ရွှမ်းလင်
Vol. 17 Ch. 244
ချုံးမင်သည် ဟွမ်း၏ ဆိုလိုရင်းကို သဘောပေါက်သွား၏။ သူတို့အား နေရာပေးနိုင်သော်လည်း အဆင့်သုံးနယ်မြေတစ်ခုလုံး၏ ကျင့်ကြံသူများကို နေရာပေးနိုင်မည်မဟုတ်ပေ။
ကျီယွမ်ကုန်းမြေ၏ အကျယ်အဝန်းသည် အဆင့်သုံးကုန်းမြေရှိ ကျင့်ကြံသူများအားလုံးအတွက် လုံလောက်သည့်နေရာမရှိပေ။ ထို့နောက် ချုံးမင်သည် အလေးအနက် ပြောလိုက်သည်။
“ကျုပ်..ဆန္ဒရှိပါတယ်..”
“ကောင်းပြီ..၊ ခင်ဗျား အခြားခေါင်းဆောင်လေးဦးကို သတင်းပို့လိုက်..၊ ပြီးတော့ ကျင့်ကြံသူတွေအတွက်တော့ ခင်ဗျားတို့ စီစဉ်လိုက်..”
ဟွမ်းသည် အသံပို့လွှတ်ခြင်း အဆောင် ငါးခုကို ချုံးမင်ကို ပေးအပ်လိုက်သည်။ သူသည် ကူညီရန်ဆုံးဖြတ်ပြီးပြီမို့ အဆုံးထိကူညီရန် မတုန့်ဆိုင်းတော့ပေ။
“ကျေးဇူးတင်ပါတယ်..၊ အရှင်..”
ချုံးမင်သည် နှုတ်ကာ ချက်ချင်းထွက်ခွာသွားတော့၏။
‘လောကအရေးက အတော်ရှုပ်ထွေးတာပဲ..’
ဟွမ်းသည် လေးကန်စွာ သက်ပြင်းချလိုက်သည်။ သူသည် ယခင်က ဘဝတစ်လျှောက်လုံး အပူအပင်ကင်းကင်းနေနိုင်ခဲ့သော်လည်း ယခုတွင် မလုပ်စဖူး အလုပ်ကြိုးစားနေရ၏။
ထို့နောက် သူသည် စုန့်ချင်းကို ခေါ်လိုက်သည်။
“အကိုလေး..”
စုန့်ချင်းသည် ပြုံးရွှင်စွာနှင့် နှုတ်ဆက်လိုက်၏။ ဟွမ်းသည် လိုရင်းကိုပြောလိုက်သည်။
“ရှောင်ချင်း..၊ သိပ်မကြာခင်..အခြားနယ်မြေခေါင်းဆောင်တွေလဲ ရောက်လာလိမ့်မယ်..”
“ဟုတ်ကဲ့အကိုလေး.. ကျွန်မတာဝန်ထား”
စုန့်ချင်းသည် သူ့မကို ဟွမ်းက ပထမဆုံးတာဝန်ပေးအပ်လိုက်သောကြောင့် ပျော်ရွှင်သွား၏။ သို့သော် ဟွမ်း၏ နောက်ဆက်တွဲစကားကြောင့် သူမ၏ ခန္ဓာကိုယ်လေး အေးခဲသွားသည်။
“သူတို့တွေကို စီစဉ်ဖို့ ယွီဟွာကို ကူညီပေးလိုက်ဦး..”
“ဟုတ်..ကဲ့..”
သူမသည် လေးကန်သည့် လေသံနှင့် ဖြေလိုက်၏။ သူမ၏ မျက်နှာသည် အလိုမကျသည့်အလားပင်။
သို့သော်ဟွမ်းသည် သူမ၏ မျက်နှာအမူအယာကို သတိထားမိဟန်မရချေ။ ဆက်လက် ပြောဆိုလိုက်သည်။
“ဟွမ်းရှန့်နန်းတော်နဲ့ ဒီနယ်မြေကို စောင့်ကြည့်ထားဦး..”
“အကိုလေး..ဘယ်သွားမလို့လဲ..”
