ငါ့ကိုသူငယ်နှပ်စားမှတ်နေလား
Vol. 17 Ch. 248
“ယီဟွာ ကျုပ်ပြောထားတဲ့ ကိစ္စ အသင့်ဖြစ်ပြီလား..”
ဟွမ်းသည် လင်းရှန်နယ်မြေတွင် ချုးယွီဟွာတို့နှင့် ဆွေးနွေးနေသည်။
“အချိန်တံခါးက လင်းရှန်နယ်မြေရဲ့ ဝိညာဉ်စွမ်းအင်နဲ့ အလုပ်ဖြစ်တယ်..၊ အချိန်ဘယ်နှစ်ဆ မြန်ဆန်စေမလဲတော့ ကျွန်မလဲ အတိအကျ မသိသေးဘူး..”
ချုးယွီဟွာသည် ရှင်းပြလိုက်၏။
အချိန်တံခါးသည် သူမ၏ ဝိညာဉ်ပင်လယ်တွင် ရှိနေသောကြောင့် သက်ရောက်မှု ရှိမရှိ မသေချာသော်လည်း ဟွမ်းသည် လင်းရှန်နယ်မြေ၏ ဝိညာဉ်စွမ်းအင်များနှင့် ဖြည့်စည်းစေခဲ့သည်။
သို့သော် ထင်ထားသည်ထက် အလုပ်ဖြစ်ဟန်ရှိ၏။ အချိန်တံခါး၏ ခမ်းခြောက်နေသည့် ဝိညာဉ်စွမ်းအင်များသည် ကောင်းမွန်စွာ လည်ပတ်လာနိုင်သည်။
ထို့အပြင် ရွှေရောင်သစ်ပင်ငယ်မှ ထုတ်လွှတ်သည့် ဝိညာဉ်စွမ်းအင်များသည် သဘာဝထက်ပင်သာလွန်နေ၏။ သို့သော် ထိုမျှ ကောင်းမွန်နေသော်လည်း အချိန်တံခါး၏ ဝိညာဉ်သည် ကောင်းမွန်လာဟန် မရသေးချေ။
“စီစဉ်ထားတဲ့အတိုင်း မင်းတို့တွေ အချိန်တံခါးမှာ ထပ်ပြီး လေ့ကျင့်ကြ..၊ အချိန်တံခါးရဲ့ သက်ရောက်မှုကို သေချာ မသိရသေးဘူး..၊ ဒါပေမဲ့ အဲ့ဒီနေရာမှာ ရသမျှ အချိန်အားလုံးကို ကျင့်ကြံခဲ့ကြ..”
ဟွမ်းသည် ချုးယွီဟွာ အပါအဝင် တပည့်များကို ပြောလိုက်၏။ လက်ရှိတွင် အခြားကုန်းမြေမှ ကျင့်ကြံသူများပါ ရောက်ရှိလာပြီဖြစ်သောကြောင့် ဟွမ်းရှန့်နန်းတော်၏ အဖွဲ့ဝင်များသည် အားနည်းနေ၍ မရတော့ပေ။
ထို့ကြောင့် တပည့်များအပြင် ချုးယွီဟွာတို့ သုံးဦးကိုပါ ကျင့်ကြံစေခြင်းဖြစ်သည်။
“ဆရာ..၊ အပြင်မှာဖြစ်နေတဲ့ အမှောင်စွမ်းအင်တွေကို တပည့်တို့အရင် ရှင်းပြီးမှ ဝင်လို့မရဘူး..”
လုရှင်းယန်သည် စိတ်ပူစွာ ပြောဆိုလိုက်၏။ နယ်မြေ၏ အရေးကြီး အချိန်များတွင် စိတ်လွတ်ကိုယ်လွတ် မလေ့ကျင့်နိုင်ချေ။
“ဘာမှမပူနဲ့ မင်းရဲ့ ဆရာ တစ်ယောက်လုံးရှိတယ်..၊ မင်းတို့ အချိန်တံခါးထဲ လေ့ကျင့်ပြီးလို့ ပိုအစွမ်းထက်လာရင် ဒီနယ်မြေကို ကာကွယ်နိုင်စွမ်းပိုပြီး ကြီးမားလာလိမ့်မယ်..”
ဟွမ်းသည် လုရှင်းယန်၏ ပုခုံးတစ်ဖက်ကို ညင်သာစွာပုတ်၍ ဆိုလိုက်သည်။ ထိုကလေးများသည် ငယ်ရွှယ်သေး၏။ ထို့အပြင် ခွန်အားချင်း မညီမျှသည့် တိုက်ပွဲများစွာ ကျော်ဖြတ်လာရသူများဖြစ်ကြသည်။ ထို့ကြောင့် သူ၏ တပည့်များကို ကျင့်ကြံမှုတွင်သာ အာရုံစိုက်စေလို၏။
“ဆရာ..”
