အပိုင်း ၁၇၇-၁၈၀
Vol. 9 Ch. 177-180
အပိုင်း (၁၇၇)
ရေကနက်လွန်းတယ်၊ ဖမ်းဆုပ်လို့မရဘူး။
" ငါဆုံးဖြတ်ချက်ချလို့ မရဘူး။ ယဲ့ဖန်ကိုဖုန်းဆက်ပြီး သူ့ထင်မြင်ချက်ကို မေးလိုက်မယ် "
ကျောက်စိမ်းကို တစ်စုံတစ်ယောက်မှ သန်း ၅၅၀ ပေးဝယ်မည်ဟု ရှန်းပိုင်ထျန်းကြားသောအခါ သူမ ရုတ်တရက် ထိတ်လန့်သွားရသည်။
တစ်စုံတစ်ဦးက ဒီလောက်များတဲ့ငွေပမာဏပေးရန် ဆန္ဒရှိနေပါက သူမသည်လည်း မဆိုင်းမတွ သဘောတူသင့်တာဖြစ်သည်။
သို့သော် ထိုကျောက်စိမ်းတုံးက ယဲ့ဖန်၏ပိုင်ဆိုင်မှုဖြစ်တာကြောင့် သူမ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပေးဖို့ မသင့်တော်ပေ။
ထို့ကြောင့် သူမ သတိပြန်ကပ်လာပြီးနောက် ယဲ့ဖန်၏ဖုန်းကို ချက်ချင်း ခေါ်လိုက်သည်။
သို့သော် တစ်ဖက်မှ ဖုန်းဝင်သံက ဆက်တိုက်မြည်နေသော်လည်း ဖုန်းမကိုင်ပေ။
သူမ အကြိမ်အနည်းငယ်ထပ်ပြီး ဆက်တိုက်ခေါ်သော်လည်း ရလဒ်က အတူတူဘဲဖြစ်သည်။
ရှန်းပိုင်ထျန်းသည် ကျန်းချန်းဟန်ကို နေရခက်စွာ ပြုံးရုံသာ ပြုံးပြနိုင်ခဲ့သည်။
" တောင်းပန်ပါတယ်၊ သူ အခု အလုပ်ရှုပ်နေတဲ့ပုံပဲ "
ကျန်းချန်းဟန်က အလျင်အမြန် တိုက်တွန်းလိုက်သည်။
" နင် သူ့ကိုယ်စား ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ငါထင်တယ်။ ဒါက သန်း ၅၅၀တောင်လေ "
" ပြီးတော့ ဒီပစ္စည်းက ဘယ်လောက်တန်ဖိုးရှိမှန်းကို ယဲ့ဖန် မသိဘူးလို့ထင်တယ် "
" မဟုတ်ရင် သူက ဘာလို့ ဝင်ပေါက်မှာ ဒီလောက်အဖိုးတန်တဲ့ပစ္စည်းကို ထားမှာလဲ "
ရှန်းပိုင်ထျန်းသည် သူမပြောသောစကားက အဓိပ္ပါယ်ရှိသည်ဟုခံစားမိသော်လည်း ခေါင်းမာမာဖြင့် ဆက်ငြင်းနေဆဲဖြစ်သည်။
"မရဘူး၊ ယဲ့ဖန်ရဲ့ခွင့်ပြုချက်မရှိပဲ ငါ့ဟာငါ ဆုံးဖြတ်ချက်မချနိုင်ဘူး "
ကျန်းချန်းဟန်သည် သက်ပြင်းတစ်ချက်ချကာ ကင်မရာကိုကြည့်ဖို့ ခေါင်းလှည့်ခဲ့သည်။
" ခုနကကျောင်းသား၊ ငါတကယ်တောင်းပန်ပါတယ်။ ယဲ့ဖန်က အခုအိမ်မှာမရှိလို့ ငါတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချမပေးနိုင်ပါဘူး"
ဖန်းရှောင်သည် သူ့အဘိုးကို အကြောင်းကြားရုံမှလွဲပြီး တခြားရွေးချယ်စရာမရှိပေ။
" အဘိုး၊ ဒီကျောက်စိမ်းပိုင်ရှင်က အခုအိမ်မှာ မရှိသေးဘူး။ ကျွန်တော်တို့က အဲဒါကို ဝယ်လို့မရနိုင်ဘူး "
ဖန်းမန်ချန်းက စိုးရိမ်နေမိသည်။
" ကျောက်စိမ်းပိုင်ရှင်ကရော။ သူ့ကို မြန်မြန်ရှာ "
ဖန်းရှောင်က သူ့အဘိုးကို ယဲ့ဖန်အကြောင်း ချက်ချင်းပြောပြလိုက်သည်၊
ယဲ့ဖန်သည် နှစ်ဖက်ခွတယ်ဆိုတဲ့ကြောင်း ဖန်းမန်ချန်းကြားသောအခါ သူက ချက်ချင်း ဒေါသဖြစ်လာခဲ့သည်။
" ဒီလူတွေက ခေါင်းထဲမှာ ဘာတွေမှားနေကြတာလဲ၊ အဲ့တာက သူတို့ရဲ့ကိစ္စလေ။ သူတို့က ဘာလို့ မျက်စိစုံမှိတ်ပြီး လိုက်စွက်ဖက်နေကြတာလဲ။ မင်းက ဒီလောက် အလုပ်မဟုတ်တာကို အလုပ်လုပ်နေတဲ့ကောင်ဘဲ "
ဖန်းရှောင် အံသြသွားသည်။
" အဘိုး၊ သူက တခြားသူတွေကို လှည့်စားတယ်လေ။ ဝေဖန်ဖို့ မထိုက်တန်ဘူးလား "
ဖန်းမန်ချန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
" နှစ်ဖက်ခွဖို့ လုပ်နိုင်တာက သူ့မှာ အရည်အချင်းရှိလို့ပဲ။ မင်းရော ဘာလို့ နှစ်ဖက်ခွမလုပ်တာလဲ။ ခြေတစ်လှမ်း လှမ်းပြီးလို့တောင် ကောင်းကောင်းမရပ်နိုင်ဘဲနဲ့ သူများကိုပြောဖို့ မင်းက ရဲတင်းသေးတယ်ပေါ့ "
ဖန်းရှောင် ချက်ချင်း ပါးစပ်ပိတ်လိုက်ရသည်။
သူ့အဖိုးရဲ့ ယဲ့ဖန်ကို ချစ်တဲ့စိတ်က သူ့မိသားစုတစ်ခုလုံးကိုတောင် ကျော်သွားပြီဆိုတာ သူပြောနိုင်သည်။
အခုအချိန်မှာ တစ်စုံတစ်ယောက်က သူ့ရှေ့မှာ ယဲ့ဖန်မကောင်းကြောင်း ပြောရဲရင် သူ့အဖိုးက သူတို့ကို ဓားနဲ့လိုက်ခုတ်ပေလိမ့်မည်။
ထိုအချိန်တွင် မြောင်ချန်းချန်းသည် ရုတ်တရက် ကင်မရာရှေ့သို့ လျှောက်သွားပြီး အခြေအနေကို ခွဲခြမ်းစိတ်ဖြာရန် သူမ၏ထူးခြားသော ဆင်ခြင်တုံတရားရှိသောလေသံကို သုံးကာပြောခဲ့သည်။
" ဒီကကျောင်းသား ဒီတော်ဝင်ကျောက်စိမ်းက အရမ်းတန်ဖိုးကြီးပေမယ့် မင်းကို မျက်စိစုံမှိတ်ပြီး ကောင်းကင်လောက်မြင့်တဲ့ဈေးနဲ့ မဝယ်စေချင်ဘူး "
" စီးပွားရေးအမြင်အရတော့ ကျောက်စိမ်းက တကယ့်တန်ဖိုးမရှိဘူး။ သူ့ရဲ့တန်ဖိုးကို လူတွေရဲ့ ထင်မြင်ယူဆချက်နဲ့ဘဲ ဆုံးဖြတ်ကြတယ် "
" ပြတ်ပြတ်သားသားပြောရရင် ဒါက ထင်ကြေးနဲ့ပိုက်ဆံရှာတာမျိုး ဒါမှမဟုတ် လောင်းကစားတစ်မျိုးမလို့ ပြင်းပြင်းထန်ထန် သပိတ်မှောက်သင့်တယ် ......... "
သူမ၏ ဆင်ခြင်တုံတရားဖြင့် ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးကြတဲ့နောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ထောက်ခံသူများက မှတ်ချက်ဖန်သားပြင်ကို တစါဖန်ချက်ချင်းလွှမ်းမိုးသွားခဲ့ပြန်သည်။
[ စီနီယာအစ်မမြောင်ပြောတာမှန်တယ်။ မဟုတ်ရင် ဘာလို့ကျောက်လောင်းတာလို့ ခေါ်တာဖြစ်မလဲစဉ်းစားလေ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ဒါကလောင်းကစားတစ်ခုဘဲ ]
[ ဒီပစ္စည်းက ဘာလို့ ဒီလောက်ဈေးကြီးမှန်း ငါမသိဘူး။ စားလို့ရလား၊ သုံးလို့ရလို့လား။ ဒါမျိုးတွေကို လုပ်ငန်းရှင်တွေအားလုံးက ကမောက်ကမဖြစ်အောင်လုပ်ထားတာဘဲ ]
[ ငါလည်း သဘောတူတယ်။ ဇိမ်ခံပစ္စည်းတွေဝယ်တဲ့သူတွေနဲ့ အထူးသဖြင့် စိန်ဝယ်တဲ့သူတွေက ဦးနှောက်ပိုင်းဆိုင်ရာ ဖျားနာနေကြတယ်လို့ ငါ အမြဲခံစားခဲ့ရတာ ]
