အပိုင်း ၁၈၅-၁၈၈
Vol. 10 Ch. 185-188
အပိုင်း (၁၈၅)
မင်းမှာရှိသမျှ အဲ့တာအကုန်ဘဲလား။
[ ချီးဘဲ၊ အဲ့တာက တကယ်ကြီး အဲ့ကုမ္ပဏီရဲ့ ရှယ်ယာ ၆၀%လား။ ကြောက်စရာကောင်းလိုက်တာ၊ တကယ်ဘဲ ]
[ တစ်နည်းပြောရရင် ယဲ့ဖန်က ယွမ်းဖန်ဝမ်းချန်ရဲ့ ပိုင်ရှင်ပေါ့၊ ဘု ရား ရေ ]
[ သူက ပထမနှစ်ဘဲရှိသေးတာမဟုတ်လား။ အဲ့တာတောင် ကုမ္ပဏီပိုင်နေပြီတဲ့လား။ ငါ့နှလုံးဖောက်တော့မယ် ]
[ ငါက စတုတ္ထနှစ်ကျောင်းသားလေ။ လွန်ခဲ့တဲ့နှစ်ရက်ကမှ ငါ အဲ့ဒီကုမ္ပဏီကို အလုပ်သင်သွားဆင်းလာခဲ့တာ။ ဂျူနီယာလေးယဲ့ဖန်က ငါ့ သူဌေးဖြစ်မယ်လို့ ထင်မထားခဲ့ဘူး ]
[ ငါ ဆုံးဖြတ်ပြီးပြီ။ အခုကစပြီး ယဲ့ဖန်က ငါ့စံပြပုဂ္ဂိုလ်ဘဲ။ သူ့ကို မကောင်းတာပြောတဲ့သူမှန်သမျှ ရိုက်သတ်ပစ်မယ် ]
ထိုကုမ္ပဏီရှယ်ယာပိုင်ဆိုင်မှုစာချုပ်ကြောင့် ကြည့်ရှုသူတွေ၏ထိတ်လန့်သွားမှုက ကျောက်စိမ်းတုံးနဲ့ အိမ်စာချုပ်တွေထက်ပင် ပိုဆိုးလေသည်။
ကျောင်းသားအများစုက ကျောက်စိမ်းအကြောင်းကို နားမလည်ကြပေ။
အဲ့တာကြောင့် တော်ဝင်ကျောက်စိမ်းက ဘယ်လိုတန်ဖိုးကြီးမှန်းမသိကြဘဲ ဝယ်ယူလိုသည့်ငွေပမာဏကြောင့်သာ အနည်းငယ်အံ့ဩသွားကြတာဖြစ်သည်။
အိမ်စာချုပ်တွေကလည်း အထင်ကြီးစရာကောင်းပေမဲ့ သူတို့က ကျောင်းသားတွေဘဲဖြစ်သေးတာကြောင့် အိမ်ရှာဖို့ မလိုသေးတဲ့အရွယ်ဖြစ်ပြီး သိပ်အများကြီး မတွေးကြပေ။
သို့ပေမဲ့ ကုမ္ပဏီရှယ်ယာပိုင်ဆိုင်မှုတွေကတော့ သူတို့ကို အတိုင်းထက်အလွန်အံ့ဩသွားစေသည်။
တက္ကသိုလ်ကျောင်းသားတိုင်းက စီးပွားရေးလုပ်ကိုင်ဖို့ ဆန္ဒရှိကြသူတွေဖြစ်သည်။
ထို့ကြောင့် စီးပွားရေးလောကမှ ဦးဆောင်နိုင်သူတွေကို လေးစားအတုယူကြသည်။
ယဲ့ဖန်က ပထမနှစ်ကျောင်းသားသာဖြစ်သေးပေမဲ့ သူက ကိုယ်ပိုင်ကုမ္ပဏီကြီးတစ်ခုရှိနေပြီဖြစ်သည်။
ထို့အပြင် ထိုကုမ္ပဏီက ဘီလီယံနဲ့ချီတန်ဖိုးရှိသည်။
ကြည့်ရှုနေတဲ့သူတိုင်းကို နှလုံးဖောက်မတတ်အထိထိတ်လန့်သွားစေခဲ့သည်။
ထို့ကြောင့် ကြည့်ရှုသူဦးရေက ၂သောင်းကနေ ၂သောင်း၅ထောင်အထိ ပြန်တက်လာသည်။
လူတိုင်းက ရှယ်ယာပိုင်ဆိုင်မှုစာချုပ်အကြောင်းကို ဆွေးနွေးနေကြတုန်းမှာဘဲ ထိပ်ဆုံးမှတ်ချက်တစ်ခုပေါ်လာသည်။
[ ငါက ဘဏ္ဍာရေးနဲ့စီးပွားရေးဆိုင်ရာတက္ကသိုလ်က ကျောင်းသားပါ။ အဲ့ဒီစာချုပ်တွေက အတုတွေဆိုတာ ငါပြောနိုင်တယ် ]
ထိုမှတ်ချက်တက်လာတာနဲ့ ကြည့်ရှုသူတွေက ထပ်ပြီးပွက်လောရိုက်သွားပြန်သည်။
[ နင့်မှာ ဘာအခွင့်အရေးရှိလို့ အဲ့လိုပြောရတာလဲ။ သက်သေရှိလို့လား ]
[ ဟုတ်တယ်၊ ယဲ့ဖန်က ဘီလီယံနဲ့ချီ ချမ်းသာတဲ့သူဘဲ။ ငါတို့မျက်လုံးနဲ့တပ်အပ်မြင်ထားပြီးသား။ ဘယ်လိုလုပ်အတုဖြစ်မှာလဲ ]
[ ဒီတစ်ယောက်က အစက စမကြည့်ဘဲ အခုမှလာအာချောင်နေတာမလား။ မင်းက ယဲ့ဖန်ရဲ့အင်အားကို မသိဘူးမလား ]
[ ဘဏ္ဍာရေးနဲ့စီးပွားရေးတက္ကသိုလ်ကကောင်တွေက ငါတို့ကျုံးဟိုင်တက္ကသိုလ်ကို လာပြီး ပြဿနာရှာရဲတယ်ပေါ့၊ ဟုတ်လား ]
[ မင်းတို့ ကျုံးဟိုင်တက္ကသိုလ်ကကောင်တွေက ဂုဏ်ယူရမှာမဟုတ်ဘူးလား။ ငါတို့ ဘဏ္ဍာရေးနဲ့စီးပွားရေးတက္ကသိုလ်က သူတွေက မင်းတို့ရဲ့အစီအစဉ်ကို လာကြည့်ပေးနေတာ တော်တော်မျက်နှာသာပေးရာတောင်ရောက်နေပြီ ]
[ ငါတို့ ဖိတ်ထားလို့လား။ မကြည့်ချင်ရင်ထွက်သွား။ မင်းတို့ကို ကြည့်ပါလို့ တောင်းဆိုနေတဲ့သူတစ်ယောက်မှမရှိဘူး ]
ရုတ်တရက် ကျုံးဟိုင်တက္ကသိုလ်ကသူတွေနဲ့ ဘဏ္ဍာရေးနဲ့စီးပွားရေးတက္ကသိုလ်ကသူတွေ ရန်ဖြစ်ကြတော့သည်။
ထိုအခါ လူတစ်ယောက်က သုံးသပ်ပြီး ထိပ်တန်းမှတ်ချက်တစ်ခုပေးသည်။
[ ငါ တိုက်ရိုက်ထုတ်လွှင့်တာကို အစကတည်းက ကြည့်ထားတာတော့မဟုတ်ပေမဲ့ ပထမနှစ်ကျောင်းသားတစ်ယောက်က ကုမ္ပဏီတစ်ခုပိုင်နိုင်တဲ့အထိတော့ မဖြစ်နိုင်ဘူး ]
[ သူ့မှာက ဘီလီယံနဲ့ချီပြီးပိုက်ဆံရှိတာဖြစ်နိုင်ပေမဲ့ ကုမ္ပဏီထောင်တာနဲ့ အိမ်ဝယ်တာနဲ့က မတူညီတဲ့ကိစ္စရပ်နှစ်ခုဘဲ။ ရောထွေးပစ်လိုက်လို့မရဘူး ]
[ အိမ်ဝယ်ဖို့က ပိုက်ဆံဘဲလိုပေမဲ့ ကုမ္ပဏီထောင်ဖို့က အသိအမြင်၊ သတ္တိ၊ အဆက်အသွယ်၊ စီမံခန့်ခွဲမှုစွမ်းရည် ပြီးတော့ ခွဲခြားစိတ်ဖြာနိုင်မှုအင်အားတွေ အများကြီးအများကြီး အဘက်ဘက်ကလိုအပ်တယ် ]
[ ပထမနှစ်ကျောင်းသားတစ်ယောက်က အဲ့လိုအရည်အချင်းတွေရှိပါ့မလား။ ရိုးရိုးလေးတွေးကြည့်ရင် နားလည်နိုင်ပါတယ် ]
ထိုလူရဲ့ အတွဲလိုက်မှတ်ချက်တွေက အတော်လေးအဓိပ္ပာယ်ရှိသည်။
