အပိုင်း ၂၂၅-၂၂၈
Vol. 12 Ch. 225-228
အပိုင်း (၂၂၅)
အန်တီရဲ့ ကျေးဇူးတင်စရာကောင်းတဲ့ အကူအညီ။
အရိုးသားဆုံးပြောရလျှင် ယဲ့ဖန် ချောင်းလန်နှင့်မတွေ့ချင်ပေ။
သူ ထိုအမျိုးသမီး၏ သဘောထားကို မကြိုက်ပေ။
သို့သော် တစ်ဖက်လူမှာ ကျိုးရှုယောင်း၏အမေဖြစ်နေသောကြောင့် သူမျက်နှာသာပေးရမည်ဖြစ်သည်။
“အန်တီ”
ယဲ့ဖန်ခေါင်းလှည့်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
“ကျွန်တော်လုပ်စရာလေးရှိသေးလို့ ဒီနေ့တော့အထဲမဝင်တော့ဘူးနော်”
ချောင်းလန်မှာ အိမ်နေရင်း လျော့တိလျော့ရဲဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။
သူမက အမြန်လျှောက်လာသည်။
“ရေတစ်ခွက်လောက်ဖြစ်ဖြစ် ဝင်သောက်သွားပါကွယ်။ အဲ့တာလောက်က အချိန်လည်းသိပ်ကြာတာမှမဟုတ်တာ။ မင်းကအန်တီ့ကိုသဘောမကျလို့လား”
သူမစကားများကိုကြားတော့ ယဲ့ဖန် ခေါင်းယမ်းပြရင်း ခါးသီးစွာပြုံးလိုက်မိသည်။
“ဒါဆိုလည်း အန်တီ့ရဲ့ဖိတ်ခေါ်မှုကို လက်ခံလိုက်ပါ့မယ်”
“ဒီလိုမှပေါ့”
ချောင်းလန် ချက်ချင်းပင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားရသည်။
ထို့နောက် ယဲ့ဖန်၏လက်အား သဘာဝကျကျပင်ဆွဲကာ အဆောက်အဦးထဲ ဝင်လာလိုက်သည်။
ကျိုးရှုယောင်း၏ရပ်ကွက်မှာ ယဲ့ဖန်တို့ ရပ်ကွက်ထက် ပိုကောင်းသော်လည်း သူတို့ဒီမှာနေနေတာ နှစ်အတော်ကြာပြီ ဖြစ်သည်။
အဆောက်အဦးတွင် ဓာတ်လှေကားပင် မရှိချေ။
သူတို့သုံးဦးသားမှာ ရွေးချယ်စရာမရှိပဲ လှေကားဖြင့်သာတက်ခဲ့ရသည်။
ကော်ရစ်ဒါလျှောက်လမ်းနံရံများမှာ ဆီများပေကျံနေပြီး ကြမ်းပြင်ထက်၌လည်း အမှိုက်များရှိနေကာ မည်သူမှ မရှင်းလင်းထားကြပေ။
ချောင်းလန်မှာ ယဲ့ဖန် သူမကိုအထင်သေးသွားမည်စိုးတာကြောင့် အမြန်ရှင်းပြလာသည်။
“ ယောင်ယောင်းရဲ့အဖေနဲ့ အန်တီတို့ အိမ်အသစ်ဝယ်ဖို့တိုင်ပင်နေကြတာလေ။ ချောင်တျန်းစီရင်စုက အန်တီတို့နိုင်ငံမှာ အကောင်းဆုံးစီရင်စုလေ။ အန်တီတို့ အဲ့မှာ အိမ်ဝယ်ဖို့စီစဉ်နေကြတာ ”
ယဲ့ဖန်ပြုံးကာ ခေါင်းသာငြိမ့်ပြလိုက်ပြီး ဘာမှတော့မပြောလိုက်ချေ။
ကျိုးရှုယောင်း၏အိမ်က သုံးထပ်မှာ ရှိတာကြောင့် သိပ်တော့မမြင့်ပေ။
အိမ်ထဲရောက်တော့ ဆိုဖာထက်၌ စာအုပ်ဖတ်ရင်းထိုင်နေသည့် အသက်လတ်ပိုင်းယောကျာ်းတစ်ဦးကို တွေ့လိုက်ရသည်။
ထိုလူဟာ ကျိုးရှုယောင်း၏အဖေ ကျိုးယွင်ရှန်းဖြစ်ပြီး နိုင်ငံတော်၏ ယဉ်ကျေးမှုထိန်းသိမ်းရေးဌာနတွင် အလုပ်လုပ်တာဖြစ်သည်။
အတိတ်တုန်းကတော့ ယဲ့ဖန်၏မျက်လုံးထဲမှာ ထိုလူဟာ အားကျချင်စရာကောင်းသည့်လူ တစ်ယောက်ဖြစ်ခဲ့သည်။
“ဟယ်လို၊ အန်ကယ်ကျိုး” ယဲ့ဖန် ထိုလူအား။ ချက်ချင်းပင် ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။
“ဒါက ရှောင်ဖန်မလား။ မတွေ့ရတာတောင် တော်တော်ကြာပြီပဲကွ”
ကျိုးယွင်ရှန်းလည်း ချက်ချင်းပင် မတ်တပ်ထရပ်ကာ သူ့အားနွေးထွေးစွာ နှုတ်ဆက်လာသည်။
“အဘိုးကြီးကျိုး၊ ရှောင်ဖန် အခုဘယ်လောက် အောင်မြင်နေလဲ ရှင်မသိဘူးမလား။ သူကအခုဆို ယွမ်သန်းချီတဲ့ ပြိုင်ကားတောင် စီးနိုင်နေပြီ”
ချောင်းလန်သည် ယဲ့ဖန်အား သူမယောကျာ်းကို ချက်ချင်းမိတ်ဆက်ပေးတော့သည်။
ထိုအကြောင်းကြားတော့ ကျိုးယွင်ရှန်းလည်း အံ့အားသင့်သွားသည်။
“ရှောင်ဖန်၊ မင်းအခုဘာလုပ်နေလဲ”
ယဲ့ဖန်လည်း အနည်းငယ်ရှက်ရွံ့စွာဖြင့်ဖြေသည်။
“ကျွန်တော်က အခုမှပထမနှစ်ပဲ ရှိပါသေးတယ်”
ကျိုးယွင်ရှန်း၏မျက်နှာအမူအရာမှာ ပိုလို့ပင် အံ့ဩလာပုံရသည်။
“အခုမှတက္ကသိုလ်ပထမနှစ်ပဲရှိသေးတာကို ပြိုင်ကားတောင်ဝယ်နိုင်နေပြီလား။ တကယ်မယုံနိုင်စရာပဲ!”
ယဲ့ဖန်၏မိသားစုက အလွန်ဆင်းရဲသည်ဆိုတာကို သူမှတ်မိသေးသည်။
အရင်က ထိုကလေးသူတို့အိမ်ကို လာကစားတိုင်း သူဝတ်ထားသည့်အင်္ကျီတွေက ချုပ်ရာအပြည့်နှင့်ဖြစ်သည်။
အခုမှ တက္ကသိုလ်ပထမနှစ်ပဲရှိသေးတာကို ဘယ်လိုလုပ်ဒီလောက်တောင် ချမ်းသာလာရတာလဲ။
“ကျွန်တော် စီးပွားရေးအသေးစားလေးတွေ လုပ်လို့ပါ”
ယဲ့ဖန် နှိမ့်ချစွာရှင်းပြလိုက်သည်။
“ဘယ်လိုစီးပွားရေးမျိုးမို့လို့ ဒီလောက်တောင် ပိုက်ဆံရှာနိုင်ရတာလဲ”
ကျိုးယွင်ရှန်း ဆက်မေးလာသည်။
“အဲ့တာက….”
