စွန့်ပစ်ခံလိုက်ရသော ကျောင်းဟောင်းကြီး(4)
Vol. 21 Ch. 202
[ကြက်ဘာကြီး? သူမ ဘာပြောလိုက်တာလဲ? သူငယ်ချင်းတို့ သေချာကြားလိုက်ရဲ့လား?]
[စုန့်စုန့်ပြောချင်တာက ‘ကြောင်ကဖေး’ရဲ့ ဦးလေးနဲ့ အဒေါ်က အဘွားကို အခုလိုဖြစ်အောင် လုပ်လိုက်ပြီး ဖုံးကွယ်ထားတယ်လို့လား?]
မှတ်ချက်ဧရိယာအတွင်းမှ လူများ ‘ကြက်တစ္ဆေ’အကြောင်း အသည်းအသန်မေးခွန်းထုတ်နေသည့်အချိန်တွင် ‘ကြောင်ကဖေး’ ကတာ့ ထိုအရာအကြောင်း ကြားဖူးထားခဲ့သည်။
သူမက အနွေးကုတင်ပေါ်သို့ အံ့အားသင့်သည် အမူအယာဖြင့် ထိုင်ချလိုက်သည်။ အကြာကြီး မင်သက်နေခဲ့ပြီးနောက် စကားစသည်။
“’ကြက်တစ္ဆေ’ဆိုတာက ကျွန်မတို့ရဲ့ ရှေးရိုးအယုံအကြည်တစ်ခုလေ၊ တချို့ကကျတော့ အဲဒါက လှည့်ပတ်သွားလာနေတဲ့ စောင့်ကြည့်သူတဲ့၊ ကျွန်မရဲ့ မိသားစုက သူ့အကြောင်းကို ငယ်ငယ်တုန်းက ပြောပြဖူးတယ်
ဒါပေမယ့် ဒါကြီးက စာအုပ်တွေထဲမှာပဲ ရှိတဲ့ စိတ်ကူးယဉ်မဟုတ်ဘူးလား?”
“ပြီးတော့ အဘွားရဲ့ လက္ခဏာတွေက ‘ကြက်တစ္ဆေ’ပူးခံထားရတာမျိုးလည်း မဟုတ်ဘူးလေ”
‘လောင်ကျိုးမှထွက်သော သရဲ’နှင့် ‘ကြက်တစ္ဆေများ’သည်က ကျိုးကျန်းမျိုးနွယ်စုမှ ဆင်းသက်လာသည့် ပါးစပ်ရာဇဝင်များ ဖြစ်ကြသည်။
ထိုအရာအား ရှင်းပြထားသည့် အချက်အလက်များစွာလည်းရှိသည်။ တချို့ကတော့ ထိုအရာက ကြက်များအား ကာကွယ်ပေးနေသည့် လှည့်ပတ်သွားလာနေသော အစောင့်အရှောက်ဖြစ်သည်ဟု ဆိုကြသည်။
ထိုအရာက ကြက်အကောင် ထောင်ပေါင်းများစွာ၏ အငြိုးအတေးများ စုဝေးကာ ဖြစ်ပေါ်လာသည့် စွမ်းအားကြီးအရာတစ်ခုဖြစ်ပေသည်။
အနီးအနားတွင် ကြက်သတ်ရုံတစ်ခုရှိပါက ထိုကြက်သတ်ရုံများအတွင်းတွင် ‘ကြက်တစ္ဆေ’၏ အငြိုးအတေးဒဏ်များ ခံရတတ်သည်။
သားကောင်ရွေးချယ်ကာ နှိပ်စက်သက်ဖြတ်ခြင်းဖြစ်တတ်သည်။
လူသားများအတွက်တော့ ထိုအရာသည်က ‘မကောင်းဆိုးဝါးဝိဉာဉ်တစ်မျိုး’သာဖြစ်သည်။
တချို့ကတော့ ထို’ကြက်တစ္ဆေ’အား ‘ကူကြက်’ဟုလည်း ခေါ်ကြသည်။
ကူပိုးကောင်များကဲ့သို့ပင် ထိုအရာက အဆိပ်ပြင်းကာ စုန်းမများ မွေးလေ့ရှိသည့် မကောင်းဆိုးဝါးတမျိုးဖြစ်သည်။ ကူပိုးကောင်အား ကြက်ကိုကျွေးလိုက်ပါလျှင် ထိုပိုးကောင်များက ကြက်၏ ခန္ဓာကိုယ်တွင် ကပ်ပါးကောင်များ ဖြစ်လာခဲ့သည်။
တစ်ယောက်ယောက်မှ စုန်းမအား အမျက်ရှစေပါက ထိုစုန်းမက ‘ကူကြက်’အား ပေးလိမ့်မည်။ ထိုကြက်သားအား စားလိုက်မိသည်နှင့် အဆိပ်ပြင်းသည့် ကူပိုးကောင်သည်က ထိုလူ၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားပြီဖြစ်သည်။
