အပိုင်း ၂၇၃-၂၇၆
Vol. 14 Ch. 273-276
အပိုင်း ( ၂၇၃ )
တစ်ယောက်ယောက် သူတို့ခေါင်းကိုအလကားပေးချင်နေတယ်ဆိုတာကို ငါတင်ပြချင်တယ်!
ကြိုးဝိုင်းထဲ၌ လူတိုင်းကြက်သေသေသွားကာ ကျောရိုးတစ်လျှောက်ကြက်သီးများ ထလာတော့သည်။
သွမ့်ကျန်းလုရဲ့ရက်စက်တဲ့နည်းလမ်းက တကယ်ကိုကြောက်ခမန်းလိလိပါပဲလား။
ယန်းမန်ထန်းအသိအသာကို သူ့တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးလိုက်ရချိန်၌ ခြေတစ်ဖက်ကျိုးဖြင့် သူဆက်တိုက်နေဆဲဖြစ်သည်။
လက်ရှိဆေးပညာနှင့်ဆိုလျှင် သူတို့ ယန်းမန်ထန်း၏ခြေထောက်ကို ပြန်ဆက်ပေးနိုင်လောက်သည်။
သို့သော် ထိုခြေထောက်ကတော့ တိုက်ခိုက်ဖို့မဆိုနှင့် ပြင်းထန်သည့် လေ့ကျင့်ခန်းတွေကိုပင် ဆက်လုပ်နိုင်မှာမဟုတ်တော့ပေ။
ကိုယ်ခံပညာရှင်တစ်ယောက်အတွက် တစ်သက်တာမစွမ်းဆောင်နိုင်တော့ခြင်းက သေရသည်ထက်ပိုရက်စက်သည်။
ထိုသို့တွေးမိပြီး လူတိုင်း နောင်တများဖြင့် ပြည့်နှက်သွားတော့သည်။
သူတို့သာအစောက ယဲ့ဖန်စကားကို နားထောင်ပြီး ယန်းမန်ထန်း အသာစီးရနေတုန်းမှာသာ ပွဲကိုအဆုံးသတ်လိုက်ရင် ယန်းမန်ထန်းလည်း မျက်နှာရမယ်၊ တရုတ်ပြည်ရဲ့ ကိုယ်ခံပညာလောကလည်းပဲ မျက်နှာပန်းပွင့်မည်ဖြစ်သည်။
သို့သော်ယခုတော့ တရုတ်ပြည်ရဲ့ ကိုယ်ခံပညာ မျက်နှာပျက်ရရုံတင်မဟုတ်ပဲ အရှက်ပါကွဲရလေပြီ။
ယန်းမန်ထန်းပင်လျှင် မသန်မစွမ်းဖြစ်သွားလေပြီ။
ဒါကတကယ်ကို နှစ်ထပ်ကွမ်းရှုံးတာပဲ!
သူမှန်းတာထပ်မှန်သွားသော်လည်း ယဲ့ဖန်ကတော့ ပျော်ရွှင်သည့်အမူအရာ မပြပေ။
ယန်းမန်ထန်းပင်လျှင် သူ့ကိုဒေါသဖြင့် အကြိမ်အနည်းငယ်ဝေဖန်ပြောဆိုခဲ့သည်….
တကယ်တော့ သူ့ရဲ့သတ္တိနှင့်တာဝန်ယူတတ်မှုက အမှန်ပင် လေးစားထိုက်လေသည်။
ဒီလိုအခိုက်အတန့်မျိုးမှာ ယန်းမန်ထန်းကို ဒီလိုအခြေအနေနဲ့မြင်ရတာက…
ယဲ့ဖန်ချက်ချင်းပင် စိတ်မကောင်းဖြစ်သွားရသည်။
တစ်ချိန်ထဲမှာပင် သူ့ရဲ့သွမ့်ကျန်းလုအပေါ် ထားရှိသည့်အမုန်းတရားက တစ်ဖန်မြင့်တက်သွားပြန်သည်။
သွမ့်ကျန်းလုက သူအသက်ငယ်တယ်ဆိုတာနဲ့ပဲ ယန်းမန်ထန်းကို တမင်သက်သက် အားကုန်အောင်လုပ်လိုက်တာပင်။
ထိုအချက်က အလွန်ပင်စက်ဆုပ်စရာကောင်းသည်။
တစ်ဖက်သားမတိုက်ခိုက်နိုင်တော့တဲ့ အချိန်မှာတောင် သူကဒီလိုရက်စက်တဲ့ နည်းလမ်းကိုသုံးပြီး မသန်စွမ်းဖြစ်အောင် လုပ်လိုက်သေးသည်။
ဒါမျိုးကို စက်ဆုပ်စရာကောင်းတယ်လို့ပင် ဖော်ပြ၍မရပေ။
အဲ့ကောင်ကတကယ်ရူးနေတာပဲ!
သွမ့်ကျန်းလု ယန်းမန်ထန်းအား ခြေထောက်ဖြင့်တက်နင်းထားကာ ထောင်ချီသည့်ပွဲကြည့်ပရိသတ်ကို လှည့်ကြည့်လိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်? ခင်ဗျားက အဲ့တာထက်မပိုပါဘူးဗျာ “
ထိုအရာကိုမြင်တော့ တိုက်ရိုက်ကြည့်နေသည့်ပရိသတ်များမှာ အလွန်ပင်ရှက်သွားရသည်။
ယနေ့တွင် ပွဲစဉ်သုံးခုတိုက်ခဲ့တာဖြစ်ပြီး တရုတ်ကိုယ်ခံပညာလောကက သုံးခုလုံးမှာ မျက်နှာပျက်ခဲ့ရတာဖြစ်သည်။
တစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်။
လေးစားခံရမှုအမြင့်ဆုံး ယန်းမန်ထန်းတောင်မှ ခြေတစ်ဖက် မသန်မစွမ်းဖြစ်သွားရသည်။
ဒီတိုက်ပွဲကတော့ တကယ်ဝမ်းနည်းစရာဟု ပြောရပေမည်။
အဖွဲ့လိုက်ပြိုင်ပွဲမှာတောင် အနိုင်မရနိုင်တော့ပေ။
ဒီတစ်ကြိမ်တော့ တရုတ်ကိုယ်ခံပညာလောကက ရှိသမျှမျက်နှာအကုန်ပျက်ရပြီဖြစ်သည်။
သူတို့ခေါင်းပင်မမော့ရဲတော့ပေ။
သွမ့်ကျန်းလု ကြိုးဝိုင်းထဲသို့ ပြန်အကြည့်လွှဲလိုက်သည်။
“ နောက်ထပ်သေချင်တဲ့သူ ဘယ်သူရှိသေးလဲ “
အခန်းထဲရှိလူတိုင်း သူ၏ရန်စမှုကို ကြားလိုက်ရသည်။
သူတို့အားလုံးစိတ်ဓာတ်ကျသွားရသည်။
လူငယ်မျိုးဆက်ရဲ့အားအကြီးဆုံး ပါရမီရှင်နဲ့ လူအိုမျိုးဆက်ရဲ့ အသန်မာဆုံးပါရမီရှင်တွေ အကုန်ရှုံးသွားကြလေပြီ။
ထိုအချက်က သူတို့ကိုအလွန်မျှော်လင့်ချက် ပျက်သုဉ်းသွားစေသည်။
သွမ့်ကျန်းလုက ဘယ်သူ့အကူအညီမှမပါပဲ တရုတ်ပြည်ရဲ့ကိုယ်ခံပညာလောကကို အပြတ်ချေမှုန်းလိုက်တာပင်။
ဒါတကယ်ကိုရှက်စရာပဲ!
