အပိုင်း ၁၅၇-၁၆၀
Vol. 8 Ch. 157-160
အပိုင်း (၁၅၇)
ရှင် ပြဿနာတက်နေပြီ။
" သန်မာတဲ့နဂါးက နယ်ခံမြွေကို မနိုင်နိုင်ဘူးတဲ့။ ယဲ့ဖန်က ကျုံးဟိုင်မှာ အချိတ်အဆက်တွေရှိတယ်။ ဘယ်လိုလုပ်ပြီး မင်းပြောသလို အကြမ်းဖက်ဖြေရှင်းလို့ရမှာလဲ "
မိုချောင်းရှန်းက သူ့မိန်းမကို စိုက်ကြည့်လိုက်သည်။
ထိုအမျိုးသမီးက ချက်ချင်းပို၍စိတ်ပူပန်လာတော့သည်။
" အဲ့တာဆို ကျွန်မတို့ ဘယ်လိုလုပ်သင့်တယ်လို့ရှင်ထင်လဲ "
မိုချောင်းရှန်းက မျက်မှောင်ကြုတ်ပြီး တစ်ခဏစဉ်းစားနေလိုက်သည်။
" ငါတို့အတွက် အခုလောလောဆယ် အရေးအကြီးဆုံးက နျုံလူကြီးမင်းရဲ့တာဝန်ကို ပြီးဖို့ဘဲ။ ရှန်းကွမ်းလင်းဆီက ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံအပိုင်းကို ရမှဖြစ်မယ် "
ထိုအခါ သူ့မိန်းမက ချက်ချင်း မကျေမနပ်ဖြစ်သွားသည်။
" ကျွန်မတို့သားက ထောင်ထဲဝင်ရတော့မယ့်အခြေအနေဖြစ်နေတာကို ရှင်က နျုံလူကြီးမင်းအကြောင်း စဉ်းစားနေတုန်းလား "
မိုချောင်းရှန်းက သူမကို စိုက်ကြည့်လိုက်သည်။
" မင်းဘာသိလဲ။ နျုံလူကြီးမင်းရဲ့တာဝန်ာကို ပြီးသွားရင် ထောင်ထဲသွားဖို့ မပြောနဲ့ ချက်ချင်း ကွပ်မျက်ခံရမယ်ဆိုရင်တောင် နျုံလူကြီးမင်းက သူ့ကိုကယ်တင် နိုင်မှာ "
ထိုသို့ပြောပြီးနောက် သားဖြစ်သူကို ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်သည်။
" ရှန်းပိုင်ထျန်းကိုလိုက်ဖို့ မင်းကိုငါပြောထားတယ်။ အဲ့တာကို မင်းကဘာလို့ ယဲ့ဖန်ဆိုတဲ့အကောင်ကို သွားဆွနေရတာလဲ "
မိုကုန်းသည် မတရားခံရသည့်အမူအရာဖြင့် ခေါင်းငုံ့လိုက်သည်။
* ကျွန်တော် သူ့ကို မနှောင့်ယှက်ချင်ပါဘူး။ သူကသာ ကျွန်တော် ရှန်းပိုင်ထျန်းကိုလိုက်တာကို တားနေတာမလို့ သူ့ကို လက်တုံ့ပြန်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတာပါ ........ "
မိုချောင်းရှန်းက သူ့ခေါင်းကို ပုတ်လိုက်သည်။
" ငါ မင်းလို ဒီလောက်အသုံးမကျတဲ့ကောင်ကို ဘယ်လိုများမွေးခဲ့မိပါလိမ့်။ မင်းက ယဲ့ဖန်နဲ့ အသက်ရွယ်တူလောက်ဘဲကို ဘယ်လိုဖြစ်ပြီး မင်းက လှည့်စားခံနေရတာလဲ "
မိုကုန်းသည် သနားစရာကောင်းသည့်မျက်နှာဖြင့် သူ့အဖေကို ကြည့်လိုက်သည်။
" အဖေ၊ အဲ့ကောင်က တကယ်ထူးဆန်းတာ။ သူ့ပုံစံက တက္ကသိုလ်ကျောင်းသားပုံစံနဲ့ကိုမတူဘူး။ သူ့ကြည့်ရတာ မြေခွေးအိုကြီးလိုဘဲ။ အဖေတောင်ယှဉ်နိုင်မယ်မထင်ဘူး "
မိုချောင်းရှန်းက ထရပ်လိုက်သည်၊
" ဟားဟားဟား၊ ငါကတောင် သူ့ကိုမယှဉ်နိုင်ဘူးတဲ့လား။ အဲ့လိုဆို အဲ့ဒီမြေခွေးလေးကို ကိုယ်တိုင်ကိုယ်ကျတွေ့ပြီး သူ့မှာ အမြီးဘယ်နှစ်ချောင်းပါလဲဆိုတာကြည့်ကြသေးတာပေါ့ "
မိုကုန်း၏နှုတ်ခမ်းထောင့်က အလိုအလျောက်ကွေးတက်သွားသည်။
သူ့ကို အသုံးမကျတဲ့အမှိုက်ကောင်လို့ ဘယ်သူကပြောလဲ။
အခုလေးတင်ဘဲ သူ့အဖေကိုလှည့်စားပြီး ယဲ့ဖန်ကိုသွားတွေ့အောင် ပြောလိုက်နိုင်တာမဟုတ်လား။
ယဲ့ဆိုတဲ့အကောင်၊ ဒီတစ်ခါတော့ မင်းတကယ်သေပြီ။
.................
ညနေခင်းတွင် ကျုံးဟိုင်မြို့အတွင်းရှိ အဆင့်မြင့်ကလပ်တစ်ခု၌ သီးသန့်ပါတီပွဲတစ်ခုကျင်းပနေသည်။
ဖက်ရှင်ကျကျဝတ်ဆင်ထားတဲ့ အမျိုးသားအမျိုးသမီးများက ကခုန်သည့်နေရာတွင် အရိုင်းဆန်ဆန်လှုပ်ယမ်းကခုန်နေကြသည်။
လုရှောင်ရဝင်လာတဲ့အခါ ဆူညံနေတဲ့ပါတီပွဲက ချက်ချင်းဆိုသလိုတိတ်ဆိတ်သွားခဲ့သည်။
ယောက်ျား၊ မိန်းမ အားလုံးက သူမကို တရိုတသေလာရောက်နှုတ်ဆက်ကြရသည်။
" အစ်မရှောင်ရ၊ ရှင်ရောက်လာပြီလား "
" မင်္ဂလာပါ၊ အစ်မရှောင်ရ "
" ဘာသောက်မလဲ၊ အစ်မရှောင်ရ "
" ......… "
လုရှောင်ရက ပီကေဝါးနေပြီး လူအုပ်ကြီးကို လက်ဝှေ့ယမ်းပြလိုက်သည်။
" နင်တို့ဘာသာလုပ်စရာရှိတာလုပ်။ ဘာလို့ ငါ့ကိုဘဲကြည့်နေကြတာလဲ "
ထိုအခါမှ လူအုပ်ကြီးက လူစုခွဲသွားကြတော့သည်။
ပါတီကို အခုမှပထမဆုံးလာဖူးတဲ့ကောင်မလေးက သူဘေးကတစ်ယောက်ကို အသံတိုးတိုးလေးဖြင့် ချက်ချင်းမေးလိုက်သည်။
" အဲ့မိန်းကလေးက ဘယ်သူလဲ။ ဘာလို့ လူတိုင်းက ကြောက်နေရတာလဲ "
ထိုကောင်မလေးရဲ့အဖော်က အသံတိုးတိုးလေးဖြင့် ပြန်ရှင်းပြသည်။
