← Chapters

အပိုင်း ၁၆၅-၁၆၈

Vol. 9 Ch. 165-168

အပိုင်း ၁၆၅-၁၆၈

Vol. 9 Ch. 165-168

အပိုင်း (၁၆၅)

ငါ့ရဲ့ဝင်ငွေကို မတော်တဆဖော်ထုတ်ခံလိုက်ရတယ်။

မိုချောင်းရှန်းက သေနတ်အတုကိုင်ထားမှန်းမြင်လိုက်ရမှ ကုန်းလူကြီးမင်း သက်ပြင်းချလိုက်ရတော့သည်။

" မိုချောင်းရှန်း၊ မင်း ကျုံးဟိုင်မှာပြဿနာမရှာဖို့ငါပြောမယ်။ မဟုတ်ရင် မင်းကို ဘယ်သူမှကာကွယ်ပေးနိုင်မှာမဟုတ်ဘူး "

" ဟုတ်ကဲ့ပါ "

မိုချောင်းရှန်းက ခေါင်းငြိမ့်လိုက်သည်။

" ကုန်းလူကြီးမင်းပြောတာမှန်ပါတယ်။ ကျွန်တော်မှတ်ထားပါ့မယ် "

မိုချောင်းရှန်းရဲ့အပြုအမူကိုကြည့်ခြင်းအားဖြင့် သူက ကုန်းလူကြီးမင်းကို အနည်းငယ်ကြောက်ပုံရသည်။

ထိုသက်လတ်ပိုင်းလူကြီးကတော့ သူ့ကိုလျစ်လျူရှုလိုက်ပြီး ယဲ့ဖန်ဘက်ကိုလှည့်ကြည့်လာသည်။

ယဲ့ဖန်ဘက်ကိုလှည့်ပြီးတဲ့အခါ မိုချောင်းရှန်းအပေါ်ဆက်ဆံတဲ့ မောက်မာတဲ့အပြုအမူကနေ ရိုကျိုးလေးစားတဲ့အမူအရာသို့ ချက်ချင်းပြောင်းသွားခဲ့သည်။

" ယဲ့လူကြီးမင်း၊ မင်းကြောက်မသွားဘူးမဟုတ်လား "

ကုန်းလူကြီးမင်းရဲ့စကားကိုကြားတဲ့အခါ မိုချောင်းရှန်း တမဟုတ်ချင်းကို အံ့ဩလန့်ဖျပ်သွားရတော့သည်။

မိုချောင်းရှန်းသည် ကုန်းလူကြီးမင်း၏အင်အားကို သိသည်။

ကျုံးဟိုင်မြို့တွင် သူက ဒိတ်ဒိတ်ကြဲတစ်ဦးဖြစ်ပြီး အရေးကြုံတဲ့အချိန်မှသာလူလုံးထွက်ပြသည့်သူမျိုးဖြစ်လေသည်။

ဒါပေမဲ့ ဒီလိုဒိတ်ဒိတ်ကြဲအဆင့်ရှိတဲ့လူက ယဲ့ဖန်ကို ဘာလို့ တအားလေးစားနေရတာလဲ။

ဒါက ......... ဘာတွေဖြစ်နေတာလဲ။

မိုချောင်းရှန်းသာမက ယဲ့ဖန်ကပါ အနည်းငယ်ကြောင်အသွားရသည်။

" ကျွန်တော့်ကိုသိတာလား "

ထိုသက်လတ်ပိုင်းလူကြီးက သူ့ရဲ့စီးပွားရေးကတ်ကိုထုတ်ပြီး ယဲ့ဖန်ကို လက်နှစ်ဖက်ဖြင့် တရိုတသေပေးသည်။

" ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ကျွန်တော့်နာမည်က ကုန်းရှန်းဟုန်ပါ။ ကျွန်တော်က ကျုံးဟိုင်မြို့ရဲ့ သူဌေးစာရင်းကိုပြုစုတဲ့ ဟူရန်အခွဲကပါ။ စာရင်းပြုစုရေးနဲ့ ကျုံးဟိုင်က ချမ်းသာပြီးအာဏာရှိသူများရဲ့ ကြွယ်ဝမှုကို စုံစမ်းစစ်ဆေးရပါတယ်။ အဲ့တာကြောင့် ကျွန်တော်က ယဲ့လူကြီးမင်းကို အနည်းငယ်သိပါတယ် "

ယဲ့ဖန်က သူပေးတဲ့ကတ်ကို ယူကြည့်လိုက်သည်။

" ကျွန်တော့်အကြောင်း ဘာများသိထားလို့လဲ "

ကုန်းရှန်းဟုန်က ယဲ့ဖန်ကို အပြုံးနဲ့နှုတ်ဆက်လိုက်သည်။

" ကျွန်တော်သိထားသလောက်ဆိုရင် ယဲ့လူကြီးမင်းရဲ့လက်ရှိကြွယ်ဝမှုက ကျုံးဟိုင်မြို့ရဲ့အချမ်းသာဆုံးလူ အယောက် ၂၀ ထဲမှာ ပါဝင်နေပါတယ်။ ဒီအကြောင်းကို လူထုကို ချပြဖို့ ဆန္ဒရှိသလားဆိုတာလေး သိချင်ပါတယ် "

ယဲ့ဖန်က အမြန်ခေါင်းခါလိုက်သည်။

" လူထုချပြတာမျိုးမလုပ်ပါနဲ့။ သရုပ်မှန်ကိုဖုံးထားရင် ပိုအသက်ရှည်ရှည်နေနိုင်မယ်မဟုတ်လား "

" ဟူရန်လူချမ်းသာစာရင်းက လူကြီးမင်းရဲ့ဆန္ဒတွေကို လေးစားပါတယ်။ ယဲ့လူကြီးမင်းက မချပြချင်မှတော့ ကျွန်တော်ဘက်တို့ကလည်း လျှို့ဝှက်ပေးထားရမှာ တာဝန်ပါ "

ကုန်းရှန်းဟုန်က အမြန်ဖြေလိုက်သည်။

တစ်ချိန်တည်းမှာဘဲ ကုန်းရှန်းဟုန်စိတ်ထဲမှာ ခံစားချက်မျိုးစုံပေါ်လာတော့သည်။

ကျုံးဟိုင်မြို့တွင် လူငယ်လေးတစ်ဦးက ယွမ် သန်းဆယ်ချီတဲ့ကားကိုစီးပြီး ယွမ်သန်းရာချီတန်တဲ့စံအိမ်ကြီးမှာနေသည်ဟုကြားမိသည်။

သူက အတော်လေးချမ်းသာမည်ဟုတွေးထင်ခဲ့သည်။

ထို့နောက် ကုန်းရှန်းဟုန် သူ့လက်အောက်ငယ်သားတွေကို စုံစမ်းခိုင်းလိုက်သည်။

မစုံစမ်းခိုင်းခင်ကတော့ ဘာမှမဖြစ်ပေမဲ့ စုံစမ်းခိုင်းပြီးတဲ့နောက်မှာတော့ အကြီးအကျယ်အံ့ဩသွားရတော့သည်။

ဒီလူငယ်လေးပိုင်ဆိုင်သည့်ကြွယ်ဝမှုက အတော်လေးထိတ်လန့်စရာကောင်းလှသည်။

သူတို့စာရင်းပြုစုသူတွေရဲ့ အကြမ်းဖျင်းတွက်ချက်မှုအရ ဒီလူငယ်လေး၏နာမည်အောက်မှ ပိုင်ဆိုင်မှုတွေက အတော်လေးချမ်းသာကြွယ်ဝကြောင်းကို ပြသနေသည်။

အနည်းဆုံး ယွမ်သန်း ၆၀၀ တန်ကြေးရှိ၊ နန်းဟိုင်အိမ်ခြံမြေကုမ္ပဏီရဲ့ ရှယ်ယာ ၆၀%။

တန်ဖိုးငွေ ၁ ဘီလီယံ တန်ဖိုးရှိ၊ လင်းယွမ်အိမ်ခြံမြေကုမ္ပဏီရဲ့ ရှယ်ယာ ၆၀%။

ထို့အပြင် ၂ ဘီလီယံ တန်ဖိုးရှိ၊ ပင်းရှန်းတိုက်ခန်းအဆောက်အဦးဆယ်ခုကိုလည်း ပိုင်သေးသည်။

ကျုံးဟိုင် ရေပူစမ်းအပန်းဖြေစခန်းကလည်း ယွမ်သန်း ၆၀၀ ကျော်တန်ဖိုးရှိသည်။

ကျုံးထျန်းကန်သာယာအိမ်ရာဝန်းထဲမှာလည်း ယွမ် စုစုပေါင်း ၁ဘီလီယံကျော်တန်ဖိုးရှိသည့် စံအိမ်အလုံး ၂၀ ကိုလည်း ပိုင်ဆိုင်သေးသည်။

Silver Brilliance အဆောက်အဦးကလည်း ယွမ် ၂ ဘီလီယံကျော်တန်သည်။

ကြယ်ငါးပွင့်အဆင့်ရှိ ထန်းဟယ်ဟိုတယ်ကလည်း ယွမ် သန်း ၅၀၀ ကျော် ဈေးကွက်တန်ဖိုးရှိသည်။

