← Chapters

အပိုင်း ၂၂၁-၂၂၄

Vol. 12 Ch. 221-224

အပိုင်း ၂၂၁-၂၂၄

Vol. 12 Ch. 221-224

အပိုင်း ( ၂၂၁ )

မင်းလက်ဦးမှုရယူနိုင်မှရမယ်။

တစ်ဖက်မှာတော့ယဲ့ဖန်ဟာ ကျိုးရှုယောင်း၏ ထူး‌ဆန်းနေသောအမူအရာကို သတိမထားမိပေ။

ကျိုးရှုယောင်းနှင့်ရယ်မောကာ စကားပြောနေရင်း သူမအားလမ်းဘေးရှိ ဖိနပ်ဆိုင်တစ်ဆိုင်ကိုခေါ်သွားကာ ဖိနပ်ပါးတစ်ရံဝယ်ပေးလိုက်သည်။

ကျိုးရှုယောင်းလည်း ဖိနပ်ဆိုင်မှ သန့်စင်ခန်းထဲသွားကာ သူမကိုယ်သူမ သန့်စင်လိုက်သည်။

သူမပြန်ထွက်လာချိန်၌ ယခင်ကဲ့သို့ လှပသိမ်မွေ့သောရုပ်ရည်ပြန်ဖြစ်သွားလေပြီ။

ယဲ့ဖန်၏မျက်ဝန်းများ အနည်းငယ် ရီဝေဝေဖြစ်သွားရသည်။

ဘေး၌ရပ်နေသော ဈေးဆိုင်မှအရောင်းဝန်ထမ်းမလေးပင် တံတွေးမျိုချမိသွားသည်။

“ အဟမ်း၊ သွားစို့လေ။ ကိုယ်မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ် ”

အရောင်းဝန်ထမ်းမလေး ငေးနေဆဲဖြစ်သည်ကို တွေ့သောအခါ ယဲ့ဖန် ခေါင်းအသာယမ်းလိုက်မိသည်။ ထို့နောက် အကြည့်တွေကိုရုပ်သိမ်းကာ ထွက်လာခဲ့လိုက်သည်။

ကျိုးရှုယောင်းလည်း ပါးစပ်ကိုလက်နှင့်အုပ်လျက် အသာလေးရယ်ကာ အနောက်မှအမြန်ပြေးလိုက်လာလေသည်။

ကျိုးရှုယောင်း၏မိသားစုအခြေအနေက ယဲ့ဖန်ထက်အများကြီးပိုကောင်းသည်။

သူမနေထိုင်သည့်နေရာမှာလည်း ဖန်းမြို့၏ ဈေးအကြီးဆုံးရပ်ကွက်ဖြစ်သည့် ဟွားယွမ် ရပ်ကွက်ဖြစ်သည်။

ယဲ့ဖန်၏ Lykan ပြိုင်ကား ရပ်ကွက်ထဲဝင်လာချိန်၌ အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက အသီးအရွက်ခြင်းတောင်းကိုဆွဲလျက် လမ်းလျှောက်နေသည်ကို သူရုတ်တရက်မြင်လိုက်ရသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုအမျိုးသမီးမှာ ကျိုးရှုယောင်း၏အမေ ချောင်းလန်ဖြစ်ကြောင်း သိလိုက်သည်။

သူကလေးအရွယ်တုန်းက ကျိုးရှုယောင်းနှင့် အတူဆော့ကစားရင်း သူမအိမ်သို့ ထမင်းစားရန်တစ်ခါတစ်လေ လိုက်လာခဲ့ဖူးသည်။

ထို့ကြောင့် သူလည်း အန်တီချောင်းနှင့် အတော်အသင့်ရင်းနှီးလေသည်။

ချောင်းလန်၏ဘေး၌ အသက် ၂၅ ၊ ၂၆ အရွယ်ရှိသောလူတစ်ယောက်လည်း ရှိနေသည်။

ထိုလူဟာအရပ်ရှည်ကာချောမောပြီး သူ၏ သာမန်ကာလျှံကာလှုပ်ရှားမှုများကပင် ကျက်သရေတင့်တယ်နေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူဟာ ကောင်းမွန်စွာသင်ပြခံထားရသူမှန်း အတပ်ပြောနိုင်သည်။

“သူကမင်းနဲ့ ကြင်ယာဖက် တွေ့ရမယ့်သူမလား”

ယဲ့ဖန်စနောက်လိုဟန်အပြုံးဖြင့် ကျိုးရှုယောင်းအားကြည့်လာသည်။

ကျိုးရှုယောင်း၏မျက်နှာထက်တွင်တော့ ဒေါသဖြင့်ပြည့်နှက်နေသည်။

သူမချက်ချင်း ကားတံခါးကိုတွန်းဖွင့်ကာ ကားပေါ်မှဆင်းသွားတော့သည်။

“မေမေ၊ သမီးပြန်ရောက်ပြီ”

ချောင်းလန်မော့ကြည့်လိုက်တော့ သမီးဖြစ်သူကိုမြင်လိုက်တာကြောင့် အစကတော့ သူမကြောင်ငေးနေမိပေမယ့် နောက်တော့ပျော်ရွှင်သည့်ဟန်ဖြစ်သွားသည်။

“ယောင်ယောင်း၊ အခုမှပဲပြန်လာတော့တယ်။ မေမေ သမီးကိုဖုန်းခေါ်တာကိုလည်း မကိုင်ဘူး…”

ကျိုးရှုယောင်း ကူကယ်ရာမဲ့စွာ ပြန်ရှင်းပြလိုက်ရသည်။

“သမီးအိမ်ကထွက်လာတုန်းက လောလော လောလောနဲ့ဆိုတော့ ဖုန်းမေ့ကျန်ခဲ့လို့”

ချောင်းလန် သူမနဖူးအားချစ်စနိုး ပုတ်လိုက်သည်။

“သမီးကတော့လေ အမြဲမေ့တတ်နေတာပဲ။ အခုထိမေ့တတ်တုန်းပဲ”

သူမဘေးရှိကောင်လေးက ကျိုးရှုယောင်းကိုမြင်တာနဲ့ ချက်ချင်း ကြက်သေသေသွားလေသည်။

“မေမေ၊ သူကဘယ်သူလဲ?”

ကျိုးရှုယောင်းကတော့ ထိုကောင်လေးအား မပျော်မရွှင်ကြည့်ရင်း သူမအမေထံ ပြန်လှည့်မေးလိုက်သည်။

“သူက… ရှောင်ဖန်လား?”

ချောင်းလန် သူမတို့နှစ်ဦးကို မိတ်ဆက်ပေးရန်ပြင်နေချိန်မှာပဲ လက်ဆွဲအိတ်တစ်လုံးဖြင့်လျှောက်လာသည့် ယဲ့ဖန်ကိုမြင်လိုက်ရသည်။

တစ်ချိန်ထဲမှာပဲ လမ်းဘေး၌ရပ်ထားသည့် Lykan ပြိုင်ကားကိုပါတွေ့လိုက်ရသည်။

ထိုပြိုင်ကား၏နာမည်ကိုတော့ သူမ မသိပေမယ့် ပိုက်ဆံရှိတဲ့သူတွေပဲ ပြိုင်ကားစီးနိုင်တာဆိုတာကိုတော့ သူမ သေချာသိလေသည်။

အဲ့တာအပြင် ဒါက သာမန်ချမ်းသာတာမျိုးတောင်မဟုတ်ပေ။

“ မင်္ဂလာပါ၊ အန်တီချောင်း”

ယဲ့ဖန် သူမအနီးသို့လျှောက်လာကာ သူမအားနှုတ်ဆက်လိုက်သည်။

ချောင်းလန် ခေါင်းလှည့်ကာ သူမသမီးအား အနည်းငယ်ထိတ်လန့်စွာ ကြည့်လိုက်သည်။

“မင်း.. မင်းတို့နှစ်ယောက် အတူပြန်လာကြတာလား?”

ကျိုးရှုယောင်းက ယဲ့ဖန်ထံမှ လက်ဆွဲအိတ်ကို ပြန်ယူလိုက်သည်။

“ဟုတ်တယ်၊ လမ်းမှာ နှစ်ယောက်သားတွေ့ကြတာနဲ့ ယဲ့ဖန်က ပြန်လိုက်ပို့ပေးတာ”

ချောင်းလန် ထိုပြိုင်ကားကို တစ်ခါပြန်ကြည့်လိုက်သည်။

“ရှောင်ဖန်၊ ဒီကားကသားရဲ့ကားလား?”

ယဲ့ဖန် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော့်ကားပါ”

ချောင်းလန် ထိတ်လန့်သွားရသည်။

“ရှောင်ဖန်က အခုပြိုင်ကားတောင် ဝယ်နိုင်နေပြီလား။ ဒီကားက ဈေးတော့မနည်းလောက်ဘူးထင်တယ်။”

ကျိုးရှုယောင်း သူမအမေးကို အမြန်ဝင်ဖြေလိုက်သည်။

“ယဲ့ဖန်က အခုအရမ်း‌အလုပ်ကြိုးစားတာ။ သူ့အိမ်မှာ ပြိုင်ကားတွေအများကြီးပဲ”

သူမပြောလိုက်တာကိုကြားတော့ ချောင်းလန် ပိုလို့ပင်ထိတ်လန့်သွားရသည်။

ဈေးအပေါဆုံးပြိုင်ကားပင်လျှင် ယွမ်သန်းချီတန်သည်ဟု သူမ ကြားဖူးသည်။

ယဲ့ဖန်မှာ တကယ်ကြီးပြိုင်ကားအများကြီး ရှိတာဆိုရင်…

အဲ့ကားအားလုံးပေါင်းရဲ့တန်ဖိုးက အနည်းဆုံးတော့ ဆယ်သန်းကျော်မှာပဲ?