မည်သို့အမျိုးအစားပင် ဖြစ်ပါစေ၊ ‘ကြက်တစ္ဆေ’ သို့မဟုတ် ‘ကူကြက်’၏ တိုက်ခိုက်မှုခံရသော လူများ၏ လက္ခဏာသည် ယေဘုယျအားဖြင့် တူညီကြသည်။
အစပိုင်းတွင် ထိုလူ၏ မျက်လုံးများသည် အရောင်မှိန်ကာ တဖြည်းဖြည်း ကြက်မျက်လုံးများကဲ့သို့ ပြုးကျယ်လာပြီးနောက် လည်ပင်းကို ဆန့်ကာ ခပ်မြန်မြန် လျှောက်သွားတတ်သည်။
တဖြည်းဖြည်းချင်း ‘ကြက်တစ္ဆေ’များသည် ကူးစက်ခံရသူ၏ အဆုတ်နှင့် ကိုယ်တွင်းအင်္ဂါများအား ဖောက်ထွင်းကာ ချီဓာတ်၊ သွေး၊ သရက်ရွက်နှင့် အစာအိမ်အား ဝါးမျိုစားသောက်တတ်ကြသည်။
နာကျင်မှုအား ခံစားနေရသည့် ကူးစက်ခံရသူများအနေဖြင့် မခံမရပ်နိုင်သည်ထိ ဝေဒနာခံစားရပြီးနောက် ဒွါရ ၇ရပ်မှ သွေးရှင်ရှင်ပန်းကာ ပါးစပ်မှလည်း ပိုးကောင်များ အန်ထွက်ကြသည်။
နောက်ဆုံးတွင်တော့ ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ‘ကြက်တစ္ဆေ’၏ ဝါးမျိုမှုကြောင့် အတွင်းကလီစာများ ကုန်ခမ်းချိန်တွင် သွေးသံရဲရဲ အညိုအမည်းစွဲခြင်းများ ဖြစ်ပေါ်တတ်သည်။
နောက်ဆုံးတွင် ‘ကြက်တစ္ဆေ’အစာဝသွားပြီးနောက် စအိုပေါက်မှ ထွက်လာကာ အနီးအနားမှ ကြက်တစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတတ်သည်။
ထို့နောက် ‘နောက်ထပ် သားကောင်’မှ ထိုကြက်အား စားသောက်မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
ထိုအကြောင်း သိသည့် ကြည့်ရှုသူများ၏ ပြောကြားချက်၊ မှတ်ချက်များအား မြင်တွေ့ရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများမှာ ပျို့ချင်သလို၊ အန်ချင်သလိုနှင့် ကြက်သီးမွေးညင်း ဖြန်းဖြန်းထသွားခဲ့ရလေသည်။
*
ကြက်ကင် သို့မဟုတ် ကြက်ကြော်စားရင်း တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသည့် ပရိတ်သတ်များမှာ ကြားလိုက်ရသော စကားများကြောင့် ရင်ထဲတွင် ပျို့တက်လာပြီးနောက် လက်ထဲမှ ကြက်သားတုံးများသည်လည်း အရသာရှိသည်ဟု မခံစားရတော့ပေ။
သို့သော် ‘ကြောင်ကဖေး’ပြောသကဲ့သို့ပင် အဘွားဖြစ်သူ၏ စိတ်အခြေအနေသည်က ပုံမှန် ‘ကြက်တစ္ဆေ’ဖမ်းစားခံရသူများနှင့် မတူညီ၊ ကွဲပြားနေသည်။
‘ကြောင်ကဖေး’ ၏ သံသယစကားအား ကြားရပြီးနောက် ကုကျစ်စုန့် ဆက်ပြောသည်။
“အဲဒါကြောင့်လည်း မင်းအဘွားရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးထားတဲ့အရာကို ကျေးဇူးတင်ရမှာလို့ ပြောတာပေါ့၊
