အပိုင်း ၁၄၉-၁၅၂
Vol. 8 Ch. 149-152
အပိုင်း (၁၄၉)
ခင်ဗျား ထိခိုက်သွားမှာ စိုးရိမ်လို့ပါ။
နောက်တစ်နေ့နံနက်တွင် ယဲ့ဖန်က ရှုမိသားစုဆီသို့ ထပ်လာခဲ့ပြန်သည်။
ခြံဝင်းထဲကိုဝင်လိုက်တာနဲ့ ယောက်ျားတစ်ယောက်၏အသံကိုကြားလိုက်ရသည်။
" မမလေးရှုကျင်း၊ ကျွန်တော့်ရဲ့ ဘယ်ဘက်နေလက်သီးသိုင်းကို ဘယ်လိုထင်လဲ "
" တော်တော်လေးကောင်းပါတယ် "
ရှုကျင်းရှင်းသည် ချက်ချင်းဖြေလိုက်သော်လည်း သူမအသံက မေးလို့သာဖြေလိုက်ရသည့်ပုံပေါ်နေသည်။
" အဲ့တာဆို သင်ပေးရမလား "
" မလိုပါဘူး၊ ကျွန်မ ကွန်ဖူးစိတ်မဝင်စားဘူး "
" မိန်းကလေးတွေလည်း ကိုယ့်ကိုယ်ကိုယ်ခုခံနိုင်ဖို့အတွက် ကိုယ်ခံပညာတစ်ချို့ကို သင်လို့ရပါတယ်။ အကာအကွယ်ရှိထားတာပိုကောင်းပါတယ်။ လာပါ၊ သင်ပေးမယ် "
" ကျွန်မ ....... "
ထိုအချိန်တွင် ယဲ့ဖန်က ခြံဝင်းထဲကိုဝင်လာသည်။
ယဲ့ဖန်ထက်အသက်အနည်းငယ်ကြီးပုံရတဲ့ယောက်ျားတစ်ယောက်က ရှုကျင်းရှင်းရှေ့မှာရပ်နေပြီး သူမဆီမှ မျက်နှာရအောင် ကြိုးစားနေသည်။
" ဘာတွေဖြစ်နေတာလဲ "
ယဲ့ဖန်သည် ရှူကျင်းရှင်းနှင့် ထိုယောက်ျားကို မေးလိုက်သည်။
ရှုကျင်းရှင်းသည် ယဲ့ဖန်ကိုတွေ့တဲ့အခါ စိတ်သက်သာရာရသွားပုံပေါ်ပြီး သူမမျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
" ယဲ့ဖန်၊ ရှင် ဒီရောက်နေတာဘဲ ........ "
ယဲ့ဖန်က ခေါင်းငြိမ့်ပြပြီး ထိုယောက်ျားကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ရှုကျင်းရှင်းဘက်လှည့်မေးလိုက်သည်။
" သူက ဘယ်သူလဲ "
ရှုကျင်းရှင်းမိတ်ဆက်ပေးတာကိုမစောင့်ဘဲ ထိုယောက်ျားကအရင်စပြောသည်။
" မင်းက ယဲ့ဖန်၊ ဟုတ်တယ်မလား "
ယဲ့ဖန်က သူ့ကို အေးစက်စွာကြည့်လိုက်သည်။
" ကျွန်တော်က ယဲ့ဖန်ပါ၊ ခင်ဗျားက ဘယ်သူလဲ "
ထိုလူက ချက်ချင်းနှာခေါင်းထဲမှ လေမှုတ်ထုတ်လိုက်သည်။
" မင်းက ရိုင်းလှချည်လား။ ဆရာက မင်းကို စည်းမျဉ်းတွေသင်ပေးမထားဘူးလား။ ကိုယ့်ရဲ့ ဆရာတူအစ်ကိုကိုတွေ့ရင် ဘယ်လို အရိုအသေပေးရမလဲဆိုတာ မသိဘူးထင်တယ် "
ယဲ့ဖန်က နားမလည်ဖြစ်သွားသည်။
" ဆရာတူအစ်ကိုလား။ ဘာဆရာတူအစ်ကိုလဲ "
ထိုအချိန်တွင် လျုံဝမ်းယွမ်က ခြံအနောက်ဘက်မှ ထွက်လာခဲ့သည်။
" ဒါက မင်းရဲ့ ခုနစ်ယောက်မြောက် ဆရာတူအစ်ကို ဆန်းထိုက်ဘဲ။ မင်းဘဲ ပြောတော့ သစ်သားရုပ်နဲ့ဘဲလေ့ကျင့်ရတာ ပျင်းစရာကောင်းတယ်ဆို။ မင်းနဲ့လေ့ကျင့်ပေးဖို့အတွက် သူ့ကို အဖော်ခေါ်ပေးထားတာ "
ထိုအခါမှ ယဲ့ဖန် သူ့စိတ်ထဲက မကျေနပ်ချက်တွေကို ချိုးနှိမ်ပြီး လက်သီးဆုပ်ကိုရှေ့ပို့လျက် အရိုအသေပေးလိုက်သည်။
" ဒါဆို သူက ဆရာတူအစ်ကိုဆန်းပေါ့။ ဆရာတူအစ်ကို၊ ဆရာတူညီလေးက နှုတ်ဆက်ပါတယ် "
ဆန်းထိုက်က မောက်မာစွာဖြင့် ယဲ့ဖန်ကို ကြည့်လိုက်သည်။
" အခုတလော ဆရာက အတော်လေးစွမ်းရည်ရှိတဲ့တပည့်တစ်ယောက်ကို လက်ခံထားတယ်လို့ကြားမိတယ်။ နောက်ဆုံးတော့ ဒီနေ့ မင်းကို တွေ့ရပြီဘဲ။ ဟားဟားဟား ......... "
ဆန်းထိုက်၏စကားတွေတွင် လှောင်ရိပ်ပါနေသည်ကို လူတိုင်းသိနိုင်သည်။
လျုံဝမ်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
" အားထိုက်၊ မင်းရဲ့ ဆရာတူညီလေးက ဂိုဏ်းထဲကို နောက်ကျမှ ဝင်ခဲ့တာကြောင့် မင်းက သူ့ကို လမ်းမှားမရောက်အောင် သင်ပြပေးရမှာလေ "
ဆန်းထိုက်က နေရခက်သွားတဲ့အမူအရာဖြင့်ပြောသည်။
" ဆရာ၊ ကျွန်တော်က အများသောအားဖြင့် အလုပ်ရှုပ်နေတာလေ။ ဘယ်ကအချိန်ရှိမှာလဲ "
" ပြီးတော့ ယဲ့ဆရာတူညီလေးက ရှားပါးတဲ့ပါရမီရှင်ဆိုတော့ ကျွန်တော့်ရဲ့သင်ပြမှုကို ဘယ်လိုပါ့မလဲ "
" ကျွန်တော့်အထင် ကျွန်တော်ကတောင် သူ့ရဲ့သင်ပြမှုကို မကြာခင် ခံယူရမယ်ထင်တယ် "
လျုံဝမ်းယွမ်က သူ့ကို တည်ကြည်တဲ့မျက်နှာထားနဲ့ကြည့်လိုက်သည်။
" အလုပ်ကို ခဏဘေးထားလိုက်။ ငါ့ကျန်းမာရေးက အရင်ကလောက်ကောင်းတာမဟုတ်တော့ဘူး။ အဲ့တော့ မင်းတို့ထဲကတစ်ယောက်ကိုရွေးပြီး ငါ့နေရာအစား မမလေးရှုကို ကာကွယ်ခိုင်းမလို့။ မင်းက ပိုကြိုးစားပြီး ငါ့ကို စိတ်မပျက်စေရဘူးလို့ မျှော်လင့်ပါတယ် "
ဆန်းထိုက်၏မျက်လုံးတို့က တောက်ပသွားသည်။
သူက ရှုကျင်းရှင်းကို လှမ်းကြည့်ရင်း မျက်လုံးထဲတွင် စွဲလမ်းနေသည့်အရိပ်အယောင်တစ်ချို့လည်းပါနေသည်။
" မပူပါနဲ့၊ ဆရာ။ စိတ်မပျက်စေရပါဘူး "
လျုံဝမ်းယွမ်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
" ကောင်းပြီ၊ မင်းတို့ စပြီး လေ့ကျင့်နိုင်ပြီ။ မင်းရဲ့ဆရာတူညီလေးက အခြေခံနည်းသေးတာမလို့ သူ့ကို အလျှော့ပေးဦး "
" နားလည်ပါပြီ "
ဆန်းထိုက်က ချက်ချင်း သဘောတူလိုက်ပြီးနောက် ယဲ့ဖန်ဘက်ကိုလှည့်လိုက်သည်။
" ယဲ့ဆရာတူညီလေး၊ မင်းရဲ့အကွက်တွေကိုပြပါ။ မင်းရဲ့အခြေခံဘယ်လောက်ရှိလဲဆိုတာ ကြည့်ရအောင် "
