အပိုင်း ၂၀၁-၂၀၄
Vol. 11 Ch. 201-204
အပိုင်း (၂၀၁)
ယောက်ျားရေ၊ မသွားပါနဲ့။
ထန်းဂူစင်တာထဲရှိ Rolex ဆိုင်ပိုင်ရှင်သည် ယဲ့ဖန်ရောက်လာသည်ကို သတင်းကြားလိုက်သည်။
ထို့ကြောင့် ချက်ချင်း လူကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုသည်။
ယဲ့ဖန်က သူ့အဘိုးအတွက်လက်ဆောင်ဝယ်ပေးချင်ကြောင်းကြားတဲ့အခါ အထူးဝန်ဆောင်မှုကိုပေးနိုင်အောင် ကြိုးစားသည်။
ဆိုင်တာဝန်ခံသည် ကောင်တာထဲမှ လှပစွာထုတ်ပိုးထားတဲ့နာရီတစ်ခုကိုထုတ်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ဒါက နောက်ဆုံးထွက် Rolex Meteorite GMT ပါ။ သိပ်မကြာခင်ကမှရောက်ထားတာပါ။ လက်ရှိတရုတ်ပြည်မှာ တစ်လုံးတည်းဘဲရှိပါသေးတယ်။ ဒါလေး သဘောကျနှစ်သက်ပါရဲ့လား "
ယဲ့ဖန်က နာရီကို ထုတ်ကြည့်လိုက်သည်။
အနီနှင့်အပြာဘောင်ရှိပြီး ဒိုင်ခွက်ကလည်း အကောင်းစားဖြစ်ပြီး ကြည့်ရတာ အတော်ခန့်ညားခိုင်ခံ့သည်။
" ဒီဟာ ဘယ်လောက်လဲ "
ဆိုင်ပိုင်ရှင်က အမြန်လက်ခါပြသည်။
" ယဲ့လူကြီးမင်းက ကျွန်တော်တို့ဆိုင်ကိုလာတာ ဂုဏ်ယူစရာကောင်းလွန်းနေပါပြီ။ ဘယ်လိုလုပ်ပြီးများ ပိုက်ဆံယူရဲပါ့မလဲ။ ဒါကို လူကြီးသူမအတွက်ဂါရဝလက်ဆောင်လို့သဘောထားပေးပါ "
ယဲ့ဖန်ကချက်ချင်းခေါင်းခါလိုက်သည်။
" စီးပွားရေးက စီးပွားရေးဘဲ။ သူများအပေါ်အကြွေးတင်နေတာမျိုးမကြိုက်ဘူး "
ထိုစကားကိုကြားတဲ့အခါ ဆိုင်ရှင်က ခေါင်းငြိမ့်ရုံသာတတ်နိုင်သည်။
" ဈေးကွက်မှာတော့ ယွမ် ၃သိန်းကျသင့်ပေမဲ့ လူကြီးမင်းဝယ်မယ်ဆိုရင်တော့ မူရင်းဈေးဖြစ်တဲ့ ၂သိန်း၁သောင်းနဲ့ဘဲပေးပါ့မယ် "
ယဲ့ဖန်ကလည်း ဘာမှထပ်ပြောမနေဘဲ ချက်ချင်းငွေပေးချေလိုက်သည်။
ထို့နောက် လက်ဆောင်ဘူးကိုယူပြီး အပြင်ကိုပြန်ထွက်သွားသည်။
ကွမ်းကျန်ရှန်းက ထန်းဂူဈေးဝယ်စင်တာ၏အကြီးအကဲများကိုဦးဆောင်ပြီး ယဲ့ဖန်ကို လိုက်ပို့သည်။
ထိုမြင်ကွင်းကိုမြင်တဲ့အခါ ဆံထုံးနဲ့ကောင်မလေးက သူမနဲ့ခင်တဲ့အကြီးအကဲတစ်ယောက်ကို အမြန်လှမ်းဆွဲတားလိုက်သည်။
" ဒါရိုက်တာချုံ၊ ကျွန်မကို မှတ်မိသေးလား "
ထိုအကြီးအကဲက သူမကို လှည့်ကြည့်သည်။
" အို၊ မင်းက ရိပေါင်း ဟုတ်တယ်မလား။ အရင်တစ်ခေါက်တုန်းက ငါတို့ကုန်ပစ္စည်းအတွက် ကူညီပေးခဲ့တာမလား "
ဆံထုံးနဲ့ကောင်မလေးက ချက်ချင်းခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ဒါရိုက်တာချုံ၊ ကျွန်မ မေးချင်တာလေးရှိလို့ပါ "
ဒါရိုက်တာချုံက ယဲ့ဖန်ရဲ့နောက်ကျောကိုကြည့်ပြီး စိုးရိမ်စွာဖြင့်မေးလိုက်သည်။
" ဘာမေးချင်လို့လဲ "
" ယဲ့လူကြီးမင်းက တကယ်ဘဲရှင်တို့စင်တာကြီးရဲ့ပိုင်ရှင်သူဌေးလား "
" ဟုတ်တယ်၊ အမှန်ဘဲ "
" အဲ့တာ ...... အဲ့တာက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ သူက ငယ်ငယ်လေးဘဲရှိသေးတာကို "
" ဟိုးရှေးခေတ်ကတည်းက သူရဲကောင်းတွေ ငယ်ငယ်လေးတွေဘဲလေ။ ယဲ့လူကြီးမင်းက ငါမြင်ဖူးသမျှထဲ အထူးချွန်ဆုံးဘဲ။ ကောင်းပြီ၊ မင်းနဲ့မပြောတော့ဘူး။ ယဲ့လူကြီးမင်းကို အရင်လိုက်ပို့ရဦးမယ် "
ဒါရိုက်တာချုံက ပြောပြီးတဲ့နောက် ယဲ့ဖန်ကိုလိုက်ပို့တဲ့အုပ်စုဆီသို့ အမြန်ပြေးလိုက်သွားသည်။
ဆံထုံးနဲ့ကောင်မလေးက ယဲ့ဖန်ထွက်ခွာသွားသည့်လမ်းဘက်ကို ကြောင်အစွာကြည့်နေခဲ့သည်။
သူမ အကြာကြီးငေးမောနေမိသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့သူတွေကလည်း ထိတ်လန့်ကုန်ကြသည်။
[ ဟာ၊ သူက တကယ်ကြီး ထန်းဂူဈေးဝယ်စင်တာကြီးရဲ့ သူဌေးကြီးလား။ ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ သူအသက်က ဘယ်လောက်ရှိပြီမလို့လဲ။ သူ့ကြည့်ရတာ အသက်နှစ်ဆယ်လောက်ဘဲရှိသေးတာမဟုတ်လား ]
[ ဒီအကြောင်းကို ထန်းဂူဈေးဝယ်စင်တာရဲ့အကြီးတန်းဒါရိုက်တာတစ်ဦးက ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပေးခဲ့တာဆိုတော့ မမှားနိုင်ပါဘူး ]
[ ထန်းဂူစျေးဝယ်စင်တာက ငါတို့ကျုံးဟိုင်မြို့က အကြီးဆုံးစျေးဝယ်စင်တာကြီးလေ။ ဒီနေရာရဲ့ သူဌေးဖြစ်ဖို့ဆို ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်လဲ ]
[ ငါ့ရည်းစားက ထန်းဂူစျေးဝယ်စင်တာရဲ့သူဌေးဖြစ်မယ်ဆိုရင် ငါ ဝယ်ပြီးရင်း ဝယ်၊ ဝယ်ပြီးရင်း ဝယ်နိုင်မှာ မဟုတ်လား။ နေ့တိုင်း ဝယ်နိုင်မယ်လို့ ဆိုလိုတာလား ]
[ ယောက်ျားရေ၊ မသွားပါနဲ့။ ရှင်နဲ့အတူ မျောက်လေးမွေးချင်တယ်လို့ ...... ]
........................
