လူငယ်သုံးဦး
Vol. 17 Ch. 250
“ဟမ်..၊ ဒီနေရာက..”
ဟွမ်းသည် ကုန်းမြေတစ်ခုတွင် ထွက်ပေါ်နေသည့် အမှောင်စွမ်းအင်များသည် အခြားကုန်းမြေတွင် သက်ရောက်သည့် အမှောင်စွမ်းအင်များနှင့် မတူညီပဲ ထူးခြားနေသည်ဟု ခံစားမိ၏။
ထို့ကြောင့် သူသည် ထိုကုန်းမြေသို့ သက်ဆင်းသွားသည်။
“ရှင်ရောက်လာပြီလား..”
ဟွမ်းရောက်ရှိလာသည်ကို ခံစားမိသွားသည့် ရွှမ်းလင်သည် အပြုံးလေးနှင့် နှုတ်ဆက်လိုက်၏။
ဟွမ်းသည် သူမကို ကြည့်လိုက်မိ၏။ တစ်နှစ်အတွင်းတွင် သူမ၏ အဆင့်သည် မဟာနတ်အင်ပါယာအဆင့်သို့ပင် ရောက်ရှိနေသည်။ ဟွမ်းသည် ကြိုတင်ရောက်ရှိနေသည့် ရွှမ်းလင်ကို အေးစက်သည့်လေသံနှင့် မေးလိုက်၏။
“မင်းဘာလုပ်နေတာလဲ..”
“ကျွန်မ အမှောင်မျိုးနွယ်ကို မရှာနိုင်ပေမဲ့..၊ သူရဲ့ ရည်ရွယ်ချက်ကို သိသွားပြီ..”
ရွှမ်းလင်သည် တောက်ပသည့် အပြုံးလေးနှင့် ဆိုလိုက်၏။ ဟွမ်းသည် သိလိုစိတ်နှင့်မေးလိုက်သည်။
“သူရဲ့ရည်ရွယ်ချက်ကဘာလဲ..”
“ကျွန်မကို သတ်ဖြတ်ချင်နေတဲ့ သူတစ်ယောက်ကို ပြောပြမယ်ထင်နေလား..”
ရွှမ်းလင်သည် ခနဲ့လိုက်၏။ ဟွမ်းထံမှ သတ်ဖြတ်လိုစိတ်များကို ပထမအကြိမ်တွေ့ဆုံစဉ်ကတည်းက ခံစားမိခဲ့သည်။
သို့သော် သူမသည် ထိုကိစ္စကို အရေးထားဟန်မရချေ။
ဟွမ်း၏ မျက်ဝန်းများ အနည်းငယ်မှေးကျင်းသွား၏။
“ဟီးဟီး..၊ မျက်မှောက်ကြုတ်ပြီး ကြည့်မနေပါနဲ့..၊ ကျွန်မပြောပြပါ့မယ်..”
ရွှမ်းလင်၏ အပြုံးသည် မပျောက်ကွယ်ချေ။ ထို့နောက် ဟွမ်းကို ဖိတ်ခေါ်ကာ အကြောင်းစုံရှင်းပြလိုက်သည်။
တစ်ဖက်ရှိ ကျီယွမ်ကုန်းမြေ၏ ခံတပ်တွင် ယန်ရွှမ်းတောက်သည် အော်ဟစ်သတိပေးလိုက်၏။
“မကောင်းတော့ဘူး..၊ ဒီတစ်ခါကျုးကျော်သူတွေထဲမှာ မဟာ နတ်အင်ပါယာ အဆင့်ကျင့်ကြံသူတွေ ပါလာပြီ..”
သူ၏ သတိပေးမှုကြောင့် ခံတပ်အတွင်း ရှိ ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။
“ဒါ..ဒါက..”
သူတို့သည် စစ်ဆေးကြည့်လိုက်ချိန်တွင် မဟာနတ် အင်ပါယာအဆင့်များသည် မယုံနိုင်အောင်ပင် များပြားနေ၏။ ထိုသို့ အင်အားမျိုး သူတို့၏ ဘဝတစ်လျှောက်လုံး တစ်ခါမျှပင် မမြင်တွေ့ဖူးချေ။
“ဘယ်လို ဟာသမျိုးလဲ..”