ယဲ့ဖန်က ချက်ချင်း တိုက်ခိုက်ရေးအသွင်ပြောင်းလိုက်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်သည်။
တစ်ဖက်တွင် ဆန်းထိုက်ကတော့ သူ့လက်တွေကို နောက်ပစ်ထားပြီး အလေးအနက်မထားသည့်ပုံစံလုပ်နေသည်။
" ဆရာတူအစ်ကို၊ ခင်ဗျား အလေးအနက်ထားရင်ကောင်းလိမ့်မယ်။ ခင်ဗျားထိခိုက်မိမှာစိုးရိမ်လို့ပါ "
ယဲ့ဖန်က သူ့ရဲ့စိတ်သဘောထားပုံစံကိုကြည့်ပြီး သတိပေးလိုက်သည်။
" ဟားဟားဟား၊ ငါက ဂိုဏ်းထဲမှာရှိနေတာ ၇နှစ်လောက်ရှိနေပြီ။ ဂိုဏ်းထဲရောက်တာ ၇ရက်လောက်ဘဲရှိသေးတဲ့ အသစ်လေးကြောင့် ထိခိုက်ဒဏ်ရာရသွားရင် ငါ့ရဲ့ ၇နှစ်စာလေ့ကျင့်မှုက အလကားဖြစ်သွားမှာမဟုတ်ဘူးလား "
ဆန်းထိုက်က အေးအေးဆေးဆေးပုံစံသာဖြစ်နေသည်။
" ကောင်းပြီ၊ ဒါကိုယူလိုက် "
ယဲ့ဖန်က ဘာမှဆက်မပြောတော့ဘဲ သူ့ကို ချက်ချင်းတိုက်ခိုက်လိုက်သည်။
" ကောင်းတယ် "
ဆန်းထိုက်က အော်လိုက်ပြီး ယဲ့ဖန် တိုက်တာကို ရှောင်လိုက်သည်။
ထို့နောက် ခြေလှမ်းတွေကို ပြောင်းပြီး ယဲ့ဖန်၏အနောက်သို့ အလွယ်တကူဝိုက်ရွှေ့သွားသည်။
သူက ရှုကျင်းရှင်းရှေ့မှာ တမင်တကာကြွားပြနေတာကြောင့် သူ့ပုံစံက သာမန်ထက်ပိုပြီး လွတ်လပ်အေးဆေးနေတဲ့ပုံစံဖြစ်အောင်နေနေသည်။
ထို့ကြောင့် သူ့ဘက်က အရင်စမတိုက်ဘဲ လက်ကိုနောက်ပစ်ကာ ဆရာကြီးပုံစံဖမ်းနေသည်။
ယဲ့ဖန် တိုက်တာ လွဲသွားတာကြောင့် သူ့စိတ်ထဲအတော်လေး ပျာယာခတ်သွားသည်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒါက သူ့အတွက် ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်နဲ့တိုက်ခိုက်ခြင်းဖြစ်ပြီး သူ့မှာ အတွေ့အကြုံမရှိသေးတာကို ငြင်းဆန်၍မရပေ။
ဆန်းထိုက်က အခွင့်အရေးယူပြီး သူ့ကို အနောက်ကနေတိုက်ခိုက်ပါက သူ အရေးနိမ့်မှာသေချာသလောက်ဖြစ်သည်။
သို့ပေမဲ့ ယဲ့ဖန်အတွက် ထိုစိတ်လှုပ်ရှားမှုက တစ်ခဏသာကြာမြင့်ခဲ့သည်။
ခဏကြာတဲ့နောက် စိတ်ပြန်လည်စုစည်းနိုင်ခဲ့ပြီး ဆက်တိုက်ခိုက်သည်။
ဆန်းထိုက်က လက်ကို အနောက်ပစ်ထားဆဲဖြစ်ကာ ရှောင်တိမ်းနေပြီး ပြန်မတိုက်ပေ။
တိုက်ခိုက်ရင်း ရှောင်တိမ်းရင်းဖြင့် ခြံအနောက်ဘက်မှ စံအိမ်လုံးနားဆီသို့ရောက်လာသည်။
ထိုအချိန်တွင် ရှုကျင်းရှင်းက ယဲ့ဖန်ထိခိုက်မှာစိုးရိမ်ပြီး စိတ်လှုပ်ရှားစွာကြည့်နေခဲ့သည်။
လျုံဝမ်းယွမ်က သူမတွေးနေတာကို သိပြီး ပြုံးလိုက်သည်။
" စိတ်မပူပါနဲ့၊ မမလေး။ ဆန်းထိုက်က သူဘာလုပ်နေလဲဆိုတာကိုသိပါတယ်။ ဒီကလေးကိုထိခိုက်အောင်မလုပ်ပါဘူး "
ရှုကျင်းရှင်းက အနည်းငယ်ခေါင်းငြိမ့်ပြလိုက်ပေမဲ့ သူမ၏စိတ်ထဲမှစိုးရိမ်နေမှုက နည်းနည်းလေးမှ လျော့မသွားပေ။
တိုက်ခိုက်မှုအစဉ်ရေများလာတာနှင့်အမျှ ယဲ့ဖန်က လျှို့ဝှက်ဆန်းကြယ်သည့်အနေအထားတစ်ခုသို့ရောက်လာခဲ့သည်။
သူ၏ မျက်လုံးနှင့်နားတို့က သူ့ပတ်ဝန်းကျင်ရှိ အရာမှန်သမျှကို ဖမ်းယူနိုင်သည့်အလား စူးရှမြန်ဆန်လွန်းသည်။
ဆန်းထိုက်၏ ရွှေ့နေသည့်အကွက်တွေအပါအဝင် လှုပ်ရှားဖို့အတွက် လိုအပ်သည့်အလျင်နှင့်အရှိန်တို့ကိုလည်း အသေးစိတ်တွက်ချက်မြင်နေရသည်။
တစ်ဖက်သူ၏ခံစားချက်နှင့် လှုပ်ရှားမှုတို့ကို ၀.၀၁ စက္ကန့်စာ ပိုစောပြီး ခန့်မှန်းနိုင်နေသည်။
၀.၀၁ စက္ကန့်သည် အတော်လေးတိုတောင်းသည့် အချိန်ကာလဖြစ်သော်လည်း တိုက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်လေသည်။
ယဲ့ဖန်သည် သူ၏တွက်ချက်နိုင်စွမ်းက ပုံရိပ်ယောင်လား အစစ်လားဆိုတာကို သေချာမသိပေမဲ့ စမ်းကြည့်ရုံသာတတ်နိုင်ခဲ့သည်။
ထိုအချိန်တွင် ဆန်းထိုက်က ဘယ်ဘက်သို့ရှောင်လိုက်ရင်း အမှားတစ်ခုလုပ်မိသွားသည်။
ယဲ့ဖန်က အချိန်ဆွဲမနေဘဲ သူ့ ညာဘက်ခြေထောက်ကို ချက်ချင်းထုတ်လိုက်သည်။
ဆန်းထိုက်ရှောင်နေရင်း ၀.၀၁ စက္ကန့်အတွင်းလောက်မှာဘဲ ယဲ့ဖန် ခြေထောက်က အရှေ့သို့ပျံတက်လာသည်။
ဘန်း။
ထိန်းလိုက်သည့်အသံက ခြံလေးအတွင်းတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဆန်းထိုက်က ချော်ပြီး ခြံထဲရှိ ကြာပန်းကန်ထဲသို့ လဲကျလုမတတ်ဖြစ်သွားခဲ့သည်။
သို့ပေမဲ့ သူက အတော်လေးတည်ငြိမ်တဲ့အခြေခံရှိတာကြောင့် ချက်ချင်းခန္ဓာကိုယ်ဟန်ချက်ကို ထိန်းလိုက်နိုင်သည်။
သူ့ကိုယ်သူထိန်းလိုက်နိုင်ခဲ့ပေမဲ့ ဆန်းထိုက်က ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
" မင်း .......... သေနာကောင် "
အပိုင်း (၁၅၀)
အရမ်းကြီးထိခိုက်သွားတာမဟုတ်ပေမဲ့ အတော်လေးမာနစော်ကားရာရောက်သွားတယ်။
မနေ့က လျုံဝမ်းယွမ်သည် ဆန်းထိုက်ကို ယဲ့ဖန်နှင့်အတူ လေ့ကျင့်ပေးရန်ပြောတဲ့အခါ ဆန်းထိုက်က အတော်လေး မလိုလားချေ။
သို့ပေမဲ့ ဒီနေ့လေ့ကျင့်တဲ့အခါ ရှုကျင်းရှင်းပါရှိနေမယ့်အကြောင်းသိတဲ့အခါ တွန့်ဆုတ်စွာဖြင့် သဘောတူခဲ့သည်။