ယဲ့ဖန်သည် နောက်တစ်နေ့မနက်တွင် အိပ်ရာက စောစော နိုးလာပြီး အ၀တ်လဲသည်။
ထို့နောက် Dolce's အနက်ရောင်ဝတ်စုံကို ပြောင်းဝတ်လိုက်သည်။
ပြီးတဲ့အခါ သူ့အဘိုးအဘွားတွေအတွက် ပြင်ဆင်ထားသည့်လက်ဆောင်များကိုယူကာ ထွက်ခွာခဲ့သည်။
လင်းကျွင်းကျွင်းက တံခါးအပြင်ဘက်မှာ စောင့်နေတာ ကြာပြီဖြစ်သည်။
သူမအနောက်တွင် ရိုးသားတဲ့မျက်နှာထားနဲ့ယောက်ျားတစ်ယောက်ရှိနေသည်။
" ကျစ်၊ ကျစ်၊ ရှင် ဒီနေ့အရမ်းချောအောင်လုပ်ထားတာမဟုတ်ဘူးလား "
လင်းကျွင်းကျွင်းက သူ့ကိုတွေ့တဲ့အခါ ချက်ချင်းမျက်လုံးအရောင်တောက်လာသည်။
" မင်းပြောတာကို မကြိုက်ဘူး။ ကိုယ် ဘယ်တုန်းကမချောဘဲနေလို့လဲ "
ယဲ့ဖန် ပြုံးလိုက်သည်။
" ကျွန်မ စကားမှားသွားတာပါ။ ရှင်ရဲ့ ချောမောမှုက အချိန်အကန့်အသတ် မရှိပါဘူး။ ရှင့်ရဲ့အသွေးထဲအသားထဲမှာရှိနေတာပါ "
" အဲ့လိုမှပေါ့ "
" ဟုတ်ပြီ၊ ကျွန်မ ရှင်နဲ့ နောက်ပြောင်တာကို ရပ်လိုက်တော့မယ်။ ဒီနေ့ ရှင် မွေးရပ်မြေကို မပြန်တော့ဘူးလား။ ရှင်ပြန်ပို့ဖို့အတွက် ကျွန်မ ကားမောင်းသမားကို ရှာပေးထားတယ် "
လင်းကျွင်းကျွင်းက သူမအနောက်ကလူကို လက်ညှိုးထိုးပြလိုက်သည်။
" မင်္ဂလာပါ ယဲ့လူကြီးမင်း။ ကျွန်တော့်ကို ရှောင်းဝူလို့ခေါ်နိုင်ပါတယ် "
ထိုကောင်လေးက ယဲ့ဖန်ကို အလျင်အမြန် ဦးညွှတ်လိုက်သည်။
" ကိုယ်က ကားဘယ်လိုမောင်းရမလဲဆိုတာ မသိတာမှမဟုတ်တာ။ ဘာလို့ ယာဉ်မောင်းလိုမှာလဲ "
ယဲ့ဖန်က အဲဒီလိုပြောလိုက်ပေမယ့် လင်းကျွင်းကျွင်း၏လုပ်ရပ်ကြောင့် တော်တော်လေးရင်ထဲထိသွားသည်။
" ဒီနေရာကနေ ရှင့်အိမ်ကို ပြန်မယ်ဆို ကီလိုမီတာရာချီဝေးတယ်။ ယာဉ်မောင်းငှားမယ်ဆို ရှင့်အတွက်ပိုသက်သာရာရလိမ့်မယ် "
လင်းကျွင်းကျွင်း၏ မျက်နှာအမူအရာက စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။
" မင်း ကိုယ့်ကို အရမ်းစိတ်ပူနေရင် မင်း ကိုယ်နဲ့အတူတူ လိုက်ပြီးပြန်လို့ရတယ် " ဟု
ယဲ့ဖန်က နောက်ပြောင်သည့်လေသံဖြင့် ပြောသည်။
" သေလိုက်လေ။ ကျွန်က ရှင်နဲ့ဘာဆိုင်လို့ ရှင့်မွေးရပ်မြေကို လိုက်ပြန်ရမှာလဲ "
လင်းကျွင်းကျွင်းက အော်လိုက်ပေမဲ့ သူမမျက်နှာက ပြုံးရိပ်သန်းနေသည်။
" မသွားချင်လည်း ရပါတယ်။ ကိုယ် ပြန်လာမှ မင်းကို ထမင်းလိုက်ကျွေးမယ် "
ယဲ့ဖန်က ဘာမှထပ်ပြန်မပြောဘဲ ကားသော့တွေကို ရှောင်းဝူဆီကို လွှဲပေးလိုက်သည်။
ရှောင်းဝူသည် ကားကို ကားဂိုဒေါင်ထဲမှ အမြန်မောင်းထုတ်လာသည်။
ယဲ့ဖန်သည် ရှေ့ခန်းရှိ ခရီးသည်ထိုင်ခုံတွင်ထိုင်ကာ လင်းကျွင်းကျွင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
" ကိုယ့်အိမ်ကို စောင့်ရှောက်ထားပေးဦး။ ကိုယ် ပြန်လာလို့ တစ်ခုခု ပျောက်နေရင် မင်း တာဝန်ယူရမယ် "
" ကျွန်မက ခွေးမလို့လား။ ရှင့် အိမ်ကို ဘာကိစ္စနဲ့ စောင့်ရှောက်ပေးထားရမှာလဲ "
လင်းကျွင်းကျွင်းသည် အနည်းငယ်ဒေါသထွက်သွားသည်။
" သွားကြစို့၊ သွားကြစို့ "
ယဲ့ဖန်ကဆော်ဩလိုက်တဲ့အခါ ပြိုင်ကားက ဝှီးခနဲမောင်းထွက်သွားတော့သည်။
ရှောင်းဝူရဲ့ ကားမောင်းကျွမ်းကျင်မှုက တော်တော်လေးကောင်းမွန်သည်။ ကားက မြန်ပေမဲ့ တည်ငြိမ်သည်။
ဖန်းမြို့သို့ရောက်တဲ့အခါ မွန်းတည့်ချိန်နီးနေပြီဖြစ်သည်။
" ကောင်းပြီ။ ဒီမှာပဲ ရပ်လိုက်တော့ "
ကားက ဖန်းမြို့ထဲဝင်တာနဲ့ ယဲ့ဖန်ကခေါင်းကိုလှည့်ပြီး ရှောင်းဝူကို ညွှန်ကြားလိုက်သည်။
ရှောင်းဝူက လမ်းဘေးတွင် ကားကို ချက်ချင်းရပ်လိုက်သည်။
ယဲ့ဖန်က သူ့အိတ်ကပ်ထဲက ပိုက်ဆံတစ်အုပ်ကို ထုတ်လိုက်သည်။
" ငါ့ကို ပြန်လိုက်ပို့ပေးတာ ကျေးဇူးဘဲ။ ဒါက မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် လုပ်အားခ "
ရှောင်းဝူသည် အနည်းဆုံး ယွမ် ၁၀,၀၀၀ လောက်ရှိသည့် ငွေအထပ်လိုက်ကို မြင်လိုက်ရတဲ့အခါ သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" ရပါတယ်၊ မိန်းကလေးလင်းက ပိုက်ဆံပေးပြီးပါပြီ "
ယဲ့ဖန်က ဘာမှထပ်မပြောဘဲ ပိုက်ဆံတွေကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။
" ဒါက မင်းအတွက် အပိုကြေးဘဲ။ တစ်ခုခုစားဖို့နေရာ အရင်သွားရှာစားပြီးမှ ပြန်ဖို့ လက်မှတ်ဝယ်လိုက်။ ပျော်ရွှင်စရာ လမုန့်ပွဲတော်ဖြစ်ပါစေ "
ရှောင်းဝူက ကျေးဇူးတင်စကားဆိုပြီး မျက်ရည်ဝဲသွားသည်။
ထို့နောက် ကားပေါ်မှဆင်းကာ ထွက်ခွာသွားခဲ့သည်။
ယဲ့ဖန်က ကားမောင်းသူထိုင်ခုံသို့ပြောင်းပြီး သူ့အိမ်သို့ ဆက်မောင်းသွားခဲ့သည်။
ဆိုရိုးစကားတွေအတိုင်းပြောရလျှင် အိမ်လွမ်းခြင်းက ပိုအရေးကြီးလေသည်။
