← Chapters

အပိုင်း ၂၃၃-၂၃၆

Vol. 12 Ch. 233-236

အပိုင်း ၂၃၃-၂၃၆

Vol. 12 Ch. 233-236

အပိုင်း ( ၂၃၃ )

ဖန်းမြို့က အချမ်းသာဆုံးယောက်ျား

တစ်ဖက်တွင် တန်းမိသားစုသည် မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သွားကြသည်။ အထူးသဖြင့် တန်းယန်နှင့် ယဲ့ကွေ့ဖန်းတို့၏မျက်နှာက သွေးမရှိတော့သလို ဖြူဖျော့နေသည်။

ယဲ့ဖန်က တက်သစ်စလေးဖြစ်တာကြောင့် ပိုက်ဆံနည်းနည်းသာရပြီး ဘာအဆက်အသွယ်မှမရှိသေးတဲ့ ငနုံလေးဟု ထင်ခဲ့ကြသည်။

ဒါကြောင့် တမင်တကာ သူနဲ့အပြိုင် ရှန်ဂရီလာဟိုတယ်မှာ စားပွဲကျင်းပခဲ့တာဖြစ်သည်။

သို့ပေမဲ့ သူတို့ မထင်မှတ်ထားခဲ့တာက ယဲ့ဖန်ရဲ့အဆက်အသွယ်တွေက မိုးထိမြင့်သည့် အနေအထားဖြစ်နေခဲ့သည်။

သူ့ဧည့်သည်တွေက စီးပွားရေးပညာရှင်သူဌေးကြီးတွေဖြစ်ရုံသာမက နာမည်ကြီးအနုပညာရှင်တွေပင် ပါဝင်နေသေးသည်။

ထို့အပြင် မိုးလောက်မြင့်တဲ့အဆင့်အတန်းက အလှလေးတစ်ယောက်ပင်ပါနေသည်။

တန်းမိသားစု မျက်နှာပျက်ရုံတင်မဟုတ်ဘဲ ကြောက်ပါကြောက်ရွံ့နေရတော့သည်။

ယဲ့ဖန်က ဒီလိုအနေအထားရှိနေမှန်း သူတို့သိခဲ့ပါက ဒီလို အပြိုင်လုပ်ခဲ့မည်မဟုတ်ပေ။

အခုမှတော့ ရပ်လို့မရတော့ချေ။

ထို့အပြင် ယဲ့ဖန်နဲ့တစ်ဝိုင်းတည်းထိုင်နေသူတစ်ချို့ကတောင် အလိုက်တသိ ဖယ်ပေးကြရသည်။

ခေါင်းဆောင်ကြီးရဲ့ညီမရောက်နေမှတော့ သူတို့ဖယ်ပေးရတာက သဘာဝကျပါသည်။

သူတို့က ဖယ်ပေးလိုက်ရင်း သူတို့ကံကိုလည်းမြှင့်တင်နေတာဖြစ်သည်။

သူတို့ ဖန်းမြို့ကို မိုင်ပေါင်းထောင်ချီခရီးနှင်လာခဲ့ရပေမဲ့ ကံကောင်းသွားသည်။

မဟုတ်ပါက ယဲ့ဖန်က ဒီလောက်အင်အားကြီးမယ်မှန်းမသိခဲ့ပေ။

သူကသာ အလံပြလိုက်ပါက တောက်ပတဲ့အနာဂတ်က သူတို့ရှေ့ရောက်လာမှာဖြစ်သည်။

ချောင်းလန်မိသားစုက အပ်တွေပေါ်ထိုင်နေရသလိုဖြစ်နေသည်။

ဒါက သာမန်မွေးနေ့ပွဲလောက်ဘဲဟု သူမ ထင်ခဲ့တာကြောင့် အများကြီးဝတ်စားမလာဘဲ အလျင်စလိုရောက်လာခဲ့သည်။

သူမရဲ့ ခမည်းခမက်တွေနဲ့ ကလေးနှစ်ယောက်ရဲ့ အိမ်ထောင်ရေးအကြောင်းကို ဆွေးနွေးမည်ဟုတွေးထားခဲ့သည်။

ဒီလောက်ကြီးကျယ်တဲ့အဖြစ်အပျက်ကြီးကြုံရမယ်လို့ ဘယ်သူကထင်ထားမှာလဲ။

အကြီးစားသူဌေးကြီးတွေသာမက အနုပညာရှင်တွေနဲ့ ပြည်နယ်ခေါင်းဆောင်ရဲ့ညီမတောင်ပါသေးသည်။

ဒီလိုလူတွေနဲ့တစ်နေရာတည်းထိုင်နေရတာက သူမကို မီးဖိုပေါ်ထိုင်နေရသလို ခံစားရစေသည်။

ကျိုးရှုယောင်းကလည်း အတော်လေးစိတ်ပျက်နေသည်။

ယဲ့ဖန်က အင်အားတောင့်တင်းမှန်းသိပေမဲ့ ဒီလောက်ကြီးထိဖြစ်မယ်မှန်း လုံးဝထင်မထားခဲ့ပေ။

သူ့ကို မော့တောင်မကြည့်ရဲတော့ချေ။

အိမ်ခြံမြေပိုင်ရှင်ဥက္ကဌတွေ၊ နာမည်ကြီးတွေ၊ ခေါင်းဆောင်ညီမတွေ။

သူတို့က သူမထက် ဘယ်နေရာကများ နိမ့်ကျနေလို့လဲ။

အဆတစ်ရာမကတောင် သာနေသေးသည်။

ယဲ့ဖန်က အသိပြန်ကပ်လာတဲ့အခါ ရှုကျင်းရှင်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ကြောက်လွန်းလို့ တုန်လှုပ်နေတဲ့ ထျန်းဖုကွေ့ကို ကြည့်လိုက်သည်။

" ဒါရိုက်တာထျန်းကို ကြိုဆိုပါတယ်။ ခင်ဗျားက ဖန်းမြို့က အချမ်းသာဆုံးသူဘဲ။ ကျွန်တော် ငယ်ငယ်ကတည်းက ဒါရိုက်တာရဲ့အကြောင်းတွေကို ကြားဖူးပါတယ် "

ထိုစကားကိုကြားတဲ့အခါ ထျန်းဖုကွေ့က လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" ယဲ့လူကြီးမင်း နောက်နေတာလား။ ဘယ်သူက အချမ်းသာဆုံးလဲ။ ယဲ့လူကြီးမင်းနဲ့ယှဉ်ရင် ခြေမှုန်တောင် မမီပါဘူး "

ယဲ့ဖန်က သူ့စကားကြောင့်ရယ်လိုက်သည်။

" ဒါရိုက်တာထျန်း စိတ်မရှိဘူးဆိုရင် ဒီဘက်မှာ လာထိုင်စားလို့ရပါတယ် "

ထျန်းဖုကွေ့က အမြန်ခေါင်းငြိမ့်လိုက်သည်။

" ကျွေးမွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း "

ထို့သို့ပြောပြီးနောက် စားပွဲပြောင်းထိုင်လိုက်သည်။

ယဲ့ဖန်ထိုင်နေသည့်စားပွဲတွင် သူ့အဘိုးအဘွားကလွဲပြီး ကျန်တဲ့သူတွေက ကျုံးဟိုင်မှ ထိပ်သီးစီးပွားရေးရှင်ကြီးတွေဖြစ်သည်။

သူ့အတွက် နေရာမရှိမှန်းသိသာလေသည်။

ထို့နောက် ချက်ချင်း အခြားစားပွဲဘက်ကို ခြေဦးလှည့်ပြီး ယဲ့ဖန်၏အိမ်နီးချင်းတွေရဲ့စားပွဲမှာထိုင်လိုက်သည်။

ထိုမြင်ကွင်းကြောင့် အားလုံးက လန့်သွားကြသည်။

ဖန်းမြို့က အချမ်းသာဆုံးသူကတောင်မှ ယဲ့ဖန်ရဲ့ အဓိကစားဝိုင်းမှာ ထိုင်ဖို့ အခွင့်အရေးမရှိဘူးတဲ့လား။

