အပိုင်း ၂၄၁-၂၄၄
Vol. 13 Ch. 241-244
အပိုင်း ( ၂၄၁ )
ကံကြမ္မာရှာဖွေခြင်းစနစ်သစ်
နောက်တစ်နေ့မနက်တွင် ယဲ့ဖန် ပစ္စည်းသိမ်းပြီး အခန်းထဲမှ ထွက်လာသည်။
ယဲ့ဖန် ဒီနေ့ပြန်မှာကို ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့က သိထားပြီးဖြစ်တာကြောင့် စောစောထကာ ယဲ့ဖန်အတွက် ဖန်းမြို့ထွက်လက်ဆောင်ပစ္စည်းတွေအများကြီးကို ထုပ်ပိုးပေးခဲ့ကြသည်။
ယဲ့ဖန်က စိတ်မကောင်းစွာဖြင့် ပြုံးလိုက်သည်။
" အဘိုး၊ အဘွား၊ စားစရာတွေက အများကြီးဘဲ တစ်ယောက်ထဲ စားမကုန်ဘူး "
" မကုန်လည်း အတန်းဖော်တွေ သူငယ်ချင်းတွေနဲ့မျှစား "
မားရှန်းလန်က သူပြောတာကို စိတ်ထဲမထားဘဲ အိတ်တွေထပ်ထည့်ပေးနေသည်။
ယဲ့ဖန်လည်း မတတ်နိုင်ဘဲ လွှတ်ထားပေးလိုက်ရသည်။
ထုပ်ပိုးပြီးတဲ့အခါ လုံကုန်းသီးသန့်ဘဏ်ကတ်ကို သူ့အိတ်ကပ်ထဲက ထုတ်လိုက်သည်။
" အဘိုး၊ အဘွား၊ ကျွန်တော် ဘဏ်ကတ်တစ်ခုလုပ်ပေးထားတယ်။ ပိုက်ဆံနည်းနည်းလည်းထည့်ထားပေးတယ်။ လိုချင်တာဝယ်လိုက်။ စိတ်ပူမနေနဲ့ "
မားရှန်းလန်က ချက်ချင်းငြင်းလိုက်သည်။
" နင့်အဘိုးနဲ့ငါ့မှာ ပိုက်ဆံရှိပါတယ်။ မြေးဘာသာသိမ်းထား "
ယဲ့ပေါက်ကောကတော့ ယူလိုက်သည်။
" မင်းမလိုချင်ရင် ငါယူမယ်။ သူက အခုချမ်းသာနေပြီဘဲ။ အဘိုးအဘွားတွေအပေါ်သိတတ်တာ ဖြစ်သင့်တာဘဲ မဟုတ်လား "
ယဲ့ဖန်က ချက်ချင်းခေါင်းငြိမ့်ပြသည်။
" အဘိုးပြောတာမှန်တယ်၊ ကျွန်တော့်ပိုက်ဆံက အဘိုးတို့အဘွားတို့ပိုက်ဆံပါဘဲ။ လိုသလောက်သုံးလို့ရတယ်။ ကျွန်တော့်အတွက် စုမထားနဲ့ "
ယဲ့ပေါက်ကောက သူ့ကို စိုက်ကြည့်လိုက်သည်။
" မြှောက်လိုက်တာနဲ့ ကြွမနေနဲ့။ ကတ်ထဲမှာ ဘယ်လောက်ရှိလို့လဲ။ ပြီးတော့ သုံးချင်သလောက်သုံးတဲ့လား။ လေသံကတော့ မသေးဘူးဘဲ "
ယဲ့ဖန်က ရယ်လိုက်သည်။
" အများကြီးစုမထားပါဘူး။ ၁၀ သန်းထဲပါ။ မလောက်ဘူးဆို ထပ်ထည့်ပေးမယ် "
ဒေါက် ဒေါက်
ဘဏ်ကတ်က မြေပေါ်ကို ချက်ချင်းပြုတ်ကြသွားတော့သည်။
ယဲ့ပေါက်ကောမျက်လုံးတို့ကလည်း ပြူးကျယ်သွားသည်။
" ဘယ်လောက်။ ၁၀ သန်း ဟုတ်လား "
ဒီကတ်ထဲမှာ ၁၀ သိန်းလောက်ဘဲရှိမယ်ဟု ထင်ခဲ့တာဖြစ်သည်။
ဒီကလေးက ၁၀ သန်းလောက်ကြီးထိ ထည့်ထားပေးမယ်လို့ မမျှော်လင့်ခဲ့ပေ။
မားရှန်းလန်က ကတ်ကိုကောက်ပြီး ယဲ့ဖန်ကို ပေးဖို့လုပ်သည်။
" မများလွန်းဘူးလား၊ မြေးရယ်။ ဘယ်မှာသွားသုံးရမှာလဲ။ စီးပွားရေးလုပ်မယ့်ထဲဘဲ သုံးလိုက်ပါ "
ယဲ့ပေါက်ကောက ထပ်ပြီး လှမ်းယူလိုက်သည်။
" ဘာစီးပွားရေးလဲ။ စီးပွားရေးလုပ်ရတာ လွယ်တယ်များထင်နေလား။ သူ ဒေဝါလီခံသွားရရင်ရော။ အနည်းဆုံးတော့ ငါတို့ပိုက်ဆံသိမ်းထားတာ အကျိုးမယုတ်ပါဘူး "
ထိုသို့ပြောပြီး ယဲ့ဖန်ဘက်ကို လှည့်ကြည့်လိုက်သည်။
" မင်း စီးပွားရေးက တစ်ခုခုအရှုံးပေါ်ရင် ငါတို့ဆီပြန်လာတောင်းဖို့မမေ့နဲ့။ ဒီပိုက်ဆံနဲ့သာဆို အစက ပြန်စလို့ရတယ် "
ယဲ့ဖန်စိတ်က တစ်မျိုးတမည်ဖြစ်သွားသည်။
" နားလည်ပါတယ်၊ အဘိုး "
ထိုသို့ပြောပြီးနောက် ပစ္စည်းတွေကောက်ပြီး အပြင်ကို လျှောက်ထွက်လာသည်။
သူသာ ဆက်ပြီးကြာကြာနေဦးမယ်ဆို သူ့မျက်ရည်တွေကို ထိန်းနိုင်တော့မှာမဟုတ်ပေ။
ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့က သူ့ကို ကားရပ်ထားသည့်နေရာထိလိုက်ပို့သည်။
ယဲ့ဖန်ပြန်တော့မှာကိုကြားတဲ့ အိမ်နီးချင်းတွေကလည်း အားလုံးထွက်ပြီး လိုက်ပို့ကြသည်။
နှစ်ရက်အတွင်းမှာဘဲ ယဲ့ဖန်၏ဂုဏ်သတင်းက အတော်လေးကျော်စောနေသည်။
သူတို့ရပ်ကွက်ထဲမှာ အိမ်ဝယ်ဖို့လာကြည့်သည့်သူတွေပင် အများအပြားရှိလေသည်။
တစ်ချိန်တုန်းက ဖန်းမြို့ရဲ့စုတ်ချာတဲ့ရပ်ကွက်က လူတိုင်းက အပြိုင်လိုချင်နေသည့် နာမည်ကြီးမုန့်လေးဖြစ်နေတော့သည်။
အိမ်ဈေးက မူလတုန်းက တစ်မီတာပတ်လည်ကို ယွမ် ၁၀၀၀ သာရှိပေမဲ့ အခုတော့ တစ်မီတာပတ်လည်ကို ၆ထောင် ၇ထောင်အထိတက်သွားတော့သည်။
ထို့အပြင် ဈေးက ဆက်တက်လျက်ရှိနေသေးသည်။
အိမ်နီးချင်းတွေက ယဲ့ဖန်ကြောင့် အကျိုးအမြတ်ရရှိသွားသည်ဟုဆိုနိုင်သည်။
ထို့ကြောင့် သူတို့ ယဲ့ဖန်ကို လေးစားနှုန်းက နှိုင်းယှဉ်မရတဲ့ အနေအထားတစ်ခုကို ရောက်သွားသည်။
အခုအချိန်မှာ သူတို့အကြောက်ဆုံးက ယဲ့ဖန်က ယဲ့ပေါက်ကောနှင့် မားရှန်းလန်တိို့ကို ပြောင်းရွှေ့ခိုင်းမှာဖြစ်သည်။
