← Chapters

အပိုင်း ၂၂၉-၂၃၂

Vol. 12 Ch. 229-232

အပိုင်း ၂၂၉-၂၃၂

Vol. 12 Ch. 229-232

အပိုင်း ( ၂၂၉ )

ပထမဆုံးဧည့်သည်တော်

တန်းမိသားစုက ထျန်းဖုကွေ့ကိုမြင်တဲ့အခါ အားလုံးထပြီး နှုတ်ဆက်ကြသည်။

ယဲ့ဖန်ဘက်ခြမ်းကလူတွေကတောင် ထနှုတ်ဆက်ကြရသည်။

ဖန်းမြို့၏အချမ်းသာဆုံးလူတစ်ယောက်ရဲ့ အရှိန်အဝါက အတော်လေးကြီးသည် မဟုတ်ပါလား။

တန်းယန်က ထျန်းဖုကွေ့ကို အဓိကနေရာတွင် ထိုင်စေသည်။

ထို့နောက် ယဲ့ဖန်ကြားအောင်ထိ ကျယ်လောင်စွာ မိတ်ဆက်ပေးသည်။

" ဒါရိုက်တာထျန်းကို အထူးတလည်မိတ်ဆက်ပေးစရာတော့ မလိုတော့ဘူးမလား။ ဖန်းမြို့မှာ သူ့ကို မသိတဲ့သူရော ရှိသေးရဲ့လား။ ထျန်းလူကြီးမင်းက ကျွန်တော်တို့ တန်းမိသားစုရဲ့စားပွဲကို တက်ရောက်ပေးတာ အထူးဂုဏ်ယူစရာပါဘဲ "

ထိုစကားပြီးတဲ့အခါ တန်းမိသားစုက လက်ခုပ်တီးကြိုဆိုကြသည်။

တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်ကို အထင်သေးသည့်အကြည့်ဖြင့်ကြည့်ဖို့လည်း မမေ့ကြပေ။

သာမန် ပိုက်ဆံလေးနည်းနည်းရှိရုံနဲ့ တန်းမိသားစုရဲ့ အချိတ်အဆက်တွေကို လာယှဉ်ရဲသေးလား။

တန်းမိသားစုက တစ်ဖက်လူငယ်လေးနဲ့ ယှဉ်ပြိုင်ချင်နေကြောင်း ထျန်းဖုကွေ့သိလိုက်သည်။

တန်းမိသားစုကို မျက်နှာသာပေးလိုက်လို့ သူ့အတွက် ဘာမှမဖြစ်ပေ။ ထို့ကြောင့် လက်နှစ်ဖက်စုကာ အရိုအသေပေးလိုက်သည်။

" အရင်တုန်းက သခင်ကြီးတန်းပေးခဲ့တဲ့ ကြင်နာမှုတွေကို ကျွန်တော် ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး။ နောင်လည်း တန်းမိသားစုက ကျွန်တော့်ရဲ့အကူအညီ လိုအပ်တာမျိုးရှိရင် လှမ်းပြောပါ။ သေချာပေါက် ငြင်းမှာမဟုတ်ပါဘူး "

ထျန်းဖုကွေ့၏စကားကိုကြားတဲ့အခါ တန်းမိသားစုက ပို၍ပင် မာန်တက်လာသည်။

တစ်ချိန်တည်းမှာဘဲ တန်းမိသားစု၏စားပွဲက အလွန်အသက်ဝင်လာသည်။

ယဲ့ဖန်၏အိမ်နီးချင်းတစ်ချို့က ထျန်းဖုကွေ့ကို မျက်နှာလုပ်ရန် သူ့ဆီသို့သွားကြသည်။

ယဲ့ပေါက်ကောက အဲ့တာကိုမြင်တော့ အရမ်းဒေါသထွက်သွားသည်။

သူနှင့် တန်းမိသားစုကြားက ရန်ငြိုးတွေအကြောင်းကို ဒီအိမ်နီးချင်းတွေက မသိဖို့မဖြစ်နိုင်ပေ။

အခုတော့ သူတို့က သူနှင့် ယဲ့ဖန်ပြင်ဆင်သောပွဲဘက်မှ တန်းမိသားစုဘက်ဆီသို့ စားရန် ထွက်သွားကြသည်။

ဒါက သူ့မျက်နှာကို ပါးရိုက်လိုက်တာနှင့်တူသည်။

တန်းယန်က ထိုမြင်ကွင်းကိုမြင်သောအခါတွင် သူက ပိုပြီး ဂုဏ်ယူသွားသည်။

သူက ချက်ချင်း ယဲ့ဖန်၏စားပွဲတွေဘက်သို့ လှမ်းအော်လိုက်သည်။

" ဒါရိုက်တာထျန်းကို ဂုဏ်ပြုချင်သူတွေ မြန်မြန်လာကြနော်။ ဒါက လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးဘဲ "

သူ့ခေါ်သံကိုကြားတာနဲ့ ယဲ့ဖန်ဘက်က လူအုပ်စုတစ်ချို့က 'ဘက်ပြောင်းသွားတယ်' လို့ ပြောလို့ရသည့် သဘောထားဖြင့် ပြောင်းသွားကြသည်။

ယဲ့ဖန်၏ပွဲသည် ချက်ချင်း တစ်ဝက်လွတ်သွားတော့သည်။

ကျန်တဲ့လူတွေကလည်း စိတ်ပူနေကြသည်။

သို့သော်လည်း ယဲ့ပေါက်ကောနှင့် သူတို့၏ ဆက်ဆံရေးကောင်းမွန်မှုကြောင့် မျက်နှာမပျက်ချင်၍ တစ်ဖက်သို့ မသွားနိုင်ကြပေ။

ယဲ့ပေါက်ကော၏မျက်နှာသည် ဒေါသကြောင့် နီရဲနေသည်။

သို့သော် သူ ဘာလုပ်ရမလဲဆိုတာ မသိပေ။

ဘယ်လိုဘဲဖြစ်ဖြစ် တန်းမိသားစုက ဖန်းမြို့မှ အချမ်းသာဆုံးလူကို ခေါ်လာနိုင်ခဲ့သည်။

သူက သာမန်လူတစ်ယောက်မျှသာဖြစ်သည်။ ဒေါသထွက်နေရင်တောင် သူဘာလုပ်နိုင်မှာမလို့လဲ။

ကျိုးရှုယောင်းက ယဲ့ဖန်၏လက်ကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်သည်။

" သူတို့က နင့်ကို စိတ်ဆိုးအောင် တမင်လုပ်နေတာ။ သူတို့ရဲ့ လှည့်စားမှုတွေကို အာရုံစိုက်မနေနဲ့ "

ယဲ့ဖန်က သူမကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

" စိတ်မတိုပါဘူး၊ ရယ်တောင်ရယ်ချင်သေးတယ်။ ဒီလူတွေမှာက ဒီလောက်အမြင်လေးပဲရှိတာ။ ရွှံ့က နံရံဖြစ်မလာပါဘူး "

သူတို့စကားပြောနေစဉ်မှာဘဲ စားသောက်ဆိုင်အပြင်ဘက်မှ အခြားကားတစ်စီးရောက်လာသည်။

အနီရောင် McLaren 600 LT ကားဖြစ်သည်။

ကားတံခါးပွင့်လာတဲ့အခါ အလွန်ကျက်သရေရှိပြီး လှပတဲ့အမျိုးသမီးတစ်ယောက်ထွက်လာသည်။

သူမက အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ထားပြီး သူမပုံစံက အရမ်းကို လုပ်ရည်ကိုင်ရည်ပြည့်ဝပြီး ကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်ပုံစံရှိသည်။

ထျန်းဖုကွေ့၏မျက်လုံးတွေက အံ့ဩမှုတွေပြည့်နှက်သွားသည်။

သူက တန်းယန်ကို လှည့်ကြည့်လိုက်သည်။

" ရှောင်တန်း၊ ဒီအမျိုးသမီးက ဘယ်သူများလဲ "

တန်းယန်ကလည်းမသိပေ။

" သူမ ..... ကျွန်တော် သူမကို ဖိတ်မထားဘူး။ အဲ့တာကြောင့် သူမကို မသိဘူး "

ထိုအချိန် ကျုံးဟိုင်မြို့မှာ အလုပ်လုပ်သောသူတစ်ယောက်က ပြောသည်။

" ဒါက လင်းယွမ်အိမ်ခြံမြေကုမ္ပဏီက သူ‌ဌေးချန်းရွှမ် မဟုတ်ဘူးလား။ သူမက ဘာလို့ ဖန်းမြို့ကိုလာတာလဲ။"

ထျန်းဖုကွေ့က အနည်းငယ်သိချင်လာသည်။

" မင်းသူမကိုသိလား "

