အပိုင်း ၂၉၃-၂၉၆
Vol. 15 Ch. 293-296
အပိုင်း ( ၂၉၃ )
လျန်ကျင်းရုက မင်းကိုသတ္တိတွေပေးလိုက်တာလား?
တစ်ဖက်မှာတော့ ယဲ့ဖန်က သိုက်ချန်း၏အတွေး တွေကို သတိမမူမိချေ။ လုရှောင်ရ ဖုန်းခေါ်လာတာကိုပဲ သူသိလိုက်သည်။
ထို့အပြင် သူမဖုန်းထဲမှ ဘာမှမပြောလာပဲ ချိန်းထားတာမမေ့ဖို့ကိုသာ သတိပေးသွားသည်။
ယဲ့ဖန် သူမအသံကိုကြားတော့ အမြန်တုံ့ပြန်လိုက်ကာ နောက်တစ်နေ့မနက်တွင် ရှေးဟောင်းပစ္စည်းလမ်းသို့ အမြန်ပြေးရတော့သည်။
…..
လုရှောင်ရစောင့်နေသည်မှာ အတော်ကြာပြီဖြစ်သည်။
ယနေ့တွင် သူမသနပ်ခါးရောင်ဂါဝန်ကို ဝတ်ဆင်ထားတာဖြစ်သည်။
သူမ၏စကပ်မှာဒူးထိရှည်လေသည်။
စကပ်အောက်တွင်တော့ ရှည်လျားပြီး လှပသည့်ခြေထောက်နှစ်ချောင်း ရှိနေကာ အဖြူရောင်ကြိုးသိုင်းဖိနပ်ကို စီးထားသည်။
ငယ်ရွယ်ပြီးလှပသည့်အရှိန်အဝါဟာ ယဲ့ဖန်၏မျက်နှာကိုရိုက်ခတ်လာသည်။
ဤတစ်ကြိမ်တွင်တော့ သူမ အနီရောင် Lamborghini တစ်စီးကိုမှီရပ်နေကာ လှပပြီး ချမ်းသာသည့်အမျိုးသမီးတစ်ဦးအသွင် ဖြစ်နေလေသည်။
သူမနှင့်အချင်းဝက်ဆယ်မီတာဝန်းကျင်တွင် ရစ်သီရစ်သီလုပ်နေသည့် ယောကျာ်းများ အများအပြားရှိနေလေသည်။
ထိုလူတစ်စုမှာ သူမကိုအပိုင်သိမ်းချင်နေကြတာဖြစ်သည်။
သို့သော် သူမမျက်နှာထက်ရှိ အဆင့်အတန်းမြင့်သည့်ဟန်ပန်ကြောင့် ဘယ်သူမှသူမအနားကပ်ရန် သတ္တိမရှိကြပေ။
ယဲ့ဖန်ဒီနေ့ကားမယူလာပေ။
ထိုအစား လမ်းဘေးမှစက်ဘီးတစ်စီး ငှါးလာတာဖြစ်သည်။
ကျွီ…
သူလုရှောင်ရရှေ့၌စက်ဘီးထိုးရပ်လိုက်ကာ ပြောင်ချော်ချော်မေးလိုက်သည်။
“ အလှလေး၊ ကျွန်တော်နဲ့ဒိတ်မလား “
အနား၌တိတ်တဆိတ်လှည့်ပတ်နေသည့် ‘တိရိစ္ဆာန်’ အုပ်ကြီးမှာ မကျေနပ်သည့်အကြည့်ဖြင့် ကြည့်လာကြသည်။
ဒီလူက ငန်းကိုတပ်မက်နေတဲ့ ဖားပြုပ်ကောင်ပဲ။
တကယ်ဆို သူမက ဖြူစင်လှပပြီး ချမ်းသာသည့်အမျိုးသမီးတစ်ယောက်ပင်။
သန်းနဲ့ချီတန်တဲ့ပြိုင်ကားကိုတောင် မောင်းနိုင်သည်။
သူတို့လို Mercedes-Benz တို့ Audi တို့ မောင်းတဲ့သူတွေတောင် သူမကို စကားသွားပြောဖို့သတ္တိမရှိတာကို။
မင်းကလျှပ်စစ်စက်ဘီးလေးစီးပြီးတော့များ ဘယ်ကနေသတ္တိတွေရလာတာလဲ။
လျန်ကျင်းရုက မင်းကိုသတ္တိတွေ ပေးလိုက်တာလား။
သို့သော် သူတို့ကိုအံ့ဩသွားစေသည်မှာ…
သူတို့လက်လှမ်းမမီနိုင်သည့် ထိုလှပချမ်းသာသည့်အမျိုးသမီးလေးက ထိုလူ၏စက်ဘီးနောက်ခုံတွင် တစ်ချက်လေးမှ တုံ့ဆိုင်းမနေပဲ ထိုင်ချလိုက်တာကိုပင်။
သူ့ခါးကိုပင်သိုင်းဖက်လိုက်သေးသည်။
ယဲ့ဖန်ခေါင်းယမ်းလိုက်မိသည်။
လျှပ်စစ်စက်ဘီးထွက်ခွာသွား၏။
ထိုယောကျာ်းသားတစ်အုပ်သာ ရှုပ်ထွေးမှုများဖြင့် ကျန်ရစ်ခဲ့ရသည်။
အဲ့မိန်းကလေးကဒီလောက်လိုက်ရလွယ်မယ်ဆိုတာသာ သူတို့သိခဲ့ရင်…
အစောကြီးတည်းက သွားကြူတာပေါ့။
အခုမှနောင်တရနေရင် နောက်ကျသွားပြီ!
…
ယဲ့ဖန်နှင့်လုရှောင်ရတို့ မနက်စာဆိုင်တစ်ခု ရှာကာ အနည်းငယ်မှာလိုက်သည်။
“ မနေ့ကမင်းဖုန်းထဲကပြောတာကို ငါသိပ်မရှင်းလိုက်လို့။ ဘာဖြစ်လို့လဲ “
ယဲ့ဖန်ပဲနို့သောက်ရင်းမေးလိုက်သည်။
“ ပြောရရင် အဲ့ကိစ္စကရှင့်ကြောင့်ဖြစ်တာ။ ရှင်အရင်တစ်ခါက ကျွန်မအဖေကို မှင်ပြားတစ်ခုရွေးပေးလိုက်တယ်လေ “
လုရှောင်ရ အီကြာကွေးစားရင်းနဲ့ ရှင်းပြလာသည်။
“ ဟုတ်တယ်လေ၊ အဲ့မှင်ပြားကဘာလို့လဲ “
“ အဲ့တာကဘာပြဿနာမှမရှိဘူး။ ကျွန်မ အဖေကအဲ့တာကိုအရမ်းကြိုက်သွားပြီး ကျွန်မကိုတောင် အမြင်ကောင်းသားပဲဆိုပြီး ချီးကျူးနေတာ “
“ အဲ့တော့ “
“ ဒါပေမယ့် ကျွန်မဦးလေးရဲ့သမီး ညီမဝမ်းကွဲတစ်ယောက်ရှိတာ၊ သူက ကျွန်မ သူ့နေရာကိုဝင်လုတယ်ဆိုပြီး တန်ဖိုးအကြီးဆုံးရတနာကိုဘယ်သူက ယွမ်တစ်သန်းနဲ့ဝယ်နိုင်မလဲဆိုပြီး လောင်းတော့တာပဲ “
“ လောင်းကြေးကဘာလဲ “
“ ကျွန်မရှုံးရင် အခုကစပြီး သူ့ကိုအစ်မလို့ ခေါ်ရမှာ။ သူရှုံးရင်တော့ သူကျွန်မကို အစ်မလို့ပြန်ခေါ်လိမ့်မယ် “
ယဲ့ဖန်၏မျက်နှာထက်ရှိအပြုံးမှာ တောင့်ခဲသွားရသည်။
ဘာစောက်ရေးမပါတဲ့လောင်းကစားကြီးလဲ။
လုရှောင်ရသူခေါင်းရှုပ်သွားသည်ကိုမြင်တော့ အမြန်ရှင်းပြလိုက်သည်။
“ ကျွန်မနဲ့သူကတစ်ရက်ထဲမွေးတာလေ။ ကျွန်မက သူ့ထက်ဆယ်မိနစ်စောတယ်။
အဲ့တာကို သူကအမြဲတမ်း သူ့တုန်းက ကလေးမွေးပေးတဲ့ဆရာဝန်က နှေးလို့ဆိုပြီး တွေးနေတာ။ သူကမှအစ်မဖြစ်ရမှာဆိုပြီး။ အဲ့တာကြောင့် ကျွန်မကိုဆို ဘယ်တော့မှ အကြီးအနေနဲ့အသိအမှတ်မပြုဘူး “
ယဲ့ဖန်မှာပိုလို့ပင်ဆွံ့အသွားရသည်။
သူတကယ်ကိုနားမလည်နိုင်ပေ။