'ငါသူနဲ့မတွေ့ဖြစ်တာ နှစ်နည်းနည်းလောက်ပဲ ရှိသေးတာကို ဘယ်တုန်းကဒီလောက်ထိ ချမ်းသာသွားရတာလဲ’

သူမအလွန်သိချင်စိတ်ပြင်းပြနေပေမယ့်လည်း…ယဲ့ဖန်ရှေ့တွင်မေးရမှာကိုတော့ ချောင်းလန် ရှက်တာကြောင့် သူမစိတ်ထဲ၌သာ အစီအစဉ်ဆွဲနေလိုက်သည်။

ကျိုးရှုယောင်းလည်း သူမအမေ၏အတွေးတွေကိုရိပ်မိတာကြောင့် ပြုံးသာပြုံးနေလိုက်သည်။

ထို့နောက် ချောင်းလန်ဘေးရှိကောင်လေးကို ညွှန်ပြကာမေးလိုက်သည်။

“အမေ၊ သူကဘယ်သူလဲဆိုတာ အခုထိ သမီးကိုမိတ်မဆက်ပေးရသေးဘူးနော်?”

ထိုအခါမှ ချောင်းလန် ထစ်ငေါ့စွာပြန်ဖြေလာသည်။

“သူ… သူက အာမခံကုမ္ပဏီကပါ။ ငါသူ့ကို အဲ့ရုံးအရှေ့မှာတွေ့ခဲ့တာ”

ထိုကောင်လေးမှာလည်း ကြောင်သွားသည်။

“အန်တီချောင်း၊ ကျွန်တော့်ကို ယောင်ယောင်းနဲ့ မိတ်ဆက်ပေးမလို့ မဟုတ်ဘူးလား…”

“အဲ့တာက၊ ရှောင်ချန်၊ အန်တီ အာမခံမလိုသေးဘူးနော်။ နောက်တစ်ခါလည်းမလာနဲ့တော့”

ချောင်းလန် ချက်ချင်းသူ့စကားကို ဖြတ်ပြောကာ သူ့ကိုအဝေးသို့တွန်းထုတ်လိုက်သည်။

“မင်းကငယ်သေးတော့ အန်တီမင်းနဲ့ အငြင်းမပွားချင်ဘူး။ မင်းဒီလိုပဲ ဆက်ပြီးနှောင့်ယှက်နေမယ်ဆိုရင် အန်တီ ရဲခေါ်ရလိမ့်မယ်”

ထိုကောင်လေးဟာလည်း လူချမ်းသာနှင့် လူဆင်းရဲကြားကကွာခြားချက်ကို ကောင်းစွာနားလည်သူဖြစ်သည်။

သူက ပြည်နယ်စီမံ‌ရေးရုံးမှာလုပ်တယ်ဆိုတာကို ကြားတော့ ချောင်းလန်က သူ့ကို နှစ်ရက်တစ်ခါ သုံးရက်တစ်ခါဆိုသလို သူမအိမ်ကို ဖိတ်ခေါ်ပြီး ကျိုးရှုယောင်း ငယ်ငယ်ကပုံတွေပါပြကာ သူတို့နှစ်ဦးကို နတ်ဖက်တဲ့စုံတွဲဟုပါ ပြောခဲ့သည်။

ကျိုးရှုယောင်းပြန်လာလျှင် သူတို့နှစ်ဦးကို လက်ထပ်ပေးမည်ဟု‌ပင် ပြောခဲ့သေးသည်။

ယခု သူမ၏သမီးဖြစ်သူက ပြိုင်ကားမောင်းနိုင်သည့်လူတစ်ယောက်နှင့် အတူပြန်လာသည်ကိုမြင်တော့ သူ့ကို ချက်ချင်း ကန်ထုတ်လိုက်တော့သည်။

သူမကဲ့သို့ ငွေမက်သောလူမျိုးနှင့် ကြုံလိုက်ရတာကြောင့် ကောင်လေးမှာ ဒေါသထွက်ရလွန်းလို့ အဆုတ်ပင် ကွဲထွက်လုမတတ်ဖြစ်သွားရသည်။

သို့ရာတွင် ယဲ့ဖန်မောင်းလာသည့် ပြိုင်ကားကိုမြင်တော့ ထိုလူဟာ သူထိပါးလို့ရမည့်သူမျိုးမဟုတ်ဘူး‌ဆိုတာကို သူအလိုလိုနားလည်လိုက်သည်။

ထို့ကြောင့် ကောင်လေးမှာစိတ်တိုနေပါသော်လည်း ဒေါသကိုမျိုချကာ လှည့်ထွက်လာလိုက်ရသည်။

ချောင်းလန်လည်း ထိုကောင်လေးဒေါသထွက်နေတာကို မြင်ပေမယ့် သူမစိတ်ထဲမထားပေ။

သူမအတွက်ကတော့ အသင့်တော်ဆုံးသမက်ကိုရှာရန်သာ ပထမဦးစားပေးဖြစ်သည်။

သာမန်အလုပ်သမားနှင့်ယှဉ်လျှင် အစိုးရဝန်ထမ်းကို ပိုသာသော်လည်း ပြိုင်ကားမောင်းနိုင်သည့်လူငယ်လေးနှင့် ယှဉ်လျှင်တော့ ဘာမှမဟုတ်ပေ။

တကယ်ဆို သူတို့နှစ်ယောက်ကြား ယှဉ်နိုင်တာ ဘာမှမရှိပေ။

“ရှောင်ဖန်၊ အပြင်မှာမတ်တပ်ကြီး ရပ်မနေနဲ့လေ။ အထဲဝင်ခဲ့”

ချောင်းလန် ယဲ့ဖန်လက်မောင်းအား သူထွက်ပြေးသွားမှာကို စိုးနေသည့်ဟန်ဖြင့် အမြန်ဖမ်းဆွဲထားလိုက်သည်။

“အန်တီချောင်း၊ ဒီနေ့တော့ ကျွန်တော် အထဲမဝင်တော့ဘူး။ အဘိုးကို အရင်ပြန်တွေ့လိုက်ဦးမယ်ဗျ”

ယဲ့ဖန်သူမ၏တက်ကြွနေမှုကြောင့် ဒုက္ခရောက်မည်စိုးသဖြင့် အမြန် ဆင်ခြေတစ်ခုပေးလိုက်သည်။

“ဟုတ်တာပေါ့။ အဘိုးကိုအရင်ပြန်တွေ့ရမှာပေါ့။ အားတဲ့အခါ အန်တီတို့အိမ်လာခဲ့နော်။ အန်တီအရသာရှိတာ ချက်ကျွေးမယ်”

တစ်ဖက်လူက အဘိုးဖြစ်သူအကြောင်း ပြောလာတော့ ချောင်းလန်ဆက်မဆွဲထားနိုင်တော့ပေ။

“ဒါပေါ့ဗျာ၊ ဒါဆိုကျွန်တော်ပြန်လိုက်ပါဦးမယ် အန်တီ”

ထိုသို့ပြောပြီးနောက် ယဲ့ဖန် ကျိုး‌ရှုယောင်းကို ခေါင်းညိတ်နှုတ်ဆက်လျက် ထွက်လာခဲ့လိုက်သည်။

ချောင်းလန် ယဲ့ဖန်၏ပြိုင်ကား ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။

ထို့နောက် သမီးဖြစ်သူ၏လက်အား စိတ်မရှည်စွာဆွဲကိုင်လိုက်သည်။

“ယောင်ယောင်း အမေ့ကိုအမြန်ပြောစမ်း။ သမီးတို့နှစ်ယောက် ဘယ်အဆင့်ထိ ရောက်နေကြပြီလဲ”

“မေမေရယ် သမီးတို့အခုထိ ဘာမှကိုမဟုတ်ရသေးပါဘူး”

“နင်ဘာလို့ဒီလောက်တုံးရတာလဲ။ သူက ဒီလောက်ကောင်းတဲ့ဟာကို ဘာတွေတုံ့ဆိုင်းနေရတာလဲ”

“အဲ့တာကြောင့်မဟုတ်ပါဘူး။ သူက သဘောမတူလောက်ဘူး”

“ယောကျာ်းတစ်ယောက်က မိန်းမကိုလိုက်ရင် တောင်တစ်လုံးခြားထားပေမယ့် မိန်းကလေးဘက်ကစလိုက်ရင်တော့ ပဝါပါးတစ်ခုလောက်ပဲခြားထားတာတဲ့။ နင့်ဘက်ကအရင် လက်ဦးမှုယူရမယ်လေ”

“မိန်းကလေးဆိုတာ ဣန္ဒြေရှိရှိနေရမယ်လို့ အမေပဲအရင်ကပြောခဲ့တာမဟုတ်ဘူးလား?”

“ငါ… နင့်လိုစိတ်ပျက်စရာကောင်းတဲ့ ကလေးမျိုးကို ဘာလို့များမွေးထားမိပါလိမ့်။ ငါ့အသက်သာကြီး‌မနေရင် ငါ့ဘက်က အရင်လက်ဦးမှုယူပြီးနေပြီ”

“.......”

