← Chapters

စတင်ခြင်း

Vol. 17 Ch. 249

စတင်ခြင်း

Vol. 17 Ch. 249

“အစ်ကိုလေး အဲ့ဒီလက်နက်တွေ ဘယ်ကရတာလဲ..”

စုန့်ချင်းသည် စပ်စုစွာမေးလိုက်၏။ ဟွမ်းသည် တန်ဖိုးကြီးလက်နက်များကို ဖြစ်သလို ထုတ်သုံးနေသည်။ ထို့သို့ အရာမျိုး လက်မခံနိုင်ချေ။

“မသိဘူး..၊ သူ့အလိုလို ရောက်လာတာပဲ..”

ဟွမ်းသည် တွေဝေစွာဖြေလိုက်သည်။ သူ၏ နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်အတွင်းတွင် ထိုသို့ လက်နက်များ ခြေချစရာနေရာမရှိအောင်ပင် ပေါများနေ၏။

သို့သော် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိရပေ။ သူသည် ယခင်က သူ မသိထားသည့် လက်နက်များပင် ရောက်ရှိလာသောကြောင့် ထူးဆန်းနေခဲ့သော်လည်း နောက်ပိုင်းတွင် ကျင့်သားရလာခဲ့၏။

စုန့်ချင်းသည် အံ့ဩသွားသည်။ တန်ဖိုးကြီးသည့် လက်နက်များသူ့အလိုလိုရောက်ရှိနေခြင်းသည် အလွန်ပင် ဆန်းကျယ်လှ၏။ ဖြစ်နိုင်လျှင် သူမပင် ထိုသို့ အရာမျိုး လိုချင်မိသွားသည်။

ထို့နောက် ဆက်လက်မတွေးတော့ပဲ ကျောက်ဝမ်အာ၏ လက်ကိုဆွဲကာ ကျောက်အိမ်တော်သို့ ဦးတည်သွားတော့၏။

စုန့်ချင်းသည် နတ်ဝိညာဉ်ပိုင်ရှင်ဖြစ်ခဲ့ဖူးသော်လည်း ယခုကျောက်ဝမ်အာပိုင်ဆိုင်သွားမှုကို မည်သို့မျှပင် စိတ်ထဲမထားခဲ့ချေ။ ထို့အပြင် သူမသည် ကျောက်ဝမ်အာကို ပို၍ပင် ချစ်ခင်ကာ စောင့်ရှောက်ပေးနေ၏။

ထိုအဖြစ်အပျက်ကိုကြည့်ရင်း ဆိုင်ရှင်သည် ခေါင်းခါယမ်းကာ ငွေထုတ်ကိုသိမ်းဆည်းလိုက်၏။ သို့သော် ရုတ်တရက် သူ၏ကျော ချမ်းသွားပြီး အေးစက်စက်အသံကို ကြားလိုက်ရသည်။

“ရှင်..ရောင်းရငွေတွေကို ဖွက်ဖို့ကြံနေပြန်ပြီလား..”

“မဟုတ်ဘူး မိန်းမ..၊ ငါသိမ်းတာပါ..၊ ငါရှင်းပြမယ်..”

နောက်ရက်များတွင် ဟွမ်းသည် ဟွမ်းရှန့်နန်းတော်အတွင်း ထိုင်နေကာ အမှောင်စွမ်းအင်များအကြောင်းကို အသိပေးနေ၏။

ကျောက်ဝမ်အာကို သူမ၏မိဘများနှင့် ရက်အနည်းငယ်အချိန်ကုန်ဆုံးစေခဲ့သည်။ သူမ၏ မိဘများနှင့် တွေ့ဆုံရသောကြောင့် အလွန်ပင် ပျော်ရွှင်နေတော့သည်။

ဤရက်များသည် ကျောက်ယီချင်းသည် ဟွမ်းနှင့် စုန့်ချင်းကို လိုလေသေးမရှိအောင် ဧည့်ဝတ်ကျေခဲ့၏။ ထိုသူသည် သူတို့၏ သမီးကို ကယ်တင်ခဲ့သူဖြစ်သည်။

သို့သော် စုန့်ချင်းသာ မိစ္ဆာသူတော်စင်ဂိုဏ်းသခင်မဖြစ်ခဲ့သူမှန်း သိလျှင် သူ၏ အမူအယာ မည်သို့ဖြစ်သွားမည်မှန်း မပြောတက်ပေ။ နောက်တွင် သူတို့သည် ဟွမ်းရှန့်နန်းတော်သို့ ပြန်လာခဲ့ကြသည်။