ကျောက်စိမ်းဘဲဖြစ်ဖြစ် အိမ်ဘဲဖြစ်ဖြစ် ငွေနဲ့ဝယ်နိုင်ပေမဲ့ ယွမ်သန်းချီတန်ဖိုးရှိတဲ့ အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ သူဌေးဖြစ်ဖို့ကတော့ မလွယ်ကူလှပေ။
ယဲ့ဖန်က စီးပွားရေးဉာဏ်ကြီးရှင်ဖြစ်ရင်တောင်မှ အသက်၂၀လောက်နဲ့ ဒီလိုအောင်မြင်နိုင်ဖို့က အတော်လေးခက်ခဲသည့်ကိစ္စဖြစ်သည်။
ကျုံးဟိုင်တက္ကသိုလ်ကသူတွေက ပြန်လည်မချေပနိုင်တော့တဲ့အခါ ဘဏ္ဍာရေးနဲ့စီးပွားရေးတက္ကသိုလ်ကသူတွေက လှောင်ပြောင်ကြတော့သည်။
[ ဟားဟားဟား၊ ဘာလို့ဘာမှမပြောတော့တာလဲ။ ခုနတုန်းကတော့ သေအောင်မောက်မာနေကြတာလေ ]
[ အဲ့လောက်ရိုးရှင်းတဲ့အမှန်တရားကိုတောင် မမြင်နိုင်ကြဘူး။ ကျုံးဟိုင်တက္ကသိုလ်ကဟာတွေက တုံးလွန်းတာဘဲ ]
[ အဲ့တာ အစီအစဉ်ရဲ့ ရိုက်ချက်ဘဲ။ သူတို့က ကျုံးဟိုင်တက္ကသိုလ်ကို ကျောင်းကောင်းကြောင်း ပရိုမိုးရှင်းဆင်းတဲ့ပုံစံဘဲ။ သူတို့ကို ဖော်ထုတ်လိုက်ဖို့ကလွယ်ပါတယ် ]
[ အချိန်လာဖြုန်းမိတာဘဲ။ ဒီအစီအစဉ်က အစစ်အမှန်လို့ထင်ထားတာ။ အခုတော့ ငါထွက်ပြီ ]
ထိုအချိန် ဘဏ္ဍာရေးနဲ့စီးပွားရေးတက္ကသိုလ်၏ ယောက်ျားလေးအဆောင်တွင် ရွှေရောင်မျက်မှန်ဝိုင်းကိုတပ်ထားတဲ့ယောက်ျားလေးတစ်ယောက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကုတ်(Coke)ကို သောက်နေသည်။
သူက ထိပ်တန်းမှတ်ချက်ကို ရေးခဲ့သူဖြစ်သည်။
သူ့နာမည်အရင်းက ဝမ်ချီရှန်းဖြစ်ပြီး သူ့အဖေက ကျုံးဟိုင်တိုက်ကွန်းကလပ်၏သူဌေး ဝမ်ထင်းကွမ်းဖြစ်သည်။
သူ့သူငယ်ချင်းကညွှန်းတာကြောင့် ဒီအစီအစဉ်ကိုကြည့်နေတာဖြစ်သည်။
အစီအစဉ်ထဲကိုဝင်လိုက်တာနဲ့ မြောင်ချန်းချန်းက ရှယ်ယာလွှဲပြောင်းမှုစာချုပ်ထုတ်နေတာကို တွေ့လိုက်သည်။
ထို့နောက် ကျုံးဟိုင်တက္ကသိုလ်ကကျောင်းသားတွေက မှတ်ချက်မှာ ကြွားဝါနေကြပြီး ယဲ့ဖန်ကို ထိပ်တန်းသူဌေးကြီးအလား မြှောက်ပင့်နေကြသည်။
ထိုမှတ်ချက်တွေကိုမြင်ပြီး သူဒေါသထွက်လာသည်။
အခုတော့ သူ့မှတ်ချက်ကြောင့် ကျုံးဟိုင်တက္ကသိုလ်ကလူတွေက ဘာမှပြန်မပြောနိုင်တာကိုကြည့်ပြီး သူက ဂုဏ်ယူနေသည်။
ထိုအချိန်တွင် သူနဲ့အခန်းတူကောင်လေးတစ်ယောက်က သူ့ကိုလှမ်းကြည့်သည်။
" ချီရှန်း၊ သူ့ကို အဲ့လိုပြောတာ မင်းဟုတ်တယ်မလား "
ဝမ်ချီရှန်းရဲ့နှုတ်ခမ်းက အနည်းငယ်ကွေးတက်လာသည်။
" ဟုတ်တယ်၊ ဘယ်လိုလဲ။ ဒီကအစ်ကိုကြီးရဲ့စကားလုံးတွေက အကျိုးအကြောင်းဆီလျော်တယ်မဟုတ်လား။ ဘာမှမှားတာမပါဘူးလေ "
ထိုကောင်လေးက နေရခက်စွာရယ်လိုက်သည်။
" အဲ့တာက ကျုံးဟိုင်တက္ကသိုလ်ကကိစ္စလေ။ ငါတို့က လာကြည့်ရုံတင်ဘဲမဟုတ်လား။ ပြဿနာရှာဖို့လောက်ထိမလိုဘူးလေ "
ဝမ်ချီရှန်းက အထင်သေးစွာမဲ့ရွဲ့လိုက်သည်။
" ဘာကိစ္စမှတော့မရှိပါဘူး။ မမြင်ရရင်တော့လွှတ်ထားပေမှာဆိုပေမဲ့ မြင်ပြီးမှတော့ မျက်ကွယ်မပြုပေးနိုင်ဘူးလေ "
ထိုကောင်လေးက အနည်းငယ်စိုးရိမ်သွားသည်။
" ယဲ့ဖန်က ဘီလီယံနဲ့ချီပြီးရှိမှတော့ သူ့မိသားစုက တောင့်မယ်ထင်တယ်။ သွားပြီး မစော်ကားသင့်ဘူး "
ဝမ်ချီရှန်း နှာခေါင်းထဲမှလေမှုတ်ထုတ်လိုက်သည်။
" သူ့မှာနောက်ခံရှိမှတော့ ဘာလုပ်ရမှာလဲ။ ငါ့အဖေက ကျုံးဟိုင်တိုက်ကွန်းကလပ်ကသူဌေးဘဲ။ သူကတောင်လိမ်ရဲမှတော့ ငါကလည်းဖော်ထုတ်ပေးရတာပေါ့ "
ထိုကောင်လေးက သူ့ကိုဆက်ပြီးမပြောနိုင်တာကြောင့် တိတ်ဆိတ်ပြီးသာနေလိုက်တော့သည်။
သူ့အဖေက ဝမ်ထင်းကွမ်းဖြစ်တာကြောင့် အဓိပ္ပာယ်ရှိလေသည်။
သူက အရမ်းကိုချမ်းသာလွန်းတဲ့ ဒုတိယမျိုးဆက်သခင်လေးဖြစ်သည်။
တစ်ဖက်သူက မကြောက်မှတော့ ဖျောင်းဖျမနေသင့်တော့ပေ။ ဧကရာဇ်ကတောင်မကြောက်တာ အထိန်းတော်က ဘာလို့စိတ်လှုပ်ရှားနေရမှာလဲ။
အပိုင်း (၁၈၆)
ရှယ်ယာစာချုပ်က အစစ်ဘဲ။
ထိုအချိန်တွင် ကြည့်နေတဲ့ ကျုံးဟိုင်တက္ကသိုလ်ကျောင်းသားက ဘဏ္ဍာရေးနဲ့စီးပွားရေးတက္ကသိုလ်က ကျောင်းသားရဲ့မှတ်ချက်ကြောင့် ပြန်ပြောစရာစကားမရှိဖြစ်သွားကြသည်။
' အနောက်ပိုင်းမှ အောင်နိုင်သူချူး 'ဆိုတဲ့အကောင့်နဲ့သူက မှတ်ချက်ဝင်ရေးသည်။
[ သိချင်ယောင်မဆောင်နဲ့။ ယဲ့ဖန်က တကယ်ဘဲ ယွမ်းဖန်ဝမ်းချန် (ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီ)ရဲ့ သူဌေးအစစ်ဘဲ။ ငါ့မျက်လုံးနဲ့မြင်ခဲ့တာ ]
ထိုသို့ပြောတဲ့အခါ ဘဏ္ဍာရေးနဲ့စီးပွားရေးတက္ကသိုလ်ကကျောင်းသားတွေက သူ့ကို လှောင်ပြောင်ကြတော့သည်။