အပိုင်း (၂၂၂)

အသုံးအဖြုန်းကြီးသူ

ယဲ့ဖန်ကတော့ ကျိုးရှုယောင်းဘက်မှာ ဘာတွေဖြစ်နေလဲဆိုတာ တစ်ခုမှမသိရပေ။

သူအိမ်ပြန်ရောက်ချိန်၌ ညစာစားချိန်ပင် ရောက်နေပြီဖြစ်သည်။

ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့ နှစ်ဦးသားက ထမင်းစားပွဲဝိုင်းအပြည့် ဟင်းများပြင်ဆင်ထားတာဖြစ်သည်။

သူတို့သုံးဦးသား ညစာအတူစားခဲ့ကြသည်။

“အဘိုး၊ အဘွား၊ မနက်ဖြန်မွေးနေ့ပွဲအတွက် ဖန်းမြို့က ရှန်ဂရီလာဟိုတယ်မှာ ကျွန်တော် ဘိုကင်ကြိုယူထားပြီးသွားပြီ”

ယဲ့ဖန် ပါးစပ်ကိုလက်ကိုင်ပုဝါဖြင့်သုတ်ရင်း မွေးနေ့ပွဲအကြောင်း သူတို့နှစ်ယောက်ကို ပြောပြလိုက်သည်။

“ ဖန်းမြို့က ရှန်ဂရီလာဟိုတယ်အခွဲလား။ အဲ့ကဆိုင်က ဖန်းမြို့မှာ အကောင်းဆုံးစားသောက်ဆိုင်လေ။ ဈေးလည်းတော်တော်ကြီးလောက်တယ် ထင်တယ် “

မားရှန်းလန် အံ့အားသင့်သွားရသည်။

“ ရှန်ဂရီလာဟိုတယ်မှာ တစ်ဝိုင်းကို အနည်းဆုံး ယွမ်နှစ်ဆယ်ကနေ ယွမ်သုံးသောင်းလောက်ထိကုန်တယ် မဟုတ်ဘူးလား “

ယဲ့ပေါက်ကောလည်း ယဲ့ဖန်အား အံ့ဩတကြီးကြည့်လိုက်မိသည်။

“ အာ… အဲ့လောက်နီးနီးပါပဲ ”

ယဲ့ဖန် ဝတ်ကျေတန်းကျေသာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ ထိုအကြောင်းကိုပြောမပြချင်ပေ။

သို့သော် ယဲ့ပေါက်ကော၏အကြည့်များမှာ စူးရှနေပြီး ချက်ချင်း ပြဿနာရှာတော့သည်။

“ ပြောစမ်း၊ မင်းဘယ်လောက်တောင် သုံးလိုက်တာလဲ “

အဘိုးဖြစ်သူ၏ပြင်းထန်သည့်အကြည့်အောက်မှာ ယဲ့ဖန်အမှန်အတိုင်းပြောရတော့သည်။

“ တစ်ဝိုင်းကို ငါး… ငါးသိန်း ”

“ဖူး..”

ရေသောက်နေသည့်ယဲ့ပေါက်ကောမှာ ရေပင်သီးသွားရသည်။

ထို့နောက် အသက်ရှူကြပ်သွားတာကြောင့် ပြင်းပြင်းထန်ထန်ချောင်းဆိုးတော့သည်။

သူပြန်သက်သာလာစေရန် ယဲ့ဖန်နှင့် မားရှန်းလန်တို့ ကျောကိုပုတ်ပေးလိုက်ရသည်။

“ဘယ်…ဘယ်လောက်။ တစ်ဝိုင်းကို ယွမ်ငါးသိန်း ဟုတ်လား။ မင်းကထမင်းစားမှာလား၊ ပိုက်ဆံတွေကိုစားနေတာလား။ ဘယ်လိုဟင်းမျိုးမို့လို့ ယွမ်ငါးသိန်းတောင် ပေးရတာလဲ “

ယဲ့ပေါက်ကောမှာ အလွန်စိတ်လှုပ်ရှားသွားရတာကြောင့် ဗလုံးဗထွေးတွေပြောနေတော့သည်။

“ ဟုတ်သားပဲ ရှောင်ဖန်ရယ်။ ဘယ်လိုဟာမျိုးမို့ တစ်ဝိုင်းကိုယွမ်ငါးသိန်းတောင် ပေးရတာလဲ။ သားအလိမ်များခံလာရတာလား “

မားရှန်းလန်ကလည်း စိုးရိမ်စွာမေးလာသည်။

“ စိတ်မပူပါနဲ့အဘွားရဲ့။ အဲ့ဆိုင်ပိုင်ရှင်က သားမိတ်ဆွေပါ။ အဲ့ဈေးနှုန်းကလည်း နဂိုသတ်မှတ်ထားပြီးသားဈေးနှုန်းပဲ ”

ယဲ့ဖန် သူတို့နှစ်ဦးအား အမြန်ရှင်းပြလိုက်ရသည်။

“ တစ်ဝိုင်းကိုယွမ်ငါးသိန်းလို့ ပြောလိုက်တာမလား။ ဘယ်နှစ်ဝိုင်းတောင် ကြိုယူထားတာလဲ “

ယဲ့ပေါက်ကော ဆက်မေးလိုက်သည်။

“ ကျွန်တော် ဆယ်ဝိုင်းကြိုမှာထားတယ် ”

ယဲ့ဖန်အနည်းငယ် လိပ်ပြာမလုံပင် ဖြစ်လာရသည်။

“ မင်း… ကြည့်ရတာ မင်းမှာဖြုန်းစရာပိုက်ဆံ တော်တော်ပေါနေပုံပဲ။ မွေးနေ့ပွဲအတွက်ကို ယွမ်ငါးသန်းတောင်သုံးလိုက်တယ်ပေါ့။ ပိုက်ဆံတွေကို လေထဲကကောက်ရနေတာလား “

ယဲ့ပေါက်ကော အံ့ဩလွန်ပြီး ဒေါသပင် ထွက်လာရသည်။

မားရှန်းလန်လည်း ခေါင်းငြိမ့်ပြလိုက်သည်။

“ ဟုတ်တယ်၊ ရှောင်ဖန်။ ဒါကမွေးနေ့ပွဲလေးပဲ မဟုတ်ဘူးလား။ ဒီအတိုင်းအိမ်မှာပဲ ချက်စားလိုက်ရင်တောင် ရနေတာကို ဘာလုပ်ဖို့ စားသောက်ဆိုင်သွားနေမှာလဲ။ ပိုက်ဆံပြန်အမ်းခိုင်းလို့ရသေးလား “

ယဲ့ဖန် ကူကယ်ရာမဲ့စွာဖြင့် ပုခုံးတွန့်ပြလိုက်သည်။

“ ပါဝင်ပစ္စည်းတွေကို ဝယ်ပြီးသွားလောက်ပြီ ထင်တယ်။ ပြန်အမ်းခိုင်းလို့မရလောက်တော့ဘူး ”

ယဲ့ပေါက်ကောမှာ ဒေါသထွက်လွန်းတာကြောင့် တဆတ်ဆတ်ပင်တုန်ယင်လာရသည်။

“ မင်း…မင်းတကယ်အသုံးအဖြုန်းကြီးတဲ့ ကောင်ပဲ။ ဒီလိုပိုက်ဆံဖြုန်းနေပုံမျိုးနဲ့ဆိုရင် ရွှေတောင်ငွေတောင်တွေရှိနေရင်တောင် အကုန်ပြောင်သွားလိမ့်မယ် ”

ယဲ့ဖန် အဘိုးဖြစ်သူ၏နောက်ကျောကို ဒေါသပြေအောင်နှိပ်နယ်ပေးလိုက်ရသည်။

“ အရင်တုန်းကတော့ အဲ့လိုလုပ်နိုင်စွမ်း မရှိခဲ့ပေမယ့် အခုပိုက်ဆံနည်းနည်းရှိလာပြီ ဆိုတော့ သေချာပေါက် အဘိုးအတွက် ဒီလိုမွေးနေ့ပွဲမျိုးကျင်းပပေးရမှာပေါ့။ ကျွန်တော်တို့ရဲ့ ယဲ့မိသားစု ဘယ်လောက် ချမ်းသာလဲဆိုတာ အဲ့ငဖားတွေကို ပြရမယ်လေ ”

ယဲ့ပေါက်ကော သူပြောတာကို နားထောင်လိုက်သည်။

မြေးဖြစ်သူက သူ့မျက်နှာကိုပြန်အဖတ်ဆယ် နိုင်ဖို့ကြိုးစားပေးနေသည်ကို သူသိလိုက်သည်။

ကုန်ဆုံးသွားသည့်ငွေပမာဏကြောင့် သူအနည်းငယ်ခေါင်းကိုက်သွားပေမယ့် ပြီးခဲ့တာတွေလည်း ပြီးသွားပြီဖြစ်သည်။ သူခေါင်းငြိမ့်ရုံကလွဲရင် ဘာမှမတတ်နိုင်တော့ပေ။

“ ဒီတစ်ခါနောက်ဆုံးပဲနော် ”

ယဲ့ဖန်ဘာမှပြန်မပြောနိုင်ခင် မားရှန်းလန်က သဘောမတူချေ။

“ ဘာလို့‌ဒီတစ်ကြိမ်ပဲလဲ။ ရှင်ကျတော့ မွေးနေ့ပွဲအကြီးကြီးလုပ်ပြီး ကျွန်မကျတော့ရော “

