← Chapters

အပိုင်း ၁၇၃-၁၇၆

Vol. 9 Ch. 173-176

အပိုင်း ၁၇၃-၁၇၆

Vol. 9 Ch. 173-176

အပိုင်း (၁၇၃)

ကျုံးထျန်းကန်သာယာစံအိမ်၊ စံအိမ်တွေရဲ့ဘုရင်။

လှပတဲ့မိန်းမတွေရဲ့အင်အားက အတော်လေးကြီးတယ်ဟု ပြောလို့ရနိုင်သည်။

ရှန်းပိုင်ထျန်းက ကြည့်ရှုသူတွေကို နှုတ်ဆက်ပြီးတဲ့နောက် ကြည့်ရှုသူဦးရေက ထပ်တိုးသွားပြန်သည်။

ချက်ချင်းဆိုသလိုပဲ အယောက် ၂သောင်းကျော်သွားတော့သည်။

ကျုံးဟိုင်တက္ကသိုလ်တစ်ခုလုံးမှာ ကျောင်းသား အယောက် ၄သောင်းလောက်သာရှိသည်။

ကျောင်းတစ်ဝက်နီးပါးက အခုလက်ရှိကြည့်ရှုသူတွေဖြစ်နေသည်။

မှတ်ချက်တွေတောက်လျှောက်တက်နေတာကြောင့် မျက်နှာပြင်ကိုတောင် သိပ်မမြင်ရတော့ပေ။

ကျန်းချန်းဟန်က ရှန်းပိုင်ထျန်းကို မိတ်ဆက်ပေးပြီးတဲ့နောက် ဆက်ပြောသည်။

" ကျွန်မတို့က ဒီနေ့ လူတိုင်းအတွက် မိတ်ဆွေသုံးယောက်ကိုဖိတ်ထားပါတယ်။ ပထမဆုံး တစ်ယောက်ကတော့ လူတိုင်းရဲ့အချစ်တော်စီနီယာ ကျိုးချီမင်းဖြစ်ပါတယ်။ စီနီယာကျိုးကို မှုခင်းရဲမိသားစုကနေ မွေးဖွားလာတာဖြစ်ပြီး သူ့ရဲ့စုံစမ်းစစ်ဆေးရေးစွမ်းရည်က အရင်အပိုင်းမှာ လူတိုင်းတွေ့ပြီးသားဖြစ်မှာပါ ....... "

သူ့ကို မိတ်ဆက်ပြီးတဲ့နောက် ကင်မရာကို သူ့ဘက်ကို လှည့်လိုက်သည်။

ပိန်ပိန်ပါးပါးခန္ဓာဖြင့် စူးရဲသောအကြည့်ရှိတဲ့ကောင်လေးတစ်ယောက်က ကင်မရာရှေ့မှာပေါ်လာသည်။

" ဒီကမ္ဘာပေါ်က နေရာတိုင်းမှာ အပြစ်အနာအဆာတွေရှိပါတယ်။ ကျွန်တော်တို့က အဲ့တာတွေကို ရှာဖွေဖို့ မျက်လုံးတစ်စုံပဲလိုတာပါ။ အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်ကတော့ ကျိုးချီမင်းပါ "

ထိုကောင်လေးက လက်သုံးစကားတစ်ချို့ကို ပြောလိုက်ပြီး လက်ဖြင့်သေနတ်ပစ်ဟန်ပန်လုပ်ပြလိုက်သည်။

ကျိုးချီမင်းပေါ်လာတဲ့အခါ ကောမန့်မှတ်ချက်တွေထဲမှာ ဆူဆူညံညံတွေဖြစ်လာသည်။

[ စီနီယာအစ်ကိုကျိုး၊ ချစ်တယ်နော် ]

[ စီနီယာကျိုးက ချောလိုက်တာ။ အရင်အပိုင်းတုန်းက သူ့ရဲ့စုံထောက်စွမ်းရည်ကြောင့် ငါအရမ်းအံ့ဩသွားတာ ]

[ ဟုတ်တယ်၊ ဒုတိယအပိုင်းတုန်းကလေ။ ကောင်လေးက ကောင်မလေးရဲ့အောက်ခံကို အဆောင်မျက်နှာကျက်မှာဖွက်ထားတာကို စီနီယာကျိုးက တစ်ချက်ကြည့်လိုက်ရုံနဲ့ တန်းသိသွားတာ ]

[ မိန်းကလေးတွေရဲ့ အောက်ခံကိုလိုက်ခိုးတဲ့ နှာဘူးကောင်လေးအကြောင်းရိုက်ပြတဲ့အပိုင်းကိုပြောနေတာမလား။ ငါလည်း အဲ့အပိုင်းကိုကြည့်လိုက်တယ်။ ပြီးတော့ အဲ့ကတည်းကစပြီး စီနီယာကျိုးရဲ့ အမာခံပရိတ်သတ်ဖြစ်လာတော့တာဘဲ ]

[ စီနီယာကျိုးက ဒီတစ်ခေါက်လည်း ဆက်ကြိုးစားပြီး ယဲ့ဖန်ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ မျှော်လင့်တယ် ]

[ ကြိုးစားထား၊ စီနီယာကျိုး ]

တစ်ချိန်တည်းမှာဘဲ ကြည့်ရှုသူပရိတ်သတ်တွေက ဘောက်ဆူးတွေပေးကာ ဆုချကြတော့သည်။

ကျိုးချီမင်းကို မိတ်ဆက်ပေးပြီးတဲ့နောက် ကျန်းချန်းဟန်က နောက်တစ်ယောက်ကို ဆက်ပြီး မိတ်ဆက်ပေးသည်။

" ဒုတိယတစ်ယောက်ကတော့ ကျွန်မတို့ရဲ့ ဂျူနီယာလေး ဝမ်ချုံယုပါ။ ပထမနှစ်လေးမလို့ အထင်မသေးလိုက်နဲ့နော်။ သူက အပေါ်ကနက္ခတ်ပညာနဲ့ အောက်က ပထဝီမြေကြီးအကြောင်းအကုန်သိတယ်။ သူ့ရဲ့အသိပညာက ကျွန်မတို့စီနီယာအများစုထက်တောင် သာပါသေးတယ် ...... "

မျက်မှန်ဝိုင်းကြီးတပ်ထားတဲ့ကောင်လေးက ကင်မရာကိုကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။

" အားလုံးဘဲ မင်္ဂလာပါ။ ဝမ်ချုံယုပါ "

သူ့ကိုယ်သူ မိတ်ဆက်ပြီးတဲ့နောက် မှတ်ချက်တွေ စတက်လာပြန်သည်။

[ ဒီဂျူနီယာလေးကလည်း အတော်အထင်ကြီးစရာကောင်းတယ်။ သူက အစီအစဉ်ထဲမှာ စကားသိပ်မပြောပေမယ့် အတိတ်ရော လက်ရှိရော သူ မသိတာ ဘာမှမရှိဘူး ]

[ ဟုတ်တယ်၊ ငါ့အဘိုးက သမိုင်းဌာနကလေ။ သူက အခု ငါနဲ့အတူတူ ကြည့်နေတာ။ သူတောင်မှ ဂျူနီယာလေးဝမ်လောက်တောင် ပညာမစုံဘူးလို့ပြောနေတယ် ]

[ သူသာ စကားနည်းနည်းပိုပြောရင် ပိုပြီးနာမည်ကြီးမှာကို ]

[ သူက စစ်မှန်တဲ့အရည်အချင်းကိုဘဲ မှီခိုလို့လေ။ ပါးစပ်ဖွာတာမျိုးမဟုတ်ဘူး။ အရည်အချင်းစစ်တဲ့သူတွေက စကားမများဘူး ]

[ ဟုတ်တယ်၊ အမှန်ပဲ ]