" နင် လုရှောင်ရကိုတောင် မသိဘူးလား။ သူမက လုဟန်ရှန်းရဲ့သမီးလေ "
" လုဟန်ရှန်းက ဘယ်သူလဲ "
ထိုကောင်မလေးက ပိုလို့တောင် နားမလည်ဖြစ်သွားသည်။
" လုဟန်ရှန်းက ဘယ်သူလဲဆိုတာ နင်မသိဘူးလား "
ထိုကောင်မလေးက ခေါင်းကိုကုတ်လိုက်သည်။
" လုဟန်ရှန်းကိုမသိတာ ရှက်စရာကောင်းတဲ့အဖြစ်မလို့လား "
သူမ သူငယ်ချင်းက မျက်လုံးကိုလှန်လိုက်သည်။
" လုဟန်ရှန်းက ကျုံးဟိုင်မှာ ဩဇာရှိလူတစ်ယောက်ဘဲ။ သူက မြေအောက်လောကနဲ့ရော အစိုးရနဲ့ပါ အဆက်အသွယ်တွေရှိတယ်။ နင် ဘယ်လိုလုပ်ပြီး သူ့ကိုမသိရတာလဲ "
ထိုကောင်မလေးက လက်မခံသည့်အပြုံးမျိုးပြုံးသည်။
" နင်ဝတ္ထုတွေဖတ်တာများနေပြီလား။ ဘယ်လိုလုပ်ပြီး လူတစ်ယောက်က နှစ်ဖက်လုံးရပ်တည်လို့ရမှာလဲ။ သူက ရှဲ့ဝမ်တုန်းမလို့လား "
" ငါပြောတာယုံစမ်းပါ။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ခိုးဆိုးလုနှိုက်တစ်ယောက်က မူးရူးပြီးတော့ လုဟန်ရှန်းရဲ့သမီးကို မုဒိမ်းကျင့်မယ်လို့ တစ်ယောက်ယောက်ကို ကြွားပြီးပြောလိုက်တာလေ။ ဘာဆက်ဖြစ်သွားတယ်ထင်လဲ "
ထိုကောင်မလေးက စိတ်ဝင်စားသွားသည်။
" ဘာဖြစ်သွားလဲ "
သူမသူငယ်ချင်းက အသံကိုတိုးတိုးလေးဖြင့်ပြောသည်။
" အဲ့ဒီညမှာ အဲ့ဒီလမ်းဘေးကောင် အသတ်ခံလိုက်ရတာ။ သူ့အလောင်းကို ရက်တော်တော်ကြာမှရှာတွေ့ပြီးတော့ ပုတ်တောင်ပုတ်နေပြီတဲ့ "
ထိုကောင်မလေး၏အမူအရာကပြောင်းသွားသည်။
" ရဲတွေက လိုက်မစုံစမ်းဘူးလား "
သူမ သူငယ်ချင်းက ရယ်လိုက်သည်။
" ရဲတွေက ဘာသဲလွန်စမှရှာမရဘူး။ ပြီးတော့ လုဟန်ရှန်းက နေရာတိုင်းမှာ မျက်လုံးနဲ့နားတွေရှိတယ်။ နင့်မှာ သဲလွန်စရှိရင်တောင် ဘာတတ်နိုင်မှာမလို့လဲ "
ထိုကောင်မလေးက မယုံကြည်နိုင်သေးပေ။
" တကယ်ကြီးလား။ နည်းနည်းလေး ချဲ့ကားရာမရောက်နေဘူးလား "
သူမ သူငယ်ချင်းက ခပ်ထေ့ထေ့ကြည့်လိုက်သည်။
" နင်ကတော့ တုံးလိုက်တာ။ ကမ္ဘာကြီးက နင်ထင်ထားတာထက် ပိုရှုပ်ထွေးတယ်။ ငါနင့်ကိုတစ်ခုထပ်ပြောပြဦးမယ်။ နင်က ကျုံးဟိုင်တက္ကသိုလ်ကမလား။ နင် ယဲ့ဖန်ကို သိတယ်၊ မဟုတ်လား "
လုရှောင်ရ သူတို့နှစ်ယောက်နဲ့ သိပ်မဝေးတဲ့နေရာမှာထိုင်ပြီး သူတို့ပြောနေတာကို ကြားနေရသည်၊
အထူးသဖြင့် သူမ အဖေအကြောင်းကိုပြောသံကြားနေရတဲ့အခါ ရယ်သာရယ်ချင်နေတော့သည်။
သို့ပေမဲ့ 'ယဲ့ဖန်'ရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါ လုရှောင်ရ၏အမူအရာချက်ချင်းပြောင်းသွားပြီး သူတို့ဆီကို လျှောက်သွားခဲ့သည်။
" ယဲ့ဖန်က ဘာဖြစ်လို့လဲ "
ထိုကောင်မလေးနှစ်ယောက်က လုရှောင်ရရဲ့အသံကိုကြားပြီး ကြောင်လွန်းလို့ မျက်နှာတစ်ခုလုံးဖြူဖတ်သွားတော့သည်။
" ငါ နင့်ကိုမေးနေတယ်လေ၊ ယဲ့ဖန် ဘာဖြစ်လို့လဲ "
လုရှောင်ရက ယဲ့ဖန်အကြောင်းကိုပြောလာသည့်ကောင်မလေးကို စူးစိုက်ကြည့်နေသည်။
" ကျွန်မ ကြားဘဲကြားခဲ့တာပါ၊ မှန်မမှန်မသိပါဘူး ..... "
" ပြော "
" ကျွန်မကြားသလောက် ကျုံးဟိုင်တက္ကသိုလ်မှာ မိုကုန်းဆိုတဲ့ကျောင်းသားက ယဲ့ဖန်ရဲ့ကောင်မလေးကို လုဖို့ကြိုးစားနေတာပါ ...... "
" နေဦး၊ ယဲ့ဖန်မှာ ကောင်မလေးရှိတယ်လို့ နင်ပြောလိုက်တာလား ..... "
လုရှောင်ရက စကားဖြတ်ပြောလိုက်တာကြောင့် ထိုကောင်မလေးက ကြောင်သွားသည်။
" သူမနာမည်က ရှန်းပိုင်ထျန်းလို့ခေါ်တယ်ထင်ပါတယ် "
" ရှန်းပိုင်ထျန်းလား "
လုရှောင်ရက မျက်မှောင်ကြုတ်လိုက်သည်။
" ဆက်ပြော "
" မိုကုန်းက ရှန်းပိုင်ထျန်းကို တွယ်ကပ်နေတာကြောင့် သူ့ကို သင်ခန်းစာတစ်ချို့ပေးလိုက်တယ်တဲ့ ...... "
" ပြီးတော့ရော "
" မိုကုန်းရဲ့မိသားစုက အတော်လေးအင်အားကြီးတာကြောင့် သူ့အဖေက ယဲ့ဖန်နဲ့တွေ့ပြီး စကားပြော၊ သတိပေးတာလုပ်ဖို့ ပြင်နေပါတယ်တဲ့ ...... "
" ဘာဆက်ရှိသေးလဲ "
" ကျွန်မကြားထားတာ ဒါအကုန်ပါဘဲ။ ဘာမှထပ်မသိတော့ပါဘူး "
လုရှောင်ရ မေးခွန်းအနည်းငယ်ဆက်မေးပေမဲ့ ထိုကောင်မလေးက ဘာမှမသိဘူးဟုသာဖြေသည်။
ထို့ကြောင့် ဆက်မမေးတော့ဘဲ ဖုန်းကိုချက်ချင်းထုတ်ကာ သူမ အဖေကို ဆက်လိုက်ပြီး မိုကုန်း၏နောက်ခံအကြောင်းကို စုံစမ်းပေးဖို့ပြောလိုက်သည်။
...................