လုရှင်းယန်တို့သည် ခံစားသွားရ၏။ ထို့အပြင် သူတို့၏ အစွမ်းထက်လိုစိတ်များလည်းပြင်းထန်လာသည်။ သူတို့ဆရာဖြစ်သူသည် အမြဲတမ်းသူတို့ မထိခိုက်အောင် ကာကွယ်ပေးခဲ့ရ၏။ သို့သော် ယခုထက်ထိ အားကိုးရသည့် တပည့်ကောင်းများ ဖြစ်မလာသေးချေ။
သူတို့သည် ဆက်လက်၍ အားနည်းမနေချင်တော့ပေ။ ထို့ကြောင့် ယွဲ့ဝူယောင်နှင့် လင်းယိုဟန် အပါအဝင် သူတို့ တပည့်ငါးဦးသည် ဟွမ်းကို အရိုအသေပြုကာ ဦးစွာဝင်ရောက်သွားကြ၏။
ထိုအချိန်တွင် ကျီးဟူကျိသည်လည်း ဒူးထောက်ကာ ကျိန်ဆိုလိုက်၏။
“အရှင်..၊ ဒီတပည့်က တစ်သတ်လုံး အရှင်နဲ့ ဟွမ်းရှန့်နန်းတော်ကို သစ္စာရှိပါ့မယ်..၊ ဤကတိဖောက်ဖျတ်မိပါက တပည့်ကျီးဟူကျိ၏ ခန္ဓာကိုယ် မိုးကြိုးအစင်းတစ်ထောင်နှင့် ဖျတ်ဆီးခံရပါစေ..”
“ထပါ..”
ဟွမ်းသည် ထိုလူငယ်လေးကို သဘောကျ၏။ ထို့အပြင် သူ၏ စိတ်ဓာတ်နှင့် ကြိုးစားလိုမှုသည် ပြင်းထန်လွန်းသည်။ ထို့ကြောင့် သူ့အား အချိန်တံခါးအတွင်း ဝင်ရောက်ကျင့်ကြံစေခဲ့၏။
ကျီးဟူကျိနှင့် ရွှီယင်းအာတို့သည် အချိန်တံခါးအတွင်းသို့ ထပ်မံဝင်ရောက်သွားကြသည်။
ထို့နောက် ကျန်ရှိနေသည့် အမျိုးသမီးသုံးဦးကို ကြည့်လိုက်၏။
“မင်းတို့လဲ ဝင်ကြတော့..”
“အရှင် ဟွမ်းရှန့်နန်းတော်ကို အရှင်တစ်ယောက်ထဲ စီမံရတော့မယ်..”
ဝမ်မုန့်ယွင်သည် နောက်ဆံတင်းသည့်လေသံနှင့်ပြောလိုက်၏။ အကြောင်းမှာ ထိုနန်းတော်သခင်ဆိုသူသည် ဟွမ်းရှန့်န်းတော်တွင် တွေ့ရန် ခက်ခဲလွန်းသည်။ နန်းတော်တစ်ခု တည်ဆောက်ထားသော်လည်း စီမံရေးကိစ္စများကို ထည်းထည်းဝင်ဝင် မပတ်ခဲ့ချေ။ ထို့ကြောင့် စိတ်ပူမိနေ၏။
ဟွမ်း “...”
‘နန်းတော်သခင်ကို ဒီလိုပဲစော်ကားကြလား..’
ဟွမ်းသည် စွံ့အသွား၏။ ထိုအမျိုးသမီးသည် နန်းတော်သခင်တစ်ဦး၏ လေသံနှင့်ပြောဆိုနေသည်။ ထို့ကြောင့် တုန့်ပြန်လိုက်၏။
“ယုံကြည်ရတဲ့ လက်အောက်ငယ်သားတစ်ဦးရှိတယ်..၊ စိတ်မပူနဲ့..”
အမျိုးသမီးသုံးဦး “...”
‘ဘယ်သူ့ကို တာဝန်လွှဲဦးမှာတုန်း..၊ ရှင့်ဆီက ဒီနန်းတော်ကို တာဝန်ယူမယ်ဆိုတဲ့ စကားကို ကြားချင်တာလေ..’
သို့သော်လည်း သူမတို့သည် အတွန့်မတက်တော့ပဲ အချိန်တံခါးအတွင်းသို့ ဝင်ရောက်သွားတော့သည်။
“အစ်ကို..”