ယဲ့ပေါက်ကော အနည်းငယ်မပျော်မရွှင် ဖြစ်သွားရသည်။

“ဒါကမွေးနေ့ပွဲလေးပဲမဟုတ်ဘူးလား။ ရန်ဖြစ်စရာဘာရှိလို့လဲ “

“ ဘာလို့မရရမှာလဲ။ ရှောင်ဖန်ကို ကျွန်မပဲ ပျိုးထောင်လာရတာ။ ရှင်ဘယ်တုန်းက ကူညီခဲ့ဖူးလို့လဲ “

“ ငါဘာမှမလုပ်ပေးဘူးလို့ ဘယ်သူပြောတာလဲ။ ရှောင်ဖန်ငယ်ငယ် တုန်းက အနိုင်ကျင့်ခံခဲ့ရတာကွ။ သူဒေါသဖြေဖို့အတွက် ငါမကူညီပေးခဲ့တဲ့ အချိန်ရှိလို့လား “

“ အဲ့တာကို ကူညီပေးတယ်လို့ခေါ်တယ်လား။ ကျွန်မ အိမ်မှာ ရှင်တို့ကို ထမင်းချက်မကျွေးခဲ့တာမျိုး ရှိဖူးလို့လား။ အဝတ်မလျှော်ပေးတာရောရှိဖူးလား။ စောင်တွေကိုရော မချုပ်ပေးဘူးလား။ ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့ အဘိုးကြီး ”

“ မင်းပြောတာ ကျိုးကြောင်းမှ မဆီလျော်တာ ”

“ ရှင်ပြောတာကမှ ကျိုးကြောင်းမဆီလျော်တာလေ ”

“......”

ယဲ့ဖန် ရန်ဖြစ်နေသည့်အဘိုးအဘွားစုံတွဲကို ကြည့်နေမိသည်။ သူတို့နှစ်ဦးမှာ ထိုကိစ္စသေးသေးလေးအတွက်နှင့် မျက်နှာများနီရဲသည်အထိ ဒေါသထွက်နေကြသည်။

ရယ်စရာလည်းကောင်းသလို နွေးထွေးဖို့လည်းကောင်းသည်ဟု သူခံစားမိသည်။

ထို့နောက် ထိုင်ခုံမှထကာ အခန်းထဲဝင်လာ လိုက်သည်။

ခဏ‌တာစဉ်းစားပြီးသည့်နောက် ဖုန်းကိုထုတ်ကာ WeChat စာမျက်နှာ၌ ပိုစ့်တင်လိုက်သည်။

[ မနက်ဖြန် ညခုနစ်နာရီ၊ ဖန်းမြို့၊ ရှန်ဂရီလာဟိုတယ်ခွဲမှာ ကျွန်တော့်အဘိုးရဲ့ မွေးနေ့ညစာစားပွဲရှိပါတယ်။ ပိုက်ဆံရှိတဲ့သူ ဖြစ်ဖြစ် မရှိတဲ့သူဖြစ်ဖြစ် တက်ရောက်လို့ရပါတယ် ]

သူထိုပိုစ့်ကိုဝင်ကြည့်နိုင်သည့် လူအရေအတွက်ကို ကန့်သတ်ထားလိုက်သည်။

ဖန်းမြို့မှ သူ့ရဲ့ငယ်သူငယ်ချင်းအချို့သာ ထိုပိုစ့်ကိုမြင်နိုင်မည်ဖြစ်သည်။

ထို့နောက် ရေချိုးရန် ဆပ်ပြာနှင့် တဘက်ကို ယူလျက်ထွက်လာလိုက်သည်။

ယဲ့ဖန်ရေအေးဖြင့်သာ ချိုးခဲ့လိုက်သည်။

သူပြန်ရောက်လာချိန်၌ ဖုန်းမှာမရပ်မနား မြည်နေတော့သည်။

သူကိုင်ကြည့်လိုက်တော့ ခေါ်ဆိုသူမှာ ကျိုးရှုယောင်းဖြစ်နေသည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် နှစ်ခါစဉ်းစားမနေတော့ပဲ တန်းကိုင်လိုက်သည်။

“ နင် ကျုံးဟိုင်မှာ ဖုန်းကျန်ခဲ့တာ မဟုတ်ဘူးလား “

“ ဟုတ်တယ်၊ ဖုန်းအသစ်တစ်လုံးထပ်ဝယ်ပြီး ဖုန်းကတ်အသစ်ထပ်ထည့်ထားလိုက်တာ။ နင့်ကိုလည်းသိထားစေချင်လို့ ”

“ အာ၊ နင့်အမေ ကြင်ယာဖက်ကိစ္စ ထပ်ပြောနေသေးလား “

“ ဟားဟားဟား၊ နင်ဒီလိုပြောတော့မှ ရယ်တောင်ရယ်ချင်လာတယ်။ ငါ့အမေ အိမ်ပြန်ရောက်တော့ ငါ လက်မထပ်ရသေးတာတော်သေးတယ် ဆိုတာပဲပြောနေတာ။ မဟုတ်ရင် နင့်လို သမက်ကောင်းကောင်းလေး ရမှာမဟုတ်တော့ဘူးတဲ့”

“ သမက်။ အဲ့လိုခေါ်တာက… သိပ် မသင့်တော်ဘူးလားလို့ “

“ ငါ့အမေကတော့ နင့်အပေါ်မှာပဲ စိတ်နှစ်ထားလိုက်ပြီထင်တယ်။ နင်ကလွဲပြီး ဘယ်သူနဲ့မှလက်မထပ်စေချင်ဘူးတဲ့ ”

“ အာ… ငါ့လက်ထဲမှာ ဖျက်ဆီးလိုက်မိတာလား “

“ နင့်လက်ထဲမှာဘာရှိနေလို့လဲ “

“ နင့်အမေက ငါ့ကို နင်နဲ့လက်ထပ်ဖို့ အတင်းဖိအားပေးလာရင် ဘယ်လိုလုပ်မလဲ “

“ ဒါဆိုလည်း လက်ထပ်လိုက်တာပေါ့။ ဘာလဲ ငါက နင်နဲ့မတန်လို့လား “

“မဖြစ်‌ဘူးလေ။ အလှလေးတွေက ငါ့ကိုစောင့်နေကြတုန်းပဲ။ နင့်လို မရိုးသားတဲ့သစ်ပင်တစ်ပင်အတွက်နဲ့ သစ်တောတစ်ခုလုံးကိုပစ်လိုက်လို့တော့ မဖြစ်ဘူးလေ ”

“ ဘယ်သူ့ကိုမရိုးသားတဲ့သစ်ပင်လို့ ပြောချင်နေတာလဲ “

“ အာ… ငါကဒီတိုင်းနှိုင်းယှဉ်ပြတာပါ ”

“ ဟီးဟီး၊ စိတ်မပူပါနဲ့။ ငါ နင့်ကို မနှောင့်ယှက်ပါဘူး။ နည်းနည်းကြာမှ သူမကို ငါတို့နှစ်ယောက်အဆက်အသွယ် မရှိတော့ဘူးလို့ပြောလိုက်မယ်။ နင့်ကို ငါနဲ့လက်ထပ်ခိုင်းဖို့ ဓားထောက်ပြီးတော့ မခြိမ်းခြောက်လောက်ပါဘူး “

“ ဟုတ်တယ် ”

“ ဘာပဲဖြစ်ဖြစ်ပါ၊ ဒီနေ့အတွက် ကျေးဇူးပဲ။ မနက်ဖြန်နေ့လည်ကျ နင်အားလာ။ ငါ ထမင်းတစ်နပ်လောက် လိုက်ကျွေးချင်လို့ ”

“ မနက်ဖြန်နေ့လည်လား… ”

ယဲ့ဖန် စဉ်းစားကြည့်လိုက်သည်။

အဘိုးရဲ့မွေးနေ့ပွဲက ညခုနစ်နာရီမှ ကျင်းပမှာဖြစ်သည်။

“ကောင်းပြီလေ။ နင်စားသောက်ဆိုင် ရွေးပြီးရင် ငါ့ကိုစာပို့ထားလိုက်”

“ မနက်ဖြန်မှတွေ့မယ်နော် ”

“ အင်း မနက်ဖြန်တွေ့မယ် ”

ထို့နောက် ဖုန်းချလိုက်သည်။

ယဲ့ဖန် အိပ်ရာပေါ်သို့ ချက်ချင်းလှဲချလိုက်ပြီး နောက်တစ်ကြိမ်ဖုန်းပြန်ထုတ်ကာ WeChat ထဲ ဝင်လိုက်သည်။

ပြန်ဖြေထားတာဘယ်နှစ်ခုရှိပြီလဲ သူသိချင်မိသည်။

ယဲ့ဖန်ကြက်သေသေသွားရသည်။

သူ့ WeChat စာမျက်နှာက ပေါက်ကွဲထွက်မတတ်ဖြစ်နေလေသည်။

အပိုင်း (၂၂၃)

မင်းသွားတော့

ယဲ့ဖန် သူ့ပိုစ့်ကိုဝင်ကြည့်နိုင်သည့် လူအရေအတွက်ကို ကန့်သတ်ခဲ့ကြောင်း သူသေချာမှတ်မိသည်။