ယနေ့တွင် ကျောက်ဝမ်အာသည်လည်း မဟာ နတ်အင်ပါယာများနှင့်အတူ ဟွမ်းရှန့်နန်းတော် ခန်းမအတွင်းရှိနေ၏။

ကြယ်ဖြူမဟာမိတ်ခေါင်းဆောင် လီဝူချင်း၊ ကောင်ကင်တံခါးဂိုဏ်းချုပ် ချုံးမင်၊ မီးတောက်ချိုင့်ဝှမ်းသခင် ယန်ရွှမ်းတောက်၊ ဓားတောင်တန်းဂိုဏ်းချုပ် ကျန့်လင်းနှင့် ကြာပန်းနီဂိုဏ်းချုပ် ဟုန်လျန်တို့သည် ဟွမ်းရှန့်နန်းတော်သို့ရောက်ရှိနေကြသည်။

သူတို့သည် ဟွမ်း၏ လက်ခံမှုကို ကြားသိရပြီးနောက်တွင် ကျီယွမ်ကုန်းမြေသို့ အလျှင်အမြန် ရွှေ့ပြောင်းလာခဲ့ကြ၏။ သို့၏ ကုန်းမြေရှိ ကျင့်ကြံသူများအားလုံးကို ခေါ်‌ဆောင်နိုင်စွမ်း မရှိခဲ့သောကြောင့် သူတို့၏ ဂိုဏ်းသားများနှင့် သူတို့ခွင့်ပြုသည့် ကျင့်ကြံသူများသာ လိုက်ပါခွင့်ရခဲ့သည်။

ကျီယွမ်ကုန်းမြေတွင် သူတို့၏ ဩဇာသည် ယခင်ကကဲ့သို့ မသက်ရောက်တော့သော်လည်း ယခုကပ်ဘေးတွင် အသက်ရှင်ရေးသာ အရေးကြီးသည့်အရာဖြစ်၏။

“အရှင်..၊ အဆင့်နှစ်ကုန်းမြေပျောက်ကွယ်သွားတဲ့ လေဟာနယ်က အခြားအမည်မသိအရာတစ်ခုနဲ့ တဖြည်းဖြည်းနီးကပ်လာပြီလို့ ခံစားခဲ့ရတယ်..”

စစ်ရှီးယဲ့သည် ဦးစွာပြောဆိုလိုက်၏။ သူသည် ယခင်က မပြောလိုက်ရသည့် အကြောင်းအရာပင်။ ထိုစဉ်က ဟွမ်းသည် ကျီယွမ်ကုန်းမြေတွင် ပြသနာရပ် ပေါ်လာခဲ့သောကြောင့် သူပြောရန် အခွင့်အရေးမရခဲ့ပေ။

ထိုအရာသည် အဆင့်နှစ်ကုန်းမြေ၏ လစ်လပ်သွားသည့် လေဟာနယ်တွင် အခြားနယ်နိမိတ်တစ်ခုနှင့် ဆုံစည်းတော့မည်ဖြစ်သည်။

“စစ်ဆေးကြည့်လို့ရခဲ့လား..”

ဟွမ်းသည် မေးမြန်းလိုက်၏။ ကျို့ယင်၊ ရွှမ်းလင်တို့နှင့် ဆုံစည်းပြီးနောက်ပိုင်းတွင် အကြောင်းအရာမျိုးစုံကို သိရှိခဲ့ရသောကြောင့် ထိုဖြစ်ရပ်အတွက် အထူးတလည် အံ့ဩခြင်းမရှိတော့ပေ။

“အမှောင်စွမ်းအင်တွေကြောင့် ကျုပ်မစစ်ဆေးနိုင်ခဲ့ဘူး..”

စစ်ရှီးယဲ့သည် ခေါင်းခါယမ်းကာ ဆိုလိုက်၏။ နတ်နန်းမြို့တော်တွင် အမှောင်စွမ်းအင်များ ဖုံးလွှမ်းလာမှုကို သူပင် မတားဆီးနိုင်ခဲ့ချေ။ ဟွမ်းသည် အနည်းငယ်တွေးတောပြီးနောက် လိုရင်းကိစ္စကို ပြောလိုက်သည်။

“ဒီကိစ္စကို ခဏထားလိုက်..၊ အမှောင်စွမ်းအင်ကို ဖြေရှင်းရမဲ့ နည်းလမ်းရှိလာပြီ..ဒါပေမဲ့..”

