မယုံနိုင်ဘူး
Vol. 17 Ch. 246
“ပေါက်ကရတွေ မပြောနဲ့ မင်းကိုငါ မသိဘူး..”
ဟွမ်းသည် တည်ငြိမ်မှုကိုထိန်းလိုက်ပြီးနောက် ခက်ထန်စွာဆိုလိုက်၏။
“အိုက်ယား..၊ ရှင်ရယ်..၊ ရှင်ရဲ့စကားလုံးတွေက အရမ်းရက်စက်တာပဲ ကျွန်မက တစ်ရက်မှတောင် မေ့မရခဲ့တာကို..”
ရွှမ်းလင်သည် ကနွဲ့ကလျ အသံနှင့် ပြောလိုက်၏။
“တိတ်စမ်း..၊ လိုရင်းကိုပြော..”
ဟွမ်းသည် သူမ၏ စကားများကို ထပ်မံ နားမထောင်လိုတော့ပေ။ သူ၏ စိတ်ရှည်မှု ကုန်ဆုံးသွားပြီဖြစ်၏။
“ဟူး..”
ရွှမ်းလင်သည် အသံကြားနိုင်လောက်သည့် သက်ပြင်းချသံကို ဖော်ထုတ်လိုက်သည်။ ထို့နောက် သူမ၏ လက်နှင့် ဆက်တိုက် သင်္ကေတများ ပြုလုပ်လိုက်၏။
ထိုအချိန်တွင် သူမထံမှ စွမ်းအင်များသည် ကောင်းကင်ထက်သို့ ပျံ့လွှင့်သွားပြီးနောက် မျက်ဝန်းတစ်စုံ အသွင်သို့ ပြောင်းလဲသွားတော့သည်။
“မင်း..၊ မင်းက ရွှယ်အာကို သတ်ဖို့ကြိုးစားတဲ့ ကောင်းကင်ထက်ကသူပဲ..”
ဟွမ်းသည် အလွန်အံ့အားသင့်မိသွား၏။ မော့ရွှယ်အာ နတ်အင်ပါယာအဆင့်သို့ တက်ရောက်စဉ်က သာမန်ထက်လွန်ကဲသည့် မိုးကြိုးများနှင့် ရင်ဆိုင်ခဲ့ရသည်။
ယခုတွင် နောက်ကွယ်မှ လက်သည်ကို သိရှိရသည်မို့ သူ၏ ဒေါသများ တလိပ်လိပ်ထွက်လာ၏။ ထို့နောက် ရုတ်ချည်းဆိုသလို သူ၏ ခန္ဓာကိုယ်သည် လှုပ်ရှားသွားသည်။
“အာ့..”
ဟွမ်းသည် ချက်ချင်း သူမ၏ နုနယ်သည့် လည်တိုင်ကို ဆုပ်ကိုင်လိုက်၏။ ထိုစဉ်က သူသာ မရှိလျှင် မိုးကြိုးများအောက်တွင် မော့ရွှယ်အာသေဆုံးရမည်မှာ ကျိန်းသေပင်။ ထို့ကြောင့် သူ၏ စိတ်ကို မထိန်းလိုက်နိုင်တော့ချေ။
ရွှမ်းလင်သည် တင်းကြပ်လွန်းသည့် ဆုပ်ကိုင်မှုကြောင့် အသက်ရှုပ်ကြပ်သွားရသည်။
သို့သော် ထူးဆန်းသည်မှာ ထိုမိန်းကလေးသည် မည်သည့်ကြောက်ရွံ့မှုမျှ ရှိမနေသည့်အလားပင်။
“ရှင် ကျွန်မကို မသတ်နိုင်ဘူး..”
ရွှမ်းလင်သည် အသက်ရှုကြပ်မှုကြောင့် ရုန်းကန်နေရသော်လည်း သူမတွင် သေဆုံးမည်ကို စိုးရိမ်စိတ်ရှိနေဟန်မရချေ။
“ဒါက မင်းဆုံးဖြတ်နိုင်တဲ့အရာမဟုတ်ဘူး..”
ဟွမ်းသည် အနည်းငယ်မျှပင် အလျော့မပေးချေ။
တင်းကြပ်မှုကြောင့် ရွှမ်းလင်၏ မျက်ဝန်းများမှ မျက်ရည်များပင် ဝဲလာလေသည်။။
ထို့နောက် ခက်ခက်ခဲခဲလေသံနှင့် ဆက်လက်ပြောဆိုလိုက်၏။
“ရှင့်စိတ်ထဲ မရှင်းတာတွေ အများကြီးရှိနေတယ်မလား..၊ ကျွန်မကိုလွှတ်ပေးရင် ရှင်လိုချင်တဲ့ အဖြေတွေပေးမယ်..”