ချုးယွီဟွာသည် အချိန်တံခါးအတွင်းသို့ မဝင်ရောက်မှီ ဟွမ်းကို ကြင်နာသည့် မျက်ဝန်းများနှင့် ကြည့်နေမိ၏။ သူမ၏ နှုတ်ဖျားမှ တစ်စုံတစ်ခု ပြောဆိုရန်ပြင်ဆင်နေသည်။
သို့သော် မော့ရွှယ်အာ၏ ဆွဲခေါ်မှုကြောင့် အချိန်တံခါးအတွင်း အလျင်စလို ရောက်ရှိသွားတော့၏။
ချုးယွီဟွာ “...”
“ဆရာ..တပည့်လဲ အပြင်ကိုလိုက်ခဲ့ချင်တယ်..”
ဘေးနားရှိ ကျောက်ဝမ်အာသည် ဟွမ်းကို ပူဆာလိုက်၏။
သူမလေးသည် စီနီယာအစ်မနှင့် အကိုများ မရှိတော့လျှင် ဤနေရာတွင် ပျင်းရိနေရတော့မည်။ သူမ၏ အသက်အရွှယ်ကြောင့်ရော ကပ်ချွဲတက်သည့် အမူအယာလေးများကြောင့်ရော ယွဲ့ဝူယောင်တို့အားလုံးသည် အချစ်ပိုနေကြ၏။
သူမသည် ဟွမ်း၏ တပည့်ဖြစ်လာပြီးနောက်ပိုင်း အားလုံး၏ ချစ်မြတ်နိုးမှုများကို ခံစားခဲ့ရသည်။ သို့သော် သူတို့လေ့ကျင့်မှု စတင်တင်သွားသောကြောင့် ဤနေရာတွင် ပျင်းရိစွာ မနေချင်တော့ပေ။
“ဒါပေါ့..၊ ဝမ်အာရဲ့ မိဘတွေနဲ့လဲ သွားတွေ့လေ..”
ဟွမ်းသည် ကျောက်ဝမ်အာကို ကြင်နာစွာကြည့်ကာ ခွင့်ပြုပေးလိုက်၏။ အချိန်တံခါးသည် ဆယ်ဦးသာ ဝင်ရောက်နိုင်သည်ဟု သိရှိထားသည်။ ထို့အပြင် ကျောက်ဝမ်အာသည် ယခုမှ ဆယ်နှစ်ဝန်းကျင်ခန့်သာရှိသေး၏။
ထို့ကြောင့် အချိန်တံခါးအတွင်း မကျင့်ကြံခိုင်းခဲ့ပေ။ ထို့နောက် ဟွမ်းသည် သူမကို ခေါ်ကာ ပြင်ပလောကသို့ ထွက်လာခဲ့သည်။ ထို့နောက် ဆရာတပည့်နှစ်ဦးသည် မြူနှင်းတောင်တန်းပေါ်မှဆင်းလာကာ ရှန်းလော်မြို့သို့ ဦးတည်သွားတော့၏။
“ဝမ်အာ..ကျောက်အိမ်တော်ကို တန်းမသွားဘူးလား..”
ဟွမ်းသည် စပ်စုလိုစိတ်အပြည့်နှင့် ရှန်လော်မြို့ထဲ လည့်ပတ်နေသည့် ကလေးမလေးကိုကြည်ကာ ဆိုလိုက်၏။
“ဆရာကလဲ..၊ တပည့်တို့ ခုမှ အပြင်ထွက်လည်ပတ်ရတာကို..၊ လျှောက်ကြည့်ကြမယ်လေ..”
ကျောက်ဝမ်အာသည် စိတ်အားထက်သန်စွာဆိုလိုက်၏။ သူမသည် နှစ်နှစ်နီးပါး လင်းရှန်နယ်မြေတွင် နေခဲ့ရပြီး ယခုမှပင် လွပ်လွပ်လပ်လပ်လျှောက်သွားခွင့်ရခြင်းဖြစ်သည်။
ဟွမ်းသည် ပြုံး၍သာ ကြည့်နေတော့၏။
“ဆရာ..၊ ဒါလေး ယူလိုက်မယ်..”
“ဒါက စီနီယာအစ်မကြီးဖို့..”
“ဒါက ဒုတိယအစ်ကို.. တတိယ.. စတုတ္ထ..”
ကျောက်ဝမ်အာသည် သူမ၏ စီနီယာများ အတွက် လက်ဆောင်များကို ဝယ်ယူနေသည်။ ထို့နောက် သူမစိတ်ကြိုက်အရာများကို ရွှေးချယ်ပြီးနောက် ထွက်သွားတော့၏။
“ဒီက သခင်လေး..၊ ဝိညာဉ်ကျောက်တစ်ရာကျပါတယ်..”
ဆိုင်ရှင်သည် ကျင့်သင့်ငွေကို တောင်းခံလိုက်၏။
ဟွမ်း “...”