ထန်းဂူ ဈေးဝယ်စင်တာသည်လည်း ယွမ် ၁.၅ ဘီလီယံကျော် တန်သည်။

ထိုသီးသန့်ပိုင်ဆိုင်မှုကပင် ယွမ် ဘီလီယံ ဆယ်ချီရှိနေပြီး ထိုပိုင်ဆိုင်မှုမှ ရရှိသည့် ဝင်ငွေတွေမပါသေးပေ။

ကုန်းလူကြီးမင်းကို ပိုပြီး အံ့ဩစေသည့်အချက်က ယဲ့ဖန်၏မိသားစုသည် အရင်ကဆင်းရဲကာ သူက အောက်ခြေမှ စတင်ခဲ့သူတစ်ယောက်ဖြစ်နေသည်။

အောက်ခြေကစခဲ့သည့် အစောပိုင်း ၂၀ ဝန်းကျင်အရွယ်နဲ့ လူငယ်လေးက ဝင်ငွေ ယွမ် ၁၀ ဘီလီယံကျော်ရှိနေသည်။

ထပ်ခါတလဲလဲစစ်ဆေးပြီး အတည်ပြုထားတာသာမဟုတ်ပါက ကုန်းရှန်းဟုန် လုံးဝယုံကြည်မိမှာမဟုတ်ပေ။

ထူးခြားဆန်းကြယ်လွန်းလှသည်။

ကုန်းရှန်းဟုန် ပိုအံ့ဩရသေးသည့်အချက်က ယဲ့ဖန်သည် ထိုသို့ဝယ်ယူရင်းနှီးမြှုပ်နှံဖို့ငွေကို ဘယ်အရင်းအမြစ်ကရလဲဆိုတာကို ရှာမရဖြစ်နေသည်။

ဖြစ်နိုင်ချေတစ်ခုသာရှိသည်။

ယဲ့ဖန်၏စီးပွားရေးနည်းလမ်းတွေက လိုက်မမီနိုင်သည့်အနေအထားတစ်ခုမှာရှိနေပြီး ဟူရန်၏ကျုံးဟိုင်အခွဲရဲ့အင်အားနဲ့တောင်မှ ယဲ့ဖန်၏လုပ်ဆောင်ချက်တွေကို အကွက်မမြင်နိုင်ဖြစ်နေသည်။

ထို့ကြောင့် ကုန်းရှန်းဟုန်က ယဲ့ဖန်ကို ပို၍တောင်လေးစားသည်။

ဘေးမှာရပ်နေတဲ့ မိုချောင်းရှန်းကတော့ အံ့ဩတုန်လှုပ်နေတော့သည်။

ယဲ့ဖန်ရဲ့ကြွယ်ဝမှုက ကျုံးဟိုင်အချမ်းသာဆုံး အယောက်၂၀စာရင်းထဲတောင် ဝင်နေတာလား။

ကြားသာမကြားလိုက်ရရင် မယုံချင်စရာဘဲ။

ယဲ့ဖန်က ယွမ် ၁၀သန်းလောက်ကို အဖတ်မလုပ်တာ မထူးဆန်းတော့ပါဘူး။

သူ့အတွက် ယွမ် ၁၀သန်းဆိုတာက သူတောင်းစားထည့်စာလောက်ပဲဖြစ်နေမှာ။

ပိုပြီးရယ်ချင်စရာကောင်းတာက သူက ယဲ့ဖန်ကို သူဝယ်ခဲ့တဲ့ရွက်လှေအကြောင်းကြွားလိုက်သေးတာပင်ဖြစ်သည်။

ထိုအတွေးကြောင့် မိုချောင်းရှန်း မျက်နှာနာလာသည်ဟု ခံစားရသည်။

မိုချောင်းရှန်းမပြောနှင့် လုရှောင်ရပင် အတော်လေးထိတ်လန့်သွားရသည်။

ယဲ့ဖန်ချမ်းသာမှန်းသိသော်လည်း ဒီလောက်ကြီးထိချမ်းသာမယ်မှန်းမသိခဲ့ပေ။

သူက တကယ်ကြီးအချမ်းသာဆုံး အယောက်၂၀ထဲပါတာလား။

ကျုံးဟိုင်မှာ လူ ၂သန်းကျော်တောင်ရှိတာလေ။

ဒီလူတွေအများကြီးထဲမှာမှ အယောက် ၂၀ထဲပါနိုင်တာဆိုရင် လူတွေထဲက နဂါးလို့တောင် သမုတ်လို့ရနိုင်သည်။

လုရှောင်ရသည် ယဲ့ဖန်ကို အတော်လေးသိလှပြီဟုထင်ခဲ့တာပင်။

ယခုတော့ ကြည့်ရတာ ယဲ့ဖန်ကို သူမ သိသလောက်က ရေခဲဆောင်ထိပ်ဖျားလောက်သာရှိသေးတာဖြစ်မည်။

ဒီတစ်ယောက်က တကယ်ကို သိရဖို့ မလွယ်ကူးဘူးပဲ။

ယဲ့ဖန်က သူတို့သုံးယောက်ရဲ့အကြည့်တွေကြောင့် ခေါင်းကိုခါပြီး ခါးသက်သက်ပြုံးလိုက်တော့သည်။

ယဲ့ဖန် သူတို့နဲ့ သာမန်အတိုင်းပဲ ဆက်ဆံချင်တာဖြစ်သည်။

မထင်မှတ်ပဲ သူ့အကြောင်းကိုဖော်ထုတ်ခံလိုက်ရသည်။

သရုပ်မှန်ကိုဖုံးပြီး အေးအေးဆေးဆေးနေရဖို့က အဲ့လောက်တောင်ခက်လို့လား။

ထိုအချိန်မှာ ယဲ့ဖန်ဖုန်း ရုတ်တရက်ထမြည်လာသည်။

ဖုန်းကိုင်လိုက်တဲ့အခါ တစ်ဖက်မှ အသံဩဩထွက်လာ၏။

" မင်္ဂလာပါ၊ ဒါက ယဲ့ဖန်လူကြီးမင်းများလား”

" ဟုတ်ပါတယ်၊ ဘယ်သူများလဲ "

" မင်္ဂလာပါ၊ ကျွန်တော်က ဝမ်ထင်းကွမ်းပါ။ ကျုံးဟိုင်တိုက်ကွန်းကလပ်ရဲ့ တာဝန်ရှိသူပါ။ လူကြီးမင်းက ကျွန်တော်တို့ကလပ်ကို ဝယ်ယူလိုက်တယ်လို့သတင်းရထားပါတယ်။ လာပြီးတော့ စာရွက်စာတမ်းလွှဲပြောင်းရေးလုပ်ဖို့ အဆင်ပြေမလားသိချင်လို့ပါ။ "

" ကျွန်တော်က ကျုံးဟိုင်တိုက်ကွန်းကလပ် အခန်းနံပါတ် ၉မှာပါ "

" ကောင်းပါပြီ၊ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ ကျွန်တော်တို့ချက်ချင်းလာခဲ့ပါ့မယ် "

ယဲ့ဖန်ဖုန်းချပြီး ၂မိနစ်လောက်အကြာမှာ ဝတ်စုံပြည့်၊ လယ်သာဖိနပ်တွေစီးထားတဲ့သူတစ်စုက ရောက်လာကြသည်။

ထိုအုပ်စုရဲ့ခေါင်းဆောင်က အတော်လေးချမ်းသာပုံရသည့် လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။

ထိုလူ၏လှုပ်ရှားမှုတိုင်းက ခက်ထန်ပြီး ရည်မှန်းချက်ကြီးတဲ့အငွေ့အသက်တွေရနေသည်။

ကုန်းရှန်းဟုန်က ထိုလူကိုတွေ့တဲ့အခါ အတော်လေးအံ့ဩသွားရသည်။

" ဝမ်သူဌေး၊ ဘာလို့ ဒီရောက်နေတာလဲ "

ထိုလူက သူ့ကိုလျစ်လျူရှူလိုက်ပြီး ယဲ့ဖန်ဆီကိုလျှောက်သွားကာ သူ့လက်ကို တင်းကျပ်စွာကိုင်လိုက်သည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော်က ဝမ်ထင်းကွမ်းပါ။ ယဲ့လူကြီးမင်း ဒီကလပ်ကိုဝယ်လိုက်တာက က ကျွန်တော်တို့ရဲ့အရေးပေါ်ပြဿနာကို ဖြေရှင်းပေးလိုက်သလိုပါဘဲ။ ကလပ်ရဲ့ဝန်ထမ်းတွေအစား ကျေးဇူးတင်ပါရစေ "

အခန်းထဲက သုံးယောက်က အတော်လေးအံ့ဩသွားကြတော့သည်။

ဒီကျုံးဟိုင်တိုက်ကွန်းကလပ်ကလည်း ယဲ့ဖန်ဟာဘဲလား။

အပိုင်း (၁၆၆)

