အပိုင်း ၂၁၃-၂၁၆
Vol. 11 Ch. 213-216
အပိုင်း (၂၁၃)
စိတ်မရှိပါနဲ့၊ ခင်ဗျားကို ကျွန်တော်က သိလို့လား။
ယဲ့ဖန်သည် ထိုအဘွားအိုကို သိသည်။
သူမအမည်က ယဲ့ကွေ့ဖန်းဖြစ်ပြီး သူမက သူ့အဘိုးရဲ့ညီမအရင်းဖြစ်သည်။ ယဲ့ဖန်နှင့် အဘွားလေးတော်စပ်သည်။
ဟိုးနှစ်တွေတုန်းက သူ့အဘိုးရဲ့မိဘတွေက စောစောသေသွားတဲ့အတွက် သူတို့အချင်းချင်း ဂရုစိုက်ခဲ့ကြရသည်။
ယဲ့ပေါက်ကောကဘဲ အဖေရော အမေအဖြစ်ပါ သူ့ညီမကို စောင့်ရှောက်ပျိုးထောင်လာတာဖြစ်သည်။
နောက်ပိုင်းတွင် ယဲ့ပေါက်ကောသည် စစ်တပ်တွင်းတွင် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပြီး ရာထူးတိုးတော့မည့်အခြေအနေဖြစ်လာသည်။
သို့ပေမဲ့ သူ့ညီမသည် သူ့မွေးရပ်မြေတွင် ဒေသခံ လူဆိုးလူမိုက်များ၏အနိုင်ကျင့်ခြင်းကို ခံရကြောင်း ကြားသိရသောအခါတွင် ယဲ့ပေါက်ကောက မွေးရပ်မြေကို ခိုးပြန်လာပြီး ထိုလူဆိုးတွေကို သင်ခန်းစာ ပေးခဲ့သည်။
သို့သော် ထိုကိစ္စကြောင့် ယဲ့ပေါက်ကော၏အလုပ် ပျက်စီးသွားရုံသာမက စစ်တပ်မှထွက်ရန် တွန်းအားပေးခံခဲ့ရသည်။
ယဲ့ပေါက်ကော၏ တောက်ပသောအနာဂတ်က လုံးဝပျက်စီးသွားခဲ့ရသည်။
ယဲ့ကွေ့ဖန်းကတော့ သူမရဲ့အလှကြောင့် စက်ရုံမန်နေဂျာရဲ့သားနဲ့ လက်ထပ်ပြီး စိတ်မပူပန်စရာမရှိဘဲ ဘဝကို ဖြတ်သန်းခဲ့သည်။
နောက်ပိုင်းတွင် ယဲ့ကွေ့ဖန်းသည် သူ့အဘိုးရဲ့ပြဿနာတွေထဲပါရမှာကို ကြောက်သောကြောင့် ယဲ့ပေါက်ကောနှင့် ခပ်ခွာခွာနေပြီး အဆက်အသွယ်မလုပ်တော့ပေ။
သူ့အစ်ကိုက သူမအတွက် သူ့အနာဂတ်ကို ဖျက်ဆီးခဲ့တာကို သူမက လုံးဝ မေ့လိုက်သည်။
ဒီနှစ်တွေတစ်လျှောက်လုံး ယဲ့ပေါက်ကောသည် သူ့ညီမ၏ဘဝကို အနှောင့်အယှက်ဖြစ်စေမိမှာကို စိုးရိမ်ခဲ့သည်။ အဲ့တာကြောင့် သူ့ဘဝ ဘယ်လောက်ခက်ခဲနေပါစေ၊ ယဲ့ကွေ့ဖန်းဆီက ဘာမှ မတောင်းဆိုခဲ့ဖူးချေ။
ခြွင်းချက်တစ်ခုတော့ရှိခဲ့သည်။
ယဲ့ဖန်ဆယ်နှစ်သားအရွယ်တွင် အူအတက်ရောင်ရောဂါဖြစ်ပြီး ခွဲစိတ်ရန်အတွက် ငွေကြေးများစွာလိုအပ်ခဲ့သည်။
ယဲ့ပေါက်ကောသည် အမှန်တကယ် သူ့မှာ အခြားနည်းလမ်းမရှိတော့တာကြောင့် သူသည် ဓားနဲ့ထိုးခံရကဲ့သို့ ဗိုက်နာနေသော ယဲ့ဖန်လေးကို ယဲ့ကွေ့ဖန်း၏တံခါးဝဆီသို့ သယ်ဆောင်သွားပြီး ပိုက်ဆံချေးပေးဖို့ တောင်းပန်ခဲ့သည်။
အဆုံးမှာတော့ သူ့အဘိုးနဲ့အဘွားက ဒူးပါထောက်ချခဲ့ကြသည်။
သို့ပေမဲ့ နှလုံးသားကို ကျောက်ဖြင့်ပြုလုပ်ထားပုံရတဲ့ယဲ့ကွေ့ဖန်းသည် သူမမျက်နှာကိုပင် ထွက်မပြခဲ့ပေ။
နောက်ဆုံးတော့ အိမ်နီးချင်း အဘွားကြီးတစ်ယောက်က မကြည့်ရက်တော့တာကြောင့် ခွဲစိတ်မှုအတွက် ပိုက်ဆံချေးပေးခဲ့သည်။
ထိုအချိန်တွင် ယဲ့ဖန်၏အူအတက်ရောင်ရမ်းမှုသည် ထုံနေပြီဟု ဆရာဝန်မှပြောခဲ့သည်။
တစ်ရက်ခွဲလောက်သာ နောက်ကျပါက သူ့အသက်ကိုတောင် ကယ်နိုင်မှာမဟုတ်ဘူးဟုဆိုသည်။
ယဲ့ဖန်သည် ထိုကျောက်ခဲလိုနှလုံးသားနဲ့ အဘွားကြီးကို စိတ်ထဲမှ မြဲမြံစွာမှတ်မိနေသည်။
အခု သူမကို ပြန်တွေ့တဲ့အခါ ဒေါသရိပ်က သူ့ရင်ဘတ်ထဲ တလှိုက်လှိုက်တက်လာသည်။
သို့သော် သူ့အဘိုးမျက်နှာအတွက် လောလောဆယ်မှာတော့ သည်းခံနေခဲ့သည်။
ထိုကဲ့သို့ပင် ယဲ့ပေါက်ကောသည်လည်း အလွန်အမင်းစိတ်ထိခိုက်ခဲ့ပြီး သူ့ညီမကို နက်နက်နဲနဲနာကျည်းနေသည်။
ထို့ကြောင့် သူ့ညီမကိုတွေ့တဲ့အခါ မျက်နှာထားက ချက်ချင်း မည်းနက်သွားသည်။
" ဒီမှာ ဘာလာလုပ်တာလဲ "
ယဲ့ကွေ့ဖန်းသည် ယဲ့ဖန်ကို မှုန်ကုပ်ကုပ် စိုက်ကြည့်နေသည်။
" ရှောင်ဖန် ပြန်လာပြီဆိုတာ ငါကြားတော့ ငါ အမြန်လာကြည့်တာလေ။ အင်း၊ ရှောင်ဖန်လေးက ဒီလောက်တောင် ကြီးပြင်းလာပြီလား။ လာပါဦး၊ ဒီအဘွားက ကောင်းကောင်းကြည့်ရအောင် "
သူမက စကားပြောနေစဉ်တွင် ယဲ့ဖန်ရဲ့ခေါင်းကိုထိရန် လက်လှမ်းလိုက်သည်။
ယဲ့ဖန်သည် ရွံရှာစွာဖြင့် နောက်ပြန်ဆုတ်လိုက်သည်။
" တောင်းပန်ပါတယ်၊ ခင်ဗျား ကျွန်တော့်ကိုသိလို့လား "
ယဲ့ကွေ့ဖန်းသည် သူမလက်ကို အံ့သြစွာဖြင့် ပြန်ရုတ်လိုက်သည်။
" ကြည့်ပါဦး ဒီကလေး။ မင်းက ငါ့ကိုတောင် အသိအမှတ်မပြုဘူးလား။ ငါက မင်းအဘိုးရဲ့ညီမ။ မင်းအဘိုးနဲ့ အဖွားကလွဲရင် ငါက မင်းရဲ့ အရင်းနှီးဆုံး ဆွေမျိုးဘဲ "
ယဲ့ပေါက်ကောလည်း အနည်းငယ်စိတ်ပျက်သွားသည်။
" မင်းမှာ ပြောစရာရှိရင် အမြန်ပြော။ မဟုတ်ရင်တော့ ကျေးဇူးပြုပြီး ပြန်သွားပါ။ ငါတို့အိမ်မှာ မင်းကို မကြိုဆိုဘူး "
" အစ်ကို .......... "
" ငါ့ကို အဲလိုမခေါ်နဲ့။ ငါက မင်းအစ်ကိုမဟုတ်ဘူး "
ယဲ့ပေါက်ကောက သူမကို စကားဖြတ်ပြောပြီး ယဲ့ဖန်ဘက်ပြန်လှည့်လိုက်သည်။
" ရှောင်ဖန်၊ ပြန်ကြရအောင် "
ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
ယဲ့ကွေ့ဖန်းသည် သူတို့လမ်းကို အမြန်ပိတ်ရပ်လိုက်သည်။
" အစ်ကို၊ အစ်ကို့ကိုမေးစရာရှိလို့ပါ ....... ကျေးဇူးပြုပြီး၊ ရှောင်ဖန် "
ထို့နောက် သူမသည် လူငယ်တစ်ဦးကို ရှေ့ဆွဲလာသည်။
" အစ်ကို၊ ဒါက ငါ့ရဲ့မြေး တန်းယန် တဲ့။ တန်းယန်၊ မင်းအဘိုးကို ဘာလို့ အမြန်မနှုတ်ဆက်သေးတာလဲ "
ထိုလူငယ်က ယဲ့ပေါက်ကောကို ဝတ်ကျေတန်းကျေ ခေါင်းငြိမ့်နှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ၊ အဘိုး "
သူ့အပြောအဆိုအရ သူက ယဲ့မိသားစုအပေါ် အထင်အမြင်သေးကြောင်း ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။
အစမှအဆုံးအထိ သူ့မျက်လုံးတွေက ယဲ့ဖန်ရဲ့ Lykan စူပါပြိုင်ကားကိုသာ စိုက်ကြည့်နေသည်။
" မင်းရဲ့ကားက မဆိုးဘူး။ ငါ့ကို နှစ်ရက်လောက် ငှားပေးနိုင်မလား "
တန်းယန်က ပြောပြီးတာနဲ့ ယဲ့ဖန်ရဲ့ သဘောတူညီချက်ကို စောင့်မနေဘဲ သူ့လက်ထဲက ကားသော့ကို လှမ်းယူလိုက်သည်။
ယဲ့ဖန်က သူ့ကို မျက်နှာသာမပေးဘဲ လက်ကို ရိုက်ထုတ်လိုက်သည် ။
" ငါ မင်းကို သိလို့လား။ ထွက်သွား "
တန်းယန်၏ မျက်နှာက ချက်ချင်း အကျည်းတန်တဲ့အမူအရာဖြစ်သွားသည်။
" ကျစ်၊ ငါက မင်းကိုမျက်နှာသာပေးနေတာ၊ ဟုတ်ပြီလား။ ပိုက်ဆံနည်းနည်းရှာပြီးတာနဲ့ မင်းကိုယ်မင်း အကောင်ကြီးလှပြီလို့ထင်နေတာလား "
သူကပြောသည့်ပြီးတဲ့နောက် တစ်ခုခုလှုပ်ရှားရန် ပြင်လိုက်သည်။
ယဲ့ကွေ့ဖန်းက သူ့ကို အလျင်စလို အော်တားလိုက်သည်။
" တန်းယန်၊ မင်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းပြုမူစမ်း "
တန်းယန်၏မျက်နှာသည် ဒေါသအပြည့်ဖြစ်နေသော်လည်း သူ နောက်ထပ် ဘာမှမလုပ်တော့ပေ။
ယဲ့ကွေ့ဖန်းသည် ယဲ့ဖန်ကို အမြန်လှည့်ကြည့်လိုက်သည်။
" ရှောင်ဖန်၊ ငါက မင်းရဲ့အစ်ကိုယန်ကို ငယ်ငယ်ကတည်းက အလိုလိုက်ထားမိလို့ပါ။ စိတ်ထဲမထားပါနဲ့ "
ယဲ့ဖန်က စိတ်မရှည်စွာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ခင်ဗျားမှာ ပြောစရာရှိရင် မြန်မြန်ပြောပြီး ထွက်သွား။ ခင်ဗျားမိသားစုထဲက ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး "
ထိုစကားကိုကြားသောအခါ တန်းယန်၏ မျက်လုံးများ က ပြူးကျယ်သွားသည်။
" မင်း ငါ့အဘွားကို ဘယ်လိုစကားပြောနေတာလဲ။ အရိုက်ခံချင်နေတာလား "
ထိုကဲ့သို့ပြောရင်း သူက ယဲ့ဖန်ကို လက်သီးဖြင့်ထိုးလိုက်သည်။
" အား "
သူက အဲ့လောက် စိတ်မြန်လက်မြန်ရှိလိမ့်မည်ဟု ဘယ်သူကမှ ထင်မထားပေ။
တားချင်ရင်တောင် နောက်ကျသွားပြီဖြစ်သည်။
ယဲ့ဖန်သည် တန်းယန်၏ရုတ်တရက်တိုက်ခိုက်မှုကို ဂရုမစိုက်ချေ။
ကွန်ဖူးလေ့ကျင့်မှု ကာလတစ်ခုပြီးသွားတဲ့အခါ သူ့ရဲ့ အတိုက်အခိုက်အသိပညာက သာမန်လူတွေထက် များစွာသာလွန်နေပြီဖြစ်သည်။
တန်းယန်၏ ထိုးချက်သည် ထောင့်၊ အမြန်နှုန်း ဒါမှမဟုတ် ခွန်အားဖြစ်စေ ယဲ့ဖန်၏မျက်လုံးထဲမှာတော့ သူတို့အားလုံးက အပြစ်အနာအဆာတွေ အပြည့်ဖြစ်နေသည်။
ယဲ့ဖန်က ခေါင်းကို မလှည့်ဘဲ သူ၏ညာလက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ကာ တန်းယန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး လိမ်ချိုးလိုက်သည်။
" အာ့ ...... "
တန်းယန်က ချက်ချင်း နာကျင်မှုကြောင့်အော်လိုက်သည်။ သူ့လက်တစ်ခုလုံး အဆစ်လွဲသွားသလို ခံစားရသည်။
" ခွေးကောင်၊ လွှတ်စမ်း .......... "
ခုခံချင်သော်လည်း သူ့လက်တစ်ခုလုံးကို ယဲ့ဖန်က တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
နည်းနည်းလေးလှုပ်ရှားရင်တောင် နာကျင်စေသည်။
သူ့မြေး၏ လျင်မြန်ပြီး သေသပ်ဖမ်းယူမှုကို မြင်လိုက်တဲ့အခါ ယဲ့ပေါက်ကော၏မျက်လုံးများတောက်ပလာသည်။
ဒီလိုရိုးရှင်းတဲ့လှုပ်ရှားမှုက နှစ်အနည်းငယ်ကြိုးစားအားထုတ်မှုမရှိဘဲ ကျွမ်းကျင်ဖို့ဆိုတာ ခက်ခဲသည်။
ထို့ကြောင့် ယဲ့ပေါက်ကော ချက်ချင်း အံ့သြပြီးပျော်ရွှင်သွားရသည်။
သူ့မြေးသည် ခိုင်းတိုင်းလုပ်ပေးတတ်တဲ့သူဖြစ်ခဲ့ပြီး အနိုင်ကျင့်ရန် အမြဲတမ်းပစ်မှတ်ထားခံရသည်။
ထို့ကြောင့် အပြင်မှာအနိုင်ကျင့်ခံရမှာကို စိုးရိမ်နေခဲ့ရသည်။
နှစ်ဝက်အတွင်း ယဲ့ဖန်က ရုတ်တရက် အစွမ်းထက်လာသည်။
ဒီနေ့တွင် သူ့မြေးဖြစ်သူက သူ့ကို အံ့အားသင့်စရာများစွာကို ယူဆောင်လာပေးခဲ့သည်။
နှစ်ဝက်အချိန်က သူ့ကို ကမ္ဘာမြေတုန်လှုပ်စေနိုင်တဲ့အထိ များပြားသော အပြောင်းအလဲတွေကို ရရှိစေခဲ့သည်။
ယဲ့ဖန်ကို သူကိုယ်တိုင်ကိုယ်ကျ ပြုစုမပျိုးထောင်ခဲ့ပါက ယဲ့ပေါက်ကော သူ့ကို မှတ်မိမှာတောင်မဟုတ်ပေ။