သူ့ကိုဘယ်လိုရှင်းပြရမလဲ ယဲ့ဖန်မသိပေ။
ထိုအခြင်းအရာကိုမြင်တော့ ချောင်းလန် သူမယောကျာ်းကို ချက်ချင်းအပြစ်တင် လိုက်သည်။
“ရှင့်လိုအဘိုးကြီးတွေ လူငယ်တွေရဲ့စီးပွားရေးကို ဘယ်လိုလုပ် နားလည်မှာလဲ။ အမြန် ရှောင်ဖန်အတွက် ရေတစ်ခွက်ခပ်ခဲ့စမ်းပါ”
ကျိုးယွင်ရှန်း ဘာမှထပ်မပြောတော့ပဲ မီးဖိုချောင်ထဲကိုသာ အမြန်သွားလိုက်သည်။
“ရှောင်ဖန်၊ ထိုင်လေ။ ကိုယ့်အိမ်လိုပဲ သဘောထား။ ယဉ်ကျေးမနေနဲ့”
ချောင်းလန် ယဲ့ဖန်ကို ဆိုဖာပေါ်ထိုင်ရန် ပြောလိုက်သည်။
ထိုအချိန်မှာပဲ ကျိုးယွင်ရှန်း လက်ဖက်ရည် နှစ်ခွက်သယ်လာကာ သဘာဝကျကျပင် ယဲ့ဖန်ဘေး၌ဝင်ထိုင်သည်။
“ရှောင်ဖန်…”
သူဘာမှမပြောနိုင်ခင်မှာပဲ ချောင်းလန်က သူ့ကို မပျော်ရွှင်စွာစိုက်ကြည့်လိုက်သည်။
“ဘာလို့အဲ့မှာသွားထိုင်နေတာလဲ။ ဒီလာထိုင်”
ကျိုးယွင်ရှန်းကတော့ ထိုသို့မလုပ်ပေ။
“ဒီမှာထိုင်တော့ ဘာဖြစ်လို့လဲ။ ငါရှောင်ဖန်နဲ့ ခဏလောက်စကားပြောမလို့”
သူဘာမှမပြောရသေးခင်မှာပင် ချောင်းလန်က သူ့အားဆွဲခေါ်ကာ တခြားဆိုဖာခုံပေါ်သို့ တွန်းလိုက်သည်။
“ရှင့်မျက်လုံးက မြင်ကိုမမြင်တတ်ဘူး”
ထို့နောက် ကျိုးရှုယောင်းကို တွန်းကာ ယဲ့ဖန်ဘေး၌ထိုင်စေလိုက်သည်။
သူမ တွန်းလိုက်သည့်အားက အလွန်ပြင်းတာကြောင့် ကျိုးရှုယောင်းမှာ ယဲ့ဖန်၏လက်မောင်းတွေထဲပြုတ်ကျသွားတော့သည်။
ယဲ့ဖန်လည်း မသိစိတ်အလျောက် လက်ဆန့်ကာ သူမအားဖမ်းလိုက်မိသည်။
အနေအထားမှာ အလွန်ပင်ကို့ရို့ကားယား ဆန်နေလေသည်။
ကျိုးရှုယောင်း၏မျက်နှာလှလှလေးမှာလဲ ချက်ချင်းနီရဲလာကာ အမြန်ထရပ်လိုက်သည်။
ချောင်းလန်ဟာတော့ သူမကို ပြန်တွန်းချလိုက်ရင်း စကားတစ်ခွန်းမှ ပြောခွင့်မပေးချေ။
“နင်ကရှောင်ဖန်နဲ့ ပိုစကားပြောသင့်တာ”
“အမေဘာတွေလျှောက်ပြောနေတာလဲ?”
ကျိုးရှုယောင်း သူမအမေကို ရှက်ရွံ့စွာ ကြည့်လိုက်မိသည်။
ချောင်းလန် ရုတ်ခြည်းဆိုသလို အနည်းငယ် မကျေမချမ်းဖြစ်လာရသည်။
သူမဘာလို့များ ဒီလိုသမီးမျိုးကို မွေးခဲ့မိပါလိမ့်?
ယဲ့ဖန်က အိမ်တောင်ရောက်လာပြီလေ။
ဒီလောက်ကောင်းတဲ့အခွင့်အရေးကို
ဘယ်လိုကောင်းကောင်းအသုံးချရမလဲဆိုတာ နင်ဘာလို့မသိရတာလဲ။
သူမ သမီးကအသုံးမကျမှတော့ သူမကိုယ်တိုင်ဝင်ပါမှ ဖြစ်တော့မည်။
ထိုသို့တွေးရင်း…
သူမက ချက်ချင်း ယဲ့ဖန်၏တစ်ဖက်ခြမ်းသို့ သွားကာ သူ့ဘေး၌ထိုင်ချလိုက်သည်။
“ရှောင်ဖန်၊ ရေသောက်လိုက်ဦး”
ယဲ့ဖန် အနည်းငယ်အနေရခက်နေသည်။
ဆိုဖာက နှစ်ယောက်ခုံဆိုပေမယ့် ယခု သုံးယောက်ထိုင်နေတဲ့အတွက် ကျပ်နေသည်။
ထို့အပြင် ချောင်းလန်က အနည်းငယ် ဝဖိုင့်ဖိုင့်ကိုယ်လုံးရှိတာကြောင့် လူသုံးယောက်အတူထိုင်လိုက်တော့ ပိုကျပ်နေတော့သည်။
“ရှောင်ဖန်၊ သား အဘိုးအဘွားတွေရော နေကောင်းကြလား”
ချောင်းလန် စကားစပြောရန် ကြိုးစားလိုက်သည်။
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါ အန်တီချောင်း။ အဘိုးရော အဘွားရော နေကောင်းကြပါတယ်”
ယဲ့ဖန် အနေရခက်စွာ ပြန်ဖြေလိုက်သည်။
“ကောင်းတာပေါ့ ဒါဆို… သားနဲ့ ယောင်ယောင်းရဲ့အကြောင်းရော အဘိုးတို့ကို ပြောပြီးပြီလား?”
ချောင်းလန် လှည့်ပတ်မေးလိုက်သည်။
“ကျွန်တော်နဲ့ယောင်ယောင်းလား။ ဘာအကြောင်းလဲ”
ယဲ့ဖန် တစ်ခဏလောက် မတုံ့ပြန်နိုင်ဖြစ်သွားရသည်။
“မင်းနဲ့ယောင်ယောင်းတို့ တွဲနေကြတာ မဟုတ်ဘူးလား။ သားရဲ့အဘိုးအဘွားတွေက ယောင်ယောင်းကို သဘောကျကြပါ့မလား မသိဘူး”
ချောင်းလန်၏မျက်နှာထက်၌ မျှော်လင့် စောင့်စားခြင်းတို့ဖြင့် ပြည့်နှက်နေ၏။
“အာ… အဘိုးတို့ကို အခုထိမပြောရသေးပါဘူး”
ယဲ့ဖန် ကို့ရို့ကားယားနိုင်စွာ ပြုံးလိုက်သည်။
သူပြန်ဖြေလာသည်ကိုကြားတော့ ချောင်းလန်၏နှလုံးခုန်သွားရသည်။
အဲ့တာ ဘာပြောချင်တာလဲ?
သူတကယ်ကြီး ယောင်ယောင်းကို လက်ထပ်ချင်တယ်ဆိုရင်….သူ့အဘိုးအဘွားတွေကို ကြိုပြောထားမှာပေါ့။
ယဲ့ဖန် သူတို့ကိုမပြောရသေးဘူး။
ဒါဆို သူက ယောင်ယောင်းကို ကစားနေတာလို့ ဆိုလိုတာမလား?
ထိုသို့တွေးမိတဲ့အခါ သူမ ချက်ချင်း ကပ်ဆိုက်သလိုခံစားလိုက်ရသည်။
“ရှောင်ဖန်၊ သားယောင်ယောင်းကို တကယ်ချစ်တယ်ဆိုရင် မိဘတွေနဲ့ မိတ်ဆက်ပေးသင့်တယ်လေ။ သားရော ဘယ်လိုထင်လဲ”
ချောင်းလန် ယဲ့ဖန်အားမျှော်လင့်တကြီး ကြည့်လိုက်မိသည်။
ယဲ့ဖန်၏ဦးခေါင်းမှာနာကျင်လာရကာ ကျိုးရှုယောင်းကို အကူအညီတောင်းဟန် ကြည့်လိုက်မိသည်။
သူမရဲ့ကောင်လေးအဖြစ် ဟန်ဆောင်ပေးမယ်လို့ သူကတိမပေးခဲ့ဖူးဘူးလေ။
ဘာလို့ သူတို့က မိဘချင်း တွေ့ရမှာလဲ။
ကျိုးရှုယောင်းမှာလည်း အလွန်ရှက်နေမိပြီ ဖြစ်သည်။
သူ့အမေရုတ်တရက်ကြီး ဒီလိုထပြောမယ်ဟု မထင်ထားပေ။
“အာ… အန်တီ၊ ဒီကိစ္စက အလောကြီးဖို့ မလိုဘူးထင်တာပဲ။ ကျွန်တော်တို့ ဖြည်းဖြည်းချင်းသွားလို့ရပါတယ်”
ယဲ့ဖန် ကူကယ်ရာမဲ့နေကာ ဝတ်ကျေတန်းကျေ ပြန်ဖြေပေးနေရသည်။
“ဘယ်လိုလုပ်စိတ်မပူပဲနေနိုင်မှာလဲ။ ယောင်ယောင်းက ဒီနှစ်ဆို ၂၃ တောင်ရှိနေပြီ။ ဒီအချိန်ဆို လက်ထပ်ရမယ့်အရွယ် ရောက်နေပြီ။ မင်းတို့နှစ်ယောက်လုံး ပြန်ရောက်နေတုန်းလေး လက်ထပ်ဖို့ ဆွေးနွေးကြတာမကောင်းဘူးလား”
ချောင်းလန် ဝေ့ကာပတ်ကာဖြင့် အဓိကအချက်ကိုလည်း သွားဖို့မမေ့ပေ။
“လက်ထပ်မှာလား”
ယဲ့ဖန် ကြက်သေသေသွားရသည်။
“ဟုတ်တယ်လေ၊ မင်းယောင်ယောင့်ကို လက်ထပ်ဖို့မတွေးထားဘူးလား”
သူမချက်ချင်းမေးလိုက်သည်။
ယဲ့ဖန် ကျိုးရှုယောင်အား ခေါင်းလှည့်ကာ ထပ်ကြည့်လိုက်မိသည်။
ဒီသားအမိနှစ်ယောက် သူ့ကို ထောင်ဖမ်းနေတာတော့မဟုတ်ဘူးမလား။
ရုတ်တရက်ကြီး ဘာလို့ လက်ထပ်ဖို့ အတင်းဖိအားပေးနေရတာလဲ?