ဆန်းထိုက်သည် ရှုကျင်းရှင်းနှင့် မနှစ်က ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာဖြစ်ပြီး သူမ၏ကျော့ရှင်းလှပကာ ပြည့်စုံသောကိုယ်ရှိန်ဝါကြောင့် လုံးဝကိုနစ်မြောစွဲလမ်းသွားခဲ့သည်။
ဒါက သူနဲ့ ရှုကျင်းရှင်း ထပ်ပြီးတွေ့ဆုံရမယ့် ရှားပါးတဲ့အခွင့်အရေးဖြစ်တာကြောင့် ဆန်းထိုက်က သူမရှေ့တွင် သူ၏အင်အားကို ထုတ်ကြွားလိုခဲ့သည်။
ထို့ကြောင့် ဆန်းထိုက်က လေ့ကျင့်ရေးကို အရမ်းကြီးစိတ်ထဲမထားဘဲ သဘောတူခဲ့သည်။ အဲ့ဒီအစား ဆန်းထိုက်က ရှုကျင်းရှင်းရှေ့တွင် ပြသရမည့် ကိုယ်ခံပညာဖြင့်ဆွဲဆောင်မှုပြပွဲဟုသာ သဘောထားခဲ့သည်။
ဆန်းထိုက်၏စိတ်ထဲတွင် ယဲ့ဖန်သည် အခြေခံမရှိသည့် အသစ်ကလေးဖြစ်တာကြောင့် သူ့အတွက် စိတ်ထဲထည့်စရာပင်မလိုဘူးဟု ထင်ထားခဲ့သည်။
ထို့ကြောင့် လေ့ကျင့်ရေးစကတည်းက တစ်ဖက်သူ၏စိတ်ဓာတ်ပိုင်းဆိုင်ရာကို လှောင်ပြောင်နေခဲ့သည်။
သို့ပေမဲ့ သူ့ပြိုင်ဘက်က သူ့ရဲ့အမှားသေးသေးလေးကို ဖမ်းမိသွားမည်ဟု ထင်မထားခဲ့ပေ။
ယဲ့ဖန်၏ကန်ချက်က အားမပြင်းသော်လည်း သူ့ကို မျက်နှာပျက်စေရပြီး ရှုကျင်းရှင်းအရှေ့မှာလည်း အရှက်ရစေသည်။
ထိုအချိန်တွင် ရှုကျင်းရှင်းက ယဲ့ဖန်ကို ချီးကျူးလိုက်သည်။
" ယဲ့ဖန်၊ ရှင်က တော်လိုက်တာ "
ဘေးတွင်ရပ်ကြည့်နေတဲ့လျုံဝမ်းယွမ်၏မျက်နှာတွင် စိတ်သက်သာရာရသွားတဲ့အပြုံးတစ်ခုပေါ်လာသည်၊
ဆန်းထိုက်ကလည်း သတိလက်လွတ်ဖြစ်သွားတာမှန်ပေမဲ့ ယဲ့ဖန်က သူ့အားနည်းချက်ကို သတိထားမိပြီး ထိုအားနည်းချက်ကို အသုံးချနိုင်တဲ့အထိ စူးရှထက်မြက်လေသည်။
ဤကဲ့သို့ ဉာဏ်လျင်သည့်တိုက်ပွဲမျိုးက သူ ထင်ထားထက်ကို ကျော်လွန်နေပြီဖြစ်သည်။
ဒီလို ဂုဏ်ယူစရာကောင်းတဲ့တပည့်ရှိတဲ့အတွက် ဘယ်လိုလုပ်ပြီး သူ မပျော်ဘဲနေနိုင်မှာလဲ။
ဆန်းထိုက် စိတ်ထဲနှလုံးထဲမှ ပိုပြီး မကျေမနပ်ဖြစ်လာရတော့သည်။
" ခွေးကောင်၊ မင်းကို ဒီနေ့ သင်ခန်းစာမပေးရရင် မင်းလိုကောင်က ဘုရင်ဆီမှာ မျက်လုံးဘယ်နှစ်လုံးရှိလဲဆိုတာ သိမှာမဟုတ်ဘူး *
ထိုသို့ပြောပြီးနောက် ချက်ချင်းထရပ်ပြီး ရုတ်တရက်ညာခြေထောက်ကို ဆောင့်ချလိုက်သည်။
" ဆန်းထိုက်၊ ရပ်တော့ "
ထိုပုံစံကိုမြင်ပြီး အဝေးမှ လျုံဝမ်းယွမ်က ချက်ချင်းအော်ပြီး အပြေးသွားသည်။
ဆန်းထိုက်သည် ပြိုင်ဘက်ကြောင့် စိတ်လွတ်ထွက်နေပြီး သတ်တော့မည့်အရိပ်အယောင်ကို မြင်နေရသည်။
ယဲ့ဖန်သည် သူ့ဘဝ သက်တမ်းတစ်ဝက်လုံးရှာဖွေနေခဲ့ရသည့် တပည့်မျိုးဖြစ်သည်။
ဒီအတိုင်းကြီး အပြင်းအထန်ထိခိုက်သွားမည်ဆိုပါက သူ့မှာကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး သေချာပေါက်နောင်တရနေတော့မှာဖြစ်သည်။
ယဲ့ဖန်ကလည်း ဆန်းထိုက်၏သတ်ချင်နေသည့် ရည်ရွယ်ချက်ကို ခံစားမိသည်။
အလျင်အမြန် နောက်ကို ခြေလှမ်းဆုတ်လိုက်သည်။
ဘန်း။
ဆန်းထိုက်သည် စံအိမ်လုံးထဲက ကျောက်စားပွဲကို ကန်လိုက်သည်။
လိပ်သဲကျောက်သားဖြင့်ပြုလုပ်ထားသော ကျောက်စားပွဲကြီးက တသိမ့်သိမ့်တုန်ခါသွားသည်။
" အား ......... "
ထိုမြင်ကွင်းကိုမြင်တဲ့အခါ ရှုကျင်းရှင်းက ချက်ချင်းအော်လိုက်သည်။
သူမသည် ကွန်ဖူးပညာကို မသိပေမဲ့ ဆန်းထိုက်၏လူသတ်တော့မည့်ပုံစံကို ခန့်မှန်းမိသည်။
" တားပါဦး "
ရှုကျင်းရှင်းသည် လျုံဝမ်းယွမ်ကိုကြည့်ပြီးပြောသည်။
" ဦးလေးလျုံ၊ သူတို့ကို တားပါဦး "
ဆန်းထိုက်သည် သူမက ယဲ့ဖန်အတွက် စိုးရိမ်နေသံကိုကြားပြီး ပို၍မနာလိုဖြစ်လာကာ သူ့ရဲ့တိုက်ခိုက်မှုတွေက ပိုပြီးပြင်းထန်ရက်စက်လာသည်။
ယဲ့ဖန်လည်း မတတ်နိုင်ဘဲ ရှောင်တိမ်းနေရသည်။
ယဲ့ဖန်ပုံစံက အန္တရာယ်ကျရောက်နေသည့်ပုံစံပေါ်နေပေမဲ့ သူက ထပ်ပြီး ထူးခြားဆန်းကြယ်တဲ့ပုံစံထပ်ဖြစ်သွားသည်။
ဆန်းထိုက်၏တိုက်ခိုက်မှုတွေက သူ့ခန့်မှန်းချက်အတိုင်းဖြစ်နေသည်။
" ကောင်းတယ် "
ဆန်းထိုက်က လက်သီးနောက်တစ်ချက်ထိုးလိုက်တာကို မြင်လိုက်ရသည်။
ဒီတစ်ကြိမ်မှာတော့ ယဲ့ဖန် ဆက်ပြီးမရှောင်တော့ပေ။
ယဲ့ဖန်သည် သူ့ဘယ်ဘက်လက်ကို ၀.၀၁ စက္ကန့်စာ ကြိုထုတ်လိုက်ပြီး ဆန်းထိုက်၏လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်သည်။
ထို့နောက် ယဲ့ဖန်သည် သူ့ညာဘက်လက်ဖြင့် ချက်ချင်း လက်သီးထိုးလိုက်သည်။
ဘန်း။
ဆန်းထိုက်သည် ရင်ဘတ်တွင် စူးရှသည့်နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး အမြင်တွေဝါးလာကာ လဲကျမတတ်ဖြစ်သွားခဲ့သည်။
သို့ပေမဲ့ ယဲ့ဖန်က ရပ်မသွားဘဲ လက်သီးချက်တို့က မိုးကျသည့်အလား ဆက်တိုက်ကျလာသည်။
ဘန်းဘန်းဘန်း
ယဲ့ဖန်၏လက်သီးချက်တို့က မပြင်းထန်ပေမဲ့ တစ်နေရာတည်းကို ကျရောက်နေသည့် လက်သီးချက်တို့ကို ဘယ်သူကများ ခံနိုင်မှာလဲ။
ဆန်းထိုက်က မတတ်နိုင်ဘဲ နောက်ဆုတ်ရှောင်နေရပြီး ပါးစပ်ထဲမှာသွေးတွေပြည့်လာတော့သည်။
ကူဖို့ပြေးလာတဲ့လျုံဝမ်းယွမ်က လမ်းတစ်ဝက်မှာဘဲရပ်သွားပြီး သူ့ရှေ့ကမြင်ကွင်းကို ကြောင်တောင်တောင်ကြည့်နေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။