အဲဒါက တောက်ဓမ္မပညာလေ့လာခဲ့တဲ့ ‘မသေမျိုး’လေ၊ သူက မင်းအဘွားရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးဖို့မဟုတ်ဘဲ ကူညီဖို့အတွက် လာခဲ့တာပဲ”
“အဲ့တာက မြွေပါမသေမျိုးပဲ၊ သူက ကြက်သားစားရတာကြိုက်တယ်၊ သူက မင်းတို့နဲ့ အနီးအနားက တောင်ကုန်းတွေပေါ်မှာ နေတာဖြစ်လိမ့်မယ်၊ နောက်ပြီး သူက မင်းအဘွားနဲ့ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးရှိခဲ့တာပဲ”
ဒဏ္ဍာရီလာပုံပြင်များအရ မြွေပါမသေမျိုးသည်ကား မသေမျိုးငါးပါးတွင် အထူးခြားဆုံးနှင့် စွမ်းအားကြီးသော ဝိဉာဉ်တစ်ကောင် ဖြစ်သည်။
သဘာဝတရား၏ ဥပဒေအရ ကြက်သည်က မြွေပါ၏ အစာဖြစ်သည်။ ထို့ကြောင့် ‘ကြက်တစ္ဆေ’သည်လည်း သဘာဝအလျောက် မြွေပါမသေမျိုး၏ ဖိနှိပ်ခြင်းအား ခံရမည်ဖြစ်သည်။
ကြောင်ကဖေး၏ အဘွားခန္ဓာကိုယ်ထဲတွင် ဝိဉာဉ်နှစ်ကောင်အား တစ်ပြိုင်တည်းမြင်တွေ့လိုက်ရသည်မှာ ကုကျစ်စုန့်အတွက်တော့ ရှားပါးမြင်ကွင်းတစ်ခုဖြစ်ပေသည်။
‘မြွေပါမသေမျိုး’၏ အကူအညီကြောင့်သာမဟုတ်ပါလျှင် အားအင်ချိနဲ့နေသည့် အဘွားအို၏ ခန္ဓာကိုယ်သည် ‘ကြက်တစ္ဆေ’၏ ဝါးမျိုခြင်းခံလိုက်ရမည်ဖြစ်သည်!
“မင်းသာ ဖြစ်ကြောင်းကုန်စင်ကို သိချင်တယ်ဆိုရင် အဲဒီ ‘မြွေပါမသေမျိုး’ကို အရင်ဆုံးကျေးဇူးတင်ပြီး တိုက်ရိုက်မေးလိုက်တာ အကောင်းဆုံးပဲ”
သူမစကားဆုံးသည်နှင့် ကြောင်ကဖေး တံခါးပေါက်သို့ လှမ်းကြည့်လိုက်သည်။
မကြာခင်က နေပူဆာလှုံမည်ဟု ဆိုကာ ထွက်သွားခဲ့သော အဘွားဖြစ်သူသည်ကား မည်သည့်အချိန်က ပြန်ရောက်လာသည်ကိုမသိရဘဲ၊ တံခါးနားတွင် ရပ်ကာ တိတ်တဆိတ် ကြည့်နေခဲ့သည်။
သူမ ထိုနေရာတွင် ရောက်နေသည်မှာ မည်မျှကြာပြီကို မည်သူမှ မသိလိုက်ရချေ။
‘ကြောင်ကဖေး’တုန်ရီသွားသော်လည်း ကုကျစ်စုန့်စကားအား အမှတ်ရပြီးနောက် ကြောက်စိတ်အနည်းငယ်ပြေသွားသည်။
သူမ အနွေးအိပ်ရာပေါ်မှ ထလိုက်ပြီးနောက် အဘွားအိုအား ခါးညွှတ်အရိုအသေပြုလိုက်ပြီး စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်သည်။
ထိုအချိန်တွင် အဘွားအို မျက်လွှာချထားပြီး အသံတိုးတိုးဖြင့် စကားဆိုသည်။ သို့သော် သူမအကြည့်မှာ မိန်းကလေး၏ လက်တွင်းမှ မိုဘိုင်းဖုန်းထံတွင်သာ ဖြစ်သည်။
“ဒီအဘွားကြီးက အဲဒီသူငယ်ချင်းလေးကို မြင်ဖူးတယ်”
‘ကြောင်ကဖေး’ မသိသည်မှာ အဘွားဖြစ်သူအား ဝင်ပူးထားသည့် မြွေပါမသေမျိုးသည်ကား တံခါးအပြင်တွင် ရပ်နေပြီး အတွင်းမှ စကားသံများအား နားထောင်နေခဲ့သည်။