ဒါကြီးက မလွန်လွန်းဘူးလား။

ယဲ့ဖန်က ဘာမှမပြောဘဲ ဟင်းပွဲတွေချပေးဖို့ စားပွဲထိုးကိုပြောလိုက်သည်။

ဟင်းပွဲတွေကို ကြိုပြင်ပြီးသားဖြစ်သည်။

ယဲ့ဖန်က အမိန့်ပေးလိုက်တဲ့အခါ ချောင်စစ်ရှီးက ကိုယ်တိုင်ဦးဆောင်ပြီး စားပွဲထိုးတွေကို ဟင်းပွဲချခိုင်းသည်။

သူက ယဲ့ဖန်ကို အတော်လေးလေးစားနေပြီဖြစ်သည်။

သာမန်မွေးနေ့ပွဲလေးမှာတောင် ထိပ်ဆုံးအဆင့်ရှိသူဌေးတွေက တက်ရောက်ကြရသည်။

ဘယ်လောက်တောင် ကြီးကျယ်လိုက်သလဲ။

ဘယ်လို အရည်အချင်းမျိုးကြောင့်လဲ။

သူသာ ယဲ့ဖန်ကို ကပ်နိုင်ပါက သူ့လုပ်ငန်းက ထိုးတက်သွားမှာဖြစ်သည်။

ချောင်စစ်ရှီးကိုယ်တိုင်က ချပေးလာသည့် ဟင်းပွဲတွေကို မြင်တဲ့သူတွေက မျက်လုံးကျွတ်ကျမတတ်ဖြစ်ကုန်သည်။

ဝမ်ထင်းကွမ်း၊ ဟွမ်းကျီယွမ်တို့အပါအဝင်ဖြစ်သည်။

သူတို့သည် အခမ်းအနားများစွာကို တက်ဖူးသော သူဌေးကြီးတွေဖြစ်သည်။

ဟင်းလျာများစွာကို စားဖူးပေမဲ့ ဒီလိုမွေးနေ့ပွဲလေးတစ်ခုမှာ ဒီလောက်အဆင့်မြင့်တဲ့ဟင်းလျာတွေ တည်ခင်းဧည့်ခံမယ်လို့ ထင်မထားတာကြောင့် အံ့ဩနေကြသည်။

ထို့ကြောင့် မစားရဲသေးကြပေ။

သို့ပေမဲ့ ဘာမှမသိတဲ့ချောင်းလန်ကတော့ သိပ်တွေးမနေဘဲ ဗိုက်ဆာနေတာကြောင့် ဟင်းပွဲတွေချတာနဲ့ စတင်စားတော့သည်။

အမဲသားတစ်ဖတ်ကိုယူပြီး ပါးစပ်ထဲထည့်လိုက်သည်။

နူးညံ့ပြီးလတ်ဆတ်တဲ့အသားလွှာက သူမ လျှာဖျားထဲမှာ ပျော်ဆင်းသွားတာကို ခံစားမိသည်။

" ဝါး၊ ဒီအမဲသားက အရမ်းအရသာရှိတာဘဲ။ မြန်မြန်စားကြည့်ကြ။ ဒီလောက်ကောင်းတဲ့အမဲသား တစ်ခါမှမစားဖူးဘူး "

ထိုသို့ပြောပြီး နောက်ထပ်ပါးစပ်အပြည့်စားလိုက်သည်။

" သူမ ဘေးတွင်ထိုင်နေတဲ့ ချန်းရွှမ်က ပါးစပ်ကိုအုပ်ပြီး သဘောတကျရယ်လိုက်သည်။

" ဒါက ဝါးဂုအမဲသားလေ၊ သေချာပေါက် အရသာရှိတာပေါ့ "

ချောင်းလန်က ဝါးနေရင်း သူမကို သိချင်စိတ်အပြည့်ဖြင့်ကြည့်လိုက်သည်။

" ဘာ ဝါးဂုအမဲသားလဲ။ ဘာလို့ ဂျပန်နာမည်နဲ့ဖြစ်နေတာလဲ "

" ဝါးဂုအမဲသားကို ဂျပန်ကပြည်နယ်တစ်ခုမှာ ထုတ်လုပ်တာပါ "

ချန်းရွှမ်က ပြုံးလျက်ရှင်းပြသည်။

" တစ်နှစ်ကို အရည်အသွေးပြည့်မီတဲ့အမဲသား ၃၀၀၀ လောက်ဘဲ ထုတ်နိုင်တာ "

ချောင်းလန်မျက်လုံးတွေက အံ့ဩမှုကြောင့်ပြူးကျယ်သွားသည်။

" တစ်နှစ်မှ ၃၀၀၀ ထဲလား။ ဂျပန်တွေက တော်တော်လေးတုံးတာဘဲ။ နွားလေးတစ်ကောင်ကိုတောင် ဘယ်လိုမွေးရမလဲဆိုတာ မသိကြဘူးလား။ ငါ့တတိယဦးလေးခြံကနေတောင် ၃၀၀၀ မကဘူးထွက်တယ် "

ကျိုးရှုယောင်းက သူမအမေကြောင့်ရှက်သွားပြီး အမြန်ရှင်းပြသည်။

"ဝါးဂုအမဲသားက တတိယအဘိုးလေးတို့ခြံကနွတွေနဲ့ မတူဘူးလေ။ ဒီလိုနွားတွေက သီချင်းလည်းနားထောင်ရတယ်။ နှိပ်နယ်ပေးရတယ်။ နေ့တိုင်း ဘီယာတောင် သောက်ကြရသေးတယ် "

ချောင်းလန်က ပိုလို့တောင် ကြောင်အသွားသည်။

" နွားတွေက သီချင်းနားထောင်တာလား။ ကျွဲပါးစောင်းတီးနေသလို မဖြစ်နေဘူးလား။ ပြီးတော့ နှိပ်နယ်ပေးရတာတဲ့လား။ နွားမွေးနေတာလား၊ ဘိုးဘွားတွေပြုစုနေတာလား "

ချန်းရွှမ်က ထပ်ပြုံးလိုက်သည်။

" ချဲ့ကားတာတော့မဟုတ်ပေမဲ့ ဝါးဂုအမဲသားက တကယ်ဘဲ ဈေးအရမ်းကြီးတယ် "

ချောင်းလန် နောက်တစ်ကိုက်တောင် ထပ်မစားရဲတော့ပေ။

" အမဲသားလေးတင်ဘဲမဟုတ်လား။ ဘယ်လောက်တောင် ဈေးကြီးနိုင်မှာမလို့လဲ "

" ဂျပန်ကနေ သယ်ယူပို့ဆောင်ခ မပါဘဲတွက်ရက်တောင် တစ်ကီလိုကို ယွမ် ၂ထောင်ကျပါတယ် "

" အဟွတ်၊ အဟွတ်၊ အဟွတ် ......... "

အပိုင်း ( ၂၃၄ )

ငါ့သမီးကိုပေးပြီး အကြွေးဆပ်မယ်။

" ဘယ် ...... ဘယ်လောက်။ တစ်ကီလိုကို ယွမ် ၂၀၀၀ ဟုတ်လား။ ဓားပြတိုက်နေတာ မဟုတ်ဘူးလား "

ချောင်းလန်က ကြောင်အသွားသည်။

အမဲသား တစ်ကီလိုကို ယွမ် ၂၀၀၀ တဲ့။

ဒါမျိုးကို သူမ ပထမဆုံးကြားဖူးတာဖြစ်သည်။

ဒီလိုသာဆို သူမ စားလိုက်တဲ့ပမာဏအရ ယွမ်သောင်းချီဖိုးရှိလောက်ပြီ မဟုတ်လား။

ချမ်းရွှမ်က ထိုစကားကိုကြားတဲ့အခါ ရယ်လိုက်သည်။

" ကျွန်မပြောလိုက်တဲ့ဈေးက အဲ့ဒီထုတ်တဲ့နေရာမှာ ရောင်းတဲ့ဈေးကိုပြောတာပါ "