အဲဒီလူက သူ့ကိုယ်သူ မိတ်ဆက်တယ်။

" မင်္ဂလာပါ၊ ထျန်းလူကြီးမင်း။ ကျွန်တော်က ကျုံးဟိုင်က ထိုက်ရှီး ဆေးဝါးကုမ္ပဏီရဲ့ သူဌေး ကူးချန်ပါ။ ကျွန်တော်က ကျုံးဟိုင်တိုက်ကွန်းကလပ်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တာကြောင့် အရင်က သူမကို ကလပ်မှာတွေ့ဖူးတယ် "

ထျန်းဖုကွေ့ အံ့သြသွားသည်။

" မင်းအခုမှပြောလိုက်တာ ဒီမိန်းကလေးချန်းက ကျုံးဟိုင်မြို့မှာရှိတဲ့ အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ သူဌေးတဲ့လား "

ကူးချန် အမြန်ခေါင်းညိတ်လိုက်သည်။

" လင်းယွမ်အိမ်ခြံမြေကုမ္ပဏီက ကျုံးဟိုင်မြို့မှာ အင်အားကြီးကုမ္ပဏီကြီးတစ်ခုအဖြစ် မကြာသေးမီကမှ ပေါ်ထွက်လာခဲ့တာပါ။ ပြီးတော့ သူဌေးချန်းက အလွန်လှပပြီးတော့ ကျုံးဟိုင်မြို့မှာ အတော်လေးနာမည်ကြီးပါတယ် "

ထျန်းဖုကွေ့ ၏မျက်နှာမှာ ထိတ်လန့်မှုဖြင့်ပြည့်နှက်နေသည်။

အမျိုးသမီးလုပ်ငန်းရှင်တစ်ဦး၊ အိမ်ခြံမြေကုမ္ပဏီတစ်ခုသူဌေးတဲ့လား။ ဒါက အရမ်းရှားတာဘဲ။

သူတို့ စကားစမြည်ပြောနေကြချိန်မှာဘဲ ချန်းရွှမ်က စားသောက်ဆိုင်ထဲသို့ဝင်လာပြီး လှည့်ကြည့်လိုက်သည်။

သူမက ယဲ့ဖန်ဆီသို့ ချက်ချင်း လျှောက်သွားသည်။

" ဒီနေရာကို ရှာရတာ အရမ်းခက်တာဘဲ။ ကျွန်မကို အပြင်ထွက်လာပြီး လာကြိုဖို့တောင် မတွေးမိဘူးလား "

ချန်းရွှမ်က ယဲ့ဖန်ရှေ့သို့ရောက်လာပြီး ညည်းညူသည်။

သို့သော် သူမမျက်နှာတွင် ဒေါသထွက်နေသည့် အမူအရာတစ်စုံတစ်ရာ မပြပေ။

သူမက စနောက်နေမှန်း သိသာသည်။

ထို့နောက် သူမက ယဲ့ပေါက်ကောနှင့် မားရှန်းလန်ကို လှည့်ကြည့်လိုက်သည်။

" အဘိုးတို့က ယဲ့ဖန်ရဲ့ အဘိုးအဘွားတွေ၊ မဟုတ်လား။ ကျွန်မက ယဲ့ဖန်ရဲ့ သူငယ်ချင်း ချန်းရွှမ်ပါ။ အဘိုးတို့ ကျွန်မကို ရွှမ်ရွှမ်လို့ပဲခေါ်နိုင်ပါတယ် "

ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့သည် သူမ၏ ထူးခြားတဲ့ကိုယ်ရောင်ကိုယ်ဝါကြောင့် အံ့အားသင့်သွားကြသည်။

ဒီလို ကိုယ်ရောင်ကိုယ်ဝါတောက်ပတဲ့ မိန်းကလေးကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

ကျိုးရှုယောင်း၏အသွင်အပြင်နှင့် အသက်အရွယ်သည် ချန်းရွှမ်ထက် မနိမ့်ကျသော်လည်း ကိုယ်ရောင်ကိုယ်ဝါအရ သူမက စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သည့် ချန်းရွှမ်နှင့် နှိုင်းယှဉ်လို့မရပေ။

သူတို့ရဲ့မြေးလေးက ဒီလိုထက်မြက်ပြီး အရည်အချင်းရှိတဲ့ မိန်းကလေးကို တကယ်သိတာလား။

ဒါက သူတို့ကို အရမ်းအံ့သြစေသည်။

" အဘိုး၊ ဒါက အဘိုးအတွက် မွေးနေ့လက်ဆောင် ၁၀ နှစ် သက်တမ်းရှိတဲ့ ဂျင်ဆင်းရိုင်းပါ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ "

ချန်းရွှမ်က သူမလက်ထဲက လက်ဆောင်သေတ္တာကို ပေးလိုက်ရင်း ပြောလိုက်သည်။

ယဲ့ပေါက်ကောက နှေးကွေးမနေရဲဘဲ လက်ဆောင်ဘူးကိုယူရန် လက်ကို အမြန်လှမ်းလိုက်သည်။

လက်ဆောင်သေတ္တာကိုဖွင့်ကြည့်လိုက်တဲ့အခါ လက်မလောက်ထူတဲ့ ဂျင်ဆင်းကို တွေ့လိုက်ရသည်။

စားပွဲထဲမှ ဂျင်ဆင်းအကြောင်း တတ်ကျွမ်းသော အိမ်နီးချင်းတစ်ဦးက ချက်ချင်း ထပြောသည်။

" တကယ်က ၁၀ နှစ် သက်တမ်းရှိတဲ့ ဂျင်ဆင်းရိုင်းလား။ ဒါက .......... သိပ်ကိုရှားတယ်မဟုတ်လား "

" ဒီဂျင်ဆင်းရိုင်းက အရမ်းတန်ဖိုးကြီးလို့လား "

တစ်ယောက်ယောက်က မေးလိုက်သည်။

" ဒါက အဖိုးတန်ရုံတင် မဟုတ်ဘူး။ ဒီလို ၁၀ နှစ် သက်တမ်းရှိ ဂျင်ဆင်းရိုင်းက အရမ်းကိုရှားပါးတဲ့ပစ္စည်းဖြစ်နေပြီ။ ဒီဂျင်ဆင်းရိုင်းရဲ့ အကြောတွေက ကြည်လင်နေတော့ အရမ်းကောင်းတယ်။ သေချာတာကတော့ အရည်အသွေးအမြင့်ဆုံးဂျင်ဆင်းပဲ "

" ဒါက ဘယ်လောက်တန်လောက်လဲ "

" ဝယ်သူကောင်းတစ်ယောက်နဲ့တွေ့ရင်တော့ အနည်းဆုံး ယွမ် ၅သိန်းလောက်ရှိလိမ့်မယ် "

" ဘာ ...... ၅သိန်းဟုတ်လား။ ဘုရားရေ "

ယဲ့ပေါက်ကောသည် သူ့အိမ်နီးချင်း၏စကားကိုကြားသောအခါ အံ့အားသင့်သွားသည်။

" ချန်းမိန်းကလေး၊ ဒီလက်ဆောင်က အရမ်းတန်ဖိုးကြီးတယ်။ မယူရဲပါဘူး "

ယဲ့ပေါက်ကော အလျင်အမြန် ငြင်းဆန်ဖို့ ကြိုးစားလိုက်သည်။

ချန်းရွှမ်က အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားသည်။

" အဘိုး၊ ကျွန်မက အဘိုးရဲ့မြေးနဲ့ အရမ်းခင်တဲ့သူငယ်ချင်းပါ။ အဘိုးကို ကျွန်မရဲ့အဘိုးလို သဘောထားပါတယ်။ ကျွန်မလက်ဆောင်ကို လက်မခံရင် ကျွန်မကို အပြင်လူလို့သဘောထားနေတာလား "

ယဲ့ပေါက်ကော အနည်းငယ်ရှက်သွားပြီး သူ့မြေးဘက်ကို အမြန်လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်က အမြန်ထရပ်ပြီး ကူညီပေးလိုက်သည်။

" အဘိုး၊ ချန်းရွှမ်က အပြင်လူမဟုတ်ပါဘူး။ စိတ်မပူဘဲ လက်ခံလို့ရပါတယ် "

ချန်းရွှမ်က အခုတွင် သူ့လက်အောက်ငယ်သားဖြစ်တာကြောင့် သူပြောသည့်စကားမှာ အမှားအယွင်းမရှိပေ။

သူမက အမှန်ပင် အပြင်လူ မဟုတ်ပေ။

ဒါပေမယ့် ထိုစကားတွေကို သူများတွေကကြားတဲ့အခါ သူတို့က အခြားအဓိပ္ပါယ်အဖြစ်နားလည်သွားကြသည်။

အပိုင်း ( ၂၃၀ )