ဂိုဏ်းထဲကို ဝင်လာခါစဖြစ်တဲ့ယဲ့ဖန်က ပိုအသာစီးရနေပြီလား။
ပြီးတော့ ဂိုဏ်းထဲမှာရှိနေတာ ၇နှစ်ကြာပြီဖြစ်တဲ့ဆန်းထိုက်က ပြန်မတိုက်နိုင်လောက်အောင်ထိ အထိုးခံနေရတာလား။
ဒါက သိပ္ပံနည်းလမ်းမကျဘူးဟု လျုံဝမ်းယွမ်ထင်သည်။
" ဒီတစ်ယောက်က တကယ် ခန့်မှန်းလို့မရတာဘဲ "
သို့ပေမဲ့ အဝေးက ရှုကျင်းရှင်းကတော့ ဂရုမစိုက်ဘဲ မနေနိုင်ပေ။ ယဲ့ဖန်သည် အန္တရာယ်ရှိရာမှ ဘေးကင်းပြီး ပြန်တိုက်ခိုက်နိုင်တာကိုကြည့်နေခဲ့ကာ မထိန်းနိုင်ဘဲ သက်ပြင်းရှည်ကြီးချလိုက်သည်။
တစ်ချိန်တည်းမှာဘဲ သူမမျက်လုံးတို့ တဖျတ်ဖျတ်ခတ်သွားရပြန်သည်။
" ခွေးကောင်လေး၊ မင်းကိုငါသတ်မယ် "
ဆန်းထိုက်သည် ဂိုဏ်းထဲဝင်လာခါစအသစ်လေး၏အလဲထိုးခြင်းကို ခံလိုက်ရသည်။ ထိခိုက်မှုက မပြင်းသော်လည်း အတော်လေး အရှက်ကွဲရသည်။
ထိုအကြောင်းက သူ့ကို ချက်ချင်းရူးသွပ်စေတဲ့အခြေအနေတစ်ခုသို့ရောက်သွားစေသည်။
ယဲ့ဖန်၏လက်သီးချက်တွေကို ခံရပြီးတဲ့နောက် တပ်ဆုတ်မသွားဘဲ သူက ရူးသွပ်နေတဲ့သူတစ်ယောက်ပုံစံဖြင့် ချက်ချင်းပြန်တိုက်ခိုက်သည်။
သို့ပေမဲ့ ယဲ့ဖန်က ဒီတစ်ခေါက်မှာတော့ သူ့ကို တိုက်ခိုက်ခွင့်ပင် မပေးတော့ချေ။
ဆန်းထိုက်၏တိုက်ချက်ကို ရှောင်လိုက်ပြီး လက်လှမ်းကာ ဆန်းထိုက်၏အဝတ်တွေကို လက်နှစ်ဖက်ဖြင့်ဆွဲလိုက်သည်။
ထို့နောက် ပိဿထောင်ချီဆွဲနိုင်သည့်အကွက်ကိုထုတ်ပြီး အရှေ့သို့ဆွဲလိုက်သည်။
ဆန်းထိုက်၏ခန္ဓာကိုယ်က 'ဝှီး'ခနဲမြောက်တက်သွားသည်။
ဗွမ်း ........
ဆန်းထိုက်သည် ကြာပန်းကန်ထဲသို့ ဗွမ်းခနဲမြည်ကာ ကျသွားခဲ့သည်။
လျုံဝမ်းယွမ်နှင့် ရှုကျင်းရှင်းတို့က မယုံနိုင်ဖြစ်ပြီး မျက်လုံးတို့ပြူးကျယ်သွားကြသည်။
၇နှစ်ကျော်ကြာ သိုင်းကျင့်ခဲ့တဲ့ဉာဏ်များတဲ့မြေခွေးအိုကြီးကို ဂိုဏ်းထဲဝင်ခါစ တစ်ပတ်ဘဲကြာသေးတဲ့အသစ်ကလေးက အနိုင်ပိုင်းလိုက်တယ်လို့ သူတို့ကိုလာပြောလျှင် ဘယ်တော့မှ ယုံကြည်မှာမဟုတ်ပေ။
လာပြောတဲ့သူက ဦးနှောက်ချို့ယွင်းနေတယ်လို့ပင် ထင်မိကြမှာဖြစ်သည်။
သို့ပေမဲ့ အမှန်တရားက သူတို့ရှေ့မှာဖြစ်နေတာကြောင့် မယုံကြည်လို့မရတော့ပေ။
ယဲ့ဖန်သည် သူ့တပည့်ဖြစ်တာ ရက်အနည်းငယ်သာရှိသေးသည့် ဂိုဏ်းသားအသစ်ဖြစ်ပေမဲ့ သူက ဂိုဏ်းထဲမှာ ၇နှစ်ကျော်ကြာရှိနေခဲ့သည့် ဆရာတူအစ်ကိုကိုပင် ပြန်တိုက်နိုင်ခဲ့သည်။
အဆုံးတွင် သူက ဆန်းထိုက်ကို ကြာကန်ထဲပင် ပစ်ချခဲ့သေးသည်။
ဒါက မယုံကြည်နိုင်စရာကောင်းလွန်းလှသည်။
အထူးသဖြင့် လျုံဝမ်းယွမ်က ပိုအံ့ဩနေရသည်။ သူ့တပည့်ဆန်းထိုက်က ဘယ်လောက် လက်စောင်းထက်သည့်တပည့်လဲဆိုတာကို သူသိသည်။
သူ့ ခုနစ်ယောက်မြောက်တပည့်က ယဲ့ဖန်ကို မယှဉ်နိုင်ပေမဲ့ အတော်လေးလက်ရည်ရှိတဲ့တပည့်ဟု ပြောလို့ရနိုင်သည်။
ထို့အပြင် သူက လေ့ကျင့်ရေးမှာလည်း ဇွဲရှိသည်။
ဒါပေမဲ့ သူက ယဲ့ဖန်ဆီမှာ လွယ်လွယ်လေးရှုံးသွားခဲ့တာလား။
' ဟားဟားဟား ........ "
' ကောင်းကင်ဘုံက ငါ လျုံဝမ်းယွမ်ဆီကို ဒီလိုရှားပါးပါရမီရှင် ပို့ပေးလိုက်တာဘဲ '
' ဒီလူအိုကြီးက နောင်တမရှိဘဲ သေနိုင်ပါပြီ '
ကောင်းကင်ဘုံ၏ကောင်းချီးအကြောင်းကိုတွေးနေရင်း ရေကန်ထဲမှဆန်းထိုက်က အော်ပြီးအကူအညီတောင်းတာကို ကြားလိုက်ရသည်။
" အား ....... ကယ်ကြပါဦး ..... ကယ်ပါဦး "
ရေကန်က တအားမနက်ပေမဲ့ ရေမကူးတတ်တဲ့သူအတွက်တော့ အန္တရာယ်ရှိသည်။
ဆရာတူအစ်ကိုဆန်းက ရေထဲမှာ ခက်ခက်ခဲခဲရုန်းကန်နေရသည်။
လျုံဝမ်းယွမ်က ယဲ့ဖန်ကို ချက်ချင်းကြည့်လိုက်သည်။
" ရှောင်ဖန်၊ ဘာလုပ်နေတာလဲ။ မြန်မြန်ရေထဲဆင်းပြီး မင်းရဲ့ဆရာတူအစ်ကိုကိုသွားကယ်လေ "
ယဲ့ဖန်က နေရခက်တဲ့ပုံစံပေါ်နေသည်။
" ဆရာ၊ ကျွန်တော် ရေဘယ်လိုကူးရမလဲမသိဘူး။ ဘာလို့ဆရာကသွားပြီးမကယ်တာလဲ "
လျုံဝမ်းယွမ်ကလည်း တွန့်ဆုတ်နေသည်။
" ဒီနေ့တင် အဝတ်အစားအသစ်တွေဝတ်ထားတာ။ ပြီးတော့ ငါက အိုနေပြီ။ ရေထဲမှာ နေမကောင်းဖြစ်သွားရင် မကောင်းဘူး။ မင်းသွားသင့်တယ် "
" ဆရာ၊ ရေဘယ်လိုကူးရမလဲဆိုတာ ကျွန်တော် တကယ်မသိဘူး။ ဆရာတူအစ်ကိုကို မကယ်နိုင်ဘဲ ကျွန်တော်ပါနစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဆရာက ဘယ်လိုဘဲဖြစ်ဖြစ် အိုနေပြီးသားလေ ...... "
" တိတ်စမ်း၊ မသိတတ်တဲ့ တပည့်။ ဆရာကို ဘယ်လိုလေးစားရမလဲဆိုတာရော သိရဲ့လား "
" အဲ့တာဆိုလည်း မျှတအောင် စုံစွမ်စိဆော့ကြတာပေါ့ "
" ရတယ်လေ၊ စုံစွမ်စိ "
" စုံစွမ်စိ "
" စုံစွမ်စိ "
အပိုင်း (၁၅၁)
နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။
ယဲ့ဖန်နှင့် လျုံဝမ်းယွမ်တို့ ပျော်ပျော်ကြီးကစားနေကြတုန်းမှာဘဲ သတင်းကြားတဲ့လုံခြုံရေးအစောင့်တွေက ဆန်းထိုက်ကိုလာကယ်ကြသည်။
ရေထဲမှတက်လာသည့်ဆန်းထိုက်၏ဗိုက်ထဲတွင် ရေတွေအများကြီးပြည့်နေပြီး ပါးစပ်ဖွင့်လိုက်တာနဲ့ ရေတွေအန်ထွက်လာသည်။