" အစ်ကို၊ ရှောင်ဖန်ကို အမြန်ရပ်ခိုင်းလိုက်ပါ။ တန်းယန်ကို မတိုက်ခိုက်ခိုင်းပါနဲ့ "
ယဲ့ကွေ့ဖန်းသည် ယဲ့ပေါက်ကောကို အကူအညီတောင်းရန် အမြန်လှည့်လိုက်သည်။
ယဲ့ပေါက်ကောသည် ယဲ့ဖန်အား တည်ငြိမ်စွာ လက်ကိုဝှေ့ယမ်းပြလိုက်သည်။
" ရှောင်ဖန်၊ သူ့ကို သွားခွင့်ပေးလိုက် "
ယဲ့ဖန်သည် သူ့အဘိုးပြောသည်ကို ကြားလိုက်ရသည်။
သူက ဘာမှထပ်မပြောဘဲ တန်းယန်ရဲ့ တင်ပါးကို ကန်ထည့်လိုက်သည်။
ကန်ချက်က အားမပျော့ပေ။
တန်းယန်သည် တစ်မီတာကျော်လောက်ထိ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
သူ့ရှေ့သွားနှစ်ချောင်းလည်း ကျွတ်ထွက်သွားပြီး သူ့ပါးစပ်မှာ သွေးတွေအပြည့်ဖြစ်သွားသည်။
အံ့သြစရာကောင်းတဲ့မြင်ကွင်းတစ်ခုဘဲ။
အပိုင်း (၂၁၄)
စကားနဲ့ပြောလို့ မရဘူးလား။
" ယဲ့ဖန်၊ သူက မင်းအစ်ကိုလေ။ မင်း သူ့ကို ဘာလို့ အဲ့လိုလုပ်လိုက်တာလဲ "
သူ့မြေးကို ဒီလိုအရိုက်ခံရတာကို မြင်တဲ့အခါ ယဲ့ကွေ့ဖန်း အနည်းငယ်ဒေါသထွက်သွားသည်။
ယဲ့ဖန်က ငြိမ်ငြိမ်လေးနေပြီး သူမရဲ့မေးခွန်းကိုဖြေဖို့ပြင်လိုက်သည်။
" ခင်ဗျား မျက်လုံးကန်းနေတာ မဟုတ်ရင် သူက အရင်ဆုံးထိုးတာကို လုပ်ခဲ့တဲ့သူဆိုတာကို ခင်ဗျားမြင်နိုင်လိမ့်မယ် "
" ပြီးတော့ သူ့ကို ညီအစ်ကိုအဖြစ် အသိအမှတ်မပြုဘူး "
" ငါ့ကို တိုက်ခိုက်ခဲ့တဲ့ သူစိမ်းတစ်ယောက်ကို အများကြီးသက်ညှာပြီးပြီ။ အနည်းဆုံးတော့ သူ အခုထိ မတ်တပ်ရပ်နေနိုင်သေးတာဘဲ "
" မင်း .......... "
ယဲ့ကွေ့ဖန်းသည် စကားနဲ့ပြန်မငြင်းနိုင်တော့ပေ။
သူမသည် ယဲ့ဖန်နှင့် ဆက်လက်ငြင်းခုံချင်သော်လည်း ဒီနေရာသို့လာရတဲ့ ရည်ရွယ်ချက်ကို တွေးလိုက်မိသောအခါ သူမ၏ဒေါသကို မျိုသိပ်ထားလိုက်ရသည်။
" ကောင်းပြီ၊ ဒီတစ်ခါတော့ တန်းယန်ရဲ့ အပြစ်လို့ ခံယူလိုက်မယ်။ သူ့ကိုယ်စား မင်းကို တောင်းပန်ပါတယ် "
ယဲ့ဖန်က အထင်သေးစွာ ရယ်မောလိုက်သည်။
" သူက မသေသေးပါဘူး။ ဘာလို့ သူ့ကိုယ်စား တောင်းပန်နေတာလဲ "
ယဲ့ကွေ့ဖန်းက သူ့မြေးကို တောင်းပန်ခိုင်းဖို့ကလွဲလို့ ရွေးစရာမရှိတော့ပေ။
" တန်းယန်၊ မင်းညီကို မြန်မြန်တောင်းပန်လိုက် "
" အဘွား .... "
တန်းယန် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။
" မြန်မြန်လုပ် "
ယဲ့ကွေ့ဖန်း၏အသံမာလာသည်။
တန်းယန်သည် ယဲ့ဖန်ကို ခေါင်းငုံ့တောင်းပန်ရုံမှတပါး ရွေးချယ်စရာမရှိပေ။
"တောင်းပန်ပါတယ် "
ယဲ့ကွေ့ဖန်းသက်ပြင်းချကာ ကြင်နာသောအပြုံးကို ပြပြန်သည်။
" ရှောင်ဖန်၊ မင်း ကျုံးဟိုင မှာ စီးပွားရေးအကြီးကြီးလုပ်နေတာလို့ ငါကြားတယ် "
သူမက စကားပြောနေစဉ်တွင် ယဲ့ပေါက်ကော၏လက်ကောက်ဝတ်ပေါ်ရှိ Rolex နာရီကိုကြည့်လိုက်သည်။
ယဲ့ဖန်နှင့် ယဲ့ပေါက်ကောတို့သည် နောက်ဆုံးတွင် နားလည်သွားကြတော့သည်။
ဖြစ်နိုင်သည်မှာ တစ်ဖက်လူသည် တစ်နေရာရာမှ သတင်းရခဲ့ပြီး ယဲ့ဖန်သည် ချမ်းသာကြောင်းကိုသိပြီး သူမက မျက်နှာလာလုပ်တာဖြစ်မည်။
ယဲ့ပေါက်ကော၏နှလုံးသား နာကျင်သွားရသည်။
သူမသည် သူ့လက်ဖြင့် ပြုစုပျိုးထောင်ခဲ့သော ညီမငယ်လေးဖြစ်သည်။
သူမက သူ့ကိုအစ်ကိုအဖြစ် အသိအမှတ်မပြုခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။
အခု သူ့မြေးကြောင့် ချမ်းသာလာတဲ့အခါမှ သူမက အစ်ကိုရှိကြောင်းကို သတိရတာဖြစ်သည်။
ထိုမြင်ကွင်းက ယဲ့ပေါက်ကောရဲ့ သူ့ညီမအပေါ်နောက်ဆုံးလက်ကျန်မျှော်လင့်မှုကို ဖြိုခွဲပစ်လိုက်သည်။
ဒီလိုသွေးသားဆက်ဆံရေးမျိုးက မထိုက်တန်ပေ။
သူ့မှာ ဒီညီမ မရှိဖူးဟု သတ်မှတ်လိုက်တော့သည်။
ယဲ့ကွေ့ဖန်းသည် သူ့အစ်ကိုရဲ့အမူအရာကို မမြင်ဘဲ ယဲ့ဖန်ကို ဆက်ပြီးစိုက်ကြည့်နေသည်။
" ရှောင်ဖန်၊ မင်းက တစ်ယောက်တည်းစီးပွားရေးလုပ်နေတာဆိုတော့ ပိုပြီးသတိထားရမယ်။ အပြင်မှာ လူဆိုးတွေချည်းပဲ။ မင်းကို ချဉ်းကပ်တဲ့ သူတိုင်းက မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိမှာ သေချာတယ် "
ယဲ့ဖန်သည် တစ်ဖက်လူ၏ရည်ရွယ်ချက်ကို သိထားပြီးဖြစ်၍ သူမရည်ရွယ်ချက်ကိုဖော်ထုတ်ရန် အလျင်စလိုမလုပ်ပေ။ သူ တုံးချင်ယောင်ဆောင်လိုက်သည်။
" ဒါဆို ဘာလုပ်သင့်လဲ "
ယဲ့ကွေ့ဖန်းက တန်းယန်ကို ဆွဲလိုက်သည်။
" မင်းရဲ့လုပ်ငန်းကို စီမံခန့်ခွဲတဲ့နေရာမှာ ကူညီဖို့ မင်းယုံကြည်စိတ်ချရတဲ့ တစ်ယောက်ယောက်လိုအပ်တယ်။ ဒါဆို အပြင်လူက မင်းကို အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး။”
ယဲ့ဖန်က တန်းယန်ကို စိုက်ကြည့်လိုက်သည်။
" အိုး၊ ခင်ဗျားပြောတဲ့ 'ယုံကြည်ထိုက်သူ' က ခင်ဗျားရဲ့မြေးဟုတ်လား "