အထင်ကြီးမိခဲ့တာဘဲ။

" ဝမ်သူဌေး၊ အခု ဘာပြောလိုက်တာလဲ။ ယဲ့လူကြီးမင်းက ဒီကလပ်ကိုဝယ်လိုက်တာလား "

ကုန်းရှန်းဟုန်က ဝမ်ထင်းကွမ်းရဲ့စကားကိုကြားပြီးတဲ့နောက် လျင်မြန်စွာမေးလိုက်သည်။

" ဟုတ်တယ်၊ ယဲ့လူကြီးမင်းက အခု ကျွန်တော်တို့ကလပ်ရဲ့ ပိုင်ရှင်အသစ်ပဲ "

ဝမ်ထင်းကွမ်းက ချက်ချင်းခေါင်းငြိမ့်ပြပြီး ယဲ့ဖန်ကို လေးစားသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

ကုန်းရှန်းဟုန်ကတော့ သူ့ဦးနှောက်အလုပ်မလုပ်တော့သလိုခံစားလိုက်ရသည်။

ဒီကျုံးဟိုင်တိုက်ကွန်းကလပ်က ဘယ်လောက်တောင်တန်တာလဲ။

အတိအကျမသိရပေမယ့် ခန့်မှန်းချေအနည်းဆုံး ယွမ် ၂ဘီလီယံလောက်ရှိသည်။

ဒီပိုင်ဆိုင်မှုပါထည့်တွက်မည်ဆိုလျှင် ယဲ့ဖန်၏ပိုင်ဆိုင်မှုစုစုပေါင်းက ၁၂ ဘီလီယံကျော်သွားမှာဖြစ်သည်။

ဒီလိုသာဆို သူက ဟူရန်လူချမ်းသာစာရင်း၏ထိပ်တန်းအချမ်းသာဆုံး လူ ၁၀ ယောက်ထဲမှာ စာရင်းဝင်သွားမှာဖြစ်သည်။

ထိုအတွေးကြောင့် ကုန်းရှန်းဟုန်၏အတွေးထဲမှာ အံ့ဩမှုလှိုင်းလုံးကြီးရိုက်ခတ်သွားရတော့သည်။

ကျုံးဟိုင်မြို့က တအားကြီးအာဏာရှိတဲ့မြို့တစ်မြို့တော့မဟုတ်ပေ။

ချမ်းသာမှု၊ အာဏာရှိမှု အစဉ်လိုက်စီမည်ဆိုပါက ထိပ်ဆုံး အယောက် ၅၀က လွဲလျှင် ကျန်တဲ့သူများရဲ့အဆင့်က ကွာခြားမှု အရမ်းမများကြီးမရှိဘူးဟု ယူဆနိုင်သည်။

အနည်းဆုံး ယွမ် ၁သန်း ၂သန်းလောက်သာ ကွာကြသည်။

သို့ပေမယ့် ဟူရန်လူချမ်းသာစာရင်းရှိ ထိပ်ဆုံးအယောက်၂၀စာရင်းထဲကသူတွေကတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ကွာခြားချက်က အတော်လေးကြီးသည်။

အခု ယဲ့ဖန်၏ပိုင်ဆိုင်မှုက ၂ ဘီလီယံကျော်ထပ်တိုးသွားပြန်ပြီဖြစ်သည်။

ထိုပမာဏက ကွာဟချက်ကြီးတာကြောင့် ယဲ့ဖန်က အသက် ၂၀ ကျော်အရွယ်လေးဖြင့် အခု ကျုံးဟိုင်မြို့၏အချမ်းသာဆုံး လူဆယ်ယောက်ထဲမှာ ပါဝင်သွားပြီဖြစ်သည်။

ဒီကလေး၏အနာဂတ်မှာ ရရှိမည့်အောင်မြင်မှုတွေကတော့ တိုင်းတာလို့တောင်ရမည်မဟုတ်ပေ။

ထိုအတွေးကြောင့် ကုန်းလူကြီးမင်းက ယဲ့ဖန်ကို ပို၍လေးစားသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

တစ်ဖက်မှာလည်း ယဲ့ဖန်က ကုန်းရှန်းဟုန်၏သိသာတဲ့မျက်နှာအမူအရာအပြောင်းအလဲကို သတိထားမိလိုက်ပေမဲ့ ဘာမှမပြောပေ။

ဝမ်ထင်းကွမ်းနှင့် ခဏစကားပြောပြီးတဲ့နောက် ယဲ့ဖန်နှင့် ဝမ်ထင်းကွမ်းတို့က စာရွက်စာတမ်းပြောင်းလဲရေးလုပ်ငန်းစဉ်စတင်ပြီး ဝမ်ထင်းကွမ်းက ယဲ့ဖန်ကို ကျုံးဟိုင်တိုက်ကွန်းကလပ်၏ပိုင်ဆိုင်မှုကို လွှဲပြောင်းပေးလိုက်သည်။

လွှဲပြောင်းရေးလုပ်ငန်းစဉ်က ချောမွေ့စွာဘဲ ပြီးဆုံးသွားခဲ့သည်။

စာချုပ်တွေကို သူတို့နှစ်ဦး လက်မှတ်ထိုးပြီးတဲ့နောက် ကလပ်က ယဲ့ဖန်၏အပိုင်ဖြစ်သွားတော့သည်။

" ယဲ့လူကြီးမင်း၊ ခင်ဗျား ကျုံးဟိုင်တိုက်ကွန်းကလပ်ကိုဝယ်လိုက်တာက ကျွန်တော်တို့အတွက် အကူအညီကြီးပါ။ အနာဂတ်မှာ လိုတာရှိရင်ပြောပါ။ ကူညီပေးဖို့ အသင့်ပါပဲ "

ဝမ်ထင်းကွမ်းက စာရွက်စာတမ်းကိစ္စပြီးတဲ့နောက် ယဲ့ဖန်ကို ကျေးဇူးတင်စွာကြည့်သည်။

" ဟုတ်ပါပြီ၊ သေချာပေါက်ပြောပါမယ် "

ယဲ့ဖန်က ချက်ချင်းခေါင်းငြိမ့်လိုက်သည်။

" ဒါဆို ယဲ့လူကြီးမင်းကို ဆက်ပြီးမနှောင့်ယှက်တော့ပါဘူး "

ထိုသို့ပြောပြီးနောက် ဝမ်ထင်းကွမ်းက သူ့လူတွေနဲ့အတူ ပြန်သွားတော့သည်။

ထိုအချိန်တွင် ကုန်းရှန်းဟုန်က ယဲ့ဖန်ဆီသို့လျှောက်လာသည်။

" ယဲ့လူကြီးမင်း၊ ဂုဏ်ယူပါတယ်။ နောက်ထပ်ပိုင်ဆိုင်မှုအကြီးစားကို ထပ်ရလိုက်ပြန်ပါပြီ "

ယဲ့ဖန်က အသာခေါင်းငြိမ့်လိုက်သည်။

" ကျေးဇူးတင်ပါတယ် "

ကုန်းရှန်းဟုန်က မိုချောင်းရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ အနာဂတ်မှာ တစ်ယောက်ယောက်ကများ ခက်ခဲအောင်လုပ်ရင် ကျွန်တော့်ဘက်က ကူနိုင်သရွေ့ အချိန်မရွေးပြောလို့ရပါတယ်။ အကောင်းဆုံးလုပ်ပေးပါ့မယ် "

သူ့စကားတွေက မိုချောင်းရှန်းကိုရည်ရွယ်တာဖြစ်သည်။

ကုန်းရှန်းဟုန်သည် ယဲ့ဖန်၏ကြီးမားသည့်အလားအလာကို သိရှိပြီးဖြစ်တာကြောင့် ဒီလူငယ်လေးနဲ့မိတ်ဆွေဖွဲ့ရဖို့အတွက် မိုချောင်းရှန်းကို စော်ကားပြောဆိုလိုက်ရန် ဝန်မလေးပေ။

ထိုသို့ပြောပြီးနောက် ယဲ့ဖန်နှင့် ကုန်းရှန်းဟုန် စကားပြောပြီးနောက် ပြန်သွားခဲ့သည်။

သူပြန်သွားတဲ့အခါ အခန်းထဲတွင် ယဲ့ဖန်၊ လုရှောင်ရနှင့် မိုချောင်းရှန်းတို့သာကျန်ခဲ့သည်။

လေထုပတ်ဝန်းကျင်က အတော်လေးနေရခက်နေသည်။

အထူးသဖြင့် မိုချောင်းရှန်းသည် ယဲ့ဖန်ကို ထူးဆန်းရှုပ်ထွေးသည့်အကြည့်ဖြင့်ကြည့်နေသည်။

ဝမ်ထင်းကွမ်းနှင့် ကုန်းရှန်းဟုန်တို့က ယဲ့ဖန်ကို အတော်လေးအထင်ကြီးကြောင်း အစောပိုင်းက တွေ့လိုက်ရသည်။

ထို့အပြင် ယဲ့ဖန်သာတောင်းဆိုပါက သူတို့က ယဲ့ဖန်ကို ကူညီပေးဖို့ကိုလည်း ကမ်းလှမ်းသွားကြသေးသည်။