အပိုင်း ( ၂၂၆ )
ဘာလို့ မစေ့စပ်ထားနှင့်တာလဲ။
ဒါက စီစဉ်ထားတာနဲ့ တစ်ခြားစီဖြစ်နေပြီလေ။
ယဲ့ဖန် စိတ်ထဲကနေ မကျေမနပ်ဖြစ်နေသည်။
သူနဲ့ ကျိုးရှုယောင်းနဲ့က ဟန်ဆောင်ရည်းစားဖြစ်ရုံလောက်ဘဲဆိုတာကို ချောင်းလန်ကို ပြောပြချင်နေသည်။
သို့ပေမဲ့ ကျိုးရှုယောင်းကိုကြည့်လိုက်တဲ့အခါ သူမရဲ့တောင်းဆိုနေတဲ့မျက်နှာထားလေးကြောင့် မလွန်နိုင်ခဲ့ချေ။
ထို့ကြောင့် ဆက်ပြီး မလှိမ့်တပတ်ပြောရုံသာရှိတော့သည်။
" အန်တီ၊ ကျွန်တော်က အခုမှ ပထမနှစ်ကျောင်းသားဘဲရှိသေးတာမလို့ လက်ထပ်ဖို့ပြောဖို့က မစောလွန်းသေးဘူးလား "
ချောင်းလန်က အတော်ကြာ ကြောင်အသွားတဲ့နောက် သူမဘာသာ ပေါင်ကိုရိုက်လိုက်သည်။
" အမလေး၊ ဘယ်လိုလုပ်ပြီး မေ့သွားတာပါလိမ့်။ မင်းက ယောင်ယောင်းထက် သုံးနှစ်ငယ်တယ်၊ မဟုတ်လား။ အခုမှ ၂၀ ဘဲရှိသေးတာဆိုတော့ လက်ထပ်ဖို့ တရားဝင်အသက်မပြည့်သေးဘူးလေ။ အန်တီတို့ ဘယ်လိုလုပ်ကြမလဲ "
ယဲ့ဖန်က အမြန်ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တယ်၊ တိုင်းပြည်အရ ယောက်ျားလေးတွေက ၂၂ နှစ်မှ လက်ထပ်လို့ရတာဆိုတော့ ၂ နှစ်လိုပါသေးတယ် "
ချောင်းလန်က အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။
ဒီနေ့ခေတ်လူငယ်တွေက သမီးရည်းစားဆက်ဆံရေးမှာ စိတ်ကစားကြတာများသည်။
ဒီနေ့ အချစ်လွန်ပေမဲ့ နောက်နေ့ မချစ်တော့တာမျိုးတွေလည်းရှိကြသည်။
အထူးသဖြင့် ယဲ့ဖန်လို ငယ်ရွယ်ချောမောပြီး ချမ်းသာတဲ့သူတွေအတွက် မိန်းကလေးမရှားပေ။
သူ့ကို လိုက်နေတဲ့ ညှောင်နာနာကောင်မလေးတွေလည်း အများကြီးရှိနေလောက်သည်။ ဘယ်သူကများ သိနိုင်မှာလဲ။
နောက် ၂ နှစ်ဆိုလျှင် အရမ်းနောက်ကျသွားလိမ့်မည်။
အတွေးကြောင့် ချောင်းလန်က ရုတ်တရက်ပြောလိုက်သည်။
" မင်းတို့နှစ်ယောက် လက်ထပ်လို့မရသေးရင်တောင် စေ့စပ်ထားလို့ရတယ်လေ "
" ဖူး ........ "
ယဲ့ဖန် သောက်လက်စရေတွေ အကုန်ထွေးမိသွားသည်။
" အန်တီ ...... "
ယဲ့ဖန် ပြောတာကိုပင်မစောင့်ဘဲ ချောင်းလန်က ဆုံးဖြတ်ချက်ချလိုက်သည်။
" လက်ရှိအချိန်က အကောင်းဆုံးဘဲလေ။ မင်းအဘိုးအဘွားတွေကို သိပ်မကြာခင်လာတွေ့ပြီး စေ့စပ်ဖို့ ဆွေးနွေးကြတာပေါ့ "
ယဲ့ဖန် ခေါင်းကိုက်သွားသည်။
" အန်တီချောင်း၊ တောင်းပန်ပါတယ်။ ဒီနေ့က အဘိုးရဲ့မွေးနေ့ဆိုတော့ ညကျ မွေးနေ့ပွဲကျင်းပရဦးမှာပါ ...... ဒီနေ့ပြောဖို့ကတော့ မသင့်တော်ဘူးလို့ ထင်ပါတယ် ...... "
ထိုစကားကိုကြားတဲ့အခါ ချောင်းလန်ရဲ့မျက်လုံးတို့က အရောင်တောက်သွားသည်၊
" ဒီနေ့က မင်းအဘိုးမွေးနေ့ဆိုတော့ မွေးနေ့ပွဲကို လာဂုဏ်ပြုပေးသင့်တာပေါ့ "
ယဲ့ဖန် ကြောင်သွားသည်။
တကယ်တော့ သူက အကြောင်းပြချက်ပေးဖို့ လစ်ထွက်ချင်တာဖြစ်သည်။
သူ့ကိုယ်သူ ပြဿနာတက်အောင်လုပ်လိုက်မိမယ်လို့ ဘယ်သူထင်မှာလဲ။
ချောင်းလန်က သူ့ကို ငြင်းဖို့ အခွင့်အရေးမပေးဘဲ ဆက်မေးသည်။
" ကောင်းပြီ၊ အဲ့ဒါဆို ဆုံးဖြတ်ပြီးပြီ။ မွေးနေ့ပွဲက ဘယ်မှာလုပ်မှာလဲ "
" ရှန်ဂရီလာဟိုတယ်မှာပါ "
ယဲ့ဖန်သည် ပွဲကျင်းပမည့်နေရာကို ပြောပြရုံမှတပါး ရွေးချယ်စရာမရှိပေ။
ချောင်းလန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ၊ အန်တီ မင်းဦးလေးနဲ့အတူတူ ယောင်ယောင်းနဲ့ ဒီညလိုက်ခဲ့မယ် "
ယဲ့ဖန်မှာ တခြားရွေးချယ်စရာ မရှိတော့ချေ။
သူ အများကြီးပြောပြီးသွားပြီဖြစ်သည်။
သူမကို တားရမည်ဆိုလျှင်လည်း အနည်းယုတ္တိမတန်ပေ။
" ဒါဆိုရင်လည်း ကောင်းပါပြီ ....... "
ထို့နောက် ခဏကြာ ဆက်ပြီးစကားစမြည်ပြောခဲ့ကြသည်။
အချိန်ကိုကြည့်လိုက်တဲ့အခါ နောက်ကျနေတာကို မြင်လိုက်ရတော့ ယဲ့ဖန် ထပြီးထွက်သွားသည်။
ကျိုးမိသားစုသုံးယောက်က သူ့ကို တံခါးဆီထိ လိုက်ပို့ပေးခဲ့သည်။
ကျိုးမိသားစုဆီမှ ပြန်လာပြီးတဲ့နောက် ယဲ့ဖန်သည် ချောင်စစ်ရှီးဆီကို အရင်ဆုံးဖုန်းခေါ်ဆိုခဲ့သည်။
ညဘက်ပွဲတက်မယ့် သူ့အဘိုးအဘွားတွေနဲ့ အိမ်နီးနားချင်းတွေကို လာခေါ်ပေးဖို့ ကားရှာပေးရန် အကူအညီတောင်းခဲ့သည်။
ချောင်စစ်ရှီးက ဝမ်းသာအားရ သဘောတူလေသည်။
ဖုန်းချပြီးတဲ့နောက် ယဲ့ဖန်သည် ဖန်းမြို့ရှိ အဆင့်အမြင့်ဆုံးအထည်ဆိုင်သို့ သွားခဲ့သည်။
အဘိုးအဘွားတွေရဲ့ ကိုယ်အတိုင်းအတာအရ အဝတ်အစားနှစ်စုံ ဝယ်ခဲ့သည်။
အဝတ်အစားဝယ်ပြီးတဲ့နောက် အိမ်ကို ပြန်လာသည်။
အိမ်နီးနားချင်းများက ခြံဝင်းထဲတွင် စုဝေးနေကြသည်ကို ယဲ့ဖန်မြင်လိုက်ရသည်။
သူ့အဘိုးနဲ့အဘွားတွေက သူတို့အတွက် အနှိုင်းမဲ့ဇာတ်ဆောင်တွေ ဖြစ်လာကြသည်။
အိမ်နီးနားချင်းတွေက သူတို့ကို ဝိုင်းပြီးမြှောက်ပင့်နေကြသည်။
" အဘိုးကြီးယဲ့နဲ့ သူ့မိန်းမက ဒီလိုမြေးကောင်းတစ်ယောက်ရတာ အရမ်းကံကောင်းတယ် "
" အဲ့ဒါတင် ဟုတ်မလား။ ယဲ့မိသားစုက အခုအချိန်မှာ တကယ်ကို ကြည်နူးစရာကောင်းနေပြီ။ အရမ်းချမ်းသာသွားကြတယ်လေ "
