့ရမလား "
" ကိစ္စမရှိပါဘူး "
ရှုကျင်းရှင်းက တုန့်ဆိုင်းမနေဘဲ အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
သို့ပေမဲ့ ယဲ့ဖန် မပျော်ရွှင်နိုင်သေးခင်မှာဘဲ သူမက ရုတ်တရက်အကြောင်းအရာပြောင်းပြောလိုက်သည်။
" ဒါပေမဲ့ ရှင်ကျွန်မကိုတော့ ကတိတစ်ခုပေးရမယ် "
ယဲ့ဖန်ကလည်း တုန့်ဆိုင်းခြင်းမရှိ ချက်ချင်းသဘောတူလိုက်သည်။
" ဦးလေးလျုံက ကျွန်တော့်ကိုသင်ပေးသရွေ့ တစ်ခုမပြောနဲ့ ရှစ်ခု၊ ကိုးခု ဆိုရင်တောင်ကိစ္စမရှိဘူး "
ရှုကျင်းရှင်းက သူ့ကို လေးလေးနက်နက်ကြည့်လိုက်သည်။
" ကျွန်မတောင်းဆိုမှာက ရိုးရှင်းပါတယ်။ ရှင် ရှန်းဘုရင်ရတနာမြေပုံတွေကို စုပြီးလို့ ရတနာသွားရှာတဲ့အခါ ကျွန်မကို ခေါ်သွားရမယ် "
" အာ "
ယဲ့ဖန်က ကြောင်အသွားရသည်။
တစ်ဖက်က ဒီလိုတောင်းဆိုလိမ့်မည်ဟု ထင်မထားပေ။
" ဘာလို့လဲ။ တောင်းဆိုတာက အရမ်းလွန်နေလို့လား "
ရှုကျင်းရှင်းက ယဲ့ဖန်ကို သူမ၏ရွှန်းစိုပြီးကြီးမားတဲ့မျက်လုံးများဖြင့်ကြည့်သည်။
" မလွန်ပါဘူး။ ဒါပေမဲ့ ဘာလို့ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံကို စိတ်ဝင်စားရတာလဲ "
" ကျွန်မက မသိတဲ့အရာတွေက ရှာဖွေပြီးစွန့်စားရတာကိုကြိုက်တယ်။ ကျွန်မ မိသားစုရဲ့ပြင်းထန်တဲ့တားမြစ်ချက်ကြောင့်သာမဟုတ်ရင် ကျွန်မအရင်ကတည်းက စွန့်စားရှာဖွေသူတစ်ယောက်ဖြစ်နေလောက်တယ် "
ရှုကျင်းရှင်းက အမှန်တိုင်းဖြေလိုက်သည်။
" ကျစ်ကျစ်ကျစ်၊ ဒီလို တည်ငြိမ်တဲ့ပုံစံလေးအောက်မှာ စွန့်စားရတာတွေကိုကြိုက်တဲ့နှလုံးသားရှိလိမ့်မယ်လို့ထင်မထားဘူး "
ယဲ့ဖန် သက်ပြင်းချလိုက်သည်။
" သဘောတူလား၊ မတူဘူးလားဆိုတာကို မပြောရသေးဘူး "
ရှုကျင်းရှင်းက ဆက်မေးသည်။
" မင်းရဲ့တောင်းဆိုချက်ကိုဖြည့်ပေးဖို့က ပြဿနာမရှိပါဘူး။ ဒါပေမဲ့ တအားကြီးမျှော်လင့်မထားနဲ့။ ဒီမြေပုံက နှစ်ထောင်ချီနေတဲ့အပြင် ဘယ်သူကမှ မစုဖူးတော့ ကျွန်တော့်မှာလည်းမျှော်လင့်ချက်မရှိဘူး "
ယဲ့ဖန်က သူမကို ကြိုပြီးသတိပေးထားလိုက်သည်။
" နားလည်ပါပြီ။ ကျွန်မအကောင်းဆုံးကြိုးစားပြီး ကံကိုဘဲ ပုံအပ်ထားလိုက်မယ်။ ရှန်းဘုရင်ရဲ့မြေပုံနဲ့ပတ်သက်တာတွေကိုလည်း ကျွန်မ ကြိုးစားရှာဖွေပါ့မယ် "
ရှုကျင်းရှင်းက အတော်လေးစိတ်ထားပွင့်လင်းသည်။
" ဒါနဲ့ ဦးလေးလျုံက ကိစ္စကို ဖြေရှင်းနိုင်ပါ့မလား "
ယဲ့ဖန်က အနည်းငယ်စိတ်ပူနေသည်၊
ခုခံတာဖြစ်ပေမဲ့လည်း လူတွေအများကြီးထိခိုက်သွားခဲ့ရသည်။
အများစုက ဒဏ်ရာပြင်းထန်ကြပြီး အသက်တောင်ရှင်နိုင်ပါ့မလားဟု မေးစရာဖြစ်နေနိုင်သည်။
အကယ်၍သေချာမဖြေရှင်းနိုင်ပါက အတော်လေးလူစိတ်ဝင်စားတာခံရမည့်သတင်းဖြစ်နေပေမည်။
အကယ်၍ ရှုကျင်းရှင်းမဖြေရှင်းနိုင်ပါက ယဲ့ဖန် ထန်းပေါဟုန်ကို လှမ်းအကူအညီတောင်းဖို့ ဝန်မလေးပေ။
" စိတ်မပူပါနဲ့၊ ဦးလေးလျုံက ဖြေရှင်းနိုင်ပါတယ် "
ရှုကျင်းရှင်းသည် လုံးဝစိတ်မပူသည့်အလား ခပ်ဖျော့ဖျော့ပင်ပြုံးနေသေးသည်။
ယဲ့ဖန် မထိန်းနိုင်ဘဲ သိချင်စိတ်ဖြစ်လာတော့သည်။
ဒီမိန်းကလေးရဲ့နောက်ခံက ဘာလဲ။
ဘယ်ပြဿနာကိုမဆို ဘာလို့ ဒီလိုတည်ငြိမ်တဲ့မျက်နှာထားနဲ့နေနိုင်ရတာလဲ။
သူမက ထန်းပေါဟုန်ထက်တောင် အင်အားကြီးတာဖြစ်နေနိုင်မလား။
အပိုင်း (၁၃၄)
ဒါက ပိုက်ဆံရဲ့ ဆွဲဆောင်မှုလား။
ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့ ထွက်သွားပြီးမကြာခင်တွင် ပြည်နယ်အစိုးရရုံသို့ ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာသည်။
ဖုန်းကျပြီးတဲ့နောက် တစ်ရက်တည်းအတွင်းမှာဘဲ ပြည်နယ်လူထုစီမံရေးဌာနမှ လူကိုယ်တိုင်ခေါ်ဆူခံကြရသည်။
ထို့နောက် သင့်တော်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးတပ်ဖွဲ့တွေက ညတွင်းချင်း လူဆိုးဂိုဏ်းတွေကို ထိရောက်စွာနှိမ်နင်းဖို့ အမိန့်ကျလာသည်။ အဆုံးတွင် ကျုံးဟိုင်မြို့မှာ အတော်ကြာကျင်လည်ပတ်စားခဲဲ့သောမြေအောက်ဂိုဏ်းတော်တော်များများက ညတွင်းချင်း ပျောက်ပျက်သွားကြရတော့သည်၊
အတွင်းသတင်းကိုသိထားတဲ့ ခေါင်းဆောင်တစ်ချို့က ပြဿနာရှာတဲ့သူကို ကျိန်ဆဲကြတော့သည်၊
ပြဿနာရှာစရာလူတွေအများကြီးထဲကမှ ရှမိသားစုကမိန်းကလေးကို သူက ပြဿနာရှာပြီး လူတိုင်းအတွက်ရှုပ်ထွေးအောင် ဖန်တီးသွားခဲ့သည်။
...................