လျုံဝမ်းယွမ်က သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။
" ဆရာတူညီလေးယဲ့ကိုအထင်မသေးနဲ့လို့ ငါပြောခဲ့တယ်မလား။ ဘာလို့ နားမထောင်တာလဲ "
" ဆရာ ..... ဆရာပြောတုန်းက .... သူက .... သူက အခုမှ စလေ့ကျင့်တာကြောင့် ...... အလျှော့ပေးဆို ...... "
ဆန်းထိုက်က ပြောနေရင်း ရေတွေပြန်ထွက်နေကာ မျက်နှာက မကျေမနပ်မှုအပြည့်ဖြစ်နေသည်။
" ဟားဟား၊ မင်း တော်တော်လေး အထိနာသွားတယ်၊ ဟုတ်တယ်မလား "
" အဟွတ်၊ အဟွတ်၊ ....... ဒီတစ်ကြိမ်ကိုအကြောင်းပြုပြီး ငါမင်းကို သင်ခန်းစာပေးချင်တယ်။ အနာဂတ်မှာ ဘယ်လိုပြိုင်ဘက်မျိုးနဲ့ဘဲရင်ဆိုင်ရပါစေ အထင်သေးပြီး စိတ်လျှော့လို့မရဘူး၊ နားလည်လား "
လျုံဝမ်းယွမ်မျက်နှာက နီနေပြီး စကားလုံးကို ပြောင်းပြောလိုက်သည်။
" ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကိုလိုက်တဲ့အချိန် သူ့အင်အားအကုန်လုံးကို သုံးတယ်တဲ့ "
တကယ်တော့ ယဲ့ဖန်က တိုက်ခိုက်တဲ့အခါမှာ အတော်လေးတော်မှန်း လျုံဝမ်းယွမ်လည်းမသိခဲ့ပေ။
ကံကောင်းစွာဖြင့် ဒီနေ့ ယဲ့ဖန်နှင့်လေ့ကျင့်ခဲ့သူက ဆန်းထိုက်ဖြစ်နေခဲ့သည်။ အကယ်၍ သူသာ မဆင်မခြင်နဲ့ လေ့ကျင့်ကွင်းထဲဝင်လိုက်ပါက သူမျက်နှာပျက်လောက်တဲ့အနေအထားဖြစ်သွားခဲ့ပေမည်။
ဆန်းထိုက်က ယဲ့ဖန်ကို လေးလေးနက်နက်ကြည့်နေသည်။ ထို့နောက် လက်သီးဆုပ်အရိုအသေပေးလိုက်သည်။
" ဆရာတူညီလေးယဲ့၊ ငါ အရှုံးပေးပါတယ်။ တကယ်ကို ကျေကျေနပ်နပ်ကြီးအရှုံးပေးပါတယ် "
" မင်းက ဂိုဏ်းထဲကိုဝင်လာတာ အချိန်ခဏလေးဘဲရှိသေးပေမဲ့ အတော်လေးတိုးတက်နေပါပြီ။ 'ပါရမီရှင်'ဆိုတဲ့စကားလုံးနဲ့ တကယ်ကို ထိုက်တန်လှပါတယ် "
ဆိုရိုးစကားတွေအတိုင်း ပြုံးနေတဲ့သူကို သွားမရိုက်သင့်ပေ။
ဆန်းထိုက်ဘက်ကစပြီး စိတ်ကောင်းထားပေးတာကြောင့် ယဲ့ဖန်ဘက်ကလည်း ငြင်းဆန်ဖို့ အကြောင်းပြချက်မရှိပေ။
ယဲ့ဖန်က ချက်ချင်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
" ဆရာတူအစ်ကိုဆန်းက ယဉ်ကျေးလွန်းနေပါပြီ။ ခင်ဗျားက တစ်ခဏလေး သတိလွတ်သွားတာပါ "
" အကယ်၍ ဒါကသာ အသက်ရင်းပြီးတိုက်ရတဲ့တိုက်ပွဲဆို ကျွန်တော် ဒီနေ့မှာ ခဏခဏသေပွဲဝင်ရမှာပါ "
ဆန်းထိုက်က ထိုစကားကိုကြားပြီးနောက် အမူအရာက ပိုကောင်းလာသည်။
ထိုအချိန်မှာဘဲ ရှုကျင်းရှင်းက ယဲ့ဖန်နားကိုလျှောက်လာသည်။
" ကျွန်မ ကွန်ဖူးကို ရုတ်တရက်ကြီးစိတ်ဝင်စားလာလို့ ရှင် သင်ပေးဖို့ ဆန္ဒရှိလား "
ထိုစကားကိုကြားတဲ့အခါ ယဲ့ဖန်က ချက်ချင်းလက်ခါပြလိုက်သည်။
" အခုမှ ဂိုဏ်းကိုဝင်ခါစ လူသစ်ပါ။ ကျွန်တော့်ရဲ့ သာမန်အရည်အချင်းလောက်နဲ့ ဘယ်လိုလုပ်သင်ပေးရဲမှာလဲ "
ရှုကျင်းရှင်းကတော့ အလေးအနက်မထားပေ။
" အခုမှ ဂိုဏ်းထဲဝင်ခါစဆိုတော့ သိထားတာတွေနဲ့ သိပ်မစိမ်းသေးဘူးလေ။ အဲ့တာကြောင့် ရှင်က အသင့်တော်ဆုံးဆရာဘဲ။ ကျွန်မပြောတာမှန်တယ်မလား၊ ဦးလေးလျုံ "
သူမ ဘာတွေးနေလဲဆိုတာကို လျုံဝမ်းယွမ်က သိတာကြောင့် ခေါင်းငြိမ့်ပြီးပြောလိုက်သည်၊
" ဟုတ်တယ်၊ ဟုတ်တယ်။ ရှောင်ဖန်က အသင့်တော်ဆုံးဘဲ "
ယဲ့ဖန်က သူ့ကို ချက်ချင်းလှည့်ကြည့်လာသည်။
ဆရာ၊ ကိုယ့်တပည့်ကိုယ် အဲ့လိုရောင်းစားတော့မလို့လား။
လျုံဝမ်းယွမ်ကလည်း သူ့ကို ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။
ဆရာကလည်း ရွေးချယ်စရာမရှိတာကြောင့် ယဲ့ဖန်လည်း ရွေးစရာမရှိဘဲ ခေါင်းငုံ့ခံလိုက်ရသည်၊
" ရှင် သဘောတူမှာလား၊ မတူဘူးလား "
ရှုကျင်းရှင်းက ယဲ့ဖန်၏အင်္ကျီစကို ဆွဲလိုက်သည်။
" ကောင်းပြီ၊ ကျွန်တော့်နည်းလမ်းတွေက ပေါက်ကရဖြစ်နေမှာကို မစိုးရိမ်ရင်တော့ သင်ကြည့်ပေးနိုင်ပါတယ် "
ယဲ့ဖန်ကလည်း ရွေးစရာမရှိတာကြောင့် ခေါင်းငြိမ့်သဘောတူလိုက်ရသည်။
ရှုကျင်းရှင်း၏မျက်နှာလှလှလေးက ပျော်တဲ့အမူအရာပေါ်လာသည်။
သူမပုံစံကိုကြည့်ခြင်းအားဖြင့် သူမက ကိုယ်ခံပညာကို သင်ယူချင်တဲ့ပုံမပေါ်ပေ။
အမူးသမားရဲ့ရည်ရွယ်ချက်က ဝိုင်မဟုတ်မှန်း သိသာပေလေသည်။
ထိုပုံစံကို ဆန်းထိုက်ကမြင်ပြီး အနည်းငယ် ဝမ်းနည်းသွားသည်။
သို့ပေမဲ့ သူက ယဲ့ဖန်၏လုပ်နိုင်စွမ်းကို လက်ခံလိုက်ပြီးသားဖြစ်သည်။
ဒီဆရာတူညီလေး၏အနာဂတ်အောင်မြင်မှုတွေက သူ့မမျှော်မှန်းနိုင်တဲ့အဆင့်မှာဖြစ်နေမယ်မှန်း သူသိသည်။
ယဲ့ဖန်က ဒဏ္ဍာရီလာသိုင်းပညာရှင်ကြီးအဆင့်ကိုတောင် ရောက်ချင်ရောက်သွားနိုင်သည်။
ထို့ကြောင့် မနာလိုခြင်းကို သိပ်မခံစားရတော့ပေ။
ရှုကျင်းရှင်းအပေါ်ထားရှိသည့်ခံစားချက်တွေကို သူ့ရင်ထဲမှာသာ သိမ်းဆည်းထားလိုက်တော့သည်။
ရှုကျင်းရှင်းကဲ့သို့မိန်းကလေးမျိုးကို သူ လက်လှမ်းမမီကြောင်း အခုသိလိုက်ရပြီဖြစ်သည်။
ဆရာကြီးအဆင့်လူတွေကဘဲ သူမနဲ့ ထိုက်တန်တာများလား။
....................