[ အနည်းဆုံးတော့ စိန်က တော်တော်လေးလှသေးတယ်။ ဒီကျောက်စိမ်းက လုံးဝလှတယ်လို့ ငါ မထင်ဘူး။ ဘာလို့ ဒီလောက်ဈေးကြီးရတာလဲ ]
[ အားလုံးပဲ စီနီယာအစ်မမြောင်ပြောတာကို နားထောင်ကြ။ ကျောက်စိမ်း ဒါမှမဟုတ် ဇိမ်ခံပစ္စည်းတွေကို ဘယ်တော့မှ မဝယ်ကြနဲ့ ]
[ စီနီယာအစ်မမြောင်ဆီက လေ့လာပါ ]
[ စီနီယာအစ်မမြောင်ဆီက လေ့လာပါ ........ ]
တိုက်ရိုက်ထုတ်လွှင့်သည့်မှတ်ချက်တွင် လူအများအပြားက မြောင်ချန်းချန်း၏ နှိုးဆော်မှုကိုခံခဲ့ရပြီးတဲ့နောက် ကျောက်စိမ်းတုံးများကို တက်ကြွစွာ သပိတ်မှောက်ကြသည်။
ထိုအချိန်တွင် မြောင်ချန်းချန်း၏ဖုန်းက ရုတ်တရက် မြည်လာသည်။
ကျုံးဟိုင်တက္ကသိုလ်၏ စီးပွားရေးကျောင်းမှ ဌာနမှူးလည်းဖြစ်သည့် သူမ၏ ကြီးကြပ်ရေးမှူးထံမှ ဖုန်းခေါ်လာခြင်းဖြစ်သည်။
မြောင်ချန်းချန်းသည် နှောင့်နှေးမနေရဲပဲ ဖုန်းခေါ်ဆိုမှုကို အမြန်ဖြေကြားခဲ့သည်။
သူမဘက်က စကားမပြောနိုင်ခင်မှာပဲ သူမဆရာ၏စိုးရိမ်နေတဲ့အသံကို ကြားလိုက်ရသည်။
" ချန်းချန်းမြန်မြန်လုပ်၊ ဒီကျောက်စိမ်းဝယ်ဖို့ ကူညီပါဦး "
" အာ၊ ဆရာ။ ရှင် ....... "
" အခု မင်းကိုရှင်းပြဖို့ ငါ့မှာအချိန်မရှိဘူး။ မြန်မြန်ဝယ်လိုက်။ အရမ်းနောက်ကျရင် တခြားသူတွေက လုယူသွားလိမ့်မယ် "
" ဒါဆို ဆရာက ဘယ်လောက် ပေးမှာလဲ "
" ရှေ့တစ်ယောက်က သန်း၅၅၀ ကမ်းလှမ်းခဲ့တယ်ဆိုတော့ ဒီကျောက်စိမ်းရဲ့တန်ဖိုးကို သိပြီးသွားပြီလို့ ဆိုလိုတာဘဲ။ ဒီတော့ ငါက သန်း ၅၈၀ ပေးမယ် "
မြောင်ချန်းချန်းသည် အလွန်တုန်လှုပ်သွားပြီး စကားမပင်ပြောနိုင်တော့ပေ။
သူမ၏ ကြီးကြပ်ရေးမှူးသည် များသောအားဖြင့် အလွန်ဆင်ခြင်တုံတရားရှိသူဖြစ်သည်။
အခု သူဘာလို့ အဲ့လောက်လောနေတာလဲ။
ဘေးတွင်ရှိနေသည့် ကျန်းချန်းဟန်သည် သူမ၏အကြာကြီးနှုတ်ဆိတ်နေမှုကို မြင်လိုက်သောကြောင့် ပြောလိုက်သည်။
" စီနီယာအစ်မမြောင်ပြောတဲ့စကားတွေက အလွန်ကိုအဓိပ္ပါယ်ရှိပါတယ်။ ကျောင်းသားတွေကို စကားနည်းနည်းပြောပေးလို့ရမလား "
မြောင်ချန်းချန်းသည် အသိပြန်လာပြီး သူမကို တွေဝေစွာဖြင့်ကြည့်နေခဲ့သည်။
" အဲဒါဆို ........ ရှင့်ကို မေးခွန်းတစ်ခုမေးလို့ရမလား "
ကျန်းချန်းဟန်က သူမကို မျှော်လင့်တကြီးကြည့်လိုက်သည်။
" ဟုတ်ရပါတယ်၊ ရှင်မေးလို့ရတယ် "
မြောင်ချန်းချန်းသည် နှစ်ချက်ခန့် ချောင်းဟန့်လိုက်သည်။
" ဒီကျောက်စိမ်းအတွက် ကျွန်မ သန်း ၅၈၀ ပေးချင်ပါတယ်။ ရှင် ကျွန်မကိုအရင်ရောင်းပေးနိုင်မလား "
သူမပြောပြီးသည်နှင့် ကျုံးထျန်းကန်သာယာစံအိမ် နံပါတ်(၁)ဧည့်ခန်းထဲရှိလူတိုင်းက အံ့အားသင့်သွားကြသည်။
မြောင်ချန်းချန်းက ကျောက်စိမ်းက ကျောက်ပဲဖြစ်တာကြောင့် တကယ့်တန်ဖိုးမရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား။
ထို့အပြင် သူမကပဲ လူတိုင်းကို မဝယ်ဖို့ ဖြောင့်မတ်စွာ အကြံပေးခဲ့တာ မဟုတ်လား။
အခု သူမက ဘာလို့ဝယ်မှာလဲ။
သူတို့တင်မဟုတ်ပဲ တိုက်ရိုက်ထုတ်လွှင့်မှုမှာတောင် အဆင်မပြေတဲ့ အငွေ့အသက်တွေနဲ့ ပြည့်လာခဲ့တော့သည်။
[ စီနီယာအစ်မမြောင်က ဘာကိုဆိုလိုတာလဲ။ ငါတို့ကျောက်စိမ်းကို မဝယ်သင့်ဘူးလို့ သူမပဲ မပြောခဲ့ဖူးလား ]
[ သူမက ကျောက်စိမ်းတုံးတွေရဲ့ ရေအတိမ်အနက်က အရမ်းနက်လွန်းပြီး ငါတို့ဆုပ်ကိုင်လို့ မရဘူးလို့ ထင်ပြီး သူမကပဲ ဆုပ်ကိုင်နိုင်သူ ဖြစ်တယ်လို့ထင်နေတာလား ]
[ အမွှေးနံ့သာတရားရဲ့နိယာမကို ဘယ်သူမှ လွတ်ကင်းနိုင်မှာမဟုတ်ဘူး ]
[ စီနီယာအစ်မမြောင်က ဘယ်လိုလုပ် အဲ့လိုလူဖြစ်နေရတာလဲ။ အရင်က သူမကို စံပြလို့ထင်ခဲ့တာ ]
[ လူငယ်လေး၊ မင်းက မရင့်ကျက်လိုက်တာ။ အကျိုးရှိရင် လူတိုင်းက သူတို့ရဲ့ပင်ကိုစရိုက်ကို ထုတ်ဖော်ပြသကြလိမ့်မယ် ]
မြောင်ချန်းချန်းသည် သူမ၏အတန်းဖော်များက သူမကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြောမလဲဆိုတာကို သိသည်။ သို့သော် သူမ ထိုကိစ္စအပေါ် ဘာမှမလုပ်နိုင်ခဲ့ပေ။
ဘယ်လိုဘဲဖြစ်ဖြစ် ဒါက သူမကို လမ်းညွှန်ပေးတဲ့တာဝန်တစ်ခုဖြစ်နေသည်။
သူမမှာ ငြင်းစရာအနေအထားမရှိပေ။
မြောင်ချန်းချန်းက ယွမ် သန်း ၅၈၀ ထိ ကမ်းလှမ်းရန် ဆန္ဒရှိကြောင်း ရှန်းပိုင်ထျန်း ကြားသိရတဲ့အခါ သူမသည် နောက်တစ်ခါ ရှုပ်ထွေးသောစိတ်အခြေအနေသို့ ရောက်သွားပြန်တော့သည်။
အကယ်၍ ယွမ် သန်း ၅၅၀ကို ကမ်းလှမ်းခဲ့တဲ့ကျောင်းသားက စိတ်လိုလက်ရ လုပ်လိုက်တာဖြစ်လျှင်တောင်မှ အခု ကျုံးဟိုင်တက္ကသိုလ်၏ စီးပွားရေးကျောင်းမှ စီးပွားရေးဆိုင်ရာအရည်အချင်းရှိသူတစ်ယောက်အဖြစ် အမြဲတန်းမှတ်ခံရသော မြောင်ချန်းချန်းကပါ သန်း ၅၈၀ထိ ကမ်းလှမ်းလာခဲ့သည်။
ဒီလောက်ဆို ကျောက်စိမ်းရဲ့တန်ဖိုးကို သက်သေပြနိုင်နေပြီဖြစ်သည်။
အပိုင်း (၁၇၈)
ဘာလို့ ခမ်းနားကြီးကျယ်ပြနေတာလဲ။
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ဖက်တွင် မြေးဖြစ်သူကို ဗီဒီယိုခေါ်ဆိုနေသည့် ဖန်းမန်ချန်းသည် ဒေါသထွက်လွန်းလို့ခုန်ပေါက်နေပြီဖြစ်သည်။
" ဟဲ့ကောင်၊ မင်း မြန်မြန် မလုပ်ရင် ဒီကျောက်စိမ်းကို သူများက လုယူသွားလိမ့်မယ် "
ဖန်းရှောင်က ရယ်ရမလား ငိုရမလား မသိဖြစ်နေသည်။