ဖန်းမြို့၌ရှိနေသည့်လူများသာ မြင်နိုင်မည်ဖြစ်သည်။

ဒါပေမဲ့ သူ WeChat အသုံးနည်းတာကြောင့် ဖြစ်ပေလိမ့်မည်။

အဲ့တာကြောင့် သူအမှားလုပ်မိသွားတာဖြစ်သည်။

သူ WeChat ကို နောက်တစ်ခါဖွင့်ကြည့်လိုက်ချိန်တွင် သူတင်ထားသည့်ပိုစ့်မှာ Like ရာချီရှိနေပြီး ၉၉+ ပင် ဖြစ်လို့နေလေသည်။

မှတ်ချက် အရေအတွက်မှာလည်း ၉၉+ ဖြစ်နေသည်။

သူအမြန်ပဲ မှတ်ချက် တို့ကိုစစ်ဆေးကြည့်ရန် နှိပ်လိုက်သည်။

နောက်တော့ သူ့သူငယ်ချင်းများထံမှ မရေမတွက်နိုင်သော မှတ်ချက် မက်ဆေ့ခ်ျ အများအပြားကိုတွေ့လိုက်ရသည်။

[ ယွမ်းဖန်ဝမ်းချန် အိမ်ခြံမြေမှ ဟွမ်းကျီယွမ်: ဂုဏ်ပြုပါတယ်၊ သခင်ကြီး။ ကျွန်တော် မနက်ဖြန်လာခဲ့ပါမယ် ]

[ လင်းယွမ်အိမ်ခြံမြေမှ ချန်းရွှမ် : အဘိုးယဲ့၊ မွေးနေ့မှာပျော်ရွှင်ပါစေ။ မနက်ဖြန်ကျ သေချာပေါက်လာခဲ့ပါ့မယ် ]

[ နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီမှ အစ်မဝမ် : ရှချူးက အခုထိအလုပ်မပြီးသေးဘူးရယ်။ နောက်မှအစ်မသူ့ကိုပြောလိုက်မယ်နော် ]

[ ကျုံးဟိုင်မြို့ ထန်းဂူဈေးဝယ်စင်တာအခွဲမှ ကွမ်းကျန်ရှန်း : အဘိုးယဲ့ရဲ့ကံကြမ္မာက အရှေ့ပင်လယ်လိုပါပဲ၊ ပြီးတော့ အသက်လမ်းကြောင်းကလည်း တောင်ပိုင်းက တောင်တန်းတွေလိုခိုင်ခံ့ပါတယ်။ မနက်ဖြန်ကျွန်တော်သေချာပေါက် လာခဲ့ပါမယ် ]

ထို မှတ်ချက်များကိုမြင်တော့ ယဲ့ဖန် ကြက်သေသေသွားရသည်။

သူ ဖန်းမြို့က သူ့ငယ်သူငယ်ချင်းများကိုသာ ထိုပိုစ့်ကို မြင်စေလိုတာဖြစ်သည်။

အခုလူတိုင်း ဒီအကြောင်းကို သိကုန်ကြပြီဖြစ်သည်။

ပြီးတော့အကုန်လုံးကလည်း သူတို့ကိုယ်တိုင် လာခဲ့ပါမယ်ဟု ပြောနေကြနေသေးသည်။

သူ့ရည်ရွယ်ချက်က ဒီလိုမဟုတ်ဘူးလေ။

ထိုသို့တွေးမိကာ သူအမြန်ပဲ သူ့မိတ်ဆွေကို မက်ဆေ့ခ်ျထပ်ပို့လိုက်သည်။

[ ငါတကယ်ပဲတောင်းပန်ပါတယ်။ အစောက စာမှားပို့မိသွားလို့ပါ။ မင်းတို့ရဲ့ ကြင်နာတဲ့ရည်ရွယ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပွဲကျင်းပမယ့်နေရာက လူသိပ်မဆံ့လောက်ဘူး။ အားလုံးပဲ ကိုယ့်အိမ်မှာကိုယ်နေပြီး မိသားစုကို အဖော်ပြုပေးလိုက်ကြပါနော် ]

သူ့မိတ်ဆွေတွေ ဒီမက်ဆေ့ခ်ျကိုမြင်လျှင် ဘာတွေဖြစ်နေလဲဆိုတာကို နားလည်လောက်မည်ဆိုတာကို ယဲ့ဖန်ယုံကြည်သည်။

သူ့စာမျက်မှာ၌ ထိုသို့ပြန်တင်ပြီးနောက် ဘာမှထပ်မရှင်းပြတော့ပဲ ဖုန်းပိတ်ကာ မီးမှိတ်ပြီး အိပ်ရာဝင်လိုက်တော့သည်။

..............…

တစ်ချိန်ထဲမှာပဲ။

ကျုံးဟိုင်မြို့၊ လင်းယွမ်အိမ်ခြံမြေ၏ သူဌေးရုံးခန်းထဲတွင်။

“ ယုံထင်း၊ မနက်ဖြန်ရှိသမျှအလုပ်အကုန် ဖျက်ထားလိုက်။ ငါမနက်ဖြန် ဖန်းမြို့ကို သွားစရာရှိတယ် ”

ချန်းရွှမ် ထိုင်ခုံနောက်မှီကိုမှီရင်း နားထင်ကို ပွတ်သပ်နေမိသည်။

အစီအရင်ခံစာဖတ်ပြနေသည့် ကျန်းယုံထင်းမှာကြောင်သွားရသည်။

“ အစ်မရွှမ်၊ မနက်ဖြန်ကျရင် အစ်မကိုယ်တိုင် တက်ရမယ့်အရေးကြီးအစည်းအဝေးတစ်ခု ရှိပါတယ် ....... ”

ချန်းရွမ် သူမအားလက်ကာပြပြီး တားလိုက်သည်။

“နင်ငါ့ကိုကူပြီး အဲ့ပွဲကို ဦးဆောင်လိုက်ပါ”

ကျန်းယုံထင်းအံ့ဩသွားရသည်။

ချန်းရွှမ်က သူမအလုပ်ကို အမြဲတန်ဖိုးထားသူဖြစ်သည်။

သူမ နေမကောင်းဖြစ်နေလျှင်တောင် တစ်ရက်မှခွင့်မယူပေ။

ဒီတစ်ခါတော့ အရေးကြီးအစည်းအဝေးကိုတောင် ဖျက်မှာတဲ့လား။

ဒါမျိုးကတော့ တကယ်ကို ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်သည်။

ကိစ္စကြီးကြီးမားမားတစ်ခုခုများ ဖြစ်လို့လား?

ထိုသို့တွေးမိတော့ သူမစိုးရိမ်တကြီး မေးလိုက်မိသည်။

“ ဖန်းမြို့ကို ဘာလို့သွားမှာလဲအစ်မ ”

ချန်းရွှမ် ခဏလောက်တုံ့ဆိုင်းနေပေမယ့် နောက်ဆုံးတော့ ပြန်ဖြေလာသည်။

“မနက်ဖြန် ယဲ့ဖန်ရဲ့အဘိုးမွေးနေ့လေ”

“အာ…”

ကျန်းယုံထင်းဆွံ့အသွားရသည်။

အဲ့တော့ ယဲ့ဖန်ကြောင့်ပေါ့၊ ဟုတ်လား။

“ဒါဆို…. တကယ်ကြီးတဲ့ပွဲပဲဖြစ်ရမယ်!”

…............

ကျုံးဟိုင်ထိုက်ကွန်းကလပ်။

ဝမ်ထင်းကွမ်း လက်ထဲမှဖုန်းကိုချကာ သားဖြစ်သူ ဝမ်ချီရှန်းကိုကြည့်လိုက်သည်။

“မင်းလည်း မနက်ဖြန်ငါနဲ့အတူ ဖန်းမြို့ကို လိုက်ခဲ့ရမယ်”

ချီရှန်းဟာ ခေါင်းငုံ့လျက် လက်ထဲရှိဖုန်းဖြင့်ကစားရင်းဖြေလိုက်သည်။

“ဖန်းမြို့က ဘာပျော်စရာကောင်းလို့လဲ?”

ဝမ်ထင်းကွမ်း အနည်းငယ်မကျေမနပ် ဖြစ်သွားရသည်။

“မင်းကအမြဲတမ်း ဘယ်လိုကစားရမလဲဆိုတာပဲသိတယ်။ တစ်ခုခုကို အတည်တကျလေးဘာလေး မလုပ်နိုင်ဘူးလား?”

ဝမ်ချီရှန်း လက်ထဲရှိဖုန်းကိုချလိုက်သည်။

“ဒါဆိုလည်းပြောလေ၊ ဖန်းမြို့မှာ ဘာအလုပ်ကိစ္စရှိတာမလို့လဲ?”

ဝမ်ထင်းကွမ်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ရင်းသည်။

“မွေးနေ့ပွဲသွားတက်ရမယ်”

ဝမ်ချီရှန်း မနှစ်မြို့စွာနှုတ်ခမ်းစူလိုက်မိသည်။

“ကျွန်တော်ကတော့ တစ်ခုခုအရေးကြီးတာ ထင်လိုက်တာ။ ထပ်ပြီးညစာစားပွဲပဲလား? ကျွန်တော်မလိုက်ဘူး”

ဝမ်ထင်းကွမ်း၏အမူအရာမှာ လေးနက်နေလေသည်။

“မင်းမနက်ဖြန်ငါနဲ့အတူ မွေးနေ့ပွဲကို လိုက်ခဲ့ရမယ်”

ဝမ်ချီရှန်းလည်း ဒေါသထွက်လာရသည်။

“အမေရိကန်နိုင်ငံသမ္မတရဲ့မွေးနေ့ဆိုရင်တောင် ကျွန်တော်မလိုက်ဘူးဗျာ”

ဝမ်ထင်းကွမ်းမငြင်းဆန်နိုင်သည့်အသံဖြင့် ထပ်ပြောလာသည်။

“အမေရိကန်သမ္မတရဲ့မွေးနေ့ကို‌ မင်းသွားစရာမလိုဘူး။ ဒါပေမယ့် ဒီပွဲကိုတော့ သွားကိုသွားရမယ်”

ဝမ်ချီရှန်း၏မျက်လုံးများ အနည်းငယ် မှုန်မှိုင်းလာသည်။

“ဘယ်သူ့မွေးနေ့မို့လို့လဲ?”