ဒါပေမယ့်လည်း သူတို့ထံ၌ ခုခံနိုင်သည့်အားမရှိပေ။
ဘေး၌ရပ်ကြည့်နေသည့် ရှုကျင်းရှင်းပင်လျှင် သုန်မှုန်သွားရသည်။
သူမသာကြိုသိနေခဲ့လျှင် ဒီကိုမလာပါ။
အနည်းဆုံးတော့ မမြင်ရတော့ စိတ်ထဲမရှိတော့ဘူးပေါ့။
သွမ့်ကျန်းလုအချိန်အတော်ကြာ စောင့်ဆိုင်းနေသေးပေမယ့် ဘယ်သူမှ ထွက်မလာပေ။
ထိုအရာကပင် သူ့ကိုပိုထောင်လွှားသွားစေသည်။
“ တရုတ်ကိုယ်ခံပညာလောကမှာ ငကြောက်တွေ ဒီလောက်များလိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်တော်က ဂျပန်က ကရာတေးလူသစ်ကလေးပဲကို၊ ဘယ်သူမှ ကျွန်တော်နဲ့ယှဉ်မချရဲဘူးပဲ။ ဟားဟားဟား “
သွမ့်ကျန်းလုရန်စနေသော်လည်း ကြိုးဝိုင်းထဲရှိလူတိုင်းမှာ တိတ်ဆိတ်နေရုံသာ တတ်နိုင်သည်။
ရုတ်တရက် ယဲ့ဖန်ထွက်လာသည်။
“ ကျွန်တော်သူနဲ့သွားတွေ့လိုက်မယ် “
လူအုပ်ကြီးမှာ ချက်ချင်းပင် သူ့အား စိတ်ပျက်စွာကြည့်လိုက်မိသည်။
“ မင်းကိုယ်ခံပညာစသင်တာဖြင့် တစ်လတောင်မရှိသေးပဲနဲ့၊ ဒီမှာဘာလာလုပ်နေတာလဲ “
“ ဟုတ်တယ်၊ ဂိုဏ်းခေါင်းဆောင်ယန်းလို လူတောင်ရှုံးသွားတာကို မင်းတက်သွားရင် သွားသေသလိုဖြစ်နေမှာပဲ “
“ မင်းရဲ့စကေးလောက်နဲ့ဆို သွမ့်ကျန်းလု လက်တောင်သုံးစရာမလိုပဲ စင်ပေါ်က လိမ့်ကျလာရလိမ့်မယ် “
“ လူကြီးမင်းလျုံ၊ ကိုယ့်လူသစ်ကို ကိုယ်ဂရုစိုက်ပါ။ ပြဿနာမရှာစေပါနဲ့ “
လျုံဝမ်းယွမ် ယဲ့ဖန်အား အမြန်နောက်ပြန်ဆွဲလိုက်သည်။
“ ရှောင်ဖန်၊ လျှောက်ရှုပ်မနေနဲ့ “
သူ့ဘေး၌ရပ်နေသည့် ရှုကျင်းရှင်းမှလည်း အကြံပေးလာ၏။
“ ဦးလေးလျုံပြောတာကို နားထောင်လိုက်ပါ။ ရှင်ကသွမ့်ကျန်းလုရဲ့ပြိုင်ဘက်မဟုတ်ဘူး။ တက်သွားရင် အန္တရာယ်များလွန်းတယ် “
သို့သော် ယဲ့ဖန်ကတော့ မရွေ့ပေ။
“ တိုက်ခိုက်တယ်ဆိုတာ အားအပေါ်မှာပဲ မူတည်တာမဟုတ်ဘူး။ တစ်ခါတစ်လေ ဦးနှောက်ပေါ်မှာလည်း မူတည်တတ်တယ် “
ထိုအခါ လူတစ်ယောက်က မပျော်မရွှင်ဖြင့် “ မင်းပြောချင်တာက ဂိုဏ်းခေါင်းဆောင်ယန်းနဲ့ တခြားလူတွေက ဦးနှောက်မရှိဘူးပေါ့ “
ယဲ့ဖန်ထိုလူအားစိုက်ကြည့်လိုက်သည်။
“ အဲ့တာမင်းပြောတာ ငါအဲ့လိုမပြောခဲ့ဘူး “
လျုံဝမ်းယွမ် ယဲ့ဖန်အား ဆက်လက် ဖျောင်းဖျလေသည်။
“ ဒီနေရာမှာ လက်သီးနှင့်ခြေထောက်တွေမှာ
မျက်လုံးမရှိဘူး။ မင်းလည်းအစောက တိုက်ပွဲတွေကို ကြည့်ခဲ့ပြီးပြီပဲ။ သူတို့အကုန်လုံးနီးပါး သေရင်သေ၊ မသေရင် ဒဏ်ရာရကြတာချည်းပဲ။ ဒါက မင်းအတွက် ရေပန်းစားနိုင်တဲ့အချိန်မျိုးမဟုတ်ဘူး “
ယဲ့ဖန် ထပ်ခါထပ်ခါခေါင်းငြိမ့်ပြလိုက်ကာ “ ဆရာ၊ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် သွမ့်ကျန်းလုက ပြင်းထန်တဲ့ တိုက်ပွဲကိုသုံးခုဆက်တိုက် တိုက်လာတာဆိုတော့ သူလည်းပင်ပန်းနေလောက်ပြီ။ ကျွန်တော် တက်သွားပြီး သူ့ကိုရန်စလာခဲ့မယ် “
သူပြောတာကိုကြားပြီးနောက် လူတိုင်း ကြက်သေသေသွားတော့သည်။
အဲ့တော့ ဒီကလေးက ဒီလိုစီစဉ်ထားတာလား။
ဟုတ်သားပဲ၊ သွမ့်ကျားလုက တိုက်ပွဲသုံးခုတောင်တိုက်ထားတာ။
သူနိုင်သွားတယ်ဆိုရင်တောင်…
အားကုန်နေလောက်ပြီ။
သူ့ဆီမှာ ၃၀% လောက်ပဲ အားရှိတော့မှာ။
ဒီအချိန်က ဈေးပေါပေါနဲ့ဝယ်ဖို့ အကောင်းဆုံးအချိန်ပဲ။
ဒီအခွင့်အရေးကိုသုံးပြီး သူတို့သာ အဲ့ကလေးကိုအနိုင်ယူနိုင်ခဲ့ရင် သူတို့လည်းပဲ ကိုယ်ခံပညာလောကမှာ နာမည်ကြီးသွားလိမ့်မည်။
ထို့ကြောင့်ချက်ချင်းဆိုသလို လူငယ်မျိုးဆက်အတော်များများမှာ ကြိုးစားကြည့်ချင်သွားကြသည်။
သို့သော် ပြန်တွေးကြည့်ပြီးနောက် သူတို့ ထိုအကြံကို ပယ်ဖျက်လိုက်ကြသည်။
သွမ့်ကျန်းလုမှာ 30% ပဲ အင်အားကျန်တော့ရင်တောင် သူတို့က သူ့ပြိုင်ဘက်မဟုတ်တာကို ကိုယ်ခံပညာကို လေ့ကျင့်တာ တစ်လတောင်မပြည့်သေးတဲ့ သာမန်လူသာဆိုရင် စကားထဲပင် ထည့်ပြောနေစရာမလိုပေ။
ဒါတောင်မင်းက ရန်သွားစချင်သေးတယ်ပေါ့။
တကယ်ဟာသပဲ!