ယဲ့ကွေ့ဖန်း လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ မင်းနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်မတွေ့ဖူးပေမယ့် မင်းရဲ့ အမျိုးဝမ်းကွဲအစစ်လေ။ မင်းရဲ့အရိုးတွေ ကျိုးသွားရင်တောင် မင်းရဲ့အရွတ်တွေက ချိတ်ဆက်နေတုန်းလို့ဆိုသလိုဘဲ အပြင်လူတွေထက်စာရင် ပိုကောင်းတယ် မဟုတ်ဘူးလား "
ယဲ့ဖန်က ဆက်ပြီး မသိချင်ယောင်ဆောင်သည်။
"ဟုတ်တယ်၊ ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိတယ်ထင်တယ် "
ယဲ့ကွေ့ဖန်းသည် အခွင့်အရေးရှိသည်ကို သူမမြင်သောအခါ အလွန်ဝမ်းသာသွားသည်။
" မင်းကို ပြောပြမယ်။ မင်းရဲ့အစ်ကိုယန်က တရုတ်ပြည်ရဲ့ Project 211 ကနေ ဘွဲ့ရထားတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဘဲ။ မင်းရဲ့လုပ်ငန်းကို သူ့ဆီလက်လွှဲထားခဲ့ပြီး မင်းရဲ့စာလေ့လာမှုကို အေးအေးဆေးဆေး ပြီးအောင်အရင်လုပ်။ ငါကတိပေးတယ် နှစ်အနည်းငယ်အတွင်း .......... "
" နှစ်အနည်းငယ်အတွင်း ငါ့ကုမ္ပဏီတွေအားလုံး သူ့နာမည်အောက်မှာ ရောက်သွားမှာမဟုတ်လား "
ယဲ့ဖန်သည် သူမ၏စကားကိုဖြတ်ပြောလိုက်ပြီး သူ့မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုပြုံးနေခဲ့သည်။
" ကြည့်စမ်း၊ ဒီကလေး၊ မင်းဘာတွေပြောနေတာလဲ။ မင်းရဲ့အစ်ကိုယန်ရဲ့ အကျင့်စရိုက်ဖြစ်ဖြစ် စွမ်းရည်ဘဲ ဖြစ်ဖြစ်၊ သူက အားကိုးထိုက်တယ်။ မင်းသူ့ကိုမယုံရင် အရင်ဆုံးစမ်းသပ်နိုင်တယ် "
ယဲ့ဖန်က သူ့မေးစေ့ကို ထိလိုက်ပြီး လေးလေးနက်နက် တွေးတဲ့ပုံစံလုပ်လိုက်သည်။
" ခင်ဗျားပြောတဲ့အတိုင်း ကျွန်တော့်မှာ တကယ်ဘဲ ပေးစရာအလုပ်ရှိတယ်။ သူသာဆန္ဒရှိရင် ငါ ကြိုးစားခွင့်ပေးနိုင်တယ်။ သူတာဝန်ကျေရင် သူ့အတွက် နောက်ထပ်စီးပွားရေးတွေပါ လုပ်ပေးဖို့ စဉ်းစားမယ် "
ယဲ့ကွေ့ဖန်းက လျင်မြန်စွာခေါင်းငြိမ့် သဘောတူလိုက်သည်။
" ပြဿနာမရှိဘူး။ ဘာအလုပ်ဘဲဖြစ်ဖြစ် မင်းရဲ့အစ်ကိုယန်က အကုန်လုပ်နိုင်လိမ့်မယ် "
တန်းယန်၏ ပါးစပ်ထောင့်များက မသိမသာ ကော့တက်သွားသည်။
ဒီခွေးကောင်က တကယ်ကိုငတုံးဘဲ။
အဘွားကြောင့် အမြန်ဖြေရှင်းနိုင်တော့မည်။
လုပ်ငန်းကို သူ့လက်ထဲ လွှဲပေးလိုက်တာနဲ့ နှစ်နှစ်မပြည့်ခင် အဲ့ဒီစီးပွားရေးလုပ်ငန်းတွေအားလုံးသည် တန်းမိသားစုရဲ့အပိုင်ဖြစ်လာမည်ဖြစ်သည်။
ထိုအခါ ဒီနေ့ ခံခဲ့ရတဲ့ သူ့ဒေါသကို လက်စားချေနိုင်လိမ့်မည်။
ယဲ့ကွေ့ဖန်းသည် ပျော်ရွှင်စွာဖြင့် သူမရဲ့လက်များကိုပွတ်သပ်နေကာ ယဲ့ဖန်ကို ဆက်ကြည့်နေသည်။
" ရှောင်ဖန်၊ မင်းရဲ့အစ်ကိုယန်က ဘယ်လိုအလုပ်မျိုးကိုလုပ်ရမှာလဲ "
ယဲ့ဖန်က ရိုးသားတဲ့မျက်နှာထားနဲ့ ပြောလိုက်သည်။
" ဒီလိုပါ၊ အခု ငါ့မှာ တိုက်ခန်းပေါင်း ဒါဇင်နဲ့ချီပြီးရှိတယ် ........... "
ထိုစကားကို သူမကြားလိုက်တဲ့အခါ ယဲ့ကွေ့ဖန်း၏ မျက်လုံးများ တောက်သွားသည်။
ဒါဇင်နဲ့ချီတဲ့တိုက်ခန်းတွေတဲ့လား။
မြေတစ်လက်မတိုင်းက ရွှေလိုတန်တဲ့ ကျုံးဟိုင်လိုမြို့နေရာမျိုးမှာ တိုက်ခန်းအဆောက်အဦးဒါဇင်ပေါင်းများစွာကို ပိုင်ဆိုင်သည်တဲ့လား။
ဒါတွေက ဘယ်လောက်တောင်တန်ဖိုးရှိလိုက်မလဲ။
ဒီကလေးရဲ့လုပ်ငန်းက ဒီလောက်ကြီးမားလိမ့်မယ်လို့ သူမမျှော်လင့်ထားပေ။
သူက တန်းယန်ကို အဲဒီတိုက်ခန်းတွေ စီမံခန့်ခွဲခိုင်းမှာလား။
အဲ့ဒီလိုသာဖြစ်ခဲ့ရင်......သိပ်ကောင်းလိမ့်မည်။
တန်းယန်၏စွမ်းဆောင်နိုင်မှုဖြင့် နှစ်အနည်းငယ်ကြာတဲ့အခါ ထိုတိုက်ခန်းများက သူမမိသားစု၏ပိုင်ဆိုင်မှုများဖြစ်လာမည်ဖြစ်သည်။
သူမ ကျိကျိတက်ချမ်းသာသွားလိမ့်မည်။
" တိုက်ခန်းတွေက ဆောက်ထားတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်လို့ အိမ်သာတွေက အမြဲပိတ်ဆို့နေတတ်တယ်။ နေထိုင်သူတွေက အဲ့တာကို မကျေနပ်ကြဘူး။ တန်းယန်ကသာ စိတ်မရှိဘူးဆိုရင် နေထိုင်သူအတွက် အိမ်သာရေကျအောင် လုပ်ပေးနိုင်မလား "
ယဲ့ကွေ့ဖန်းနှင့် တန်းယန်တို့သည် ချက်ချင်းထိတ်လန့်သွားကြသည်။
" ဆေးတာလား ....... အိမ်သာကိုလား။ ဒါဇင်နဲ့ချီတဲ့ တိုက်ခန်းတွေရဲ့အိမ်သာအိုးတွေကိုလား "
သူတို့ရဲ့အမူအရာများကို မမြင်လိုက်သလိုပုံစံဖြင့် ယဲ့ဖန်က ဆက်ပြောသည်။
" ဒီအလုပ်ကို အထင်မသေးပါနဲ့၊ အရမ်းအရေးကြီးတဲ့အလုပ်ပါ။ အပြင်လူတွေကို မယုံရတဲ့အတွက် ကိုယ့်အမျိုးကို အားကိုးရမယ်လေ။ တန်းယန်က အဆောက်အဦးတစ်ခုက အိမ်သာတွေကို သေချာတာဝန်ယူနိုင်ရင် တခြားတိုက်ခန်းက အိမ်သာတွေကိုပါ သူ့ဆီ လွှဲပေးနိုင်ပါတယ် .......... "
တန်းယန်က သည်းမခံနိုင်တော့ဘဲ သူ့ကို ဖြတ်ပြောလိုက်သည်။