အဲ့လိုသာဖြစ်သွားပါက သူတို့ရဲ့ချမ်းသာမည့်အိပ်မက်က ပျက်သုဉ်းသွားမှာဖြစ်သည်။
ပြီးတော့ ယဲ့ဖန်ကလည်း အမှန်တကယ်ပင် သူ့အဘိုးအဘွားအတွက် ဖန်းမြို့၏လူချမ်းသာရပ်ကွက်မှာ အဆင့်မြင့်အိမ်တစ်လုံးဝယ်ပေးဖို့ စီစဉ်ပေးခဲ့သည်။
သို့ပေမဲ့ လူကြီးနှစ်ယောက်က ဒီရပ်ကွက်လေးမှာဘဲ တစ်ဘဝလုံးနေခဲ့တာကြောင့် ဒီနေရာနှင့် သံယောဇဉ်တွယ်နေတာကြောင့် မပြောင်းချင်ပေ။ ထို့ကြောင့် ယဲ့ဖန်သည်လည်း လူကြီးတွေရဲ့ဆန္ဒကို လိုက်လျောပေးခဲ့ရသည်။
သို့ပေမဲ့ လူကြီးနှစ်ယောက်ရဲ့တောင်းဆိုချက်ကို သဘောတူခဲ့သော်လည်း အာမခံတစ်ချို့ပြုလုပ်ခဲ့သညခ။ ယဲ့ဖန်က ထျန်းဖုကွေ့ကို အကူအညီတောင်းပြီး လုံခြုံရေးနှစ်ယောက်ရှာကာ သူတို့ကို တိတ်တဆိတ်ကာကွယ်ခိုင်းထားသည်။
ဘယ်လိုဘဲဖြစ်ဖြစ် လူတော်တော်များများက သူ ချမ်းသာတာကို သိသွားပြီဖြစ်သည်။
တစ်စုံတစ်ယောက်က ပိုက်ဆံလိုချင်လို့ ဒီလူကြီးနှစ်ယောက်အပေါ် မကောင်းတဲ့အကြံတွေရှိနေမှာကို ဘယ်သူကသိမှာလဲ။
ထို့ကြောင့် ကြိုတင်ကာကွယ်စောင့်ရှောက်ခိုင်းထားတာက ပိုကောင်းလေသည်။
ထိုအတွေးကြောင့် ယဲ့ဖန် သူ့အရှေ့ကသူတွေကို ကြည့်လိုက်သည်။
သူ့ကို လိုက်ပို့ကြတဲ့လူအုပ်ကြီးက တော်တော်များသည်။
ထို့ကြောင့် ဖြတ်သွားဖြတ်လာလူတွေကတောင် ဘာဖြစ်နေတာလဲဆိုပြီး သိချင်စိတ်ဖြင့် ရပ်ကြည့်ကြသည်။
ယဲ့ဖန်၏ပြိုင်ကားက လမ်းဆုံးတွင်ပျောက်သွားမှ လူတိုင်းက လှည့်ပြန်ကြသည်။
ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့က မျက်ရည်ဝဲနေကြသည်၊
" အဘိုးကြီးရယ်၊ ဝမ်းနည်းမနေပါနဲ့။ ယဲ့ဖန်က နှစ်ကူးကျပြန်လာပါလိမ့်မယ် "
" သိပါတယ်။ ဒါပေမဲ့ မျက်ရည်တွေကို ထိန်းလို့မှမရဘဲ "
" ဟူး၊ ကျွန်မ နားလည်ပါတယ်။ ရှင်က ပါးစပ်သာဆိုးတာ ရှောင်ဖန်လေးကို အများကြီးဂရုစိုက်တာဘဲ "
" မဟုတ်ပါဘူး၊ ငါ ပြိုင်ကားနဲ့ခွဲရမှာကို မခံစားနိုင်ဘူး။ စီးလို့တောင် မဝသေးတာကို "
" ........... "
" မိန်းမ၊ မင်းနဲ့ ဆွေးနွေးစရာရှိတယ် "
" ဘာများလဲ "
" ရှောင်ဖန်က ငါတို့အတွက် ပိုက်ဆံတစ်ချို့ချန်ထားပေးခဲ့တယ်မဟုတ်လား "
" ဟုတ်တယ်လေ၊ ဘာလို့လဲ "
" ငါတို့ ပြိုင်ကားဝယ်လိုက်ကြမလား "
" ရှင့်ခေါင်းကို မြည်းကန်သွားလို့လား။ မကြာခင်ဘဲသေတော့မှာကို ပြိုင်ကားက ဘာလုပ်ဖို့ဝယ်မှာလဲ "
" ငါ ရှင်းပြမယ်။ အဲ့ဒီပြိုင်ကားက တကယ်မောင်းလို့ကောင်းတာ ...... "
" တော်စမ်းပါရှင် "
ယဲ့ဖန် Lykan ပြိုင်ကားကိုမောင်းပြီး အမြန်လမ်းပေါ်တွင် အရှိန်တင်လိုက်သည်။
အရှိန်တင်မောင်းရခြင်းအရသာက ခွဲခွာရတဲ့ဝမ်းနည်းမှုကို လျော့နည်းစေသည်။
သေချာတွေးကြည့်မှ သူ ပြိုင်ကားရပြီးပေမဲ့ သူတစ်ခါမှ ကားပြိုင် မမောင်းဖူးသေးပေ။
အရင်တုန်းကမြို့ထဲမှာ ဒီကားရဲ့စွမ်းဆောင်ရည်အပြည့်ကို ထုတ်ပြဖို့ အခွင့်အရေးမရှိခံပေ။
ပြီးတော့ ဖန်းမြို့ကိုပြန်လာတုန်းကလည်း လင်းကျွင်းကျွင်းက အငှားကားမောင်းထည့်ပေးလိုက်သည်။
ဒါကြောင့် ယဲ့ဖန်အခုမှသာ ဒီကားရဲ့စွမ်းရည်ကို အတားအဆီးမရှိ ပထမဆုံး စမ်းရတာဖြစ်သည်။
လမ်းတစ်လျှောက်တွေ ကားတွေအားလုံးကို ဖြတ်ကျော်လာခဲ့သည်။
ဒီလိုစိတ်လှုပ်ရှားမှုကို စကားလုံးတွေနဲ့ပင် ဖော်ပြလို့မရပေ။
ယဲ့ဖန် စိတ်လှုပ်ရှားမှု အဆုံးစွန်တဲ့ခံစားချက်နဲ့ လွင့်နေတုန်းမှာဘဲ အချိန်အတော်ကြာပျောက်နေခဲ့တဲ့ စနစ်အကြောင်းကြားစာသံက ရုတ်တရက်နားထဲမှာမြည်လာသည်။
[ အခွင့်အရေးအသစ် ရှာဖွေတွေ့ရှိထားပါသည်။ စနစ်မှ ညွှန်ကြားရေး စတင်ပါတော့မည် ]
[ လက်ခံသူမှ လက်ရှိလမ်းအတိုင်း မီတာ ၅၀၀ ဆက်မောင်းပြီး လမ်းဆုံမှာ ညာဘက်ကို ကွေ့ပါ ....... ]
စနစ်၏အကြောင်းကြားစာကိုကြားတဲ့အခါ ယဲ့ဖန်အံ့ဩသွားသည်။
စနစ်၏ညွှန်ကြားချက်တွေကိုမကြားတာ အတော်ကြာပြီဖြစ်သည်။
တုန့်ဆိုင်းကြီးမရှိဘဲ ယဲ့ဖန် စနစ်ညွှန်ကြားချက်နောက်ကို လိုက်ခဲ့သည်။
အဝေးပြေးလမ်းပေါ်မှဆင်းပြီး ဆယ်မိနစ်လောက်မောင်းပြီးတဲ့အခါ အဝေးကနေ ရေကန်ကြီးတစ်ခုကို အရှေ့မှာ လှမ်းတွေ့လိုက်ရသည်။
ထိုရေကန်ကို ကောင်းကင်ဘုံနတ်ရေကန်ဟုခေါ်သည်။
ဖန်းမြို့၏ နာမည်ကြီးလည်ပတ်စရာနေရာတွေထဲကတစ်ခုဖြစ်သည်။
သို့ပေမဲ့ ဖန်းမြို့သားတွေကတော့ ဒီကိုလာတာ ရှားသည်။
ဒီမှာလည်ပတ်ရတဲ့အခကြေးငွေက များတာကြောင့်ဖြစ်သည်။
လာလည်သူအများစုဟာ နိုင်ငံခြားသားတွေဖြစ်ကြသည်။