လျုံဝမ်းယွမ် သူ့ကိုဖျောင်းဖျဖို့ ကြိုးစားခဲ့ပေမယ့် ယဲ့ဖန်ကတော့ သူ့ကို အခွင့်အရေးမပေးချေ။
သူသီးသန့်ခန်းထဲမှထွက်လာလိုက်သည်။
“ ဒီကလေးကတော့ နာမည်ကြီးချင်လွန်းပြီး ရူးသွားပြီထင်တယ် “
“ လေချွမ်သိုင်းကိုလေ့ကျင့်တာ တစ်လတောင်မပြည့်သေးတဲ့ လူသစ်လေးက သွမ့်ကျန်းလုကို စိန်ခေါ်ချင်တယ်ပေါ့။ သူကတော့သေချင်နေတာပဲ “
“ ကြည့်ရတာ ဒီနေ့ကြိုးဝိုင်းထဲမှာ နောက်ထပ် အလောင်းတစ်ခုထပ်တိုးလာတော့မယ် ထင်တယ် “
ယဲ့ဖန်ထွက်လာသည်ကို ပရိသတ်အုပ်ကြီး မြင်တော့ သူတို့၏ကျဆင်းနေသည့် စိတ်အခြေအနေမှာ အောက်ခြေထိပင် ရောက်သွားတော့သည်။
ယန်းမန်ထန်းလို ဆရာကြီးတောင် ရှူံးသွားတာကို ဒီလူငယ်လေးသာ စင်ပေါ်တက်သွားရင် သေဖို့သွားတာနဲ့ တူမနေဘူးလား။
ထို့ကြောင့် ယခင်ယှဉ်ပြိုင်ဖို့ စင်ပေါ်တက်လာသည့်လူအနည်းငယ်နှင့် ကွာခြားစွာ ယဲ့ဖန့်အလှည့်တွင်တော့ အားပေးသံမရှိပဲ တိတ်ဆိတ်နေခဲ့သည်။
ဘယ်သူမှမမျှော်လင့်ကြပေ။
လှောင်ပြောင်အော်ဟစ်နေကြသည့်သူများပင် ရှိနေသည်။
“ အမြန်ဆင်းလာစမ်းပါကွာ။ မင်းကိုယ်မင်း အရှက်ခွဲမနေနဲ့ “
“ မင်းသူ့ကိုမချနိုင်ရင်လည်း ဒီတိုင်းသာ အရှုံးကိုဝန်ခံလိုက်။ အဲ့တာကမှ ဟုတ်ဦးမယ်။ သူ့ကိုတွယ်ကပ်နေစရာမလိုပါဘူး “
“ ဟုတ်တယ်၊ အလှည့်အပြောင်းဖြစ်ပြီး နောက်ဆုံးမှာငါတို့နိုင်သွားတော့ရော ဘာလုပ်ရမှာလဲ “
“ တစ်ယောက်ယောက်ကတော့ သေချင်နေပြီဟေ့! “
အပိုင်း ( ၂၇၄ )
နည်းနည်းနောက်ကျသွားပြီလို့ မထင်ဘူးလား
နေရာ၌ရှိနေသည့်လူတိုင်း ထိုကိစ္စကို တစ်ညီတစ်ညွတ်တည်း အကောင်းမမြင်ကြပေ…
ယဲ့ဖန်ကတော့ စိတ်မပျက်ပေ။ သူစင်ပေါ်သို့ ခြေလှမ်းလိုက်ရာ ခြေချော်သွားခဲ့သည်။
အကြိမ်အနည်းငယ်ဒယိမ်းဒယိုင်ဖြစ်ပြီးနောက် သူတည်ငြိမ်စွာရပ်နိုင်သွားသည်။
ပရိသတ်ထုကြီးမှာ သူ၏သနားစရာပုံရိပ်အား ကြည့်နေခဲ့ကြသည်။
နဂိုထဲကလက်တွေ့မကျသည့်စိတ်ကူးရှိသည့် လူတွေဟာတော့ လုံးဝကိုမျှော်လင့်ချက် ပျက်သုဉ်းသွားကြတော့သည်။
မတ်တပ်တောင်သေချာမရပ်နိုင်တာကို ဘယ်လိုတိုက်မှာလဲ။
လူအတော်များများဟာ ဆက်မကြည့်နိုင်တော့တာကြောင့် ထပြန်ကုန်ကြသည်။
သီးသန့်ခန်းထဲရှိ လျုံဝမ်းယွမ်သည်လည်း သူ့နဖူးသူပြန်ရိုက်မိသွားသည်။
“ ဟူး၊ ငါကိုယ်တိုင်လည်း နှစ်တွေအကြာကြီး ဖြတ်သန်းခဲ့ရတာပါ။ ငါစိတ်လိုက်မာန်ပါ လုပ်ခဲ့မိတဲ့အချိန်ဆိုတာလည်း ရှိတာပဲလေ “
သူဘာလို့ဒီကလေးကို ဒီနေ့ခေါ်လာမိပါလိမ့်။
သူတော့ဒီနေ့ဒီနေရာမှာ မျက်နှာပျက်ရတော့မယ်ထင်ပါတယ်။
အခန်းထဲရှိအခြားလူများကလည်း စတင်ဆဲရေးကြတော့သည်။
“ ဒီစကေးလောက်နဲ့များ သတ္တိကောင်းနေသေးတယ်။ ဒါကသွားသေတာနဲ့တူမနေဘူးလား “
“ တရုတ်ပြည်ရဲ့ကိုယ်ခံပညာကတော့ အောက်ခံဘောင်းဘီပဲကျန်တဲ့အထိကို ဆုတ်ဖြဲခံနေရတာကို ဒီကောင်က အဲ့ကျန်တဲ့ အဝတ်အပိုင်းလေးကိုပါ ဖြဲပစ်ဦးမလို့လား “
“ သူ့လိုလူကိုသာ စင်ပေါ်တင်ပေးလိုက်ရင် လူတွေကတော့ ငါတို့တရုတ်ပြည်က ကိုယ်ခံပညာလောကမှာ လူမကျန်တော့ဘူးလို့ထင်ကုန်ကြတော့မှာပဲ “
“ သူ့အတွက်အရင်လူနာတင်ကားသာ ခေါ်ထားလိုက်စမ်းပါကွာ။ တစ်ခုခုဖြစ်မှ ကယ်မရပြုမရဖြစ်ကုန်ဦးမယ် “
“ လူနာတင်ကားခေါ်စရာမလိုပါဘူး။ နာရေးကူညီမှုအသင်းကိုသာ တိုက်ရိုက်ခေါ်လိုက်တော့ “
“ သုဘရာဇာကောင်းကောင်းကိုသာရှာထား၊ မဟုတ်ရင် သူတို့အလောင်းကိုတောင် လက်စမသတ်နိုင်ပဲနေနေဦးမယ် “
လူအုပ်ကြီး၏မှတ်ချက်များကိုကြားတော့ သူတို့စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
ရှုကျင်းရှင်းမှာ ထိတ်လန့်သွားတာကြောင့် နောက်ပြောင်တာကိုပင် မလုပ်နိုင်တော့ချေ။
သူမကိုယ်သူမသာ အပြစ်တင်မိတော့သည်။
အစောက သူမ ဘာလို့ယဲ့ဖန်ကို မတားမိပါလိမ့်။
ထိုသို့တွေးမိပြီး သူမအခန်းထဲမှာ အမြန်ထွက်ကာ ကြိုးဝိုင်းအစွန်းဆီသို့ သွားလိုက်သည်။
“ ယဲ့ဖန်၊ အမြန်ဆင်းလာခဲ့။ အိမ်ပြန်ရအောင်ပါနော်၊ ကျွန်မ တောင်းဆိုပါတယ် “
စင်ပေါ်ရောက်နေပြီဖြစ်တဲ့ယဲ့ဖန်ဟာတော့ သူမအား စိတ်မပူစေရန်ပြုံးပြလာသည်။
“ စိတ်မပူပါနဲ့၊ နေ့လည်စာစားချိန် မတိုင်ခင် ပြန်လာခဲ့မယ် “
သူ့စကားကိုကြားပြီးနောက် ပရိသတ်ထုကြီးမှာ တစ်ယောက်ပြီးတစ်ယောက် ပြိုလဲကုန်တော့သည်။
ဒီလူကနေ့လည်စာပြန်စားဖို့တောင် တွေးနေသေးတာလား။
အဲ့အချိန်ကျရင် သူပါးစပ်တောင် မဟနိုင်တော့မှာကို သူတို့စိုးရိမ်မိပါရဲ့။
သူတို့တင်မဟုတ်ပေ…
သွမ့်ကျန်းလုပင် ဆွံ့အသွားရသည်။
“ မင်းနေ့လည်စာစားချင်သေးတယ်ဆိုရင် အခုပဲစင်ပေါ်ကဆင်းလိုက်တာကောင်းမယ် “
ယဲ့ဖန်သူ့အားရှက်ရွံ့စွာ ပြုံးပြလိုက်ကာ “ ရပါတယ်၊ ခင်ဗျားနဲ့ကိစ္စရှင်းပြီးမှပဲ စားတော့မယ် “
ထိုသို့ပြောကာ သူတိုက်ခိုက်မည့်အနေအထား ပြင်လိုက်သည်။
ထိုအချိန်တွင် ရုတ်တရက်ယဲ့ဖန် သူ့အားလက်ကာပြလာသည်။ “ ခဏလေး၊ ကျွန်တော်အရင်နည်းနည်းမေးစရာ ရှိသေးတယ် “
သွမ့်ကျန်းလုအနည်းငယ် စိတ်မရှည်ဖြစ်သွားရသည်။
“ ဘာမေးမလို့လဲ “
“ ကရာတေးကို ဘယ်သူ့ဆီသင်လာတာလဲ “
“ ငါ့ဆရာဆီက “
“ မင်းဆရာဆီကသင်တယ်ဆိုတာကတော့ ငါလည်းသိတာပေါ့။ မင်းဆရာနာမည်က ဘာလဲဆိုတာကို မေးနေတာ “
“ ရာမားရှိတကန်းချန် “
“ ငါကြားဖူးတာတော့ ဂျပန်လူမျိုးတွေက ကလေးမွေးတဲ့အခါကျရင် မျိုးရိုးနာမည်ကို အတူတူပဲပေးကြတယ်တဲ့။ အဲ့တာဆို မင်းဆရာက တောင်ခြေမှာမွေးတာလား။ အိမ်သာထဲမှာမွေးတာဆိုရင်တော့ ‘တိုအီးလက်ကန်းချန်’ လို့ခေါ်ရမယ်ထင်တယ် “
“........”