ယဲ့ဖန်ကတော့ ပုံမှန်အတိုင်း ထိုအကြောင်းတွေကို ဘာမှမသိပေ။
နောက်တစ်နေ့နံနက်တွင် ယဲ့ဖန်အိပ်နေဆဲဖြစ်ပေမဲ့ ဖုန်းမြည်သံကြောင့် ရုတ်တရက်နိုးလာခဲ့သည်။
အိပ်ချင်မူးတူးဖြင့် ဖုန်းကိုကောက်ကိုင်ပြီး တစ်ဖက်မှ နူးညံ့တဲ့အမျိုးသမီးအသံကို ကြားလိုက်ရသည်။
" မင်္ဂလာပါ၊ ယဲ့ဖန်လူကြီးမင်းလားမသိဘူး။ ကျွန်မက ရှေးဟောင်းပစ္စည်းမြို့တော်တရားဝင်ဌာနကပါ။ မနေ့က ထန်းဂူဈေးဝယ်စင်တာရဲ့ ရှယ်ယာတွေအားလုံးကို လူကြီးမင်းကဝယ်ခဲ့တာကြောင့် ပိုင်ဆိုင်မှုလွှဲပြောင်းရေးအတွက် ဒီနေ့လာလို့ အဆင်ပြေမလားသိချင်လို့ပါ "
တစ်ဖက်သူရဲ့စကားကိုကြားပြီးမှ ယဲ့ဖန်မှတ်မိလာတော့သည်။
မနေ့က ရှူကျင်းရှင်းကို အန္တရာယ်ထဲမှ ကူထုတ်ပေးပြီးတဲ့နောက် စနစ်က သူ့ကို ထန်းဂူဈေးဝယ်စင်တာ၏ရှယ်ယာတွေကို ဆုအဖြစ်ပေးခဲ့သည်။
အဲ့ဒီမတိုင်ခင်ကတည်းက ယဲ့ထန် ထန်းဂူဈေးဝယ်စင်တာအကြောင်းကို အမြဲတမ်းကြားဖူးနေခဲ့သည်။ ထိုနေရာက အဆင့်မြင့်ဇိမ်ခံပစ္စည်းဝယ်သည့်အထက်တန်းစားနေရာမှန်း ယဲ့ဖန်သိသည်။
ဇိမ်ခံပစ္စည်းတွေသီးသန့်ရောင်းချသည့်နေရာဟုပြောလျှင်လည်း အကျယ်ချဲ့ရာတော့မရောက်ပေ။
သို့ပေမဲ့ ယဲ့ဖန်ရဲ့ငွေကြေးအခြေအနေကြောင့် ဒီနေရာကို အရင်တုန်းက မရောက်ဖူးခဲ့ပေ။
အခုတော့ အဆင်ပြေပြီဖြစ်သည်။
အခုတလောပိုင်း ရာသီဥတုကအေးလာပြီဖြစ်၍ ရာသီအလိုက် အင်္ကျီအပြောင်းအလဲလုပ်သင့်ပြီဖြစ်သည်။
ဈေးဝယ်ထွက်ပြီးမှ လွှဲပြောင်းရေးလုပ်လည်းရသည်။
ထိုအတွေးကြောင့် ယဲ့ဖန်ပြန်ဖြေလိုက်သည်။
" ကောင်းပြီ၊ နားလည်ပါတယ်။ မကြာခင်လာခဲ့မယ် "
ဖုန်းချလိုက်သည်။
ထို့နောက် အိပ်ရာပေါ်မှထပြီး ကိုယ်လက်သန့်စင်ကာဘီရိုထဲမှ အဝတ်ရှာလိုက်သည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ခန္ဓာကိုယ်ပြောင်းလဲထားတာကြောင့် အရင်ကိုထက်ပိုပြီးခန္ဓာကိုယ်ထွားလာသည်။
ထို့ကြောင့် နဂိုအဝတ်တွေက သိပ်မတော်တော်တော့ပေ။
သာမန်ပေါ့ပေါ့ပါးပါးအင်္ကျီတစ်ချို့ကို ရွေးထုတ်လိုက်ပြီး ဝတ်လိုက်ကာ သူ၏ Ferrari Enzo ကိုစီးပြီး ထန်းဂူဈေးဝယ်စင်တာသို့ မောင်းလိုက်သည်။
ထန်းဂူကဲ့သို့ အဆင့်မြင့်ဇိမ်ခံဈေးဝယ်စင်တာကြီးတွင် ဝယ်ယူသူအများကြီးရှိလိမ့်မည်ဟုထင်ခဲ့သည်။
သို့ပေမဲ့ ထန်းဂူဈေးဝယ်စင်တာရှေ့ရှိကားပါကင်တွင် ဇိမ်ခံပြိုင်ကားနှင့်မော်ဒယ်မြင့်ကားများစွာသည် ကားပြခန်းတစ်ခုအလားပြည့်နှက်နေခဲ့သည်။
ဝယ်ယူသူတွေက အများကြီးရှိနေပြီး ပျံကျဈေးအတိုင်းပင်ဖြစ်နေသည်။
ဒီမှာရှိသော ဇိမ်ခံကားများက မျက်စိကျိန်းလောက်အောင်မိုက်ပေမဲ့ သူ၏ Ferrari Enzo ကား မောင်းဝင်လာတဲ့အခါ ခံစားချက်တွေပြောင်းလဲသွားကြသည်။
ဝင်ချည်ထွက်ချည်ဖြစ်နေသော ဝယ်ယူသူတွေက သွားနေတာကိုရပ်ပြီး ယဲ့ဖန်ကားကိုကြည့်ကြသည်။
လူတော်တော်များများကရပ်ပြီး ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်ကြသည်။
ယဲ့ဖန်တံခါးဖွင့်ပြီး ထွက်လာတဲ့အခါမှာလည်း လူတွေအများကြီး၏အာရုံကို ဖမ်းစားလိုက်နိုင်သည်။
မိန်းကလေးတစ်ချို့ကလည်း အော်ကြတော့သည်၊
" ဒီကောင်လေးက ချောလိုက်တာ "
" ဟုတ်တယ်၊ နာမည်ကြီးနဲ့တူတယ် "
" သူက တစ်ချို့နာမည်ကြီးတွေထက်တောင်ပိုချောသေးတယ်။ သူ့အရှိန်အဝါက နာမည်ကြီးတွေတောင်ယှဉ်လို့မရလောက်ဘူး ......... "
ချောတဲ့ယောက်ျားလေးတွေနဲ့ ဇိမ်ခံကားတွေက အမျိုးသမီးတွေအကြိုက်ဖြစ်သည်။
အခုမှာတော့ နှစ်ခုလုံးပြည့်စုံနေတဲ့အတွက် သေစေနိုင်လောက်တဲ့အထိဆွဲဆောင်မှုပြင်းနေသည်။
ရဲတင်းတဲ့မိန်းကလေးတစ်ချို့က ဆွဲဆောင်ဝန်ခံဖို့အသင့်ဖြစ်နေကြသည်။
ထိုအချိန်တွင် သူ့အနောက်မှ ရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်အသံကိုကြားလိုက်ရသည်။
