ရှင်အရမ်းဆိုးတာပဲ
Vol. 17 Ch. 245
ရွှမ်းလင်၏ ဓားမှ ထွက်ပေါ်လာသည့် လျှပ်စီးအလင်းတန်းကြီးသည် တောင်တန်းတစ်ခုလုံးပင် ပျောက်ကွယ်လုနီးပါး ကြမ်းတန်းလွန်း၏။
ထို့အပြင် မြန်ဆန်လွန်းသည်မို့ ကျင့်ကြံသူနှစ်ဦးသည် ခုခံချိန်မရလိုက်ပေ။
“ဝုန်း..”
သူတို့၏ ခန္ဓာကိုယ်အတွင်း လျှပ်စီးများ ဖြတ်သန်းသွားကာ ကောင်းကင်ထက်မှပြုတ်ကျသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်အတွင်း လျှပ်စီးများ စီးဆင်းနေကာ ခန္ဓာကိုယ်များမှ ‘တကျစ်ကျစ်’ အသံများပင် ပေါ်ထွက်နေ၏။
သို့သော် ရွှမ်းလင် မျက်မှောင်ကြုတ်နေဆဲပင်။ ထိုသူများ၏ အသက်စွမ်းအင် ပျောက်ကွယ်ခြင်း မရှိသေးသောကြောင့်ဖြစ်၏။
‘ဘာလဲ..’
ထိုကျင့်ကြံသူနှစ်ယောက်သည် အသက်စွမ်းအင်များ မပျောက်ကွယ်သည့်အပြင် သူတို့၏ စွမ်းအင် အရှိန်အဝါသည် ပို၍ပြင်းထန်လာသည်။ သူတို့၏ ခန္ဓာကိုယ်တွင် စီးဆင်းနေသည့် လျှပ်စီးများပင် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ရွှမ်းလင်သည် ထိတ်လန့်သွားရ၏။ ထိုနှစ်ဦး၏ ကျင့်ကြံမှုအဆင့်သည် မဟာ နတ်အင်ပါယာသို့ ရောက်ရှိသွားသောကြောင့်ပင်။
ထို့နောက် သူတို့သည် ရုတ်ချည်းဆိုသလို ရွှမ်းလင်၏နောက်မှ ပေါ်ထွက်လာကာ ပြိုင်တူ ထိုးနှက်လိုက်၏။
“ဝုန်း..”
ရွှမ်းလင်သည် သူမ၏ ဓားနှင့် အလျှင်အမြန် ကာကွယ်လိုက်သော်လည်း မဟာ နတ်အင်ပါယာနှစ်ဦး၏ စွမ်းအားကြောင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရသည်။
‘ငါ့ကျင့်ကြံမှုအဆင့်ဖိနှိပ်ခံထားရတာ ပြသနာပဲ..’
ရွှမ်းလင်၏ လက်ရှိစွမ်းအားသည် အဆင့်ခြောက်ကျင့်ကြံသူထက် အနည်းငယ်သာ သာလွန်နေ၏။ သို့သော် မဟာ နတ်အင်ပါယာနှစ်ဦးနှင့်ယှဉ်လျှင် နိမ့်ကျနေသည်။
သို့သော် ထိုသူနှစ်ဦးသည် သူမကို အခွင့်အရေးမပေးချေ။ ကြမ်းတမ်းသည့် တိုက်ခိုက်မှုများနှင့် ထပ်မံတိုက်ခိုက်လိုက်ကြသည်။
ရွှမ်းလင်သည် ထိုသူများနှင့် အနီးကပ် တိုက်ခိုက်မှုများကို ရှောင်တိမ်းနေ၏။ သူမသည် ထိုသူများ၏ တိုးတက်သွားသည့် ခွန်အားကြောင့် တိုက်ရိုက် ခုခံရန် မစွမ်းသာတော့ပေ။
“ဝုန်း...”
သူမသည် အကွာဝေးတစ်ခုကိုကို ထိန်းလိုက်ပြီး ကြမ်းတမ်းသည့် လျှပ်စီးများနှင့် ထပ်မံပစ်လွှတ်လိုက်သည်။ သို့သော် ထိုသူနှစ်ဦး၏ လုပ်ရပ်ကြောင့် မှင်သက်သွားရ၏။
“ဘယ်လို..”