ဒါကဘာရန်ဖြစ်စရာရှိလို့လဲ။
မိန်းမတွေရဲ့ဦးနှောက်အလုပ်လုပ်ပုံက တကယ်ကိုခြားနားတာပဲ။
လုရှောင်ရသူ့အား အလေးအနက် ကြည့်လာသည်။
“ ဒီတစ်ခါကျွန်မသူ့ကို ရှုံးသွားရင် အနာဂတ်မှာသူ့ကိုအစ်မလို့ ခေါ်နေရတော့မှာ။ ဒါကတကယ်ကို အရှက်ကွဲတာပဲ။ အဲ့တာကြောင့် ရှင်ကျွန်မကို ကူညီမှရမယ် “
ယဲ့ဖန် ကူကယ်ရာမဲ့သွားရသည်။
“ အကောင်းဆုံးတော့ ကြိုးစားပေးပါမယ်။ သိပ်တော့မမျှော်လင့်နဲ့ “
လုရှောင်ရခေါင်းငြိမ့်ပြလိုက်သည်။
“ကျွန်မသိပြီ “
သူတို့နှစ်ဦးမနက်စာစားပြီးချိန်မှာပဲ လုရှောင်ရထံဖုန်းဝင်လာ၏။
သူ့ညီမပင်ဖြစ်ရမည်။
နှစ်ဖက်သားစကားပြောနေသည့်လေသံမှာ သိပ်မကောင်းပေ။ ယမ်းနံ့တွေအလွန်ပြင်းထန်နေ၏။ လုရှောင်ရှ၏မျက်နှာမှာလည်း မကောင်းပေ။
ဖုန်းချပြီးနောက် လုရှောင်ရ ယဲ့ဖန်အား ချက်ချင်းကြည့်လာသည်။
“ သူရောက်ပြီတဲ့။ သွားရအောင် “
ယဲ့ဖန်သူမနောက်မှ ကားပါကင်သို့ လိုက်လာချိန်တွင် အဝေးမှနေ သူ့ရှေ့သို့ လူသုံးယောက်ရပ်လာသည်ကို မြင်လိုက်ရသည်။
အသက်ခြောက်ဆယ်ဝန်းကျင် အဘိုးကြီးတစ်ယောက်၊ အသက်သုံးဆယ် ဝန်းကျင်လူတစ်ယောက်နှင့် လုရှောင်ရနှင့် အသက်တူတူလောက်ရှိမည့် မိန်းကလေး တစ်ယောက်ပင်ပါသေးသည်။
ထိုမိန်းကလေးကိုမြင်လိုက်ချိန်၌ ယဲ့ဖန် တစ်ခဏကြောင်ငေးမိသွားသည်။
ထိုမိန်းကလေးမှာ လုရှောင်ရနှင့် အသက်တူတူလောက်ရှိသည်သာမက အလွန်ငယ်သေးသည်။
သူတို့မျက်နှာပေါက်မှာ 80% လောက် ဆင်တူလေသည်။
အမြွှာတွေကဲ့သို့ပင်။
သူမဟာတော့ လိမ္မော်ရောင်တီရှပ်ကို ဝတ်ဆင်ထားကာ ခါးနေရာ၌ထုံးထားပြီး သူမ၏သွယ်လျသည့်ခါးကို လှစ်ဟပြထားသည်။
ဂျင်းဘောင်းဘီတိုတစ်ထည်ကို ပိုက်ကွန်ခြေအိတ်ရှည်အနက်ဖြင့် တွဲဖက်ဝတ်ဆင်ထားကာ ခပ်ဆိုးဆိုး မိန်းကလေးတစ်ယောက်ပုံဖြင့်ပင်။
ထိုခပ်ဆိုးဆိုးမိန်းကလေးမှာ Mercedes-Benz G- class ကားရှေ့ဖုံး၌ ထိုင်နေလေသည်။
ပါးစပ်ထဲ၌ စုပ်လုံးတစ်လုံးကိုငုံထားကာ သူမမျက်နှာထက်၌ စိတ်မရှည်သည့် အကြည့်ရှိနေသည်။
လုရှောင်ရနဲ့ယဲ့ဖန်ကိုမြင်တော့ ကားပေါ်မှ ခုန်ဆင်းလာသည်။
“ လုရှောင်ရ၊ နင်ဘာလို့ဒီလောက်နှေးရတာလဲ။ ကြောက်နေလို့လား “
“ ဘယ်သူကကြောက်လို့လဲ၊ ငါရောက်နေတာ ကြာပြီ။ နင့်ကိုမတွေ့လို့ မနက်စာအရင် သွားစားတာ “ လုရှောင်ရ ချက်ချင်း ပက်ခနဲပြန်ပြောလိုက်သည်။
ထိုမိန်းကလေး ခေါင်းစောင်းကာ ယဲ့ဖန်ကို ကြည့်လာသည်။
“ အဲ့တော့ ဒါကနင်ခေါ်လာတဲ့စစ်ကူပေါ့။ ဟူး၊ ပြိုင်နေစရာတောင်မလိုတော့ဘူး။ အရှုံးပေးလိုက်ပါတော့ “
“ ငါကဘာလို့လဲ “
ထိုမိန်းကလေးက ယဲ့ဖန်အား စိတ်ပျက်နေသောရုပ်ဖြင့်ကြည့်ကာ “ သူ့ကိုလည်းကြည့်ဦး။ အခုမှ ကျောင်းတက်နေတုန်းပဲရှိသေးတာမလား။ ရှေးဟောင်းပစ္စည်းတွေအကြောင်းကို သိရောသိရဲ့လား။ နင်စောစောစီးစီး အရှုံးပေးလိုက်တာပိုကောင်းမယ်ထင်တယ်။ အဲ့တာမှ သူ့ကိုအရှက်မကွဲစေမှာ “
ယဲ့ဖန်၏ရုပ်ရည်မှာနူးညံ့သိမ်မွေ့လေသည်။
ယနေ့တွင် သူအားကစားဝတ်စုံကို ဝတ်ဆင်လာတာဖြစ်တာကြောင့် သာမန် ကျောင်းသားလေးတစ်ယောက်နှင့် တူနေလေသည်။
သူ့အသွင်ပြင်အရဆို သေချာပေါက်ကို ရှေးဟောင်းပစ္စည်းတွေအကြောင်း ဘာမှသိမှာမဟုတ်ပေ။
လုရှောင်ရကတော့ ဘာမှပြန်မပြောပေ။ သူမဘေး၌ရပ်နေသည့် အသက်သုံးဆယ်အရွယ်အမျိုးသားကို ကြည့်လိုက်သည်။
“ သူတို့ကနင်ခေါ်လာတဲ့စစ်ကူတွေလား။ သိပ်သိမယ့်ပုံမပေါ်ဘူး “
ထိုမိန်းကလေးမှာ သူမထိုသို့ပြောလာမည်ကို ကြိုသိနေပုံပင်။
သူ့မျက်နှာထက်၌ မရိုးသားသောအပြုံး တစ်ပွင့်ပေါ်လာခဲ့သည်။
“ သူတို့ကိုမိတ်ဆက်ပေးမယ်။ ဒါက ကုန်းလန်ချန်း၊ နာမည်ကိုကြားလိုက်တာနဲ့ မင်္ဂလာရှိတယ်လို့ မခံစားမိဘူးလား “
လုရှောင်ရ မျက်လုံးသာလှိမ့်လိုက်မိသည်။
“ သူ့နာမည်က အနိုင်ရတယ်ဆိုတာနဲ့ပဲ နိုင်သွားရောလား။ နင့်နာမည်က ကျုံးလင်းအယ်ဆိုပေမယ့် ငါကတော့ နင့်ကို လှတယ်လို့မမြင်မိပါဘူး “
“ ပြိုင်ပွဲဆိုမှတော့ ပြိုင်ပွဲပဲပေါ့။ ဘာလို့ပုဂ္ဂိုလ်ရေးကိုလာတိုက်ခိုက်နေရတာလဲ” ထိုမိန်းကလေးမှာ မကျေနပ်ဟန် ဆန္ဒပြကာ ထိုလူကိုညွှန်ပြလိုက်သည်။
“ ဒါပေါ့၊ သူ့နာမည်နဲ့ပဲ ငါတို့အနိုင်မရနိုင်ပါဘူး။ ဒါပေမယ့် သူက ဆရာမန်းဒုန်ဟိုင်းရဲ့ နောက်ဆုံးတပည့်ပဲ။ အဲ့လိုဆိုရင်တောင် ငါမနိုင်ဘူးလို့ ထင်တုန်းလား “
‘မန်းဒုန်ဟိုင်း’ဆိုသည့်စကားကိုကြားတော့ လုရှောင်ရ၏မျက်နှာမှာ ရုတ်ခြည်းပြောင်းလဲသွားတော့သည်။
သွားပြီ။ သူမတော့သေချာပေါက်ရှုံးပြီ!
