အပိုင်း ၂၄၉-၂၅၂
Vol. 13 Ch. 249-252
အပိုင်း ( ၂၄၉ )
ဒီမေးခွန်းကြီးက သွားသေခိုင်းနေတာမဟုတ်ဘူးလား?
ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီက ပြောင်းလဲသွားတော့မှာလား။
ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီ၏ ဥက္ကဌ ကောဟွိုက်လျန်၏ကြေညာချက်ကို ကြားပြီးနောက် သူတို့အားလုံး ကြောင်သွားကြတော့သည်။
ကုမ္ပဏီဝန်ထမ်းအားလုံးလည်း ရှော့ခ်ရသွားကြသည်။
ထိုသတင်းက အလွန်ရုတ်တရက်ဆန်လွန်းသည်။
မတိုင်ခင်က သူတို့ထိုအကြောင်း တစ်ခါမှ မကြားခဲ့ဖူးပေ။
“ ဘုရားရေ၊ ယဲ့ဖန်က ငါတို့သူဌေးဖြစ်သွားပြီလား။ ငါအိပ်မက် မက်နေတာတော့ မဟုတ်ဘူးမလား ”
“ ဟုတ်ပါတယ်၊ ကျွန်တော်တို့ကုမ္ပဏီကို ဝယ်ချင်လို့လာမေးကြတဲ့သူတွေရှိပေမယ့် ယဲ့ဖန်လည်း ပါနေမယ်လို့မထင်ထားဘူးလေ ”
“ ယဲ့ဖန်ကဘယ်သူလဲ။ မင်းတို့တွေ သူ့ကို သိကြတယ်လား ”
အသစ်ဝင်လာပုံရသည့်ဝန်ထမ်းက ထိုသို့မေးလာ၏။
“ ယဲ့ဖန်က မန်နေဂျာရှုမန်ရဲ့ကောင်လေးလို့ သတင်းထွက်နေတဲ့တစ်ယောက်လေ ”
“ သတင်းထွက်နေတဲ့ကောင်လေး။ အဲ့တာ သူ့ကောင်လေးပဲကွ။ အိုကေလား။ မန်နေဂျာ ရှုကိုယ်တိုင် ဝန်ခံထားတာ ”
“ သေစမ်း၊ ဒါဆိုမန်နေဂျာရှုက ဘော့စ်ရဲ့ ဇနီးလေးဖြစ်သွားပြီပေါ့ ”
“ ဒါကြောင့် ပညာရေးမှတ်တမ်းတွေ ကောင်းပြီး အလုပ်ကောင်းကောင်းလည်းရှိတဲ့ မိန်းကလေးတစ်ယောက်က အိမ်ထောင် ကောင်းကောင်းကျတဲ့မိန်းကလေးနဲ့ မတူဘူးလို့ပြောကြတာကို။ ဆယ်နှစ်လောက် ရုန်းကန်ရင်တောင် ယောကျာ်းကောင်း တစ်ယောက်ရှာနိုင်ဖို့ခက်တယ် ”
“ ပြဿနာက သူအခုထိ ယဲ့ဖန်နဲ့ လက်မထပ်ရသေးတာပဲ။ ဒါဆို ငါတို့မှာ အခွင့်အရေးရှိသေးတယ်မလား ”
“အိပ်မက်မက်မနေနဲ့။ နင့်ရုပ်နင်လည်း မှန်ထဲမှာပြန်ကြည့်ဦး။ ရုပ်ရည်၊ စိတ်ထား၊ လုပ်နိုင်စွမ်း ဘယ်နေရာမှာများ နင်က မန်နေဂျာရှုနဲ့ယှဉ်နိုင်လို့လဲ။ ”
“ ငါကမန်နေဂျာရှုလောက် မချော၊ စိတ်မရှည်တတ်ပေမယ့် သူ့ထက်တော့ ပိုပြီးဆက်စီကျတယ်လေ။ ယဲ့လူကြီးမင်းက သူ့လိုပေါ့ရွှတ်ရွှတ်ကြီးကို မကြိုက်တော့ပဲ ငါနဲ့အကြိုက်တူနေရင် ဘယ်လိုလုပ်မလဲ ”
“ ပေါက်ကရတွေ… ”
တစ်ဖက်တွင်တော့ လူအုပ်ကြီး၏ဆွေးနွေးသံ တွေကိုကြားတာတောင် ရှုမန်မယုံနိုင်သေးပေ။
အစောက ယဲ့ဖန် သူမကို သူဒီကုမ္ပဏီကို လက်လွှဲယူဖို့လာခဲ့တာဟု ပြောခဲ့သည်။
ထိုအရာကို ယဲ့ဖန်စနေသည်ဟုပဲ သူမ ထင်ခဲ့တာဖြစ်သည်။
ကုမ္ပဏီမှာ သူမအဆင့်ကအလယ်အလတ် လောက်ရှိကာ ထိုအကြောင်းနှင့်ပက်သက်ပြီး ဘာမှမကြားခဲ့ဖူးချေ။
ဘာလို့ရုတ်တရက်ကြီး လက်လွှဲယူရတာလဲ။
အဲ့တာအပြင် ဝယ်လိုက်တဲ့သူကလည်း ယဲ့ဖန်ဖြစ်နေတယ်။
ဒါကြီးကလုံးဝအဓိပ္ပာယ်ရှိမနေဘူးလေ။
သူမဘဝကြီးကို သူမ သံသယဝင်နေမိချိန်တွင် ရုတ်တရက်ဆိုသလို ယဲ့ဖန်သူမဘက်လှည့်လာကာ သူမအား ကြည့်လာသည်။
“ အစ်မလည်းလာလေ ”
ရှုမန်အံ့ဩသွားရသည်။
“ ငါလာလို့သင့်တော်ပါ့မလား ”
ဤကဲ့သို့ရှယ်ယာလွှဲပြောင်းမှုမျိုးတွင် ဘုတ်အဖွဲ့ဝင်တွေနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေသာ ပါဝင်နိုင်တာဖြစ်သည်။
သူမက မန်နေဂျာပေါက်စလေး တစ်ယောက်သာဖြစ်သည်။
ယုတ္တိရှိရှိပြောရရင် ထိုကိစ္စမျိုးတွင် ပါဝင်ရန် သူမကအရည်အချင်းမပြည့်မှီပေ။
“ ကျွန်တော်ကအခု အစ်မရဲ့ဘော့စ်ဖြစ်သွားပြီ။ ကျွန်တော်သင့်တော်တယ်ဆိုရင် အဲ့တာက တကယ်လည်းသင့်တော်လို့ပဲ ”
ယဲ့ဖန်ပြောပြီးသည်နှင့် သူမလက်ကိုဆွဲကာ တုံ့ဆိုင်းမှုမရှိပဲ အစည်းအဝေးခန်းထဲ ဝင်ချသွားတော့သည်။
ထိုမြင်ကွင်းကိုမြင်တော့ အမှုဆောင်အဖွဲ့ဝင်တွေနှင့် ဝန်ထမ်းများအားလုံး တိတ်တဆိတ် အံ့ဩသွားကြရသည်။
ယဲ့ဖန်၏အပြုအမူများက ရှုမန်က သူ့မိန်းကလေးဆိုတာကို သိသာထင်ရှားစွာ ဖော်ပြနေလေသည်။
ရှုမန်အား တိတ်တဆိတ်ကြံနေကြသည့် ဌာနမှုးများမှာ သူတို့အကြံတွေကို လုံးဝ လက်လျှော့လိုက်ကြတော့သည်။
ဒီလောက်တောင့်တင်းတဲ့နောက်ခံနဲ့ဆို သူတို့ဘယ်လိုလုပ်ရှုမန်ကို ကြံရဲတော့မှလဲ။
သူမကိုဆန့်ကျင်တာက အသက်ရှင်ရတာ ပင်ပန်းလာတာကြောင့် ကိုယ့်လည်ပင်းကို ကြိုးဆွဲနေသည့် လူအိုကြီးတစ်ယောက်နှင့် တူမနေပေဘူးလား။
သို့သော် မကြာခင်တွင် ရှုမန် ရာထူးတိုးလောက်သည်။
သူတို့နှင့်ရှုမန်ကြားမှာ ပြိုင်နေစရာ ဘာတစ်ခုမှမရှိပေ။
သူမဆီမှာ သူတို့အထက်ကလူရှိနေတယ်လေ။ ပြီးတော့အဲ့လူကလည်း လုံးဝသွားထိလို့ မရတဲ့လူကြီး။
လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်က ချောချောမွေ့မွေ့ပဲ ပြီးဆုံးသွားသည်။
မိနစ်နှစ်ဆယ်ပင်မကြာလိုက်ပေ။
ကောဟွိုက်လျန် စာချုပ်ကိုသိမ်းကာ ယဲ့ဖန်အားအပြုံးတစ်ပွင့်နှင့်ကြည့်လိုက်သည်။
“ လူကြီးမင်းယဲ့၊ အားလုံးကို စကားနည်းနည်းလောက် ပြောလိုက်ပါဦး ”
ယဲ့ဖန်မတ်တပ်ထရပ်ကာ လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် ရိုးရှင်းသည့်စကားအနည်းငယ်ကိုသာ ပြောလိုက်သည်။