ကျန်းချန်းဟန်က ရပ်မနေဘဲ ဆက်မိတ်ဆက်ပေးသည်။

" တတိယတစ်ယောက်ကတော့ ကျွန်မတို့ရဲ့ လှပပြီး ပညာကြွယ်ဝတဲ့ စီနီယာအစ်မ မြောင်ချန်းချန်းဖြစ်ပါတယ်။ အစ်မမြောင်က ကျုံးဟိုင်စီးပွားရေးကျောင်းရဲ့ ထိပ်တန်းကျောင်းသူပါ။ စီးပွားရေးအမြင်ကျယ်ပြီးတော့ ရုံးတွင်းအချက်အလက်စိစစ်ရေးစွမ်းရည်မှာလည်း အတော်လေးမြင့်ပါတယ်။ လွန်ခဲ့တဲ့အပိုင်စတွေမှာလည်း အစ်မရဲ့သုံးသပ်ချက်တွေက အတော်လေးရေပန်းစားခဲ့ပါတယ် "

" အားလုံးပဲ၊ မင်္ဂလာပါ "

မြောင်ချန်းချန်းက အေးစက်ပြီး မာန်တင်းတတ်သူဖြစ်သည်။ ကင်မရာကိုကြည့်ကာ ခေါင်းငြိမ့်ရုံသာလုပ်ပြပြီး နာမည်ကိုတောင် မိတ်မဆက်ပေးပေ။

သို့ပေမဲ့ မှတ်ချက်တွေကတော့ လျော့မသွားပါ။ ကျိုးချီမင်းတုန်းကလောက် စိတ်အားမထက်သန်ကြတော့ပေ။

[ အား အား အား စီနီယာမြောင်က ငါ့နတ်ဘုရားမဘဲ။ သူမက လှပပြီးဉာဏ်ပညာကြွယ်ဝခြင်းရဲ့ပြယုဂ်လေ ]

[ လှရုံတင်မကဘူး၊ ဉာဏ်ကလည်းထက်သေးတယ် ]

[ ပထမပိုင်းတုန်းက အစ်မမြောင်က ဒုတိယမျိုးဆက်သခင်လေးတစ်ယောက်ရဲ့ကုမ္ပဏီကိုသွားပြီး ငွေကြေးလည်ပတ်မှုနှစ်ခုတည်းကိုဘဲ မှီခိုနေတာက အခြေမငြိမ်ပဲ စွန့်စားရာရောက်တယ်လို့ပြောခဲ့တာလေ။ ထင်တဲ့အတိုင်းပဲ နောက်နှစ်လလည်းနေရော အဲ့မိသားစု ဒေဝါလီခံသွားရတယ် ]

[ ဒီတစ်ခေါက်အပိုင်းက စီနီယာအစ်မမြောင်ကို ဦးတည်ထားတာဖြစ်မယ်။ သူမရဲ့ စီးပွားရေးအကွက်မြင်တွက်ချက်ပြီး ကျွမ်းကျင်ချက်ကတော့ နတ်ဘုရားအတိုင်းပဲ။ သူမဆီက အများကြီးသင်ယူရတယ် ]

[ အစ်မမြောင်က နောက်ကျရင် အောင်မြင်တဲ့စီးပွားရေးပညာရှင်ကြီးဖြစ်မှာထင်တယ် ]

[ မင်းပြောမှ ငါကသိရမှာလား။ ဒီလောက်သိသာနေတာကို ]

[ ............. ]

မြောင်ချန်းချန်း၏ပေါ်ထွက်လာမှုက အစီအစဉ်ရဲ့ဇာတ်ရှိန်ကို မြင့်တက်သွားစေသည်။

ကြည့်ရှုသူတွေက သောင်းချီမကရှိနေပေမဲ့ အားလုံးက ကျုံးဟိုင်တက္ကသိုလ်ကကျောင်းသားတွေချည်းဘဲမဟုတ်ချေ။

တက္ကသိုလ်ဝန်ထမ်းတွေကလည်း အပျော်သဘောဖြင့်ဝင်ကြည့်ကြသည်။

ကြည့်ရှုနှုန်းမြင့်နေတာကြောင့် ကျန်းချန်းဟန် အံ့ဩနေရသည်။

ယဲ့ဖန်ကိစ္စက ဒီလောက် အာရုံဆွဲဆောင်နိုင်မယ်မှန်း ထင်မထားပေ။

အချိန်ကောင်းမှာ ဒီကိစ္စကို ဆုံးဖြတ်နိုင်လိုက်ပုံရသည်။

ထိုအတွေးကြောင့် အဓိကအကြောင်းအရာကို စတင်မိတ်ဆက်ပေးလိုက်တော့သည်။

" မမလေးရဲ့နောက်ကိုလိုက်ပြီး ယဲ့ဖန်ရဲ့အိမ်ကို သွားကြရအောင်ပါ။ သွားကြစို့ "

သူမရဲ့စကားဆုံးတဲ့အခါ အုပ်စုလိုက်ကြီး စံအိမ်ဧရိယာထဲသို့ ဝင်လာကြတော့သည်။

[ အမလေး၊ ဒီအိမ်တွေက မခမ်းနားလွန်းဘူးလား ]

[ ငါဆုံးဖြတ်လိုက်ပြီ။ ငါ့ဘဝရည်မှန်းချက်ပဲ။ ဒီလိုအိမ်မျိုးမသေခင်ဝယ်နိုင်ရမယ် ]

[ နေ့ခင်းကြောင်တောင် အိပ်မက်မက်မနေနဲ့။ ဒီမှာ အိမ်တစ်လုံးကို ဘယ်လောက်တန်လဲဆိုတာသိလို့လား ]

[ ယွမ် သန်းဂဏန်းလောက်တဲ့လား။ အဲ့တာဆို နင်ဝယ်သမျှ အကုန်ငါပြန်ဝယ်လိုက်ဦးမယ်။ ဒီကအိမ်တွေက ယွမ်သန်းဆယ်ချီတန်တာကွ ]

[ တစ်အိမ်ကို သန်းဆယ်ချီတာလား။ မများလွန်းဘူးလား။ အိမ်ကို ရွှေနဲ့ဆောက်ထားတာ မလို့လား ]

[ ရွှေမဟုတ်ပေမယ့် ရွှေထက်ကောင်းတယ်လေ။ ဒီကမြေတစ်လက်မတိုင်းက ရွှေလိုတန်ဖိုးရှိတယ်တောင်ပြောကြတာ ]

[ လူမဆန်လိုက်တာ ]

သူတို့အုပ်စုက ဆက်လျှောက်သွားပြီး ကျန်းချန်းဟန်က ရှန်းပိုင်ထျန်းကို မေးလိုက်တော့သည်။

" ပိုင်ထျန်း၊ ဘယ်အိမ်က ယဲ့ဖန်ရဲ့ဟာလဲ။ အကြာကြီးလျှောက်လာတာတောင် ဘာလို့မရောက်သေးတာလဲ "

ရှန်းပိုင်ထျန်းက ပြုံးလိုက်သည်။

" မကြာခင်ရောက်တော့မှာပါ "

သူတို့ဆက်လျှောက်ကြပြီး ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)ကိုရောက်လာတော့သည်။

" ဒီဟာပဲ "

ရှန်းပိုင်ထျန်းက ရှေ့ကိုတိုးပြီး တံခါးကိုဖွင့်ကာ လူအုပ်ကြီးဘက်လှည့်လိုက်သည်။

ကျန်းလင်းအုပ်စုကသူတွေက စံအိမ်ကြီးကိုတွေ့တဲ့အခါ အံ့ဩမှင်သက်သွားကြသည်။

တခြားစံအိမ်တွေကတောင် အတော်လေးအဆင့်မြင့်ဇိမ်ကျလွန်းလှပြီဖြစ်သည်။

ဒါပေမယ့် ယဲ့ဖန်ရဲ့စံအိမ်နှင့်ယှဉ်လျှင်တော့ နိမ့်ကျတာထက်တောင်ပိုသေးသည်။

ကြိုးကြာနှင့် ကြက်တွေ ယှဉ်ရပ်ထားသလိုဖြစ်နေသည်။

ဝမ်ချုံယုက လှည့်ပတ်ကြည့်လိုက်ပြီး သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။

