အပိုင်း ၂၈၁-၂၈၄
Vol. 15 Ch. 281-284
အပိုင်း ( ၂၈၁ )
၈ ပိုင်းပိုင်းခံရခြင်း။
စနစ်ညွှန်ကြားချက်ကိုကြားတဲ့အခါ ယဲ့ဖန်ချက်ချင်း တက်ကြွသွားကာ လမ်းကြောင်းပြောင်းရန် ရှုကျင်းရှင်းကို ပြောလိုက်တော့သည်။
" ကျွန်မတို့ ဘယ်သွားမှာလဲ "
ရှုကျင်းရှင်းက ယဲ့ဖန်ရဲ့ညွှန်ကြားချက်အတိုင်း ကားကို လမ်းကြောင်းပြောင်းလိုက်သည်။
ဒီတစ်ခါမှာလည်း ယဲ့ဖန်က ဘာလုပ်ချင်နေမှန်း သူမ မသိပေ။
သီးသန့်စားသောက်ဆိုင်သို့သွားနေတဲ့လမ်းမှာ ရုတ်တရက် လုပ်စရာရှိတယ်ဟုဆိုပြီး လမ်းကြောင်းပြောင်းခိုင်းသည်။
" ပြောတဲ့လမ်းအတိုင်းဘဲသွားပါ။ ညာ၊ ညာ၊ ညာ ....... "
ယဲ့ဖန်က ရှုကျင်းရှင်းကို စနစ်အတိုင်း လမ်းညွှန်သည်။
မကြာခင်တွင် သူတို့နှစ်ဦး စံအိမ်တစ်ခုသို့ရောက်လာတော့သည်။
စံအိမ်ကြီးက အတော်လေးကျယ်ဝန်းသည်။
အပြင်ဘက်တံတိုင်းနံရံတွေက သုံးပေကျော်မြင့်ပြီး ကြည့်ရတာ အတော်လေးခမ်းနားသည်။
သို့ပေမဲ့ စံအိမ်တစ်ဝိုက်ကို လုံခြုံရေးကြိုးတွေတားထားသည်။
ရဲတွေက စံအိမ်ထဲကို ဝင်ချည်ထွက်ချည်လုပ်နေသည်။
ဘာတွေဖြစ်နေလဲဆိုတာကို ယဲ့ဖန်တို့မသိကြပေ။
" ထျန်းယွဲ့အိမ်ရာလား။ ဒါက မိုချောင်းရှန်းရဲ့အိမ်မဟုတ်ဘူးလား "
ရှုကျင်းရှင်းက တံခါးကဆိုင်းဘုတ်ကိုတွေ့တဲ့အခါ ယဲ့ဖန်ကို ကြည့်လိုက်သည်။
" မိုချောင်းရှန်းအကြောင်းကို ဘယ်လိုလုပ်ပြီးသိတာလဲ "
ယဲ့ဖန်က ရှုကျင်းရှင်းဆီမှ မိုချောင်းရှန်းရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါ အရမ်းအံ့ဩသွားသည်။
သူ ရှုကျင်းရှင်းရှေ့မှာ မိုချောင်းရှန်းအကြောင်းကို မပြောဖူးမှန်း သိသည်။
အဲ့တာဆို သူမက ဘယ်လိုလုပ်ပြီးသိတာလဲ။
ရှုကျင်းရှင်း၏အမူအရာက အနည်းငယ်မူမမှန်ပေ။
" ကျွန် ..... ကျွန်မ တစ်ယောက်ယောက်ဆီက ကြားခဲ့တာပါ "
ယဲ့ဖန်က သူမမျက်လုံးကို စိုက်ကြည့်လိုက်သည်။
" အမှန်တိုင်းပြော "
ရှုကျင်းရှင်းသည် ယဲ့ဖန်၏အကြည့်ကြောင့် အနည်းငယ်ကြောက်သွားသည်။
သူမလည်း ရွေးစရာမရှိတော့ဘဲ အမှန်တိုင်းပြောပြလိုက်ရတော့သည်။
" မိုချောင်းရှန်းက ရှင်နဲ့ပြဿနာလေးရှိနေတယ်ကြားလို့ လူလွတ်ပြီးစုံစမ်းခိုင်းထားတာ ..... "
သူမ အမှန်တိုင်းပြောနေရင်း အသံကတိမ်ဝင်လာကာ မကြားရသလောက်ပင်ဖြစ်နေဝောာ့သည်။
ယဲ့ဖန် ပြောစရာစကားပျောက်သွားတော့သည်။
ဒါပေမဲ့လည်း သူ့စိတ်ထဲမှာကြည်နူးသွားရသည်။
သူမက သူနဲ့ မိုချောင်းရှန်းကြားက ပဋိပက္ခတွေအကြောင်းကို ကြားထားတာဖြစ်လိမ့်မည်။
အဲ့တာကြောင့် ယဲ့ဖန်ကို ကူညီပေးဖို့ နောက်ကြောင်းစုံစမ်းထားတာဖြစ်လိမ့်မည်။
" ဘာလို့ ကိုယ့်အပေါ်အရမ်းကောင်းပေးနေတာလဲ။ ကိုယ့်အပေါ်မကောင်းတဲ့အတွေးတွေ တွေးနေတာလား "
ယဲ့ဖန်က ခပ်ညစ်ညစ်ပြုံးလိုက်သည်။
" ရှင် .... ရှင် ဘာမဟုတ်တာတွေလျှောက်ပြောနေတာလဲ။ ဘယ်သူက ရှင့်အပေါ်မဟုတ်တာတွေးနေလို့လဲ "
ရှုကျင်းရှင်းက ချက်ချင်းငြင်းလိုက်သည်။
" အဲ့တာဘဲကောင်းပါတယ်။ ကိုယ်တို့ကြားမှာ မဖြစ်နိုင်ဘူး "
ယဲ့ဖန်က သူ့ရင်ဘတ်သူပုတ်ရင်း လန့်သွားတဲ့အမူအရာဖြင့်ပြောသည်။
" ဘာလို့လဲ "
ရှုကျင်းရှင်းက အနည်းငယ်သိချင်စိတ်ဖြစ်သွားသည်။
" မင်းရဲ့မိသားစုနောက်ခံက အရမ်းကြောက်ဖို့ကောင်းတယ်။ ကိုယ် မင်းနဲ့တစ်နေ့နေ့မှာ ပြဿနာတက်လို့ကတော့ ၈ ပိုင်းလောက် အပိုင်းခံရမှာ "
ယဲ့ဖန်က ရယ်ချင်စရာကောင်းတဲ့ အကြောင်းပြချက်တစ်ခုပေးလိုက်သည်။
" ရှင်ပြောသလောက်လည်း ကြောက်စရာမကောင်းပါဘူး။ ကျွန်မ မိဘတွေနဲ့အစ်ကိုက သဘောကောင်းတဲ့သူတွေပါ။ ကျွန်မတို့ပြဿနာတက်ရင်တောင် ရှင့်ကို ဘာမှမလုပ်ပါဘူး "
ရှုကျင်းရှင်းက သူမ မိသားစုကိုယ်စားရှင်းပြသည်။
" မင်းပြောနေပုံအရဆို မင်းကတကယ်ဘဲ ကိုယ့်ကို စိတ်ဝင်စားနေတာလား "
ယဲ့ဖန်က ထူးဆန်းတဲ့အမူအရာဖြင့်ကြည့်သည်။
" ရှင် ... ဘာလို့အဲ့လိုတွေဘဲပြောနေတာလဲ ... ရှင်နဲ့ ဘာမှဆက်မပြောတော့ဘူး "
ရှုကျင်းရှင်းက ရှက်ပြီး ခေါင်းကို တစ်ဖက်သို့ အမြန်လှည့်သွားတော့သည်။
ယဲ့ဖန်ကလည်း သူမကို ဆက်မစတော့ဘဲ တံခါးဖွင့်ပြီး ကားထဲကထွက်တော့သည်။
ထိုအခါ ရှုကျင်းရှင်းကလည်း ကားထဲမှလိုက်ထွက်လာသည်။
" ရှင် မိုချောင်းရှန်းရဲ့အိမ်မှာ ဘာလုပ်မလို့လဲ။ သူက သူ့ကိုယ်သူ သတ်သေသွားပြီ မဟုတ်လား။ ဒီကိုလာပြီး အောင်နိုင်သူကြီးအသွင်ဖမ်းမလို့လား "