စုန့်ချင်းသည် ချက်ချင်းမေးလိုက်၏။
“နတ်နန်းမြို့တော်က အမှောင်စွမ်းအင်ရဲ့ ဝါးမြိုခြင်းခံရလိုက်ပြီ..၊ အနီးတစ်ဝှိုက်က နယ်မြေတွေကို စစ်ဆေးကြည့်ရဦးမယ်..”
ဟွမ်းသည် ရှင်းပြလိုက်၏။
“ကျွန်မလဲ လိုက်ခဲ့မယ်လေ..”
စုန့်ချင်းသည် တောင်းဆိုလိုက်၏။ သူမသည် ချုးယွီဟွာကို ကူညီချင်ဟန် မရချေ။
“မရဘူး..မင်းက ဒီနယ်မြေကို စောင့်ရှောက်ရလိမ့်မယ်..”
ဟွမ်းသည် ငြင်းပယ်လိုက်၏။ သူထွက်သွားလျှင် ဤကုန်းမြေတွင် အဆင့်မြင့်ဆုံး ကျင့်ကြံသူသည် အဆင့်ခြောက်များသာ ကျန်ရှိခဲ့ပေမည်။ ထို့ကြောင့် အားကောင်းသည့် စုန့်ချင်းကို စောင့်ရှောက်ခိုင်းခြင်းဖြစ်သည်။
“ဟုတ်ကဲ့..”
စုန့်ချင်းသည် မတက်သာသောကြောင့် နာခံလိုက်ရ၏။
ထို့နောက် ဟွမ်းသည် ကျီယွမ်ကုန်းမြေမှ ထပ်မံထွက်ခွာသွားတော့၏။ သူသည် ကောင်းကင်ထက်မှ ပျံသန်းနေရင်း ကုန်းမြေများ၏ အခြေအနေများကို စစ်ဆေးနေသည်။
အမှောင်စွမ်းအင်များသည် အတော်ပင် ပြန့်နှံ့နေပြီး ကျင့်ကြံသူများသည်လည်း အမှောင်စွမ်းအင်နှင့် ကင်းလွတ်ရာသို့ ပြောင်းရွှေ့နေကြ၏။ ကုန်းမြေအနှံ့ ဝရုန်းသုံးကားအဖြစ်အပျက်များစွာဖြစ်ပေါ်နေသည်။
ဟွမ်းသည် ထိုအဖြစ်အပျက်များကို ကြည့်ရင်း သက်ပြင်းချလိုက်မိ၏။ ထို့နောက် ဝေးလံခေါင်သီသည့် ကုန်းမြေများ အထိပင် လှည့်လည်စစ်ဆေးနေသည်။ အမှောင်စွမ်းအင်များ မထွက်ပေါ်သေးသည့် ကုန်းမြေများမရှိတော့သလောက်ပင်။
“အဲ့ဒါက..”
ဟွမ်းသည် ကုန်းမြေတစ်ခု၏ အဖြစ်အပျက်ကို ကြည့်ရှုရင်း အံ့ဩမိသွားသည်။
“ဝုန်း..ဝုန်း..”
ထိုကုန်းမြေတွင် တိုက်ပွဲသံများထွက်ပေါ်နေသည်။ အမှောင်စွမ်းအင်များစွာ သက်ရောက်နေပြီး ကျင့်ကြံသူများပင် လွှမ်းမိုးခံရနေပြီဖြစ်သည်။
သို့သော် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် ထိုလွှမ်းမိုးခံထားရသည့် ကျင့်ကြံသူများကို ရှင်းလင်းနေကာ အဆင့်နိမ့်ကျင့်ကြံသူများကို ကာကွယ်ပေးနေ၏။
ဟွမ်းအံ့ဩသည့် အကြောင်းအရင်းမှာ ထိုသို့ ကာကွယ်ပေးမှုကြောင့်မဟုတ်ပေ။ ထိုအမျိုးသမီး အသုံးပြုနေသည့် စွမ်းအင်များကြောင့်ဖြစ်သည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ငွေပြာရောင် ဓားတစ်လက်နှင့် တိုက်ခိုက်နေပြီး သူမ ဓားတစ်ချက်ယမ်းလိုက်တိုင်း ဓားမှ လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ၏။
“သေစမ်း..”
သူမသည် အမှောင်စွမ်းအင်များ သက်ရောက်နေသည့် ကျင့်ကြံသူကို ခုတ်ပိုင်းလိုက်၏။
“ဝုန်း..”