" ဒီကန်သာယာစံအိမ်က တောင်ကိုနောက်ခံထားပြီးဆောက်ထားတာမလို့ လေရော ရေရော စုဆောင်းထားပြီး နဂါးအသွင်ဆောင်တဲ့အရှိန်ကိုဖြစ်ပေါ်စေတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ ပညာရှင်လက်ရာမှန်းသိသာစေတယ်။ ပြီးတော့ စံအိမ်နံပါတ်(၁)နေရာက နဂါးမျက်လုံးနေရာနဲ့ကိုက်ညီတယ်။ အဲ့တော့ ဖုန်းရွှေ(တရုတ်အထားအသိုပညာ)ကလည်း ထူးခြားပြောင်မြောက်ကောင်းမွန်လှတယ် "

ဘေးမှာရပ်နေတဲ့ မြောင်ချန်းချန်းကလည်း ဖြည်းဖြည်းချင်းဝင်ပြောသည်။

" ကျုံးထျန်းကန်သာယာစံအိမ်တွေကို လေ့လာဖူးတယ်။ သာမန်စံအိမ်ကတောင် ယွမ် ၁၀သန်းကနေ သန်း၅၀ထိရှိတယ်။ အခုလက်ရှိဈေးနဲ့သာဆို နံပါတ် (၁)စံအိမ်က သန်း ၁၀၀ အနည်းဆုံးဘဲ "

[ ဝါး .......... ]

သူတို့နှစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုကိုကြားပြီးတဲ့နောက် တိုက်ရိုက်ထုတ်လွှင့်မှုအောက်က ကောမန့်မှတ်ချက်တွေမှာ ချက်ချင်းကို အုတ်အော်သောင်းနင်းတွေဖြစ်ကုန်တော့သည်။

အပိုင်း (၁၇၄)

သာမန်ကျောက်တုံးတစ်တုံး။

ကျုံးဟိုင်တက္ကသိုလ်ကကျောင်းသားတွေဟာ ယဲ့ဖန်ရဲ့ငွေကြေးအခြေအနေကို သေသေချာချာရှင်းရှင်းလင်းလင်းမသိကြရပေ။

ယဲ့ဖန်က သန်းဆယ်ချီတဲ့ကားမောင်းတာကိုသာသိထားကြသည်။

ထိုအကြောင်းကလွဲပြီး ယဲ့ဖန်နောက်ခံအသိုင်းအဝိုင်းက ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ မသိကြပေ။

ထို့ကြောင့် ဝမ်ချုံယုနှင့် မြောင်ချန်းချန်းတို့၏မှတ်ချက်ပေးမှုကိုကြားပြီးတဲ့နောက် လူတိုင်းက စိတ်လှုပ်ရှားလာကြတော့သည်။

[ ဘုရားရေ၊ ဒီစံအိမ်က သန်း ၁၀၀တောင်လား။ မချဲ့ကားလွန်းဘူးလား ]

[ ၁၀သန်းလောက်ဆိုရင်တောင် အလွန်ဆုံးတွေးထားတာ။ သန်း ၁၀၀ကတော့ လုံးဝမှန်းမထားဘူး။ ယဲ့ဖန်က ချမ်းသာလှချည်လား ]

[ သူ့မိသားစုက ဘာလုပ်တာလဲ။ ရွှေတွင်းပိုင်တာလား။ မိုင်းတွင်းပိုင်တဲ့သူတွေတောင် ဒီလိုကြီးမနေနိုင်လောက်ပါဘူးကွာ ]

[ ငါကြားထားတာတော့ ယဲ့ဖန်မိသားစုက ဆင်းရဲပြီးတော့ သူက အောက်ခြေသုညကစခဲ့တယ်ဆိုလား ]

[ အပေါ်ကတစ်ယောက်ရေ၊ ရူးနေလား။ အဲ့လိုအဓိပ္ပာယ်မရှိတာတွေယုံတယ်ပေါ့။ အောက်ခြေကစတဲ့သူက ဘယ်လိုလုပ်ပြီး သန်း ၁၀၀ တန် အိမ်ကြီးမှာ နေနိုင်မှာလဲ ]

[ သူက လူချမ်းသာဒုတိယမျိုးဆက်နေမှာ။ သာမန်ချမ်းသာတာတောင်မဟုတ်ပဲ ဟူရန်စာရင်းဝင်ချမ်းသာတဲ့သူဌေးကြီးသားဖြစ်မယ် ]

[ တကယ်တော့ သန်း ၁၀၀ အိမ်မှာနေတာလောက်က ဘာမှမဟုတ်ပါဘူး။ ငှားထားတာနေမှာပေါ့။ တစ်နှစ်စာကို ယွမ် ၁သန်း၊ ၂သန်းလောက်ဘဲကျမယ်ထင်တယ် ]

[ ငှားထားတာဆိုရင်တောင် အရမ်းအထင်ကြီးစရာကောင်းနေပြီလေ။ တစ်နှစ်ကိုတစ်သန်းတောင်က သာမန်လူတွေလုပ်နိုင်တဲ့အရာမဟုတ်ဘူးမလား ]

[ တစ်သန်းနှစ်သန်းလောက်က သာမန်လူတွေအတွက် များပေမဲ့ ငါတို့လို သူဌေးမျိုးဆက်တွေအတွက်ကတော့ သာမန်ပမာဏဘဲ ]

[ စောက်ကြီးစောက်ကျယ်တွေပြောနေတာ ရပ်ပေးပါလား ]

[ .......... ]

ဆွေးနွေးမှုပြင်းထန်နေပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှတ်ချက်တွေကလည်း များသထက်များလာသည်။

နောက်ထပ် ကြည့်ရှုသူ ၁သောင်းထပ်တိုးသွားသည်။

ဆုကြေးငွေပေးကြသူတွေလည်းများသည်။

ကျန်းချန်းဟန်က ရလဒ်ကို အတော်လေးကျေနပ်နေသည်။

" ကြည့်ရတာ လူတိုင်းက ယဲ့ဖန်ရဲ့အကြောင်းကို တော်တော်လေးစိတ်ဝင်စားနေကြတဲ့ပုံပဲ။ နောက်ထပ်နည်းနည်းလောက်လျှောက်ပြီး အထဲကိုကြည့်ကြရအောင် "

ထို့နောက် ရိုက်ကူးရေးအဖွဲ့သားတွေက ရှေ့ဆက်ဝင်ကြသည်။

စံအိမ်ခြံဝင်းထဲကိုဝင်လိုက်တာနဲ့ နှစ်ထပ်တိုက်ကြီးက ခမ်းနားအဆင့်မြင့်စွာ ပြင်ဆင်ထားတာကိုတွေ့လိုက်သည်။ သူတို့အားလုံး အသက်ကိုပြင်းပြင်းရှူလိုက်ရသည်။

" ဒီက အပြင်အဆင်တွေက တော်တော်လေးအမြင်ရှိတာပဲ။ သေသပ်ပြီး သန့်ရှင်းတယ်။ ကြည့်ရတာ ကျောင်းသား ယဲ့ဖန်က သန့်ရှင်းတတ်တဲ့သူထင်တယ် "

ကျန်းချန်းဟန်က ကင်မရာဘက်ကိုလှည့်ပြောရင်း နောက်ဆုတ်နေသည်။

ထို့နောက် ဝင်ပေါက်စားပွဲပေါ်က အပြင်အဆင်တစ်ခုကို ဝင်တိုက်မိသွားသည်။

ကံကောင်းစွာနဲ့ ဓာတ်ပုံသမားက အချိန်မီလှမ်းဖမ်းလိုက်နိုင်တာကြောင့် ပြုတ်မကျသွားပေ။

ကျန်းချန်းဟန်က လှည့်ကြည့်လိုက်တဲ့အခါ စားပွဲပေါ်မှ ကျောက်တုံးတစ်တုံးကိုတွေ့လိုက်ရသည်။