ယွမ် ၂ သန်းတန် အနီရောင်ဝိုင်

ယဲ့ဖန်စကားကိုကြားတဲ့အခါ ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့က ချန်းရွှမ်ကို ထပ်ကြည့်လိုက်ကြကာ သူတို့ရဲ့မျက်လုံးထဲတွင် ကြင်နာမှုတွေအပြည့်ဖြစ်နေသည်။

သူတို့က သူတို့ရဲ့မြေးချွေးမလေးကိုကြည့်နေသကဲ့သို့ ကြည့်နေကြသည်။

တစ်ချိန်တည်းမှာဘဲ သူတို့စိတ်ထဲမှ အတွေးတစ်ခုပေါ်လာသည်။

သူမသာ သူတို့ရဲ့မြေးချွေးမလေးဖြစ်မယ်ဆိုရင် မိန်းကလေးကျိုးကရော ယဲ့ဖန်အတွက်ဘာလဲ။

ယဲ့ဖန်နဲ့ မိန်းကလေးကျိုးကလည်း အတော်လေးရင်းနှီးတဲ့ပုံဘဲ။

တစ်ဖက်တွင် ချောင်းလန်ကလည်း သူမစိတ်ထဲတွင် အတွေးမျိုးစုံရှိနေသည်၊

ချန်းရွှမ်ရဲ့ရုပ်ရည်က သူမ သမီးထက် လုံးဝ မနိမ့်ကျပေ။

ကိုယ်ရောင်ကိုယ်ဝါအရပြောရမယ်ဆိုရင် ချန်းရွှမ်ကတောင် ပိုအားသာနေသည်။

ထို့အပြင် သူမက သိန်းချီတဲ့ ၁၀နှစ်သက်တမ်းရှိဂျင်ဆင်းရိုင်းကို လက်ဆောင်အဖြစ်ပေးနိုင်သည့်အတွက် အရမ်းချမ်းသာတဲ့သူဖြစ်လိမ့်မည်။

သူမနဲ့ယှဉ်ရင် ကျိုးရှုယောင်းက အားသာနေတဲ့အချက်မရှိပေ။

ထို့ကြောင့် ချောင်းလန်ရဲ့ရင်ထဲမှာ အန္တရာယ်ရှိသည့်အငွေ့အသက်ကို ခံစားမိသည်။

အခြားသူတွေကတော့ သိပ်မတွေးကြပေ။

ချန်းရွှမ်၏မွေးနေ့လက်ဆောင်ကြောင့်သာ အံ့ဩနေကြသည်။

" အမလေး၊ သိန်းချီတန်တဲ့ မွေးနေ့လက်ဆောင်တဲ့လား။ သူမက အရမ်းချမ်းသာတယ်ထင်တယ် "

" ဘယ်လိုဆက်ဆံရေးမျိုးရှိလို့ ဒီလိုသိန်းချီတန်တဲ့ မွေးနေ့လက်ဆောင်ကို ပေးရတာလဲ "

" ငါ့အထင် သူဌေးချန်းနဲ့ ယဲ့ဖန်ရဲ့ ဆက်ဆံရေးက မရိုးရှင်းဘူးထင်တယ်။ သူတို့နှစ်ယောက်က ဟိုလိုများဖြစ်နိုင်မလား ..... "

" သူမက လှပပြီး ချမ်းသာတယ်။ ငါကျ ဘာလို့ သူမလိုမိန်းမမျိုး မတွေ့န်ုင်ရတာလဲ "

" တွေ့ရင်ရော ဘာလုပ်မှာလဲ။ မင်းက အဲ့လိုမိန်းမမျိုးကို ကိုင်တွယ်နိုင်မယ်ထင်လို့လား "

" ဟုတ်တယ်။ ဒီလိုသာဆို ယဲ့ဖန်က အတော်လေး အင်အားကြီးတယ်ထင်တယ်။ ဒီလိုမိန်းကလေးကိုတောင် ကိုင်တွယ်နိုင်တယ်ဆိုမှတော့ ...... "

" ............. "

လူအုပ်ကြီးရဲ့တီးတိုးပြောနေသံတွေကိုကြားပြီး တန်းယန်က မနာလိုမုန်းတီးစိတ်တွေဖြစ်လာသည်။

ထို့ကြောင့် ခပ်ချဉ်ချဉ်ဖြင့်ပြောလိုက်သည်။

" ဧည့်သည်လေးတစ်ယောက်လောက်နဲ့ ဘာ အထင်ကြီးစရာရှိလဲ "

သူပြောပြီးတဲ့အချိန်မှာဘဲ အပြင်မှ Rolls-Royce Phantom ကားတစ်စီးရောက်လာသည်။

ထို့နောက် ကားထဲမှ သက်လတ်ပိုင်းယောက်ျားတစ်ဦးထွက်လာသည်။

ထိုလူက သာမန်ထက်ထူးကဲတဲ့ကိုယ်ရောင်ဝါရှိနေတာကို ထျန်းဖုကွေ့တွေ့တဲ့အခါ ကူးချန်ကို လှမ်းကြည့်လိုက်သည်။

" သူဌေးကူး၊ ဒီလူကိုသိလား "

ကူးချန်က ထိုလူကို သေချာကြည့်ပြီးတဲ့နောက် ရုတ်တရက်အတော်လေးထိတ်လန့်သွားတဲ့အမူအရာဖြစ်သွားသည်။

" ဒါက ဟွမ်းကျီယွမ်ဖြစ်မယ်ထင်တယ်။ သူက ယွမ်းဖန်ဝမ်းချန် ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီရဲ့ ဥက္ကဌဟွမ်း၊ ဟုတ်တယ်မလား "

ထျန်းဖုကွေ့က သူ့ရဲ့ထူးဆန်းတဲ့အမူအရာကိုတွေ့တဲ့အခါ အမြန်မေးလိုက်သည်။

" ဒီဥက္ကဌဟွမ်းက အရမ်းအင်အားကြီးလို့လား "

ကူးချန်က ချက်ချင်းခေါင်းငြိမ့်လိုက်သည်။

" ဥက္ကဌဟွမ်းနဲ့တော့ မသိပေမဲ့ သူ့ကို အခြားသူတွေကပြောပြတာကြားဖူးပါတယ်။ သူက အရင်က အစိုးရဌာနမှာအလုပ်လုပ်ပြီးတော့ အသက် ၄၀ အရွယ်လောက်မှစပြီး စီးပွားရေးလုပ်ခဲ့တာပါ။ ၃ နှစ်အတွင်းမှာဘဲ သူ့ကုမ္ပဏီတန်ဖိုးက ၁ ဘီလီယံကျော်သွားခဲ့ပါတယ် ...... "

ထျန်းဖုကွေ့ ထိုစကားကိုကြားတဲ့အခါ အတော်လေးအံ့ဩသွားသည်။

ယွမ် ၁ ဘီလီယံက သူ့အတွက်မများပေမဲ့ ထိုပိုင်ဆိုင်မှုကိုရဖို့ တစ်ဖက်လူက ၃ နှစ်ဘဲ အချိန်သုံးခဲ့ရတယ်ဆိုတာက သူ့ကို အတော်လေး ထိတ်လန့်စေသည်။

သူလည်းဘဲ အောက်ခြေကစခဲ့သူဖြစ်သည်။

သူ ၁ ဘီလီယံပိုင်ဆိုင်ဖို့ ၁၀ နှစ်ကျော်ကြာ ကြိုးစားခဲ့ရသည်။

ထိုမျှများတဲ့ငွေရှာဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သူသိသည်။

ဒီဥက္ကဌဟွမ်းကျီယွမ်က လုပ်နိုင်စွမ်းဘယ်လောက်များတဲ့လူလဲဆိုတာ ပြောနိုင်သည်။

ထိုအချိန်တွင် ဟွမ်းကျီယွမ်က ရှန်ဂရီလာဟိုတယ်ထဲသို့ ဝင်လာသည်။

ထို့အပြင် ဟိုတယ်ထဲကိုဝင်လာတာနဲ့ သူက ချက်ချင်း ယဲ့ဖန်ရှိရာဆီကို လျှောက်သွားသည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော်က အခုလေးတင်ဘဲ အမေရိကားက ပြန်ရောက်တာပါ။ လေယာဉ်ဆင်းဆင်းအပြေးလာခဲ့တာမလို့ နောက်တော့ မကျဘူးမလား "

လူတိုင်းက အံ့ဩသွားရပြန်သည်။

သူက ယဲ့ဖန်အတွက်နဲ့ အမေရိကားကနေ ချက်ချင်းပြန်လာခဲ့တာတဲ့လား။

အတော်လေးခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးလား။

" နောက်မကျပါဘူး။ အချိန်မီရောက်လာတာပါ "