ဟွမ်းသည် အခက်တွေ့သွားသည်။ သူထံတွင် ဝိညာဉ်ကျောက်များသိမ်းဆည်းမထားမိပေ။ ထို့နောက် လခြမ်းသဏ္ဌာန် အသွားကွေးနှင့် ဓားတစ်လက်ကို ထုတ်ယူကာ ခက်ခဲသည့် လေသံနှင့် မေးလိုက်၏။
“ကျသင့်ငွေကို ဒီလက်နက်နဲ့ ပေးချေလို့ရလား..”
“ကျုပ်ကို သူငယ်နှပ်စားများမှတ်နေလား..၊ ဝိညာဉ်ကျောက်လိုချင်လို့ ဆိုင်ဖွင့်ထားတာလေ..၊ ဒီလိုလက်နက်အစုတ်နဲ့ လာဂျင်းထည့်နေတာလား..”
ဆိုင်ရှင်သည် ဟွမ်းကို အထင်သေးသည့် အကြည့်နှင့်ကြည့်ကာ အော်ငေါက်လိုက်၏။
ထိုလူငယ်သည် ငွေကြေးမရှိပဲ ကလေးထိန်းနေသည်။ သူသည် ကုသိုလ်လိုချင်၍ ဆိုင်ဖွင့်ထားခြင်းမဟုတ်ပေ။ ထို့အပြင် အရောင်အစင်းမရှိသည့်ဓားနှင့် ဘာလုပ်ရမည်နည်း။
လခြမ်းကွေးသဏ္ဌာန်ဓားသည် အပွန်းအစင်းမရှိသော်လည်း သူ၏အရောင်သည် မီးခိုးရောင်ကဲ့သို့ မှိန်ပျပျဖြစ်နေသည်။
ဟွမ်း “...”
‘ယုံချင်ယုံ၊ မယုံချင်နေ ဒီလက်နက်နဲ့ ရှန်းလော်တစ်မြို့လုံးဝယ်လို့ရတယ်..’
ဟွမ်းသည် ပြန်လည်ရန်တွေ့တော့မည် အချိန်တွင် မိန်းကလေးတစ်ဦး၏ အသံသည် ကြားဖြတ်ဝင်ရောက်လာ၏။
“ဆိုင်ရှင်..ဒီမှာကျသင့်ငွေပါ..”
“ကျေးဇူးတင်ပါတယ်..”
ဆိုင်ရှင်သည် ရောက်ရှိလာသည့် မိန်းကလေးကို ပြုံးရွှင်သည့် မျက်နှာထားနှင့်ဆိုလိုက်၏။
“ရှောင်ချင်း..”
ဟွမ်းသည် ဆက်လက်ပြောဆိုမည်အပြုတွင် စုန့်ချင်းသည် တားဆီးကာ ဆိုလိုက်၏။
“အစ်ကိုလေး..၊ ကျွန်မကိုပေးထားတဲ့ လက်နက်ရဲ့ တန်ဖိုးက အရမ်းများလွန်းတယ်လေ..၊ ဒါက မပြောပလောက်ပါဘူး..”
စုန့်ချင်းသည် ရယ်မောကာ ဆိုလိုက်၏။ ဟွမ်းသည် အနည်းငယ်တော့ စိတ်မသက်မသာ ခံစားနေရသည်။ သို့သော်လဲ စုန့်ချင်းသည် ဆွဲခေါ်သွားကာ ကျောက်ဝမ်အာနောက်သို့ လိုက်သွားကြ၏။
“ဇနီးကို ငွေတွေအကုန်အပ်ရတယ်ထင်တယ်..၊ သနားစရာလူငယ်လေးပဲ..”
ဆိုင်ရှင်သည် ဟွမ်းတို့ ထွက်ခွာသွားချိန်တွင် တီးတိုးရေရွတ်လိုက်သည်။ ယနေ့ခေတ်လူ လူငယ်များသည် အလွန်ပင် သနားစရာကောင်းချေ၏။
“ဒီကောင်..”
ဟွမ်း၏ ခြေလှမ်းများရပ်တန့်သွားသည်။ သူ၏ ဒေါသများကို မထိန်းနိုင်တော့ချေ။
‘ငါ့ အကြားအာရုံချို့တဲ့နေတယ်များထင်နေလား..’
“ထားလိုက်ပါ..၊ အစ်ကိုလေး ဝမ်အာကို မမှီပဲနေဦးမယ်..”
ဟွမ်း၏ အမူအယာကို ကြည့်ကာ စုန့်ချင်းသည် မနေနိုင်တော့ပဲ ဇွတ်အတင်းဆွဲခေါ်သွားသည်။