“ယဲ့ဖန်ရဲ့အဘိုး”

“ချီး….”

….......................

လော့အိန်ဂျလိစ်၊ အမေရိကန်နိုင်ငံ။

5 stats ဟိုတယ်တစ်ခု၌။

ဟွမ်းကျီယွမ် တံခါးတွန်းဖွင့်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။ ထို့နောက် တံခါးနားရှိ လက်ထောက်အား ပြောသည်။

“အခုချက်ချင်း တရုတ်ကိုပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်လိုက်။ ငါဒီညပြန်မယ်”

ယောကျာ်းလေးလက်ထောက်ဖြစ်သူမှာ အနည်းငယ်အံ့ဩသွားရသည်။

“ဥက္ကဌဟွမ်၊ ကျွန်တော်တို့ မနက်ဖြန်ကျ စစ်ဆေးစရာတစ်ခုကျန်ပါသေးတယ်။ အကုန်လုံးကို စီစဉ်ပြီးနေပါပြီ”

ဟွမ်းကျီယွမ် အဝတ်အစားသိမ်းနေရင်း ပြောသည်။

“အခုလောလောဆယ် အဲ့တာကို နောက်ဆုတ်ထားလိုက်ဦး။ ငါအခုချက်ချင်း ပြန်မှရမယ်”

လက်ထောက်ဖြစ်သူမှာ ချက်ချင်းပင် စိတ်ပူလာရသည်။

“ဥက္ကဌဟွမ်၊ ဒီစစ်ဆေးမှုက ကုမ္ပဏီရဲ့ အရေးကြီးပရော့ဂျက်တစ်ခုနဲ့ ဆက်စပ်နေတာပါ။ ကျွန်တော်တို့ အခုထွက်သွားရင် အနည်းဆုံး US ဒေါ်လာ တစ်ဘီလီယံလောက် ဆုံးရှုံးရပါလိမ့်မယ်”

ဟွမ်းကျီယွမ်မှာတော့ သူပြောသမျှကို မကြားသလိုပင်။

“ငါပြန်သွားပြီး ပိုအရေးကြီးတာလုပ်စရာရှိတယ်”

လက်ထောက်ဖြစ်သူမှာ အနည်းငယ်ရှုပ်ထွေးသွားရသည်။

“အဲ့တာကုမ္ပဏီနဲ့ပက်သက်နေတဲ့ ပြဿနာတစ်ခုခုများလား”

ဟွမ်းကျီယွမ် ပါသမျှပစ္စည်းအကုန်လုံးကို လက်ဆွဲအိတ်ထဲထိုးထည့်နေသည်။

“မဟုတ်ဘူး။ ငါ ယဲ့လူကြီးမင်းရဲ့အဘိုးမွေးနေ့ပွဲ သွားတက်မလို့”

လက်ထောက်ဖြစ်သူမှာ ရှုပ်ထွေးနေဆဲပင်။

“မွေးနေ့ပွဲတက်ဖို့က ဒေါ်လာဘီလီယံတန်တဲ့ပရော့ဂျက်ထက် ပိုအရေးကြီးလို့လား?”

ဟွမ်းကျီယွမ် သူ့အားပြန်လှည့်ကြည့်လာသည်။

“အဲ့တာက တခြားပွဲဆယ်ခုလောက်ထက် ပိုအရေးကြီးတယ်ကွ!”

…………………

ကျုံးဟိုင်ရုပ်ရှင်မြို့တော်။

ရှချုး အခုမှ ဒီနေ့တစ်ရက်တာအတွက် ရိုက်ကူးရေးပြီးသွားတာဖြစ်သည်။

သူမ ပင်ပန်းနေသည့်ကိုယ်ကိုသယ်ရင်း ဗန်ကားထံပြန်လာခဲ့သည်။

သူမထိုင်ခုံကိုမှီလိုက်ရင်း လက်ချောင်းတစ်ချောင်းလေးပင် လှုပ်ရန်အားမရှိတော့ချေ။

ထိုအချိန်တွင် အစ်မဝမ် သူမထံလျှောက်လာသည်။

“ရှရှ၊ မနက်ဖြန်တစ်ရက် ရိုက်ကွင်းမရှိဘူး။ ဒါပေမယ့် ကျုံးဟိုင် ရုပ်သံဌာနက အင်တာဗျူးတစ်ခုတော့ ဖြေစရာရှိတယ်”

ရှချူး သူမပြောတာကိုပင် ဆုံးအောင် နားမထောင်ပဲ ကြားဖြတ်ပြောလာသည်။

“အစ်မ၊ ကျွန်မ မနက်ဖြန်တစ်ရက်လောက် နားချင်တယ်။ မနက်ဖြန် အချိန်ဇယားတွေ အကုန်ဖျက်ထားပေးလို့ရမလား”

အစ်မဝမ် သူမဘေးသို့လျှောက်လာရင်း သူမခြေထောက်တွေကို နှိပ်နယ်ပေးလိုက်သည်။

“ထုတ်လုပ်သူဝမ်က မနက်ဖြန်ညကျရင် ရုံးဖွင့်ပွဲအတွက် ညစာစားပွဲလုပ်မလို့တဲ့။ အဲ့တာက ငါတို့ရုပ်ရှင်ရဲ့အချိန်ဇယားနဲ့လည်း သက်ဆိုင်‌နေတယ်၊ အဲ့တာကြောင့် အစ်မကတော့ မင်းကိုသွားစေချင်တယ်…”

ရှချူး အနည်းငယ်ဒေါသထွက်သွားရသည်။

“ကျွန်မပြောပြီးပြီလေ။ မနက်ဖြန် ကျွန်မ နားချင်တယ်လို့။ ဘာကိစ္စပဲရှိနေနေ ကျွန်မ ဂရုမစိုက်ဘူး”

“အိုး” အစ်မဝမ် ချက်ချင်းပြန်ဖြေလာ၏။ “ကြည့်ရတာ ငါမင်းကိုအခုထိ ယဲ့ဖန်အကြောင်းပြောဖို့မလိုတော့ဘူးထင်တယ်?”

ထိုသို့ပြောပြီးနောက် သူမလှည့်ထွက်သွားတော့သည်။

ရှချူး ထိုင်ခုံမှအမြန်ထရပ်လိုက်သည်။

“ယဲ့ဖန်ရဲ့ ဘာအကြောင်းလဲ?”

အစ်မဝမ် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

“ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူးလို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား?”

ရှချူး အမြန်ပင်ချွဲနွဲ့လိုက်သည်။

“အစ်မချောချောလှလှလေးကလည်း၊ အမြန်ပြောပြပါ။ ဘာကိစ္စလဲ?’

ထိုအခါမှသာ အစ်မဝမ်က ဖြည်းဖြည်းချင်း ပြောပြလာသည်။

“မနက်ဖြန်ကျရင် ယဲ့ဖန်ရဲ့အဘိုးမွေးနေ့ပွဲရှိတယ်။ အဲ့တာမင်း…”

သူမပြောလို့မပြီးခင်မှာတင် ရှချူး အမြန်ခေါင်းညိတ်ပြသည်။

“ကျွန်မ သွားမယ်၊ ကျွန်မ သွားမယ်”

အစ်မဝမ်မှာ အနည်းငယ်ဆွံ့အသွားရသည်။

“မင်းပဲမနက်ဖြန်အလုပ်နားမလို့ဆို?”

ရှချူး သူမ၏သေးငယ်သည့်လက်မောင်းလေးကို အမြန်ပြရှာသည်။

“အခုအင်အားအပြည့်ပဲ။ သေးသေးလေးတောင် အနားယူစရာမလိုဘူး”

“ဒါပေမယ့်….”

“တော်ပါတော့ အစ်မရယ်။ ဘိုးဘိုးယဲ့အတွက် လက်ဆောင်သွားဝယ်ရအောင်”

“ညသန်းခေါင်တောင် ရောက်နေပြီလေ။ ဘယ်လိုလုပ်လက်ဆောင်ဝယ်လို့ရတော့မှာလဲ?”

“အာ… ဟုတ်သားပဲ”

အပိုင်း (၂၂၄)

ဘာတွေဖြစ်ကုန်တာလဲ?