မဟာ နတ်အင်ပါယာအဆင့် ကျင့်ကြံသူများ သုံးဆယ်ခန့်ပင်ရှိနေ၏။ သို့သော် ထို့ထက်ဆိုးရွှားသည့်အရာသည် အဆင့်ခြောက်ကျင့်ကြံသူများ ရာချီပါရှိနေသည်။ ထိုသူများသည် လျှင်မြန်သည့် အရှိန်နှင့် ခံတပ်သို့ ဦးတည်ကာ လာနေတော့၏။
“ကာကွယ်ရေးအစီအရင်ကို ဖွင့်တော့..၊ မြို့သခင်ရှီးယဲ့ ကိုအကြောင်းကြား..”
လီဝူချင်းသည် အားလုံးကို အစောတလျင်အမိန့်ပေးလိုက်သည်။
ခံတပ်အတွင်းမှ အဆင့်ငါးကျင့်ကြံသူများနှင့် အဆင့်ခြောက် ကျင့်ကြံသူများသည် လက်သင်္ကေတများတူညီစွာ ပြုလုပ်လိုက်ကြ၏။
ထို့နောက် ခံတပ်တွင် ချမှတ်ထားသည့် အစီအရင်သည် လင်းလက်လာပြီး ခံတပ်တစ်ခုလုံးဖုံးလွှမ်းသွားသည်။
ကျုးကျော်သူများသည် မရပ်တန့်ပေ။ ချက်ချင်းဆိုသလို ခံတပ်အနီးရောက်ရှိလာပြီး အစီအရင်ကို ထိုးခွဲနေကြ၏။
“မြို့သခင်ရှီးယဲ့..”
စစ်ရှီးယဲ့သည် အလျှင်အမြန်ရောက်ရှိလာပြီး အခြေအနေကို စစ်ဆေးလိုက်သည်။
“ဒီအင်အားက..”
စစ်ရှီးယဲ့ကိုယ်တိုင်လည်း မှင်သက်နေမိ၏။ အဆင့်သုံးကုန်းမြေတစ်ခုလုံးပေါင်းစည်းလိုက်လျှင်တောင် ထိုသို့ အင်အားမျိုး မရှိသော်လည်း ယခုတွင် ကျုးကျော်သူများသည် မထင်မှတ်ထားလောက်အောင်ပင် စွမ်းအားမြင့်နေသည်။
“အစီအရင်က ဘယ်လောက်တောင်ခံနိုင်ဦးမလဲ..”
စစ်ရှီးယဲ့သည် လီဝူချင်းကို မေးလိုက်၏။
“အလွန်ဆုံးငါးမိနစ်ပါပဲ..၊ ကျုပ်တို့ဘက်က ကျင့်ကြံသူတွေ ဆက်ပြီးတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး..”
လီဝူချင်းသည် စိုးရိမ်ကြီးစွာ ပြောလိုက်သည်။
“အဆင့်လေးအောက် ကျင့်ကြံသူတွေကို ဒီနေရာကထွက်သွားခိုင်းတော့..၊ သူတို့ ပါဝင်နိုင်တဲ့ တိုက်ပွဲ မဟုတ်တော့ဘူး..”
စစ်ရှီးယဲ့သည် အမိန့်ပေးလိုက်၏။
“မြို့သခင် ရှီးယဲ့..၊ ကျုပ်တို့ ခွန်အားနဲ့တောင် အကြာကြီးထိန်းနိုင်မှာ မဟုတ်ဘူး..”
လီဝူချင်းသည် အဆင့်နိမ့်ကျင့်ကြံသူများကို ထွက်ခွာစေပြီးနောက်တွင်ပြောလိုက်၏။ သူသည် အမှောင်စွမ်အင်များနှင့် ကျုးကျော်သူများကို ထိတ်လန့်နေသည်။
“အရှင်..၊ ပြန်လာတဲ့အချိန်အထိ သေချင်သေပါစေ..၊ ဒီကျုးကျော်သူတွေကို ကျီယွမ်ကုန်းမြေထဲ ခြေချခွင့်မပေးနဲ့..”
စစ်ရှီးယဲ့သည် လေသံအမြင့်နှင့် ပြောလိုက်၏။ ဤနေရာသည် သူတို့အတွက် နောက်ဆုံးနယ်မြေဖြစ်နေသည်။
ဤနေရာသူ ကျုးကျော်ခံရပါက သူတို့အားလုံးသည် သေဘေးမှ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
“ခွမ်း..”