ယဲ့ဖန်က ချက်ချင်းထရပ်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

ဟွမ်းကျီယွမ်က သူ့ကိုနှုတ်ဆက်ပြီးတဲ့နောက် ယဲ့ပေါက်ကောကို တရိုတသေလှည့်ကြည့်သည်။

" မင်္ဂလာပါ၊ ယဲ့သခင်ကြီး။ ကျွန်တော်က ယဲ့လူကြီးမင်းရဲ့မိတ်ဆွေ၊ ဟွမ်းကျီယွမ်ပါ။ အသက်ရှည်ကျန်းမာဖို့ ဆုတောင်းပေးပါတယ် "

ထိုသို့ပြောရင်း လက်ထဲက လက်ဆောင်ကို လှမ်းပေးလိုက်သည်။

" တကယ်ဘဲ တောင်းပန်ပါတယ်။ အမြန်ပြန်လာခဲ့ရတော့ လက်ဆောင်ပြင်ဖို့ အချိန်မရလိုက်ဘူး။ ဒါက ကျွန်တော် နှစ်တွေအကြာကြီးသိမ်းထားတဲ့ ၇၉ ရိုမန်နီကွန်တီပါ ( 79 Romanniconti ) ကျေးဇူးပြုပြီး လက်ခံပေးပါ "

ယဲ့ပေါက်ကောက လက်ဆောင်ဘူးကိုဖွင့်လိုက်တဲ့အခါ အထဲတွင် အနီရောင်ဝိုင်ပုလင်းကို တွေ့လိုက်ရသည်။

သူက အနီရောင်ဝိုင်တွေအကြောင်း မသိတာကြောင့် ဘယ်လောက်တန်လဲဆိုတာမသိပေ။

သို့ပေမဲ့ ထျန်းဖုကွေ့က ဟွမ်းကျီယွမ်ရဲ့စကားကိုကြားလိုက်တဲ့အခါ တအံ့တဩဖြင့် သူတို့ဆီကို လျှောက်လာသည်။

" ဒါက ၁၉၇၉ ထုတ် ရိုမန်နီကွန်တီလား။ ဒါကို ပထမဆုံးမြင်ဖူးတာဘဲ "

သူ့မှာ ဝါသနာများများစားစားမရှိပေ။

သူ ဝိုင်နီတွေကိုသာ နှစ်သက်သည်။

သူ့အိမ်မှာရှိတဲ့ဝိုင်ပုလင်းတွေက နွားကိုယ်ပေါ်ကအမွေးတွေလောက်တောင်များသည်။

ဒါကြောင့် သူက ရိုမန်နီကွန်တီနဲ့ မစိမ်းသက်ပေ။

ဟွမ်းကျီယွမ်က သူ့ကို လှည့်ကြည့်လာသည်။

" လူကြီးမင်းကရော အနီရောင်ဝိုင်တွေ ကျွမ်းကျင်တဲ့သူလား "

ထျန်းဖုကွေ့က လျှောက်လာပြီး ဝိုင်နီပုလင်းကို ထိကြည့်ချင်ပေမဲ့ လမ်းတစ်ဝက်မှာဘဲ လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။

" ဒါက တကယ်ဘဲ ရိုမန်နီကွန်တီလား။ ဒါက အဖိုးမတန်လွန်းဘူးလား "

ယဲ့ပေါက်ကောက ထျန်းဖုကွေ့ကို နားမလည်စွာကြည့်လိုက်သည်။

" ဒီဝိုင်က အရမ်းဈေးကြီးလို့လား "

ထျန်းဖုကွေ့က ဝိုင်နီပုလင်းကို တပ်မက်စွာကြည့်နေသည်။

ဒါက အဖိုးတန်ရုံတင်မဟုတ်ဘူး၊ အဖိုးဖြတ်လို့တောင် မရလောက်အောင်ဘဲ။ ဒီ ရိုမန်နီကွန်တီကို ထုတ်လုပ်ခဲ့တဲ့ပမာဏက အရမ်းနည်းတယ်။ အထူးသဖြင့် နှစ်ကြာလေလေ ရှားလေလေဘဲ။ စုဆောင်းသူတွေလက်ထဲမှာဘဲ ကျန်လောက်တော့မှာ။ ဈေးကွက်ထဲမှာ လုံးဝမရှိသလောက်ဘဲ "

ကျိုးရှုယောင်းက ရုတ်တရက် ဝင်ထောက်မေးသည်။

" ရိုမန်နီကွန်တီက လဖိုက် (Lafite) ထက်တောင် ပိုဈေးကြီးတာလား "

ထျန်းဖုကွေ့က အရယ်ရဆုံးဟာသကို ကြားလိုက်ရသလို ကြည့်လိုက်သည်။

" ရိုမန်နီကွန်တီရှေ့မှာဆို ထည့်ပြောလို့တောင်မတန်ဘူး "

ဟွမ်းကျီယွမ်က သူ့ကို ချက်ချင်း လက်မထောင်ပြလိုက်သည်။

" လူကြီးမင်းက တကယ်ကို ကျွမ်းကျင်သူဘဲ "

ထျန်းဖုကွေ့က ချက်ချင်း သူ့ကိုလှည့်ကြည့်လိုက်သည်။

" လူကြီးမင်းမှာ ရိုမန်နီကွန်တီ နောက်တစ်ပုလင်းများရှိသေးလား။ တစ်ပုလင်းကို ယွမ်၂သန်းနဲ့ပေးဝယ်ဖို့ ဆန္ဒရှိပါတယ် "

သူ့စကားကိုကြားတဲ့အခါ နေရာမှာရှိနေတဲ့သူတိုင်းက အံ့ဩသွားကြသည်။

ဝိုင်နီတစ်ပုလင်းက တကယ်ဘဲ ၂သန်းတန်တာလား။

ဒီစကားတွေကို ထျန်းဖုကွေ့ပြောတာသာမဟုတ်ရင် အဲ့ဒီလူက ရူးနေတာဟု ထင်ကြမှာဖြစ်သည်။

သို့ပေမဲ့ ထျန်းဖုကွေ့က ဖန်းမြို့တွင် အချမ်းသာဆုံးလူဖြစ်လေသည်။

ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့သူလဲ သူ အရှုံးပေါ်မှာ မကြောက်ဘူးလား။

ကျိုးရှုယောင်းက အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

" ဝိုင်နီတစ်ပုလင်းကို ယွမ် ၂သန်းတဲ့လား။ ဈေးမကြီးလွန်းဘူးလား "

ထျန်းဖုကွေ့က ဖျော့တော့စွာပြုံးလိုက်သည်။

" ကျွန်တော်သိသလောက် ၁၉၇၉ ရိုမန်နီကွန်တီတွေကို လေလံပွဲတွေမှာ ယူရိုငွေ ၂သိန်းနဲ့ ရောင်းကြတယ်။ အဲ့တာကြောင့် ဝိုင်နီကြိုက်တတ်တဲ့သူတွေအတွက်တော့ ဒီဝိုင်က အဖိုးဖြတ်မရတဲ့ ရတနာဘဲ "

သူ့ရဲ့ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် အားလုံးက အံ့ဩလွန်းလို့ စကားပင်မပြောနိုင်ကြတော့ပေ။

ဒီကလူအများစုအတွက် ယွမ် သောင်းချီတန်တဲ့ မောင်းထိုက်တစ်ပုလင်းလောက်ကပင် အတော်လေးအဆင့်မြင့်နေပြီဖြစ်သည်။

တစ်ပုလင်းကို ယွမ် ၂သန်းတန်တဲ့ ဝိုင်နီပုလင်းကတော့ သူတို့ တစ်ခါမှတွေးတောင်မတွေးဖူးကြပေ။

သူတို့အသက်ပြင်းပြင်းရှူလိုက်ရင် ထိုဝိုင်နီပုလင်းကို ခွဲမိသွားမှာကို စိုးရိမ်နေကြသည့်အလား လူတိုင်းက ထိတ်လန့်လွန်းလို့ အသက်ပင်ပြင်းပြင်းမရှူရဲသည့်အနေအထားဖြစ်နေသည်။

ဘယ်လိုဘဲဖြစ်ဖြစ် သူတို့အနေအထားက တစ်ဘဝလုံးကြိုးပမ်းရင်တောင် ပြန်မလျော်နိုင်ပေ။

အပိုင်း ( ၂၃၁ )

ကောင်းကင်ဘုံက နတ်သဘင်ပွဲတော်

" တကယ်ဘဲတောင်းပန်ပါတယ်။ စုထားတာ ဒီတစ်ပုလင်းဘဲရှိတော့လို့ပါ။ အခုတော့ ပိုင်ရှင်က သခင်ကြီးယဲ့ဖြစ်သွားပါပြီ "