" ကျွန်တော် လေလံဆွဲပြီးပြီလေ။ ဒါပေမယ့် သူတို့က မရောင်းချင်ဘူးဆိုမှတော့ ကျွန်တော်ကဘာလုပ်ပေးရတော့မှာလဲ "
ဖန်းမန်ချန်းသည် အရမ်းကိုစိုးရိမ်နေတာကြောင့် မုတ်ဆိတ်တွေပင် တုန်နေသည်။
" သိန်း ၆၀၀ထိ မြန်မြန်ဈေးတက်ပေးလိုက် "
ဖန်းရှောင်က ခေါင်းခါပြီး ခါးသက်သက်ပြုံးလိုက်သည်။
သူက အရူးပဲ။
သူတို့အားလုံး ရူးနေကြတာပဲ။
ကျောက်စိမ်းတစ်တုံးကို ယွမ်သန်း ၆ဝဝ နဲ့ ရောင်းလို့ရနိုင်တာလား။
သူ့စိတ်ထဲမှာ ညည်းညူနေပေမယ့် ထိပ်ဆုံးမှတ်ချက်တစ်ခုကို အမြန်ထပ်ပေးလိုက်သည်။
[ ကျွန်တော့်အဘိုးက ဒီကျောက်စိမ်းကို ဝယ်ဖို့ သန်း ၆၀၀ အထိပေးချင်တယ်လို့ ပြောပါတယ် ]
ထိုမှတ်ချက်ကို တင်ပြီးသည်နှင့် တပြိုင်နက် မှတ်ချက်တွေ ဒလဟောထပ်တက်လာပြန်သည်။
[ ဘုရား၊ ဒီလူအုပ်စုနှစ်စုက သွေးဆာနေတာပဲ။ သူတို့က တစ်ခါတိုး သိန်း ၂၀၊ ၃၀အထိ ဈေးတက်နေတာ ]
[ ကျောက်တစ်တုံးကို သိန်း ၆၀၀ နဲ့ ရောင်းလို့ရလား။ ဒါက သိပ်ရယ်စရာကောင်းလွန်းနေတာမဟုတ်ဘူးလား ]
[ ယဲ့ဖန်က အခု သဘောတူလိုက်တာနဲ့ သန်း ၆၀၀က သူ့အိတ်ကပ်ထဲရောက်လာမှာလေ။ ဒါကြီးက သိပ်ကြောက်စရာကောင်းတာမဟုတ်ဘူးလား ]
[ သန်း ၆၀၀လား။ ငါတို့ တစ်သက်လုံးရှာတောင် ဒီလောက်များတဲ့ ငွေပမာဏ မရှိနိုင်ဘူး ]
[ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစမ်းပါ။ တစ်သက်လုံးမဟုတ်ဘူး ဆယ်သက်ဆိုရင်တောင် အဲ့လောက်ရှာနိုင်မှာမဟုတ်ဘူး ]
[ ရှန်းပိုင်ထျန်းနဲ့ ဟိုကောင်မလေးက ဘာလို့အဲ့လောက်တောင် တည့်အောင်ပေါင်းနိုင်လဲဆိုတာ ငါနားလည်လောက်ပြီထင်တယ် ]
[ ငါလည်း နားလည်နေပြီထင်တယ်။ ယဲ့ဖန်မှာ ငွေအင်အားရှိလို့လေ ]
[ အိုပါးယဲ့ဖန်၊ ငါလည်း မင်းရဲ့ရည်းစားဖြစ်ချင်တယ်။ မင်းအတွက် ငါဝမ်းနည်းနေပေးမယ်။ ဒါပေမယ့် ငါ မနာလိုဖြစ်မှာမဟုတ်ဘူး။ အဲ့တာကြောင့် ကျေးဇူးပြုပြီး စဉ်းစားပေးပါ ........ ]
ရှန်းပိုင်ထျန်းသည် ထိပ်ဆုံးမှတ်ချက်ကိုမြင်သောအခါ အကျပ်ရိုက်သွားပြန်သည်။
ဒါက ယွမ် သန်း၆၀၀တောင်ဖြစ်သည်။
ရှန်းမိသားစုသည် အလွန်ချမ်းသာသော်လည်း သန်း ၆၀၀ဆိုသည့် ငွေပမာဏသည် အတော်လေးမျာယသည့်ကိန်းဖြစ်သည်။
သို့သော် သူမ အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသော်လည်း ရှန်းပိုင်ထျန်းသည် ယဲ့ဖန်အစား ဆုံးဖြတ်ချက်မချပေးရဲပေ။
" ငါ ယဲ့ဖန်ကို ထပ်ခေါ်လိုက်မယ် "
ထို့နောက် သူမသည် ယဲ့ဖန်ကို ထပ်ခေါ်သည်။
ယခုတစ်ကြိမ်မှာတော့ သုံးကြိမ်လောက်မြည်ပြီး ဖုန်းဝင်သွားသည်။
ရှန်းပိုင်ထျန်းက အရမ်းပျော်သွားသည်။
" ယဲ့ဖန် ငါနင့်ကို ပြောစရာတစ်ခုရှိတယ်။ တိုက်ရိုက်ထုတ်လွှင့်တဲ့ ကြည့်ရှုသူထဲက တစ်ယောက်က နင်ရဲ့ ကျောက်စိမ်းတုံးကို ဝယ်ဖို့ ယွမ် သန်း ၆၀၀ ကမ်းလှမ်းထားတယ်။ ရောင်းဖို့ ဆန္ဒရှိလား "
ကြည့်နေသူတိုင်း အသက်ရှူပင်အောင့်ကာ ယဲ့ဖန်၏အဖြေကို ကြားဖို့စောင့်နေကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကျည်ဆန်လိုမြန်ဆန်တဲ့မှတ်ချက်တွေပင် နည်းပါးလာသည်။
အားလုံးက ယဲ့ဖန်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ စောင့်နေကြတာဖြစ်သည်။
သို့သော် အားလုံးက ယဲ့ဖန်ရဲ့အဖြေကို စောင့်မျှော်နေကြချိန်မှာပဲ တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံက ရုတ်တရက် ထွက်လာသည်။
"ယဲ့ဖန် .......... သူ ရေချိုးဖို့သွားပါတယ် "
ထိုအဖြေကိုကြားတော့ တိုက်ရိုက်ထုတ်လွှင့်တဲ့မှတ်ချက်အခန်းက ချက်ချင်းပေါက်ကွဲသွားတော့သည်။
[ ချီိးပဲ၊ လူယုတ်မာကတော့ လူယုတ်မာဖြစ်နေဆဲပဲ။သူက တခြားမိန်းမနဲ့ တွေ့နေတာလား ]
[ အချိန်စီမံခန့်ခွဲမှုဆရာကြီးဟေး၊ သူ့ရည်းစားက ဒီမှာ တိုက်ရိုက်လွှင့်နေတာကို သူကတော့ တခြားမိန်းမနဲ့သွားလှည့်စားနေတာ ]
[ ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး ရှန်းပိုင်ထျန်းနဲ့တန်မှာလဲ။ ရှန်းပိုင်ထျန်း၊ မင်း သူ့ကို ထားခဲ့ရမယ် ]
[
တကယ်တော့ သန်း ၆၀၀ကြောင့် တစ်ချို့အရာတွေကို မျက်ကွယ်ပြုပေးနိုင်မယ်ထင်တယ် ]
[ သန်း ၆၀၀ ဖြစ်ရုံနဲ့ ဘာလုပ်ရမှာလဲ။ လူတွေမှာ အသိတရားရှိသင့်တယ်။ ပိုက်ဆံကို ဘာလို့ ဦးညွှတ်ရမှာလဲ ]
[ ငါ မင်းကို မယားငယ်လုပ်ပြီး ယွမ် သန်း ၆၀၀ ပေးရင် မင်း ကျေကျေနပ်နပ်ကြီး လုပ်မှာလား ]
[ အဓိပ္ပာယ်မရှိတာ။ နင်ငါ့ကို အကြိမ်အနည်းငယ်လောက်ပိုပြီးဖောက်ပြားရင် ပိုကောင်းတယ်။ မဟုတ်ရင် ပိုက်ဆံအများကြီးရထားလို့ စိတ်မချမ်းသာဘူးဖြစ်နေမှာ ]
[ ဟ၊ အရည်အချင်းနဲ့ ဇ နဲ့ဟ ]
ရှန်းပိုင်ထျန်းလည်း အနည်းငယ်ရှက်သွားသည်။
" ဒါဆိုလည်း အဆင်ပြေပါတယ် "
ထို့နောက် သူမ ဖုန်းချလိုက်သည်။
ကျန်းချန်းဟန်က သူမဝမ်းနည်းသွားမှာကို စိုးရိမ်ပြီး နှစ်သိမ့်ပေးဖို့အမြန်သွားခဲ့သည်။
" ပိုင်ထျန်း၊ နင်အဆင်ပြေရဲ့လား "
ရှန်းပိုင်ထျန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
" ဘာမှမဖြစ်ပါဘူး။ သူကအပျော်သဘောသက်သက်ပါ "
ကျန်းချန်းဟန်အံသြသွားသည်။
ဒါကို အပျော်တမ်းလို့ ခေါ်သလား။
ဒါကို ငါတို့အားလုံးကတော့ လှည့်စားတယ်လို့ ခေါ်တယ်။
နင်ကပဲ ကြီးမြတ်လွန်းတယ်လို့ ပြောရမလား ငါတကယ်မသိတော့ဘူး။
ဒါမှမဟုတ် နင် နှလုံးသားမဲ့နေတာလား။
....................
တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်သည် ရေချိုးခန်းထဲက ထွက်လာသည်။
အပြင်မှာစောင့်နေတဲ့ ကျိုးရှုယောင်းက အမြန်ထပြီး သူ့ကို ခေါ်လိုက်သည်။
" ပြီးပြီလား "
ယဲ့ဖန်က ခေါင်းငြိမ့်လိုက်သည်။ "ပြီးပြီ"
အဲဒါကို ပြောရလျှင် သူ တော်တော်ကံမကောင်းတာဖြစ်သည်။
သူ ကျိုးရှုယောင်းနှင့်အတူ လမ်းပေါ်တွင် လမ်းလျှောက်နေခဲ့သည်။
စားသောက်ဆိုင်လေးတစ်ခုရှေ့က ဖြတ်သွားကြတဲ့အခါ ကံမကောင်းစွာနဲ့ပဲ ပိုင်ရှင်က ရေဇလုံကို လောင်းချလိုက်ပါသည်။
ထို့နောက် သူ ရေစိုသွားခဲ့သည်။
အကူအညီမဲ့စွာဖြင့် ကျိုးရှုယောင်းကို အဝတ်တစ်ထည်ဝယ်ဖို့ အကူအညီတောင်းပြီး ရေချိုးဖို့ ရေချိုးခန်းတစ်ခုကို ရှာခဲ့ရသည်။
" စကားမစပ် မိန်းကလေးတစ်ယောက်က နင့်ကို အခုပဲ ဖုန်းခေါ်တယ်။ သူမက အကြိမ်အနည်းငယ်ဆက်တိုက်ခေါ်နေတာမြင်လို့ ပြန်ဖြေလိုက်တယ်။ သူမပြောတာက တစ်စုံတစ်ယောက်က နင်ရဲ့ကျောက်တုံးဆိုလား အဲ့တာကို ဝယ်ချင်လို့တဲ့ ..... "
ကျိုးရှုယောင်းက ဖုန်းခေါ်ဆိုမှုအကြောင်းကို ပြန်ပြောပြခဲ့သည်။
ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာသည်။
ဟုတ်ပါတယ်။ ဘာတွေဖြစ်နေလဲဆိုတာကို သူသိတယ်။
သူ့ကျောက်စိမ်းရဲ့တန်ဖိုးကိုသိတဲ့သူတစ်ယောက်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှုမှာရှိနေလိမ့်မည်။
" အဲဒါကို စိတ်မပူနဲ့။ ဗိုက်ဆာနေပြီးလား။ စားဖို့နေရာကို အရင်ရှာရအောင် "
ထို့နောက် ကျိုးရှုယောင်းနှင့်အတူ ရေချိုးခန်းမှ ထွက်လာခဲ့သည်။
..................
ကျုံးထျန်းကန်သာယာ စံအိမ် နံပါတ်(၁) တွင် ရှန်းပိုင်ထျန်းက ကျန်းချန်းဟန်ကို တောင်းပန်စကားဆိုသည်။
" ယဲ့ဖန်က အခု အလုပ်ရှုပ်နေလို့ငါတို့ ဒါကို မေ့လိုက်သင့်တယ်လို့ ငါထင်တယ်။ ဒီလောက်ပိုက်ဆံနည်းနည်းလေးကို သူ ဂရုမစိုက်ဘူးထင်တယ် "
အခန်းလူတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ကြည့်ရှုသူတွေက ဒီသတင်းကို ကြားလိုက်တဲ့အခါ သွေးအန်လုမတတ် ဖြစ်သွားကြသည်။
သန်း ၆၀၀ ကို 'ဒီငွေနည်းနည်းလေး' လို့ခေါ်တာလား။
ဒီစကားတွေက ဘာလို့ ဒီလောက်သေစေနိုင်ရတာလဲ။
သို့သော် သူမက ပြောပြီးပြီဖြစ်သောကြောင့် သူတို့ကလည်း ဆက်ပြီးနှောင့်ယှက်ရန် အကြောင်းမရှိတော့ပေ။
ကျန်းချန်းဟန်သည် ချက်ချင်းပင် မိုက်ခရိုဖုန်းကိုယူကာ ကင်မရာကို မျက်နှာမူလိုက်သည်။
" တံခါးနားမှာ ထားထားတဲ့ ကျောက်စိမ်းတုံးကနေ ကျောင်းသား ယဲ့ဖန်ရဲ့ ငွေကြေးအင်အားကို အကဲဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်ပြီး သူ့အိမ်ထဲမှာ ဝှက်ထားတဲ့ တခြားရတနာတွေကို ရှာဖွေကြည့်ကြရအောင်။ သွားကြမယ် "
သူမကပြောသည့်အတိုင်း အခန်းထဲသို့ ရှေ့ဆုံးမှလမ်းလျှောက်လာသူဖြစ်သည်။
တစ်ချိန်တည်းမှာဘဲ ဖန်းမန်ချန်းက ဒေါသအရမ်းထွက်လွန်းလို့ ပွဲချင်းပြီးသေလုနီးပါးဖြစ်နေသည်။
" ဘာလို့ ထွက်သွားကြတာလဲ။ မြေး၊ မြန်မြန်ပြန်ခေါ်။ငါတို့ စျေးနှုန်းကို ဆက်ဆွေးနွေးနိုင်တယ် "
ဖန်းရှောင် ကြောင်အအပြုံးလိုက်သည်။
" အဘိုး၊ သူတို့က အဲဒါကို ရောင်းဖို့သဘောမတူဘူး။ ကျွန်တော်ဘာလုပ်ပေးရမှာလဲ "
ဖန်းမန်ချန်းက လက်မလျှော့ပေ။
" မင်းက ယဲ့ဖန်ရဲ့ အတန်းဖော် မဟုတ်ဘူးလား။ မင်းမှာ သူဆီကိုဆက်သွယ်ဖို့ အချက်အလက်တွေ ရှိသင့်တယ်မဟုတ်လား။ အဘိုးကို အမြန်ဆက်သွယ်ပေးစမ်း။ မဟုတ်ရင် ငါစားဝင်တော့မှာမဟုတ်ဘူး "
ဖန်းရှောင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
" အဘိုး၊ ငါသူ့ကိုသိတယ်။ ဒါပေမယ့် သူက ငါ့ကိုမသိဘူး။ သူ့ကို အဆက်အသွယ်လုပ်ဖို့ အချက်အလက်ကို ဘယ်လိုလုပ်ရနိုင်မှာလဲ "
ဖန်းမန်ချန်း ဒေါသပေါက်ကွဲတော့သည်။
" မင်း ဘာလုပ်နေတာလဲ။ မင်းမှာ ယဲ့ဖန်ကို ဆက်သွယ်ဖို့အချက်အလက် ဘာကြောင့်မရှိရတာလဲ။ မင်း တက္ကသိုလ်မှာ အချိန်ဖြုန်းနေတာလား "
ဖန်းရှောင်ငိုချင်သော်လည်း မျက်ရည်မကျပေ။
" ကျွန်တော်တို့ကျောင်းမှာ လူပေါင်းသောင်းချီရှိတယ်လေ။ လူတိုင်းကို ဆက်သွယ်ဖို့အချက်အလက် ဘယ်လိုလုပ်ပြီးရှိမှာလဲ "
"မင်းမှာ တခြားတစ်ယောက်ရဲ့ ဆက်သွယ်ဖို့အချက်အလက်မရှိတာရတယ်။ ဒါပေမယ့် မင်းမှာ ယဲ့ဖန်ဟာရှိရမယ်လေ "
" သူ....... "
" မင်း ပြန်ပြောရဲသေးတာလား။ မင်းရဲ့ဘဏ်အကောင့်ကို ပိတ်ဖို့ ငါမတောင်းဆိုလောက်ဘူးလို့ မင်းထင်နေတာလား "
" ကျွန်တော် ...... "
" အိုက်ယား၊ မင်းလို အသုံးမကျတဲ့ မြေးကို ဘယ်လိုရလာတာပါလိမ့်။ ငါ့မှာ ယဲ့ဖန်လို မြေးတစ်ယောက်သာရှိရင် အိပ်မက်ထဲမှာတောင် ရယ်မောနေရလိမ့်မယ် "
" ........... "
အပိုင်း (၁၇၉)
အိမ်ခြံမြေပိုင်ဆိုင်မှုစာချုပ်များ။
ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)တွင် ရှန်းပိုင်ထျန်း၏ ဦးဆောင်မှုနောက်မှ လူတိုင်းက ဧည့်ခန်းမထဲသို့ဝင်ရောက်လာကြသည်။
ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)၏ ပင်မခန်းမထဲသို့ ဝင်ရောက်ပြီးနောက် ကျိုးချီမင်း၊ မြောင်ချန်းချန်းနှင့် ဝမ်ချုံယုတို့က ချက်ချင်းပင် အိမ်အကြောင်းကို တစတစ ပြောဆိုလာကြသည်။