ယဲ့ဖန်က သူမရဲ့စကားကို ကြားတဲ့အခါ လန့်သွားသည်။
" မဟုတ်တာမပြောနဲ့။ မင်းပြောနေပုံက သူသေတာက ကိုယ်နဲ့ဆိုင်သလိုဘဲ။ ကိုယ်က ဒီ ...... ဒီအတိုင်းလာပြီး ကြည့်ရုံပါ "
ရှုကျင်းရှင်းက နားမလည်ပေ။
" သေပြီးသားလူရဲ့အိမ်မှာ ဘာကြည့်စရာရှိလို့လဲ "
ယဲ့ဖန်က သူမကို ဘယ်လိုရှင်းပြရမလဲ မသိတော့ပေ။
အမှန်တိုင်းပြောရလျှင် စနစ်က သူ့ကို ဘာကြောင့်ဒီခေါ်လာလဲဆိုတာ သူကိုယ်တိုင်တောင်မသိပေ။
ထိုအချိန်တွင် စနစ်ညွှန်ကြားချက်အသံထပ်ပေါ်လာသည်။
[ လက်ရှိလမ်းကြောင်းမှ ဆက်သွားပြီး ထျန်းယွဲ့အိမ်ရာထဲကိုဝင်ပါ။ ၂၃မီတာဆက်သွားပြီး ညာဘက်ကွေ့ပါ ...... ]
စနစ်ညွှန်ကြားချက်က ယဲ့ဖန်အတွက် အနည်းငယ်အခက်တွေ့စေသည်။ အကြောင်းမှာ မိုချောင်းရှန်း၏စံအိမ်ထဲသို့ဝင်ထွက်နေသော ရဲတွေရှိနေပြီး သူဝင်ချင်ရင်တောင်မှ မလွယ်လောက်ပေ။
ယဲ့ဖန်ဘေးမှ ရှုကျင်းရှင်းက သူ့စိတ်ကိုဖတ်မိတဲ့အလား မေးလာသည်။
" ရှင် အထဲကိုဝင်ချင်လို့လား "
ယဲ့ဖန်ခေါင်းငြိမ့်လိုက်သည်။
" ဒါပေမဲ့ ရဲတွေက ပေးမဝင်လောက်ဘူးထင်တယ် "
ရှုကျင်းရှင်းက ခဏရပ်နေပြီးတဲ့နောက် အရှေ့ကိုလျှောက်သွားသည်။
ယဲ့ဖန်လည်း အမြန် အနောက်မှလိုက်လာတော့သည်။
သူတို့နှစ်ယောက်ကိုတွေ့တဲ့အခါ ရဲတစ်ယောက်က ချက်ချင်းရှေ့တက်လာပြီးတားသည်။
သို့ပေမဲ့ ရှုကျင်းရှင်းက သူ့ကို တစ်စုံတစ်ခုပြောလိုက်ပုံရသည်။
ထိုရဲအရာရှိရဲ့အမူအရာက ချက်ချင်းပြောင်းသွားပြီး ပြောသည်။
" ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ ညွှန်ကြားချက်သွားမေးလိုက်ပါဦးမယ် "
ထို့နောက် သူက စံအိမ်ထဲကို အမြန်ဝင်သွားသည်။
ခဏကြာတဲ့နောက် ဒုတိယအဆင့်ရှိပုခုံးတံဆိပ်ပါတဲ့ သက်လတ်ပိုင်းလူတစ်ဦးက အမြန်လျှောက်ထွက်လာသည်။
" မင်္ဂလာပါ၊ မမလေးရှု။ ဘာကိစ္စများရှိလို့ ဒီကိုရောက်လာတာလဲ မသိဘူး "
ရှုကျင်းရှင်းကဖျော့ဖျော့လေးပြုံးလိုက်သည်။
" ကျွန်မ သူငယ်ချင်းက အိမ်ဝယ်ချင်တယ်ဆိုလို့ ဒီကိုကြိုပြီးလာကြည့်တာ ကြည့်လို့မရဘူးလား "
ထိုသက်လတ်ပိုင်းအရာရှိက ယဲ့ဖန်ကိုတစ်ချက်ကြည့်လိုက်သည်။
" အဆင်ပြေပါတယ်။ သက်သေတွေကို အထဲမှာစုဆောင်းပြီးတဲ့အပြင် ဈေးကြီးပစ္စည်းတွေကိုလည်း ထုတ်ပိုးပြီးပါပြီ။ ဒါပေမဲ့ အခုမှလူသေထားတဲ့အိမ်ကို စိတ်ဝင်စားတာဆိုတော့ .......... ဒီမိတ်ဆွေက တော်တော်လေးသတ္တိရှိတာဘဲ "
အများသောအားဖြင့် တစ်စုံတစ်ဦးသေဆုံးထားတဲ့ ခြောက်ခြားစရာကောင်းတဲ့အိမ်ဝယ်လိုသူများအတွက် ဒီအိမ်က သင့်တော်သည်။ အထူးသဖြင့် သေသွားသူက အံ့အားသင့်စရာကောင်းအောင်ကံကောင်းတဲ့ မိုချောင်းရှန်း ဖြစ်သည်။
ပိုင်ရှင် သေပြီးပြီးချင်း အိမ်ကို လူတစ်ယောက်လာကြည့်တာ ဒါပထမဆုံးဘဲဖြစ်သည်။
ရှုကျင်းရှင်းကပြောသည်။
" သူက ဈေးနည်းနည်းနဲ့ရဖို့ ကြိုးစားနေတာ။ ဒါဆို ကျွန်မတို့အခုဝင်လို့ရမလား "
လူလတ်ပိုင်းအရာရှိက ချက်ချင်း ခေါင်းငြိမ့်ပြသည်။
" ဟုတ်ကဲ့၊ ရပါတယ်။ ကျေးဇူးပြုပြီး ဒီဘက်လာပါ "
သူက ပြောပြီးသည်နှင့် သူမကို လမ်းပြပေးသည်။
ရှုကျင်းရှင်းက ယဲ့ဖန်ကို ချက်ချင်း ခေါ်သွားသည်။
သူတို့နှစ်ယောက်ရဲ့ နောက်ကျောကို ကြည့်ပြီး ရဲအရာရှိတစ်ယောက်က ချက်ချင်းပြောသည်။
" ဗိုလ်ကြီး၊ ဒါက စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်တာ မဟုတ်ဘူးလား။ ပြီးတော့ မိုချောင်းရှန်းရဲ့အမှုကို မပိတ်ရသေးဘူးလေ။ အခင်းဖြစ်ပွားရာနေရာကို ဒီအတိုင်းဝင်ခွင့်ပြုတာက ...... "
လူလတ်ပိုင်းအရာရှိက ချက်ချင်း သူ့ကို စိုက်ကြည့်လိုက်သည်။
" အဲ့ဒီမိန်းကလေးက ဘယ်သူလဲသိလား "
" ဘယ်သူမလို့လဲ "
ထိုရဲအရာရှိလေးက စိတ်ဝင်တစားမေးသည်။
" သူမက ........ "
သက်လတ်ပိုင်းအရာရှိက ပြောရင်းအလယ်မှာ ရပ်သွားသည်။
" ဟူး၊ မင်း အဲ့ဒီကောင်မလေး စိတ်မချမ်းသာအောင်လုပ်မိတာနဲ့ ငါတို့ရဲ့အထက်အရာရှိကတောင် အကျိုးဆက်ကို မခံနိုင်ဘူးဆိုတာဘဲ မင်းသိထားဖို့လိုတယ် "
ရဲအရာရှိက အတော်အံ့သြသွားသည်။
သူတို့ရဲ့ ကပ္ပတိန်က အတော်ကိုထူးခြားတဲ့ ဩဇာရှင်လို့ သူအမြဲတမ်း ခံစားခဲ့ရတာဖြစ်သည်။
ဒါပေမယ့် အခုစကားကိုအရ ထိုကောင်မလေး မပျော်ရင်တောင် ကပ္ပတိန်ကဒုက္ခရောက်လိမ့်မယ်ဆိုတော့ ......
