← Chapters

အပိုင်း ၁၄၁-၁၄၄

Vol. 8 Ch. 141-144

အပိုင်း ၁၄၁-၁၄၄

Vol. 8 Ch. 141-144

အပိုင်း (၁၄၁)

လေ့ကျင့်တာ ဘာများမှားသွားလို့လဲ။

ယဲ့ဖန်ကတော့ သူ့လေ့ကျင့်ရေးမှာဘဲ အာရုံနှစ်မြှုပ်နေတာကြောင့် ဘေးအပြင်ဘက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သတိမထားမိပေ။

ယဲ့ဖန်လှုပ်ရှားမှုအကွက်တစ်ခုလုံးပြီးတဲ့အခါမှ ဘေးကိုလှည့်ကြည့်လိုက်သည်။

ထိုအခါမှသာ ဦးလေးလျုံ နှင့် ရှုကျင်းရှင်းတို့နှစ်ယောက်စလုံးက သူ့ကို ကြည့်နေကြမှန်းကို သိပြီး အံသြသွားသည်။

" ဘာမှားလို့လဲ။ ကျွန်တော်အမှားလုပ်ခဲ့မိတာလား "

ယဲ့ဖန်က ကြောင်အအဖြင့်မေးလိုက်သည်။

" ဒါက ရှင်ပထမဆုံးအကြိမ်ကိုယ်ခံပညာသင်ဖူးတာ သေချာလား "

ရှုကျင်းရှင်းက အရင်ပြောလိုက်သည်။

" ဟုတ်တယ်၊ ဘာပြဿနာရှိလို့လဲ "

ယဲ့ဖန်ကက သူမ ဘာကိုဆိုလိုမှန်း မသိသော်လည်း ပြန်ဖြေလိုက်သည်။

" ဒီမတိုင်ခင်က မင်းကို ဒီအကွက်တွေမပြဖူးတာ သေချာလား "

ဦးလေးလျုံက မေးသည်။

" ဦးလေး ဘာကိုပြောတာလဲ။ ဦးလေးဘဲ ကျွန်တော့်ကို အခုလေးတင်သရုပ်ပြခဲ့တာ မဟုတ်လား "

ယဲ့ဖန် နားမလည်ဖြစ်နေပြီး နဖူးကြောတွေပါတွန့်လာတော့သည်။

" ငါဆိုလိုတာက ငါကလွဲလို့ မင်းကို တခြားဘယ်သူက ပြဖူးသေးလဲ "

ဦးလေးလျုံက သူ့စကားကို ယဲ့ဖန်နားမရှင်းဖြစ်သွားမှန်း သဘောပေါက်ပြီး ထပ်မေးလိုက်ပြန်သည်။

" ဦးလေးကလွဲပြီး တခြားဘယ်ကိုယ်ခံပညာ ကျွမ်းကျင်ရှင်ကိုမှ မသိဘူး "

ယဲ့ဖန်သည် ရိုးသားအပြစ်ကင်းသော အမူအရာဖြင့်ပြောသည်။

ဦးလေးလျုံသည် ထိုစကားကိုကြားသောအခါတွင် သူ့ဘက်မှ ဆက်ပြီးတုံ့ဆိုင်းမနေတော့ပေ။

ဘုတ်ခနဲမြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။

တစ်ချိန်တည်းမှာဘဲ သူက ယဲ့ဖန်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

" မင်း ငါ့ကို မင်းရဲ့ဆရာအဖြစ်ခံယူရမယ် "

" ကိုယ်ခံပညာနဲ့ပတ်သက်တဲ့ ငါသိသမျှကို အကုန်ကို ဘာမှထိန်ချန်မထားဘဲ အကုန်သင်ပေးဖို့ဆန္ဒရှိပါတယ် "

ယဲ့ဖန်အံ့သြသွားသည်။

ဦးလေးလျုံ သူ့ကို တပည့်အဖြစ် သတ်မှတ်ချင်တယ်ဆိုရင် သူ့ကို ဂါရဝပြုရမယ့်သူက ယဲ့ဖန်မဖြစ်သင့်ဘူးလား။

ဘာလို့ ပြောင်းပြန်ဖြစ်နေတာလဲ။

" ဦးလေးလျုံ၊ ခင်ဗျား ဘာလုပ်နေတာလဲ။ ကျွန်တော်က အရိုအသေပေးတဲ့သူဖြစ်ရမှာလေ "

ဦးလေးလျုံက ခေါင်းခါသည်။

" မင်းလို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ကို ငါ့တပည့်အဖြစ် ခံယူခွင့်ရတာ ငါ့ကံအတော်ကောင်းလို့ပါ "

" ပြီးတော့ ငါက မင်းကို တမင်အရိုအသေပေးတာ မဟုတ်ပေမဲ့ ဒါက ကောင်းကင်အလိုကျဘဲ "

" မင်းဆီက ထိပ်တန်းအရည်အချင်းတွေ ထွက်လာဖို့ မင်းကို ငါ့ဆီ ပို့ပေးလိုက်တာဘဲ။ ကောင်းကင်ဘုံက ငါလေးစားတာကို ခံထိုက်ကြပါပေတယ် "

ယဲ့ဖန်၏စိတ်ထဲတွင် ရုတ်တရက် သီချင်းတစ်ပုဒ်ပေါ်လာသည်။

{မင်းကို ဘယ်သူက ငါ့အနားကို ပို့လိုက်တာလဲ။ ဝိုင်းစက်တဲ့ လဝန်းကြီးကလား .........}

ဒီလူကြီးက တော်တော်ကဗျာဆန်တာဘဲ။

ယဲ့ဖန်သည်လည်း ဘာမှမတတ်နိုင်တော့ဘဲ ဦးလေးလျုံ အရိုအသေပေးတာကို လက်ခံလိုက်တော့သည်။

ထို့နောက် ရှုကျင်းရှင်းကိုသက်သေထားပြီး ယဲ့ဖန်သည် တစ်ဖက်သူကို ဆရာတင် ဦးညွှတ်ခဲ့သည်။

တကယ်တော့ သိုင်းလောကရဲ့စည်းမျဉ်းတွေအရ ဆရာတပည့်ခံယူပွဲအစဉ်အလာသည် အတော်လေးရှုပ်ထွေးလွန်းသည်။

အနည်းဆုံး ကိုယ်ခံပညာလောကမှ အထက်တန်းပညာရှင်အဆင့် ဆရာကြီးများကို သက်သေခေါ်လုပ်ရမှာဖြစ်သည်။

ထို့နောက် ရေချိုးသန့်စင်ခြင်း၊ နံ့သာတိုင်ထွန်းညှိပူဇော်ခြင်း၊ သွေးသစ္စာပြုခြင်းနှင့် ဆရာတပည့်ခံယူပွဲဖိတ်ကြားခြင်းတို့ကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။

သို့ပေမဲ့ လျုံဝမ်းယွမ်ကတော့ ထိုကဲ့သို့သောအရာတွေကို သိပ်ဂရုမထားဘဲ အရာအားလုံးကို ရိုးရှင်းစွာဘဲလုပ်သည်။

ယဲ့ဖန်သည် သူတို့ကို ရေနွေးကြမ်းရည်တစ်ခွက်နှင့် စီးကရက်သုံးလိပ်ကို ဆရာတပည့်ခံပွဲအနေဖြင့် ဧည့်ခံသည်။

အခမ်းအနားပြီးတဲ့အခါ လျုံဝမ်းယွမ်သည် ရှုကျင်းရှင်းဘက်ကိုလှည့်ပြီး မေးသည်။

" မမလေး၊ ရှောင်ဖန်ကို ကိုယ်ခံပညာလေ့ကျင့်သင်ကြားဖို့အတွက် ဒီကို ခဏခဏလာခိုင်းလို့ရမလား။ အကယ်၍ အဆင်မပြေရင် ကျွန်တော်တို့ တခြားနေရာကို ရှာလို့ရပါတယ် "

ရှုကျင်းရှင်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ဦးလေးလျုံ၊ ဘာလို့ ကျွန်မအပေါ် အဲ့လောက် ယဉ်ကျေးနေရတာလဲ။ ဦးလေးကို လူကြီးသူမတစ်ယောက်အနေနဲ့ ဆက်ဆံရမယ်လို့ အဖေက ကျွန်မနဲ့ အစ်ကိုကို့ တစ်ကြိမ်ထက်မက သင်ပေးထားပါတယ်။ ဦးလေးလျုံက ဒီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီမလို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချနိုင်ပါတယ် "

လျုံဝမ်းယွမ် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲခံစားလိုက်ရသည်။ ထို့နောက် သူက ယဲ့ဖန်ဘက်ကိုလှည့်ပြီး ပြောသည်။

" အနာဂတ်မှာ မင်း အရေးတကြီးလုပ်စရာတွေမရှိဘူးဆိုရင် ဒီကိုလာပြီး လေ့ကျင့်ရမယ်။ စိတ်ပျက်လက်လျှော့တာမျိုးလုပ်ရင် ငါ့ကို သနားညှာတာမပေးဘူးလို့ အပြစ်မတင်နဲ့ "

ယဲ့ဖန်လျင်မြန်စွာ ခေါင်းညိတ်သဘောတူလိုက်သည်။

ထို့နောက် လျုံဝမ်းယွမ်မှ ယဲ့ဖန်ကို ကိုယ်ခံပညာဆိုင်ရာ အခြေခံဗဟုသုတအချို့ကို ရှင်းပြပေးခဲ့သည်။

ထို့နောက် တစ်နေ့တာသင်ခန်းစာ ပြီးဆုံးသွားခဲ့တော့သည်။

ရှုကျင်းရှင်းနှင့် လျုံဝမ်းယွမ်တို့က ယဲ့ဖန်ကို တံခါးအပြင်ထိ ကိုယ်တိုင်လိုက်ပို့ခဲ့ကြသည်။

ယဲ့ဖန် အနာဂတ်မှာ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ပြုပေးရန် တံခါးဝရှိ စစ်သားကိုလည်း သူတို့က ညွှန်ကြားထားလိုက်ကြသည်။

............................