အရင်တုန်းကတော့ ယဲ့ဖန် အဲဒါကို စိတ်ထဲမှာ အလေးအနက် စွဲမှတ်မထားပေ။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီလိုရှုပ်ထွေးတဲ့ ခံစားချက်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလာရပြီဖြစ်သည်။
အမှန်တကယ်တော့ သူ့မှာ ငယ်ငယ်ကတည်းက မိဘတွေမရှိခဲ့ပေ။
သူ့ကို အဘိုးအဘွားတွေက ပြုစုပျိုးထောင်ခဲ့ကြတာဖြစ်သည်။
သူ့အဘိုးက အငြိမ်းစားစစ်သားတစ်ဦးဖြစ်သည်။
သူ့အဘိုးက အများအားဖြင့် စည်းကမ်းအလွန်တင်းကြပ်သည်။
သို့သော် သူ့အဖိုးက သူ့အပေါ် ဘယ်လောက်နက်နက်နဲနဲ အလေးပေးပြီး ချစ်လည်းဆိုတာကို ယဲ့ဖန်ကောင်းကောင်းသိသည်။
တစ်ခါက ကျောင်းက သူ့ကို ကျူရှင်လခပေးဖို့ပြောလိုက်သည်။
သူအိမ်ပြန်သွားပြီး သူ့အဘိုးကို ပြောပြသည်။
ထိုအခါ သူ့အဖိုးက သူ့ကို ဆူသည်။
" မင်းရဲ့ လေ့လာမှုတွေက ဒီလောက်ကြီး မကောင်းတာတောင် မင်းက ပိုက်ဆံတောင်းရဲသေးတယ်ပေါ့၊ ဟုတ်လား။ မျက်နှာထား ရှိသေးလား။ ငါ့မှာ ပိုက်ဆံမရှိဘူး "
ထိုအချိန်တွင် ယဲ့ဖန် သူ့အဘိုးကို စိတ်ထဲတွင်မှ အပြစ်တင်နေခဲ့သည်။
နောက်တစ်နေ့မှာတော့ ယဲ့ဖန် ကျောင်းသွားတဲ့လမ်းမှာ ပျံကျဈေးကိုဖြတ်သွားရသည်။
ထိုဈေးပေါက်ဝတွင် သူ့အဘိုးက သူငယ်စဉ်ကရခဲ့တဲ့ စစ်ရာထူးတံဆိပ်တွေကို ရောင်းချနေသည်။
ထိုမြင်ကွင်းကြောင့် မိုးကြိုးပစ်ခံလိုက်ရသလိုခံစားလိုက်ရသည်။
သူ့အဘိုးက တစ်ဘဝလုံးနဲ့လဲပြီး ထိုရာထူးတံဆိပ်တွေအတွက် ကြိုးစားခဲ့တာဖြစ်ပြီး ထိုအရာတွေက သူ့အတွက် အဖိုးဖြတ်မရအောင်တန်ဖိုးကြီးသည်။
ရက်အနည်းငယ်ကြာတိုင်းတစ်ခါ တံဆိပ်တွေကို ထုတ်ပြီး သုတ်သည်။ ထို့နောက် အထပ်ထပ်ပြန်ထုတ်ပိုးပြီး ဘီရိုထဲမှာပြန်ထည့်သိမ်းသည်။
သူ့ကျူရှင်လခပေးဖို့အတွက် သူ့အဘိုးက 'ဘဝ'တမျှတန်ဖိုးရှိတဲ့ သူ့ရာထူးတံဆိပ်တွေကို ထုတ်ရောင်းလိမ့်မည်ဟု ယဲ့ဖန်မထင်ခဲ့ပေ။
ထို့ကြောင့် ယဲ့ဖန်သည် စာကြိုးစားပြီး တက္ကသိုလ်ကောင်းကို ဝင်ရမယ်လို့စိတ်ဆုံးဖြတ်ခဲ့သည်။
အနာဂတ်မှာ အောင်မြင်လာတဲ့အခါ သူတို့ကို သေချာပေါက် ကျေးဇူးဆပ်မည်ဖြစ်သည်။
အခုတော့ သူ့ကတိကိုတည်ဖို့ အချိန်ကျရောက်လာပြီဖြစ်သည်။
အပိုင်း (၂၀၂)
အိမ်ရဲ့အနှစ်သာရ။
ယဲ့ဖန်၏အိမ်က ဖန်းမြို့၏ အိုဟောင်းနေတဲ့မြို့နယ်လေးတစ်ခုမှာတည်ရှိသည်။
အိမ်တွေနဲ့ နေရာပတ်ဝန်းကျင်က အတော်လေးအိုဟောင်းပျက်စီးနေပြီဖြစ်သည်။
အိမ်နီးနားချင်းတွေကလည်း အကုန်နီးပါးအသက်အရွယ်ကြီးရင့်နေကြသူတွေဖြစ်သည်။
လမ်းတွေကလည်း အလွန်ကိုကျဉ်းပြီး ကားတစ်စီးမောင်းစာတောင်မရှိပေ။
အဲ့တာကြောင့် ယဲ့ဖန်လည်းမတတ်နိုင်ဘဲ သူ့ရဲ့ Lykan ပြိုင်ကားကို လမ်းဘေးမှာချရပ်ထားခဲ့ရသည်။
ထို့နောက် သူ့အဘိုးအဘွားအတွက်ပြင်ဆင်ထားတဲ့လက်ဆောင်တွေကိုယူပြီး ရပ်ကွက်ထဲသို့ လမ်းလျှောက်ဝင်လာသည်။
လမ်းဘေးက အဘိုးကြီးအဘွားကြီးတွေက အလန်းစားပြိုင်ကားကြီးကို ငေးကြည့်နေကြသည်။
" ဒါဘယ်လို မကောင်းဆိုးဝါးကြီးလဲ။ ကားကြီးလား "
" ထင်တာဘဲ။ ဒါပေမဲ့လည်း ဒီလောက်ရုပ်ဆိုးတဲ့ကားကြီး အခုမှမြင်ဖူးတာဟေး "
" မင်းမျက်လုံးတွေမကောင်းတော့ဘူးလား။ ငါကတော့ အရမ်းကောင်းတယ်လို့ထင်တယ် "
" ကောင်းပေမဲ့ ငါ့လီကျုရဲ့ ဝူလင်းကားလေးလောက်တော့ မကောင်းဘူးအေ့ "
" အေး၊ မင်းပြောတော့မှဘဲ ဝူလင်းလေးက ပိုကြည့်ကောင်းတာဘဲ "
" ဒါပေမဲ့ ဒီကားကတော်တော်လေးတန်မယ်ထင်တယ် "
" ဝူလင်းကားလောက် တန်ဖိုးရှိမယ်မထင်ဘူး။ လူချမ်းသာတွေက ငါတို့ရပ်ကွက်ထဲ ဘာလာလုပ်တာလဲ "
" အေး၊ ဘာကိစ္စလဲမသိဘူး "
" ဖြတ်သွားတဲ့လူငယ်လေးကရော ဘယ်သူလဲ။ မျက်လုံးကမှုန်တော့ ကောင်းကောင်းမမြင်လိုက်ရဘူး "
" ရှင်းရှင်းလင်းလင်းတော့မမြင်လိုက်ရပေမယ့် ခန္ဓာကိုယ်ကတော့ တော်တော်တောင့်တင်းတယ်အေ့ "
" သူတို့က ဒီမှာ ကျန်းမာရေးထုတ်ကုန်တွေ ထပ်ပြီးရောင်းဖို့လုပ်နေကြတာလား။ သူက ပြီးခဲ့တဲ့တစ်ခေါက်ကလာပြီး လိမ်သွားတဲ့သူနဲ့ ပုံစံခပ်ဆင်ဆင် ၀တ်ဆင်ထားသေးတယ် "
" မင်းပြောတော့မှ ဒေါသထွက်လာပြီ။ ကျန်းမာရေးထိန်းသိမ်းကောင်းမွန်စေတယ်ဆိုလို့ ငါ့မှာ ယွမ်ထောင်ချီ သုံးပြီးဝယ်ခဲ့ပေမယ့် ဝက်ခြံတွေဘဲထွက်လာတယ်လေ "
" အဲ့ဒီလူလိမ်ကောင်ကြီး၊ အနာဂတ်မှာရတဲ့ သူတို့ကလေးတွေ ဖင်မပါမှာ သေချာတယ် "
" ............ "
ယဲ့ဖန် တံခါးနားကိုနီးလာလေလေ နှလုံးခုန်သံမြန်လာလေလေဖြစ်သည်။
ဒီအတောအတွင်း အများကြီးကျော်ဖြတ်ခဲ့ပေမဲ့ ဘယ်တုန်းကမှ ဒီလောက်စိတ်မလှုပ်ရှားဖူးပေ။
အိုဟောင်းနေတဲ့တံခါးက ယိုယွင်းနေပြီး သူ့အဘွား၏ရယ်သံကို အထဲမှကြားနေရသည်။
ယဲ့ဖန် ပြုံးလိုက်မိသည်။
တံခါးကိုတွန်းဖွင့်ပြီး အထဲကိုဝင်လိုက်သည်။
