အပိုင်း ၁၃၇-၁၄၀
Vol. 7 Ch. 137-140
အပိုင်း (၁၃၇)
အိမ်ကိုသွားကြရအောင်။
တစ်ဖက်တွင် ယဲ့ဖန်ဘေးမှ ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့က ထန်းဂူဈေးဝယ်စင်တာ၏တာဝန်ခံသူဌေးက ကိုယ်တိုင်ကိုယ်ကျ ရောက်လာတာကိုတွေ့တဲ့အခါ အတော်လေးကို အံ့ဩသွားသည်။
ထန်းဂူဈေးဝယ်စင်တာ၏ဥက္ကဌကိုယ်တိုင်ကပင်ရောက်လာတာကိုတွေ့တဲ့အခါ ချန်းရွှမ်၏တုန့်ပြန်မှုက အံ့ဩတာလို့ပင်ပြောလို့မရတော့ချေ။
သူမနှင့် ကျန်းယုံထင်းတို့က ဥက္ကဌကွမ်းဆီကို အကြိမ်များစွာရောက်ဖူးခဲ့ပေမဲ့ အကြိမ်တိုင်း သူ့ရဲ့အတွင်းရေးမှူးနဲ့သာ ပြန်လွှတ်ခဲ့သည်။
အခုတော့ ကိုယ်တိုင်ကိုယ်ကျ ယဲ့ဖန်ကို လာကြိုဆိုရုံသာမက ယဲ့ဖန်ကို တလေးတစားဆက်ဆံပြီး သူ့ကို မျက်နှာချိုပင်သွေးနေသေးသည်။ ထိုမြင်ကွင်းက သူမတို့ကို အလွန်အံ့ဩစေသည်။
ထိုအတွေးနဲ့အတူ ချန်းရွှမ်က ယဲ့ဖန်ကို မသိလိုက်ဘဲကြည့်လိုက်မိသည်။ ယဲ့ဖန်က ထန်းဂူဈေးဝယ်စင်တာက ဥက္ကဌကို ဘယ်လိုသိတာလဲ။
သူမ အကြည့်တွေက အံ့ဩနေစဉ်မှာဘဲ သူမ ဘေးမှာရပ်နေတဲ့ ကျူးယွမ်ကျယ်ကလည်း အနည်းငယ်အံ့အားသင့်နေခဲ့သည်။
" ဥက္ကဌကွမ်း၊ ဒီလူကိုသိတာလား "
ကွမ်းကျန်ရှန်းက ခေါင်းကိုလှည့်ပြီးကြည့်ကာ မျက်နှာက မသာမယာဖြစ်နေခဲ့သည်။
" တာဝန်ခံသူဌေးကျူး၊ ဒီလူကြီးမင်းက ဘယ်သူလဲဆိုတာမင်းသိလား "
ကျူးယွမ်ကျယ်က အမြန်ခေါင်းခါပြလိုက်သည်။
" မသိဘူး "
" မင်းကတော့ ယောင်ချာချာဖြစ်နေပုံဘဲ "
ကွမ်းကျန်ရှန်း၏အသံက တင်းမာလာသည်။
" ယဲ့ဖန်လူကြီးမင်းက ငါတို့ ထန်းဂူဈေးဝယ်စင်တာရဲ့ပိုင်ရှင်အသစ်ဘဲ။ သူ့ကို ဘယ်လိုလုပ်ပြီး ပလက်တီနမ်ဈေးဝယ်ကတ်ပေးရဲရတာလဲ။ မင်းက ယဲ့လူကြီးမင်းကို ပြက်ရယ်ပြုနေတာလား "
ကျူးယွမ်ကျယ်ကကြားတဲ့အခါ ယဲ့ဖန်ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။
ကုန်တိုက်၏ ဝယ်ယူမှုများအကြောင်းကို သူသေချာပေါက်သိသည်။
သို့ပေမဲ့ ထန်းဂူဈေးဝယ်စင်တာကို ၀ယ်လိုက်သည့်ပိုင်ရှင်အသစ် သူ့ရှေ့ရှိ ဤလူငယ်လေးဖြစ်မည်ဟု သူ လုံးဝမမျှော်လင့်ထားပေ။
လူတိုင်းက သူဌေးအသစ်ကို စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာနှင့် နှင်ထုတ်ခံရတာကို ရှောင်ဖို့ ဦးနှောက်ရှုပ်ပြီး စဉ်းစားနေကြပေမဲ့ သူကတော့ သူဌေးအသစ်ကို စော်ကားမိခဲ့သည်။
ကျူးယွမ်ကျယ်သည် သူ့ကိုယ်သူ တင်းတင်းကျပ်ကျပ် ပါးနှစ်ချက်ရိုက်ချင်မိသည်။
အမှန်တကယ်တွင် ယဲ့ဖန်၏ဒီနေ့အသုံးစရိတ်ဖြင့်ဆိုလျှင် စိန်ဗီအိုင်ပီကတ်ကို ရဖို့ လုံလောက်နေပြီဖြစ်သည်။
သို့ပေမဲ့ သူ့စိတ်နှလုံးထဲမှ ငွေကို ရေလိုဖြုန်းတီးနေသည့် စိတ်မျိုးရှိသည့်သူကို အထင်သေးစိတ်ဖြင့်ကြည့်မိသည်။
ထို့ကြောင့် နောက်ဆုံးမိနစ်မှာ သူစိတ်ပြောင်းလိုက်ပြီး တစ်ဖက်သူကို ပလက်တီနမ်ဗီအိုင်ပီကတ်ကိုသာ ပေးခဲ့သည်။
ထိုအတွေးတစ်ခုကြောင့်ဘဲ သူ့ရဲ့ သူဌေးအသစ်အပေါ်ကို ဆိုးရွားတဲ့ပုံရိပ်မျိုးကျန်ရစ်စေခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် ထိုလုပ်ရပ်ကြောင့် သူ၏အနာဂတ်ကလည်း မှုန်ဝါးဝါးဖြစ်လာတော့သည်။
သူနဲ့အတူပါလာတဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း တိတ်ဆိတ်စွာဖြင့် သူနဲ့ ခပ်ဝေးဝေးကို ရှောင်နေကြပြီဖြစ်သည်။
သူတို့ကိုပါ ထိခိုက်မှာကို ကြောက်နေကြသည်။
ဖြစ်ရပ်ကို ရပ်ကြည့်နေကြသော ဝယ်ယူသူများကလည်း ထိတ်လန့်သွားကြသည်။
ပိုက်ဆံကို ရေလို လက်ဖွာပြီးသုံးနေတဲ့ ထိုလူငယ်လေးက ထန်းဂုဈေးဝယ်စင်တာကျုံးဟိုင်ဌာနခွဲ၏ ပိုင်ရှင်အသစ်ဖြစ်လာမယ်လို့ မျှော်လင့်မထားကြပေ။
ဒီစင်တာသည် ကျုံးဟိုင်ရှိ ဌာနခွဲတစ်ခုဖြစ်သည်။
ကျုံးဟိုင်မြို့ရှိ ထိပ်တန်းဝယ်ယူမှုအများဆုံးနေရာများထဲမှတစ်ခုဖြစ်သည်။
ဒီလိုကုန်တိုက်တစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ဘယ်လိုအင်အားတွေများရှိနေတာလဲ။
သူသည် ကျုံးဟိုင်မြို့တစ်ခုလုံးရှိ ထိပ်တန်းပုဂ္ဂိုလ်တွေထဲကတစ်ဦးဟု ယူဆနိုင်သည်။
လူတိုင်း၏အာရုံစူးစိုက်မှုကိုကြုံနေရပေမဲ့ ယဲ့ဖန်သည် သူ၏တည်ငြိမ်သောအမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
" ဥက္ကဌ ကွမ်း၊ တာဝန်ခံသူဌေး ကျူးကို အပြစ်ပြောစရာ မလိုပါဘူး။ တကယ်တော့ သူ့မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ် "
ယဲ့ဖန်က သူ့အတွက် စကားပြောပေးနေတာကို ကျူးယွမ်ကျယ်ကြားတဲ့အခါ ချက်ချင်းဘဲ ကျေးဇူးတင်မျက်ရည်ကျလာခဲ့သည်။
" ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း "
ကွမ်းကျန်ရှန်းက ယဲ့ဖန်ကို သဘောတကျကြည့်နေသည်။
" ယဲ့လူကြီးမင်းက သိပ်ကိုရက်ရောတာဘဲ။ ထန်းဂူဈေးဝယ်စင်တာရဲ့ကျုံးဟိုင်ဌာနခွဲကို ငယ်ငယ်လေးနဲ့ ပိုင်ဆိုင်နိုင်တာ အံ့ဩစရာမရှိတော့ပါဘူး။ အတော်လေးအထင်ကြီးမိပါတယ် "
ယဲ့ဖန်သည် ဥက္ကဌကွမ်းက သူ့ကို မြှောက်ပင့်နေပြီး သူ့စကားတွေက မလေးနက်ဘူးဆိုတာကို သိသည်။
ကွမ်းကျန်ရှန်းသည် ယဲ့ဖန်၏နောက်တွင်ရှိသော ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့ကို ရုတ်တရက် ကြည့်လိုက်သည်။
" ဒီမိန်းကလေးနှစ်ယောက်က ယဲ့လူကြီးမင်းရဲ့ သူငယ်ချင်းတွေလား "
ယဲ့ဖန်ခေါင်းညိတ်လိုက်သည်။
