ဧကရာဇ်သုံးပါး
Vol. 17 Ch. 241
နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်သည် နိယာမအချို့နှင့် ဖွဲ့စည်းထားသည့် ရတနာတစ်ခုဖြစ်သည်။ သူ၏ပုံစံသည် အလွှာငါးလွှာသာပါရှိသည့် ဗိမာန်တစ်ခုဖြစ်၏။
ဟွမ်းသည် ထိုရတနာ၏ ဇာစ်မြစ်ကို မသိသော်လည်း ထိုဗိမာန်အတွင်းတွင် ထူးခြားဆန်းကြယ်သည့် စွမ်းအင်တစ်မျိုးတည်ရှိနေသည်။
သို့သော် ဟွမ်းသည် ထိုစွမ်းအင်များကို ထိန်းချုပ်နိုင်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်း မစုပ်ယူနိုင်ခဲ့ချေ။
ထို့အပြင် ၎င်းသည် ဟွမ်း၏ စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားပြီး သူ၏ ခွင့်ပြုချက်မရှိပဲ ထိုဗိမာန်အတွင်း ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းကို စိတ်တိုင်းကြ မပြုလုပ်နိုင်ကြပေ။
ထိုစဉ်က သူသည် ဤဗိမာန်ကို စေ့စေ့စပ်စပ် လေ့လာပြီးသည့်နောက် သိုလှောင်ရုံအဖြစ်အသုံးပြုခြင်းမှ လွဲ၍ အခြားအရာများအတွက် အသုံးဝင်မှုကို ရှာမတွေ့ခဲ့ချေ။ ထို့အပြင် အမည်မသိစွမ်းအင်တစ်မျိုးရှိနေသည်မှလွဲ၍ ဤဗိမာန်သည် ဗလာကျင်းနေခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာကြာသည်အထိ သိုလှောင်ရုံအဖြစ်သာ အသုံးပြုခဲ့သည်။
သို့သော် ကျို့ယင်၏ ပထမဝိညာဉ်ကို စမ်းသပ်ကာ ထည့်သွင်းလိုက်ပြီးနောက် ဤနေရာသည် ဝိညာဉ်များကို ပိတ်လှောင်နိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် သွေးဘိုးဘေးနှင့် ကျို့ယင်၏ ဝိညာဉ်သုံးခုလုံးကို အကျဉ်းချခဲ့လေ၏။
“ကျုပ်ကို အမြန်သတ်လိုက်ပါတော့..”
သွေးဘိုးဘေးသည် တိုးလျသည့် လေသံနှင့်သာ ပြောဆိုလိုက်ရသည်။ သူသည် အော်ဟစ်နိုင်သည့် စွမ်းရည်မရှိတော့ပေ။
သူသည် ဤခံစားမှုများမှ လွတ်မြောက်နိုင်ရန် သေဖို့ပင် ဆန္ဒရှိနေပြီဖြစ်၏။
“ခင်ဗျား..၊ သတ်ဖြတ်ခဲ့တဲ့ ကျင့်ကြံသူတွေရဲ့ နာကျင်မှုတွေနဲ့ ယှဉ်ရင် ဒီအရာက မလုံလောက်သေးဘူး..”
“ပြီးတော့..၊ ငါ့ရဲ့ တပည့် တွေကို မထိပါးခဲ့သင့်ဘူး..”
ဟွမ်းသည် အေးစက်စက်သာ ပြောဆိုလိုက်သည်။ သူသည် သွေးဘိုးဘေးကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးရန် ခွင့်မပြုနိုင်ချေ။ ကပ်ဘေးကို အစပြုခဲ့သူ ဖြစ်သောကြောင့် ထိုသို့သေဆုံးရန် မထိုက်တန်သေးချေ။
ထို့နောက် ဟွမ်းသည် သွေးဘိုးဘေး၏ တည်နေရာမှ ထွက်ခွာသွား၏။
“မဟုတ်ဘူး..၊ ငါ့ကို သတ်..သတ်ပေး..”