ဟွမ်းကျီယွမ်က ထျန်းဖုကွေ့ရဲ့အမေးကိုကြားတဲ့အခါ အားနာနာဖြင့်ပြန်ဖြေသည်။

ထျန်းဖုကွေ့ကလည်း ရွေးစရာမရှိတော့ဘဲ ယဲ့ပေါက်ကောဘက်ကိုလှည့်မေးသည်။

" သခင်ကြီးယဲ့၊ ကျွန်တော်က ဒီဝိုင်နီကို ယွမ် ၂သန်းပေးဝယ်ပါ့မယ်။ ဘယ်လိုသဘောရလဲ "

ယဲ့ပေါက်ကောခေါင်းချာချာလည်နေသည်။

ဒါမျိုးကို သူ ပထမဆုံးကြားဖူးတာဖြစ်သည်။

ဝိုင်နီတစ်ပုလင်းကို ယွမ် ၂ သန်းတဲ့လား။

ဒီလူချမ်းသာတွေရဲ့စိတ်ကို သူ တကယ်ဘဲ နားမလည်ပေ။

ဒီလိုအရာတွေကို သူ့စိတ်ကူးနဲ့တောင် တွေးမကြည့်ခဲ့ဖူးပေ။

ထို့ကြောင့် ယဲ့ဖန်ဘက်ကို လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်က ဖျော့တော့စွာပြုံးလိုက်သည်။

" ဒါက ဥက္ကဌဟွမ်းက ကျွန်တော့်အဘိုးကိုပေးတဲ့ မွေးနေ့လက်ဆောင်ပါ။ ဘယ်လိုလုပ်ပြီး အခြားသူကိုရောင်းရမှာလဲ။ အဲ့လောက်ဆင်းရဲနေတာမှ မဟုတ်တာ "

ယဲ့ဖန်ရဲ့စကားကိုကြားတဲ့အခါ လူတိုင်းက ကြောင်အသွားကြသည်။

ဒါက ဖန်းမြို့၏အချမ်းသာဆုံးလူနဲ့ မိတ်ဆွေဖွဲ့ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

အခြားသူသူဆိုရင် ရောင်းဖို့မပြောနှင့် အလကားတောင်ပေးလိုက်မှာဖြစ်သည်။

ဖန်းမြို့မှ အချမ်းသာဆုံးသူနှင့် မိတ်ဖွဲ့မိပါက အနာဂတ်မှာသူတို့ရရှိမည့်အကျိုးအမြတ်က ၂သန်းမကရှိလိမ့်မည်ဖြစ်သည်။

သို့ပေမဲ့ ယဲ့ဖန်ကတော့ သူ့ကို နေရာမှာတင် ငြင်းလိုက်ပြီး လုံးဝ မျက်နှာသာမပေးပေ။

ထျန်းဖုကွေ့သည် လူတွေကြားမှာ ငြင်းခံလိုက်ရတာကြောင့် ဒေါသမထွက်ပေမဲ့ နှမြောတသတော့ဖြစ်မိသည်။

ထို့အပြင် ယဲ့ဖန်က သူ့အပေါ် အနည်းငယ်ရန်လိုနေကြောင်းကိုလည်း ခံစားမိသည်။

သူက တန်းမိသားစုစားပွဲဝိုင်းမှာထိုင်နေတာကြောင့် အဲ့လိုဆက်ဆံနေမှန်းသိသာသည်။ ထို့အပြင် သူကလည်း တန်းမိသားစုကို ဘယ်လိုလေးစားကြောင်းပြောခဲ့မိသေးသည်။

ဒါ့ကြောင့် အနည်းငယ်နောင်တရမိသည်။

တန်းမိသားစုဘက်က ဖိတ်ကြားချက်ရတော့ သာမန်စားပွဲကျင်းပသည်ဟုသာထင်ခဲ့သည်။

အတိတ်တုန်းက တန်းမိသားစုက ကူညီပေးခဲ့တာတွေရှိတာကြောင့် မလာမဖြစ်လာခဲ့ရသည်။

ဒါပေမဲ့ ဒီစားပွဲက သူ့အတွက် အထိနာစေနေမည်ဟု မသိခဲ့ပေ။

မရည်ရွယ်ဘဲ ယဲ့လူကြီးမင်းကိုပါ ပြဿနာရှာမိသွားလိမ့်မည်ဟု ထင်မထားပေ။

သို့ပေမဲ့ ဖြစ်ပြီးသွားတာတွေ ဖြစ်ပြီးပြီမလို့ ဘာမှ ရှင်းပြမနေတော့ပေ။

သူက ဖန်းမြို့မှာ အချမ်းသာဆုံးသူဖြစ်တာကြောင့် ဒီလူငယ်လေးကို ထိတ်လန့်မနေသင့်ပေ။

ထို့ကြောင့် သူက ချက်ချင်းလှည့်ပြီး တန်းမိသားစုစားပွဲဘက်ကို ပြန်သွားလိုက်သည်။

ယဲ့ဖန်က ဝိုင်ပုလင်းကို စားပွဲထိုးဆီသို့ကမ်းပေးလိုက်သည်။

" ဒီဝိုင်နီပုလင်းကို ဖွင့်လိုက်။ ဒီ ယွမ် ၂ သန်းတန် ဝိုင်နီက သောင်းတန်တွေနဲ့ ဘယ်လိုကွာခြားလဲ ကြည့်ရအောင် "

စားပွဲထိုးက ကပျာကယာဖြင့် ဝိုင်နီပုလင်းကို သေချာယူလိုက်သည်။

ဝိုင်နီပုလင်းကိုယူလိုက်သောအခါ သူ့လက်တွေက တုန်ရီနေသည်။

မတော်တဆသာ မြေပြင်ပေါ် ပြုတ်ကျရင် သူ့တစ်ဘဝလုံးလျော်ရရင်တောင် တတ်နိုင်မှာ မဟုတ်ပေ။

ယဲ့ဖန်၏စကားကို ကြားသောအခါ လူတိုင်း၏ပါးစပ်မှသွေးထွက်မတတ် ဖြစ်သွားကြသည်။

သူတို့ ယွမ် ၂ သန်း တန်တဲ့ ဝိုင်နီကို သောက်ရတော့မှာလား။

ဒါက လုံးဝကို လူသားမဆန်တော့ဘူးဘဲ။

ယဲ့ဖန်ဘက်မှ 'ဘက်ပြောင်းသွား' သူများက အနည်းငယ် ဝမ်းနည်းမိသွားသည်။

သူတို့သာ ဒီဘက်ကိုမလာဘူးဆိုရင် ၂ သန်းတန်တဲ့ဝိုင်နီကို မြည်းကြည့်နိုင်မှာ မဟုတ်လား။

သို့ပေမဲ့ အခုမှ ပြန်ဘက်ပြောင်းပါကလည်း တန်းမိသားစုနှင့် ထျန်းဖုကွေ့တို့ကိုပါ ထပ်ပြီးစော်ကားမိသွားနိုင်သည်။

ဒါ့ကြောင့် သူတို့ အကျပ်ရိုက်နေကြသည်။

ထျန်းဖုကွေ့က ဝိုင်နီပုလင်းကို စိုက်ကြည့်နေသည်။

သူ့ဗိုက်ထဲက လိုအင်တွေ နိုးထလာသည်။

ထို့ကြောင့် ခေါင်းငုံ့ပြီး သူတို့ရှေ့က စားပွဲပေါ်ရှိ ဝူလန်ရီကို သောက်ရုံမှလွဲပြီး မတတ်နိုင်ပေ။

သို့ပေမဲ့ ထိုဝိုင်က များများသောက်လေ အရသာမကောင်းလေလေဖြစ်သည်။

အမှန်တော့ ဝိုင်နီကြိုက်တဲ့သူတွေအတွက် ရိုမန်နီကွန်တီနှင့် နှိုင်းယှဥ်လျှင် ဒီဝိုင်မျိုးက အရမ်းသာမန်ဆန်လွန်းသည်။

ထိုအချိန်တွင် စားသောက်ဆိုင်အပြင်ဘက်မှ ကားအင်ဂျင်သံတွေထွက်ပေါ်လာပြန်သည်။

ထို့နောက် အပြင်ဘက်တွင် ဇိမ်ခံကားအချို့ ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။

Bentley၊ Mercedes-Benz S-Class နှင့် Maybach S-Class တို့ဖြစ်သည်။

အားလုံးက သန်းပေါင်းများစွာတန်သည့် ဇိမ်ခံကားတွေဖြစ်သည်။

ကားတံခါးပွင့်လာတဲ့ လူတချို့ ကားပေါ်ကနေ တပြိုင်နက် ထွက်လာကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးပြကြသည်။

ဒီလူတွေက ထူးခြားတဲ့ ကိုယ်ရောင်ကိုယ်ဝါရှိကြောင်း ထျန်းဖုကွေ့ သိလိုက်သည်။

သူက ကူးချန်ဘက်ကို လှည့်လိုက်ပြန်သည်။

" ဒီလူတွေကို မင်းသိလား "