[ အမလေး၊ အဲ့လိုပုံစံနဲ့ လာဖြေရှင်းတဲ့သူရှိသေးတယ်ပေါ့။ ကျုံးဟိုင်တက္ကသိုလ်ကသူတွေက တကယ်ခေါင်းမာပြီး ဦးနှောက်မရှိတဲ့ဟာတွေဘဲ ]
[ အရိုက်ခံရတာတောင် ပြန်ထရဲသေးတယ်ပေါ့လေ။ မင်းတို့ရဲ့အလိမ်က အဖော်ခံလိုက်ရမှာတော့ အမှန်တိုင်းဝန်ခံသင့်နေပြီ။ အပြစ်ကိုဖုံးလေ ပိုပေါ်လေဘဲ ]
[ အမှားလုပ်တာ အပြစ်တော့မဟုတ်ပါဘူး။ အမှန်ပြင်ရင် လူကောင်းဖြစ်မယ်လေ။ ဒါပေမဲ့ အဆုံးထိခေါင်းမာနေမယ်ဆိုရင်တော့ မှားသွားပြီ ]
[ မင်းမျက်လုံးနဲ့မြင်ခဲ့တယ်လို့ပြောတယ်မဟုတ်လား။ ဘာလို့ ငါတို့က မင်းကိုယုံရမှာလဲ ]
[ မင်းပြောတာကို တာဝန်ယူရဲတယ်ဆိုရင် မင်းနာမည်အစစ်ကိုပြောလိုက် ]
ကျုံးဟိုင်တက္ကသိုလ်ယောက်ျားလေးအဆောင်ထဲမှ ဝတုတ်ချူးသည် ထိုမှတ်ချက်တွေကိုမြင်ပြီး ဒေါသထွက်လွန်းလို့ အသားတွေပါတုန်လာသည်။
ထို့နောက် နောက်ထပ် ထိပ်တန်းမှတ်ချက်တစ်ချို့ကို ရေးလိုက်သည်။
[ ငါက ကျုံးဟိုင်တက္ကသိုလ် အင်ဂျင်နီယာဌာနက ချူးဘန်းဝမ်ဘဲ။ ငါပြောသမျှစကားလုံးတိုင်းအတွက် တာဝန်ယူရဲတယ် ]
[ ငါ ယဲ့ဖန်နဲ့အတူတူ ရှချူးဖျော်ဖြေပွဲကိုသွားတုန်းက ယဲ့ဖန်နဲ့ ယွမ်းဖန်ဝမ်းချန်ကုမ္ပဏီကသူဌေးဟွမ်းက နားနေခန်းထဲမှာ လွှဲပြောင်းရေးလက်မှတ်ထိုးခဲ့ကြတာ ငါ တပ်အပ်မြင်ခဲ့တယ် ]
[ ငါပြောတာ အလိမ်တွေဖြစ်ခဲ့ရင် ငါစားသမျှ အရသာမပါဘဲ ချက်ချင်းပိန်သွားပါစေ ]
ဝတုတ်ချူးက အဲ့လိုပြောလိုက်တဲ့အခါ ကျုံးဟိုင်တက္ကသိုလ်ကကျောင်းသားတွေက ကြက်သွေးထိုးခံလိုက်ရတဲ့အလား ပြန်ပြီးတက်ကြွလာကြတော့သည်။
[ ဝါး၊ ချူးဘန်းဝမ်က တစ်ခုခုပြောပြီဆိုမှတော့ အမှန်ဘဲဖြစ်ရမယ် ]
[ ချူးဘန်းဝမ်က ဘယ်သူလဲ။ နာမည်က ဟိတ်ဟန်ကြီးလှချည်လား ]
[ ' အနောက်ပိုင်းမှ အောင်နိုင်သူချူး 'ဆိုတဲ့ အကောင့်နာမည်က ဝတုတ်ချူးလေ။ သူနဲ့ ယဲ့ဖန်က အရင်က အဆောင်တစ်ခန်းထဲမှာနေခဲ့ကြတာ။ အရမ်းရင်းနှီးကြတယ် ]
[ အဲ့အကောင့်က တကယ်ဘဲ ဝတုတ်ချူးပေါ့။ သူက ယဲ့ဖန်ရဲ့ နံပါတ်(၁)အစေအပါးလေ။ သူ့စကားတွေက အတော်လေးယုံလို့ရတယ် ]
[ ဘဏ္ဍာရေးနဲ့စီးပွားရေးတက္ကသိုလ်ကကောင်တွေ မင်းတို့ရဲ့ခွေးလိုမျက်လုံးကိုဖွင့်ပြီးကြည့်ကြ ဘယ်သူက ဦးနှောက်ပါလဲဆိုတာကို ]
ကျုံးဟိုင်တက္ကသိုလ်ကသူတွေက ပြန်လည်တိုက်ခိုက်တဲ့အခါ ဘဏ္ဍာရေးနဲ့စီးပွားရေးတက္ကသိုလ်ကသူတွေကလည်း ငြိမ်မနေကြပေ။
[ ကျစ်၊ သက်သေမှမရှိဘဲ။ သူပြောချင်တာပြောလို့ရမှာပေါ့။ ယဲ့ဖန်က အမေရိကန်က ဘီလီယံနာကြီးလို့ပြောရင်ရော ယုံမှာလား ]
[ ဟုတ်တယ်၊ သတ္တိရှိတယ်ဆို သက်သေပြလေ။ သက်သေမပြရဲရင် အကုန်လုံးက အလကားဘဲ ]
[ မင်းတို့ပြောတော့ ချူးဘန်းဝမ်က ယဲ့ဖန်ရဲ့ လက်ပါးစေဆိုတော့ လက်ပါးစေက သခင်ဘက်ကလိုက်ပြောမှာဘဲလေ။ မှန်ချင်မှ မှန်မှာပေါ့ ]
[ ခွေးတွေရဲ့အကောင်းဆုံးအချက်က သစ္စာသိတာဘဲ။ သူတို့သခင်ပြဿနာတက်မှတော့ သူတို့က ကာကွယ်ပေးကြမှာပေါ့ ]
[ ဟားဟားဟား၊ အပေါ်ကတစ်ယောက်ရေ၊ မင်းပြောတဲ့စကားတွေက ထိလွန်းတယ်ကွာ ]
စံအိမ်(၁)ထဲက ကျန်းလင်းအုပ်စုကလည်း မှတ်ချက်တွေထဲမှ အပြိုင်အဆိုင်ငြင်းခုံမှုကို သတိထားမိပေမဲ့ သူတို့ကလည်း ဘယ်လိုဆက်လုပ်ရမလဲမသိကြပေ။
သူတို့က အစီအစဉ်တင်ဆက်သူတွေဖြစ်တာကြောင့် တစ်ဖက်တက္ကသိုလ်ကကျောင်းသားတွေကို အပြိုင်လှမ်းရန်ဖြစ်လို့မရဘူးမလား။
ထိုအချိန်တွင် ဘေးမှာရပ်နေတဲ့ ရှန်းပိုင်ထျန်းက ကင်မရာဆီသို့ လျှောက်သွားသည်။
" ငါလည်း သက်သေလုပ်ပေးနိုင်ပါတယ်။ အဲဒီနေ့က ငါလည်းအဲဒီမှာရှိနေခဲ့တယ်။ ယဲ့ဖန်က သူဌေးဟွမ်းနဲ့ ရှယ်ယာလွှဲပြောင်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာ "
သူမ၏စကားကြောင့် ကျုံးဟိုင်က္ကသိုလ်မှ ကျောင်းသားများက လက်သီးလက်မောင်းတန်းကာ ပြန်တိုက်ခိုက်ကြတော့သည်။
[ အလှလေးရှန်းကတောင် ဒီလိုပြောရင်တော့ အမှန်ဘဲဖြစ်ရမယ် ]
[ ဟုတ်တ်ယ။ ရှန်းပိုင်ထျန်းက ယဲ့ဖန်ရဲ့ချစ်သူလေ။ သူမရဲ့စကားတွေက အဆုံးအဖြတ်အများကြီးပေးနိုင်တာဘဲ ]
[ ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ်က သေနာတွေ၊ ယဲ့ဖန်ရဲ့ ကောင်မလေးကတောင် အမှန်ဖြစ်ကြောင်းပြောပြီးပြီကို နင်တို့က ဘာဆက်ငြင်းချင်သေးတာလဲ ]
[ သူတို့က မျက်လုံးပိတ်စုံကန်းပြီး ယုံရမလဲဆိုတာကို သိကြတာဘဲ။ ဟားဟားဟား ....... ]
ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်ရှိ ယောက်ျားလေးအဆောင်တွင် ဝမ်ချီရှန်းသည် ကျုံးဟိုင်တက္ကသိုလ်မှ ကျောင်းသားများ၏ မောက်မာသောမှတ်ချက်စကားများကြောင့် ဒေါသထပ်ထွက်လာတော့သည်။