သွမ့်ကျန်းလု၏စိတ်ရှည်မှုမှာ လုံးဝပျောက်ဆုံးသွားရပြီဖြစ်သည်။
“ မင်းဘာမေးချင်နေတာလဲ “
ယဲ့ဖန်ခေါင်းယမ်းပြလိုက်ကာ “ မရှိပါဘူး၊ ငါကဒီတိုင်းမင်းနဲ့စကားပြောချင်လို့ “
သွမ့်ကျန်းလုသွေးအန်လုနီးပါး ဖြစ်သွားရသည်။
“ မင်းဒီကိုချဖို့လာတာလား စကားပြောဖို့ လာတာလား “
ယဲ့ဖန်ပုခုံးတွန့်ပြလိုက်သည်။
“ မချခင် ခဏလောက်စကားပြောကြတာပေါ့။ မင်းသုံးပွဲတောင်ဆက်တိုက် တိုက်လာရတာ ပင်ပန်းနေရောပေါ့။ ငါအဲ့တာကို အမြတ်မထုတ်ချင်ပါဘူး “
ထိုစကားကိုကြားတော့ သွမ့်ကျန်းလု အော်ရယ်မိသွားသည်။
“ မင်းကအပိုတွေလျှောက်တွေးနေတာပဲ။ ငါ့မှာ ၁၀% လောက်ပဲ အားကျန်တော့ရင်တောင် မင်းကိုတော့ အသာလေးသတ်နိုင်တယ်။ ပေါက်ကရတွေ ပြောမနေပဲ စလိုက်ကြတာပေါ့ “
ထိုသို့ပြောပြီးသည်နှင့် တစ်ဟုန်ထိုး ချီတက်လာတော့သည်။
“ ခဏလေး “
ယဲ့ဖန် လက်ထပ်မြှောက်ကာ သူ့ကို တားလိုက်ပြန်သည်။
“ ဘာထပ်ဖြစ်ပြန်တာလဲ “
သွမ့်ကျန်းလုမှာ ဒေါသထွက်လွန်းတာကြောင့် သွေးပင်အန်မိတော့မည်။
“ ငါ့ဆရာသင်ပေးထားတဲ့ ပထမအကွက်ကို စဉ်းစားပါရစေဦး။ အဲ့တာကဘာပါလိမ့် “
ယဲ့ဖန် အတွေးထဲနစ်မြုပ်သွားတော့သည်။
ထိုစကားကိုကြားလိုက်တဲ့လူတိုင်း လဲကျလုနီးပါးဖြစ်သွားရသည်။
စစ်မြေပြင်ပဲရောက်နေပြီကို မင်းဆရာဘာသင်ပေးလိုက်သလဲဆိုတာ အခုမှစဉ်းစားနေရလားဟ။
အရမ်းနောက်ကျလွန်းမနေဘူးလား။
သွမ့်ကျန်းလု ခဏလောက်စောင့်ပေးပြီးနောက် ထပ်မံ လောဆော်လိုက်သည်။
“ အခုမှတ်မိပြီလား “
ယဲ့ဖန်ခေါင်းငြိမ့်ပြကာ “ မှတ်မိပြီ။ ငါ့ဆရာ သင်ပေးထားတဲ့ အဲ့အကွက်က အရမ်းအားပြင်းလွန်းတော့ မင်းကိုထိခိုက်သွားမှာစိုးတယ်။ ဒီလိုဆိုရင်ရော၊ ငါမင်းကိုတိုက်ကွက်သုံးကွက် အကျောပေးမယ်။ အဲ့တာမှတခြားသူတွေက ငါမင်းကိုအနိုင်ကျင့်နေတယ်လို့ မပြောတော့မှာ “
သွမ့်ကျန်းလု၏နှလုံးသားထဲ၌ ဒေါသဖြင့် ပြည့်နှက်နေလေပြီ။
ဒါကရိုးရိုးရှင်းရှင်းကို အနိုင်ကျင့်နေတာပဲ။
မတ်တပ်တောင်မှန်မှန်မရပ်နိုင်တဲ့သူကို သူနဲ့တိုက်ဖို့လွတ်လိုက်တယ်ဆိုကတည်းက သူ့ကိုစော်ကားရာကျနေပြီ။
ပြီးတော့လည်း ဒီကောင်စင်ပေါ်တက်လာကတည်းက ပေါက်ကရတွေပဲ ဆက်တိုက်ပြောနေတာ။
အခုကျတကယ်ကြီး သူ့ကိုအရင် တိုက်ကွက်သုံးကွက်ကြိုတိုက်ဖို့ကိုတောင် ပြောရဲလာပြီ။
သူ့လိုပုရွက်ဆိတ်တစ်ကောင်ဆီကနေ ငါအထင်သေးခံနေရတာလား။
ဒါကတကယ်ကိုအရှက်ရစရာပဲ!
သွမ့်ကျန်းလုထိုသို့တွေးမိကာ သူဆက်ပြီး ထိန်းမထားနိုင်တော့တာကြောင့် ယဲ့ဖန်ကို ဒေါသတကြီးတိုက်ခိုက်တော့သည်။
ယဲ့ဖန်ချက်ချင်း နောက်ဆုတ်သွားရသည်။
သူ့ပါးစပ်ကတော့ ဆက်လက်ပြီး ပွစိပွစိရေရွတ်နေဆဲပင်။
“ မင်းကတကယ်အားနည်းတာပဲ။ မနက်စာစားမလာဘူးလား “
“ ဒီလက်သီးကလွဲသွားတယ်။ မင်းမျက်လုံးမကောင်းဘူးလား။ “
“ အရမ်းနှေးတာပဲ၊ မင်းရဲ့ရှည်လျားတဲ့ ခြေထောက်တွေကို ဖြုန်းတီးရာကျ မနေဘူးလား “
“ ငါမင်းကိုသုံးကွက်အကျောပေးထားတာကို မင်းအခုခုနစ်ကွက်ရှစ်ကွက်လောက်တောင် လွဲနေပြီနော်။ ရှက်စရာကောင်းတယ် မထင်ဘူးလား “
“......”
သူ့စကားတွေကိုပိုကြားရလေလေ သွမ်းကျန်းလု ပိုဒေါသထွက်လာရလေလေပင်။
သူကဂျပန်နိုင်ငံက ကရာတေးပါရမီရှင်ဖြစ်သည်။
သူက တရုတ်ပြည်ရဲ့စီရင်စုဆယ့်ရှစ်ခုက လူငယ်မျိုးဆက်ကိုယ်ခံပညာရှင်တွေကို အနိုင်ရခဲ့သူဖြစ်သည်။
သူ့ကိုများတကယ်ကြီး အထင်သေးရဲတယ်ပေါ့။
ယုတ္တိမရှိလိုက်တာ!
သူဒေါသထွက်နေတာကြောင့် သူ့ရဲ့ချီစွမ်းအင်ကလည်း မတည်မငြိမ်ဖြစ်လာသည်။
သူ့လက်သီးတွေနှင့်ခြေထောက်ဟာလည်း ရှုပ်ထွေးကုန်၏။
ထိုအချိန်တွင် သူ၏ချိုင်းအောက်၌ ကြီးမားသည့်ဟာကွက်တစ်ခုပေါ်လာတော့သည်။
ယဲ့ဖန်လည်း ထိုအရာကိုချက်ချင်း သတိပြုလိုက်မိသည်။
ထို့ကြောင့် တစ်ချက်လေးမှတုံ့ဆိုင်းမနေပဲ ထိုနေရာကိုကန်ချလိုက်သည်။
ဘန်း!
သွမ့်ကျန်းလု၏တိုက်ပွဲအသိမှာ အလွန်သန်မာလွန်းသည်။
ယဲ့ဖန်ကန်လိုက်သည့်အချိန်တွင် သူအန္တရာယ်ကိုခံစားမိလိုက်တာကြောင့် ချက်ချင်းခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
သို့သော်လည်း ထိုကန်ချက်ဖြင့် ထိသွားဆဲဖြစ်သည်။
ထပ်ပေါင်းပြောရလျှင် ချိုင်းနေရာဟာ လူတစ်ယောက်၏အားနည်းချက်ဖြစ်သည်။
သွမ့်ကျန်းလု၏ညာလက်မောင်းမှာ ချက်ချင်းဆိုသလို ထုံထိုင်းသွားရသည်။
ထိုသည်ကိုတွေးမိပြီး ရုတ်တရက်ဆိုသလို သူကြောက်ရွံ့မှုကိုခံစားမိလိုက်သည်။
ဒီကလေးကအစောက သူ့ကိုရည်ရွယ်ချက်ရှိရှိ ရန်စနေခဲ့တာပဲ။
သူက သူ့ကိုဆွဲဆောင်ပြီး ဟာကွက်ဖြစ်စေခဲ့တာဖြစ်သည်။
သူဟာလည်း ထိုထောင်ချောက်ထဲ လုံးလုံးလျားလျားကျဆင်းသွားခဲ့သည်။
သူသာနောက်ဆုံးအချိန်မှာ မရပ်တန့်လိုက်မိပါလျှင် သူ့လက်မောင်းတစ်ဖက် ကျိုးသွားနိုင်သည်။
ပရိသတ်တွေထိုမြင်ကွင်းကိုမြင်တော့…
လူတိုင်းကြက်သေသေသွားရသည်။
ဘာလဲ။
သွမ့်ကျန်းလု တကယ်ကြီးရှုံးသွားတာလား။
ကျုံးဟိုင်မြို့ရဲ့နံပါတ်တစ် ပါရမီရှင်ကို သတ်ပြီး ဂိုဏ်းခေါင်းဆောင် ယန်းမန်ထန်းကို အနိုင်ယူခဲ့တဲ့သွမ့်ကျန်းလုကလေ…
ဒီလိုလူသစ်လေးရဲ့လက်ထဲမှာ တကယ်ကြီး ရှုံးသွားတယ်ပေါ့။
ဘုရားရေ!