ယခုအကြိမ်တွင် သူမ၏ လျှပ်စီးများကို ထိုနှစ်ဦးသည် အသာယာပင် ချေမွပစ်လိုက်နိုင်သည်။ စွမ်းအင်ကွာခြားချက်သည် အလွန်ပင်ကြီးမားသွားဟန်ရှိ၏။
ထို့နောက် သူတို့နှစ်ဦးသည် စွမ်းအင်များကို အတူတကွပေါင်းစည်းကာ ရွှမ်းလင်ထံ ပစ်လွှတ်လိုက်တော့၏။
ပေါင်းစည်းက ထုတ်ဖော်ထားသည့် စွမ်းအင်လှိုင်းကြောင့် ထိုနယ်မြေ၏ ပါးလွှာသည့် လေဟာနယ်ပင် ပြိုပျက်သွားရသည်။
ရွှမ်းလင်သည် သူမ၏ ဓားကို အဆက်မပြတ်လွှဲယမ်းကာ လျှပ်စီးများစွာနှင့် ထိုစွမ်းအင်လှိုင်းကို တားဆီးလိုက်သည်။ သို့သော် သူမ၏ လျှပ်စီးများသည် ထိုစွမ်းအင်လှိုင်းကို မတားဆီးနိုင်တော့ချေ။
‘သွားပြီ..၊ ဒီစွမ်းအားတွေကို ငါ မခုခံနိုင်တော့ဘူး..ငါ့တာဝန်က ဒီလိုပဲကျရှုံးတော့မှာလား..’
ရွှမ်းလင်သည် ကြီးမားသည့် စွမ်းအင်လှိုင်းကိုကြည့်ကာ အတွေးများဝင်ရောက်လာသည်။ သူမ၏ လက်ရှိခွန်အားနှင့် ထိုစွမ်းအင်လှိုင်းကို မခုခံနိုင်တော့ချေ။
သို့သော် သူမ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အနည်းငယ်သာရှိနေ၏။ အသက် အန္တရာယ်နှင့် ကြုံရလျှင် များစွာသည် ထိတ်လန့်မှုများ ဖြစ်ပေါ်သည်မှာ သာမန်တုန့်ပြန်မှုသာဖြစ်သည်။
သို့သော် ရွှမ်းလင်တွင် ထိုသို့ ထိတ်လန့်မှုများ ရှိမနေချေ။ သူမသည် အတွေးများ ရှုပ်ထွေးနေဟန်သာရှိ၏။ ထိုအချိန်တွင် သူမ၏ အကြားအာရုံတွင် တည်ငြိမ်သည့် အသံဝင်ရောက်လာသည်။
“စိတ်ဝင်စားစရာပဲ..၊ အသက် အန္တရာယ်ရှိနေတာတောင် ဒီလောက်တည်ငြိမ်နိုင်တဲ့သူမျိုး မတွေ့ဖူးသေးဘူး..”
“ဘယ်သူလဲ..”
ရွှမ်းလင်သည် ထိုအသံကြောင့် အံ့အားသင့်သွား၏။ ထိုအသံသည် အမှောင်စွမ်းအင်သက်ရောက်ခံရသူများ ထံမှ မဟုတ်သည်မှာ သေချာသည်။
“ရှင်ပဲ..”
ရွှမ်းလင်သည် သူမအနီးရောက်ရှိနေသည့် အဖြူရောင်ပုံရိပ်ကို ကြည့်ကာ မှင်သက်သွားတော့၏။
“ငါ့ကို သိတာလား..”
ဟွမ်းသည် ပို၍ မှင်သက်သွားရ၏။ ထိုအမျိုးသမီးကို သူမသိခဲ့သည်မှာ ကျိန်းသေပင်။ သို့သော် ထိုအမျိုးသမီးသည် သူ့ကို သိနေဟန်ရသည်။
သို့သော် ရွှမ်းလင်သည် ခပ်တည်တည်နှင့်ဆိုလိုက်၏။
“မိတ်ဆက်စကားနောက်မှပြောသင့်တယ်ထင်တယ်..၊ ကျွန်မတို့ဆီ လာနေတဲ့ လှိုင်းကြီးကို အရင်ဖြေရှင်းလိုက်ပါ့လား..”
ဟွမ်း “...”
‘မင်းဆီလာတာလေ..၊ ငါ့ဆီလာတာမှ မဟုတ်တာ..’
သို့သော်လည်း ဟွမ်းသည် မည်သည်မှ မဆိုတော့ပဲ ထိုစွမ်းအင်လှိုင်းကြီးအား ထိုးခွဲလိုက်၏။
“ဝုန်း..”