ထိုကောင်မလေးရဲ့နောက်ခံက အတော်ကိုကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
အဲ့တာကိုတွေးမိပြီး ပါးစပ်ကို ချက်ချင်းပိတ်လိုက်ကာ နောက်ထပ်မေးခွန်းတွေ ထပ်မမေးရဲတော့ပေ။
အပိုင်း ( ၂၈၂ )
ကောင်းကင်ကချမှတ်ပေးထားတဲ့ကံကြမ္မာ
မိုချောင်းရှန်း၏စံအိမ်ထဲတွင်။
" ဒီမှာဘာလုပ်မလို့လဲ "
မိုချောင်းရှန်း၏စံအိမ်ထဲကိုဝင်လာပြီးတဲ့နောက် ရှုကျင်းရှင်းက ယဲ့ဖန်ကိုထပ်မေးသည်။
" မိုချောင်းရှန်းက မသေခင် သူ့သားအတွက် အမွေချန်ထားခဲ့မယ်လို့ မထင်ဘူးလား "
ယဲ့ဖန်က ဘာမှမတွေးဘဲ လှည့်ပတ်ကြည့်ပြီးပြောလိုက်သည်။
" ရှင် အတွေးလွန်နေတာဘဲ။ မိုချောင်းရှန်းနဲ့ သူ့သားက မကောင်းတာတွေအများကြီးလုပ်ထားတာလေ။ သူတို့ပိုင်ဆိုင်မှုတွေကို နစ်နာသူတွေအတွက်လျော်ကြေးပေးရမှာ။ အဲ့တာတွေအကုန်သာလျော်ပြီးရင် ဘယ်လောက်မှကျန်မယ်မထင်ဘူး "
ရှုကျင်းရှင်းက မျက်နှာကိုရေအေးနဲ့ပက်ပြီးနှိုးလိုက်တဲ့အလား အမှန်တရားကိုပြောလိုက်သည်။
" သူ့မိသားစုမှာ လူမသိသူမသိဖုံးကွယ်ထားတဲ့ပိုင်ဆိုင်မှုတွေရှိနေသေးရင်ရော။ ဥပမာ-ရွှေတို့၊ ရှေးဟောင်းရုပ်ကြွင်းတို့၊ ငွေသားတို့ အဲ့လိုမျိုးတွေပေါ့ "
ယဲ့ဖန်က အလျော့မပေးချင်သေးပေ။
" အဲ့လိုတွေရှိရင်တောင် ရှာဖွေရေးအရာရှိတွေက အကုန်ရှာပြီးရှင်းထားမှာလေ။ ရှင့်မှာ အခွင့်အရေးရှိမယ်ထင်နေတာလား "
ရှုကျင်းရှင်းက လက်မခံနိုင်တဲ့လေသံဖြင့်ပြောသည်။
ဒီတစ်ယောက်က တကယ်ကို ပိုက်ဆံမှ ပိုက်ဆံဖြစ်နေတာဘဲ။
သူက ဒီလောက်တောင်ချမ်းသာနေတာကြီးကို သေပြီးသားသူရဲ့ပိုင်ဆိုင်မှုကိုပါယူဖို့ ကြံနေတာလား။
" အဲ့တာက မသေချာဘူးလေ "
ယဲ့ဖန်၏မျက်နှာမှာ အပြုံးတစ်ခုပေါ်လာပြီး စနစ်၏ညွှန်ကြားချက်အတိုင်း စံအိမ်ထဲတွင်ရှာဖွေနေသည်။
အပေါ်ယံမှာတော့ ဟိုဟိုဒီဒီလျှောက်ကြည့်နေသလိုသာဟန်ဆောင်နေလိုက်သည်။
နံရံကိုခေါက်ကြည့်သည်၊ ဆိုဖာနှင့် အခင်းတွေကိုလည်းလှန်ကြည့်သည်။
ရှုကျင်းရှင်းကတော့ ပြောစရာစကားပျောက်နေတော့သည်။
ကံကောင်းစွာနဲ့ စံအိမ်ထဲမှာ အခြားဘယ်သူမှရှိမနေပေ။
မဟုတ်ပါက ယဲ့ဖန်ကို မသိတဲ့သူအဖြစ်ဟန်ဆောင်နေရမှာဖြစ်သည်။
ဒီလူနဲ့သိနေတယ်ဆိုတာက ရှက်စရာကောင်းသည်ဟုခံစားလာရတော့သည်။
သူတို့နှစ်ယောက်ဟာ ဒုတိယထပ်ရှိစာကြည့်ခန်းသို့ရောက်လာတော့သည်။
ထိုအချိန်တွင် စာကြည့်ခန်းထဲမှ တန်ဖိုးကြီးလက်ရေးလှစာတွေနဲ့ ပန်းချီတွေကို ရဲတွေကချိတ်ပိတ်ထားတာတွေ့လိုက်သည်။
ကျန်ခဲ့တဲ့စာအုပ်တွေနဲ့ အပြင်အဆင်တစ်ချို့က တန်ဖိုးနည်းနည်းသာရှိသည်။
ထိုအရာကိုမြင်တဲ့အခါ ရှုကျင်းရှင်းက သက်ပြင်းချလိုက်တော့သည်။
" ဒီဟာကိုကြည့်မယ်ဆိုရင် ကျွန်မတို့ မကောင်းတဲ့အလုပ်မလုပ်သင့်ဘူးဆိုတာကို သိရမယ်။ မဟုတ်ရင် ဘယ်လောက်ချမ်းသာနေနေ အဲ့တာတွေအကုန် အလကားဖြစ်သွားနိုင်တယ် "
ယဲ့ဖန်က မထိန်းနိုင်ဘဲ မျက်နှာစူပုတ်သွားသည်။
" အဲ့တာ သူက ငတုံးမလို့လေ။ တကယ့်နတ်ဆိုးဆန်တဲ့သူတွေက သစ္စာခံချင်ယောင်ဆောင်ပြီး အကွက်ကြိုမြင်တတ်တယ် "
ရှုကျင်းရှင်းက ခေါင်းစောင်းပြီး ယဲ့ဖန်ကိုကြည့်လိုက်သည်။
" ရှင့်လိုလူမျိုးကို ဆိုလိုချင်တာလား "
ယဲ့ဖန်က ချက်ချင်းမျက်လုံးဝေ့လိုက်သည်။
ဒီမိန်းကလေးက သူ့ရှေ့မှာအမြဲတမ်းကိုယ်ကျင့်တရားကောင်းတဲ့ပုံစံလုပ်ပေမဲ့ အခုကျ ဘာလို့အဲ့လောက်တောင် ပါးစပ်ကကြမ်းနေရတာလဲ။
သူ့စိတ်ထဲမှ ပြောဆိုလိုက်သည်။
ယဲ့ဖန်က စနစ်ရဲ့ညွှန်ကြားချက်ကိုလိုက်ပြီး စာအုပ်စင်နားကိုရောက်လာသည်။
စာအုပ်တစ်ချို့ကိုထုတ်ပြီး လှန်ကြည့်ချင်ယောင်ဆောင်လိုက်သည်။
ရှုကျင်းရှင်းက ထိုပုံစံကိုတွေ့တဲ့အခါ မေးလိုက်သည်။
" ရှင် ဗိုက်မဆာဘူးလား။ ရှင် စာဖတ်ဖို့အချိန်ရနေသေးတာလား "
ယဲ့ဖန်က ဟိတ်ဟန်ကြီးပြီးပညာရှိပုံစံလုပ်သည်။
" ဆိုရိုးတွေအရ အလှတရားက စာအုပ်တွေထဲမှာဘဲရှိတာတဲ့။ ပြီးတော့ စာအုပ်ဆိုတာ ရွှေအိမ်ကြီးတဲ့။ စာအုပ်ထဲမှာ ငွေချက်လက်မှတ်တွေရှိနေရင် ဘယ်လိုလုပ်မလဲ "
" ရှင် အဲ့ထဲမှာ ချက်လက်မှတ်စာရွက်ရှာတွေ့လို့ကတော့ ကျွန်မရဲ့မျိုးရိုးနာမည်ကို ရှင့်မျိုးရိုးခံယူလိုက်မယ် "
ရှုကျင်းရှင်းက ချက်ချင်းခွန်းတုန့်ပြန်သည်။
ယဲ့ဖန်က စာအုပ်ကို တိတ်တိတ်ကလေးပြန်ချလိုက်သည်။
ထို့နောက် 'ရှင်းဟွအဘိဓာန်'စာအုပ်ကို စင်ပေါ်ကထုတိပြီး သာမန်အတိုင်းလှန်လှောကြည့်သည်။
ထိုအခါ စာအုပ်ထဲမှ အဖြူရောင်စာရွက်တစ်ခုက ရုတ်တရက်ထွက်ကျလာသည်။
ယဲ့ဖန် အံ့ဩချင်ယောင်ဆောင်ပြီးမေးလိုက်သည်။