အပိုင်း ( ၂၉၄ )
အရမ်းရှက်ဖို့ကောင်းတာပဲ!
“ ရှင် ဆရာမန်းဒုန်ဟိုင်းရဲ့တပည့်လား “
လုရှောင်ရ ကျုံးလင်းအယ်၏ မိတ်ဆက်စကားကိုကြားပြီးနောက် ထိုလူအား ငေးကြည့်မိသွားသည်။
“ ကျွန်တော်က ကုန်းလန်ချန်းပါ၊ ကျွန်တော့်ဆရာက မန်းဒုန်ဟိုင်းပါ “
ထိုလူကတရိုတသေပြန်ဖြေလာ၏။
သို့သော် သူ့မျက်လုံးတွေဟာတော့ တစ်ခါတစ်ရံမရိုးဖြောင့်ဟန်အကြည့်ကို ဖော်ပြနေသည်။ အထူးသဖြင့် ယဲ့ဖန်ကို ကြည့်သည့်အချိန်မှာ သူ့မျက်လုံးထဲ၌ အထင်သေးဟန်ဖြင့်ပြည့်နေသည်။
တစ်ဖက်လူ၏သူ့ကိုယ်သူမိတ်ဆက်သံကို ကြားပြီးနောက် လုရှောင်ရတွန့်သွားရသည်။
တကယ်တော့ ကျုံးဟိုင်မှာ မန်းဒုန်ဟိုင်းရဲ့ ဂုဏ်သတင်းက အတော်လေးကျယ်ပြန့်လေသည်။ အထူးသဖြင့်ရှေးဟောင်းပစ္စည်းလောကတွင်ဖြစ်သည်။
သူမချက်ချင်းဆိုသလို ကျုံးလင်းအယ်ကို ကြည့်လိုက်သည်။
“ ဒါက… အခုအရှုံးကိုဝန်ခံရင် လောင်းကြေးကိုပြောင်းလို့ရသေးလား “
ကျုံးလင်းအယ် ပြတ်သားစွာ ခေါင်းခါသည်။
“ မရဘူး၊ နင်အရှုံးကိုဝန်ခံရင် အခုကစပြီး ငါ့ကို အစ်မလို့ခေါ်ရမယ် “
“ နင်…”
လုရှောင်ရဒေါသထွက်သွားရသည်။
သူမရွေးချယ်စရာမရှိတော့ပဲ ယဲ့ဖန် ဘက်လှည့်လာသည်။
“ ကျွန်မတို့ အခုဘယ်လိုလုပ်ကြမလဲ “
ယဲ့ဖန်ခေါင်းကုတ်လိုက်မိသည်။
“ ဒီဆရာမန်းက အရမ်းနာမည်ကြီးတာလား “
သူ့မှတ်ဉာဏ်ထဲမှာတော့ ထိုနာမည်ကို သူတစ်နေရာရာမှာကြားဖူးနေသလိုပင်။
သို့သော် မမှတ်မိပဲဖြစ်နေသည်။
လုရှောင်ရပြန်မဖြေနိုင်ခင်မှာ သူ့အမေးကို ကြားလိုက်ရသည်။
ဘေး၌ရပ်နေသည့် ကုန်းလန်ချန်းမှာ ရယ်လာတော့သည်။
“ ငါ့ဆရာရဲ့နာမည်ကိုတောင် မင်းမကြားဖူးဘူးလား။ အဲ့တာတောင် ရှေးဟောင်းပစ္စည်းလောကထဲကလို့ ပြောရဲသေးတယ် “
ယဲ့ဖန် ပုခုံးတွန့်လိုက်သည်။
“ ဘယ်တုန်းက ကျွန်တော်က ရှေးဟောင်းပစ္စည်းလောကထဲကပါလို့ ပြောဖူးလို့လဲ “
သူ့စကားကိုကြားတော့ ကုန်းလန်ချန်း ကျုံးလင်းအယ်အား ချက်ချင်း မပျော်ရွှင်စွာ ကြည့်လိုက်မိသည်။
“ မိန်းကလေးကျုံး၊ မင်းပြောတော့ တစ်ဖက်ကလည်း ရှေးဟောင်းပစ္စည်းလောကက ဆရာတစ်ယောက်ကိုခေါ်လာမှာဆို။ အဲ့တာကြောင့် ငါလာခဲ့တာ။ အခုဘာတွေဖြစ်ကုန်တာလဲ “
ကျုံးလင်းအယ်လည်း စိတ်ရှုပ်သွားရကာ လုရှောင်ရအား ချက်ချင်းလှည့်ကြည့်လိုက်မိသည်။
“ လုရှောင်ရ၊ နင်ပဲပြောတော့ နင်လည်း ဆရာတစ်ယောက်ကိုငှါးလာမှာဆို။ အဲ့တာကြောင့် ငါ့အဆက်အသွယ်တွေကို သုံးပြီး သူ့ကိုဖိတ်ထားတာ။ နင်ပြောတဲ့ ‘ဆရာ'ဆိုတာ သူလား “
သူမတမင်သက်သက်ကို ‘ဆရာ’ ဟူသည့် စကားလုံးကို ဖိပြောလိုက်တာပင်။
သူမမပြောနှင့် လုရှောင်ရပင် အံ့ဩသွားရသည်။
မှားနေတာများလား။ ယဲ့ဖန်တကယ်ကြီး မန်းဒုန်ဟိုင်းဆိုတဲ့နာမည်ကို မကြားဖူးဘူးပေါ့။
ယဲ့ဖန် ရှေးဟောင်းပစ္စည်းရွေးပေးတုန်းက အမြင်စူးရှတာကို သူမ မြင်ခဲ့ဖူးသည်။
ထို့ကြောင့် သူကရှေးဟောင်းပစ္စည်းမှာ ဆရာတစ်ဆူလို့ ထင်ခဲ့မိတာပင်။
ယဲ့ဖန်မှ သူရှေးဟောင်းပစ္စည်းတွေအကြောင်း မသိပါဟု ထပ်ခါတလဲလဲပြောခဲ့သော်လည်း သူကနှိမ့်ချလွန်းနေတာဟု သူမ ထင်ခဲ့တာပင်။
အခုကြည့်ရတာ ယဲ့ဖန်က တကယ်ကြီး ဘာမှမသိတဲ့ပုံပဲ!