" ငါက ၂၁၁ တက္ကသိုလ် ( အစိုးရအဆင့်မြင့်ပညာရေးတက္ကသိုလ် )ကနေ ဘွဲ့ရထားတာလေ။ မင်းက အိမ်သာတွေ ဖော်ပြီးဆေးစေချင်လား။ မှားများနေသလား "
ယဲ့ဖန်သည် သူ့ပခုံးကို မတတ်နိုင်သည့်ပုံစံဖြင့် ပခုံးတွန့်ပြလိုက်သည်။
" အခုဆို ၂၁၁ တက္ကသိုလ်ဆင်းတွေက ခွေးတွေလိုနေရာတိုင်းမှာရှိပြီး ၉၈၅ တက္ကသိုလ် ( ထိပ်တန်းပညာရေးတက္ကသိုလ် ) ဆင်းတွေကလည်း နေရာတိုင်းမှာရှိတယ်။ အိမ်သာသန့်ရှင်းရေးလုပ်ရတဲ့အလုပ်က အရမ်းကောင်းပါတယ်။ ဒါတွေအားလုံးက အမျိုးကို ထောက်ပံ့ဖို့ပဲဆိုတော့ အိမ်သာကို သန့်ရှင်းရေးလုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုလို့ရပါတယ် ........ "
" ဝေါ့ ........ "
ယဲ့ကွေ့ဖန်း နှင့် တန်းယန်တို့သည် အခြောက်တိုက်အန်ထွက်မတတ်ဖြစ်သွားရသည်။
ဒီကလေးက ဘယ်လိုစကားပြောရမလဲဆိုတာရော သိရဲ့လား။
ဘယ်လိုလုပ် အိမ်သာဆေးပြီး အသက်မွေးဝမ်းကြောင်းပြုရမှာလဲ။
ချီးစားဖို့ သူတို့ကို ပြောနေတာနဲ့တောင်တူသည်။
အပိုင်း (၂၁၅)
ဒီနေ့ဆက်ပြီး သည်းမခံနိုင်တော့ဘူး။
" ရှောင်ဖန်၊ မင်း အစ်ကိုယန်ရဲ့ အလုပ်ကို ပြောင်းလို့ရသေးလား။ သူက ၂၁၁ တက္ကသိုလ်က ဘွဲ့ရတစ်ဦးလေ။ အိမ်သာကို ရှင်းမယ်ဆို အရည်အချင်းတွေက နှမြောစရာကောင်းတယ် မဟုတ်လား "
ယဲ့ကွေ့ဖန်းသည်းမခံနိုင်တော့ဘဲ ယဲ့ဖန်၏စကားကို ဖြတ်ပြောလိုက်သည်။
" အလုပ်ပြောင်းချင်တာလား "
ယဲ့ဖန်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး တန်းယန်ကို အကဲခတ်လိုက်သည်။
" ဒါဆို အိမ်သာမဆေးချင်ရင် မိလ္လာဆယ်ချင်လား "
" ဖူး ............ "
ယဲ့ကွေ့ဖန်းနှင့် တန်းယန်တို့သည် သွေးအန်ထွက်မတတ်ဖြစ်သွားသည်။
" သန့်သန့်ရှင်းရှင်းနဲ့ သင့်တော်တဲ့ အလုပ်တစ်ခု မရှိဘူးလား "
" အဲ့တာဆိုရင်တော့ မရှိဘူး "
ယဲ့ဖန်က ခေါင်းယမ်းလိုက်သည်။
ယဲ့ကွေ့ဖန်းနှင့် တန်းယန်တို့သည် တုံးအကြသော်လည်း အချိန်မီ သိသွားကြတော့သည်။
ဒီကလေးက သူတို့ကို အစကတည်းက လှည့်စားနေတာဖြစ်သည်။
ယဲ့ဖန်က နဂိုတည်းက သူတို့ကိုကူညီပေးဖို့ ရည်ရွယ်ချက်မရှိပေ။
ယဲ့ကွေ့ဖန်းက စိတ်တိုသွားပြီး ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။
" ရှောင်ဖန်၊ မင်း တကယ်ကို နှလုံးသားမရှိတာလား။ ငါက မင်းကို ကိုယ်တိုင်လာတောင်းဆိုတာတောင် မျက်နှာသာမပေးဘူးလား "
ယဲ့ဖန်သည် သူမစကားကြားသောအခါ ဒေါသတကြီးဖြင့်ကြည့်လိုက်သည်။
" ခင်ဗျား ကိုယ်တိုင် ဒီကိုလာတာနဲ့ ခင်ဗျားကို မျက်နှာသာပေးရမှာလား။ အဲ့ဒီတုန်းက ကျွန်တော့်အဘိုးက ခင်ဗျားကို တောင်းဆိုဖို့ တံခါးရှေ့ကိုတောင် ကိုယ်တိုင်လာပြီး ခင်ဗျားရှေ့မှာ ဒူးတောင်ထောက်ခဲ့တာလေ။ ခင်ဗျားကရော အဲ့တုန်းက နှလုံးသားမမဲ့ခဲ့ဘူးလား။ အဲ့တာကို ခင်ဗျားဆီက ကျွန်တော်သင်ယူခဲ့တာပါ "
ထိုစကားကို ယဲ့ပေါက်ကောကြားသောအခါ သူ့မြေးကို လှည့်ကြည့်လိုက်သည်။
သူ အလွန်ကို ရင်ထဲထိသွားသည်။
ဒီကလေးက အဲ့ဒီတုန်းက သူခံစားခဲ့ရတဲ့ အရှက်တရားတွေကို ဆေးကြောဖို့ ဒီလိုလုပ်ပေးနေတာဖြစ်သည်။
မြေးကောင်းလေးဘဲ။
တကယ့်ကို မြေးကောင်းလေး။
ယဲ့ကွေ့ဖန်းက နားလည်သွားပြီး ယဲ့ဖန်ကို ဒေါသတကြီးလက်ညှိုးထိုးလိုက်သည်။
" ဒါဆို မင်းက ဟိုတုန်းကဖြစ်ခဲ့တာကို လက်စားချေဖို့အတွက် ဒီလိုလုပ်နေတာလား။ မင်းလို အဆိုးမြင်စိတ်နဲ့လူတစ်ယောက်က အဆုံးသတ်ကောင်းကို ရမှာမဟုတ်ဘူး "
ယဲ့ဖန်က သူမလက်ကို ငဲ့ညှာမှုမရှိ ပုတ်ထုတ်လိုက်သည်။
" ခင်ဗျားလက်သည်းတွေဖယ်စမ်းပါ "
" ပြီးတော့ စကားကိုပြင်ပေးလိုက်ဦးမယ်။ ခင်ဗျားက ကိုယ့်ဟာကိုယ် အထင်တွေဇွတ်ကြီးနေတာဘဲ။ ကျုပ်အချိန်က အဖိုးတန်တယ်။ ခင်ဗျားတို့လို ပျင်းရိတဲ့ခွေးလိုအုပ်စုတွေအတွက်နဲ့ အချိန်မဖြုန်းဘူး "
" ခင်ဗျားသာ ဒီနေ့ ကျုပ်တို့အိမ်ကိုမလာရင် ခင်ဗျားကို ကြည့်မိမှာတောင်မဟုတ်ဘူး။ ဘာလို့ တကူးတကလိုက်လက်စားချေနေရမှာလဲ "
ယဲ့ကွေ့ဖန်းက သူနဲ့ ဆက်ပြီး ပြိုင်မငြင်းနိုင်တာကြောင့် သူမက ယဲ့ပေါက်ကောဘက်ကို လှည့်လိုက်သည်။
" အစ်ကို၊ အစ်ကို့မြေးက ကျွန်မကို အနိုင်ကျင့်နေတာ ဒီအတိုင်းဘဲကြည့်နေတော့မှာလား။ ဒီလို လေးစားမှုမရှိဘဲ ပုန်ကန်တတ်တဲ့အောက်တန်းစားမျိုးကို သင်ခန်းစာကောင်းကောင်းပေးသင့် ........ "
ဖြောင်း
သူမ စကားတောင်မဆုံးသေးခင်မှာဘဲ ယဲ့ပေါက်ကောက သူမကို ရိုက်ထည့်လိုက်သည်။
" နင်က ငါ့မြေးကို အောက်တန်းစားလို့ခေါ်တော့ ငါက ဘာဖြစ်သွားလဲ။ ပြီးတော့ နင့်ကိုနင် ဘာထင်နေတာလဲ "
ယဲ့ပေါက်ကောရဲ့မျက်နှာထားက အေးစက်နေပြီး ကြင်နာမှုတစ်စက်မှမရှိပေ။
" ကျွန်မ .... ကျွန်မကို တကယ်ရိုက်တယ်ပေါ့ "