" ယဲ့ဖန်လား၊ ရှင် ဒီမှာဘာလုပ်နေတာလဲ "
သူ့ဘေးနားရောက်လာတဲ့သူတွေက ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့ဖြစ်ကြသည်။
သူတို့နှစ်ယောက်လုံးက သပ်ရပ်တဲ့ရုံးဝတ်စုံတွေကို ဝတ်ထားကြသည်။
အပေါ်ကအဖြူ အောက်ကအမည်းဖြင့် နှစ်ယောက်လုံးက ရုပ်ရည်ရော ကိုယ်လုံးပါအကောင်းဆုံးဖြစ်နေသည်။
ထို့ကြောင့် ထပ်ပြီးရုတ်ရုတ်သဲသဲဖြစ်သွားပြန်သည်။
ယောက်ျားတွေက ယဲ့ဖန်ကို မနာလိုစွာဖြင့်ကြည့်ကြသည်။
လှပတဲ့မိန်းကလေးနှစ်ယောက်ကလာပြီး နှုတ်ဆက်ခံရတဲ့ခံစားချက်က ဘယ်လိုနေမလဲ။
ဒီကလေးက အရင်ဘဝက စကြဝဠာကြီးကိုများကယ်တင်ခဲ့လို့လား။
သေချာပေါက်ပင် လူတစ်ယောက်မှာပိုက်ဆံရှိလာပါက လှပတဲ့မိန်းကလေးတွေက သူတို့ကိုမျက်နှာလာလုပ်ကြမှာဖြစ်သည်။
ဘေးနားကမိန်းကလေးတွေက ချန်းရွှမ်နှင့်ကျန်းယုံထင်းတို့ကို မျက်မုန်းကျိုးပြီးကြည့်သည်။
သူတို့နှစ်ယောက်ကို ထိုမိန်းကလေးတွေက ယှဉ်ပြိုင်သူတွေအဖြစ်သဘောထားမှန်းသိသာသည်။
" ဟွန့်၊ ဒီလိုသန့်သန့်ပြန့်ပြန့်ဝတ်ထားလည်း ချမ်းသာတဲ့သူတွေကို တက်ခုန်ယူမှာဘဲ မဟုတ်လား "
" နင်နားလည်ပါဘူး။ ယောကျာ်းလေးတွေက သူမလိုကောင်မလေးတွေကိုမှကြိုက်တာ။ အပြင်မှာဆိုရင်တော့ အမျိုးသမီးကောင်းလေဒီလေးပေါ့၊ အိပ်ရာပေါ်မှာဆိုရင်တော့ ....... ငါပြောချင်တာသိတယ်မလား "
" သရုပ်ဆောင်တာများ။ ဘယ်သူက မလုပ်တတ်လို့လဲ။ ဒီအမျိုးသမီးကလည်း အိန္ဒြေရှိပြီး မြင့်မြတ်တဲ့ပုံဟန်ဆောင်နေတာဖြစ်မှာပေါ့ "
" .................. "
ယဲ့ဖန်က မကောင်းပြောနေတဲ့သူတွေကို မကြားချင်ယောင်ဆောင်လိုက်ပြီး ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့ကို လေးစားသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
" မင်းတို့က ဘာလို့ ဒီရောက်နေတာလဲ "
" ထန်းဂူဈေးဝယ်စင်တာမှာ ကျွန်မတို့ရဲ့ကြော်ငြာတင်ဖို့အတွက် နေရာကို လေလံလာဆွဲဖို့ဆွေးနွေးတာပါ "
ချန်းရွှမ်၏ သူမ၏ရည်ရွယ်ချက်ကို ချက်ချင်းရှင်းပြလိုက်သည်။
" ဟုတ်တယ်၊ ရှေးဟောင်းပစ္စည်းမြို့တော်ကလူတွေက ညှိနှိုင်းဖို့အတော်ခက်တာ။ ကျွန်မတို့ ဒီကို ခဏခဏလာတောင်းဆိုတာတောင် လက်ဗလာနဲ့ဘဲပြန်လာနေရတယ် "
ကျန်းယုံထင်းက စပြီး အတွန့်တက်အပြစ်တင်ပြောနေတော့သည်။
ချန်းရွှမ်က သူမရဲ့အင်္ကျီလက်ကိုဆွဲလိုက်သည်။
ယဲ့ဖန်ကို ထပ်ပြီး သူမရဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ မလိုချင်ပေ။
ထို့အပြင် ယဲ့ဖန်က ကူညီချင်လျှင်တောင်မှ လုပ်ပေးနိုင်လောက်မည်မဟုတ်ပေ။
ရှေးဟောင်းပစ္စည်းမြို့တော်အဖွဲ့အစည်းက အာဏာကြီးတဲ့ဖြစ်တည်မှုတစ်ခုဖြစ်ပြီး ဘယ်သူကမှ ဝင်စွက်ဖက်နိုင်မည့်အနေအထားမရှိဖြစ်နေလောက်သည်။
" မင်းတို့ရောက်နေတာ အချိန်ကိုက်ဘဲ။ နောက်ရာသီအတွက် အင်္ကျီကူရွေးပေးကြပါဦး "
သူတို့ရဲ့စကားကိုကြားပြီးနောက် ယဲ့ဖန်က အကူအညီတောင်းလိုက်သည်။
ချန်းရွှမ်က အစမှာတော့ အံ့ဩသွားပေမဲ့ စိတ်ထဲမှာတော့ ကြိတ်ပြီးပျော်နေသည်။
သူက တကယ်ဘဲ သူမကို အင်္ကျီကူရွေးပေးစေချင်တာလား။
ဒါက ဘာကို ဆိုလိုတာလဲ။
သေချာတွေးကြည့်ရမည်ဆိုလျှင် ဒီလိုကိစ္စတွေကို သူ့ရဲ့ဇနီး သို့မဟုတ် ချစ်သူရည်းစားက လုပ်ပေးရမှာဖြစ်သည်။
သူက တစ်ခုခုကို အရိပ်အမြွက်ပေးချင်နေတာလား။
ယဲ့ဖန်ကတော့ ဘာမှမတွေးဘဲ လှည့်ပြီး စင်တာထဲဝင်သွားသည်။
သူတို့နှစ်ယောက်ကလည်း ယဲ့ဖန်အနောက်မှ လိုက်လာကြသည်။
မိန်းကလေးတစ်ချို့က လက်မလျှော့ဘဲ ယဲ့ဖန်အနောက်မှ တိတ်တိတ်ကလေးလိုက်လာကြသည်။ ယဲ့ဖန်နှင့်သူတို့ သိအောင်လုပ်နိုင်မည့်အခွင့်အရေးရှိမလားဟု စောင့်နေကြသည်။
.............................