ဟွမ်းသည် ထိုအကြောင်းအရာများကို ပြန်လည်ရှင်းပြလိုက်၏။ ဘာမှန်းမသိရှိသေးသည့် အရာထက် လက်ရှိတွင် ဒုက္ခပေးနေသည့် အမှောင်စွမ်းအင်များကို ဖြေရှင်းရန်လိုအပ်သည်။ သို့သော် ဟွမ်းသည် ထိုအကြောင်းအရာကို လျစ်လျုရှု့ခြင်း မရှိချေ။

“အရှင်..၊ အဲ့ဒီသူကို ရှာမတွေ့နိုင်ဘူးဆိုတော့ ကျုပ်တို့အတွက် အခက်တွေ့နိုင်တယ်..”

စစ်ရှီးယဲ့သည် အသေအချာနားထောင်ပြီး နောက်တွင် ထောက်ပြလိုက်၏။ ခေါင်းဆောင်ငါးဦးလည်း သဘောတူထောက်ခံလိုက်ကြသည်။

“အရှင်..”

သွမ့်မုယီသည် ခန်းမအတွင်းသို့ ဒရောသောပါး ပြေးဝင်လာခဲ့၏။

“ဘာဖြစ်တာလဲ..”

ဟွမ်းသည် သွမ့်မုယီ၏ အဖြစ်ကိုကြည့်ကာ မေးလိုက်၏။ သွမ့်မုယီမောဟိုက်စွာဖြေလိုက်၏။

“ကျီယွမ်ကုန်းမြေထဲ အမှောင်စွမ်းအင် သက်ရောက်ခံထားရတဲ့သူတွေ ကျုးကျော်လာပြီ..”

“အဲ့ဒါကို သတင်းပို့အဆောင်ကနေပြောရင် ပိုမမြန်ဘူးလား..”

“ကျုပ်..”

သွမ့်မုယီသည် သူ့နဖူးသူရိုက်မိသွား၏။ ရုတ်တရက်အခြေအနေမို့ ထိုအရာကို မစားမိလိုက်။

“ခင်ဗျားတို့ စစ်ဆေးကြည့်လိုက်..”

ဟွမ်းသည် ခေါင်းဆောင်ဟောင်းငါးဦးကို ကြည့်ကာ အမိန့်ပေးလိုက်၏။

“ကောင်းပါပြီ..”

ထိုသူများသည် လက်ခံလိုက်ပြီးနောက် ချက်ချင်းထွက်ခွာသွားတော့သည်။

“ဒီကုန်းမြေကို အမှောင်စွမ်းအင် မသက်ရောက်နိုင်ဘူး..၊ ဒါပေမဲ့ ကူးစက်ခံထားရသူတွေက ဝင်ရောက်နိုင်တယ်..”

ဟွမ်းသည် တီးတိုးရေရွတ်လိုက်၏။ အခြားကုန်းမြေများသည် အမှောင်စွမ်းအင်သက်ရောက်သူများ များစွာရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကျီယွမ်ကုန်းမြေတွင်လည်း အနှေးနှင့်အမြန် ဖြစ်လာမည်ဟု တွေးထားခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ပြာယာခပ်ခြင်း မရှိပေ။

“အရှင် ဘာဆက်လုပ်ရမလဲ..”

စစ်ရှီးယဲ့သည် မေးမြန်းလိုက်၏။

“လတ်တလောမှာ အဲ့ဒီလူငါးဦးကို ကျီယွမ်ကုန်းမြေရဲ့ ခံတပ်မှာ နေရာယူပြီး ကာကွယ်မှု လုပ်ခိုင်းထားလိုက်..၊ အမှောင်မျိုးနွယ်က ခုထိထွက်လာဦးမှာမဟုတ်ဘူး..”

ဟွမ်းသည် ထိုသူများကို နေရာပေးထားပြီးဖြစ်သည်။ ထို့အတွက် ထိုက်သင့်သည့် တာဝန်များတော့ ယူဆောင်စေရမည်ဖြစ်၏။

“ရှီးယဲ့..မင်းက အဲ့ဒီသူတေကို တာဝန်ယူကြီးကြပ်လိုက်..၊ ပြီးတော့ တက်နိုင်သလောက် ခံတပ်ကို ပြီးအောင်တည်ဆောက်ထား..”