နိမ့်ကျသည့် နယ်မြေများရှိ လေဟာနယ်၏ ပါးလွှာမှုကြောင့် စွမ်းအားနှစ်ခု ထိတွေ့ကို ထိန်းမထားနိုင်တော့ချေ။
လေဟာနယ်အက်ကွဲကြောင်းများစွာပေါ်ထွက်လာခဲ့သည်။
“တစ်လက်စတည်း..၊ သူတို့ကိုပါ ရှင်းလင်းပေးရင်..၊ ကျွန်မက ကျေးဇူးတင်နေမှာပါ..”
ရွှမ်းလင်သည် ထိုကျင့်ကြံသူနှစ်ဦးကို ညွှန်ပြကာ တောင်းဆိုသည့် လေသံနှင့်ပြောလိုက်၏။
“မင်းရဲ့ တည်ငြိမ်နေတဲ့ အနေအထားနဲ့ ငါ့ရဲ့ အကူအညီကို ယူစရာလိုမယ်မထင်ဘူး..”
ဟွမ်းသည် အေးစက်စက်နှင့်သာ ပြောဆိုလိုက်၏။
“ရှင်အထင်လွဲနေပါပြီ..၊ အစောကတိုက်ခိုက်မှုက ကျွန်မ သေနိုင်လောက်တယ်..၊ ဒါပေမဲ့ တားမှ မတားနိုတာ ထိတ်လန့်နေလည်း မထူးဘူးလေ..”
ရွှမ်းလင်သည် ဝမ်းနည်းသည့် လေသံနှင့် ဆိုလိုက်၏။
ဟွမ်းသည် ရွှမ်းလင်၏ စကားကြောင့် သူ၏ မျက်ဝန်း အနည်းငယ်မှေးကျဉ်းသွားသည်။ သူမ၏ ပုံစံသည် လိမ်ပြောနေဟန်မရချေ။ ထိုတိုက်ခိုက်မှုကို သူသာ တားဆီးမပေးလိုက်လျှင် အပြင်းအထန်ထိခိုက်သွားမည်မှာ ကျိန်းသေ၏။
ဟွမ်းသည် ထူးဆန်းမှုကို ခံစားလိုက်ရ၏။ သို့သော် မည်သည့်နေရာမှ လွဲမှားနေသည်ကို စဉ်းစားမရဖြစ်နေသည်။
သူတို့နှစ်ဦးသည် တိုက်ပွဲအလယ်သို့ ရောက်နေသည်ကို မမေ့လျော့စေရန် ကျင့်ကြံသူနှစ်ဦးကသိတိပေးလိုက်၏။
“ဝုန်း..”
သူတို့သည် စွမ်းအင်များနှင့် ဆက်တိုက်ဆိုသလို ပစ်လွှတ်လိုက်သည်။ ဟွမ်းသည် သူ၏ လက်ကို ညင်သာစွာ လှုပ်ရှားလိုက်ကာ ထိုအလင်းတန်းများကို တားဆီး ဖြိုခွဲလိုက်၏။
သို့သော် ထိုသူများသည် ဂရုစိုက်ဟန်မရပဲ ဟွမ်းအနီးသို့ ချည်းကပ်လာကြသည်။ ထို့နောက် သူတို့နှစ်ဦးသည် ဖိအားပေးကာ တိုက်ခိုက်လိုက်၏။
ဟွမ်းသည် ထိုသူများ၏ တိုက်ခိုက်မှုများကို ပြန်လည်တုန့်ပြန်ကာ အားပြင်းသည့် ရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။
“ဘုန်း..”
“ဘုန်း..”
ထိုသူနှစ်ဦးသည် ဟွမ်း၏ ရိုက်ချက်ကြောင့် သွေးများအန်ကာ လွင့်စင်သွားသော်လည်း နာကျင်မှုကို မခံစားရသည့်အလားပင်။
‘ခံစားချက်တောင် မရှိတော့ဘူးလား..’