" ဒီဝတ်စုံက ရှင်နဲ့တော်တော်လေးလိုက်တယ်။ ဘယ်လိုထင်လဲ "
သူတို့သုံးယောက် Armani ဆိုင်ထဲဝင်လာခဲ့ကြသည်။
ချန်းရွှမ်က ယဲ့ဖန်အတွက် အနက်ရောင်ဝတ်စုံတစ်ခုကိုသေချာရွေးပေးပြီး ယဲ့ဖန်ဘက်လှည့်မေးလိုက်သည်။
" အင်း၊ မဆိုးပါဘူး "
ယဲ့ဖန်က ခေါင်းငြိမ့်သဘောတူလိုက်ပြီး ဆိုင်အကူကို လက်ဝှေ့ယမ်းပြလိုက်သည်။
" ဒီအမျိုးသမီးလှလှလေးက လိုက်ဖက်တယ်လို့ ပြောသမျှအကုန်ထုတ်ပေးပါ "
သူ့ရဲ့စကားကိုကြားပြီး ဆိုင်အကူက ကြောင်အသွားသည်။
သူက အတော်ကြာ ပြန်မဖြေတာကိုတွေ့ပြီး ယဲ့ဖန်က သူ့ကို အလောပေးလိုက်သည်။
" နားမလည်ဘူးလား။ ကျွန်တော့်ဘေးက ဒီအမျိုးသမီးလှလှလေးပြောတဲ့ လိုက်ဖက်တယ်ဆိုတဲ့အင်္ကျီသမျှကို အကုန်ထုတ်ပိုးပေးလို့ ပြောနေတာပါ "
ထိုအခါမှ ဆိုင်အကူဝန်ထမ်းက အသိကပ်ပြီး အတည်ပြုမေးတော့သည်။
" ဒီလောက်အများကြီးလိုချင်တာသေချာလား။ ဒီအမျိုးသမီးပြောသမျှအကုန်ဆို ဆယ်စုံကျော်ပါတယ်။ စုစုပေါင်းကုန်ကျငွေက ယွမ် ၂သိန်းကျော်ပါလိမ့်မယ် ...... "
ယဲ့ဖန်က သူ ပြောတာကို ပြီးအောင်မစောင့်တော့ဘဲ ဘဏ်ကတ်ကိုထုတ်လိုက်သည်။
" ကတ်နဲ့ "
ဆိုင်ဝန်ထမ်းရဲ့လက်ကတုန်ရီနေပြီး ဘဏ်ကတ်ကိုထုတ်လိုက်သည်။ သူက မယုံနိုင်ဖြစ်နေသည်။
ထိုအချိန်တွင် ချန်းရွှမ်က လျှောက်လာပြီး ယဲ့ဖန်အင်္ကျီလက်ကို ဆွဲလိုက်သည်။
" ရှင်ရူးနေတာလား။ ဘာလို့အများကြီးဝယ်တာလဲ "
ယဲ့ဖန်က ဘာမှမဖြစ်သလိုပြုံးလိုက်သည်။
" လှတယ်လို့ မင်းဘဲပြောတာလေ "
ချန်းရွှမ်က သူမနှဖူးကိုအုပ်ကိုင်လိုက်သည်။
" ကြည့်လို့လှရုံနဲ့ အများကြီးဝယ်လို့မရဘူးလေ။ အကုန်လုံးကို ဝတ်လို့မှမရတာ "
" အကုန်မဝတ်နိုင်လဲ ထားလိုက်လေ။ အင်္ကျီတွေက အိမ်ထဲမှာဘဲရှိနေမှာလေ။ ခြေတွေပေါက်ပြီးထွက်ပြေးမှာမှမဟုတ်ဘဲ "
ယဲ့ဖန်ရှင်းပြလိုက်သည်။
ချန်းရွှမ်ချက်ချင်းကို ပြောစရာစကားပျောက်သွားသည်။
ယဲ့ဖန်ပြောတဲ့စကားက မှားနေတယ်လို့ထင်ရပေမဲ့လည်း ဘာမှားနေမှန်းရှာမရဖြစ်နေသည်။
အပိုင်း (၁၃၅)
ယောက်ျားတွေအတွက် စံပြပုဂ္ဂိုဟ်တစ်ယောက်။
ထိုမြင်ကွင်းကြောင့် ယဲ့ဖန်က နောက်နေတာမဟုတ်မှန်း ဆိုင်ဝန်ထမ်းက သိလိုက်သည်။
သူက ယဲ့ဖန်ကိုကြည့်ပြီး ဘဏ်ကတ်ကို လက်နှစ်ဖက်ဖြင့် တရိုတသေယူလိုက်သည်။
ထို့နောက် ကတ်ကို ငွေဖြတ်တဲ့စက်ထဲ တရိုတသေထည့်လိုက်သည်။
သူမ၏မျက်လုံးထဲတွင် ယဲ့ဖန်က နတ်ဘုရားတစ်ပါးအသွင်ဖြစ်နေသည်။
သူက တစ်ခါတည်းနဲ့ ယွမ် ၂သိန်းကျော်ကို မျက်တောင်တစ်ချက်မခတ်ဘဲသုံးသွားခဲ့သည်။
ဘယ်မိန်းမကများ ဒီလိုယောက်ျားအပေါ် မကြွေဆင်းဘဲနေနိုင်မှာလဲ။
ဆိုင်ဝန်ထမ်းက ယဲ့ဖန်အတွက် အင်္ကျီတွေထည့်နေတုန်းမှာဘဲ မိန်းမလှလေးက ဖုန်းနံပါတ်ပါတဲ့စာရွက်အပိုင်းအစကို အိတ်ထဲလျှို့ဝှက်စွာထည့်လိုက်သည်။
ယဲ့ဖန်က ဆယ်အိတ်ကျော်ဝယ်ခဲ့သည်။
ထို့နောက် ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့ကို ကူသယ်ခိုင်းသည်။
" ဒုက္ခခံပေးလို့ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ကူသယ်ပေးပါဦး "
ယဲ့ဖန်ရဲ့စကားကိုကြားတဲ့အခါ မိန်းကလေးနှစ်ယောက်က အံ့အားသင့်သွားကြသည်။
ပြောရမယ်ဆိုရင် မိန်းကလေးက ဈေးဝယ်ထွက်ပြီး ယောက်ျားလေးက အိတ်သယ်ရမှာမဟုတ်ဘူးလား။
ဘာလို့ ပြောင်းပြန်ဖြစ်နေတာလဲ။
သူက သူတို့ကို နတ်ဘုရားမလို ဆက်ဆံရမှာမဟုတ်ဘူးလား။
သူတို့က အံ့ဩသွားကြပေမဲ့ နာနာခံခံဖြင့် အိတ်တွေကိုယူလိုက်ကြသည်။
ယဲ့ဖန်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် နောက်ထပ်တစ်ဆိုင်ထဲသို့ဝင်သွားခဲ့သည်၊
ထို့နောက် ပိုက်ဆံကို ရေလိုဆက်သုံးနေခဲ့သည်။
သူ ဆိုင်တစ်ဆိုင်ကိုဝင်ပြီးတဲ့အခါတိုင်း ကြိုက်သမျှအကုန်ဝယ်သည်။
ထို့ကြောင့် မကြာခင်အတွင်းမှာဘဲ မိန်းကလေးနှစ်ယောက်၏လက်ထဲမှာ အိတ်တွေအပြည့်ဖြစ်နေခဲ့ကာ နှဖူးမှလည်း ချွေးတွေထွက်နေကြတော့သည်၊
ယောက်ျားလေးတွေက ထိုမြင်ကွင်းကိုမြင်ပြီး ယဲ့ဖန်ကို လေးစားသွားကြတော့သည်။
သူတို့က ယဲ့ဖန်က နတ်ဘုရားတစ်ပါးလိုပင် လေးစားနေကြသည်။
သူက ယောက်ျားတိုင်းအတွက် စံပြပုဂ္ဂိုဟ်တစ်ယောက်ဖြစ်သည်။
သူတို့ဟာ ပုံမှန်အားဖြင့် မိန်းမတွေအရှေ့တွင် ခွေးတွေကဲ့သို့နာခံရပြီး မိန်းမတွေကလည်း သူတို့ကို ခွေးတွေကဲ့သို့ ဆက်ဆံကြကာ သူတို့ခေါ်ရာသွား ခိုင်းရာစေကြရသူတွေဖြစ်သည်။