သူမဘယ်လိုလုပ်ရပါ့။
ရုတ်တရက်ဆန်လွန်းတာကြောင့် သူမ လမ်းပျောက်သွားရသည်။
သူမမျက်နှာထားကိုမြင်တော့ ကျုံးလင်းအယ် ပိုလို့ထောင်လွှားလာလေသည်။
“ နင်ဆက်ပြိုင်ဦးမှာလား။ တကယ်လို့ ကြောက်တယ်ဆိုရင် အရှုံးကိုဝန်ခံလိုက်လို့ ရတယ်နော်။ ငါ့ကို ‘အစ်မ’ လို့ခေါ်လိုက်တာနဲ့ နင်မရှုံးသွားပါဘူး “
သူမအလွန်ထောင်လွှားနေသည်ကိုမြင်တော့ လုရှောင်ရအံတင်းတင်းကြိတ်လိုက်မိသည်။
“ ပြိုင်တာပေါ့။ ဘာတွေပဲဖြစ်နေပါစေ နင်ငါ့ကို ‘ အစ်မ’ လို့ခေါ်တတ်လာအောင် သင်ပေးရမှဖြစ်မယ်။ စမ်းကြည့်တာပေါ့။ လျှို့ဝှက်ဆန်းကြယ်တာတွေ ဖြစ်ရင် ဖြစ်လာနိုင်တာပဲ “
ကျုံးလင်းအယ် မရိုးမသားပြုံးလိုက်သည်။
“နင်ပြိုင်ချင်တယ်ဆိုရင် နောက်ထပ် လောင်းကြေးတစ်ခုထပ်ထည့်မယ် “
လုရှောင်ရအံကြိတ်ကာ သူမအား စိုက်ကြည့်လိုက်သည်။
“ ဘာလဲ “
ကျုံးလင်းအယ် သူမနောက်ရှိ Mercedes-Benz ကားကိုညွှန်ပြလိုက်သည်။
“ နင်ရှုံးရင် ကားခေါင်မိုးပေါ်မှာရပ်ပြီး ‘အစ်မကြီးလင်းအယ်၊ ညီမလေးရှောင်ရက အစ်မကိုတောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ’ လို့ဆယ်ကြိမ်အော်ရမယ်။ အဲ့လိုဆို ငါဗီဒီယိုရိုက်ထားပြီး ပျင်းတိုင်း ပြန်ကြည့်လို့ရပြီ “
လုရှောင်ရ၏မျက်နှာမှာ ဒေါသကြောင့် ဖြူဖျော့လာရသည်။
“နင်အရမ်းများသွားပြီ။ ခေါင်းမငြိမ့်ပဲတောင် လူတစ်ယောက်ကို သတ်လိုက်နိုင်တယ် “
တစ်ဖက်လူမှာတော့ အသိအသာကိုပင် အနိုင်ရမည်ဟုအပိုင်တွက်ထားတာကြောင့် ပြိုင်ခါနီးမှလောင်းကြေးကို ထပြောင်းတာပင်။
ကားခေါင်မိုးပေါ်မှာရပ်ရတာကပင် အလွန်ရှက်ဖို့ကောင်းနေပြီဖြစ်ရာ လူကြားထဲမှာ အော်ပါအော်ရဦးမည်ဆိုတော့။
သူကအဲ့တာကိုဗီဒီယိုရိုက်ပြီးတောင် သိမ်းထားချင်သေးတာလား။
ဒါကတော့အရှက်ခွဲရာကျသွားပြီ။
ကျုံးလင်းအယ် စုတ်လုံးကိုထုတ်ကာ သူမနှုတ်ခမ်းကိုသပ်လိုက်ရင်း “ မလုပ်ရဲရင် အရှုံးကိုဝန်ခံလိုက်လေ။ အစ်မတစ်ယောက် အနေနဲ့ သဘောထားကြီးကြီးခွင့်လွှတ် ပေးလိုက်ပါမယ် “
လုရှောင်ရမှာ သူမကြောင့် ဒေါသထပ်ထွက်လာရပြန်သည်။
“ ကောင်းပြီလေ၊ ငါလောင်းကြေးကို လက်ခံတယ်။ တကယ်လို့ နင်ရှုံးရင်လည်း အဲ့တိုင်းတစ်ထပ်ထဲလုပ်ရမယ် “
ကျုံးလင်းအယ် ကုန်းလန်ချန်းကို လက်ညှိုးထိုးကာ ယဲ့ဖန်ထံ ပြန်ဦးတည်လိုက်သည်။
“ငါရှုံးမယ်ထင်လို့လား”
လုရှောင်ရပြောစရာစကား ပျောက်ဆုံးသွားရသည် ။
အလျင်စလိုနှင့် သူမတစ်ဖက်လူ၏ တောင်းဆိုချက်ကို တကယ်လက်ခံလိုက်မိသည်။
သို့သော် ယဲ့ဖန်နှင့်ကုန်းလန်ချန်းကြားက ခွန်အားကွာဟချက်ကိုတော့ သူမမေ့သွားသည်။
အသိအသာကိုပင် သူမတို့ နိုင်နိုင်ချေ မရှိပေ။
ကားခေါင်မိုးပေါ်မှာရပ်ပြီးအော်ရမယ့်အပြင် ကျုံးလင်းအယ်ရဲ့ဟာသအဖြစ် ဗီဒီယို အရိုက်ခံရမည်ကိုပါတွေးမိတော့ သူမ မျှော်လင့်ချက်ပျက်သုဉ်းသွားရသည်။
သို့သော် စကားကုန်ပြောပြီးနေပြီဖြစ်သဖြင့် ယခုမှသူမပြန်ရုပ်သိမ်းလိုက်လျှင် ပိုပြီး ရှက်စရာကောင်းပေလိမ့်မည်။
“ နောက်ထပ်လောင်းကြေးတစ်ခု ထပ်ထည့်လို့ရမလား “
ကုန်းလန်ချန်းရုတ်တရက် ကြားဖြတ်ပြောလာသည်။
“ ဘာလဲ “
ကျုံးလင်းအယ် သိလိုစိတ်ပြင်းပြစွာမေးလိုက်သည်။
ကုန်းလန်ချန်း ယဲ့ဖန်အားလှည့်ကြည့်ရင်း
“ တကယ်လို့ငါနိုင်သွားရင် ရှေးဟောင်းပစ္စည်းလမ်းထဲက ပစ္စည်းတစ်ခုယူမယ်။ ဘယ်လောက်ပဲဈေးကြီးပါစေ မင်းတို့အဲ့အတွက်ငွေချေပေးရမယ် “
ယဲ့ဖန်ဘာမှမပြောနိုင်ခင်မှာတင် လုရှောင်ရ ဒေါသတကြီး အော်လိုက်သည်။
“ရှင်တို့အရမ်းလွန်နေပြီ!”
ကုန်းလန်ချန်းက ယဲ့ဖန်ရှုံးမည်ဟု အပိုင်တွက်ထားတာကြောင့် ကြေးထပ်မြှင့်ချင်နေတာဖြစ်သည်။
ရှေးဟောင်းပစ္စည်းလမ်းထဲ၌ သန်းဆယ်ချီ ရာချီတန်သည့်ပစ္စည်းများစွာရှိသည်။
ထိုလောင်းကြေးမှာ ခြိမ်းခြောက်၍ ငွေညစ်တာနှင့်ပင်တူနေလေသည်။
အပိုင်း ( ၂၉၅ )
ငါက ဘယ်သူလဲဆို ငါက ဉာဏ်တုံးတဲ့မြည်းဘဲ
" မင်းတို့အားလုံး ဝင်ပြိုင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ စည်းမျဉ်းတွေကို ရှင်းပြပါရစေ "
ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ အဘိုးအိုက ဖြည်းညှင်းစွာ လျှောက်လာသည်။
သူလမ်းလျှောက်လာသောအခါတွင် ယဲ့ဖန်နှင့် အခြားသူများက သူ့ကို အသိအမှတ်မပြုမည်ကို စိုးရိမ်သဖြင့် ယဲ့ဖန်နှင့် ကုန်းလန်ချန်းတို့ကို ဦးစွာမိတ်ဆက်ပေးခဲ့သည်။
" ကျွန်တော့်နာမည် ဝမ်ပိုင်မင်းပါ။ ကျွန်တော်က လုမိသားစုရဲ့ အထိန်းတော်ပါ။ ရှောင်ရ နဲ့ လင်းအယ်တို့ ကြီးပြင်းလာတာကို ကြည့်ခဲ့ရတဲ့သူဖြစ်ပြီးတော့ ဘယ်တော့မှ တစ်ဖက်သတ် ဘက်လိုက်မှာ မဟုတ်ပါဘူး "