သို့သော် လူတိုင်းသည်စိတ်ပျက်စရာကောင်းစွာဖြင့် ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)၏ဧည့်ခန်းထဲတွင် ဂရုပြုရဖွယ်ပစ္စည်း ဘာမှမရှိချေ။
ထို့နောက် အဖွဲ့သည် ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)၏ပထမထပ်အိပ်ခန်းသို့ ဆက်လက်တက်သွားကြသည်။
သို့သော် သူတို့ ဘာမှမတွေ့သေးပေ။
ယဲ့ဖန်၏နေ့စဉ်သုံးပစ္စည်းများသည် တန်ဖိုးကြီးသော်လည်း တော်ဝင်ကျောက်စိမ်းကဲ့သို့ လူအုပ်ကြီးကို ထိတ်လန့်စေလောက်တဲ့ထိမဟုတ်ချေ။
ရလဒ်အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက မကောင်းတဲ့စကားလုံးတွေနဲ့ ချက်ချင်းပြည့်သွားတော့သည်။
[ ဟေး၊ အဲ့ဒီကျောက်စိမ်းက ဒီအိမ်ထဲက တစ်ခုတည်းသောအဖိုးတန်အရာလို့ ထင်တယ် ]
[ ကျောက်စိမ်းက သူ့ဟာလို့ မထင်ဘူး။ တစ်ယောက်ယောက်ဆီက ငှားထားတာဖြစ်နိုင်တယ် ]
[ အဲ့တာကြောင့် သူက ဖုန်းဖြေဖို့ ငြင်းဆန်နေတာလေ။ အဲဒီကျောက်စိမ်းတုံးကို ငှားထားတာတာ။ သူ့မှာ ရောင်းပိုင်ခွင့်မရှိဘူး ]
[ ဒါဆို သူက ဘာလို့ဒီလိုလုပ်တာလဲ ]
[ သူဟာ ငါတို့ရှေ့မှာ သူ့စည်းစိမ်ကို ကြွားဖို့ ကြိုးစားနေတာ ]
[အဲဒါဆိုရင် တော်တော်လေးစက်ဆုပ်စရာကောင်းလွန်းတယ်မလား။ မင်းက ငါတို့ကို မျောက်တွေလို တုံးအတယ်ထင်နေတာလား ]
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ယဲ့ဖန်ကို သရော်လှောင်ပြောင်သည့် မှတ်ချက်များနှင့်ပြည့်နှက်သွားသည်။
ရုတ်တရက် သိပ်မဝေးတဲ့အခန်းတစ်ခုထဲမှ ကျိုးချီမင်း၏အသံကိုကြားလိုက်ရသည်။
" ငါတို့ ဒီမှာ တစ်ခုခုတွေ့ပြီ "
ကျန်းချန်းဟန်နဲ့ တခြားသူတွေက ထိုစကားကိုကြားပြီးနောက် ချက်ချင်းနေရာပြောင်းလိုက်သည်။
သို့သော် အခန်းထဲရောက်သောအခါ မျက်မှောင်ကြုတ်လိုက်ကြသည်။
ဒီအခန်းသည် ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)ရှိ သိုလှောင်ခန်းဖြစ်ပြီး အခန်းထဲတွင်သေတ္တာများစွာရှိနေသည်။
မြေပြင်ပေါ်တွင် ဖုန်မှုန့်တွေအထူကြီးရှိနေသည်။ ဒီနေရာကို အကြာကြီးမသန့်ရှင်းထားတာ ထင်ရှားသည်။
" ငါတို့ဒီမှာဘာတွေ့နိုင်မှာလဲ "
ကျန်းချန်းဟန်သည် အနည်းငယ်နားမလည်ဖြစ်နေသည်။
သူမ၏စကားများက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လူအများစု၏အတွေးကို ကိုယ်စားပြုသည်။
အဖိုးတန်ပစ္စည်းတွေကို သိုလှောင်ခန်းထဲမှာ ဘယ်သူကထားမှာလဲ။
ကျိုးချီမင်းညွှန်ပြသည့်လမ်းကြောင်းနေရာကို လူတိုင်းကကြည့်လိုက်ကြသည်။
စာရေးစားပွဲအလွတ်တစ်လုံးရှိနေသည်။
စားပွဲ၏အံဆွဲသည် ရှုပ်ယှက်ခတ်နေသည်။
အနီရောင်လက်မှတ်ပါတဲ့ ထောင့်တစ်နေရာက ပေါ်သွားသည်။
" ဒါက ဘာလဲ။ အဲဒါက ဘွဲ့လက်မှတ်တစ်ခုခုများဖြစ်နိုင်မလား "
ကျန်းချန်းဟန်သည် စူးစမ်းလိုစိတ်ဖြင့် လျှောက်သွားကာ လက်မှတ်၏ထောင့်ကို ယူပြီး ဆွဲထုတ်လိုက်သည်။
ထို့နောက် လက်မှတ်၏မျက်နှာဖုံးရှိစကားလုံးများကို တွေ့လိုက်ရသည်။
အိမ်ပိုင်ဆိုင်မှုစာချုပ်လက်မှတ်။
" အိုး၊ အဒါက အိမ်ခြံမြေပိုင်ဆိုင်မှုစာချုပ်လက်မှတ်ဘဲ "
သူမက ချက်ချင်းအော်ပြောပြီး ပိုင်ဆိုင်မှုလက်မှတ်ကို ဖွင့်ပြလိုက်သည်။
ကင်မရာသမားက ပိုင်ဆိုင်မှုလက်မှတ်ကို ချက်ချင်းကင်မရာနဲ့ချိန်ပြလိုက်သည်။
အိမ်ပိုင်ရှင်မှာ ယဲ့ဖန်ဖြစ်သည်။
( တည်နေရာ- ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)၊ ကျုံးဟိုင်မြို့ )
[ ဘုရားရေ၊ ဒီအိမ်ကြီးဟာ တကယ်ကြီးယဲ့ဖန်ရဲ့ အိမ်လား ]
[ ဒီအခန်းကိုငှားထားတယ်လို့ ဘယ်သူပြောတာလဲ။ ငါမင်းကိုမေးနေတယ်လေ၊ မင်းမျက်နှာထွက်ပြပါဦး ]
[ အိုဘုရားရေ။ ဒီအိမ်က အနည်းဆုံး ယွမ် သန်း ၁၀၀ တန်တယ်လို့ စီနီယာမြောင်ဆီက ကြားတယ်။ အဲ့ဒါအမှန်လား ]
[ ဟုတ်ပါတယ်၊ အဲ့ဒါအမှန်ပါပဲ။ ကျွန်မမှာ အိမ်ခြံမြေအေးဂျင့်အသိတစ်ယောက်ရှိတယ်။ ကျုံးထျန်းကန်သာယာစံအိမ်တွေက ကျုံးဟိုင်မြို့ မှာ စျေးအကြီးဆုံးဖြစ်ကြောင်း သူက ပြောခဲ့တယ်။ ပြီးတော့ ဒီစံအိမ်နံပါတ် (၁) က ဒီမှာအကောင်းဆုံးမလို့ ဒီစျေးဖြစ်တာ မှန်ရမယ် ]
[ ငါ ဒီလိုဇိမ်ခံအိမ်ကြီးမှာ တစ်ရက်ပဲနေနိုင်ရင်တောင် ဒီအိမ်ကြီးအတွက် သေပေးနိုင်တယ် ]
[ အဲ့အကြံကို တတ်နိုင်သမျှအမြန်ဆုံးစွန့်လွှတ်ဖို့ အကြံပေးချင်တယ်။ မင်းသေရင်တောင် ဒီလိုအိမ်မျိုး မတတ်နိုင်ဘူး ]
[ ရှေ့ကကျောင်းသား၊ မင်းရဲ့စကားတွေက သိပ်ကို စိတ်ထိခိုက်စေတယ်မဟုတ်လား။ မင်းငါ့ကိုမျှော်လင့်ချက်တစ်ခုခုလောက်တောင်ထားခဲ့လို့မရဘူးလား ]
[ မင်းကို ငါမျှော်လင့်ချက်မပေးချင်ပေမယ့် မင်းမှာမျှော်လင့်ချက်သေးသေးလေးတောင်တကယ်မရှိဘူး]
[ .......... ]
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိလူတိုင်းသည် အိမ်ခြံမြေပိုင်ဆိုင်မှုလက်မှတ်ကြောင့် စိတ်မငြိမ်မသက်ဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ထိပ်ဆုံးမှတ်ချက်တစ်ခုက ရုတ်တရက်ပေါ်လာသည်။