အဲ့လိုဆိုရင်တောင်မှ ခွေးအဖြစ်သက်တမ်းက တိုတောင်းနေသေးသည်။
ထို့ကြောင့် သူတို့က ယဲ့ဖန်ကို လည်ပြန်ကြည့်နေကြသည်။
သူက နတ်ဘုရားမတွေလို လှပတဲ့မိန်းကလေးနှစ်ယောက်ကို အစေခံသဖွယ်ဆက်ဆံနေတာဖြစ်သည်။
ထို့အပြင် သူ့နောက်ကိုလိုက်နေတဲ့ မိန်းကလေးတွေအတန်းလိုက်ကြီးကလည်း အစေခံဖြစ်ဖို့အတွက်ကိုပင် တိုက်ခိုက်ကြမည့်ပုံပေါက်နေသည်။
ဒါက ကွာခြားချက်ကြီးဘဲ။
ဈေးဝယ်စင်တာထဲကို ငွေကိုရေလိုသုံးနိုင်တဲ့ငွေနတ်ဘုရားတစ်ပါးရောက်နေတယ်ဟု ဆိုင်မန်နေဂျာတွေက သတင်းကြားပြီးတဲ့နောက် ဆိုင်ရှေ့ထွက်ကာ ယဲ့ဖန်ကိုကြိုဆိုကြသည်။
" လူကြီးမင်း၊ ကျွန်မတို့ရဲ့ဆိုင်ကိုလာပါ။ ကျွန်မတို့ဆိုင်မှာ အင်္ကျီမျိုးစုံရှိပါတယ်။ ကျေနပ်စေရပါမယ် "
" ကျွန်တော်တို့ရဲ့ သားရေဖိနပ်တွေက အဆင့်မြင့်အရည်အသွေးကောင်းပြီး အီတလီကဖိနပ်ချုပ်ပညာရှင်ကိုယ်တိုင်လက်ဖြင့်ချုပ်ထားတာပါ။ လူကြီးမင်း၊ တစ်ချက်လောက် ဝင်ကြည့်သွားပါဦး "
" လူကြီးမင်း၊ ကျွန်မတို့ဆိုင်ကို လာရောက်အားပေးသွားပါ ............ "
ထိုမြင်ကွင်းကို လူတိုင်းက ရင်းနှီးနေသည်ဟု ခံစားမိကြသည်။
ရှေးဒရမ်မာကားတွေထဲက ဈေးသည်တွေက ပိုက်ဆံရှိသခင်မကြီးဈေးဝယ်ထွက်တဲ့အခါ သူတို့ဆိုင်လာအောင်ခေါ်နေကြပုံနဲ့တူနေသည်။
" သခင်မကြီး၊ လာကစားသွားလှည့်ပါဦး ...... "
ထန်းဂူဈေးဝယ်စင်တာလို အဆင့်မြင့်နေရာမျိုးမှာ ဒီလိုပုံစံမြင်ကွင်းကို မြင်ရသည်ဆိုသည်မှာ မယုံကြည်နိုင်စရာကောင်းသည်။
ဒီမြင်ကွင်းကို မြင်ပါက အတော်ကြာအသက်ရှင်နေပြီးခဲ့တဲ့လူတစ်ယောက်ဖြစ်နေပြီဟု ပြော၍ရနိုင်သည်။
ထိုရှားပါးမြင်ကွင်းအကြောင်းက ထန်းဂူဈေးဝယ်စင်တာ၏တာဝန်ခံသူဌေး ကျူးယွမ်ကျယ်၏နားထဲသို့ပေါက်ရောက်သွားသည်။
" တစ်နာရီအတွင်းလောက်မှာကို ယွမ်သန်းချီသုံးပြီးသွားပြီ ဟုတ်လား "
ကျူးယွမ်ကျယ်သည် သူ၏လက်အောက်ငယ်သားရဲ့တင်ပြချက်ကို နားထောင်ပြီး စားပွဲပေါ်တွင် လက်ချောင်းများတင်ကာ တဒေါက်ဒေါက်ခေါက်နေခဲ့သည်။
အတော်ကြာပြီး ရုတ်တရက်အံကိုကြိတ်ပြီးပြောလိုက်သည်။
" သူက ဒီအတိုင်း ချမ်းသာတဲ့သူဌေးတစ်ယောက်တင်ဘဲ။ သူ့ကို အရမ်းကြီးစိတ်ထဲမထားနဲ့ "
ထန်းဂူစင်တာတွင် ယွမ်သန်းချီတန်သည့်အတွက် ဝယ်သူသည့် ဈေးဝယ်က အရေးကြီးဈေးဝယ်ဟု သတ်မှတ်နိုင်သော်လည်း ထန်းဂူဈေးဝယ်စင်တာ၏သူဌေးဖြစ်သည့် သူကိုယ်တိုင် ဆင်းကြိုဆိုရလောက်တဲ့အထိ မထိုက်တန်ပေ။
......................
ထိုအချိန်တွင် ယဲ့ဖန်နှင့် ချန်းရွှမ်တို့က Roger Duby နာရီဆိုင်ထဲကို ဝင်သွားခဲ့သည်။
နာရီဆိုင်၏အမျိုးသမီးမန်နေဂျာက ဈေးဝယ်မရှိ၍အတော်ကြာစောင့်နေခဲ့ရတာဖြစ်သည်။
ယဲ့ဖန်တို့ဝင်လာတာကို တွေ့တဲ့အခါ သူမက သူတို့ကို ချက်ချင်း နွေးထွေးစွာကြိုဆိုသည်။
" လူကြီးမင်း၊ ဘာများ ကူညီပေးရမလဲ "
ယဲ့ဖန်က ဆိုင်ကို ပတ်ကြည့်သည်။
" နာရီတစ်လုံးလောက်ဝယ်ချင်လို့ပါ။ ဘာကိုများ ညွှန်ပေးချင်လဲ "
အမျိုးသမီးမန်နေဂျာက ချက်ချင်းမေးလိုက်သည်။
" ဘယ်လောက် ဈေးဝန်းကျင်ထဲက လိုချင်ပါသလဲ "
ယဲ့ဖန်က လှည့်ပြီး သူမကို ကြည့်လိုက်သည်။
" ဈေး ဘယ်လောက်တန်ထဲက ဝတ်သင့်တယ်ထင်လဲ "
အမျိုးသမီးဝန်ထမ်းက သူ့ကိုချက်ချင်း ချီးကျူးလိုက်သည်။
" လူကြီးမင်း၊ ရှင်က ချောမောပြီး ကျက်သရေရှိတဲ့ကိုယ်ရောင်ကိုယ်ဝါရှိပါတယ်။ ဘယ်လိုဈေးမျိုးရှိတဲ့နာရီကိုမဆို လူကြီးမင်းဝတ်ရင် နာရီကတောင် တန်ဖိုးတက်သွားမှာပါ "
ယဲ့ဖန်က ကျေကျေနပ်နပ်ကြီး ခေါင်းငြိမ့်ပြလိုက်သည်။
" စကားကို ဘယ်လိုပြောရမလဲဆိုတာသိတာဘဲ။ တစ်လုံးရွေးပေး ဒါဆို။ ဘယ်လောက်ကျကျပေးမယ် "
" ရှင် "
အမျိုးသမီးမန်နေဂျာက လုံးဝကို ကြောင်အသွားရသည်။
သူမ အရောင်းဝန်ထမ်းဖြစ်လာတာ နှစ်အတော်ကြာနေပြီး သူမကို ရွေးခိုင်းတဲ့ဈေးဝယ်သူက ဒီလိုမျိုးပထမဆုံးအကြိမ်တွေ့ဖူးတာဖြစ်သည်။
ထိုသို့ရွေးခိုင်းခြင်းက သူမကို ခက်ခဲစေသည်။
" မရွေးပေးရင် ပြန်တော့မယ် "
သူမက မလှုပ်မယှက်ဖြစ်နေတာကိုတွေ့ပြီး ယဲ့ဖန်က လှည့်ပြန်မလို ဟန်ဆောင်လိုက်သည်။
အမျိုးသမီးမန်နေဂျာက စိတ်လှုပ်ရှားသွားပြီး ကောင်တာထဲမှ နာရီတစ်လုံးကိုထုတ်လိုက်သည်။
" Excalibur Quator ဆီလီကွန်နာရီက လူကြီးမင်းနဲ့ကိုယ်ရောင်ကိုယ်ဝါနဲ့ လိုက်ဖက်ညီတယ်လို့ ကျွန်မ ထင်မိပါတယ်။ ဒီဇိုင်းပုံစံနဲ့ အတော်လေးလှပပြီး ကောင်းမွန်တယ်လို့လည်း ထင်ပါတယ်။ ဘယ်လိုသဘောရပါသလဲ "