ယဲ့ကွေ့ဖန်းက ယဲ့ပေါက်ကောကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။
သူတို့နှစ်ယောက်က ငယ်စဉ်ကတည်းက တစ်ယောက်အပေါ်တစ်ယောက် မှီခိုအားထားခဲ့ကြသူတွေဖြစ်သည်။
ယဲ့ပေါက်ကောက သူမကို အမြဲတစေကြည့်ရှုစောင့်ရှောက်ပေးပြီး ကြမ်းတမ်းတဲ့စကားတောင်မပြောပေ။
အခုတော့ သူမကို ရိုက်လိုက်တာလား။
သူမအနောက် တန်းမိသားစုက အခြေအနေကိုမြင်ပြီး ရှေ့တက်လာပေမဲ့ ယဲ့ဖန်ရဲ့အေးစက်စက်အကြည့်ကိုမြင်ပြီး နောက်ဆုတ်သွားကြသည်။
တန်းယန်၏အနာဂတ်က သူတို့ရှေ့မှာတင်ဖြစ်သည်။
သူတို့တွန်းအားပေးပါက အဆင်ပြေမည်မဟုတ်ပေ။
ယဲ့ပေါက်ကောက ယဲ့ကွေ့ဖန်းကို အေးစက်စွာကြည့်လိုက်သည်။
" ငါ နင့်ကို ဒီလိုရိုက်ချင်တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ အသွေးအသားထဲမှာဘဲ နှစ်မြှုပ်ပြီး အခုထိသည်းခံခဲ့တာ "
" ဒီနေ့တော့ ထပ်ပြီးသည်းမခံတော့ဘူး "
" အခုကစပြီး ငါ့မှာ နင့်လိုညီမ မရှိတော့ဘူး။ နင့်လူတွေခေါ်ပြီး ငါ့မျက်စိရှေ့က ထွက်သွားကြ "
ယဲ့ကွေ့ဖန်းက သူမမျက်နှာကိုကိုင်ပြီး ယဲ့ပေါက်ကောနဲ့ ယဲ့ဖန်ကို စိုက်ကြည့်သည်။
ထို့နောက် အေးစက်တဲ့အပြုံးတစ်ခုပေါ်လာသည်။
" ပိုက်ဆံလေးနည်းနည်းရတာနဲ့ မိသားစုကို စွန့်ပစ်တော့မယ်ပေါ့။ ရတယ်လေ၊ စောင့်ကြည့်ကြသေးတာပေါ့ "
ထို့နောက် သူမက တန်းမိသားစုနဲ့အတူ ချက်ချင်းပြန်သွားခဲ့သည်။
သူတို့ မြင်ကွင်းထဲက လုံးဝပျောက်သွားတဲ့အခါမှ ယဲ့ဖန်က ယဲ့ပေါက်ကောကို စိုးရိမ်စွာမေးလိုက်သည်။
" အဘိုး၊ အဆင်ပြေရဲ့လား "
သူ့အဘိုးသာတစ်ခုခုဖြစ်ပါက သူတို့တွေကို လုံးဝခွင့်လွှတ်မှာမဟုတ်ပေ။
ယဲ့ပေါက်ကောက ခေါင်းခါလိုက်သည်။
" အဆင်ပြေတယ်၊။ တကယ်တော့ ငါတို့ အဆုံးသတ်သင့်တာကြာပါပြီ။ သူမက တစ်နေ့မှာ အသိဝင်လာမယ်လို့ ထင်ခဲ့မိတဲ့ ငါကဘဲမှားတာပါ ........ "
ယဲ့ဖန်က သူ့အဘိုးပုခုံးကိုပုတ်လိုက်သည်။
" အဆင်ပြေပါတယ်၊ ထပ်ပြီးမတွေးနဲ့တော့ အဘိုး။ ပြန်ကြစို့၊ အဘွားကစောင့်နေလောက်ပြီ "
ယဲ့ပေါက်ကောလည်း ဘာမှထပ်မပြောတော့ဘဲ သူ့မြေးနဲ့ အတူ အိမ်ကို လမ်းလျှောက်ပြန်လာကြသည်။
...........
" အဲ့ဒီခွေးကောင်က ပိုက်ဆံလေးနည်းနည်းရတာနဲ့ ဘဝင်လေဟပ်နေတာ။ သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး "
ယဲ့ကွေ့ဖန်းက အဝေးကြီးထိရောက်လာပေမဲ့ ဆဲနေတုန်းဖြစ်သည်။
" အဘွား၊ လူရှာပြီး သူ့ကို ပညာပေးခိုင်းလိုက်ရမလား "
တန်းယန်က ယဲ့ဖန်အပေါ် အမုန်းတရားတွေပြည့်နှက်နေသည်။
" မဖြစ်ဘူး၊ ဒီကလေးက အရင်ကလိုမဟုတ်တော့ဘူး။ မဆင်မခြင်မလုပ်နဲ့ "
ယဲ့ကွေ့ဖန်းက သူမမြေးရဲ့အကြံကို ချက်ချင်းငြင်းလိုက်သည်။
" အဲ့တာဆို ဘာလုပ်သင့်လဲ။ ဒီအတိုင်း မြိုသိပ်ထားလိုက်တော့မှာလား "
တန်းယန်က စိတ်မရှည်ဖြစ်နေသည်။
" ဒေါသဖြေချင်ရင် နည်းလမ်းတွေအများကြီးရှိတယ်။ အလွန်အကျွံကြီးလုပ်ဖို့ မလိုပါဘူး "
ယဲ့ကွေ့ဖန်းရဲ့မျက်လုံးက ကောက်ကျစ်တဲ့အရိပ်အယောင်တွေပြည့်နေသည်။
" အဘွား၊ အဘွားပြောချင်တာက .....…. "
" မနက်ဖြန်ကျ ယဲ့ပေါက်ကောမွေးနေ့။ ယဲ့ဖန်က ချမ်းသာပြီဆိုတော့ သေချာပေါက် မွေးနေ့ပွဲကြီးလုပ်မှာ။ မြေးကလည်း ကျုံးဟိုင်မှာ စာသင်ခဲ့ဖူးတယ်ဆိုတော့ အဆင်ပြေတဲ့လူတွေအများကြီးရှိတယ်မလား "
" အဘွားဆိုလိုချင်တာက ကျွန်တော်လည်း လူတွေခေါ်ပြီး သူတို့နဲ့အပြိုင်ပွဲလုပ်စေချင်တာလား "
တန်းယန်က သူ့အဘွားဆိုလိုတာကို ချက်ချင်းသဘောပေါက်သွားသည်။
" ဟုတ်တယ်၊ ငါလည်း ဖန်းမြို့က လူတွေအများကြီးသိတော့ သူတို့ကိုဖိတ်လိုက်မယ်။ အဲ့ကလေးက ချမ်းသာချင်ချမ်းသာမယ်။ ဒါပေမဲ့ အချိတ်အဆက်ပိုင်းမှာတော့ လိုသေးတယ်ဆိုတာ သိစေရမယ် "
ယဲ့ကွေ့ဖန်းက ယုံကြည်ချက်ရှိရှိနဲ့ပြောလိုက်သည်။
တန်းယန်က အမြန်ခေါင်းငြိမ့်သည်။
" မပူနဲ့အဘွား။ ကျုံးဟိုင်မှာ အဆင်ပြေနေတဲ့ သူငယ်ချင်းတွေအများကြီးရှိတယ်။ သူတို့က လာကြမှာပါ။ အဲ့ကျ အဲ့ဒီကောင် မျက်နှာပျက်စေရမယ် "
ယဲ့ကွေ့ဖန်းက သူ့ခေါင်းကို ပုတ်လိုက်သည်။
" အဲ့ဒီကလေး ငါတို့အင်အားကိုတွေ့တဲ့အခါကျ ငါတို့ကို လာပြီးမျက်နှာလုပ်လိမ့်မယ်။ အဲ့ကျ မြေးက သူ့စီးပွားရေးတွေယူလိုက် "
တန်းယန်က သူ့မျက်နှာပေါ်ကပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ပေ။
" သူ့စီးပွားရေးတွေ အကုန်ယူပြီးတာနဲ့ သင်ခန်းစာကောင်းကောင်းပေးရမယ်။ သေတာမှကောင်းတယ်လို့ခံစားရအောင်လုပ်ပေးလိုက်မယ် "
ယဲ့ကွေ့ဖန်းက သူ့ကို ဖျော့တော့စွာကြည့်လိုက်သည်။
" အချိန်ရောက်လာတဲ့အခါ မင်းအဘွားရဲဲ့ကြင်နာမှုကို မမေ့စေနဲ့ ".