ထို့အပြင် လမုန့်ပွဲတော်ကာလဖြစ်တာကြောင့် အခြားမှ လာရောက်လည်ပတ်သူတွေများသည်။
ယဲ့ဖန်က ပြိုင်ကားကိုမောင်းရင်း ထိုနေရာမှဖြတ်လာသည်။
မကြာခင်မှာဘဲ ထိုနေရာ၏စီမံခန့်ခွဲရေးရုံးသို့ရောက်လာခဲ့သည်။
စနစ်က ဘာကြောင့် သူ့ကို ဒီနေရာသို့ခေါ်လာလဲဆိုတာ စဉ်းစားနေတုန်းမှာဘဲ ရင်းနှီးတဲ့အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။
" ချီး၊ ထပ်ပြီး အဓိပ္ပာယ်မရှိတာတွေပြောနေမယ်ဆို မင်းရဲ့ ဒီနေရာကို ဖျက်ဆီးပစ်လိုက်မယ်ဆိုတာ မင်းယုံလား "
အပိုင်း ( ၂၄၂ )
မိတ်ဆွေဟောင်းဖြင့် မတော်တဆတွေ့ဆုံခြင်း
ထိုအသံကို ယဲ့ဖန်ကြားတဲ့အခါ ပထမဆုံးမှာတော့လန့်သွားသည်။
အကြားမှားတာဟု သူထင်လိုက်တာဖြစ်သည်။
ကားတံခါးကို အမြန်ဖွင့်ပြီး အပြင်သို့ထွက်လာကာ ရှေ့ကိုလျှောက်သွားသည်။
မကြာခင်မှာဘဲ အသက်၃၀အရွယ်ရှိယောက်ျားတစ်ဦးက ကောင်းကင်ဘုံနတ်ရေကန်စီမံခန့်ခွဲရေးရုံးမန်နေဂျာနဲ့ စကားများနေတာကို တွေ့လိုက်ရသည်။
ထိုလူက အတော်လေးချောပြီး လှုပ်ရှားမှုတိုင်းက ကိုယ်ရှိန်ဝါအပြည့်ရှိသည်။
သူက ပေါ့ပေါ့ပါးပါးအဖြူဝတ်စုံကိုဝတ်ဆင်ထားပြီး နေကာမျက်မှန်လည်းတပ်ထားသေးသည်။
သူ့လက်မောင်းတွင် ကျက်သရေရှိသည့်ပုံရိပ်နဲ့ အမျိုးသမီးတစ်ဦးလည်းရှိနေသည်။
ယဲ့ဖန် တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွားသည်။
ဒီလူက အခြားသူမဟုတ်ပေ။
ရှန်းသခင်ကြီးမွေးနေ့မှာ ဆုံခဲ့တဲ့ သခင်လေးကျောင်းဖြစ်သည်။
သူက တောင်ပိုင်းပြည်နယ်မှ အချမ်းသာဆုံးဖြစ်သည့် ကျောင်းယွဲ့ရှန်း၏သားဖြစ်သည်ဟု အဲ့တုန်းက သိခဲ့ရသည်။
သူ့နောက်ခံအသိုင်းအဝိုင်းက အတော်လေးကြောက်စရာကောင်းသည်။
ယဲ့ဖန်က သူ့ကို နှစ် ၁၀၀ သက်တမ်းရှိ ဂျင်ဆင်းရိုင်း ရောင်းခဲ့ဖူးသည်။
ဒါက အခွင့်အရေးဟု သတ်မှတ်လို့ရခဲ့လေသည်။
နောက်တွင် ယဲ့ဖန် စားသောက်ဆိုင်တစ်ခု၌ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေတုန်း သူတို့နှစ်ယောက် တစ်ခါထပ်တွေ့ကြပြန်သည်။
သို့ပေမဲ့ အချင်းချင်းဆက်သွယ်ရမည့်အချက်အလက် မဖလှယ်ဖူးပေ။
ဒီနေ့ ဒီမှာ သူ့ကိုတွေ့လိမ့်မည်ဟု ထင်မထားခဲ့ချေ။
တာဝန်ရှိမန်နေဂျာက ကျောင်းဖုလင်ရဲ့စကားတွေကိုကြားပြီးတဲ့အခါ အနည်းငယ်စိတ်ရှုပ်သွားသည်။
" ဘာလို့ ခက်ခဲအောင်လုပ်နေတာလဲ။ ဒီဗီလာတွေက ငှားပြီးသွားပြီလို့ပြောနေတယ်လေ။ လူစကားနာမလည်ဘူးလား။ ခင်ဗျားကို တမင် မပူးပေါင်းပေးနေတာမဟုတ်ဘူး၊ အမှန်တရားကိုပြောနေတာ "
ကျောင်းဖုလင် ဒေါသထွက်သွားသည်။
" ဘာပြောတယ်။ မင်း ပြောရဲရင် ထပ်ပြောကြည့်လိုက် "
ထိုမန်နေဂျာက ရယ်သည်။
" ဘာလဲ။ ရိုက်မလို့လား။ သတ္တိရှိရင် လာစမ်းပါ။ ဖန်းမြို့ကနေ ပြန်ထွက်လို့မရစေရဘူး "
ကျောင်းဖုလင် သည်းမခံနိုင်တော့ဘဲ ထိုလူကို ရိုက်တော့မယ့်အချိန်မှာဘဲ သူ့ဘေးက ကျက်သရေရှိတဲ့အမျိုးသမီးက ဆွဲတားလိုက်သည်။
" ဖုလင်၊ ထားလိုက်ပါ။ သွားကြစို့ "
ကျောင်းဖုလင်က မလှုပ်ပေ။
" ဒီနေ့က မင်းမွေးနေ့လေ။ မမေ့နိုင်တဲ့ မွေးနေ့လေးဖြစ်အောင်လုပ်ပေးမယ်လို့ ကိုယ်ကတိပေးထားတာဘဲ။ ကိုယ့်ကတိကိုတော့ ဖျက်မှာမဟုတ်ဘူး "
ထိုသို့ပြောပြီး ရှေ့ဆက်တိုးဖို့ပြင်သည်။
ထိုပုံစံကိုမြင်တော့ ယဲ့ဖန်က လှမ်းပြောလိုက်သည်။
" အစ်ကို ကျောင်း၊ ခဏစောင့်ပါဦး "
ကျောင်းဖုလင်၏ခန္ဓာကိုယ်အေးခဲသွားပြီး လှည့်ကြည့်လိုက်သည်။
သူက ချက်ချင်း ထိတ်လန့်သွားရသည်။
" ယဲ့ညီလေး၊ မင်း ဒီမှာဘာလုပ်နေတာလဲ "
ယဲ့ဖန်က ပြုံးပြီး ရှေ့တက်လာသည်။
" ကျွန်တော့်အိမ်က ဖန်းမြို့မှာပါ။ ကျွန်တော်က အစ်ကို့ကိုမေးရမှာပါ။ ဘာလို့ဒီကိုရောက်နေတာလဲ "
ကျောင်းဖုလင်က လမ်းလျှောက်လာပြီး သူ့ပခုံးကို ပုတ်လိုက်သည်။
" တိုက်ဆိုင်လိုက်တာ၊ မဟုတ်ဘူးလား။ ဖန်းမြို့က ကောင်းကင်ဘုံနတ်ရေကန်က အရမ်းလှတယ်လို့ကြားဖူးလို့ အဝေးကြီးထိ တစ်လျှောက်လုံး ကားမောင်းလာခဲ့တာလေ။ ယဲ့ညီလေးရဲ့မိသားစုက ဖန်းမြို့ကဖြစ်မယ်လို့ ထင်မထားဘူး "
ယဲ့ဖန် ဘေးက လှပကျက်သရေရှိတဲ့အမျိုးသမီးကိုကြည့်လိုက်သည်။
ကျောင်းဖုလင်က ချက်ချင်း မိတ်ဆက်ပေးသည်။
" မိတ်ဆက်ပေးမယ်။ ဒါက ငါ့ကောင်မလေး၊ ဟွမ်းမေလီတဲ့ "
ယဲ့ဖန်ဘက်က အရင်စပြီး လက်လှမ်းလိုက်သည်။
" မင်္ဂလာပါ၊ မရီး။ ကျွန်တော့်နာမည်က ယဲ့ဖန်ပါ "