" ဟ၊ ဘာကြီးလဲ "
ရှုကျင်းရှင်းကလည်း အံ့ဩသွားပုံရပြီး အမြန်ကောက်ယူလိုက်သည်။
သူမ ဖွင့်ကြည့်လိုက်တဲ့အခါ အတော်လေးအံ့အားသင့်သွားရသည်။
ထိုစာရွက်က ဆွစ်ဇာလန်ဘဏ်မှ ပမာဏအလွန်များတဲ့ငွေပမာဏတစ်ခုဖြစ်နေသည်။
ယဲ့ဖန်က လှမ်းကြည့်ပြီး အဖြေကိုသိနေပြီးသားဖြစ်ပေမဲ့ မေးလိုက်သည်။
" ဘာကြီးလဲ။ အကုန်အင်္ဂလိပ်လိုရေးထားတာလား "
ရှုကျင်းရှင်းက ခေါင်းမော့ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
" ဒါ ...... ဒါက ငွေပမာဏအများကြီးဘဲ "
သူမ အတော်လေးကို ထိတ်လန့်နေသည်။
ဒီတစ်ယောက်က ပိုက်ကွန်ထဲကလွတ်သွားတဲ့ငါးကိုမိသွားတာလား။ ပြီးတော့ သူမကဖြင့် မရနိုင်ဘူးလို့တောင် လောင်းထားသေးတာကို။
ဒါက ကောင်းကင်ဘုံကချမှတ်ပေးထားတဲ့ကံဘဲ။
ယဲ့ဖန်က လန့်ချင်ယောင်ဆောင်နေသည်။
" ငွေလား။ တအားများတာလား။ ဘယ်လောက်တောင်များလို့လဲ "
ရှုကျင်းရှင်းက ခေါင်းကိုငုံ့ပြီး ငွေလက်မှတ်ထဲကပမာဏကိုဖတ်လိုက်သည်။
ထိုအခါ သူမ၏မျက်နှာအမူအရာက ပိုပြီးထိတ်လန့်တဲ့ပုံပေါ်လာတော့သည်။
" ၁ ...... ယွမ် ၁ ဘီလီလံတောင်လား "
သူမပုံစံက တည်ငြိမ်နေတဲ့ပုံပေါ်ပေမဲ့ သူမရဲ့အသံကတော့ ထိန်းချုပ်လို့မရဘဲ အသံတုန်နေသည်။
သူမရဲ့မိသားစုက အလေးစားခံရသော်လည်း စီးပွားရေးတွေအများကြီးရှိတဲ့မိသားစုမဟုတ်တာကြောင့် ဒီလိုပမာဏများတဲ့စုငွေသူမတို့မှာမရှိပေ။
ယဲ့ဖန်လည်း ပမာဏကြောင့် အနည်းငယ်အံ့ဩသွားတော့သည်။
စနစ်က ညွှန်ကြားတဲ့အခါ အတိုင်းထက်လွန်တဲ့အရာတွေရရှိနိုင်မှန်းသိသော်လည်း ဒီလောက်များတဲ့ပမာဏကိုပေးလိမ့်မယ်ဟု ထင်မထားပေ။
" ကိုယ်တို့အတူတူရှာတွေ့တာဆိုတော့ သန်း ၅၀၀ စီခွဲယူကြတာပေါ့ "
ယဲ့ဖန်က ချက်ချင်းပြောလိုက်သည်။
ရှုကျင်းရှင်းမျက်လုံးပြူးသွားတော့သည်။
" သန်း ၅၀၀ လား "
ယဲ့ဖန်က သူမကို လန့်သွားတဲ့အမူအရာဖြင့်ကြည့်သည်။
" အဲ့ဒီပမာဏက နည်းလွန်းတယ်လို့ထင်နေတာတော့ မဟုတ်ဘူးမလား။ အဲ့တာဆိုလည်း ၆ပုံ ၄ပုံစီခွဲကြတာပေါ့။ မင်း သန်း ၆၀၀ ယူလိုက်လေ၊ အိုကေလား "
" သန်း ၆ ..... ၆၀၀ တောင်လား "
" ဘာလဲ။ မင်းက လောဘကလည်းကြီးလိုက်တာ။ သန်း ၇၀၀ တောင်လိုချင်လို့လား "
" မဟုတ်ပါဘူး ....... "
" ဘာလဲ။ သန်း ၈၀၀ လိုချင်တာလား။ မတရားဘူး။ ဒါပေမဲ့လည်း ထားလိုက်ပါ၊ သန်း ၈၀၀ ဆိုလည်း သန်း ၈၀၀ ပေါ့။ အဲ့ထက်တော့ ပိုပေးလို့မရဘူးလား "
" ကျွန်မ .... "
ရှုကျင်းရှင်း တကယ်ဘာပြောရမလဲတောင်မသိတော့ပေ။
" ကျွန်မပြောချင်တာ အဲ့တာမဟုတ်ဘူး။ ကျွန်မ ပိုက်ဆံတစ်ယွမ်မှမယူဘူး "
ယဲ့ဖန်က သူမကို တအံ့တဩကြည့်လိုက်သည်။
" တစ်ယွမ်မှမယူဘူးလား။ ပိုက်ဆံမကြိုက်ဘူးလား "
ရှုကျင်းရှင်းမျက်နှာအမူအရာကပြန်တည်ငြိမ်သွားတောဩည်။
" လူတစ်ယောက်က ပိုက်ဆံကြိုက်တာဖြစ်သင့်ပေမဲ့ မှန်ကန်တဲ့နည်းလမ်းနဲ့ဘဲရယူသင့်တယ်။ ဒါက မိုချောင်းရှန်းမသမာတဲ့နည်းနဲ့ရထားတဲ့ပိုက်ဆံတွေမလို့ ကျွန်မ မလိုချင်ဘူး "
ယဲ့ဖန်က သူမကို လက်မထောင်ပြလိုက်သည်။
" ဝါး၊ တကယ့်လူဘဲ "
ရှုကျင်းရှင်းက ငွေလက်မှတ်ကို ထပ်ကြည့်လိုက်သည်။
" ဘယ်လိုလုပ်မှာလဲ .... ဒီငွေကို အစိုးရဆီအပ်မှာလား "
" အဟွတ်၊ အဟွတ် ....... "
ယဲ့ဖန် တံတွေးသီးမတတ်ပင်ဖြစ်သွားသည်။
" ဒါက .... ဒီဟာကို အစိုးရဆီအပ်လိုက်တာတော့ကောင်းပါတယ်။ ဒါပေမဲ့ ဒီငွေက ပိုကောင်းတဲ့နေရာဆီကိုရောက်သွားသင့်တယ် "
" ဘယ်လိုမျိုးလဲ "
ရှုကျင်းရှင်းက ဆက်မေးသည်။
" ဥပမာ ... ပရဟိတငွေကြေးထူထောင်တာတို့၊ ဆင်းရဲသားနဲ့ နာမကျန်းသူတွေအတွက် ငွေမတည်ရင်ရော။ အဲ့တာက ကောင်းတာဘဲမဟုတ်လား "
ဒီလိုကြင်နာတတ်တဲ့မိန်းကလေးရှေ့မှာ ဒီငွေကို သူသုံးဖို့အတွက်ဟု ပြောရမှာရှက်လေသည်။
ထို့ကြောင့် အချိန်တစ်ခုထိတော့ အကြောင်းပြချက်တစ်ခုပေးပြီး ပြောင်းလဲရမည်။
" ရှင်က ဒီလောက်ကြင်နာတတ်မယ်လို့ထင်မထားဘူး။ ရှင်က တကယ်ကိုလူကောင်းဘဲ "
ရှုကျင်းရှင်းက ယဲ့ဖန်ကိုကြည့်ပြီး သူမမျက်လုံးထဲမှ ထူးဆန်းတဲ့အကြည့်ရုတ်တရက်ပေါ်လာသည်။
" ကောင်းပြီလေ၊ ရှင် ပရဟိတငွေကြေးထူထောင်ဖို့ လုပ်ငန်းစဉ်တွေကို ကျွန်မ ကူညီပေးနိုင်ပါတယ် "
" ............ "
ယဲ့ဖန်၏အမူအရာက မှုန်သုန်သွားတော့သည်။
ဒီမိန်းကလေးက နည်းနည်းတစွတ်ထိုးနိုင်တာဘဲ။
အပိုင်း ( ၂၈၃ )
ရှင်က အရမ်းဆိုးတာဘဲ
" မိုချောင်းရှန်းက ဒီလိုငွေတွေအများကြီးကို ချန်ထားလိမ့်မယ်လို့ထင်မထားဘူး "
