ကတိဖျတ်တာလား
Vol. 17 Ch. 242
ကျို့ယင်သည် သူ၏ ကျန်ရှိနေသည့် ဝိညာဉ်ကို တွေ့မြင်ပြီးနောက် တဆက်ဆက်တုန်ယင်သည်အထိပင် ဒေါသများ ထွက်နေမိသည်။
အကြောင်းမှာ ထိုမြွေဝိညာဉ်ငယ်လေးသည် ဇီးရွှက်အရွှယ်အစားလောက်သာ ရှိတော့ပြီး မေ့မြောနေဟန်ရှိ၏။
‘ဘယ်လောက်များ နှိပ်စက်ခံရလို့ ငါ့ဝိညာဉ်ကို ဒီလိုဖြစ်သွားရတာလဲ..’
ဧကရာဇ်သုံးပါးပင် သူ၏ ဝိညာဉ်ကို ထိုအခြေအနေသို့ရောက်အောင် မလုပ်နိုင်ခဲ့ပေ။
ကျို့ယင်၏ မျက်နှာထက်တွင် နာကျင်နေသည့် အမူအယာများပေါ်လွင်နေသည်။
သူ၏အသည်း နာလွန်းလှ၏။ သို့သော် သူ့တွင်နာစရာ အသည်းမရှိချေ။
“အပိုတွေမလုပ်နဲ့ ပေါင်းစပ်လိုက်စမ်း..”
ဟွမ်းသည် တင်းမာသည့်လေသံနှင့် အမိန့်ပေးလိုက်သည်။ ထိုအကောင်၏ ခံစားချက်များကို ဂရုမစိုက်ချေ။
သူသည် ထိုဝိညာဉ်ကို များများစားစားနှိပ်စက်ခဲ့ခြင်းမရှိချေ။ ထိုဝိညာဉ်၏ မှတ်ဉာဏ်များကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုမျှပင် ဒဏ်မခံနိုင်သည့် အကောင်သည် အားနည်းဟန်ရ၏။
ကျို့ယင်သည် ချက်ချင်းဆိုသလို ဇီးရွှက်အရွယ်မြွေဝိညာဉ်လေးနှင့် ပေါင်းစည်းလိုက်သည်။ သူသည် ဒေါသထွက်နေသော်လည်း ဤနေရာတွင် သူတက်နိုင်သည့် အရာမရှိချေ။
ကျို့ယင်၏ ဝိညာဉ်နှင့် ထိုမြွေငယ်လေးသည် တဖြည်းဖြည်း ပေါင်းစည်းသွားပြီးနောက် ကျို့ယင်၏ ဝိညာဉ်သည် အနည်းငယ် ကြီးလာဟန်ရှိ၏။
ထို့နောက် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
ဟွမ်းသည် ထိုဖြစ်စဉ်ကို စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေ၏။ သူ၏ မျက်ဝန်းများသည် တည်ငြိမ်နေသည်။ ထို့နောက် ကျို့ယင်၏ အခြေအနေကို တွေ့ရှိပြီးမေးလိုက်၏။
“အခုဖြေလို့ရပြီလား..”
“အဲ့ဒီလူနဲ့ ပတ်သတ်တဲ့အရာတွေ ပြောလို့မရဘူး..၊ ဘာက တားဆီးထားမှန်း မသိပေမဲ့..၊ ငါ့ရဲ့ ဝိညာဉ် မပြည့်စုံသေးတာကြောင့်လဲ ဖြစ်နိုင်တယ်..”
ကျို့ယင်သည် မှတ်ဉာဏ်အချို့ကို စီစစ်နေရင်း သက်ပြင်းချကာ ဆိုလိုက်၏။
ဟွမ်းသည် ထိုစကားကြောင့် မျက်မှောင်ကြုတ်သွား၏။ ထိုသားရဲ၏ ဝိညာဉ်သုံးခုလုံး ပေါင်းစပ်ပေးပြီး ဖြစ်သည်။ သို့သော် ပေါက်တက်ကရနှင့် ဝိညာဉ်မပြည့်စုံသေးဘူးပြောနေပြန်၏။
“မင်းသေ ချင်နေပြီလား..”
“ငါ့နာမည် ဘာလို့ ကျို့ယင်လို့ ခေါ်တာအကြောင်းအရင်းရှိတယ်”
ကျို့ယင်သည် အစောတလျင်လေသံနှင့် ရှင်းပြလိုက်သည်။
“ငါရဲ့မူလအသွင်က ခေါင်းကိုးလုံးနဲ့ နဂါးတစ်ကောင်ပဲ..၊ ငါရဲ့တည်ရှိမှုက မင်းတွေးနိုင်တာထက်ကိုပိုပြီး မြင့်မားတယ်..”