ယဲ့ဖန်က နာရီကို သူမ လက်ထဲမှယူပြီး ဝတ်ကြည့်လိုက်သည်။
ထိုမန်နေဂျာက အတော်လေးအမြင်ရှိသည်ဟု ပြောလို့ရပေသည်။
နာရီက ရင့်ကျက်တဲ့ပုံရိပ်ကိုပေးပြီး ခပ်ရိုင်းရိုင်းနဲ့ကြမ်းတမ်းတဲ့အရှိန်အဝါကိုလည်းပေးပြီး အရိုင်းဆန်ဆန်နှင့် လှပသည်။
သူ့ပုံစံနဲ့လည်း အတော်လိုက်ဖက်သည်။
မြင်လိုက်ကတည်းက ယဲ့ဖန်ကြိုက်နေတာဖြစ်သည်။
" ကောင်းပြီ၊ ဒါကိုယူမယ် "
ယဲ့ဖန်က တွန့်ဆုတ်မနေဘဲ ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။
အမျိုးသမီးမန်နေဂျာသည် မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်နေသည်။
သူမက ယဲ့ဖန်ကို အလျင်အမြန် ဂရုတစိုက်သတိပေးလိုက်သည်။
" လူကြီးမင်း၊ ရှင် အဲ့ဒါကို ထပ်ပြီး မစဉ်းစားကြည့်တော့ဘူးလား။ ဒီနာရီက .....… အရမ်းကိုစျေးကြီးပါတယ် "
ယဲ့ဖန်က ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်သည်။
" ကျွန်တော် ကြိုက်တဲ့အရာဆိုရင် ဘယ်လောက်ဘဲ စျေးကြီးနေပါစေ ဝယ်ရတာတန်ပါတယ် "
အမျိုးသမီးမန်နေဂျာက ဆက်ပြောသည်။
" လူကြီးမင်း၊ ဒီနာရီက ကျွန်မတို့ဆိုင်ရဲ့ ရတနာပါ။ စျေးနှုန်းက ယွမ် ၁၀သန်း ကျော်ကျသင့်ပါတယ် "
သူမ စကားပြောရင်းဖြင့် အပြစ်ရှိသလို ခံစားလာရတော့သည်။
ရောင်းဈေးသည် အမေရိကန်ဒေါ်လာ ၁.၅သန်းကျော်ကျသင့်ပြီး ဝယ်ယူခွန်နှင့် အခြားအပိုပစ္စည်းအချို့ထည့်ပေးခတို့ပါဝင်ပါက အနည်းဆုံး ယွမ်သန်း ဆယ်ဂဏန်းလောက်ကျသင့်မှာဖြစ်သည်။
ကျုံးဟိုင်မြို့တွင် ဒီလောက်များတဲ့ငွေပမာဏဖြင့် တန်ဖိုးကြီးအိမ်ကြီးတစ်လုံးကို ဝယ်နိုင်လေသည်။
လူတစ်ယောက် ဘယ်လောက်ဘဲ ချမ်းသာနေပါစေ လက်ပတ်နာရီတစ်လုံးအတွက်နဲ့ အိမ်တစ်လုံးစာလောက်ရှိတဲ့ ပိုက်ဆံအများကြီးသုံးချင်နေပါ့မလား။
ချန်းရွှမ် နှင့် ကျန်းယုံထင်းတို့သည် အမျိုးသမီးမန်နေဂျာ၏ ကမ်းလှမ်းချက်ကို ကြားလိုက်သောအခါ အံ့အားသင့်သွားကြသည်။
လက်ပတ်နာရီတစ်လုံးက အမှန်တကယ်ဘဲ တန်ဖိုးငွေ ယွမ် ၁၀သန်းကျော်ရှိပါ့မလား။
ဒါဟာ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခြင်းသာ ဖြစ်သည်။
အရူးကဘဲ ဒါကို ဝယ်မှာ။
" ပြောပြီးသားပါ။ အဲ့ဒီနာရီကို ကြိုက်သလောက်ဈေးပြော၊ ကတ်နဲ့ပေးချေမယ် "
ယဲ့ဖန်သည် သူ့အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်လိုက်ပြန်သည်။
သူ့ရဲ့ ချိုမြိန်တဲ့လုပ်ရပ်ကို ကြည့်ပြီး အမျိုးသမီးမန်နေဂျာက အံ့အားသင့်သွားကာ မယုံနိုင်ဖြစ်နေသည်။
ဒီလူကြီးမင်းက လက်ပတ်နာရီတစ်လုံးအတွက်ကို ယွမ် ၁၀သန်းကျော်ထိ သုံးစွဲဖို့ ဆန္ဒရှိတာတဲ့လား။
ဒါက လုံးဝကို ကျိကျိတက်ချမ်းသားတဲ့သူဌေးကြီး မဟုတ်လား။
လုံးဝကို လူမဆန်ဘူး။
ဖြတ်သွားဖြတ်လာများကလည်း ယဲ့ဖန်၏ ထိတ်လန့်တုန်လှုပ်ဖွယ်လုပ်ရပ်ကြောင့် အံ့အားသင့်သွားကြသည်။
ငွေကို ရေလိုသုံးတယ်ဆိုတာ ဘာကို ခေါ်တာလဲသိလား။ ငွေကို ရေလို သုံးတယ်ဆိုတာဒါဘဲ။
၁၀သန်းဆိုတာက သူ့အတွက် မိုးစက်မိုးဖွဲလေးလိုပင်ဖြစ်သည်။
အမျိုးသမီးများသည် ချမ်းသာသူများထံမှ အထောက်အပံ့ရရန် တောင်းဆိုဖို့ ပြေးလွှားရန်မစောင့်နိုင်ပေ။
ယောက်ျားလေးတွေပြောသည့်စကားတွေထဲမှ အချိုမြိန်ဆုံးဖြစ်သည့် ' ငါ့ကတ်နဲ့ရှင်းလိုက် ' ဆိုတာကို အမျိုးသမီးတွေကကြားရတာ ကြိုက်ကြသည်။
သန်းပေါင်းများစွာ အလွယ်တကူဝင်ငွေရနေသော ယဲ့ဖန်ကဲ့သို့ ယောက်ျားမျိုးသည် အမျိုးသမီးတိုင်း အိပ်မက်ရသည့် မင်းသားလေးဖြစ်သည်။
ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့လည်း ထိတ်လန့်သွားကြသည်။
" ယဲ့ဖန်၊ ရှင် ပြန်စဉ်းစားချင်သေးလား "
ချန်းရွှမ်က အသံတိုးတိုးဖြင့် သူ့ကို အမြန်သတိပေးလိုက်သည်။
ဒီတစ်ယောက်က စိတ်မြန်လွန်းတယ်လို့ သူမ ခံစားရသည်။
၁၀ သန်းကျော်ဟူသည့်ပမာဏသည် ဘယ်သူ့အတွက်မဆို များပြားလွန်းသည့် ကိန်းဂဏန်းပမာဏဖြစ်သည်။
ယဲ့ဖန်ကတော့ ခပ်ဖျော့ဖျော့ပြုံးသည်။
" ယောက်ျားတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်နဲ့ပတ်သက်လာရင် အညှာအတာကင်းရမယ်လေ "
အပိုင်း (၁၃၆)
မျက်နှာသာပေးခံရတဲ့ လူငယ်လေး။
" ကျူး ........ သူဌေးကျူး၊ ကိစ္စအကြီးကြီး ဖြစ်သွားတယ် "
တစ်ဖက်မှာတော့ ထန်းဂူဈေးဝယ်စင်တာအတွင်းရှိ သူဌေးရုံးခန်းထဲကို ကျူးယွမ်ကျယ်၏အတွင်းရေးမှူးက ပြေးဝင်လာသည်။