" ဒါက လင်းယွမ်အိမ်ခြံမြေကုမ္ပဏီက ဥက္ကဌ ချန်းရွှမ်ပါ။ ခင်ဗျား သူ့အကြောင်းကို အရင်ကတည်းက ကြားဖူးတယ် မဟုတ်လား "
ယဲ့ဖန်၏မိတ်ဆက်သံကိုကြားပြီးတဲ့နောက် ကွမ်းကျန်ရှန်းက ချက်ချင်း လက်ကို ဆန့်ကာ နှုတ်ဆက်လိုက်သည်။
" အိုး၊ မိန်းကလေးချန်းဘဲ။ တွေ့ရတာဝမ်းသာပါတယ် "
ချန်းရွှမ်က သူ့လက်ကို ညင်သာစွာ ဆွဲနှုတ်ဆက်လိုက်သည်။
" အရင်က ကျွန်မရှင့်ဆီကို လာတွေ့ဖို့ အကြိမ်အနည်းငယ်လာဖူးပေမယ့် ကံမကောင်းတော့ ရှင်က အလုပ်တွေရှုပ်နေတာနဲ့ကြုံပြီး တွေ့ဖို့ အခွင့်မသာခဲ့ဘူး "
ကွမ်းကျန်ရှန်း၏ မျက်နှာ နီရဲလာသည်။
အရင်က သူမနဲ့တွေ့ဖို့ကို တမင်ငြင်းခဲ့တာဖြစ်သည်။
ချန်းရွှမ်သည် သူ့ကိုမျက်နှာပျက်အောင်မလုပ်ဘဲ အဲ့အကြောင်းကို ထုတ်ဖော်မပြခဲ့ပေ။
" ဥက္ကဌချန်းက ယဲ့လူကြီးမင်းရဲ့ မိတ်ဆွေဆိုမှတော့ မင်းကလည်း ကျွန်တော့်ရဲ့မိတ်ဆွေပါဘဲ။ အကုန်လုံး ဆွေးနွေးလို့ရပါတယ် "
ထိုစကားကို သူမကြားတဲ့အခါ ချန်းရွှမ်၏မျက်နှာက တောက်ပလာသည်။
ဒါဆို ဥက္ကဌကွမ်းက သူမတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ကို သွယ်ဝိုက်သောနည်းဖြင့် သဘောတူခဲ့တာဖြစ်သည်။
ကြိုးစားအားထုတ်မှုတွေအများကြီးလုပ်ပြီးတာတောင် ဒီကိစ္စကို အောင်မြင်နိုင်လိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးခဲ့မိချေ။
အခုတော့ ယဲ့ဖန်ကြောင့် ရုတ်တရက် ဖြေရှင်းလိုက်နိုင်ခဲ့သည်။
ထိုအချိန်တွင် ယဲ့ဖန်က သူ့အဝတ်အစားတွေကို ရွေးပေးဖို့ ဘာကြောင့်အကူအညီတောင်းဆိုခဲ့လဲဆိုတာကို ချန်းရွှမ် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
ယဲ့ဖန်က သူတို့နှစ်ယောက်ကို အလုပ်ကြမ်းလုပ်ဖို့ ဈေးဝယ်ထွက်လာတာမဟုတ်ဘဲ ဥက္ကဌကွမ်းနှင့် မိတ်ဆက်ပေးရန် ကူညီပေးခဲ့ခြင်းဖြစ်သည်။
ယဲ့ဖန်က သူတို့ကို ပစ္စည်းတွေအများကြီးသယ်ခိုင်းတဲ့အတွက် သူမတို့ ညည်းညူနေခဲ့မိတာကို စဉ်းစားမိတဲ့အခါ ချန်းရွှမ် ချက်ချင်းရှက်သွားရသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ သွားပြီးတော့ လွှဲပြောင်းတဲ့ လုပ်ငန်းစဉ်တွေကို ပြီးအောင်လုပ်ကြတော့မလား "
ကွမ်းကျန်ရှန်းက ယဲ့ဖန်ကို လေးလေးစားစားကြည့်နေသည်။
" ကောင်းပြီ "ဟု ယဲ့ဖန်ကပြောလိုက်ကာ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကွမ်းကျန်ရှန်းနောက်မှလိုက်၍ အပေါ်ထပ်သို့ လိုက်သွားခဲ့သည်။
ထိုအချိန်တွင် ကျူးယွမ်ကျယ်သည် ယဲ့ဖန် ဝယ်ယူခဲ့သည့် စတိုးဆိုင်များအားလုံးသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး ဆိုင်တစ်ခုချင်းစီ၏ ဆိုင်မန်နေဂျာများနှင့် စကားပြောဆိုခဲ့သည်။
နောက်ဆုံးတွင် ဆိုင်မန်နေဂျာအားလုံးသည် ပစ္စည်းတန်ဖိုးမပါဝင်ဘဲ ယဲ့ဖန်၏ကုန်ကျစရိတ်အားလုံးကို ပြန်ပေးဖို့ သဘောတူခဲ့ကြသည်။
နောက်ဆုံးတွင် ၅၀ ရာခိုင်နှုန်းနီးပါး ပြန်ရခဲ့သည်။
ကျူးယွမ်ကျယ် သက်ပြင်းချလိုက်သည်။
ဒါလိုနဲ့ သူ့အမှားအတွက် ပြန်ပေးဆပ်လိုက်နိုင်တယ်လို့ ယူဆနိုင်တယ် မဟုတ်လား။
ယဲ့လူကြီးမင်း၏စိတ်ထဲမှ သူ့အပေါ်အမြင်ဆိုးမှုကို အနည်းငယ်လျှော့ပစ်နိုင်လိမ့်မည်ဟု သူမျှော်လင့်လေသည်။
ယဲ့ဖန်သည် လွှဲပြောင်းပေးသည့် လုပ်ငန်းစဉ်များကို လုပ်ပြီးတဲ့အခါ ထန်းဂူဈေးဝယ်စင်တာထဲမှ ထွက်လာစဉ်တွင် ချန်းရွှမ်နှင့် ကျန်းယုံထင်းတို့က သူ၏ Ferrari Enzo အနားတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။
ခပ်မိုက်မိုက် ပြိုင်ကားတစ်စီးကို မှီနေသည့် မိန်းမလှလေးနှစ်ယောက်၏မြင်ကွင်းသည် အတော်လေးအကျိုးသက်ရောက်မှုရှိလွန်းသည်။
ဖြတ်သွားဖြတ်လာလူအများအပြားက သူတို့၏ဖုန်းများကို ထုတ်ယူပြီး ဓာတ်ပုံရိုက်ကြသည်။
ယဲ့ဖန်ကလည်း မတတ်နိုင်ဘဲ နောက်ထပ် အကြည့်အနည်းငယ်ထပ်လှမ်းကြည့်လိုက်သည်။
" လွှဲပြောင်းမှု လုပ်ငန်းစဉ်တွေ ပြီးသွားပြီလား "
ချန်းရွှမ်က ယဲ့ဖန်ထွက်လာတာကိုမြင်တဲ့အခါ ချက်ချင်းပဲ သူ့နားသို့ အပြေးလာခဲ့သည်။
" ပြီးသွားပါပြီ "
ယဲ့ဖန်သည် သူ့လက်ထဲမှ ဖိုင်ကို ဝှေ့ယမ်းပြလိုက်သည်။
" ဒီနေ့ ဥက္ကဌကွမ်းနဲ့ မိတ်ဆက်ပေးလို့ ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုပြီးတော့လွယ်ကူမှာပါ "
ချန်းရွှမ်က သူ့ကို ကျေးဇူးတင်တဲ့ အမူအရာဖြင့်ကြည့်လိုက်သည်။
" မင်း စိတ်ထဲမှာ ကျွန်တော့်ကို အစက ကျိန်ဆဲနေတာ၊ ဟုတ်တယ်မလား။ ကျွန်တော့်ပစ္စည်းတွေသယ်ဖို့ မိန်းကလေးနှစ်ယောက်ကို ကူခိုင်းလောက်အောင်ထိ ကျွန်တော့်က ယဉ်ကျေးမှုမရှိတဲ့သူလို့ ထင်နေတာလား "
ယဲ့ဖန်သည် သူမ၏အတွေးများကို ချက်ချင်းသိလိုက်ရသည်။
ချန်းရွှမ်၏ လှပသော မျက်နှာက အနည်းငယ် နီရဲသွားသည်။
" တောင်းပန်ပါတယ် လူကြီးလူကောင်းတစ်ယောက်ရဲ့ စိတ်ကို မသိတဲ့အထိ ကျွန်မစိတ်ကကျဉ်းမြောင်းလွန်းပါတယ် "
" တောင်းပန်ဖို့အတွက် ကျွန်မ ရှင့်ကိုထမင်းကျွေးပါ့မယ် "
" ဒီတစ်ခါ ကျွန်မအိမ်မှာ ရှင့်အတွက် တကူးတကချက်ပြုတ်ပေးပါ့မယ်။ အဲ့လောက်ဆို စိတ်ရင်း လုံလောက်ရဲ့လား "
ကျန်းယုံထင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ချန်းရွှမ်သည် ယောက်ျားလေးတစ်ယောက်ကို သူမ၏အိမ်သို့ ပထမဆုံးအကြိမ် ဖိတ်ကြားဖူးခြင်းဖြစ်သည်။