" အဘွား၊ ကျွန်တော်ပြန်ရောက်ပါပြီ "
ထိုအချိန်တွင် ဧည့်ခန်းထဲမှာ အမျိုးသမီးနှစ်ယောက်ထိုင်နေသည်။
သူတို့ထဲက တစ်ယောက်က ဆံပင်ဖြူနေပေမဲ့ တက်တက်ကြွကြွရှိနေသည့် အဘွားအိုတစ်ယောက်ဖြစ်သည်။ သူမက သူ့ရဲ့အဘွား မားရှန်းလန်ဖြစ်သည်။
နောက်တစ်ယောက်က အိမ်နီးနားချင်းအဘွားဟွမ်ဖြစ်သည်။
ယဲ့ဖန်ရဲ့အသံကိုကြားတဲ့အခါ မားရှန်းလန် အံ့ဩသွားသည်။
ရင်ဘတ်မှာချိတ်ထားတဲ့ အဝေးကြည့်မျက်မှန်ကိုတပ်ပြီး သေချာစူးစိုက်ကြည့်လိုက်သည်။
" အို၊ ဒါလေးက ငါ့ရဲ့မြေးကြီးမဟုတ်လား "
မားရှန်းလန်က သူမ၏မြေးကို မှတ်မိသွားပြီး အမြန်နှုတ်ဆက်သည်။
သူမက အမြန်လျှောက်ပြီး မြေပေါ်က အဖုကြောင့် လဲကျမတတ်ဖြစ်သွားသည်။
ယဲ့ဖန်က လန့်သွားပြီး အမြန်ပြေးထူလိုက်သည်။
" အဘွား၊ ဖြည်းဖြည်းလာပါ။ မပြေးနဲ့လေ "
မားရှန်းလန်၏လက်တွေက ယဲ့ဖန်လက်ကိုကိုင်ထားရင်း တုန်နေသည်။ သူမ၏မျက်လုံးထဲမှာလည်း မျက်ရည်တွေပြည့်နေသည်။
" မြေးကြီး၊ အဘွားက အရမ်းကိုလွမ်းနေခဲ့တာ။ ပြန်လာမယ်ဆိုတာ ဘာလို့ အဘွားကိုတောင် မပြောတာလဲ ...... "
ယဲ့ဖန်က သူမရဲ့မျက်ရည်တွေကို ကူသုတ်ပေးလိုက်သည်။
" စက်ပရိုက်ဆိုပြီး အံ့ဩသွားအောင်လုပ်ပေးချင်လို့လေ "
မားရှန်းလန်က ယဲ့ဖန်နဖူးကို တို့လိုက်သည်။
" ဒီကောင်စုတ်ကလေးကတော့၊ ငါက ဒီလောက်တောင်အိုနေပြီကို ငါ့ကိုလန့်အောင်လုပ်ချင်သေးတာလား။ အလန့်လွန်ပြီးမေ့လဲသွားမှာ မစိုးရိမ်ဘူးလား "
ယဲ့ဖန်က ပြုံးလိုက်သည်။
" အဘွားက လုံးဝမအိုသေးပါဘူး။ ပြီးတော့ ပိုပိုပြီးတောင်နုပျိုလာသေးတယ်။ လမ်းပေါ်မှာအတူတူလျှောက်သွားရင် လူတွေက အဘွားကို ကျွန်တော့်အစ်မလို့တောင်ထင်ကြမှာ "
မားရှန်းလန်က သူ့ကြောင့် ပျော်နေပြီး ပါးစပ်တောင်ပိတ်မရပေ။
" ဒီကောင်စုတ်လေးကတော့ နှစ်ဝက်လောက်ဝေးသွားတာနဲ့ ပလီပလာတွေတတ်လာနေပြီလား "
ယဲ့ဖန် စွပ်စွဲခံရသည်ဟု ခံစားမိသည်။
" အမှန်ပြောနေတာပါ။ ဘာလို့ ပလီပလာပြောတယ် ပြောရတာတုန်း အဘွားရ "
ထိုအချိန်တွင် အဘွားဟွမ်က သူတို့ဆီလျှောက်လာသည်။
" အိုက်ယား၊ ရှောင်ဖန်၊ ငါတို့က အခုဘဲ နင့်အကြောင်းပြောနေကြတာ။ ချက်ချင်းကြီးရောက်ချလာမယ်ထင်မထားဘူး "
ယဲ့ဖန်က သူမကို ယဉ်ကျေးစွာခေါင်းငြိမ့်ပြလိုက်သည်။
" အဘွားဟွမ်၊ ပျော်ရွှင်စရာလမုန့်ပွဲတော်ပါ "
အဘွားဟွမ်က သူ့ကို ခေါင်းစခြေဆုံးကြည့်လိုက်သည်။
" ကျစ်ကျစ်ကျစ်၊ ရှောင်ဖန်ရေ၊ နင်ကတော့ တကယ်ကို မြို့ကြီးသားဖြစ်လာတာဘဲ။ တက်ကြွလန်းဆန်းနေလိုက်တာ။ လမ်းမှာတွေ့ရင် မှတ်မိမှာတောင်မဟုတ်ဘူး "
ယဲ့ဖန်က ယဉ်ကျေးစွာဖြင့် အမြန်ကျေးဇူးတင်စရာပြောလိုက်ပြီး မားရှန်းလန်ဘက်ကို ပြန်လှည့်လိုက်သည်။
" အဘွား၊ အဘိုးရော ဘယ်မှာလဲ "
မားရှန်းလန်က ယဲ့ဖန် သူမယောက်ျားကိုမေးတဲ့အခါ အမြင်ကပ်တဲ့မျက်နှာပေးဖြစ်သွားသည်။
" အဲ့ဒီခေါင်းမာတဲ့အဘိုးကြီးက ဒီမနက် ငါနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်သွားတယ်လေ "
" အာ "
ယဲ့ဖန်က ကြောင်အ သွားသည်။
" အိမ်ကနေထွက်သွားတာလား။ အဘိုးကို အမြန်လိုက်ရှာရမယ်မဟုတ်လား "
မားရှန်းလန်က ခေါင်းခါလိုက်သည်။
" မပူစမ်းပါနဲ့၊ နင့်အဘိုးကို ကောင်းကောင်းကြီးသိတယ်။ အလွန်ဆုံးမှ လူကြီးတွေလမ်းလျှောက်တဲ့ပန်းခြံဘက်ကိုသွားတာနေမှာ။ မကြာခင်ပြန်လာလိမ့်မယ် "
ထိုအချိန်မှာဘဲ အပြင်ဘက်မှ လူအိုကြီးတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
" ဟွန်း၊ တောသားတွေ။ အဲ့တာကို ပြိုင်ကားလို့ခေါ်တယ်။ ယွမ်သန်းချီတန်တာကို မသိကြဘဲနဲ့ ပေါက်ကရတွေဘဲပြောနေကြတယ် .......... "
ထိုလူအိုကြီးက ပြောဆိုနေပြီး တံခါးကို ဖွင့်ကာ အထဲကိုဝင်လာသည်။
" အဘိုး၊ ကျွန်တော်ပြန်ရောက်ပြီ "
ယဲ့ဖန်က စိတ်လှုပ်ရှားစွာဖြင့် သူ့အဘိုးဆီကို ချက်ချင်းထသွားသည်။
ထိုလူအိုကြီးက မျက်နှာလေးထောင့်ဆန်ပြီး ဆံပင်ကို နောက်သို့လှန်သပ်ထားသည်။
သူ့မျက်နှာက တည်ကြည်နေပြီး ဟိတ်ဟန်ကြီးတဲ့ကိုယ်ရောင်ကိုယ်ဝါမျိုးပေးသည်။
သူက ယဲ့ဖန်၏အဘိုး ယဲ့ပေါင်ကောဖြစ်သည်၊
သူ့မြေးရဲ့ စိတ်အားထက်သန်နေပုံကိုတွေ့တာတောင်မှ သူက မျက်နှာထားတည်နေဆဲဖြစ်သည်။
" ကျောင်းမှာစာမကြိုးစားဘဲ ဘာလို့ပြန်လာတာလဲ။ ငါသေရင် ငါ့အလောင်းကို ကောက်မယ့်သူ မရှိမှာ စိုးရိမ်လို့လား "
ယဲ့ဖန် ပြောစရာစကားပျောက်သွားသည်။
နေရာမှာတင်ဘဲ နေရခက်စွာရပ်နေပြီး ဘာလုပ်ရမလဲမသိဖြစ်နေသည်။
သူမမြေးလေးကို စွပ်စွဲနေတာကြည့်ပြီး မားရှန်းလန်က ဒေါသထွက်သွားသည်။
" ဒီအဘိုးကြီးကတော့ မြေးလေး အိမ်ပြန်လာဖို့ လွယ်တာမဟုတ်ဘူး။ နည်းနည်းလောက်မပျော်နိုင်ဘူးလား။ ဘာလို့ မျက်နှာကြီးဆူပုတ်နေတာလဲ "