နောက်ရက်အနည်းငယ်တွင် ယဲ့ဖန်သည် ရှုမိသားစုဆီသွားတဲ့အခါ အတားအဆီးမရှိဘဲ သွားလို့ရခဲ့သည်။

သူ၏ရိုးသားမှုကို ပြသရန်အတွက် ထိုရပ်ကွက်ဆီသို့သွားတဲ့အခါ ကားမောင်းမသွားဘဲ ပြေးပြီးသာသွားသည်။

အသွားအပြန်ခရီးလမ်းကြောင်းသည် အနည်းဆုံး နှစ်နာရီမှ သုံးနာရီအထိ ကြာသည်။

သွားလာရေးအတွက် အချိန်အများကြီးယူရပေမယ့်လည်း ထိုသို့ပြေးခြင်းက သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်း ပိုမိုခိုင်မာလာစေခဲ့သည်။

လေသိုင်းသင်ယူမှုတွင်လည်း ယဲ့ဖန်၏တိုးတက်မှုနှုန်းသည် အံ့မခန်းပင်ဖြစ်သည်။

လျုံဝမ်းယွမ်ပင် သက်ပြင်းမချဘဲ မနေနိုင်ပေ။ တစ်နှစ်မပြည့်ခင်မှာဘဲ ဆရာသခင်ဖြစ်တဲ့သူက စုဆောင်းထားတဲ့ပညာတွေကို သူ့အဖိုးတန်တပည့်တော်လေးက အကုန်ရရှိသွားပေတော့မည်ဖြစ်သည်။

သို့ပေမဲ့ လျုံဝမ်းယွမ်က ပြုံးလျက်နှင့်ပင်တွေးလိုက်သည်။

အဲဒီနေ့ရောက်ဖို့ သူအမှန်တကယ်ပင် မျှော်လင့်နေမှန်း သိသာထင်ရှားပါသည်။

ဒီနေ့အတွက် ယဲ့ဖန်၏ လေ့ကျင့်သင်ကြားရေးပြီးဆုံးသွားပြီဖြစ်တာကြောင့် ကျုံးထျန်းကန်သာယာအိမ်ရာကို ပြန်ဖို့ပြင်ဆင်နေလေသည်။

ထိုအချိန်တွင် ရုတ်တရက် ရှန်းပိုင်ထျန်းထံမှ ဖုန်းဝင်လာသည်။

" ယဲ့ဖန်၊ ငါတို့မှာ အရေးပေါ်ကိစ္စရှိတယ် "

ဖုန်းချိတ်ဆက်မိသွားတာနဲ့ သူမဘက်မှ စကားပြောရန် ပင်မစောင့်နိုင်ပုံဖြစ်နေသည်။

" အခု ဘာဖြစ်ပြန်တာလဲ "

ယဲ့ဖန်သည် လမ်းဆုံတွင် လျှပ်စစ်စက်ဘီးကိုစီးကာ ရှေ့သို့ ဖြည်းဖြည်းချင်းမောင်းလိုက်သည်။

" အဲ့ဒီ မိုကုန်းက ငါ့ကို ထပ်ပြီးဖွင့်ပြောတော့မယ် "

ရှန်းပိုင်ထျန်း၏အသံမှာ အနည်းငယ်စိုးရိမ်ပုံပေါ်နေပါသည်။

" မိုကုန်းက ဘယ်သူလဲ။ နောက်ပြီးတော့ ဘာလို့....... "

ယဲ့ဖန် အနည်းငယ်စိတ်ရှုပ်သွားသည်။

ရှန်းပိုင်ထျန်း၏ လေသံမှာ အနည်းငယ်အားကိုးရာမဲ့ပုံပေါက်ပြီး စိတ်ပျက်သွားသည် ။

" နင့်ကို နောက်ဆုံးတစ်ခေါက်တုန်းက ငါ့ကို လိုက်ပိုးပန်းနေတယ်လို့ ပြောဖူးတဲ့သူလေ။ ဒီည သူက ငါ့ကို ဖွင့်ပြောတော့မှာ "

" အဲဒီမတိုင်ခင်ကလည်း သူက ငါ့ကို ဖွင့်ပြောမယ်ဆိုပြီး အကြိမ်ကြိမ်အရိပ်အမြွက်တွေပေးခဲ့ဖူးတယ် "

" ဒီတစ်ခါတော့ သူက လောင်းကြေးကြီးကြီးထပ်ပြီး လူသိရှင်ကြားဖွင့်ပြောဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ် "

" အိုး "

" ဘာလို့ 'အိုး' လို့ပြောနေသေးတာလဲ။ ငါတို့ အခုဘာလုပ်သင့်တယ်ထင်လဲ "

" သူက ရုပ်ချောလား "

" တော်တော်လေးတော့ချောတယ် ....... ဘာလို့မေးတာလဲ "

" သူ့မှာ ပိုက်ဆံရှိလား "

" သူက အရမ်းချမ်းသာတယ် "

" ဒါဆို သူ့ဦးနှောက်မှာ အပေါက်တစ်ခုရှိနေလို့လား။ သူကဘာလို့ အဲ့လောက်ခေါင်းမာနေရတာလဲ "

" ငါလည်း ဒီလိုပဲထင်တယ်။ ဒါပေမယ့် အဲ့တစ်ယောက်ကို ဝေဖန်ဖို့ မဟုတ်ဘဲ နည်းလမ်းတစ်ခု စဉ်းစားဖို့ အကူအညီတောင်းနေတာလေ "

" ကျွန်တော်က ဘာလုပ်ပေးရမလဲ။ သူ့ကို ပြန်ပေးဆွဲစေချင်တာလား "

" အဲ့ဒီအကြံကောင်းတယ်လို့ ငါထင်တယ် "

" အဲ့တာက အစ်မအတွက်ကောင်းပေမယ့် ကျွန်တော်က ထောင်ထမင်းစားရလိမ့်မယ်။ ဆီလေးတစ်စက်တောင်မပါတဲ့ဟာတွေစားရမှာ "

" ငါဂရုမစိုက်ဘူး။ ကျုံးဟိုင်တက္ကသိုလ်ကလူတိုင်းက နင်က ငါ့ရဲ့ 'ရည်းစား' ဆိုတာကိုသိတယ်။ အခု နင်ရဲ့ နာမည်ခံ 'ရည်းစား' ဖြစ်တဲ့ ငါ့ကို ကူညီရမယ်။ မဟုတ်ရင် နင့်ကို ဘာမှမကောင်းဘဲ အသုံးမကျတဲ့လူလို့ ထင်ကြလိမ့်မယ် "

" ဒါပေမယ့် အဲ့ဒီရည်းစားဆိုတာက အတုအယောင်လေ "

" ဒါဆိုရင် တခြားသူတွေက နင့်ကို ဘာမှအသုံးမကျဘဲ ရည်းစားတောင် အလုခံလိုက်ရတယ်လို့ ပြောဆိုကြမှာပေါ့။ အဲ့တာဆို တက္ကသိုလ်က လူတိုင်းက နင့်ကို အမြင်ပေါင်းစုံနဲ့ အထင်သေးကြမှာ ............ "

" ဟက် ......... အဲ့လိုပြောကြမယ်ဆိုရင် ကျွန်တော်က ဘယ်လိုအကြောင်းပြချက်တွေနဲ့ မင်းရဲ့ 'ရည်းစား' ဆိုတဲ့ဂုဏ်ပုဒ်မျိုး ဖြစ်လာခဲ့တာမလို့လဲ "

" ဒါဆို နင် ငါ့ကို ကူညီမှာလား၊ မကူညီဘူးလား "

" ကူညီမယ်၊ ဟုတ်ပြီလား။ ခဏနေ လာခေါ်မယ်။ ကျောင်းပေါက်မှာစောင့်နေ "

ယဲ့ဖန်လည်း မတတ်နိုင်တော့ဘဲ ကူညီဖို့ သဘောတူလိုက်သည်။

ဖုန်းချပြီးတာနဲ့ အိမ်သွားဖို့လမ်းမှလှည့်ပြီး ကျောင်းဘက်သို့မောင်းလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ယဲ့ဖန်လက်ရှိရောက်နေသောနေရာသည် ကျုံးဟိုင်တက္ကသိုလ်ဝန်းနှင့် မဝေးလှပေ။

လျှပ်စစ်စက်ဘီးဖြင့်ဆိုလျှင် နာရီဝက်လောက်သာစီးရသည်။

ယဲ့ဖန်သည် အဲ့လောက်မိုက်မဲတဲ့သူကို တွေ့ချင်နေသည်။

ရှန်းပိုင်ထျန်းက သူ့ရဲ့ 'ရည်းစား' ဖြစ်မှန်း အဲ့တစ်ယောက်ကသိတာတောင် သူမကို ပေါ်ပေါ်ထင်ထင် လိုက်ပြီး ပိုးပန်းရဲတယ်ပေါ့။