တန်းယန်က သူ့ခေါင်းကို တသွင်သွင်ငြိမ့်သည်။
" မပူပါနဲ့၊ အဘွား။ အဘွားကို ကျွန်တော်က ကျေးဇူးကြွေးတွေအများကြီးတင်ထားတာပါ။ ဘယ်လိုလုပ်မေ့နိုင်မှာလဲ "
ထိုသို့ပြောလိုက်ပေမဲ့ သူ့စိတ်ထဲမှာတော့ ကြိတ်မုန်းနေသည်။
ဒီအဘွားကြီး သူ့အပေါ် ဘာကောင်းပေးခဲ့လို့လဲ။
သူ့အဘိုးက ဓာတုစက်ရုံကြီးတစ်ခုလုံး သူ့အတွက်ချန်ထားပေးခဲ့တာတောင် သူမက ပိုင်ဆိုင်မှုကို သူ့ဆီလွှဲမပေးသေးပေ။ သူမက သေချာပေါက် သူ့ကို မပေးချင်နေမှန်းသိသာသည်။
အဲ့ဒီကောင်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ရသွားတာနဲ့ ဒီအဘွားကြီးရဲ့ သေတာရှင်တာ သူ့နဲ့ဘာဆိုင်တော့မှာမလို့လဲ။
အပိုင်း (၂၁၆)
ဒီလောက်လေကျယ်တဲ့သူ မတွေ့ဖူးဘူး။
ယဲ့ဖန်သည် သူ့အဘိုးကို အိမ်ပြန်ပို့ပြီးတဲ့နောက် ပြန်ထွက်လာသည်။
မနက်ဖြန်က သူ့အဘိုးမွေးနေ့ဖြစ်တာကြောင့် စားသောက်ဆိုင်မှာ စားပွဲကြိုမှာထားရမည်ဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်အိမ်ထဲကထွက်လာပြီး သူ့ Lykan ပြိုင်ကားထဲမှာထိုင်လိုက်သည်။ ယဲ့ဖန် သူ့ဖုန်းကိုထုတ်ပြီး ကျိုးရှုယောင်းကိုဆက်လိုက်သည်။
သူမကလည်း မွေးရပ်မြေကိုပြန်လာမယ်လို့ ယဲ့ဖန်ကိုပြောထားသည်။
သူမ မိဘတွေက ကြင်ယာဖက် ဇွတ်တွေ့ခိုင်းနေတာကြောင့် သူမက သူ့ကို ကောင်လေးအဖြစ်ဟန်ဆောင်ဖို့ သဘောတူထားသည်။
သို့ပေမဲ့ မနက်ကတည်းက ယဲ့ဖန် သူမကို ဆက်သွယ်လို့မရပေ။
သူ့ဖုန်းကိုပြန်မဖြေသလို စာလည်းမပြန်ဖြေပေ။ သူမက ကမ္ဘာပေါ်က ရုတ်တရက်ပျောက်သွားသလိုပင်ဖြစ်နေသည်။
ယဲ့ဖန်ကို စိတ်ပူလာစေသည်။
သူမ ဖုန်းအားကုန်သွားလို့များလား။
ယဲ့ဖန် အဲ့ဒီလိုဘဲ ဖြေသိမ့်နေရသည်။
ထို့နောက် ကားကို ဖန်းမြို့ရှိ ရှန်ဂရီလာဟိုတယ်သို့ မောင်းသွားခဲ့သည်။
ရှန်ဂရီလာဟိုတယ်သည် ဖန်းမြို့၏အခမ်းနားဆုံးဟိုတယ်တစ်ခုဟုဆိုနိုင်သည်။
ထိုနေရာတွင် မွေးနေ့ပွဲကျင်းပမှသာ သူ့အဘိုးက အားလုံးကြားမှာ ထင်ပေါ်မှာဖြစ်သည်။
ယဲ့ဖန် ရှန်ဂရီလာဟိုတယ်ကိုရောက်တဲ့အခါ ဇိမ်ခံကားများစွာပါကင်ထိုးထားတာကို တွေ့လိုက်သည်။
ထိုနေရာမှကားတွေသည် ဇိမ်ခံကားတွေဖြစ်ပေမဲ့ ကျုံးဟိုင်ကကားတွေလောက်တော့ မကောင်းပေ။
ထိုအချိန်သည် နေ့လယ်စာစားချိန်ကျော်သွားပြီဖြစ်သော်လည်း ပထမထပ်တွင် စားသောက်သူတစ်ချို့ရှိနေသေးသည်။
ယဲ့ဖန် ဧည့်ကောင်တာကိုရောက်လာတဲ့အခါ ဧည့်ကြိုကောင်မလေးက စိတ်အားထက်သန်စွာဖြင့် ကြိုဆိုသည်။
" လူကြီးမင်း၊ ဒီမှာစားမှာပါလား။ ဘယ်နှစ်ယောက်လဲသိပါရစေ "
ယဲ့ဖန်က လှည့်ပတ်ကြည့်လိုက်တဲ့အခါ ပတ်ဝန်းကျင်ကို စိတ်တိုင်းကျသွားသည်။ ထို့ကြောင့် သူမကို ပြန်လှည့်ကြည့်လိုက်သည်။
" မင်းတို့ ပိုင်ရှင်ကို ခဏထွက်လာဖို့ ပြောလို့ရမလား "
ဧည့်ကြိုကောင်တာက ကောင်မလေးက တစ်ခဏကြောင်သွားပြီးမှ အသိစိတ်ပြန်ကပ်လာသည်။
" ဘာလို့ ကျွန်မတို့ရဲ့ သူဌေးကို ရှာနေတာလဲ သိလို့ရမလား "
တခြားဟိုတယ်ဝန်ထမ်းတွေကလည်း အနည်းငယ်စိတ်လှုပ်ရှားနေကြသည်။
ဧည့်သည်ရဲ့အသံက အနည်းငယ်မောက်မာပုံရပြီး ရောက်လာတာနဲ့ သူဌေးကိုထွက်လာခိုင်းသည်။
ထို့အပြင် သူ့ရဲ့ပုံပန်းသွင်ပြင်ရော ကိုယ်ရောင်ကိုယ်ဝါရောက အလွန်ထူးခြားပုံရသည်။
ဒိတ်ဒိတ်ကြဲသူဌေးကြီးရောက်လာသည်ဟု ထင်လိုက်ကြသည်။
ယဲ့ဖန်က သူတို့အမူအရာတွေကို မမြင်ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
" စားသောက်ပွဲအတွက် စားပွဲအနည်းငယ်ကြိုမှာထားချင်လို့ "
သူ့စကားကိုကြားတဲ့အခါမှ လူတိုင်းက စိတ်အေးသွားရသည်။
ပွဲအတွက် စားပွဲမှာချင်ရင် စားပွဲအကြိုစာမှာချင်တယ်ပြောပေါ့။ ဘာလို့ ကြောက်စရာကောင်းအောင်လုပ်နေတာလဲ။
ဧည့်ကောင်တာက ကောင်မလေးက သက်ပြင်းချလိုက်ပြီး ချိုသာစွာဖြေလိုက်သည်။
" လူကြီးမင်းက စားပွဲအတွက် အကြိုအမှာစာတင်ထားချင်လို့လား။ အဲ့လိုဆို ကျွန်မတို့ မန်နေဂျာကိုခေါ်လိုက်ရင်ပါတယ် "
ယဲ့ဖန်က ခေါင်းခါလိုက်သည်။
" ပွဲက နည်းနည်းအဆင့်မြင့်တော့ မင်းတို့ မန်နေဂျာက မကိုင်တွယ်နိုင်လောက်ဘူး "
ထိုအခါ ဧည့်ကြိုကောင်မလေးက အကျိုးအကြောင်းမဆီလျော်ဘူးဟု ခံစားရသည်။
သူတို့ ရှန်ဂရီလာဟိုတယ်က အမြင့်ဆုံးစားပွဲက စားပွဲတစ်ခုံကို ယွမ်သောင်းချီတန်သည်။
အဲ့လိုစားပွဲကို တတ်နိုင်တဲ့သူ များများစားစားမရှိပေ။
လက်ချိုးရေလို့တောင်ရသည်။
ဒီလို လေကြီးတဲ့သူမျိုး မတွေ့ဖူးပေ။
ထိုလေသံကြောင့် ဧည့်ကြိုကောင်တာက ကောင်မလေးက ရုတ်တရက် စိတ်အဆင်မပြေဖြစ်သွားသည်။
" တောင်းပန်ပါတယ်၊ လူကြီးမင်း။ ဒါပေမဲ့ လူတိုင်းက ကျွန်မတို့သူဌေးကို တွေ့လို့်မရပါဘူး။ အကြိုအမှာစာတင်ချင်လို့ရှိရင် မန်နေဂျာကို ခေါ်ပေးလို့ရပါတယ်။ ကျွန်မတို့မန်နေဂျာက အဆင်မပြေဘူးထင်ရင် အခြားဟိုတယ်ကို သွားလိုက်ပါ "
ယဲ့ဖန်မျက်မှောင်ကြုတ်လိုက်သည်။
" မင်းတို့ ရှန်ဂရီလာဟိုတယ်က ဧည့်သည်တွေကို အဲ့လိုဘဲ ဆက်ဆံတာလား "
ဧည့်ကြိုကောင်မလေးက လုံးဝစိတ်မရှည်တော့ဘဲ အသံမြှင့်ပြောလိုက်သည်။
