← Chapters

စွန့်ပစ်ခံထားရသော ကျောင်းဟောင်း(3)

Vol. 21 Ch. 201

စွန့်ပစ်ခံထားရသော ကျောင်းဟောင်း(3)

Vol. 21 Ch. 201

မိနစ်အနည်းငယ်အတွင်းမှာပင် သူမအာရုံအား ဖမ်းစားလိုက်နိုင်သည့် မှတ်ချက်အသစ်တစ်ခု ပေါ်လာခဲ့သည်။

‘ကြောင်ကဖေး’: [မင်္ဂလာပါ စုန့်စုန့်၊ ကျွန်မရဲ့ မှတ်ချက်ကို မြင်ရလားဟင်? ကျွန်မကတော့ ဘာမှ ထူးဆန်းတာ မကြုံရပါဘူး၊ ဒါပေမယ့် ကျွန်မအဘွားမှာတော့ ထူးဆန်းတာတစ်ခုခု ဖြစ်နေတယ်လို့ ထင်မိလို့ပါ၊

အဘွားက ဟိုတစ်လောတုန်းက ထိခိုက်မိသွားတာ၊ ပြီးတော့ နိုးလည်းလာရော လုံးဝကို အခြားလူတစ်ယောက်လို ဖြစ်သွားလို့ပါ၊ မိသားစုတွေကတော့ တစ်ခုခုများ ဝင်စီးနေသလားလို့ထင်ပြီး ပြန်ပြီးကုသလို့ရနိုင်မလား သိချင်နေကြတာ၊

စုန့်စုန့်အနေနဲ့ ကျွန်မရဲ့အဘွားကို ကြည့်ပေးနိုင်မလားဆိုပြီး အကူအညီတောင်းချင်လို့ပါ]

မှတ်ချက်အရှည်ကြီးက သေသေချာချာရေးသားထားခြင်းဖြစ်သောကြောင့် ကြည့်ရှုသူတော်တော်များများ ထောက်ခံကြကာ ကုကျစ်စုန့်အား ဖတ်စေချင်ကြသည်။

ကုကျစ်စုန့် ထိုမှတ်ချက်အား မြင်လိုက်ပြီးနောက် မှတ်ချက်ရေးသားသူ၏ နာမည်ကိုခေါ်ကာ အသေးစိတ်မေးမြန်းလိုက်သည်။

‘ကြောင်ကဖေး’မှ ကြိုတင်ပြင်ဆင်ထားပုံပေါ်သည့် စာအရှည်ကြီးတစ်စောင်အား တိုက်ရိုက်ထုတ်လွှင့်ခန်း၏ မှတ်ချက်ဧရိယာတွင်းသို့ ပို့လိုက်သည်။

[ကျွန်မရဲ့ စာကို ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် စုန့်စုန့် ၊ အဘွားအကြောင်း အရင်ပြောပြပါမယ်]

[အဘွားက အသက် ၇၀ကျော်ပါပြီ၊ နယ်ဘက်မှာပဲ ဟင်းရွက်စိုက်၊ကြက်မွေးပြီး နေလာတာပါ၊ အဘွားက အရမ်းလည်း နူးညံ့ပြီး ကြင်နာတတ်တာ၊

ငယ်ငယ်တည်းက ကျွန်မတို့အပေါ်မှာ အဘွားကြမ်းကြမ်းတမ်းတမ်း ပြောခဲ့တာဆိုတာ တစ်ကြိမ်မှ မရှိခဲ့ဘူး၊ ငွေလည်း ဖြုန်းတီးလေ့မရှိဘူး၊ သူ့ငွေကို ကလေးတွေကို ထောက်ပံ့ဖို့ပဲ သုံးခဲ့တာ၊