ယဲ့ဖန်သည် ရှန်းမိသားစုဆီမှပြန်လာပြီးတဲ့နောက် တစ်နေ့လယ်ခင်းလုံး ရှန်းဘုရင်၏လျှို့ဝှက်ရတနာမြေပုံကို စစ်ကြည့်နေခဲ့သည်။
စိတ်မကောင်းစွာနဲ့ ထိုအစိတ်အပိုင်းသုံးခုက ဆက်မရသေးပေ။
သို့ပေမဲ့ သုံးခုလုံးကို အချိန်တိုအတွင်းမှာဘဲ စုနိုင်ခဲ့တာကြောင့် မျှော်လင့်ချက်ရောင်ခြည်ရှိနေသေးသည်။
ဒါနဲ့တင် သူမျှော်လင့်ထားတာထက် အတော်လေးကျော်လွန်နေပြီဖြစ်သည်။
သူသည် သမိုင်းတစ်လျှောက်မှာ ရှန်းဘုရင်၏လျှို့ဝှက်ရတနာမြေပုံအားလုံးကိုစုဆောင်းနိုင်သည့်ပထမဆုံးလူ တကယ်ဘဲဖြစ်လာနိုင်သည်။
ရတနာတွေကို စိတ်မဝင်စားသော်လည်း သမိုင်းဝင်အောင်နိုင်သူရှန်းယွီရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေရမည်က အတော်လေးအဓိပ္ပာယ်ရှိလေသည်။
မြေပုံသုံးပိုင်းကို စစ်ဆေးနေစဉ်မှာဘဲ လုရှောင်ရဆီက ဖုန်းဝင်လာသည်။
" ယဲ့ဖန်၊ ရှင်ပြဿနာတက်နေပြီ။ ပြဿနာအကြီးကြီးကိုတက်နေပြီ "
အပိုင်း (၁၅၈)
တကယ်တော့ ကိုယ်ကလည်း ရက်စက်ကြမ်းကြုတ်တဲ့အကျင့်စရိုက်နဲ့လူဘဲ။
ယဲ့ဖန်က လုရှောင်ရရဲ့ တွေ့ကရာစကားကိုကြားတဲ့အခါ ရယ်လိုက်မိသည်။
" ဘာကိစ္စထဲပါမိလို့လဲ။ ဘာလို့ သေချာရှင်းမပြတာလဲ "
" ရှင် မိုချောင်းရှန်းဆိုတဲ့သူကို သွားပြဿနာရှာမိလား "
" မိုချောင်းရှန်းလား။ သူ့သားက မိုကုန်းဟုတ်တယ်မလား။ သူ့သားကသာ ကိုယ့်ကို လာပြဿနာရှာတာ "
" ရှန်းပိုင်ထျန်းကြောင့်လား "
" ဘယ်လိုလုပ်ပြီးသိတာလဲ "
" ဘယ်လိုသိတာလဲဆိုတာ မပူပါနဲ့။ နောက်နှစ်ရက်လောက် ရှင် ရှောင်နေလိုက်၊ မဟုတ်ရင် အန္တရာယ်ရှိလိမ့်မယ် "
" ဘာတွေဖြစ်နေတာလဲ "
" အဲ့ဒီ မိုချောင်းရှန်းက ရှင်တဲ့တိုက်ရိုက်စကားပြောချင်နေတယ်တဲ့။ ရှင့်ကို မကောင်းတာလုပ်လိုက်မှာစိုးရိမ်လို့ပါ "
" ဘာလို့လဲ။ သူက ကိုယ့်ကိုသတ်နိုင်မှာတဲ့လား "
" ဒီလူကို လျှော့မတွက်နဲ့။ ကျွန်မ အဖေကိုပြောပြီး သူ့ရဲ့နောက်ခံကို စုံစမ်းပြီးပြီ။ ဒီလူက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ အာဏာရှိပုံရတယ်။ သူက ရက်စက်တဲ့အကျင့်စရိုက်ရှိတဲ့သူဖြစ်မှာ စိုးရိမ်လို့ပါ "
" ကိုယ်မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ ကိုယ်က တကယ်တော့ ရက်စက်တတ်တဲ့သူဘဲ "
" ရှင့်ကိုနောက်နေတာမဟုတ်ဘူးနော် "
" ကိုယ်လည်းနောက်နေတာမဟုတ်ပါဘူး။ ကိုယ်က ပြဿနာမဖြစ်ချင်ပေမဲ့ ပြဿနာတွေကို ကြောက်နေတာတော့လည်းမဟုတ်ဘူး။ မိုချောင်းရှန်းနေနေ မိုချောင်းရှီးနေနေ ဂရုမစိုက်ဘူး။ ကိုယ့်ကိုလာရှုပ်ရဲရင်တော့ မေ့မရတဲ့သင်ခန်းစာပေးလိုက်ဖို့ ဝန်မလေးဘူး "
ယဲ့ဖန်၏ယုံကြည်ချက်ရှိပြီးဩဇာညောင်းတဲ့စကားလုံးတွေကြားပြီးနောက် လုရှောင်ရ ဘာမှဆက်ပြောစရာမရှိတော့ပေ။
တကယ်တော့ သူမသည် ယဲ့ဖန်၏အကြောက်အလန့်ကင်းသောစိတ်နေသဘောထားကို လေးစားသည်။
သူ့ပုံစံက သူမအဖေ၏အရိပ်အယောင်လိုခံစားချက်မျိုးရသည်။
" မနက်ဖြန်နေ့လယ်အားလား။ ကျွန်မ ရှင်နဲ့ပြောစရာရှိတယ် "
" ဘာပြောမှာလဲ "
ယဲ့ဖန်က အနည်းငယ်နားမလည်ဖြစ်သွားသည်။
" ဖုန်းထဲကနေ သေချာရှင်းပြလို့မရဘူး။ မနက်ဖြန်တွေ့ပြီးပြောကြတာပေါ့။ နောက်ကျ လိပ်စာပို့လိုက်မယ်။ ရှင် ကျွန်မကို လာကြိုလိုက် "
လုရှောင်ရက ပြောပြီးတဲ့နောက် ဖုန်းချလိုက်သည်။
ယဲ့ဖန်က ခေါင်းကိုခါပြီး ပြုံးလိုက်သည်။
သို့ပေမဲ့ သူ အတော်လေးစိတ်လှုပ်ရှားသွားရသည်။
လုရှောင်ရက သူ့ရဲ့လုံခြုံရေးကို တကယ်စိတ်ပူပေးတယ်ဆိုတာ ပြောနိုင်သည်။
မိုချောင်းရှန်းကတော့ စိတ်ထဲပင်မထားပေ။
သူ့လက်ရှိအင်အားနဲ့သာဆို ကျုံးဟိုင်မြို့ရဲ့ဘုရင်လို့တော့ ပြောလို့မရပေမဲ့ အဖမ်းခံရဖို့စောင့်နေသည့်ငါးတော့ မဟုတ်တော့ပေ။
မိုချောင်းရှန်းက သူ့ကို လာပြဿနာရှာရဲပါက တစ်ဖက်သူကို ချနင်းပြီး သူ့အင်အားကိုပြဖို့ ဝန်မလေးပေ။
ဒီအခြေအနေမှတစ်ဆင့် ကျုံးဟိုင်မြို့မှာနေရာတက်ဖို့ ပထမဆုံးတက်လမ်းဖြစ်သွားပေမည်။
...........…........