“ဒါတောင် မင်းအသတ်ခံရတာပဲလေ..”
ဟွမ်းသည် အနာကိုဆားနှင့်ပက်လိုက်၏။ ကျို့ယင်၏ ဝိညာဉ်သည် တွန့်လိမ်သွားသည်။
“ငါအသတ်ခံရတာမဟုတ်ဘူးကွ..၊ ချိတ်ပိတ်ခံရရုံပဲ..၊ ငါ့ရဲ့မူလစွမ်းအားနဲ့ဆိုရင် ဒီကမ္ဘာက ဧကရာဇ်ဆိုတဲ့သုံးကောင်ကို အမြီးတစ်ချက်ယမ်းရုံနဲ့ သတ်ပစ်နိုင်တယ်..”
ကျို့ယင်သည် အားရပါးရ ပြောဆိုလိုက်၏။ မြွေမျက်နှာ အသွင်ဖြစ်နေသော်လည်း ဂုဏ်ယူမဆုံးဖြစ်နေဟန်ပင်။ သူသည် ဟွမ်းနှင့် ရန်သူဖြစ်သည်ဟူသည့်အချက်ကို မေ့လျော့ကာ သူ၏ အကြောင်းအရာများကို အားနှင့်မာန်နှင့် ပြောပြချင်နေသည်။
“မင်းက ဘယ်လိုနေရာမျိုးက လာတာလဲ..၊ ဒီကမ္ဘာဆိုတာ ဘာကိုပြောတာလဲ..”
ဟွမ်းသည် ထိုသောက်ပေါကောင်၏ ကြွားလုံးများကို ဂရုမစိုက်ချေ။ ထို့သို့ စွမ်းအားရှိလျှင် အပိုင်းပိုင်းဖြတ်ခံရမည်မဟုတ်ပေ။
“မင်းနေတဲ့နေရာအကြောင်းတောင် မင်းမသိဘူးလား..”
ကျို့ယင်သည် အထင်သေးသည့် အကြည့်နှင့် ကြည့်လိုက်၏။ သို့သော် ဟွမ်းသူ့ကို စိုက်ကြည့်လိုက်ချိန်တွင် အလျင်စလိုပြောလိုက်သည်။
“ဒါက အလွှာနှစ်ခုပဲရှိတဲ့ ကမ္ဘာငယ်လေးပဲလေ..၊ စင်္ကြာဝဠာထဲမှာ ဒီလို ကမ္ဘာတွေ မရေမတွက်နိုင်အောင်ရှိတယ်..”
“ငါဒီလောကတစ်ခုလုံးမှာ မရောက်ဖူးတဲ့ နေရာမရှိသလောက်ပဲ..၊ ဒါပေမဲ့ ဒီထက်ကျော်လွန်ပြီး မသွားနိုင်ဘူး..”
ဟွမ်းသည် ကျို့ယင်၏ စကားကြောင့် အသစ်အဆန်းများကို သိရှိလိုက်ရသော်လည်း တိတိကျကျ ခံစားနိုင်ခြင်းမရှိသေးချေ။
“ဒါက မဆန်းဘူး..၊ ဒီကမ္ဘာရဲ့ အထက်အလွှာက ဖိနှိပ်ထားမှုကြောင့် မင်းတို့က အောက်အလွှာမှာပဲ ပိတ်မိနေတာ..၊ လောကကြီးရဲ့ ကျယ်ပြောမှုကို မသိရှိနိုင်တဲ့ လူနုံတွေပေါ..ဟားဟား..”
ကျို့ယင်သည် ရှင်းပြရင်း လှောင်ရယ်လိုက်၏။ သို့သော် ဟွမ်း၏ အေးစက်သည့်အကြည့်ကြောင့် သူ၏ ရယ်သံသည် ချက်ချင်းပျောက်ကွယ်သွားသည်။
ဟွမ်းသည် စိတ်တိုသည့် လေသံနှင့်မေးလိုက်၏။
“ဒီနေရာမှာ ကုန်းမြေတွေ အများကြီးရှိတယ်လေ..၊ အဲ့ဒါတောင်မှ ကမ္ဘာတစ်ခုတည်းလို့ ပြောရဲသေးတာလား..”
“ဒါက..”
ကျို့ယင်သည် ပြောရခက်သွားသည့်ပုံပင်။ သို့သော် ဟွမ်းသည် မာမာထန်ထန်အမိန့်ပေးလိုက်၏။
“ပြောစမ်း..”
“ငါနဲ့ ဧကရာဇ်သုံးပါး တိုက်ခိုက်တုန်းက ဒီကမ္ဘာရဲ့ အောက်ပိုင်းအလွှာက အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး နယ်မြေငယ်လေးတွေအဖြစ် လွင့်မျှောနေကြတာပဲ..”