“ ပထမဆုံးအနေနဲ့ ကုမ္ပဏီရဲ့စီမံခန့်ခွဲရေးမှာ ကျွန်တော်ချက်ချင်း ဝင်မပါသေးပါဘူး။ လူတိုင်းလည်း လက်ရှိကိုယ့်အလုပ်ကို ဆက်လုပ်ကြပြီး အကုန်လုံးကို အရင်အတိုင်းပဲ ဆက်သွားဦးမှာပါ ”
ထိုစကားကြားမှ ကုမ္ပဏီ၏အမှုဆောင်အဖွဲ့မှာ စိတ်သက်သာရာရသွားကြတော့သည်။
ယဲ့ဖန် ကုမ္ပဏီရဲ့စီမံခန့်ခွဲပုံတွေကို ရောက်တာနဲ့တန်းပြောင်းပစ်မှာကို သူတို့ စိုးရိမ်နေကြတာဖြစ်သည်။
ယခုယဲ့ဖန်ပြောလိုက်သည့်စကားက သူတို့ကို စိတ်ငြိမ်ဆေးကျွေးလိုက်သလိုပင်။
“ ဒါပေမယ့်…”
ထိုအချိန်တွင် ယဲ့ဖန်ရုတ်တရက် အလှည့်အပြောင်းလုပ်လာတာကြောင့် လူတိုင်း၏နှလုံးသားမှာ လည်ချောင်းထဲထိ မြင့်တက်လာရပြန်သည်။
“ ကျွန်တော်နဲ့မန်နေဂျာရှုမန်က ဆက်ဆံရေးကောင်းတော့ သူ့ကိုကုမ္ပဏီရဲ့ဒုဥက္ကဌနေရာ ခန့်ချင်တယ်။ ကန့်ကွက်ချင်တဲ့သူရှိလား ”
ယဲ့ဖန် အပြုံးခပ်ဖွဖွဖြင့် လူတိုင်း၏အမူအရာကို လိုက်ကြည့်လိုက်သည်။
လူအုပ်ကြီးမှာ သူ့စကားကိုကြားတော့ မည်သို့ပြန်တုံ့ပြန်ရမည်ကို မသိတော့ပေ။
အာဏာကိုကိုယ်ကျိုးအတွက် အသုံးချတဲ့သူတွေကို သူတို့အများကြီး မြင်တွေ့ခဲ့ဖူးသည်။
သို့သော် ယခုလောက်ပေါ်တင်ကြီး အသုံးချတဲ့သူကိုတော့ အခုမှပထမဆုံး မြင်ဖူးတာပင်။
တခြားသူဌေးတွေ သူတို့ကြိုက်နှစ်သက်ရာနဲ့ ကစားလိုလျှင် သူတို့ကိုယ်တိုင်ပင် အကြောင်းပြချက်တွေရှာပေးလိုက်ဦးမှာ ဖြစ်သည်။
သို့သော် ဤဥက္ကဌအသစ်လေးကတော့ သူနဲ့ရှုမန်ကြားမှာ ဆက်ဆံရေးကောင်းရှိတာနဲ့ပဲ သူမကို ဒုဥက္ကဌနေရာ တိုက်ရိုက်ပေးပစ်လိုက်သည်။
ပြီးတော့လည်း သူတို့အမြင်ကိုတောင် မေးနေသေးတယ်တဲ့။
ဒီမေးခွန်းကသွားသေခိုင်းနေတာနဲ့ မတူနေဘူးလား။
သူတို့က ကန့်ကွက်ရဲမှာတဲ့လား။
“ ကန့်ကွက်စရာမရှိပါဘူးဗျာ။ မန်နေဂျာရှုမန်ရဲ့ လုပ်နိုင်စွမ်းကိုလည်း အကုန်လုံးသိထားပြီးသားပဲ။ မန်နေဂျာ တစ်ယောက်အနေနဲ့ဆို သူ့အစွမ်းအစတွေကို ဖြုန်းတီးသလိုဖြစ်နေမှာ ”
“ ဟုတ်တယ်၊ လူကြီးမင်းယဲ့ရဲ့ဆုံးဖြတ်ချက်က အရမ်းပညာသားပါပါတယ်။ ကျွန်တော်လည်း သဘောတူတယ်ဗျာ ”
“ မန်နေဂျာရှုက တကယ်ရှားပါးတဲ့လူမျိုးပဲ။ သူ့လုပ်ရည်ကိုင်ရည်နဲ့ဆို ဒုဥက္ကဌဖြစ်သင့်တာ ကြာနေပါပြီ ”
“ မိုင်ထောင်ချီပြေးနိုင်တဲ့ မြင်းမျိုးက လူတိုင်းမှာရှိပေမယ့် ပေါ်လဲ့ကတော့ ရှားတယ်လေ။ မန်နေဂျာရှုကလည်း တော်တဲ့အပြင် လူကြီးမင်းယဲ့ကလည်း အမြင်စူးရှပါပေတယ်။ ကျွန်တော်တော့ တကယ်အထင်ကြီးမိသွားပြီ! ”
သူတို့စကားများမှာ တစ်ဝက်သာအမှန်ဖြစ်ပြီး တစ်ဝက်ကအမှားဖြစ်သည်။
ရှုမန်၏လုပ်ရည်ကိုင်ရည်က တကယ်ကိုပဲ ကောင်းမွန်လှသည်။
သူမကအတွေ့အကြုံလည်းများသလို ဒုဥက္ကဌဖြစ်သင့်တာလည်း ကြာနေပြီဖြစ်သည်။
ထို့ကြောင့် ထိုအချက်နှင့်ပက်သက်ပြီး သူတို့အနေနှင့်ကန့်ကွက်စရာမရှိပေ။
သို့သော် ယဲ့ဖန်၏ထိုးထွင်းမြင်နိုင်တဲ့ မျက်လုံးကိုချီးကျူးတာကတော့ သူတို့ စိတ်ထဲကပါ၍မဟုတ်ပေ။
ယဲ့ဖန်နှင့်ရှုမန်တို့ကြားက ကောလဟလကို သူတို့ကြားပြီးသားဖြစ်သည်။
ဒါကအသိအသာကြီးကို သူ့ကိုယ်ကျိုးအတွက် အာဏာကိုအလွဲသုံးစားလုပ်နေတာပင်။
ဘာထိုးထွင်းမြင်နိုင်တဲ့မျက်လုံးမှ ရှိမနေဘူး။
တစ်ဖက်တွင်တော့ ထိုသတင်းကိုကြားချိန်၌ ရှုမန်စိတ်ထဲတွင်ဗလာကျင်းသွားတော့သည်။
ဒုဥက္ကဌရာထူးကိုရဖို့ သူမအမြဲစိတ်ကူးယဉ်နေခဲ့တာဆိုသော်လည်း…
ဒီနည်းမျိုးနဲ့ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
တခြားသူတွေနောက်ကွယ်မှာ သူမအကြောင်းကိုပြောကြမည်မှာ အသေအချာပင်။
သူမ ပျော်ရမည်လား စိတ်ညစ်ရမည်လားပင် မသိတော့ချေ။
ထိုအချိန်တွင် ယဲ့ဖန်သူမထံလျှောက်လာကာ သူမပုခုံးပေါ်လက်တင်လိုက်သည်။
“ အစ်မမန်၊ နောက်ကျရင် ကျွန်တော့်ကိုကူပြီး ကုမ္ပဏီမှာစောင့်ကြည့်ပေးရမယ်နော်။ တကယ်ဆို ဒါကမိသားစုစီးပွားရေး ဖြစ်သွားပြီလေ။ တခြားသူတွေဆီက အရူးလုပ်ခံနေလို့ မဖြစ်ဘူး ”
ဒီလောက်လူတွေအများကြီးရှေ့မှာ ယဲ့ဖန် သူမကိုတစ်ရင်းတစ်နှီးပြုမူလာလိမ့်မည်ဟု ရှုမန်မထင်ထားပေ။ သူမချက်ချင်း ရှက်သွားရသည်။
“ ဒီလောက်လူတွေအများကြီးရှိနေတာကို။ နည်းနည်းပါးပါး တည်တည်ကြည်ကြည် နေစမ်းပါ ”
ယဲ့ဖန်မျက်နှာထက်၌ ရန်စလိုသော အပြုံးတစ်ပွင့်ရှိနေသည်။
“ ဒါဆို အနားမှာဘယ်သူမှမရှိတဲ့အချိန်ကျရင်တော့ မသင့်တော်တာလုပ်လည်းရတယ်ပေါ့ ”
“ နင်… ”
ရှုမန် ထိုကောင်လေးအား ရိုက်ပစ်ချင်လာသည်။
သူမမျက်နှာဟာလည်း သွေးထွက်လုမတတ် နီရဲလာလေသည်။
ထိုနေရာရှိ အမှုဆောင်အဖွဲ့ဝင်များမှာတော့ မျက်နှာကြက်ကိုသာကြည့်နေကြကာ မမြင်ချင်ယောင်ဆောင်နေကြသည်။
ဒီလိုအရေးကြီးတဲ့အစည်းအဝေးမျိုးမှာတောင် လူကြားထဲချစ်ကြင်နာပြရဲသေးတယ်။
ဒါပေမယ့်လည်း သူတို့အနေနဲ့ သည်းခံနေရုံပဲရှိတယ်!