နောက်တစ်နေ့ နေ့လယ်တွင် ယဲ့ဖန်ငည် လုရှောင်ရနဲ့ချိန်းထားသောနေရာသို့ မောင်းလာခဲ့သည်။
ယဲ့ဖန်ရောက်လာတဲ့အခါ လမ်းဘေးမှာရပ်နေရင်း အရှေ့ကိုမျှော်ကြည့်နေသည့် လုရှောင်ရကိုတွေ့လိုက်ရသည်။
သူမသည် ခပ်ပွပွအဖြူရောင်ဆွယ်တာကိုဝတ်ထားသည်။ ဆွယ်တာက ပေါင်လယ်ထိရောက်နေသည်။
အဖြူရောင်ဘွတ်ဖိနပ်ရှည်ကိုလည်းစီးထားသေးသည်။
သူမ၏ငယ်ရွယ်မှုက သူ့မျက်နှာကိုလာထင်ဟပ်နေသည်။
ဒီလိုပုံစံဝတ်ခြင်းက အောက်ပိုင်းတစ်ဝက်ဖော်သည့်ပုံစံမျိုးဆိုတာ ယဲ့ဖန် အကြမ်းဖျင်းသိလိုက်သည်။
သူမ အောက်မှာ ဘာမှမဝတ်ထားဘူးလားဆိုတာကို ယဲ့ဖန်တွေးနေမိသည်။
ယဲ့ဖန်ရောက်လာတာကိုတွေ့တဲ့အခါ လုရှောင်ရက လက်ဝေ့ယမ်းပြသည်။
ကားရပ်ပြီးတဲ့နောက် လုရှောင်ရက အရှေ့ခုံမှာဝင်ထိုင်သည်။
" ရှင်အချိန်အရမ်းတိကျတာဘဲ "
လုရှောင်ရက ယဲ့ဖန်ကို လက်မထောင်ပြလိုက်သည်။
" အလှလေးနဲ့ချိန်းထားမှတော့ အချိန်မတိကျလို့ရမလား "
ယဲ့ဖန်မျက်လုံးတို့က သူမ၏ဝင်းမွတ်နေသောပေါင်တံလေးတွေဆီသို့ အလိုအလျောက်ရောက်သွားသည်။
ယဲ့ဖန်သည် မိန်းမလှလေးတွေနဲ့ အနေနီးတာများပြီး ခံနိုင်ရည်က တဖြည်းဖြည်းအားနည်းလာတော့သည်။
" 'သစ်သားသစ်ရွက်' ကော်ဖီဆိုင်ကို သွားရအောင် "
လုရှောင်ရသည်လည်း ယဲ့ဖန်၏အကြည့်ကိုခံစားမိပေမဲ့ ရွံရှာသလိုမဖြစ်ဘဲ ဘယ်လိုမှမနေပေ။ အဲ့ဒီအစား အနည်းငယ် ဂုဏ်ယူမိသည်။
" 'သစ်သားသစ်ရွက်' ကော်ဖီဆိုင်လား။ စားချင်တာရှိရင် အနီးနားက စားသောက်ဆိုင်ကိုရှာလို့ရတာဘဲ။ ဘာလို့အဝေးကြီးသွားမှာလဲ "
ယဲ့ဖန်သည် လမ်းကြောင်းညွှန်ကြားရေးစနစ်ကိုဖွင့်ကြည့်တဲ့အခါ ဆယ်ကီလိုမီတာကျော်သွားရမည်ကိုတွေ့လိုက်သည်။
" ဘာလို့လဲဆိုတော့ ........ အဲ့ကော်ဖီဆိုင်က တကယ်ကောင်းလို့လေ "
လုရှောင်ရက ဖြေရုံသာဖြေလိုက်သည်။
" ကောင်းပြီ "
ယဲ့ဖန်ကလည်း ပြောလို့မရတာကြောင့် သူမ အလိုကိုသာလိုက်ပေးတော့သည်။
ကားစက်နှိုးတော့မည့်အချိန်တွင် စနစ်အကြောင်းကြားစာရောက်လာသည်။
[ ကံကြမ္မာစနစ်ရှာဖွေရေးမှ တာဝန်တစ်ခုရှာဖွေ့ထားပါသည်။ လိပ်ပြာပုံကျောက်ဆွဲသီး ]
[ လက်ရှိလမ်းကြောင်းမှ မီတာ၂၀၀တည့်တည့်သွားပြီး ဘယ်ဘက်ကိုကွေ့ပါ ..... ]
ယဲ့ဖန် အမူအရာပြောင်းလဲသွားပြီး စနစ်၏လမ်းညွှန်မှုနောက်ကိုလိုက်သည်။
" ဘယ်သွားနေတာလဲ။ 'သစ်သားသစ်ရွက်' ကော်ဖီဆိုင်ကိုသွားတဲ့လမ်းမဟုတ်ဘူးလေ "
လမ်းကြောင်းပြောင်းသွားတာကို လုရှောင်ရ သတိထားမိ၍ ယဲ့ဖန်ကို လှည့်သတိပေးလိုက်သည်။
" သိတယ်၊ အရင်လုပ်စရာလေးရှိလို့ "
" အဲ့တာဆို .... ရှင်မြန်မြန်လုပ်နော်။ မဟုတ်ရင် တအားနောက်ကျသွားလိမ့်မယ် "
လုရှောင်ရက အမြန်လုပ်ရန် လောလိုက်သည်။
" ဘာကို တအားနောက်ကျမှာလဲ။ နောက်ကျရင် ဘာမှစားရမှာမဟုတ်ဘူးလို့တော့ မပြောနဲ့နော် "
ယဲ့ဖန်က နည်းနည်းထူးဆန်းတယ်ဟုခံစားမိသည်။
" အဲ့လိုပြောတာမဟုတ်ပါဘူး။ မြန်မြန်သာသွားပါ "
လုရှောင်ရက သူ့ဆီကနေ တစ်စုံတစ်ခုကိုဖုံးကွယ်ထားသည်။
သို့ပေမဲ့ ယဲ့ဖန်က ဆက်မေးမမေတော့ဘဲ အရှိန်မြှင့်လိုက်သည်။
ဆယ်မိနစ်ကြာတဲ့နောက် ကားက ရှေးဟောင်းဈေးတစ်ခုစီကိုရောက်လာသည်။
" ဒီမှာဘာလုပ်မလို့လဲ "
" မကြာခင် သိပါလိမ့်မယ် "
ယဲ့ဖန်က ကားကို လမ်းဘေးမှာရပ်ထားသည်။
ကားထဲကထွက်ပြီး စနစ်ညွှန်ကြားတဲ့နောက်ကို ဆက်လိုက်ပြီး ခရီးဆုံးသို့ရောက်လာသည်။
ထိုအခါ လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်က လမ်းဘေးတွင် ဒူးထောက်နေတာကိုတွေ့လိုက်သည်။
သူမအရှေ့တွင် ၆နှစ် ၇နှစ်အရွယ် ကလေးမလေးတစ်ယောက်ရှိသည်။
ထိုကလေးမလေး၏မျက်နှာကယောင်နေပြီး နဖူးမှာလည်းချွေးတွေထွက်နေကာ အတော်လေးဖျားနေမှန်းသိသာသည်။
" သမီးလေးကဖျားနေလို့ ဆေးဖိုးငွေလိုနေလို့ပါ။ မိသားစုပိုင်အမွေပစ္စည်းကို ဈေးနည်းနည်းနဲ့ရောင်းပါမယ်။ လူတိုင်း လာကြည့်ကြပါဦး "
လူလတ်ပိုင်းအမျိုးသမီးက လမ်းဘေးဖြတ်သွားဖြတ်လာလူတွေကို အော်ပြီး ဈေးရောင်းနေကာ သူမအသံက အနည်းငယ်မျှော်လင့်ချက်မဲ့နေပုံရသည်။
သူမလက်ထဲတွင် လိပ်ပြာပုံစံခရမ်းရောင်ကျောက်စိမ်းဆွဲသီးကို ယဲ့ဖန်တွေ့လိုက်သည်။
အတော်လေးလက်ရာမြောက်အောင်ပုံဖော်ထားပြီး လိပ်ပြာပုံစံလေးက အသက်ဝင်လေသည်။
တစ်ချက်ကြည့်ရုံဖြင့် ပညာရှင်လက်ရာမှန်းသိသာလေသည်။
ရှေ့ကိုတိုးပြီး အနီးကပ်ကြည့်မည့်အချိန်တွင် လူမိုက်တစ်ယောက်က ရုတ်တရက် သူတို့ဆီလျှောက်လာသည်။
" ဒီဆွဲသီးက ဘယ်လောက်လဲ "
မျက်နှာတွင် ဓားအမာရွတ်ရှိတဲ့ ထိပ်ပြောင်ပြောင်နဲ့လူကြီးက အရင်ပြောလိုက်သည်။
" တစ်သိန်းပါ "