ထိုပုံစံကိုကြည့်ခြင်းဖြင့် ယဲ့ဖန်၏အဆက်အသွယ်တွေက ကျုံးဟိုင်မြို့မှာ ဘယ်လောက်ကျယ်ပြန့်နေသလဲဆိုတာကိုသိနိုင်သည်။

ဒါက သူ့ကို အတော်လေးဖိအားပေးနေသလိုပင်။

ထိုအချိန်တွင် လုရှောင်ရက သူ့ဆီကို ဖြည်းဖြည်းချင်းလျှောက်လာသည်။

" မိုချောင်းရှန်း၊ ရှင့်ကိုသတိပေးထားမယ်။ ရှင် ယဲ့ဖန်ကို ထပ်ထိရဲထိကြည့် ကျွန်မအဘိုးက အလွှတ်ပေးမယ်မထင်နဲ့ "

မိုချောင်းရှန်းက သူမကို နားမလည်သည့်အကြည့်ဖြင့်ကြည့်သည်။

" မင်းအဘိုးက ဘယ်သူလဲ "

" ထန်းပေါဟုန် "

လုရှောင်ရ ညင်သာစွာပြောလိုက်သည်။

" အာ...... "

မိုချောင်းရှန်း ကြောက်လွန်းလို့ မြေပေါ်လဲကျမတတ်ဖြစ်သွားသည်။

သူ ကျုံးဟိုင်မြို့ကို ရောက်ခါစဖြစ်ပေမဲ့ ထန်းပေါဟုန်၏နာမည်နဲ့ ကျုံးဟိုင်မြို့အတွင်းရှိ ထန်းပေါဟုန်ရဲ့အာဏာစက်ကို ကောင်းကောင်းကြီးသိသည်။

သူ စိတ်ထဲမထည့်ခဲ့တဲ့ ဒီကောင်မလေးက ဒီလိုနောက်ခံကြီးကြီးရှိနေလိမ့်မယ်ဟု လုံးဝမထင်ထားတာဖြစ်သည်။

" ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ ယဲ့လူကြီးမင်းကို ပြဿနာမရှာရဲတော့ပါဘူး။ ရန်သူလည်းမဖြစ်ချင်ပါဘူး။ ကျွန်တော့်ရဲ့ အဆင်ခြင်မဲ့တဲ့အပြုအမူကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် "

မိုချောင်းရှန်းက တုန့်ဆိုင်းမနေပဲ ယဲ့ဖန်ကို ချက်ချင်းတောင်းပန်လိုက်သည်။

" မလိုပါဘူး၊ မလိုပါဘူး။ ရန်သူဖြစ်ဖို့ ကြိုဆိုပါတယ်။ မဟုတ်ရင် ဘဝကြီးက ပျင်းစရာကြီးဖြစ်နေမှာပေါ့၊ ဟုတ်တယ်မလား "

ယဲ့ဖန်က ဟွန်းခနဲနှာခေါင်းမှ လေမှုတ်ထုတ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။

လုရှောင်ရကလည်း မိုချောင်းရှန်းကို လက်သီးထောင်ပြပြီး ယဲ့ဖန်နောက်လိုက်ကာ ထွက်သွားသည်။

သူတို့နှစ်ယောက်ထွက်သွားပြီး အဝေးရောက်သွားမှ မိုချောင်းရှန်း မြေပေါ်သို့ ဗိုင်းခနဲလဲကျသွားတော့သည်။

သူ့ကျောမှာ ချွေးတွေရွှဲနစ်နေ၏။

သူ့နှလုံးသားထဲမှာလည်း ကြောက်စိတ်က ကြီးစိုးနေသည်။

ကံကောင်းစွာနဲ့ သူ ယဲ့ဖန်ကို လွန်လွန်ကြူးကြူးကြီးထိမလုပ်လိုက်မိတာဖြစ်သည်။

မဟုတ်ပါက အကျိုးဆက်က မခန့်မှန်းရဲစရာဖြစ်သည်။

မိုချောင်းရှန်းသည် ဒီလူငယ်လေးရဲ့အင်အားက သူထင်ထားတာထက် အများကြီးပိုကြီးနေမယ်မှန်း ဘယ်တုန်းကမှ ထင်မှတ်မထားပေ။

ဝမ်ထင်းကွမ်း၊ ကုန်းရှန်းဟုန်နှင့် ကျုံးဟိုင်မြို့ရှိ အခြားအာဏာရှိများစွာက သူ့ကိုလေးစားကြသည်။

ယဲ့ဖန်နှင့် ထန်းပေါဟုန်၏မြေးတို့က ဆက်ဆံရေးတစ်ခုရှိနေခြင်းက သူ့ကိုပိုတုန်လှုပ်သွားစေခဲ့သည်။

ဒါကြီးက များလွန်းသည်။

သူသာသေချာမကိုင်တွယ်နိုင်ခဲ့ပါက သူ့ဘဝက ထာဝရအဆုံးသတ်သွားမှာဖြစ်သည်။

ဒီကိစ္စကို အချိန်နည်းနည်းဆွဲထားရမည်ဖြစ်သည်။

အနည်းဆုံးတော့ လူလွှတ်ပြီး ယဲ့ဖန်၏နောက်ခံကိုစုံစမ်းရမည်။ ဒီကလေးမှာ ဝှက်ဖဲဘယ်လောက်ရှိလဲဆိုတာကို သူသိထားမှဖြစ်မည်။

ထိုအခါမှသာ မှန်ကန်သည့်လုပ်ဆောင်ချက်ကို ဆောင်ရွက်နိုင်မှာဖြစ်သည်။

ယဲ့ဖန်နှင့် လုရှောင်ရတို့ ကလပ်ထဲကထွက်လာသည့်အခါ ညဆယ်နာရီကျော်နေပြီဖြစ်သည်။

" နောက်ကျနေပြီဆိုတော့ ဗိုက်ဆာနေလောက်ပြီမဟုတ်လား။ အဆာပြေတစ်ခုခုလိုက်ကျွေးမယ်လေ၊ အဆင်ပြေလား "

ယဲ့ဖန်က အကြံပြုလိုက်သည်။

လုရှောင်ရကလည်း မငြင်းပေ။

သူတို့နှစ်ဦးသား စားသောက်ဆိုင်တစ်ခုထဲသို့ဝင်လိုက်ပြီး အဆာပြေမုန့်တစ်ချို့မှာလိုက်သည်။

" ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်က စားနေရင်း လုရှောင်ရကို ကျေးဇူးတင်လိုက်သည်။

" ဘာအတွက်လဲ "

လုရှောင်ရက နားမလည်ဖြစ်သွားသည်။

" ခုနတုန်းက မိုချောင်းရှန်းကို ကူပြီးပြောပေးခဲ့လို့ ကျေးဇူးတင်တာပါ။ အခုဆို သူ ကိုယ့်ကို တစ်ခဏတော့ ဒုက္ခရှာမှာမဟုတ်လောက်တော့ဘူး "

လုရှောင်ရက မိုချောင်းရှန်းကို ဘယ်လိုခြိမ်းခြောက်ခဲ့လဲဆိုတာ ယဲ့ဖန်တွေးမိတဲ့အခါ ရယ်ချင်လာသည်။

သူမက တကယ်ကိုကျားပေါက်မလေးဖြစ်သည်။

" ရှင် လျှော့မတွက်နဲ့။ မိုချောင်းရှန်းလိုလူတွေက ကြောက်စရာအကောင်းဆုံးလို့ ကျွန်မထင်တယ်။ သူက လိုက်လျောညီထွေပြောင်းလဲနေတတ်တယ် "

" ဟုတ်တယ်၊ သူနဲ့မတွေ့ခင်က သူ့ကို အထင်သေးခဲ့မိတယ် "

" အခုရော "

" တွေ့ပြီးတော့ ကိုယ်တွေးမိတာက သူ့ကို တော်တော်အထင်ကြီးပေးခဲ့မိတာဘဲ "

" ဟားဟားဟား...... "

" အရင်တုန်းကတော့ အဖေနဲ့သားမလို့ အထင်သေးခဲ့တာ။ အခုတော့ သူတို့ကို ဒီအတိုင်းအကုန်လုံး အထင်သေးစရာကောင်းနေတော့တာဘဲ။ အဲ့လို ခွေးလိုလို၊ ဝက်လိုလို ကောင်တွေက ကိုယ့်ရန်သူဖြစ်ဖို့တောင် တန်ရဲ့လား "

လုရှောင်ရက ယဲ့ဖန်ကို ငေးကြည့်နေသည်။

ယဲ့ဖန်၏ကိုယ်ရောင်ကိုယ်ဝါက သူမကို မိန်းမောစေသည်။

စကားလုံးတွေတူညီနိုင်ပေမယ့် တစ်ချို့သူတွေပြောတဲ့အခါ မောက်မာတယ်လို့ထင်ရပြီး တချို့သူတွေကျတော့ နားထောင်ရကောင်းနေသည်။

အပိုင်း (၁၆၇)

ကိုယ်ကမင်းကို သူငယ်ချင်းလိုဆက်ဆံပေမဲ့ မင်းက ကိုယ့်ကို အဖေတော်ချင်နေတာလား။

" ဘာတွေကြည့်နေတာလဲ "