ဒီလုပ်ရပ်က ယဲ့ဖန်ကို အလေးအနက်မထားဘူးဆိုတာ ထင်ရှားစွာဖော်ပြနေသည်။

အဲ့တာကြောင့် ယဲ့ဖန်သည် တစ်ဖက်မှသူကို မျက်လုံးကျယ်ကျယ်ဖွင့်ပြီး ဒီကိုယ်ခံပညာရှင်ကြီးရဲ့ ကြမ်းတမ်းရက်စက်တဲ့ပြကွက်တွေကို ကောင်းကောင်းကြည့်နိုင်အောင် လုပ်ပေးတော့မှာဖြစ်သည်။

အပိုင်း (၁၄၂)

နောက်နေတာတဲ့လား။ ဒီလိုဟာသက ရယ်စရာကောင်းလို့လား။

" မင်းတို့ ကြားပြီးပြီလား။ မိုကုန်းက ရှန်းပိုင်ထျန်းကို ဒီနေ့ညကျ ဖွင့်ပြောမှာတဲ့ "

" တကယ်လား။ ရှန်းပိုင်ထျန်းက ယဲ့ဖန်ရဲ့ချစ်သူဆိုတာကို သူ မသိဘူးလား "

" မိုကုန်းရဲ့မိသားစုကလည်း အရမ်းချမ်းသာတယ်လို့ ကြားတယ်။ သူက ယဲ့ဖန်ကို ဂရုမစိုက်ဘူးထင်တယ် "

"ဒါဆို ရှန်းပိုင်ထျန်းကရော သဘောတူမယ်ထင်လား "

" ထင်တာဘဲ။ မိုကုန်းကလည်း ချောတဲ့အပြင် ချမ်းလည်းချမ်းသာတယ်လေ။ သူက ယဲ့ဖန်ထက် အဆတစ်ရာတောင် ပိုကောင်းသေးတယ်။ အရူးတောင်မှ ဘယ်သူ့ကိုရွေးသင့်လဲဆိုတာ သိတယ် "

" အဲ့ဒီ ယဲ့ဖန်ဆိုတဲ့တစ်ယောက်ကို မျက်စိထဲကန့်လန့်ဖြစ်နေတာအတော်ကြာပြီ။ သူ့မှာ ပိုက်ဆံလေးနည်းနည်းရှိလို့ ကျောင်းတောင်မတက်နိုင်တော့တဲ့အထိ မာနကြီးနေတာလေ။ တစ်ယောက်ယောက်က သူ့ကို သင်ခန်းစာပေးရမယ့်အချိန်ရောက်နေပြီ "

ကျုံးဟိုင်တက္ကသိုလ်။

ကျောင်းအပေါက်ဝတွင် မိန်းကလေးတချို့က ရှန်းပိုင်ထျန်းအကြောင်း အတင်းပြောနေကြသည်။

ထိုအချိန်တွင် သူမနောက်မှ ယောက်ျားတစ်ယောက်အသံက ရုတ်တရက်ထွက်လာသည်။

" ဘယ်သူက ငါ့ကို သင်ခန်းစာပေးမှာလဲ "

ကောင်မလေးတွေက လှည့်ကြည့်လိုက်သည်။

ထိုအခါ ယဲ့ဖန်က သူ၏လျှပ်စစ်စက်ဘီးကိုစီးလျက် ရပ်ပြီး ပြုံးပြုံးလေး ကြည့်နေသည်။

" ယဲ့ .... ယဲ့သခင်လေး။ ကျွန်မက စနောက်နေတာပါ "

အစောပိုင်းတွင် ယဲ့ဖန်ကိုမကြိုက်ကြောင်းပြောနေသောမိန်းကလေးသည် ချက်ချင်းပင် မျက်နှာဖြူဖျော့သွားကာ အသံတွေလည်းတုန်သွားသည်။

ယဲ့ဖန်သည် မထင်မှတ်ထားဘဲဟာ သူမအနောက်ကနေ ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

မဟုတ်ပါက သူမတွင် သတ္တိအဆတစ်ရာရှိရင်တောင်မှ တစ်ဖက်လူရဲ့ မကောင်းကြောင်းကို မပြောဝံ့ရဲချေ။

" နောက်နေတာတဲ့လား။ ဒီလိုဟာသက ရယ်စရာကောင်းလို့လား "

ယဲ့ဖန်၏ မျက်လုံးများက သူမကို စူးစိုက်ကြည့်နေခဲ့သည်။

" ယဲ့သခင်လေး၊ ကျွန်မ နောက်တစ်ခါ ထပ်မလုပ်တော့ဘူး။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ "

ယဲ့ဖန် မကောင်းကြောင်းပြောခဲ့တဲ့မိန်းကလေးက အနူးအညွတ်တောင်းပန်နေသည်။

ကျန်တဲ့မိန်းကလေးတွေကလည်း ကြောက်လန့်နေကြသည်။

" ငါ့ပုံစံကို မကြိုက်တဲ့ ဘယ်သူမဆို ငါ့ကို အချိန်မရွေးစိန်ခေါ်လို့ရတယ်လို့ပြောလိုက် "

ယဲ့ဖန်သည် စကားပြောပြီးသည့်အခါ ထိုအတင်းအဖျင်းပြောသော မိန်းကလေးများနှင့် ဆက်ပြီး မငြင်းခုံချင်တော့ပေ။

တိုက်ဆိုင်စွာဖြင့် ထိုအချိန်တွင် ရှန်းပိုင်ထျန်းသည် ကျောင်းဝင်းမှထွက်လာသည်။

ယဲ့ဖန်ကိုတွေ့ပြီးတဲ့နောက် သူမမျက်နှာပေါ်တွင် ချိုမြိန်သောအပြုံးတစ်ခု ချက်ချင်းပေါ်လာသည်။ သူမက လျင်မြန်စွာ ပြေးလာပြီး ယဲ့ဖန်လက်ကို သဘာဝကျကျတွဲလိုက်သည်။

" အချစ်၊ ရှင် ဒီကိုရောက်တာ စောလှချည်လား "

" ကိုယ့်ရည်းစားကို လာခေါ်မှတော့ စောစောလာရမှာပေါ့ "

ယဲ့ဖန်သည် အလွန်ပူးပေါင်းလုပ်ဆောင်တတ်သူဖြစ်ပြီး သူမ၏နှာခေါင်းလေးကိုပင် တို့လိုက်သေးသည်။

ရှန်းပိုင်ထျန်းက ရှက်ပြီး ကောင်မလေးတွေဘက်ကို လှည့်ကြည့်လိုက်သည်။

" ဘာဖြစ်လို့လဲ။ သူတို့က ရှင့်ကို စိတ်တိုအောင် လုပ်ကြတာလား "

ယဲ့ဖန်က ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။

" အဲ့လိုမဟုတ်ပါဘူး "

" မိုကုန်းက ကိုယ့်ထက် အဆတစ်ရာမက ပိုသာတော့ မင်းက ကိုယ့်ကိုစွန့်လွှတ်ပြီး သူ့ကို ရွေးချယ်မှာ သေချာတယ်လို့ဘဲ သူတို့က ပြောနေကြတာပါ "

ထိုစကားကိုကြားတော့ ရှန်းပိုင်ထျန်းမျက်နှာပေါ်ရှိ ချိုမြသောအပြုံးက ချက်ချင်းအေးစက်သွားတော့သည်။

သူမသည် ထိုမိန်းကလေးများကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

" မိုကုန်းက ယဲ့ဖန်ထက် ပိုကောင်းတယ်လို့ နင်တို့ဘယ်မျက်လုံးနဲ့ကြည့်ပြီး ပြောနိုင်တာလဲ။ သူက ယဲ့ဖန်ရဲ့ ဖိနပ်ကိုတောင်ကိုင်ဖို့မတန်တဲ့ မိဘလုပ်စာနဲ့ချမ်းသာနေတဲ့ ဒုတိယမျိုးဆက်သူဌေးပဲ "

ထိုမိန်းကလေးများသည် အလွန်နာခံရိုကျိုးနေကြပြီး သူမ ပြောတာကို ပြန်မပြောဝံ့ကြပေ။

" တော်ပါပြီ၊ ဘာလို့ သူတို့ကို စိတ်ထဲထားနေမှာလဲ။ သွားရအောင်၊ စက်ဘီးပေါ်တက်။ ကိုယ် မင်းကို တစ်ခုခုကောင်းတာသွားစားဖို့ ခေါ်သွားပေးမယ် "

ယဲ့ဖန်က လျှပ်စစ်စက်ဘီးနောက်ခုံကို ပွတ်လိုက်ပြီး ရှန်းပိုင်ထျန်းကို ပြောလိုက်သည်။

ရှန်းပိုင်ထျန်းသည် နောက်ခုံပေါ်သို့ ချက်ချင်းခုန်တက်လိုက်ပြီး ယဲ့ဖန်၏ခါးကို သဘာဝကျကျ ဖက်ထားလိုက်သည်။

" သွားကြစို့ "

" ဟုတ်ပြီ "

ယဲ့ဖန်သည် ချက်ချင်းပင် လျှပ်စစ်စက်ဘီးကို မောင်းနှင်ပြီးထွက်ခွာသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့ကျောင်းသားတိုင်းက အံ့ဩသွားကြသည်။ အားလုံး တုန်လှုပ်သွားကြတယ်။

ရှန်းပိုင်ထျန်းသည် မိုကုန်း၏ဖွင့်ပြောခြင်းကို လက်ခံမလားဟု ခန့်မှန်းနေခဲ့ကြပေမဲ့ အခု ယဲ့ဖန်နှင့်အတူတွဲတွေ့လိုက်တဲ့အခါ ခန့်မှန်းချက်တွေအားလုံး ချက်ချင်းကွယ်ပျောက်သွားရတော့သည်။

ရှန်းပိုင်ထျန်းသည် မိုကုန်းနှင့်စကားပြောရမည်ထက် ယဲ့ဖန်၏လျှပ်စစ်စက်ဘီးနောက်ခုံတွင်ထိုင်ရန် ပို၍နှစ်သက်လေသည်။

လိမ္မာပါးနပ်တဲ့သူတွေကတော့ ကိုယ့်နေရာကိုယ်သိပြီး အတွေးတွေကိုဆုတ်လိုက်ကြတော့သည်။

...............