အပေါ်ယံမျက်နှာပြင်မှာတော့ ထိုကျောက်တုံးက လမ်းဘေးက အခြားကျောက်တုံးတွေနဲ့ မကွာခြားပေ။

" အမ် ...... ကျောင်းသားယဲ့ဖန်ရဲ့အမြင်က အတော်လေးထူးခြားပုံရတယ်။ ဒီကျောက်တုံးက ...... သာမန်ကျောက်တုံးမဟုတ်ဘူး "

ထိုသို့ပြောပြီးနောက် ကြည့်ရှုသူတွေက လှောင်ပြောင်ကြတော့သည်။

[ ဟားဟားဟား၊ စီနီယာကျန်းက လျှောက်ပြောနေတာ။ ကျောက်တုံးက သာမန်ပါပဲ။ လမ်းဘေးကဟာတွေလိုဘဲ ]

[ ဒါကစိတ်ပိုင်းဆိုင်ရာ လှုံဆော်မှုလေ။ လူတွေက စံအိမ်ကြီးခမ်းနားနေတော့ အပြင်အဆင်ကို ဂရုမစိုက်ကြတော့ဘူး ]

[ ဟုတ်တယ်။ ဂျက်မားလိုဘဲလေ သူက နာရီအတုဝတ်ထားပေမဲ့ သူ့ပုံရိပ်ကြောင့် ဘယ်သူကမှ အတုလို့မထင်ဘူး ]

[ စီနီယာကျန်း၊ မသိတာကို သိချင်ယောင်မဆောင်ပါနဲ့။ မဟုတ်ရင် ဟားစရာဖြစ်နေမယ်။ ဟားဟားဟား ..... ]

ကျန်းချန်းဟန်၏မျက်နှာက မှတ်ချက်တွေထဲက လှောင်ပြောင်မှုကြောင့် ရှက်ရွံ့ကာ နီရဲလာတော့သည်။

အခု သူမ တကယ်ပဲ လျှောက်ပြောလိုက်တာဖြစ်သည်။

အိမ်က သန်းရာချီကျော်တန်တာကြောင့် အိမ်ထဲကပစ္စည်းတွေကလည်း တန်ဖိုးကြီးတွေဖြစ်နိုင်သည်။

ဒါပေမဲ့ လူတိုင်းပြောတာကိုကြည့်ပြီး သာမန်ကျောက်တုံးလားဟု သံသယဝင်လာသည်။

ထို့ကြောင့် အနည်းငယ်နေရခက်သွားသည်။

ထိုအချိန်တွင် ကျုံးဟိုင်မြို့အတွင်းရှိ သူဌေးရပ်ကွက်တစ်ခုတွင် ဖန်းရှောင်က တိုက်ရိိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစားကြည့်ရင်း မုန့်စားနေသည်။

သူက ယဲ့ဖန်ရဲ့ဘဝကို စိတ်ဝင်စားလို့မဟုတ်ဘဲ အချိန်ဖြုန်းချင်လို့သာထိုင်ကြည့်နေတာဖြစ်သည်။

လူတိုင်းကလှောင်နေတာကြောင့် ကျန်းချန်းဟန်၏မျက်နှာရဲသွားတာကိုကြည့်ပြီး ဖန်းရှောင်ကြည့်ပျော်နေသည်။

သို့ပေမယ့် ကင်မရာသမားက ကျောက်တုံးဘက်ကို လှည့်လိုက်တဲ့အခါ မုန့်စားနေတာရပ်သွားပြီး မျက်လုံးပြူးသွားရတော့သည်။

အဲ့တာက ........ ကျောက်စိမ်းတုံးကြီးမဟုတ်လား။

သူ့အဘိုးက ကျောက်လောကက ပညာရှင်ဖြစ်သည်။

ငယ်ငယ်က သူ့အဘိုး ကျောက်ဝိုင်းသွားတိုင်းလိုက်သွားရပေမယ့် စိတ်မဝင်စားတာကြောင့် ထပ်မသွားတော့တာဖြစ်သည်။

သို့ပေမယ့် အိမ်ကအဘိုးကြီးက ကျောက်ကစားရတာကြိုက်တာကြောင့် သူစိတ်မဝင်စားရင်တောင်မှ သူ့ရဲ့ ကျောက်စိမ်းအပေါ်အမြင်က အခြားသူတွေထက်ကောင်းသည်။

ထိုအတွေးကြောင့် ဖန်းရှောင် ချက်ချင်း ထိပ်ဆုံးမှတ်ချက်တစ်ခုကိုရေးလိုက်သည်။

[ စီနီယာကျန်း၊ ကျောက်တုံးကို နည်းနည်းလောက်ပြပေးလို့ရမလား ]

ထိပ်ဆုံးမှတ်ချက်ဖြစ်အောင်ရေးဖို့ ယွမ် ၁၈၈၈ကျပ်ပေးရသည်။

ထိုအခါ မှတ်ချက်က ထိပ်ဆုံးမှာ ၅စက္ကန့်ကြာပေါ်သည်။

အချိန်ပိုကြာအောင် ပိုက်ဆံထပ်ပေးရသည်။

ကျန်းချန်းဟန်က မှတ်ချက်တွေကို အာရုံစိုက်နေမိတာကြောင့် ထိပ်ဆုံးမှတ်ချက်ကိုတွေ့တဲ့အခါ နည်းနည်း အံ့ဩသွားသည်။

" ဘာလို့လဲ "

သူမ နားမလည်ပေမဲ့ တစ်ဖက်သူရဲ့တောင်းဆိုမှုအတိုင်း ကျောက်တုံးကို လှည့်ပြလိုက်သည်။

တစ်ဖက်က ဖန်းရှောင်ကတော့ ကြည့်နေရင်း အမူအရာပြောင်းသွားရတော့သည်။

ကျောက်တုံးပေါ်မှာ ဖြတ်ရာရှိမှန်းသိသာသည်။

ကြည့်လိုက်တာနဲ့ ကျောက်ဖြတ်စက်နဲ့ဖြတ်ထားမှန်း ထင်ရှားနေသည်။

သို့ပေမယ့် အဲ့တာကို ကော်နဲ့ပြန်ကပ်ထားတာဖြစ်သည်။

သေချာမကြည့်ပါက သတိမထားမိနိုင်ပေ။

အဲ့တာက ကျောက်စိမ်းအရိုင်းတုံးပင်ဖြစ်သည်။

နောက်ထပ်မှတ်ချက်ပေးသူတစ်ယောက်ရဲ့ ကောမန့်က ထိပ်ဆုံးမှာပေါ်လာသည်။

[ ဘယ်လိုလုပ်ပြီး သာမန်ကျောက်တုံးဖြစ်မှာလဲ။ အဲ့တာ ကျောက်စိမ်းအရိုင်းတုံးကြီးဟ ]

ကြည့်နေတဲ့သူအားလုံးက ထိုမှတ်ချက်ကို တစ်ပြိုင်တည်းတွေ့လိုက်ကြရသည်။

[ ဘာ။ ဒါက ကျောက်စိမ်းအရိုင်းတုံးလား။ မဖြစ်နိုင်တာ။ အဲ့တာက ကျောက်စိမ်းအရိုင်းတုံးဆို ဘာလို့ဒီမှာရှိနေမှာလဲ ]

[ ဘာမှအရည်အသွေးမကောင်းတဲ့ဟာမလို့ဖြစ်မယ်။ အရမ်းကြီးမတန်လောက်ဘူး ]

[ အမှန်ပဲ။ တကယ်သာတန်ဖိုးရှိတယ်ဆိုရင် ဘာလို့တံခါးမှာထားထားမှာလဲ။ ထိခိုက်သွားမှာ မကြောက်ဘူးလား ]