" ကျွန်မတို့နိုင်ငံထဲကို တင်သွင်းမယ်ဆို ပို့ဆောင်ခနဲ့ စီးပွားရေးလုပ်တဲ့သူတွေက အမြတ်တင်တာပါ ပေါင်းမယ်ဆို နောက်ဆုံးဈေးက တစ်ကီလိုကို ယွမ် ၁ သောင်းလောက်ကျပါတယ် "

" ဘာရယ်။ တစ်ကီလိုကို ၁ သောင်းတဲ့လား "

စားနေတဲ့ ယဲ့ပေါက်ကော၏အိမ်နီးနားချင်းတွေကလည်း သူတို့စားနေတဲ့အမဲသားက ဘယ်လောက်ဈေးကြီးလဲဆိုတာကို ကြားတဲ့အခါ စားလက်စတွေတောင် ပါးစပ်ထဲက ပြုတ်ကျလာတော့သည်။

" ဒီအမဲသားက တစ်ကီလိုကို ၁ သောင်းတန်တာတဲ့လား။ စားနေကျနဲ့ သိပ်မကွာဘူးထင်တာဘဲ "

" မကွာဘူးလို့ ဘယ်သူပြောလဲ။ အထိအတွေ့က ပိုနူးညံ့ပြီး ပါးစပ်ထဲရောက်တာနဲ့ အသားကပျော်ဝင်သွားသလိုဖြစ်သွားတာလေ "

" ဒါပေမဲ့ ၁ သောင်းလောက်ထိကတော့ ဈေးကြီးတယ်လေ။ အဲ့လောက်နဲ့သာဆို ငါတို့စားနေကြ အမဲသားတွေ ဘယ်လောက်တောင် ဝယ်လို့ရလိုက်မလဲ "

" ဘာလို့ ဆင်းရဲတာလဲသိလား။ ချမ်းသာတဲ့အရသာကိုမသိလို့လေ "

" ဟူး၊ ဆင်းရဲတော့ ငါ့သိနိုင်စွမ်းတွေက အဲ့လောက်မရှိပါဘူး "

တန်းမိသားစုဘက်ကို ကူးသွားတဲ့သူတွေကို သွားရည်ယိုပြီးကြည့်နေကြသည်။

ယဲ့ဖန်ဘက်ကဟင်းတွေနဲ့ယှဉ်လျှင် ဒီဘက်ကဟင်းတွေက ဝက်ခေါင်းကို မြိုချနေရသလိုဖြစ်နေသည်။

ချောင်းလန်က လန့်နေရာမှ အသိပြန်ကပ်လာပြီး ယဲ့ဖန်နှင့် အခြားသူတွေကို ရှက်ရှက်ဖြင့်ကြည့်လိုက်သည်။

" တကယ်တောင်းပန်ပါတယ်။ ဒီအမဲသားက ဒီလောက်ဈေးကြီးမှန်းမသိလို့ပါ။ ပန်းကန်တစ်ဝက်လောက်တောင် စားမိလိုက်ပြီ "

ယဲ့ဖန်က စိတ်ထဲမထားဘဲ ပြုံးပြလိုက်သည်။

" ကြိုက်ရင် ထပ်စားပါ "

ချောင်းလန်က လက်ကို အမြန်ဝှေ့ယမ်းပြလိုက်သည်။

" မင်းတို့စားကြပါ။ ဒီမှိုတွေဘဲစားပါတော့မယ် "

ထိုသို့ပြောပြီး နောက်ထပ်ပန်းကန်ထဲက မှိုတွေကိုယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။

" အင်း၊ ဒီမှိုတွေကလည်း အရမ်းအရသာရှိတာဘဲ။ မင်းတို့ စားကြည့်ကြလေ "

သူမက ပါးစပ်အပြည့်ဝါးနေသည်။

ပြီးတော့ အားလုံးကိုလည်း စားကြည့်ကြဖို့ ညွှန်းပေးနေသည်။

ထိုအခါ ဘေးက ချောင်စစ်ရှီးက အမြန်ရှင်းပြပေးသည်။

" ဒါက ရိုးရိုးမှိုမဟုတ်ပါဘူး။ အီတလီကနေမှာထားတဲ့ အဖြူရောင်မြေအောင်းမှိုတွေပါ "

ချောင်းလန်က နားမလည်စွာ သူ့ကိုကြည့်လိုက်သည်။

" ဒီမှိုတွေကို အီတလီကနေ လေယာဉ်နဲ့မှာထားရတာလား "

ချောင်စစ်ရှီးသည် ခေါင်းကိုက်သွားပေမဲ့ စိတ်ရှည်ရှည်ရှင်းပြရသည်။

" ဒီအဖြူရောင်မြေအောင်းမှိုတွေကို အဖြူရောင်စိန်လို့လည်းခေါ်ကြပါသေးတယ်။ လူတွေရှာလို့မရပါဘူး။ တောထဲမှာ လေ့ကျင့်ပေးထားတဲ့ခွေးတွေနဲ့ ဖြည်းဖြည်းချင်းရှာရတာကြောင့် ဈေးအတော်လေးကြီးပါတယ် "

ချောင်းလန်က သူ့ကို အံ့ဩတကြီးကြည့်လိုက်သည်။

" အရမ်းဈေးကြီးတာလား။ ဘယ်လောက်တောင်ဈေးကြီးတာလဲ။ ဝါးဂုအမဲသားထက်တောင်ပိုဈေးကြီးတာလား "

ချောင်စစ်ရှီးက ခေါင်းကိုကုတ်လိုက်သည်။

" ဒီတစ်ခေါက် ကျွန်တော်တို့ဝယ်တဲ့ဈေးက ကုန်ကြမ်းသီးသန့်ကို တစ်ကီလိုတစ်သောင်းပါ "

" သယ်ယူခ၊ အလုပ်သမားခတွေ၊ အခွန်တွေရောဆိုရင်တော့ ....... "

" တကယ်ဘဲ ဝါးဂုအမဲသားထက် ဈေးပိုကြီးပါတယ် "

" ဖူး ........ "

ချောင်းလန် ပါးစပ်ထဲကဟာတွေ ထွေးထုတ်မိမတတ်ဖြစ်သွားသည်။

လက်နဲ့အမြန်အုပ်လိုက်ရသည်။

ကုန်ကြမ်းတင် တစ်ကီလိုကို တစ်သောင်းဆိုတော့ သူမ စားလိုက်သမျှက တစ်ဘဝလုံးစာနဲ့ညီနေမလား။

ဒီမှိုတစ်ကီလိုစာက သူမ တစ်နှစ်လုံးရှာသမျှငွေနှင့် ညီမျှသည်။

ဒါက ပုံကြီးချဲ့ရာမရောက်ဘူးလား။

တခြားဝိုင်းကသူတွေက ထိုစကားကိုကြားတဲ့အခါ အဖြူရောင်မှိုကို အလုအယက်စားကြတော့သည်။

တန်းမိသားစုဘက်ကသူတွေက ကြည့်နေရင်း တံတွေးကို မြိုချနေကြရသည်။

တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်၏ရဲတင်းမှုကြောင့် အံ့ဩနေကြသည်။

ဟင်းပွဲတစ်ပွဲကတောင်မှ သူတို့ဘက်က တစ်ဝိုင်းလုံးစာပမာဏနှင့်ညီမျှသည်။

ကွာခြားချက်က အဲ့တာဘဲ။

သင်ခန်းစာနှစ်ခုရပြီးတဲ့နောက် ချောင်းလန် တူကိုတောင် မကိုင်ရဲတော့ပေ။

သူမက အခြားသူတွေကိုသာ စိတ်အားထက်သန်တဲ့မျက်လုံးတွေနဲ့ကြည့်နေသည်။

ယဲ့ဖန်က သူမရဲ့ပုံစံကြောင့် ရယ်ချင်နေသည်။

ယဲ့ဖန်က သူ့ရှေ့ကပန်းကန်ကို ချက်ချင်းတွန်းပို့ပေးလိုက်သည်။

" အန်တီ၊ ဒါစားကြည့် "

" ဒီဟင်းကရော အရမ်းဈေးကြီးတာလား "

ချောင်းလန်က ကြိုတင်မေးလိုက်သည်။

ယဲ့ဖန်က ခေါင်းခါပြသည်။

" မကြီးပါဘူး "