ထိုအချိန် ကျုံးဟိုင်တက္ကသိုလ်၊ စီးပွားရေးစီမံခန့်ခွဲမှုဌာနစာသင်ခန်းတွင် မိုကုန်းသည် သူ့လက်ပါးစေတစ်ယောက်၏ အစီရင်ခံမှုကို နားထောင်ရင်း စားပွဲပေါ်တွင် ခြေဆန့်တင်ထားသည်။

ရှန်းပိုင်ထျန်းသည် ယဲ့ဖန်၏လျှပ်စစ်စက်ဘီးနောက်တွင် လိုက်သွားခဲ့သည့်အကြောင်းကို ကြားတဲ့အခါ မပြုံးဘဲမနေနိုင်ဖြစ်သွားခဲ့သည်။

" ယဲ့ဖန်လား။ စိတ်ဝင်စားစရာဘဲ "

အစီရင်ခံဖို့ ရောက်လာတဲ့ လက်ပါးစေက ထိုအပြုံးကိုမြင်ပြီး စိုးရိမ်စိတ်ဖြစ်လာခဲ့သည်။

" အစ်ကိုကြီးမို၊ ယဲ့ဖန်က ရန်စသင့်တဲ့သူတစ်ယောက် မဟုတ်ဘူး။ အခု အစ်ကိုကြီးက သူ့ကောင်မလေးကို လိုက်နေတာဆိုတော့ သူက အစ်ကိုကြီးကို ခွင့်မလွှတ်မှာကို စိုးရိမ်ရတယ် "

မိုကုန်း ရယ်လိုက်သည်။

" သူတို့က သရုပ်ဆောင်နေတာ။ ငါ စုံစမ်းထားသလောက် သူတို့က လုံးဝတွဲနေကြတာမဟုတ်ဘူး။ ယဲ့ဖန်က ရှန်းပိုင်ထျန်းရှာထားတဲ့ ဒိုင်းတစ်ခုသပ်သပ်ဘဲ "

မိုကုန်း၏ လက်အောက်ငယ်သားက ရုတ်တရက် သဘောပေါက်သွားသည်။

" ဟုတ်လား။ ဒါဆို သူတို့သရုပ်ဆောင်တာ တော်တော်ကောင်းတာဘဲ။ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ "

မိုကုန်းသည် လက်ကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

" နဂိုအစီအစဉ်အတိုင်းဘဲ ဆက်လုပ် "

" ဟုတ်ကဲ့ပါ "

.......................

ယဲ့ဖန်နှင့် ရှန်းပိုင်ထျန်းတို့သည် 'နှလုံးသားအချစ်' ဟုခေါ်သော အနောက်တိုင်းစားသောက်ဆိုင်သို့ သွားခဲ့ကြသည်။

ထိုစားသောက်ဆိုင်သည် အလွန်အဆင့်မြင့်ပြီး အဝင်ဝတွင် ဇိမ်ခံကားပေါင်းများစွာ ရပ်ထားကြသည်။

ယဲ့ဖန်၏လျှပ်စစ်စက်ဘီးကို ထိုနေရာတွင်ရပ်ထားပေမဲ့ တကယ်ကို ကွဲထွက်နေသည်။

သူတို့နှစ်ယောက် စားသောက်ဆိုင်ထဲကို လျှောက်ဝင်လာတဲ့အခါ စားသုံးနေတဲ့သူတော်တော်များများက သူတို့ကို ထူးဆန်းတဲ့အမူအရာဖြင့် လှည့်ကြည့်လာကြသည်။

ယဲ့ဖန်က လျှပ်စစ်စက်ဘီးစီးပြီးလာတာကို သူတို့မြင်ခဲဲ့ပြီးသားဖြစ်သည်။

နတ်သမီးလေးတမျှလှပတဲ့ ရှန်းပိုင်းထျန်းလိုမိန်းကလေးက ယဲ့ဖန်ကို ဘာမြင်ပြီးကြိုက်တာလဲဆိုတာ တွေးမရတော့ပေ။

သူ့ရဲ့ သာမာန်ဆန်ပြီး ယုံကြည်မှုအပြည့်ရှိတဲ့အသွင်အပြင်ကို သူမက စွဲလန်းသွားခဲ့တာများလား။

ယဲ့ဖန်ကတော့ သူတို့တွေကို လုံးဝဂရုမစိုက်ဘဲ ထိုင်ဖို့ ပြတင်းပေါက်နားမှ ထိုင်ခုံတစ်ခုရှာကာ ရှန်းပိုင်ထျန်းကိုဆွဲခေါ်သွားခဲ့သည်။

စားပွဲထိုးဆီမှ မီနူးကိုယူကာ ယဲ့ဖန်သည် အတော်ကြာကြည့်နေခဲ့ပြီး နောက်ဆုံးတွင် တီရာမိစုကိတ်ကို မှာခဲ့သည်။

စားသောက်ဆိုင်ထဲမှ စားသုံးနေသူတွေက ထိုမြင်ကွင်းကို မြင်ပြီးတဲ့နောက် သူ့ကို ပိုပြီးအထင်သေးရွံရှာသွားကြတော့သည်။

ဒီတစ်ယောက်က ဆင်းရဲတာ သိသာလွန်းသည်။ သူသည် မိန်းကလေးတစ်ယောက်ကို အဆင့်မြင့်အနောက်တိုင်းစားသောက်ဆိုင်ကို ခေါ်လာခဲ့ပြီး အချိုပွဲကိုသာမှာခဲ့သည်။

ဒါက အရမ်းကို ကပ်စေးနည်းလွန်းတာမဟုတ်ဘူးလား။

ထိုမိန်းကလေးကိုလည်း နားမလည်ပေ။ သူမက အဲ့ဒီတစ်ယောက်ရဲ့ချိုမြိန်တဲ့စကားကြောင့် လှည့်စားခံလိုက်ရများလား။

သူ့လိုလူမျိုးကို အရင်ကတည်းက အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့သင့်သည်။

မကြာခင်မှာဘဲ တီရာမိစုကိတ်ရောက်လာသည်။

ယဲ့ဖန်သည် ဓားတစ်ချောင်းကိုကောက်ကိုင်လိုက်ပြီး အပိုင်းပိုင်းဖြတ်ကာ ခက်ရင်းဖြင့်ထိုး၍ ရှန်းပိုင်ထျန်း၏ပါးစပ်နားဆီသို့ ကြင်နာစွာ ပို့လိုက်သည်။

ရှန်းပိုင်ထျန်းက အံ့အားသင့်သွားပြီး ပါးစပ်ကို မဖွင့်နိုင်ဘဲဖြစ်နေသည်။

" အပြင်မှာကြည့်နေတဲ့သူတစ်ယောက်ရှိတယ် "

ယဲ့ဖန်က တိုးတိုးလေးပြောကာ ချက်ချင်းရှင်းပြသည်။

ရှန်းပိုင်ထျန်းက မသိမသာဖြင့် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

သူမသည် ခိုးကြောင်ခိုးဝှက်ဖြင့်ခေါင်းငုံ့ကာ သူမတို့ဘက်ကိုကြည့်နေသော လူတစ်ယောက်ကို လှမ်းမြင်လိုက်သည် ။

မိုကုန်းက သူတို့နောက်လိုက်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ထားတာဖြစ်မည်။

သူမသည် ချက်ချင်းပင် ပါးစပ်ကို နာခံစွာဖွင့်ကာ ယဲ့ဖန် ခွံ့ကျွေးသောကိတ်မုန့်ကို စားလိုက်သည်။

ထို့နောက် သူမသည် ထိုပုံစံအတိုင်း ယဲ့ဖန်အတွက် သူမကတစ်လှည့် ကိတ်မုန့်လေးတစ်တုံးကို လှီးဖြတ်လိုက်ပြန်သည်။

ထိုပုံစံကိုမြင်တဲ့အခါ ယဲ့ဖန်ကလည်း ပါးစပ်ကိုဖွင့်ပြီး ချိုမြိန်တဲ့အမူအရာဖြင့် စားသည်။

သူတို့နှစ်ယောက်၏အပြုအမူတွေက ကဲသဲလွန်းလို့ ချိုမြိန်သည့်ဆယ်ကျော်သက်အချစ်တစ်ခုပုံစံဖြစ်နေသည်။

စားသောက်ဆိုင်ထဲရှိ ဧည့်သည်တွေက ခွေးစာလက်တစ်ဆုပ်စာ စားလိုက်ကြရတာကြောင့် တိတ်တိတ်ကလေးကျိန်ဆဲနေကြသည်။