အပိုင်း ( ၂၅၀ )
ကမ္ဘာကြီးကျဉ်းတာပဲ
ထိုအချိန်တွင် အမျိုးသမီးလက်ထောက်တစ်ယောက်က အစည်းအဝေးခန်းကို တံခါးခေါက်ကာ အထဲဝင်လာလေသည်။
“ ဥက္ကဌကော၊ မိုလူကြီးမင်းရောက်နေပါတယ်။ သူ ဥက္ကဌနဲ့ ချိန်းထားပြီးသားလို့ပြောတယ် ”
သူမပြောသည်ကိုကြားတော့ ကောဟွိုက်လျန် ယဲ့ဖန်အားချက်ချင်း ညွှန်ပြလိုက်သည်။
“ အခုလူကြီးမင်းယဲ့က ဒီကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သွားပြီ။ ကုမ္ပဏီကိစ္စတွေကို ယဲ့ဖန်ကို တင်ပြနိုင်တယ် ”
ယဲ့ဖန် ချက်ချင်းပင်လက်ကာပြသည်။
“ ကျွန်တော်ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုကိစ္စတွေမှာ ချက်ချင်းဝင်မပါသေးဘူးလို့ ပြောခဲ့တယ်လေဗျာ။ ခင်ဗျားပဲ ဆက်ကိုင်တွယ်လို့ရပါတယ် ”
ကောဟွိုက်လျန်လည်း ထပ်ငြင်းမနေတော့ပေ။ မိန်းကလေး လက်ထောက်ဘက်လှည့်ကာ ပြောလိုက်သည်။
“ ငါသူနဲ့မတွေ့ဘူး။ ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီက သူဌေးပြောင်းသွားပြီလို့ပြောပြီး နောက်ထပ် ထပ်မလာပါနဲ့တော့လို့ ပြောလိုက် ”
“ ဟုတ်ကဲ့ ”
လက်ထောက်ဖြစ်သူလည်း ထိုသို့ပြန်ဖြေကာ လှည့်ထွက်သွားတော့သည်။
ယဲ့ဖန် ကောဟွိုက်လျန်အား သိချင်စိတ် ပြင်းပြစွာကြည့်လိုက်သည်။
“ သူကလည်း ဒုန်အန်းငွေကြေးအာမခံကုမ္ပဏီကို ဝယ်ချင်နေတဲ့သူလား ”
ကောဟွိုက်လျန် ခေါင်းညိတ်ပြလိုက်သည်။
“ ကွမ်တုန်းပြည်နယ် တောင်ပိုင်းက မိုလူကြီးမင်းလေ။ သူအရင်က ကျွန်တော်နဲ့ ဆက်သွယ်ဖို့လူနည်းနည်းလွှတ်ခဲ့ဖူးပေမယ့် ကျွန်တော်အကုန်လုံးကို ငြင်းလွှတ်လိုက်တာ။ ဒီတစ်ခါ သူကိုယ်တိုင်ရောက်လာမယ် မထင်ထားဘူး ”
ထိုလူက ကွမ်တုန်းပြည်နယ် တောင်ပိုင်းက လာသူဖြစ်ပြီး သူ့မျိုးရိုးနာမည်က မို ဖြစ်သည်ကို ယဲ့ဖန်ကြားလိုက်တော့ သူချက်ချင်း စူးစမ်းချင်မိသွားသည်။
“ သူ့နာမည်ကဘာတဲ့လဲ ”
“ မိုချောင်းရှန်း ”
“ အဲ့တာဘယ်သူလဲ ”
“ မိုချောင်းရှန်းပါ၊ ယဲ့လူကြီးမင်း အရင်က သူ့နာမည်ကြားဖူးလို့လား ”
ကောဟွိုက်လျန်လည်း သိချင်သွားရကာ အမူအရာမှာပြောင်းလဲသွားတော့သည်။
ယဲ့ဖန်၏မျက်နှာထက်၌ ထူးဆန်းသည့် အပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။
တကယ်ကိုပဲ…
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပဲ။
…
တစ်ဖက်တွင်တော့ မိုချောင်းရှန်းနှင့် သူ့လက်ထောက်မှာ ဒုန်အန်း ငွေကြေးအာမခံ ကုမ္ပဏီ၏ ဧည့်ခန်းထဲ၌ ထိုင်စောင့်နေသည်။
ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီသို့ မိုချောင်းရှန်း လူအနည်းငယ်လွှတ်ခဲ့ဖူးသည်။
သို့သော်အဆုံး၌ သူတို့အားလုံး မအောင်မြင်ပဲ ပြန်လာခဲ့ကြရသည်။
ထို့ကြောင့် ရွေးချယ်စရာမရှိတော့ပဲ ဤတစ်ကြိမ်တွင်တော့ သူကိုယ်တိုင် ရောက်လာရခြင်းဖြစ်လေသည်။
ထို့အပြင် ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီအား နဂိုပေါက်ဈေးထက် တစ်ဘီလီယံပိုပေးပြီး ဝယ်ဖို့ကိုပါ သူဆုံးဖြတ်ထားပြီးဖြစ်သည်။ ထိုပမာဏဆိုလျှင်တော့ မည်သူမှ တောင့်ခံနိုင်မည်မဟုတ်မှာ သေချာသည်။
ထိုသို့ဖြင့် မိုချောင်းရှန်းမှာ သူ့ကိုယ်သူ ဟုတ်လှပြီထင်နေလေ၏ ..
ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီ၏ လက်ထောက်ဖြစ်သူ ပြန်ရောက်လာကာ သူ့အားတလေးတစားပြန်ပြောလာသည်။
“ လူကြီးမင်းမို၊ ဘော့စ်က အထဲဝင်လာခဲ့ဖို့ ပြောလိုက်ပါတယ် ”
မိုချောင်းရှန်း မစောင့်နိုင်စွာ သူမ အနောက်မှ လိုက်လာခဲ့လိုက်သည်။
သူက အလွန်အလျင်လိုနေတာကြောင့် လက်ထောက်ကောင်မလေး ‘ဥက္ကဌကော’ အစား ‘သူဌေး’ လို့ပဲပြောသွားသည်ကိုပင် သတိမမူမိပေ။
လက်ထောက်မိန်းကလေး၏လမ်းပြမှုဖြင့် မိုချောင်းရှန်း အစည်းအဝေးခန်းမထဲသို့ ဝင်လာလိုက်ရာ အခန်းထဲ၌ လူအပြည့်ဖြစ်နေ၏။
စားပွဲ၏ထိပ်ဆုံးခုံရှိ သူဌေးထိုင်ခုံ၌ လူတစ်ယောက် သူ့အားနောက်ကျောပေးလျက် ထိုင်နေလေသည်။
မိုချောင်းရှန်း ထိုလူကိုမြင်တော့ ချက်ချင်းပင် အနည်းငယ်မကျေမနပ်ဖြစ်သွားရသည်။
ထိုင်ခုံနေရာအရဆို ထိုနေရာ၌ ထိုင်နေသူမှာ ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီ၏ဥက္ကဌ ကောဟွိုက်လျန်ဖြစ်ပေမည်။
ဒီဥက္ကဌက တော်တော်မောက်မာတာပဲ။
သူ့ဘက်က သူတို့ကိုအရင်ကြိုဆိုနှုတ်ဆက် ရမယ့်အစား ဧည့်သည်တွေကို နောက်ကျောတောင်ပေးထားသေးသည်။
ကြီးကျယ်လိုက်တာ!
သို့သော် မိုချောင်းရှန်းဘက်မှ သူ့ကို အကူအညီတောင်းစရာရှိနေတာကြောင့် ထိုမကျေနပ်မှုကို သူ့နှလုံးသားထဲ၌ သိမ်းဆည်းထားရုံသာ တတ်နိုင်လေသည်။
“ ဟယ်လို၊ ဥက္ကဌကော။ ကျွန်တော်က မိုချောင်းရှန်းပါ။ ဒုန်အန်း ငွေကြေးအာမခံ ကုမ္ပဏီကို ဝယ်ယူဖို့ကိစ္စနဲ့ပက်သက်ပြီး ဆွေးနွေးချင်တာလေးရှိလို့ ရောက်လာတာပါ.. ”
သူပြောလက်စ စကားမပြီးသေးခင်မှာပဲ ရုတ်တရက် ဥက္ကဌထိုင်ခုံက သူ့ဘက်လှည့်လာ၏။
ထို့နောက် ဒီနေရာတွင် သူဘယ်တော့မှမြင်ရမည်ဟု စိတ်မကူးကြည့်ဖူးသော မျက်နှာတစ်ခု သူ့မျက်စိရှေ့တွင်ပေါ်လာ၏။
ယဲ့ဖန်!
မိုချောင်းရှန်း သူ့မျက်လုံးသူ မယုံနိုင်စွာ ပွတ်သပ်လိုက်မိသည်။
ဟုတ်တယ်။
ဒါယဲ့ဖန်ပဲ!