" လူကြီးမင်း၊ ကျွန်မ ရှင့်ကို ယဉ်ယဉ်ကျေးကျေးပြောနေတာပါ။ ရှင်က ဒီကို ပြဿနာလာရှာနေတာဘဲ။ ထွက်မသွားဘူးဆိုရင် ကျွန်မ လုံခြုံရေးခေါ်မှာပါ "
သူမ ထိုစကားပြောလိုက်တာနဲ့ ဟောခန်းမထဲက နေ့လယ်စာစားနေတဲ့သူတွေက လှည့်ကြည့်ကြသည်။
ထိုနေရာ၏ လေထုပတ်ဝန်းကျင်က နေရခက်ကုန်ကြသည်။
ထိုအချိန်မှာဘဲ အသံဩဩနဲ့လူကြီးတစ်ယောက်ရဲ့အသံကို ရုတ်တရက်ကြားလိုက်ရသည်။
" ဘာဖြစ်တာလဲ "
လူတိုင်းက လှည့်ကြည့်ကြသည်။
ဗိုက်ပူပူနဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ကိုတွေ့လိုက်သည်။
သူ့လည်ပင်းတွင် လက်ချောင်းလောက်တုတ်တဲ့ ရွှေဆွဲကြိုးကြီးကိုဆွဲထားသည်။
သူ့နောက်တွင် ဝတ်ဆုံပြည့်နဲ့လူနှစ်ယောက်ရပ်နေသည်။
တစ်ယောက်က အိတ်ကိုသယ်ထားပြီး တစ်ယောက်က ကုတ်အင်္ကျီိကို ကိုင်ထားပေးသည်။
သူ့ပုံစံက အရမ်းချမ်းသာတဲ့ပုံပေါ်သည်။
ဧည့်ကြိုကောင်တာက ကောင်မလေးနဲ့ အခြားဝန်ထမ်းတွေက အရိုအသေပေးလိုက်ကြသည်။
" မင်္ဂလာပါ၊ သူဌေးချောင် "
ထိုလူကြီးက နေကာမျက်မှန်တပ်ထားပြီး ယဲ့ဖန်ကိုကျော်သွားသည်။
" ငါမင်းတို့ကိုမေးနေတယ်လေ။ ဘာဖြစ်နေတာလဲ "
ဧည့်ကြိုကောင်မလေးက အမြန်ရှင်းပြသည်။
" သူဌေးချောင်၊ ဒီလူကြီးမင်းက စားပွဲအကြိုမှာချင်လို့ပါတဲ့။ မန်နေဂျာနဲ့ပြောမလားလို့မေးလိုက်ပေမဲ့ သူက သဘောမတူဘဲ သူဌေးနဲ့တွေ့ချင်တယ်ဘဲပြောနေလို့ပါ ....... "
ထိုလူကြီးက အဲ့တာကိုကြားပြီးနောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
သူ့ရဲ့ နဂိုက မာနကြီးတဲ့အမူအရာက ချက်ချင်း အေးခဲသွားသည်။
သုံးစက္ကန့်တိတိ ထိတ်လန့်သွားသည်။
ထို့နောက် နေကာမျက်မှန်ကို အမြန်ချွတ်လိုက်သည်။
" လူကြီးမင်း ယဲ့လား "
ယဲ့ဖန်ကို မြင်လိုက်တဲ့အခါ ချက်ချင်း မေးလိုက်သည်။
ထိုစကားကို ယဲ့ဖန်ကြားတဲ့အခါ အနည်းငယ်အံ့သြသွားသည်။
" ခင်ဗျား၊ ကျွန်တော့်ကိုသိတာလား "
ထိုလူကြီးက သူ့လက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော့်နာမည်က ချောင်စစ်ရှီးပါ။ လူကြီးမင်း ကျွန်တော့်ကို ချောင်လူကြီးလို့ ခေါ်နိုင်ပါတယ် "
ထိုလူကြီး၏စကားကိုကြားတဲ့အခါ ယဲ့ဖန်က ဘာမှမတုံ့ပြန်ခဲ့ပေ။
သို့သော် ဘေးမှာရှိနေတဲ့သူအားလုံးက အံ့သြသွားကြသည်။
ဖန်းမြို့တွင် ချောင်စစ်ရှီးကို ရက်စက်သောသူတစ်ယောက်အဖြစ် သတ်မှတ်လို့ရနိုင်သည်။
လွန်ခဲ့တဲ့နှစ်တွေမှာ သူက လုယက်မှုဖြင့်ပင် ဖမ်းဆီးခံခဲ့ရသည်။
သူထွက်လာပြီးနောက်တွင် ချိတ်ဆက်မှုအချို့ကို အသုံးပြုပြီး ကျောက်မိုင်းတွင်းတစ်ခုကို စတင်လုပ်ကိုင်ခဲ့သည်။
အသေးစားလုပ်ငန်းလေးတစ်ခုလို့ပြောလို့ရသည်။
နောက်ပိုင်းတွင် သူက ကျုံးဟိုင်မြို့ရှိ သူဌေးကြီးတစ်ယောက်ကို တစ်နည်းနည်းဖြင့် ကပ်ပေါင်းနိုင်ခဲ့သည်။
ထိုအချိန်မှစ၍ သူက ဥက္ကာခဲတစ်ခုလို ထိုးတက်လာခဲ့သည်။
သူပိုင်သည့် ဖန်းမြို့ရှိလုပ်ငန်းများတွင် ဟိုတယ်များ၊ စူပါမားကတ်များ၊ အများသုံး ရေချိုးခန်းများနှင့် အခြားသော လုပ်ငန်းများစွာ ပါဝင်သည်။
ဖန်းမြို့တွင် သူ့ရဲ့လက်ရှိအခြေအနေအရ ဘယ်သူက သူ့ကို သခင်ကြီးလိုမခေါ်ဘဲနေနိုင်မှာလဲ။
သူက ဒီလူငယ်လေးအပေါ်ထားတဲ့ သဘောထားက အတော်လေးပြင်းထန်နေသည်။
သူ့ပုံစံက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး သူ့ကို အဘိုးလေးလို့ ခေါ်တော့မလိုဖြစ်နေသည်။
သူ့အပေါ်ကို ဖားတစ်ကောင်လို ပျံတက်မတတ်ဖြစ်နေသည်။
ထိုမြင်ကွင်းက လူတိုင်းကို အံ့သြစေသည်။
ဒီလူငယ်လေးက ဘယ်သူလဲ။
ချောင်မိသားစုရဲ့ နာမည်ဆိုးဖြင့်ကျော်ကြားသော စတုတ္ထသခင်ကြီးကတောင် သူ့ကို လေးလေးစားစားဆက်ဆံနေသည်။
ယဲ့ဖန်ကို ရိုင်းစိုင်းပြခဲ့တဲ့ဧည့်ကြိုဝန်ထမ်းက ထိုမြင်ကွင်းကို မြင်လိုက်တဲ့အခါ ကြောက်ရွံ့ထိတ်လန့်သွားပြီး မျက်နှာက ဖြူဖျော့သွားသည်။
သူမ၏ခန္ဓာကိုယ်က အထိန်းအချုပ်မဲ့စွာ တုန်ခါနေတော့သည်။
သူတို့သူဌေးကတောင် ကြောက်ရတဲ့သူက သူမလို ဟိုတယ်ကဝန်ထမ်းအသေးစားကို ဖြုတ်ချင်ပါက လက်တောင်မြှောက်စရာလိုမည်မဟုတ်ပေ။
သူဌေးချောင်က သူ့ကို အရမ်းယဉ်ကျေးပြနေပေမဲ့ စိတ်ထဲမှာတော့ ချောင်စစ်ရှီးရဲ့နာမည်ကို မနည်းစဉ်းစားနေရသည်။
ဒါပေမဲ့ ယဲ့ဖန် သူ့ကို ဘယ်မှာတွေ့ဖူးတာလဲဆိုတာ မမှတ်မိပေ။
ချောင်စစ်ရှီးက ယဲ့ဖန် စိတ်ရှုပ်ထွေးနေတာမြင်တဲ့အခါ အမြန်ရှင်းပြသတိပေးသည်။
" ယဲ့လူကြီးမင်း၊ မေ့သွားပြီလား။ အရင်တစ်ခေါက်တုန်းက ဥက္ကဌဆန်းမင်းဟွေ့ရဲ့အိမ်မှာ ရေပူစမ်းအတူတူစိမ်ကြသေးတယ်လေ "
" အဲ့တာပြီးတော့ ဥက္ကဌဆန်းက နာမည်ကြီးလေးတွေ ....... "
" ပါးစပ်ပိတ်စမ်း "
ထိုအကြောင်းကြားတဲ့အခါ ယဲ့ဖန်က သူ့ကို ချက်ချင်းတားလိုက်သည်။
ထိုနေရာက လူတစ်ချို့က ပါးစပ်ကိုပိတ်ပြီး ခိုးရယ်ကြသည်။
ဒါဆို သူတို့နှစ်ယောက်ကြားက ခင်မင်မှုက ဒီလိုလား။
ယောက်ျားတွေရဲ့ သံမဏိသစ္စာလေးချက်ရှိသည်။
သေနတ်အတူတူကိုင်တယ်။
တစ်လမ်းတည်းရွေးတယ်။
ညစ်တီးညစ်ပတ်တွေအတူတူလုပ်ဖူးတယ်။
ကိစ္စတွေကို အတူတူကျော်ဖြတ်ဖူးတယ်။
အဲ့တာတွေလုပ်ဖူးရင် သွေးမရောပေမဲ့ ညီအစ်ကိုတွေဖြစ်ကြသည်။
သူဌေးချောင်က ဘာလို့ ဖော်ရွေနေတာလဲဆိုတာ မထူးဆန်းတော့ပေ။