ဒါကအမှန်မဖြစ်နိုင်ဘူး!
အပိုင်း ( ၂၇၅ )
သူကလူသစ်လေးလား
တစ်ဖက်တွင်တော့ စင်ပေါ်မှဆင်းကာ ကုသမှုယူနေရသည့်ယန်းမန်ထန်းမှာ ဆရာဝန်ကိုတွန်းထုတ်ကာ စင်ပေါ်သို့ မယုံနိုင်စွာကြည့်နေမိသည်။
ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
လျုံဝမ်းယွမ်ပြောတော့ အဲ့ကလေးက ကိုယ်ခံပညာကျင့်တာ တစ်လတောင် မပြည့်သေးဘူးဆို။
သူလိုလူသစ်လေးက သွမ့်ကျန်းလုနဲ့ တိုက်ပွဲမှာ ဘယ်လိုလုပ်အသာစီးရနိုင်တာလဲ။
မင်းဘယ်သူ့ကိုအရူးလုပ်ဖို့ ကြိုးစားနေတာလဲ။
…..
သီးသန့်ခန်းထဲ၌။
အခြားလူများမှာ လျုံဝမ်းယွမ်အား မယုံနိုင်စွာကြည့်လိုက်မိသည်။
“ လူကြီးမင်းလျုံ၊ ဘာတွေဖြစ်နေတာလဲ “
“ ဟုတ်တယ်၊ ခင်ဗျားပြောတော့ ခင်ဗျားတပည့်က ကိုယ်ခံပညာစသင်တာ တစ်လတောင်မပြည့်သေးဘူးဆို “
“ ကျွန်တော်တို့ကိုလိမ်နေတာမလား။ အဲ့ကောင်လေးက သွမ့်ကျန်းလုနဲ့ တိုက်တာတောင် အသာစီးရယူနိုင်တာကို။ သူဒီအခြေအနေကိုအခွင့်ကောင်းယူဖို့ ကြိုးစားနေတာဆိုပေမယ့် ဆယ်နှစ်လောက် မလေ့ကျင့်ထားရင်တော့ ဖြစ်နိုင်မယ်မထင်ဘူး “
“ လူကြီးမင်းလျုံ၊ ခင်ဗျားအထင်မှားနေတာ ဖြစ်ရမယ်။ ကျွန်တော်တို့ကို လိမ်နေတာမလား “
“ သူ့တပည့်ကိုစင်ပေါ်မတက်စေချင်လို့နေမှာ။ အဲ့တာကြောင့် ကိုယ်ခံပညာကျင့်တာ တစ်လတောင်မရှိသေးဘူးလို့ ပြောတာနေမှာ”
“ ယုတ္တိမရှိလိုက်တာ! “
ပရိသတ်တွေထံမှမေးခွန်းထုတ်သံတွေကို ကြားတော့ လျုံဝမ်းယွမ် ခါးသက်စွာသာ ပြုံးနိုင်တော့သည်။
“ ကျွန်တော့်တပည့်ကိုယ်ခံပညာသင်တာ တကယ်တစ်လတောင်မပြည့်သေးပါဘူး။ ကျွန်တော်အမှန်တိုင်းပြောနေတာပါ “
လူတိုင်းမျက်လုံးလှိမ့်လိုက်မိသည်။
အသိအသာကိုပဲ သူပြောတာကို ဘယ်သူမှမယုံကြချေ။
ကိုယ်ခံပညာသင်တာတစ်လတောင်မရှိသေးပဲ သွမ့်ကျန်းလုကို အနိုင်ပိုင်းနိုင်တယ်ပေါ့။
မင်းသရဲကိုလာချော့နေတာလား။
လျုံဝမ်းယွမ် ဆွံ့အသွားရသည်။
သူ့တပည့်က သူ့ဘာသာထူးချွန်နေတဲ့ဟာကို သူကဘာလို့အပြစ်တင်ခံနေရတာလဲ။
သို့သော် သူသည်လည်း အနည်းငယ်အံ့ဩသွားရသည်။
သူဒီမနက် တပည့်ဖြစ်သူနဲ့ သိုင်းလေ့ကျင့်တုန်းက ဒီလောက် မသန်မာသေးပါဘူး။
အစောက ယဲ့ဖန် သွမ့်ကျန်းလုကို ရည်ရွယ်ချက်ရှိရှိ ရန်စနေခဲ့ပေမယ့် …
နောက်ဆုံးကန်ချက်က မြန်ဆန်ပြီးတိကျကာ အလွန်အညှာအတာမဲ့လေသည်။
ထိုအရာမျိုးက ‘အချောင်သမား’ တစ်ယောက် ရှင်းပြနိုင်တာမျိုးမဟုတ်ချေ။
အဲ့ကလေး ငါနဲ့သိုင်းလေ့ကျင့်တုန်းက သူ့အစွမ်းတွေကို လျှိုထားတာများလား။
ကလေးစုတ်လေး၊ ကိုယ့်ဆရာကိုတောင် လျှိုထားရဲတယ်။
ပြန်လာမှကောင်းကောင်းကြီး သင်ခန်းစာပေးလိုက်ဦးမယ်။
ကြိုးဝိုင်းအစွန်၌ရပ်နေသည့် ရှုကျင်းရှင်းမှာ…
ထိုအခိုက်အတန့်တွင် သူမလည်းပဲ အားပေးနေခဲ့တာပင်။
သူမကအမြဲဆိုသလို တည်ငြိမ်သူတစ်ယောက်ဖြစ်ကာ အပြင်လူတွေကို သူမခံစားချက်တွေ ထုတ်ပြခဲသည်။
သို့သော်ဤတစ်ကြိမ်၌ သူမ ထိန်းမထားနိုင်တော့ပေ။
ယဲ့ဖန်အန္တရာယ်မရှိသည့်အပြင် တစ်ပန်းသာနေသေးသည်ကိုမြင်တော့ သူမအလွန်ပျော်သွားရသည်။
အစောကထွက်သွားသည့်လူများဟာတော့ ယဲ့ဖန် သွမ့်ကျန်းလုကို ချတာကို မမြင်လိုက်ရပေ။
သူတို့လမ်းတစ်ဝက်ရောက်တော့ ပရိသတ်တွေ၏အားပေးသံကိုကြားလိုက်ရသည်။
သူတို့ပြန်လှည့်ကြည့်လိုက်တော့ သွမ့်ကျန်းလုမျက်နှာမှာဖုန်အပြည့်နဲ့ ရပ်နေသည်ကိုမြင်လိုက်ရသည်။
သူ့လက်မောင်းတစ်ဖက်ကတော့ ပျော့ခွေနေ၏။
သူ့ပုံစံမှာ ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုကို ရင်ဆိုင်လိုက်ရသလိုပင်။
ဘာဖြစ်သွားတာလဲဆိုတာကို သူတို့အမြန်လိုက်မေးမိတော့သည်။
သို့သော်အခြားလူတွေပြောကြသည်မှာ….