သူမသည်က ကျေးလက်တွင် ကျင့်ကြံအားထုတ်ခဲ့သည့် ဝိဉာဉ်လေးဖြစ်သော်ငြား သတင်းစုံသည့် ဝိဉာဉ်များနှင့် ရင်းနှီးသည်။
တစ်ခါတရံတွင်လည်း ရွာသားများ၏ အိမ်သို့သွားကာ ရေဒီယိုနားထောင်၊ တီဗီကြည့်တတ်သေးသည်။ ရွာသားများက သူမအား မောင်းရုံသာမောင်းထုတ်ရဲပြီး ရန်မပြုရဲကြပေ။
သူမ မိတ်ဆွေများ၏ စကားအရ မကြာသေးမှီက ထူးခြားပညာရှင်များအကြားတွင် ထူးချွန်ပြောင်မြောက်သည့် ပညာရှင်တစ်ဦး ပေါ်ပေါက်လာကာ တောက်ဓမ္မဂိုဏ်းအား ပြောင်းပြန်လှန်သွားကြောင်း ကြားသိထားခဲ့သည်။
အစကတော့ သူမက စကားကို နားထောင်ရုံသာ နားထောင်ပြီး အလေးအနက်မထားခဲ့ပေ။ သို့သော် အဘွားအို၏ မြေးငယ်ဖြစ်သူကိုင်ထားသော ဖုန်းအား ကြည့်လိုက်ချိန်တွင် အံ့အားသင့်သွားခဲ့ရသည်။
သူမက နာမည်ကြီးနေသည့် ထူးခြားပညာရှင်မဟုတ်ပါလော?
မြွေပါမသေမျိုးမှာ စိတ်မသက်မသာဖြစ်သွားသောကြောင့် အိမ်ထဲမှ ထွက်ပြေးကာ အထဲတွင် မည်သည့်အရာများဖြစ်ပျက်နေသည်ကို ခိုး၍ နားထောင်နေခဲ့သည်။
သူမက အချိန်မရွေးထွက်ပြေးနိုင်ရန်လည်း အသင့်ပြင်ထားသည်။
အားလုံးသိကြသည့်အတိုင်းပင် လူအိုလူဖြောင့်ကြီးများဖြစ်သည့် တောက်ဓမ္မဂိုဏ်းတွင်းမှ တောက်ကျန့်များသည်ကား စေတနာတရား၊ တရားမျှတမှု၊ ဥပဒေ၊ လူမှုစိတ်ဓာတ်များအကြောင်းကိုသာ တွင်တွင်ပြောလေ့ရှိကာ ဝိဉာဉ်စွမ်းအင်ရှိသော တိရိစ္ဆာန်များက မကောင်းဆိုးဝါးများဖြစ်ကြောင်းကိုသာ ပြောလေ့ရှိသည်။
သူတို့သည်ကား တောက်ဓမ္မပညာလိုက်စားသည့် ‘အဆင့်မြင့်မသေမျိုးများ’ မဟုတ်သေးပါက သာမန်မကောင်းဆိုးဝါးငယ်လေးအဆင့်တွင် တောက်ကျန့်တစ်ဦးနှင့် ဆုံတွေ့ရသည်နှင့် သတ်ဖြတ်ခြင်းကိုသာ ခံရတတ်သည်။
ကုကျစ်စုန့်သည်လည်း အဘွားအိုအား ဝင်ပူးထားသည့် တိရိစ္ဆာန်ဝိဉာဉ်ကို မြင်သည်နှင့် သုတ်သင်ရှင်းလင်းမည့် ရက်စက်ကြမ်းကြုတ်သော တောက်ကျန့်တစ်ဦးဖြစ်နေမည်ကို သူမ စိုးရိမ်စိတ်ဝင်သွားခဲ့သည်။
သို့သော် ခဏမျှ နားထောင်နေပြီးနောက်တွင် တစ်ဖက်လူမှ သူ့အား ရန်မမူလိုကြောင်း အတည်ပြုနိုင်ခဲ့သည့်အတွက် မြွေပါမသေမျိုးလည်း ပြန်ဝင်လာခဲ့သည်။
လက်ရှိတွင် သူ၏ ပုံစံအစစ်အမှန်အား ဖော်ထုတ်ခံရပြီးဖြစ်သောကြောင့် ဟန်ဆောင်မနေတော့ပေ။ သူက အဘွားအို၏ ခန္ဓာကိုယ်အား အသုံးပြုကာ အိပ်ရာပေါ်တွင် ထိုင်ရင်း ခြေထောက်ချိတ်ထားလိုက်သည်။
ထို့နောက် ‘ကြောင်ကဖေး’အား မျက်လုံးပင့်ကာ ကြည့်လိုက်ပြီးနောက် မေးလာသည်။
“နင်က ဘာသိချင်တာလဲ?”