“ မင်း… မင်းဒီမှာဘာလုပ်နေတာလဲ ”
မိုချောင်းရှန်း ချက်ချင်းပင်အော်လိုက်မိသည်။
“ ငါကဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီရဲ့ သူဌေးလေ။ ဘာလို့ဒီမှာမရှိရမှာလဲ ”
ယဲ့ဖန်၏မျက်နှာထက်၌ လျော့ရဲရဲ အပြုံးတစ်ပွင့်ရှိနေ၏။
“ ဘာ။ မင်းက ဒုန်အန်း ငွေကြေးအာမခံ ကုမ္ပဏီရဲ့သူဌေးလား။ ကောဟွိုက်လျန် ကရော ”
ထိုစကားကိုကြားတော့ မိုချောင်းရှန်းမှာ ပိုလို့ပင်အံ့ဩသွားရသည်။
ထိုအချိန်တွင် ယဲ့ဖန်နောက်၌ထိုင်နေသည့် ကောဟွိုက်လျန်မှာ သူ့အားပြုံးပြလာလေသည်။
“ ကျွန်တော်က ကောဟွိုက်လျန်ပါ။ ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီကို ယဲ့လူကြီးမင်း အပြည့်အဝပိုင်သွားပြီဖြစ်တာကြောင့် အခု ဒုန်းအန်းရဲ့ဥက္ကဌက ယဲ့လူကြီးမင်းပါ။ စိတ်မကောင်းပါဘူး၊ မင်းခြေတစ်လှမ်း နောက်ကျသွားတယ် ”
မိုချောင်းရှန်းစိတ်ထဲ ဗလာကျင်းသွားရသည်။
သူအစောကပြင်ဆင်ခဲ့သည့် ဆင်ခြေမှာ လုံးဝကိုအသုံးမဝင်တော့ပေ။
ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီရဲ့သူဌေးက ရုတ်တရက်ကြီးပြောင်းသွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။
ပြီးတော့ အဲ့ဥက္ကဌက ယဲ့ဖန်ဖြစ်နေသေးတယ်။
၎င်းမှာ သူ့အားမိုးကြိုးပစ်ချလိုက်သလိုပင်။
ယဲ့ဖန်ခြေချိတ်ထိုင်လိုက်ကာ မိုချောင်းရှန်းအားကြည့်လိုက်သည်။
“ ခင်ဗျား ဒီကုမ္ပဏီကိုဝယ်ဖို့ကိစ္စအတွက် လာတာမဟုတ်ဘူးလား။ ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီကို ဘယ်လောက် ပေးဝယ်မယ်လို့စဉ်းစားထားလဲ ”
မိုချောင်းရှန်း မျက်လုံးသာလှန်လိုက်မိတော့သည်။
“ ငါသိသလောက်ကတော့၊ ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီက 3 ဘီလီယံ တန်နေပြီ။ ဒုန်အန်းရဲ့ရှယ်ယာအကုန်လုံးကို 4 ဘီလီယံ ပေးဝယ်ဖို့ဆန္ဒရှိတယ်! ”
သူထိုသို့ပြောပြီးသည်နှင့် အစည်းအဝေးခန်းမကြီးတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။
မိုချောင်းရှန်း၏ကမ်လှမ်းချက်မှာ အလွန်တရာများလှသည်။
သူတို့လက်ထဲမှာသာ ဒုန်အန်းရှိနေသေးရင် သေချာပေါက်မတုံ့ဆိုင်းပဲ သဘောတူလိုက်မှာပင်။
ကံမကောင်းစွာနဲ့ ယခုဒုန်အန်း၏ဥက္ကဌမှာ ယဲ့ဖန်ဖြစ်သည်။
လူတိုင်းမှာ ယဲ့ဖန်၏စီးပွားရေးအကွက်မြင်နိုင်စွမ်းကို လေးစားသွားရသည်။
မိုချောင်းရှန်းဘက်က မိုးလောက်မြင့်တဲ့ ဈေးနဲ့ကမ်းလှမ်းလာမှာကို သူကြိုသိထားတာလား။ အဲ့တာကြောင့် သူ့ဘက်ကအရင်ဦးအောင် ဒုန်အန်းကို ဝယ်လိုက်တာလား။
ဒီလိုဆိုရင် သူကနေရင်းထိုင်ရင်း တစ်ဘီလီယံတောင်မြတ်သွားပြီလေ။
ဒီပိုက်ဆံရှာတဲ့နှုန်းကြီးက တကယ်ကြောက်စရာပဲ!
ထိုအကြောင်းပြောရလျှင် သူတိုအားလုံးမှာ ရင်းနှီးမြှုပ်နှံမှုလောကထဲကလူတွေဖြစ်သည်။
သို့ပေမယ့် ပိုက်ဆံရှာနိုင်တဲ့နှုန်းမှာတော့ အသက်နှစ်ဆယ်အရွယ် ကောလိပ်ကျောင်းသားလေးကိုပင် မယှဉ်နိုင်ကြပေ။
သို့သော် သူတို့ယဲ့ဖန်ကို အထင်လွဲနေကြတာပင်။
မိုချောင်းရှန်း၏ကမ်းလှမ်းသည့်ဈေးကို ကြားတော့ ယဲ့ဖန့်ဘာခံစားချက်မှ မပြလာပေ။
“ 4 ဘီလီယံလား။ နည်းလွန်းတယ် ”
ယဲ့ဖန်စကားကိုကြားတော့ ဒုန်အန်း၏ အထက်လူကြီးများမှာ မျက်လုံးသာ လှန်လိုက်မိတော့သည်။
မင်းတောင် ဒုန်အန်းကို ၃ ဘီလီယံနဲ့ ဝယ်ထားတာလေ။
အခုသူက ၄ ဘီလီယံပေးနေတာကွ။
အဲ့တာတောင် နည်းတယ်ထင်နေတုန်းလား။
ယဲ့ဖန်မှာ ဆင်ကိုမျိုနေသောမြွေလို မတင်းတိမ်နိုင်သလိုမျိုးပင်။
ယဲ့ဖန်ပြောလိုက်သည်ကိုကြားတော့ မိုချောင်းရှန်း အံကြိတ်လိုက်မိသည်။
“ ဒါဆို မင်းကဘယ်လောက်လိုချင်တာလဲ ”
ယဲ့ဖန် ဖြေးဖြေးချင်း သူ့လက်ချောင်းတွေကို ဖြန့်ပြလိုက်သည်။
“ ၁၀ ဘီလီယံ! ”
“ ဖူး…”
ထိုနေရာ၌ရှိနေသည့်လူတိုင်း သွေးအန်မိလုနီးပါးဖြစ်သွားရသည်။
မင်းတကယ်ကြီး ဒီဈေးကိုထုတ်ပြောရဲတယ်ပေါ့။
ထိုမိုးလောက်မြင့်တဲ့ဈေးမျိုးကို သူခေါ်လိုက်ပေမယ့် နေရာမှာတင် ထိုငွေကို သူချေလိုက်နိုင်သည်။
ဒါကိုမင်းက ၁၀ ဘီလီယံတောင်းတယ်။ ဒါကြီးကတော့ သိပ်များလွန်းသွားပြီ။
၁၀ ဘီလီယံနဲ့ဆို ဒုန်အန်းလိုကုမ္ပဏီသုံးခု လောက်တောင် သူဝယ်လို့ရနေပြီ။
မိုချောင်းရှန်း ယဲ့ဖန်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ ဘယ်သူက ဒီလောက်ကြီးတောင်းလို့လဲ။ မင်းငါ့ကို သက်သက်လာကစားနေတာပဲ ”
ယဲ့ဖန်အံ့ဩသွားရသည်။
“ ဒါကိုတောင်မြင်နိုင်တယ်လား။ ကြည့်ရတာ ထင်သလောက်တော့ မတုံးသေးဘူးထင်တယ် ”
“ မင်း…”
မိုချောင်းရှန်း ယဲ့ဖန်အား အသည်းထဲကနေကို မုန်းသည်။
ထိုကောင်လေးက သူ့သားကို ထောင်ထဲထည့်ခဲ့တဲ့သူဖြစ်သည်။
အခုကျတော့ သူ့အသွေးအသားကို စားသုံးပြီး သူ့အရေခွံကိုခြုံကာ အိပ်ချင်နေသည်။
သို့သော် သူဒီနေ့ဒီနေရာကို စီးပွားရေးကိစ္စ ဆွေးနွေးရန်ရောက်လာတာဖြစ်သည်။
ထို့ကြောင့် အသက်ပြင်းပြင်းတစ်ရှိုက်ရှူပြီးနောက် မိုချောင်းရှန်း တစ်ဖက်လှည့်ကာ ဒုန်းအန်း၏အမှုဆောင်ဒါရိုက်တာများကို ကြည့်လိုက်သည်။
“ လူကြီးမင်းတို့ထဲကဘယ်သူများ ဒုန်းအန်းမှာ ရှယ်ယာဝင်ထားသေးလဲ။ ကျွန်တော် ဈေးနှစ်ဆပေးပြီး ပြန်ဝယ်ပါ့မယ် ”