တစ်ရက်ကြာပြီးနောက်။
ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)ထဲတွင် ရှန်းပိုင်ထျန်းသည် သူမ၏နှာခေါင်းကို တစ်ရှူးဖြင့်စို့ထားရသည်။
" ယဲ့ဖန်၊ နင့်ခြေအိတ်အနံ့တွေက မပြင်းလွန်းဘူးလား "
တစ်ရှူးခံထားတာတောင်မှ အနံ့ပြင်းကို မတားနိုင်ပေ။
ယဲ့ဖန်ကိုအကူအညီတောင်းပြီးတဲ့နောက် သူ၏ခြေအိတ်တွေကို လျှော်ပေးမယ်ဟု ကတိပေးထားပေမဲ့ ပတ်ပြေးနေခဲ့သည်။
ဒီနေ့တွင် သူမ ကျောင်းကပြန်လာတဲ့အခါ ယဲ့ဖန်က သူမကို ဝင်ပေါက်ဝမှ ပိတ်ဖမ်းခဲ့သည်။ ထို့နောက် အိမ်ထဲကိုဆွဲခေါ်လာပြီး သူမ၏နာကျင်စရာခရီးလမ်းက စတင်ခဲ့ရသည်။
" အနံ့ပြင်းပြင်းကြောင့်မဟုတ်ရင် ကိုယ့်ဟာကိုယ်လျှော်တော့မှာပေါ့ "
ယဲ့ဖန်က ဆိုဖာပေါ်တွင် ဇိမ်ကျကျမှီပြီး ရေနွေးကြမ်းသောက်လျက် စာအုပ်ဖတ်နေသည်၊
" နင် ဒီလောက်ချမ်းသာနေတာကို ဒီခြေအိတ်တွေကို ဂရုစိုက်နေသေးတာလား။ ဘာလို့အသစ်တွေထပ်မဝယ်လဲ။ ငါ့ကို လျှော်ရအောင်မလုပ်နဲ့လေ "
ရှန်းပိုင်ထျနိးက ဖျော့တော့နေတဲ့အမူအရာလေးဖြင့် တောင်းဆိုသည်။
" အဲ့လိုမလုပ်ပါဘူး။ ချွေတာတတ်တာက ယဲ့မိသားစုရဲ့ ရှေးထုံးအစဉ်အလာဘဲ။ ကျွန်တော့်ကြောင့်ပျက်စီးသွားလို့မရဘူးလေ "
ယဲ့ဖန်က ရေနွေးကြမ်းကို ကျက်သရေရှိစွာသောက်လိုက်သည်။
" အဲ့တာဆိုလည်း 'နင်မလိုချင်တာကို သူများကို မပေးနဲ့လေ' ဆိုတဲ့ အစဉ်အလာမျိုးရော နင်တို့ ယဲ့မိသားစုမှာမရှိဘူးလား။ နင့်ခြေအိတ်တွေကို နင်မလျှော်ချင်ရင် ငါက ဘာလို့လျှော်ရမှာခဲ "
ရှန်းပိုင်ထျန်းက လက်ကိုမြှောက်ပြီး ဆန့်ကျင်နေသည်။
" 'ကိုယ်ပြောတဲ့စကားအတိုင်းလုပ်ပေးရမယ်'ဆိုတဲ့ဟာကိုဘဲ ကျွန်တော်သိတယ်။ ဒါက စီနီယာဘဲ ကတိပေးထားတာလေ။ ဘယ်လိုလုပ်ပြီး စကားကို ပြန်ရုတ်သိမ်းနိုင်ရတာလဲ "
ယဲ့ဖန်က ပြန်ရန်တွေ့လိုက်သည်။
" ဟွန့်၊ နင်သာ အဲ့မိုကုန်းကို အပြီးပြတ်ဖယ်ထုတ်ပေးနိုင်လို့ကတော့ နင့်ခြေအိတ်တွေကို အမြဲတမ်းငါ့တာဝန်ထားလိုက် "
ရှန်းပိုင်ထျန်းလည်း မတတ်နိုင်ဘဲ နံစော်နေတဲ့ခြေအိတ်တွေကို ဆက်လျှော်ဖွတ်နေရတော့သည်။
" ဘာလို့လဲ။ အဲ့ကလေးက ဆက်ပြီး အနှောင့်အယှက်ပေးနေတုန်းလား "
သူမရဲ့စကားကိုကြားပြီး ယဲ့ဖန် ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
မိုကုန်းက သင်ခန်းစာရပြီး နောက်ဆုတ်သွားမည်ဟု ယဲ့ဖန်ထင်ခဲ့သည်။
" ဟုတ်တယ်၊ သူက အခုဆို အချိန်ရတိုင်း ငါ့နားဘဲကပ်တွယ်နေတာ။ စိတ်ညစ်နေပြီ "
ရှန်းပိုင်ထျန်း၏မျက်နှာသေးသေးလေးက ရှုံ့မဲ့နေပြီး အတော်လေးချစ်စရာကောင်းနေသည်။
" ဒီမိုကုန်းဆိုတာ ဘယ်သူလဲ။ ဘာလို့ အရင်က သူ့ကို မကြားဖူးရတာလဲ။ ဒီလောက်မွှေနောက်နေရင် မသိစရာအကြောင်းမရှိပါဘူး။ ပြောရရင် သူက နာမည်မရှိတဲ့သူ မဖြစ်နိုင်ဘူးလေ "
ယဲ့ဖန်က ရှန်းပိုင်ထျန်းကို နားမလည်သလိုကြည့်လိုက်သည်၊
" သူက ဒီကို တောင်ပိုင်းကွမ်တုန်းပြည်နယ်ကနေ သိပ်မကြာသေးခင်တုန်းက ပြောင်းလာတာ။ သူ့ကို စုံစမ်းဖို့ လူလွှတ်သေးတယ်။ သူ့အရင်ကျောင်းတုန်းက ဆရာမတွေက သူက စာတော်ပြီး လူရည်မွန်တဲ့အပြင် သင်ယူတဲ့နေရာမှာလည်း ထူးချွန်တယ်တဲ့ "
ရှန်းပိုင်ထျန်းက နှုတ်ခမ်းဆူလိုက်သည်။ အဲ့ဒီအလိမ်အညာတွေကို သေချာပေါက်မယုံပေ။
" အမူအကျင့်ကောင်းတဲ့လား။ ဟားဟားဟား .... "
ယဲ့ဖန်ရယ်လိုက်သည်။
" အဲ့ဒီမိုကုန်းက ဘယ်လိုကြည့်ကြည့် အကျင့်ကောင်းတဲ့သူပုံစံမဟုတ်ဘူး "
" နည်းနည်းရယ်စရာကောင်းတယ်လို့ထင်ပေမဲ့ ဆရာမတွေအကုန်လုံးက အဲ့လိုတစ်ပုံစံတည်းဘဲပြောကြတာ။ သူက အကုန်လုံးကို လာဘ်ထိုးထားတာဖြစ်နိုင်တယ်၊ ဟုတ်တယ်မလား "
ရှန်းပိုင်ထျန်းကလည်း အတော်လေးရှုပ်ထွေးနေသည်။
" ထူးဆန်းတယ်။ ဘာလို့ အဲ့ဒီ 'ကျောင်းသားကောင်းက' မင်းကို တွယ်ကပ်နေရမှာလဲ "
ယဲ့ဖန်က မျက်မှောင်ကြုတ်ပြီး အသေအချာစဉ်းစားနေသည်။
ထိုအချိန်မှာဘဲ ဖုန်းက ရုတ်တရက်မြည်လာသည်။
ဖုန်းနံပါတ်စိမ်းဖြစ်နေသည်။
ဖုန်းကိုင်လိုက်တဲ့အခါ ချုံထျန်းကော၏အသံကို ကြားလိုက်ရသည်။
" ယဲ့လူကြီးမင်း၊ ထပ်ပြီး နှောင့်ယှက်ရလို့တောင်းပန်ပါတယ်။ ကျွန်တော့်ကို ရှန်းဘုရင်ရဲ့မြေပုံဝယ်ခိုင်းတဲ့သူက သန်း၅၀ထိ ဈေးမြှင့်ပေးဖို့ ဆန္ဒရှိပါတယ်တဲ့။ ရောင်းဖို့ ဆန္ဒရှိပါသလား "
" ဥက္ကဌချုံ၊ အဲ့ဒီလူကြီးမင်းကို ပြန်မေးပေးနိုင်မလား။ သူ့မှာ ရှန်းဘုရင်ရဲ့မြေပုံအစိတ်အပိုင်းနောက်တစ်ခုရှိရင် ကျွန်တော်က သန်း၁၀၀ပေးပြီးဝယ်ချင်ပါတယ်လို့ "
ယဲ့ဖန်က တကယ်ကိုစိတ်ရှုပ်နေပြီး သူ့အသံကလည်း သိပ်မကောင်းတော့ပေ။