အစောကအခြေအနေကို ရှင်းရှင်းလင်းလင်း ပြန်မပြောပြတတ်ဟုဆိုကြတာကြောင့် သူတို့ ချက်ချင်းနောင်တရသွားကြသည်။
သူတို့သာအစောထဲကသိခဲ့ရင် ထမပြန်ပါဘူး။
ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့တိုက်ပွဲမျိုးကိုမှ လက်လွတ်သွားရတယ်လို့။
သို့သော်လည်း မတူညီသည့်အတွေးရှိကြသူများလည်း ရှိသေးသည်။
“ ဘာမှပျော်စရာမကောင်းပါဘူးကွာ။ သွမ့်ကျန်းလုက ရန်သူကိုလျှော့တွက်မိသွားလို့။ သူအခု အတည်တိုက်ရင် အဲ့ကောင်လေးကတော့ သေပြီပဲ “
“ ဟုတ်တယ်။ ဖန်းယိမင်နဲ့ ယန်းမန်ထန်းတို့တောင် အစပိုင်းအသာစီးရနေပြီး အဆုံးကျ ရှုံးသွားတာပဲမလား “
“ အစောကဒီကောင်လေး သွမ့်ကျန်းလုကို ရန်စပြီးတိုက်လို့သာနိုင်သွားတာ။ ခွန်အားအရဆိုရင် သူကသွမ့်ကျန်းလုရဲ့ ပြိုင်ဘက်မဟုတ်ဘူး “
“ ဒီကလေးအန္တရာယ်ဖြစ်မှာပဲစိုးရိမ်မိတယ် “
ထိုအချိန်တွင် စင်မြင့်ပေါ်၌ သွမ့်ကျန်းလုမှာ ထိုလူများပြောသည့်အတိုင်းပင် ယဲ့ဖန်အား အငြိုးဖြင့်ကြည့်နေ၏။
ယဲ့ဖန်၏ကန်ချက်က သူ့ကိုသိပ်ကြီးကြီးမားမား ထိခိုက်မသွားစေပေမယ့်…
အတော်လေးစော်ကားရာကျသည်။
သူသာဒီကလေးကိုအမြန်အနိုင်မယူလျှင် တရုတ်ပြည်ရဲ့စီရင်စုဆယ့်ရှစ်ခုက လူငယ်မျိုးဆက်တွေကို အနိုင်ပိုင်းခဲ့တယ်ဆိုသည့် သူ့ဂုဏ်ပုဒ်လည်း မြောင်းထဲရောက်သွားလိမ့်မည်။
“ မင်းကတော်တော်ကလိမ်ကျတာပဲ။ ဒါပေမယ့် တကယ့်အားနဲ့ယှဉ်ရင် အဲ့တာက အသုံးမဝင်ဘူး။ ခွန်အားကဘာလဲဆိုတာကို ငါမင်းကိုအခုပြပေးမယ် “
ထိုသို့ပြောပြီးသည်နှင့် သွမ့်ကျန်းလု၏ ညာခြေထောက်မှာ မြေပြင်ကို ခပ်ဖွဖွထိလိုက်ကာ ခုန်လိုက်ပြီး သူ့ခြေထောက်ကို လေထဲ၌လွှဲယမ်းကာ ယဲ့ဖန်၏ဦးခေါင်းကို ဦးတည်လိုက်သည်။
ယဲ့ဖန်သူနဲ့မတိုက်ချင်တာကြောင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
ထိုအရာကမှ သွမ့်ကျန်းလုလိုချင်တာ ဖြစ်သည်။
ချက်ချင်းဆိုသလို သွမ့်ကျန်းလု နောက်တိုက်ကွက်များဆက်လာလေသည်။
ဟူး ဟူး ဟူး…
သူ့ခြေထောက်တွေဟာ လေရဟတ်ကဲ့သို့ ယဲ့ဖန်အားဆက်တိုက်ကန်လာသည်။
ယဲ့ဖန်ကို အသက်ရှူချိန်ပင်မပေးချေ။
ယဲ့ဖန်တဖြည်းဖြည်းအနောက်သို့ ဆုတ်သွားကာ သူ့ပုံစံမှာ အလွန်ဖရိုဖရဲနိုင်နေ၏။
သူ့မျက်နှာကို သွမ့်ကျန်းလု၏ခြေထောက်ဖြင့် အကြိမ်ရေအတော်များများ ထိလုနီးပါးဖြစ်ခဲ့လေသည်။
သွမ့်ကျန်းလုရဲ့အစွမ်းနဲ့ဆို သူတစ်ချက်လေး မှားသွားရင်တောင် အကျိုးဆက်က မတွေးရဲစရာပဲ။
သူ ဖန်းယိမင်အတိုင်းဖြစ်သွားနိုင်သည်။
ကြိုးဝိုင်းဘေး၌ရပ်နေသည့် ရှုကျင်းရှင်းမှာ တစ်ဖန်ရင်တမမဖြစ်သွားရပြန်သည်။
သူမလက်ဖဝါး၌ ချွေးတို့ဖြင့် ရွှဲစိုနေကာ အသက်ပင်မရှူရဲပေ။
အခန်းထဲရှိလူများဟာလည်း ယဲ့ဖန် အလွန်သနားစရာကောင်းစွာ တိမ်းရှောင်နေသည်ကိုကြည့်ရင်း သက်ပြင်းချလျက် ခေါင်းခါလိုက်မိသည်။
“ သူကအရမ်းအားနည်းနေသေးတယ်။ ပြန်တောင်မတိုက်နိုင်ဘူး “
“ အစောကကံကောင်းပြီး နိုင်တော့မလို ဖြစ်သွားပေမယ့် အခုသွမ့်ကျန်းလု အားထုတ်သုံးလာတော့ ချက်ချင်း နဂိုပုံပြန်ပြောင်းသွားတော့တာပဲ “
“ သူ့ကိုကြည့်ပါဦး၊ အချိန်မရွေး အကန်ခံရတော့မယ့်အတိုင်းပဲ။ အဲ့အချိန်ကျ သေရင်သေ မသေရင် ဒဏ်ရာရပဲ “
“ ထင်တဲ့အတိုင်းပဲ၊ ညစ်ပတ်တဲ့နည်းလမ်း သုံးရုံနဲ့အနိုင်မရနိုင်ပါဘူးဆို။ အလကား အသက်ဆုံးရှုံးတာပဲရှိတယ် “
လူအုပ်ကြီး၏ထေ့ငေါ့စကားများကိုကြားတော့ လျုံဝမ်းယွမ်လည်း စိတ်ပူလာရသည်။
‘ ရှောင်ဖန်း အဆင်ပြေပါစေ’
‘ မင်းကငါ့ရဲ့မျှော်လင့်ချက်ပဲ ’
‘ မင်းသာတစ်ခုခုဖြစ်သွားရင်…’
‘ ငါအသက်ရှင်နေရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ ’
ယဲ့ဖန်ဖိနှပ်ခံနေရသည်ကိုမြင်တော့ ပရိသတ်ထုကြီးမှာလည်း တစ်ဖန် မျှော်လင့်ချက်ပျက်သုဉ်းသွားရပြန်သည်။
“ သူကတော့သွားပြီ။ ငါဘာပြောထားလဲ။ သွမ့်ကျန်းလုက သူ့ပြိုင်ဘက်ကို အထင်သေးမိသွားတာပါလို့။ သူသာ အတည်ချရင် အဲ့ကလေးတစ်သက်လုံး ပြန်တောင်တိုက်နိုင်မှာမဟုတ်ဘူး “
“ ငါးကွက်မကျော်စေရဘူး၊ အဲ့ကလေး ရှုံးမယ်ဆိုတာ ငါလောင်းရဲတယ် “
“ ရှုံးရုံပဲမဟုတ်မှာကို စိုးမိတယ်။ သွမ့်ကျန်းလုက တစ်ခါအချခံထားရတော့ သူ့ကိုလွယ်လွယ်နဲ့လွှတ်ပေးမှာမဟုတ်ဘူး “
“ သူလည်းဖန်းယိမင်လိုဖြစ်တော့မှာပဲ “
“ အိုင်း၊ ဒီနေ့နောက်တစ်ယောက် ထပ်သေရဦးမှာလား “
လူတိုင်းအဲ့လိုထင်နေကြတုန်းမှာ…
ရုတ်တရက် ကောင်းကင်ဘုံ၏အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်…
ယဲ့ဖန်အားသည်းကြီးမည်းကြီး လိုက်ဖမ်းနေသည့် သွမ့်ကျန်းလုမှာ…
တစ်ချို့အကြောင်းရင်းကြောင့် ရုတ်တရက် ချော်သွားသည်။
သူအမြန်ပြန်ထိန်းညှိလိုက်ပေမယ့်လည်း…
ယဲ့ဖန်အားအခွင့်အရေးပေးသလို ဖြစ်သွားသေးသည်။
ယဲ့ဖန်လည်း ထိုအခွင့်အရေးကိုသုံးကာ သွမ့်ကျန်းလု၏ရင်ဘတ်ကို ထိုးလိုက်သည်။
ဘန်း!