ပြီးခဲ့တဲ့ တစ်ပတ်လောက်တုန်းက အဘွား ဟင်းရွက်ခင်းထဲမှာ လဲတာလေ၊

လက်ကောက်ဝတ်ရိုးကျိုးသွားပြီးတော့ ကိုမာဝင်သွားခဲ့တာ၊ အဲဒီတုန်းက ကျွန်မတို့ မိသားစုတွေ အဘွားကို ဆေးကုဖို့ ဆေးရုံပို့ခဲ့ပါတယ်၊

အဘွားကို လိုက်ပို့ပေးတဲ့ ဦးလေးပြောတာကတော့ သူတို့ရောက်တာနဲ့ အဘွားက သူ့ဘာသာသူ ထလာခဲ့တာတဲ့၊ အရမ်းကိုလည်း အားအပြည့်နဲ့ တက်ကြွနေခဲ့တာတဲ့လေ၊ ဆရာဝန်က အဘွားရဲ့ လက်ကောက်ဝတ်ကို စစ်ကြည့်တော့လည်း ဒီတိုင်း အဆစ်လွဲသွားရုံပဲတဲ့၊ ဒါကြောင့် အဘွားက အိမ်ပြန်ပြီး ဆေးပဲလိမ်း၊ ဆေးပဲသောက်ချင်တယ်လိာ့ပြောခဲ့တာ၊

အဲဒီနေ့က စပြီး အဘွားပြောင်းလဲသွားတာကို ကျွန်မတို့ သတိထားမိတာပါ]

‘ကြောင်ကဖေး’၏ နောက်ဆက်တွဲ ပြောဆိုချက်အရ :

အဘွားဖြစ်သူသည်က အင်္ကျီအသစ်များ ဝတ်ဆင်ရန်ပင် ဝန်လေးသောကြောင့် ငွေချွေတာရန် ကုတ်အင်္ကျီတစ်ထည်အား နှစ်ပေါင်းများစွာ ဝတ်လေ့ရှိသည်။

သို့သော် နိုးထလာပြီး နောက်တစ်ရက်တွင် ဆိုင်သို့သွားကာ ရောင်စုံချည်သားအင်္ကျီများအား ငွေထောင်ချီသုံး၍ ဝယ်ယူခဲ့သည်!

ယခင်က အဘွားသည်က အဟောင်းများမှရွေးရသည်ကို သဘောကျသည်။ သူမ အမှိုက်ပုံးထဲမှ စက္ကူပုံးအဟောင်းများအား ကောက်ယူကာ ရောင်းချလေ့ရှိပြီး မိသားစုအား ထောက်ပံ့လေ့ရှိသည်။

အိမ်ထဲမှ ပစ္စည်းများ ပျက်စီးသွားလျှင်တောင်မှ လွှင့်မပစ်ချင်ပေ။

သူမ သတိပြန်လည်လာပြီးနောက်တော့ အဘွားဖြစ်သူက အိပ်ရာပေါ်တွင် ထိုင်ကာ ပေါင်မုန့်နှင့် သကြားကွတ်ကီးများ စားချင်ကြောင်း၊ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသည့်အတွက် သားဖြစ်သူအား သူမကို ဂရုစိုက်ပေးစေချင်ကြောင်း ပြောဆိုခဲ့သည်။

နောက်တစ်ကြိမ် သူမ ပါးစပ်ဟလိုက်ချိန်တွင် ထွက်လာခဲ့သည့် စကားမှာ သားဖြစ်သူနှင့် ချွေးမအား သူမအတွက် ရွှေလက်ကောက်၊ ရွှေဆွဲကြိုးများ ဝယ်ပေးရန်စကားဖြစ်သည်!