ချောင်းလန်က စိတ်သက်သာရာရသွားပြီး ခေါင်းငုံ့သာ ဟင်းကိုကြည့်လိုက်သည်။

ပန်းကန်သေးသေးလေးထဲတွင် ပဲစိလောက် အစာလေးတွေရှိနေသည်။

ရွှေရောင်ဖျော့ဖျော့လေးရှိသည်။

ကြည့်ရတာ အရသာရှိမည့်ပုံပေါ်သည်။

သူမက ချက်ချင်း ဇွန်းအသေးလေးတစ်ခုကိုယူပြီး ပန်းကန်ထဲမှ တစ်ဇွန်းစာအပြည့်ကော်လိုက်ကာ ပါးစပ်ထဲထည့်လိုက်သည်။

အစေ့လေးတွေက ပါးစပ်ထဲမှာပျော်ဝင်သွားပြီး အလွန်အရသာရှိသည်။

ယဲ့ဖန်က ခပ်ညစ်ညစ်ပြုံးလိုက်သည်။

" အန်တီစားကောင်းရဲ့လား "

" အရမ်းအရသာရှိတာဘဲ "

ချောင်းလန်က အမြန်ခေါင်းငြိမ့်ပြသည်။

ယဲ့ဖန်က သူမအရှေ့သို့ တစ်ပန်းကန်လုံးတွန်းပို့ပေးလိုက်သည်။

" အရသာရှိရင် များများစားပါ "

ချောင်းလန်က အတော်လေးယဉ်ကျေးနေသည်။

" ငါ့ကိုဘဲမစားခိုင်းနဲ့လေ၊ မင်းတို့လည်း အတူစားကြပါ "

ယဲ့ဖန်က ခေါင်းခါလိုက်သည်။

" စားဖို့ မတတ်နိုင်ပါဘူး "

ချောင်းလန်က ကြောင်သွားသည်။

" ဘာဆိုလိုတာလဲ "

ယဲ့ဖန်က ချောင်စစ်ရှီးဘက်ကို လှည့်လိုက်သည်။

" ဒီကယ်ဗီရာငါးဥက ဘယ်လောက်လဲ "

ချောင်စစ်ရှီးက တရိုတသေဖြင့် အမြန်ပြန်ဖြေသည်။

" ဒီ အယ်လ်မာကယ်ဗီရာငါးဥက မျိုးတုန်းတော့မယ့် အဖြူရောင်စတာဂျင်ငါးဆီက ထုတ်ယူထားတာကြောင့် အရမ်းရှားပါတယ်။ တစ်ကီလိုကို ယွမ် ၂သိန်းလောက်တန်ပါတယ် "

ထိုစကားကြောင့် ချောင်းလန် မြေကြီးပေါ်လဲကျမတတ်ဖြစ်သွားသည်။

" ဘာ ....... ဘယ်လောက်။ န .... နှစ်သိန်းဟုတ်လား။ နောက်နေတာတော့ မဟုတ်ဘူးမလား "

ချောင်စစ်ရှီးက အမြန်ရှင်းပြသည်။

" နောက်နေတာမဟုတ်ပါဘူး။ ဒါကို အလျင်စလိုဝယ်ခဲ့ရတာကြောင့် တစ်ကီလိုကို ယွမ် ၅သောင်းအပိုပေးခဲ့ရပါသေးတယ်။ အဲ့တာကြောင့် စုစုပေါင်းတစ်ကီလိုကို ၂သိန်းခွဲကျပါတယ် "

ချောင်းလန် မိုးကြိုးပစ်ခံရသလိုခံစားလိုက်ရသည်။

သူမ စိတ်ထဲ ဗလာကျင်းသွားသည်။

တစ်ကီလိုကို ၂သိန်းခွဲတဲ့။

သူမ စားလိုက်တဲ့ တစ်ဇွန်းစာက တစ်ကျပ်သားလောက်တောင်မရှိပေမဲ့ ယွမ် သောင်းချီဖိုးကို တစ်ဇွန်းတည်းစားလိုက်မိတာလား။

သူမ ဘာကိုမှပါးစပ်ထဲထပ်မထည့်ရဲတော့ပေ။

ယဲ့ဖန်က ဖြည်းဖြည်းချင်းပြောသည်။

" ကျွန်တော်တို့ ဒီစားပွဲပေါ်ကဟာတွေ မထိရသေးတော့ စားတဲ့သူက ရှင်းရမှာနော် "

ချောင်းလန် မူးမေ့မတတ်ဖြစ်သွားသည်။

ဝါးဂုအမဲသားနှင့် မြေအောင်းမှိုတို့ကို ထည့်မတွက်ဘဲ ဒီငါးဥတစ်မျိုးတည်းနဲ့တင် သူမ အိမ်ချိတ်ပိတ်ခံရနိုင်သည်။

သူမ ဘယ်လိုလုပ်ပြီးတတ်နိုင်မှာလဲ။

သူမ သမီးကိုပေးပြီး အကြွေးဆပ်လိုက်ရမလား။

ကျိုးရှုယောင်းက ယဲ့ဖန်ကို မျက်စောင်းထိုးလိုက်သည်။

" ငါ့အမေကို ခြောက်မနေနဲ့။ သူမ ကြောက်နေတာ မတွေ့ဘူးလား "

ယဲ့ဖန်ကလည်း သူလွန်သွားတာကိုသိတာကြောင့် ချောင်းလန်ကို လက်ယမ်းပြသည်။

" အန်တီ၊ ကျွန်တော်က စနောက်နေတာပါ။ အားလုံးပိုက်ဆံရှင်းပြီးသားမလို့ လွတ်လွတ်လပ်လပ်စားပါ "

ထိုအခါမှ ချောင်းလန်စိတ်သက်သာသွားတော့သည်။

သို့ပေမဲ့ အနည်းငယ်လန့်နေသေးတာကြောင့် တူကို ထပ်မကိုင်ရဲတော့ပေ။

နေရာမှာရှိတဲ့သူတိုင်းကလည်း ဘာမှမပြောနိုင်အောင် အံ့ဩနေကြသည်။

သူတို့တွက်ချက်လိုက်မှုအရ စားပွဲတစ်ဝိုင်းအတွက် ကုန်ကြမ်းနဲ့တင် ယွမ် ၅သိန်းဖိုးလောက်ရှိသည်။

တစ်ဝိုင်းကို ၅သိန်းဆိုတာက တကယ်ကို အများကြီးငွေသုံးထားတာဘဲ။

အပိုင်း ( ၂၃၅ )

မက်မွန်သီးပေးရင် ကျောက်စိမ်းပြန်ပေးမယ်

ယဲ့ဖန်၏ စားပွဲ ၁၀ ဝိုင်းတွင် လူတွေနဲ့ စည်ကားနေပြီဖြစ်သည်။

သို့ပေမဲ့ အများစုက အံ့ဩနေဆဲဖြစ်ပြီး စားဖို့ အနည်းငယ်တွန့်ဆုတ်နေကြသည်။

အဓိကဝိုင်းက သူတွေကပင် မစားကြသေးတာကြောင့် ယဲ့ဖန်က သူတို့ကို အမြန်ဧည့်ခံလိုက်သည်။

" ဘာလို့ထိုင်နေကြတာလဲ။ စားကြတော့လေ "

ထိုအခါမှသာ အားလုံးက တူကိုကောက်ကိုင်ပြီး အရသာရှိသည့်ဟင်းလျာတွေကို စားကြတော့သည်။

ရှုကျင်းရှင်းက ယဲ့ဖန်ကိုကြည့်လိုက်ပြီးနောက် ဆက်စားနေသည်။

သူမက စားနေရင်း ယဲ့ဖန်က သူမကိုကြည့်နေကြောင်း သတိထားမိလိုက်ပြီး ချက်ချင်း လှမ်းကြည့်လိုက်သည်။

စားနေတာကိုရပ်ပြီး ယဲ့ဖန်ကို ထပ်ကြည့်လိုက်ကာ မေးလိုက်သည်။

" ဘာလို့ ကြည့်နေတာလဲ "