ထိုအမျိုးသမီးက ချက်ချင်းပြန်ဖြေသည်။
" တစ်သိန်းလား။ အဲ့ဒီအစား ဓားပြဘဲတိုက်လိုက်တော့လေ။ တစ်သောင်းနဲ့ဘဲရောင်းမယ်မဟုတ်လား "
ထိုထိပ်ပြောင်နဲ့လူက သူမကို စိုက်ကြည့်သည်။
" ဒါက မိသားစုအမွေပါ။ သမီးလေးသာဖျားမနေရင် ဘယ်လောက်ပေးပေးရောင်းမှာမဟုတ်ပါဘူး "
ထိုအမျိုးသမီးကချက်ချင်းခေါင်းခါပြီး ငြင်းသည်။
" မရောင်းဘူးလား။ အဲ့တာဆိုလည်း သိမ်းထားပြီး နင့်သမီးအတွက် အခေါင်းသာဝယ်လိုက်တောြ "
လူဆိုးတွေက သူမဆီကဝယ်ဖို့ ဈေးလယမေးတဲ့သူတွေကို မောင်းထုတ်နေသည်။
သူတို့က သူတို့လိုချင်တဲ့ဈေးနဲ့ပေးအောင် ထိုအမျိုးသမီးကို အတင်းဖိအားပေးနေတာမှန်း သိသာသည်။
အပိုင်း (၁၅၉)
အောင်မြင်မှုတွေများစွာနဲ့ ချောမောခြင်း။
" ရှင်တို့ ဘာလုပ်တာလဲ။ တောင်းပန်ပါတယ်၊ ကျွန်မကလေးအတွက် ရောင်းနေတာပါ ..... "
ထိုလူတွေလုပ်ရပ်ကိုမြင်ပြီး ထိုအမျိုးသမီးက အနည်းငယ်စိုးရိမ်နေသည်။ ထို့ကြောင့် လူဆိုးတွေကို မြန်မြန်တောင်းပန်နေသည်။
" သမီးလေးက ပိုက်ဆံအလျင်လိုနေလို့ပါ "
" တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး မျက်နှာသာပေးကြပါ၊ တောင်းဆိုပါတယ် "
" ......... "
" မင်းက ပစ္စည်းတုတွေရောင်းနေတာလို့ သံသယဖြစ်တယ်။ ငါတို့က တရားမျှတအောင် လုပ်ပြီး လူတိုင်းကို အလိမ်မခံရအောင်ကာကွယ်ပေးနေတာ "
ထိပ်ပြောင်နဲ့လူဆိုးကောင်က တရားသူကြီးမျက်နှာထားဖြင့်ပြောသည်။
" ကျွန်မ လိမ်နေတာမဟုတ်ပါဘူး။ ဒါက တကယ်ကို ကျွန်မတို့ရဲ့ မိသားစုအမွေအနှစ်ပါ။ အရင်တုန်းကတော့ တစ်စုံတစ်ယောက်က ယွမ် ၅သိန်း ပေးတာတောင် ရောင်းဖို့ ဆန္ဒမရှိခဲ့ပါဘူး။ သမီးလေး ဖျားလို့ ပိုက်ဆံလိုတာသာမဟုတ်ရင် ပိုက်ဆံဘယ်လောက်ပဲပေးပေး ရောင်းမှာမဟုတ်ပါဘူး…... "
ထိုအမျိုးသမီးက လူတိုင်းကို အလျင်အမြန်ရှင်းပြသည်။
သို့သော် ထိုနေရာတွင် လူဆိုးတစ်ချို့က ဘေးတွင်ရပ်နေကြသည်။
ထို့ကြောင့်လမ်းသွားလမ်းလာတွေက သူမကို စာနာပေမယ့် ဘယ်သူကမှ ဒုက္ခခံပြီး ရှေ့ကိုမတိုးရဲကြပေ။
ထိပ်ပြောင်နဲ့လူဆိုးက သူတို့ရဲ့အကျိုးသက်ရောက်မှုကို ကျေနပ်နေပြီး သူမကို ဂုဏ်ယူစွာကြည့်လိုက်သည်။
" ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါက စိတ်ကောင်းရှိတော့ မင်းကို ယွမ်၅သောင်းပေးမယ်။ ရောင်းမှာလား "
ထိုအမျိုးသမီးက ခေါင်းကို အကြိမ်ကြိမ်ခါယမ်းသည်။
" ကျွန်မသမီးလေးရဲ့ ကုသမှုက အနည်းဆုံး ယွမ် ၁သိန်း ကုန်ကျမယ်လို့ ဆရာဝန်က ပြောပါတယ်။ အဲ့ထက် နိမ့်တဲ့ဈေးနဲ့ မရောင်းနိုင်ပါဘူး "
ထိပ်ပြောင်သောလူသည် ထိုစကားကိုကြားသောအခါ ချက်ခြင်းငေါက်ငမ်းကာပြောသည်။
" ဆရာဝန်က ပြောတာလား။ ဆရာဝန်က ၁သန်းလို့ပြောရင် မင်းက ၁သန်းနဲ့ရောင်းမှာလား။ ငါမင်းကို ထပ်မေးမယ်၊ မင်း ယွမ် ၅၀၀၀၀နဲ့ ရောင်းမှာလား "
ထိုအမျိုးသမီးက ခေါင်းကို တဆတ်ဆတ်ခါလိုက်သည်။
" မရောင်းဘူး "
ထိပ်ပြောင်နဲ့လူဆိုးသည် ယုတ်မာသောအပြုံးကို ပြုံးလိုက်သည်။
" မရောင်းဘူးလား။ ဒါဆိုရင် မင်းရဲ့ကလေးကို ခေါ်ပြီး သေတဲ့အထိ ထိုင်စောင့်နေလိုက်တော့ "
" ဘာပဲဖြစ်ဖြစ် ဒီကအစ်ကိုကြီးမှာ အချိန်တွေအများကြီးရှိနေလို့ ဒီမှာပဲ မင်းနဲ့အတူစောင့်နေပေးမယ် "
" ဒီနေ့ မင်းရဲ့ပစ္စည်းကို ဘယ်သူကများဝယ်ရဲမလဲဆိုတာ ငါကြည့်ချင်သေးတယ် "
ထို့နောက် လူအုပ်ကို လှည့်ကြည့်လိုက်သည်။
" မင်းတို့အားလုံး ဘာကြည့်နေတာလဲ။ ဒုက္ခမရောက်ချင်ရင် သွားလိုက်ကြတော့ "
လမ်းသွားလမ်းလာတွေက ဘာဒုက္ခမှမဖြစ်ကြတာကြောင့် လူစုခွဲလိုက်ကြတော့သည်။
ထိုအမျိုးသမီးကတော့ ကလေးမလေးအား ပွေ့ဖက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ငိုကြွေးနေသည်။
သို့သော် ဘယ်လိုဘဲဖြစ်နေပါစေ ကူညီဖို့ ဘယ်သူကမှ ရှေ့မလာရဲကြပေ။
လုရှောင်ရက ဒါကို သည်းမခံနိုင်တော့ဘဲ လူဆိုးတွေနဲ့ ငြင်းခုံဖို့ပြင်သည်။
ဒါပေမယ့် ယဲ့ဖန်က သူမထက် ခြေတစ်လှမ်းပိုမြန်သွားသည်။
သူက လူလတ်ပိုင်းအမျိုးသမီးဆီ လှမ်းသွားသည်။
" အစ်မ၊ ခင်ဗျားရဲ့ ကျောက်စိမ်းဆွဲသီးကို ကြည့်ခွင့်ပေးပါလား " ဟု ယဉ်ကျေးစွာ မေးသည်။
ထိုအမျိုးသမီးက အံ့ဩသွားသည်။
အတော်ကြာတဲ့အထိ အဖြေမလာခဲ့ပေ။
သူမက ဒါကို မမျှော်လင့်ထားတာ ဖြစ်နိုင်သည်။
ဒီလူဆိုးတွေရဲ့ ခြိမ်းခြောက်မှုအောက်မှာ တစ်စုံတစ်ယောက်က လာမေးရဲသေးတယ်လား။
ထိပ်ပြောင်နေသောလူဆိုးက ဒေါသတကြီးဖြင့်ပြောသည်။
" မင်း ခွေးကောင်၊ နားမကြားဘူးလား။ ငါပြောတာကို မင်းမကြားလိုက်ဘူးလား "
ယဲ့ဖန်က သူ့စကားကို လျစ်လျူရှုလိုက်သည်။