[ ယုဝမ်းချန် - လောကကြီးကို တစ်ခါမှ မမြင်ဖူးသေးတဲ့ တောက ငတုံးငအတွေ။ အိမ်ခြံမြေလက်မှတ်လောက်က မင်းတို့ကို အထင်ကြီးအောင် လုပ်ဖို့ လုံလောက်သလား။ မင်းတို့ တစ်သက်လုံး ဒီလိုပဲဖြစ်နေလိမ့်မယ် ]
ထိုမှတ်ချက်ကို ပို့စ်တင်လိုက်တာနဲ့ ချက်ချင်းဆိုသလို မကျေနပ်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။
[ ယုဝမ်းချန်က ဘယ်သူလဲ။ ဒီလောက်ကြီးတဲ့လေကြီးနေတာ။ ယွမ် သန်း ၁၀၀ ပိုင်ဆိုင်မှုက သူ့မျက်လုံးထဲမှာ ဘယ်လောက်မှမရှိဘူးထင်နေတာလား ]
[ ဟီးဟီး၊ သူက ဟန်ဆောင်ပြဖို့ ဘယ်ကနေမှန်းမသိ ထွက်လာတဲ့ လေကျယ်ကောင်ဖြစ်နိုင်တယ် ]
[ အစ်ကိုရေ၊ အိမ်ခြံမြေမှာ ယွမ်သန်း ၁၀၀ က မင်းမျက်လုံးထဲမှာ ဘာမှမရှိဘူးဆိုမှတော့ မင်းနေနေတဲ့အိမ်ကို ဘာလို့ ငါတို့ကို မပြတာလဲ။ ကြည့်လိုက်ကြတာပေါ့ ]
[ မင်းတို့ ဒီလိုဟန်ဆောင်တဲ့ လှည့်ကွက်ကို ဘာလို့ အာရုံစိုက်နေတာလဲ။ ဒီလိုလူမျိုးတွေက သူ့ကို ပိုအာရုံစိုက်လေလေ သူက ပိုစိတ်လှုပ်ရှားလာလေပဲ ]
[ မှန်တယ်။ သူ့စကားတွေကို မတွေ့ချင်ယောင်ဆောင်ပြီး လျစ်လျူရှုလိုက်ကြ ]
[ ယုဝမ်းချန်၊ ဟုတ်လား။ ငါက လီယွမ်းပပဲ။ ကျောင်းမှာမတွေ့စေနဲ့၊ မင်းကိုတွေ့တိုင်း ရိုက်နှက်ပစ်မယ် ]
တစ်ချိန်တည်းမှာဘဲ ကျုံးဟိုင်မြို့ပင်းရှန်းတိုက်ခန်း၏အကောင်းဆုံးတည်နေရာတွင် ဆွန်းဝမ်းရီက ကုတင်ပေါ်တွင် လဲလျောင်းနေသည်။
သူ့လက်မောင်းထဲတွင် မနေ့ညက ခေါ်ဆောင်လာတဲ့ အမျိုးသမီးတစ်ဦးလည်းရှိနေသည်။
သူ့မိဘတွေက အခုသူနေထိုင်တဲ့အိမ်ကို ငှားဖို့ ကူညီပေးခဲ့ကြသည်။
ကျုံးဟိုင်တက္ကသိုလ်နှင့်လည်း အလွန်နီးကပ်တာကြောင့် ကျောင်းတက်ရန် အဆင်ပြေသည်။
ပင်းရှန်းတိုက်ခန်းကဲ့သို့သော အဆင့်မြင့်တိုက်ခန်းတစ်ခန်းကို ငှားရမ်းခက အလွန်စျေးကြီးပြီး သူ့တိုက်ခန်းသည် အကောင်းဆုံးနေရာတွင်ဖြစ်သည်။
တစ်လငှားရမ်းခမှာ အနည်းဆုံး ယွမ် ၁၀၀၀၀ ဖြစ်သည်။
သာမာန်မိသားစုအတွက် ဒါက လုံးဝကို စိတ်ကူးယဉ်လို့ပင် မရချေ။
သို့သော်လည်း ဒီငွေပမာဏသည် သူတို့၏ မိသားစုနောက်ခံအတွက် ရေပုံးထဲမှ ရေစက်ပမာဖြစ်သည်။
အငှားတာဝန်ခံ မန်နေဂျာကျိုးသည် အငှါးတာဝန်ပဲယူထားတာကြောင့် ရောင်းဖို့ကို သဘောတူလို့ မရဘူးဟု မငြင်းဆန်နေတာ မဟုတ်လျှင် သူ့မိဘများက ထိုအိမ်ကို ဝယ်ယူခဲ့တာကြာလောက်ပြီဖြစ်သည်။
ကျုံးဟိုင်တက္ကသိုလ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ထိပ်ဆုံးမှတ်ချက်ကို သူတင်ခဲ့လိုက်သည်။
ယွမ် သန်း ၁၀၀ တန်အိမ်က သူတို့လိုမိသားစုတွေအတွက် စျေးကြီးသည်ဟု ယူဆကြပေမယ့် သူကတော့ ဝယ်ချင်နေသရွေ့တော့ သူ ပိုက်ဆံမတတ်နိုင်တာမျိုး မဟုတ်ပေ။ သူက အမှန်အတိုင်းပြောနေတာဖြစ်သည်။
အခု တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက လူအုပ်ကြီးက ဒေါသထွက်နေပြီး အားလုံးက သူ့ကို လှံတွေ ချိန်နေသည်ကို မြင်ရနိုင်သည်။ တချို့က ရိုက်နှက်ဖို့တောင် ခြိမ်းခြောက်နေကြသည်။
ဆွန်းဝမ်းရီသည် ချက်ချင်း လှောင်ပြောင်ပြီး ယွမ် ၁သိန်းတန် နောက်ထပ်ထိပ်တန်းမှတ်ချက်ကို တင်ခဲ့သည်။
[ ငါက ကျုံးဟိုင်တက္ကသိုလ်၏ စီးပွားရေးစီမံခန့်ခွဲမှုဌာနက ဆွန်းဝမ်းရီ။ ငါ့ကို ရိုက်ချင်တယ်လို့ ပြောတဲ့သူတွေကို လာရှာဖို့ ကြိုဆိုပါတယ် ]
သူ့မှတ်ချက် ထွက်လာသည်နှင့် တပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်မှု၏ ဦးတည်ချက်ကချက်ချင်း ပြောင်းလဲသွားတော့သည်။
[ ဘုရားရေ၊ ယုဝမ်းချန်က တကယ်တော့ ဆွန်းဝမ်းရီ ဖြစ်နေတာလား။ သူ ဒီလောက် မာနကြီးနေတာ မဆန်းတော့ပါဘူး ]
[ ဆွန်းဝမ်းရီ၏အဖေက ဟူရန်လူချမ်းသာအဆင့်မှာ ၈၀ရှိတယ်လို့ ကြားတယ်။ သေချာတာကတော့ သူက အရမ်းချမ်းသာတဲ့ဒုတိယမျိုးဆက်သခင်လေးပဲ ]
[ အဲ့ဒါက ဆွန်းဝမ်းရီဆိုရင်တော့ ငါနားလည်နိုင်တယ်။ အနည်းဆုံးတော့ သူကဒီလိုလုပ်ဖို့ ယုံကြည်မှုရှိတယ်လေ ]
[ ဟုတ်တယ်၊ ယဲ့ဖန်ချမ်းသာတယ်ဆိုရင်တောင် ဆွန်းဝမ်းရီထက် ပိုကောင်းနိုင်ပါ့မလား။ ဒါက မှော်ဆရာကြီးနဲ့ယှဉ်ရင် သေးငယ်တဲ့ မှော်ဆန်ဆန်မျှော့လေးသာသာပါပဲ ]
[ သူ့ကိုရိုက်မယ်လို့ပြောတဲ့လူတွေက ဘယ်မှာလဲ။ အခုဘာလို့ ငြိမ်နေတာလဲ ]
[ ဟုတ်တယ်၊ သူတို့က ဆွန်းဝမ်းရီလို့ကြားလိုက်တာနဲ့ မြန်မြန်ဆန်ဆန်ပဲ ပျောက်သွားတာမဟုတ်လား။ ဘယ်သူက တရားရုံးမှာ အသေခံဖို့ သတ္တိရှိမှာလဲ ]
[ ဟားဟား၊ ဆရာကြီးယု၏ရန်သူလုပ်ရဲတဲ့သူတွေက သေခြင်းတရားကို စောင့်မျှော်နေတဲ့သူတွေပဲမလား ]
[ အထက်ကတစ်ယောက်ရေ၊ မင်းတို့ရဲ့ အကောင့်တွေကို ငါမှတ်မိတယ်။ ဆွန်းဝမ်းရီကို ကြိမ်းမောင်းတုန်းက မင်းကအတက်ကြွဆုံးပဲ မဟုတ်လား]
[ ပေါက်ကရတွေ၊ ငါတို့က ဆရာကြီးယုကို ဘယ်တုန်းကမှမကြိမ်းမောင်းဖူးဘူး ]
[ မှန်တယ်။ ငါတို့ ဆဲဆိုကြိမ်းမောင်းတာကို မင်းဘယ်မျက်လုံးနဲ့မြင်လို့လဲ ]
[ မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး ]
အပိုင်း (၁၈၀)
ဒီကလေးက ဟန်ဆောင်တာ တကယ်တော်တာပဲ။
ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)၏ သိုလှောင်ခန်းတွင် ကျန်းချန်းဟန်သည် ဆွန်းဝမ်းရီ၏ ထိပ်တန်းမှတ်ချက်ကို လိုက်ရသည်။
သို့သော် သူမ မမြင်ချင်ယောင်ဆောင်နေခဲ့သည်။
သူမသည် ဆွန်းဝမ်းရီလို ချမ်းသာတဲ့ဒုတိယမျိုးဆက်ကို စော်ကားဖို့ မတတ်နိုင်ခဲ့ပေ။
" ဘာပဲဖြစ်ဖြစ် ဒီလို သန်း ၁၀၀ တန်တဲ့ အိမ်ကြီးကို ပိုင်ဆိုင်နိုင်တဲ့ ကျောင်းသား ယဲ့ဖန်က အရမ်းအထင်ကြီးစရာကောင်းနေပါပြီ။ ကောင်းပြီ၊ သူပစ္စည်းကို ပြန်ပေးလိုက်ကြရအောင် "
ကျန်းချန်းဟန်က စကားပြောနေရင်း သူမသည် အံဆွဲကို ဆွဲဖွင့်ကာ ပိုင်ဆိုင်မှုလက်မှတ်ကို ပြန်ထည့်ပေးလိုက်သည်။
သို့သော် အံဆွဲအတွင်းမှအရာများကို မြင်တဲ့အခါ သူမ အံ့အားသင့်သွားရသည်။
သူ့နောက်မှ ဓာတ်ပုံဆရာကလည်း ထူးခြားမှု တစ်ခုခုကို သတိပြုမိပြီး မြန်မြန်ဆန်ဆန် ကင်မရာချဲ့ကြည့်လိုက်သည်။
ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကျောင်းသားများသည် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို တွေ့လိုက်ရသည်။
အံဆွဲထဲတွင် ပိုင်ဆိုင်မှုသက်သေခံစာချုပ်လက်မှတ်များ အပြည့်ထည့်ထားသည်ကို တွေ့လိုက်ရသည်။
[ ဟိတ်ကောင်ရေ၊ ဒါတွေအားလုံးက အိမ်ခြံမြေလက်မှတ်တွေလား။ တကယ်လား။ ဒါက ပုံကြီးချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား ]
[ ဒီအံဆွဲထဲမှာ ဘယ်နှစ်ခုတောင်ရှိလဲ။ အနည်းဆုံး တစ်ရာလောက်တောင်ရှိနေမှာ ကြောက်ရတယ် ]
[ ဒါက အတုပဲမဟုတ်လား။ ယဲ့ဖန်က လက်မှတ်အတုလုပ်ထားတာ ဖြစ်နိုင်လား။ သူက ငါတို့ကို စိတ်ရှုပ်ထွေးအောင် တမင်တကာ လုပ်နေတာလား ]
[ ငါလည်း ထင်တယ်။ ပစ္စည်းပိုင်ဆိုင်မှုလက်မှတ်တွေအပြည့်ရှိတဲ့ အံဆွဲတစ်ခုတဲ့လား။ အရမ်းများလွန်းတယ်မဟုတ်လား ]
ကျန်းချန်းဟန်သည် အလွန်တုန်လှုပ်သွားပြီး စကားမပြောနိုင်တော့ပေ။ ထို့နောက် ရှန်းပိုင်ထျန်းကို ကြည့်ဖို့ ခေါင်းကို အမြန်လှည့်လိုက်သည်။
" ပိုင်ထျန်း ဒီအိမ်ခြံမြေလက်မှတ်တွေက တကယ်အစစ်တွေလား "
သို့သော် သူမသည် လူမှားမေးမိကြောင်း ချက်ချင်းသိလိုက်ရတော့သည်။
ရှန်းပိုင်ထျန်းသည်လည်း သူမ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်နေသည့်အမူအရာရှိနေသည်။ ဒီအကြောင်းကို သူမ မသိခဲ့မှန်းထင်ရှားပါသည်။
" ငါ... ငါမသိဘူး၊ ယဲ့ဖန် ငါ့ကို မပြောပြထားဘူး "
ကျုံးထျန်းကန်သာယာစံအိမ်တွင် ယဲ့ဖန်သည် ဗီလာများစွာ ပိုင်ဆိုင်ကြောင်း ရှန်းပိုင်ထျန်းသိသည်။
ဒါပေမယ့် အများဆုံး အခုနှစ်ဆယ်ပဲရှိကြောင်း သိထားတာဖြစ်သည်။
အခု ပိုင်ဆိုင်မှုလက်မှတ်တွေက ဘာကြောင့်ဒီလောက်များနေရတာလဲ။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လူတွေအကုန်လုံးက သူမရဲ့ချစ်စဖွယ်အမူအရာကြောင့် ကြည်နူးကုန်ကြသည်။
[ ရှန်းပိုင်ထျန်းက တကယ်ပဲ အိမ်ရဲ့သခင်မရောဟုတ်ရဲ့လား။ ဘာလို့ သူက ငါတို့ထက် ပိုအံ့သြသွားသလို ခံစားနေရတာလဲ ]
[ သူမကိုကြည့်ပါဦး။ သူမ အံ့အားသင့်သွားတိုင်းမျက်လုံးလေးတွေက ယုန်ငယ်လေးတွေလို ပြူးကျယ်သွားတာ။ သူမက အရမ်းချစ်စရာကောင်းတယ် ]
[ ဟုတ်တယ်။ သူမက ကျုံးဟိုင်တက္ကသိုလ်ရဲ့ အလှဆုံးကျောင်းဆည်းလည်းလေးဖြစ်နေတာ မထူးဆန်းပါဘူး။ သူမရဲ့ အလှက အကြည့်သပ်သပ်တင်မဟုတ်ဘူး ]
[ ရှန်းပိုင်ထျန်းကတောင် ဒီပိုင်ဆိုင်မှုစာချုပ်လက်မှတ်တွေအကြောင်းမသိမှတော့ အဲ့တာတွေက အတုဖြစ်လိမ့်မယ်။ ယဲ့ဖန်က ငါတို့ကို စိတ်ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိထားခဲ့တာ ]
[ ဒါဆို သူ အရမ်းလွန်သွားပြီ။ ငါတို့က သူ့ဘဝအစစ်အမှန်ကို မြင်ချင်တာလေ။ သူကဘယ်လိုပြီး လိမ်ညာနိုင်ရတာလဲ ]
[ သူက တကယ်ကို ရွံစရာကောင်းလွန်းတယ်။ ဒီကောင်က သူ့လုပ်ရပ်တွေအတွက် တာဝန်မကျေတာ အံ့သြစရာတော့ မဟုတ်ဘူး ]
ထိုအချိန်တွင် ရှန်းပိုင်ထျန်းသည် လမ်းလျှောက်လာပြီး ပိုင်ဆိုင်မှုလက်မှတ်တွေကို လှန်ကြည့်လိုက်သည်။
" ဒါတွေအားလုံးက အစစ်အမှန်တွေဆိုတာ ငါသိတယ်။ တခြားတော့ ဘာမှမသိဘူး "
ကျန်းချန်းဟန်သည် အကြမ်းဖျင်းအားဖြင့် လှန်ကြည့်ကာ ချက်ချင်းပင်ပြောသည်။
" ကျုံးထျန်းကန်သာယာစံအိမ်ဝန်းတစ်ခုတည်းအတွက်ဘဲ အခုနှစ်ဆယ်လောက်ရှိနေတယ်။ အဲဒါက အရမ်းအထင်ကြီးစရာပဲ "
သူတို့နှစ်ယောက်ကြားက စကားစမြည်ပြောသံကြောင့် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ နောက်ထပ်လှိုင်းတစ်ခု ချက်ချင်းထွက်လာတော့သည်။
[ ကျုံးထျန်းကန်သာယာစံအိမ်တစ်ခုတည်းမှာတင် အိမ်အလုံး ၂၀ ကျော်ရှိနေပြီလား။ သူက သိပ်ချမ်းသာလွန်းတာမဟုတ်ဘူးလား ]
[ အိမ်တစ်လုံးက သန်း ၁၀၀၊ အဲဒါဆို ၂ ဘီလီယံကျော် ]
[ အဲဒါက ချဲ့ကားတာမဟုတ်ဘူးလား။ အိမ်နံပါတ် ၁ က ဒီနေရာမှာ ဈေးအကြီးဆုံးဆိုပေမယ့် တခြားအိမ်တွေက သိပ်ဈေးမကြီးလောက်ဘူး ]
[ အခြားအိမ်တွေက နံပါတ် ၁ လောက်ဈေးမကြီးဘူးဆိုရင်တောင် အနည်းဆုံး သိန်းဆယ်ဂဏန်းလောက်ရှိသင့်တယ်ဟုတ်လား။ အနည်းဆုံး တစ်ဘီလီယံ ]