ဝိုင်အနည်းငယ်သောက်ပြီးတဲ့နောက် ယဲ့ဖန်က အနည်းငယ်ရီဝေဝေဖြစ်နေပြီဖြစ်သည်။

သူက ချက်ချင်း သူမဘေးကို ရောက်လာသည်။

" ဒါဆို မင်းက သူ့ညီမပေါ့။ ဘာလို့တစ်ခါမှ ပြောတာကိုမကြားဖူးတာလဲ "

ရှုကျင်းရှင်းသည် ယဲ့ဖန်ဆီမှ အရက်နံ့ရတာကြောင့် တွန်းထုတ်လိုက်သည်။

" ရှင်မှ မမေးတာ "

ယဲ့ဖန်က သူမနားကို ဆက်ပြီး ပိုကပ်လိုက်သည်။

" မင်းရဲ့နောက်ခံမိသားစုက သာမန်ထက်ထူးကဲတာက်ုသိပေမဲ့ အဲ့လောက်ကြောက်စရာကောင်းမယ်လို့တော့ ထင်မထားဘူး "

ရှုကျင်းရှင်းက စားစရာတစ်ချို့ကိုကောက်ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။

" ဘာကြောက်စရာရှိလို့လဲ။ ကျွန်မအစ်ကိုက ကျားမှမဟုတ်တာ။ လူတွေကို မစားပါဘူး။ ဘာလို့ရှင်ကကြောက်နေတာလဲ "

ယဲ့ဖန်က သူမရဲ့နားနားလေးထိတိုးကပ်လိုက်သည်။

" ကိုယ်က မင်းကို တစ်နေ့နေ့မှာ ငိုအောင်အနိုင်ကျင့်မိရင် မင်းအစ်ကိုက ကိုယ့်ကို အစိတ်စိတ်ပိုင်းခုတ်မှာပေါ့ "

ရှုကျင်းရှင်းက ခေါင်းကိုလှည့်ပြီး သူ့မျက်လုံးတွေကို ကြည့်လိုက်သည်။

" ဒါဆို ရှင် ကျွန်မကို ပျော်အောင်ထားရမှာပေါ့။ မဟုတ်ရင် အပိုင်းပိုင်းခုတ်ခံရလိမ့်မယ် "

သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေသည်။

တစ်ယောက်ရဲ့အသက်ရှူသံကို တစ်ယောက်က ခံစားလို့တောင်ရနေသည်။

ထိုမြင်ကွင်းကို တစ်ဝိုင်းထဲကလူတွေက မြင်ပေမဲ့ အမြန်ခေါင်းငုံ့ပြီးစားကာ မမြင်ချင်ယောင်ဆောင်နေကြသည်။

သို့ပေမဲ့ သူတို့က တိတ်တိတ်ကလေး အံ့ဩနေကြသည်။

ကြည့်ရတာ ယဲ့ဖန်နှင့် ဒီ မမလေးရှုတို့က အတော်ထူးကဲသည့်ဆက်ဆံရေးရှိပုံရသည်။

သူတို့နှစ်ယောက်ကသာ တကယ်ဘဲ အတူရှိနေကြတာဆိုရင် အနာဂတ်တွင် ယဲ့ဖန်က ကျုံးရှန်းပြည်နယ်အတွင်းမှာ ဘာမဆိုလုပ်နိုင်တော့မှာမဟုတ်လား။

ထိုမြင်ကွင်းကြောင့် ချန်းရွှမ်၊ ရှချူးနှင့် ကျိုးရှုယောင်းတို့က အတော်လေးစိတ်မချမ်းမသာဖြစ်နေကြသည်။

ချန်းရွှမ်က လက်ထဲကဝိုင်ခွကိကို လှည့်နေပြီး မျက်လွှာကိုချထားသည်။

ရှချူးကတော့ ပန်းကန်ထဲကဟင်းကို ယဲ့ဖန်ဟုထင်မှတ်နေသည့်အလား ခရင်းဖြင့်ဆက်တိုက်ထိုးနေသည်။

သူတို့ထဲတွင် ကျိုးရှုယောင်းက ဝမ်းအနည်းဆုံးဖြစ်နေသည်။

သူမက ငယ်ငယ်လေးကတည်းက ယဲ့ဖန်အပေါ်ထူးခြားတဲ့အချစ်မျိုးရှိခဲ့တာဖြစ်သည်။

သူတို့နှစ်ယောက်ကြား နှစ်အနည်းငယ်ကွာဝေးသွားပြီးတဲ့နောက် ကျုံးဟိုင်တွင်ပြန်တွေ့တဲ့အခါ သူ့ကိုထပ်ပြီးချစ်မိသွားပြန်သည်။

ယဲ့ဖန်က အရမ်းထူးချွန်မှန်း သူမ သိတာကြောင့် အကောင်းဆုံးကြိုးစားပြီး ယဲ့ဖန်ကို လိုက်နိုင်အောင်နေသည်။

သို့ပေမဲ့ ဒီနေ့မှာတော့ သူတို့နှစ်ယောက်ကြားက ကွာဟချက်ကြီးကို မျက်မြင်တွေ့လိုက်ရသည်။

ထိုကွာဟချက်က အလုပ်ကြိုးစားရုံဖြင့် ဖြည့်မရပေ။

အထူးသဖြင့် ယဲ့ဖန်ဘေးက ကောင်မလေးတွေကိုတွေ့ပြီးတဲ့အခါ သူမ အားငယ်ရှုံးနိမ့်မှုကို ခံစားရသည်။

ဓားတစ်ချောင်းက သူမရင်ဘတ်ထဲမှာ မွှေနောက်နေသလိုခံစားရတာကြောင့် တစ်ခွက်ပြီးတစ်ခွက်သောက်နေလိုက်သည်။

မကြာခင်မှာဘဲ ကျိုးရှုယောင်း အသိစိတ်လွတ်ကာ အိပ်ငိုက်လာတော့သည်။

စားပွဲက ပြီးခါနီးလာတဲ့အခါ စားပွဲတစ်လျှောက်လုံးတိတ်ဆိတ်နေခဲ့တဲ့ တန်းယန်နှင့် ယဲ့ကွေ့ဖန်းတို့က သူတို့ဆီသို့ ရုတ်တရက်လျှောက်လာသည်။

" ရှောင်ဖန်၊ မင်းအဘိုးအတွက် ခွက်မြှောက်ကြရအောင် "

ယဲ့ကွေ့ဖန်းက အရင်စပြောသည်။

ယဲ့ဖန်က ထိုင်ခုံကိုကျောမှီရင်း သူတို့ကို လှမ်းကြည့်လိုက်သည်။

" ဘာများလာလုပ်တာလဲ "

ယဲ့ကွေ့ဖန်းက သူ့ကို အရှက်ရနေသည့်မျက်နှာဖြင့်ကြည့်သည်။

" ငါတို့ တုံးအခဲ့တာပါ။ ဒါတွေအားလုံးက ငါ့အကြံတွေမလို့ တန်းယန်ကိုတော့ အလွှတ်ပေးပါ "

ယဲ့ဖန်က ဟွန်းခနဲလုပ်လိုက်သည်။

" အစကတည်းက စိတ်ထဲမထားသလို နောက်လည်းစိတ်ထဲထည့်မှာမဟုတ်ဘူး။ ခင်ဗျားတို့က အာရုံစိုက်ရလောက်တဲ့အထိ အရေးပါတဲ့သူတွေမဟုတ်ဘူး "

ယဲ့ကွေ့ဖန်းက တန်းယန်ကို အမြန်ဆွဲလိုက်သည်။

" မြန်မြန်ရှောင်ဖန်ကို ကျေးဇူးတင်လိုက်လေ "

တန်းယန်က ဆက်ပြီး မာနမကြီးရဲတော့ဘဲ ယဲ့ဖန်ကို အမြန်ဦးညွတ် ကျေးဇူးတင်လိုက်သည်။

ယဲ့ဖန်ကတော့ သူ့ကို ကြည့်တောင်မကြည့်ပေ။

" ငါ့မြင်ကွင်းရှေ့က ချက်ချင်း ထွက်သွားကြ "