ဟွမ်းမေလီက သူ့လက်ကိုဆွဲနှုတ်ဆက်လိုက်သည်။
" ယဲ့ဖန်၊ မင်း အစ်ကိုကျောင်းကို ကူထိန်းပေးပါဦး။ သူ့ဒေါသက ပြန်ထလာပြန်ပြီ "
ယဲ့ဖန်က ခပ်နောက်နောက်အမူအရာဖြင့် ကျောင်းဖုလင်ကိုကြည့်လိုက်သည်။
" အစ်ကိုကျောင်း၊ ဘာဖြစ်လို့လဲ "
ကျောင်းဖုလင်က ပြောပြရင်း ဒေါသထွက်လာပြန်သည်။
" ဒီနေ့ မေလီမွေးနေ့မလို့ ဒီမှာ ဗီလာတစ်လုံးငှားပြီး ကြည်နူးစရာမွေးနေ့လက်ဆောင်လေးပေးချင်တာ "
ထို့နောက် မန်နေဂျာကို လှည့်ကြည့်လိုက်သည်။
" ဒါပေမဲ့ ဒီဗီလာတွေကို အကုန်ငှားပြီးသွားပြီလို့ အဲ့ကောင်ကပြောနေတာလေ "
ယဲ့ဖန်လည်းခေါင်းကုတ်လိုက်ရသည်။
" ငှားပြီးပြီဆိုရင်တော့ လွယ်မှာမဟုတ်ဘူး "
ကျောင်းဖုလင်က ဒေါသထွက်လာပြန်သည်။
" ပြဿနာက အဲ့လူက ငါ့နောက်မှလာတာလေ။ အငှားငွေပေးပြီးသား ဒီရောက်ခါနီးမှ တခြားသူကို ငှားလိုက်ပြီလို့ ရုတ်တရက်ကြီးပြောလာတာ။ ငါ့ကို နယ်ခြားမလို့ အနိုင်ကျင့်နေတာ မဟုတ်ဘူးလား "
သူ့ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် ယဲ့ဖန်က တာဝန်ရှိတဲ့လူဘက်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
" အဲ့တာတော့ မင်းတို့ဘက်ကမှားတာ ဟုတ်တယ်မလား။ အရင်လာတဲ့သူက အရင်အကျိုးခံစားခွင့်ရှိရမှာလေ။ ဘာလို့ ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းရတာလဲ "
ထိုစကားကိုကြားတဲ့အခါ တာဝန်ရှိသူသည် ယဲ့ဖန်က ဖန်းမြို့သားမှန်း လေသံကြောင့် တန်းသိလိုက်သည်။
ထို့အပြင် ယဲ့ဖန်၏ပြိုင်ကားကိုလည်း သတိထားမိသည်။
ယဲ့ဖန်က သာမန်လူမဟုတ်မှန်း ရိပ်ဖမ်းမိလိုက်သည်။
ထိုတာဝန်ရှိတဲ့သူက ယဲ့ဖန်နဲ့စကားပြောတဲ့အခါ ကျောင်းဖုလင်နဲ့ပြောတုန်းကလို မောက်မာတဲ့ပုံစံမရှိတော့ပေ။
" လူကြီးမင်း၊ ကျွန်တော့်ကို ခက်ခဲအောင်မလုပ်ပါနဲ့။ ကျွန်တော့်သူဌေးရဲ့အမိန့်ကို လိုက်နာနေရတာပါ။ သူဌေးနဲ့ အဲ့ဒီအငှားနဲ့က မိတ်ဆွေတွေမလို့ အရင်ငှားခိုင်းတာပါ။ ကျွန်တော့်မှာ ရွေးချယ်စရာမရှိပါဘူး "
ယဲ့ဖန် မျက်နှာထားတည်သွားသည်။
" ခင်ဗျားဆုံးဖြတ်ပေးလို့မရမှတော့ ခင်ဗျားတို့ရဲ့ သူဌေးကို ထွက်လာခိုင်းလိုက်။ ကိုယ်တိုင်မေးကြည့်ရတာပေါ့ "
ထိုတာဝန်ရှိသူက ဘာလုပ်ရမလဲဖြစ်သွားသည်။
" ကျွန်တော်တို့သူဌေးက အရမ်းအလုပ်ရှုပ်တာမလို့ ဒီလိုကိစ္စအသေးလေးကို စိတ်ထဲထည့်မှာမဟုတ်ဘူး "
ယဲ့ဖန် နှာခေါင်းထဲမှ လေမှုတ်ထုတ်လိုက်သည်။
" ဒီလိုကိစ္စသေးသေးမလို့ဆိုရင် ကိစ္စကြီးအောင် လုပ်ပေးမယ် "
ယဲ့ဖန်၏ကိုယ်ရောင်ဝါက ပြင်းတဲ့အပြင် လေသံကလည်းမာတာကြောင့် တာဝန်ရှိတဲ့သူက ပျာယာခတ်သွားရသည်။
" မဟုတ်ပါဘူး၊ သူဌေးကို အခုဘဲခေါ်ပေးပါ့မယ် "
ကျောင်းဖုလင် ခြိမ်းခြောက်တုန်းက အသုံးမဝင်ပေ။
ဘယ်လောက်ချမ်းသာပါစေ နယ်ခြားပါက အာဏာမရှိဖြစ်သွားသည်။
မန်နေဂျာသည် နယ်ခံဖြစ်တဲ့ ယဲ့ဖန်ကိုတော့ ဂရုတစိုက်သတိထားနေရသည်။
ဖန်းမြို့တွင် ပြိုင်ကားပိုင်တဲ့သူတွေက အထူးသဖြင့် အတော်လေးရှားသည်။
အာဏာကြီးနောက်ခံရှိတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုသို့တွေးမိတာကြောင့် ကောင်းကင်ဘုံနတ်ရေကန်ရှုခင်းတာဝန်ခံက ချက်ချင်းဖုန်းကိုထုတ်ကာ တစ်ဖက်ကိုသွားပြီး ဖုန်းခေါ်လိုက်သည်။
ကျောင်းဖုလင်က ဒေါသထွက်နေဆဲဖြစ်သည်။
" ဒါက တောင်ပိုင်းကွမ်တုန်းမှာသာဆို ဒီနေရာကို မြေလှန်ပစ်ပြီးပြီ "
ယဲ့ဖန်က ခပ်ပြုံးပြုံးလုပ်ပြီး ခေါင်းခါလိုက်သည်။
ဒီသခင်လေးကျောင်းက ဒီလိုဒေါသထွက်စရာကျိုး ဘယ်တုန်းကမှ မကြုံဖူးလောက်ဖူးထင်ရသည်။
ဘယ်လိုဘဲဖြစ်ဖြစ် ကျောင်းဖုလင်ဟာ တောင်ပိုင်းကွမ်တုန်းပြည်နယ်က အချမ်းသာဆုံးသူ၏သားဖြစ်သည်။
သူ ဘယ်ကိုဘဲသွားသွား သူ့ကို ဖြေရှင်းပေးမယ့်သူတစ်ယောက်ယောက် အမြဲရှိနေပေလိမ့်မည်။
အဲ့လိုလူက ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စကိုကြုံရတာလဲ။
သူတို့နှစ်ဦး စကားပြောနေစဉ်တွင် သက်လတ်ပိုင်းလူတစ်ယောက်က တာဝန်ခံမန်နေဂျာနဲ့အတူ သူတို့ဆီကိုလျှောက်လာတာတွေ့လိုက်ရသည်။
ထိုလူကြီးဟာ ထူးခြားတဲ့အသွင်အပြင်ရှိသည်။
အထူးသဖြင့် အလယ်သွားနှစ်ချောင်းအကြီးကြီးကမြေကြွက်တွေနှင့်တူသည်။
သူ့မျက်နှာထားက မကောင်းပေ။
သူက ဆဲဆိုနေသည်။
အထူးသဖြင့် ယဲ့ဖန်က အတော်လေးငယ်တာကိုတွေ့တဲ့အခါ ပို၍တောင် အထင်သေးတဲ့အမူအရာဖြစ်လာသည်။