ခံတပ်တွင် ဖုံးအုပ်ထားသည့် အစီအရင်သည် ပြိုကွဲသွားတော့၏။ ထိုအစီအရင်ကို မဟာ နတ်အင်ပါယာများကပင် ဖိအားပေးကာ ဖျတ်ဆီးခဲ့သည်။
ချက်ချင်းဆိုသလို အဆင့်ခြောက်ကျင့်ကြံသူများသည် ခံတပ်အတွင်း ပြေးဝင်လာကာ စတင်တိုက်ခိုက်လိုက်ကြ၏။
“တစ်ယောက်မှ ကုန်းမြေထဲ အဝင်မခံနဲ့ အကုန်သတ်..”
စစ်ရှီးယဲ့သည် ကျယ်လောင်သည့် အသံနှင့် ခံတပ်တစ်ခုလုံးရှိကျင့်ကြံသူများကို အမိန့်ပေးလိုက်သည်။
အဆင့်ငါးကျင့်ကြံသူနှင့် အဆင့်ခြောက် ကျင့်ကြံသူများသည် ကျုးကျော်လာသူများကို စတင်တိုက်ခိုက်လိုက်ကြတော့သည်။
“သေစမ်း..”
ခံတပ်တစ်ခုလုံးသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်သွားပြီး ကြီးမားသည် တိုက်ပွဲကြီးဖြစ်ပေါ်လာ၏။
သို့သော် ကျီယွမ်ကုန်းမြေမှ ကျင့်ကြံသူများသည် အခွင့်အရေး သိပ်မသာလှချေ။ သူတို့တွင် အဆင့်ငါးကျင့်ကြံသူများ ပါဝင်နေပြီး ရန်သူသည် အဆင့်ခြောက်ကျင့်ကြံသူများသာ ဖြစ်နေ၏။
မဟာနတ် အင်ပါယာများသည်လည်း အခွင့်အရေးမပေးချေ။
အယောက်သုံးဆယ်ခန့်ရှိသည့် ကျင့်ကြံသူများအားလုံးဝင်ရောက်တိုက်ခိုက်ကြတော့သည်။
“သေစမ်း..”
စစ်ရှီးယဲ့သည် သူ၏ အရှိန်အဝါကို အဆုံးထိ မြင့်တင်ကာ ပြန်လည်တိုက်ခိုက်လိုက်တော့၏။
ကျန်သည့် မဟာ နတ်အင်ပါယာငါးဦးသည်လည်း တိုက်ပွဲအတွင်းဝင်ရောက်လာသည်။
“ဘုန်း..”
“ဘုန်း..”
တိုက်ခိုက်ပေါက်ကွဲသံများသည် အဆက်မပြတ် မြည်ဟီးနေပြီး အချိန်ကြာလာသည်နှင့်အမျှ ကျီယွမ်ကုန်းမြေ၏ ကျင့်ကြံသူများသည် အရေးနိမ့်လာခဲ့သည်။
ကျုးကျော်သူများ၏ အဆင့်ခြောက်ကျင့်ကြံသူများကို ထည့်မတွက်လျှင်ပင် မဟာနတ် အင်ပါယာ သုံးဆယ်သည် ကြီးမားသည့် ဖိအား သက်ရောက်နေပြီးဖြစ်၏။
သို့သော် သူတို့သည် ရိုးရှင်းသည့် တိုက်ခိုက်မှုများသာ ပြုလုပ်နိုင်သောကြောင့် ခံသာနေခြင်းဖြစ်သည်။
ထိုသူများသည် ရုပ်သေးများကဲ့သို့ပင်။ သတ်မှတ်ထားသည့် ကျင့်ကြံသူများကိုသာ တိုက်ခိုက်နေကြ၏။
“မြို့သခင်..၊ ကျုပ်တို့ ဒီအတိုင်းဆို စွမ်းအင် ကုန်ခမ်းပြီး သူတို့ရဲ့ သတ်ဖြတ်မှုကို ခံရနိုင်တယ်..”
လီဝူချင်းသည် တိုက်ပွဲများကြားမှ ခက်ခက်ခဲခဲ ပြောဆိုလိုက်ရသည်။
“ဘုန်း..”