ယဲ့ကွေ့ဖန်းက ယဲ့ပေါက်ကောဘက်ကို လှည့်ပြောလိုက်သည်။

" အစ်ကို၊ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ "

ထို့နောက် တန်းယန်နှင့် တန်းမိသားစုကို ဦးဆောင်ကာ ပြန်သွားခဲ့သည်။

သူတို့အားလုံး ရှင်းရှင်းလင်းလင်းသိသွားကြပြီဖြစ်သည်။

ဖန်းမြို့၏အနေအထားက အကုန်ပြောင်းလဲတော့မှာဖြစ်သည်။

ဒိနေ့ ညစာစားပွဲပြီးတဲ့နောက် ယဲ့ဖန်က သေချာပေါက်ထိပ်ဆုံးကိုတက်သွားမှာဖြစ်ပြီး ဖန်းမြို့၏အနာဂတ်၏ ယဲ့ဖန်၏အပိုင်ကမ္ဘာကြီးဖြစ်တော့မှာဖြစ်သည်။

တန်းမိသားစုက နောက်ဆိုရင် သိုသိုသိပ်သိပ်နေရမည်။

ယဲ့ပေါက်ကော သူ့ညီမ၏နောက်ကျောကိုကြည့်ကာ သက်ပြင်းချ၏။

ဘယ်လိုဘဲဖြစ်ဖြစ် သူညီမနဲ့သူက အတူတူကြီးပြင်းလာခဲ့ကြတာဖြစ်တာကြောင့် ဘယ်လိုလုပ်ပြီး မသိသလိုနေနိုင်မှာလဲ။

ယဲ့ကွေ့ဖန်းက မာနတွေခဝါချရင် သူလည်း ခွင့်လွှတ်ပေးမှာဖြစ်ပေမဲ့ သူ့မြေးလေးကိုချီပြီး ကယ်တင်ပေးဖို့ ဒူးထောက်တောင်းပန်ခဲ့ရတုန်းက သူမ၏အသည်းမာပုံကိုတွေးမိတဲ့အခါ ပြန်ခေါ်ဖို့စဉ်းစားနေတဲ့စိတ်ကို ယဲ့ပေါက်ကောလုံးဝစွန့်လွှတ်လိုက်တော့သည်။

ဒါကြောင့် အနာဂတ်မှာ သူတို့က သူစိမ်းတွေဘဲဖြစ်ကြတော့မည်။

မွေးနေ့စားပွဲပြီးတဲ့နောက် ဝမ်ထင်းကွမ်း၊ ဟွမ်းကျီယွမ်၊ ချန်းရွှမ် နှင့် အခြားသူတွေက ကျုံးဟိုင်မှာ အလုပ်ကိစ္စတွေရှိသေးတာကြောင့် အမြန်ပြန်သွားကြတော့သည်။

သူတို့အားလုံးက ကားမောင်းသမားတွေပါတာကြောင့် စိတ်ပူစရာမလိုပေ။

ယဲ့ဖန်က သူတို့ကိုလိုက်ပို့ပြီးတဲ့အခါ အာရုံထားမနေတော့ပေ။

သို့ပေမဲ့ သူတို့ကိုပြန်လိုက်ပို့နေရင်း ချန်းရွှမ်၏မကျေမနပ်ဖြစ်နေတဲ့အကြည့်တွေကို သူ သေချာကြီးခံစားမိသည်။

သူမက ကားထဲဝင်ခါနီးမှာ ယဲ့ဖန်နားကိုကပ်လာပြီး ခပ်ချဉ်ချဉ်ပြောသည်။

" ရှင်က လူပွေဘဲ "

ယဲ့ဖန် စွပ်စွဲခံရသည်ဟု ခံစားရသည်။

အကယ်၍ သူတို့ကြားမှာ တစ်ခုခုရှိနေပါက ထိုဂုဏ်ပုဒ်က ထိုက်တန်သည်။

ပြဿနာက ယဲ့ဖန် သူတို့ကို လက်ဖျားလေးနဲ့တောင် မထိဖူးပေ။

သူ၏အပြစ်ကင်းစင်ပုံကို တွေးနေစဉ်မှာဘဲ ရှုကျင်းရှင်းက ဆိုင်ကယ်ပေါ်တက်ပြီး ပြန်ဖို့ပြင်နေသည်။

ယဲ့ဖန်က သူမကို အမြန်တားလိုက်သည်။

" နောက်ကျနေပြီလေ၊ ဆိုင်ကယ်တစ်ယောက်တည်းမောင်းဖို့က အန္တရာယ်များတယ်။ ဖန်းမြို့မှာဘဲ ဒီညအိပ်သွားလိုက်ပါလား "

ရှုကျင်းရှင်း၏ နှုတ်ခမ်းထောင့်က အပေါ်သို့အနည်းငယ်ကွေးတက်သွားသည်။

" ကျွန်မရဲ့အန္တရာယ်ကင်းရေးကို စိတ်ပူမနေနဲ့။ ရှင့်ရဲ့အစ်မယောင်းကိုသာ ဂရုစိုက်လိုက်။ သူမကြည့်ရတာ အရမ်းဝမ်းနည်းနေပုံဘဲ "

ထိုသို့ပြောပြီးနောက် ဦးထုပ်ဆောင်းပြီးထွက်သွားသည်။

ယဲ့ဖန် လှည့်ကြည့်လိုက်တဲ့အခါ သူမ မိဘတွေကတွဲလာပေးရသော ယိုင်တိုင်တိုင်နဲ့ ကျိုးရှုယောင်းကိုတွေ့လိုက်ရသည်။

" ဘာလို့ အဲ့လောက်အများကြီးသောက်ထားတာလဲ "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" အန်တီတားပါသေးတယ်၊ တားမရလို့ "

ချောင်းလန် သူမ သမီးကို ကောင်းကောင်းသိသည်။

ကျိုးရှုယောင်းဘာတွေးနေလဲဆိုတာ သူမ ဘယ်လိုလုပ်မသိဘဲနေမှာလဲ။

ရှုကျင်းရှင်း၊ ချန်းရွှမ်နှင့် ရှချူးတို့ကိုတွေ့ပြီးတဲ့နောက် သူမက သိမ်ငယ်နေမှန်း သိသာသည်။

အမေတစ်ယောက်ဖြစ်နေပေမဲ့ ဘာမှလုပ်မပေးနိုင်ပေ။

သူတို့ရဲ့မိသားစုနောက်ခံက ထိုမိန်းကလေးတွေနဲ့ အမှန်တကယ်ပင်ယှဉ်မရပေ။

သူတို့ရဲ့စေ့စပ်ပွဲအကြောင်းကို ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့ကိုပြောရန် ချောင်းလန်စီစဉ်ထားပေမဲ့ ဒီည ညစာစားပွဲအပြီးမှာတော့ ထိုအကြံကို လုံးဝလက်လျှော့လိုက်ရတော့သည်။

ယဲ့မိသားစုက ဖန်းမြို့မှာ အင်အားအကြီးဆုံးဖြစ်လာပြီး ကျုံးဟိုင်မြို့ကြီးမှာတောင် နေရာရှိပြီးသားဖြစ်သည်။

အဲ့လိုလူကို သူမတို့မိသားစုက ဘယ်လိုလုပ် လက်လှမ်းမီမှာလဲ။

ထို့ကြောင့် ကျိုးရှုယောင်းကို ဖိအားမပေးတော့ပေ။

ယဲ့ဖန်ကတော့ သူမအတွေးတွေကိုမသိပေ။

ကျိုးရှုယောင်းကိုကြည့်ပြီး ခေါင်းခါလိုက်သည်။

ထို့နောက် ချက်ချင်း ချောင်စစ်ရှီးဘက်ကိုလှည့်ပြီး ညွှန်ကြားလိုက်သည်။

" အားလုံးကို ပို့ဖို့ ကားစီစဉ်ပေးပါဦး။ ကျွန်တော်ကတော့ ယောင်ယောင်းကို ကိုယ်တိုင်လိုက်ပို့မယ် "