" သူတို့က သာမာန်သူဌေးတွေတင်ဘဲ ဟုတ်မလား။ ချမ်းသာတဲ့သူ ဘယ်နှစ်ယောက်ကများ ယွမ် ၁.၆၈ သန်းတန် လက်ကောက်တစ်ခုကို ဝယ်ဖို့တတ်နိုင်မှာလဲ "
" ယဲ့ဖန်နဲ့ ယှဉ်ရင် ငါ့မြေးက အမှိုက်ပုံးတစ်ပုံးလိုပဲ "
" အိုက်ယား၊ လူတွေကို နှိုင်းယှဥ်ရတာ တကယ်ကို ဒေါသဖြစ်စရာပဲ။ ငါ့မြေးက ယဲ့ဖန်ရဲ့ ဆယ်ပုံတစ်ပုံလောက်သာ ကောင်းနေရင်တော့ ငါ နောင်တရစရာမရှိဘဲ သေနိုင်လိမ့်မယ် "
" ဆယ်ပုံတစ်ပုံမပြောနဲ့၊ အပုံတစ်ထောင်ပုံလို့ တစ်ပုံလေးဘဲရှိရင်တောင် ငါတို့အဘိုးအဘွားတွေအတွက် ကောင်းချီးရလိုက်သလိုဘဲ "
" ........... "
အိမ်နီးနားချင်းတွေကို သူတို့မြေးကို ချီးကျူးနေတာကြားတဲ့အခါ ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့ အတော်လေးဂုဏ်ယူနေကြသည်။
ယဲ့ဖန်က သူ့အဘိုးအဘွားရဲ့အမူအရာကိုတွေ့တဲ့အခါ သူလည်း အတော်လေးကျေနပ်နေသည်။
သူ့အဘိုးအဘွားတွေရဲ့ ဂုဏ်ယူစရာဖြစ်ဖို့က သူအမြဲအိပ်မက်မက်ခဲ့တဲ့အရာတစ်ခုဖြစ်သည်။
" ယဲ့ဖန် ပြန်လာပြီလား "
ဘယ်သူမှန်းတော့မသိပေမဲ့ တစ်ယောက်ယောက်ကပြောလိုက်သည်။
ထို့နောက် အိမ်နီးချင်းတွေက ယဲ့ဖန်ဆီကို တဟုန်ထိုးပြေးလာကြသည်။
" အိုက်ယား၊ ယဲ့ဖန်ကို နှစ်ဝက်လောက်မတွေ့လိုက်တာနဲ့ အရမ်းအရမ်းကို ကြီးပြင်းပြီး ချောမောလာတာဘဲ။ လမ်းမှာလျှောက်သွားနေရင် မှတ်မိမှာတောင် မဟုတ်လောက်ဘူး "
" ရှောင်ဖန်က ချောပေမဲ့ အခုဆို ပိုတောင်ချောလာပြီ "
" ရှောင်ဖန်၊ ငါတို့ရပ်ကွက်ထဲက ကလေးတွေကို မင်းရဲ့အောင်မြင်တဲ့အတွေ့အကြုံတွေကို မျှဝေပေးလို့ရမလား။ သူတို့လည်း သင်ယူလို့ရတာပေါ့ "
" ဟုတ်တယ်၊ ငါတို့လည်း အိမ်နီးနားချင်းတွေဖြစ်လာတာ နှစ်တွေကြာပြီဘဲ။ အခု မင်းလည်း ချမ်းသာပြီဆိုတော့ ငါတို့ကို မေ့ထားလို့မရဘူးနော် "
" မေ့သွားပြီလား။ မင်း ငယ်ငယ်တုန်းက စားစရာမရှိတော့ ငါတို့အိမ်လာပြီးစားတာလေ "
ယဲ့ဖန်သည် သူ့နားတွင် ဝိုင်းအုံနေတဲ့ လူအုပ်ကြီးကြောင့် လှုပ်မရဘဲ အသက်ရှူကြပ်လာသည်။
ထိုပုံစံကိုတွေ့တဲ့အခါ ယဲ့ပေါက်ကောက သူ့ကို အမြန်လာကူသည်။
" ကောင်းပြီ၊ ကောင်းပြီ။ သူ့နားကို အရမ်းကပ်မနေကြနဲ့ဦး။ ရှောင်ဖန်က တစ်နေကုန်ပင်ပန်းထားတော့ သူ့ကို နားခိုင်းလိုက်ကြဦး "
အခု ယဲ့ပေါက်ကောက ရပ်ကွက်ရဲ့ ဘုရင်ကြီးဖြစ်လာပြီး သူ့စကားတွေက တော်ဝင်အမိန့်လို့ အာဏာစက်ပြင်းနေသည်။
သူ့စကားကိုကြားတဲ့အခါ အိမ်နီးချင်းတွေက ချက်ချင်း သူ့အတွက် လမ်းဖယ်ပေးကြသည်။
ယဲ့ဖန်က စိတ်ချသွားကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝိုင်းအုံနေတဲ့ကြားမှ ထွက်လာတော့သည်။
အိမ်ပြန်ရောက်တဲ့အခါ သူ့အဘိုးနဲ့အဘွားကို အင်္ကျီနှစ်စုံထုတ်ပေးလိုက်သည်။
" ပိုက်ဆံတွေ ထပ်ဖြုန်းနေပြန်ပြီလား။ ငါတို့မှာ အင်္ကျီတွေရှိပါတယ်။ အဲ့တာတွေကို ဝတ်လို့ရနေသေးတာကို "
ယဲ့ပေါက်ကောက အပြောဆိုးနေပေမဲ့ သူ့ခန္ဓာကိုယ်ကကတော့ ရိုးသားနေသည်။
ချက်ချင်းဆိုသလိုပဲ သူ့အဝတ်အစားတွေကို လဲဖို့ အိမ်ထဲကို ဝင်သွားခဲ့သည်။
" မင်းအဘိုးရဲ့ သဘောထားကြောင့် စိတ်မညစ်ပါနဲ့။ တကယ်တော့ သူက တခြားသူတွေထက်တောင် ပိုပျော်နေသေးတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက သူ့မျက်နှာမှာပေါ်လာတဲ့ အပြုံးအရေအတွက်က လွန်ခဲ့တဲ့နှစ်တွေအားလုံး ပေါင်းတာထက်တောင် များနေသေးတယ် "
ထိုကဲ့သို့ မားရှန်းလန်က ပြုံးလျက်ပြောပြီး သူမ၏ အဝတ်အစားကို ယူကာ လဲဝတ်ကြည့်ဖို့ အခြားအခန်းသို့ ဝင်သွားခဲ့သည်။
သူတို့နှစ်ယောက် ပြန်ထွက်လာတဲ့အခါ ပုံစံက လုံးဝမတူတော့ချေ။
ယဲ့ပေါက်ကောသည် အနက်ရောင်တရုတ်ဝတ်စုံကို ၀တ်ထားသည်။
သူ့ပုံစံက စစ်သားတစ်ယောက်၏သွေးသံရဲသည့်ကိုယ်ရောင်ကိုယ်ဝါ အမြဲတမ်းရှိနေခဲ့သည်။
အခု သူက ဒီတရုတ်အင်္ကျီဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူ့ပုံစံက အလွန်ကို စွမ်းအင်ပြည့်နေပုံပေါ်နေသည်။
မားရှန်းလန်သည်လည်း အနက်ရောင်တရုတ်ဝတ်စုံဂါဝန်ကို ၀တ်ဆင်ထားသည်။
သူမကို ပညာရှင်မိသားစုမှ မွေးဖွားလာခဲ့ပြီး သူမတွင် ကြီးမြတ်သောမိသားစုမှ အမျိုးသမီးတစ်ယောက်၏ကိုယ်ရောင်ကိုယ်ဝါရှိသည်။
သူမသည် နှစ်ပေါင်းများစွာ ခက်ခဲကြမ်းတမ်းသောဘဝဖြင့် နေထိုင်လာခဲ့သော်လည်း ကိုယ်ရောင်ကိုယ်ဝါက အနည်းငယ်မျှ လျော့မသွားပေ။
ဆန့်ကျင်ဘက်အနေဖြင့် အချိန်ကြာလာသည်နှင့်အမျှ သူမတွင် ကျက်သရေနှင့် အဆင့်အတန်းမြင့်မှုတို့က အနည်းငယ်စီ တိုးလာခဲ့သည်။
ယဲ့ဖန် သူတို့နှစ်ယောက်ကို ကြည့်လိုက်တဲ့အခါ မထိန်းနိုင်ဘဲ စိတ်ခံစားမှုတွေပြည့်နှက်လာသည်။
သူတို့နှစ်ယောက်က ကောင်းကင်ဘုံမှ နတ်ဖက်ပေးထားတဲ့ အတွဲတစ်တွဲဖြစ်သည်။
အပိုင်း ( ၂၂၇ )
အင်အားအစစ်အမှန်။
အဝတ်တွေဝတ်ကြည့်ပြီးတဲ့နောက် တစ်ရေးတစ်မောအိပ်ပြီးတဲ့အခါ ညနေ ၆နာရီခွဲနေပြီဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ချောင်စစ်ရှီးဆီမှ ဖုန်းဝင်လာပြီး ထင်ထားသည့်အတိုင်း သွားလာရေးအတွက် စီစဉ်ပြီးကြောင်း မကြာခင်ရောက်မည်ဖြစ်ကြောင်း လှမ်းပြောတာဖြစ်သည်။