သူတို့လည်းရောင်းချင်ပါသည်။
ဒါပေမယ့် ပြဿနာက သူတို့ရှယ်ယာတွေ အကုန်လုံးကို ယဲ့ဖန်ကိုရောင်းလိုက်ကြပြီ ဖြစ်သည်။
တစ်ခုလေးတောင်မကျန်တော့ပေ။
ကောဟွိုက်လန်မှာ ခေါင်းယမ်းကာ သက်ပြင်းသာချလိုက်မိသည်။
“ မိုလူကြီးမင်း၊ စိတ်မကောင်းပါဘူးဗျာ။ ယဲ့လူကြီးမင်းက ဒုန်အန်းရဲ့ ရှယ်ယာတွေကို 100% ပိုင်ဆိုင်ထားတာပါ ”
ထိုသည်ကိုကြားတော့ မိုချောင်းရှန်း ကြက်သေသေသွားရသည်။
ရှယ်ယာ 100% လုံးလား။
ဒါဆို…
ဒုန်အန်းက ယဲ့ဖန်အပိုင်ဖြစ်သွားပြီပေါ့။
အပိုင်း ( ၂၅၁ )
ပြင်းထန်မှုကို တိုင်းတာမယ်
“ ယဲ့ဖန်၊ ကြည့်ရတာ ငါတို့စကားကောင်းကောင်းပြောဖို့ လိုနေပြီထင်တယ် ”
တကယ်တော့ မိုချောင်းရှန်းဟာ မုန်တိုင်းတွေ လှိုင်းဒဏ်တွေကို အများကြီးခံခဲ့ရသူဖြစ်တာ ကြောင့် အမြန်ပင်စိတ်ငြိမ်ငြိမ်ထားကာ ယဲ့ဖန်အားကြည့်လိုက်သည်။
“ ခင်ဗျားက ဘယ်လိုညှိနှိုင်းချင်လို့လဲ ”
ယဲ့ဖန် ရှုမန်ထံမှ ရေတစ်ခွက်ယူလိုက်ကာ တစ်ကျိုက်သောက်လိုက်သည်။
“ အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ မင်းစိတ်လိုက်မာန်ပါမလုပ်သင့်ဘူးလေ။
အရင်က ငါတို့ကြားမှာ ဘယ်လောက်ပဲ အာဃာတတွေရှိခဲ့ပါစေ၊ အဲ့တာတွေကို ဘေးဖယ်ပြီး စီးပွားရေးကိုပဲ အာရုံစိုက်သင့်တယ်လို့ မထင်ဘူးလား ”
မိုချောင်းရှန်း သူ့ကိုယ်သူ စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။
“ ကျွန်တော်လည်း အဲ့လိုထင်ပါတယ်။ အဲ့တာကြောင့်ပဲ ခင်ဗျားနဲ့ဒီလို စီးပွားရေး ကိစ္စပြောနေတာလေ ”
ယဲ့ဖန် ခြေချိတ်ထိုင်လိုက်ကာ သူ့အား တည်ငြိမ်စွာကြည့်လိုက်သည်။
“ ကောင်းပြီ၊ ဒါဆိုစီးပွားရေးကိစ္စ ပြောရအောင်။ ငါတကယ်ကို ဒုန်းအန်းကို ပြန်ဝယ်ချင်တယ်။ ၅ ဘီလီယံထိ ငါပေးနိုင်တယ်။ မင်းဒီကိစ္စကိုစဉ်းစားပေးဖို့ မျှော်လင့်တယ် ”
မိုချောင်းရှန်း သူ့အား မျှော်လင့်တကြီး ကြည့်လာသည်။
ဒုန်းအန်း၏အမှုဆောင်ဒါရိုက်တာများမှာ နောင်တအပြည့်နှင့်ဖြစ်သွားရသည်။
ယွမ် ၅ ဘီလီယံက ဒုန်အန်းရဲ့ လက်ရှိပေါက်ဈေးထက် အများကြီးမြင့်လေသည်။
သူတို့သာတစ်ရက်လောက်နောက်ကျမှ ရောင်းရင် ၂ ဘီလီယံတောင်မြတ်ဦးမှာ။
ထိုအတွေးက သူတို့နှလုံးသားကို နာကျင်လာစေသည်။
ယဲ့ဖန် သူ့ဘက်ကကမ်းလှမ်းချက်ကိုကြားတော့ ရန်စသည့်အပြုံးတစ်ပွင့်ပြုံးလိုက်သည်။
“ ကျွန်တော်ပြောပြီးပြီလေ၊ ၁၀ ဘီလီယံပဲ။ ထပ်မလျှော့နိုင်ဘူး ”
မိုချောင်းရှန်း၏မျက်နှာအမူအရာမှာ ရုတ်ချည်းပင် အေးစက်သွားသည်။
“ ယဲ့ဖန်၊ မင်းတကယ်ငါနဲ့ ရန်သူဖြစ်ချင်နေတာလား ”
“ ကျွန်တော်ကမဟုတ်ပါဘူးပြောရင်တောင် ခင်ဗျားက ကျွန်တော့်ကိုအလွတ်ပေးမှာ မို့လို့လား။ ဒီလိုဆိုမှတော့ ကျွန်တော် မသေရင် ခင်ဗျားသေရမှာပဲ။ ကျုံးဟိုင်မှာ ယဲ့ဖန်ဆိုတဲ့ကျွန်တော်ရှိနေသရွေ့၊ မိုချောင်းရှန်းဆိုတဲ့ခင်ဗျား ရပ်စရာ နေရာတစ်နေရာတောင်မရစေရဘူး ”
ယဲ့ဖန် သူနဲ့စကားပြိုင်ပြောရမှာကိုပင် ပျင်းတာကြောင့် တိုက်ရိုက်ပင် ရိုင်းစိုင်းစွာပြောဆိုလိုက်တော့သည်။
“ ငါဒီလိုလုပ်အောင်မင်းပဲတွန်းအားပေးခဲ့တာ ”
မိုချောင်းရှန်း လက်သီးတင်းတင်းဆုပ်လိုက်မိသည်။
“ စိန်လိုက်လေ ”
ယဲ့ဖန်ပြုံးကာ သူ့အားလက်ယပ်ခေါ်လိုက်သည်။
မိုချောင်းရှန်းလည်း ဒေါသကိုချုပ်တည်းကာ တစ်ဖက်ရှိအမှုဆောင်ဒါရိုက်တာများကို ကြည့်လိုက်သည်။
“ အားလုံးပဲ၊ ကျွန်တော်ငွေကြေးအာမခံ ကုမ္ပဏီတစ်ခုထောင်မလို့ပြင်နေတာ၊ အဲ့တာ စီမံခန့်ခွဲမှုအပိုင်းမှာ လူလိုနေလို့ ကျွန်တော်နဲ့ အလုပ်အတူတွဲလုပ်ချင်တဲ့သူရှိလား ”
ဒုန်းအန်းမှအမှုဆောင်အဖွဲ့ဝင်များလည်း သူ့စကားကိုကြားတော့ တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်လိုက်မိသည်။
ဒီမိုချောင်းရှန်းကတော့ စိတ်အတိုလွန်ပြီး နည်းနည်းလွတ်သွားတာလား။
ဒုန်းအန်းရဲ့စီမံခန့်ခွဲမှုအစည်းအဝေးကိုလာပြီး အမှုဆောင်ဒါရိုက်တာတွေကို လာမနေတယ်။
ထိုအခိုက်အတန့်တွင် လူတိုင်းသူ့အား အရူးတစ်ယောက်ကဲ့သို့ကြည့်လာကြသည်။
မိုချောင်းရှန်းထိုအရာကို စိတ်ထဲထားမနေပဲ ဆက်ပြောလာသည်။
“ ဒုန်းအန်းမှာခင်ဗျားတို့ရတဲ့လစာထက် နှစ်ဆဖြစ်စေရမယ်လို့ ကျွန်တော် အာမခံတယ်။ ပြီးတော့ ခင်ဗျားတို့မှာ နဂိုရှိခဲ့တဲ့ ရှယ်ယာအတိုင်းပြန်ပေးမယ်။ ဒီလောက်ဆိုဒုန်းအန်းထက်အများကြီး ပိုသာနေပြီမလား ”
သူထိုသို့ပြောလိုက်သည်နှင့် အစည်းအဝေးခန်းမထဲ၌ ချက်ချင်း ပွက်ပွက်ညံသွားတော့သည်။
ဒုန်အန်း၏အမှုဆောင်ဒါရိုက်တာများမှာ အချင်းချင်းတီးတိုးပြောနေကြတော့သည်။
“ တကယ်လား၊ လစာက ဒုန်းအန်းထက် နှစ်ဆပေးမှာလား။ နဂိုငါတို့မှာရှိတဲ့ရှယ်ယာ တွေပါ ပြန်ရမှာလား။ ငါအိပ်မက်မက်နေတာတော့မဟုတ်ဘူမလား ”
“ သူပြောခဲ့တဲ့အတိုင်းသာ တကယ်အကုန် လုပ်ပေးမယ်ဆိုရင် ငါတော့ နည်းနည်း ဆွဲဆောင်ခံလိုက်ရပြီ ”
“ ငါကတော့ သူကတိမတည်မှာကြောက်တယ်။ မိုချောင်းရှန်းက တောင်ပိုင်းကွမ်တုန်းပြည်နယ်ကလေ။ ကျုံးဟိုင်မှာ ဘာအခြေမှ ရှိတာမဟုတ်ဘူး။ နှစ်ရက်လောက်နဲ့ ကုမ္ပဏီ ပိတ်လိုက်ရရင် ဘယ်လိုလုပ်မလဲ ”