သူက လူလတ်ပိုင်းအမျိုးသမီး၏လက်ထဲမှ ကျောက်စိမ်းဆွဲသီးကိုယူကာ ဂရုတစိုက်စစ်ဆေးလိုက်သည်။
" ဒါက တကယ်ကောင်းတဲ့ ပစ္စည်းဘဲ။ ယွမ် တစ်သိန်းက တကယ်ကို နည်းလွန်းတယ်။ အရင်က တစ်ယောက်ယောက်က ယွမ် ၅သိန်း ပေးတယ်လို့ ခင်ဗျားပြောဖူးတယ်မလား။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော်က ၅သိန်းနဲ့ဝယ်မယ် ဘယ်လိုလဲ "
သက်လတ်ပိုင်းအမျိုးသမီး၏မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။
သူမသည် ငွေအရေးတကြီးလိုအပ်နေတာကြောင့်ရောင်းမှန်း အခြားသူတွေကသိတဲ့အခါ စျေးနှုန်းကိုလျှော့ခိုင်းရန် အတတ်နိုင်ဆုံးကြိုးစားကြသည်။
သို့ပေမဲ့ သူမရှေ့က ဒီလူငယ်ကတော့ ဈေးမဆစ်တဲ့အပြင် သူက ဈေးမြှောက်ပေးသည်။
သူနောက်နေတာသာမဟုတ်ရင် သူက တကယ်ကို သက်ရှိထင်ရှားရှိနေတဲ့ ဗုဒ္ဓတစ်ဦးဘဲဖြစ်သည်။
" တကယ်လား "
ထိုအမျိုးသမီးက မယုံကြည်နိုင်သေးပေ။
" ကျွန်တော်က နောက်ပြောင်နေတယ်ထင်လို့လား။ ဒီစျေးနှုန်းကို လက်ခံနိုင်မယ်ထင်ရင် အခုလက်ငင်းပေးချေလို့ရတယ်။ ငွေသားလား၊ ချက်လက်မှတ်လိုချင်လား "
ယဲ့ဖန်သည် နွေဦးလေညင်းတွင် ရေချိုးနေသကဲ့သို့ ခံစားရစေသည့် အပြုံးမျိုး သူ့မျက်နှာတွင်ရှိနေသည်။
လုရှောင်ရ၏ မျက်လုံးများတွင်လည်း မြတ်နိုးခြင်းများဖြင့်ပြည့်နှက်နေသည်။
လူတစ်ယောက်သည် အလွန်ထက်မြက်ပြီး အလွန်ချမ်းသာသည်။ သူသည် လေကိုသယ်ပြီး မိုးကိုခေါ်နိုင်ကာ ကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့်လည်း ဖုံးအုပ်နိုင်သည်။
ဤသည်မှာ တန်ဖိုးအရှိဆုံးအပိုင်းပင်မဟုတ်ခဲ့သေးချေ။
တန်ဖိုးအရှိဆုံးအရာက ထိုသူဟာ သက်ရှိအားလုံးထက် သာလွန်နေပြီးတာတောင်မှ သနားကြင်နာတတ်တဲ့နှလုံးသားကို ထိန်းသိမ်းထားနိုင်သေးတာဖြစ်သည်။
ယဲ့ဖန်က ထိုအရည်အချင်းမျိုးကို ပိုင်ဆိုင်ထားသည်။
ဒီလိုအရည်အသွေးမျိုးက ယဲ့ဖန်အရင်ကပြဖူးတဲ့ စည်းစိမ်ဥစ္စာတွေထက် သူမကို ပိုပြီး အံ့သြစေသည်။
" ကျွန်မ ...… "
သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ထိပ်ပြောင်နဲ့လူက အတော်လေးဒေါသဖြစ်နေသည်။ သူက ယဲ့ဖန်ရဲ့ ပခုံးကို လှမ်းဆွဲလိုက်သည်။
" သေနာလေး၊ မင်းက သေမင်းကို ရှာနေတာလား "
သူ့စကားမဆုံးခင်မှာဘဲ ယဲ့ဖန်က ညာလက်ကို ရုတ်တရက် ဆန့်လိုက်ပြီးကာ ထိုလူရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါး ဆွဲဖယ်ထုတ်လိုက်သည်။
" အား …နာတယ် … "
အစမှာတော့ လူကြမ်းလိုမျက်နှာထားနဲ့ ထိပ်ပြောင်လူဆိုးက အခုတော့ သတ်ခံရတော့မည့် ဝက်သကဲ့သို့ ချက်ချင်းထအော်ကာ သူ့နဖူးတွင် ချွေးသီးများ ပေါ်လာသည်။
ထိုပုံစံကို တခြားလူဆိုးတွေက မြင်လိုက်တာနဲ့ ချက်ချင်း အကူအညီပေးဖို့ လှမ်းလာကြသည်။
ယဲ့ဖန်၏ နှုတ်ခမ်းက အပေါ်သို့ အနည်းငယ်ကော့တက်သွားသည်။
ယဲ့ဖန်သည် သူ၏လက်ဖဝါးကို အားစိုက်ထုတ်ကာ ထိပ်ပြောင်နေသောလူကို တွန်းထုတ်လိုက်သည်။
ရှပ်၊ ရှပ်၊ ရှပ် .......
ထိပ်ပြောင်နဲ့လူသည် ခြေလှမ်းအနည်းငယ်နောက်ပြန်ဆုတ်လိုက်ရပြီး သူ့နောက်မှ လူဆိုးလူမိုက်များကို ဝင်တိုက်မိသည်။
" ကောင်းတယ် "
အနီးနားရှိလူအုပ်ကြီးသည် ထိုလူဆိုးများကို မျက်စိဆံပင်မွေးဆူးနေတာ အတော်ကြာပြီဖြစ်သည်။
ဒေါသဖြစ်နေကြသော်လည်း စကားမပြောရဲကြပေ။
လက်ရှိအခိုက်အတန့်မှာတော့ ယဲ့ဖန်က ထိုထိပ်ပြောင်နဲ့လူကို သင်ခန်းစာပေးလိုက်နိုင်ခဲ့၍ သူတို့ဒေါသတွေကို ပြေပျောက်အောင် ကူညီပေးတယ်လို့ ယူဆနိုင်သည်။
သူ့အနားရှိ လုရှောင်ရ၏ မျက်လုံးများမှာလည်း တောက်ပနေသည်။
ယဲ့ဖန်သည် ထိုလူဆိုးတွေထက်ပိန်သည့်ခန္ဓာကိုယ်ကို မြင်သောအခါ အားနည်းချက်ဖြစ်သွားမည်ကို သူမကစိုးရိမ်နေသည်။
" မဆိုးဘူးဘဲ၊ ကောင်လေး။ အရင်က လေ့ကျင့်ဖူးတာလား။ ဒါဆို ဒီနေ့ လေ့ကျင့်ဖို့ အဘိုးက မင်းကိုကူညီပေးမယ် "
ထိပ်ပြောင်နဲ့လူသည် ရောင်ရမ်းနေသောလက်ကောက်ဝတ်ကို ပွတ်သပ်ကာ မျက်နှာကလည်း ခက်ထန်နေသည်။
" ညီအစ်ကိုတို့ ဒီကောင်လေးက ပြောရဆိုရခက်တယ်။ သေတဲ့အထိရိုက်ကြ။ သူသေရင် ငါတာဝန်ယူမယ် "
လူဆိုးတွေက သူ့အမိန့်ကိုကြားတဲ့အခါ သူတို့အားလုံး လက်ထဲမှာ လက်နက်တွေထုတ်လိုက်ကြသည်။
တုတ်တွေ၊ ဓားမြှောင်တွေနဲ့ ဘေးဈေးဆိုင်ကိုပြေးပြီး ရှေးဟောင်းဓားတစ်ချောင်းကို ဆွဲကိုင်လာတဲ့ လူတွေတောင် ရှိနေသေးသည်။
ကျယ်ပြန့်သောဓားသွားသည် အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေသဖြင့် လူများကို တုန်လှုပ်သွားစေသည်။
ဘေးမှကြည့်နေသူများသည် ထိခိုက်မည်ကိုကြောက်၍ အဝေးသို့ ရှောင်ထွက်သွားကြသည်။