" ပြီးတော့ ငယ်ငယ်တုန်းကတော့ အကဲဖြတ်လောကမှာရှိတဲ့နာမည်ကြီးဆရာကြီးတချို့ဆီမှာ အချိန်အတော်ကြာလေ့လာသင်ယူခဲ့ဖူးပါတယ်။ အဲ့တာကြောင့် ရှေးဟောင်း လက်ရေးလှရေးနည်းနဲ့ ပန်းချီကားတွေအကြောင်း အနည်းငယ် သိတယ်လို့ ယူဆနိုင်ပါတယ် "
" ဒီလိုအခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ် "
လုရှောင်ရက ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
" ဦးလေးဝမ်က ငါတို့အိမ်မှာနေတာ နှစ်အတော်ကြာပြီ။ သူ့ရဲ့စိတ်ဓာတ်ကို ငါတို့ယုံကြည်တယ်။ သူက ဒိုင်ဖြစ်ဖို့ အသင့်တော်ဆုံးလူပဲ "
ကျုံးလင်းအယ်ကလည်း သဘောတူကြောင်း ခေါင်းငြိမ့်လိုက်သည်။
" ဦးလေးဝမ်ရဲ့ စရိုက်နဲ့သာဆိုရင် ဆုံးဖြတ်တာကို ကျွန်မလည်း ယုံကြည်တယ် "
ဝမ်ပိုင်မင်းက ပြုံးပြီး ခေါင်းငြိမ့်သည်။
" ကျွန်တော်တို့ ပြိုင်ပွဲကို သုံးချီ ခွဲမယ်။ ပထမအချီမှာ လက်ရေးလှစာနဲ့ပန်းချီ၊ ဒုတိယအချီက ကြွေထည်ဖြစ်ပြီး တတိယအချီမှာတော့ ကြေးထည်ဖြစ်မယ်။ ပြိုင်ပွဲတစ်ခုစီအတွက် ရွေးချယ်ချိန်က နာရီဝက်ဘဲဖြစ်ပါတယ်။ ရွေးချယ်မှုပြီးရင် ကုန်ကျစရိတ်နှင့် တန်ဖိုးများကို အကျဉ်းချုံးပြီး တွက်ချက်ပါမယ်။ ကုန်ကျစရိတ်သက်သာပြီး တန်ဖိုးပိုမြင့်တဲ့ဘက်က အနိုင်ရပါလိမ့်မယ်။ နောက်ကျတဲ့သူကတော့ အလိုလို အရှုံးပေးပြီးသားဖြစ်လိမ့်မယ် "
သူက ဆက်မပြောခင် ခဏလောက် ခေတ္တရပ်လိုက်သည်။ ထို့နောက်ဆက်ပြောသည်။
" သုံးယောက်ထဲက အကောင်းဆုံးသူရှာမယ့်ပွဲ အခုကစပါပြီ "
သူတို့လေးယောက်က တွန့်ဆုတ်မနေတော့ဘဲ ရှေးဟောင်းလမ်းထဲကို ချက်ချင်းဝင်သွားတော့သည်။
ထိုအချိန်တွင် ရှေးဟောင်းလမ်းထဲမှာ လူတွေပြည့်နေသည်။
ဒီနေ့သည် ရှေးဟောင်းလမ်း၏ နှစ်ပတ်လည်ရတနာပြပွဲနေ့ဖြစ်သည်။
အခြားနေရာများမှ စီးပွားရေးလုပ်ငန်းများနှင့်ဖောက်သည်များကပင် လာရောက်ပါဝင်ဆင်နွှဲကြသည်။
ထို့ကြောင့် ရှေးဟောင်းပစ္စည်းလမ်းသည် ယခင်ကထက် ပို၍စည်ကားနေသည်။
မူလက ကျယ်ဝန်းသောလမ်းသည် အခုအခါမှာတော့ ရှေးဟောင်းဆိုင်မျိုးစုံဖြင့်ပြည့်နှက်နေပြီး ရှေးဟောင်းပစ္စည်းများကို ရွေးချယ်ဝယ်ယူသူများအများအပြားလည်းရှိသည်။
ယဲ့ဖန်နှင့် အခြားသုံးယောက်က ရှေးဟောင်းပစ္စည်းလမ်းထဲသို့ ဝင်သွားကြသည်။
ချက်ချင်းပင် လူအများ၏အာရုံကို စွဲဆောင်မိကြသည်။
ယဲ့ဖန်နှင့် ကုန်းလန်ချန်းတို့နှစ်ယောက်လုံးက အရပ်ရှည်ပြီး ချောမောကြကာ ကိုယ်ရောင်ဝါလည်းရှိကြသည်။
လုရှောင်ရနှင့် ကျုံးလင်းအယ်တို့ကိုတော့ ထည့်ပြောစရာပင်မလိုပေ။
သူတို့ထဲက အယောက်တစ်သောင်းမှာမှ တစ်ယောက်ဘဲရှိတဲ့ အလှတရားလေးတွေဟုယူဆလို့တောင်ရသည်။
ထို့အပြင် သူတို့နှစ်ဦးက အမြွှာများကဲ့သို့ အလွန်ပင်ရုပ်ဆင်တူသည်။
သူတို့နှစ်ယောက် အတူတူရပ်နေတဲ့အခါ သူတို့ရဲ့ အလှစွမ်းအားတွေက ပိုလို့တောင်တိုးလာသေးသည်။
" ညီမငယ်လေး ရှောင်ရ၊ ကံကောင်းပါစေ "
ကျုံးလင်းအယ်က လုရှောင်ရကို ရည်ရွယ်ချက်ရှိရှိ လျှာထုတ်ပြောင်ပြသည်။
" ညီမငယ်လေး လင်းအယ်လည်း အလုပ်ကြိုးစားရမယ်နော် "
လုရှောင်ရကလည်း ကြင်နာတတ်တဲ့သူမဟုတ်တဲ့အတွက် ချက်ချင်းလက်တုံ့ပြန်ခဲ့သည်။
" ဟမ့် "
နှစ်ယောက်သား တစ်ချိန်တည်း ခေါင်းလှည့်သွားကြသည်။
ပထမအကျော့က လက်ရေးလှနှင့် ပန်းချီဖြစ်သည်။
သူတို့လေးယောက်သည် လက်ရေးလှနှင့် ပန်းချီဆိုင်သို့ တစ်ပြိုင်နက်ရောက်လာကြသည်။
ဆိုင်ပိုင်ရှင်က သူတို့လေးယောက်ကိုတွေ့တော့ ချက်ချင်း နွေးထွေးစွာနှုတ်ဆက်တယ်။
လူငယ်လေးတွေက လူကြီးများထက် အရူးလုပ်ရန် ပိုမိုလွယ်ကူကြောင်း ထင်ရှားသည်။ သူတို့လို ဈေးဆိုင်ပိုင်ရှင်တွေက ဒီလိုမျိုးကို အမြဲကြိုက်ကြသည်။
ကျုံးလင်းအယ်သည် စင်ပေါ်ရှိ ဇီးသီးပွင့်ပုံ ပန်းချီကားတစ်ချပ်ကို ချက်ချင်းမျက်စိကျမိသွားသည်။
" အို၊ ဒီပန်းချီကားက အရမ်းလှတာဘဲ။ တစ်ချက်ကြည့်ရုံနဲ့ လက်ရာကောင်းတယ်လို့ ပြောလို့ရတယ် "
ဆိုင်ပိုင်ရှင်က ချက်ချင်း လက်မထောင်ပြသည်။
" ဒီမိန်းကလေး အမြင်ကောင်းတယ်။ ဂုဏ်ယူစရာကောင်းတဲ့ ဇီးသီးပွင့်ပန်းချီကားက အကောင်းဆုံးတွေထဲက အကောင်းဆုံးပါပဲ "
ကျုံးလင်းအယ်က ချီးကျူးခဲ့ရပြီးတဲ့နောက် ပိုပိုပြီး ဂုဏ်ယူလာခဲ့သည်။
" ဒီပန်းချီကားက ဘယ်လောက်လဲ "
ဆိုင်ပိုင်ရှင်က သူမ ဘယ်လောက်တတ်နိုင်မလဲဆိုတာကို ခန့်မှန်းနေသကဲ့သို့ နှစ်ကြိမ်တိုင်တိုင် စိုက်ကြည့်လိုက်သည်။
နောက်ဆုံးတွင် လက်ငါးချောင်းကို မြှောက်ပြလိုက်သည်။
" ၅သိန်း "
ယဲ့ဖန်သည် ရယ်ချမိမတတ်ဖြစ်သွားသည်။
ဒီသူဌေးက တကယ်ကို သတ္တိရှိတာဘဲ။