များပြားလှသည့် ကျင့်ကြံသူများသည် သူတို့အား အလွန်အမင်း ဒုက္ခပေးနေတော့၏။ အသက်ရှုရန်ပင် အခွင့်အရေးမပေးချေ။
“တောင်တစ်စင်းအား ပိုင်းဖြတ်ခြင်း..”
စစ်ရှီးယဲ့သည် သူ၏ ဓားနှင့် မဟာနတ်အင်ပါယာ သုံးဦးအားလွှဲယမ်းလိုက်၏။
“ဝုန်း..”
“ဘုန်း..”
ထိုသုံးဦး၏ ခန္ဓာကိုယ်များသည် ပြတ်တောက်သွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျကုန်၏။
သို့သော် မကုန်ဆုံးနိုင်သည့် ကျုးကျော်သူများသည် တရစပ် တိုက်ခိုက်နေကြ၏။ သူတို့လူများ သေဆုံးသွားခြင်းအပေါ် မည်သည့် ခံစားချက်များမှ ရှိမနေချေ။
တိုက်ခိုက်မှုများသာ အဆက်မပြတ်ပြုနေကြ၏။
“ကျုပ်တို့မထိန်းနိုင်တော့ဘူး..”
ယန်ရွှမ်းတောက်သည် အားနည်းစွာ ဟစ်အော်လိုက်၏။
“ဘုတ်..”
ရုတ်ချည်းဆိုသလို ကျုးကျော်သူများမှ အဆင့်ခြောက်ကျင့်ကြံသူများသည် ကောင်းကင် ထက်မှ အသက်မဲ့စွာပြုတ်ကျကုန်၏။
“ရွှစ်..”
လေတိုးသံနှင့် တူသည့် ဓားတစ်လက်၏ ရုတ်ချည်းထွက်ပေါ်လာမှုကြောင့်လည်း အဆင့်ခြောက်ကျင့်ကြံသူများသည် ကောင်းကင်ထက်မှ ကျင်ဆင်းကုန်သည်။ သူတို့၏ ခန္ဓာကိုယ်များသည် အပိုင်းအစများအဖြစ်ပင် ပြောင်းလဲနေ၏။
“ဝုန်း..”
ကြမ်းတမ်းသည့် မီးများတောက်လောင်နေသည့် လှံတစ်စင်းနှင့် အတူ ကျန်ရှိနေသည့် ကျင့်ကြံသူများကိုလည်း လောင်ကျွမ်းသွားစေတော့သည်။
“ဒါက..”
စစ်ရှီးယဲ့ပင် မှင်သက်သွား၏။ ထို့နောက် ပုံရိပ်သုံးခုကို ကြည့်က တီးတိုးရေရွတ်လိုက်သည်။
“အရှင့်ရဲ့တပည့်တွေလား..၊ ပြီးတော့ မဟာ နတ်အင်ပါယာတွေ..”
လီဝူချင်းတို့လည်း အံ့ဩမှင်သက်နေကြ၏။ ထိုလူငယ်လေးများ၏ လှုပ်ရှားမှုတစ်ခုနှင့်ပင် အဆင့်ခြောက် ကျင့်ကြံသူများအားလုံး သေဆုံးကုန်ကြသည်။
“မြို့သခင်..၊ ကျန်တဲ့ သူတွေကို ကျုပ်တို့ တာဝန်ယူလိုက်တော့မယ်..”
လုရှင်းယန်သည် နွေးထွေးစွာ ပြုံးကာ ဆိုလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို သူ၏ လှံကို ဝှေ့ယမ်းကာ ကျုးကျော်သူများကို စတင်တိုက်ခိုက်လိုက်သည်။
ပိုင်ကျန့်ယွီလည်း ချက်ချင်းဆိုသလို သူ၏ ဓားနှင့် တိုက်ပွဲ အတွင်းဝင်ရောက်သွားတော့သည်။ ထူးခြားစွာပင် ဓားဝိညာဉ်ရှောင်ယွင်သည် နိုးထနေပြီး ပိုင်ကျန့်ယွီနှင့်တစ်သားတည်းဖြစ်ကာ တိမ်လွှာဓားကို ထိန်းချုပ်နေတော့၏။
လျှိုမင်ယွမ်လည်း ချက်ချင်းဆိုသလို စိတ်ဝိညာဉ်နှောင်ကြိုးများကို ထုတ်ဖော်ကာ တိုက်ခိုက်မှုများစတင်လိုက်သည်။