ဖုန်းဖြေပြီးတဲ့အခါ ယဲ့ဖန်က အချိန်ဖြုန်းမနေဘဲ သူ့အဘိုးအဘွားတွေနဲ့အတူ ချက်ချင်း အောက်ထပ်ကိုဆင်းလာသည်။
မွေးနေ့ပွဲကိုဖိတ်ခေါ်ထားတဲ့ အိမ်နီးချင်းတွေကလည်း အောက်ထပ်မှာစောင့်နေကြပြီဖြစ်သည်။
သူတို့ထွက်လာတာကိုတွေ့ခဲ့အခါ လူအုပ်ကြီးက ချက်ချင်း ဝိုင်းအုံလာကြပြန်သည်။
" ယဲ့အဘိုးကြီးကတော့ ဒီဝတ်စုံနဲ့ အရမ်းကို လိုက်ဖက်နေတာဘဲ။ သူ့မြေးထက်တောင် ချောမောနေသေးတယ် "
" ရှန်းလန်လည်းမဆိုးဘူး။ ပုံမှန်ဆိုရင်တော့ သတိမထားမိပေမဲ့ ဒီလောက်လှမယ်လို့ မထင်ထားဘူး "
" ရှန်းလန်ကို ဒီလောက်လှမယ်မထင်ထားဘူးဆိုရင် သူမ ငယ်ငယ်တုန်းက ဘယ်လိုပုံစံရှိလဲဆိုတာ မမြင်ဖူးလို့ဖြစ်မယ်။ အဲ့တုန်းက သူမက ငါတို့မြို့နယ်မှာ အလှဆုံးကောင်မလေးဘဲ "
" အဲ့လောက်လှတဲ့ကောင်မလေးက ဘယ်လိုလုပ်ပြီး အဘိုးကြီးယဲ့လက်ထဲရောက်သွားတာတုန်း "
" ယဲ့အဘိုးကြီးကလည်း လူချောဖြစ်ခဲ့တာဘဲ။ အသက်ကြီးလာလို့သာ ရုပ်ဆိုးလာတာပါအေ "
" စကားကို ဘယ်လိုပြောရမလဲဆိုတာ သိရဲ့လား။ ယဲ့အဘိုးကြီးရဲ့ ဘယ်နားက ရုပ်ဆိုးနေလို့လဲ။ နင့်ထက်တော့ ချောတယ်ထင်တာဘဲ "
" ............ "
လူတိုင်းက ယဲ့ပေါက်ကောနဲ့ သူ့ဇနီးကို မြှောက်ပင့်နေကြတုန်းမှာဘဲ ဝူပေါလိုင်က လူအုပ်ကြီးဘေးကနေ ခြေဖျားထောက်ပြီး လှမ်းပြောသည်။
" အဘိုးကြီးယဲ့၊ မွေးနေ့ပွဲကို လိုက်လာလို့ရမလား "
ယဲ့ပေါက်ကောက သူ့ကို တအံ့တဩကြည့်လိုက်သည်။
" မင်းရော လာမှာလား "
ဝူပေါလိုင်က အရှက်ရနေပုံပေါ်သည်။
" အရင်က ငါမှားသွားတာပါ။ မင်းကို ကန့်လန့်မတိုက်သင့်ပါဘူး။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် "
အိမ်နီးနားချင်းတွေကလည်း အံ့အားသင့်ကုန်ကြသည်။
ယဲ့ပေါက်ကောကို တစ်ဘဝလုံးလိုက်တိုက်ခိုက်နေသည့် ဝူပေါလိုင်က သူ့ဘက်ကစပြီး ခေါင်းငုံ့ခံကာ အမှားကို ဝန်ခံလိမ့်မည်ဟု ထင်မထားကြပေ။
သို့ပေမဲ့ နားလည်ပေးလို့ရသည်။
ဘယ်လိုဘဲဖြစ်ဖြစ် ယဲ့ပေါက်ကော၏မြေးက အတော်လေး အဆင်ပြေနေပြီဖြစ်သည်။
ဝူပေါလိုင်က သူ့ကို အခု ဘယ်လိုတိုက်ခိုက်လို့ရတော့မှာလဲ။
အဆင့်ချင်း မတူကြတော့ပေ။
ယဲ့ပေါက်ကောကလည်း ဝူပေါလိုင်ရဲ့စိတ်ထားကြောင့် ချက်ချင်း ခေါင်းငြိမ့်ပြလိုက်သည်။
" အဲ့တာဆိုလည်း အတူသွားကြတာပေါ့ "
ဝူပေါလိုင်က ချက်ချင်း လက်မထောင်ပြလိုက်သည်။
" ယဲ့အဘိုးကြီးက တကယ်ကို စိတ်ထားမြင့်မြတ်သူတစ်ယောက်ဘဲ။ ဒီလောက်ကောင်းတဲ့ မြေးကို ပြုစုပျိုးထောင်နိုင်တာ အံ့သြစရာတော့ မရှိပါဘူး "
ယဲ့ပေါက်ကောသည် သူ့ပြိုင်ဘက်ဟောင်းနှင့် ရန်လိုမှုကို ခင်မင်ရင်းနှီးမှုအဖြစ်သို့ ပြောင်းလဲလိုက်နိုင်ခဲ့သောကြောင့် စိတ်အခြေအနေ တိုးတက်လာခဲ့သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် မေးလိုက်သည်။
" အိုက်ယား၊ ငါတို့က လူအုပ်စုလိုက်ကြီး ဘယ်လိုသွားကြမှာလဲ။ ကံကောင်းလို့ စားသောက်ဆိုင်က သိပ်မဝေးဘူး။ လမ်းလျှောက်သွားကြမလား "
ယဲ့ပေါက်ကော မဖြေနိုင်ခင်မှာဘဲ ရုတ်တရက် ကားဟွန်းတီးသံကို ကြားလိုက်ရသည်။
ထိုအခါ လူတိုင်းက လှည့်ကြည့်ကြသည်။
အနက်ရောင်ကားအုပ်ကြီးက ရပ်ကွက်ထိပ်သို့ ဖြည်းညှင်းစွာမောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။
ကားတန်းကြီးက တစ်ဒါဇင်ခန့်လောက်ရှိပြီး အားလုံးက Mercedes Maybach ကားများဖြစ်ကြသည်။
အားလုံးက အံ့သြလွန်းလို့ မျက်လုံးတွေ ပြူးထွက်မတတ် ဖြစ်ကုန်ကြသည်။
ဖန်းမြို့လို မြို့ငယ်လေးတွင် Maybach တစ်စီးကိုတွေ့ဖို့ပင် အတော်ရှားသည်။
အခုတော့ သူတို့ရှေ့တွင် အတန်းလိုက်ကြီးရှိနေသည်။
ထို့အပြင် သူတို့၏ ပျက်စီးယိုယွင်းနေသည့်ရပ်ကွက်ထဲတွင် ပေါ်လာခဲ့သည်။
သူတို့ ဘယ်လိုလုပ်ပြီး မထိတ်လန့်ဘဲနေနိုင်မှာလဲ။
လူတိုင်းက အံ့ဩနေကြချိန်မှာဘဲ Maybach ကားတွေက သူတို့ရှေ့မှာ ရပ်လာသည်။
အရပ်ရှည်ပြီးသန်မာသောအမျိုးသားတစ်ဦးက ထိပ်ဆုံး Maybach ထဲမှ ထွက်လာသည်။
ထို့နောက် သူက ယဲ့ဖန်ရှေ့သို့ တလေးတစားရောက်လာသည်။
" ယဲ့လူကြီးမင်း၊ စတုတ္ထသခင်ကြီးက လူကြီးမင်းကို လာခေါ်ဖို့ စေလွှတ်လိုက်တာပါ "
ယဲ့ဖန်က သဘောတူခေါင်းငြိမ့်လိုက်ကာ အိမ်နီးချင်းတွေဘက်ကို လှည့်လိုက်သည်။
" ဘာလုပ်နေကြတာလဲ။ ကားထဲဝင်ကြလေ "
လူတိုင်းက အချင်းချင်းကြည့်နေကြပြီး ဘယ်သူကမှ ကားထဲကို အရင်မဝင်ရဲကြပေ။
" ရှောင်ဖန်၊ ဒီကားတွေက ...... ငါတို့ကို လာကြိုပေးတာလား "
အဘွားအိုတစ်ယောက်က မယုံကြည်နိုင်စွာကြည့်လိုက်သည်။
" ဟုတ်တယ်၊ ဘာဖြစ်လို့လဲ။ ကားတွေက သိပ်မကောင်းလို့လား။ ဒီထက်ကောင်းတဲ့ကားတွေ ရှာမရတော့လို့ပါ "
ယဲ့ဖန်က မတတ်နိုင်စွာရှင်းပြသည်။
လူတိုင်းက သူ့စကားကိုကြားတဲ့အခါ လက်ကို ဝှေ့ယမ်းပြသည်။