ကျို့ယင်သည် ရှင်းပြလိုက်၏။ ဟွမ်းသည် အနည်းငယ် ရှင်းလင်းလာပြီဖြစ်သည်။ ထို့နောက် ဆက်မေးလိုက်သည်။
“ဒါဆို အဲ့ဒီအထက်အလွှာကို ဘယ်လိုသွားရမလဲ..”
“ဒီကမ္ဘာက ငါနဲ့ မသက်ဆိုင်တော့ မသိဘူးလေ၊ များသောအားဖြင့်တော့ ကမ္ဘာရဲ့ စည်းမျည်းအရ အောက်ပိုင်းအလွှာမှာ ရှိသင့်တဲ့ ခွန်အားထက် ကျော်လွန်နိုင်ရင် အထက်အလွှာကို ဖောက်ထွက်နိုင်တယ်..၊ ဒါပေမဲ့ တစ်ချို့ ကမ္ဘာတွေက စည်းမျည်း တင်းကြပ်တာမျိုးတွေ ရှိတက်တယ်..”
ကျို့ယင်သည် ရှင်းပြလိုက်သည်။ သို့သော် သူ၏ စိတ်တွင် မရှင်းလင်းသည့် အကြောင်းအရာများရှိနေ၏။
‘သူက အဲ့ဒီလူရဲ့ ပြန်လည်မွေးဖွားလာတဲ့သူလား..၊ ဒါပေမဲ့ အဲ့ဒီလိုလဲ မဖြစ်နိုင်ဘူး..’
သို့သော် သူ၏ ဝိညာဉ်သည် တုန်ခါလာသောကြောင့် အတွေးများကို ရပ်တန့်လိုက်ရသည်။
‘အဲ့ဒီကောင်က အထက်အလွှာကို ကျော်ဖြတ်နိုင်တဲ့ နည်းလမ်းရှာတွေ့ခဲ့တာလား..’
ဟွမ်းသည် အတွေးနက်သွား၏။ သူပြောသည့် ‘အဲ့ဒီကောင်’ သည် ကောင်းကင်ဧကရာဇ်ပင်။
‘ဒီကောင့်အဆင့်နဲ့ဆို မဖြစ်နိုင်စရာတော့ မရှိဘူး..၊ ခက်တာက ဘယ်လိုလုပ်ရမယ်ဆိုတာ ငါမသိဘူး..’
သူလည်း အမှောင်စွမ်းအင်များကြောင့် အောက်ပိုင်းအလွှာတွင် နေထိုင်၍ မရတော့ပေ။ သူ့အတွက် ပြသနာမရှိသော်လည်း ဟွမ်းရှန့်နန်းတော်၏ အဖွဲ့ဝင်များအတွက်တော့ မတူညီပေ။
အမှောင်စွမ်းအင်၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်လျှင် ပြသနာများစွာဖြစ်လာတော့မည်။ ထို့နောက် သူ၏ အတွေးကို ရပ်တန့်ကာ ကျို့ယင်ကို မေးလိုက်၏။
“မင်းရဲ့ ကျန်တဲ့ဝိညာဉ်တွေကရော ဘယ်မှာလဲ..”
ဟွမ်းသည် ကျို့ယင်၏ စကားအရ ဝိညာဉ်ကိုးခုရှိမည်မှာကျိန်းသေ၏။ ကျို့ယင်ကို ဤနေရာတွင် ချုပ်နှောင်ထားနိုင်သော်လည်း ကျန်ရှိသည့် ဝိညာဉ်များသည် အန္တရာယ်များလှသည်။
ထွက်ပေါ်လာပါက ကျီယွမ်ကုန်းမြေသည် အန္တရာယ်ကျရောက်ပေဦးမည်။ သို့သော် ကျို့ယင်သည် တွေဝေဟန်နှင့် ဖြေလိုက်၏။
“ငါမသိဘူး..၊ ဒါပေမဲ့ ငါက ခေါင်းကိုးလုံးနဂါးဆိုတာတော့အမှန်ပဲ..”
ဟွမ်း၏ အကြည့်သည် တင်းမာသွား၏။
“ငါမလိမ်ဘူး..၊ ကျန်တဲ့ ဝိညာဉ်တွေနဲ့ ပတ်သတ်ပြီး မသိတာအမှန်ပါကွာ..”
ကျို့ယင်သည် စိတ်အားငယ်နေသည့် မိန်းမပျိုလေး၏ အသံမျိုးနှင့်ပြောလိုက်သည်။
“ငါ့ကို လွှတ်ပေးမလား..၊ ဘယ်သူ့ကိုမှ မထိခိုက်စေပဲ ဒီကမ္ဘာက ထွက်သွားမယ်လို့ အာမခံတယ်..”