“ ဟုတ်တယ်၊ အဲ့လိုဖြစ်မှ ငါတို့မှာ ငိုစရာနေရာတောင်မရှိပဲဖြစ်နေမယ် ”
သူတို့စိုးရိမ်မည့်အရာများကို မိုချောင်းရှန်း ကြိုတင်မျှော်မှန်းထားပြီးသားဖြစ်သည့် အတွက် သူချက်ချင်းထပ်ပြောလိုက်သည်။
“ ကျွန်တော်မိုချောင်းရှန်းက ခင်ဗျားတို့ ယုံကြည်ရလောက်တဲ့အထိ အင်အားမတောင့်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော့်နောက်မှာ ဖုလီကော်ပိုရေးရှင်းရှိနေပါတယ်ဆိုရင်ရော ယုံကြမလား ”
သူပြောပြီးသည်နှင့် ထိုလူကြီးများကြားတွင် ဆွေးနွေးသံတွေ ထပ်မံထွက်ပေါ်လာပြန်သည်။
“ ဖုလီကော်ပိုရေးရှင်း။ မိုချောင်းရှန်းက ဖုလီကော်ပိုရေးရှင်းကလား ”
“ ဖုလီကော်ပိုရေးရှင်းက တကယ့်ကုမ္ပဏီအကြီးကြီးမဟုတ်ဘူးလား။ သူတို့သာ တကယ်ကျုံးဟိုင်ကိုဝင်လာရင် သေချာပေါက်အောင်မြင်မှာပဲ! ”
“ ဖုလီကော်ပိုရေးရှင်းသာဆိုရင် တကယ်ကို ဘုရားပေးတဲ့ဆုလာဘ်ပဲ။ ငါတို့ သေချာဂရုတစိုက် ဆုံးဖြတ်မှရမယ် ”
“ ဘာကိုစဉ်းစားနေဦးမှာလဲ။ အခုဆို ဖုလီကော်ပိုရေးရှင်းက ကျုံးဟိုင်မှာ ကုမ္ပဏီအခွဲမထောင်ရသေးဘူး။ ဒါက ငါတို့အဲ့ကိုဝင်နိုင်မယ့်အခွင့်အရေးပဲ။ သူတို့သာတကယ်အတည်တကျဖြစ်သွားပြီဆိုရင် ငါတို့မှာအခွင့်အရေးရှိလာနိုင်တယ် ”
“ ဒါကကျိုးကြောင်းဆီလျော်တယ်! ”
မိုချောင်းရှန်း လူတိုင်းလှုပ်ရှားတော့မည့် အရိပ်အယောင်ကိုမြင်တာကြောင့် ထပ်ဖြည့်ပြောလိုက်သည်။
“ ကျွန်တော်ကတော့ ခင်ဗျားတို့ကို အခွင့်အရေးပေးပြီးပြီ။ ယူတာမယူတာကတော့ ခင်ဗျားတို့သဘောပဲ။ ကျွန်တော့်ကုမ္ပဏီကိုဝင်ချင်တဲ့သူရှိရင် မတ်တပ်ရပ်ပေးပါ ”
ဒုန်းအန်း၏အမှုဆောင်ဒါရိုက်တာများမှာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ချက်ချင်းပင် တစ်ယောက်မတ်တပ်ထရပ်လာကာ သူ့ထံ လျှောက်သွားလေသည်။
တစ်ယောက်ကဦးဆောင်ပြီးထလိုက်တော့ ချက်ချင်းပင် တခြားလူတွေလည်း လိုက်ထကြတော့သည်။
ဟူးလားလား…
တစ်ခဏအတွင်းမှာပဲ လူတစ်ဝက်မျှသာ ကျန်တော့သည်။
ထိုလူတွေအားလုံးက ယဲ့ဖန်နှင့် ဆန့်ကျင်ဘက်မှာရပ်တည်လိုက်ကြပြီ ဖြစ်သည်။
ကျန်တစ်ဝက်မှာ ကောဟွိုက်လျန်ကို ကြည့်နေကြသည်။
အသိအသာကိုပင် ထိုတစ်ဝက်မှာ ကောဟွိုက်လျန်၏လူယုံများဖြစ်ကြသည်။
အခုသူတို့အားလုံးက ကောဟွိုက်လျန်၏ ဆုံးဖြတ်ချက်ကိုစောင့်နေကြတာဖြစ်သည်။
ကောဟွိုက်လျန်သာ မိုချောင်းရှန်းနှင့် ပူးပေါင်းချင်လျှင်…
သူတို့လည်း တစ်စက်ကလေးမှ တုံ့ဆိုင်းမနေပဲ ထွက်သွားလိုက်မှာပင်။
ကောဟွိုက်လျန်ဟာတော့ တစ်ခွန်းမှမဟပဲ ထိုနေရာ၌သာ ထိုင်မြဲထိုင်နေ၏။
ထိုကိစ္စတွေမှာ သူနှင့်ဘာမှမသက်ဆိုင်သလိုပင်။
ထိုအခြင်းအရာကိုမြင်တော့ မိုချောင်းရှန်း သူ့အားဆွဲဆောင်ရန်ပါးစပ်ဟလိုက်သည်။
“ ဥက္ကဌကော၊ ဒုန်အန်းမှာ ခင်ဗျားရဲ့ရှယ်ယာတွေမရှိတော့ဘူးမလား။ ဘာတွေတုံ့ဆိုင်းနေတာလဲ။ ခင်ဗျားသာ ကျုပ်တို့ကုမ္ပဏီကိုလာရင် ဥက္ကဌဆက်လုပ်ချင်ရင် လုပ်လို့ရတယ်။ ကျုပ်ခင်ဗျားကို ရှယ်ယာ ၁၀% ပေးမယ် ”
သူပြောတာကိုကြားတော့ လူတိုင်းထိတ်လန့်သွားကြသည်။
မိုချောင်းရှန်း၏ကမ်းလှမ်းချက်ကိုကြားသည့်သူတိုင်း ကောဟွိုက်လျန်ဘယ်လောက် တန်သည်ဆိုတာကို လူတိုင်းသိနိုင်သည်။
သူတို့သာရွေးရမယ်ဆိုရင်…
သေချာပေါက် ယဲ့ဖန်နဲ့ ဒုန်အန်းကို တစ်ချက်မှ တွေဝေမနေပဲစွန့်ပစ်လိုက်မှာပင်။
တကယ်ဆိုဒုန်အန်းမှာ ကောဟွိုက်လန်၏ ရှယ်ယာလည်းမရှိတော့ပေ။
ထပ်ပြောရလျှင် အင်ပါယာတိုင်းမှာ နန်းတွင်းသူနန်းတွင်းသားတွေရှိသည်။
တစ်ရက်ကျလျှင် ယဲ့ဖန်သူ့ကို အယုံအကြည်မရှိတော့တဲ့အခါ သူ့နေရာမှာ သူယုံကြည်ရတဲ့တစ်ယောက်ကို အစားထိုးလိုက်နိုင်သည်။
အဲ့လိုသာဖြစ်လာရင် သူလည်းပဲ တိုက်ရိုက်သင်္ဘောပြောင်းသွားမှာပင်။
ဒီမှာဆို ဥက္ကဌဆက်လုပ်နိုင်ရုံတင်မကပဲ ရှယ်ယာ ၁၀% လည်းရဦးမည်ဖြစ်သည်။
အရူးတောင်ဘာရွေးရမလဲဆိုတာ သိပေလိမ့်မည်။
ထို့အပြင် ကောဟွိုက်လျန်ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ့လူယုံတွေလည်း သူနဲ့အတူ လိုက်ထွက်ကြမှာပင်။
အထက်လူကြီးတွေအကုန်နှုတ်ထွက်သွားရင် ဒုန်းအန်းလည်းချက်ချင်းပြိုလဲသွားမည်ဖြစ်ကာ ယဲ့ဖန်လက်ထဲ၌ အခွံသက်သက်သာ ကျန်ခဲ့တော့မည်ဖြစ်သည်။
မိုချောင်းရှန်း၏ပြင်းထန်သည့်ရိုက်ချက်မှာ တကယ်ရက်စက်လေသည်။
ဤအခိုက်အတန့်တွင် လူတိုင်း၏မျက်လုံးများမှာ ကောဟွိုက်လျန် အပေါ်၌သာကျရောက်နေလေသည်။
သူ့ဆုံးဖြတ်ချက်ကို လူတိုင်းစောင့်ဆိုင်းနေမိသည်။
ထိုအချိန်၌ ကောဟွိုက်လျန် ရုတ်တရက် မတ်တပ်ထရပ်ကာ ယဲ့ဖန်အား တောင်းပန်လာသည်။
“ ယဲ့လူကြီးမင်း၊ ကျွန်တော် တောင်းပန်ပါတယ် ”
အပိုင်း ( ၂၅၂ )
ခင်ဗျားကတော့ ဒီထက်ပိုပြီး ထိန်းမထားနိုင်လောက်တော့ဘူး
ကောဟွိုက်လျန်၏စကားကိုကြားပြီးတဲ့နောက်မှာတောင် ယဲ့ဖန်သည် အေးဆေးတည်ငြိမ်သောအမူအရာရှိနေဆဲဖြစ်ကာ မျက်နှာတွင် ဘာခံစားချက်မှမပြခဲ့ပေ။
တစ်ဖက်တွင်မူ အဲ့တာကိုကြည့်ပြီး မိုချောင်းရှန်းက အလွန်ပျော်ရွှင်နေသည်။