ဒီလောက်ဆိုရင် ယဲ့ဖန်ုအတွက် သူမ၏ခံစားချက်ကို ပြသရန် လုံလောက်ပါသည်။
" အမ်….....ဒီနေ့တော့ ထားလိုက်ပါတော့။ ပစ္စည်းတွေ အများကြီးဝယ်ရတာ အဆင်မပြေဘူး။ နောက်တစ်ခါမှပေါ့ "
ယဲ့ဖန်က သူမကို တောင်းပန်ပြီး ပြုံးလိုက်သည်။
" ဒါဆိုလည်း ......… ရပါတယ် "
ချန်းရွှမ်၏မျက်နှာတွင် အနည်းငယ်စိတ်ပျက်သွားသည့်ပုံ ပေါ်နေသည်။
" ဒါဆို နောက်နေ့မှတွေ့ကြတာပေါ့ "
ယဲ့ဖန်သည် သူတို့နှစ်ယောက်ကို လက်ဝှေ့ယမ်းပြပြီး ကားမောင်းထွက်သွားခဲ့သည်။
သူ့ကား လုံးဝပျောက်ကွယ်သွားသည့်တိုင်အောင် ချန်းရွှမ်က လှမ်းကြည့်နေသေးသည်။
" ကြည့်မနေနဲ့တော့။ အစ်မကြည့်နေရင်းနဲ့ သူက အိမ်တောင်ပြန်ရောက်နေလောက်ပြီ "
တစ်ဖက်တွင် ကျန်းယုံထင်းက သူမကို စနောက်လိုက်သည်။
" ဘယ်သူက သူ့ကိုကြည့်နေလို့လဲ။ ငါက တစ်ခုခုကို တွေးနေတာ "
ချန်းရွှမ်သည် မျက်မှောင်ကြုတ်ကာ အမြန်ငြင်းလိုက်သည်။
" အစ်မက သူ့ကို အိမ်ကိုတောင် ဖိတ်ထားပြီးပြီကို စိတ်မဝင်စားဘူးလို့ ပြောရဲသေးတာလား "
ကျန်းယုံထင်းသည် သူမ၏အတွေးများကို မညှာမတာ ထုတ်ဖော်လိုက်သည်။
" ငါက သူ့ကို ကျေးဇူးတင်ဖို့ လုပ်တာလေ။ အဲ့တာကြောင့် ထမင်းကျွေးချင်တယ်လို့ပြောတာ " လို့ ချန်းရွှမ်က အမြန်ရှင်းပြပါသည်။
" ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ အစ်မရဲ့ကျေးဇူးကိုဖော်ပြဖို့ သူ့ကို ဒီတခါတော့ ထမင်းကျွေးရုံပဲ။ နောက်တစ်ခါကျ ကျေးဇူးတင်ဖို့ကို အစ်မက သူနဲ့အိပ်ဖို့ဖိတ်ခေါ်မှာလား "
" ကျန်းယုံထင်း နင်သေချင်နေတာလား "
ချန်းရွှမ်သည် ရှက်တာကြောင့် ဒေါသတကြီးပြေးလာပြီး ကျန်းယုံထင်းကို ချက်ချင်းရန်ရှာတော့သည်။
အပိုင်း (၁၃၈)
မင်းက စွယ်စုံရဘဲ။
တစ်ဖက်တွင် ယဲ့ဖန်ကတော့ ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)သို့ပြန်ရောက်ပြီးနောက် ထူးဆန်းတဲ့ ခံစားချက်တွေ တဟုန်ထိုးဖြစ်ပေါ်လာသည်။
' လူဆယ်ယောက်ကို တိုက်ခိုက်ချင်တယ် ' ဆိုတဲ့ စကားကြောင့်စိတ်မလှုပ်ရှားတဲ့ ယောက်ျားမရှိလောက်ပေ။
ကိုယ်ခံပညာလောကတွင် အငြိုးအတေးများဖြေရှင်းနေကြရင်း ပျော်ရွှင်မှုကို ဘယ်သူမျှ မတောင့်တနိုင်ကြချေ။
သို့သော်ယနေ့တွင်တော့ ယဲ့ဖန်သည် ကျွမ်းကျင်သူတစ်ဦးနှင့် အမှန်တကယ်တွေ့ဆုံခဲ့သည်။
ဒီနေ့ သူမြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်သတိရပြီး ယဲ့ဖန်သည် ဦးလေးလျုံမှ သူ့ကို သင်ပေးဖို့ သဘောတူမည့် ဖြစ်နိုင်ခြေတိုးမြင့်စေရန် နည်းလမ်းတွေကိုတွေးနေစဉ်မှာဘဲ ဖုန်းထဲမှ စာဝင်လာသည်။
[ ဦးလေးလျုံက ရှင့်ကို ကွန်ဖူးသင်ပေးဖို့ သဘောတူတယ်တဲ့။ မနက်ဖြန် အားလား ]
ယဲ့ဖန်၏ မျက်လုံးများတောက်ပလာပြီး စိတ်လှုပ်ရှားမှုကြောင့် ကုတင်ပေါ်ကို ချက်ချင်းခုန်တက်လိုက်သည်။
သူဖတ်ဖူးသော ဝူရှဝတ္ထုများတွင် ကျွမ်းကျင်သူများက အလွန်ထူးဆန်းသော ကိုယ်ရည်ကိုယ်သွေးများ ရှိကြသည်။
တပည့်မွေးချင်သော်လည်း တစ်ဖက်သား၏စရိုက်ကို စမ်းသပ်ရန် တပည့်တွေအတွက် အတားအဆီးများစွာကို ချမှတ်ထားကြသည်။
ယဲ့ဖန်သည် ထူးဆန်းသောစမ်းသပ်မှုများကို လက်ခံရန်အတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးပြီဖြစ်သည်။
သို့ပေမဲ့လည်း ဦးလေးလျုံက သူ့တောင်းဆိုချက်ကို လွယ်လွယ်သဘောတူဖို့ မမျှော်လင့်ထားခဲ့ပေ။
ဒါက ကြည်နူးစရာကောင်းတဲ့ အံ့သြစရာကိစ္စတစ်ခုဖြစ်သည်။
အဲ့တာကိုတွေးပြီး ယဲ့ဖန်က ရှုကျင်းရှင်းဆီကို ချက်ချင်းစာတစ်စောင်ပို့လိုက်သည်။
[ အားတယ်၊ အားတယ်။ လိပ်စာ ပို့ပေးလိုက်။ မနက်ဖြန်ကျ ကိုယ့်ဟာကိုယ် သွားလိုက်ပါ့မယ် ]
[ ကျန်းရှင်းခရိုင်၊ မင်းရှန်းလမ်း၊ ဖူရှန် ]
ဖြောင့်မတ်သောခရိုင်တဲ့လား။
ဘယ်လောက်တောင်မိုက်မဲလိုက်တဲ့ နာမည်လဲ။
ယဲ့ဖန်သည် ထိုလူနေရပ်ကွက်၏အမည်ကို ကြားတဲ့အခါ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
သို့သော် ဦးလေးလျုံနဲ့ ကတိပေးထားသောကြောင့် ထိုအကြောင်းကို ဂရုမစိုက်ပေ။
ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး ချက်ချင်း ကိုယ်လက်ဆေးကြောလိုက်သည်။ မနက်ဖြန်ဝတ်မယ့်အဝတ်အစားတွေကို ရွေးပြီးတဲ့နောက် အိပ်ရာဝင်လိုက်သည်။
သို့ပေမဲ့ သူစိတ်လှုပ်ရှားလွန်းနေတာကြောင့် ယဲ့ဖန် တစ်ညလုံး ဟိုလှိမ့်ဒီလှိမ့်ဖြင့် အိပ်မပျော်ဖြစ်နေသည်ကာ သူ့စိတ်ထဲတွင် မနက်ဖြန် ကွန်ဖူးသင်ယူသည့်မြင်ကွင်းနှင့်သာ ပြည့်နေသည်။
မနက်နှစ်နာရီထိုးမှသာ ယဲ့ဖန်အိပ်ငိုက်လာကာ အိပ်ပျော်သွားတော့သည်။
ထိုအချိန်တွင် စာမက်ဆေ့ချ်ဝင်လာသဖြင့် ဖုန်းကမြည်လာသည်။
ယဲ့ဖန်သည် ရှုကျင်းရှင်းဆီမှ စာဝင်လာတယ်ထင်ပြီး စစ်ဆေးဖို့ စာကို အမြန်ဖွင့်ဖတ်လိုက်သည်။
သို့သော် စာပို့သူက အမှန်တကယ်မှာ ရှန်းပိုင်ထျန်းဖြစ်နေခဲ့သည်။
[ ယဲ့ဖန်၊ ငါ့ကိုကယ်ပါဦး!!! ]
ထိတ်လန့်စရာကောင်းတဲ့စကားလုံးတွေကြောင့် ယဲ့ဖန်ကို အိပ်နေရာကနေ ချက်ချင်း နိုးထလာစေခဲ့သည်။ ယဲ့ဖန်က ကမန်းကတန်းပြန်ဖြေသည်။
[ စီနီယာ ဘာဖြစ်လို့လဲ။ ကျွန်တော့်ကို မခြောက်နဲ့! ]
[ ယဲ့ဖန်၊ တစ်ယောက်ယောက်က ငါ့ကို နောက်ကိုထပ်လိုက်နေတယ် ]
[ ဘာဖြစ်လို့လဲ။ အဲ့လိုလူတွေဆီမှာ ပိုက်ဆံအကြွေးတင်နေလို့လား ]