[ .......... ]

အပိုင်း (၁၇၅)

ဒါကြီးက ချဲ့ကားလွန်းရာမရောက်ဘူးလား။

ထိုအချိန်တွင် ဝမ်ချုံယုက အနားကပ်လာပြီး ကျောက်တုံးကို ကောက်ကိုင်ကြည့်ပြီးနောက် အတော်ကြာစစ်ဆေးလိုက်သည်။

" အမှန်ဘဲ၊ ဒါက ကျောက်စိမ်းအရိုင်းတုံး။ ပြီးတော့ အတော်လေးဟောင်းနေတဲ့အမျိုးအစားထဲကဘဲ "

ကျန်းချန်းဟန်က ချက်ချင်း စပ်စုလိုက်သည်၊

" ဂျူနီယာဝမ်ချုံယု၊ အတော်လေးဟောင်းတဲ့အမျိုးအစားဆိုတာ ဘာကိုပြောတာလဲ "

ဝမ်ချုံယုက မျက်မှန်ကိုင်းကိုပင့်တင်လိုက်သည်။

" အဟောင်းအမျိုးအစားထဲကဆိုတာ စက်ရုံဟောင်းထွက်ကျောက်စိမ်းတွေကိုပြောတာပါ "

" ပြောရရင် အဟောင်းကျောက်တွေက တော်တော်လေးကောင်းတယ်။ တစ်ချို့ဆို ထိပ်တန်းအရည်အသွေးမှီ ကျောက်တွေတောင်ရနိုင်တယ် "

" စက်ရုံသစ်တွေက အရည်အသွေးတွေက နည်းနည်းပိုဆိုးတယ်။ ပြီးတော့ ကျောက်ကောင်းရဖို့လည်း အခွင့်အရေးနည်းတယ် "

သူ့ရဲ့ရှင်းပြချက်ပြီးတဲ့နောက် ကျန်းချန်းဟန်က ကျောက်တုံးကိုထပ်ကြည့်လိုက်သည်။

" အဲ့ဒါဆို ဒီဟာက လက်ဟောင်းကျောက်ပေါ့။ အထဲမှာ ကျောက်စိမ်းရှိနေမှန်း မသိခဲ့ဘူး "

[ အဲ့ကျောက်က သာမန်ကျောက်ဆိုတာ ငါ ယွမ် ၁၀၀၀ လောင်းရဲတယ်။ အစစ်သာဆို ဘယ်သူက အဲ့လိုနေရာမှာထားမှာလဲ ]

[ ယွမ် ၅၀၀၀ လောင်းမယ်ကွာ။ လက်ဟောင်းဆိုရင်တောင် အထဲမှာ ကျောက်စိမ်းမရှိတာဖြစ်နိုင်တာဘဲမလား ]

[ အထဲမှာကျောက်စိမ်းရှိရင် အဲ့ကျောက်တုံးကို စားပြမယ်ကွာ ]

ထုတ်လွှင့်မှုမှတ်ချက်တွေမှာ လူတိုင်းက ဆွေးနွေးနေကြသည်။

ဖန်းရှောင်က နောက်ထပ်ထိပ်ဆုံးမှတ်ချက်ပေးလိုက်သည်။

[ စီနီယာကျန်း၊ အလှလေးရှန်းကို ရောင်းမလားလို့ မေးပေးပါလား။ ယွမ် ၁သန်းပေးပါ့မယ် ]

ထိုမှတ်ချက်ကိုမြင်တဲ့အခါ ကျန်းချန်းဟန်လန့်သွားသည်။

၁ သန်းလား။

ဒါကြီးက မချဲ့ကားလွန်းဘူးလား။

ကျောက်တုံးကို ၁သန်းနဲ့ရောင်းလို့ရတယ်လား၊

သူကတော့ အဲ့ကျောက်တုံးကို မြေပေါ်တိုက်ချမိမတတ်ဖြစ်သွားခဲ့သည်။

၁ သန်းကြီးတောင်တန်တာလေ။

ပြန်မလျော်နိုင်တဲ့ပမာဏပဲကို။

ကျန်းချန်းဟန်သည် ရှန်းပိုင်ထျန်းကို အမြန်လှည့်ကြည့်လိုက်သည်။

" ပိုင်ထျန်း၊ ဒီကျောက်တုံးကို တစ်ယောက်ယောက်က ၁သန်းပေးဝယ်ချင်နေတယ် "

" ၁ သန်းလား "

ရှန်းပိုင်ထျန်းသည် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ဘယ်လိုသာမန်ကျောက်တုံးကို ၁သန်းနဲ့ရောင်းရတာလဲ။

အဲ့တစ်ယောက်က နောက်နေတာမလား။

တိုက်ရိုက်ထုတ်လွှင့်မှုမှတ်ချက်ကလူတွေကလည်း ပွက်ပွက်ညံလာတော့သည်။

[ သူက ဘယ်သူလဲ။ သူက တကယ်ကြီး ၁သန်းပေးဝယ်နေတာလား။ ရူးများနေသလား ]

[ ငါ သူ့ကိုသိတယ်။ သူက ရှေးဟောင်းသုတေသနဌာနက ဖန်းရှောင်လေ။ သူ့အဘိုးက ကျောက်စိမ်းအဖွဲ့က ဥက္ကဘဲ ]

[ ဘုရားရေ၊ ကျောက်စိမ်းအဖွဲ့က ဥက္ကဌရဲ့မြေးလား။ ဒီဟာကို ရှာပြီးပြီနေမှာပေါ့။ ကျောက်တုံးက တကယ်ကြီးတန်ဖိုးမြင့်တာလား ]

[ အဲ့တာဆို ငါလည်း ၁.၅သန်းပေးမယ်။ စီနီယာကျန်း၊ ရှန်းပိုင်ထျန်းကို ရောင်းဖို့မေးပေးပါလား ]

[ ဟားဟားဟား၊ အထဲမှာကျောက်ရှိတယ်လို့ တကယ်ပဲထင်နေကြတာလား။ ငါလည်း ၂သန်းပေးမယ်ကွာ ]

[ ဘုရားရေ၊ အများကြီးပဲ ]

ကျန်းချန်းဟန်က ရှန်းပိုင်ထျန်းကို အမြန်လှည့်ကြည့်လိုက်သည်။

" ၂သန်းပေးမယ့်သူရှိနေတယ်။ ရောင်းမှာလား "

ရှန်းပိုင်ထျန်းက သူမရဲ့လက်သေးသေးလေးနှစ်ဖက်ကို ခါယမ်းလိုက်သည်။

" မသိဘူး။ ငါ့ကို မမေးနဲ့လေ။ ဒါက ယဲ့ဖန်ဟာ။ ငါကကြားဝင်မဆုံးဖြတ်ရဲပါဘူး "

သူမ၏ချစ်စရာကောင်းတဲ့အပြုအမူကြောင့် မှတ်ချက်ထဲမှာ ပွက်လောရိုက်သွားပြန်သည်။

[ ဟားဟားဟား၊ အလှလေးရှန်းက တကယ်ချစ်စရာလေး။ ချစ်လိုက်တာ ]

[ ယဲ့ဖန်ကို မနာလိုလိုက်တာကွာ။ သူချမ်းသာတာကို မနာလို မဖြစ်ပေမယ့် ဒီလိုကောင်မလေးလှလှချောချောလေးရထားတာကိုတော့ တကယ်အားကျတယ် ]

[ အဲ့ဒီမကောင်းတဲ့အကောင်အကြောင်းကို ထည့်မပြောလို့ရမလား။ သူ့အကြောင်းပြောတာနဲ့ ဒေါသထွက်လွန်းလို့။ သူ့မှာ ကောင်မလေးလှလှလေးရှိပေမဲ့ သူက ဖောက်ပြားတဲ့ကောင်ဖြစ်နေတုန်းပဲ ]