သားဖြစ်သူနှင့် ချွေးမဖြစ်သူက အနည်းငယ်စကားဆိုလိုက်သည်နှင့် သူမက ရွာထိပ်သို့‌ ပြေးထွက်ကာ သားဖြစ်သူသည်က မိဘအပေါ် မသိတတ်ကြောင်း အော်ဟစ်ငိုယိုလေ့ရှိသည်။

တစ်ဘဝလုံး နူးနူးညံ့ညံ့နေထိုင်လာခဲ့သည့် အမျိုးသမီးကြီးက ယခုတွင်တော့ ဆဲဆိုတိုင်းထွာတတ်လာသည်။

သူမ၏ ဒေါသတကြီးအော်သံများက ရွာနှင့် မီတာ၈၀၀အကွာကပင် ကြားနိုင်လောက်သည်။

နေ့လည်ခင်းတွင် ကြက်သားဆန်ပြုတ်သောက်ကာ ညဘက်တွင် အမဲသားနှင့် ဆိတ်သား စားတတ်သည်။ လယ်ကွင်းမှ ရသည့် အသီးအရွက်များအား ထိပင် မထိတော့ချေ။

ထိုအချက်များသည် ပြောင်းလဲမှုအနည်းငယ်မျှသာ ရှိသေးသည်။

‘ကြောင်ကဖေး’က မိသားစုအတွင်းမှ ဘွဲ့ရပြီးနောက် အပြင်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးငယ်တစ်ဦးဖြစ်ပေသည်။ သတင်းများအား ကြားရပြီးနောက် သူမ၏ ကနဦးတုံ့ပြန်ချက်မှာ ‘မဖြစ်နိုင်’ဟုပင်။

ဦးလေးဖြစ်သူ ပြောဆိုနေသည့် အားအင်အပြည့်တက်ကြွနေသည့် အမျိုးသမီးကြီးသည် အဘယ်ကြောင့် သူမ၏ နူးညံ့သိမ်မွေ့သော အဘွားဖြစ်နိုင်မည်နည်း?

သူမ မွေးရပ်မြို့သို့ အဆောတလျင် ပြန်လာခဲ့သည်။ သို့ရာတွင်အဘွားအား ပထမဆုံးအကြိမ်မြင်တွေ့လိုက်ရချိန်တွင် ဦးလေးနှင့် အဒေါ်တို့ လိမ်ညာနေခြင်းမဟုတ်ကြောင်း သဘောပေါက်လိုက်ရသည်။

အဘွားအို၏ အကြည့်၊ စကားပြောဆိုပုံ လေသံများသည် အဘွားဖြစ်သူပုံမှန်အခြေအနေထက် အလွန်အမင်း ပို၍ အားမာန်ပါနေခဲ့လေသည်။

‘ကြောင်ကဖေး’၏ အတွေးကတော့ အဘွားဖြစ်သူ၏ ပြောင်းလဲမှုက အနည်းငယ်တော့ ကောင်းသည်ဟူ၍ပင်။

အဘွားအိုသည်ကား တစ်သက်လုံး ဒုက္ခဆင်းရဲခံစားခဲ့ရပြီးနောက် ဦးလေးဖြစ်သူကဲ့သိုး မသိတတ်သည့် သားတစ်ယောက်ကို ပျိုးထောင်ခဲ့ရသည်။

ထိုဦးလေးသည်ကား ရွာထဲတွင်လည်း အလေလိုက်နေတတ်သည်။ မာကျောက်ဆော့သည်။ နေ့တိုင်း အရက်သောက်သည်။ သူသာမက သူ၏ ဇနီးသည်လည်း အပျင်းထူကာ မည်သည်ကိုမျှ မလုပ်မကိုင်တတ်ကြပေ။

အဘွားဖြစ်သူသည်ကား သူတို့အား တင်ကျွေးထားရရုံသာမက အဘွားဖြစ်သူ ကုတ်ခြစ်စုဆောင်းထားသည့် ငွေမှာလည်း သူတို့ ဖြုန်းတီးရန်အတွက် ဖြစ်သွားခဲ့ရသည်။

သူမ နယ်သို့ ပြန်တိုင်း “ကြောင်ကဖေး”မှာ သူမ၏ အဘွားက ဤကဲ့သို့သော ဘဝနှင့်  မနေထိုင်သင့်ဟု အမြဲတွေးမိသည်။