[ သေလိုက်လေ၊ ငါဘယ်တုန်းက ဘယ်သူ့ကို ပိုက်ဆံအကြွေးတင်ဖူးလို့လဲ။ ဒီလို လိုက်ဖမ်းတဲ့အကြောင်း မပြောပါဘူး၊ တခြား လိုက်တာမျိုးပါ။]
[အိုး၊ အဲဒီ 'လိုက်ပိုး' တဲ့အကြောင်းကို ပြောနေတာလား။ ကျွန်တော်က လိုက်ဖမ်းရင် လိုက်တဲ့ အကြောင်းပြောနေတာလို့ ထင်သွားတာ ]
ယဲ့ဖန်သည် သူမက အန္တရာယ်ဖြစ်နေတာမဟုတ်မှန်း သိလိုက်တာကြောင့် သူမနှင့် စကားလှည့်ပြီး စနောက်နေတော့သည်။
[ အိုက်ယား၊ ငါက ငါ့ကိုလိုက်နေတဲ့သူတစ်ယောက်အကြောင်း ပြောနေတာ ]
[ အဲဒါက ဘာထူးဆန်းလို့လဲ။ စီနီယာက ကျုံးဟိုင် တက္ကသိုလ်ရဲ့ အလှလေးဘဲလေ။ လူတွေက အစ်မကို လိုက်နေတာ ပုံမှန်ဘဲမဟုတ်ဘူးလား ]
[ ဒီတစ်ခါတော့ မတူဘူး ]
[ ဘာတွေကွာခြားလဲ။ ကျားမ ကွဲပြားတာကြောင့်လား။ အစ်မကို လိုက်နေတာ မိန်းမလား ]
[ သွားစမ်းပါ၊ ငါက အတည်ပြောနေတာ။ ဒီတစ်ခါက အရင်လူတွေထက် ပိုဖယ်ထုတ်ဖို့ခက်တယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ကို မဖယ်ထုတ်နိုင်ဘူး။ အရမ်းစိတ်ညစ်တာဘဲ ]
[ အစ်မက နည်းနည်းလွန်တာပေါ့။ ယောက်ျားတစ်ယောက်က အစ်မကို အရမ်းစွဲလန်းနေတာ၊ မပျော်သင့်ဘူးလား ]
[ နင် ........ ငါ မပြောတော့ဘူး၊ နင် ငါ့ကို ကူဖြေရှင်းပေးရမယ် ]
[ ဘာရမှာမလို့လဲ ]
[ နင်က ငါ့ရည်းစားလေ ]
[ ဘယ်သူက အစ်မရည်းစားလဲ။ မဟုတ်တဲ့စကား မပြောပါနဲ့။ မဟုတ်ရမ်းတရားတွေပြောရင် တရားစွဲရလိမ့်မယ် ]
[ ကျောင်းကလူတိုင်းက နင်က ငါ့ရည်းစားဆိုတာ သိတယ်။ အခုပေါ်မလာရင် တခြားသူတွေက နင့်ကို ဘယ်လိုထင်ကြမလဲ။ နင်က ဘာမှမကောင်းတဲ့လူ၊ သူရဲဘောကြောင်တဲ့သူလို့ထင်ကြလိမ့်မယ်...]
[ သူရဲဘောကြောင်တဲ့သူ၊ ဟုတ်လား။ သူတို့ပြောချင်တာကို ပြောနိုင်တယ်။ အစ်မရည်းစားနာမည်ခံနဲ့ နေ့တိုင်းသုံးနေပေမယ့် ဒီရည်းစားဆိုတဲ့ဆီက ဘာအကျိုးကျေးဇူးမှ မရဘူး။ ဒီကဖြုန်းတီးရာရောက်နေတာဘဲ ]
[ နင် ဘာလိုချင်လို့လဲ ]
[ စုံတွဲတွေကြားက လုပ်သင့်တဲ့အရာမျိုးတော့ ]
[ ဥပမာဘယ်လိုမျိုးလဲ ]
[ ဥပမာ…....ကျွန်တော့ခြေအိတ်တွေကို ကူလျှော်ပေးတာမျိုးပေါ့ ]
[ တခြားအခြေအနေကို ပြောင်းလို့ရမလား ]
[ ဒါဆို အစ်မရဲ့ 'ရည်းစား' ဆိုတာကိုရော ပြောင်းလို့ရမလား ]
[ကောင်းပြီလေ၊ လျှော်ပေးမယ်။]
[ ကျွန်တော့်မှ ခြေအိတ်အတွဲလိုက်တစ်ဒါဇင်လောက်ရှိတယ်။ သူတို့ကို သန့်ရှင်းပြောင်လတ်နေအောင် ဆေးပေးရမယ် ]
[ ဒီလောက်ဆိုးတဲ့ ခြေအိတ်တွေနဲ့ နင်ဘာလုပ်တာလဲ။ နှစ်သစ်ကူးအတွက် သိမ်းထားတာလား ]
[ အရင်တုန်းကတော့ ဆင်းရဲခဲ့တာဆိုတော့ လွင့်ပစ်ဖို့ မတတ်နိုင်တဲ့အပြင် ကိုယ်တိုင်လျှော်ရမှာလဲ ပျင်းတာကြောင့် ကံဆုံမယ့်သူအတွက် သိမ်းထားခဲ့တာ ]
[ ဒါဆို ငါက ကံဆုံတဲ့သူလား ]
[ ကျွန်တော်တို့ရဲ့ကံရေစက်က နည်းနည်းလေးမှမဟုတ်ဘဲ ]
[ ငါက နင့်ကိုကျေးဇူးတင်ရမယ်ပေါ့ ]
[ ရပါတယ် ၊ ရပါတယ် ]
.........................
ယဲ့ဖန်သည် နောက်တစ်နေ့နံနက်တွင် စောစော နိုးလာခဲ့သည်။
မနေ့က ဝယ်ထားတဲ့ ၀တ်စုံကို လဲဝတ်လိုက်သည်။
ဆံပင်ဖယောင်းလိမ်းခြင်းသည် သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုသို့လိမ်းထားခြင်းက ဆံပင်ကို ပိုမိုတောက်ပြောင်ပြီး စတိုင်ကျသွားစေသည်။
တစ်နာရီကျော်ကြာမှ ပြီးသွားခဲ့သည်။
ရေချိုးခန်းထဲက ထွက်လာတဲ့အခါ သူ့ပုံစံက အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသည့်ပုံစံဖြစ်နေသည်။
သူသည် အနက်ရောင်၀တ်စုံပြည့်ကို ၀တ်ဆင်ထားသောကြောင့် အရပ်ပိုရှည်သည့်ပုံပေါ်နေသည်။
ထို့အပြင် သူ၏လှုပ်ရှားမှုတိုင်းတွင် ပြေပြစ်သော ကိုယ်ရောင်ဝါလည်းရှိနေသည်။
အခုအချိန်မှာ ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်မယ်ဆိုလျှင်တောင် နို့သောက်နေဆဲအဆင့်ကျွမ်းကျင်မှုသာရှိတဲ့ လူငယ်လေးတွေဟာ အသက်ရှင်ဖို့ လမ်းစတောင်ရှိမည်မဟုတ်ဟု ယဲ့ဖန်ထင်သည်။
သို့ပေမဲ့ သူသည် သေချာပေါက် ထိုအလုပ်မျိုးကို လုပ်မည်မဟုတ်ပေ။
အခြားလူများအတွက် အသက်မွေးဝမ်းကြောင်းပြုရန် မလွယ်ကူတာကြောင့် သူ့လို ယောက်ျားတစ်ယောက်က အခြားလူတစ်ဦးအတွက် ခက်ခဲမည့်ကိစ္စကို အဘယ်ကြောင့် လုပ်ရမည်နည်း။
ဒီတစ်ခါမှာတော့ ယဲ့ဖန်သည် ဆရာကြီးရှာပြီး သင်ယူတော့မည်ဖြစ်သည်။
သူ၏အမိုက်စား စူပါကားနှစ်စီးကို မောင်းသွားပါက အရမ်းဟိတ်ဟန်ကြီးရာရောက်သွားလိမ့်မည်။
ထို့ကြောင့် အဆုံးမှာတော့ ယဲ့ဖန်သည် ပို၍တည်ငြိမ်ပြီး နှိမ့်ချသည့်ပုံပေါက်သော Mercedes-Benz ကို ရွေးချယ်ကာ မောင်းသွားသည်။
ရှုကျင်းရှင်းပေးပို့သော လိပ်စာအတိုင်း လိုက်ပြီး ထိုနေရာသို့ မောင်းသွားခဲ့သည်။
တစ်နာရီခန့်အကြာတွင် ခရီးဆုံးသို့ ရောက်ရှိလာသည်။
ကျန်းရှင်းခရိုင်အဝင်ဝမှာ Mercedes-Benzကို သူရပ်လိုက်တဲ့အခါ ယဲ့ဖန် အရမ်းကိုတုန်လှုပ်သွားပြီး ဘရိတ်နဲ့ လီဗာ မှားပြီး ရှေ့က တာဝန်ခန်းထဲကို ဝင်တိုက်မိမတတ်ဖြစ်သွားသည်။
ကျန်းရှင်းခရိုင်အဝင်ဝတွင် အစောင့်နှစ်ယောက်ရပ်နေသည်ကို ယဲ့ဖန်တွေ့လိုက်ရသည်။
နှစ်ယောက်လုံးက စစ်ယူနီဖောင်းဝတ်စုံတွေဝတ်ထားကြသည်။
ရိုင်ဖယ်သေနတ်တစ်လက်စီကိုလည်း ကိုင်ဆောင်ထားကြသေးသည်။
သူတို့သည် မလှုပ်မယှက်ရပ်နေသော ရုပ်တုနှစ်ရုပ်နှင့်တူနေပြီး လူတွေကို ထိတ်လန့်စေနိုင်သည်။
ဒါ ... သူ နေရာမှားသွားတာများလား?