ကျို့ယင်သည် သူ၏ အမြီးနှင့် ရင်ဘက်နေရာကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ ပြောဆိုလိုက်သည်။ သူ့တွင် ခန္ဓာကိုယ်ရှိပါက ‘တဘုန်းဘုန်း’ မြည်နေမှာ ကျိန်းသေပင်။
ထိုအချိန်တွင် ဟွမ်း၏ မျက်နှာတွင် အေးစက်စက် အပြုံးပေါ်ထွက်လာသည်။
‘ဒီအပြုံးက ဘာလို့ကြောက်စရာကောင်းနေတာလဲ..’
ထိုအပြုံးကြောင့် ကျို့ယင်သည် သူ၏ ဝိညာဉ် အေးစက်လာသည်ဟု ခံစားရသည်။ သူသည် လွှတ်မြောက်နိုင်မည့် လမ်းစမမြင်ချေ။ ဤသူသည် သူတွေ့ဖူးသည့် လူသားကျင့်ကြံသူများတွင် အရက်စက်ဆုံး မိစ္ဆာတစ်ကောင်ဟုပင် တွေးမိ၏။
ဟွမ်းသည် အပြုံးမပျက်ဆိုလိုက်သည်။
“မင်းရဲ့အပြစ်က ခွင့်လွှတ်ပေးလို့ရမယ်လို့ထင်လား..”
“မင်း...မင်းသိချင်တာတွေ ဖြေပေးပြီးပြီ..၊ ငါ့ကို လွပ်လပ်ခွင့်ပေး..”
ကျို့ယင်သည် ဒေါသထွက်လာရ၏။ ထိုလူငယ်သည် သူ့အား လွပ်လပ်ခွင့်ပေးချင်ဟန်မရပေ။
“ငါမင်းကို လွှတ်ပေးမယ်လို့တစ်ခါမှ မပြောဖူးဘူး..”
ဟွမ်းသည် တည်ငြိမ်သည့်လေသံနှင့်သာပြောလိုက်၏။
“မင်း..ကတိဖျတ်ချင်တာလား..”
“ငါမင်းကို ကတိမပေးဖူးဘူး..”
ကျို့ယင်သည် ဟွမ်း၏ စကားကြောင့်မှင်သက်သွားသည်။
ဟုတ်ပေ၏။ သူလည်း ထိုသို့ ကတိကို မတောင်းမိပေ။ သူသည် နိုးထသည်မှာ မကြာသေးသည်မို့ ဦးနှောက်၏ တုန့်ပြန်မှုသည် နှေးကွေးနေသည်ဟု ခံစားမိသွား၏။
သူ၏ ရင်တွင်း မောပန်းလာသည်။ သူသည် ငတုံးတစ်ကောင်ကဲ့သို့ပင်။ ထို့နောက် အလောတကြီးပြောလိုက်၏။
“အဲ့လိုဆိုရင်တောင် မင်းငါ့ကို သတ်လို့မရဘူး..”
“ငါ့စိတ်ပြောင်းသွားပြီ..၊ မင်းကို သတ်မှာ မဟုတ်သေးဘူး..”
ဟွမ်းသည် ကျို့ယင်ကို ပြောလိုက်၏။ ကျို့ယင်သည် ထိုစကားကြောင့် စိတ်အေးသွားတော့သည်။ သို့သော် ဟွမ်း၏ နောက်ဆက်တွဲစကားကြောင့် သူ၏ ဒေါသမီးများပြန်လည်တောက်လောင် လာတော့၏။
“ဒီနေရာမှာပဲ..၊ ထာဝရ ပိတ်လှောင်ထားမယ်..”
“မင်း..မင်း..၊ လူယုတ်မာ..၊ ငါ့ကို လွှတ်ပေးစမ်း..”
Note - ကျို့=ကိုး
တရုတ်ဒဏ္ဍာရီအရ ကျို့ယင်က ရေ၊မီးစွမ်းအားကို တပြိုင်တည်း သုံးနိုင်တဲ့ ခေါင်းကိုးလုံး နဂါးတစ်ကောင်ပါ။ ဒါပေမဲ့ သူ့ရဲ့ ဗီဇက ရက်စက်သွေးဆာပြီး သတ်ဖြတ်မှုတွေလုပ်တက်သူပါ။ သူ့ရဲ့ခန္ဓာကိုယ်က အဆိပ်တွေလဲထုတ်နိုင်တယ်။ နဂါးဆိုပေမဲ့ သူ့ပုံစံက မြွေနဲ့ဆင်တူတယ်လို့သိရတယ်။