ရှုကျင်းရှင်းက ယဲ့ဖန်ရဲ့အမူအရာအပြောင်းအလဲကို သတိမထားမိဘဲ ငွေလွှဲချက်လက်မှတ်သာကြည့်ပြီး သက်ပြင်းထပ်ချလိုက်သည်။
" ဒီငွေလွှဲလက်မှတ်က နာမည်မပါတော့ ရဲတွေက ရှာလို့ရမှာမဟုတ်ဘူး။ ဒီလူအိုကြီးမိုချောင်းရှန်းက ဒီလိုနေ့တစ်နေ့ရောက်လာမယ်ဆိုတာ သိပြီးသားနေမှာ။ အဲ့တာကြောင့် သူက ဒီလိုကြိုပြင်ထားတာဖြစ်လိမ့်မယ် "
ယဲ့ဖန်က စိတ်ထဲမှနေ မိုချောင်းရှန်းရဲ့ကြိုမြင်တတ်မှုကို အတော်လေး လေးစားသွားသည်။
" မိုချောင်းရှန်းဆိုမှ၊ ရှင်သတိထားရမယ်။ မိုချောင်းရှန်းက သေသွားပေမဲ့ သူ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေသေးတယ်။ ပြီးတော့ အဲ့လူရဲ့အင်အားက အရမ်းကိုကြောက်စရာကောင်းလောက်အောင်ကြီးတယ် "
ရှုကျင်းရှင်းက သူ့ကိုသတိပေးသည်။
" မင်းက ကွမ်တုန်းတောင်ပိုင်း ဖုလီကော်ပိုရေးရှင်းက နျုံသွမ်းကိုပြောနေတာလား "
ယဲ့ဖန်က ချက်ချင်းထောက်ပြလိုက်သည်။
" ရှင် ဖုလီကော်ပိုရေးရှင်းနဲ့ နျုံသွမ်းအကြောင်းကိုသိတာလား "
ရှုကျင်းရှင်း အံ့ဩသွားအလှည့်ဖြစ်သည်။
သူမသည် ဖုလီကော်ပိုရေးရှင်းနှင့် နျုံသွမ်းအကြောင်းကို ထူးခြားတဲ့အဆက်အသွယ်တွေကနေတစ်ဆင့် စုံစမ်းခဲ့ရတာဖြစ်သည်။
သာမန်လူတွေက မိုချောင်းရှန်းနှင့် ဖုလီကော်ပိုရေးရှင်းကြားကဆက်ဆံရေးကို စုံစမ်းသိရဖို့ခက်ပေလိမ့်မည်။
ယဲ့ဖန်က သိနေတယ်ဆိုတာကို တွေးကြည့်မယ်ဆိုလျှင် ယဲ့ဖန်ရဲ့နည်းလမ်းတွေက လျော့တွက်လို့မရပေ။
" မိုချောင်းရှန်းက နျုံသွမ်းရဲ့ခွေးသာသာဘဲ။ နျုံသွမ်းက သူ့အတွက်နဲ့စစ်မခင်းဘူး။ ဒါပေမဲ့ ကိုယ်က နျုံသွမ်းရဲ့အစီအစဉ်ကိုဖျက်ထားမိတာဆို သူက ကိုယ့်ကို လွယ်လွယ်နဲ့တော့အလွှတ်ပေးမှာမဟုတ်ဘူး "
ယဲ့ဖန်က ခါးသက်သက်ပြုံးလိုက်သည်။
" ရှင် ဂရုစိုက်သင့်တယ်။ အဲ့ဒီနျုံသွမ်းကကြောက်စရာကောင်းတာထက်ကိုပိုတယ်နော် "
ရှုကျင်းရှင်းက ယဲ့ဖန်ရဲ့လုံခြုံရေးကို စိတ်ပူနေသည်။
" မပူပါနဲ့၊ နျုံသွမ်းမှမဟုတ်ဘူး ဘယ်ရန်သူကိုမှလျှော့မတွက်ပါဘူး "
ယဲ့ဖန်က တည်ကြည်စွာခေါင်းငြိမ့်ပြသည်။
" တကယ်လို လိုအပ်တာရှိရင် ကျွန်မအစ်ကိုဆီကိုသွားပြီး အကူအညီ...... "
ရှုကျင်းရှင်း၏စကားမဆုံးခင်မှာဘဲ ယဲ့ဖန်က လက်ဆန့်ကာတားလိုက်သည်။
" မပူပါနဲ့၊ ကိုယ့်ဘာသာကိုင်တွယ်နိုင်ပါတယ်။ မင်းရဲ့မိသားစုကို အနှောင့်အယှက်ပေးစရာမလိုပါဘူး။ ကြက်ကိုသတ်ဖို့ ဘာလို့ဓားကောင်းသုံးနေရမှာလဲ "
ယဲ့ဖန်က သူမရဲ့ကမ်းလှမ်းချက်ကိုငြင်းလိုက်တာကြောင့် ရှုကျင်းရှင်းလည်းဆက်မပြောတော့ပေ။
ယဲ့ဖန်ကလည်း ထိုအကြောင်းကိုဆက်ပြောမနေချင်တာကြောင့် အကြောင်းအရာပြောင်းလိုက်သည်။
" ဒါနဲ့ ချက်လက်မှတ်ရှာလို့ရရင် ကိုယ့်မျိုးရိုးနာမည်ပြောင်းမယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ ဒါဆို ကိုယ်က မင်းကို ယဲ့ကျင်းရှင်းလို့ခေါ်ရမလား။ ဒါမှမဟုတ်က ယဲ့မိသားစုကမမလေးလို့ခေါ်ရမလား "
ရှုကျင်းရှင်းရှက်သွေးဖြာသွားသည်။
" ဘာကိုယဲ့မိသားစုလဲ။ ရှင်က ထပ်ပြီးပေါ့ပေါ့တန်တန်ပြောပြန်ပြီ "
ရှုကျင်းရှင်း၏ရှက်သွေးဖြန်းနေတဲ့အမူအရာလေးကြောင့် ယဲ့ဖန်နှလုံးခုန်သံတစ်ချက်ကျော်သွားရသည်။
ယဲ့ဖန်က မျက်လုံးကိုဝေ့ကြည့်လိုက်ပြီး အသံကရုတ်တရက်ခက်ထန်သွားသည်။
" မိုချောင်းရှန်းက ဒီစာကြည့်ခန်းထဲမှာဘဲ သူ့ကိုယ်သူ သေနတ်နဲ့သတ်သေသွားတာမဟုတ်လား။ သွေးနံ့ရလား "
ရှုကျင်းရှင်း၏မျက်နှာလှလှလေးက ရုတ်တရက်ဖြူဖျော့သွားသည်။
" သွေးနံ့မရဘူး ..... "
သူမက ထိုသို့ပြောပြီး အမြန်ပတ်လည်ကိုကြည့်လိုက်သည်။
စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုကြောင့်လား ဘာအကြောင်းကြောင့်လဲဆိုတာတော့မသိပေမဲ့ ဒီစာကြည့်ခန်းကြီးက အတော်လေးကို ထိုင်းမှိုင်းနေသည်ဟုခံစားရသည်။
ထိုအချိန်မှာဘဲ ယဲ့ဖန်က ရှုကျင်းရှင်း၏အနောက်ဘက်ကို ရုတ်တရက်ညွှန်ပြလိုက်သည်။
" ဟာ၊ မိုချောင်းရှန်း ....... "
" အားးးးး "
ရှုကျင်းရှင်းကလန့်ပြီး ယဲ့ဖန်၏လက်မောင်းထဲသို့ပြေး ဝင်လာသည်။
ထိုအခါ ယဲ့ဖန်က ပုံမှန်အသံဖြင့်ပြောလာသည်။
" မိုချောင်းရှန်းမှာ ....... စာအုပ်တွေအများကြီးရှိတာဘဲ။ 'ရွှေကြာပန်းထဲကလက်ဖဝါး'ဆိုတဲ့စာအုပ်တောင် သူ့မှာရှိတယ် "
သူမက အားတင်းပြီးလှည့်ကြည့်လိုက်တဲ့အခါ ဘာမှမတွေ့ပေ။
ရှုကျင်းရှင်း ချက်ချင်းသတိကပ်သွားတော့သည်။
ဒီတစ်ယောက်က သူ့ကို တမင်ခြောက်လှန့်နေတာဘဲ။
ထို့ကြောင့် လက်မောင်းထဲကချက်ချင်းထွက်ပြီး ယဲ့ဖန်၏ရင်ဘတ်ကို စိတ်ဆိုးဆိုးဖြင့်ထိုးလိုက်သည်။