" မင်းတို့ရဲ့ ချစ်ခြင်းမေတ္တာကို အဲ့လိုတွေပြနေရင် မင်းတို့ မြန်မြန်သေလိမ့်မယ် "

စားသောက်ဆိုင်အပြင်ဘက်မှ ခိုးကြောင်ခိုးဝှက်နဲ့တစ်ယောက်ကတော့ ထိုမြင်ကွင်းကို ချက်ချင်းပုံရိုက်ပြီး ပို့လိုက်သည်။

အပိုင်း (၁၄၃)

မင်းကို ဆန့်ကျင်တယ်ပြောရအောင် မင်းက တန်လို့လား။

မိုကုန်းသည် စားသောက်ဆိုင်သို့ သွားရန်ပြင်နေချိန်မှာဘဲ သူ၏လက်အောက်ငယ်သားထံမှ ဓာတ်ပုံကို လက်ခံရရှိလိုက်သည်။

" အစ်ကိုကြီး၊ ဒီနှစ်ယောက်က အရမ်းနီးကပ်တယ်။ ဟန်ဆောင်နေပုံမရဘူး "

သူ့ဘေးမှာထိုင်နေတဲ့လက်ပါးစေက ဓာတ်ပုံကိုမြင်တဲ့အခါ ချက်ချင်းပြောလိုက်သည်။

" ဟမ့်၊ အဲ့တာက သရုပ်ဆောင်နေတာဘဲ "

မိုကုန်းသည် အထင်သေးစွာ ရယ်မောလိုက်သည်။

သို့သော် သူ့လက်သီးများကတော့ သူ့အတွေးတွေကို သစ္စာဖောက်ပြီး တင်းကြပ်လာနေသည်။

ရှင်းလင်းစွာပင် သူက အနည်းငယ်ဒေါသထွက်နေပြီဖြစ်သည်။

ထိုအချိန်တွင် သူ့ဘေးမှလက်ပါးစေက အလိုက်မသိစွာဖြင့်မေးသည်။

" သူတို့နှစ်ယောက်က တကယ်ကြီးတွဲနေရင် ဘယ်လိုလုပ်မလဲ "

" သူတို့နှစ်ယောက် တကယ်တွဲနေရင်ရော ဘာလုပ်ရမှာလဲ။ ငါ မိုကုန်းဆိုတဲ့သူက ငါလိုချင်တဲ့ မိန်းမမှန်သမျှကို ရဖို့ ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးဘူး "

မိုကုန်း၏ချောမောသောမျက်နှာတွင် ရက်စက်သည့်အရိပ်အယောင်တွေပေါ်လာသည်။

လက်ပါးစေက ထိုပုံစံကိုမြင်ပြီး ချက်ချင်းတုန်လှုပ်သွားကာ ဘာမှ ထပ်မပြောရဲတော့ပေ။

......................

နှလုံးသားအချစ် စားသောက်ဆိုင်တွင် ယဲ့ဖန် နှင့် ရှန်းပိုင်ထျန်းတို့သည် သူတို့မှာထားသော တီရာမိစုကိတ်ကို အမြန်စားပြီးသွားခဲ့သည်။

" အရမ်းစားကောင်းတာဘဲ "

ရှန်းပိုင်ထျန်းသည် သူမ၏လျှာလေးကိုထုတ်ပြီး နှုတ်ခမ်းပေါ်မှ ခရင်မ်ကို သပ်လိုက်သည်။

ထိုအသွင်အပြင်ပုံက အလွန်ကိုဆွဲဆောင်မှုရှိနေသည်။

ထိုပုံစံကိုမြင်တော့ ယဲ့ဖန်၏နှလုံးခုန်သံစည်းတစ်ချက်ကျော်သွားပြီး အဝေးသို့ အမြန်အကြည့်လွှဲလိုက်သည်။

" နောက်ထပ်စားချင်သေးလား "

" နှစ်ပွဲ "

ရှန်းပိုင်ထျန်းသည် သူမ၏သွယ်လျသောလက်နှစ်ချောင်းကို ဆန့်ထုတ်ပြလိုက်သည်။

ယဲ့ဖန်က ခါးသီးသောအပြုံးဖြင့် ခေါင်းကိုယမ်းလိုက်သည်။ သူ့မှာ ရွေးစရာမရှိဘဲ စားပွဲထိုးကို နောက်ထပ် နှစ်ပွဲချပေးဖို့ ပြောလိုက်သည်။

" အရင်စားနှင့် အိမ်သာခဏသွားလိုက်ဦးမယ် "

ထိုသို့ပြောပြီးနောက် ယဲ့ဖန် ထရပ်ကာ သန့်စင်ခန်းဆီသို့ လျှောက်သွားလိုက်သည်။

သန့်စင်ခန်းထဲသို့ဝင်သွားပြီး သိပ်မကြာခင်တွင် ဇိမ်ခံကား Bentley တစ်စီးသည် စားသောက်ဆိုင်ရှေ့တွင် ဖြည်းညှင်းစွာမောင်းလာပြီး ရပ်တန့်သွားသည်။

Bentley ကားရောက်ရှိလာသည်နှင့် စားသောက်ဆိုင်ရှိ စားသောက်သူအားလုံး၏အာရုံစိုက်မှုက ထိုသို့ချက်ချင်းရောက်သွားခဲ့သည်။

ဒီအနောက်တိုင်းစားသောက်ဆိုင်သည် အလွန်အဆင့်မြင့်သောဆိုင်တစ်ခုဖြစ်သော်လည်း ဤကဲ့သို့အဆင့်ရှိ ဇိမ်ခံကားတစ်စီးကို တွေ့ရခဲသည်။

Bentley ကားရပ်ပြီးနောက် လက်ပါးစေတစ်ဦးသည် ကားထဲမှ အမြန်ထွက်ကာ တစ်ဖက်သို့သွားပြီး တံခါးကို တရိုတသေဖွင့်ပေးလိုက်သည်။

ထို့နောက် အရပ်မြင့်မြင်နှင့်ချောမောသောအမျိုးသားတစ်ဦးက ကားပေါ်မှ ဖြည်းညင်းစွာဆင်းလာသည်။

ထိုလူချောလူ၏လက်ထဲတွင် နှင်းဆီအပြာတစ်စည်းလည်းရှိသည်။

ချောမောလှပတဲ့ယောက်ျား၊ ပန်းပွင့်တွေနှင့် ဇိမ်ခံကားတွေသည် ဘယ်မိန်းကလေးမှ မခုခံနိုင်သော လက်နက်သုံးခုဖြစ်သည်။

တစ်ချိန်တည်းမှာ သုံးခုကို တစ်စုတစ်စည်းအဖြစ် ပေါင်းစပ်လိုက်ခြင်း၏ သက်ရောက်မှုက အလွန်ပြင်းထန်လေသည်။

စားသောက်ဆိုင်ထဲရှိ အမျိုးသမီးအားလုံး၏မျက်လုံးထဲတွင် မက်မောခြင်းတို့ပြည့်နှက်နေသည်။

သူသည် မိန်းကလေးတိုင်း၏ နှလုံးသားထဲမှ စွဲမက်စရာကောင်းသော မင်းသားလေးဖြစ်သည်။

သူကတော့ မိုကုန်းဖြစ်သည်။

မိုကုန်းသည် ပန်းစည်းကြီးကိုကိုင်ကာ စားသောက်ခန်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည်။

ထို့နောက် ဘေးကိုလုံးဝမကြည့်ဘဲ ရှန်းပိုင်ထျန်းဆီသို့သာ တည့်တည့် လျှောက်သွားသည်။

" ပိုင်ထျန်း၊ ဒီနေ့က ကိုယ်တို့ တစ်ယောက်ကို တစ်ယောက် သိတာ သုံးရက်မြောက်တဲ့နေ့ဘဲ "

" အချိန်တိုလေးဆိုပေမယ့်လည်း ကိုယ်က မင်းကိုပထမဆုံးစတွေ့ကတည်းက မြင်မြင်ချင်းချစ်မိသွားတာ "

" ဒီပန်းစည်းမှာ ကိုယ်ဂရုတစိုက်ရွေးထားတဲ့ နှင်းဆီအပြာ ၉၉ ပွင့်ပါတယ်။ မင်းအပေါ်ထားတဲ့ ကိုယ်ခံစားချက်တွေက အချိန်အကြာကြီး ဖြစ်တည်နေလိမ့်မယ်လို့ အဓိပ္ပာယ်ရတယ်။ မင်း ကိုယ့်ကောင်မလေးဖြစ်ပေးနိုင်မလား "

မိုကုန်း၏ဖွင့်ပြောချက်ကိုကြားတဲ့အခါ စားသောက်ဆိုင်တစ်ခုလုံးက ချက်ချင်း ဝမ်းသာအားရဖြစ်ပြီး အားပေးခဲ့ကြသည်။

" သဘောတူလိုက်ပါ "

" သဘောတူလိုက်ပါ "

" သဘောတူလိုက်ပါ ........... "

သူတို့နှစ်ယောက်အတူရပ်နေချိန်တွင် သူတို့ပုံစံက ပြီးပြည့်စုံပြီး လိုက်ဖက်ညီတဲ့စုံတွဲတစ်တွဲကဲ့သို့ထင်ရသည်။