" ငါတို့ပြောတာ အဲ့သဘောမဟုတ်ပါဘူး။ ဒီကားက ကောင်းလွန်းလို့ပါ "
" ဟုတ်တယ်၊ ငါတော့ ဒီလောက်ကောင်းတဲ့ကားထဲမှာ တစ်ခါမထိုင်ဖူးဘူး။ မညစ်ပတ်သွားလောက်ပါဘူးနော်၊ ဟုတ်တယ်မလား "
" ငါတို့က ယဲ့ဖန်ရဲ့ စိန်နားကပ်ကြောင့် ပါးပြောင်နေရတာဘဲ။ မဟုတ်ရင် ငါ့တစ်ဘဝလုံး ဒီလိုနေဖူးမှာတောင် မဟုတ်ဘူး "
" ငါတို့ စက်ရုံမန်နေဂျာက Maybach ကားမောင်းတာလေ။ ငါ့ဘဝမှာ စက်ရုံမန်နေဂျာလို တန်းတူဆက်ဆံခံရမယ်လို့ မထင်ထားဘူး "
ယဲ့ဖန်က အချိန်ကိုကြည့်လိုက်ပြီး သူတို့ကို ပြန်ဖြေမနေတော့ပေ။
သူ့အဘိုးအဘွားတွေကိုခေါ်ပြီး ထိပ်ဆုံးကားထဲကို ဝင်ခိုင်းလိုက်သည်။
ထိုအခါ အခြားသူတွေကလည်း ဘာမှမပြောတော့ဘဲ ကားပေါ်တက်လိုက်ကြသည်။
ထို့နောက် ကားတန်းကြီးက စတင်ထွက်ခွာတော့သည်။
ဖန်းမြို့မှာ ထိုကဲ့သို့ ဇိမ်ခံကားတွေက အတော်လေးရှားသည်။
လမ်းတစ်လျှောက်တွင် လူတွေအများကြီးက လှည့်ကြည့်ကြသည်။
ကားတန်းကြီးက ရှန်ဂရီလာဟိုတယ်သို့ရောက်တဲ့အခါ ၆နာရီ ၄၅မိနစ်ရှိပြီဖြစ်သည်။
ယဲ့ဖန်အဘိုးအဘွားတွေရဲ့ အိမ်နီးနားချင်းတွေက သူတို့ဘဝကို နိမ့်ကျစွာနေခဲ့ကြရသူတွေဖြစ်သည်။
အားလုံးက သူတို့ရှေ့မှ ဇိမ်ခံဟိုတယ်ကြီးကိုမြင်လိုက်ရတဲ့အခါ ထင်တာထက်ပိုပြီးအံ့သြတုန်လှုပ်သွားရပြန်သည်။
" ဒီဟိုတယ်က ငါတို့ မြို့မှာ အခမ်းနားဆုံးဟိုတယ်ဆိုတော့ အမြဲအဝေးကနေပဲ ကြည့်ရဲခဲ့တာ "
" ဒီမှာ စားသောက်စရိတ်က အနည်းဆုံး ယွမ်ထောင်ဂဏန်းလောက်ရှိတယ်မလား။ ငါတို့ ဘယ်လိုလုပ်တတ်နိုင်မှာလဲ "
" ထောင်ဂဏန်းက အနိမ့်ဆုံးအဆင့်ဘဲဖြစ်မယ်။ ဒီမှာထမင်းကောင်းကောင်းစားချင်ရင် အနည်းဆုံးသောင်းဂဏန်းလောက်ထိ ပေးရမယ်ထင်တယ် "
" ရှောင်ဖန်က ဈေးအပေါဆုံးကို မှာထားမယ်လို့ ငါထင်တာဘဲ။ စားပွဲတစ်လုံးကိုတောင် သောင်းဂဏန်းပေးရရင် ငါတို့တွေ အများကြီးဆို ဘယ်လောက်တောင် ကုန်မှာလဲ "
" ငါလည်း အဲ့ဒီလိုပဲထင်တယ် .......... "
ယဲ့ဖန်က လူစုလူဝေးကြီး၏တီးတိုးသံကို လျစ်လျူရှုလိုက်ပြီး သူ့အဘိုးအဘွားတွေကို စားသောက်ဆိုင်ထဲဝင်ဖို့ ကူညီပေးတော့မယ့်အချိန်မှာဘဲ နောက်ထပ် ကားအတန်းလိုက်ကြီးက ဟိုတယ်ရှေ့တွင်ရပ်လာသည်။
ထို့နောက် ကားထဲမှ လူတွေက ထွက်လာကြသည်။
ယဲ့ကွေ့ဖန်းနှင့် တန်းယန်တို့က ထိပ်ဆုံးမှ ထွက်လာသည်။
ယဲ့ဖန်က သူတို့နှစ်ယောက်ကိုတွေ့တဲ့အခါ သူ့မျက်နှာထားက သုန်မှုန်သွားသည်။
ယဲ့ပေါက်ကောကလည်း မျက်မှောင်ကြုတ်လိုက်သည်။
" ဘာလို့ ဒီရောက်နေတာလဲ။ ငါ မင်းတို့ကို ဖိတ်မထားဘူး၊ ဟုတ်တယ်မလား "
ယဲ့ကွေ့ဖန်းက ဟွန်းခနဲလုပ်လိုက်သည်။
" ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ နင့်ရဲ့မွေးနေ့ပွဲကို လာတက်တာမဟုတ်ဘူး "
ယဲ့ပေါက်ကော၏မျက်နှာထားက အေးစက်နေသည်။
" ဒါဆို ဒီမှာ ဘာလာလုပ်တာလဲ "
ယဲ့ကွေ့ဖန်းက မျက်လုံးဝေ့လိုက်သည်။
" နင်တို့မိသားစုက ဒီစားသောက်ဆိုင်ကိုပိုင်တာမလို့လား။ ဒီမှာ လာစားလို့မရဘူးလား "
ယဲ့ပေါက်ကောက အနည်းငယ်ဒေါသထွက်သွားသည်။
" ဖန်းမြို့က အကြီးကြီး၊ ဘယ်မှာမဆို စားလို့ရတယ်။ ဒီစားသောက်ဆိုင်ကို ရွေးမှဖြစ်မှာလား။ တမင်ပြဿနာရှာနေတာ မဟုတ်ဘူးလား "
ယဲ့ကွေ့ဖန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
" ကိုယ့်ဟာကိုယ်ပြော၊ ငါ့လာမပြောနဲ့ "
ထို့နောက် တန်းမိသားစုကိုဦးဆောင်ကာ စားသောက်ဆိုင်ထဲသို့ဝင်သွားသည်။
တန်းယန်က ယဲ့ဖန်ဘေးကနေဖြတ်သွားပြီး ဂုဏ်ယူစွာပြောလိုက်သည်။
" ပိုက်ဆံလေး တစ်ပဲခြောက်ပြားရှိတာနဲ့ ကြီးကျယ်မနေနဲ့။ အင်အားအစစ်ကဘာလဲဆိုတာ ဒီနေ့ပြပေးမယ် "
ယဲ့ဖန်က သူတို့နောက်ကျောကိုကြည့်ပြီး ရယ်ချမိမတတ်ဖြစ်သွားသည်။
ဒီအုပ်စုက မကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာဖြစ်သည်။
ထို့အပြင် နေရာနဲ့အချိန်ရွေးတာက သူတို့ကို လူသိရှင်ကြား အရှက်ခွဲချင်လို့ဖြစ်သည်။
အဲ့တာဆိုရင်တော့ လာလိုက်လေ။
အပိုင်း ( ၂၂၈ )
ဖန်းမြို့က အချမ်းသာဆုံးယောက်ျား
တစ်ဖက်တွင် တန်းမိသားစုက ရှန်ဂရီလာဟိုတယ်ထဲသို့ ဝင်လာသောအခါ ရှန်ဂရီလာဟိုတယ်၏မန်နေဂျာက သူတို့ကိုကြိုရန် ချက်ချင်းထွက်လာသည်။
" တန်းလူကြီးမင်း၊ လူကြီးမင်းကြိုတင်မှာထားတဲ့စားပွဲက အဆင်သင့်ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး အနောက်ကနေ လိုက်ခဲ့ပေးပါ "
ထို့နောက် ချက်ချင်း သူတို့ကို လမ်းပြပေးသည်။
တန်းယန်က ချက်ချင်းလှည့်ပြီး ယဲ့ဖန်ကို ပြုံးပြလိုက်သည်။
ဖန်းမြို့ရှိ ရှန်ဂရီလာဟိုတယ်မန်နေဂျာက သူတို့ကို ကိုယ်တိုင်ကိုယ်ကျ လာကြိုဆိုတာဖြစ်သည်။
ဒါက သူ့မိသားစုရဲ့ အင်အားကို သက်သေပြဖို့ လုံလောက်သည်။
ယဲ့ဖန်နှင့် သူ့ပတ်ဝန်းကျင်ရှိလူတွေက ဒီလိုအသေးစိတ်ကျတဲ့ အချက်ကို နားလည်နိုင်လိမ့်မည်ဟု သူယုံကြည်ခဲ့သည်။