" ရှင် ..... ရှင် တကယ် မကောင်းတဲ့သူဘဲ "
ယဲ့ဖန်က ရယ်ချင်တာကို မနည်းထိန်းနေရသည်။
" ဒီလိုသတ္တိနဲ့များ ကိုယ်နဲ့အတူလိုက်ပြီး ရှန်းဘုရင်ရဲ့ရတနာရှာတာ လိုက်မှာတဲ့လား "
ယဲ့ဖန်က ရှန်းဘုရှင်လျှို့ဝှက်ရတနာမြေပုံအကြောင်းကိုပြောလာတဲ့အခါ ရှုကျင်းရှင်းသတိရသွားသည်။
" ဒါနဲ့ ရှင် မြေပုံနဲ့ပတ်သက်ပြီး ဘာသတင်းရသေးလဲ "
ယဲ့ဖန်လည်း ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။
" အဲ့တာဆိုမှ တော်တော်လေးတိုက်ဆိုင်တာဘဲ။ ရှန်းဘုရင်လျှို့ဝှက်ရတနာမြေပုံရဲ့ကျန်တဲ့သုံးပိုင်းက နျုံသွမ်းရဲ့လက်ထဲမှာလေ။ စုစုပေါင်း ၆ခုရှိတာ ကိုယ့်ဆီမှာ ၃ခု သူ့ဆီမှာ ၃ ခု "
ရှုကျင်းရှင်း အံ့ဩလွန်းလို့ပါးစပ်အဟောင်းသားဖြစ်သွားသည်။
" ထပ်ပြီး နျုံသွမ်းဘဲလား "
ယဲ့ဖန်က ခါးသက်သက်ပြုံးလိုက်သည်။
" ဟုတ်တယ်၊ ကိုယ်တို့က မြေပုံကြောင့်ရန်သူတွေဖြစ်လာတာ။ အဲ့လူက ကံကြမ္မာကဖန်တီးပေးထားတဲ့ရန်သူဘဲ "
ရှုကျင်းရှင်းလည်း ဘာပြောရမလဲမသိတော့ပေ။
နျုံသွမ်းကလည်း မြေပုံစုနေမယ်မှန်း သူမ လုံးဝမထင်ထားတာဖြစ်သည်။
ယဲ့ဖန်လက်ထဲမှာ ကျန်တဲ့မြေပုံ၃ပိုင်းလုံးရှိနေတာသာ နျုံသွမ်းကသိသွားရင် ယဲ့ဖန်ပိုပြီးအန္တရာယ်ရှိလာမှာဖြစ်သည်။
ရှုကျင်းရှင်း အတော်လေးစိတ်ပူမိသည်။
ဒါပေမဲ့ ယဲ့ဖန်ကတော့ တည်ငြိမ်စွာဘဲပြုံးနေသည်။
" မပူပါနဲ့၊ သူက ကိုယ့်နောက်ခံကိုမသိသေးတော့ အချိန်တစ်ခုအထိ ဘာမှလုပ်ဦးမှာမဟုတ်လောက်ဘူး။အချိန်တစ်ခုအထိအန္တရာယ်မရှိမှတော့ တစ်ခုခုသွားစားကြရအောင် "
တကယ်တော့ ယဲ့ဖန်က ရှုကျင်းရှင်းကို သဘာဝကျကျလေး ခေါ်ထုတ်တာဖြစ်သည်။
" သွားမယ်၊ ကိုယ်ဝယ်ကျွေးမယ် "
ထိုအချိန်မှာဘဲ စနစ်အကြောင်းကြားစာရောက်လာသည်။
[ ရတနာရှာဖွေခြင်းကံကြမ္မာတာဝန်ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုအဖြစ် ၃.၅ ဘီလီယံတန်ဖိုးရှိသော ကျုံးဟိုင်ကျန်းကျိုးဒီဇိုင်းကုမ္ပဏီပိုင်ဆိုင်မှုကို ရရှိပါသည် ]
..................
ထိုအချိန် ကျုံးဟိုင်ကျန်းကျိုးဒီဇိုင်းကုမ္ပဏီတွင်။
အကြီးတန်းအရာရှိတွေက သူဌေးဆီမှ ရုတ်တရက်စာလက်ခံရရှိသည်။
သူတို့သူဌေးသိုက်ချန်းက သူတို့အားလုံးကို အစည်းအဝေးထိုင်ဖို့ခေါ်သည်။
အကြီးတန်းဝန်ထမ်းတွေက အစည်းအဝေးခန်းထဲရောက်လာပြီး တီးတိုးဆွေးနွေးနေကြသည်။
ဘယ်လိုကိစ္စအကြီးကြီးဖြစ်သွားလို့ သူတို့သူဌေးက ကုမ္ပဏီအကြီးအကဲတွေကို အကုန်စုဝေးခိုင်းရတာလဲ။
အားလုံးက အံ့ဩနေကြသည်။
ဒီဟာမတိုင်ခင်မှာ သူတို့က ဘာအတွင်းသတင်းမှရမထားချေ။
ထိုအချိန်မှာဘဲ အစည်းအဝေးခန်းထဲကို သူဌေးသိုက်ချန်းက ဝင်လာတာကိုတွေ့လိုက်ရသည်။
လူတိုင်းက သူ့ကို ထရပ်ပြီးနှုတ်ဆက်ကြသည်။
သိုက်ချန်းက အားလုံးကို ထိုင်ဖို့အမူအရာပြလိုက်သည်။
" ထိုင်ပါ။ ဒီနေ့အားလုံးကိုခေါ်လိုက်တာက ကြေညာစရာလေးရှိနေလို့ပါ "
လူတိုင်းက ထိုင်လိုက်ပြီး သူ့ကို စိတ်ဝင်တစားကြည့်နေကြသည်။ အားလုံးက သူဌေးဆီမှ အဖြေကိုစောင့်နေကြသည်။
" ဒီနေ့ကြေညာချင်တာက ငါတို့ရဲ့ကျန်းကျိုးဒီဇိုင်းကုမ္ပဏီကို တစ်ယောက်ယောက်က အပြည့်အဝပိုင်ဆိုင်မှုလွှဲပြောင်းရသွားပါပြီ။ ဒီကုမ္ပဏီရှယ်ယာတွေ ငါ့ဆီမှာမရှိတော့ပါဘူး ...... "
သိုက်ချန်း၏စကားက အစည်းအဝေးခန်းတစ်ခုလုံးကို ဗုံးချဲလိုက်သည့်အလားတိတ်ဆိတ်သွားစေသည်။
" ဘာ။ နားကြားမှာတာလား။ ငါတို့ကုမ္ပဏီပိုင်ရှင်ပြောင်းသွားတာတဲ့လား "
" ဒါနဲ့ပတ်သက်ပြီး အရင်က ဘာမှမကြားထားပါဘူး။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ပြောင်းသွားရတာလဲ "
" ဒီနေ့က ဧပရယ်ဖူးနေ့တော့မဟုတ်ဘူးမလား။ ဒီလိုကိစ္စကြီးကို ဘယ်လိုလုပ်စနောက်နိုင်ရတာလဲ "
" ဘယ်သူက ဝယ်သွားတာလဲ။ တစ်ဖက်သူက ပိုင်ဆိုင်မှုအရမ်းများတဲ့သူဖြစ်မှာမဟုတ်လား "
" ဟုတ်တယ်ထင်တယ်။ ကုမ္ပဏီတန်ကြေးက ၃.၅ဘီလီယံနဲ့အထက်ရှိတယ်လေ။ ဒါကို တစ်ပြိုင်တည်းချေဝယ်နိုင်တဲ့သူက အများကြီးမရှိဘူး "
" သူဌေးအသစ်က ဝန်ထမ်းတွေလဲပစ်မယ်လို့ထင်လား "
" ဟုတ်တယ်၊ ဧကရာဇ်တိုင်းမှာ သူ့လူတွေရှိတယ်လေ "
" တတ်နိုင်သမျှ သူဌေးအသစ်ရဲ့ခြေသလုံးကိုဖက်တွယ်ထားရမယ်နဲ့တူတယ် "
" အဲ့လိုဘဲလုပ်ရမယ် ........ "
အပိုင်း ( ၂၈၄ )
သူက မမောက်မာလွန်းဘူးလား
ကျန်းကျိုးဒီဇိုင်းကုမ္ပဏီအစည်းအဝေးခန်းထဲရှိ အဓိကထိုင်ခုံတွင်ထိုင်နေသော သိုက်ချန်းက လူတိုင်းရဲ့ပူပန်နေတဲ့မျက်နှာထားတွေကိုဖတ်မိတာကြောင့် ထပ်ပြောလိုက်သည်။