ဟွမ်း ထိုသူများ၏ တုန့်ပြန်ချက်ကြောင့် အံ့ဩသွားသည်။ ထိုနှစ်ဦး၏စွမ်းအားသည် မဟာ နတ်အင်ပါယာအဆင့်သို့ရောက်ရှိနေသ်ောလည်း မည်သည့်နည်းစနစ်မျှ အသုံးမပြုပဲ ခန္ဓာကိုယ်စွမ်းအင်များနှင့်သာ တိုက်ခိုက်နေကြ၏။ ဟွမ်းသည် ထိုသို့ ထူးဆန်းမှုများကို လေ့လာနေသည်။
ချက်ချင်းဆိုသလို သူတို့နှစ်ဦး လဲကျရာနေရာမှ အရှိန်သပ်လိုက်ပြီး ဟွမ်းကို ပြန်လည်တိုက်ခိုက်လိုက်ပြန်၏။
သူတို့၏ အရှိန်သည် လျော့နည်းသွားမည့်ဟန်မရှိပေ။ ကြမ်းတမ်းလွန်းသည့် စွမ်းအင်လှိုင်းများနှင့် ထပ်မံပစ်လွှတ်လိုက်ပြန်သည်။
ဟွမ်းသည် ထိုသူများနှင့် အချိန်မဖြုန်းချင်တော့ပေ။ သူ၏ တည်နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားကာ ထိုသူနှစ်၏ နောက်သို့ ချက်ချင်းရောက်ရှိသွား၏။
ဟွမ်းသည် ထိုသူနှစ်ဦး၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်၏။ ရုတ်ချည်းဆိုသလို ထိုသူနှစ်ဦးသည် လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။ သူတို့ထံမှ စွမ်းအင်များ ပိတ်ဆို့ခံလိုက်ရခြင်းပင်။ သို့သော် အသိစိတ်မဲ့နေသောကြောင့် ဘာအသံမျှ ထွက်မလာချေ။
သူတို့သည် လှုပ်ရှားမှုများပြုလိုသော်လည်း သေမျိုးများကဲ့သို့သာ ခွန်အားရှိတော့၏။
“ဘုန်း..”
အသံနှစ်ခုသည် တပြိုင်တည်းထွက်ပေါ်လာ၏။ ဟွမ်းသည် ထိုသူနှစ်ဦး၏ ဦးခေါင်းကို ချေမွလိုက်ခြင်းပင်။
‘ဒီလူက ထင်ထားတာထက် ကြောက်စရာကောင်းတာပဲ..’
ရွှမ်းလင်သည် ထိုအဖြစ်အပျက်ကိုကြည့်ရင်း မှင်သက်နေသည်။ မဟာ နတ်အင်ပါယာအဆင့် ကျင့်ကြံသူနှစ်ဦးကို ကြက်ကလေးငှက်လေး သတ်သလိုပင် သတ်ဖြတ်လိုက်၏။
ထိုသို့ ပြုနိုင်သူအများအပြားကို သူမ မြင်တွေ့ဖူးသော်လည်း ထိုသူများသည် ဤနေရာတွင် ရှိနေသူများမဟုတ်ပေ။
“မင်းဘယ်သူလဲ..”
ဟွမ်းသည် ကျင့်ကြံသူနှစ်ဦးအား ရှင်းလင်းပြီးနောက် ရွှမ်းလင်၏ ရှေ့တွင်ပေါ်ထွက်လာကာ မေးခွန်းထုတ်လိုက်၏။
“ကျွန်မတို့နှစ်ယောက်က နက်ရှိုင်းတဲ့ ပတ်သတ်မှုတွေရှိခဲ့ဖူးတယ်လေ..၊ ရှင်အရမ်းဆိုးတာပဲ..၊ နှစ်အနည်းငယ်နဲ့ မေ့သွားမယ်လို့ ထင်မထားမိဘူး..”
ရွှမ်းလင်သည် မခို့တရို့လေးပြောလိုက်၏။ သူမ၏ ခန္ဓာကိုယ်လေးသည်လည်း ယိမ်းနွဲ့နေသည်။
ဟွမ်း “...”
ဟွမ်း၏ နှုတ်ခမ်းများ တဆက်ဆက်တုန်ယင်သွားသည်။ သို့သော် သူ၏ စကားများသည် နှုတ်ဖျားမှ ထွက်မလာပေ။ အနှီအမျိုးသမီးနှင့် တစ်ခါမှ မတွေ့ဆုံဖူးသည်မှာ ကျိန်းသေ၏။ သူ၏ မှတ်ဉာဏ်တွင်လည်း ဤအမျိုးသမီးနှင့် ပတ်သတ်ဖူးသည့် အကြောင်းအရာများရှိမနေချေ။