အပိုင်း (၁၃၉)
ငှားထားတဲ့ဓားနဲ့ပြန်ချဖို့ ကြိုးစားနေတာလား။
ယဲ့ဖန် အနည်းငယ်အံ့သြသွားစဥ်မှာပဲ...
လက်နက်ကိုင် စစ်သား တစ်ယောက်က သူ့ဆီ လျှောက်လာနေပြီ။
" မင်္ဂလာပါ မင်းကဘယ်သူလဲ " ဟု ပြောပီးတဲ့နောက် စစ်သားက နိုးနိုးကြားကြားဖြင့် သူ့ကို အကဲခတ်လှမ်းကြည့်သည်။
" မင်္ဂလာပါ တစ်စုံတစ်ယောက်ကို ရှာဖို့ ရောက်လာတာပါ "
ယဲ့ဖန် က သူတို့ စည်းမျဥ်းစည်းကမ်းတွေအတိုင်း လုပ်နေတာမှန်းသိတာကြောင့် သူ့ရည်ရွယ်ချက်ကို ချက်ချင်းပြောပြသည်။
" တစ်စုံတစ်ယောက်ကို ရှာနေတာလား။
ဝင်ခွင့်အထောက်အထားရှိလား "
စစ်သားရဲ့ ညာလက်က သူ့သေနတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သေနတ်ကို အချိန်မရွေး ဆွဲထုတ်ဖို့ အသင့်ဖြစ်နေသည်။
" ဝင်ဖို့ လက်မှတ်လိုတာလား "
ယဲ့ဖန်က ခေါင်းကုတ်လိုက်သည်။
ရှုကျင်းရှင်းက ဒီအကြောင်းကို မပြောခဲ့ပေ။
ထို့ပြင် သူ့ဘဝမှာ ဒီလိုမြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
စစ်သားက ထိုစကားကိုကြားသည့်အခါ ယဲ့ဖန်သည် ဒီလိုအခြေအနေမျိုးနှင့် မရင်းနှီးကြောင်း သတိပြုမိသွားပုံရသည်။ ထိုစစ်သားက ချက်ချင်းသတိထားလိုက်ပြီး မေးသည်။
" ဘယ်သူကိုရှာနေတာလဲ။ တစ်ဖက်သူနဲ့ အရင်ဆက်သွယ်လိုက်လို့ရတယ် "
ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်သည့်အချိန်မှာဘဲ ရုတ်တရက် သူ့နောက်က အသံတစ်ခု ကြားလိုက်ရသည်။
" သူက မမလေးရှုနဲ့တွေ့ဖို့ ဒီကိုလာတာ။ သူ့ကို ဝင်ခွင့်ပြုလိုက် "
ယဲ့ဖန်လှည့်ကြည့်လိုက်တဲ့အခါ ဦးလေးလျုံက တံခါးဝမှာ ရပ်နေပြီး သူ့မျက်နှာမှ အပြုံးဖျော့ဖျော့ကို မြင်လိုက်ရသည်။
ဦးလေးလျုံ၏စကားကိုကြားပြီးနောက် စစ်သားသည် နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားကာ ယဲ့ဖန်ကို အလေးပြုလိုက်သည်။
ထို့နောက် ဘေးဖယ်ပြီး နဂိုနေရာသို့ ပြန်သွားခဲ့သည်။
ယဲ့ဖန်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် သူသည် ထိုစစ်သား၏ စိုက်ကြည့်ခြင်းကြောင့် အနည်းငယ်စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။
ဦးလေးလျုံလည်း အဲ့တာကို သတိထားမိပုံရသည်။
ဦးလေးလျုံက လမ်းလျှောက်လာပြီး သူက ယဲ့ဖန်ကို ပြုံးပြသည်။
" အပြင်ကနေ ကားတွေ ဝင်ခွင့်မပေးတာကြောင့် ဟိုနားကကားပါကင်မှာ ကားရပ်ခဲ့ပါ "
ယဲ့ဖန်က ပုံမှန်အတိုင်း တခြားဘာမှထပ်မပြောပေ။ ကားကို ညွှန်ပြသည့် ကားဂိုဒေါင်ထဲမှာ ချက်ချင်းသွားရပ်လိုက်သည်။
ထို့နောက် ဦးလေးလျုံနောက်လိုက်ပြီး အိမ်ထဲသို့ လိုက်သွားခဲ့သည်။
" ဦးလေးလျုံ၊ ဒီနေရာက ဘာလဲ။ ဒီနေရာက ကြောက်စရာကောင်းလွန်းတယ် ”
ယဲ့ဖန်သည် လျုံဝမ်းယွမ်အနားသို့ လျှောက်သွားပြီး စူးစမ်းလိုစိတ်ဖြင့်မေးသည်။
"ဒါက သခင်မလေးရှုရဲ့အိမ်"
ဦးလေးလျုံက လှည့်ကြည့်လိုက်ပြီး ယဲ့ဖန်ကို အကဲဖြတ်တဲ့အကြည့်ဖြင့်ကြည့်သည်။
" ဒါက ခေါင်းဆောင်ရဲ့ ခြံဝင်း၊ မဟုတ်လား။ မမလေးရှုရဲ့ မိသားစုက ဘာလုပ်လို့ ဒီလိုနေရာမျိုးမှာ နေနေတာလဲ "
ယဲ့ဖန်သည် ပို၍ပို၍ စူးစမ်းချင်စိတ်ဖြစ်လာသည်။
" မမလေးရှုရဲ့ မိသားစုက ဘာလုပ်လဲဆိုတာ မင်းတကယ်မသိဘူးလား "
ဦးလေးလျုံ၏ အကြည့်များသည် လူတစ်ဦး၏ နှလုံးသားကို ဖောက်ထွင်းနိုင်သကဲ့သို့ စူးရှနေသည်။
" သူမက ကျွန်တော့်ကို မပြောမှတော့ ဘယ်လိုလုပ်သိမှာလဲ "
ယဲ့ဖန်သည် သူခိုးရန်မှကာကွယ်ရန် အာရုံစိုက်ထားသလိုကြည့်နေသည့် သူ့အကြည့်ကြောင့် အတော်လေး မကျေမနပ်ဖြစ်သွားသည်။
" မင်းတကယ်မသိဘူးလား "
ဦးလေးလျုံ၏ မျက်လုံးများသည် သံသယများဖြင့် ပြည့်နှက်နေသည်။
" သူမရဲ့ပုံစံအစစ်ကိုသိလို့ မမလေးရှုကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နေခဲ့တယ်လို့ ဦးလေးထင်နေတာတော့ မဟုတ်ဘူးမလား "
ယဲ့ဖန်က ဒေါသတကြီးမေးလိုက်သည်။
" အဟွတ်၊ အဟွတ်၊ ငါ့ကို အပြစ်မတင်ပါနဲ့။ မမလေးရှုရဲ့ ထူးခြားတဲ့သရုပ်မှန်ကြောင့် လူအများစုက သူမကို ရည်ရွယ်ချက်ဆိုးနဲ့ ချဉ်းကပ်တတ်တာကြောင့် သူမကို ဂရုစိုက်ပေးဖို့လိုလို့ပါ "
ဦးလေးလျုံက ဘာမှ ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောပြသည်။
တကယ်တော့ သူက ယဲ့ဖန်ကို စမ်းသပ်ချင်တာကြောင့် ကွန်ဖူးကို သင်ပေးဖို့ သဘောတူခဲ့တာဖြစ်သည်။
သို့သော် ယဲ့ဖန်၏အမူအရာကိုကြည့်ရပုံအရ သူက ရှုကျင်းရှင်းရဲ့ သရုပ်မှန်အစစ်ကို အမှန်တကယ်သိပုံမပေါ်ပေ။
ဦးလေးလျုံသည် သူ့ဘဝတွင် မရေမတွက်နိုင်သော လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးပြီး သူ၏ထင်မြင်ချက်နှင့်ပတ်သက်၍ သူ မှားလေ့မရှိပေ။
သို့ပေမဲ့ ဒီတစ်ခါမှာတော့ သူ့ရဲ့ သံသယဖြစ်လွန်သွားပုံရသည်။
" ဦးလေးလျုံ၊ ဦလေးရဲ့ခွန်အားနဲ့ မမလေးရှုရဲ့စရိုက်ကို ကျွန်တော်လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ သံသယရှိနေရင်တော့ တောင်းပန်ပါတယ်လို့ပဲ ပြောနိုင်ပါတယ်။ သွားလိုက်ပါဦးမယ် "
ယဲ့ဖန်၏စကားများသည် ခိုင်မာအားကောင်းကာ ပြတ်သားနေသည်။
ပြောပြီးသည်နှင့် လှည့်၍ ပြန်သွားလေသည်။
သူ၏ လက်ရှိအင်အားဖြင့် ကျုံးဟိုင်မြို့တွင် သူမျက်နှာချိုသွေးရမည့်သူ မရှိပေ။
တစ်ဖက်လူက သူ့ကို သံသယရှိတာကြောင့် သူ ဒီမှာဆက်နေဖို့ မလိုအပ်ချေ။
ထိုအရာကိုမြင်တော့ ဦးလေးလျုံက သူ့ကို အမြန်ပြန်ဆွဲလိုက်သည်။
" ယဲ့လူကြီးမင်း၊ ဟုတ်ပါတယ်။ ဒီတစ်ခါမှာတော့ ဒီအဘိုးကြီးက တကယ်ပဲ အတွေးလွန်သွားမိပါတယ်။ ငါ မင်းကို တောင်းပန်ပြီး ယဲ့လူကြီးမင်းက ငါ့ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် "