" မင်း၊ ဘာလို့ ငါ့ကိုရှာတာလဲ "
အပိုင်း ( ၂၄၃ )
သူ့ဆေးကို သူ့ပြန်ကျွေးခြင်း။
ထိုသက်လတ်ပိုင်းလူ၏ အမေးပြီးတဲ့နောက် ယဲ့ဖန်က ကျောင်းဖုလင်ကို လက်ညှိုးထိုးပြလိုက်သည်။
" ကျွန်တော့်မိတ်ဆွေက ဒီမှာ ဗီလာအိမ်ငှားချင်တာပါ။ အငှားငွေချေပြီးသားပေမဲ့ ခင်ဗျားတို့က ရုတ်တရက်ကြီး ပြန်ရုတ်သိမ်းသွားတော့ တစ်ခုခုရှင်းပြပေးသင့်တယ် မဟုတ်ဘူးလား "
ထို သက်လတ်ပိုင်းလူက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။
" ရှင်းပြချက်လိုချင်တာဟုတ်လား။ အဲ့တာဆိုလည်း ပြောပြပေးမယ်။ ဒီဗီလာကို ငါ့မိတ်ဆွေကငှားထားတယ်။ မင်းတို့ငှားချင်တယ်ဆို မနက်ဖြန်မှ ပြန်လာခဲ့ကြ "
ကျောင်းဖုလင်က ဒေါသထွက်သွားသည်။
" ဒီနေ့က ငါ့ကောင်မလေးမွေးနေ့လေ။ မနက်ဖြန်မှ ပြန်လာစေချင်တာလား။ မင်းအဖေက ဒီနေ့သေခါနီးဆို မနက်ဖြန်မှ ကယ်ရင်ရလား "
သူဌေးဆိုသူက ပါးစပ်ကို ချက်ချင်းလက်ညှိုးထိုးလိုက်သည်။
" စကားကိုကြည့်ပြော၊ ငှားချင်ရင် စောင့်လိုက်။ မငှားချင်တော့ရင် ထွက်သွား "
ကျောင်းဖုလင် ဘယ်လိုလုပ်ပြီး သည်းခံနိုင်တော့မှာလဲ။
သူက တစ်ခုခုလုပ်တော့မလို့ ပြင်နေချိန်မှာဘဲ ယဲ့ဖန်က အမြန်တားပြီး သက်လတ်ပိုင်းလူကြီးဆီကို ကြည့်လိုက်သည်။
" ဒီမှာမိတ်ဆွေ၊ စီးပွားရေးလောကမှာ အရေးအကြီးဆုံးက ပြောပြီးသားစကားတည်တာဘဲ။ စကားကို မလှိမ့်တပတ်လုပ်တာက မကောင်းဘူးလေ၊ ဟုတ်တယ်မလား "
ထိုသက်လတ်ပိုင်းလူက ဟက်ခနဲလုပ်လိုက်သည်။
" ဒါက ငါ စီးပွားရေးလုပ်တဲ့ပုံစံဘဲ။ မင်း ဘာလုပ်မှာလဲ။ မင်းတို့အားလုံးကို ရေကန်ထဲပစ်ပြီး ငါးစာကျွေးပစ်လိုက်လို့တောင်ရတယ်။ ငါ့ကို အချိန်လာမဖြုန်းနဲ့ "
ထိုသို့ပြောပြီးတဲ့နောက် ခန္ဓာကိုယ်တောင့်တင်းတဲ့လုံခြုံရေး ၆ယောက် ၇ယောက်လောက်က အနောက်မှ ပြေးထွက်လာသည်။
သူတို့ရောက်လာပြီးတဲ့နောက် သူတို့က ကျားတစ်ကောင်မှ အစာချောင်းသလို ယဲ့ဖန်ကို စူးစူးရဲရဲကြည့်နေကြသည်။
" ဖုလင်၊ အားကောင်းတဲ့နဂါးက နယ်ခံမြွေကို သူ့နယ်မြေထဲမှာ မနိုင်နိုင်ဘူး။ သွားကြစို့ပါ "
ဟွမ်းမေလီက ကျောင်းဖုလင်လက်ကို ဆွဲတားလိုက်သည်။
ကျောင်းဖုလင်ကလည်း ဉာဏ်နည်းတဲ့သူမဟုတ်ပေ။
တစ်ဖက်က လူအင်အားများနေသည်။ သူတို့သာဆက်ပြီး တိုက်ခိုက်ပါက သေချာပေါက် သူတို့ဘက်က အထိနာမှာဖြစ်သည်။
ယဲ့ဖန်ကလည်း နယ်ခံဖြစ်ပေမဲ့ အသက်အရွယ်အားဖြင့်ငယ်သေးတာကြောင့် ဒီပြဿနာကို မဖြေရှင်းနိုင်လောက်ပေ။
ထိုအတွေးကြောင့် ချက်ချင်း နောက်ဆုတ်ဖို့ပြင်လိုက်သည်။
" ယဲ့ညီလေး ...... "
ကျောင်းဖုလင်က တားမလို့လုပ်နေတုန်းမှာဘဲ ယဲ့ဖန်က ဖြတ်ပြောလိုက်သည်။
" အရင်ဆုံးဖုန်းခေါ်လိုက်ဦးမယ် "
ယဲ့ဖန်က ကျောင်းဖုလင်ကို ပြုံးပြပြီးနောက် ဖုန်းထုတ်ကာ ထျန်းဖုကွေ့ကို ခေါ်လိုက်သည်။
ဖုန်းက နှစ်ခါသာမြည်ပြီးတဲ့နောက် တစ်ဖက်က ချက်ချင်းဖုန်းကိုင်သည်။
" ယဲ့လူကြီးမင်း၊ ဘာကိစ္စများရှိလို့လဲ "
ထျန်းဖုကွေ့၏လေးစားတဲ့အသံက တစ်ဖက်ကနေ ချက်ချင်းထွက်လာသည်။
" ကောင်းကင်ဘုံနတ်ရေကန်လား။ လူကြီးမင်းပြောနေတာ ပေါသာရ၊ ဟုတ်တယ်မလား။ သူက အရင်တုန်းက ကျွန်တော့်လက်အောက်ငယ်သားပါ။ ဒါပေမဲ့နောက်ကျ သူက ကျွန်တော့်သူငယ်ချင်းမိန်းမနဲ့ဖောက်ပြန်ခဲ့တာပါ။ သူက တကယ်မကောင်းတဲ့လူ။ ကျွန်တော် မောင်းထုတ်လိုက်တာ။ ဘာလို့လဲ။ သူက ယဲ့လူကြီးမင်းကို ပြဿနာရှာလို့လား။ ကျွန်တော် သူ့ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်ပေးနိုင်ပါတယ် "
" အရေးမကြီးပါဘူး။ မိတ်ဆွေတစ်ယောက်နဲ့ဖြစ်တာပါ...... "
ယဲ့ဖန်က အခြေအနေကို ချက်ချင်းရှင်းပြလိုက်သည်။
အကြောင်းစုံကိုကြားပြီးတဲ့အခါ ထျန်းဖုကွေ့က ချက်ချင်းဒေါသထွက်သွားသည်။
" ဒီကောင်ကတော့၊ ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလိုဘဲ။ ယဲ့လူကြီးမင်း ကျေးဇူးပြုပြီး သူ့ကို ဖုန်းလွှဲပေးပါ။ ကျွန်တော် သူ့ကို ပြောလိုက်ပါ့မယ် "
ယဲ့ဖန်က ဖုန်းက ပေါသာရဆီ ချက်ချင်းပေးလိုက်သည်။
" ခင်ဗျားရဲ့မိတ်ဆွေဟောင်း၊ ထျန်းလူကြီးက စကားလေးခဏပြောချင်လို့ပါတဲ့ "
ပေါသာရ၏ အမူအရာက အထင်သေးဟန်အပြည့်ဖြစ်နေသည်။
" ဘာ ထျန်းလူကြီးမှ မသိဘူး။ ငါနဲ့စကားပြောချင်ရင် ကိုယ်တိုင်လာခိုင်းလိုက် နားလည်လား "
ယဲ့ဖန်က ဖုန်းစပီကာဖွင့်လိုက်သည်။