ထို့ကြောင့် သူက ချက်ချင်းပင် နောက်ထပ်ထိပ်တန်းမှတ်ချက်တစ်ခုကို ရေးလိုက်တော့သည်။
[ သူတို့ကို ဘယ်လိုလုပ်ပြီး သက်သေအနေနဲ့သုံးတာလဲ။ တစ်ယောက်က ယဲ့ဖန်ရဲ့ လက်ပါး၊ နောက်တစ်ယောက်က သူ့ကောင်မလေး။ တရားရုံးမှာတောင် သူတို့ရဲ့ စကားတွေကို အမှန်လို့ယူမှာမဟုတ်ဘူး ]
ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားများက နောက်ခံရှိလာ၍ ပြန်လည်တိုက်ခိုက်လာကြတော့သည်။
[ ဟုတ်တယ်၊ သူတို့ရဲ့ သက်သေခံချက်တွေကို ဘယ်လိုလုပ်ပြီး ထည့်တွက်လို့ရမှာလဲ။ သူတို့က ယဲ့ဖန်နဲ့ သေချာပေါက် ညှိနှိုင်းထားမှာပေါ့ ]
[ မှန်တယ်၊ မင်းတို့က ယဲ့ဖန်ရဲ့ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေကိုပါ ခေါ်ထုတ်ချင်သေးတာလား ]
[ ငါကတော့ တကယ်ဘဲ အသစ်အဆန်းတစ်ခုကို သိလိုက်ရတယ်။ ကျုံးဟိုင်တက္ကသိုလ်ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက တကယ်ကို အံ့မခန်းဘဲ ]
[ ကံကောင်းတာက ငါက ကျုံးဟိုင်တက္ကသိုလ်ကို အဲဒီတုန်းက မလျှောက်ထားခဲ့လို့။ မဟုတ်ရင် ငါလည်း အခုဆို ချီးဦးနှောက် ဖြစ်သွားလိမ့်မယ် ]
[ ဟားဟားဟားဟား ......... ]
ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားများက သူတို့ကို လှောင်ပြောင်နေကြတုန်းမှာဘဲ ထိပ်ဆုံးမှတ်ချက်တစ်ခုက ထပ်တက်လာသည်။
[ ငါက ကျုံးဟိုင်တက္ကသိုလ်ရဲ့စီးပွားရေးကျောင်းက ဌာနမှူး ကျောက်ယန်ပါ။ ငါအခုလေးတင် ယွမ်းဖန်ဝမ်းချန် (ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီ)ရဲ့ ဥက္ကဌဟွမ်းကို ဖုန်းလှမ်းဆက်တော့ ယဲ့ဖန်က ကုမ္ပဏီရှယ်ယာ ၆၀%ကို ဝယ်သွားကြောင်း အတည်ပြုပေးလိုက်ပါတယ် ]
သူမက အဲ့လိုမှတ်ချက်ရေးလိုက်တာနဲ့ ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားများက တိခနဲ ပါးစပ်ပိတ်သွားကြတော့သည်။
အကယ်၍ ဝတုတ်ချူးနဲ့ ရှန်းပိုင်ထျန်း၏စကားသာဆိုလျှင် သူတို့သံသယဝင်မှာဖြစ်ပေမဲ့ ကျောက်ယန်၏စကားလုံးများကိုတော့ ဘာမှအတွန့်မတက်ရဲကြပေ။
ကျောက်ယန်က ကျုံးဟိုင်တက္ကသိုလ်က ငှာနမှူးတစ်ယောက်ဖြစ်ရုံသာမက တစ်နိုင်ငံလုံးမှ နာမည်ကြီးစီးပွားရေးပါမောက္ခတစ်ယောက်လည်းဖြစ်သည်။
သူမက ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်တွင်လည်း အရင်က ပညာသင်ပေးခဲ့ဖူးသည်။
တိုက်ရိုက်ထုတ်လွှင့်တာကိုကြည့်နေတဲ့ကျောင်းသားအများစုက ကျောက်ယန်၏တပည့်ဖြစ်ဖူးသည်ဟုပြောလို့ရသည်။
သူမက ပါမောက္ခကောင်းတစ်ယောက်ဖြစ်တာကြောင့် သေချာပေါက် သူမရဲ့ပုံရိပ်ကို ထိခိုက်မယ့်အဖြစ်မျိုးအဖြစ်ခံပြီး ကျောင်းသားတစ်ယောက်ဘက်က သက်သေလိုက်ပေးမှာ လုံးဝမဟုတ်ပေ။
ကျောက်ယန်၏အတည်ပြုပေးမှုဖြင့် ကျုံးဟိုင်တက္ကသိုလ်ကကျောင်းသားတွေက အနိုင်ပိုင်းချေပကြတော့သည်။
[ ဟားဟားဟား၊ ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်က ခွေးကောင်တွေ၊ ဘာလို့ မဟောင်ကြတော့တာလဲ။ ခုနတုန်းကတော့ ဆူညံနေအောင်ဟောင်ထားကြတာဘဲလေ ]
[ ပါမောက္ခကျောက်ယန်ကတောင်ပြောနေမှတော့ မင်းတို့ ဘာတတ်နိုင်သေးလဲ။ မင်းတို့ ပါမောက္ခကျောက်ယန်ကိုတော့ မေးခွန်းပြန်မထုတ်ချင်လောက်ဘူးမလား ]
[ နင်တို့ပြောတော့ ကျုံးဟိုင်တက္ကသိုလ်ကလူတွေရဲ့ဦးနှောက်က ချီးတွေဆိုရင် မင်းတို့ ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်ကသူတွေရဲ့ဦးနှောက်က ချီးတွင်းကြီးဘဲဖြစ်လိမ့်မယ်။ စက်ရုံကြီးလိုဘဲ ထုတ်နေတာ ]
[ မင်းတို့အားလုံး အရှုံးသမားတွေချည်းဘဲ။ မင်းတို့က ကျုံးဟိုင်တက္ကသိုလ်ကို ဝင်ခွင့်တောင်မရကြလို့ မတက်နိုင်တာလေ။ မတက်ဖြစ်လို့ ကံကောင်းတယ်ဘဲရှိရသေးတယ်။ လာနိုင်ရင်လာကြစမ်းပါ ]
[ ပြီးတော့ သုံးသပ်ပြတဲ့ ပညာရှိကြီးရင် တော်လွန်းလို့ချီးကျွေးချင်တာ။ နာမည်ကို ချီးဦးနှောက်လို့ပြောင်းလိုက်ပါလား ]
[ ထွက်လာရဲသေးရင်လာစမ်းပါ။ မျက်နှာကို ဖူးယောင်သွားစေရမယ်။ ဟားဟားဟား ........ ]
အပိုင်း (၁၈၇)
အားလုံးကို နှလုံးဖောက်သွားစေချင်တယ်။
တစ်ဖက်တွင် ဝမ်ချီရှန်းက ပါမောက္ခကျောက်ယန်၏မှတ်ချက်ကိုမြင်ပြီး အနည်းငယ်စိတ်ရှုပ်သွားသည်။
ပါမောက္ခကျောက်ယန်က ဘက်လိုက်နေတာဘဲ။
သူမက ယွမ်းဖန်ဝမ်းချန် (ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီ)ရဲ့ ဥက္ကဌဟွမ်းကို မေးတယ်လို့ပြောခဲ့တုန်းက သူမ လိမ်နေတာဟုခံစားရသည်။