နောက်တစ်နေ့မနက်၌။

ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့မှာ သူတို့ကြိုတင်ရွေးထားသည့် ဧည့်သည်တော် စာရင်းအတိုင်း မွေးနေ့ပွဲကျင်းပမည့်နေရာကို တစ်အိမ်ထွက်တစ်အိမ်ဆင်းလိုက်ပြောတော့ သည်။

တစ်ဖက်တွင် ယဲ့ဖန်ဟာတော့ အိမ်၌ စာဖတ်နေသည်။

မွန်းတည့်ချိန်မှသာ သူအိပ်ခန်းထဲမှ အေးအေးဆေးဆေးထွက်လာသည်။

ကျိုးရှုယောင်းနှင့်တွေ့ဆုံရန် ချိန်းဆိုထားသောနေရာမှာ သိပ်မဝေးတာကြောင့် သူ Lykan ပြိုင်ကားကို မောင်းသွားစရာမလိုပေ။

ထိုကားမောင်းသွားပါက လည်ပြန်အောင် လှည့်ကြည့်ကြမည့်လူအရေအတွက်မှာ အလွန်များတာကြောင့် သူသိပ်ပြီးထင်ပေါ်အောင်မလုပ်ချင်ပေ။

ထို့ကြောင့် အဘက်ဘက်မှတွေးတောကြည့် ပြီးသည့်နောက် ယဲ့ဖန်အိမ်မှထွက်လာကာ လမ်းပေါ်ရှိအများသုံးစက်ဘီးတစ်စီး ငှါးလျက် ဦးတည်ရာသို့ထွက်လာခဲ့လိုက်သည်။

ထိုအချိန်တွင် ကျိုးရှုယောင်း လမ်းဘေး၌ ရပ်လျက် ဟိုဟိုသည်သည်ကြည့်နေမိသည်။

သူမဒီနေ့အထူးတလည်မိတ်ကပ်လိမ်းလာခဲ့တာဖြစ်တာကြောင့် နဂိုထဲကလှပသော သူမမှာ ယခုဆိုလျှင်ပိုလို့ပင် နှစ်လိုဖွယ်ကောင်းနေသည်။

သူမခြေထောက်များမှာ ဖြူဖွေးနေပြီး ခါးမြင့်ပန်းပွင့်ပုံများပါသည့်ဂါဝန်ကို ဝတ်ဆင်ထားကာ အဖြူရောင်ဖိနပ်ပါးတစ်ရံ ဖြင့် အလှဆင်ထားသည်။

ထိုအသွင်မှာ သူမအား ဖြူစင်မှုနှင့် ရင့်ကျက်မှုဒွန်တွဲလျက် နှစ်လိုဖွယ်ဖြစ်နေစေသည်။

ထိုအချိန်တွင် သူမရှေ့၌ Audi A6 ကားတစ်စီး ထိုးရပ်လာသည်။

ကားပြတင်းပေါက်နိမ့်ဆင်းသွားကာ ကြည့်ကောင်းချောမောသည့် ဒုတိယမျိုးဆက် သူဌေးသားတစ်ဦး၏ခေါင်းထွက်လာသည်။

“အလှလေး၊ ဘယ်သွားမလို့လဲ။ ကိုယ်လိုက်ပို့ပေးရမလား?”

ကျိုးရှုယောင်း ယဉ်ကျေးစွာ ခေါင်းယမ်းပြလိုက်သည်။

“မလိုပါဘူး၊ ကျွန်မ လူတစ်ယောက်ကို စောင့်နေတာ”

ထိုဒုတိယမျိုးဆက်သခင်လေးမှာ အငြင်းခံလိုက်ရသော်လည်း ဆက်ပြောလာသည်။

“ဒီနေ့လေနည်းနည်းပြင်းတယ်။ ကားထဲမှာ ဝင်ထိုင်နေပါ့လား? ညစာစားချိန်တောင် ရောက်တော့မယ်၊ ကိုယ်မင်းကို သူငယ်ချင်း ဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့ ထမင်းလိုက်ကျွေးမယ်လေ”

ကျိုးရှုယောင်း ဆက်လက်ခေါင်းယမ်းပြသည်။

“တကယ်မလိုပါဘူး။ ခဏနေရင် ကျွန်မသူငယ်ချင်းရောက်လာတော့မှာပါ”

ထိုဒုတိယမျိုးဆက်သခင်လေးလည်း သူ၏ Patek Philippe နာရီပတ်ထားသည့် လက်ကောက်ဝတ်ကို မြင်သာအောင် ပြတင်းပေါက်ဘောင်ထက်၌ တမင်တကာ တင်လိုက်သည်။

“ဘယ်သူငယ်ချင်းလဲ။ ကောင်လေးလား။ သူ့မှာရော BMW ရှိလား?”

သူ့စကားကို‌ကြားတော့ ကျိုးရှုယောင်း၏ နှုတ်ခမ်းထင်၌ အထင်သေးဟန်အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။

“မရှိဘူး”

ယဲ့ဖန်ထံတွင် BMW မရှိချေ။

သို့သော် ယွမ်သန်းဆယ်ချီတန်သည့် ပြိုင်ကားများတော့ရှိသည်။

အဲ့လိုကားမျိုးနှင့်ယှဉ်ရင်လျှင် ထို BMW ဆိုတာ စက်ရုံကထုတ်တဲ့ စွန့်ပစ်ပစ္စည်းသာသာဖြစ်သည်။

သူမပြောလိုက်သည်ကိုကြားတော့ ထိုဒုတိယမျိုးဆက်သခင်လေးမှာ ပိုမိုယုံကြည်မှုရှိလာတော့သည်။

“ဒါဆို BMW ကား စီးရတဲ့အရသာကိုခံစားကြည့်ချင်လား။ မင်းစီးကြည့်ချင်တယ်ဆိုရင် ကိုယ်မင်းကို နေ့တိုင်းစီးခွင့်ပေးနိုင်တယ်”

ကျိုးရှုယောင်းမှာ သူ၏နှောင့်ယှက်မှုကြောင့် စိတ်ရှုပ်လာရကာ ပြန်ပြောရန်ပြင်လိုက်သည်။

ထိုအချိန်မှာပဲ သူမ အနောက်မှ ရင်းနှီးသည့် အသံတစ်ခုထွက်ပေါ်လာသည်။

“ကိုယ့်အထင်တော့ BMW ရဲ့နောက်ခုံက ကိုယ့်စက်ဘီးထိုင်ခုံလောက် သက်တောင့်သက်သာရှိမယ်မထင်ဘူး”

သူမနောက်လှည့်ကြည့်လိုက်ရာ အများသုံးစက်ဘီးတစ်စီးနှင့် ယဲ့ဖန်ကို တွေ့လိုက်ရသည်။

ယနေ့တွင် ယဲ့ဖန်ဟာ မီးခိုးရောင် ထသွားထလာဝတ်စုံကို ဝတ်ဆင်ထားသည်။

သူခေါင်းပင်လျှော်မလာချေ။

မုတ်ဆိတ်လည်းရိတ်မထားချေ။

သူ့ပုံစံမှာ အနည်းငယ်ဖိုသီဖတ်သီ ဖြစ်နေသည်။

ကျိုးရှုယောင်း၏မျက်နှာထက်၌ ချိုသာသောအပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။

“အပြင်ထွက်လာတာကို အဝတ်တောင်လဲမလာဘူးလား”

ယဲ့ဖန်နှုတ်ခမ်းစူလိုက်သည်။

“ငါကရုပ်ဆိုး‌နေလို့လား။ ဒါဆိုလည်း ပြန်တော့မယ်”

ထိုသို့ပြောကာ သူလှည့်ထွက်လာလိုက်သည်။

ကျိုးရှုယောင်းလည်း သူ့နောက်မှ အမြန်ပြေးလိုက်သွားလိုက်သည်။

“တောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့။ ငါမှားပြောမိသွားတယ်၊ ဟုတ်ပြီလား။ နင်ကကမ္ဘာပေါ်မှာ အချောဆုံးပဲ”

ယဲ့ဖန် နှာခေါင်းရှုံ့လိုက်သည်။

“ဒီလိုမှပေါ့။ ဒါဆိုလည်း စက်ဘီးပေါ်တက်လေ”

ကျိုးရှုယောင်း ကြောင်သွားရသည်။

ဒီစက်ဘီးတွေက တခြားစက်ဘီးတွေနှင့် မတူဘဲ နောက်ထိုင်ခုံမပါပေ။

စက်ဘီးပေါ်တက်ဖို့ဆို အခြားအတွဲတွေလို ယဲ့ဖန်ရဲ့လက်မောင်းတွေကြားထဲ ထိုင်စီးရမှာလား?