ထို့နောက် တစ်ဖက်က ထျန်းဖုကွေ့၏ဒေါသသံကို ကြားလိုက်ရသည်။
" ပေါသာရ၊ မင်းသေချင်နေတာလား "
ပေါသာရက ထိုအသံကိုကြားတဲ့အခါ တုန်လှုပ်သွားရသည်။
" ဥက္က ..... ဥက္ကဌကြီးထျန်းလား။ ဘာလို့လဲ "
ပေါသာရက တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။
ဒီကလေးက ထျန်းဖုကွေ့ကို သိလိမ့်မည်ဟု သူထင်မထားပေ။
သူ တကယ်ဘဲ အကဲခတ်မှားသွားသည်။
" ပေါသာရ၊ ငါ မင်းကို အများကြီး မပြောချင်ဘူး။ ယဲ့လူကြီးမင်းကို ချက်ချင်း ဗီလာပေးလိုက်။ ပြီးမှ မင်းနဲ့ရှင်းမယ် "
ထျန်းဖုကွေ့အသံက လူသတ်တော့မည့်အငွေ့အသက်တွေပြည့်နေပြီး ကြားရသူတိုင်းကို ကြောက်ရွံ့စေသည်။
ပေါသာရက အမြန်ချွေးသုတ်လိုက်ရသည်။
" ဥက္ကဌထျန်း၊ ကျွန်တော်က မငှားပေးချင်လို့မဟုတ်ပါဘူး။ မလုပ်ရဲလို့ပါ။ အခုငှားနေလို့ဧည့်သည်ကိုထွက်သွားပေးဖို့ မပြောနိုင်လို့ပါ "
ထျန်းဖုကွေ့၏ အေးစက်နေတဲ့အသံကထွက်လာသည်။
" ဘယ်သူမလို့လဲ "
" သူက ကျိုးရှောင်မင်းရဲ့ ဒုတိယသားပါ "
ပေါသာရက ချက်ချင်းဖြေလိုက်သည်။
ယဲ့ဖန်က 'ကျိုးရှောင်မင်း'ဆိုတဲ့နာမည်ကိုကြားတဲ့အခါ အနည်းငယ်အံ့အားသင့်သွားသည်။
ကျိုးရှောင်မင်းဆိုသူက ဖန်းမြို့၏ နာမည်ရှိလူချမ်းသာတစ်ယောက်ဖြစ်သည်။
သူ့ပိုင်ဆိုင်မှုက ထျန်းဖုကွေ့လောက်မများပေမဲ့ ပမာဏအများကြီးတော့မကွာပေ။
ပေါသာရက 'ကျိုးရှောင်မင်း'ဆိုတဲ့နာမည်ကို ပြောပြီးတဲ့နောက် သက်ပြင်းချလိုက်သည်။
ထျန်းဖုကွေ့က ဒီလူငယ်လေးအတွက်နဲ့ အာဏာရှိလူချမ်းသာတစ်ယောက်ကို သေချာပေါက် ပြဿနာရှာမှာမဟုတ်ပေ။
သို့ပေမဲ့ ပေါသာရထင်ထားတာနဲ့ ထျန်းဖုကွေ့ရဲ့ စကားနဲ့က တခြားစီဖြစ်နေသည်။
" ကျိုးရှောင်မင်းသားမပြောနဲ့ ကျောက်စိမ်းဧကရာဇ်ရဲ့သားဆိုရင်တောင် မင်းရဲ့အခန်းကို ဒီနေ့ချက်ချင်းဖယ်ခိုင်းလိုက် "
သူ့အသံက တိကျပြတ်သားနေသည်။
ပေါသာရ ကြောင်အသွားရသည်။
သူ့ရှေ့က ဒီလူငယ်က ဘယ်သူများလဲ။
သူက ဘယ်သူမလို့ ထျန်းဖုကွေ့က ကျိုးရှောင်မင်းကိုတောင် မျက်နှာသာမပေးရတာလဲ။
မစော်ကားသင့်တဲ့ အရေးကြီးပုဂ္ဂိုလ်ကို သူ စော်ကားခဲ့မိသွားလား။
အဲ့တာကို စဉ်းစားရင်း ပေါသာရ ချက်ချင်း တုန်လှုပ်သွားသည်။
" ယဲ့လူကြီးမင်းကို ချက်ချင်းတောင်းပန်ပြီး ခွင့်လွှတ်ခံရဖို့ ကြိုးစားလိုက်။ မင်းကို သူက ခွင့်မလွှတ်ဘူးဆိုရင်တော့ မင်းရဲ့အလောင်းကို လာကောက်ဖို့ မင်းမိသားစုကို ပြောထားလိုက် "
ထျန်းဖုကွေ့က ပြောပြီးနောက် ဖုန်းချသွားသည်။
ထိုစကားကို ပေါသာရ ကြားပြီး ယဲ့ဖန်ကို မှင်သက်စွာကြည့်လိုက်သည်။ အချိန်အတော်ကြာတဲ့ထိ အသိအာရုံ ပြန်မကပ်နိုင်တော့ပေ။
ယဲ့ဖန်က အနည်းငယ် စိတ်မရှည်ဖြစ်သွားသည်။
" ဖုန်းကို ပြန်ပေးလို့ရပြီလား "
ပေါသာရသည် နောက်ဆုံးမှ တုံ့ပြန်နိုင်ပြီး ဖုန်းကို လက်နှစ်ဖက်ဖြင့် အမြန်တရိုတသေလွှဲပေးလိုက်သည်။
"ယဲ့လူကြီးမင်း ..... ကျွန်တော် အခုမျက်စိကန်းမိသွားတာပါ။ လူကြီးမင်းကို စော်ကားမိပါတယ်။ ကျွန်တော်က တကယ်သေဖို့ထိုက်တန်ပါတယ်၊ ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ "
ယဲ့ဖန်က သူ့ဆီမှ ဖုန်းကို ယူလိုက်သည်။
" ခင်ဗျားက သေထိုက်တယ်လို့ ပြောပြီးတောင်းပန်လိုက်တာက လုံလောက်ပြီထင်လား "
ပေါသာရသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သူ့ကိုကြည့်နေသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်မှားတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်အသက်ကို ချမ်းသာပေးသရွေ့ လုပ်စေချင်တာမှန်သမျှ အကုန်လုပ်ပါ့မယ် "
" ဘာပဲဖြစ်ဖြစ်လား "
" ဟုတ်ကဲ့ပါ "
" ဒါဆို ကိုယ်တိုင် ရေကန်ထဲကို ခုန်ချလို့ရပြီ "
" အမ် .... "
ပေါသာရသည် ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားသည်။
ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်နေသည် ။
" ခင်ဗျားက ကျွန်တော်နဲ့ ကျွန်တော့မိတ်ဆွေကို ငါးစာကျွေးဖို့ ရေကန်ထဲ ပစ်ချမယ်လို့ ပြောခဲ့တာပဲ မဟုတ်လား။ မင်းရဲ့ကိုယ်ပိုင်ဆေးကို မြည်းစမ်းကြည့်ကြတာပေါ့။ ပြဿနာရှိလား "
" ဒါပေမယ့် ..... "
ပေါသာရ အနည်းငယ် ချီတုံချတုံဖြစ်နေသေးသည်။
ယဲ့ဖန်သည် လုံခြုံရေးအစောင့်အဖွဲ့ကို ချက်ချင်းကြည့်လိုက်သည်။