အသက်နှစ်ဆယ်ကောင်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ကုမ္ပဏီကို ပိုင်ဆိုင်နိုင်မှာလဲ။
ထိုအတွေးကြောင့် ဝမ်ချီရှန်းက ကျောက်ယန်ကို မေးခွန်းပြန်ထုတ်ဖို့ပြင်လိုက်သည်။
သူ့အခန်းဖော်ကမြင်တဲ့အခါ ချက်ချင်းတားလိုက်သည်။
" ချီရှန်း၊ စိတ်လျှော့ပါဦး။ ဒါကကျောက်ယန်နော်။ သူမက တစ်နိုင်ငံလုံးမှာ နာမည်ကြီးစီးပွားရေးပါမောက္ခတွေထဲကတစ်ယောက်ဘဲ။ မင်း သူမကို ပြဿနာရှာလို့မရဘူး "
ဝမ်ချီရှန်းက လက်မခံပေ။
" ပါမောက္ခဖြစ်တာနဲ့ ဘက်လိုက်လို့ရရောလား "
သူ့အခန်းဖော်က သူ့ကိုဖျောင်းဖျဖို့ ကြိုးစားသည်။
" သူမက ကျုံးဟိုင်တက္ကသိုလ်ရဲ့ပုံရိပ်ကို အဖတ်ဆယ်ဖို့လုပ်တာဖြစ်မှာပါ။ ပြီးတော့ သူမက ငါတို့ကျောင်းအုပ်ကြီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ကြားထားတယ်။ မင်း ဘွဲ့ရောရချင်သေးရဲ့လား "
သူ့သူငယ်ချင်း၏အသိပေးစကားကြောင့် ဝမ်ချီရှန်း အနည်းငယ်စိတ်ငြိမ်လာသည်။
ကျောက်ယန်၏အဆက်အသွယ်က အတော်လေးပြန့်နှံ့သည်။
သူမကို စော်ကားမိပါက အာမခံချက်ရှိမှာမဟုတ်ပေ။
ထို့ကြောင့် စိတ်ထဲကဒေါသကို မြိုသိပ်လိုက်ရုံသာတတ်နိုင်တော့သည်။
ထို့နောက် ဆက်ကြည့်နေလိုက်သည်။
စံအိမ်နံပါတ်(၁)၏ အိမ်အကူအခန်းထဲရှိ မြောင်ချန်းချန်းသည် သူမ၏ ဌာနမှူးကပါ ပါဝင်လာတာကို တွေ့လိုက်ရသည်။ ထိုအခါ သူမရဲ့မျက်နှာက ပျော်ရွှင်မှုကြောင့်ဝင်းပသွားသည်။
နောက်ဆုံးတော့ အစီအစဉ်မပြီးခင်မှာဘဲ မျက်နှာအဖတ်ဆယ်လိုက်နိုင်ပြီဖြစ်သည်။
ယွမ်းဖန်ဝမ်းချန် (ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီ) ရှယ်ယာလွှဲပြောင်းရေးစာချုပ်က ကျောင်းသားတွေကို အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားစေပြီး အစောပိုင်းက ကျောက်စိမ်းနှင့် အိမ်ခြံမြေစာချုပ်တို့ထက် ပိုပြီးဇာတ်ရှိန်တက်လာစေသည်။
ဘေးမှာရပ်နေတဲ့ကျန်းချန်းဟန်က အစီအစဉ်ရဲ့ထိပ်ဆုံးကို အရှိန်ထိုးတက်သွားပြီးပြီဖြစ်တာကြောင့် အဆုံးသတ်ဖို့အချိန်ကျရောက်လာမှန်းသိလိုက်သည်။
" ကျောင်းသားယဲ့ဖန်က ငယ်ငယ်လေးနဲ့ ကုမ္ပဏီသူဌေးကြီးဖြစ်နိုင်မယ်လို့ ထင်မထားဘူး။ အဲ့လိုဆိုရင် ငါတို့ကလည်း ဘာကြောင့်အလုပ်မကြိုးစားရမှာလဲ၊ ဟုတ်တယ်မလား။ ကောင်းပြီ၊ ဒီနေ့အစီအစဉ်က ဒါပါဘဲ။ လူတိုင်းက ....... "
သူမရဲ့စကားအဆုံးမသတ်သေးခင်မှာဘဲ ဘေးမှာရပ်နေတဲ့မြောင်ချန်းချန်းက ရုတ်တရက်စကားဖြတ်ပြောလိုက်သည်။
" နေပါဦး၊ အထဲမှာ ဖိနပ်ဘူးတစ်ခုကို တွေ့လိုက်သလိုဘဲ။ နည်းနည်းဝေးနေတော့ လှမ်းယူလို့မရဘူး "
ကျန်းချန်းဟန်က အံ့ဩသွားရသည်။
" ကုတင်အောက်မှာ နောက်ထပ်ဖိနပ်ဘူးရှိနေသေးတာလား "
ကင်မရာသမားက လျင်မြန်စွာဖြင့် ကုတင်အောက်ကို လှမ်းချိန်လိုက်သည်။
ထိုအခါ ကုတင်အောက်မှာ တကယ်ဘဲ နောက်ထပ်ဖိနပ်ဘူးတစ်ခုရှိနေသေးတာကို တွေ့လိုက်ရသည်။
ထိုအခါမှတ်ချက်တွေက ပြန်ပြီးအသက်ဝင်လာပြန်တော့သည်။
[ ဘုရားရေ၊ မပြီးနိုင်သေးဘူးလား။ နောက်ထပ်ရှိနေသေးတာလား ]
[ ဒီဘူးကတော့ အလွတ်ကြီးဘဲဖြစ်မယ်ထင်တယ် ]
[ ငါရောဘဲထင်တယ်။ စာချုပ်တစ်ခုနဲ့တင် တော်တော်လေးကြောက်စရာကောင်းနေပါပြီ။ ထပ်ပြီးတော့ မရှိလောက်တော့ဘူးမလား။ အခုတောင် နှလုံးတွေပေါက်ထွက်တော့မယ် ]
[ ယဲ့ဖန်က ဒီနေ့ အားလုံးကို စက်ပရိုက်တိုက်လိုက်လို့ဘဲ။ လူတိုင်းက ဘာမှမဟုတ်ဘဲကို အိမ်ထဲက မြင်မြင်သမျှ လန့်နေကြတော့တာ.......ဟားဟားဟား...... ]
[ ဒါကို အံ့အားသင့်စရာလို့ မခေါ်သင့်တော့ဘူးမဟုတ်လား။ ဒါက ထိတ်လန့်ခြောက်ခြားဖွယ်ဖြစ်နေပြီလေ ]
စံအိမ်နံပါတ်(၁)ရှိ ဝန်ထမ်းများသည်လည်း ဖိနပ်နောက်တစ်ဘူးတွင် နောက်ထပ်အံ့သြစရာများ ရှိတော့မည်မဟုတ်ကြောင်းလည်း ခံစားမိကြသည်။
သို့ပေမဲ့ သူတို့က ရှာဖွေတွေ့ရှိခဲ့ကြပြီးဖြစ်၍ ဖိနပ်ဘူးကို ယူကြည့်ရမည်ဖြစ်သည်။
သူတို့ထဲတွင် ကျိုးချီမင်းသည် အတော်လေးပိန်သည်။ ထို့ကြောင့် တခြားသူတွေအတွက် နည်းနည်းအဆင်မပြေဖြစ်နေတာကို သူမြင်ပြီး ချက်ချင်း ကုတင်အောက်ထဲကို တွားသွားကာ ဖိနပ်သေတ္တာကို ထုတ်လိုကိသည်။
သူကိုင်ထားတဲ့အချိန်တွင် ဖိနပ်ဘူးသည် လေးလံနေပြီး အထဲတွင် ပစ္စည်းများစွာ ရှိနေပုံရသည်။
ထိုအရာက သူ့ကို ချက်ချင်းထိတ်လန့်သွားစေခဲ့သည်။