" အဟမ်း၊ ယဲ့လုကြီးမင်း၊ ကျွန်တော်ကလည်း ခိုင်းလို့လုပ်ပေးရတာပ်။ ရွေးချယ်စရာ တကယ်ဘဲမရှိလို့ပါ။ နှောင့်ယှက်မိလို့တောင်းပန်ပါတယ် "
ချုံထျန်းကောက ဖုန်းချဖို့ပြင်နေချိန်တွင် ယဲ့ဖန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
" ဥက္ကဌချုံက တောင်ပိုင်းကွမ်တုန်းပြည်နယ်ကမလား။ တစ်စုံတစ်ယောက်အကြောင်း မေးချင်လို့ပါ "
အပိုင်း (၁၅၂)
အမူအကျင့်တဲ့လား။ အဲ့ကလေးမှာ အဲ့လိုအရာမျိုးမရှိဘူး။
" ယဲ့လူကြီးမင်း၊ ပြောပါ "
ဖုန်းတစ်ဖက်မှ ချုံထျန်းကောက စိတ်ရှည်ရှည်နားထောင်နေသည်။
" ဥက္ကဌချုံက မိုကုန်းဆိုတဲ့ နာမည်ကိုများ ကြားဖူးလားလို့ပါ "
ယဲ့ဖန်က ကွေ့ဝိုက်မနေဘဲ တန်းမေးလိုက်သည်။
" မိုကုန်းလား။ မိုချောင်းရှန်၊ သူဌေးမိုရဲ့ သားကို ပြောနေတာလား "
ချုံထျန်းကောက တစ်ခဏတွေးပြီးနောက် မေးလိုက်သည်။
" မိုချောင်းရှန်က ဘယ်သူလဲ "
ယဲ့ဖန် မှန်လား၊ မမှန်လား မသိတာကြောင့်ပြန်မေးလိုက်သည်။
" မိုချောင်းရှန်က တောင်ပိုင်းကွမ်တုန်းပြည်နယ်က လူသိများတဲ့စီးပွားရေးပညာရှင်ပါ။ သူက အခု စီးပွားရေးချဲ့ထွင်ဖို့ ကျုံးဟိုင်မြို့ကိုသွားတယ်လို့ ကြားထားပါတယ် "
ချုံထျန်းကောက မသေမချာဖြစ်နေသည်။
" သူ ဟုတ်မယ်ထင်တယ်။ မိုချောင်းရှန်ရဲ့သား အမူအကျင့်က ဘယ်လိုလဲ "
ယဲ့ဖန်သည် မိုချောင်းရှန်၏သရုပ်မှန်ကို အတည်ပြုပြီးတဲ့နောက် မိုကုန်းအကြောင်းကို ဆက်မေးလိုက်သည်။
" ဟားဟား၊ အမူအကျင့်တဲ့လား။ အဲ့ကလေးမှာ အဲ့လိုအရာမျိုးမရှိဘူး "
ချုံထျန်းကောက အထင်သေးသည့်အသံဖြင့်ပြောလိုက်သည်။
" သူ တောင်ပိုင်းကွမ်တုံးမှာ လုပ်ခဲ့တဲ့ကိစ္စတွေက ကောင်းကင်က အမျက်ထွက်ပြီး လူတွေရှုတ်ချရတဲ့ကိစ္စတွေလို့ ပြောရမယ် "
" လွန်ခဲ့တဲ့တလောတုန်းက သုက ကောင်မလေးတစ်ယောက်ကို ကိုယ်ဝန်ရအောင်လုပ်ခဲ့တယ်လို့ ကြားမိတယ်။ အဲ့ဒီကောင်မလေးက အရှက်ဒေါသကြောင့် တိုက်ပေါ်ကနေ ခုန်ချပြီးသတ်သေသွားတယ်တဲ့။ ကောင်မလေးရဲ့မိသားစုကလည်း တော်တော်လေးအာဏာရှိတော့ အဲ့ဒီမိုကုန်းဆိုတဲ့ကလေးကိုသတ်ဖို့ ကြေးစားလူသတ်သမားငှားပုံရတယ်။ အဲ့တာကြောင့် မိုချောင်းရှန်က သူ့သားကို ကျုံးဟိုင်ကို ခေါ်သွား ........... "
ချုံထျန်းကောက မိုကုန်းလုပ်ခဲ့တဲ့ လူမဆန်တဲ့ကိစ္စတွေကို ဆက်ပြီးပြောနေတာကြောင့် ယဲ့ဖန်က သူ့ရဲ့အပြစ်တင်ပြောဆိုနေတာကို ကြားဖြတ်ပြောလိုက်သည်။
" ကောင်းပြီ၊ အနည်းနဲ့အများ နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်၊ ဥက္ကဌချုံ "
သူသာ ဆက်ပြီးနားထောင်နေပါက လူတွေအပေါ်အမြင်တွေပါ ပြောင်းကုန်လိမ့်မည်။
" ယဲ့လူကြီးမင်းက ကြင်နာလွန်းနေပါပြီ။ ရှန်းဘုရင်ရဲ့လျှိူ့ဝှက်ရတနာမြေပုံကို ရောင်းဖို့ထပ်ပြီး မစဉ်းစား ......... "
တီ
ယဲ့ဖန်က ဖုန်းချလိုက်ပြီး ရှန်းပိုင်ထျန်းဘက်ကို လှည့်ကြည့်လိုက်သည်။
ချုံထျန်းကောနှင့်ဖုန်းပြောနေစဉ်က ယဲ့ဖန် ဖုန်းစပီကာဖွင့်ထားခဲ့သည်။
ရှန်းပိုင်ထျန်းလည်း မိုကုန်းလုပ်ခဲ့သည့် ညစ်ပတ်တဲ့ကိစ္စတွေကို ကြားခဲ့သည်၊
" မိုကုန်းက အဲ့လောက်ရွံစရာကောင်းမယ်လို့ ထင်မထားခဲ့ဘူး "
ရှန်းပိုင်ထျန်းသည် လက်ထဲမှနံစော်နေတဲ့ခြေအိတ်တွေကို မိုကုန်းဟုမှတ်ပြီး တဗြင်းဗြင်းတိုက်လျှော်နေခဲ့သည်။
" သူ့ကို အမှိုက်သရိုက်လို့ခေါ်ရင်တောင် အမှိုက်သရိုက်ဆိုတဲ့စကားလုံးကို စော်ကားရာရောက်နေလိမ့်မယ် "
ယဲ့ဖန်က ဖြည့်ပြောလိုက်သည်။
" ဒါပေမဲ့ ကျုံးဟိုင်တက္ကသိုလ်မှာ မိန်းကလေးတွေအများကြီးရှိပါတယ်။ ဘာလို့ ငါ့ကိုလာရွေးတာလဲ "
ရှန်းပိုင်ထျန်းက အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။
" မင်းမိသားစုက ချမ်းသာပြီး မင်းကလည်းလှတယ်လေ။ သူတို့က မင်းကို ပစ်မှတ်ထားတာ ထူးဆန်းလို့လား "
ယဲ့ဖန်ကမေးလိုက်သည်။
" နင် ငါ့ကို လှတယ်လို့ပြောတာ ပထမဆုံးအကြိမ်ဘဲ "
ရှန်းပိုင်ထျန်းက ရှက်ရှက်နဲ့ ချက်ချင်းခေါင်းကို အောက်ငုံ့လိုက်သည်။
" သခင်မလေး၊ အဲ့တာက အဓိကမဟုတ်ဘူး။ မိုကုန်းကို ကပ်တွယ်နေရာက ဘယ်လိုခွာထုတ်ရမလဲဆိုတာ အဓိက မဟုတ်ဘူးလား "
" အရေးမကြီးပါဘူး။ အရင်ကလည်း သူ့ကိုမကြိုက်ဘူး။ အခု သူ့ရဲ့ရွံစရာစရိုက်ကိုသိလို့ ပိုတောင်ရွံသေးတယ်။ အဲ့အကြောင်းဆက်မတွေးဘဲနေရအောင်။ ညစာ အပြင်ထွက်စားကြမလား။ ငါဝယ်ကျွေးမယ်လေ "
" ခြေအိတ်တွေလျှော်တာ မပြီးသေးဘူးလေ။ လာလှည့်စားဖို့မကြိုးစားနဲ့ "
" အိုက်ယား၊ ဒီခြေအိတ်တွေကို လျှော်ပေမဲ့ ထမင်းကတော့ စားရဦးမှာပေါ့။ စားပြီးလို့ပြန်လာရင် လျှော်ပါ့မယ် "
" အဲ့လိုမှပေါ့ "
..............