" မင်းတို့ သူဌေးပေါက သူ့ကိုယ်သူ မလုပ်နိုင်လို့ သူ့ကို ကူညီပေးနိုင်ကြမလား "
လုံခြုံရေးအစောင့်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူဌေးပေါကပင်လျှင် ထိုလူငယ်ကို အလွန်ကြောက်ရသည်။
တစ်ဖက်ကသူရဲ့ အမိန့်ကို မနာခံဖို့ သူတို့မှာ ဘယ်ကသတ္တိရှိမှာလဲ။
ချက်ချင်း ရှေ့ကို တိုးကပ်လာကြသည်။
ပေါသာရကို မြှောက်လိုက်ကြသည်။
ထို့နောက် ကောင်းကင်ဘုံနတ်ရေကန်ဆီသို့ လျှောက်သွားကြသည်။
အပိုင်း ( ၂၄၄ )
သူက ငါ့ကိုသိဖို့တောင် မထိုက်တန်ဘူး။
ပလုံ
ပေါသာရသည် ကောင်းကင်ဘုံနတ်ရေကန်ထဲသို့ ပစ်ချခံခဲ့ရပြီးနောက် အရူးအမူးလို စပြီးရုန်းကန်လာတော့သည်။
" ကူညီကြပါဦး ....... ဘယ်လိုရေကူးရမယ်မှန်းမသိဘူး ....... သေရပါတော့မယ် ..... "
ကောင်းကင်ဘုံနတ်ရေကန်မှ အလုပ်သမားများအားလုံးသည် ယဲ့ဖန်၏ အမူအရာကို စောင့်ကြည့်နေကြသည်။ သူတို့က ပေါသာရကို ကယ်သင့်လား၊ မကယ်သင့်လားကို မသိကြပေ။
ယဲ့ဖန်ကလည်း မလှုပ်ပေ။ သူက ဘာအရိပ်အယောင်မှ မပေးချေ။
ယဲ့ဖန်က ဘာမှမလုပ်တာကြောင့် ဝန်ထမ်းတွေက ပေါသာရ အသည်းအသန်ရုန်းကန်နေတာကို စောင့်ကြည့်နေရုံကလွဲပြီး ဘာမှ မလုပ်ဝံ့ကြပေ။
ကောင်းကင်ဘုံနတ်ရေကန်ရှုခင်းသာ ဧရိယာမှ ခရီးသွားအများအပြားက ရုန်းရင်းဆန်ခတ်သံတွေကြားတာကြောင့် ယဲ့ဖန်နှင့် အနီးနားကသူတွေကို ကြည့်နေကြသည်။
" ဘာဖြစ်တာလဲ။ အဲ့ဒီလူက ဘာလို့ ရေထဲမှာ ရောက်နေရတာလဲ။ သူ့ကို ကယ်ဖို့ ဘာလို့ ဘယ်သူကမှ ဆင်းမလာတာလဲ "
" အဲ့ဒီလူက ကောင်းကင်ဘုံနတ်ရေကန်ရှုခင်းသာဧရိယာရဲ့သူဌေးထင်တယ်။ သူ့ကို အဲ့လူငယ်လေးက ရေထဲပစ်ချလိုက်တာ ထင်တယ် "
" အို ဘုရားရေ၊ အဲ့တာက လူသတ်မှုပဲ မဟုတ်လား။ ဘာလို့ ဘယ်သူကမှ ဘာမှမလုပ်တာလဲ "
" အခြားသူတွေရဲ့ ကိစ္စမှာ ဝင်မစွက်ဖက်ဖို့ အကြံပေးချင်တယ်။ သူ့လိုလူကိုတောင် လူသိရှင်ကြားရေထဲပစ်ချဖို့ သတ္တိရှိတဲ့သူ့မှာ တောင့်တင်းတဲ့နောက်ခံရှိနေလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရှာနဲ့ "
" ဘုရားရေ၊ သူကကောင်းကင်ဘုံနတ်ရေကန်ရှုခင်းသာရဲ့သူဌေးကိုတောင် ရေထဲကို ပစ်ချလိုက်တယ်ဆိုတော့ ဒီလူငယ်က အားကောင်းတဲ့ နောက်ခံရှိရမယ် "
" ငါတို့ သူ့ကိုမကယ်ရင် သူက တကယ်သေတော့မယ် "
အားလုံးက အပြင်းအထန် ဆွေးနွေးနေကြချိန်မှာဘဲ .... ကျောင်းဖုလင်သည်လည်း ယဲ့ဖန်ကို သေချာစောင့်ကြည့်နေသည်။
အမှန်အတိုင်းပြောရလျှင် သူသည် ယဲ့ဖန်နှင့် အဆက်အသွယ် သိပ်မရှိသောကြောင့် ယဲ့ဖန် အကြောင်း သိပ်မသိပေ။
ဒါပေမယ့် ဒီနေ့မှာတော့ ဒီလူငယ်လေးရဲ့ နည်းစနစ်တွေကို သူ နောက်ဆုံးမှာ မြင်တွေ့ခဲ့ရတော့သည်။
သူက ကောင်းကင်ဘုံနတ်ရေကန်ရှုခင်းသာ၏သူဌေးကို ဖုန်းတစ်ကောဖြင့် ခေါင်းငုံ့ကာ အမှားကိုဝန်ခံစေရုံသာမက၊ တစ်ဖက်လူကို ရေထဲပစ်ချခိုင်းပြီး ပေါသာရက တောင်းပန်နေပေမဲ့ ဘာမှမလုပ်ပေ။
ယဲ့ဖန်၏ အဆက်အသွယ်ပဲဖြစ်ဖြစ်၊ သူ့ရဲ့ပြတ်သားမှုပဲဖြစ်ဖြစ် အားလုံးက ကျောင်းဖုလင် ထင်ထားတာထက် ကျော်လွန်သွားပြီဖြစ်သည်။
အထူးသဖြင့် အခုလက်ရှိတွင် ပေါသာရက ရေထဲတွင် ရုန်းကန်အကူအညီတောင်းနေသည်။ ပေါသာရက အချိန်မရွေးရေနစ်သွားနိုင်ပေမဲ့ ယဲ့ဖန်ကတော့ ငြိမ်သက်နေဆဲဖြစ်သည်။
မျက်နှာထားအပြောင်းအလဲပင်မရှိချေ။
ဒီလို တည်ငြိမ်မှုမျိုးက ချီးကျူးထိုက်ဖို့ လုံလောက်ပေသည်။
ဒါက သူ့ကို အသိဉာဏ်တစ်ခုရစေသည်။
ဤလူငယ်လေးနှင့် ရန်သူမဖြစ်ဘဲ မိတ်ဆွေသာဖြစ်သင့်သည်။
ဒီလိုမှမဟုတ်ရင် ဒီလိုရန်သူမျိုးရှိနေတယ်ဆိုတဲ့အတွေးနဲ့ သူ အေးအေးဆေးဆေး စားနိုင်သောက်နိုင်မှာ မဟုတ်ပေ။
တစ်ဖက်တွင်လည်း ဟွမ်းမေလီ၏ မျက်လုံးများက အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
ကျောင်းဖုလင်သည် မျိုးဆက်သစ်လူငယ်များတွင် အကောင်းဆုံးတစ်ယောက်ဟု သူမ ထင်ခဲ့သည်။
သူ့ထက် အများကြီးငယ်တဲ့လူငယ်တစ်ယောက်က ဒီလောက် အင်အားကြီးနေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။
တည်ငြိမ်မှု၊ ပြတ်သားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့က ထင်ရှားသည်။
ထိုအရာတွေက အောင်မြင်သူတိုင်းရှိသင့်သည့် စိတ်ဓာတ်ပင်ဖြစ်သည်။
ဒီလူငယ်၏အနာဂတ်က ကြီးမားခမ်းနားတဲ့ အောင်မြင်မှုတွေ စီးကြိုနေကြောင်း သူမတောင်မှ မြင်နိုင်သည်။
သူမသာ သူ့ကို စောစောတွေ့ခဲ့ပါက .......