ဟွမ်းသည် သူ၏ စိတ်ကိုဖြေလျော့လိုက်ပြီးနောက် ရွှမ်းလင်ကို လွှတ်ပေးလိုက်၏။ ထို့နောက် တင်းမာသည့် လေသံနှင့်မေးလိုက်သည်။
“တစ်ခုခုကြံစည်ရဲရင် ဒီမှာတင် မင်းအသက်ကို ထားခဲ့ရလိမ့်မယ်..”
“အသက်လေးတော့ရှုပါရစေဦး..”
ရွှမ်းလင်သည် လေကို အမောတကော ရှုနေရင်း မောကြီးပန်းကြီးနှင့် ပြောလိုက်၏။
“ရွှယ်အာကို ဘာကြောင့် သတ်ဖို့ကြိုးစားတာလဲ..”
ဟွမ်းသည် ဂရုမစိုက်သည့်အလား မေးလိုက်၏။ ရွှမ်းလင်သည် မဖြေသေးချေ။ သူမ၏ အသက်ရှုသံများကိုသာ ထိန်းသိမ်းနေသည်။ တစ်ခဏကြာပြီးနောက်တွင် အဖြေပေးလိုက်၏။
“အဲ့ဒီတုန်းက ကျွန်မရဲ့ တာဝန်ကြောင့်လေ..၊ အစွန်းရောက် သဘာဝနဲ့မွေးဖွားလာတဲ့သူတွေကို စီစစ်ဖို့က ကျွန်မတို့ နယ်မြေရဲ့တာဝန်ပဲ..”
“မင်းက အထက်အလွှာကလား..”
ရွှမ်းလင်၏ အဖြေကို သဘောမတွေ့သော်လည်း ချုပ်တည်းထားကာ မေးလိုက်၏။
“အထက်အလွှာ..၊ ရှင်တို့ကမ္ဘာက အထက်အလွှာ မရှိတော့တာကြာပြီလေ..”
ရွှမ်းလင်သည် တွေဝေသွားဟန်နှင့် ဖြေလိုက်၏။ သူမသည် ဤနေရာ၏ အထက်ပိုင်းအလွှာကို မခံစားမိပေ။
ဟွမ်းသည် မျက်မှောင်ကြုတ်သွား၏။ ကျို့ယင်၏ စကားများနှင့် ကိုက်ညီမှု ရှိမနေချေ။
“မင်းက ဘယ်ကလာတာလဲ..”
“ကျွန်မက လင်းထျန်းဘုံကလေ..”
“ဘယ်လိုနေရာမျိုးလဲ..”
ဟွမ်းသည် ပိုက်စိတ်တိုက် မေးမြန်းနေ၏။ ရွှမ်းလင်သည် ထိုလူငယ်ကိုကြည့်ကာ ခေါင်းခါယမ်းမိလိုက်သည်။
“ရှင့်ရဲ့ စွမ်းအားနဲ့ လင်းထျန်းဘုံကို တောင် မသိတာ အံ့ဩစရာပဲ..”
“ရှင်ရှိနေတဲ့ နေရာမျိုးကို ကမ္ဘာငယ်လေးတွေလို့ခေါ်တယ်..၊ ဒီလောကထဲမှာ ကမ္ဘာငယ်လေးတွေ အများကြီး ရှိတယ်..၊ အဲ့ဒီ ကမ္ဘာငယ်လေးတွေကို လင်းထျန်းဘုံက နယ်မြေအသီးသီးရဲ့ နယ်မြေဘုရင်တွေနဲ့ သက်ဆိုင်တယ်..”
“ဒါပေမဲ့..၊ ရှင်တို့ကမ္ဘာက အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေတဲ့ ကမ္ဘာငယ်တစ်ခုပဲ..”
“မင်းတို့က ကျင့်ကြံသူတွေကိုထိန်းချုပ်နိုင်ပြီး ဒီကမ္ဘာပြိုကွဲတုန်းက အကူအညီ မလွှတ်ခဲ့ဘူးလား..”
ဟွမ်းသည် တည့်တည့်သာမေးလိုက်၏။
“ကျွန်မတို့က ကမ္ဘာငယ်လေးတိုင်းရဲ့ အဖြစ်အပျက်ကို ချက်ချင်း မသိနိုင်ဘူး..၊ သိရင်တောင်မှ ကမ္ဘာငယ်တွေရဲ့ နယ်နိမိတ်ကို ဝင်ရောက်တာနဲ့ အဆင့်ဖိနိပ်ခံရမှာပဲ..၊ ပြီးတော့ ရှင့်လိုလူမျိုးကလွဲရင် လင်းထျန်းဘုံရဲ့ တည်ရှိမှုကို ခံစားမိဖို့ မဖြစ်နိုင်ဘူး..”