ယဲ့ဖန်နှင့် ရှန်းပိုင်ထျန်းတို့ စားသောက်ပြီးကြ၍ ကျုံးထျန်းကန်သာယာစံအိမ်တွေဆီသို့ပြန်ဖို့ပြင်နေချိန်မှာဘဲ စနစ်အကြောင်းကြားစာက ရုတ်တရက်မြည်လာသည်။
[ အခွင့်အရေးအသစ်ကို ရှာဖွေတွေ့ရှိထားပါသည်။ မိုကုန်း၏ မကောင်းမှုကို တားဆီးပါ။ ]
ယဲ့ဖန်သည် စနစ်၏အကြောင်းကြားစာသံကိုကြားတဲ့အခါ တစ်ခဏကြောင်သွားသည်။
စနစ်ပေါ်မလာတာ အတော်ကြာပြီဖြစ်သည်။
စနစ်က ဘယ်တော့မှ ထပ်မပေါ်လာတော့ဘူးဟုတောင် ယဲ့ဖန် ထင်ခဲ့မိသည်။
ဒါကြောင့် ဒီအတောအတွင်း ကွန်ဖူးကို အားစိုက်လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။
သူ့ခွန်အားကိုတိုးမြင့်ထားမှ သူ့ကိုယ်သူနှင့် သူ ကာကွယ်ပေးချင်တဲ့သူတွေကို ကာကွယ်ပေးနိုင်မှာဖြစ်သည်။
စနစ်ထပ်ပေါ်လာမည်ဟု ထင်မထားခဲ့ချေ။
ပို၍အံ့ဩမိသည်က စနစ်ကပေးသည့်တာဝန်သည် မိုကုန်းနှင့် ဆက်စပ်နေသည်။
အဲ့ဒီမကောင်းဆိုးဝါးကောင်က မကောင်းတဲ့အလုပ်တွေထပ်လုပ်နေပြန်ပြီလား။
" ဘယ်ကိုသွားနေတာလဲ "
ယဲ့ဖန်သည် လမ်းကြောင်းပြောင်းလိုက်တာကြောင့် ရှန်းပိုင်ထျန်းက မေးလိုက်သည်။
" ငါတို့ဟိုရောက်ရင် သိပါလိမ့်မယ် "
ယဲ့ဖန်က ဆက်ပြီးရှင်းပြမနေတော့ဘဲ စနစ်ညွှန်ကြားတဲ့လမ်းအတိုင်းဆက်လိုက်လာခဲ့ကာ မကြာခင်တွင် မြေအောက်ကားပါကင်တစ်ခုဆီသို့ရောက်သွားခဲ့သည်၊
" ကယ်ကြပါဦး ...... "
ကားကို ပါကင်ထိုးပြီးတဲ့နောက် မိန်းကလေးတစ်ယောက်၏တုန်လှုပ်နေသည့် အော်ဟစ်အကူအညီတောင်းသံကိုကြားလိုက်ရသည်။
" ဒီမှာ ဘာတွေဖြစ်နေတာလဲ "
ရှန်းပိုင်ထျန်း၏မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့တဲ့အမူအရာကပေါ်လာသည်။
ယဲ့ဖန်ဖြေစရာပင်မလိုဘဲ သူမ အဖြေရသွားခဲ့သည်၊
လွတ်နေသည့်ပါကင်တစ်နေရာတွင် ယောက်ျားတစ်ယောက်က ဘေ့စ်ဘောရိုက်တံကို ယမ်းပြီး မိန်းမတစ်ယောက်ကို ရိုက်နှက်နေသည်။
သူမအနောက်တွင် အနက်ရောင်ဝတ်စုံနဲ့ခပ်တောင့်တောင့်လူတစ်ချို့ကဝိုင်းထားပြီး သူမကို ပြေးပေါက်မရှိအောင်ပိတ်ထားသည်။
ထိုယောက်ျားကို မြင်လိုက်ရတဲ့အခါ ရှန်းပိုင်ထျန်းလန့်သွားသည်။
ထိုယောက်ျားက တခြားသူမဟုတ်ဘဲ မိုကုန်းဖြစ်နေခဲ့သည်။
ထိုအချိန်တွင် အဲ့ဒီမိန်းကလေးကို သူက လူမှန်းသူမှန်းမသိအောင်ထိ ရိုက်နှက်ထားသည်။
သူမဆံပင်တွေလည်းကျွတ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သွေးတွေပေနေသည်။ မြေကြီးပေါ်တွင် ကွေးကွေးလေးလဲနေကာ လှုပ်ရှားမှုမရှိဘဲ ပါးစပ်လှုပ်ရုံမျှသာ အကူအညီဆက်တောင်းနေခဲ့သည်။
" ရပ်လိုက် "
ရှန်းပိုင်ထျန်းက အော်ပြီး ကားထဲမှထွက်လိုက်သည်။
ယဲ့ဖန်က သူမ အန္တရာယ်ဖြစ်မှာစိုးရိမ်တာကြောင့် ချက်ချင်း သူမ အနောက်မှလိုက်သွားခဲ့သည်။
မိုကုန်းက ဘေ့စ်ဘောရိုက်တံကို ဝှေ့ယမ်းပြီးထပ်ရိုက်တော့မယ့်အချိန်မှာဘဲ ရှန်းပိုင်ထျန်း၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။
မိုကုန်းက ဘေ့စ်ဘောရိုက်တံကို သူ့နောက်က အနက်ရောင်ဝတ်စုံဖြင့်ခပ်တောင်တောင်လူကြီးဆီသို့ အမြန်ပစ်ပေးလိုက်သည်။
" ပိုင်ထျန်း၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ "
ဘေ့စ်ဘောရိုက်တံကို ထိုလူကြီးဆီပစ်ပေးပြီးတဲ့နောက် သူက အပြစ်ကင်းတဲ့ပုံစံ ချက်ချင်းဟန်ဆောင်လိုက်သည်။
သူက အဲ့လိုဟန်ဆောင်လေလေ၊ ရှန်းပိုင်ထျန်းက ရွံလေလေဖြစ်သည်။
သူမက ချက်ချင်းမေးလိုက်သည်။
" မိုကုန်း၊ ရှင် လူမှဟုတ်ရဲ့လား။ မိန်းကလေးတစ်ယောက်ကို ဘာလို့ အဲ့လောက်ရက်စက်နိုင်ရတာလဲ "
သူမ မေးခွန်းကိုကြားပြီး မိုကုန်းက အပြစ်ကင်းတဲ့ပုံစံနဲ့သာ ဆက်နေနေသည်။
" ပိုင်ထျန်း၊ ဒါက မင်းထင်နေသလိုမဟုတ်ဘူး။ ဒါက ...... ဒီမိန်းမက ကိုယ့်ပစ္စည်းတွေကိုခိုးသွားတာ။ အဲ့တာကြောင့် နည်းနည်းလေး သင်ခန်းစာပေးနေတာပါ "
ရှန်းပိုင်ထျန်းက ဒေါသထွက်လာသည်။
" ဒါကို သင်ခန်းစာနည်းနည်းလေးလို့ခေါ်တာလား။ ရှင်ဆက်ရိုက်နေရင် သူမက သေတော့မှာ "
မိုကုန်းက လက်ကိုချက်ချင်း ခါယမ်းပြသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိပါတယ် "
" ဒီလိုလူမျိုးကို တခြားသူပစ္စည်းထပ်မခိုးဖို့ မှတ်လောက်သားလောက်အောင်လုပ်ပေးမှဖြစ်မှာ "
ထိုအချိန်တွင် မြေကြီးပေါ်တွင်လဲနေသောကောင်မလေးက ခက်ခက်ခဲခဲအားယူပြောသည်။
" ကျွန်မ ...... ကျွန်မ သူ့ဆီက ဘာမှမခိုးပါဘူး။ သူက ကျွန်မကို မု*ိမ်းကျင့်ပြီးတော့ ရဲခေါ်ရင် တစ်မိသားစုလုံးကို သတ်မယ်လို့ ခြိမ်းခြောက်လို့ပါ ........ "
" ခွေးမ၊ နင်က ငါ့ကို စွပ်စွဲရဲတယ်ပေါ့ "
ထိုမိန်းကလေးရဲ့စကားကိုကြားပြီး မိုကုန်းမျက်နှာအမူအရာက ချက်ချင်းပြောင်းသွားခဲ့သည်။
သူ့လက်အောက်ငယ်သားဆီက ဘေ့စ်ဘောရိုက်တံကို လှမးယူလိုက်ပြီး လွှဲရိုက်ဖို့ပြင်လိုက်ပေမဲ့ ဘေ့စ်ဘောရိုက်တံက မြေပေါ်မရောက်ခင်မှာဘဲ ယဲ့ဖန်က ရှေ့တက်လာသည်။
စက္ကန့်ပိုင်းအတွင်းမှာဘဲ ယဲ့ဖန်က သူ့အရှေ့မှာပေါ်လာခဲ့သည်။
မိုကုန်း၏အမြင်တွေက ဝေဝါးသွားပြီး သူ့လက်ထဲက ရိုက်တံက အစအနမရှိပျောက်သွားသည်။
ထို့နောက် အသံကျယ်ကြီးထွက်လာသည်။
ရိုက်ခံလိုက်ရတဲ့အသံက မြေအောက်ကားပါကင်တစ်ခုလုံးပဲ့တင်ထပ်သွားခဲ့သည်။