အံ့သြစရာထပ်တော့ ရှိတော့မှာ မဟုတ်ဘူးမလား။
ကျန်းချန်းဟန်က သူ့အမူအရာကိုမြင်ပြီး မေးသည်။
" ကျိုးချီမင်း ဘာဖြစ်တာလဲ "
ကျိုးချီမင်းသည် ဘူးပေါ်မှဖုန်မှုန့်များကို သုတ်လိုက်သည်။
" ဒီဖိနပ်ဘူးက နည်းနည်းလေးတယ်။ အထဲမှာ ဘာပါလဲလို့ တွေးနေတာပါ "
ထိုစကားကိုကြားတော့ မြောင်ချန်းချန်းက ဘူးကို အမြန်ဆွဲယူလိုက်သည်။
တကယ်ဘဲ ဘူးက အရမ်းလေးနေခဲ့သည်။
ထိုအရာက သူမကို ချက်ချင်း ပျော်ရွှင်သွားစေခဲ့သည်။
ယဲ့ဖန်က သူမကို နောက်တစ်ခါထပ်ပြီးအံ့အားသင့်စေမှာလား။
ကျန်းချန်းဟန်သည် သိချင်စိတ်အလွန်ပြင်းပြနေပြီး မြောင်ချန်းချန်းဆီသို့ မိုက်ခရိုဖုန်းကို အမြန်ထိုးပေးလိုက်သည်။
" စီနီယာမြောင်၊ ဘူးထဲမှာ ဘာရှိမယ်ထင်လဲ "
မြောင်ချန်းချန်းက အနည်းငယ်ချီတုံချတုံဖြစ်နေသည်။
" ထင်တာပဲ... အထဲမှာ အဖိုးတန်တဲ့အရာတစ်ခုခု ရှိသင့်တယ်မဟုတ်လား "
ထို့နောက် ကျန်းချန်းဟန်သည် သူမဘေးရှိ ကျိုးချီမင်းအား မိုက်ခရိုဖုန်းကို ပေးလိုက်သည်။
" ကျောင်းသားကျိုး၊ မင်းကရော ဘယ်လိုထင်လဲ "
ကျိုးချီမင်းက သူ့နှာခေါင်းကို ထိလိုက်သည်။
" ဘူးပေါ်မှာ ဖုန်တွေ အများကြီးပဲ။ အဲ့ဒီမှာ အကြာကြီး ထားထားတာဖြစ်လိမ့်မယ်။ အဲ့တော့ သာမန်ပစ္စည်းတစ်ခုပဲ ဖြစ်နိုင်တယ် "
ဝမ်ချုံယုကလခေါင်းညိတ်သဘောတူသည်။
" ယဲ့ဖန်က ဒီနေ့ ငါတို့ကို အံ့သြစရာတွေ အများကြီးပေးပြီးနေပြီ။ ထပ်ပြီး အများကြီးမျှော်လင့်ထားသင့်တယ်လို့ မထင်ဘူး "
သူတို့သုံးယောက်၏ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးတဲ့နောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ဆွေးနွေးမှုတစ်ခု စတင်ခဲ့သည်။
[ အဲဒါက ဖိနပ်တစ်ရံ ဒါမှမဟုတ် တခြားတစ်ခုခုဖြစ်မယ်ထင်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ရှယ်ယာလွှဲပြောင်းခြင်းစာချုပ်လိုအရာမျိုး ထပ်ရှိဖို့ အကြောင်းမရှိလောက်တော့ပါဘူး ]
[ ဟုတ်တယ်၊ ရှယ်ယာလွှဲပြောင်းစာချုပ်တွေ ဘယ်လိုလုပ်ထပ်ရှိနိုင်မှာလဲ။ ယဲ့ဖန်က ဘဏ်တစ်ခုလို တန်ဖိုးကြီးထိန်းသိမ်းရေးလုပ်နေတယ်လို့ တကယ်ကြီးထင်နေကြတာလား ]
[ တကယ်လို့ ရှယ်ယာလွှဲပြောင်းရေးစာချုပ်သာထပ်ပြီးရှိနေမယ်ဆိုရင် ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ်ကကျောင်းသားတွေကို စားပြမယ်ကွာ ]
[ အပေါ်ကတစ်ယောက်၊ တော်လောက်ပြီထင်တယ်။ ငါတို့ ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ်ကကျောင်းသားတွေက နင်တို့ကို ထပ်ပြောနေလို့လား ]
[ ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ်ကကျောင်းသားတွေက အခုထိရှိနေသေးတာလား။ ဒီကအဘိုးအေဆဲတာကို လိုချင်နေကြတာလား ]
[ ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ်ကဟာတွေ ထွက်သွား ]
[ ကျုံးဟိုင်တက္ကသိုလ်က အရူးတွေဘဲ ]
[ ............ ]
မှတ်ချက်ထဲမှာ ထပ်ပြီးရန်ဖြစ်ကြတော့မှာကို ကျန်းချန်းဟန်ကတွေ့ပြီး မြန်မြန်အဓိကအချက်ကိုဖြတ်ပြောလိုက်သည်။
" လူတိုင်းက သိချင်နေမှတော့ စီနီယာမြောင်က အားလုံးကို အဖြေဖော်ထုတ်ပေးပါဦး "
ထိုအခါ ကင်မရာက မြောင်ချန်းချန်းကို ချိန်လိုက်သည်။
ထိုအခါ သူမက စိတ်လှုပ်ရှားလာသည်။
သူမက ဖိနပ်ဘူးကို စားပွဲပေါ်တင်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
ကင်မရာက မြောင်ချန်းချန်းကိုချိန်ပြီးနောက် ဖိနပ်ဘူးကို ချိန်လိုက်သည်။
ထိုအခါ ဖိနပ်ဘူးထဲကအရာတွေကို လူတိုင်းမြင်လိုက်ရသည်။
ဖိနပ်ဘူးထဲတွင် စာချုပ်တွေအထပ်လိုက်ကြီးရှိနေသည်။
ထိပ်ဆုံးတွင် အဖြူအမည်းဖြင့်စာလုံးအကြီးကြီးရေးထားသည်။
" လင်းယွမ်အိမ်ခြံမြေကုမ္ပဏီရှယ်ယာလွှဲပြောင်းရေးစာချုပ် "
" အစ် ........ "
အခန်းထဲကသူတွေအားလုံး ဟာနခဲဖြစ်သွားသည်။
ဒါက တကယ်ဘဲ ရှယ်ယာလွှဲပြောင်းရေးစာချုပ်လား။
ယဲ့ဖန်က သူတို့ကို နှလုံးမဖောက်မချင်း အလွှတ်ပေးမှာမဟုတ်ဘူးထင်တယ်။
အပိုင်း (၁၈၈)
တစ်နှစ်တာအကောင်းဆုံးဟာသဆု။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် အကြီးအကျယ်လှိုင်းလုံးကြီးထပ်ရိုက်ခတ်သွားတော့သည်၊
[ ဘု ရား ရေ။ နောက်ထပ် ရှယ်ယာလွှဲပြောင်းရေးစာချုပ်လား။ ကြောက်စရာကောင်းပြီးရင်းကောင်းနေတော့တာဘဲလား ]
[ လင်းယွမ်ကုမ္ပဏီကိုသိကြလား။ အရမ်းအင်အားကြီးလို့လား ]