" ငါ မင်းကို ဘယ်နှစ်ခါပြောရမလဲ။ ကောင်းမွန်တဲ့အရာတွေကိုပိုင်ဆိုင်ရဖို့ ကိုယ့်ရှေ့မှာ ထိုက် တောင်တန်းကြီးပြိုကျနေရင်တောင် တည်ငြိမ်အေးဆေးနေရမယ်။ ဘာလို့ ပျာယာခတ်နေတာလဲ "
" ဟုတ်ကဲ့ပါ၊ သူဌေးကျူး "
အတွင်းရေးမှူးက စိတ်ငြိမ်သွားပြီး မတ်မတ်ရပ်သည်။
" အဲ့လိုမှပေါ့။ ဘာကိစ္စလဲ "
ကျူးယွမ်ကျယ်က စိတ်ကျေနပ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။
" အဲ့ဒီလူကြီးမင်းက ယွမ်၁၀သန်းကျော် သုံးသွားပါတယ်.......... "
အတွင်းရေးမှူးက စကားပြီးအောင် မပြောရသေးခင်မှာဘဲ ဘုန်းခနဲ အသံကို ကြားလိုက်ရသည်၊
သူဌေးကျူးက မြေပေါ်ကိုပြုတ်ကျသွားတော့သည်။
အတွင်းရေးမှူးက အံ့ဩသွားပြီး ထဖို့ ကူညီပေးလိုက်သည်။
ကျူးယွမ်ကျယ်က မြေပေါ်မှသနားစရာကောင်းတဲ့ပုံစံနဲ့ထလာပြီး အတွင်းရေးမှူး၏လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။
" ဘာပြောလိုက်တယ်။ ဝယ်သူက ဘယ်လောက်သုံးသွားတယ်လို့ ပြောလိုက်တာ "
" ယွမ် တစ်သန်း၊ နှစ်သန်းလောက်သုံးပြီးတဲ့နောက် သူက Roger Duby ရဲ့ သီးသန့်ဆိုင်ထဲကိုဝင်သွားပြီး ယွမ် ၁၀သန်းကျော်တန်တဲ့ Excalibur Quator ဆီလီကွန်နာရီကို ဝယ်ခဲ့ပါတယ် ........ "
အတွင်းရေးမှူးက အလျင်အမြန်ရှင်းပြသည်။
" အဲ့တာက ထန်းဂူဈေးဝယ်စင်တာတစ်ခုလုံးမှာ ဈေးအကြီးဆုံးနာရီပါ။ သူဌေးကတောင် အဲ့နာရီကို 'စင်တာရဲ့ရတနာ'လို့တောင် ခေါ်နေသေးတယ်လေ "
ကျူးယွမ်ကျယ်က သူပြောတာပြီးအောင်တောင်မစောင့်ဘဲ အမြန်ပြေးထွက်သွားခဲ့သည်။
" သူဌေးကျူး၊ ဘယ်သွားမလို့လဲ "
အတွင်းရေးမှူးက အလျင်အမြန်မေးလိုက်သည်။
" ဘယ်သွားမလို့လဲဟုတ်လား။ ငွေနတ်ဘုရားကို သွားပြီး ဦးချအရိုအသေပေးမလို့ပေါ့ကွ "
ထိုသို့နောက်ဆုံးစကားပြောပြီးတဲ့အခါ သူဌေးကျူးက ဆယ်မီတာအကွာလောက်ကို ရောက်နေပြီဖြစ်သည်။
အတွင်းရေးမှူးက နှာခေါင်းရှုံ့လိုက်သည်။
ထိုက် တောင်တန်းကြီးအရှေ့မှာပြိုကျသွားရင်တောင် အမူအရာမပြောင်းလဲဘဲနေရမယ်လို့ သူဘဲပြောတာမဟုတ်ဘူးလား။
အားလုံးက အလိမ်အညာတွေဘဲ။
............................
ထိုအချိန် Roger Dubyဆိုင်ထဲတွင် ယဲ့ဖန်က ငွေရှင်းပြီးတဲ့နောက် ချန်းရွှမ်တို့နှင့်အတူ ပြန်ဖို့ပြင်နေချိန်တွင် အမည်မသိဖုန်းတစ်ခုက ဝင်လာခဲ့သည်။
" ဟယ်လို၊ လူကြီးမင်းယဲ့ဖန် ဟုတ်ပါသလား "
ဖုန်းတစ်ဖက်မှ လူကြီးတစ်ယောက်အသံထွက်လာသည်။
" ယဲ့ဖန်ပါ၊ ဘယ်သူများလဲ "
ယဲ့ဖန်က ပြန်မေးလိုက်သည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော်က ထန်းဂူဈေးဝယ်စင်တာရဲ့ဥက္ကဌကွမ်းကျန်ရှန်းပါ။ စင်တာမှာရောက်နေပါပြီလား "
ထိုလူကြီး၏အသံက သတိထားနေပုံရသည်။
" မိတ်ဆွေတွေနဲ့အတူ အခုလေးတင်ဈေးဝယ်နေတာပါ "
" အာ၊ အခု ဘယ်မှာပါလဲ။ ကျွန်တော် ချက်ချင်းလာခဲ့ပါမယ် "
" Roger Duby ဆိုင်မှာပါ "
ယဲ့ဖန်က ဖုန်းချပြီးတဲ့နောက် ချန်းရွှမ်ကို အခြေအနေရှင်းပြလိုက်သည်။
ထိုအချိန်တွင် အသက်သုံးဆယ်ဝန်းကျင်အမျိုးသားတစ်ဦးက သူတို့ဆီသို့ အလျင်အမြန်လမ်းလျှောက်လာသည်၊
" မင်္ဂလာပါ၊ လူကြီးမင်း။ ကျွန်တော်က ထန်းဂူဈေးဝယ်စင်တာရဲ့ တာဝန်ခံသူဌေး ကျူးယွမ်ကျယ်ပါ။ လူကြီးမင်းနဲ့တွေ့ရတာ ဂုဏ်ယူစရာပါဘဲ "
ကျူးယွမ်ကျယ်က လက်ဆန့်ပြီး ယဲ့ဖန်ကို နှုတ်ဆက်လိုက်သည်။
စင်တာထဲမှာဈေးဝယ်နေတဲ့သူများက ကျူးယွမ်ကျယ် သူ့ကိုယ်သူမိတ်ဆက်သံကိုကြားလိုက်ရတဲ့အခါ အံ့ဩသွားကြသည်။
ထန်းဂူဈေးဝယ်စင်တာရဲ့တာဝန်ခံသူဌေးက ကိုယ်တိုင်ကိုယ်ကျ သူ့ကို လာနှုတ်ဆက်ရတာလား။
သို့ပေမဲ့ ယဲ့ဖန် ယွမ်၁၀သန်းကို ထန်းဂူဈေးဝယ်စင်တာထဲမှ အချိန်တိုအတွင်း သုံးလိုက်ပုံကိုတွေးမိပါက အခြေအနေကို နားလည်ပေးဖို့ မခက်ခဲတော့ပေ။
" ဘာများလိုအပ်လို့လဲ "
ယဲ့ဖန်က အနည်းငယ် အံ့ဩသွားသည်။
ခုနတုန်းကဖုန်းက ထန်းဂူဈေးဝယ်စင်တာရဲ့သူဌေးမဟုတ်ဘူးလား။
ဒါကရော ဘာလို့ တာဝန်ခံသူဌေးလဲ။
" ဒီလိုပါ၊ လူကြီးမင်း ဒီနေ့သုံးစွဲတဲ့ငွေပမာဏက ကျွန်တော်တို့ ထန်းဂူဈေးဝယ်စင်တာ ကျုံးဟိုင်အခွဲရဲ့ မှတ်တမ်းကိုကျော်လွန်သွားတာကြောင့် ကျွန်တော်တို့ဘက်က ကျေးဇူးတုန့်ပြန်ချင်လို့ပါ "
" အဲ့တာကြောင့် ကျွန်တော်တို့ဘက်က ငွေရောင်ပလက်တီနမ် ဗီအိုင်ပီကတ်ပေးချင်လို့ပါ။ အနာဂတ်မှာ ဘာဘဲဝယ်ဝယ် ၁၀% လျော့ဈေးရပါမယ် "