တန်းမိသားစုမှ ကြိုတင်မှာယူထားသော စားပွဲသည်လည်း ရှန်ဂရီလာဟိုတယ်၏မြေညီထပ်တွင်ရှိသည့် စားသောက်ခန်းတွင် ကျင်းပခဲ့သည်။
တန်းမိသားစုမှာယူထားသည့်စားပွဲများအားလုံးက အစွန်အဖျားမှာရှိကြသည်။
သို့သော်လည်း ရှန်ဂရီလာဟိုတယ်တွင် ထိုင်ခုံများစွာကို တစ်ခါတည်း ကြိုတင်မှာယူနိုင်မှုက အတော်လေးကြီးသည့်လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။
ယဲ့ဖန်က အဲ့တာကို မျက်ကွယ်ပြုလိုက်သည်။
သူ့အဘိုးနဲ့အဘွားကိုတွဲရင်း ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
ထို့နောက် အပေါ်ထပ်မှ ခပ်သုတ်သုတ်ဆင်းလာတဲ့ခြေသံတွေကိုကြားလိုက်ရသည်။
ထို့နောက် ချောင်စစ်ရှီးက ဖန်းမြို့ရှိ ရှန်ဂရီလာဟိုတယ်ရှိ အကြီးအကဲများကို ဦးဆောင်ပြီး ဆင်းလာသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်တကယ်တောင်းပန်ပါတယ်။ အလုပ်များပြီး မေ့သွားတာပါ၊ သေသင့်ပါတယ် "
ချောင်စစ်ရှီးက ယဲ့ဖန်ရှေ့ကိုရောက်လာပြီး သူ့ပါးသူ နှစ်ချက်ရိုက်လိုက်သည်။
အားသုံးပြီးမရိုက်လိုက်ပေမဲ့ ယဲ့ဖန်အပေါ် သူဘယ်လောက်တန်ဖိုးထားလဲဆိုတာ မြင်နိုင်သည်။
သူ့ပုံစံက အနည်းငယ်ကြောက်ရွံ့နေပုံရသည်။
ထိုမြင်ကွင်းကြောင့် တန်းယန်နှင့် ယဲ့ကွေ့ဖန်းတို့က လန့်သွားကြသည်။
ချောင်စစ်ရှီးကို သူတို့ သေချာပေါက်သိသည်။
ချောင်စစ်ရှီးက ဖန်းမြို့ရှိ ရှန်ဂရီလာဟိုတယ်ခွဲ၏ပိုင်ရှင်ဖြစ်ပြီး ဖန်းမြို့တွင် အတော်လေးအင်အားကြီးသည်ကိုလည်းသိသည်။
ရှန်ဂရီလာဟိုတယ်၏မန်နေဂျာက သူတို့ကိုလာကြိုပေးတာကြောင့် အတော်လေးအရေးပေးခံရသည်ဟု ထင်ခဲ့ကြတာဖြစ်သည်။
သို့ပေမဲ့ ယဲ့ဖန်ကို သူဌေးက ကိုယ်တိုင်ကိုယ်ကျလာကြိုဆိုပေးရတာနဲ့ယှဉ်လိုက်လျှင်တော့ တန်းမိသားစုကို နှိမ်ချလိုက်ရာရောက်သွားမည်။
အဲ့တာကြောင့် သူတို့ အနည်းငယ်အရှက်ရနေပေမဲ့ သံသယစိတ်လည်းဖြစ်နေသည်။
ယဲ့ဖန်က ဖန်းမြို့ရဲ့အာဏာရှိချောင်စစ်ရှီးကို ဘယ်လိုသိတာလဲ။
ထို့နောက် ဆက်ဖြစ်သွားသည့်မြင်ကွင်းက တန်းယန်နှင့် ယဲ့ကွေ့ဖန်းတို့ကို အတော်လေးတုန်လှုပ်သွားစေသည်။
ချောင်စစ်ရှီးက ယဲ့ဖန်နှင့် တစ်ခဏစကားပြောပြီးတဲ့နောက် သူတို့ကို စားသောက်ဆိုင်ထဲရှိ အလယ်ဝိုင်းတွေသို့ ချက်ချင်းခေါ်ဆောင်သွားပေးခဲ့သည်။
အခြားအရာတွေမပြောနှင့် နေရာတည်ခင်းကပင် တန်းမိသားစုက အတော်လေးရှုံးနိမ့်နေပြီဖြစ်သည်။
အလယ်ဝိုင်းတွေမှာ အနီရောင်ပန်းပွင့်ကြီးဖြစ်ပြီး ဘေးဝိုင်းတွေက အစိမ်းရောင်သစ်ရွက်တွေမျှသာဖြစ်သည်။
ချောင်စစ်ရှီးရဲ့နေရာချပေးမှုပြီးတဲ့အခါ တန်းမိသားစုက ယဲ့မိသားစုရဲ့ တောက်ပြောင်မှုအတွက် ရှိနေပေးရသည့် ဒီညအတွက်လောင်စာမျှသာဖြစ်သည်။
တန်းယန်သည် စားပွဲအတွက် ကြိုတင်မှာယူတုန်းက ရှန်ဂရီလာဟိုတယ်မန်နေဂျာက အရေးကြီးဧည့်သည်တော်တစ်ယောက်က အလယ်ဝိုင်းတွေကို နေရာဦးထားကြောင်းပြောလေသည်။
သူ ဘယ်လောက်ဘဲ ကမ်းလှမ်းနေပါစေ မန်နေဂျာက လုံးဝလက်မခံပေ။
အဲ့တာကြောင့် စိတ်လျှော့ပြီး ထောင့်ကဝိုင်းတွေကိုသာယူခဲ့တာဖြစ်သည်။
ယဲ့ဖန်က အလယ်ဝိုင်းတွေကိုယူထားကြောင်းတွေးမိတဲ့အခါ တန်းယန်၏စိတ်ထဲနှလုံးထဲမှ မုန်းတီးမှုကြောင့် အံကိုကြိတ်လိုက်သည်။
" ဒီ ခွေးမသားကတော့ "
ယဲ့ကွေ့ဖန်းက သူ့ပုခုံးကိုပုတ်လိုက်သည်။
" စိတ်လျော့ပါ၊ အဲ့တာက ထိုင်ခုံလောက်ပါဘဲ။ ဘယ်မှာထိုင်ထိုင်ကိစ္စမရှိပါလူး။ အဓိကက ဖိတ်ထားတဲ့သူတွေဘဲ "
တန်းယန်က ဘဝမြင့်တဲ့အပြုံးမျိုးပြုံးလိုက်သည်။
" မပူပါနဲ့အဘွား။ ကျွန်တော်ဖိတ်ထားတဲ့ဧည့်သည်တွေက အရမ်း ဂုဏ်သရေမြင့်တယ်။ သူတို့ကို အသာလေးနှိမ်လို့ရတယ် "
" အဲ့တာဆိုရင်တော့ အဘွား စိတ်ချရပါပြီ "
ယဲ့ကွေ့ဖန်းက ယဲ့ပေါက်ကောကို ဂုဏ်ဆာနေသည့်မျက်နှာထားဖြင့် လှမ်းကြည့်သည်။
နင် ငါ့ကို အထင်သေးထားတာမလား။
အဲ့တာဆို အင်အားအစစ်ကဘာလဲဆိုတာ ပြပေးရတာပေါ့။
ယဲ့ဖန်ဘက်တွင် ခုံတွေကို နေရာချပေးပြီးသွားပြီဖြစ်သည်။
အိမ်နီးနားချင်းတွေက သူ့နေရာသူဝင်နေကြသည်။
အဓိက စားပွဲဝိုင်းတွင် ယဲ့ဖန်၊ ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့က ထိုင်နေကြသည်။
စားသောက်ခန်းမကြီးတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
လူတိုင်းက တံခါးကို ကြည့်နေကြသည်။
ပထမဆုံးဧည့်သည်က ဘယ်သူဖြစ်ပြီး ဘယ်လိုနောက်ခံမျိုးရှိလဲဆိုတာကို သိချင်နေကြသည်။
ခဏကြာပြီးတဲ့နောက် အပြင်ဘက်မှ ခြေသံတွေကိုကြားလိုက်ရသည်။
လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် တံခါးပေါက်ကို လှမ်းကြည့်နေကြသည်။
ထို့နောက် ကျိုးရှုယောင်းတို့မိသားစုသုံးယောက်ဝင်လာတာကိုတွေ့လိုက်ရသည်။
ကျိုးရှုယောင်းက အတော်လေးလှပြီး သူမ ဘယ်ကိုသွားသွား အဓိကဇာတ်ဆောင်အဖြစ်ထင်မှတ်ခံရနိုင်သည်။
သူမက အနီရောင်ဂါဝန်ကိုဝတ်ထားတာကြောင့် အရောင်လွင်ကာ ထင်ပေါ်နေသည်။
ချက်ချင်း လူတိုင်းရဲ့အာရုံကို ဖမ်းစားလိုက်နိုင်သည်။