ဦးလေးလျုံ၏စကားများသည် အလွန်ရိုးသားပြီး ရိုးသားစွာတောင်းပန်နေကြောင်း သိသာထင်ရှားသည်။
လူငယ်တစ်ဦးအား တောင်းပန်ရန် ကိုယ်ခံပညာတတ်မြောက်သူတစ်ဦးအတွက် ဒါက ယဲ့ဖန်ကို လုံလောက်တဲ့ မျက်နှာသာပေးခြင်းမျိုးဖြစ်သည်။
ယဲ့ဖန်သည် အညှိုးထားတတ်သောလူမဟုတ်ပေ။ သူချက်ချင်းနားလည်ပေးလိုက်သည်။
ထို့နောက် သူသည် ဦးလေးလျုံနောက်သို့ လိုက်သွားခဲ့သည်။
ဤရပ်ကွက် ပတ်ဝန်းကျင်သည် အလွန်သာယာပြီး နေရာတိုင်းတွင် စံအိမ်လုံးများရှိသည်။
ထို့အပြင် စံအိမ်လုံးအားလုံးတွင် ရိုးရာပုံစံ တံခါးများနှင့် ဝင်းခြံများရှိသည်။
ဦးလေးလျုံက ယဲ့ဖန်ကို အကောင်းဆုံးနေရာရှိတဲ့ ခြံဝင်းတစ်ခုဆီ ခေါ်သွားခဲ့သည်။ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။
ရှုသည် ခြံဝင်းအတွင်းရှိ စံအိမ်လုံးထဲတွင် စာအုပ်တစ်အုပ်ကို ဖတ်နေသည်။
သူ့ရှေ့က ကျောက်စားပွဲပေါ်တွင် ရှေးဟောင်းလက်ဖက်ရည်ခွက်တစ်ခုရှိသည်။
ဒီမြင်ကွင်းက အတော်ကို ပြီးပြည့်စုံအောင်လှပသည်။
ရိုက်ကူးမှတ်တမ်းတင်နိုင်ပါက ဓာတ်ပုံပြပွဲပင် ဖွင့်လို့ရလောက်သည်။
ယဲ့ဖန်က သတိပြန်ဝင်လာသည်။
" မမလေးရှု၊ မင်းက အရမ်းလွတ်လပ်ပြီး ကျက်သရေရှိတာဘဲ "
ရှုကျင်းရှင်းသည် သူမ၏စာအုပ်ကို ဖြည်းညှင်းစွာချကာ ပြုံးလိုက်သည်။
" ရှင်ရောက်ပြီလား "
ယဲ့ဖန်က သူ့ခေါင်းကို အံသြစွာ ကုတ်လိုက်သည်။
" မင်းဒီလိုနေရာမျိုးမှာနေတယ်ဆိုတာ သိခဲ့ရင်ဘယ်တော့မှလာမှာမဟုတ်ဘူး "
ရှုကျင်းရှင်းက ရယ်မောလိုက်သည်။
" ရှင်က သိပ်ကို ရဲတင်းတာမဟုတ်ဘူးလား "
ယဲ့ဖန်က 'သေနတ်' ပုံစံလက်ဟန်ပြသည်။
" ဘယ်လောက်ပဲ သတ္တိရှိရှိ ဒါကိုတော့ တစ်ခါမှ မမြင်ဖူးဘူး "
ရှုကျင်းရှင်းသည် စာအုပ်ကို ကောက်ကိုင်လိုက်ပြန်သည်။
" စိတ်မပူပါနဲ့၊ သူတို့က ဟန်ပြတွေချည်းဘဲ။ သူတို့သေနတ်မှာ ကျည်ဆံမရှိဘူး "
ယဲ့ဖန်က သံသယဖြစ်သွားသည်။
" တကယ်လား "
ရှုကျင်း၏ နူးညံ့သိမ်မွေ့သောမျက်နှာပေါ်တွင် ပါးနပ်သောအကြည့်တစ်ခုကပေါ်လာသည်။
" နောက်တစ်ခါကျ ရှင်သူတို့ကို ပြဿနာရှာပြီး ကြိုးစားလို့ရတယ် "
ယဲ့ဖန်သည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားရသည်။
" မင်းငါ့ကို ငှားထားတဲ့ဓားနဲ့ သတ်ချင်နေတာလို့ အတည်သံသယဖြစ်မိတယ် "
ရှုကျင်းရှင်းသည် ပြုံးတာကို မြန်မြန်ရပ်လိုက်သည်။
" ဦးလေးလျုံက ရှင့်ကို စောင့်နေတော့ ရှင် အခုသွားသင့်တယ် "
သူမက အိမ်မှာ နည်းနည်းတင်းတင်းကြပ်ကြပ်နေထိုင်တာကို ယဲ့ဖန်ပြောနိုင်သည်။
စကားနဲ့အညီ မျက်မှောင်ကြုတ်တာ ပြုံးတာတို့ကိုလုပ်သည်။
သူမက အပြင်မှာလို ပေါ့ပေါ့ပါးပါးနဲ့ အေးဆေးတည်ငြိမ်တဲ့ပုံစံမရှိပေ။
ယဲ့ဖန်က သူမကို စနောက်မနေတော့ဘဲ ဦးလေးလျုံသွားရာ ထောင့်တစ်နေရာသို့ လိုက်သွားခဲ့သည်။
" တကယ်တော့ ကိုယ်ခံပညာလေ့ကျင့်ဖို့ အကောင်းဆုံးအသက်အရွယ်က ခြောက်နှစ် ဒါမှမဟုတ် ခုနစ်နှစ်အရွယ်ဘဲ။ အဲဒီအချိန်မှာ မင်းရဲ့အမြစ်အရိုးက အပြည့်အဝ မဖွဲ့စည်းနိုင်သေးတော့ မင်းရဲ့ ပြောင်းလဲနိုင်စွမ်းက ကောင်းပြီး အဲ့ဒီအချိန်က မင်းရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ အကောင်းဆုံး အသက်အရွယ်ဘဲ "
ဦးလေးလျုံက သူ့လက်ကိုနောက်ကျောသို့ ပစ်ထားရင်း ရှင်းပြသည်။
" ဒါဆို အခုမှ သင်ယူဖို့ဆို နည်းနည်းနောက်ကျနေပြီ မဟုတ်လား ထ
ယဲ့ဖန် အနည်းငယ် စိတ်ပူသွားသည်။
" ဒါက ကိုယ်ခံပညာသင်ယူရာမှာ မင်းရဲ့ ရည်ရွယ်ချက်ပေါ် လည်း မူတည်လိမ့်မယ်။ ထိပ်တန်းပညာရှင်ဖြစ်ချင်ရင်တော့ အခွင့်အလမ်းက အလွန်နည်းသွားပြီ။ ဒါပေမယ့် ကြံ့ခိုင်နေဖို့သပ်သပ်ဘဲဆိုရင် ဘယ်အသက်အရွယ်မဆို နောက်ကျနေပြီဆိုတာမရှိဘူး "
ဦးလေးလျုံက ချက်ချင်း ဖြေပေးလိုက်သည်။
" အဲဒါဆိုကောင်းတယ်။ ကျွန်တော်ကခန္ဓာကိုယ်ကို သန်မာစေဖို့ဘဲလုပ်နေတာ "
ယဲ့ဖန်သည် သူ၏ရှင်းပြချက်ကိုကြားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
" မင်းမှာ ဒီလို စိတ်ဓာတ်တွေရှိတာ ကောင်းပါတယ်။ အခု မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးပြီး မင်းအတွက် ဘယ်လို ကိုယ်ခံပညာမျိုးကို သင်ယူဖို့ သင့်တော်လဲဆိုတာ ကြည့်မယ် "
ဦးလေးလျုံက ယဲ့ဖန်၏အောက်ပိုင်းကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
အပိုင်း (၁၄၀)
ဒီကလေးက တကယ့်ကို ကြောက်စရာကောင်းတဲ့တစ်ယောက်ဘဲ။
ယဲ့ဖန်ထိတ်လန့်သွားပြီး သူ့လက်ကောက်ဝတ်ကို အမြန်ဆွဲလိုက်သည်။
" အဲဒီနေရာကို စစ်ချင်သေးတာလား "
ဦးလေးလျုံက က သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
" ဘာလို့ အဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ "
ထို့နောက် ယဲ့ဖန်လက်ကို တွန်းဖယ်လိုက်ပြီး ပေါင်ကို ဆုပ်ကိုင်ကြည့်လိုက်သည်။
ထို့နောက် တစ်လက်မစီ ဖိချကြည့်နေတော့သည်။
ယဲ့ဖန်က စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
ကွန်ဖူးလေ့လာရန်အတွက် ထိုအစိတ်အပိုင်းကို စစ်ဆေးရမည်ဟု သူထင်ခဲ့သည်။
သူသင်ယူချင်ခဲ့တာက လိင်ကိစ္စမဟုတ်ဘဲ ကိုယ်ခံပညာပါ။
ဦးလေးလျုံက ခြေထောက်နဲ့အရိုးတွေကို စစ်ဆေးပြီးတဲ့အခါ ဦးလေးလျူံ၏ အေးတိအေးစက်အမူအရာက ချက်ချင်းပျောက်ကွယ်သွားသည်။
အဲဒီအမူအရာအစား ဖုံးကွယ်၍မရသည့် အံ့သြတဲ့အမူအရာကပေါ်လာခဲ့သည်။
ထိတ်လန့်အံ့ဩပြီးနောက်မှာတော့ ဦးလေးလျုံက မသေမချာဖြစ်နေသည်။ ထို့ကြောင့် သူက ယဲ့ဖန်ရဲ့ လက်မောင်းရိုးကို အမြန်ထပ်ပြီးစစ်ဆေးလိုက်သည်။
ထပ်ပြီးစစ်ဆေးပြီးတဲ့အခါ ဦးလေးလျုံ၏မျက်နှာပေါ်တွင် အမူအရာက ပိုပိုပြီး အံ့သြသွားတဲ့ပုံပေါ်လာသည်။
" ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ "
သူသည် သူ့ကိုယ်သူ ရေရွတ်နေပြီးနောက် ယဲ့ဖန်၏သွေးကြောတွေကို စတင်စစ်ဆေးပြန်တော့သည်။
အပေါ်အောက်၊ အတွင်းရော အပြင်ရော စစ်ဆေးပြီးတဲ့အခါ ဦးလေးလျုံ၏ မျက်နှာသည် အလွန်ကိုအံ့အားသင့်သွားတဲ့ အမူအရာတစ်ခုက ပီပီပြင်ပြင်ပေါ်လွင်လာတော့သည်။
"ငါ လျုံဝမ်းယွမ်ဟာ ဒီလိုသိုင်းပညာထက်မြက်တဲ့ခန္ဓာကိုယ်မျိုးကို တစ်သက်လုံး တွေ့နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး "
စာအုပ်ဖတ်နေတဲ့ ရှုကျင်းရှင်းက အသံတွေကိုကြားတော့ အံ့သြသွားပုံရကာ သူမ လှည့်ကြည့်လာသည်။
" ဦးလေးလျုံ၊ သူက ကိုယ်ခံပညာထူးချွန်တဲ့သူလို့ ပြောနေတာလား "
ဦးလေးလျုံသည် ကြက်သွန်ဖြူကိုထောင်းနေသလိုမျိုး တဆတ်ဆတ်ခေါင်းညိတ်သည်။ ထို့အပြင် သူ့အသံက တုန်နေသေးသည်။
" နှစ်တစ်ရာမှာ တစ်ကြိမ်ဘဲ မွေးဖွားတဲ့ ရှားပါး ကိုယ်ခံပညာပါရမီရှင်တစ်ဦး။ ရှာဖွေရင် မတွေ့ဘဲ ကြုံဆုံမှသာတွေ့နိုင်တဲ့ ရှားပါးသော ကိုယ်ခံပညာ ပါရမီရှင်တစ်ဦးဘဲ "
ယဲ့ဖန်က ထိုစကားကြောင့်သူ့ခြေချောင်းတွေကို ကုတ်လိုက်သည်။
" ဒါက ချဲ့ကားလွန်းမနေဘူးလား "
ဦးလေးလျုံက သူ့ပခုံးကို အမြန်ဆွဲလိုက်သည်။
" ငါ ချဲ့ကားပြောနေတာ လုံးဝမဟုတ်ဘူး။ မင်းက ပါရမီရှင်တစ်ယောက်ဆိုတာ မင်းသိလား "
" ဒါမှမဟုတ် တစ်နည်းပြောရရင် မင်းက ငါ့ဘဝမှာ မြင်ဖူးသမျှ ကိုယ်ခံပညာအတွက် အသင့်တော်ဆုံး အမြစ်အရိုးရှိတဲ့သူပဲ "
" ကိုယ်ခံပညာကို ဇွဲရှိရှိ လေ့ကျင့်မယ်ဆိုရင် အချိန်တန်တာနဲ့ မင်းက ကိုယ်ခံပညာရှင်ကြီးတစ်ယောက် ဖြစ်လာမှာ သေချာတယ် "
ယဲ့ဖန်သည် သူ့စကားကိုကြားတဲ့အခါ အသိစိတ်ကပ်ပြီး တည့်တည့်မတ်မတ်ရပ်လိုက်သည်။
သူက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်တဲ့လား။
" ဒါဆို ကျွန်တော့်လို ကိုယ်ခံပညာပါရမီရှင်တစ်ယောက် ပညာရှင်အဆင့်ဖြစ်လာဖို့ နှစ်ဘယ်လောက်ကြာမလဲ "
ဦးလေးလျုံက သူ့မေးစေ့ကို ထိပြီး ခဏလောက် စဉ်းစားလိုက်သည်။
" ကြိုးကြိုးစားစားလေ့ကျင့်ရင်တော့ အနှစ် ၅၀ ကနေ ၆၀ လောက်အတွင်းမှာ လုပ်နိုင်လိမ့်မယ် "
" ဖူး ............ "
ယဲ့ပညာရှင်ကြီး နေရာမှာဘဲ သေမတတ်ဖြစ်သွားသည်။
" ကျွန်တော့်ကို ပန်းတစ်ပွင့်လို ချီးမွှမ်းနေပြီးမှ တစ္ဆေကို တစ်ကောင်ကိုချော့မွေးဖို့လုပ်နေတာလား။ သိုင်းပညာ ပါရမီရှင်ကတောင်မှ ပညာရှင်အဆင့်ရောက်ဖို့ နှစ် ၅၀ကနေ ၆၀အထိ လိုအပ်နေမှာတော့ ကျွန်တော်က ဘယ်လို ပါရမီရှင်လဲ။ သေချာပေါက် မိုက်မဲတဲ့ ပါရမီရှင်ဘဲဖြစ်မယ် "
ဦးလေးလျုံသည် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။
" ဘယ်သူပြောလဲ။ လူအများစုက သူတို့တစ်ဘဝလုံး ကုန်ပြီး ကျင့်ကြံကြတာတောင် စစ်မှန်တဲ့ ကိုယ်ခံပညာအဆင့်ကို ဘယ်တော့မှ မရောက်နိုင်ကြဘူး "
" ကိုယ်ခံပညာရှင်အဆင့်ဆို ပိုပြီးတောင်ရှားသေးတယ်။ ကောင်းကင်ဘုံကို တက်ရသလိုဘဲ ခက်တယ် "
" မင်းတစ်သက်မှာ ပညာရှင်အဆင့်ဖြစ်လာနိုင်မယ်ဆိုရင် ဘယ်လောက်ကံကောင်းလိုက်မလဲ "
ယဲ့ဖန် အနည်းငယ် သံသယဖြစ်မိသည်။
" မဟာပညာရှင်ကြီးဖြစ်ဖို့က အဲ့လောက်ခက်နေတာလား "
" ဦးလေးလျုံ၊ ခင်ဗျား ပညာရှင်တစ်ယောက်မဟုတ်ဘူးလား။ ဦးလေးကရော ပါရမီရှင်ဘဲလား "
ဦးလေးလျုံက ကမ္ဘာပေါ်မှာရယ်စရာအကောင်းဆုံးဟာသကို ကြားလိုက်ရသလိုကြည့်လိုက်သည်။
" ငါက ဘယ်လို ပညာရှင်မျိုးမလို့လဲ "
" ငါ့ရဲ့ အလယ်အလတ်ကျွမ်းကျင်မှုမျိုးနဲ့ ငါက ပညာရှင်ကြီးတွေရဲ့ ဖိနပ်ကို ကိုင်ဖို့တောင် မထိုက်တန်ဘူး "
ယဲ့ဖန်သည် လုံးဝကိုအံ့အားသင့်သွားရသည်။
ဦးလေးလျုံသည် မနေ့က သူ၏ အင်အားကို ပြသခဲ့ပြီးလက်နက်ကိုင်ဆောင်ထားသည့်လူဆယ်ယောက်ကျော်ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တာတောင် သူက ဒဏ်ရာလုံးဝမရရှိခဲ့ပေ။
အဲ့ဒီလောက် ကြောက်စရာကောင်းသောခွန်အားကပင် အတော်ထိတ်လန့်စရာဖြစ်လေသည်။
ယဲ့ဖန်က တစ်ဖက်သူကို အနည်းဆုံးတော့ကျွမ်းကျင်သူဟုထင်ခဲ့သည်။
အခု တစ်ဖက်သူရဲ့စကားကိုကြားပြီးတဲ့အခါ သူ့ထက် အများကြီးအစွမ်းထက်တဲ့သူရှိသေးတာလား။
အဲဒါကဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးလဲ။
" ကောင်းပြီ၊ မင်း အခု အများကြီးစဉ်းစားလည်း အသုံးမဝင်ဘူး။ မိုးမျှော်တိုက်တွေလည်း မြေကြီးကနေတက်လာတာ။ မင်းအတွက် အရေးကြီးဆုံးက အခြေခံအုတ်မြစ်ကို တည်ဆောက်ရန်ဖို့ဘဲ။ ပြီးတော့ မင်းရဲ့ မူလအရိုးအမြစ်ကလည်း လုံလုံလောက်လောက်မကောင်းဘူး။ မင်းရဲ့နားလည်နိုင်စွမ်းကိုလည်း ငါမြင်နေရတယ် "
ဦးလေးလျုံက စကားပြောနေစဉ်တွင် သူ့အင်္ကျီကို ချွတ်လိုက်ပြီး သူ၏ နက်မှောင်သောကြွက်သားများကို ဖော်ထုတ်ပြလိုက်သည်။
အသက်ခုနစ်ဆယ်ကျော်အဘိုးကြီးတစ်ယောက်မှာ ဒီလိုသန်မာတဲ့ကြွက်သားတွေ ရှိတယ်ဆိုတာ စိတ်ကူးဖို့ပင် အတော်ခက်ခဲသည်။
" ငါ အခု လေသိုင်းလက်သီးကို လေ့ကျင့်ပြမယ်။ မင်း ဘယ်လောက်နားလည်နိုင်မလဲ ဆိုတာကို ကြည့်ရအောင် "
ပြောပြီးတာနှင့် ဦးလေးလျုံသည် သူ၏လှုပ်ရှားမှုများကို တစ်ခုပြီးတစ်ခု ပြသလိုက်သည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ရေငတ်သလို ခံစားရသည်။ အန်ကယ်လျုံ၏ လေ့ကျင့်မှုကို ကြည့်ရင်း စံအိမ်လုံးဆီသို့ လျှောက်သွားကာ ကျောက်စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး အကုန်သောက်လိုက်သည်။
ရှုကျင်းရှင်းက သူ့ကို တားချင်ပေမယ့် နောက်ကျသွားခဲ့သည်။
သူမသည် ထိုလက်ဖက်ရည်ခွက်ကို သောက်ထားတာကြောင့် ခွက်၏နှုတ်ခမ်းနားတွင် သူမ၏ နှုတ်ခမ်းနီအရာများ ရှိနေသည်။
ဒီလိုဆိုရင် သူတို့ နှစ်ယောက် ............