ချောင်စစ်ရှီးက နှောင့်နှေးမနေရဲဘဲ အမြန်စီစဉ်တော့သည်။

တမင်စီစဉ်တာလားတော့မသိပေမဲ့ ယဲ့ဖန်ဘက်မှ ဟိုဘက်ကိုပြောင်းသွားတဲ့သူတွေအတွက် ကားမလောက်ပေ။

ထို့ကြောင့် သူတို့က ရွေးစရာမရှိဘဲ ခြေလျင်ပြန်ကြရတော့သည်။

ယဲ့ဖန်လည်း သတိထားမိပေမဲ့ ဘာမှမပြောပေ။

သူ့အဘိုးမွေးနေ့ကိုဖိတ်ထားတာနဲ့တင် အတော်လေးမျက်နှာသာပေးရာရောက်နေပြီဖြစ်သည်။

ဒါပေမဲ့ ဒီလူတွေက တန်ဖိုးထားရကောင်းမှန်းမသိတဲ့အတွက် သူလည်း ဂရုစိုက်မနေတော့ပေ။

သူ့ကို မက်မွန်သီးပေးလျှင် သူက ကျောက်စိမ်းပြန်ပေးမည်။

သူ့ကို ဖိနပ်စုတ်ဖြင့်ပေါက်လျှင်တော့ ဖန်ကွဲစဖြင့်ပြန်ပေါက်ပေးဖို့ ဝန်မလေးပေ။

အပိုင်း ( ၂၃၆ )

ဒီမိန်းကလေးက လုံးဝ မရိုးသားဘူး

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် ယဲ့ဖန်က ချောင်စစ်ရှီးစီစဉ်ပေးတဲ့ကားပေါ်သို့ ကျိုးရှုယောင်းကို ကူတွဲတင်ပေးလိုက်သည်။

ကားမောင်းသမားက ချက်ချင်း ကားစက်နှိုးသည်။

အတော်ကြာတဲ့နောက် ကျိုးရှုယောင်းခန္ဓာကိုယ်က ရုတ်တရက်စောင်းလာပြီး ယဲ့ဖန်ပုခုံးပေါ်ကို မှီချလိုက်သည်။

သူမက မူးနေတာကြောင့် ယဲ့ဖန်က မှီခိုင်းထားလိုက်သည်။

ဒီမိန်းကလေးက မရိုးသားဘူးဆိုတာ ဘယ်သူကသိမှာလဲ။

အတော်ကြာပြီးတဲ့နောက် သူမက ရုတ်တရက် သူ့ခါးကို ဖက်လာသည်။

ကားကခုန်တဲ့အခါ ယဲ့ဖန် ခန္ဓာကိုယ်က သူမနဲ့ ပိုပြီးနီးကပ်သွားသည်။

ဒါက ယဲ့ဖန်ကို ပျော်ရွှင်စေပေမဲ့ တစ်ချိန်တည်းမှာဘဲ အတော်လေးသည်းခံနေရသည်။

မတတ်နိုင်ဘဲ ကျိုးရှုယောင်း၏လက်ကို ဖယ်ထုတ်လိုက်ရသည်။

ဒါပေမဲ့ ဒီကောင်မလေးက အတော်လေးခေါင်းမာသည်။

သူမက ထပ်ဖက်သည်။

ထို့ကြောင့် ယဲ့ဖန်က သူမလက်ကို ထပ်ပြီးဖယ်ထုတ်ဖို့ လုပ်နေချိန်မှာဘဲ မထင်မှတ်စွာဖြင့် သူမက ဖြည်းဖြည်းချင်းခေါင်းမော့လာကာ ယဲ့ဖန်ကို ရီဝေမူးရိပ်နေသောမျက်လုံးများဖြင့်ကြည့်သည်။

" ယဲ့ဖန်၊ နင် ငါ့ကို တွန်းမထုတ်လို့မရဘူးလား "

ယဲ့ဖန်ပ သူမရဲ့ကြင်နာခိုးဝေနေတဲ့မျက်လုံးများကိုကြည့်ပြီး သူမအတွက် စိတ်မကောင်းဖြစ်မိသည်။

" အဆင်ပြေရဲ့လား "

ကျိုးရှုယောင်းက သူ့ကိုကြည့်ပြီး သူမမျက်လုံးတွေကမျက်ရည်တွေဝဲနေသည်။

" ယဲ့ဖန်၊ နင် ဘာလို့ ငါ့ကို မလိုချင်ရတာလဲ "

ယဲ့ဖန် ထိုစကားကိုကြားတဲ့အခါ ကြောင်အသွားသည်။

" ငါ ....... "

ယဲ့ဖန် ဘာမှမပြောနိုင်ခင်မှာဘဲ ကျိုးရှုယောင်းကဆက်ပြောသည်။

" ငါ နင့်ကိုကြိုက်တာ နင်သိတာဘဲ။ နင်သာလိုချင်သရွေ့ ငါနင့်ကို အကုန်ပေးမယ်။ ငါ့ကို ထားမသွားပါနဲ့ ...... "

ထို့နောက် သူမခေါင်းကို ယဲ့ဖန်လက်မောင်းကြားတွေ့ဝေ့လိုက်သည်။

" အဟမ်း၊ ယောင်ယောင်း ...... ဒီလိုမလုပ်ပါနဲ့ "

ထိုအချိန်တွင် အသိစိတ်ကပ်နေတဲ့သူက ရှက်နေမှာဘဲဖြစ်သည်။

ယဲ့ဖန်က အရှေ့မှာရှိတဲ့ ကားသမားကိုလှမ်းကြည့်ပြီး အားမပါစွာဖြင့်တွန်းနေသည်။

ကားသမားကလည်း အတော်လေးပညာရှင်ဆန်သည် အနောက်က အသံတစ်ချို့ကြားပေမဲ့ လှည့်မကြည့်ဘဲ ရှေ့ကိုသာအာရုံစိုက်မောင်းနေသည်။

" ယောင်ယောင်း၊ မလုပ် ....... "

ကျိုးရှုယောင်းက ယဲ့ဖန်ပြောတာကို နားမထောင်ဘဲ နမ်းလိုက်တော့သည်။

ယဲ့ဖန် သူမ၏နူးညံ့ကာ ကျွမ်းကျင်မှုမရှိတဲ့ နှုတ်ခမ်းသားတွေကို ခံစားလို့ရနေသည်။

တစ်ကိုယ်လုံး လျှပ်စစ်ရှော့တိုက်ခံရသလို ခံစားလိုက်ရသည်။

ဒီလိုခံစားချက်မျိုးက ........ အံ့ဩစရာကောင်းလိုက်တာ။

ထိုအချိန်တွင် ကားက ရုတ်တရက် ဖြည်းဖြည်းချင်းရပ်သွားသည်။

ကားသမားက နေရခက်စွာဖြင့် ချောင်းဟန့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ မိန်းကလေးကျိုးရဲ့အိမ်ရှေ့ကိုရောက်ပါပြီ "

ယဲ့ဖန်က လှည့်ပြီး ပြတင်းပေါက်ကနေကြည့်လိုက်သည်။

ချောင်းလန်နှင့် ကျိုးယွင်ရှန်းက ရောက်နေနှင့်ပြီး အောက်ထပ်မှာစောင့်နေတာကိုတွေ့လိုက်သည်။

ထို့ကြောင့် ကျိုးရှုယောင်းကို အမြန်တွန်းထုတ်လိုက်သည်။

ထို့နောက် တံခါးကိုတွန်းဖွင့်ပြီး ကားထဲမှထွက်လိုက်သည်။

ကျိုးရှုယောင်းကို ကားထဲမှထွက်လို့ရအောင်ကူပေးလိုက်သည်။

" ရှောင်ဖန်၊ ယောင်ယောင်းကိုလိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် "

ချောင်းလန်က သူ့ကို ကျေးဇူးတင်နေသည်။

" အန်တီချောင်း၊ အဲ့လိုကြီး ယဉ်ကျေးနေဖို့မလိုပါဘူး။ ဒါက ကျွန်တော်လုပ်သင့်တာပါ "