ယဲ့ပေါက်ကောက လည်ပင်းကြောကိုဆန့်ပြီး သူမကို စိုက်ကြည့်လိုက်သည်။
" သူက ငါ့မြေးဘဲ။ ဆူချင်ဆူ၊ ရိုက်ချင်ရိုက်မှာပေါ့။ မရဘူးလား "
" ရှောင်ဖန်က ကျွန်မမြေး။ ရှင် ကျွန်မမြေးကိုရိုက်ရင် ရှင့်ကို သေအောင်ချပစ်မယ် "
ထိုအခါ ယဲ့ပေါက်ကောက လည်ကုတ်ကို ချက်ချင်း ပြန်ကျုံ့လိုက်သည်။
" ........ ကိုယ်က ဒီအတိုင်းပြောတာပါ။ သူ့ကို ရိုက်မယ်လို့တော့ မပြောပါဘူး "
ယဲ့ဖန်က စနောက်နေတဲ့ အဘိုးနဲ့အဘွားအတွဲကိုကြည့်လိုက်သည်။
တစ်ချိန်တည်းမှာဘဲ နွေးထွေးတယ်ဟု သူခံစားရသည်။
ဒါက အိမ်ရဲ့အနှစ်သာရဆိုတာများလား။
အပိုင်း (၂၀၃)
မင်းက ဘာပစ္စည်းဝယ်နိုင်မှာမလို့လဲ။
" စားပြီးပြီလား "
ယဲ့ပေါက်ကောက သူ့မြေးဘက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ မျက်နှာက ပြန်မဲ့သွားသည်။
" မစားရသေးပါဘူး "
ယဲ့ဖန် အမြန်ဖြေလိုက်သည်။
" ဘာလို့လဲ။ မွဲလွန်းလို့ စားတောင်မစားနိုင်တော့ဘူးလား။ စာတွေကြည့်ပြီး အချိန်ဘဲကုန်လာပုံရတယ် "
ထို့သို့ပြောပြီး မျက်နှာထားတည်တည်ကြီးနဲ့ လှည့်ထွက်သွားသည်။
ထို့နောက် အဝေးရောက်သွားမှ သီချင်းလေးတညည်းညည်းလုပ်နေတာကို ယဲ့ဖန်ကြားလိုက်သည်၊
" တပ်ကြပ်ကြီးဆီက ကြားထားတယ်။ အားချင်းရဲ့မိန်းမက တကယ်ထူးဆန်းတာတဲ့ ......... "
မားရှန်းလန်က သူ့မြေးရဲ့လက်ကို အမြန်ဆွဲကိုင်လိုက်သည်။
" အဲ့ဒီ ခေါင်းမာတဲ့လူအိုကြီးကို ဂရုစိုက်မနေနဲ့။ လာပါဦး၊ အဘွားက ကောင်းကောင်းကြည့်ဦးမယ် "
ထိုသို့ပြောပြီး သူမရဲ့မြေးကို သေချာစစ်ဆေးနေသည်။
အချိန်အတော်ကြာပြီးနောက် သူမ၏မျက်နှာက တုန်လှုပ်သွားတဲ့အမူအရာ ထွက်ပေါ်လာသည်။
" အစ်မဟွမ်၊ ရှောင်ဖန် အများကြီးပြောင်းလဲသွားပုံပေါ်တာကို သတိထားမိလား။ ဒါပေမယ့် ဘယ်နေရာမှာ ပြောင်းလဲသွားတယ်ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်ဘူးဖြစ်နေတာ "
အဘွားဟွမ်က အမြန်ခေါင်းညိတ်လိုက်သည်။
" ရှောင်ဖန် ဝင်လာတုန်းက ငါသတိထားမိတယ်။ သူက အရင်ကထက် ပိုတက်ကြွနေပုံပေါ်တယ်။ အဲဒါကို... မြင့်မြတ်တဲ့ကိုယ်ရောင်ကိုယ်ဝါလို့ ခေါ်တယ် မဟုတ်လား"
မားရှန်းလန်က ရယ်မောလိုက်သည်။
" မြင့်မြတ်တဲ့ကိုယ်ရောင်ကိုယ်ဝါလား။ ငါတို့မိသားစုကနေ အဲ့လိုပုံစံ ဘယ်လိုလုပ်ဆင်းသက်လာမှာလဲ "
သူမ အဲ့လိုပြောလိုက်ပေမယ့် သူမရဲ့မြေးမှာ ထူးခြားတဲ့ကိုယ်ရောင်ကိုယ်ဝါရှိနေပုံရတယ်ဆိုတာ သူမ သိလိုက်သည်။
အရင်တုန်းကတော့ ယဲ့ဖန်က သိမ်ငယ်စိတ်ရှိပြီး တခြားသူတွေနဲ့ စကားပြောတဲ့အခါ မျက်လုံးချင်းဆုံတာကို အမြဲရှောင်တတ်သည်။
ဒါပေမယ့် အခုချိန်မှာတော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေပုံရသည်။
သူ့စိတ်နေစိတ်ထားတစ်ခုလုံး ကြီးမားသည့်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်နှင့်တူသည်။
သူတို့နှစ်ယောက် တအံ့တသြဖြစ်နေစဉ်တွင် ယဲ့ပေါက်ကောက ဝက်သားနှင့် အသီးအရွက်များကိုသယ်ပြီး ပြန်ရောက်လာသည်။
မားရှန်းလန်သည် သူမခင်ပွန်းကို အမြန်ဆွဲလိုက်သည်။
" အို၊ ရှင် ကျွန်မတို့မြေးရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ကြည့်ပါ။ အများကြီးပြောင်းလဲသွားတာမဟုတ်လား "
ယဲ့ပေါက်ကောက ယဲ့ဖန်ကို ငုံ့ကြည့်ပြီး အေးစက်စွာပြောသည်။
" သူ့မှာ ဘယ်လို ကိုယ်ရောင်ကိုယ်ဝါရှိမှာလဲ။ သူကဖြင့် မြို့ကို နှစ်ရက်လောက်သွားပြီး မြို့ကြီးသားတန်း ဖြစ်သွားရောလား။ မင်းကရော ဘာလို့ အမြီးကြီးတဲ့ဝံပုလွေတစ်ကောင်လို ဟန်ဆောင်နေရတာလဲ "
ထို့နောက် လှည့်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
ယဲ့ဖန်သည် ခေါင်းကို ကုတ်လိုက်ကာ အနောက်မှအမြန်လိုက်သွားသည်။
" အဘိုး၊ ကျွန်တော် ကူညီပေးမယ် "
ယဲ့ပေါက်ကောက သူ့ကို ချက်ချင်းမောင်းထုတ်သည်။
" ဒီမှာ မီးခိုးငွေ့တွေနဲ့ ပြီးတော့ မင်းကဖြင့် အာမခံကိုယ်စားလှယ်တစ်ယောက်လို ၀တ်ဆင်ထားသေးတယ်။ ဒီမှာ ဘာလုပ်မှာလဲ။ ဒီအဝတ်အစားတွေကို တစ်ယောက်ယောက်ဆီက ငှားခဲ့တာလား။ သူများဟာကို မညစ်ပတ်စေနဲ့ "
ယဲ့ဖန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
အဘွားနဲ့ ခဏစကားစမြည်ပြောဖို့ကလွဲလို့ သူ့မှာ ရွေးစရာမရှိတော့ပေ။
ခဏကြာတော့ မီးဖိုချောင်ထဲကနေ မွှေးကြိုင်တဲ့ရနံ့တစ်ခုထွက်လာသည်။
မားရှန်းလန်က ရယ်မောလိုက်သည်။
" ငါတို့လက်ထပ်ပြီးကတည်းက ဒီအဘိုးကြီး ထမင်းချက်တာကို အကြိမ်အနည်းငယ်ဘဲ တွေ့ဖူးတာ။ ဒီနေ့တော့ မြေးကြောင့် တွေ့ခွင့်ရတာ တကယ်ကံကောင်းတာဘဲ "