[ အပေါ်ကတစ်ယောက်ရေ၊ ဒီအစီအစဉ်က ယဲ့ဖန်အကြောင်းရိုက်နေတာနော်။ မကြားချင်ရင် ထွက်သွားလေ ]

[ မသွားပါဘူး။ ယဲ့ဖန်လိုအကောင်မျိုးကို ရှင်းထုတ်ပစ်မှရမှာ။ သူ့အလိမ်တွေကိုစောင့်ကြည့်ရမယ် ]

[ ဘာကိုရှင်းထုတ်မှာလဲ။ ရှန်းပိုင်ထျန်းကတောင် ဘာမှမပြောတာ၊ နင့်ကိုနင် ဘာထင်နေတာလဲ ]

[ ............... ]

မှတ်ချက်ထဲမှာ စကားလုံးတိုက်ပွဲဖြစ်နေသည်။

တစ်ချိန်တည်းမှာပဲ လူချမ်းသာရပ်ကွက်တစ်ခုက ဖန်းရှောင်ဆီကို သူ့အဘိုးဆီက ဗီဒီယိုဖုန်းဝင်လာသည်။

ဖုန်းဝင်သွားတဲ့အခါ ထိုလူအိုကြီးရဲ့မုတ်ဆိတ်ဖြူကြီးကပေါ်လာသည်။

ထိုလူအိုကြီးက သူ့အဘိုး ဖန်းမန်ချန်းဖြစ်သည်။

" မြေးလေး၊ ဘာလုပ်နေတာလဲ "

ဖန်းရှောင်က ပါးစပ်ထဲအာလူးကြော်အပြည့်သွပ်လိုက်သည်။

" တိုက်ရိုက်ထုတ်လွှင့်တာကြည့်နေတာ "

ဖန်းမန်ချန်းက မဲ့ရွဲ့လိုက်သည်။

" ဘာကြည့်စရာရှိလို့လဲ။ အဘိုးအိမ်လာ။ အဘိုး အခုတလောစုထားတဲ့ပစ္စည်းသစ်လေးတွေရှိတယ်။ ပြမယ် "

ဖန်းရှောင်က ရုတ်တရက်သတိရသွားသည်။

" အဘိုး၊ ကျွန်တော်လည်း ပစ္စည်းတစ်ခုရှာတွေ့ထားတယ်။ အဲ့တာကိုဝယ်ဖို့ ၁သန်းပေးပေမဲ့ တစ်ဖက်က ၂သန်းပေးတဲ့သူရှိတော့ ထပ်ဝယ်လို့မရတော့ဘူး "

ဖန်းမန်ချန်းက သဘောတူခေါင်းငြိမ့်လိုက်သည်။

" မှန်တဲ့အလုပ်ကိုလုပ်နေတာဘဲ။ ကျောက်ကစားတာက နက်နဲလွန်းတယ်။ ပိုများများပေးလေလေ၊ ရှုံးလေလေဘဲ "

" မြေး၊ မင်း ဝယ်ချင်တဲ့ကျောက်ရိုင်းတုံးကို အဘိုးတစ်ချက်ပြကြည့်ပါဦး "

ဖန်းရှောင်က ဖုန်းကို ကွန်ပျူတာဘက်လှည့်လိုက်သည်။

" အဘိုး၊ ကြည့်ကြည့်။ အဲ့တစ်ခုဘဲ "

ဖန်းမန်ချန်း အစကတော့ သိပ်အထင်မကြီးခဲ့ပေ။

သူ့မြေးက ကျောက်ရိုင်းတုံးတွေကို စိတ်မဝင်စားဖူးချေ။

ဘယ်လောက်ကောင်းတဲ့ဟာရမှာမလို့လဲ။

သို့ပေမဲ့ ကျောက်စိမ်းတုံးကိုတွေ့တဲ့အခါ သူ့မျက်လုံးသူပွတ်လိုက်သည်။

ထို့နောက် စာကြည့်မျက်မှန်ကိုတပ်လိုက်ပြီး သေချာဂရုတစိုက်ကြည့်တော့သည်။

" ဒါက ...... အနားကပ်ပြပါဦး။ သေချာလေးကြည့်ရအောင် "

သူ့အဘိုးညွှန်ကြားချက်ကြောင့် ချက်ချင်းမှတ်ချက်ထပ်ရေးလိုက်သည်။

[ စီိနီယာကျန်း၊ အနားထပ်တိုးပြပါဦး ]

ကျန်းချန်းဟန်က ထိုမှတ်ချက်ကိုမြင်တဲ့အခါ စိတ်မရှည်ဖြစ်လာတော့သည်။

သူက ဘာလို့ ခဏခဏပြခိုင်းနေရတာလဲ။

ဒီကျောက်တုံးနဲ့ ဘာတွေလုပ်နေတာမလို့လဲ။

ဆက်ပြီး ဒီကျောက်တုံးကိုပဲ ဦးစားပေးရမလား။

သို့ပေမယ့် တစ်ဖက်က ၁၈၈၈ကျပ်ပေးပြီး တောင်းဆိုနေတာကြောင့် ပြပေးလိုက်ရသည်။

ထိုကျောက်တုံးကို သေချာကြည့်နေရင်း ဖန်းမန်ချန်း၏ခန္ဓာကိုယ်က တုန်လှုပ်လာသည်။

" ဒီကျောက်တုံးက ဖြတ်ရာရှိနေတဲ့ပုံဘဲ။ အဲ့ပေါ်ကကပ်နေတဲ့ဟာ ဖယ်ခိုင်းလို့ရမလား "

ဖန်းရှောင်က သူ့အဘိုးစကားကို မပယ်ရှားရဲတာကြောင့် ထပ်ပြောလိုက်သည်။

[ စီနီယာကျန်း၊ အဲ့ပေါ်ကကပ်နေတဲ့ဟာဖယ်ပြီး ပြပေးလို့ရမလား ]

ကျန်းချန်းဟန်က ဒီတစ်ခါမှာတော့ လုံးဝစိတ်မရှည်တော့ပေ။

" ဟုတ်ပြီ၊ ဒီကျောက်တုံးကိုစိတ်ဝင်စားတယ်ဆို ယဲ့ဖန်ကို သီးသန့်မေးလိုက်တော့နော်။ ဆက်ကြည့်ကြရအောင် "

သူမက သဘောမတူတဲ့အခါ ဖန်းရှောင် စိတ်ပူလာရသည်။

ထို့နောက် ခိုင်းတာလုပ်ပေးရသည့် ဆုချစနစ်က ဆုကြေးငွေကို ပေးလိုက်သည်။

ဆုချဖို့ အရုပ်လေးတွေဝယ်ရပြီး ဈေးအကြီးအရုပ်က Ferrari ကားအရုပ်ဖြစ်ကာ ၆၆၆၆ ကျပ်ကျသင့်ပြီး သူက တစ်ချီတည်းဆယ်ရုပ်ဝယ်ကာ ဆုချလိုက်သည်။

ထိုအခါ ကျန်းချန်းဟန်လည်း သွားရာလမ်းကရပ်လိုက်ရသည်။

" ဒီကကျောင်းသားကိုကျေးဇူးတင်ပါတယ် "

ဒါက အများဆုံးရဖူးသည့်ဆုကြေးငွေဖြစ်သည်။

တစ်ခါတည်းနဲ့ ယွမ် ၆သောင်းကျော်ရလိုက်သည်။

ဖန်းရှောင်ရဲ့ဆုကြေးငွေကိုစစ်ပြီးတဲ့နောက် ထိပ်ဆုံးမှတ်ချက်ကို ထပ်ဖတ်လိုက်ရသည်။

[ အခု အပေါ်ကဟာကို ဖယ်လို့ရပြီလား ]

ဒီတစ်ခါမှာတော့ ၁၀စက္ကန့်ကြာစေမည့် ယွမ်တစ်သောင်းတန် ထိပ်ဆုံးမှတ်ချက်ကိုပေးခဲ့တာဖြစ်သည်။