သူက ခုနတုန်းကဆင်းရဲတဲ့တစ်ယောက်ထက် အများကြီး ပိုလိုက်ဖက်သည်။

ထို့ကြောင့် လူတိုင်းက သူတို့ ကောင်းချီးပေးဖို့ကို မတွန့်တိုကြပေ။

သို့ပေမဲ့ ရှန်းပိုင်ထျန်းကတော့ ဘေးပတ်ဝန်းကျင်က အားပေးနေတဲ့မြင်ကွင်းကြောင့် စိတ်ထဲ ထူးခြားသွားတာမျိုးမရှိပေ။ သူမက အေးစက်သောအပြုံးဖြင့်သာ မိုကုန်းကို ကြည့်လိုက်သည်။

" ရှင် ကျွန်မကို သုံးရက်လောက်သိပြီးတာနဲ့ ရှင့်ရည်းစားဖြစ်စေချင်တာပေါ့၊ ဟုတ်လား။ ရှင်က တကယ့်ကို ပေါ့ပျက်ပျက်နိုင်တာဘဲ "

မိုကုန်းက အလျင်အမြန်ရှင်းပြသည်။

" ခံစားချက်တွေကို အချိန်နဲ့တိုင်းတာလို့ မရပါဘူး။ ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် သိတာ မကြာပေမယ့် မင်းအပေါ်ထားတဲ့ ကိုယ့်ခံစားချက်တွေက တကယ်စစ်မှန်ပါတယ်။ ကိုယ် ကောင်းကင်ဘုံကို ကျိန်ဆိုကျိန်နိုင်တယ် "

ရှန်းပိုင်ထျန်းက ဖြည်းဖြည်းချင်းထရပ်လိုက်သည်။

" မလိုပါဘူး။ ရှင့်ရဲ့ခံစားချက်တွေက အစစ်လား၊ အတုလားဆိုတာကို ကျွန်မဂရုမစိုက်ဘူး။ ပြီးတော့ ရှင့်ကိုကျွန်မ အရင်ကတည်းက ပြောဖူးပါတယ်။ ကျွန်မမှာရည်းစားရှိပြီးသား "

မိုကုန်းက ရယ်မောလိုက်သည်။

" မင်း ယဲ့ဖန်အကြောင်းကိုပြောနေတာလား။ အကုန်လုံးကို ပတ်မေးပြီးပြီ။ သူက မင်းရဲ့ရည်းစား လုံးဝမဟုတ်ဘူး "

ရှန်းပိုင်ထျန်း၏လှပသောမျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်ပေါ်လာသည်။

" ရှင် ကျွန်မအကြောင်းကို စုံစမ်းနေတာလား "

မိုကုန်းက သူမကို ကြင်နာမှုအပြည့်နဲ့ကြည့်ပြီး ပြောသည်။

" ကိုယ်က မင်းကိုအရမ်းကြိုက်တယ်လေ။ အဲ့တော့ မင်းအကြောင်းကို ပိုသိချင်လို့ပါ "

ရှန်းပိုင်ထျန်းသည် အေးစက်စွာ ဟွန်းခနဲလုပ်လိုက်သည်။

" ယဲ့ဖန်က ကျွန်မရည်းစားမဟုတ်ဘူးဆိုရင်တောင် ရှင်ဖွင့်ပြောတာကို ကျွန်မလက်ခံမှာမဟုတ်ဘူး။ ရှင် လက်လွှတ်လိုက်သင့်တယ် "

ပြောပြီးသည်နှင့် သူမ ထွက်လာခဲ့သည်။

မိုကုန်းက သူမလမ်းကို အမြန်ပိတ်လိုက်သည်။

" ပိုင်ထျန်း၊ ကိုယ်က မင်းအပေါ်စစ်မှန်တယ်ဆိုတာကို မင်းယုံကြည်လာအောင် ကိုယ်ဘာလုပ်ပေးရမလဲ။ မင်းမြင်အောင် ကိုယ့်နှလုံးသားကို ခွဲထုတ်ပေးစေချင်တာလား "

ရှန်းပိုင်ထျန်းက သူ့ကို အေးစက်စွာပင် ကြည့်နေသည်။

" ရတယ်၊ ခွဲထုတ်လိုက်လေ။ ရှင် အဲ့လိုခွဲထုတ်ပြပြီးရင် ရှင်ပြောတာ စစ်မှန်တယ်လို့ ကျွန်မယုံလိုက်မယ် "

မိုကုန်းသည် ချက်ချင်းပင် စကားမပြောနိုင်ဖြစ်သွားသည်။ သူ ဘယ်လို စကားဆက်ရမလဲ မသိဖြစ်နေသည်။

ထိုအချိန်တွင် ယဲ့ဖန်က သူ့အနောက်မှ ရုတ်တရက် ပေါ်လာသည်။

" သူမက မင်းကို ငြင်းလိုက်ပြီးတာတောင် မင်းက ခွေးအရေခွံလို လိုက်ကပ်တွယ်နေတုန်းဘဲ။ အရင်က အရှက်မရှိတဲ့လူတွေကို ငါမြင်ဖူးပေမယ့် မင်းလောက်အရှက်မရှိတဲ့လူကို ငါမမြင်ဖူးဘူး "

မိုကုန်းက လှည့်ကြည့်ပြီး သူ့ကို အေးစက်စွာကြည့်လိုက်သည် ။

" ဒါက ငါနဲ့ ပိုင်ထျန်းကြားကကိစ္စ။ မင်းနဲ့ ဘာဆိုင်လဲ "

ယဲ့ဖန်သည် သူ့လက်ပေါ်မှ ရေစက်များကို ခါလိုက်သည်။

" ဟုတ်တယ်၊ မင်းက ငါနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် သူမကတော့ ငါနဲ့ ပတ်သက်တာတွေ ရှိတယ် "

ယဲ့ဖန်က စကားပြောရင်း စားပွဲပေါ်မှ အလှဆင်ထားသော ပလပ်စတစ်ပန်းတွေကို ကောက်ကိုင်လိုက်သည်။

ထို့နောက် ရှန်းပိုင်ထျန်း ရှေ့သို့ အချစ်အပြည့်ပုံစံဖြင့်လျှောက်လာခဲ့သည်။

" အချစ်လေး၊ ဒီနေ့က ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက်သိတာ ၄၅ ရက်၊ ၁၉ နာရီ၊ ၂၃ မိနစ် ရှိပြီ။ မင်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ မိနစ်နဲ့ စက္ကန့်တိုင်းက အချိန်အကြာကြီးလို့ ခံစားရတယ်။ မင်း ကိုယ်နဲ့ ထာဝရအတူရှိနေဖို့ ဆန္ဒရှိရဲ့လား "

စားသောက်ဆိုင်ရှိလူတိုင်း မျက်လုံးဝေ့လိုက်ကြသည်။

သူက သူမကို နှင်းဆီအပြာတစ်စည်းပေးခဲ့ပေမယ့် သူကတော့ သူမကို ပလတ်စတစ်ပန်းတွေ ပေးတာတဲ့လား။

ပြီးတော့ ဒီပလတ်စတစ်ပန်းပွင့်တွေက အရမ်းရင်းနှီးနေတယ်လို့ မထင်ရဘူးလား။

စားသောက်ဆိုင်တိုင်းတွင်ရှိသည့် အလှဆင်ပန်းများ နှင့် တစ်ပုံစံတည်းဖြစ်သည်။

ရှန်းပိုင်ထျန်သည် ယဲ့ဖန်ကို ကြောင်အအဖြင့် ကြည့်နေသည်။

သူ့မျက်လုံးများသည် လေးနက်သောချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေပုံပေါ်နေသည်။

အစစ်လား၊ အတုလားဆိုတာ သူမ မပြောနိုင်ပေ။

" မင်း ဆန္ဒရှိရဲ့လား "

ယဲ့ဖန်သည် သူမ ကြောင်အသွားသည်ကို မြင်လိုက်ရ၍ သူမကို ထပ်ပြီးသတိပေးလိုက်ရသည်။

" ကျွန်မ ......... ကျွန်မဆန္ဒရှိပါတယ် "

ရှန်းပိုင်ထျန်းသည် စျေးပေါသောပလတ်စတစ်ပန်းတွေကို အမြန်ယူလိုက်ပြီး သူမ၏မျက်နှာမှာလည်း အတော်လေးကျေးဇူးတင်နေသည့်ပုံပေါ်သည်။

လူတိုင်းက ခေါင်းယမ်းပြီးသက်ပြင်းချကြသည်။

ဒါဟာ အချစ်စစ်ဘဲ။

သူမက အဲ့လောက် ချောမောပြီးချမ်းသာတဲ့ သူဌေးကို စွန့်လွှတ်ခဲ့သည်။

လျှပ်စစ်စက်ဘီးစီးတဲ့ဆင်းရဲသားတစ်ယောက်ကို ဘာလို့ ရွေးချယ်တာလဲ။

ဖြောင်း၊ ဖြောင်း၊ ဖြောင်း ......