သူ့မျက်လုံးထဲမှာတော့ ဒီပန်းချီကားက ယွမ် ၅၀ တောင် မတန်ပေ။
အဲ့တာကို သူက ၅သိန်းတောင်တောင်းရဲတဲ့ သတ္တိရှိတာလား။
ကျုံးလင်းအယ်က ကုန်းလန်ချန်းကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။
" ကုန်းလူကြီးမင်း၊ ဒီပန်းချီကားကောင်းမယ်ထင်တယ်။ ဈေးကလည်း ၅သိန်းဘဲရှိတော့ အရမ်းစျေးသက်သာတယ်မဟုတ်လား "
ကုန်းလန်ချန်းက စကားမပြောနိုင်ခင်မှာဘဲ လုရှောင်ရကပြောသည်။
" ဟုတ်တယ်၊ ဒီပန်းချီကားက အရမ်းကောင်းတယ်။ ဇီးသီးပွင့်ပုံ ပန်းချီကားတစ်ချပ်ဘဲ။ ကမ္ပည်းပြားလည်းပါတော့ အဓိပ္ပာယ်က ပိုလို့တောင်ထူးခြားသေးတယ် "
ကျုံးလင်းအယ်သည် သူမ ညွှန်ပြနေသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ စုတ်တံဖြင့် ရေးထားသော စာလုံးသေးသေးလေးများကို တွေ့လိုက်ရသည်။
သို့သော် ထိုစကားလုံးများကို အတွန့်အက္ခရာဖြင့် ရေးသားထားပြီး အားလုံးက ကောက်ကွေးနေသည်။
တစ်လုံးမှကို ဖတ်မရပေ။
သို့သော် လုရှောင်ရရှေ့မှာ သူမကိုယ်သူမ အရှက်မကွဲချင်တာကြောင့် ချက်ချင်း နားလည်ဟန်ဆောင်လိုက်သည်။
" ဟုတ်တယ်၊ ဒီကမ္ပည်းက လေးနက်တဲ့ အဓိပ္ပါယ်ရှိတယ်။ ပန်းချီဆရာက လေးနက်တဲ့ အတွေးအမြင်ကောင်းတွေရှိတဲ့သူလို့ ထင်တယ် "
လုရှောင်ရက ကျုံးလင်းအယ်အတွက် တမင်ခက်ခဲအောင် ဖန်တီးခဲ့သည်။
" ဒါဆို ငါတို့ကို ဖတ်ပြကြည့်။ အဲ့ဒီအပေါ်မှာ ဘာရေးထားလဲဆိုတာကို "
" ငါ ...... "
ကျုံးလင်းအယ်က စကားမပြောနိုင်တော့ပေ။
လုရှောင်ရ၏ မျက်နှာပေါ်မှ လှောင်ရယ်မောနေသော အပြုံးကို မြင်လိုက်ရတဲ့အခါ သူမ အနည်းငယ် စိတ်ဆိုးသွားသည်။
" ဘာလို့ ငါက ဖတ်ရမှာလဲ။ နင် သိနေရင် လူတိုင်းကြားအောင် နင် ဖတ်ပြလိုက်လေ "
လုရှောင်ရသည် ချက်ချင်းပင် စကားလုံးများကို လက်ညှိုးထိုးပြလိုက်သည်။
" နက်မှောင်သော ဇီးသီးပွင့်များ နှင့် ယုံးဝမ်ပန်းများ၊ သစ်ကိုင်းများပေါ်တွင် လဲလျောင်းနေပြီး အောက်ခြေမှာတော့ အမုန်းတရားတွေရှိနေတယ်။ နွေဦးရာသီမှာစိမ်းလန်းစိုပြေတဲ့ ရေနှင့်တူသည်တဲ့။ နင် သိမှာမဟုတ်ဘူးဆိုတာကို ငါသိတယ်။ ကဲ အခု နင် သိပြီလား "
ကျုံးလင်းအယ်သည် ထိုစကားလုံးများကို ကြားလိုက်သောအခါ သူမ ချက်ချင်း ထိတ်လန့်သွားသည်။
သူမက အဲ့ဒီစကားလုံးတွေကို ဘယ်လိုလုပ်ပြီးသိတာလဲ။
လုရှောင်ရက ငါ့ထက်ပိုပြီး ထက်မြက်တာလား။
သွားပါပြီ၊ သွားပါပြီ။ ငါ့ဉာဏ်ရည်တော့ ချေမှုန်းခံရပြီ။
သူမ ထိတ်လန့်နေသော်လည်း မယုံကြည်ဟန်ဆောင်နေသေးသည်။
" ဘယ်သူပြောလဲ ငါ မသိဘူးလို့။ ဒီကဗျာဆိုတာ ငါသေချာပေါက်သိတာပေါ့ "
လုရှောင်ရက သူမကို စိတ်လှုပ်ရှားစွာ ပြန်ကြည့်လိုက်သည်။
" ဒါဆို ဒီကဗျာကို ပြန်ဖတ်ပြပါဦး "
ကျုံးလင်းအယ်သည် လုရှောင်ရဖတ်ပြတဲ့ ကဗျာကို အမြန်ပြန်စဉ်းစားလိုက်သည်။
သူမက မှတ်ဉာဏ်ကောင်းလို့ တော်သေးသည်။
ဒီကဗျာမှာ သုံးထားတဲ့ စကားလုံးတွေက အရမ်းထူးဆန်းပေမယ့် အများစုကိုတော့ မှတ်မိနေသေးသည်။
ထို့နောက် သူမက ရွတ်သည်။
" နက်မှောင်သော ဇီးသီးပွင့်များ နှင့် ယုံးဝမ်ပန်းများ၊ သစ်ကိုင်းများပေါ်တွင် လဲလျောင်းနေပြီး အောက်ခြေမှာတော့ အမုန်းတရားတွေရှိနေတယ်။ အဝေးကနေကြည့်လျှင် စိမ့်ဝင်လွယ်တဲ့ ရေလိုပါပဲ ..... အရူးပါဘဲ "
သူမက ရွတ်ပြီးသွားတော့ လုရှောင်ရကို ဂုဏ်ယူစွာကြည့်လိုက်သည်။
သို့သော်လည်း တစ်ဖက်လူက သူမပါးစပ်ကို အုပ်ပြီး ရယ်ချင်တာကို မနည်းထိန်းနေမှန်း သူမမြင်လိုက်ရသည်။
ဖျော်ဖြေပွဲကို ကြည့်ရှုနေသူများကလည်း ရယ်မောကြသည်။
သူတို့ထဲက တချို့က ပြင်းပြင်းထန်ထန်ရယ်မောရင်း မြေပြင်ပေါ် ကိုတောင်လဲကျသွားကြသည်။
ကျုံးလင်းအယ်က ပိုလို့တောင် ထိတ်လန့်သွားရသည်။
ဘာတွေ ရယ်နေကြတာလဲ။
ငါဖတ်တာ မှားနေလို့လား။
လုရှောင်ရက ရယ်မောလိုက်သည်။
" နောက်ဆုံးစာကြောင်းနှစ်ကြောင်းကို နောက်တစ်ခေါက်လောက်ထပ်ဖတ်ပြပါဦး "
ကျုံးလင်းအယ်က ပြန်စဉ်းစားလိုက်ပြီး အမှားမပါဘူးလို့ထင်တဲ့အတွက် ထပ်ရွတ်ပြသည်။
" လှဲလျောင်းတာက ရေလိုဘဲလို့ အဝေးနေကြားဖူးတယ်။ နွေဦးရာသီမှာ ကြည်လင်ပြီး စိမ်းလန်းနေတယ်။ ငါဘယ်သူနဲ့တူလဲလို့မေးရင်တော့ ငါက အရူးနဲ့တူတယ် ...... "
အကြိမ်အနည်းငယ် ထပ်ပြောပြီးတဲ့နောက်တွင် စကားလုံးတွေရဲ့အဓိပ္ပါယ်က ပြောင်းလဲနေသည်ကို သူမ သဘောပေါက်သွားခဲ့တော့သည်။
သူမ စိတ်ထဲမှာ ကဗျာကို သေသေချာချာ ပြန်စဉ်းစားနေခဲ့သည်။
( T/N အသံထွက်ဆင်ပြီး စကားနှစ်ခွဖြစ်နေတာမျိုးပါ )
ငါက မယဉ်ကျေးဘူး၊ ဉာဏ်နိမ့်တယ်။ ငါဘယ်သူလဲလို့မေးရင် ငါက မိုက်မဲတဲ့ မြည်းတစ်ကောင်ပါဘဲ ......