" အားလုံးဘဲ မပူပါနဲ့။ လူတိုင်း လက်ရှိအလုပ်ကနေ နေရာမပြောင်းရအောင် သူဌေးအသစ်ကို အကြံပြုကြည့်ပါ့မယ်။ ခင်ဗျားတို့အလုပ်ကြိုးစားသရွေ့ဖယ်ချခံရမှာမဟုတ်ပါဘူး "
သိုက်ချန်းရဲ့ကတိကိုကြားမှ အားလုံးက စိတ်အေးသွားရတော့သည်။
ပိုင်ရှင်ပြောင်းသွားတော့ သိုက်ချန်းရဲ့စကားတွေက အကျိုးရှိပါ့မလားမသိပေမဲ့ သူ့ကိုယုံဖို့ကလွဲပြီး တခြားရွေးစရာမရှိပေ။
အားလုံးရဲ့ပူပန်မှုတွေကို လုံးဝမပျောက်သွားစေမှန်း သိုက်ချန်းလည်းသိသည်။
သူလည်း ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။
" အားလုံးဘဲ အဆင်သင့်ပြင်ထားကြပါ။ သူဌေးအသစ်ကိုကြိုဆိုကြတာပေါ့ "
ထိုအမိန့်ကိုကြားပြီးတဲ့နောက် အကြီးအကဲတွေက ထရပ်ပြီး အစည်းအဝေးခန်းထဲမှထွက်လာကြသည်။
သူတို့အားလုံးထွက်သွားတဲ့အခါ သိုက်ချန်း၏အပြုံးက ပျောက်ကွယ်သွားတော့သည်။
သူ့စိတ်ထဲမှာ ပူပန်မှုသာကြီးစိုးနေသည်။
သူ့လက်ထောက်က အသံတိုးတိုးဖြင့်ချက်ချင်းမေးလာသည်။
" ဥက္ကဌသိုက်၊ ဘာပူစရာများရှိလို့လဲ "
သိုက်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။
" ငါ ဝယ်သူရဲ့အချက်အလက်တွေရထားတယ်။ အဲ့ဒီယဲ့လူကြီးမင်းက အသက် ၂၀ ဘဲရှိသေးတာ။ မငယ်လွန်းဘူးလား "
လက်ထောက်က သူ့ပူပန်မှုကို ချက်ချင်းနားလည်သွားတော့သည်။
" သူ့လက်ထဲကုမ္ပဏီရောက်သွားပြီး ပေါက်ကရဖြစ်သွားမှာစိတ်ပူနေတာမဟုတ်လား "
သိုက်ချန်းကခေါင်းငြိမ့်လိုက်သည်။
" သူက ကျန်းကျိုးကိုတောင် ငယ်ငယ်လေးနဲ့ရယူနိုင်မှတော့ သူက အရမ်းချမ်းသာတဲ့ဒုတိယမျိုးဆက်သခင်လေးဖြစ်လောက်တယ်မဟုတ်လား "
" အဲ့လိုလူလက်ထဲကို ကုမ္ပဏီခန့်ခွဲခိုင်းရမှာ တကယ်ဘဲစိတ်ပူမိတယ် "
လက်ထောက်က ရယ်မောလိုက်သည်။
" ဥက္ကဌက ရောင်းပြီးနေပြီဘဲကို ဘာမှလုပ်လို့မရတော့ဘူးလေ။ သူလုပ်ချင်တာလုပ်လို့ရတယ်လေ "
သိုက်ချန်းက သက်ပြင်းချလိုက်သည်။
" ဘယ်လိုဘဲဖြစ်ဖြစ် ကျန်းကျိုးဒီဇိုင်းကုမ္ပဏီကို ငါ အောက်ခြေကနေထောင်ခဲ့ရတာဆိုတော့ ငါ့ကလေးလိုဘဲ "
" ပြီးတော့ ကုမ္ပဏီကသူတွေက ငါ့နဲ့တစ်သားတည်းလိုက်နာပေးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေဘဲ "
" အဲ့ဒီသူဌေးအသစ်က မယုံကြည်ရတဲ့သူဆိုရင် သူတို့ အလိမ်ခံရမှာမဟုတ်လား "
လက်ထောက်က သူ့သူဌေးရဲ့အကြောင်းကိုသိနေတာဆိုတော့ ကူကယ်ရာမဲ့စွာသက်ပြင်းချပြီး နားချပေးသည်။
" ဒါပေမဲ့ လက်လွှဲတာက ပြီးသွားပြီဆိုတော့ ဒါတွေပြောလည်း အသုံးမဝင်တော့ပါဘူး "
သိုက်ချန်းက မျက်မှောင်ကြုတ်ပြီးတစ်ခဏတွေးလိုက်သည်။
" ယဲ့လူကြီးမင်းကို အရင်ဆက်သွယ်လိုက်။ သူ အချိန်ရှိမယ်ဆိုလာပြီး လွှဲပြောင်းယူခိုင်းလိုက်မယ်။ ကိုယ်တိုင်တွေ့ပြီးမှဆုံးဖြတ်ကြတာပေါ့ "
လက်ထောက်က စိတ်ရှုပ်ထွေးသွားသည်။
" ဘာဆုံးဖြတ်ချက်ချမလို့လဲ "
သိုက်ချန်း၏မျက်နှာက ပြတ်သားနေတဲ့အမူအရာပေါ်နေသည်။
" သူက လက်ခံလို့ထိုက်တန်တဲ့သူဆိုရင်တော့ ငါက ဒီကုမ္ပဏီမှာဘဲဆက်နေပြီးတော့ သူ့လက်အောက်မှာအလုပ်လုပ်ပေးမယ် "
" သူက ဒီအတိုင်းဆော့ကစားတတ်တဲ့သူတစ်ယောက်ဘဲဆိုရင်တော့ အကြီးတန်းဝန်ထမ်းတွေကိုခေါ်ပြီး အကုန်ထွက်မယ်။ အလွန်ဆုံးမှ ကုမ္ပဏီအသစ်ထောင်လိုက်မှာပေါ့ "
လက်ထောက်က ထပ်ပြီးနားချဖို့လုပ်သည်။
သို့ပေမဲ့ သူ့ရဲ့အမူအရာကပြတ်သားနေတာကြောင့်ပါးစပ်ပိတ်ပြီးတော့သာနေလိုက်သည်။
သူ့သူဌေးက ရိုးသားကြိုးစားပြီး တာဝန်သိတတ်တာကို သူ ကောင်းကောင်းသိသည်။
သူ့သူဌေးက စိတ်ပိုင်းဖြတ်ပြီးတာနဲ့ ကျွဲ၉ကောင်ဆွဲရင်တောင် မရွေ့တော့ပေ။
အကယ်၍ သူတို့ကုမ္ပဏီကိုဝယ်လိုက်တဲ့ယဲ့လူကြီးမင်းက ယုံကြည်ရတဲ့သူမဟုတ်ရင်တော့ ...... သူလည်း ကုမ္ပဏီစီမံခန့်ခွဲရေးကနေ ထွက်ဖြစ်မည်။
ယဲ့လူကြီးမင်းကိုစော်ကားမိရင်တောင်မှ သိုက်ချန်းကတော့ ဂရုစိုက်မှာမဟုတ်ပေ။
ယဲ့လူကြီးမင်းက ယုံကြည်ရသူဖြစ်ပါစေဟုသာမျှော်လင့်ရတော့မည်ဖြစ်သည်။
သိပ်တော့ ယုံကြည်ချက်မရှိပေ။
ဘယ်လိုဘဲဖြစ်ဖြစ် ယဲ့လူကြီးမင်းက အသက်၂၀သာရှိသေးတာဖြစ်ပြီး ၃.၅ဘီလီယံတန်ကုမ္ပဏီကြီးကိုစီမံဖို့က တကယ်ဘဲမလွယ်လှပေ။
ကံကြမ္မာကိုပုံအပ်ထားဖို့သာရှိတော့သည်။
ယဲ့ဖန်က ကျန်းကျိုးဒီဇိုင်းကုမ္ပဏီမှ ဖုန်းခေါ်ခံရတဲ့အချိန် ရှုကျင်းရှင်းနဲ့ညစာစားနေတာဖြစ်သည်။
သူလည်း နေ့လယ်တွင် ဘာမှလုပ်စရာမရှိပေ။
ထို့ကြောင့် နေ့လယ်မှာဘဲ လက်လွှဲပြောင်းယူရေးလုပ်ငန်းစဉ်လုပ်ရန် ချိန်းဆိုလိုက်သည်။