ယဲ့ဖန်လည်း အလျင်အမြန် ခေါင်းငြိမ့်သည်။
သူ့မှတ်ဥာဏ်ထဲတွင် သူ့အဘိုးက ဘယ်တုန်းကမှ ထမင်းမချက်ဖူးပေ။
ဒီနေ့ သူ့အပေါ် ကြင်နာမှုမပြပေမဲ့ သူ့အဘိုးစိတ်ထဲမှာ တကယ်ပျော်ရွှင်နေတာကို မြင်နိုင်သည်။
မကြာမီတွင် ယဲ့ပေါက်ကောသည် ဟင်းအနည်းငယ်ကိုယူပြီး ထွက်လာသည်။
ထို့နောက် သူ နှစ်ပေါင်းများစွာသိမ်းဆည်းထားသော မော်တိုင်ပုလင်းကို ဘီရိုထဲမှ ထုတ်ယူလိုက်သည်။
မားရှန်းလန်သည် ထိုအရာကိုမြင်သောအခါ အနည်းငယ်စိတ်မချမ်းသာဖြစ်သွားသည်။
" ဆရာဝန်က ရှင့်ရဲ့သွေးပေါင်ချိန်က နည်းနည်းမြင့်နေတယ်ပြောတယ်။ ရှင် မသောက်သင့်ဘူး "
ယဲ့ပေါက်ကောက သူမကို စိုက်ကြည့်လိုက်သည်။
" ဆရာဝန်တွေက အလကားပါ။ ငါ စစ်မြေပြင်မှာ သေမင်းတံခါးကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီးပြီ ဘယ်သူ့ကိုမှ မကြောက်ဘူး။ သွေးပေါင်လေးကို ဘာကြောက်နေရမှာလဲ "
မားရှန်းလန်နှုတ်ခမ်းစူလိုက်သည်။
" ရှင်က ထမင်းချက်ရုံတင်ဘဲ မဟုတ်ဘူးလား။ အဲ့တာကို ဘယ်နှစ်နှစ်လောက် ကြွားလုံးထုတ်နေမှာလဲ "
ယဲ့ပေါက်ကော စိတ်လှုပ်ရှားလာသည်။
" ဟင်းချက်စစ်သားတွေကရော စစ်သားတွေ မဟုတ်လို့လား။ ငါ့မီးဖိုချောင်ဓားနဲ့ ရန်သူအနည်းငယ်ကိုတောင် သတ်ခဲ့သေးတယ် "
ယဲ့ဖန်သည် သူတို့နှစ်ယောက် ထပ်ရန်ဖြစ်တော့မည်ကို မြင်လိုက်ရသဖြင့် အမြန်လူခွဲလိုက်သည်။
မားရှန်းလန်က အဘွားဟွမ်ကို တစ်ဖက်သို့ထိုင်ခိုင်းပြီးကာ သူ့ကို ရှင်းပြသည်။
" အဘွားဟွမ်ရဲ့ သားနဲ့မြေးနှစ်ယောက်လုံးက မြို့ပြင်မှာနေတာမလို့ သူမက အိမ်မှာ တစ်ယောက်တည်းရှိနေတာလေ။ အဲ့တာကြောင့် သူမက ငါတို့နဲ့ အတူတူစားတယ် "
အဘွားဟွမ်၏အမူအရာက အနည်းငယ်မျက်နှာမကောင်းပေ။
" သူတို့က ....... လူငယ်တွေလေ။ အလုပ်ရှုပ်တာက ပုံမှန်ပါပဲ "
မားရှန်းလန်သည် သူမ စကားကိုကြားသောအခါ အနည်းငယ်ဒေါသထွက်သွားသည်။
" ဘာကို အလုပ်ရှုပ်ရမှာလဲ။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ့်အမေကိုတောင် မတွေ့ချင်တော့ဘူးလား။ နင်ကို နောက်ဆုံးတွေ့ခဲ့တာတောင် ဘယ်လောက်ကြာပြီလဲ "
အဖွားဟွမ်က ချက်ချင်း စိုးရိမ်ပူပန်လာသည်။
" မဟုတ်ပါဘူး၊ သူတို့ ........ နှစ်သစ်ကူးတုန်းကတောင် ပြန်လာပါသေးတယ်။ ငါ့မြေးလေးက ယွမ်ရာချီတန်တဲ့ လက်ကောက်တစ်ခုတောင် ဝယ်ခဲ့ပေးသေးတယ် "
သူမက ပြောပြီး သူမလက်ကောက်ဝတ်ပေါ်က လက်ကောက်ကို ပြသဖို့ မမေ့ခဲ့ချေ။
ဒီအတောအတွင်း ယဲ့ဖန်သည် ကျောက်စိမ်းအသုံးအဆောင်များစွာနှင့် ထိတွေ့ခွင့်ရရှိခဲ့သည်။
ထို့ကြောင့် သူ့မှာ ခွဲခြားနိုင်စွမ်းရှိလာသည်။
လက်ကောက်၏ အသွင်အပြင်နှင့်လက်ရာသည် အတော်လေးကြမ်းတမ်းသည်ကို တွေ့မြင်နိုင်သည်။
ယွမ် ၁၈၀ ခန့်လောက် ပေးရသော တန်ဖိုးနည်း ထုတ်ကုန်ဖြစ်သည်။
ထိုလက်ကောက်သည် တန်ဖိုးနည်းသော်လည်း မားရှန်းလန်က မသိစိတ်ကနေ အနည်းငယ်မနာလိုဖြစ်ပြီး သူမ၏လက်ကောက်ဝတ်ကို အင်္ကျီလက်အောက်တွင် ဝှက်လိုက်သည်။
ဒါကို ယဲ့ဖန်က သတိပြုမိပြီး သူ့ရင်ထဲတွင် ပြင်းထန်တဲ့နာကျင်မှုကို ခံစားလိုက်ရသည်။
သူ့ရဲ့ကျောင်းလခအတွက် သူ့အဘွားက ဘိုးဘွားပိုင် ကျောက်စိမ်းလက်စွပ်လေးကို ရောင်းချခဲ့ရသည်။
သူမ တိတ်တိတ်လေးငိုနေခဲ့တာကိုတောင် မြင်ခဲ့ရသည်။
ထိုအဖြစ်အပျက်က သူ့အတွက် ကြီးမားတဲ့စိတ်ထိခိုက်မှုဖြစ်စေခဲ့သည်။
တွေးမိလိုက်တိုင်း သူ့နှလုံးသားကို ဓားနဲ့ထိုးသလို ခံစားရသည်။
ကံကောင်းထောက်မစွာဖြင့် အခုတော့ သူ့မှာ အသက်ကြီးပြီဖြစ်တဲ့ သူ့အဘိုးအဘွားနှစ်ယောက်ကို ကျေးဇူးဆပ်နိုင်ရန် လုံလောက်သော စွမ်းရည်ရှိနေပြီဖြစ်သည်။
ထိုအတွေးကြောင့် အိတ်ကို အမြန်ထုတ်လိုက်သည်။
" အဘိုး၊ အဘွား၊ ကျွန်တော် လက်ဆောင်တွေယူလာတယ်။ ကြိုက်ပါ့မလားတော့ မသိဘူး "
ယဲ့ပေါက်ကောက ဝိုင်ခွက်ကို စားပွဲပေါ်သို့ ဂွက်ခနဲစောင့်ချလိုက်သည်။
" ဘာလို့ပိုက်ဆံဖြုန်းနေတာလဲ။ ကျောင်းတက်နေတုန်းဘဲရှိသေးတာကို။ စာကိုအာရုံမစိုက်ဘဲ ဘာလို့တခြားဟာတွေ လျှောက်လုပ်နေတာလဲ "
ထိုသို့ပြောပေမဲ့ ယဲ့ပေါက်ကော၏အကြည့်တွေက ယဲ့ဖန်အိတ်ဆီကိုရောက်နေသည်။ သူက သေချာပေါက်မျှော်လင့်နေမှန်းသိသာသည်။
ထိုပုံစံကြောင့် ယဲ့ဖန်က တမင် နှေးတိနှေးတုန့်ဖြင့် မထုတ်ချင်သည့်ပုံစံလုပ်လိုက်သည်။
ယဲ့ပေါက်ကောက စိတ်မရှည်တတ်သူဖြစ်တာကြောင့် ချက်ချင်းဒေါသထွက်လာတော့သည်၊
" ဘာမလို့လဲ။ ဘာလို့ မထုတ်သေးတာလဲ "
သူ့အဘိုးက ဒေါသငယ်ထိပ်ရောက်လာတော့မှာကို မြင်ပြီး ယဲ့ဖန် အချိန်ဆွဲမနေတော့ဘဲ Rolex ဘူးကိုထုတ်လိုက်တော့သည်။
ယဲ့ပေါက်ကောက အမြန်ဆွဲယူလိုက်ပြီး လှပစွာထုတ်ပိုးထားသည့်ဘူးကို ဇတ်ခနဲဖွင့်လိုက်သည်။