အခုမှတော့ အဲ့တာတွေတွေးလို့ အသုံးမဝင်တော့ပေ။
ကံကောင်းစွာနဲ့ ကျောင်းဖုလင်ကလည်း မဆိုးပေ။
ကျောင်းဖုလင်၏လက်ရှိပိုင်ဆိုင်မှုများက သူ့မိသားစု၏ အခြေခံအုတ်မြစ်ကောင်းကြောင့်ဟုဆိုနိုင်ပေမဲ့ သူကလည်း အတော်လေး အလုပ်ကြိုးစားသူဖြစ်သည်။
ချမ်းသာသည့်ဒုတိယမျိုးဆက်သခင်လေးတွေယှဉ်ကြမည်ဆိုလျှင် သူ့အနေအထားက အတော်လေးအားကောင်းသည်ဟု ဆိုရမည်။
ပေါသာရ၏ အကူအညီတောင်းသံက တဖြည်းဖြည်းတိုးလာသည်။
ယဲ့ဖန်က ထိုအခါမှ လက်ကို အသာဝှေ့ယမ်းလိုက်သည်။
ကောင်းကင်ဘုံနတ်ရေကန်၏ဝန်ထမ်းများက ချက်ချင်းအသက်ကယ်လှေဖြင့် ပေါသာရကို ဆင်းကယ်ကြရသည်။
ထို့နောက် အရေးပေါ်အသက်ကယ်လုပ်ငန်းစဉ်များ လုပ်ဆောင်ကြသည်။
ထို့ကြောင့် ပေါသာရ အသက်ဘေးမှ သီသီလေးလွတ်လာသည်။
" အခု ကျွန်တော့်မိတ်ဆွေကို ဗီလာငှားပေးလို့ရပြီလား "
" ရပါပြီ၊ ရပါပြီ၊ ရပါပြီ။ ချက်ချင်း စီစဉ်လိုက်ပါ့မယ် "
ပေါသာရက ယဲ့ဖန်ကို ကြည့်ရင်း နတ်ဆိုးကိုမြင်ရသလို ထိတ်လန့်နေသည်။
အားနည်းနေတဲ့ ခန္ဓာကိုယ်ကိုပင် ချက်ချင်းတရွတ်တိုက်ဆွဲကာ ဗီလာအခန်းကို သွားဖယ်ခိုင်းတော့သည်။
သိပ်မကြာခင်မှာဘဲ သူဌေးသားတစ်ဦးနှင့် ကောင်မလေးတစ်ချို့တို့ကို လုံခြုံရေးက မောင်းထုတ်နေသည်အား တွေ့လိုက်ရသည်။
" ပေါသာရ၊ မင်းစောင့်နေလိုက်။ ငါပြန်ရောက်တာနဲ့ ငါ့အဖေကနေ မင်းနေရာကို မြေလာလှန်လိမ့်မယ် "
ထိုသူဌေးသားက ကျိန်ဆဲဆိုနေသည်။
ယဲ့ဖန်နားကဖြတ်သွားပြီး သူ့ကို စောင်းကြည့်သွားသေးသည်။
သူ့ကို နှင်ထုတ်ရတဲ့ အကြောင်းရင်းက သူ့ရှေ့က ဒီလူကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာကို သိပုံရသည်။
သူအိမ်ပြန်ရောက်တဲ့အခါ သူ့အဖေကို သေချာပေါက် လက်စားချေခိုင်းရမည်။
ထိုအချိန်တွင် ပေါသာရသည် မျက်မှောင်ကြုတ်ထားသည့် ယဲ့ဖန်နားကို ပြေးလာသည်။
" ယဲ့လူကြီးမင်း၊ ဗီလာကို စီစဉ်ပြီးပါပြီ "
ယဲ့ဖန်က ကျောင်းဖုလင်ကို လှည့်ကြည့်လိုက်သည်။
" အစ်ကိုကျောင်း၊ အားလုံးပြီးပြီဆိုတော့ အခုပဲ ရွှေ့လို့ရပါပြီ "
ကျောင်းဖုလင်က သူ့ပခုံးကို ပုတ်လိုက်သည်။
" ကျေးဇူးတင်ပါတယ်၊ ယဲ့ညီလေး။ အစ်ကိုရယ်။ ငါမင်းကို နောက်ထပ် အကြွေးတင်ပြန်ပြီ "
ယဲ့ဖန်ပြုံးလိုက်သည်။
" အစ်ကိုက ကျွန်တော့်ကို အပြင်လူတစ်ယောက်လို ဆက်ဆံနေတာလား။ ကျွန်တော်က အစ်ကိုလို သဘောထားတယ်ပေမယ့် အဲ့လို ကျေးဇူးကြွေးရှိသလို မဆက်ဆံပါနဲ့ "
ကျောင်းဖုလင် ရယ်လိုက်သည်။
" ကောင်းပြီ ဒါဆို ငါမင်းကို ယဉ်ကျေးမှာ မဟုတ်တော့ဘူး။ ငါတို့ သွေးသောက်ညီအစ်ကိုတွေဖြစ်ကြတာပေါ့။ လာပါ၊ အထဲဝင်ပြီး သောက်ကြရအောင် "
ယဲ့ဖန်က သဘောတူတော့မည်အချိန်တွင် ရုတ်တရက် ဖုန်းဝင်လာသည်။
ဖုန်းကိုထုတ်ကာ တစ်ချက်ကြည့်လိုက်သည်။
ခေါ်ဆိုသူက ရှန်းပိုင်ထျန်း ဖြစ်နေခဲ့သည်။
ယဲ့ဖန်က ချက်ချင်း ဖုန်းကိုင်လိုက်သည်။
" ယဲ့ဖန်၊ မိုကုန်း ဝင်သွားပြီ "
ရှန်းပိုင်ထျန်း၏ အသံသည် စိတ်လှုပ်ရှားနေကြောင်း သိသာသည်။
" သူဘယ်ဝင်သွားတာလဲ "
ယဲ့ဖန်သည် တခဏမျှ မတုံ့ပြန်နိုင်ခဲ့ချေ။
" သေချာပေါက် ထောင်ထဲဝင်တာပေါ့။ အားလုံးက နင့်ကြောင့်ပဲလေ "
" မဟုတ်တာ မပြောနဲ့။ ဒါက ကိုယ်နဲ့ ဘာဆိုင်လို့လဲ "
" နင် ဖုန်းကို ရဲဆီ မပို့ဘူးလို့ ပြောရဲလား "
" ကိုယ် ..... "
ယဲ့ဖန်သည် စကားမပြောနိုင်ဖြစ်သွားသည်။
သူ ဖန်းမြို့သို့ ပြန်မလာမီ မိုကုန်း၏ဖုန်းကို တာဝန်ရှိသူများထံသို့ အမည်ဝှက်ဖြင့် အမှန်တကယ်ပင်ပေးပို့ခဲ့သည်။
သူဒီလိုလုပ်ရတဲ့ အကြောင်းရင်းက မိုချောင်းရှန်းကို ကြောက်၍ မဟုတ်ပေ။
အဓိကအားဖြင့် အလုပ်ရှုပ်ခံပြီးပြဿနာမရှာချင်တာဖြစ်သည်။
အမည်ရင်းဖြင့် ပေးပို့ပါက သက်သေခံဖို့ စခန်းကိုသွားရမည်ဖြစ်သည်။
ကြေညာချက်ထုတ်ရန်နှင့် သက်သေခံချက်ပေးရန် ပြည်သူ့လုံခြုံရေးစခန်းသို့ သူသွားရမည်မှာ မလွဲမသွေဖြစ်သည်။
သူ့မှာ အဲ့ဒီလိုလုပ်ရန် အားလပ်ချိန် မရှိပေ။
" ဟိုအဘိုးကြီး မိုချောင်းရှန်းက တော်တော်လေးဒေါသထွက်နေလောက်ပြီထင်တယ် "
မိုချောင်းရှန်း၏ ဖြစ်နေမယ့်အမူအရာကို ယဲ့ဖန် တွေးမိသောအခါ သူ ရယ်ချင်လာသည်။
" အဲ့တာတော့ သေချာတယ်။ မိုကုန်း လုပ်ခဲ့တဲ့ အကြင်နာမဲ့လုပ်ရပ်တွေအပေါ် အခြေခံပြီးတွေးကြည့်မယ်ဆိုရင် သူ့ကို အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀လောက် ချမှတ်မယ်ထင်တယ်။ မိုချောင်းရှန်းက နင့်ကို အူထဲအသည်းထဲကနေ မုန်းနေမှာ။ သေချာ သတိထားသင့်တယ် "
" စိတ်မပူပါနဲ့၊ သူက အကြာကြီးလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဒီတစ်ခေါက်ပြန်လာရင် သူ့ကိစ္စကို သေချာရှင်းမှာ။ ထောင်ထဲမှာ သူနဲ့ သူ့သားကို ပြန်တွေ့နိုင်ဖို့ ကြိုးစားပေးလိုက်မယ် "
ယဲ့ဖန်ကပြောပြီးတဲ့နောက် ဖုန်းချလိုက်သည်။
ထိုအချိန်တွင် ကျောင်းဖုလင်က ရုတ်တရက် မေးလာသည်။
" ယဲ့ညီလေး၊ ခုနက ပြောခဲ့တဲ့ မိုချောင်းရှန်းက ကွမ်တုန်းတောင်ပိုင်းက မိုချောင်းရှန်းလား "
ယဲ့ဖန်က လှည့်ကြည့်လိုက်သည်။
" ဟုတ်တယ်၊ အစ်ကိုကျောင်း။ သူ့ကိုသိတာလား "
ကျောင်းဖုလင်၏မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။
" သူက ငါ့ကို သိဖို့မထိုက်တန်ပေမယ့် သူ့သခင်နဲ့တော့ ငါက အရမ်းရင်းနှီးတယ် "
ယဲ့ဖန် စိတ်ဝင်စားသွားရသည်။
" သူ့သခင်လား။ သူက ဘယ်သူလဲ "