ရွှမ်းလင်သည် အသေအချာရှင်းပြလိုက်၏။ ထိုစဉ်က သူမနှင့် တိုက်ပွဲဖြစ်ခဲ့ကြသော်လည်း ဟွမ်း၏ စွမ်းအားသည် သူမအတွက် အံ့ဩမှုများ ပေးစွမ်းနိုင်ခဲ့သည်။
ကမ္ဘာငယ်များမှ ကျင့်ကြံသူများသည် လင်းထျန်းဘုံကို အံတုရန်မဆိုထားနှင့် ခံစားမိရန်ပင် မလွယ်ကူချေ။
သို့သော် ထိုလူငယ်သည် ထိုအချိန်ကတည်းက သူမတို့၏ တည်ရှိမှုများကို ခံစားမိသည့်အပြင် ပြန်လည်တိုက်ခိုက်ရန်ပင် ကြိုးစားဖူး၏။
“ပြီးတော့ ဒီကမ္ဘာငယ်လေးက ကျင့်ကြံသူတွေရဲ့ အဆင့်တက်မှုကို ကျွန်မတို့ ထိန်းချုပ်တယ်ဆိုတာထက်..၊ အစီအရင်နဲ့ ထိန်းချုပ်တာလို့ဆိုရမယ်..”
ရွှမ်းလင်သည် ဆက်လက်ရှင်းပြလိုက်၏။ ထိုစဉ်က မော့ရွှယ်အာ အဆင့်တက်ပြီးချိန်တွင် သူမထံမှ ဖျတ်စီးခြင်းနတ်ဆိုးနှလုံးသားထွက်ပေါ်မှုကို သတိပေးချက်ရခဲ့သည်။
ထိုအချိန်က သူမသည် ထိုအစီအရင်စောင့်ရသည့် တာဝန်ကိုယူထားရသောကြောင့် ထိုအဖြစ်အပျက်များဖြစ်ပျက်ခဲ့ခြင်းပင်။ သို့သော် တစ်စုံတစ်ဦး၏ တားဆီးလိုက်မှုကြောင့် ဤမျှနှင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
“အစီအရင်နဲ့တင် ကျင့်ကြံသူတွေရဲ့ အဆင့်တက်မှုကို ထိန်းချုပ်နိုင်တာလား..”
ဟွမ်းသည် ထိုသို့ အကြောင်းအရာမျိုး စိတ်ပင် မကူးမိချေ။ ဟွမ်းသည် ထပ်မံမေးမြန်းလိုက်၏။
“ကံကြမ္မာဖီဆန်သူဆိုတဲ့ အပြစ်ပေး မိုးကြိုးနဂါးကို စေလွှတ်တာလဲ မင်းတို့ပဲလား..”
“ဘယ်လို..”
ရွှမ်းလင်သည် အထိတ်ထိတ်အလန့်လန့်ဖြစ်သွား၏။ သူမ သေလုနီးပါးအခြေအနေရောက်စဉ်ကပင် ထိုသို့ အမူအယာမျိုး မဖြစ်ပေါ်ခဲ့ချေ။ သူမသည် မယုံကြည်နိုင် ဖြစ်နေသည့် လေသံနှင့် မေးလိုက်သည်။
“အဲ့ဒီအရာက ရှင့်ကို ဦးတည်တာလား..”
ဟွမ်းသည် ရွှမ်းလင်၏ အမူအယာကြောင့် သူ၏ မျက်ခုံးများ အနည်းငယ်လှုပ်ရှားသွားသည်။ ထို့နောက် ခေါင်းညိတ်ပြလိုက်၏။
“အဲ့ဒါ ကောင်းကင်နဲ့ သက်ဆိုင်တဲ့ အရာပဲ..၊ ရှင် ဘာများလုပ်ခဲ့လို့ အဲ့ဒီလိုအပြစ်ပေးမှု ပေါ်ထွက်လာတာလဲ..၊ ပြီးတော့ ရှင် အဲ့ဒီလိုအရာကနေ ဘယ်လိုလွှတ်မြောက်လာတာလဲ..”