သို့သော် ယခုအဘွားဖြစ်သူက သရဲစီးခံထားရကာ ခန္ဓာကိုယ်အား ထိခိုက်မည်ကိုလည်း စိတ်ပူမိသောကြောင့် ကုကျစ်စုန့်အား စစ်ကြည့်ပေးရန် အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

“မင်း အခု အဘွားနဲ့အတူတူရှိနေလား? ဗီဒီယိုကို ဖွင့်ပေးလို့ရမလား? ငါသူ့ကို ကြည့်ချင်တယ်”

‘ကြောင်ကဖေး’: [ကောင်းပါပြီ]

သူမ မတ်တပ်ရပ်ကာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ သူမ တံခါးမှ ဝင်လာသည်နှင့် အသားအရေ ခြောက်သွေ့နေပြီဖြစ်ကာ အနွေးကုတင်ပေါ်တွင် ထိုင်နေသည့် ပိန်ပိန်ပါးပါး အဘွားအိုတစ်ဦးအား မြင်လိုက်ရသည်။

အဘွားအို၏ လက်ထဲတွင်လည်း ပန်းကန်တစ်ချပ်ကိုင်ထားကာ မုန့်အား အေးအေးဆေးဆေး မြုံ့နေခဲ့သည်။

သူမ ဝင်လာသည်အား မြင်ရပြီးနောက် အဘွားအို တစ်ချက်လှမ်းကြည့်ကာ မေးသည်။

“ရှောင်စီ၊ မုန့်စားဦးမလား?”

‘ကြောင်ကဖေး’ ခေါင်းကို တွင်တွင်ခါလိုက်ပြီး‌နောက် သူမ၏ဘေးမှ အဘွားအို၏ လက်ချောင်းများကို ကြည့်လိုက်မိသည်။

ပိန်ပါးသွယ်လျသည့် လက်ချောင်းများသည်ကား သစ်ခွပုံဟန် ကော့ညွှတ်ထားပြီး မုန့်စားနေချိန်တွင် သူမလည်ချောင်းမှ ထွက်ပေါ်လာသည့် အသံများကလည်း လူသားနှင့်မတူသည့် အရာတစ်ခုကဲ့သို့ပင် ခံစားရစေသည်…

မိန်းမငယ်လေး တံထွေးမျိုချလိုက်ပြီးနောက် ခေါင်းကို ငုံ့ကာ ဖုန်းနှင့် ကစားနေဟန်ဆောင်ကာ နောက်ကင်မရာအား ဖွင့်လိုက်သည်။

သူမက အသံကို ပိတ်ထားလိုက်ပြီးနောက် သူမ၏ တံတောင်ကို မသိမသာမြှောက်လိုက်ပြီးနောက် အိပ်ရာပေါ်မှ အဘွားအား ကင်မရာဖြင့် ခိုး၍ ရိုက်နေခဲ့သည်။

သို့သော် သူမ ဖုန်းကို ချလိုက်သည်နှင့် အဘွားအိုက မုန့်စားနေသည်ကို ရပ်တန့်လိုက်သည်။

မကြာလိုက်ပေ။ ပါးရေတွန့်နေပြီဖြစ်သော အဘွားအိုက တစ်ခုခုအား ရှာတွေ့လိုက်သကဲ့သို့ပင်။ ခေါင်းကို လှည့်လာပြီးနောက် မျက်လုံးများ မှေးစင်းကာ ကြည့်လိုက်သည်။

ထို့နောက် မျက်ခုံးကိုလည်း အသာပင့်ထားပြီးနောက် လေသံအေးအေးဖြင့် မေးလိုက်သည်။

“ရှောင်စီ၊ မင်း ငါ့ကို ဗီဒီယိုခိုးရိုက်နေတာလား?”

ကြောင်ကဖေး: “?!!”

ပရိတ်သတ်များ: “?!!”

[အား.. အား အား ကြောက်စရာကြီး၊ ကျဲကျဲရေ ပြေးတော့!]