လုရှောင်ရက သူ့ကို ငေးပြီးကြည့်နေတာကြောင့် ယဲ့ဖန် အနည်းငယ် မသက်မသာခံစားရသည်။

" ရှင်က တစ်ယောက်ယောက်နဲ့ အရမ်းတူတာပဲ "

လုရှောင်ရက ညာလက်ဖြင့် မေးထောက်လိုက်ပြီး ယဲ့ဖန်ကို အားကိုးတကြီးကြည့်လိုက်သည်။

" ဘယ်သူလဲ "

" ကျွန်မ အဖေ "

" ဖူး ......... "

ယဲ့ဖန် သူ့ပါးစပ်ထဲကရေတွေ ထွက်ကျမတတ်ဖြစ်သွားသည်။

အဖြေက လုံးဝမမျှော်လင့်ထားတာကြီးဖြစ်နေသည်။

ကိုယ်က မင်းကို သူငယ်ချင်းလို ဆက်ဆံပေမဲ့ မင်းက အဖေလို့သတ်မှတ်ချင်နေတာလား။

" တကယ်ပြောတာ။ အထူးသဖြင့် ရှင် အခုလိုပြောတဲ့ပုံစံက ကျွန်မအဖေနဲ့ တော်တော်လေးတူတယ် "

ယဲ့ဖန်က မယုံမကြည်ဖြစ်နေတာကြောင့် လုရှောင်ရက အမြန်ရှင်းပြလိုက်သည်။

" ကိုယ်ယုံပါတယ်။ လာပါဦး၊ ကိုယ့်ကို ဒယ်ဒီလို့ခေါ်လေ "

ယဲ့ဖန်က စနောက်တဲ့လေသံဖြင့်ပြောလိုက်သည်။

" သေလိုက်လေ "

လုရှောင်ရက ပြောရင်း သူ့ကိုရိုက်ဖို့ လက်မြှောက်လိုက်သည်။

ယဲ့ဖန်က သူမရဲ့လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်သည်။

လုရှောင်ရ အသိစိတ်အရ သူမလက်ကို ရုန်းလိုက်၏။

" မလှုပ်နဲ့ "

ယဲ့ဖန်က သူ့လက်ကို ဆန့်လိုက်ပြီး လုရှောင်ရနှုတ်ခမ်းနားက ထမင်းစေ့ကို ဖယ်ပေးလိုက်သည်။

ထိုရဲတင်းတဲ့အပြုအမူကြောင့် လုရှောင်ရမျက်နှာ နီရဲသွားရသည်။

သူမ၏မိဘတွေနဲ့ အဘိုးကလွဲပြီး ဘယ်သူကမှ သူမကို ထိုကဲ့သို့အနီးကပ်ရဲတင်းတဲ့အပြုအမူမျိုး မလုပ်ရဲကြပေ။

ဒီတစ်ယောက်ကတော့ မိန်းကလေးတွေနဲ့ဆို အကွာအဝေးတစ်ခုထားရမယ်ဆိုတာ မသိဘူးလား။

ထိုအချိန်တွင် အဝေးတစ်နေရာမှ မီးအရောင်တစ်ခုက ဖြတ်ခနဲဖြစ်သွားသည်။

ယဲ့ဖန် လှည့်ကြည့်လိုက်သည်။

ခပ်ဝဝနဲ့ကောင်လေးတစ်ယောက်က သူတို့နှစ်ယောက်ကို ဖုန်းနဲ့ဓာတ်ပုံလှမ်းရိုက်နေတာတွေ့လိုက်သည်။

" မင်း ဘာလုပ်တာလဲ "

ယဲ့ဖန် ချက်ချင်းထရပ်ပြီး အခြေအနေကိုမေးလိုက်သည်။

မထင်မှတ်ထားဘဲ ထိုကောင်လေးက ယဲ့ဖန်ကိုတွေ့တဲ့အခါ ချက်ချင်းဖုန်းကိုဖွက်ပြီး ပြေးတော့သည်။

ထိုမြင်ကွင်းကြောင့် ယဲ့ဖန် ကြောင်သွားသည်။

ဘာလို့ ခိုးကြောင်ခိုးဝှက်နဲ့ပုံရိုက်နေတာလဲဟု မေးလိုက်တာသာဖြစ်သည်။

ထိုဖက်တီးက ကြောက်လန့်ပြီး ထွက်ပြေးသွားမယ်လို့ ထင်မထားပေ။

ယဲ့ဖန် ခေါင်းခါလိုက်ပြီး သိပ်တွေးမနေတော့ဘဲ ပြန်ထိုင်လိုက်သည်။

............................

" ဟူး၊ ဟူး၊ ဟူး ........... "

နှစ်မိုင်လောက်ပြေးပြီးတဲ့အခါ ဓာတ်ပုံရိုက်ပြေးသွားတဲ့ဖက်တီးက မြေပေါ်ထိုင်ချပြီး အသက်ဝအောင်ရှူနေရသည်။

ချီးပဲ။

ပုံခိုးရိုက်ဖို့အတွက် သူ့သက်တမ်းတစ်ဝက်လောက်သုံးလိုက်ရသလိုခံစားရသည်။

အတော်ကြာမှ ပြန်ပြီး အသက်ရှူဝလာတော့သည်။

စွမ်းအင်ပြန်ပြည့်တဲ့အခါ ချက်ချင်းဖုန်းကိုထုတ်ပြီး ခိုးရိုက်လာတဲ့ပုံကိုနှိပ်လိုက်သည်။

ပုံက အနည်းငယ်ဝါးနေပေမဲ့ ကြည့်လိုက်တာနဲ့ ယဲ့ဖန်မှန်းသိသာသည်။

" ရှယ်ပဲ "

ထိုဖက်တီးက စိတ်လှုပ်ရှားမှုကြောင့် လက်သီးလက်မောင်းတန်းလိုက်ကာ ကျုံးဟိုင်တက္ကသိုလ်အွန်လိုင်းစာမျက်နှာထဲသို့ အကောင့်ဝင်လိုက်သည်။

အမှန်တော့ သူက ကျုံးဟိုင်တက္ကသိုလ်၏ သတင်းဂျာနယ်ဌာနက ကျောင်းသားဖြစ်သည်။

သူ အပျင်းပြေလျှောက်သွားနေရင်း ကျောင်းက နာမည်ကြီးယဲ့ဖန်က အလှလေးတစ်ယောက်နဲ့ အဆာပြေစားနေတာကို တွေ့လိုက်ရသည်။

ထို့အပြင် သူတို့စကားပြောနေပုံနှင့် အပြုအမူတို့က အတော်လေးနီးကပ်နေသည်။

ထိုမြင်ကွင်းက သတင်းအကြီးစားဖြစ်တော့မယ်ဆိုတာကို သူချက်ချင်းသဘောပေါက်သွားသည်။

ထို့ကြောင့် အချိန်ကိုက်ကိုစောင့်နေပြီး ယဲ့ဖန်က လုရှောင်ရနှုတ်ခမ်းပေါ်မှ ထမင်းစေ့ကိုဖယ်ပေးတာကို တွေ့လိုက်တာနဲ့ ချက်ချင်းခလုတ်နှိပ်ကာ ရိုက်ခဲ့သည်။

" ဟားဟားဟား၊ ငါ နုန်ထန်းကျုက သတင်းဂျာနယ်ဌာနမှာ သုံးနှစ်လောက် နာမည်မရှိတဲ့သူဖြစ်ခဲ့ပေမယ့် ဒီနေ့တော့ လူတိုင်းကို အံ့ဩအောင်လုပ်ပြမယ် "

ထိုဖက်တီးက မထိန်းနိုင်ပဲရယ်မောနေပြီး ဓာတ်ပုံကို ကျုံးဟိုင်တက္ကသိုလ်အွန်လိုင်းစာမျက်နှာမှာတင်လိုက်သည်။

ထို့အပြင် ထိတ်လန့်စရာကောင်းတဲ့သတင်းခေါင်းစဉ်အကြီးကြီးတပ်ကာ လူတိုင်းစိတ်ဝင်စားအောင်လုပ်လိုက်သည်။

< လူလိမ်ကောင်ယဲ့ဖန်နှင့်အတူ ညလယ်ခေါင်မှာတွေ့ရတဲ့ဆံရှည်နဲ့အလှလေး။ တက္ကသိုလ်ရဲ့အလှလေးရှန်းပိုင်ထျန်းက အခန်းလွတ်ထဲမှာ မျက်ရည်တွေကျနေပြီ >

သူ ထိုသတင်းကိုတင်ပြီးတဲ့နောက် စာမျက်နှာကို ထပ်တလဲလဲဝင်ကြည့်သည်။

သို့ပေမယ့် အတော်ကြာတဲ့အထိ ပြန်စာတစ်ခုမှတက်မလာပေ။

" ဒါကြီးက မဖြစ်နိုင်တာ။ အရမ်းနောက်ကျနေပြီမလို့ လူတိုင်းက အိပ်နေကြပြီလား "