ဟွမ်းသည် စစ်ရှီးယဲ့ကိုလည်း တာဝန်ပေးအပ်လိုက်၏။

ခေါင်းဆောင်ဟောင်း ငါးဦးသည် အမှောင်စွမ်းအင် သက်ရောက်ခံရသူများ၏ ကျုးကျော်မှုကို ဖြေရှင်းခဲ့သည်။ ထိုသူသည် စွမ်းအင်ကြီးမားခြင်း မရှိသောကြောင့် ထိန်းချုပ်ရန် လွယ်ကူခဲ့၏။

ထို့နောက်တွင် သူတို့ငါးဦးကို ကျီယွမ်ကုန်းမြေတွင် ခံတပ်တည်ဆောက်ကာ ထိုသူများကို ခုခံစေခဲ့သည်။

ရက်များစွာပင် မကြာချေ။ ထိန်းချုပ်ခံထားရသည့် ကျင့်ကြံသူများ ကျုးကျော်လာမှုသည် တစ်စထက် တစ်စများပြားလာ၏။ သို့သော် အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်နေသေး၏။

တစ်လကြာပြီးနောက်တွင် ကျုးကျော်သူများ၏ ကျင့်ကြံမှုအဆင့်သည် အဆင့်ခြောက်များပင် ပါဝင်လာသည်။ သို့သော် အရေအတွက် နည်းပါးသေးသောကြောင့် မဟာနတ်အင်ပါယာများသည် ထိန်းချုပ်နိုင်သေး၏။

သူတို့သည် အဆင့်လေးကျင့်ကြံသူများနှင့် အဆင့်ငါးကျင့်ကြံသူများကို တိုက်ပွဲတွင် ပါဝင်စေခဲ့သည်။ သို့မှသာ ကျုးကျော်သူများမှ အဆင့်နိမ့် ကျင့်ကြံသူများကို ဖြေရှင်းရလွယ်ကူမည်ဖြစ်၏။

ထို့အပြင် အခြားကုန်းမြေများမှ ထွက်ပြေးလွှတ်မြောက်ကာ ကျီယွမ်ကုန်းမြေတွင် လာရောက်ခိုလှုံသူများလည်း ရှိလာခဲ့သည်။

ဤအတောအတွင်း တိုက်ပွဲများသည် ပို၍ များပြားလာသည်။ ကျုးကျော်သူများ၏ အဆင့်များသည်လည်း တဖြေးဖြေးမြင့်မားလာ၏။

မရေမတွက်နိုင်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသော်လည်း ကျုးကျော်သူများသည် ကုန်ခမ်းသွားမည့် အရိပ်အယောင်မပေါ်သေးချေ။

ထို့အပြင် တဖြေးဖြေးနှင့် အဆင့်ခြောက်ကျင့်ကြံသူများပြားလာ၏။

ဤအတောအတွင်း ဟွမ်းသည်လည်း သက်တောင့်သက်သာ ထိုင်မနေခဲ့ချေ။ အမှောင်မျိုးနွယ်ကို ရှာဖွေနေခဲ့၏။ ဤသို့နှင့် တစ်နှစ်နီးပါးပင် ကြာရှည်သွားသော်လည်း အမှောင်မျိုးနွယ်၏ သဲလွန်စပင် ရှာမတွေ့ချေ။

“ဒီကောင်က ပုန်းအောင်းနေတာလား..၊ ပြီးတော့ သူ့ရဲ့သက်ရောက်မှုနဲ့ ကျင့်ကြံသူတွေကို မဟာနတ် အင်ပါယာ အဆင့်ထိ ရောက်သွားစေတာက ထူးဆန်းတယ်..”

ထို့အပြင် ကုန်းမြေအတော်များများသည်လည်း အမှောင်စွမ်းအင်များကြောင့် ယို့ယွင်းပျက်စီးစပြုလာခဲ့သည်။ ထိုအရာသည် ကပ်ဘေးတစ်ခုနှင့်ပင် တူညီနေ၏။

သူသည် ကျီယွမ်ကုန်းမြေသို့ လာရောက်သူများကို ကယ်တင်ထားနိုင်သော်လည်း ကုန်းမြေအနှံ့လိုက်လံကယ်တင်နေရန် အချိန်မရှိပေ။

All Chapters