သွေးဘိုးဘေးသည် အစောတလျင်တောင်းဆိုလိုက်၏။ သူသည် ဤနေရာတွင် ဆက်လက် မနေလိုတော့ပေ။
သို့သော် ဟွမ်းသည် ထွက်ခွာသွားပြီဖြစ်သောကြောင့် သူ၏ တိုးလျသည့် အသံကို မကြားတော့ပေ။
ထို့နောက် ဟွမ်းသည် ကျို့ယင်၏ ဝိညာဉ်များ ရှိရာအခန်းသို့ရောက်ရှိလာသည်။ ကျို့ယင်သည် ဟွမ်းကို မြင်လိုက်သည်နှင့်တပြိုင်နက် စတင်မေးမြန်းလိုက်၏။
သူ၏ မြွေသဏ္ဌာန်ဝိညာဉ်သည် သွေးဘိုးဘေးကဲ့သို့ ဆိုးဝါးမနေချေ။ သို့သော် နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်မှ စွမ်းအင်များသည် သူအား အနည်းငယ်သာ သက်ရောက်နေသည့်အလားပင်။
သို့သော် သူ၏ ဝိညာဉ်မှာပင် ဟွမ်း၏ လက်ချက်ကြောင့် ဖူးယောင်နေ၏။ ဟွမ်း၏ ဒေါသတကြီး ရိုက်နှက်မှုများသည် သွေးဘိုးဘေး၏ ခန္ဓာကိုယ်တွင်မက ကျို့ယင်၏ ဝိညာဉ်ပင် သက်ရောက်သွားဟန်ရှိသည်။
“ဒါဘယ်နေရာလဲ..”
ဟွမ်း ပင်ပန်းသလို ခံစားလိုက်ရ၏။
‘ဒီနေရာကို ဆိုင်းဘုတ်ချိတ်ထားသင့်လား..’
ထို့နောက် ကျို့ယင်၏ မေးခွန်းကို ဂရုမစိုက်တော့ပဲ သူသိလိုသည့် များကို မေးလိုက်၏။
“ငါသိချင်တယ်..၊ မင်းရဲ့ ပထမဝိညာဉ်ပြောခဲ့တဲ့..၊ အဲ့ဒီလူဆိုတာကို..”
“ဘယ်သူတုန်း..”
ကျို့ယင်သည် စွံ့အသွားက ပြန်လည်မေးခွန်းထုတ်လိုက်သည်။ သူသည် နဝေတိန်တောင်ဖြစ်နေ၏။
ဟွမ်း “...”
‘ဒီကောင်တွေ တစ်ကောင်တည်းရော ဟုတ်ရဲ့လား..’
ဟွမ်းသည် သူ၏ လက်ညိုးကို အောက်သို့စိုက်လိုက်သည့်အသွင်ပြုလုပ်လိုက်၏။
“ဝုန်း..”
ချက်ချင်းဆိုသလို ဆန်းကြယ်စွမ်းအင်များသည် ကျို့ယင်၏ ဝိညာဉ်အပေါ်သို့ တဟုန်ထိုးသက်ရောက်သွား၏။
“အား..”
ကျို့ယင်သည် နာကျင်စွာဟစ်အော်လိုက်ရ၏။ နာကျင်မှုကြောင့် သူ၏ ဝိညာဉ်ပင် တွန့်လိမ်နေတော့သည်။ ထို့နောက် သူသည် ဒေါသတကြီးပြောဆိုလိုက်သည်။
“မင်းပြောတာတွေ ငါမသိဘူးကွ..၊ အကြောင်းပြချက်မဲ့ အနိုင်ကျင့်နေတာလား..”
“ဒါကို မဖြေသေးဘူးလား..”
ဟွမ်းသည် ဖိအားကို ဆက်လက်တိုးမြင့်လိုက်ပြန်သည်။ သို့သော် ကျို့ယွင်သည် တသွင်သွင် ငြင်းဆိုနေ၏။ ဟွမ်းသည် ဒေါသထွက်လာဟန်ရကာ တင်းမာသွား၏။
“ကောင်းပြီလေ..၊ မင်းမဖြေ မချင်း ဒီဒုက္ခကို ခံစားနေလိုက်..”
“အား..၊ မင်းဘာတွေမေးနေမှန်း ငါတကယ်မသိတာပါကွာ..၊ အဲ့ဒီလူ ဆိုတာကို ငါတကယ်မသိပါဘူးကွာ..”
ကျို့ယင်သည် စိတ်ပျက်လက်ပျက်နှင့်ဖြေလိုက်၏။
သူသိလျှင် ပြောပြီးပြီလေ၊ ဘာကြောင့် သည်လိုဒုက္ခခံနေမှာလဲ..၊
ထို့နောက် ဟွမ်းသည် ထူးဆန်းမှုကို သတိပြုမိသွား၏။ ကျို့ယင်၏ ပထမဝိညာဉ်သည် သူ့ကို တွေ့တွေ့ချင်း ‘အဲ့ဒီလူ’ ဟု အမှတ်မှားခဲ့သည်။
သို့သော် ဒုတိယဝိညာဉ်နှင့် တတိယဝိညာဥ် နှစ်ခုပေါင်းစပ်သွားသော်လည်း သူ့ကိုတွေ့မြင်ပြီးနောက် ‘အဲ့ဒီလူနှင့်’ လူမှားဟန်ပင် မရချေ။
ထို့နောက် ဟွမ်းသည် ကျို့ယင်ပေါ်မှ ဖိအားကို လျော့ချပေးရင်း မေးခွန်းပြောင်းလိုက်၏။
“မင်းရဲ့ ဝိညာဉ်သုံးခုက မှတ်ဉာဏ်တွေ မတူညီဘူးလား..”