သူမ၏ ဓားမှ လျှပ်စီးအလင်းတန်းထွက်ပေါ်လာကာ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားတော့၏။ ထိုသူ၏ ခန္ဓာကိုယ်သည် ဖြတ်တောက်ခံလိုက်ရသော်လည်း အသိစိတ်ပျောက်ကွယ်နေသောကြောင့် နာကျင်မှုကိုပင် မခံစားနိုင်ချေ။
‘ဒီကုန်းမြေက အဆင့်နိမ့်ပေမဲ့ သက်ရောက်ခံရတဲ့ သူတွေက အဆင့်လေး၊ အဆင့်ငါးတွေ..ဖြစ်ကုန်တာလား..’
သူမသည် တိုက်ခိုက်နေရင်း အတွေးများဝင်ရောက်လာသည်။
သူမရောက်ရှိနေသည့်ကုန်းမြေတွင် အဆင့်နှစ်ကျင့်ကြံသူများသာ အမြင့်ဆုံးရှိနေ၏။
သို့သော် အမှောင်စွမ်းအင်သက်ရောက်ခံရသူများ၏ ကျင့်ကြံမှုအဆင့်သည် အဆင့်သုံး၊ အဆင့်လေး များဖြစ်ကုန်သည်။
သို့သော် သူမသည် စစ်ဆေးရန် အချိန်မရသေးချေ။ အမှောင်စွမ်းအင် သက်ရောက်ထားသည့် ကျင့်ကြံသူများသည် များပြားနေ၏။
ထို့နောက် ချက်ချင်းဆိုသလို သူမ၏ ဓားကို ဝှေ့ယမ်းလိုက်ကာ လျှင်မြန်သည့် အရှိန်နှင့် ထိုကျင့်ကြံသူများကို ဆက်တိုက်ခုတ်ပိုင်းလိုက်သည်။
သူမ၏ ဓားချက်များသည် သေသပ်လှပြီး ဓားကို တစ်ချက်ယမ်းလိုက်တိုင်း လျှပ်စီးများသည် တလှပ်လှပ် ထွက်ပေါ်လာ၏။ အဖြူရောင်ဝတ်စုံနှင့် ငွေပြာရောင်ဓားကြောင့် သူမ၏ အသွင်သည် နတ်မိမယ် တစ်ပါးအလားပင်။
လျှပ်စီးများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေကာ ထိုသူများ၏ ခန္ဓာကိုယ်များကို ဖျတ်ဆီးပစ်လိုက်တော့သည်။
သူမ၏ လျှပ်စီးစွမ်းအင် အောက်တွင် ကျင့်ကြံသူများသည် အတုံးအရုံးလဲကျကာ သေဆုံးကုန်တော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ထို့အနားရှိ အမှောင်စွမ်းအင် သက်ရောက်ခံရသူများသည် သူမ၏ ဓားချက်များအောက်တွင် သေဆုံးကုန်ကြ၏။
“ကျေးဇူးတင်ပါတယ်..နတ်မိမယ်လေး..”
ထိုကုန်းမြေ၏ ကျင့်ကြံသူများသည် သူမအနားသို့ရောက်ရှိလာကာ ကျေးဇူးတင်လိုက်ကြ၏။ ထိုသူများသည် သူမ၏ စွမ်းအင်များကို အတိအကျ နားမလည်သောကြောင့် နတ်သမီးတစ်ပါးဖြစ်မည်ဟုပင် ယူဆလိုက်ကြသည်။
“ကျွန်မကို ရွှမ်းလင်လို့ခေါ်လို့ရပါတယ်..”
ရွမ်းလင်သည် ထိုကုန်းမြေ၏ ခေါင်းဆောင်ဖြစ်ဟန်ရှိသည့် အဘိုးအိုကိုကြည့်ကာ ဆိုလိုက်သည်။ ထိုသူသည် ရှဲ့လောင်ဟုဖြစ်ပြီး အဆင့်သုံးကျင့်ကြံသူတစ်ဦးသာဖြစ်၏။ ဤကုန်းမြေသည် ထျန်းယွမ်ကုန်းမြေထက် အနည်းငယ်သာ သာလွန်ပေသည်။
“နတ်မိမယ်ရွှမ်းလင်..၊ ဒီအရာတွေက ဘာတွေလဲ..”