ကူးချန်၏ မျက်နှာက ဖြူဖျော့သွားသည်။

" အနက်ရောင်ဝတ်စုံဝတ်ထားတဲ့သူက ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်းရဲ့ ဥက္ကဌ ဟူဝမ်မင်း "

" မျက်မှန်နဲ့တစ်ယောက်က ကျုံးဟိုင်မြို့ ထန်းဂူဈေးဝယ်စင်တာရဲ့ ဥက္ကဌ ကွမ်းကျန်ရှန်း "

" ထိပ်ပြောင်နဲ့သူက ကျုံးဟိုင်မြို့က ထျန်းဟော်ကြယ်ငါးပွင့်ဟိုတယ်ရဲ့ ဥက္ကဌကျောင်းထျန်းဟော် "

" နည်းနည်းခပ်ထွားထွားနဲ့သူက ကျုံးဟိုင်တိုက်ကွန်းကလပ်ရဲ့ ဥက္ကဌ ဝမ်ထင်းကွမ်းပါ။ သူ့အကြောင်းကို ခုနက ပြောဖူးတယ်ထင်တယ် "

ထိုသို့ပြောရင်း ဒူးထောက်မိမတတ်ဖြစ်သွားသည်။

ထိုလူတွေအားလုံးက ကျုံးဟိုင်၏အာဏာရှိစီးပွားရေးပညာရှင်ကြီးတွေဖြစ်ကြသည်။

ယဲ့ဖန်က ဒီလောက်ကျယ်ပြန်တဲ့အဆက်အသွယ်ရှိလိမ့်မည်ဟုထင်မထားပေ။

သူသာ စောစောသိခဲ့ပါက သေအောင်ရိုက်ခံရမည်ဆိုရင်တောင် တန်းယန်ဘက်မှာ ထိုင်နေမှာမဟုတ်ပေ။

သူ သိတောင်မသိလိုက်ဘဲ အဆက်အသွယ်ကြီးကြီးရှိတဲ့ သူဌေးကြီးကို စော်ကားလိုက်မိသွားပြီဖြစ်သည်။

ထျန်းဖုကွေ့သည်လည်း နာမည်တစ်ခုကိုကြားတိုင်း တစ်ခါလန့်လာရသည်။

သူတို့အားလုံးက ကျုံးဟိုင်က ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေဖြစ်သည်။

အခု သူတို့အားလုံးက ဖန်းမြို့ကိုရောက်နေကြသည်။

သူ ဘယ်လိုလုပ်ပြီး မအံ့ဩဘဲနေမှာလဲ။

ဝမ်ထင်းကွမ်းနှင့် အခြားသူတွေက စားသောက်ဆိုင်ထဲကိုဝင်လာကြပြီး ယဲ့ဖန်ဆီကို တန်းပြီးလျှောက်သွားကြသည်။

သူတို့အားလုံးက ယဲ့ပေါက်ကောကို ဂုဏ်ပြုပေးကြပြီး ဈေးကြီးသည့်လက်ဆောင်တွေပေးကြသည်။

သူတို့ပေးတဲ့လက်ဆောင်တွေက ချန်းရွှမ်နှင့် ဟွမ်းကျီယွမ်တို့၏လက်ဆောင်တွေထက် ဈေးပေါတာတွေမပါပေ။

ထိုလူတွေရဲ့ အရှိန်အဝါတွေအရ သူတို့ဟာ စီးပွားရေးလောကမှာ အတော်ကြာကျင်လည်ခဲ့ကြသူတွေမှန်းသိသာသည်။

အခုတော့ သူတို့အားလုံးက သူ့ရဲ့မွေးနေ့ပွဲကို တက်ရောက်လာကြသည်။

သူ့ရဲ့အဖိုးတန်မြေးလေးက ဘာစီးပွားရေးတွေများလုပ်နေလို့လဲ။

ဘယ်လိုလုပ်ပြီး ဒီလိုသူ‌ဌေးကြီးတွေကို သိတာလဲ။

လူတစ်အုပ်ကြီးရောက်လာပြီးတဲ့နောက် ယဲ့ဖန်ဘက်က စားဝိုင်းက အတော်လေးတက်ကြွလာသည်။

ဧည့်သည်တွေ အကုန်ရောက်လာပြီဟု လူတိုင်းက ထင်နေကြချိန်မှာဘဲ ရုတ်တရက် အပြင်ဘက်မှ ဗန်ကားနှစ်စီးကို တွေ့လိုက်ရသည်။

ထို့နောက် ဝတ်ကောင်းစားလှဝတ်ထားပြီး ချောမောလှပသော အမျိုးသားအမျိုးသမီးတစ်စုက ဗန်ကားထဲမှ ထွက်လာကြသည်။

ခန်းမထဲက တစ်စုံတစ်ယောက်က ချက်ချင်းထပြောသည်။

" ဒါက ဖျော်ဖြေရေးနယ်ပယ်က နာမည်အကြီးဆုံး ရှချူး မဟုတ်ဘူးလား။ ငါ့အမြင်တွေ မှားနေတာတော့ မဟုတ်ဘူးမလား "

" အဲ့တာက ........ တကယ်ကြီး ရှချူးဘဲ။ လွန်ခဲ့တဲ့နှစ်ရက်က သူ့ကို တီဗီထဲမှာ ကြည့်ခဲ့သေးတယ် "

" ဟယ်၊ သူက နာမည်ကြီးကြယ်ပွင့်ပဲ။ သူက ဘာလို့ ငါတို့ ဖန်းမြို့ကိုလာတာလဲ "

" အိုဘုရားရေ၊ ကြယ်ပွင့်ကြီးတစ်ယောက်ကို အပြင်မှာတွေ့ဖူးတာဘဲ။ မူးမေ့တော့မယ် "

" အဲ့တာက လုဖုန်း ဟုတ်တယ်မလား။ သူက ပြန်လည်မွေးဖွားခြင်း ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားလေ "

" တကယ်ကြီးပဲ ....... "

သာမန် ပြည်သူအိမ်နီးချင်းများအတွက် စီးပွားရေးလောကမှ သူဌေးကြီးတွေက သူတို့အတွက် သိပ်ပြီးအံ့အားမသင့်စေနိုင်ပေမဲ့ ဒီလိုနာမည်ကြီးအနုပညာရှင်တွေကတော့ သူတို့ကို အံ့ဩထိတ်လန့်စေသည်။

ထိုကြောင့် ရှချူးနှင့် အခြားသူများရောက်လာသောအခါ စားသောက်ဆိုင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရသည်။

စားပွဲထိုးတွေပင် ဟင်းပွဲတွေချနေတာကို ရပ်ပြီး အပြေးသွားကြည့်ကြသည်။

ရှချူးက ရိုက်ကူးရေးအဖွဲ့သားအားလုံးကို ခေါ်ဆောင်လာခဲ့သည်။

ဒါရိုက်တာကနေ အငယ်တန်းသရုပ်ဆောင်တွေအထိ လူ ၂၀ ကျော် ရောက်လာခဲ့သည်၊

အများစုမှာ ငယ်ရွယ်ပြီး လှပသော ယောက်ျားလေး၊ မိန်းကလေးများ ဖြစ်ကြသည်။

ကြည့်ရတာလည်း မျက်စိအေးစေသည်။

ရှချူးက သူမလက်ထဲတွင် မွေးနေ့ကိတ်ကို ကိုင်ဆောင်ကာ အမြန်လျှောက်လာသည်။

" အဘိုးယဲ့၊ ကျွန်မက ယဲ့ဖန်ရဲ့ သူငယ်ချင်းကောင်း ရှချူးပါ။ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပြီးတော့ ဒီလိုနေ့မျိုးကိုလည်း နှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် "

ယဲ့ပေါက်ကောသည် သူမ၏ချိုသာသောအပြုံးကိုကြည့်ပြီး လုံးဝ အံသြသွားရသည်။

တီဗီပေါ်က အကျော်ကြားဆုံးအနုပညာရှင်တောင်မှ သူ့ရဲ့မွေးနေ့ပွဲကို တက်ရောက်ပေးတာတဲ့လား။

ဘာလို့ သူ့မွေးနေ့ကို ကျင်းပနေတာ မဟုတ်သလိုမျိုး ခံစားရတာလဲ။

ဒါက ကောင်းကင်ဘုံက နတ်သဘင်ပွဲတော်လိုမျိုးဘဲ။

အပိုင်း ( ၂၃၂ )

ယဲ့မိသားစုက နဂါးကြီး

တစ်ဖက်ရှိ တန်းယန်ဘက်မှလူတွေကလည်း ရှချူးရောက်လာတာကိုတွေ့တဲ့အခါ အနည်းငယ် လှုပ်လှုပ်ယွယွဖြစ်ပြီး သူမဆီမှ လက်မှတ်တောင်းချင်ကြသည်။