“မ..မတူဘူး..၊ ငါ့ရဲ့ ဝိညာဉ်ကို ပိုင်းဖြတ်ပြီး ချိတ်ပိတ်တော့ ဝိညာဉ်တစ်ခုစီမှာ မတူညီတဲ့ မှတ်ဉာဏ်တွေ ကွဲသွားတယ်..”
ကျို့ယင်၏ လေသံသည် အားနည်းသွား၏။ သူ၏ ဝိညာဉ်မှ အငွေ့များထွက်နေသည်ဟုပင် ခံစားမိလိုက်သည်။
ဟွမ်းသည် စဉ်းစားပြီးနောက် ဆက်မေးလိုက်၏။
“မင်းက ဘယ်နေရာက ရောက်လာတာလဲ..”
“အတိအကျမသိဘူး..အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး ငါ့မှာ မှတ်ဉာဏ်မရှိဘူး..”
ကျို့ယင်သည် ဘူးခံငြင်းလိုက်၏။
သို့သော် ဟွမ်းသည် လက်မလျော့သေးပဲမေးလိုက်သည်။
“မင်းတို့ သိတာဘာရှိလဲ..”
“ဟမ့်..ငါ့ရဲ့ကိုယ်ရေးကိုယ်တာကွ..”
ကျို့ယင်သည် စပ်စုမခံသည့်အလားဆိုလိုက်၏။ ဟွမ်း၏ မျက်ဝန်းသည် အနည်းငယ် မှေးကျဉ်းသွားသည်။
“အား..၊ ပြောမယ်..၊ ပြောမယ်..”
ကျို့ယင်သည် ဖိအားများထပ်မံထွက်ပေါ်လာသောကြောင့် အော်ဟစ်လိုက်ရ၏။
“ငါ့ရဲ့ ဝိညာဉ်ကို ဒီကမ္ဘာက နတ်ဧကရာဇ် သုံးပါးက ပိုင်းဖြတ်ပြီး ချိတ်ပိတ်ခဲ့တာ..”
“နတ်ဧကရာဇ်သုံးပါးလား..၊ ဘယ်သူတွေလဲ..”
ဟွမ်းသည် အံ့ဩသွား၏။ ထိုနာမည်များကို မကြားဖူးခဲ့ချေ။
“ဓားဧကရာဇ်..၊ နတ်ဆိုးဧကရာဇ်..နဲ့ နတ်ဘုရားဧရာဇ်ပဲ..၊ ဟမ့် ငါ့ရဲ့ စွမ်အားလျော့ကျနေတဲ့အချိန်မို့ ဒီကောင်တွေက ချိတ်ပိတ်နိုင်ခဲ့တာ..”
ကျို့ယင်သည် ထိုနာမည်များကို ရေရွတ်စဉ်မုန်းတီးမှုများပေါ်ထွက်နေ၏။
“ငါ့တပည့်တွေကို ရည်ညွှန်းခဲ့တာ အဲ့ဒီဧကရာဇ်တွေလား..”
ဟွမ်းသည် ဆက်လက်မေးခွန်းထုတ်လိုက်သည်။
“ငါ့အထင်မမှားဘူး..၊ ဒါပေမဲ့ အဲ့ဒီတုန်းကသူတွေတော့ မဟုတ်တော့ဘူး..၊ သူတို့ဆီမှာတော့ အဲ့ဒီတုန်းက သူတွေရဲ့ ခန္ဓာကိုယ်တွေရှိနေတယ်..”
ကျို့ယင်သည် ဖြေရခက်သွားသော်လည်း ထုတ်ဖော်ပြောကြားလိုက်၏။
ဟွမ်းသည် အနည်းငယ်သဘောပေါက်သွားသည်။ ပိုင်ကျန့်ယွီ၏ ဓားသန္ဓေနှင့် မော့ရွှယ်အာ၏ ဖျတ်ဆီးခြင်းနတ်ဆိုးနှလုံးသားတို့ကြောင့်ဖြစ်နိုင်၏။
“နတ်ဘုရား..ဧကရာဇ်က ဘယ်လိုမျိုးလဲ..”