လူလတ်ပိုင်းအမျိုးသမီးက အထိတ်တလန့်ဖြစ်သွားကာ သက်ညှာပေးဖို့ အလျင်အမြန်တောင်းဆိုသည်။
" မရိုက်ကြပါနဲ့။ ဒီကျောက်စိမ်းဆွဲသီးကို ကျွန်မ မရောင်းတော့ပါဘူး။ ရှင်တို့ကို ပေးပါ့မယ်။ ကျေးဇူးပြုပြီး ရိုက်နှက်တာကို ရပ်လိုက်ကြပါ …... "
ထွားထွားကျိုင်းကျိုင်းနဲ့ ထိပ်ပြောင်ကြီးသည် ယဲ့ဖန်ကို ပြင်းစွာ စိုက်ကြည့်နေသည်။
" ချီးဘဲ။ ဒါက ကျောက်စိမ်းဆွဲသီးနဲ့ မပတ်သက်တော့ဘူး။ ထိပ်ပြောင်အိုက်ဆန်းဆိုတဲ့ ငါ့ကိုစော်ကားခြင်းရဲ့အကျိုးဆက်တွေကို မင်းကိုပြောပြပေးမယ် "
ပြောပြီးသည်နှင့် သူသည် ရှေ့သို့ ပြေးသွားလေသည်။
ယဲ့ဖန်သည် မည်သည့်ကြောက်ရွံ့မှုမှ မပြခဲ့ပေ။ သူက သူတို့အားလုံးကို တိုက်ဖို့အသင့်ပြင်သည်။
ထိုအချိန်မှာ လုရှောင်ရက သူတို့ကို ရုတ်တရက် အော်လိုက်သည်။
" အားလုံး ရပ်လိုက်။ နောက်တစ်ခါ ထပ်ရွှေ့ဖို့သတ္တိရှိတယ်ရင် ဒီညကို အသက်ရှင်နိုင်ဖို့တောင် မစဉ်းစားနဲ့ "
အပိုင်း (၁၆၀)
ရှက်တာပေါ့။
လုရှောင်ရ၏ အော်သံကို ကြားလိုက်ရတဲ့အခါ လူမိုက်များက ချက်ချင်းရပ်သွားကြသည်။
ထိပ်ပြောင်နဲ့လူဆိုးက သူမကို ဂရုတစိုက်ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
" ကလေးမလေး၊ မင်းက တော်တော် မာန်တက်နေတာဘဲ။ မင်းကဘယ်သူလဲမလို့လဲ။ မင်းက ဘယ်သူအတွက်အလုပ်လုပ်နေတာလဲ "
လုရှောင်ရသည် သူမ၏လက်များကို အိတ်ကပ်ထဲထည့်ကာ ယဲ့ဖန်ရှေ့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
" ကျွန်မက လုရှောင်ရပါ။ ကျွန်မဘယ်သူနဲ့မှ အလုပ်မလုပ်ဘူး "
ထိပ်ပြောင်နဲ့လူသည် ထိုစကားကိုကြားသောအခါ လှောင်ပြောင်သည့်အပြုံးကို ချက်ချင်းပြုံးလိုက်သည်။
" ဒါဆို မင်းငါနဲ့ လာပူပေါင်းလို့ရတယ်။ ဒီအကိုကြီး မင်းကို သေချာပေါက်ဂရုစိုက်ပေးမှာပါ "
လုရှောင်ရ၏ မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးတစ်ခု ပေါ်လာသည်။
" ကျွန်မကတော့ ကန့်ကွက်စရာမရှိပါဘူး။ အဖေကတော့ သဘောတူပါ့မလား မသိဘူး "
ထိပ်ပြောင်နဲ့လူက အထင်အမြင်သေးစွာ ရယ်မောလိုက်သည်။
" မင်းရဲ့အဖေ။ မင်းအဖေက ဘယ်သူမလို့လဲ။ ငါကရတယ်လို့ပြောရင် ရတယ်ပေါ့။ သူက 'မဟုတ်ဘူး' လို့ပြောရဲတဲ့သတ္တိရှိသလား "
လုရှောင်ရ၏မျက်နှာပေါ်ရှိအပြုံးသည် မပြောင်းလဲသွားဘဲ ဖြည်းဖြည်းချင်းဆက်ပြောသည်။
" ကျွန်မအဖေက လု ဟန် ရှန်း "
" အိုး ........ "
မောက်မာစွာရယ်မောနေကြတဲ့ လူဆိုးအုပ်စုကရုတ်တရက် ရပ်တန့်သွားကြသည်။
သူတို့သည် ရုတ်တရက် လည်ပင်းကို ဖမ်းချုပ်ခံထားရသော ဘဲအထီးအချို့နှင့်တူလေသည်။
လူတိုင်း၏မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
" လု ...... လုဟန်ရှန်း။ မင်းက လုဟန်ရှင်းရဲ့သမီးလား "
ထိပ်ပြောင်နဲ့လူရဲ့အသံက တုန်နေသည်။
တစ်ချိန်တည်းမှာဘဲ တစ်ဖက်သူက အမှန်ပြောနေတာလား မသိရတာကြောင့် မျက်လုံးထဲမှ သံသယတစ်ချို့လည်းရှိနေသည်။
" ရှင် မယုံရင် အဖေ့ဆီဖုန်းဆက်ပြီး သက်သေပြခိုင်းပေးမယ် "
လုရှောင်ရပြောပြီး ဖုန်းထုတ်ဖို့ ပြင်လိုက်သည်၊
" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ..... ဒေါ်လေးရယ်၊ ယုံပါတယ်၊ ယုံပါတယ်။ ဒီလိုကိစ္စသေးသေးလေးအတွက်နဲ့ ဆရာကြီးလုကို မနှောင့်ယှက်နေပါနဲ့ "
ထိုထိပ်ပြောင်နဲ့လူက ကြောက်ရွံ့နေသည့်မျက်နှာဖြင့် သူမကို မြန်မြန်တားလိုက်သည်။
" အသေးအဖွဲကိစ္စတဲ့လား။ အရင်ဆုံးရှင်တို့က ဈေးထဲမှာ အနိုင်ကျင့်ဗိုလ်ကျပြီးတော့ အခုလူကိုတောင် ထိခိုက်အောင်လုပ်နေတာလေ။ အဲ့တာ အသေးအဖွဲကိစ္စလား။ ကျွန်မအဖေက ဒီလောကမှာမျက်နှာမပြတာကြာတာနဲ့ဘဲ ရှင်တို့က ဒီလောကစည်းကမ်းတွေကို မလိုက်နာတော့ဘူးလား။ ခေါ်ပြီးမေးတာကောင်းမယ်ထင်ပါတယ် "
လုရှောင်ရက ဖုန်းကိုထုတ်ပြီးဆက်ဖို့ပြင်နေချိန်မှာဘဲ ထိုထိပ်ပြောင်နဲ့လူက ဘုတ်ခနဲမြေပေါ်သို့ ချက်ချင်းဒူးထောက်သည်။
အခြားလူဆိုးတွေကလည်း လိုက်ဒူးထောက်သည်။
" ဒေါ်လေး၊ ကျွန်တော်တို့မှားတာပါ။ လူတွေတောင်မဟုတ်ပါဘူး။ သေဖို့ထိုက်တန်ပါတယ်။ ခွင့်လွှတ်ပေးပါ "
ထိပ်ပြောင်နဲ့လူဆိုးက သက်ညှာပေးဖို့တောင်းဆိုနေပြီး သူ့ကိုယ်သူပါးပြန်ရိုက်နေသည်။
ဖြောင်း၊ ဖြောင်း၊ ဖြောင်း
သူက လက်ကြမ်းတာကြောင့် ချက်ချင်းပါးကယောင်လာတော့သည်။
အခြားလူဆိုးတွေကလည်း အနေမချောင်ကြပေ။
သူတို့ထဲကတစ်ယောက်၏ပါးစပ်တွေသွေးတွေပါစီးကျနေသည်၊
သူတို့က လုဟန်ရှန်းအပေါ်တွင် အသွေးအသားထဲကပင် လေးစားကြောင်းသိနိုင်သည်။