ထိုဖက်တီးက အနည်းငယ်စိတ်ရှုပ်ထွေးနေပြီး အွန်လိုင်းစာမျက်နှာထဲကို နောက်တစ်ခေါက်ဝင်လိုက်ကြည့်သည်။

ဒီတစ်ကြိမ်မှာတော့ ကျုံးဟိုင်တက္ကသိုလ်၏အွန်လိုင်းဖိုရမ်စာမျက်နှာကြီးတစ်ခုလုံးက ပျက်ကျသွားရတော့သည်။

ခဏခဏပြန်ဝင်ကြည့်ပေမဲ့ ပျက်နေဆဲဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ။

တစ်ချိန်တည်းမှာဘဲ ကျောင်း၏အွန်လိုင်းဖိုရမ်စာမျက်နှာအတွက် တာဝန်ရှိတဲ့ ကွန်ပျူတာသိပ္ပံကျောင်းသားက ကျောင်းဖိုရမ်ပြန်တက်ရေးအတွက် လုံးပန်းရင်း ချွေးပြိုက်ပြိုက်ကျလာကြတော့သည်။

တစ်စုံတစ်ယောက်က ကျောင်းစာမျက်နှာမှာ သတင်းတစ်ခုတင်လိုက်တာကြောင့် အခုလိုဖြစ်သွားတာဖြစ်သည်။

ထို့ကြောင့် တစ်မိနစ်တောင်မကြာလိုက်ဘဲ ကျောင်းဖိုရမ်က ပျက်ကျသွားခဲ့ရသည်။

ကျုံးဟိုင်တက္ကသိုလ်၏ဆာဗာကြီးတစ်ခုလုံးပါ ပျက်သွားတာဖြစ်သည်။

" ဘယ်လိုသတင်းမျိုးမလို့ အဲ့လောက်အားပြင်းရတာလဲ။ ကျောင်းအုပ်ကြီးသေလို့လား "

အိပ်ရာထဲက အခုမှထွက်လာတဲ့ကောင်လေးတစ်ယောက်က သမ်းဝေရင်း မေးလိုက်သည်။

" ဘယ်သူကမှ ကျောင်းအုပ်ကြီးသေတာကို ဂရုစိုက်မှာမဟုတ်ဘူး "

သူ့ဘေးက မျက်မှန်နဲ့ကောင်လေးက ရွဲ့ပြောလိုက်သည်။

" ဒါဆိုဘာမလို့လဲ။ ဆရာမနဲ့ကျောင်းသားကြား ထပ်ပြီး ငြိကြတာလား "

" ဘာတွေပြောနေတာလဲ။ သတင်းက ယဲ့ဖန်အကြောင်းဟ "

" ယဲ့ဖန်လား။ ဘာသတင်းမလို့လဲ။ သူ ပြိုင်ကားအသစ်ထပ်ဝယ်လိုက်တာလား "

" သူက ပြိုင်ကားအသစ်ထပ်ဝယ်တာတော့မဟုတ်ဘူး။ ကောင်မလေးအသစ်ထပ်ရသွားတာ "

" ဖူး ......... "

ထိုကောင်လေးက သောက်လက်စ ကိုလာတွေ ထွေးထုတ်မိသွားပြီး ကွန်ပျူတာမှန်သားပြင်ပေါ်စင်သွားတာကြောင့် အမြန်သုတ်လိုက်ရသည်။

" ဘာ။ ကောင်မလေးအသစ်တဲ့လား။ သူ့ကောင်မလေးက ကျုံးဟိုင်တက္ကသိုလ်က အလှလေးရှန်းပိုင်ထျန်းမဟုတ်ဘူးလား "

" ရှန်းပိုင်ထျန်း ......... သူမက အခုဆို ယဲ့ဖန်ရဲ့ အရင်ကောင်မလေးလို့ ခေါ်ရမလား "

" ငါအခုသွားမယ်။ ငါ့ကိုမတားကြနဲ့။ ရှန်းပိုင်ထျန်းက ငါ့ရဲ့နတ်ဘုရားမလေးပါ။ ဘယ်လိုလုပ်ပြီး ထားခဲ့ခံရမှာလဲ "

" မင်းရဲ့ နတ်ဘုရားမက သူ့မျက်လုံးထဲမှာတော့ အရုပ်သာသာဘဲ။ သူက မကြိုက်တော့တာနဲ့ လွှင့်ပစ်လိုက်ရုံဘဲ "

" ငါ့နတ်ဘုရားမကို အဲ့လိုမပြောနဲ့ကွ "

" ငါမပြောပါဘူး။ မင်းဟာမင်းကြည့်လေ "

ကျုံးဟိုင်တက္ကသိုလ်သတင်းအွန်လိုင်းစာမျက်နှာပြန်ရတဲ့အခါ ထိုကောင်လေးက အမြန်ရှာကြည့်လိုက်သည်။

ထိုအခါ ယဲ့ဖန်သတင်းက ထိပ်ဆုံးမှပေါ်လာသည်။

သတင်းခေါင်းစဉ်က အနည်းငယ်ထိတ်လန့်စရာကောင်းလွန်းနေသည်။

ထိုပို့စ်ကို နှိပ်လိုက်တဲ့အခါ ယဲ့ဖန်နှင့် လုရှောင်ရ၏နီးကပ်နေတဲ့ပုံကြောင့် ထိုကောင်လေးက ပိုပြီးထိတ်လန့်သွားရတော့သည်။

ဓာတ်ပုံရိုက်ခဲ့တဲ့ဖက်တီးက တကယ့်အချိန်ကောင်းကို ရိုက်မိထားတာဖြစ်သည်။

ပုံက အတော်လေးနီးကပ်နေခဲ့သည်။

သူတို့ကြည့်ရတာ သာမန်သူငယ်ချင်းတွေအဆင့်တော့မဟုတ်လောက်ပေ။

ကျုံးဟိုင်တက္ကသိုလ်ကြီးတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။

အိပ်ပျော်နေကြတဲ့သူတွေကိုတောင် သူတို့သူငယ်ချင်းတွေကို လာနှိုးပြီး သတင်းထူးကို ထကြည့်ကြစေသည်။

မူလပိုစ့်အောက်တွင် မှတ်ချက်ပေါင်းများစွာရှိနေပြီး စက္ကန့်ပိုင်းအတွင်းရာချီသွားတော့သည်။

သတင်းထူးက ဘယ်လောက်တောင် လူတိုင်းကိုစိတ်ဝင်စားစေနိုင်လဲဆိုတာ သိနိုင်သည်။

မှတ်ချက်အများစုက ယဲ့ဖန်ကို ဆန့်ကျင်ထားကြတာဖြစ်သည်။

ရှန်းပိုင်ထျန်းက ကျုံးဟိုင်တက္ကသိုလ်က အလှဆုံးလေးဖြစ်တာကြောင့် သူမမှာ ပရိတ်သတ်တွေအတော်များများရှိသည်။

သူမနဲ့ ယဲ့ဖန်ရဲ့ ဆက်ဆံရေးကို ပထမဆုံးသိလိုက်ရတုန်းက ယောက်ျားလေးအများစုက အသည်းကွဲကြသည့်အတိုင်း အရက်သောက်ကြ၊ ရန်ဖြစ်ကြနဲ့ တစ်ညလုံး ခံစားကြရသည်။

ကောင်လေးတစ်ချို့က ယဲ့ဖန်ရဲ့ပုံစံလေးတွေလုပ်ပြီး သူတို့ခေါင်းအုံးအောက်မှာထားအိပ်ကာ ထိုအရုပ်ပုံစံလေးကို အပ်တွေစိုက်ထားကြသည်။

သူတို့ ယဲ့ဖန်ကို ဘယ်လောက်မုန်းနေလဲဆိုတာသိနိုင်သည်။

ဘာပဲဖြစ်ဖြစ် ထိုအထိက အဆင်ပြေခဲ့သေးသည်။

သူတို့ရဲ့နတ်ဘုရားမလေးက အချစ်တစ်ခုကိုရှာတွေ့သွားခဲ့တဲ့အတွက် သူတို့ပျော်ပေးခဲ့ကြသည်။

သို့ပေမယ့် သူတို့ရဲ့နတ်ဘုရားမလေးကို ယဲ့ဖန်က နောက်တစ်ယောက်ထားပြီး သစ္စာဖောက်တဲ့အကြောင်းသိသွားချိန်မှာတော့ သူတို့ ဘယ်လောက်ဒေါသထွက်နေကြလဲဆိုတာကို ကြည့်ရုံနဲ့တင်သိနိုင်သည်။

[ မကောင်းတဲ့ကောင်။ မင်းမှာ အသိစိတ်ရောရှိသေးရဲ့လား။ ဒီလောက်လှတဲ့ကောင်မလေးရထားတာတောင် မင်းက ဖောက်ပြန်ရဲသေးတယ်ပေါ့ ........ ]

[ ဒီကောင်မလေးကလည်း တော်တော်လှတဲ့ပုံပဲ ....... ]

[ ဟဲ့အပေါ်က ရူးနေတဲ့အကောင်၊ လှရုံနဲ့ဖောက်ပြန်လို့ရရောလား။ ဒါက လူ့ကျင့်ဝတ်လေ။ ဒီလိုဖောက်ပြန်တဲ့လူမျိုးက လူ့အမှိုက်သရိုက်ပဲ ]