ကျိုးယွင်ရှန်းနှင့် သူ့ဇနီးကတော့ ကျိုးရှုယောင်းလောက် မသားနားနေကြပေ။
သူတို့ဝတ်စားထားပုံကိုကြည့်လိုက်တာနဲ့ သာမန်လူတွေမှန်း တန်းသိနိုင်သည်။
သူတို့လျှောက်ဝင်လာတဲ့အခါ ခန်းမထဲကလူတိုင်းက သူတို့ကိုကြည့်နေကြကြောင်း တွေ့လိုက်ရသည်။
ထို့ကြောင့် ထိတ်လန့်သွားသည်။
ဘာတွေဖြစ်နေတာလဲ။
ကျိုးရှုယောင်း၏တုန့်ပြန်ပုံကတော့ အတော်လေးပိုကောင်းသည်။
သူမက ဒီလိုအခြေအနေမျိုးဆန်တဲ့ သူဌေးတွေရဲ့လောကကိုကြုံဖူးတာကြောင့် အမြန်စိတ်ငြိမ်အောင်လုပ်လိုက်နိုင်သည်။
သို့ပေမဲ့ ချောင်းလန်နှင့် ကျိုးယွင်ရှန်းတို့ကတော့ ဒီလိုခမ်းနားတဲ့မြင်ကွင်းမျိုးကို မကြုံဖူးထားကြောင့် လန့်ပြီး ဒူးခွေကျမတတ်ဖြစ်နေကာ ဗိုက်တွေလည်းနာလာသည်။
ယဲ့ဖန်က သူတို့သုံးယောက်ကိုတွေ့တဲ့အခါ အမြန်လက်ယမ်းပြီး လှမ်းခေါ်လိုက်သည်။
" ဒီကိုလာထိုင် "
သူတို့သုံးယောက်က သူ့ကို ကယ်တင်ရှင်ကြီးလိုလှမ်းကြည့်လိုက်ပြီး အမြန်လျှောက်သွားကြသည်။
ထိုမြင်ကွင်းကြောင့် တန်းယန်က အကျယ်ကြီးအော်ရယ်သည်။
" ငါထင်ထားတာ ယဲ့အိမ်က ဧည့်သည်တော်ကြီးတွေဖိတ်ထားမယ်ထင်တာပေါ့။ ကြည့်ရတာ ငါ မင်းကို အထင်ကြီးမိသွားပုံရပါတယ် ဟားဟားဟား ....... "
တန်းမိသားစုက လှောင်ရယ်ကြသည်။
ကျိုးရှုယောင်းက သူတို့ရဲ့ပြက်ရယ်စကားတွေကိုကြားတဲ့အခါ ယဲ့ဖန်ကို အမြန်လှမ်းကြည့်သည်။
" ငါတို့နင့်ကို အရှက်ရအောင်လုပ်မိပြီလား "
ချောင်းလန်နှင့် ကျိုးယွင်ရှန်းတို့ကလည်း သူ့ကို စိုးရိမ်စွာ လှမ်းကြည့်နေကြသည်။
" အဲ့လိုလူကို စိတ်ထဲမထားနဲ့။ ထိုင်ကြလေ "
ယဲ့ဖန်က ဂရုမစိုက်ဘဲ ထိုင်ဖို့နေရာကိုသာညွှန်ပြလိုက်သည်။
ကျိုးရှုယောင်းက ချက်ချင်း သူ့ဘေးမှာထိုင်လိုက်သည်။
ချောင်းလန်က ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့ကို နှုတ်ဆက်လိုက်သည်။
သူမအတွေးထဲတွင် ဒါက နှစ်ဖက်မိဘ ပထမဆုံးတွေ့ဆုံဖူးတာကြောင့် အရမ်းအဓိပ္ပာယ်ရှိသည်ဟုထင်နေသည်။
ထိုအချိန်မှာဘဲ အပြင်ဘက်တွင် ဇိမ်ခံကားများစွာ ရုတ်တရက်ရောက်ချလာသည်။
BMW, Audi နှင့် Mercedes-Benz ကဲ့သို့သော ဇိမ်ခံအဆင့်မြင့်ကားကြီးတွေဖြစ်သည်။
ဖန်းမြို့မှလူတွေအတွက်တော့ ဒီကားတွေက Lincoln တို့ Rolls-Royce တို့လို ကားတွေထက် ပိုနာမည်ကြီးရေပန်းစားသည်။
ဖန်းမြို့ရှိ ရှန်ဂရီလာဟိုတယ်ထဲမှသူတွေကလည်း အံ့ဩသွားကြသည်။
ကားထဲမှလူတွေထွက်လာတာကိုတွေ့တဲ့အခါ တန်းယန်က ချက်ချင်းသွားကြိုနှုတ်ဆက်သည်။
ထို့နောက် သူတို့ကို တမင်တကာ အသံကျယ်ကျယ်ဖြင့်မိတ်ဆက်ပေးသည်။
" အဘွား၊ ကျွန်တော့်သူငယ်ချင်းကောင်းတွေနဲ့ မိတ်ဆက်ပေးပါရစေ "
" ဒါကတော့ ကျုံးဟိုင်က ထိုက်ရှီး ဆေးဝါးကုမ္ပဏီရဲ့ အဓိကသူဌေး ကူးချန် ပါ ......... "
" ဒါကတော့ ကျုံးဟိုင်မောင်းကျန်းဝိုင်ကုမ္ပဏီက အရောင်းဒါရိုက်တာ ရှီးဝူး ပါ ...... "
" ဒါကတော့ ကျုံးဟိုင် ကျန်းချန်းဆက်သွယ်ရေးကွန်ရက်ကုမ္ပဏီရဲ့ လူ့အရင်းအမြစ်ဌာနခေါင်းဆောင်ပါ ..... "
သူ့အသံက ကျယ်လွန်းလို့ ခန်းမတစ်ခုလုံး သူ့အသံကိုကြားနေရသည်။
တန်းမိသားစုနှင့် ယဲ့မိသားစုတို့ကြားက ပဋိပက္ခကို အိမ်နီးနားချင်းတွေကသိကြသည်။
ဒါကြောင့် တန်းယန်က သူ့အဆက်အသွယ်တွေကို တမင်ကြွားနေမှန်း နားလည်လိုက်သည်။
သို့ပေမဲ့ သူကြွားလည်း ကြွားချင်စရာဖြစ်သည်။
ဧည့်သည်တွေအားလုံးက ကျုံးဟိုင်မှ အထက်တန်းအဆင့်ရှိလူတွေဖြစ်သည်။
သူဌေး၊ ဒါရိုက်တာ စသည့် ဂုဏ်ပုဒ်တွေကိုကြားနေရတာ ထိတ်လန့်စရာကောင်းသည်။
ဒီလိုသာယှဉ်မည်ဆိုပါက ယဲ့ဖန်ဘက်က အနည်းငယ်အရောင်မှေးမှိန်နေသည်။
လာကြတဲ့သူအားလုံးက အိမ်နီးနားချင်းတွေသာဖြစ်သည်။
အရေးကြီးပုဂ္ဂိုလ်တစ်ယောက်မှမပါပေ။
ပြီးတော့ ဒါက အစပိုင်းသာရှိသေးသည်။
ထို့နောက် တန်းမိသားစုဘက်ကို ဧည့်သည်တွေက တစ်ယောက်ပြီးတစ်ယောက် ထပ်ထပ်ရောက်လာလေသည်။
တစ်မိနစ်တစ်ခါ၊ နှစ်မိနစ်တစ်ခါခြား တစ်ယောက်ပြီးတစ်ယောက်ရောက်လာသည်။
လျင်မြန်စွာပင် တန်းမိသားစုဘက်မှ စားပွဲက စည်ကားသိုက်မြိုက်လာသည်။
နှစ်ဖက်ကိုယှဉ်ပါက ယဲ့ဖန်ဘက်တွင် အတော်လေးအေးစက်နေသည်။
လူတိုင်းက ယဲ့ဖန် စိတ်မပျော်မရွှင်ဖြစ်မှာကို စိုးရိမ်နေကြသည်။
အသက်တောင်မရှူရဲဲကြပေ။
၇နာရီခွဲတဲ့အခါ တန်းမ်သားစုဘက်မှ နောက်ဆုံးဧည့်သည်ရောက်လာသည်။
အသားညိုညိုဖြင့် လူလတ်ပိုင်းယောက်ျားတစ်ယောက်ဖြစ်သည်။
သူ့ပုံစံက ရိုးသားတဲ့လယ်သမားပုံစံပေါက်သည်။
သို့ပေမဲ့ မျက်လုံးတို့က စူးရှထက်မြက်သည့်အရိပ်ယောင်ရှိပြီး တစ်ချက်ကြည့်လိုက်တာနဲ့ အတော်ဂုဏ်ပြည့်ဝတဲ့သူဖြစ်သည်။
ထိုလူကိုမြင်တဲ့အခါ နေရာမှလူတိုင်းက အံ့ဩသွားကြသည်။
ယဲ့ဖန်၏အိမ်နီးနားချင်းတွေအပါအဝင် လူတော်တော်များများက ထနှုတ်ဆက်ကြရသည်။
ထိုလူက အခြားသူမဟုတ်ဘဲ ဖန်းမြို့၏အချမ်းသာဆုံးဖြစ်တဲ့ ထျန်းဖုကွေ့ဖြစ်သည်။