သူတို့လိုသာမန်လူတွေအတွက် စီးပွားရေးပညာရှင်ကြီးတွေက အင်အားကြီးပြီး လိုက်မမီနိုင်သည့် အနေအထားရှိသည်။

သို့ပေမဲ့ အနုပညာရှင်တွေကတော့ တီဗီတွေဖုန်းတွေထဲမှာသာမြင်ရပြီး ဒီလိုအပြင်မှာတွေ့လိုက်ရခြင်းက သူတို့အတွက် ထူးခြားလွန်းသည့်အခွင့်အရေးကြီးဖြစ်သည်။

သူတို့က အမှန်တကယ်ပင် သူမဆီမှ လက်မှတ်တောင်းချင်သော်လည်း တန်းယန်၏မျက်နှာကိုထောက်ပြီး သူတို့စိတ်ထဲမှခံစားချက်ကို ဖိနှိပ်ထားကြရသည်။

တန်းယန်ကလည်း ထိုအရာကိုသတိထားမိသည်။ သူ့ဘေးနားကလူတွေက ဂနာမငြိမ်ဖြစ်နေတာကိုတွေ့တဲ့အခါ သူ့မျက်နှာက ဒေါသကြောင့် လောင်မြိုက်နေတော့သည်။

ဒီနေ့ ဒီစားပွဲအတွက် သူပိုက်ဆံတွေအများကြီးအကုန်ခံထားရတာဖြစ်ပြီး ယဲ့ဖန်ကို သင်ခန်းစာပေးကာ တန်းမိသားစု၏အာဏာကို ပြချင်တာဖြစ်သည်။

သို့ပေမဲ့ အခုတော့ ပိုက်ဆံအကုန်ခံပြီး တကူးတကလှောင်ခံရသလိုဖြစ်နေသည်။

ဖန်းမြို့၏အချမ်းသာဆုံး ထျန်းဖုကွေ့ကိုတောင်ဖိတ်ခဲ့ပေမဲ့ ယဲ့ဖန်ဘက်ကလူတွေက စီးပွားရေးလောကရဲ့ဒိတ်ဒိတ်ကြဲကြီးတွေဖြစ်နေခဲ့သည်။

ထို့အပြင် နာမည်ကြီးရှချူးကတောင် တက်ရောက်ပေးသည်။

ထို့ကြောင့် တန်းယန်ဘက်ကစားပွဲက ယှဉ်စရာပင်မလိုအောင် အရောင်အဆင်းမှေးမှိန်သွားရသည်။

သူ့ဘေးမှ ယဲ့ကွေ့ဖန်း၏အမူအရာကလည်း လုံးဝမကောင်းတော့ပေ။

သူမအစ်ကိုယဲ့ပေါက်ကော၏ ဂုဏ်ယူနေတဲ့မျက်နှာကိုတွေ့တဲ့အခါ ဒေါသပေါက်ကွဲထွက်တော့မလိုခံစားရသည်။

ရှချူးနှင့် အခြားသူများရောက်ရှိလာသည်နှင့်အမျှ 'ဘက်ပြောင်းသွားသူတွေ' ကြောင့် အလွတ်ဖြစ်နေတဲ့ထိုင်ခုံတွေက ချက်ချင်းပြည့်သွားခဲ့သည်။

ထို့အပြင် ဖျော်ဖြေရေးနယ်ပယ်ကလူတွေက တက်ကြွသည့်လေထုကို ကောင်းကောင်းဖန်တီးတတ်ကြသူတွေဖြစ်သည်။

ထို့ကြောင့် ယဲ့ပေါက်ကော၏ဘက်တွင် အလွန်တက်ကြွစည်ကားနေတော့သည်။

သို့သော် ဒါတွေက အဆုံးသတ်မဟုတ်သေးပေ။

အားလုံးစုံနေပြီလို့ ထင်နေကြချိန်မှာဘဲ ဟိုတယ်အပြင်ဘက်မှ အင်ဂျင်သံကို ရုတ်တရက်ကြားလိုက်ရသည်။

ချက်ချင်းပင် အပြင်မှ ရပ်သွားသည့် မော်တော်ဆိုင်ကယ်တစ်စီးကို မြင်လိုက်ရသည်။

ဆိုင်ကယ်သမားက ဦးထုပ်ကိုချွတ်လိုက်တဲ့အခါတွင် အလွန်လှပတဲ့ မျက်နှာလေး ပေါ်လာသည်။

ထိုအမျိုးသမီး၏ဆံပင်ရှည်တွေက ခါးထိသို့ ရောက်နေသည်။

သူမက အနက်ရောင်သားရေအင်္ကျီကို ၀တ်ဆင်ထားသည်။

သူမ၏တစ်ကိုယ်လုံးက သဘာဝအတိုင်း သန့်စင်သောအလှကို ပေးစွမ်းသည်။

နေရာမှာရှိနေသော အမျိုးသားတွေက အံ့အားသင့်သွားကြသည်။

ထျန်းဖုကွေ့က ကူးချန်ကို ထပ်ကြည့်လိုက်သည်။

" ဒီမိန်းကလေးကို သိလား "

ကူးချန်က အမြန်ခေါင်းခါပြလိုက်သည်။

" ဒီတစ်ယောက်ကိုတော့ တကယ်မသိဘူး "

သူ့ကို အလုံးစုံသိတဲ့သူများထင်နေလား။

ဘယ်လိုလုပ်ပြီး ပွဲထဲလာတဲ့သူတိုင်းကို သိမှာလဲ။

ထိုကောင်မလေးက တစ်မီတာလောက်ရှည်သော ဆလင်ဒါစာလိပ်ရှည်တစ်ခုကိုယူလာသည်။

ထို့နောက် သူမက အခြားလူတွေကိုပင် မကြည့်ဘဲ ယဲ့ဖန်ဆီသို့ လျှောက်သွားသည်။

" တောင်းပန်ပါတယ်၊ ကျွန်မ နောက်ကျသွားတယ် "

ယဲ့ဖန်က သူမကို ငေးမောကြည့်လိုက်သည်။

သူမ တကယ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ထိုကောင်မလေးက ရှုကျင်းရှင်းဖြစ်သည်။

ပုံမှန်လို နူးညံ့သိမ်မွေ့ပြီး တိတ်ဆိတ်နေတဲ့ပုံမဟုတ်ဘဲ သူမပုံစံက အလွန်ကို လွတ်လပ်နေပုံရသည်။

ရှုကျင်းရှင်းက သူ့ကို လျစ်လျူရှုလိုက်ပြီး ယဲ့ပေါက်ကောကို လှည့်ကြည့်လိုက်သည်။

" မင်္ဂလာပါ အဘိုးယဲ့၊ ကျွန်မက ယဲ့ဖန်ရဲ့ သူငယ်ချင်း ရှုကျင်းရှင်းပါ။ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ "

သူမ စကားပြောနေစဉ်မှာဘဲ သူမလက်ထဲက ဆလင်ဒါစာလိပ်ကို ပေးလိုက်သည်။

" ဒါက အဘိုးအတွက် ကျွန်မအစ်ကိုက အထူးရေးပေးထားတဲ့ လက်ရေးလှရေးစာပါ။ လက်ဆောင်အသေးလေးမလို့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ် "

ယဲ့ပေါက်ကောသည်လည်း လက်ရေးလှစာရေးလေ့ကျင့်သည်။

တစ်ဖက်လူက သူ့ကို လက်ရေးလှစားရေးပေးကြောင်း ကြားလိုက်ရတဲ့အခါ ချက်ချင်း စိတ်ဝင်စားသွားတော့သည်။

သူက ချက်ချင်းစာလိပ်ကို ဖြုတ်လိုက်သည်။

စာလိပ်ကို ဘောင်ခတ်ပေးထားပြီးသားဖြစ်သည်။

ယဲ့ဖန်က အမြန်ကူညီပေးပြီး စာလိပ်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

စာလိပ်ထဲတွင် ဖုရှုန်း နှင့် ကုန်းနင်း ဟူသော စာလုံးကြီးလေးလုံးကို ရေးထားသည်။

ထိုစကားလုံးကြီးလေးလုံးကို ငွေချိတ်နှင့် သံပုံဆွဲဖြင့် ရေးသားထားတာကြောင့် တစ်ဖက်သူ၏ ကျွမ်းကျင်မှုကို ဖော်ပြနေသည်။

ဘယ်ဘက်အစွန်တွင် စာထိုးထားသေးသည်။

" ရှင်းချိုးနန်၊ ဩဂုတ်လ ၁၅ ရက်၊ ရှုချန်းမင်း မှလက်ဆောင် "