[ အပေါ်က မှတ်ချက်ပေးသူကလည်းအရူးပဲ။ ပုံတစ်ပုံလေးက ဘာသက်သေပြနိုင်မှာမလို့လဲ။ ငါကတော့ ယဲ့ဖန်ရဲ့သရုပ်မှန်ကိုယုံတယ်။ သူက အဲ့လိုကိစ္စမျိုး လုံးဝလုပ်မှာမဟုတ်ဘူး ]

[ အပေါ်က အနောက်တိုင်းမှအောင်နိုင်သူ ချူးဆိုတဲ့တစ်ယောက်ရေ၊ ငါ မင်းကိုသိတယ်။ မင်း အရင်က ယဲ့ဖန်နဲ့တစ်ခန်းထဲနေခဲ့တဲ့သူ၊ ဟုတ်တယ်မလား။ မင်းက သူ့ရဲ့ ငှက်မွေးသာသာကောင်ပါပဲ ]

[ အနောက်တိုင်းမှအောင်နိုင်သူ ချူး၊ အရူးကောင်။ ငါ မင်းနဲ့ ကျောင်းမှာ မတွေ့မိစေနဲ့။ တွေ့တိုင်းရိုက်မှာ မင်းကို ]

[ ငရဲကိုသွားလိုက်၊ အနောက်တိုင်းမှအောင်နိုင်သူ ချူးဆိုတဲ့အကောင်။ ဒီလို အပုတ်အပွကိုတောင် မင်းက လိုက်ကာပြောပေးနေတာ။ မင်းရဲ့မာနနဲ့ အသိစိတ်ကို မထိခိုက်ဘူးလား ]

[ အနောက်တိုင်းမှအောင်နိုင်သူ ချူး၊ မင်း @%@&&#-@&@&@ ....... ]

[ ............ ]

အပိုင်း (၁၆၈)

ကိုယ့်ကို ဒယ်ဒီလို့ခေါ်လေ။

တစ်ဖက်မှာတော့ ယဲ့ဖန်က ကျုံးဟိုင်သတင်းအွန်လိုင်းစာမျက်နှာမှာ ဘယ်လိုတွေကမောက်ကမဖြစ်နေလဲဆိုတာကို လုံးဝမသိပေ။

လုရှောင်ရကို အိမ်ပြန်ပို့ပေးပြီးတဲ့နောက် ကျုံးထျန်းကန်သာယာစံအိမ်သို့ အပြန်လမ်းတွင် ဝတုတ်ချူးဆီက ဖုန်းဝင်လာသည်။

" အစ်ကိုဖန်၊ မကောင်းတော့ဘူး။ မကောင်းတော့ဘူး "

" ဘာလို့လဲ။ မင်း ကောင်မလေးတစ်ယောက်ကို ဗိုက်ကြီးအောင်လုပ်လိုက်တာလား "

" ဘယ်ကသာ။ အဲ့လိုလုပ်နိုင်တဲ့ထိ မစွမ်းသေးပါဘူး။ အခုက မင်းအကြောင်း "

" ငါ့ကို မစွပ်စွဲနဲ့နော်။ ငါ အဲ့လိုကိစ္စတွေမလုပ်ပါဘူး "

" အိုက်ယား၊ ငါကလည်း အဲ့လိုကိစ္စလို့မပြောပါဘူး။ အခုက မင်းနဲ့ ရှန်းပိုင်ထျန်းအကြောင်း .......... "

" ငါတို့ကြား ဘာကိစ္စရှိလို့လဲ "

" မင်း ....... အခု ကောင်မလေးတစ်ယောက်နဲ့ အပြင်ထွက်စားလာတာလား "

" ဘယ်လိုလုပ်ပြီးသိတာလဲ "

" ဘယ်လိုလုပ်ပြီးသိတာလဲ ဟုတ်လား။ အခု တစ်ကျောင်းလုံးသိတယ်။ မင်းရဲ့ပုံက ကျောင်းသတင်းဖိုရမ်တစ်ခုလုံးမှာ ပြန့်နေပြီ "

ယဲ့ဖန်က အနည်းငယ်ပြောစရာစကားပျောက်ရှသွားရသည်။

" ဘာလို့ ဒီလူတွေက အရမ်းပျင်းနေကြရတာလဲ။ တခြားသူရဲ့ အစာစားခြင်းကိုတောင် လိုက်ပြီး ဂရုစိုက်နေကြတာလား "

" မင်းက သူမကို သစ္စာဖောက်တယ်လို့ပြောကြတယ်။ ရှန်းပိုင်ထျန်းကို သစ္စာဖောက်တဲ့ အမှိုက်ကောင်တဲ့။ ငါလည်း မင်းကို ကာပေးဖို့ တစ်ခွန်းတည်းပြောလိုက်တာကို မှတ်ချက်ထဲကနေ ငါ့ကို ဝိုင်းတိုက်ခိုက်ကြတော့တာပဲ။ တစ်ယောက်ကဆို ငါ့ကို ရိုက်ပါရိုက်ဦးမှာတဲ့။ မင်း ငါ့ကို ကယ်ရမယ် "

" ဘာတွေလဲ "

ယဲ့ဖန် ကားကို လမ်းဘေးချရက်လိုက်ပြီး ကျုံးဟိုင်တက္ကသိုလ် အွန်လိုင်းစာမျက်နှာထဲဝင်လိုက်သည်။

ထို့နောက် ကြည့်ရှုသူအရေအတွက်အတော်လေးတောင့်တင်းတဲ့ သူ့အကြောင်းတင်ထားတဲ့ပို့စ်ကို တွေ့လိုက်ရသည်။

လုရှောင်ရနဲ့ သူ အတူ စားနေတုန်းက ပုံဖြစ်သည်။

ပုံရိုက်တဲ့သူက အချိန်ကောင်းကိုရွေးရိုက်သွားတာဖြစ်သည်။

ကြည့်လိုက်တာနဲ့ သူတို့နှစ်ယောက်က ပြောမရတဲ့ကိစ္စတွေရှိနေတဲ့ပုံစံပေါ်နေသည်။

ထိုဓာတ်ပုံကြောင့် ယဲ့ဖန် ခေါင်းကိုက်လာရသည်။

သူ တကယ်ပဲ အေးအေးဆေးဆေးနေချင်တာဖြစ်သည်။

ဘာလို့ သူ့ကို မုန်တိုင်းရှေ့ ဇွတ်တွန်းပို့တာကို ခံနေရတာလဲ။

တစ်ချိန်တည်းမှာပဲ ရှန်းပိုင်ထျန်းသည်လည်း ဖုန်းမြည်သံကြောင့်နိုးလာသည်။

သူမ၏အနီးကပ်သူငယ်ချင်းထံမှခေါ်လာတာဖြစ်သည်။

" ပိုင်ထျန်း၊ နင် လှည့်ဖျားခံရပြီ"

ဖုန်းခေါ်တဲ့သူငယ်ချင်းက တည့်ပြောလိုက်သည်။

" ငါက ဘာလှည့်ဖျားခံရတာလဲ "

ရှန်းပိုင်ထျန်းက တွေဝေစွာဖြင့် ခေါင်းကိုကုတ်လိုက်သည်။

" ယဲ့ဖန်က နင့်ကို သစ္စာဖောက်တာ "

" ယဲ့ဖန်လား၊ သစ္စာဖောက်တာလား။ ဟမ် ကားမတော်တဆဖြစ်တာလား "

ရှန်းပိုင်ထျန်း ကြားချင်ရာတွေကြားပြီး အိပ်ချင်ပြေသွားသည်၊

" ဘာ ကားမတော်တဆရမှာလဲ။ သူက တခြားကောင်မလေးနဲ့ ညစာစားနေတာကို တစ်ယောက်ယောက်က ပုံခိုးရိုက်လာခဲ့တယ် "

" သူ ညစာစားတာကို ဘာလို့ ပုံခိုးရိုက်စရာလိုလို့လဲ "

" အဓိကအချက်က သူက တခြားမိန်းမနဲ့ ညစာစားနေတာလေ၊ တခြားမိန်းမနဲ့။ ပြီးတော့ ညကလည်း တအားမိုးချုပ်နေပြီကို "

" မိန်းကလေးတစ်ယောက်နဲ့ ညစာစားတာ ဘာမှားလို့လဲ။ ကမ္ဘာကြီးမှာ ယောက်ျားမိန်းမဆိုပြီးပဲရှိတာလေ။ ဂြိုလ်သားတွေရှိနေလို့လား "

" အိုက်ယား၊ ငါနင့်ကို ဆက်ပြီး မရှင်းပြနိုင်တော့ဘူး။ ကျောင်းစာမျက်နှာကို သွားကြည့်လိုက်တော့ "

ဖုန်းချပြီးတဲ့နောက် ရှန်းပိုင်ထျန်း အင်တာနက်ဖွင့်ပြီး ကြည့်လိုက်သည်။

< တက္ကသိုလ်ရဲ့အလှဆုံးလေးရှန်းက အခန်းလွတ်လေးတစ်ခုထဲမှာ တစ်ယောက်တည်းပုန်းကွယ်အထီးကျန်နေရင်း မျက်လုံးမှာ မျက်ရည်တွေပြည့်နေတယ် >