သို့သော် သူမကိုလိုက်နှောင့်ယှက်နေသည့် BMW ကားပေါ်ကလူကို တွေးမိသွားသည်။

ထို့ကြောင့် သူမစိတ်ကိုပြင်ဆင်ကာ နီရဲနေသောမျက်နှာဖြင့် ယဲ့ဖန်၏ရှေ့လက်မောင်းတွေကြားထဲ၌ ဝင်ထိုင်လိုက်သည်။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည်လည်း သတိလက်လွတ်ဖြစ်သွားရသည်။

သူ့ပထမရည်ရွယ်ချက်မှာ ကျိုးရှုယောင်းအတွက်လည်း စက်ဘီးတစ်စီးငှားပေးရန်ဖြစ်သည်။

ဒါပေမယ့် အခုတော့….သူ့ရှေ့မှ နွေးထွေးသည့်ရနံ့ခပ်ဖျော့ဖျော့ကို ရရှိနေပြီး ကျိုးရှုယောင်း၏အနည်းငယ် ရဲနေသည့်ပါးပြင်နှစ်ဖက်ကို မြင်နေရသည်…

ယဲ့ဖန် အကောင်းဆုံးလုပ်ရန်သာ တတ်နိုင်တော့သည်။

“သေချာကိုင်ထား”

“အင်း”

ကျိုးရှုယောင်း၏မျက်နှာမှာ အနည်းငယ်နီနေကာ သူမခန္ဓာကိုယ်ဟာလည်း မသိစိတ်အလျောက် ယဲ့ဖန်၏လက်မောင်းတွေကို မှီနေမိသည်။

“နင်ပြုတ်ကျရင် ငါဂရုမစိုက်ဘူးနော်”

ယဲ့ဖန်မြေကြီးပေါ်ကို ခြေ‌တစ်ချက်ဆောင့်နင်းကာ ပြောလိုက်သည်။

ထို့နောက် စက်ဘီးကို မြှားတစ်စင်းလို ချက်ချင်း နင်းထွက်လိုက်တော့သည်။

“အား”

ကျိုးရှုယောင်း ကြောက်လန့်တကြား အော်ဟစ်လိုက်မိကာ သူမဦးခေါင်းကို အမြန်ယဲ့ဖန်၏လက်မောင်းကြားထဲ ဝှက်လိုက်မိသည်။

ထိုသို့ပင် သူတို့နှစ်ဦးသား ထွက်လာခဲ့လိုက်ကြသည်…

BMW မောင်းသည့် ဒုတိယမျိုးဆက် သူဌေးသားမှာ ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရတာကြောင့် ခွေးစာအဝစားလိုက်ရသည်။

သူ၏ကမ္ဘာ‌ကြီးကိုမြင်သည့်အမြင်မှာ ပြိုကွဲလုနီးပါးဖြစ်သွားရသည်။

ဘာတွေဖြစ်ကုန်တာလဲ?

BMW စီးနေတဲ့လူက စက်ဘီးစီးနေတဲ့လူကို အားကျလို့ ငိုနေရတယ်တဲ့လား။

ငါ့မှာ Patek Philippe နာရီနဲ့ BMW A6 ရှိနေတာတောင် စက်ဘီးစီးရတဲ့ကောင်ကို မနိုင်ဘူးတဲ့လား။

ထိုမိန်းကလေး ယဲ့ဖန်ကို ဘယ်လိုမြင်လဲဆိုတာ သူတကယ်မသိပေ။

ယဲ့ဖန်ရဲ့ပူပန်မှုကင်းတဲ့ပုံကို သူမက စိတ်ကူးယဉ်ဆန်တယ်လို့ မြင်နေတာလား။

ယဲ့ဖန်သည် စားသောက်ဆိုင်ထဲကို ထူးဆန်းသည့်အမူအရာဖြင့်ကျိုးရှုယောင်းနှင့် အတူရောက်လာတော့ စားသောက်ဆိုင်ထဲရှိ လူအများ၏အာရုံဆွဲဆောင်လိုက်သလို ဖြစ်သွားသည်။

သူတို့လုံးဝနားမလည်နိုင်ချေ။

ဒီလိုမိန်းကလေးမျိုးနဲ့ စုတ်ပဲ့ပဲ့လူက…

သူမက ဘာလို့ အဲ့လိုစုတ်တီးစုတ်ပဲ့နဲ့ စက်ဘီးစီးထားတဲ့လူနဲ့အတူလာရတာလဲ။ အဲ့တာအပြင် တစ်စီးတည်းတောင် အတူစီးလာသေးတယ်။

အဲ့ကောင်မှာ ထူးချွန်တဲ့အရည်အချင်းတွေ ဘာတွေများရှိနေလို့လဲ။

ယဲ့ဖန်နှင့် ကျိုးရှုယောင်းတို့ ထောင့်တစ်ထောင့်၌နေရာရှာကာ ထိုင်လိုက်ကြသည်။

ထို့နောက် ယဲ့ဖန် သူမကို ခါးသက်သက်ပြုံးကာ ကြည့်လိုက်မိသည်။

“ကိုယ့်အထင်တော့ သူတို့အကုန်လုံး လတ်ဆတ်တဲ့ပန်းလေးတစ်ပွင့်က နွားချေးပုံထဲရောက်နေတယ်လို့ တွေးနေကြတဲ့ပုံပဲ”

ကျိုးရှုယောင်း သူမပါးစပ်ကိုအုပ်လျက် ပြုံးလိုက်သည်။

“ နင်ကနွားချေးဆို၊ သူတို့က နွားချေးတောင်မဟုတ်ဘူး။ နင်က ကိတ်ပူပူလေးတစ်လုံးလိုပဲလေ။ နင့်ရဲ့ မျက်နှာသာပေးမှုကိုလိုချင်လို့ တိုက်ခိုက်နေကြတဲ့သူဌေးကြီးတွေ ဒီလောက်တောင်များတာကို ”

ယဲ့ဖန် ခေါင်းကုတ်လိုက်သည်။

“ဘာလို့အဲ့လိုပြောရတာလဲ?”

ကျိုးရှုယောင်း သူ့ဖုန်းကိုညွှန်ပြလိုက်သည်။

“ မနေ့ညက နင်တင်ထားတဲ့ပိုစ့်ကို ငါမြင်လိုက်တယ်။ ဒါပေမယ့် ငါ အဲ့ပိုစ့်ကိုမြင်လိုက်တဲ့အချိန်မှာ ပြတ်ပြတ်သားသားပဲ လက်လျှော့လိုက်တော့တယ်။ တောင်းပန်ပါတယ်၊ ငါကမထိုက်တန်ပါဘူး ”

ယဲ့ဖန်ခေါင်းယမ်းလိုက်ရင်း ခါးသက်စွာ ပြုံးလိုက်သည်။

“နင်မနေ့ကမြင်လိုက်တဲ့ ပိုစ့်ကမှားတင်မိတာ။ သူတို့ကို မလာဖို့ ငါပြန်ပြောပြီးသွားပြီ”

ကျိုးရှုယောင်း၏လှပသောမျက်လုံးလေးတွေက သူ့ခန္ဓာကိုယ်ကို အပေါ်အောက်ကြည့်လိုက်သည်။

“နင်ကအာဏာရှိမှန်း ငါသိပါတယ်။ ဒါပေမယ့် ဒီလောက်အာဏာစက်ပြင်းလိမ့်မယ်လို့ မထင်ထားဘူး။ လုံးဝကိုမထင်ထားခဲ့တာ”

“ကောင်းပါပြီ မြှောက်နေတာတော်ပါတော့။ စားရအောင်”

ယဲ့ဖန်ပြုံးလိုက်သည်။

ထိုအချိန်တွင် စားပွဲထိုးက ဟင်းပွဲတွေယူဆောင်လာသည်။

သူတို့နှစ်ဦးသား ဘာမှထပ်မပြောတော့ပေ။

ခေါင်းငုံ့လျက် စားစရာရှိသည်ကိုသာ စားနေခဲ့ကြသည်။

ထမင်းစားပြီးတဲ့နောက်…

ယဲ့ဖန်က အများသုံးစက်ဘီးဖြင့် သူမကို အိမ်ပြန်လိုက်ပို့ပေးသည်။

သူတို့နှစ်ဦးသား ဖန်းမြို့၏ လမ်းကြားလေးတွေထဲမှ ဖြတ်လာခဲ့ရင်း ငယ်စဉ်ဘဝအကြောင်းတွေကို ပြန်ပြောနေခဲ့ကြသည်။

သူတို့ပျော်ရွှင်ခဲ့ရသည့်အကြောင်းများ ပြန်ပြောချိန်တွင် ရယ်မောခဲ့ကြပြီး ဝမ်းနည်းရသည့်အကြောင်းများပြောလျှင်တော့ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချခဲ့ကြသည်။

ကျိုးရှုယောင်း သူ့ဘေးမှယှဉ်လျက် စက်ဘီးစီးလာခဲ့သည်။

ယဲ့ဖန်၏ ငယ်ရွယ်ကာ စိတ်ဓာတ်ပြင်းပြသည့် ပုံရိပ်ကိုကြည့်ရင်း သူမတဖြည်းဖြည်း ငေးမောနေမိသည်။

ထိုမြင်ကွင်းမှာ ရိုးရိုးရှင်းရှင်းပင် အလွန်လှပနေသည်။

သူမတို့နှစ်ဦး ယခုအခြေအနေလေးအတိုင်း မရပ်တန့်ပဲဆက်သွားနေဖို့ကိုသာ မျှော်လင့်မိသည်။

သို့သော် ကံမကောင်းစွာပင် ဖန်းမြို့ကအလွန်ကျဉ်းမြောင်းသည်။

အချိန်ကုန်လွန်သည်မှာလည်း အလွန်မြန်ဆန်လှသည်။

မကြာခင်ပဲ သူမတို့နှစ်ဦး တိုက်ခန်းအောက်သို့ရောက်သွားကြသည်။

ကျိုးရှုယောင်း စက်ဘီးပေါ်မှ အင်တင်တင် ဆင်းလိုက်သည်။

“ဒါဆို…ငါ အရင်ပြန်ပြီနော်”

“အင်း”

“ရှင်အိမ်ထဲဝင်ပြီး ခဏလောက်ထိုင်ဦးမလား”

“မထိုင်တော့ပါဘူး”

“လမ်းမှာဂရုစိုက်နော်”

“ကောင်းပြီ”

ယဲ့ဖန်ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

သူစက်ဘီးစီးလျက် ပြန်ရန်ပြင်နေသည့် အချိန်မှာ ကျိုး‌ရှုယောင်း၏မိခင် ချောင်းလန်၏အသံကိုကြားလိုက်ရသည်။

“ရှောင်ဖန်မလား? အထဲဝင်ခဲ့လေ!”

All Chapters