" ကောင်းလိုက်တာ၊ သိပ်ကောင်းတဲ့စကားပဲ "

ယဲ့ပေါက်ကောက ချက်ချင်း ချီးကျူးစကားဆိုလိုက်သည်။

ရှုကျင်းရှင်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။

" အဘိုးယဲ့၊ သဘောကျသ၍ ကောင်းပါတယ် "

ယဲ့ဖန်ကတော့ ဒါက ကောင်းလား၊ ဆိုးလားဆိုတာ မပြောနိုင်ပေ။

သူ့အဘိုးက အဲ့တာကို ကြိုက်မှတော့ ကောင်းလို့မဟုတ်လား။

သူက စာလိပ်ကို ချက်ချင်း သေချာသိမ်းလိုက်သည်။

ထိုအချိန်တွင် ထျန်းဖုကွေ့၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။

" ခဏလေးစောင့်ပါဦး "

ထို့နောက် လျင်မြန်စွာ လျှောက်သွားကာ စာလိပ်ကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။

ယဲ့ဖန်က မျက်မှောင်ကြုတ်လိုက်သည်။

" ထျန်းလူကြီးမင်း၊ ဘာကိုဆိုလိုချင်တာလဲ "

ထျန်းဖုကွေ့၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ခါနေသည်။

ထို့နောက် သူက ရှုကျင်းရှင်းကို လှည့်ကြည့်လိုက်သည်။

" မိန်းကလေးရဲ့ အစ်ကိုက ရှုချန်းမင်း လား။ အဲ့ဒီ ရှုချန်းမင်းလား "

" ရှင်ပြောတဲ့ ရှုချန်းမင်းက ဘယ်သူဆိုတာ ကျွန်မကဘယ်လိုလုပ်သိမှာလဲ "

ရှုကျင်းရှင်းက ရယ်စရာမျက်နှာပေးဖြင့် သူ့ကိုကြည့်လိုက်သည်။

ထျန်းဖုကွေ့က တစ်ကိုယ်လုံးတုန်လှုပ်နေပြီး သူ့ခေါင်းအထက်ဘက်ကို ညွှန်ပြရင်းပြောသည်။

" ငါတို့ပြည်နယ်က ......... အဲ့တစ်ယောက်လေ "

ထိုစကားကို ပြောပြီးတာနဲ့ အားလုံးက အံသြသွားကြသည်။

ပြည်နယ်ကတဲ့လား။

မျိုးရိုးက ရှုဖြစ်ပြီး နာမည်က ကျန်းမင်းဆိုတဲ့တစ်ယောက်လား။

ဒါဆို သူက .........

အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ။

အဲ့ဒီလို အဆင့်မျိုးရဲ့ ညီမက ဘာလို့ ဒီနေရာမှာ ပေါ်လာရမှာလဲ။

ဖန်းမြို့မှာ အချမ်းသာဆုံးဆိုတဲ့ ထျန်းဖုကွေ့က လူမှားပြောနေတာလား။

ရှုကျင်းရှင်းက နှုတ်ခမ်းစူလိုက်သည်။

" သူက ...... တကယ်ဘဲကြောက်စရာကောင်းနေလို့လား "

သူမက မငြင်းတဲ့အခါ ထျန်းဖုကွေ့ အရမ်းကြောက်သွားပြီး မြေပြင်ပေါ်လဲလုနီးပါးဖြစ်သွားသည်။

နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ကို ထိန်းနိုင်လိုက်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း ....... တောင်းပန်ပါတယ်။ သတိမမူ ဂူမမြင်ဖြစ်သွားတာပါ။ သနားသက်ညှာပြီး ကျွန်တော့်လိုအဆင့်ကို မပျက်စီးစေဖို့ မျှော်လင့်ပါတယ် ........ "

အခုအချိန်မှာတော့ သူ့အူတွေက နောင်တ တရားတွေကြောင့် စိမ်းပုတ်သွားတော့မည်ဟု ခံစားနေရသည်။

ယဲ့ဖန်၏နောက်ခံက ဒီလိုအရမ်းတောင့်တင်းသန်မာ တယ်ဆိုတာ သူ သိခဲ့ရင် တန်းမိသားစု၏ပွဲသို့တက်ရောက်မည့်အစား သူသေပစ်မှာဖြစ်သည်။

ယဲ့လူကြီးမင်းက သူ့ကို ဗွေမယူဘဲ ခွင့်လွှတ်ပေးဖို့သာ မျှော်လင့်နေရသည်။ အဲ့လိုမှမဟုတ်ရင် ဘယ်လောက်ဆိုးရွားသည့်အကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို သူ မတွေးဝံ့ပေ။

တကယ်တော့ ယဲ့ဖန်လည်း အနည်းငယ် အံသြသွားသည်။

ရှုကျင်းရှင်း၏ မိသားစုနောက်ခံက အတော်လေးထူးခြားသည်ဆိုတာကို သူ သတိထားမိခဲ့တာ အတော်ကြာပြီဖြစ်သည်။

အစောင့်အကြပ်တွေထူထပ်တဲ့နေရာမှာ နေရတဲ့သူတစ်ယောက်က သာမာန်လူ မဟုတ်မှန်း အတော်လေးသေချာပေမယ့် တစ်ဖက်သူက ဒီလောက်ခိုင်မာတဲ့နောက်ခံရှိနေမယ်လို့ သူ မမျှော်လင့်ထားချေ။

ပြည်နယ် ခေါင်းဆောင်ကြီးတဲ့လား။

ယဲ့ဖန်သည် သူ့ခေါင်းထဲတွင် ချာချာလည်နေသည်ဟု ခံစားလိုက်ရသည်။

သူ ထျန်းဖုကွေ့၏ စကားတွေကို ကြားလိုက်ရသည်ဆိုတာတောင် မယုံနိုင်ပေ။

တခြားသူတွေက ပိုလို့တောင် ဆိုးသေးသည်။

သူတို့က အရမ်းကြောက်နေပြီး မျက်နှာတွေက ဖြူဖျော့သွားကြသည်။

" ဒီကောင်မလေးက ...... သူမ က ပြည်နယ်ခေါင်းဆောင်ကြီးရဲ့ ညီမလေးလား။ အို၊ ဘုရားရေ "

" ယဲ့ဖန်က သူ့ညီမကို တကယ်သိတာလား။ ဒါဆို ယဲ့ဖန်က နေရာတိုင်းမှာ ခြေတွေလက်တွေအနှံ့ရှိတယ်လို့ ဆိုလိုတာလား "

" ယဲ့ဖန်ရဲ့ နောက်ခံက ဒီလောက်သန်မာတယ်ဆိုတာ ငါသိခဲ့ရင် ရိုက်နှက်ခံရရင်တောင်မှ ဒီဘက်မှာ လာထိုင်မှာ မဟုတ်ဘူး "

" မင်းဘာလုပ်နေသေးတာလဲ။ မြန်မြန်နေရာပြန်ပြောင်းကြရအောင် "

" ဘာကိုပြောနေတာလဲ။ ဟိုဘက်မှာ ငါတို့အတွက် နေရာမရှိတော့ဘူးဆိုတာကို မင်းမမြင်ဘူးလား "

" အိုက်ယား၊ စိတ်ပျက်လိုက်တာ။ အဲ့ဒီမှာ ထိုင်လို့အဆင်ပြေနေတာကို ဘာလို့ ဒီဘက် လာမိတာပါလိမ့် "

" ဟုတ်တယ်။ ယဲ့ဖန်က ကောင်းတဲ့စိတ်နဲ့ သူ့အဘိုးမွေးနေ့ပွဲကို ဖိတ်ထားပေမယ့် ငါတို့က သူ့ရဲ့ရန်သူဘက်ခြမ်းမှာ ထိုင်နေတယ်။ ငါတို့က သူ့ကို စော်ကားခဲ့မိတာဘဲ "

" ငါတို့ အခု ဘာလုပ်ကြမလဲ "

ယဲ့ဖန်ဘက်မှ 'ဘက်ပြောင်းသွား' သူများက နောင်တတွေ ပြည့်နှက်နေသည်။

ယဲ့ဖန်ဟာ ဒီလောက်အစွမ်းထက်တဲ့ ဆက်ဆံရေးတွေရှိတယ်ဆိုတာ သူတို့သိခဲ့ရင် သေအောင်အရိုက်ခံရရင်တောင်မှ သူတို့ဒီဘက်ကိုလာမှာမဟုတ်ပေ။

အခုတော့ ပြန်သွားချင်ပေမယ့် မဖြစ်နိုင်တော့ချေ။

ထိုအချိန်တွင် လူတိုင်းက ယဲ့ဖန်ကို ငေးငိုင်ကြည့်မိနေကြသည်။

ယဲ့မိသားစုမှာ နဂါးကြီးတစ်ကောင်ရှိနေတယ်။

All Chapters