ကျန်းချန်းဟန်က ရှန်းပိုင်ထျန်းကို အခက်အခဲဖြစ်နေသည့်အမူအရာဖြင့်ကြည့်သည်၊

" ပိုင်ထျန်း၊ ကျောင်းသားတစ်ယောက်က ဒီအပေါ်ကဟာကို ဖယ်ချင်နေတာ ဖယ်ပေးလို့ရမလား "

ရှန်းပိုင်ထျန်းက စိတ်ပူသွားသည်။

" ထိခိုက်သွားနိုင်လား "

ကျန်းချန်းဟန်က အမြန်လက်ခါပြလိုက်သည်။

" ငါတို့သေချာဂရုစိုက်ပါ့မယ် "

ရှန်းပိုင်ထျန်းက တွန့်ဆုတ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

" အဲ့ဒါဆိုလည်း နင်တို့ဂရုတစိုက်လုပ်ကြနော် "

အပိုင်း (၁၇၆)

ကြီးကျယ်လွန်းတဲ့ဟာသ။

ရှန်းပိုင်ထျန်း၏ခွင့်ပြုချက်ရပြီးတဲ့နောက် ကျန်းချန်းဟန်က ချက်ချင်းဖယ်လိုက်သည်။

တကယ်တော့ ကျောက်ရိုင်းတုံးက ဖြတ်ခံထားရပြီးသားဖြစ်သည်။

သို့ပေမယ့် သူတို့ကို တမင်အခက်အခဲဖြစ်အောင် ယဲ့ဖန်က ကော်နဲ့ကပ်ထားတာဖြစ်သည်။

ထို့ကြောင့် ကျန်းချန်းဟန်နဲ့အခြားသူတွေက အတော်လေးဖယ်လိုက်ရသည်။

ဂရုတစိုက်ဖွင့်လိုက်တဲ့အခါ စိမ်းစိုရွန်းမြတဲ့ကျောက်စိမ်းရောင်က ချက်ချင်းပေါ်ထွက်လာသည်။

ကျန်းချန်းဟန်က ကျောက်စိမ်းအကြောင်းမသိတာကြောင့် ကျောက်အရောင်က လှတယ်ဟုသာထင်လိုက်သည်။

ထို့နောက် ကျောက်ကို ကင်မရာနားသို့ကပ်ပြလိုက်သည်။

" ဒါက ကျောက်ရိုင်းတုံးရဲ့ဖြတ်စပါ။ အရောင်ကလှတယ်၊ မဟုတ်လား "

မှတ်ချက်တွေထဲမှာ ထပ်ပြီးဂယက်ထလာပြန်သည်။

[ ဘုရားရေ၊ တကယ်ကြီးကျောက်စိမ်းဟ။ အရောင်က မလှလွန်းဘူးလား ]

[ ၅၀၀၀၊ ၁၀၀၀၀ လောင်းတဲ့ဟာတွေ ဘယ်ရောက်ကုန်ပြီလဲ။ ထွက်လာကြပါဦး ]

[ ကျောက်တုံးကို စားပြမယ်ဆိုတဲ့တစ်ယောက်ရော ဘယ်မှာလဲ ]

[ ယွမ်သန်းချီတန်လောက်တယ်မလား။ ဈေးမပေါလောက်ဘူး ]

လူအုပ်ကြီးက အကြိတ်အနယ်ဆွေးနွေးနေကြချိန် တစ်ဖက်က ဖန်းမန်ချန်းကတော့ မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သွားသည်။

မလှုပ်မယှက်ဖြင့် တွေတွေကြီးထိုင်နေသည်။

သူ့အဘိုးက မလှုပ်တာကြောင့် ဖန်းရှောင်က ဖုန်းကျသွားတယ်ထင်ပြီး ဖုန်းကို ခါနေသည်။

" အဘိုး၊ လိုင်းကျသွားတာလား "

ဖန်းမန်ချန်းက အိပ်မက်ကနေနိုးထလာတဲ့အတိုင်း ရေရွတ်နေသည်။

" အဲ့တာ တော်ဝင်ကျောက်စိမ်းလား။ ဒီလောက်ကြီးတဲ့တော်ဝင်ကျောက်စိမ်းကြီး ဘဝမှာ မြင်ဖူးလိမ့်မယ်လို့ ထင်မထားဘူး။ ဒီလူအိုကြီး နောင်တမရှိပဲ သေနိုင်ပါပြီ "

ဖန်းရှောင်ကတော့ သူ့အဘိုးကို နားမလည်စွာကြည့်နေသည်။

" အဘိုး၊ သေတာ ရှင်တာက ဘာပြောတာလဲ။ အဲ့လောက်ကျောက်လေးအတွက်နဲ့သေဖို့ တန်လို့လား "

ဖန်းမန်ချန်းက သူ့မြေးစကားတွေကိုကြားပြီးတဲ့အခါ စိတ်လှုပ်ရှားနေသည်။

" ဘာကို တန်လို့လားလဲ။ အဲ့တာက မင်းမေကြီးတော် တော်ဝင်ကျောက်စိမ်းကွ "

ဖန်းရှောင်က နှုတ်ခမ်းဆူလိုက်သည်။

" ကြိုက်တယ်ဆို ကူဝယ်ပေးမယ် "

ဖန်းမန်ချန်းက ချက်ချင်း တုံ့ပြန်လိုက်သည်။

" မြန်မြန်၊ မြန်မြန်ဝယ်လိုက်။ ဘယ်သူ့ကိုမှ ယူမသွားစေနဲ့ "

ဖန်းရှောင်ခေါင်းညိတ်လိုက်သည်။

" ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံအများကြီးမရှိဘူး။ ငွေအရင်လွှဲပေးရမယ်။ အဲဒါက တော်ဝင်ကျောက်စိမ်းဆိုတော့ အနည်းဆုံး ၁၀ သန်းလောက် တန်တယ်မဟုတ်လား "

သူက ကျောက်စိမ်းမိသားစုမှဖြစ်သော်လည်း ထိုအရာများကို သိပ်စိတ်မဝင်စားတာကြောင့် ကျောက်စိမ်းအကြောင်းကို သိပ်မသိပေ။ ဒီတော်ဝင်ကျောက်စိမ်းက အလွန်ကောင်းတဲ့ကျောက်စိမ်းဖြစ်မှန်းကို သူသိသော်လည်း တိကျတဲ့စျေးနှုန်းကို သူမသိပေ။

ထိုစကားကို ဖန်းမန်ချန်းကြားလိုက်တာနဲ့ ဟာသတစ်ခုကြားလိုက်ရသလိုရယ်လိုက်သည်။

" ၁၀သန်းတဲ့လား။ အိပ်မက်မက်နေတာလား။ ဒါက မင်းမေကြီးတော် အမိုက်စားတော်ဝင်ကျောက်စိမ်းကွ "

ဖန်းရှောင် စိတ်ရှုပ်စွာ ခေါင်းကုတ်လိုက်သည်။

" အဘိုး၊ ကျိန်ဆဲမနေနဲ့တော့။ ဘယ်လောက်လို့ထင်လဲပြောလေ "

ဖန်းမန်ချန်းက စိတ်လှုပ်ရှားစွာ လက်ငါးချောင်းဆန့်ထုတ်လိုက်သည်။

" ဒီကျောက်စိမ်းက အနည်းဆုံး ဒီလောက်တန်တယ် "

ဖန်းရှောင်အနည်းငယ် ထိတ်လန့်သွားသည်။

" သန်း ၅၀လား။ ဒါက အရမ်းစျေးကြီးလွန်းမနေဘူးလား။ တကယ်ပဲ အဲ့လောက်တောင်တန်တာလား "

ဖန်းမန်ချန်း သွေးအန်လုမတတ်ဖြစ်သွားသည်။

" သန်း ၅၀တဲ့လား။ သန်း ၅၀၀ကွ "