ကောဟွိုက်လျန်ကို ထောင်ဖမ်းနိုင်လျှင် ယဲ့ဖန်ဟာ စစ်တပ်မရှိတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်လာလိမ့်မည်။
ဒါဆို ယဲ့ဖန်က ကုမ္ပဏီအခွံကြီးကို ဝယ်ဖို့အတွက်ဖြင့် ၃ ဘီလီယံကျော် သုံးစွဲခဲ့တာဖြစ်သွားလိမ့်မည်။
ယဲ့ဖန်သည် ကြီးစွာသောဆုံးရှုံးမှုကို ခံစားခဲ့ရမည်ဖြစ်ရုံသာမက ကျုံးဟိုင်တွင် လှောင်ရယ်စရာလည်း ဖြစ်လာလိမ့်မည်။
မိုချောင်းရှန်းက သူ့အတွေးနဲ့သူ ကျေနပ်နေစဉ်မှာဘဲ ကောဟွိုက်လျန်က ပြောသည်။
" တောင်းပန်ပါတယ် ယဲ့လူကြီးမင်း။ ဒီလိုလူတွေကို သေချာမဆန်းစစ်ဘဲ ရာထူးတိုးပေးခဲ့မိတာ ကျွန်တော့်အမှားပါ "
" ကျွန်တော့်အပြစ်ကို ခံယူတဲ့အနေနဲ့ ဥက္ကဌရာထူးကနေနှုတ်ထွက်ပြီး ဒုန်းအန်းရဲ့သာမန်ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ် "
သူပြောပြီးသည်နှင့်တပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
လူတိုင်းက ကောဟွိုက်လျန်ကို မယုံနိုင်စွာကြည့်နေကြသည်။
မိုချောင်းရှန်းက ဒီလို ရက်ရောတဲ့ အခြေအနေတွေကို ကမ်းလှမ်းခဲ့တာတောင် သူကတကယ်ဘဲ မဆိုင်းမတွ ငြင်းပယ်လိုက်တာလား။
တကယ်ကြီး သူ့ကို ငြင်းလိုက်တာလား။
ဒါက တကယ့်ကို စိတ်ရှုပ်စရာဘဲ။
မိုချောင်းရှန်းလည်း အံ့သြသောအကြည့်ဖြင့် သူ့ကို ကြည့်နေသည်။
" ဥက္ကဌကော၊ မင်း အဲ့တာကို ထပ်ပြီးမစဉ်းစားတော့ဘူးလား။ ၁၀ရာခိုင်နှုန်းက နည်းလွန်းတယ်လို့ ထင်ရင် ငါတို့ ညှိလို့ ရတယ် "
ကောဟွိုက်လျန်က သူ့ကို စိုက်ကြည့်လိုက်သည်။
" မိုချောင်းရှန်း၊ လူတိုင်းကို ငွေနဲ့ဝယ်လို့မရဘူး။ ငါ ကောဟွိုက်လျန် အသက်ရှင်နေသရွေ့ ဒုန်းအန်းကို သစ္စာစောင့်သိပြီးမှ သေမယ်လို့ ကတိပြုတယ် "
သူ့စကားတွေက ခိုင်မာအားကောင်းပြီး ပဲ့တင်သံထပ်နေသည်။
လူတိုင်း၏အမူအရာ ပြောင်းလဲသွားရသည်။ အထူးသဖြင့် ဘက်ပြောင်းသွားသော အထက်အရာရှိများက အားလုံး ရှက်စိတ်ဖြင့် ခေါင်းငုံ့ထားကြသည်။
မိုချောင်းရှန်းသည် မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။
သူက လှည့်လိုက်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
သူက ဖုန်းကြည့်နေတာကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းက ချက်ချင်း သူ့ကို ရယ်မောစေခဲ့သည်။
" ကောဟွိုက်လျန်၊ မင်းဒီမှာ မင်းရဲ့သစ္စာစောင့်သိမှုကို ပြသနေပေမယ့် မင်းရဲ့သူဌေးမျက်လုံးထဲမှာတော့ သူ့ဖုန်းက ပိုအရေးကြီးနေတယ်။ မင်း စိတ်မပျက်ဘူးလား "
ယဲ့ဖန်၏ လုပ်ရပ်ကို လူတိုင်းကမြင်သောအခါ အနည်းငယ် ဒေါသထွက်သွားကြသည်။
ကောဟွိုက်လျန်သည် တစ်ဖက်မှကြီးမားသော သွေးဆောင်မှုကို ငြင်းပယ်ခဲ့သည်။
ယဲ့ဖန်က သူ့ကို ဒီလို ဆက်ဆံလိုက်တာလား။
သူ့ရဲ့ ရိုးသားမှုတွေကို ခွေးကျွေးပစ်လိုက်သလိုဘဲ။
ကောဟွိုက်လျန်တွင် ဘာအတွန့်တက်မှုမှ မရှိပေ။
" ငါ ကောဟွိုက်လျန်က ဘာလုပ်လုပ် လိပ်ပြာလုံဖို့ပဲ လိုချင်တယ်။ သူများတွေ သဘောကျလား မကျဘူးလားဆိုတာ ငါ ဂရုမစိုက်ဘူး "
ထိုအချိန်တွင် ယဲ့ဖန်က ရုတ်တရက် ခေါင်းမော့လာသည်။
" ကောင်းပြီ၊ ဥက္ကဌကော။ ဘဝမှာ အရေးကြီးဆုံးက လိပ်ပြာလုံဖို့ပါပဲ။ ဒါပေမယ့် လူတိုင်းက အဲ့လိုမလုပ်နိုင်ကြဘူး "
သူက ပြောနေရင်း ခေါင်းကိုမော့ကာ မိုချောင်းရှန်းဘက်သွားသော အကြီးတန်းအရာရှိအုပ်စုကို ကြည့်လိုက်သည်။
အချို့ကတော့ သူ့အကြည့်ကို အမြန်ရှောင်ပြီး မျက်နှာကျက်ကို မော့ကြည့်ကြသည်။
တစ်ချို့ကတော့ ကြောက်ရွံ့မှုကင်းပြီး ရှက်စိတ်လည်းလုံးဝမရှိကြပေ။
မိုချောင်းရှန်းက သူ့ကို ပြုံးပြုံးကြီးကြည့်နေသည်။
" ဘာ လိပ်ပြာလုံတာတွေ၊ အသိစိတ်တွေလာပြောနေတာလဲ။ လူတစ်ယောက်က ကိုယ့်အတွက်ကိုယ်မကြည့်ရင် သူများဖျက်ဆီးတာကိုခံရလိမ့်မယ်။ မင်းရဲ့ကုမ္ပဏီစီမံတဲ့သူတစ်ဝက်လောက်က မရှိတော့ဘူးဆိုတော့ ဘယ်လောက်ကြာကြာခံမလဲ ကြည့်ကြသေးတာပေါ့။ ဟားဟားဟား ....... "
ယဲ့ဖန်သည် မိုချောင်းရှန်း၏မာနကြီးနေသော မျက်နှာထားကိုကြည့်ကာ ဖြည်းညှင်းစွာ ပြုံးပြလိုက်သည်။
" ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ မသိပေမယ့် ခင်ဗျားကတော့ ဒီထက်ပိုကြာကြာ မထိန်းနိုင်တော့ဘူးဆိုတာတော့ ကျွန်တော်သိတယ် "
ထို့နောက် သူသည် ရှုမန်ထံသို့ ဖုန်းပေးလိုက်သည်။
" ဒီဗီဒီယိုကိုဖွင့်ပြပြီး လူတိုင်း ကြည့်ကြပါစေ "
ရှုမန်ဟာ နားမလည်စွာဖြင့် ဖုန်းကိုယူလိုက်ပြီး ပရိုဂျက်တာနဲ့ ချိတ်ဆက်လိုက်သည်။
မိုချောင်းရှန်းကပြောသည်။
"မင်းနဲ့ ရုပ်ရှင်ကြည့်ဖို့ကို ငါ စိတ်မ၀င်စားဘူး။ သွားကြရအောင် "
သူက လှည့်ထွက်သွားသည်။
ထိုအချိန်မှာဘဲ ဗီဒီယိုထဲက လူတစ်ယောက်ရဲ့ တောင်းပန်စကားသံကို ရုတ်တရက် ကြားလိုက်ရသည်။
" သူဌေးမို၊ ကျွန်တော့်ကို သနားပေးပါ။ ကျွန်တော့်ကလေးက သူငယ်တန်းပဲရှိသေးတဲ့အပြင် ပြုစုစောင့်ရှောက်ရမယ့် မိသားစုလည်းရှိပါသေးတယ်။ ကျွန်တော် သေလို့မရသေးဘူး ..... "
အသံက အလွန်နာကျင်ဝမ်းနည်းနေပုံရသည်။
လူတိုင်းရဲ့ သွေးကို အေးစက်သွားစေသည်။