တစ်လက်မစာလက်သီးချက်က ပေါက်ကွဲထွက်သွားတော့သည်။
သားရေဗုံတီးသံကို လူတိုင်းကြားလိုက်ကြရသည်။
သွမ့်ကျန်းလု ပျံထွက်သွားလေ၏။
လေထဲ၌ရှိနေစဉ်တွင် သွေးတစ်ပွက် အန်မိသွားသည်။
ပရိသတ်များလည်း ထိုသွေးတွေကို မြင်လိုက်ရသည်။
၎င်းဟာအလွန်မျက်စိကိုဖမ်းစားနိုင်လေသည်။
အနိုင်မခံအရှုံးမပေးတဲ့သွမ့်ကျန်းလုက တကယ်ကြီးသွေးအန်သွားတာလား။
အပိုင်း ( ၂၇၆ )
ကြောက်ဖို့ကောင်းလိုက်တာ
“ ဘာဖြစ်သွားတာလဲ “
ထိုခဏအတွင်းမှာ ဘာဖြစ်သွားတာလဲဆိုတာကို သီးသန့်ခန်းထဲရှိ ဘယ်သူမှရှင်းရှင်းလင်းလင်း မမြင်လိုက်ကြပေ။
သွမ့်ကျန်းလုကတစ်ပန်းသာနေတာကို ဘယ်လိုလုပ်ပြောင်းပြန်ဖြစ်သွားတာလဲ။
“ ကြည့်ရတာ… သွမ့်ကျန်းလုက ဖန်းယိမင်ရဲ့ သွေးတွေပေါ်မှာ ရပ်မိသွားတာပဲ…”
လူတိုင်းကြိုးဝိုင်းထဲရှိ နေရာတစ်ခုကို မသေမချာဖြင့်ကြည့်လိုက်မိကြတော့ နားလည်သွားရသည်
ဖန်းယိမင် တိုက်ပွဲမှာသေသွားတုန်းက စင်ပေါ်မှာသွေးအိုင်ကြီးတစ်အိုင် ချန်ခဲ့တာပင်။
သွမ့်ကျန်းလုက ထိုသွေးအိုင်ပေါ် ခြေချမိသွားတာပင်။
ရလဒ်ကတော့ သူရုတ်တရက်ခြေချော်သွားပြီး ယဲ့ဖန်ကို တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး ပေးလိုက်မိတာပင်။
အကြောင်းအရင်းကိုသိလိုက်ရတော့ လူတိုင်း၏အမူအရာမှာ အလွန်ရယ်ချင်စရာကောင်းပေသည်။
ပွဲတိုင်းအနိုင်ရနေတဲ့သွမ့်ကျန်းလုက ဒီလိုအမှားမျိုးကိုလုပ်မိလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ…
“ ယဲ့ဖန်က တော်တော်ကံကောင်းတာပဲ။ ပွဲနေရာကတောင် သူ့ကိုအကူအညီပေးနေတယ် “
“ ဟုတ်ပါ့၊ သူကတကယ်ကံကောင်းတယ်။ သွမ့်ကျန့်လုက သွေးတွေကြောင့် ခြေချော်သွားတယ်တဲ့၊ တကယ့်ဟာသပဲ “
“ ယဲ့ဖန် အဲ့သွေးအိုင်ဆီ တမင်သက်သက် ဦးတည်သွားတာလို့ရော မတွေးမိဘူးလား “
“ အဲ့တာက… မဖြစ်နိုင်ဘူးမလား။ အစောက ယဲ့ဖန် သွမ့်ကျန်းလုကြောင့် ပျာယာခတ်နေတာကို။ အဲ့လိုအကြံမျိုး ဘယ်လိုလုပ်ထုတ်နိုင်မှာလဲ “
“ တမင်သက်သက်ပျာယာခတ်နေတဲ့ပုံ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တာပဲ။ အဲ့တာမှ သွမ့်ကျန်းလု စင်ပေါ်က သွေးကွက်ကို သတိမထားမိမှာလေ “
“ အဲ့လိုသာဆို ဒီလူငယ်လေးရဲ့အကြံက တကယ်နက်နဲပြီး ကြောက်ဖို့ကောင်းတာပဲ “
“ အစ်ကိုလျုံ၊ ယဲ့ဖန်က ခင်ဗျားတပည့်မလား။ ဘယ်လိုထင်လဲ “
ချက်ချင်းပင် လူတစ်ယောက် လျုံဝမ်းယွမ်ဘက်လှည့်ကာ မေးလာသည်။
လျုံဝမ်းယွမ်လည်း ကြက်သေသေနေတာ ဖြစ်သည်။
ယဲ့ဖန်အခြေအနေကို ပြောင်းပြန်လှန်ပစ်လိမ့်မယ်လို့ သူမထင်ထားပေ။
ထိုမေးခွန်းကိုကြားတော့ သူအနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။
“ အမှန်တိုင်းပြောရရင် ကျုပ်လည်း ကျုပ်တပည့်အကြောင်း သိပ်မသိဘူး “
သူ့စကားကိုကြားလိုက်သည့်လူတိုင်း ပဟေဠိဖြစ်သွားရသည်။
“ သူကခင်ဗျားတပည့်မဟုတ်ဘူးလား။ ဘယ်လိုလုပ်မသိတာလဲ “
လျုံဝမ်းယွမ် ခါးသက်စွာပြုံးလိုက်မိသည်။
“ ကျွန်တော့်တပည့်နဲ့ရင်းနှီးတာ တစ်လတောင်မရှိသေးဘူးလေ။ သူ့ကို နည်းနည်းထောက်ပြတာကလွဲရင် နက်ရှိုင်းတဲ့ဆက်ဆံရေးမျိုးမရှိဖူးဘူး “
လူတိုင်း၏မျက်နှာမှာ ကြောင်တောင်တောင် ဖြစ်သွားရသည်။
“ ဒါဆို သူကိုယ်ခံပညာကျင့်တာ တကယ်ကြီးတစ်လတောင် မရှိသေးဘူးပေါ့ “
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကိုယ်ခံပညာ ကျင့်တာတစ်လတောင်မရှိသေးပဲ သွမ့်ကျန်းလုကို နှစ်ခါတောင် တိုက်လိုက်နိုင်တယ်ပေါ့ “
“ အစ်ကိုလျုံ၊ နောက်နေတာတော့ မဟုတ်ဘူးမလား။ ဒီလိုပါရမီရှင်မျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ “
“ အစ်ကိုလျုံပြောတာသာအမှန်ဆိုရင် ယဲ့ဖန်က နှစ်တစ်ရာမှတစ်ခါပေါ်လာတတ်တဲ့ ကိုယ်ခံပညာပါရမီရှင်ပဲဖြစ်ရမယ် “
“ အစ်ကိုလျုံ၊ ဒီရတနာလေးနဲ့ လမ်းခွဲဖို့များ ဆန္ဒရှိလားဟင်။ ယဲ့ဖန်ကို ကျွန်တော့်တပည့် အဖြစ်လက်ခံပြီး တတ်သမျှအကုန်သင်ပေးချင်လို့ပါ “
“ ဆုတောင်းလိုက်လေ။ အစ်ကိုလျုံက ဒီလိုရတနာမျိုးကို မင်းကိုပေးမှာတဲ့လား “
“ အစ်ကိုလျုံ၊ ကျားငါးကောင်းဓားပဲ့ဂိုဏ်းက နှစ်တစ်ရာသက်တမ်းရှိတဲ့ဂိုဏ်းပါ။ ယဲ့ဖန်ကို ကျွန်တော်တို့ဆီလွှတ်လိုက်ပါ “
“ ကောင်းပြီ၊ ရန်မဖြစ်ကြပါနဲ့တော့။ သွမ့်ကျန်းလုက နှစ်ခါတောင် ဆက်တိုက်ရှုံးထားတာဆိုတော့ သူပေါက်ကွဲနေလောက်ပြီ။ ယဲ့ဖန် အသက်ရှင်မလားဆိုတာ မသေချာသေးဘူး။ ဘာလို့ရန်ဖြစ်နေကြတာတုန်း “
ထိုစကားကြားမှ လူတိုင်းရပ်သွားကြကာ တိုက်ပွဲနေရာထံအကြည့်ပြန်ပို့လိုက်ကြသည်။
အခန်းထဲရှိလူများ ယဲ့ဖန်အတွက် တိုက်ခိုက်နေကြချိန်မှာ အပြင်ဘက်ရှိ ပရိသတ်များလည်း စိတ်လှုပ်ရှားနေကြသည်။
“ ဒီလူငယ်လေးက အံ့ဩစရာပဲ။ သူတကယ်ကြီးသွမ့်ကျန်းလုကို နှစ်ခါတောင် ချလိုက်နိုင်တယ်။ သူသေမှာလို့ ဘယ်သူပြောရဲသေးလဲကွ “
“ ဟုတ်တယ်၊ ဂိုဏ်းခေါင်းဆောင်းယန်းတောင် သွမ့်ကျန်းလုကို နှစ်ခါမချနိုင်ခဲ့ဘူး “
“ ပထမတစ်ကြိမ်တုန်းက သွမ့်ကျန်းလု ရန်သူကိုလျှော့တွက်မိလို့ဆိုရင် ဒုတိယတစ်ကြိမ်လည်း အဲ့လိုပဲလို့တော့ လာမပြောနဲ့လေ “
“ အဲ့ကောင်လေးရဲ့နာမည်ကို သိတဲ့လူရှိကြလား။ သူသာဒီနေ့နိုင်သွားရင် အနာဂတ်မှာသေချာပေါက် နာမည်ကြီးသွားမှာပဲ “
“ ငါကိုယ်ခံပညာလောကအကြောင်း တော်တော်လေးထဲထဲဝင်ဝင်သိပေမယ့် ဒီကောင်လေးကိုတော့ အရင်ကတစ်ခါမှ မမြင်ဖူးဘူး။ ဒီတစ်လျှောက်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့တာများလား “
“ စာအုပ်တစ်အုပ်ကို အဖုံးနဲ့ဆုံးဖြတ်လို့ မရဘူးဆိုတာတကယ်ပဲ။ ငါတို့ တရုတ်ကိုယ်ခံပညာလောကမှာ မျှော်လင့်ချက်ရှိလာခဲ့ပြီ!”