[ကယ်ပါဦး.. ငါ တကယ်ကို အသက် ၇၀ကျော် အဘွားကြီးကို ကြောက်နေတာပဲ၊ အဲဒါက သရဲမလှလှလေးမဟုတ်ဘူး၊ သူ ကင်မရာကို ကြည့်လိုက်တဲ့အချိန် ခေါင်းမွှေးတွေတောင် ထောင်သွားသလိုပဲ!]

[ဟေး… ငါ အဲဒီအဘွား မျက်လုံးတွေ ပြောင်းသွားတာကို မြင်လိုက်ရတယ်နော်!]

[အဲဒါက တစ်ခုခု ဝင်ပူးထားတာ သေချာနေပါပြီ၊ ဘယ်သူပဲဖြစ်ဖြစ် ကလေးမလေးကိုတော့ မိသွားပြီဆိုတော့ ပြေးသင့်တယ်နော်၊ ငါတော့ သူမကို တစ်ခုခုလုပ်လိုက်မှာ စိတ်ပူတယ်..]

အနွေးအိပ်ရာပေါ်တွင် ထိုင်နေသည့် မိန်းကလေးက ခြေဖျားတွေရော၊ လက်ဖျားတွေပါ အေးစိမ့်နေခဲ့ပြီး တောရိုင်းတိရိစ္ဆာန် တစ်ကောင်၏ စိုက်ကြည့်ခံနေရသည့်အလား ခံစားလိုက်ရသည်။

သူမက ကြက်သီးမွေးညင်းများပင် ထကာ စကားမပြောနိုင်သေးခင်မှာပင် အဘွားအိုမှ လက်ကို ဆန့်ကာ ဖုန်းအား ဆွဲလုသွားခဲ့သည်။

“မင်းဘာတွေ လုပ်နေလဲဆိုတာ ကြည့်ရအောင်”

ဖုန်းအား လုယူပြီးနောက် အဘွားအိုက ဖုန်းမျက်နှာပြင်အား ကြည့်လိုက်ပြီးနောက် ကုကျစ်စုန့်ကို မြင်လိုက်ရသည်။

သူမက မျက်လုံးများကို မှေးကြည့်လိုက်ပြီးနောက် သေသေချာချာပြုံးလိုက်သည်။

“ဒါက ဘယ်မိသားစုရဲ့ သမီးလေးလဲ? ချောလိုက်တာ…”

သို့သော် သူမ၏ အခြားအသိများထံမှ ကြားထားရသည့် သတင်းအစအနများကို သတိရလိုက်ပြီးနောက် မျက်လုံးများကို ဝေ့ကာ တစ်ခုခုတော့ လွဲမှားနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

အဘွားအို၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီးနောက် လက်ကို ရုတ်ကာ ဖုန်းအား မိန်းမငယ်ထံသို့ ပြန်ပစ်ပေးလိုက်သည်။

ထို့နောက် သူမအား စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။ ထိုအကြည့်များကြောင့် မိန်းမငယ်လေးလည်း ထိတ်လန့်တုန်လှုပ်နေကြောင်း မြင်လိုက်ရပြီးနောက် တံခါးမှ အပြင်ထွက်သွားခဲ့သည်။

“ဟင်း.. ဒီအဘွားကြီး နေပူဆာသွားလှုံလိုက်ဦးမယ်ဟေ့”

သူမ ထွက်သွားချိန်တွင် ကြည့်ရသည်မှာ အဆောတလျင် ထွက်ပြေးသွားဟန်ပင်ဖြစ်ပေသည်။

သူမက လမ်းလျှောက်သွားချိန်တွင် ပေါ့ပေါ့ပါးပါးပုံစံပင်ဖြစ်ကာ ခြေဖျားပင် ထောက်ထားခဲ့သေးသည်။ ကြည့်ရှုသူများကတော့ ထိုအရာသည်က သူမ လူမဟုတ်သည့်အချက်အလက်တစ်ခုဟု ယုံကြည်ရသည်။