သူမ ရုတ်တရက် သဘောပေါက်သွားသည်။
သူမသည် လုရှောင်ရ၏ထောင်ချောက်ထဲသို့ ကျသွားခဲ့ရသည်။
ပတ်ဝန်းကျင်ကလူတွေအားလုံး ရယ်မောနေကြတာ မဆန်းတော့ပေ။
ဒါက ရှက်စရာကောင်းလွန်းတယ် မဟုတ်လား။
ပုန်းနေဖို့ အပေါက်သာရှာလိုက်ချင်တော့သည်။
လုရှောင်ရက မရယ်နိုင်။ ရယ်ချင်တာကိုထိန်းပြီး သူမ ဗိုက်ကို ဆုပ်ကိုင်ထားရင်း နာကျင်လာတော့သည်။
ယဲ့ဖန်ကလည်း မရယ်ဖို့ကြိုးစားပေမဲ့ မျက်နှာတွင် အပြုံးပေါ်လာတော့သည်။
ကုန်းလန်ချန်းကတော့ ဘယ်သူ့ကိုမျှ မျက်နှာမပြရဲလောက်အောင် ခေါင်းငြိမ့်ထားလိုက်သည်။
နတ်ဘုရားနဲ့တူတဲ့ ပြိုင်ဘက်ကို မကြောက်သင့်ပေမဲ့ ဝက်နဲ့တူတဲ့အသင်းဖော်ကိုတော့ ကြောက်သင့်သည်။
ပြိုင်ပွဲက မစသေးပေမဲ့ သူလည်း မျက်နှာပျက်နေရပြီဖြစ်သည်။
ကျုံးလင်းအယ်က ရှက်ရှက်ဖြင့် ဒေါသတကြီး ပြေးလာသည်။
" လုရှောင်ရ၊ ငါ နင့်ကို မြင်တောင် မမြင်ချင်ဘူး "
" နင်၊ ငါ့ကိုလှည့်စားတယ် "
အပိုင်း ( ၂၉၆ )
ကိုယ်လုပ်လိုက်မယ်
ထိုအချိန်တွင် ဝမ်ပိုင်မင်းက ရုတ်တရက်ပြောလာသည်။
" မင်းတို့ မြန်မြန်လုပ်ရမယ်။ ဒီပွဲအတွက် မိနစ်၂၀ ပဲကျန်တော့တယ် "
ကျုံးလင်းအယ်က လုရှောင်ရနှင့် ငြင်းခုံရန် စိတ်မ၀င်စားတော့ပေ။ သူမက ကုန်းလန်ချန်းကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
" မြန်မြန်ရွေးရအောင် "
ကုန်းလန်ချန်း၏အကြည့်က ဈေးတန်းတစ်ခုလုံးကို ဖြတ်သွားသည်။
" ရှေးဟောင်း ရောင်းဝယ်ရေးရဲ့ ရေအတိမ်အနက်ကများတယ်။ အထူးသဖြင့် လက်ရေးလှနဲ့ ပန်းချီတွေ။ အဲ့တာတွေက အတုတွေ အရမ်းပေါတယ်။ အဲ့တာကြောင့် အလျင်စလိုမဖြစ်ဖို့ သတိထားရမယ် "
ကျုံးလင်းအယ်သည် စိတ်အားထက်သန်သူဖြစ်ပြီး ဈေးတန်းမှ ပန်းချီဆွဲယူကာ ပြိုင်ပွဲကိုပြီးအောင် မစောင့်နိုင်တော့ပေမဲ့ ကုန်းလန်ချန်းက အဲဒီလိုပြောပြီးကတည်းက သူ့အမိန့်ကိုသာ လိုက်နာနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာဘဲ သူမက လုရှောင်ရ၏အခြေအနေကိုလည်း စောင့်ကြည့်နေခဲ့သည်။
လုရှောင်ရလည်း အနည်းငယ် စိုးရိမ်နေမိသည်။
" ယဲ့ဖန်၊ အခု ကျွန်မတို့ ဘာလုပ်သင့်လဲ "
ယဲ့ဖန်သည် အနီးနားရှိ ဈေးဆိုင်အချို့ကို ပေါ့ပေါ့ပါးပါးသာ တစ်ချက်စိုက်ကြည့်လိုက်သည်။
သူက ဂရုမစိုက်တဲ့ပုံပေါ်သည်။
အမှန်တော့ သူက စနစ်၏အတွင်းကျကျစကန်ဖတ်စစ်ဆေးခြင်းလုပ်ဆောင်ချက်ကို စတင်ပြီး ဆိုင်တွေမှာရှိတဲ့ လက်ရေးလှနှင့် ပန်းချီကားအားလုံးကို စကန်ဖတ်ပြီးပြီဖြစ်သည်။
ဘယ်ဟာက အစစ်လဲ၊ ဘယ်ဟာက အတုလဲဆိုတာ သူသိပြီးသားဖြစ်သည်။
သို့သော် သူက ပေါ့ပေါ့ပါးပါးဟန်ဆောင်နေသေးသည်။
" စိတ်မပူပါနဲ့။ ရေနှစ်ပုလင်းလောက် အရင်သွားဝယ်လိုက်ပါလား။ ကိုယ် နည်းနည်း ရေငတ်နေလို့ "
လုရှောင်ရ စကားမပြောနိုင်ဖြစ်သွားသည်။
ဒါက ဘယ်လိုအခြေအနေမလို့ ရေသောက်ချင်စိတ်ရှိနေရတာလဲ။
စိတ်ထဲမှာ ကျိန်ဆဲနေပေမယ့် တကယ်တော့ သူမကဘဲ သူ့ကို ကူညီဖို့ ဖိတ်ခေါ်ခဲ့သူဖြစ်နေသည်။
သူကူညီနိုင်သည်ဖြစ်စေ၊ မကူနိုင်သည်ဖြစ်စေ သူမက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံလို့မရပေ။
လုရှောင်ရလည်းမတတ်နိုင်ဘဲ စူပါမားကတ်ကိုလှည့်ပတ်ရှာဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
အဲ့တာက သူမကို ဆယ်မိနစ်နီးပါး နှောင့်နှေးစေသည်။
ရေဝယ်ရာမှ ပြန်ရောက်လာသောအခါ ဒေါသပေါက်ကွဲလုမတတ်ဖြစ်သွားတော့သည်။
ယဲ့ဖန်က လှုပ်လို့ရတဲ့ ကုလားထိုင်ကို ဘယ်ကနေငှားထားတယ်ဆိုတာ ဘယ်သူသိမှာလဲ။
သူက ထိုအချိန် အရိပ်အောက်မှာလဲလျောင်းရင်း အေးမြတဲ့လေကိုအေးအေးဆေးဆေး ခံစားနေသည်။
တစ်ဖက်တွင် ကျုံးလင်းအယ်နှင့် ကုန်းလန်ချန်းတို့က ပန်းချီကားအချို့ကို အကြမ်းဖျင်းရွေးချယ်ပြီး ရွေးချယ်မှုနောက်ဆုံးအဆင့်လုပ်နေခဲ့ကြသည်။
လုရှောင်ရ ဒေါသထွက်သွားသည်။
သူမ အမြန်လျှောက်လာပြီး ရေခဲရေနှစ်ပုလင်းကို ပစ်ချလိုက်သည်။
" ဒီမှာ အေးမြတဲ့လေကို ခံစားမယ့်အစား လက်ရေးလှနဲ့ ပန်းချီကားတွေကို ကူကြည့်ဖို့ ဘာလို့ မကူညီတာလဲ "
ယဲ့ဖန်သည် ရေပုလင်းကိုဖွင့်ပြီး တစ်ကျိုက်တည်း နှစ်ငုံသောက်လိုက်သည်။
" စိတ်မရှည်မဖြစ်ပါနဲ့။ ကိုယ်တို့မှာ အချိန်ရှိပါသေးတယ် "
လုရှောင်ရ ဒေါသထွက်လွန်းလို့ ငိုချင်လာသည်။
" ဆယ်မိနစ်တောင် မကျန်တော့ဘူး။ နောက်ကျရင် ရှုံးမှာ "
ယဲ့ဖန် ဆတ်ခနဲ ထရပ်လိုက်သည်။
" ဆယ်မိနစ်လောက်ဆို လုံလောက်ပါတယ်။ လာ၊ ရေအရင်သောက် "
သူက ပြောပြီး ရေဘူးဖုံးကိုတောင် ဖွင့်ပေးလိုက်သည်။
လုရှောင်ရက လက်မခံခဲ့ဘဲ လှည့်ပြီးရွေးချယ်ရန် လက်ရေးလှနှင့်ပန်းချီဆိုင်သို့ လျှောက်သွားသည်။
လက်ရေးလှနှင့် ပန်းချီပညာကို သူမ မလေ့လာဖူးတဲ့အပြင် နားမလည်သော်လည်း ဒီအတိုင်းအရှုံးမပေးချင်ပေ။
ထိုအချိန်တွင် ကုန်းလန်ချန်း၏ အသံကို ရုတ်တရက်ကြားလိုက်ရသည်။
" ငါရွေးပြီးပြီ "
ယဲ့ဖန်နှင့် လုရှောင်ရက တစ်ချက်ကြည့်လိုက်သည်။
ကုန်းလန်ချန်းသည် သူ့လက်ထဲတွင် ရှုခင်းပန်းချီတစ်ခုကို ကိုင်ထားပြီး သူ့မျက်နှာမှာ ယုံကြည်မှုအပြည့်ရှိနေသည်။
ဝမ်ပိုင်မင်းက ခေါင်းငြိမ့်လိုက်သည်။