[ လင်းယွမ်ကုမ္ပဏီကို မသိဘူးလား။ အဲ့တာအရမ်းနာမည်ကြီးတဲ့ အိမ်ခြံမြေကုမ္ပဏီဘဲ။ လွန်ခဲ့တဲ့နှစ်ရက်က ထန်းဂူဈေးဝယ်စင်တာကိုသွားတော့ သူတို့ကုမ္ပဏီကြော်ငြာစာကိုတောင်တွေ့ခဲ့သေးတယ် ]
[ ယွမ်းဖန်ဝမ်းချန် (ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီ) နဲ့ ယှဉ်မယ်ဆို ဘယ်လိုကွာလဲ ]
[ ယွမ်းဖန်ဝမ်းချန် (ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီ)က အလုပ်ပိုင်းဆိုင်ရာအတွက် အိမ်ခြံမြေကို ဦးစားပေးပြီးတော့ လင်းယွမ်အိမ်ခြံမြေက လူနေမှုအိမ်ရာတွေကို ပိုပြီးဦးစားပေးတယ်။ နှစ်ခုလုံးက အင်အားကြီးကုမ္ပဏီတွေဘဲ ]
[ ယဲ့ဖန်ကို လုံးဝယုံသွားပြီ၊ လုံးဝဘဲ။ ဘယ်ရော ညာရော ကောင်မလေးရှိနေတာ မထူးဆန်းတော့ဘူး။ သူက ကုမ္ပဏီကြီးနှစ်ခုရဲ့သူဌေးကြီးဘဲ ]
[ ဒီအစီအစဉ်ကိုကြည့်ပြီး သွေးအန်ထွက်တော့မတတ်ဘဲ။ ဒေါသထွက်စရာကောင်းလွန်းတယ် ]
[ ........... ]
ထိုအချိန်တွင် ကျုံးဟိုင်တက္ကသိုလ်၏ဆရာမအဆောင်တွင် ကျောက်ယန်သည် ရှယ်ယာသဘောတူပြောင်းလွှဲမှုကိုတွေ့တဲ့အခါ ခေါင်းနပန်းကြီးသွားသည်။
သူမသည် ယဲ့ဖန်နာမည်ကို အရင်ကကြားဖူးသည်။
သို့ပေမဲ့ ဒီနေ့အစီအစဉ်ကနေတစ်ဆင့် ဒီကျောင်းသားအကြောင်းကို ပိုပြီးနားလည်လာစေသည်။
သူမကြည့်နေရင်းဖြင့် တော်ဝင်ကျောက်စိမ်းကိုတွေ့တဲ့အခါ အံ့ဩသွားပြီး အိမ်ခြံမြေစာချုပ်တွေကြောင့် မယုံနိုင်ဖြစ်သွားရသည်။
ရှယ်ယာလွှဲပြောင်းရေးစာချုပ်တွေကိုတွေ့တဲ့အခါမှာတော့ သူမ လုံးဝ ငြိမ်မနေနိုင်တော့ပေ။
လင်းယွမ်အိမ်ခြံမြေကုမ္ပဏီစာချုပ်၏အောက်တွင် စာရွက်တွေအထပ်လိုက်ကြီးရှိနေသေးသည်။
ထိုအရာက သူမကို အတော်လေးသိချင်စိတ်ပြင်းပြစေသည်။
ထိုအခါ သူမက ထိပ်တန်းမှတ်ချက်ကိုရေးပြီး မြောင်ချန်းချန်းကို အမြန်ဖွင့်ကြည့်ခိုင်းဖို့လုပ်နေတုန်းမှာဘဲ အခြားတစ်ယောက်က မှတ်ချက်ရေးသည်။
[ ငါက ဖန်းကူးနန်ပါ။ အောက်က ကုမ္ပဏီတွေကိုရော မြန်မြန်စစ်ကြည့်ပေးပါ ]
ထိုအခါမှတ်ချက်ကဏ္ဍက ထပ်ပြီးပေါက်ကွဲလာပြန်တော့သည်။
[ ငါသွားမယ်၊ မတားကြနဲ့။ အဲ့တာက တကယ်ကြီး ဌာနမှူးဖန်းလား။ ငါ အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား ]
[ ဌာနမှူးဖန်းကူးနန်က အမြဲတစ်သီးတစ်သန့်ဘဲနေတတ်တာလေ။ ငါတို့ကျုံးဟိုင်တက္ကသိုလ်ကအစီအစဉ်ကို ကြည့်နေမယ်လို့ ထင်မထားဘူး ]
[ ဘုရားရေ၊ နတ်ဘုရားကို အနီးကပ်တွေ့ရတာဘဲ။ ငါ့ဆုတောင်းတွေအလကားမဖြစ်ဘူးဘဲ ]
[ ဌာနမှူးဖန်း၊ ချစ်တယ် ]
ဖန်းကူးနန်ပေါ်လာတာကိုတွေ့လိုက်ရတဲ့အခါ တိုက်ရိုက်ထုတ်လွှင့်တာကြည့်နေတဲ့လူတိုင်း ငြိမ်သက်မနေနိုင်ကြတော့ပေ။
ဖန်းကူးနန်သည် ကျုံးဟိုင်တက္ကသိုလ်၏ စီးပွားရေးကျောင်းမှ ဌာနမှူးဖြစ်သည်။
သူသည် တိုင်းပြည်၏စီးပွားရေးစီမံခန့်ခွဲမှုနယ်ပယ်တွင် အခွင့်အာဏာရှိသူတစ်ယောက်ဖြစ်သည်။
ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ နှင့် တော်တော်များများက သူ့ကို စီးပွားရေးအတိုင်ပင်ခံအဖြစ် ခန့်အပ်ဖို့ ကြိုးစားဖိတ်ခေါ်နေတာကိုခံရသူဖြစ်သည်။
ကျုံးဟိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူများထဲတွင် သူပေါ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ကျောက်ယန်သည် ကူးနန်၏အကောင့်ကိုတွေ့တဲ့အခါ သူမ ခဏတာ အံ့အားသင့်သွားသည်။
ကျန်းချန်းဟန်၊ မြောင်ချန်းချန်းနှင့် တခြားတင်ဆက်သူတွေက ဌာနမှူးဖန်းပေါ်လာတာကို တွေ့လိုက်ရပြီး သူတို့လည်း ပြောမပြတတ်လောက်အောင် ထိတ်လန့်သွားကြသည်။
သို့သော် သူတို့ ထိတ်လန့်သွားပေမဲ့လည်း အဓိကအကြောင်းအရာကို မမေ့ကြပေ။
ကျန်းချန်းဟန်သည် သူမ၏ နှလုံးသားထဲမှ တုန်လှုပ်ချောက်ချားမှုကို မျိုသိပ်ကာ ပြောလိုက်သည်။
" ယဲ့ဖန်ဆီမှာ လင်းယွမ်အိမ်ခြံမြေကုမ္ပဏီကရှယ်ယာတွေ ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားဘူး။ ဆိုတော့ ဒါက အရမ်းအံ့သြဖို့ကောင်းတယ်၊ မဟုတ်လား။ ဒါဆို စီနီယာမြောင်က အထဲမှာ ဘာတွေရှိဆိုလဲ ဆက်ကြည့်ကြည့်ရအောင် "
မြောင်ချန်းချန်းလည်း စိတ်ငြိမ်သက်သွားသည်။
ထို့နောက် သူမက ခေါင်းကိုငုံ့ကာ စာချုပ်များကို စတင်ဖတ်နေသည်။
ကင်မရာက သူမမျက်နှာကို ရိုက်ကူးနေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့လူတိုင်းက သူမ၏မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မြင်နေကြရသည်။