ရွှမ်းလင်သည် အလွန်ပင် တုန်လှုပ်နေ၏။ မော့ရွှယ်အာ အဆင့်တက်စဉ်က သူမကို ပြန်လည် တိုက်ခိုက်နိုင်သည်ကပင် အံ့အားသင့်ဖွယ်ကောင်းနေသည်။ အကြောင်းမှာ လင်းထျန်းဘုံမှ မည်သည့် အစွမ်းထက် ပညာရှင်များပင်ဖြစ်စေ၊ ကမ္ဘာငယ်၏ စည်းမျဉ်းများကို လျစ်လျှုရှုရန်မလွယ်ကူချေ။
သို့သော် ဟွမ်း၏ စွမ်းအားသည် ဤနေရာထက် ကျော်လွန်နေခဲ့သည်။ သူမ နားမလည်သည်မှာ ထိုသို့ အစွမ်းထက်သူတစ်ဦးက ဤသို့ နေရာတွင် ရောက်ရှိနေခြင်းပင်။ သူ၏ ပုံစံက ဘုံလောက၏ အကြောင်းအရာများကို မသိရှိသောကြောင့် ဤနေရာတွင် ပိတ်မိနေသည်ဟုပင် ထင်ရ၏။
ထိုစဉ်က အဆင့်တက်မိုးကြိုးနှင့် ကောင်းကင်မှ အပြစ်ပေးမိုးကြိုးတို့သည် တူညီခြင်း မရှိချေ။ ပြောရလျှင် မည်သို့မျှပင် နှိုင်းယှဉ်၍ မရချေ။
ကောင်းကင်အပြစ်ပေးခြင်းကို လင်းထျန်းဘုံမှ ထိပ်သီးများပင် လွန်ဆန်နိုင်သည့်အရာမဟုတ်ချေ။ အကြောင်းမှာ ထိုသို့ ပစ်မှတ်ထားခံရပါက မည်သူမျှ အသက်မရှင်နိုင်သောကြောင့်ပင်။
သို့သော် ဟွမ်းသည် ထိုသို့အရာကို ကြုံဖူးသော်လည်း ယနေ့ထိ အသက်ရှင်းနေခြင်းကို သူမ မည်သို့မျှပင် တွေးနိုင်စွမ်း မရှိတော့ပေ။
ဟွမ်းသည် ယခုအကြောင်းအရာများကို မည်သို့မျှပင် လိုက်မှီနိုင်စွမ်း မရှိဖြစ်နေသည်။ ထို့အပြင် ထိုမိန်းကလေး၏ စိတ်ဝိညာဉ်ကို သတိထားစောင့်ကြည့်ထားသောကြောင့် သူမ လိမ်လည် ပြောဆိုခြင်း မဟုတ်မှန်း သိရ၏။
“မင်း ဒီနယ်မြေကို ဘယ်လိုရောက်လာတာလဲ..”
“ကျွန်မတို့ လင်းထျန်းဘုံအတွက် ဒီလိုကမ္ဘာငယ်လေးတွေက စမ်းသပ်မှု ဖြတ်ကျော်ရတဲ့ လေ့ကျင့်ရေးကွင်းပဲ..၊ ကျွန်မက ဒီနယ်မြေမှာ စမ်းသပ်ချက် လုပ်ရတာလေ..”
“ဘယ်လို..”
ဟွမ်းသည် ယနေ့အတွက် မည်သို့မျှ ထင်မှတ်မထားသည့် အကြောင်းအရာများကို ကြားသိနေရသည်။ ကျို့ယင်ပြောသည့် အရာများသည် မှန်ကန်နေသော်လည်း သူသည် နှစ်ပေါင်းများစွာ ချုပ်နှောင်ထားခံရသူဖြစ်၏။ သူ၏ အကြောင်းအရာအချို့သည် ပြည့်စုံမှု မရှိချေ။
သို့သော် ရွှမ်းလင်၏ ပြည့်စုံသည့် အချက်အလက်များကြောင့် မယုံနိုင်ဖြစ်နေရတော့သည်။
သူတို့အတွက် ဤကုန်းမြေသည် ရှင်သန်နေထိုင်ရာ နေရာတစ်ခုဖြစ်နေသော်လည်း လင်းထျန်ဘုံမှ လူများအတွက် စမ်းသပ်မှုနယ်မြေတစ်ခုသာဖြစ်နေ၏။
“ဒါဆို ဒီကုန်းမြေမှာ ထွက်ပေါ်နေတဲ့ အမှောင်စွမ်းအင် အကြောင်းကို အသေးစိတ်သိလား..”
“ကျွန်မသိတယ်..”
ရွှမ်းလင်သည် ယုံကြည်ချက်ရှိရှိဖြေလိုက်၏။