နေ့လယ်စာစားပြီးတဲ့နောက် ယဲ့ဖန်က ရှုကျင်းရှင်းကို အရင်ပြန်ခိုင်းလိုက်ကာ သူက တက္ကစီခေါ်ပြီး ကုမ္ပဏီသို့သွားလိုက်သည်။
ကားထဲကထွက်လာတဲ့အခါ ခမ်းနားတဲ့တိုက်ခန်းကြီးရှေ့တွင် လူအုပ်ကြီးကရပ်စောင့်နေတာကိုတွေ့လိုက်ရသည်။
အလယ်တွင် သက်လတ်ပိုင်းလူတစ်ယောက်က မျက်နှာထားတည်တည်နဲ့ရပ်နေတဲ့သူတစ်ယောက်ရှိသည်။
သူက ကျန်းကျိုးဒီဇိုင်းကုမ္ပဏီ၏ဥက္ကဌ သိုက်ချန်းဖြစ်လောက်မည်။
သိုက်ချန်းကလည်း ယဲ့ဖန်ကိုတွေ့တဲ့အခါ လေထဲမှာ တွဲလောင်းကျနေခဲ့တဲ့သူ့နှလုံးသားက ချက်ချင်းပြုတ်ကျသွားတော့သည်။
ယဲ့ဖန်၏ကလေးဆန်တဲ့မျက်နှာက ယုံကြည်ရပုံလုံးဝမပေါ်ပေ။
သူ့လိုလူငယ်လေးက ဒီလိုကုမ္ပဏီကြီးကို ဘယ်လိုစီမံမလဲဆိုတာက အတော်လေးဝန်လေးစရာကောင်းသည်။
ထို့အပြင် ယဲ့ဖန်က ဒီနေ့ အားကစားဝတ်စုံသာဝတ်ထားသည်။
သူ့အဝတ်တွေက တွန့်ကြေနေပြီး တစ်ချို့နေရာမှာ သွေးကွက်တွေရှိနေသည်။
သူက တစ်ယောက်ယောက်နဲ့တိုက်ခိုက်လာပုံရသည်။
ငယ်ပြီး တရွတ်ဆိုးထန်ကာ တိုက်ရခိုက်ရကြိုက်တဲ့လူငယ်က ..... ဘယ်လိုစွမ်းရည်ရှိမှာမလို့လဲ။
သို့ပေမဲ့ သိုက်ချန်း အပေါ်ယံဘဲကြည့်ပြီးမဆုံးဖြတ်ချင်ပေ။
အနီးကပ်ပိုအကြောင်းသိပြီး စကားပြောကြည့်ပြီးမှ ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်သည်။
ထိုအတွေးကြောင့် သိုက်ချန်းက သူ့ဘက်ကစပြီး ယဲ့ဖန်ကို နှုတ်ဆက်လိုက်သည်။
" ဒီဘက်က ယဲ့လူကြီးမင်းဖြစ်မယ်။ ကျွန်တော်က ကျန်းကျိုးဒီဇိုင်းကုမ္ပဏီရဲ့ဥက္ကဌဟောင်း သိုက်ချန်းပါ "
" ကျွန်တော်က ယဲ့ဖန်ပါ "
ယဲ့ဖန်ခေါင်းငြိမ့်ပြလိုက်ပေမဲ့ လက်ဆွဲဖို့ လက်မကမ်းလိုက်ပေ။
သူ့လက်က အနည်းငယ်နီနေပြီ ယောင်နေသည်။
အဲ့တာကြောင့် လက်ဆွဲနှုတ်ဆက်ဖို့ အဆင်မပြေပေ။
သို့ပေမဲ့ သိုက်ချန်းရဲ့အမြင်မှာတော့ ထိုအမူအရာက အတော်လေးမသင့်တော်ပေ။
ဒီသူဌေးအသစ်လေးက မမောက်မာလွန်းဘူးလား။
သူက သာမန်လုပ်ရိုးလုပ်စဉ်တွေကိုတောင် မသိဘူး။
သို့ပေမဲ့ သူ့မှာလည်း ရွေးချယ်စရာမရှိတာကြောင့် မကျေမနပ်နဲ့ဘဲ လက်ပြန်ဆုတ်လိုက်ရသည်။
အဲ့တာကြောင့် သိုက်ချန်းကလည်း အပိုစာသားတွေပြောမနေတော့ပေ။
" စာရွက်စာတမ်းတွေပြင်ဆင်ပြီးပါပြီ။ ယဲ့လူကြီးမင်း၊ အနောက်ကနေလိုက်ခဲ့ပါ "
ထိုသို့ပြောပြီးနောက် ရှေ့ကဦးဆောင်သွားခဲ့သည်။
သိုက်ချန်းက စိတ်မချမ်းသာနေဘူးဆိုတာကို ယဲ့ဖန်သိလိုက်ရသည်။
အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။
ကုမ္ပဏီကို ပိုက်ဆံပေးဝယ်ထားတာ သူကပျော်ရမှာမဟုတ်ဘူးလား။
ဘာလို့ ဥက္ကဌသိုက်က မကျေမချမ်းမျက်နှာထားကြိးိလုပ်နေရတာလဲ။
သူ့ကုမ္ပဏီကို မခွဲနိုင်လို့များလား။
သူကရော ထွက်သွားဖို့ပြောမိလို့လား။
သံသယဝင်စရာကောင်းပေမဲ့ ယဲ့ဖန်ကဆက်လိုက်လာသည်။
သူတို့နှစ်ယောက်ဖြတ်သွားတဲ့အခါ အကြီးအကဲဝန်ထမ်းတွေက အုတ်အုတ်ကျတ်ကျတ်ဖြစ်သွားရသည်။
အထူးသဖြင့် အကြီးတန်းအမျိုးသမီးဝန်ထမ်းတွေရဲ့ နှလုံးသားထဲမှအံ့ဩမှုကို ထိန်းချုပ်မရကြပေ။
" ဘုရားရေ၊ သူက သူဌေးအသစ်လား။ ငယ်လွန်းတယ်မဟုတ်ဘူးလား။ ၂၀ လောက်လား "
" သူက ချောလည်းချောသေးတယ်။ ချစ်လိုက်တာ "
" ငါ့အထင် သူက သူဌေးမျိုးဆက်လေးထင်တယ်။ မဟုတ်ရင် ငါတို့ကျန်းကျိုးဒီဇိုင်းကုမ္ပဏီကို ဘယ်လိုလုပ်ဝယ်နိုင်မှာလဲ "
" သူက အရပ်လည်းရှည်တယ်ရ ချောတယ်၊ ချမ်းသာတယ်။ အကောင်းဆုံးအပြည့်စုံဆုံးကောင်လေးဘဲ။ ဒါပေမဲ့ သူဌေးအနေနဲ့ကတော့ ...... ယုံရပါ့မလား "
" ယုံရလား၊ မယုံရလား ဘာအရေးလဲ။ သူက ငယ်ပြီးချောနေရင်ရတယ် "
" နင် နည်းနည်းရူးနေတာ မဟုတ်ဘူးလား။ ရုပ်ချောတာက ဘာသုံးလို့ရလို့လဲ။ သူ့မှာ စွမ်းဆောင်ရည်မရှိဘူးဆိုရင် ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုမှာ အနှောင့်အယှက်ဖြစ်မှာ သေချာတယ်။ အဲ့တာဆို ငါတို့ အနာဂတ်ကို သေချာပေါက်ထိခိုက်လိမ့်မယ် "
" ဟူး၊ ငါတို့က ဘာလုပ်နိုင်မှာမလို့လဲ။ ကုမ္ပဏီက အခု သူ့အပိုင်လေ။ ကံကြမ္မာကိုပဲ ပုံအပ်ထားရတော့မှာပေါ့ "
" ဟုတ်တယ်၊ ငါအများကြီးမတောင်းဆိုပါဘူး။ အရပ်လေးမြင့်၊ ရုပ်လေးလည်ချောသလို ကုမ္ပဏီမှာလည်း နည်းနည်းပိုစွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဥက္ကဌသိုက်နဲ့ မယှဉ်နိုင်ရင်တောင် အရမ်းကြီးမဆိုးပါစေနဲ့ "
" နင်ရဲ့တောင်းဆိုချက်က မမြင့်လွန်းဘူးလား။ ထက်မြက်ရမယ်၊ ချောမောရမယ်၊ အကျင့်ကောင်းပြီး ပြီးပြည့်စုံတဲ့ လူဆိုတာ ကမ္ဘာပေါ်မှာ ရှိလို့လား "
" ဒါက ...... နည်းနည်းလေး မလွန်ဘူးလား "