သူမ၏အမူအရာသည် အံ့ဩခြင်းမှ ထိတ်လန့်ခြင်းသို့ ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ အသိစိတ်လွတ်သည့်ပုံစံသို့ ပြောင်းလဲသွားသည်။
ထိုပြောင်းလဲမှုများသည် သရုပ်ဆောင်နေတာမဟုတ်မှန်း သိသာပါသည်။
ကြည့်ရှုသူများက အဖြေကိုသိရဖို့ သူမကို စောင့်ဆိုင်းနေကြသည်။
အချိန်အတော်ကြာတဲ့အထိ ကြည့်ရှုသူများက တိတ်ဆိတ်သွားကြသည်။
ဘယ်သူကမှ မှတ်ချက်တွေ မပို့ကြတော့ပေ။
မြောင်ချန်းချန်းက စာရွက်တွေအားလုံးကိုစစ်ပြီးတဲ့နောက် ဖြည်းဖြည်းချင်းခေါင်းပြန်မော့လာသည်။
အတော်ကြာတဲ့နောက် နဖူးပေါ်မှချွေးတွေကိုသုတ်လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။
" ဆက်ပြီးမလုပ်နိုင်တော့ဘူး။ ခဏနားပါရစေဦး "
ကျန်းချန်းဟန်က အမြန်မေးသည်။
" စီနီယာမြောင် ဘာတွေ့လိုက်လို့လဲ "
မြောင်ချန်းချန်းက အတတ်နိုင်ဆုံး တည်ငြိမ်အောင် သူမကိုယ်သူမ ထိန်းနေရသည်။
" အဲ့တာဆို ဘာတွေ့ခဲ့လည်းဆိုတာပြောပြပါတော့မယ်။ လူတိုင်းဘဲ နှလုံးခုန်မြန်စေမယ့်စကားတွေကိုရ သေချာအာရုံစိုက်ပြီးနားထောင်ပေးကြပါ "
သူမရဲ့ခပ်နောက်နောက်စကားလုံးတွေကိုကြားတဲ့အခါမှ ကြည့်နေတဲ့သူတွေရဲ့စိတ်လှုပ်ရှားမှုက အနည်းငယ်လျော့သွားရသည်။
လူတိုင်းက အဖြေကိုစောင့်နေကြသည်။
ထိုအချိန်တွင် မြောင်ချန်းချန်းက စာရွက်တွေကိုမြှောက်ပြီး စာချုပ်နာမည်တွေကို ရွတ်ပြသည်။
" ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်းရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ် "
" နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီ ရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ် "
" Silver Brilliance အဆောက်အဦး ရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ် "
" ထျန်းဟော်ဟိုတယ် ရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ် "
" ကျုံးဟိုင်အခွဲ ထန်းဂူဈေးဝယ်စင်တာ ရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ် "
" ............ "
သူမ နာမည်တစ်ခုကိုရွတ်လိုက်တိုင်း မှတ်ချက်တွေထဲမှာ ဗုံးတစ်ခုချလိုက်သည့်အလား ဝက်ဝက်ကွဲဖြစ်ကုန်ရသည်။
[ အမလေး၊ အခု ဘယ်လိုခံစားနေရလဲဆိုတာ စကားလုံးနဲ့တောင်ဖော်ပြလို့မရဘူး။ အသက်ကယ်ဆေးလိုနေပြီနဲ့တူတယ် ]
[ ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်းကရော ယဲ့ဖန်ပိုင်တာဘဲလား။ အရင်အပတ်ကမှ ငါ့မိဘတွေနဲ့သွားခဲ့တာ။ ယုံတောင် မယုံနိုင်ဘူး ]
[ Silver Brilliance အဆောက်အဦးရောတဲ့လား။ အဲ့တာက ငါတို့ကျုံးဟိုင်မြို့ရဲ့အထင်ကရပြီးလေ။ နာမည်ကြီး ကုမ္ပဏီတွေအများကြီးက အဲ့ဒီမှာ ရုံးချုပ်ဖွင့်ထားကြတာ ]
[ ဘုရားရေ၊ ထျန်းဟော်ဟိုတယ်ရောလား၊ အဲ့တညက ကြယ် ၅ပွင့်အဆင့်ရှိဟိုတယ်လေ။ တစ်ညကိုတောင် ယွမ်ထောင်ချီကျော်ပေးရတာ ]
[ အာ .. အာ ..... ထန်းဂူစင်တာရောလား။ စိတ်လှုပ်ရှားစရာကောင်းလွန်းမနေဘူးလား။ နှလုံးသားက လက်မခံနိုင်တော့ဘူး ]
[ .......... ]
ကြည့်ရှုသူအားလုံးက ရှယ်ယာစာချုပ်တွေကြောင့် အံ့ဩထိတ်လန့်နေကြသည်။
အဆုံးမှာတော့ စိတ်လွတ်သွားသလိုတောင်ခံစားကြရသည်။
တစ်ခါရိုက်တာကနာကျင်ပေမဲ့ ခဏခဏအရိုက်ခံရတော့ ထုံပါထုံသွားကြပြီဖြစ်သည်။
ဖန်းကူးနန်နဲ့ ကျောက်ယန်တို့ကလည်း ထိုလူငယ်လေးကြောင့် အံ့ဩတုန်လှုပ်ပြီး ပြောစရာစကားမဲ့နေကြသည်၊
ဒါက သူတို့မြင်ဖူးသမျှထဲမှ အထင်ကြီးစရာအကောင်းဆုံးကျောင်းသားဘဲဖြစ်သည်။
နောက်ထပ်အခြားတစ်ယောက်မရှိနိုင်တော့ပေ၊
သူက ပထမနှစ်ကျောင်းသားဘဲရှိသေးသော်လည်း သူတို့တစ်ဘဝလုံးကြိုးစားတောင်မရနိုင်မဲ့ အောင်မြင်ပိုင်ဆိုင်မှုမျိုးကိုရရှိထားသည်။
'ထူးခြားပြောင်မြောက်'တယ်ဆိုတဲ့စကားကတောင် သူ့ကိုဖော်ပြဖို့ မလုံလောက်ပေ။
လူတိုင်းက အံ့ဩနေတုန်းမှာဘဲ မြောင်ချန်းချန်းက နောက်ဆုံးရှယ်ယာစာချုပ်ကို ရွတ်ပြသည်။
" ကျုံးဟိုင်တိုက်ကွန်းကလပ် ရှယ်ယာလွှဲပြောင်းရေးသဘောတူညီချက်စာချုပ် "
စာချုပ်ခေါင်းစဉ်ကိုဖတ်ပြနေစဉ်တွင် ကြည့်ရှုသူတွေက မအံ့ဩနိုင်ခင်မှာဘဲ ထိပ်ဆုံးမှတ်ချက်တစ်ခု ရုတ်တရက်ပေါ်လာသည်။
[ ဟားဟားဟား၊ ကျုံးဟိုင်တိုက်ကွန်းကလပ်တဲ့လား။ အဲ့တာက ဒီနှစ်ရဲ့အကောင်းဆုံးပြက်လုံးဖြစ်ရမယ် ]
ထိုမှတ်ချက်ကိုရေးတဲ့သူရဲ့အကောင့်နာမည်က 'ပြိုင်ဖို့လက်ရည်တူတဲ့ချန်ပီယံတစ်ယောက်ကိုရှာနေတယ်' ဖြစ်သည်။