ဘယ်သူကစတီးလိုက်လဲဆိုတာ ဘယ်သူမှမသိပေမယ့် စားသောက်ဆိုင်ထဲက စားသုံးသူတွေက လက်ခုပ်ဩဘာပေးကြသည်။

သူတို့နှစ်ဦးအတွက် ကောင်းချီးတစ်ခုလည်း ဖြစ်သည်။

မိုကုန်းသည် သူတို့နှစ်ယောက် ဘယ်လောက်ချိုမြိန်နေလဲဆိုတာကို မြင်လိုက်ရပြီး သူ့စိတ်ထဲတွင် ဒေါသများ တိုးပွားလာသည်။ သူက နှင်းဆီအပြာရောင်ပန်းစည်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

" ယဲ့ဖန်၊ မင်းငါ့ကို ဆန့်ကျင်ချင်တာ သေချာလား"

သူ့အသံသည် ခြိမ်းခြောက်သည့်အသံအနေအထားဖြစ်နေသည်။

ယဲ့ဖန်က သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။

" မင်းကို ဆန့်ကျင်ရမှာလား။ မင်းနဲ့တောင် တန်လို့လား "

ယဲ့ဖန်ပြောပြီးသည်နှင့် ရှန်းပိုင်ထျန်း၏ သွယ်လျသောခါးကိုကိုင်ကာ လျှောက်ထွက်သွားသည်။

ခြေလှမ်း နှစ်လှမ်းလောက်သာ လှမ်းပြီးတဲ့နောက် စားသောက်ဆိုင်ထဲမှ အမျိုးသမီးဧည့်သည်တစ်ဦး၏အော်သံကို ကြားလိုက်ရသည်။

" အား ....... "

ယဲ့ဖန်လှည့်ကြည့်သည်။

အရှက်ကွဲတာကြောင့် ဒေါသပေါက်ကွဲထွက်ပြီး မိုကုန်းက သစ်သားကုလားထိုင်တစ်ခုကို ဆွဲယူကာ ယဲ့ဖန်ခေါင်းကိုရိုက်ရန် ပြေးလာသည်။

ဝှီး

အပိုင်း (၁၄၄)

အပိုကြေးပေးရမယ်။

" ယဲ့ဖန်၊ သတိထား "

ရှန်းပိုင်ထျန်းလည်း လန့်သွားပြီး အော်လိုက်သည်။

သူမသည် သူမ၏ကိုယ်ပိုင် ဘေးကင်းရေးကို ဂရုမစိုက်ဘဲ သတိလက်လွတ်ဖြင့် ယဲ့ဖန်ရှေ့မှာ ချက်ချင်းရပ်လိုက်သည်။

ယဲ့ဖန်သည် စနစ်၏ အဆင့်မြှင့်မှုပြီးခဲ့ပြီး ဒီရက်အနည်းငယ်အတွင်း ပြင်းထန်သောလေ့ကျင့်မှုထားသည်။

သူ့ရဲ့တုံ့ပြန်မှုအရှိန်နှုန်းက ဘယ်လောက်မြန်သလဲ။

သူက ရှန်းပိုင်ထျန်းကို အရင်ဆုံးဆွဲထုတ်လိုက်တယ်။

ထို့နောက် ခုံကို တံတောင်ဆစ်ဖြင့် ရိုက်ဖယ်သည်။

ဖောင်း ဖြောင်း ......…

သစ်သားကုလားထိုင်ကို သူ့တံတောင်ဆစ်ကနေ ချက်ချင်း တွန်းဖယ်ပစ်လိုက်ရာ မိုကုန်းအနောက်က သူ့၏လက်ပါးစေတွေဆီ လွင့်ထွက်သွားသည်။

တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်၏ ညာဖက်ခြေထောက်က အပေါ်သို့ မြောက်တက်လာကာ မိုကုန်း၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာကျရောက်သွားသည်။

ဖောင်း ..........

သဲအိတ်ကဲ့သို့ပင် မိုကုန်း၏ ခန္ဓာကိုယ်က တစ်မီတာကျော်အကွာသို့ ပျံတက်သွားခဲ့သည်။

ထို့နောက် ကြမ်းပြင်ပေါ်သို့လဲကျသွားကာ အချိန်အကြာကြီးမထလာနိုင်တော့ပေ။

ယဲ့ဖန်လှည့်ပြီးထွက်ခါနီး မိုကုန်းက ရှက်ပြီးဒေါသထွက်ကာ ကုလားထိုင်တစ်လုံးကိုဆွဲလိုက်ပြီး ယဲ့ဖန်ကို ပစ်ချလိုက်သည်အထိ မြင်ကွင်းအားလုံးက ရုတ်တရက်ဆန်ဆန်ဖြစ်သွားခဲ့သည်။

ထို့နောက် ယဲ့ဖန်သည် တန်ပြန်တိုက်ခိုက်ရန်အတွက် လှည့်လာပြီး မိုကုန်းကို နောက်ပြန်လွင့်ထွက်အောင်ထိ ကန်လိုက်သည်။

တစ်ခဏအတွင်းမှာဘဲ အားလုံးဖြစ်သွားခဲ့သည်။

စားသောက်သူတချို့က ဘာဖြစ်သွားမှန်းတောင် မသိကြပေ။

သို့ပေမယ့် ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့လိုက်ကြတဲ့သူတွေကတော့ ယဲ့ဖန်ကို တစ္ဆေတွေ့လိုက်ရသလို ကြည့်နေကြသည်။

ပြောရမယ်ဆိုလျှင် သာမန်လူတစ်ယောက်ဟာ ဒီလိုမမျှော်လင့်ထားတဲ့အခြေအနေမျိုးကို အချိန်မီတုံ့ပြန်ဖို့ မဖြစ်နိုင်ပေ။

ယဲ့ဖန်ကတော့ တုံ့ပြန်နိုင်လိုက်ရုံသာမက သူက လွင့်လာတဲ့ သစ်သားကုလားထိုင်ကို တံတောင်ဆစ်ဖြင့်ခုခံလိုက်သေးသည်။

စားသောက်ဆိုင်အတွင်းရှိ သစ်သားကုလားထိုင်များအားလုံးကို မဟော်ဂနီသားဖြင့် ပြုလုပ်ထားသောကြောင့် ထိုထိုင်ခုံတို့သည် သာမန်ပလတ်စတစ်ကုလားထိုင်များထက် ပို၍လေးသည်။

အဲ့လိုသစ်သားကုလားထိုင်မျိုးကို လက်ဖြင့်ခံပြီး ဖယ်လိုက်ဖို့ ဘယ်လောက်ထိ သွက်လက်ပြီး ခွန်အား ဘယ်လောက်တောင်လိုမလဲ။

ဒီတစ်ယောက်က ကိုယ်ခံပညာရှင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်မလား။

လူတိုင်းသည် တနည်းနည်းဖြင့်အံသြသွားကြသည်။

ရှန်းပိုင်ထျန်းသည် ယဲ့ဖန်၏လက်ကို ထိတ်လန့်တုန်လှုပ်စွာ ဆုပ်ကိုင်လိုက်ပြီး တရှုံ့ရှုံ့လေသံဖြင့်ပြောသည်။

" နင့်လက်က အဆင်ပြေရဲ့လား။ ဒါတွေအားလုံးက ငါ့အမှားဘဲ။ ငါ နင့်ကို မလာခိုင်းဘူးဆိုရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူး "

ယဲ့ဖန်က သူမ ခေါင်းကိုပုတ်လိုက်သည်။

" စိတ်မပူပါနဲ့၊ ကျွန်တော် အဆင်ပြေပါတယ် "

ထို့နောက် ယဲ့ဖန်ကလှည့်ပြီး မိုကုန်းဆီကို လျှောက်သွားသည်။

" မင်း တော်တော် စက်ဆုပ်စရာကောင်းတာဘဲ။ မင်း ငါ့ကို နောက်ကနေ ခိုးတိုက်ခိုက်တယ်ပေါ့၊ ဟုတ်လား။ မင်း ယောက်ျားမှဟုတ်သေးရဲ့လား "

မိုကုန်းသည် အကန်ခံရသော သူ့ရင်ဘတ်ကို တင်းတင်းဆုပ်ထားပြီး ဖျော့တော့သော မျက်နှာဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

" မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့၊ ဟုတ်လား။ ငါမင်းကိုပြောမယ်၊ မင်းသေပြီဘဲ "

ယဲ့ဖန်က ချက်ချင်း မျက်နှာမဲ့ရွဲ့လိုက်သည်။

" မင်းက ငါ့ကို အနောက်ကနေချောင်းတိုက်ခိုက်လို့ရပေမဲ့ ငါကတော့ ပြန်ပြီး ခုခံတိုက်ခိုက်လို့မရဘူးပေါ့။ ဒါက ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတဲ့တွေးခေါ်နိုင်စွမ်းကြီးလဲ "

" မင်းသာ တခြားသူတွေရဲ့ ကိစ္စကို ဝင်မစွက်ဖက်ရင် ငါ မင်းကို တိုက်ခိုက်ပါ့မလား "

မိုကုန်းက ပြန်ပြောသည်။

ယဲ့ဖန်က သူ့ကို လည်ပင်းကနေ ဆွဲကိုင်လိုက်ပြီးမြှောက်လိုက်သည်။

" ပိုင်ထျန်းက ငါ့ရည်းစားမှန်း မင်းသိရဲ့သားနဲ့ မင်းက ငါ့အရှေ့မှာတင် သူ့ကို ဖွင့်ပြောပြီးမှ ငါက ဝင်ရှုပ်တဲ့ကောင်လို့ မင်းက အခုပြောနေတာလား။

မင်းက တကယ်အရှက်မရှိတဲ့သူဘဲ "

ယဲ့ဖန်၏စကားကိုကြားပြီးတဲ့နောက် စားသောက်ဆိုင်ထဲရှိလူများအားလုံးက မိုကုန်းကို ရွံရှာသလိုကြည့်ကြသည်။