ထိုအကြောင်းကိုတွေးပြီး သူမက ချက်ချင်း ရှက်သွားသည်။
ကံကောင်းထောက်မစွာဖြင့် ယဲ့ဖန်က ဦးလေးလျုံ၏လက်သီးသိုင်းကို အပြည့်အဝအာရုံစိုက်နေခဲ့တာကြောင့် သူမရှက်သွားတာကို မတွေ့လိုက်ပေ။
ဆယ်မိနစ်ကြာပြီးတဲ့အခါ ဦးလေးလျုံသည် လှုပ်ရှားမှုတစ်ခုပြီးမြောက်ကာ ယဲ့ဖန်ကို ပြန်လှည့်ကြည့်လာသည်။
" အခု ကျွန်တော်ပြသွားတဲ့ လက်သီးကွက်တွေကို ပြန်လုပ်ပြပါ "
ယဲ့ဖန်သည် ခက်ခဲသော အနေအထားဖြစ်နေသည်။
" အရမ်းမြန်လွန်းတော့ အများကြီးမမှတ်မိတော့ဘူး "
ဦးလေးလျုံက ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။
" မင်းမှာ ကိုယ်ခံပညာမှာ အခြေခံအုတ်မြစ်မရှိသေးဘူး။ ပြီးတော့ လှုပ်ရှားမှုတိုင်းရဲ့ အခြေခံသဘောတရားတွေကိုလည်း နားမလည်ဘူး။ မမှတ်မိနိုင်တာက သာမာန်ပါပဲ။ မှတ်မိသလောက် လှုပ်ရှားမှုတွေကို ပြန်ပြကြည့်ပါ။ မင်းရဲ့နားလည်နိုင်စွမ်းကို ငါကြည့်ချင်တယ် "
ဦးလေးလျုံက ပြောပြီးတဲ့အခါ ယဲ့ဖန်သည် ရွေးချယ်စရာမရှိဘဲ လျှောက်လာသည်။
အန်ကယ်လျုံ အခုလေးတင် သရုပ်ပြခဲ့တဲ့ လှုပ်ရှားမှုတွေကို စိတ်ထဲမှ ပြန်သရုပ်ဖော်ပြီး အဲဒါတွေကို အတုယူလိုက်လုပ်လိုက်သည်။
ဦးလေးလျုံသည် ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ ကျောနောက်တွင် လက်နှစ်ဖက်လျက်ကာ ဘေးတွင်ရပ်နေသည်။
တကယ်တော့ သူဒီလိုပြုမူရခြင်းအကြောင်းရင်းက ယဲ့ဖန်ကို တမင်ခက်ခဲအောင် လုပ်ဖို့ ကြံရွယ်ထားတာကြောင့်ဖြစ်သည်။
တကယ်တော့ သူက လက်သီးထိုးနည်းကို သင်ပေးရင် ပထမအဆင့်မှာ ဒီလိုခက်ခဲတဲ့ လက်သီးထိုးနည်းကို ယဲ့ဖန်က သေချာပေါက် သင်ယူနိုင်မှာ မဟုတ်ပေ။
သို့သော် ယဲ့ဖန်ကဲ့သို့သော ပါရမီရှင်မျိုးက အလွန်ဂုဏ်ယူတတ်ကြသည်။
ထို့ကြောင့် ယဲ့ဖန်အတွက် ခက်ခဲသောအကွက်ကို ရည်ရွယ်ချက်ရှိရှိပြပြီး လက်သီးနည်းအကွက်ကိုသာ ပြသခဲ့သည်။
ယဲ့ဖန်ကောင်းကောင်းမစွမ်းဆောင်နိုင်လျှင် သူ့ကို ရိုက်နှက်ဖို့ အကြောင်းပြချက်ကောင်းရသွားမှာဖြစ်သည်။
ဦးလေးလျုံ၏ အကြံအစည်အတိုင်းဖြစ်တော့မယ့်အချိန်မှာဘဲ နောက်ဆက်ဖြစ်သွားတာက သူ့ကို အံ့သြသွားစေသည်။
ယဲ့ဖန်၏ ပထမဆုံးအကြိမ် လက်သီးသိုင်းဖြစ်တာကြောင့် အစပိုင်းမှာတော့ သူကရင်းနှီးကျွမ်းဝင်မှုမရှိဘဲ အတော်လေး ကိုးယိုးကားယားဖြစ်နေခဲ့သည်။
သို့ပေမဲ့ လှုပ်ရှားမှုတစ်ကွက်ပြီးတိုင်း နားလည်နိုင်စွမ်းကောက်းကာ တစ်ကွက်ချင်းကို အကွက်ကျကျလုပ်နိုင်လာပြီး ထိုးချက်တွေက ပြင်းထန်လာသည်။
သူ့ပုံစံကိုကြည့်ပြီး စံအိမ်လုံးထဲမှ ရှုကျင်းရှင်းက အံ့ဩစွာထွက်လာခဲ့သည်။
"ဦးလေးလျုံ၊ သူအရင်က လေလက်သီးသိုင်းကို သင်ခဲ့ဖူးတာလား "
ယဲ့ဖန်၏ လှုပ်ရှားမှုများသည် အတော်လေးစည်းစနစ်ကျတာကို သူမမြင်ပြီး ဒါက ယဲ့ဖန်၏ ပထမဆုံးအကြိမ်ဖြစ်မည်ဟု မထင်မိပေ။
" ဒါ…....ဒါကမဖြစ်နိုင်ဘူး။ သူ့မှာ ကိုယ်ခံပညာ နောက်ခံမရှိဘူးဆိုတာ သိသာပါတယ်။”
ဦးလေးလျုံလည်း အံ့ဩသွားသည်။
သူသည် ယဲ့ဖန်၏ခန္ဓာကိုယ်ကို အစောပိုင်းက စစ်ဆေးခဲ့သည့်အခါ ဘယ်သိုင်းပညာကိုမျှ မလေ့ကျင့်ခဲ့ဖူးကြောင်း သေချာလေသည်။
ဒါပေမယ့် ယဲ့ဖန်ရဲ့ လက်သီးထိုးချက်နည်းစနစ်တွေက အလွန်ကောင်းမွန်နေသည်။
ပုံမှန်အခြေအနေအရ အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လလောက်ပင် ကြိုးစားလေ့ကျင့်အားထုတ်မှုမရှိဘဲ ထိုကဲ့သို့အဆင့်ကို ရောက်ရန် မဖြစ်နိုင်ပေ။
ဒီကလေးက တကယ်ကို ကြောက်စရာကောင်းတဲ့တစ်ယောက်ဘဲ။