အားလုံးက အစည်းအဝေးခန်းရဲ့ နံရံပေါ်က ပရိုဂျက်တာကို လှည့်ကြည့်လိုက်ကြသည်။
ထိုဗီဒီယိုကို လျှို့ဝှက်စွာရိုက်ထားမှန်း သိသာသည်။
ရှုထောင့်က အနည်းငယ် အဆင်မပြေပေ။
ထို့အပြင် ပုံရိပ်ကလည်း တုန်လှုပ်ကာဝါးနေသည်။
သို့သော် ဗီဒီယိုထဲရှိလူသည် မိုချောင်းရှန်းဖြစ်သည်ကိုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။
သူ့နောက်တွင် အနက်ရောင်၀တ်စုံဖြင့် တောင့်တင်းသော ယောက်ျားအချို့ ရပ်နေသည်။
မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သူ့ရှေ့တွင် ဒူးထောက်လျက် ရှိနေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက တစ်ကိုယ်လုံး ဒဏ်ရာများဖြင့်ဖုံးလွှမ်းနေပြီး အလွန်စိတ်ဆင်းရဲနေပုံရသည်။
မိုချောင်းရှန်း ထိုမြင်ကွင်းကိုမြင်သောအခါ သူ့အမူအရာက သိသိသာသာပြောင်းလဲသွားသည်။
ချက်ချင်းပင် ဖုန်းကို လုယူဖို့လုပ်သည်။
ယဲ့ဖန်၏ မျက်လုံးများက စူးရှပြီး သူ့လက်တွေကလည်း လျင်မြန်သည်။ မိုချောင်းရှန်းလက်ကိုဆွဲတားလိုက်နိုင်သည်။
" မိုလူကြီးမင်း၊ ဒါက အရမ်းကောင်းတဲ့ ဇာတ်ကားနော်။ မကြည့်ရရင် နှမြောစရာပဲ မဟုတ်လား "
အဆိုပါဗီဒီယိုကို ကျောင်းဖုလင်က ပို့ပေးခဲ့တာဖြစ်သည်။
မိုချောင်းရှန်း၏ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများထဲမှတစ်ခုဖြစ်သည်ဟုဆိုသည်။
ကျောင်းဖုလင်သည် ဤကဲ့သို့သော အထောက်အထားအချို့ကို ပို့ပေးခဲ့သည်။
တစ်ခူချင်းစီတိုင်းက မိုချောင်းရှန်းကိုသတ်ဖို့ လုံလောက်သည်။
မိုချောင်းရှန်း၏ မျက်နှာသည် ဖြူဖျော့နေပြီး တောင်းပန်တော့သည်။
" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပြုပါ။ မင်းတောင်းဆိုသမျှကို ငါသဘောတူပေးမယ် "
ဒါကိုကြားတော့ အားလုံးက အံ့သြသွားကြသည်။
မိုချောင်းရှန်းသည် ယဲ့ဖန်ကို သေသည်အထိ တိုက်ခိုက်လိုသည့်အတိုင်း ခုနကအထိ မာနကြီးနေခဲ့တာဖြစ်သည်။
ဒီဗီဒီယိုကိုမြင်ပြီးတာနဲ့ သူက ရုတ်တရက် ဘာလို့အရမ်းကြောက်သွားတာလဲ။
ဗီဒီယိုထဲတွင် စကားနဲ့တောင်မပြောနိုင်တဲ့ ကိစ္စတချို့ ပါနေလို့လား။
ဒါက လူတိုင်းရဲ့ စူးစမ်းချင်စိတ်ကို ချက်ချင်း တိုးသွားစေသည်။
ယဲ့ဖန်သည် မိုချောင်းရှန်းကိုကြည့်လိုက်သည်။ ထို့နောက်သူ့ပါးစပ်ထောင့်က အပေါ်သို့ ကွေးတက်သွားသည်။
" အမှန်တိုင်း ပြောရရင် ဒီဗီဒီယိုထဲကအကြောင်းအရာကို ကျွန်တော် အရမ်းသိချင်မိတယ်။ ကျွန်တော်တို့ အဲဒါကို အရင်ဆုံးကြည့်ကြတာပေါ့။ ပြီးရင် ခင်ဗျားကို လွှတ်ပေးသင့်သလားဆိုတာ စဉ်းစားမယ် "
မိုချောင်းရှန်းက ဆက်လက် ခုခံချင်သေးပေမယ့် ယဲ့ဖန်ရဲ့ ခွန်အားက လက်ရှိမှာ သူ့ထက် အများကြီး ပိုကြီးနေသည်။
သူ့မှာ လွတ်မြောက်ဖို့ နည်းလမ်းမရှိခဲ့ပေ။
ဗီဒီယိုက ဖွင့်နေဆဲဖြစ်သည်။
မျက်မှန်တပ်ထားတဲ့ လူလတ်ပိုင်းအရွယ်က ဆက်ပြီးတောင်းပန်နေသည်။
" လုံလူကြီး၊ ငါက မင်းကို အခွင့်အရေးမပေးချင်လို့ မဟုတ်ဘူး။ ဒါပေမယ့် မင်း ကုမ္ပဏီကနေ သန်း ၅၀ ကျော် အလွဲသုံးစားလုပ်ခဲ့တယ်။ ငါ မင်းကို ဘယ်လို အခွင့်အရေး ပေးရမှာလဲ "
မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက ကမန်းကတန်း ရှင်းပြသည်။
" မိုလူကြီးမင်း၊ ဘုရားသခင်ကို ကျိန်ဆိုကျိန်ရဲပါတယ်။ အဲ့ဒီငွေတွေကို သခင်လေး မိုကုန်းရဲ့ ပြဿနာတွေကို ရှင်းဖို့ သုံးခဲ့တာပါ။ ကျွန်တော်တကယ်ကို တစ်ပြားမှမယူပါဘူး "
မိုချောင်းရှန်း၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တွေဖြင့် ပြည့်နှက်နေသည်။
" လုံအဘိုးကြီး၊ မင်း စားချင်တာကို စားလို့ရပေမယ့် ပြောချင်တိုင်းတော့ ပြောလို့မရဘူးလေ။ မင်း ငါ့သားရဲ့ အရှုပ်အထွေးတွေကို ရှင်းပေးရတယ်လို့ မင်းပြောနေပေမယ့် မင်းမှာ ဘာသက်သေရှိလဲ "
လူလတ်ပိုင်းအရွယ်အမျိုးသားက ခပ်မြန်မြန် ခေါင်းငြိမ့်ပြသည်။
" ရှိပါတယ်။ သခင်လေး မိုကုန်းက မိန်းကလေးတွေကို မုဒိမ်းကျင့်နှိပ်စက်ပြီး သူလုပ်ပြီးတိုင်း သူ့အရှုပ်အထွေးတွေကိုရှင်းဖို့ ကုမ္ပဏီဘဏ္ဍာထဲကနေ အလွဲသုံးစားလုပ်ခိုင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ အကောင့်နဲ့တွေ စစ်ရင် ထပ်တူမကျနိုင်တော့မှာကို စိုးရိမ်တာကြောင့် ကျွန်တော့်လက်ထဲမှာ ငွေလွှဲအထောက်အထားတွေရှိပါတယ် ..... "
မျက်မှန်တပ်ထားတဲ့လူက သူ့စကားမဆုံးခင်မှာဘဲ ...... သူ့ကိုကြည့်နေတဲ့ မိုချောင်းရှန်း၏မျက်နှာထားက ပိုဆိုးပြီး အကျည်းတန်လာသည်။
ရုတ်တရက် သူ့လက်အောက်ငယ်သားတစ်ဦး၏ အိတ်ကပ်ထဲမှ သေနတ်တစ်လက်ကို ဆွဲယူလိုက်သည်။
ဒိုင်း!
သေနတ်သံ တစ်ချက် ကြားလိုက်ရသည်။
ထိုလူ၏ နဖူးတွင် အပေါက်တစ်ခုဖြစ်ပြီး သွေးတွေထွက်လာသည်။
ထို့နောက် သူ့ခေါင်းက မြေပေါ်ကို လဲကျသွားတော့သည်။
ဘာသံမှ ထပ်မထွက်လာတော့ပေ။
" အား ....... "
ဒုန်းအန်း၏အစည်းအဝေးခန်းထဲရှိလူတိုင်းက အံ့သြသွားကြသည်။
သူက လူတစ်ယောက်ကိုသတ်ခဲ့တာလား။
သူက တကယ်ဘဲ လူတစ်ယောက်ကို သတ်လိုက်တာလား။
မိုချောင်းရှန်းက လူတစ်ယောက်ကို တကယ်ဘဲသတ်ခဲ့တာ။