ရှဲ့လောင်ဟုသည် ဖြစ်ပျက်နေသည်များကိုနားမလည်ပေ။ ထို့အပြင် အဆင့်သုံးကုန်းမြေနှင့် ဝေးလံသည့် တည်နေရာတွင် ရှိနေသောကြောင့် အမှောင်စွမ်းအင်များအကြောင်း သိရှိထားခြင်းမရှိချေ။
ရွှမ်းလင်သည် ရှင်းပြမည်အပြုတွင် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူမ၏ ငွေပြာရောင်ဓားကို ရုတ်ချည်းလွှဲရမ်းလိုက်သည်။
ထိုအပြုအမူကြောင့် ရှဲ့လောင်ဟုတို့သည် ထိတ်လန့်သွားကြ၏။
“ကျစ်..”
“ဝုန်း..”
ငွေပြာရောင်ဓားမှ ထွက်ပေါ်လာသည့် လျှပ်စီးတန်းကြီးသည် ရှဲ့လောင်ဟုနောက်ရှိ တောင်တန်းကြီးအားထိမှန်သွားသည်။
တောင်တန်းကြီးတစ်ခုလုံးတုန်ခါသွားပြီး လျှပ်စီးတန်း၏ ဖြတ်သန်းသွားမှုကြောင့် တောင်ထိပ်တစ်ခုလုံး ကြေမွသွားတော့၏။
“နတ်မိမယ်လေး..”
ရှဲ့လောင်ဟုသည် အထိတ်ထိတ်အလန့်လန့်နှင့် ရေရွတ်မိလိုက်၏။ ရွှမ်းလင်ထံမှထွက်ပေါ်သည့် အရှိန်အဝါကြောင့်ပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်နေသည်။
သို့သော် ရွှမ်းလင်သည် ရှဲ့လောင်ဟု၏ အသံကို ဂရုမစိုက်နိုင်ချေ။ သူမ၏ အကြည့်များသည် ပျက်စီးသွားသည့် ထိုတောင်တန်းတွင်သာရှိနေ၏။
“ထွက်ခဲ့စမ်း..”
ထိုတောင်တန်းမှ ချက်ချင်းဆိုသလို အဆင့်ခြောက်ကျင့်ကြံသူနှစ်ဦး ပေါ်ထွက်လာသည်။ ထိုသူများ၏ မျက်ဝန်းများသည် နက်မှောင်နေပြီး ခန္ဓာကိုယ်များမှလည်း အမှောင်စွမ်းအင်များ ပေါ်ထွက်နေ၏။
“အဆင့်ခြောက်တွေလား..၊ ဘယ်လိုဖြစ်နိုင်မှာလဲ..”
ရွှမ်းလင်သည် အတော်အတွေးကြပ်သွား၏။ အမှောင်စွမ်းအင်သက်ရောက်ခံရသူများသည် ကျင့်ကြံမှုအဆင့်များပင် များစွာတိုးတက်လာခြင်းပင်။ ဤသို့ကုန်းမြေငယ်လေးတွင် ထိုသို့အဆင့်ကျင့်ကြံသူများ ရှိမနေသင့်ချေ။
ထို့နောက် အဆင့်ခြောက် ကျင့်ကြံသူနှစ်ဦးသည် သူမကို စတင်တိုက်ခိုက်လိုက်၏။
“ဝုန်း..ဝုန်း..”
ထိုသူနှစ်ဦးသည် အနက်ရောင်စွမ်းအင်များနှင့် ပစ်လွှတ်လိုက်သည်။ ရွှမ်းလင်သည် ထိုစွမ်းအင်များ ထိမှန်ခြင်း မရှိစေရန် ခန္ဓာကိုယ်ကို လျှပ်စီးများနှင့် ရစ်ပတ်လိုက်၏။
ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို မြန်မြန်ဆန်ဆန်ပင် လှုပ်ရှားလိုက်ကာ ကျင့်ကြံသူနှစ်ဦး အနီးရောက်ရှိသွားသည်။ ထို့နောက် ချက်ချင်းသူမ၏ဓားနှင့် ခုတ်ပိုင်းလိုက်၏။
“ကောင်းကင်ထက်မှ အမျက်ဒေါသ..”