" ဘာကြီးလဲ။ ဘာမလို့ အဲ့လောက်ကျပ်အောင်ထုတ်ထားတာလဲ။ ရွှေတုံးမလို့လား "
" ရွှေတုံးထက်ကောင်းတယ်။ အဘိုး သေချာပေါက်ကြိုက်မှာပါ "
" ဟားဟား၊ ဘယ်လောက်ကောင်းတဲ့ပစ္စည်းကို မင်းက ဝယ်နိုင်မှာမလို့လဲ "
ယဲ့ပေါက်ကောက သက်ညှာမှုမရှိပြန်ပြောသည်။
ထို့အချိန်မှာဘဲ ဘူးကိုဖွင့်လိုက်တဲ့အခါ အထဲမှ နာရီတစ်လုံးကိုတွေ့ပြီး မျက်လုံးတို့ပြူးကျယ်သွားရသည်။
" ဒါ ...... ဒါက ...... "
အပိုင်း (၂၀၄)
မင်းပေးရင်တောင် ငါက ဒီလိုအမှိုက်ကို မလိုချင်ပါဘူး။
ယဲ့ပေါက်ကော၏ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရတော့ မားရှန်းလန်နှင့် အဘွားဟွမ်တို့သည် စူးစူးစမ်းစမ်း ကြည့်ကြသည်။
" ဝါး၊ ရှောင်ဖန်လေး၊ ဒီနာရီက အရမ်းလှတာဘဲ "
မားရှန်းလန်က မသိစိတ်ဖြင့် ထိကြည့်ဖို့ လက်လှမ်းလိုက်သည်။
" ဘာလုပ်နေတာလဲ။ ဒါက ရှောင်ဖန်က ငါ့ကိုပေးတဲ့ လက်ဆောင် "
ယဲ့ပေါက်ကောသည် သူ့အစာကို သတိထားပြီး ကာကွယ်နေသကဲ့သို့ သူ့လက်ကောက်ဝတ်တွင် ဖွက်ထားလိုက်သည်။
ထို့နောက် ပထမဆုံးအကြိမ်အဖြစ် သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
ယဲ့ဖန်သည် ချီးကျူးခံရရန် အခွင့်အရေးယူ မေးလိုက်သည်။
" အဘိုး၊ ကြိုက်လား နာရီကို "
ထိုအမေးကို ကြားတော့ ယဲ့ပေါက်ကော၏မျက်နှာက ပြန်တည်သွားသည်။
" ဟမ်၊ မင်းရဲ့အကြည့်က တကယ်ဆိုးတာဘဲ။ ဒီနာရီက ရုပ်ဆိုးလွန်းတယ်။ ဘယ်လောက်တောင် ပေးပြီးဝယ်ခဲ့ရလဲ "
ယဲ့ဖန်က ချီတုံချတုံဖြစ်သွားသည်။
" ကျွန်တော် ....... ယွမ် ရာဂဏန်းလောက်ဘဲသုံးထားတာပါ။ ဈေးမကြီးပါဘူး "
ယွမ် ၂ သိန်းလို့ ပြောလိုက်ရင် အဘိုးအို လန့်သွားမှာကို ယဲ့ဖန် စိုးရိမ်သည်။
ဒါက အတော်လေးစိတ်မကောင်းစရာဖြစ်သည်။
သို့ပေမဲ့ ထိုစကားကိုကြားတဲ့အခါ ယဲ့ပေါက်ကောက ရုတ်တရတ် စိတ်လှုပ်ရှားလာမယ်ဆိုတာကို ဘယ်သူကသိမှာလဲ။
" မင်းမှာ ပိုက်ဆံရှိပြီး သုံးစရာနေရာမရှိဖြစ်နေလို့လား။ ဒီနာရီအစုတ်က ဘယ်လိုလုပ်ပြီး ယွမ်ရာနဲ့ချီတန်ဖိုးရှိမှာလဲ။ ဘုရားကျောင်းနားမှာဆို ၁၂ ယွမ်လောက်နဲ့ ဝယ်လို့ရတယ်။ မင်းရဲ့ဟာထက်တောင် ပိုကောင်းသေးတယ် "
ယဲ့ဖန်၏ နောက်ကျောတွင် ချွေးအေးများထွက်လာသည်။
ကံကောင်းထောက်မစွာဖြင့် ယွမ်ရာဂဏန်းဘဲ ပေးရသည်ဟု သူ ပြောခဲ့သည်။
အကယ်၍ ယွမ် ၂သိန်းပေးပြီး ဝယ်ခဲ့သည်ဟုဆိုပါက သူ့အဘိုးက သူ့ကို ချက်ခြင်းထိုးသတ်လိမ့်မည်။
" ဒီခေါင်းမာတဲ့အဘိုးကြီးကတော့ ရှင့်မြေးက သိတတ်တာကို နည်းနည်းတောင် မပျော်နိုင်ဘူးလား "
မားရှန်းလန်က အော်လိုက်သည်။
သူမ စကားပြောပြီးတဲ့အခါ သူမက ယဲ့ဖန်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
ယဲ့ဖန်သည် သူမ၏အမူအရာကြောင့် ရယ်လုနီးပါးဖြစ်သွားသည်။
ထို့နောက် သူ့အိတ်ထဲက နောက်ထပ်ဘူးတစ်ခုကို အမြန်ထုတ်လိုက်သည်။
" အဘွား၊ ဒါက အဘွားအတွက် "
မားရှန်းလန်သည် လက်ဆောင်ဘူးကို အမြန်ယူကာ သေသေချာချာဖွင့်ကြည့်လိုက်သည်။
အပြင်ကထုတ်ထားတာကို ဖွင့်လိုက်တာနဲ့ အတွင်းထဲက မွှေးရနံ့တစ်ခုထွက်လာသည်။
သစ်သားဘူးလေးက ဘာနဲ့လုပ်ထားလဲ သူမ မသိပေ။
အနံ့က အရမ်းကောင်းသည်။
မားရှန်းလန်သည် သစ်သားဘူးကို ဖွင့်လိုက်သည်။
အတွင်းထဲတွင် လက်ကောက်ကို မြင်လိုက်တဲ့အခါ အံ့အားသင့်ပြီး ပါးစပ်ကိုအုပ်လိုက်သည်။
" ဘယ်လောက်လှတဲ့ လက်ကောက်လေးလဲ "
လက်ကောက်သည် နို့ဖြူရောင်ဖြစ်ပြီး နူးညံ့သောအသွင်အပြင်နှင့် တောက်ပသောအရောင်ရှိသည်။
မြင်လိုက်တာနဲ့ စိတ်အေးချမ်းသာပြီး ပျော်ရွှင်စေသည်။
ဒါကိုမြင်တော့ အဘွားဟွမ်က ခေါင်းငုံ့ပြီး သူမလက်ကောက်ဝတ်ပေါ်က လက်ကောက်ကို ကြည့်လိုက်သည်။
လူတွေက သူတို့ကိုယ်သူတို့ တခြားသူတွေနဲ့ နှိုင်းယှဥ်မိတဲ့ အဓိပ္ပာယ်ကို သူမ နားလည်သွားသည်။
ဘူးထဲက လက်ကောက်နဲ့ယှဥ်လိုက်ရင် သူမလက်ပေါ်က စျေးပေါတဲ့ ပစ္စည်းတစ်ခုနှင့်တူနေသည်။
ထို့ကြောင့် သူမသည် လက်ကောက်ကို နှင့် အမြန်ဖုံးလိုက်သည်။
မားရှန်းလန်က လက်ကောက်ကို လက်ကောက်ဝတ်မှာ ဝတ်လိုက်သည်။
သူမ ကြည့်လေလေ ပိုကြိုက်လေလေဖြစ်လာသည်။
" ရှောင်ဖန်၊ ဒီလက်ကောက်က လှလိုက်တာ။ ဘယ်လောက်ပေးခဲ့ရလဲ "
ယဲ့ဖန်က အခုလေးတင် သူ့အဘိုးကိုကြည့်ပြီး ဈေးအစစ်ကို မပြောရဲပေ။
" ဈေးမကြီးပါဘူး ...... ဒီအတိုင်း ယွမ်ထောင်ကျော်လောက်ပါဘဲ "
ထိုစကားကိုကြားတဲ့အခါ ယဲ့ပေါက်ကောက ဖိနပ်ကိုချွတ်ပြီး သူ့ကို ပစ်ဖို့ရွယ်လိုက်သည်။
" သုံးစားမရတဲ့အကောင်၊ ဒီလက်ကောက်အစုတ်အတွက်နဲ့ ယွမ်ထောင်ချီပေးခဲ့တယ်ပေါ့၊ ဟုတ်လား "