“တိတိကျကျတော့ မသိဘူး..၊ အားလုံးထဲမှာ သူက အဆင့်အမြင့်ဆုံးပဲ..ဒါပေမဲ့ ဟိုနှစ်ယောက်လောက်မသန်မာဘူး..၊ အားနည်းတယ်..”
ဟွမ်းသည် ကျို့ယွင်ထံနှ အချက်အလက်များကို မှတ်သားထားလိုက်၏။ ထို့နောက် ဆက်လက်မေးမြန်းလိုက်သည်။
“သူတို့က မင်းကြောင့် သေဆုံးသွားတာလား၊ ဘယ်လိုသတ်ခဲ့တာလဲ..”
“ဒါက..”
ထိုမေးခွန်းကြောင့် ကျို့ယင်သည် ဖြေရခက်သွား၏။ သို့သော် ဟွမ်း၏ အေးစက်သည့် အကြည့်ကြောင့် တုန်ယင်သွားကာ ဖြေလိုက်ရသည်။ ဤသူသည် ထိုသုံးဦးထက် ကြောက်စရာကောင်းသည်ဟုပင် ခံစားမိ၏။
“ငါက မတူညီတဲ့ စွမ်းအင်တွေ သုံးနိုင်တယ်..၊ အဲ့ဒီအထဲမှာ အဆိပ်လည်းပါတယ်..၊ အဲ့ဒီလူတွေ ငါ့ကို ချိတ်ပိတ်နိုင်ခဲ့ပေမဲ့..သူတို့သေလား မသေလားတော့ မသိခဲ့ဘူး..၊ ဒါပေမဲ့ မင်းရဲ့တပည့်တွေကို တွေ့တော့ သေသွားပြီလို့ ယူဆခဲ့တာပဲ..”
“မင်းသုံးနိုင်တဲ့ စွမ်းအင်တွေထဲ အမှောင်စွမ်းအင်ပါလား..”
ဟွမ်းသည် ဆက်လက်မေးမြန်းနေ၏။
သို့သော် ကျို့ယင်သည် စဉ်းစားသွားဟန်ရှိသည်။ ထို့နောက် ခေါင်းခါယမ်းကာ ဖြေလိုက်၏။
“မပါဘူး..၊ အခုမှ ကြားဖူးတဲ့ စွမ်းအင်ပဲ..”
“သေချာလား..”
ဟွမ်း၏ မျက်ဝန်းများသည် ထပ်မံကျဉ်းမြောင်းသွား၏။ ထို့ကြောင့် ကျို့ယင်သည် အစောတလျင်ဖြေလိုက်ရသည်။
“ငါ့မှတ်ဉာဏ်ထဲ အမှောင်စွမ်းအင် မပါတာသေချာတယ်..”
“မင်းရဲ့ ကျန်ရှိတဲ့ ဝိညာဉ်တစ်ခုနဲ့ ပေါင်းစပ်ခွင့်ပေးရင် ငါလိုချင်တဲ့ အဖြေ အကုန်ပေးနိုင်လား..”
ဟွမ်းသည် ရှုပ်ထွေးနေသည့် ကိစ္စများကို ဖြေရှင်းလို၏။ ထို့အပြင် ကျို့ယင်၏ လက်ရှိအခြေအနေအရ ပြည့်ပြည့်စုံစုံပြောပြနိုင်ခြင်းမရှိသေးချေ။ ထို့ကြောင့် သူ၏ ဝိညာဉ်သုံးခုလုံးကို ပေါင်းစည်းစေလိုက်သည်။
ကျို့ယင်၏ ပြီးပြည့်စုံသည့် ဝိညာဉ်ဖြစ်သွားလျှင်တောင် ဤနေရာမှ လွတ်မြောက်နိုင်မည်မဟုတ်သောကြောင့် ပေါင်းစပ်ခွင့်ပေးရန် စဉ်းစားလိုက်ခြင်းဖြစ်သည်။
သို့မှသာ သူသိလိုသည့် အကြောင်းအရာများကို သိရှိနိုင်မည်ဖြစ်၏။
“ငါအာမခံတယ်..”
ကျို့ယင်သည် လေးနက်သည့် အသံနှင့် ပြောလိုက်၏။ သူ့တွင် ယုံကြည်ချက်ရှိနေဟန်ပင်။
ဟွမ်းသည် ကျို့ယင်၏ ကျန်ရှိနေသည့် ဝိညာဉ်ကို ထုတ်ပေးလိုက်သည်။
သို့သော် ကျို့ယင်၏ အမူအယာသည် ရုပ်ဆိုးအကျည်းတန်သွားကာ ဒေါသတကြီးလေသံနှင့် အော်ဟစ်လိုက်၏။
“မင်း..ဘာလုပ်လိုက်တာလဲ..”