" နှစ်ဆယ့်နှစ်မိနစ်။ မဆိုးပါဘူး "
ကုန်းလန်ချန်းက ရှုခင်းပန်းချီကို ပေးလိုက်သည်။
" ဦးလေးဝမ်၊ ဒီပန်းချီကားက ယွမ် ၂ သိန်းတန်တယ်။ ကျေးဇူးပြုပြီး စစ်ဆေးဆုံးဖြတ်ပေးပါ "
ဝမ်ပိုင်မင်းသည် ပန်းချီကားဆီသို့ ချက်ချင်း သူ့နောက်ကျောမှာယှက်ထားတဲ့လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ပြီး ယူကာ ဂရုတစိုက်ကြည့်လိုက်သည်။
လုရှောင်ရကလည်း သူမလုပ်နေတာတွေကို ရပ်လိုက်ပြီး ဦးလေးဝမ်ရဲ့မျက်နှာကို ထိတ်လန့်တကြားကြည့်နေသည်။
ကျုံးလင်းအယ်လည်း အနည်းငယ်တုန်လှုပ်သွားပြီး ခြေနောက်ပြန်ဆုတ်သွားသည်။
ဝမ်ပိုင်မင်းသည် အသေးတစိတ် အချက်တစ်ချက်စီကို မပျက်မကွက်ဂရုတစိုက်ကြည့်နေသည်။
ငါးမိနစ်ပြည့်ပြီးနောက်တွင် သူက ခေါင်းကို ဖြည်းဖြည်းချင်းပြန်မော့လိုက်ပြီး ကုန်းလန်ချန်းကို ကြည့်လိုက်သည်။
သူ့မျက်လုံးများက ထိတ်လန့်နေပုံရသည်။
" ဦးလေးဝမ်၊ ဒီပန်းချီကားက အစစ်လား အတုလား "
ကျုံးလင်းအယ်က မေးဖို့ မစောင့်နိုင်တော့ပေ။
လုရှောင်ရလည်း အလွန်စိတ်လှုပ်ရှားနေပြီး ဝမ်ပိုင်မင်းကို စိုက်ကြည့်နေသည်။
သို့သော် ကုန်းလန်ချန်း၏အမူအရာကတော့ ဒီကိစ္စက သူနဲ့ မသက်ဆိုင်သလို ငြိမ်သက်နေသည်။
ဝမ်ပိုင်မင်းက ခေါင်းငြိမ့်လိုက်သည်။
" မင်းက တကယ်ကို ဆရာကြီးမန်းရဲ့ ဂုဏ်ယူရတဲ့တပည့်ပဲ။ ကုန်းလူကြီးမင်းရဲ့ မျက်လုံးတွေက တကယ်ကိုကောင်းတယ်။ ဒီပန်းချီကားက ဆရာကြီးဟုန်ရှန်းရဲ့ တကယ့်လက်ရာအစစ်အမှန်ပါပဲ "
ဒါကိုကြားတော့ ကျန်းလင်းအယ်က အရမ်းပျော်သွားသည်။
သူမက ကုန်းလန်ချန်းနဲ့ လက်ဝါးချင်းရိုက်လိုက်သည်။
လုရှောင်ရကမေးသည်။
" ဦးလေး ဝမ်၊ ဒီဆရာကြီး ဟုန်ရှန်းက ဘယ်သူလဲ။ ဘာလို့ အရင်ကတစ်ခါမှမကြားဘူးတာလဲ "
ဝမ်ပိုင်မင်းသည် သူ၏မုတ်ဆိတ်ကို ထိလိုက်သည်။
" ဆရာကြီးဟုန်ရှန်းက ကျုံးဟိုင်က လက်ရေးလှရေးတဲ့ဆရာကြီးပါ။ သူက သူ့ရဲ့အစောပိုင်းနှစ်တွေမှာ လက်ရေးလှရေးတဲ့လောကမှာတော့ အရမ်းကျော်ကြားခဲ့တယ်။ နောက်တော့ ဟုန်ရှန်းဘုရားကျောင်းမှာ ဘုန်းကြီးဝတ်သွားတယ်။ လူတွေက သူ့ကို ဆရာကြီးဟုန်ရှန်းလို့ခေါ်ကြတယ်။ ဒီရှုခင်းပန်းချီက သူ့အစောပိုင်းနှစ်တွေက သူ့လက်ရာပဲ....... "
ကျုံးလင်းအယ်က အဲ့တာကို စိတ်မဝင်စားဘဲ အမြန်ကြားဖြတ်မေးလိုက်သည်။
" ဦးလေးဝမ်၊ ဒီပန်းချီကားက ဘယ်လောက်တန်ဖိုးရှိလဲ "
ဝမ်ပိုင်မင်းသည် ခဏလောက် စဉ်းစားနေမိသည်။
" ကျွန်တော်သိသလောက်တော့ ဆရာကြီးဟုန်ရှန်းရဲ့ လက်ရာတွေက လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ အတော်လေးရေပန်းစားခဲ့ပါတယ်။ ဒီပန်းချီကားက သူ့ရဲ့ ကျွမ်းကျင်တဲ့ပညာလက်ရာဖြစ်ပြီးတော့ အရွယ်အစားကလည်း အတော်လေးကြီးမားတာကြောင့် ရှားပါတယ်။ ခန့်မှန်းချက်အရတော့ အနည်းဆုံး ယွမ် ၅သိန်းလောက် ရှိပါလိမ့်မယ် "
သူပြောလိုက်တဲ့အခိုက်အတန့်မှာ ဘေးနားသူအားလုံးက ဆွေးနွေးကြတော့သည်။
" အို ဘုရားရေ၊ သူက ဝယ်ဖို့ ယွမ် ၂သိန်း သုံးပြီး အဲ့တာကို ယွမ် ၅သိန်းနဲ့ ပြန်ရောင်းနိုင်တာလား။ ပြန်ရောင်းရင် ၃သိန်းမြတ်မှာမဟုတ်လား "
" ဒီလိုငွေ ရဖို့က သိပ်မလွယ်ဘူးလေ။ ဒါမျိုးကို တခြားဘယ်သူမှ မလုပ်နိုင်လောက်ဘူး "
" သူ့ကို အမှိုက်ထဲက ရွှေရှာဖို့ပြောထားလို့လဲ။ တကယ်ဘဲ မထိုက်တန်ရင် ကိုယ့်ရှေ့မှာရှိနေတောင် မသိနိုင်ဘူးဘဲ "
" မှန်တယ်။ ဒီလူငယ်လေးက အသက်သုံးဆယ်လောက်ဘဲရှိသေးပုံရတယ်။ ဒီလောက် အမြင်ကောင်းမယ်လို့ မမျှော်လင့်ထားဘူး "
" သူက ငယ်ရွယ်ပြီး တကယ်ကိုအလားအလာရှိတဲ့သူဘဲ။ ဒီလိုဆရာကြီးကို ငါတို့ သိနိုင်ရင် ငါတို့ကံကြမ္မာက သေချာပေါက်ကို ပိုကောင်းလာလိမ့်မယ် "
" အချောလေး၊ ငါတို့ မင်းကို သိခွင့်ရနိုင်မလား "
" .......... "
ပွဲကြည့်နေကြသူတွေ အားလုံးက ကုန်းလန်ချန်းကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
ကျုံးလင်းအယ်လည်း ဝမ်းသာအားရ ခုန်ပေါက်နေသည်။
ယွမ် ၅သိန်းသည် သူမ၏မိသားစုအတွက် ဘာမှမဟုတ်သော်လည်း လုရှောင်ရနှင့်ပြိုင်ရာတွင် ကြီးမားသောအားသာချက်ကို ရရှိစေခဲ့သည်။
အဲ့တာကိုတွေးပြီး သူမက လုရှောင်ရကို မှင်သက်သက်ဖြင့် ချက်ချင်းကြည့်လိုက်သည်။
ကုန်းလန်ချန်းသည် ယဲ့ဖန်ကို ရန်စသောအပြုံးမျိုးပြုံးပြသည်။
အချိန်က ကုန်ခါနီးပြီဖြစ်သည်။
တစ်ဖက်တွင် ယဲ့ဖန်နှင့် လုရှောင်ရက တိုးတက်မှုလုံးဝမရှိပေ။
လက်နက်ချတော့မှာလား။
လုရှောင်ရသည် အချိန်ကို ကြည့်လိုက်သည်။ သုံးမိနစ်သာကျန်တော့သည်။
ရွေးဖို့အချိန်မရှိတော့ပေ။
ထားလိုက်ပါ၊ ကံတရားကိုဘဲ ပုံအပ်ထားလိုက်တော့မယ်။
ချက်ချင်းဘဲ ဆိုင်ထဲမှ တွေ့ကရာ ပန်းချီကားတစ်ချပ်ကို ကောက်ကိုင်ပြီး ပေးတော့မယ့်အချိန်မှာဘဲ လက်တစ်ဖက်က ရုတ်တရက်ထွက်လာပြီး သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
သူမ မော့ကြည့်လိုက်သည်။
ယဲ့ဖန်က သူ့မျက်နှာမှာ အပြုံးမပျက်ပေ။
" ကိုယ် လုပ်လိုက်မယ် "
နေရောင်က သူ့နောက်ကနေ လင်းလက်လာသလိုပင်။
ရွှေအလွှာနဲ့ ပတ်ထားသကဲ့သို့ သူက ကယ်တင်ရှင်လိုပေါ်လာသည်။