အဘွားအိုက သရဲတစ္ဆေဝင်ပူးခံထားရကြောင်းလည်း ပြောဆိုနေခဲ့ကြသည်။

‘ကြောင်ကဖေး’တစ်ယောက်တည်း အခန်းထဲကျန်သည့်အချိန်တွင် သူမ ဟန်ပင်မဆောင်နိုင်တော့။

ခြေထောက်များ အားအင် ချိနဲ့ကာ ပုံကျသွားခဲ့သည်။

သူမဒမျက်နှာအား ထုတ်မပြလိုသောကြောင့် ကင်မရာအား တုန်ယင်နေသည့် လက်များဖြင့် ပိတ်လိုက်ကာ အသံကိုသာ ဖွင့်ထားခဲ့သည်။

“စုန့်စုန့် မြင်လိုက်လားဟင်? အဘွားရဲ့ အပြုအမူတွေက ဘယ်လိုကြည့်ကြည့် ပုံမှန်မဟုတ်ဘူးနော်! အဲ့တာကြီးက… အဲဒါကို အဘွားဆီကနေ ဖယ်လိုက်လို့ ရလားဟင်?”

ကုကျစ်စုန့် ခေတ္တမျှ တွေးနေခဲ့သည်။

သူမက ‘ကြောင်ကဖေး’၏ မေးခွန်းအား ပြန်မဖြေသေးပဲ အိတ်ထဲမှ အင်ပါယာအကြွေစေ့များ ထုတ်လိုက်ပြီး စစ်ဆေးကြည့်သည်။

အကြွေစေ့များ၏ အမှတ်အသားအား ဖတ်ရှုပြီးနောက် အဘွားအို၏ မျက်နှာအား ပြန်လည်မြင်ယောင်မိသည်။ ထို့နောက် သူမက ခေါင်းကို ဖြည်းဖြည်းချင်း ရမ်းလိုက်သည်။

“မင်းရဲ့ အဘွားက တကယ်လည်း ဝင်ပူးခံထားရတာ၊ ဒါပေမယ့် သရဲတော့ မဟုတ်ဘူး၊ အဲဒါက မင်းရဲ့အဘွားအတွက်တော့ ဆိုးတဲ့အရာမဟုတ်ပါဘူး”

‘ကြောင်ကဖေး’ မျက်စိလည်သွားသည်။

“ဘယ်လို? ဘာလို့လဲ? အဲဒါက သရဲမဟုတ်ရင် ဘာကြီးလဲ?”

မိန်းမငယ်၏ နားမလည်နိုင်သော အကြည့်များကြောင့် ကုကျစ်စုန့် မေးလိုက်သည်။

“မင်းရဲ့အဘွားက ဟင်းရွက်ခင်းထဲမှာ မေ့လဲသွားတာဆို? ဒါဆိုရင် ဘယ်လိုလုပ်ပြီး လူမဆန်တဲ့ အရာတွေ ဝင်ပူးတာ ခံရမှာလဲ?”

“ဦးလေးနဲ့ အန်တီက အဲလိုပြောတာပဲ၊  သူတို့က လိမ်ထားတာများလား? ဒါပေမယ့် ဦးလေးနဲ့ အဒေါ်က ပြဿနာတော့ ရှိပေမယ့် လူဆိုးတွေ မဟုတ်ပါဘူး၊ သူတို့က အဘွားကို ထိခိုက်အောင် လုပ်မှာတော့ မဟုတ်ပါဘူး”

ကုကျစ်စုန့် နှုတ်ခမ်းစွန်းလေးများ တွန့်ရုံပြုံးလိုက်သည်။

“မင်းရဲ့ အဘွားကိုယ်ထဲမှာ ‘ကြက်တစ္ဆေ’တစ်ကောင်ရှိတယ်ဆိုတာ သိလား?”

*

All Chapters