[ ကျုံးထျန်းကန်သာယာစံအိမ်တွေရဲ့ ပိုင်ဆိုင်မှုစာချုပ်က အမှန်ဆိုရင် အခြားအရာတွေကလည်း အမှန်တကယ်ဖြစ်သင့်တယ် မဟုတ်လား ]
[ ဘုရားရေ၊ ပစ္စည်းပိုင်ဆိုင်မှုလက်မှတ်တွေ ပြည့်နေတဲ့အံဆွဲတဲ့လား။ ဒါမျိုးက တကယ်ကို မတွေ့ဖူးတာပဲ။ ပိုင်ဆိုင်မှုပိုင်ဆိုင်မှုလက်မှတ်တွေကို ထည့်ဖို့ 'ရိုးရိုးအံဆွဲများ' ကို အသုံးပြုတာတဲ့လား ]
[ ကြွားလုံးထုတ်ချင်သူတွေရေ၊ မင်းတို့မှာ ပိုင်ဆိုင်ခွင့်လက်မှတ်အံဆွဲတွေ ဘယ်လောက်တောင်လဲလို့ မေးပါရစေ။ သူတို့မှာ အံဆွဲတစ်ခုတောင်မှမရှိရင် ကြွားလုံးထုတ်လို့ မရပါဘူး ]
[ ယဲ့ဖန်၊ အစ်ကို ဖန်ရေ။ မင်းလက်ပါးစေတွေလိုသေးလား။ မင်းရဲ့ခွေးဖြစ်ချင်တယ်၊ ငါ့ကိုခေါ်သွားပေးပါ ]
[ အထက်ကလူရေ အသိတရားရောရှိသေးရဲ့လား။ လူကောင်းဖြစ်မယ့်အစား ဘာလို့ တစ်စုံတစ်ယောက်ရဲ့ခွေးဖြစ်ချင်နေရတာလဲ ]
[ ဒီလိုအိမ်မျိုးမှာသာနေနိုင်ရင် ခွေးဖြစ်ရလည်း ဘာဖြစ်လဲ။ ဝုတ်၊ ဝုတ်၊ ဝုတ် ....... ]
[ ............ ]
ပင်းရှန်းတိုက်ခန်းတွင် ဆွန်းဝမ်းရီသည် ယဲ့ဖန်ကို လူတိုင်းက ချီးမွမ်းတာကို မြင်ပြီး လှောင်ပြောင်ကာ အခြားမှတ်ချက်တစ်ခု ထပ်တင်လိုက်သည်။
[ မင်းတို့ ဦးနှောက်ကို ဘာလို့ အသုံးမချတာလဲ။ သူက အိမ်ခြံမြေကုမ္မဏီကို ဦးစီးနေတာ မဟုတ်ပဲ ဘာလို့ အကြောင်းပြချက်မရှိ အိမ်အများကြီးကို ဝယ်မှာလဲ။ ဒီပိုင်ဆိုင်မှုစာချုပ်လက်မှတ်တွေက အတုတွေချည်းဘဲ ]
အခုတစ်ကြိမ်မှာတော့ မှတ်ချက်ကဏ္ဍမှလူများက သူ့ရဲ့ထင်မြင်ချက်ကို သဘောမတူကြပေ။
[ အဲဒါတော့မဖြစ်နိုင်ဘူးလေ။ ယဲ့ဖန်က အိမ်ဝယ်ရတာ ကြိုက်တယ်ဆို ဘယ်လိုလုပ်မလဲ ]
[ ဟုတ်တယ်။ ရှန်းပိုင်ထျန်းကလည်း အဲ့ဒီ စံအိမ်စာချုပ်တွေက အစစ်အမှန်လို့ ပြောထားပြီးသားလေ ]
[ ရှန်းပိုင်ထျန်းက လိမ်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်။ သူမက အမှန်လို့ပြောရင် အမှန်ပဲ ဖြစ်ရမယ် ]
[ ရှန်းပိုင်ထျန်းကို ငါလည်းယုံတယ် ]
ဆွန်းဝမ်းရီသည် လူတိုင်းပြောသည်ကိုကြည့်ပြီးနောက် ထပ်ပြီးမှတ်ချက်တစ်ခုကို ချက်ချင်းတင်ခဲ့သည်။
[ ကျုံးထျန်းကန်သာယာစံအိမ်စာချုပ်တွေက အစစ်ဆိုရင်တောင် ကျန်တဲ့စာချုပ်တွေအားလုံးကရော အစစ်အမှန်ဖြစ်မယ်လို့ ပြောနိုင်လို့လား။ အမှန်တရားတစ်ဝက်၊ အလိမ်တစ်ဝက်ပဲ။ အဲဒါက လှည့်စားမှုရဲ့အမြင့်ဆုံးအဆင့်ဟ ]
သူပြောပြီးသည်နှင့်အမျှ၊ ထောက်ခံသူအများအပြား၏မှတ်ချက်များကဏ္ဍတွင်ပေါ်လာသည်။
[ ဆရာကြီးယုရဲ့ သုံးသပ်ချက်က ကျိုးကြောင်းဆီလျော်တယ်လို့ ငါထင်တယ်။ ဒါက ၃၀ % မှန်သလိုနဲ့ ၇၀%လိမ်နေသလိုပဲ။ ဒါက လူတွေကို စိတ်ရှုပ်စေမယ့် တစ်ခုတည်းသော နည်းလမ်းလေ ]
[ အဲဒါက အဓိပ္ပာယ်ရှိတယ်။ မယုံနိုင်စရာတွေလည်း တွေ့ရတယ်။ ဘယ်လောက်ပဲချမ်းသာနေပါစေ အိမ်အများကြီးကို တစ်ခါတည်းဝယ်မှာမဟုတ်ဘူး ]
[ ဒါဆို မေးစရာရှိတာက ယဲ့ဖန်က ဘာလို့ ဒီလိုလုပ်တာလဲ ]
[ နောက်ထပ် ဘာအကြောင်းပြချက်ရှိနိုင်မှာလဲ။ သူ့စည်းစိမ်ဥစ္စာကို ငါတို့ရှေ့မှာ ကြွားပြချင်တာပဲ မဟုတ်လား]
[ ဟားဟားဟား၊ ဆရာကြီးယုနဲ့ သူဖြတ်ပြီးတွေ့ဖို့တောင် ငါမမျှော်လင့်ထားဘူး။ ဒါက အရမ်းရှက်စရာကောင်းတယ် ]
ဆွန်းဝမ်းရီသည် နောက်ထပ် ထိပ်တန်းမှတ်ချက်တစ်ခုကို တင်တော့မည့်အချိန်တွင် WeChat အဖွဲ့တစ်ခုမှ အကြောင်းကြားချက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ထို WeChat အဖွဲ့ကို 'ဒိတ်ဒိတ်ကြဲသူဌေးညီအစ်ကိုများ' လို့ခေါ်ပြီး ကျုံးဟိုင်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းတွေကို ကြွားလုံးထုတ်ဖူးတဲ့ အုပ်စုဖြစ်သည်။
ထိုလူတွေရဲ့ မိသားစုနောက်ခံတွေက သူနဲ့ဆင်တူတာကြောင့် ဘာမှလုပ်စရာမရှိတဲ့အခါ အတူတူစုဝေးပြီး ပြိုင်ကားတွေ၊ ဝိုင်နီတွေနဲ့ အမျိုးသမီးတွေအကြောင်း ပြောကြသည်။
သူတို့သည် တူညီသောအဆင့်တွင်ရှိကြပြီး တူညီသောကျောင်းတွင် ပညာသင်ကြားနေကြသောကြောင့် တူညီမှုများစွာရှိကြသည်။
အဖွဲ့ထဲတွင် မက်ဆေ့ချ်တစ်ခုရောက်နေသည်ကို မြင်လိုက်ရသဖြင့် ဆွန်းဝမ်းရီသည် ကြည့်ရန် ချက်ချင်းနှိပ်လိုက်သည်။
နောက်တော့ သူ့သူငယ်ချင်းတစ်ယောက်က သူ့ကို စာပို့ထားကြောင်းတွေ့လိုက်ရသည်။
[ ရှောင်ရီ ၊ မင်းဘာလို့ ဒီမှတ်ချက်တွေတင်တာလဲ။ ယဲ့ဖန်က မင်းကို ပမာမခန့်လုပ်လို့လား ]
ဆွန်းဝမ်းရီက ချက်ချင်းပြန်ဖြေသည်။
[ သူ့ပုံစံကို ငါ မကြိုက်ဘူး။ သူက နေ့တိုင်း မောက်မာပြီးမာနကြီးနေတာ ]
[ ဒီကလေးက တကယ်ကို လှည့်ဖျားတဲ့နေရာမှာတော်တယ်။ ပိုင်ဆိုင်ခွင့်လက်မှတ်တွေပြည့်နေတဲ့ အံဆွဲတစ်ခုကြီးတောင်ရှိတာတဲ့ ဘာလို့ တစ်ခန်းလုံး မရှိရတာလဲ ]
[ ဟားဟားဟား၊ ကမ္ဘာကြီးကို မမြင်ဖူးသေးတဲ့ ငနုံတွေကိုပဲ လှည့်စားလို့ရတာပါ။ သူ ငါတို့ကိုတော့ လှည့်စားနိုင်ပါ့မလား ]
[ ငါတို့ သူ့ကို စော်ကားပြီးမှတော့ အဆုံးထိသွားလည်း ကြောက်နေစရာ မလိုပါဘူး။ ကောင်မလေးတွေ နောက်တစ်ခါ အလိမ်မမိအောင် သူ့ကို ရှင်းထုတ်ပစ်လိုက်ကြရအောင် ]
[ ကောင်းပြီ၊ ငါသဘောတူတယ် ]
[ ............ ]