" ဖူး ....…. "

ဖန်းရှောင်သည် သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် ကိုလာသောက်နေရင်း သူ့ဖုန်းစခရင်ပေါ်သို့ ထွေးထုတ်လိုက်သည်။

" ဘယ်လောက်တောင်လဲ။ သန်း ၅၀၀လား။ ဒီကျောက်တုံးက သန်း ၅၀၀တန်တယ်လား "

ဖန်းမန်ချန်းက ထပ်ပြီး ဒေါသဖြစ်လာပြန်သည်။

" ဒါက တော်ဝင်ကျောက်စိမ်းဖြစ်တဲ့အပြင် အတုံးက အကြီးကြီးကွ။ အကောင်းဆုံးထဲက အကောင်းဆုံးပဲ။ ဒါကို ဘယ်လိုကျောက်တုံးလို့ မင်းက ထင်နေတာလဲ "

ဖန်းရှောင် ပြန်ပြီးသတိလည်ကောင်းမွန်လာဖို့ အချိန်အတော်ယူလိုက်ရသည်။

" ပြဿနာက ကျွန်တော်တို့မှာ အဲ့လောက်ပိုက်ဆံအများကြီးရှိလို့လား "

ဖန်းမန်ချန်း၏မျက်လုံးများသည် သွေးများထွက်နေသည့်အလား ရူးသွပ်နေပုံရသည်။

" ဒေဝါလီခံရရင်တောင် ဒီကျောက်ကို ငါဝယ်မယ်။ ချက်ချင်း သိန်း ၅၀၀ နဲ့ လေလံကူတင်ပေး .... မဟုတ်ဘူး။ စိတ်ချဘေးကင်းဖို့အောင် ပိုပြီး သိန်း ၅၅၀ထိ ပေးတင်ထားလိုက်။ ငါ ပိုက်ဆံသွားယူလိုက်မယ် "

ဖန်းရှောင်သည်ထိတ်လန့်သွားသော်လည်း သူ့အဖိုး၏ ညွှန်ကြားချက်ကို လိုက်နာရဆဲဖြစ်ကာ ထိပ်တန်းမှတ်ချက်တစ်ခု ထပ်ရေးခဲ့သည်။

[ စီနီယာကျန်း၊ ငါ့အဖိုးက ဒီကျောက်စိမ်းကို ဝယ်ဖို့ ယွမ် သန်း ၅၅၀ ပေးချေဖို့ထိ ဆန္ဒရှိပါတယ်။ အလှလေးရှန်းကိုရောင်းချင်လားလို့ ကူမေးပေးပါဦး ]

ထိုမှတ်ချက်ကို တင်ပြီးတဲ့နောက် မှတ်ချက်ကသူတွေအကုန်လုံး စက္ကန့်အနည်းငယ်ကြာတိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် ရေနက်ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားတော့သည်။

[ ချီးဘဲ၊ သိန်း ၅၅၀လား။ မင်းက ငါတို့ကို နောက်နေတာလား ]

[ အဲဒါက မှားရိုက်တာဖြစ်သင့်တယ်မဟုတ်လား။ သူက ၅၅သန်းလို့ ပြောချင်တာမဟုတ်လား ]

[ ၅၅သန်းကတောင် တော်တော်ကြောက်စရာကောင်းနေပြီ။ ကျောက်တစ်လုံးကို အဲဒီလောက်ထိ ရောင်းလို့ရတာလား ]

[ သူပြောတာကို မင်းမကြားဘူးလား။ ဒီကျောက်စိမ်းက သာမန်ကျောက်တုံးမဟုတ်ဘူးလေ ]

[ ဒါဆိုလည်း အဲဒါက ကျောက်စိမ်းတုံးဆိုရင်ရော၊ ဘာဖြစ်နေတာမလို့လဲ၊ ရွှေတွေတောင် ဒီလောက်ဈေးမကြီးဘူး ]

[ တချို့ကျောက်စိမ်းတွေက ရွှေထက် အဆပေါင်းများစွာဈေးကြီးတယ်ကွ ]

ကျန်းချန်းဟန်သည် ကျောက်စိမ်းကို မူလနေရာသို့ ပြန်ထားပြီး ဆက်လက်စူးစမ်းလေ့လာရန် ကြံရွယ်နေသည်။

ထိုအချိန်တွင် သူမက ဖန်းရှောင်ရဲ့ထိပ်တန်းမှတ်ချက်ကို ထပ်တွေ့လိုက်ရသည်။

သူမလက်က တုန်ခါပြီး ကျောက်စိမ်းတုံးကို ပြုတ်ကျလုမတတ် ဖြစ်သွားသည်။

သေသေချာချာပြန်ကြည့်ပြီးတဲ့နောက် သူမ မှားမကြည့်မိမှန်း အတည်ပြုခဲ့သည်။

" ကျောင်းသား၊ မင်း စာရိုက်တာ မှားသွားတာလား။ ပြန်ပြီးပြောပေးနိုင်မလား "

သူမမေးပြီးတာနဲ့ ဖန်းရှောင်က နောက်ထပ်မှတ်ချက်တစ်ခု ပို့လိုက်သည်။

[ ကျွန်တော့် စာမမှားပါဘူး။ အဘိုးက သိန်း ၅၅၀ ပေးမယ်တဲ့။ ရှန်းပိုင်ထျန်းကသဘောတူသရွေ့ ကျွန်တော်တို့ဘက်က သူမဆီကို ငွေလွှဲပေးလို့ရပါတယ် ]

ထိုအခါ မှတ်ချက်ထဲကလူတွေက ထပ်ပြောကြပြန်သည်။

[ အိုဘုရားရေ၊ တကယ်ကြီး သန်း ၅၅၀လား။ ဒါက ရယ်စရာကောင်းလွန်းမနေဘူးလား ]

[ နောက်နေတာဖြစ်မယ်။ ကျောက်တစ်လုံးပေါ်မှာ အဲ့လောက် ပိုက်ဆံအများကြီးသုံးမယ့်သူရှိသေးတာလား ]

[ ငါကတော့ သူနောက်နေတယ်မထင်ဘူး။ သူက တစ်သိန်းနီးပါးသုံးပြီး အဲ့ကျောက်တုံးကိုဝယ်ဖို့ ဆက်သွယ်နေတာလေ ]

[ ပြီးတော့ သူ့အဘိုးက ကျောက်စိမ်းအဖွဲ့ချုပ်ဥက္ကဌကြီး ဖန်းမန်ချန်းဆိုတော့ သူက ဒီလိုနောက်ပြောင်တာမျိုးမလုပ်လောက်ဘူး ]

[ အဲ့တာဆို အမှန်ပေါ့။ ဒီကျောက်တုံးက သန်း ၅၅၀ တောင်တန်တာလား ]

အချိန်ခဏအတွင်းမှာဘဲ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လူအရေအတွက်က ထပ်တိုးလာပြန်သည်။

အံ့အားသင့်စရာဖြင့် လူပေါင်း ၂၀၀၀၀ ကျော်ထိကို ရောက်ရှိခဲ့သည်။

ကျုံးဟိုင်တက္ကသိုလ်မှ ကျောင်းသားအများစုအားလုံး လာရောက်ကြည့်ရှုနေကြတာ ဖြစ်နိုင်သည်။

မိုက်ခရိုဖုန်းကိုကိုင်ထားသည့် ကျန်းချန်းဟန်၏လက်တွေ စတင်တုန်လှုပ်လာတော့သည်။

ထို့နောက် ရှန်းပိုင်ထျန်းကို အမြန်လှည့်ကြည့်လိုက်သည်။

" ပိုင်ထျန်း၊ အစောပိုင်းကကျောင်းသားက ဒီကျောက်ကို သန်း ၅၅၀ပေးဝယ်မယ်တဲ့ "

ရှန်းပိုင်ထျန်းသည် ထိုစကားကြားပြီး အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

All Chapters