လုရှောင်ရက မလှုပ်ဘဲ ထိုနေရာမှာဘဲ ရပ်နေပြီး သူတို့ကို ငြိမ်သက်စွာ ကြည့်နေသည်။
ဒါကို ယဲ့ဖန်မြင်တဲ့အခါ မတတ်နိုင်ဘဲ အလွန်ထိတ်လန့်သွားရသည်။
လုရှောင်ရသည် များသောအားဖြင့် အလွန်ချဉ်းကပ်ရလွယ်တတ်သူဖြစ်သည်။
သူမဒေါသထွက်နေချိန်တွင် သူမက နတ်ဆိုးလေးတစ်ကောင်ဖြစ်နေမယ်လို့ သူမမျှော်လင့်ထားချေ။
ယဲ့ဖန် ပိုလို့တောင် သိချင်လာခဲ့တာက သူ့အဖေ လုဟန်ရှန်းက ဘယ်လိုလူမျိုးလဲ။
ဒီလူဆိုးတွေဟာ သူ့နာမည်ကိုကြားတာနဲ့ မာရ်နတ်အကြောင်းကို ကြားလိုက်ရသလိုဖြစ်သွားကြတာလဲ။
" သွားကြစမ်း၊ မမလေး မျက်စိနောက်စရာမဖြစ်စေနဲ့ "
အပြစ်ပေးတာပြီးသင့်ပြီဟု လုရှောင်ရထင်တဲ့အခါ လက်ကိုဝှေ့ယမ်းလိုက်သည်။
" အသက်ကိုချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ်၊ အသက်ကိုချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ် ...... "
လူကို ဝက်ရိုက်သလိုရိုက်ကြတဲ့ လူဆိုးတွေက လုရှောင်ရကို အရိုအသေပေးပြီး ကျေးဇူးတင်နေကြရသည်။
ထို့နောက် သူတို့က ထွက်ပြေးသွားကြသည်။
လုရှောင်ရက ယဲ့ဖန်ဘက်ပြန်လှည့်လာတဲ့အခါ သူမမျက်နှာက ချစ်စရာကောင်းတဲ့အသွင်အပြင်ဖြစ်သွားပြန်သည်။
" ဘာလို့အဲ့လိုကြီးကြည့်နေတာလဲ။ ရှက်တာပေါ့ "
ယဲ့ဖန် ပြောစရာစကားပျောက်သွားသည်။
ဒီမိန်းကလေးက တကယ်ကို ဒရမ်မာကွင်းဘဲ။
ဘယ်တစ်ခုက အစစ်လဲဆိုတာတောင်မသိတော့ပေ။
ထိုအချိန်တွင် အဝေးမှ ပုန်းနေတဲ့သူတွေက ရှေ့တက်လာကြသည်။
" အစ်မကြီး၊ ကျောက်စိမ်းဆွဲသီးလိုချင်လို့ပါ။ ယွမ် ၅သိန်းပေးပါ့မယ် "
" ကောင်းလိုက်တဲ့ရတနာ၊ အနည်းဆုံး ယွမ် ၆သိန်းလောက်ကျသင့်တယ်၊ မဟုတ်လား "
" ကျွန်တော် ၆သိန်းခွဲပေးမယ် .... "
လူတိုင်းက ဈေးတိုးပေးကြသဖြင့် ကျောက်စိမ်းဆွဲသီးဈေးက ပိုတိုးလာသည်။
သို့ပေမဲ့ ထိုအမျိုးသမီးက သူတို့တိုးပေးသည့်ဈေးကြောင့် စိတ်မလှုပ်ရှားပေ။
" ဒီဆွဲသီးကို ဒီလူလေးဆီ ၅သိန်းနဲ့ရောင်းပြီးပါပြီ။ ဝယ်ချင်ရင် သူ့ဆီမှာဝယ်ကြပါ "
ထိုစကားကိုကြားတဲ့အခါ ယဲ့ဖန်က စိတ်လှုပ်ရှားသွားသည်။
" အစ်မကြီး၊ ခင်ဗျား ....... "
ထိုအမျိုးသမီးက စကားကိုတားလိုက်သည်။
" မောင်လေးကြောင့်သာမဟုတ်ရင် ဒီဆွဲသီးက အဲ့ဒီလူတွေလက်ထဲရောက်သွားမှာပါ။ ပြီးတော့ သမီးလေးကိုလည်းကုလိုက်ရမှာမဟုတ်ဘူး။ ကျွန်မသမီးလေးရဲ့အသက်ကို ကယ်လိုက်တာပါ။ အကျိုးအမြတ်အတွက်နဲ့ ကျေးဇူးကို ဘယ်လိုလုပ်မေ့ရမှာလဲ "
ယဲ့ဖန်က သူမကို လက်မထောင်ပြလိုက်သည်။
" ခင်ဗျားက အဲ့လိုပြောမှတော့ ဒီဆွဲသီးကို တစ်သန်းနဲ့ဝယ်မယ် "
ထိုအမျိုးသမီးက ခေါင်းခါသည်။
" ၅သိန်းနဲ့သဘောတူထားမှတော့ ၅သိန်းပေါ့။ ကျွန်မမှာ အသိရှိပါသေးတယ် "
သူမက ငြင်းဆန်နေတာကြောင့် ယဲ့ဖန် ဘာမှဆက်မပြောတော့ဘဲ ၅သိန်းတန်ချက်လက်မှတ်ပေးလိုက်သည်။
ထိုအမျိုးသမီးက ယဲ့ဖန်ကို ဆွဲသီးပေးလိုက်ပြီး သူ့သမီးလေးကို ပွေ့ချီကာ လှည့်ထွက်သွားသည်။
[ လက်ခံသူမှ ကံကြမ္မာအခွင့်အရေးတာဝန် ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ ဆုကြေး - တန်ကြေး ယွမ် ၂.၅ ဘီလီယံ တန်ဖိုးရှိ ကျုံးဟိုင် တိုက်ကွန်းကလပ် ပိုင်ဆိုင်မှု ]
ယဲ့ဖန်သည် စနစ်၏ဆုကိုကြားတဲ့အခါ အရင်ကလို စိတ်မလှုပ်ရှားတော့ပေ။
ဒီလို လူဆိုးတွေနဲ့တိုက်ခိုက်ထားရမှတော့ ဒီလောက်ဆုလေးက များတယ်လို့ မထင်ရပေ။
" အစ်မကြီးက ကြင်နာလိုက်တာ။ သူ့သမီးလေးအဆင်ပြေဖို့ ဆုတောင်းတယ် "
သူ့ဘေးမှာရပ်နေတဲ့လုရှောင်ရက ထိုအမျိုးသမီးထွက်သွားတဲ့လမ်းကြောင်းကို ကြည့်နေသည်။
" ကောင်းကင်က ထိုက်တန်တဲ့သူကို ကူညီတာဘဲ။ အဆင်ပြေမှာပါ "
ယဲ့ဖန်က ခေါင်းငြိမ့်လိုက်သည်။
" ဒါနဲ့ ရှင်ဘာလို့ ကျောက်စိမ်းဆွဲသီးကို ရုတ်တရက်ကြီး လိုချင်ရတယလဲ။ အဲ့ဒီအစ်မကြီးကို ကူညီဖို့လား "
လုရှောင်ရက ယဲ့ဖန်လက်ထဲက လိပ်ပြာဆွဲသီးကိုကြည့်ပြီး စိတ်ဝင်စားနေသည်။
" ကိုယ် ..... "
ယဲ့ဖန် ပြောစရာစကားမဲ့နေသည်။
ဒါက စနစ်ကပေးတဲ့တာဝန်လို့ ပြောလို့မရဘူးလေ၊ ဟုတ်တယ်မလား။
ဒါကြောင့်စကားလမ်းကြောင်းကိုပြောင်းလိုက်သည်။
" မင်းကြိုက်လား။ မင်းကြိုက်ရင် မင်းကိုပေးမယ် "
" ကျွန်မကိုပေးမှာလား။ သင့်တော်လို့လား "
လုရှောင်ရ အံ့ဩသွားသည်။
" ဘာ မသင့်တော်စရာရှိလို့လဲ "
ယဲ့ဖန်က ဘာမှဆက်ပြောမနေဘဲ ဆွဲသီးကို သူမလည်ပင်းမှာဆွဲပေးလိုက်သည်။
လုရှောင်ရသည် ယဲ့ဖန်ဆီမှထူးခြားပြည့်စုံသည့် ယောက်ျားကိုယ်သင်းနံ့ကို အနီးကပ်လာတာကြောင့်ရလိုက်သည်။
သူမ နှလုံးခုန်သံတို့က မြန်ဆန်လာသည်။
ဒီတစ်ယောက်က အီစီကလီလုပ်တာတော်လွန်းနေတာမဟုတ်ဘူးလား။