ကျူးယွမ်ကျယ်က ပြောလိုက်ပြီး သူ့အိတ်ထဲမှ ဗီအိုင်ပီကတ်ကိုထုတ်လိုက်ပြီး ယဲ့ဖန်ကို လက်နှစ်ဖက်ဖြင့် တရိုတသေပေးလိုက်သည်။
ဘေးပတ်လည်က ဝယ်ယူသူတွေက အားကျတဲ့အကြည့်ဖြင့်ကြည့်လိုက်သည်။
သူတို့သည် ထန်းဂူဈေးဝယ်စင်တာထဲတွင် ဘယ်တုန်းကမှလျှော့ဈေး မရဘူးကြပေ။
ဒီတစ်ခါမှာတော့ သူတို့က ယဲ့ဖန်ကို ၁၀% လျှော့ဈေးရနိုင်တဲ့ ပလက်တီနမ်ဗီအိုင်ပီကတ်ကိုပေးနေသည်။
ဒါက ယဲ့ဖန်ကို သူတို့ ဘယ်လောက်တန်ဖိုးထားကြောင်းပြသနေသည်။
သူက ချမ်းသာတာကြောင့် ဈေးလျှော့တာကို စိတ်ထဲမထားပေမဲ့ ဒါက ဂုဏ်ယူစရာကိစ္စဖြစ်သည်။
ယဲ့ဖန်က ဗီအိုင်ပီကတ်ကို ကြည့်ရုံသာကြည့်ပြီး မယူလိုက်ပေ။
" တောင်းပန်ပါတယ်၊ ကျွန်တော်က ပုံမှန်ဆို ဈေးဝယ်ထွက်လေ့မရှိတာကြောင့် ဗီအိုင်ပီကတ်က အသုံးမဝင်လောက်ပါဘူး။ လိုအပ်တဲ့သူကိုဘဲပေးလိုက်ပါ "
ကျူးယွမ်ကျယ်က သူ့စကားကိုကြားတဲ့အခါ ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
တာဝန်ခံသူဌေးတစ်ယောက်အနေနဲ့ သူကိုယ်တိုင်လာပြီး ဒီလိုတန်ဖိုးကြီးလက်ဆောင်ကိုလာပေးတာတောင်မှ အတော်လေးမျက်နှာသာပေးလွန်းရာရောက်နေသည်။
ဒါပေမဲ့ တစ်ဖက်သူကတော့ ဒါကိုနားလည်သည့်ပုံပင်မပေါ်ပေ။
ထိုအတွေးကြောင်း ကျူးယွမ်ကျယ်က တစ်ခဏရပ်သွားပြီးနောက်မှ တမင်တကာရော မသိမသာပါ ပြောလိုက်သည်။
" လူကြီးမင်း၊ ကျွန်တော်တို့ရဲ့ ထန်းဂူဈေးဝယ်စင်တာက ပလက်တီနမ်ဗီအိုင်ပီကတ်က အတော်လေးတန်ဖိုးကြီးပါတယ်။ အထက်မှာ စိန်ကတ်ဘဲရှိတော့တာပါ။ ပြီးတော့ ကတ် ၅၀ နဲ့အောက်ကိုဘဲပေးရပါသေးတယ်။ ဒါက ရာထူးဂုဏ်ပုဒ်ကို ဖော်ဆောင်ပါတယ်။ ထပ်ပြီး မစဉ်းစားချင်တော့တာ သေချာပါသလား "
ယဲ့ဖန်က သူ့စကားကိုကြားတဲ့အခါ နှာခေါင်းထဲမှ လေမှုတ်ထုတ်လိုက်သည်။
ကျူးယွမ်ကျယ်ရဲ့ စကားတွေက " ဒီဗီအိုင်ပီကတ်ပေးတာက မင်းကို အထင်ကြီးလို့ပေးတာ။ ငါတို့ကို ကျေးဇူးမကန်းနဲ့ " ဟုပြောနေသည့်အလားထင်ရသည်။
ထို့အပြင် ပလက်တီနမ်ကတ်ကိုသာပေးပြီး စိန်ကတ်ကိုပေးခြင်းတောင်မဟုတ်ပေ။
အကယ်၍စိန်ကတ်ကိုပေးလျှင်လည်း ယဲ့ဖန်စိတ်ထဲထားမည်မဟုတ်ချေ။
သို့ပေမဲ့ တစ်ဖက်သူရဲ့စကားတွေက သူ့ကို အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စေသည်။
ထိုအတွေးကြောင့် ယဲ့ဖန်ပြန်ပြောတော့မည့်အချိန်မှာဘဲ မျက်မှန်ရွှေရောင်ကိုင်းနဲ့သက်လတ်ပိုင်းလူကြီးတစ်ယောက်က ယောက်ျား၊ မိန်းမအစုံပါတဲ့ လူတစ်အုပ်ကိုဦးဆောင်ပြီး သူတို့နားကို အမြန်လျှောက်လာသည်။
တာဝန်ခံသူဌေးနဲ့ ယဲ့ဖန်ကိုတွေ့တဲ့အခါ ထိုလူကြီးက အံ့ဩသွားသည်။
" တာဝန်ခံသူဌေးကျူး၊ ဒီကို ဘာလို့ရောက်နေတာလဲ "
ကျူးယွမ်ကျယ်က သူ့ကိုတွေ့တဲ့အခါ ချက်ချင်းလေးစားတဲ့အပြုအမူဖြစ်သွားသည်။
" ဥက္ကဌသူဌေးကွမ်း၊ ဘာလို့ ဒီကိုရောက်နေတာလဲ "
သက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်လိုက်သည်။
" မင်း ငါ့ကိုမဖြေရသေးဘူး။ ဒီမှာ ဘာလုပ်နေတာလဲ "
ကျူးယွမ်ကျယ်က ယဲ့ဖန်ကို အလျင်အမြန်ညွှန်ပြပြီး ရှင်းပြလိုက်သည်။
" ဒီလူကြီးမင်းက ကျွန်တော်တို့ ထန်းဂူဈေးဝယ်စင်တာမှာ ယွမ် ၁၅သန်းကျော်ဖိုးသုံးပြီး မှတ်တမ်းကိုတောင်ကျော်သွားလို့ပါ။ အဲ့တာကြောင့် ကျွန်တော်က သူ့ကို စင်တာအစား ပလက်တီနမ်ဗီအိုင်ပီကတ်ပေးဖို့လုပ်ပေမဲ့ ဒီလူကြီးမင်းက စိတ်ဝင်စားပုံမရဘဲ လက်ခံဖို့ငြင်းဆန်နေလို့ပါ "
သူ၏လေသံတွင် မကျေနပ်သံအနည်းငယ်ပါနေသေးသည်။
သက်လတ်ပိုင်းလူကြီးက ဘာဖြစ်နေလဲဆိုတာ နားလည်သွားပြီးနောက် ယဲ့ဖန်ဘက်ကို ချက်ချင်းလှည့်ကြည့်သည်။
" လူကြီးမင်းက ယဲ့ဖန်လူကြီးမင်းဖြစ်ရမယ် "
ယဲ့ဖန်က အနည်းငယ်ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ်ပါတယ် "
သက်လတ်ပိုင်းလူက လက်ကိုအမြန်လှမ်းပြီး တင်းကျပ်စွာလက်ဆွဲနှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော်က ထန်းဂူဈေးဝယ်စင်တာရဲ့ဥက္ကဌကွမ်းကျန်ရှန်းပါ။ ယဲ့လူကြီးမင်းနဲ့တွေ့ဆုံရတာ ဂုဏ်ယူစရာပါဘဲ "
ထိုသို့ပြောတဲ့အခါ ဘေးမှာရှိတဲ့သူတိုင်းက အံ့ဩကြောင်အသွားရသည်။
ပထမမှာတော့ ထန်းဂူဈေးဝယ်စင်တာရဲ့တာဝန်ခံသူဌေးက ကိုယ်တိုင်လာသည်။
အခုကျ ထန်းဂူဈေးဝယ်စင်တာရဲ့ဥက္ကဌကိုယ်တိုင်က ရောက်လာသည်။
ဒီလူငယ်လေးက မျက်နှာသာအပေးခံရလွန်းမနေဘူးလား။