ရှုကျင်းရှင်းလည်း အလွန်ပျော်နေမိသည်။
အစောကထိသူမယဲ့ဖန်ကို စိုးရိမ်နေခဲ့ပေမယ့် အခြေအနေကပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
သွမ့်ကျန်းလု တကယ်ကြီးသွေးအိုင်ကို တက်နင်းမိပြီး ချော်လဲသွားခဲ့သည်။
သူကတကယ်ငတုံးပဲ!
လူထုကထိုသို့တုံ့ပြန်လေလေ စင်ပေါ်က သွမ့်ကျန်းလုမှာ ပိုဒေါသထွက်လာရလေလေပင်။
ဤတစ်ကြိမ်တွင်တော့ သွမ့်ကျန်းလု တကယ်ဒေါသူပုန်ထနေပြီဖြစ်သည်။
သူယဲ့ဖန်ထံကနေ ဒီလိုရယ်စရာကောင်းတဲ့ နည်းမျိုးနဲ့နှစ်ခါတောင် ရှုံးသွားခဲ့သည်။
သူ့အတွက်တော့ ထိုအရာဟာ အလွန်အရှက်ရစရာပင်!
ဒီတစ်ကြိမ် သူတရုတ်ပြည်ကိုလာခဲ့တာက တစ်ဖက်မှာ တရုတ်ပြည်ကိုယ်ခံပညာလောကက နာမည်ကြီးနေတဲ့စတားလေးတွေကို ရိုက်ချချင်တာကြောင့်ရော ဒီအခွင့်အရေးကိုသုံးပြီ ဂျပန်မှာ နာမည်ကြီးချင်တာကြောင့်ရောဖြစ်သည်။
ဒီမတိုင်ခင်က သူ့ဖျော်ဖြေမှုတွေက အတော်လေးပြီးပြည့်စုံတယ်ဟု ဆိုရမည်။
ထိုပြိုင်ပွဲဗီဒီယိုတွေကိုသာ ဂျပန်ကိုရောက်သွားရင် သူတို့ချက်ချင်း လူအများရဲ့အာရုံကိုဆွဲဆောင်လိုက်နိုင်မှာပင်။
အမှန်တော့ ဤအရာကြောင့် သူပရိတ်သတ်အတော်များများတောင် ရပြီးနေပြီဖြစ်သည်။
ဒီတိုင်းသာဆက်သွားရင်..
သွမ့်ကျန်းလုဆိုတာ ဂျပန်နိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်ကိုယ်ခံပညာရှင်တွေထဲမှာ အကျော်ကြားဆုံးဖြစ်လာမှာပင်။
ဒီလိုအချိန်ကျမှ အခုလိုမတော်တဆထဖြစ်မယ်လို့ဘယ်သူထင်မှာလဲ။
တရုတ်ပြည်ရဲ့စီနီယာကိုယ်ခံပညာရှင်ကြီးတွေဆီမှာ ရှုံးတာမျိုးကို လက်ခံလို့ရသေးသည်။
ဒါပေမယ့် သူအခုရင်ဆိုင်နေရတဲ့သူက ကိုယ်ခံပညာလောကရဲ့တက်သစ်စလေး ဖြစ်နေသည်။
အစောကတိုက်ပွဲအခြေအနေဆုံးဖြတ်ကြည့်လျှင်…
ထိုလူငယ်လေးရဲ့လှုပ်ရှားမှုတွေက မရင်းနှီးသလိုဖြစ်နေကာ ကိုယ်ခံပညာလောကနှင့် အချိန်အတော်ကြာ အဆက်အသွယ်မရှိသည်မှာ ထင်ရှားသည်။
သူ့ရှေ့ကလူဆီမှာ သူနှစ်ကြိမ်တောင် ရှုံးနိမ့်ခဲ့သည်။
သွမ့်ကျန်းလုအတွက်တော့ ထိုအရာက အရှက်ရစရာပင်။ အဲ့တာအပြင် သူသာ ဂရုမစိုက်ပါက သူအချိန်အတော်ကြာ ကြိုးစားတည်ဆောက်ထားခဲ့ရတဲ့ ဂုဏ်သတင်းတွေဟာလည်း ဖျက်ဆီးခံလိုက်ရလိမ့်မည်။
“ ဒီနေ့ မင်းသေကိုသေရမယ်! “
သွမ့်ကျန်းလု၏သွားကြားထဲမှ ထိုစကားအနည်းငယ်ထွက်လာသည်။
စကားလုံးတိုင်း၌ဒေါသဖြင့်ပြည့်နေ၏။
ဗြိ…
သူဝတ်ထားသည့်အဖြူရောင်လေ့ကျင့်ရေး ဝတ်စုံမှာ ဆွဲဖြဲခံလိုက်ရသည်။
သူ၏သန်မာတုတ်ခိုင်သည့်ကြွက်သားတွေ လှစ်ဟပြလာသည်။
ကြွက်သားတိုင်၌ ပေါက်ကွဲနိုင်သည့်စွမ်းအားတို့ဖြင့် ပြည့်နှက်နေသည်။
ဒဏ်ရာကိုကျပ်စည်းနေသည့် ယန်းမန်ထန်းမှာ ထိုအရာကိုမြင်တော့ သူ့အမူအရာဟာကြီးကြီးမားမား ပြောင်းလဲသွားတော့သည်။
ထို့နောက် သီးသန့်ခန်းထံအော်ပြောလိုက်သည်။
“ ယဲ့ဖန်ကိုအမြန်အရှုံးပေးခိုင်းလိုက်။ မဟုတ်ရင် အကုန်နောက်ကျကုန်လိမ့်မယ်! “
ကြိုးဝိုင်းထဲရှိအခြားလူများလည်း ထိုကိစ္စ၏အရေးပါပုံကို သတိပြုမိကြသည်။
သွမ့်ကျန့်လု လူသတ်တော့မည်မှာ အလွန်သိသာလေသည်။
သူယဲ့ဖန်ကိုနေရာ၌ပင် သတ်ပစ်ချင်နေတာ ဖြစ်သည်။
ယဲ့ဖန်၏အောင်နိုင်မှုနှစ်ခုမှာ ကံကောင်းသွားတာကြောင့်ဖြစ်သည်။
သူ့လိုရှားပါးသည့်ပါရမီရှင်မျိုး သေသွားလျှင် အလွန်နှမြောစရာကောင်းသည်။
လူတိုင်းအခန်းထဲမှ တစ်ဟုန်ထိုးပြေးထွက်လာကြသည်။
သူတို့အားလုံးကြိုးဝိုင်းအစွန်းသို့ရောက်လာကြကာ ဝိုင်းအော်ကြတော့သည်။
“ ရပ်လိုက်တော့၊ ငါတို့အရှုံးပေးတယ်။ ရပ်လိုက်တော့! “
သို့သော် သွမ့်ကျန်းလုမှာ သူတို့အော်သံကို မကြားသလိုပင်။
သူ့ထံ၌ အဆုံးမဲ့သည့်ဒေါသများဖြင့် ပြည့်နှက်နေပြီဖြစ်ကာ ယဲ့ဖန်အား အရူးအမူးတိုက်ခိုက်တော့သည်။