ယဲ့ဖန်က လက်ကိုအမြန်ယမ်းပြလိုက်သည်။

" မင်းနှုတ်ခမ်းက ဘာဖြစ်တာလဲ "

ညမီးရောင်က မှိန်နေပေမဲ့ ချောင်းလန် ယဲ့ဖန်နှုတ်ခမ်းက ပုံမှန်မဟုတ်တာကို သတိထားမိလိုက်သည်။

ယဲ့ဖန်က ပါးစပ်ကို အမြန်အုပ်လိုက်သည်။

" အာ ..... ခုနက ငါးအစပ်တွေစားလိုက်တာကြောင့်ပါ။ အန်တီ ကျွန်တော် ပြန်တော့မယ် "

" အထဲဝင်မထိုင်တော့ဘူးလား "

" တော်ပါပြီ၊ ရပါတယ် "

ယဲ့ဖန်က ချက်ချင်းငြင်းလိုက်သည်။

ထို့နောက် ကားပေါ်အမြန်တက်ပြီး ထွက်ပြေးသွားသည်။

သူ ပြန်သွားတဲ့နောက် ကျိုးရှုယောင်းက ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။

သူမ မျက်လုံးတွင် အရက်မူးနေတဲ့ပုံ လုံးဝမရှိပေ။

တကယ်တော့ သူမ လုံးဝ မမူးချေ။

ကားထဲက သူမ ပုံစံတွေက တမင်လုပ်ခဲ့တာဖြစ်သည်။

ရှုကျင်းရှင်းနှင့် အခြားသူတွေကို ယှဉ်နိုင်မည့်အခြားနည်းလမ်းမတွေးတတ်တော့တာကြောင့် ဒီလိုလုပ်ခဲ့တာဖြစ်သည်။

ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို ပြန်စဉ်းစားမိတဲ့အခါ ကျင်းတူးပြီးသာ ပုန်းနေလိုက်ချင်တော့သည်။

သူမအနေဖြင့် သူမလုပ်နိုင်တဲ့ အရှက်မဲ့ဆုံးအထိလုပ်ခဲ့ပြီးပြီဖြစ်သည်။

ကျန်တာကတော့ ...... ယဲ့ဖန်၏ ရွေးချယ်မှုသာဖြစ်တော့သည်။

............................

ယဲ့ဖန်သည် မွေးနေ့ပွဲအတွင်း အနှောင့်အယှက်မဖြစ်စေရန် ဖုန်းပိတ်ထားခဲ့သည်။

အိမ်ပြန်ရောက်တဲ့အခါမှ ဖုန်းကိုဖွင့်လိုက်သည်။

ချက်ချင်းပင် စာတွေအတန်းလိုက်ကြီးဝင်လာသည်။

ငါးမိနစ်လောက်ကြာမှ စာဝင်သံကရပ်သွားတော့သည်။

ထို့နောက် WeChat ကိုဖွင့်လိုက်သည်။

မရေမတွက်နိုင်အောင်များတဲ့ မှတ်ချက်တွေနဲ့ တစ်ချို့က အနီရောင်အိတ်တောင် ပို့ထားကြသေးသည်။

အကုန်လုံးက သူ့အဘိုးကို မွေးနေ့ဆုတောင်းပေးထားကြတာဖြစ်သည်။

ရှန်းပိုင်ထျန်း၊ လုရှောင်ရ၊ ကျောင်းအုပ်ကြီး ဟူ၊ ဝတုတ်ချူး၊ ချန်းချုံရှန်း၊ ရှုမန်........

သူတို့တွေက ရှောင်လွှဲလို့မရတဲ့အကြောင်းပြချက်တွေကြောင့် မလာနိုင်ခဲ့ကြပေ။

သူတို့က ယဲ့ဖန်ကို ရှင်းပြပြီး တောင်းပန်ထားကြသည်။

ယဲ့ဖန်က သူတို့တွေရဲ့ဆုတောင်းစကားတွေကြောင့် စိတ်ချမ်းသာသွားရသည်။

ထို့ကြောင့် တစ်ယောက်ချင်းစီတိုင်းကို ညနက်သည်အထ် သေချာစာပြန်ပေးခဲ့သည်။

စာပြန်ပြီးတဲ့နောက် ယဲ့ဖန် ဖုန်းပိတ်ပြီးအိပ်ဖို့ပြင်သည်။

ထိုအချိန်တွင် ရုတ်တရက် ကျိုးရှုယောင်းဆီမှ ဖုန်းဝင်လာသည်။

ယဲ့ဖန် သူမဆီကဖုန်းမှန်းတွေ့တဲ့ပခါ အံ့ဩသသွားသည်။

ဒီကောင်မလေးက ထပ်ပြီး မူးချင်ယောင်ဆောင်မလို့တော့ မဟုတ်ဘူးမလား။

အနည်းငယ်သံသယဝင်နေသေးပေမဲ့ ဖုန်းဖြေလိုက်သည်။

" နင် ...... အိပ်ပြီလား "

တစ်ဖက်မှ ကျိုးရှုယောင်းအသံထွက်လာသည်။

" အိပ်တော့မလို့။ နင် အဆင်ပြေရဲ့လား "

" ပြေပါတယ် ...... ငါ့ကို နင်လိုက်ပို့ပေးတာဆို၊ ကျေးဇူးဘဲ "

" ဘာလို့ ယဉ်ကျေးနေတာလဲ "

" ငါ ....... လမ်းမှာ လျှောက်တော့မပြောဘူးမလား "

" မပြောပါဘူး "

" ငါ လျှောက်ပြီးတော့လည်း မလုပ်မိဘူးမလား "

" အဟမ်း၊ မလုပ်ပါဘူး "

ယဲ့ဖန် စိတ်ထဲကမပါဘဲဖြေလိုက်ရသည်။

သူမဘက်က အရင်နမ်းလာတာက လွန်ကြူးတဲ့လုပ်ရပ်လို့ ပြောလို့ရလို့လား။

မဖြစ်သင့်ဘူးလေ၊ ဟုတ်တယ်မလား။

" ဒါဆို တော်ပါသေးတယ်။ ဒါနဲ့ ကျုံးဟိုင်ကို ဘယ်အချိန်ပြန်မှာလဲ "

" မနက်ဖြန်တစ်ရက်တော့ အဘိုးနဲ့အဘွားနဲ့အတူ နေပေးလိုက်ဦးမယ် "

" အဲ့တာဆို မနက်ဖြန် ထမင်းလိုက်ကျွေးမယ်လေ။ နှုတ်ဆက်တာပေါ့ "

" နင်က ကျုံးဟိုင်ကို အတော်ကြာ ပြန်မလာဖြစ်လောက်ဘူးထင်တယ် "

" ဟုတ်တယ်၊ ငါ့မိဘတွေနဲ့ ရက်နည်းနည်းလောက် ထပ်နေပေးမလို့ "

" အိုခေလေ "

" မနက်ဖြန်တွေ့မှာလား "

" တွေ့ကြတာပေါ့ "

ယဲ့ဖန် ဖုန်းချတော့မယ့်အချိန်မှာဘဲ တစ်ဖက်မှ ထပ်ပြီးအသံထွက်လာသည်။

" ငါ နင့်ကို တကယ်ဘာမှမလုပ်ခဲ့တာလား "

" မလုပ်ခဲ့ဘူး မဟုတ်လား "

" ဒါဆိုလည်းပြီးတာဘဲ "

ဖုန်းချပြီးနောက် ယဲ့ဖန် အိပ်ရာကို မီလိုက်သည်။

ဖြစ်ခဲ့တာတွေနဲ့ အခုဖုန်းဆက်တာကို ဆက်စပ်ကြည့်မယ်ဆိုရင် ကျိုးရှုယောင်းက တမင်တကာ အတည်ပြုချင်နေတာများလား။

မနက်ဖြန် သူတို့တွေ့လို့ရတာဘဲ။

အဲ့ကျမှ သေချာလေးအဆုံးသတ်ရတာပေါ့။

ဘယ်လိုဘဲဖြစ်ဖြစ် သူလည်း တစ်ဝက်တစ်ပျက်လုပ်ရတာတွေမှ မကြိုက်ဘဲ။

All Chapters