ထိတ်လန့်စရာကောင်းအောင်ရေးထားတဲ့ခေါင်းစဉ်ကြောင့် သူမ အော်ရယ်မိသွားသည်။

ဒါက ဘာတွေလဲ။

အခန်းလွတ်လေးတစ်ခုထဲမှာ ပုန်းကွယ်ရင်းတဲ့လား။

တိတ်တဆိတ်ငိုကြွေးနေခြင်း။

ဘာလို့ ငိုရမှာလဲ။

ခေါင်းစဉ်က အလွန်အကြူးရေးပြီး လူစိတ်ဝင်စားခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ပုံပဲ။

သို့ပေမယ့် ပို့စ်ကို ထောက်ကြည့်လိုက်တဲ့အခါ ယဲ့ဖန်နှင့် လုရှောင်ရတို့၏ပုံကိုမြင်ပြီး ရှန်းပိုင်ထျန်း ဆက်မပြုံးနိုင်တော့ပေ။

ပုံထဲမှာ မြင်ရသည်အရ သူတို့နှစ်ယောက်ပုံစံက အရမ်းကိုချိုမြိန်နေသည်။

ထိုပုံစံက အကြောင်းပြချက်မရှိ သူမနှလုံးသားကို အနည်းငယ်မနာလိုစိတ်ဖြစ်လာစေသည်။

သို့ပေမယ့် ရှန်းပိုင်ထျန်း သူမကိုယ်သူမ ချက်ချင်းသတိပေးလိုက်သည်။

" ငါနဲ့ ယဲ့ဖန်နဲ့က ချစ်သူလို့ ဟန်ဆောင်ရုံတင်ဘဲလေ "

သူမမှာ သဝန်တိုဖို့ အခွင့်အရေးမရှိပေ။

သေချာပေါက် အဲ့လိုဆိုရင်တောင်မှ သူမစိတ်ထဲမှ သဝန်တိုမှုကို ထိန်းချုပ်လို့မရပေ။

ပို့စ်ကို အချိန်အတော်ကြာကြည့်နေပြီးတဲ့နောက် ယဲ့ဖန်ကို ဖုန်းဆက်လိုက်သည်။

" ယဲ့ဖန်၊ ရှင် ကျောင်းဖိုရမ်ပေါ်က ပို့စ်ကို မြင်ပြီးပြီလား "

" မြင်ပြီးပြီ "

" ဘယ်လိုထင်လဲ "

" အိပ်ရာပေါ်မှာလှဲပြီး ကြည့်လိုက်မယ်လေ "

ရှန်းပိုင်ထျန်း မျက်လုံးကိုလှန်လိုက်သည်။

" ရှင် ဒီကိစ္စကို ဘယ်လိုထင်လဲလို့မေးနေတာ "

ယဲ့ဖန် အိမ်ပြန်ရောက်လာပြီး ဆိုဖာပေါ်မှာလှဲမှီပြီး သူ့ကို ဝေဖန်နေတဲ့မှတ်ချက်တွေကို ဖတ်နေခဲ့သည်။

" ဘာများ ထင်နိုင်မှာမလို့လဲ။ သူတို့က ကိုယ့်ကိစ္စကို အာရုံမစိုက်ဘဲ သူများကိစ္စပါဝင်ပါတဲ့အထိ အားယားနေကြတာလေ "

" အဲ့တာဆို ရှင်နဲ့ လုရှောင်ရနဲ့က ........ "

" ကိုယ်တို့ကြားမှာ ဘာမှမရှိဘူး။ သူမက ဒီနေ့ကူညီပေးခဲ့တာလေးရှိနေလို့ ညစာလိုက်ကျွေးနေတာ "

ထိုအခါမှ ရှန်းပိုင်ထျန်း၏စိတ်အခြေအနေ ပိုကောင်းလာတော့သည်။

" အဲ့လူတွေက မဟုတ်ဘဲ လျှောက်ဖွတယ်ဆိုတာသိသားပဲ။ သူတို့ အားယားနေကြတာဖြစ်မယ် "

" သူတို့က ဖရဲသီးစားချင်နေကြတယ်မလား။ အဲ့တော့ သူတို့ကို အလုံးလိုက်ပါးစပ်ထဲသွပ်ကျွေးပြီး သေအောင်လုပ်ပစ်မယ်။ ဒါပေမယ့် ဒီကိစ္စမှာ မင်းရဲ့အကူအညီတော့လိုတယ် "

" ဘာလုပ်ချင်လို့လဲ "

" မနက်ဖြန်ကျ ............ "

ယဲ့ဖန်က သူ့အကြံကို ရှန်းပိုင်ထျန်းအားပြောပြသည်။

" ဒါ ဘယ်လိုအကြံကြီးလဲ။ မငြင်းဘူးဆိုရင် ငါက ရှေ့လျှောက်ဘယ်လိုမျက်နှာနဲ့နေရမှာလဲ "

" မင်း ငြင်းပိုင်ခွင့်မရှိဘူး။ ဒီကိစ္စတွေက မင်းကြောင့်စခဲ့တာလေ။ ဖြေရှင်းဖို့ မင်းက မကူညီသင့်ဘူးလား "

" ငါနဲ့ဘာဆိုင်လို့လဲ၊ သူမနဲ့ နင်နဲ့ထမင်းစားဖို့ ငါတောင်းဆိုခဲ့တာမှမဟုတ်တာ "

" မင်းသာ ကိုယ့်ကို ရည်းစားအဖြစ်ဟန်ဆောင်ဖို့ မပြောခဲ့ဘူးဆိုရင် အခုလို လူလိမ်ကောင်လို့ အခေါ်ခံနေရပါ့မလား "

" ဒါပေမယ့် ....... "

" ဒါပေမယ့်တွေမလုပ်နဲ့။ လုပ်ကိုလုပ်ရမယ် "

ယဲ့ဖန် သူမကို လုံးဝငြင်းဆန်ခွင့်မပေးဘဲ ဖုန်းချက်ချင်းချလိုက်သည်။

ထို့နောက် လုရှောင်ရကို ဖုန်းခေါ်လိုက်သည်။

သူ့အကြံကို ထပ်ပြီးပြောပြသည်။

" မရဘူး၊ လုံးဝ မရဘူး။ ကျွန်မ မျက်နှာ ဘယ်နားသွားထားရမှာလဲ "

လုရှောင်ရက သူ့အကြံကိုကြားပြီးနောက် ချက်ချင်းငြင်းသည်။

" မသိရင် ကိုယ်ကပဲ အရှက်မရှိတဲ့ကောင်ကြီးကျနေတာပဲ။ သူတို့ကို ဒေါသထွက်အောင်လုပ်ရုံတင်ပါ "

" ကျွန်မ အဖေသိရင် သေအောင်ရိုက်လိမ့်မယ် "

" သရုပ်ဆောင်ရုံတင်ပဲလေ။ မင်းအဖေသိရင်တောင် ကိုယ်သူ့ကိုရှင်းပြပေးပါ့မယ် "

" ကျွန်မအဖေသိရင် ရှင် သေလိမ့်မယ် "

" မင်းပြောတော့ ကိုယ်နဲ့သူက တူတယ်ဆို။ ကိုယ်တို့ တွေးခေါ်ပုံကလည်း တူကောင်းတူနေနိုင်ပါတယ် "

" ဒါပေမဲ့ ...... "

" ရှန်းပိုင်ထျန်းက သဘောတူလိုက်ပြီးသား။ အခု မင်းဘဲကျန်တော့တာ "

" သူမက သဘောတူတယ်လား "

လုရှောင်ရက ရုတ်တရက်ဆိုသလို ပြိုင်ဆိုင်စိတ်ပြင်းထန်လာသည်။

" အိုခေ ကျွန်မလည်း သဘောတူတယ် "

" အဲ့လိုမှပေါ့။ ဒါဆို ဆုံးဖြတ်ပြီးသွားပြီ "

" ကောင်းပြီ၊ ကျွန်မ ဖုန်းချလိုက်တော့မယ် "

" ခဏနေဦး "

" ဘာဖြစ်လို့လဲ "

" ကိုယ့်ကို ဒယ်ဒီလို့ခေါ် "

" သွားစမ်းပါ ........ "

ယဲ့ဖန် ဖုန်းချပြီးတဲ့နောက် သူ့အကြောင်းဝေဖန်နေတဲ့ မှတ်ချက်တွေကိုကြည့်ပြီး နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။

သူတို့က ငါ့ကို မကောင်းတဲ့ကောင်လို့ပြောကြတယ်မလား။

မကောင်းတဲ့ကောင်ရဲ့ နောက်ဆုံးအဆင့်ကို မင်းတို့ကို ချပြပေးရုံပေါ့။

အဲ့အချိန်ကျမှ သည်းမခံနိုင်လို့ ဒေါသထွက်ပြီး သွေးမအန်ကြနဲ့။

All Chapters