ကောင်မလေးမှာ ရည်းစားရှိမှန်း သိရဲ့သားနဲ့ သူက အဲ့ဒီကောင်မလေးကို ပေါ်တင်ကြီး လာလုနေတာလား။

ငြင်းခံရပြီးနောက်တွင် အရှက်ရပြီး ဒေါသထွက်ကာ ကောင်လေးကိုပင် ချောင်းတိုက်ခိုက်ခဲ့သေးသည်။

ဒါက ဘယ်လိုပဲကြည့်ကြည့် လူယုတ်မာတစ်ယောက်၏အပြုအမူဖြစ်သည်။

"ငါ မင်းကို အလွှတ်မပေးဘူး "

မိုကုန်းက တခြားဘာမှပြန်မပြောနိုင်တာကြောင့် ခြိမ်းခြောက်တဲ့ စကားကိုသာ ပြောနိုင်ခဲ့သည်။

" ငါလည်း မင်းကို ပြောလိုက်မယ်။ မင်း ပိုင်ထျန်းကို ထပ်ပြီး ကပ်တွယ်နှောင့်ယှက်နေမယ်ဆိုရင် ငါလည်း မင်းကို ဒီအတိုင်းလွှတ်ထားမှာမဟုတ်ဘူး "

ယဲ့ဖန်သည် စကားပြောပြီးသောအခါ မိုကုန်း၏မျက်နှာကို နောက်တစ်ကြိမ်ရိုက်လိုက်ပြီးမှ သူ့လက်ကို လွှတ်လိုက်တော့သည်။

ဖြောင်း

မိုကုန်းသည် မြေပြင်ပေါ်သို့ အပုံလိုက်ပြန်လဲကျသွားသည်။

ယဲ့ဖန်က သူ့ကို မကြည့်တော့ဘဲ လှည့်ပြီး ရှန်းပိုင်ထျန်းဆီကိုသာ လျှောက်သွားလိုက်သည်။

" အချစ်လေး၊ ရှင် အခုနတုန်းက အရမ်းမိုက်တာဘဲ "

သူမကစိတ်လှုပ်ရှားနေပြီး ရှန်းပိုင်ထျန်းက ချက်ချင်းယဲ့ဖန်၏ပါးပြင်ပေါ်သို့ အနမ်းတစ်ချက်ပေးလိုက်သည်။

ယဲ့ဖန် တစ်ခဏထိတ်လန့်သွားပြီးမှ သူမ အနားကိုတိုးမှီလာကာပြောလိုက်သည်။

" ကျွန်တော့်ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ပြီးပြီ။ အနမ်းဇာတ်ဝင်ခန်းအတွက်တော့ သရုပ်ဆောင်ခ ပိုပေးရမယ် "

ရှန်းပိုင်ထျန်းက သူ့ကို စိုက်ကြည့်လိုက်သည်။

" နင်က အကျိုးအမြတ်ရသွားတောင် အပြစ်ကင်းတဲ့ပုံစံမျိုးလုပ်နေသေးတယ် "

ယဲ့ဖန်က ကြောင်အအပြုံးလိုက်ပြီး ရှန်းပိုင်ထျန်းကို လက်တွဲကာ စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။

မိုကုန်းသည် သူတို့ကိုနောက်ကျောမှ အဆိပ်ပြင်းသောအကြည့်ဖြင့်ကြည့်လိုက်သည်။ ဖုန်းကို ဖြည်းဖြည်းချင်းထုတ်လိုက်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

" အဖေ ....... ကျွန်တော် လူတစ်ယောက်ကိုသတ်ချင်တယ် "

..........….........

ယဲ့ဖန်နှင့် ရှန်းပိုင်ထျန်းတို့သည် စားသောက်ဆိုင်မှ ကျုံးထျန်းကန်သာယာစံအိမ်သို့ လျှပ်စစ်စက်ဘီးစီးပြန်လာခဲ့ကြသည်။

အပြန်လမ်းတွင် ချန်းချုံရှန်းဆီမှ ဖုန်းဝင်လာသည်။

" ရှောင်ဖန်၊ မင်း အခုဘယ်မှာလဲ "

ဖုန်းဝင်သွားသည်နှင့်တပြိုင်နက် ချန်းချုံရှန်း၏ စိုးရိမ်နေတဲ့အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။

" အိမ်ပြန်လမ်းမှာပါ။ ဘာဖြစ်လို့လဲ "

ယဲ့ဖန်က ဖုန်းပြောနေရင်း စက်ဘီးစီးနေသည်။

ထို့ကြောင့် အနောက်ထိုင်ခုံမှာ ထိုင်နေတဲ့ ရှန်းပိုင်ထျန်းက လန့်သွားပြီး သူ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

" ကွမ်တုန်းတောင်ပိုင်းပြည်နယ်ကလာတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ မင်းကို တစ်ခုခုပြောချင်တယ်တဲ့ "

" အခုလား "

ညနေ ခုနစ်နာရီထိုးနေပြီဖြစ်၍ ကောင်းကင်ကမှောင်နေပြီဖြစ်သည်။

" သူက အလျင်လိုနေပြီးတော့ မင်းကို ချက်ချင်းတွေ့မှရတယ်ပြောတယ် "

" ဘာကိစ္စလဲ "

" သူက ငါ့ကို မပြောဘူး။ မင်းကိုဘဲ ကိုယ်တိုင်ကိုယ်ကျ မေးစရာရှိတယ်လို့ဘဲ ပြောတယ် "

" ဒါဆိုလည်း ...… ရပါတယ်။ ကျွန်တော့်အိမ်ကို လာခိုင်းလို့ရမလား "

" ကောင်းပြီ "

ယဲ့ဖန်သည် ဖုန်းချပြီးတဲ့နောက် ဖြည်းဖြည်းချင်း

ဆက်မောင်းနှင်လာခဲ့သည်။

အကယ်၍ အခြားသူတစ်ယောက်သာဖြစ်ပါက ဒီလောက်နောက်ကျတဲ့အချိန်ဖြစ်၍ မဆိုင်းမတွ ငြင်းလိုက်မည်ဖြစ်သည်။

သို့သော်လည်း ချန်းချုံရှန်းက ဝင်ပြောပေးသောကြောင့် တခြားရွေးချယ်စရာမရှိဘဲ သူ့ကို မျက်နှာပေးလိုက်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် ချန်းချုံရှန်းက သူ့ကို အကြိမ်ပေါင်းများစွာ ကူညီခဲ့ဖူးလေသည်။

အထူးသဖြင့် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံအတွက် လေလံပွဲနှင့်ပတ်သက်ပြီးလည်း သူက အများကြီး ကူညီပေးခဲ့သေးသည်။

ထို့ကြောင့် ယဲ့ဖန် ကျေးဇူးကို ပြန်ဆပ်ရမှာဖြစ်သည်။

ယဲ့ဖန်သည် ရှန်းပိုင်ထျန်းကို ကျုံးထျန်းကန်သာယာစံအိမ်သို့ မောင်းပြီးပြန်ပို့ပေးနေချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ချန်းချုံရှင်းတို့ကို စံအိမ်ဧရိယာအဝင်ပေါက်တွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

" ယဲ့ဖန်၊ ငါအရင်ပြန်တော့မယ် "

ရှန်းပိုင်ထျန်းက ယဲ့ဖန်ကို နှုတ်ဆက်ပြီး စံအိမ်ဝင်းထဲသို့ အရင်ဝင်လိုက်သည်။

ချန်းချုံရှန်းသည် ထွက်သွားသည့် ရှန်းပိုင်ထျန်း၏နောက်ကျောကို ကြည့်ကာ သူ့မျက်နှာတွင် ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာသည်။

" ညီလေး၊ မင်း ရည်းစားပြောင်းလိုက်ပြန်ပြီလား "

လွန်ခဲ့သည့်နှစ်ရက်က ယဲ့ဖန်သည် လေလံပွဲသို့ လှပသောမိန်းကလေးတစ်ဦးကိုခေါ်ပြီး ရောက်လာသည်ကို သူမှတ်မိသည်။

ဒီနေ့မှာ နောက်ထပ်မိန်းကလေးတစ်ယောက် ပြောင်းသွားလိမ့်မည်ဟု မျှော်လင့်မထားပေ။

ထို့အပြင် သူမ၏ ရုပ်ရည်ကလည်း မမလေးရှုထက် လည်း လုံးဝမနိမ့်ချေ။

ယဲ့ဖန်က အမြန်ရှင်းပြသည်။

" မဟုတ်တာလျှောက်မပြောပါနဲ့။ ကျွန်တော်တို့က သာမန်သူငယ်ချင်းတွေပါဘဲ "

ချန်းချုံရှန်း ခေါင်းညိတ်လိုက်သည်။

" ငါနားလည်တယ်၊ ငါနားလည်တယ်။ ဒါနဲ့ မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးဦးမယ်။ သူက တောင်ပိုင်းကွမ်တုံးပြည်နယ် ယဉ်ကျေးမှုဆိုင်ရာသုတေသနအဖွဲ့ဥက္ကဋ္ဌ ချုံထျန်းကောပါ "

ယဲ့ဖန်သည် ထိုမိတ်ဆက်စကားကိုကြားပြီးတဲ့အခါ ချန်းချုံရှန်း ဘေးနားရှိ သက်လတ်ပိုင်းလူဆီသို့ လက်ကို လှမ်းလိုက်သည်။

" မင်္ဂလာပါ၊ ဥက္ကဌချုံ "

All Chapters