ယဲ့ဖန် လန့်သွားပြီး သူ့အဘွားအနောက်ကိုပြေးပုန်းလိုက်သည်။
မားရှန်းလန်က သူ့ကို ကာပေးလိုက်ပေမဲ့ သူမကလည်း ဝင်ဆူသည်။
" ဟုတ်တယ်၊ ရှောင်ဖန်။ နင့် အဘိုးပြောတာမှန်တယ်။ ဒါက ဈေးကြီးလွန်းတယ်။ ပြန်ပေးလို့ရသေးလား။ မြန်မြန်သွားကြရအောင် "
ယဲ့ဖန်က ခေါင်းခါပြသည်။
" အရည်အသွေးမကောင်းလို့မဟုတ်ရင် သူတို့က ပြန်လဲ လက်မခံဘူး "
မားရှန်းလန်က နည်းနည်းစိုးရိမ်သွားသည်။
" ဒါပေမဲ့ ဒါက ...... "
ယဲ့ဖန်က သူမရဲ့ပုခုံးပေါ်ကို လက်တင်လိုက်သည်။
" အဘွား ကြိုက်ရင် ဝတ်ထားလိုက်။ မကြိုက်ဘူးဆို ...... အဘွားဟွမ်ကို ပေးလိုက်မယ် ဌ
မားရှန်းလန်က လက်ကောက်ကို အမြန်ဖုံးလိုက်သည်။
" ကြိုက်တယ်၊ အရမ်းကြိုက်တယ် "
ယဲ့ဖန်က ခေါင်းတယမ်းယမ်းဖြင့် ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာဘဲ သက်ပြင်းချလိုက်ရသည်။
အဘိုးနဲ့ အဘွားပျော်တာမြင်ရတဲ့အတွက် ပိုက်ဆံအလဟဿဖြစ်မသွားပေ။
ထို့နောက် အဘိုးအဘွားအတွဲက ဆက်မစားကြတော့ဘဲ သူတို့မြေးပေးသည့်လက်ဆောင်တွေကိုဘဲ တသသကြည့်နေကြသည်။
ဘေးက အဘွားဟွမ်က တော်တော်လေးစိတ်ပျက်နေသည်။
တကယ်တော့ သူမ လိမ်ခဲ့တာဖြစ်သည်။
ထိုလက်ကောက်က သူမမြေးဆီက လက်ဆောင်မဟုတ်ပေ။
သူမဘာသာ ခိုးဝယ်ထားတာဖြစ်ပြီး အခြားသူတွေကို သူမမြေးကပေးတာကို လိမ်ညာပြောခဲ့တာဖြစ်သည်။
မျက်နှာရအောင် လုပ်ကြံထားတာဖြစ်သည်။
ထိုအခါ လူတွေက သူမက မိခင်ကောင်းဖြစ်ပြီး သူမ သားနဲ့မြေးက သိတတ်ကာ ပျော်ရွှင်တဲ့မိသားစုရှိသည်ဟုထင်ကြသည်။
တကယ်တော့ သူမ သားနဲ့ မြေးက မနှစ်က တကယ်ပြန်လာခဲ့သည်။
ပြန်လာတဲ့အခါ လက်ဆောင်မပါတဲ့အပြင် မပြန်ခင် သူမရဲ့ ပင်စင်ကြေးတွေကိုတောင် အကုန်ယူသွားသည်။
သူမရဲ့မြေးအတွက် မြို့မှာ အိမ်ဝယ်ဖို့ဟုပြောသည်။
အခု ယဲ့ဖန်နဲ့ယှဉ်တဲ့အခါ သူမ မြေးက မသိတတ်တဲ့ မြေးဆိုးဖြစ်သည်။
စားပြီးကြတဲ့နောက် အဘွားဟွမ်က အကြောင်းပြချက်ပေးပြီး အိမ်ထဲက အမြန်ထွက်သွားသည်။
" ရှောင်ဖန်၊ သွားကြရအောင်။ အဘွားနဲ့ လမ်းလျှောက်ထွက်ကြတာပေါ့ "
မားရှန်းလန်က သူမမြေးရဲ့လက်ကို ချက်ချင်းဆွဲပြီး စိတ်အားထက်သန်စွာ အပြင်ကို ထွက်လာခဲ့သည်။
ယဲ့ပေါက်ကောကလည်း လိုက်လာသည်။
ထိုအချိန်တွင် ရပ်ကွက်ထဲရှိ အဘိုးကြီးအဘွားကြီးတွေက အရိပ်ထဲတွင် လေပြည်လေညှင်းခံနေကြသည်။
သူတို့စုံတွဲကိုတွေ့တဲ့အခါ တစ်စုံတစ်ယောက်က လာနှုတ်ဆက်သည်။
" အဘိုးကြီးယဲ့၊ ဒီနေ့ ငါးမျှားမသွားဘူးလား "
" ငါ့မြေးပြန်ရောက်နေလို့။ ဒီနေ့မသွားတော့ဘူး "
ထို့နောက် ယဲ့ပေါက်ကောက တမင်တကာ အင်္ကျီလက်ကိုခေါက်တင်လိုက်ပြီး ဆံပင်သပ်ချင်ယောင်ဆောင်လိုက်သည်။
မုတ်ဆိတ်ဖြူနဲ့အဘိုးကြီးက သူ့နာရီကို သတိထားမိသွားပြီး ချက်ချင်းမေးလိုက်သည်။
" အိုက်ယိုး၊ အဘိုးကြီးယဲ့က နာရီဝယ်လိုက်တာလား။ ဘယ်လောက်သုံးလိုက်ရလဲ "
" ငါ့မြေးက ငါ့အတွက်ဝယ်လာတာ။ ဈေးမကြီးပါဘူး၊ ယွမ်ထောင်ဂဏန်းလောက်ပါဘဲ "
ယဲ့ပေါက်ကောစကားတွေက အနည်းငယ်ခပ်ကြွားကြွားလေသံဖြစ်နေသည်။
" အဘိုးကြီးယဲ့ကတော့ မြေးကောင်းလေးမွေးထုတ်ထားတာဘဲ "
လူတိုင်းက ချီးမွန်းကြသည်။
မားရှန်းလန်ကလည်း နောက်ကောက်ကျမနေစေဘဲ 'မတော်ဆ'ဆန်စွာ သူမ လက်ကောက်ကို ထုတ်ပြလိုက်သည်။
" ငါတို့မြေးက တကယ်သိတတ်တာ "
" အို၊ သူက ခင်ဗျားအတွက်ရော လက်ကောက်ဝယ်လာတာဘဲ။ လှတယ်၊ လှတယ်။ မင်းကတော့ ဒါအတွက် ပိုက်ဆံအများကြီးကုန်ခဲ့မှာဘဲ၊ ဟုတ်တယ်မလား "
" ဈေးမကြီးပါဘူး၊ ထောင်ဂဏန်းလောက်ပါဘဲ "
ယဲ့ပေါက်ကောနဲ့ မားရှန်းလန်တို့က အထိန်းအကွပ်မရှိဘဲ ကြွားနေကြသည်။
ယဲ့ဖန်က သူ့အဘိုးအဘွား၏ကလေးဆန်တဲ့အပြုအမူတွေကိုကြည့်ပြီး ခေါင်းခါကာ ရယ်လိုက်သည်။
သို့ပေမဲ့ သေချာတွေးကြည့်လိုက်တဲ့အခါ သူ ကျုံးဟိုင်တက္ကသိုလ်ကို ဝင်ခဲ့ရတာကလွဲပြီး သူတိူ့မှာ ဂုဏ်ယူစရာမရှိခဲ့ကြချေ။
အဲ့တာကြောင့် သူတို့၏မြေးသည် အခြားသူများထက် မနိမ့်ကျကြောင်း အိမ်နီးနားချင်းတွေကို သက်သေပြနေကြတာဖြစ်မည်။
တွေးကြည့်တဲ့အခါ ယဲ့ဖန် နည်းနည်း ဝမ်းနည်းသွားသည်။
ထိုအချိန်တွင် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
" ကျစ်၊ ဘာ ဂုဏ်ယူစရာရှိလို့လဲ။ မင်း ငါ့ကိုပေးရင်တောင် ယွမ်ရာဂဏန်းလောက်တန်တဲ့ ဒီလိုအမှိုက်မျိုးကို မလိုချင်ဘူး "
ယဲ့ဖန်သည် အသံ၏ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။
လှုပ်လို့ရတဲ့ကုလားထိုင်ပေါ်တွင်ထိုင်နေသည့် ချမ်းသာသည်ဟုထင်ရသော အဘိုးအိုတစ်ဦးကို သူမြင်လိုက်ရသည်။
သူ့လက်ထဲက လက်ကောက်ကို ကစားနေသေးသည်။
သူ့မျက်နှာတွင် အထင်သေးနေသည့်အမူအရာတွေ ပြည့်နှက်နေသည်။