ကြောင်ကဖေးမှ မြွေပါမသေမျိုးအား ဦးလေးနှင့်အဒေါ် ပြောခဲ့သည်များကို ပြန်လည်ပြောပြလိုက်ချိန်တွင် မြွေပါမသေမျိုးကတော့ မျက်နှာမဲ့ကာ နှာခေါင်းရှုံံ့လိုက်သည်။
“အမှိုက်ထုတ်တွေပဲ! နင့်ရဲ့ ဦးလေးနဲ့ အဒေါ်က နင့်ကို လိမ်ထားတာ”
အဘွားအို၏ ကိုယ်ထဲတွင် ဝင်ပူးနေသည့် ‘မြွေပါမသေမျိုး’မှ ဖြစ်ကြောင်းကုန်စင်အား ပြောပြခဲ့သည်။
ဦးလေးဖြစ်သူ၏ သားသည်ကား မကြာသေးမှီက နယ်ဘက်သို့ ပြန်ရောက်လာခဲ့သည်။ ထိုသားဖြစ်သူနှင့် ကြောင်ကဖေးတို့မှာ ဝမ်းကွဲမောင်နှမများဖြစ်ကာ သူက သူမထက် အသက် နှစ်ဝက်ခန့် ငယ်သေးသည်။
သို့သော် သူ့တွင် ၄နှစ်အရွယ် သားတစ်ဦးရှိသည်။
ဝမ်းကွဲမောင်က သူ၏ သားအား အဘိုးအဘွားများထံသို့ အလည်ခေါ်လာခဲ့သည်။
ဦးလေးမိသားစုသည်က တစ်ဦးတည်းသော မြေးဖြစ်သူအား အင်မတန် ချစ်ခင်ကြကာ ငယ်စဉ်ကတည်းက အလိုလိုက်ထားခဲ့သည်။
ကြောင်ကဖေး ထိုကလေးငယ်အား နှစ်ကြိမ်မြင်ဖူးသည်။ ကလေးမှ် မိန်းကလေးငယ်များ၏ ဆံပင်ရှည်ရှည်အားတွေ့ပါက အားဖြင့် ဆောင့်ဆွဲတတ်သည်။ သူတစ်ပါးအိမ်မှ ပစ္စည်းများကိုလည်း ရိုက်ခွဲဖျက်ဆီးတတ်သည်။
သူမ ဒေါသထွက်ကာ ကလေးငယ်အား ဆုံးမခဲ့ဖူးသော်လည်း ဦးလေးနှင့် ဝမ်းကွဲတို့မှ သူမကို အြန်လညာ ဆူပူကြိမ်းမောင်း ကြသေးသည်။
မလိုအပ်သည်အား ပုံကြီးချဲ့နေကြောင်း၊ ကလေးငယ်နှင့် ပြိုင်၍ ငြင်းခုံနေကြောင်း ပြောဆိုကြသေးသည်။
ထိုကလေးငယ်သည်ကား အဘွားအို၏အိမ်သို့ ရောက်ရှိလာချိန်တွင် သူ၏ အာရုံအား ဖမ်းစားနိုင်သည့်အရာမှာ အဘွားအိုမွေးမြူထားသည့် ကြက်များပင်ဖြစ်သည်။
ယခုအချိန်သည်က ကြက်မွေးရန် အသင့်တော်ဆုံးရာသီဖြစ်သည်။ အဘွားဖြစ်သူက သူ၏ မယာခင်းများတွင်းမှ မြေတစ်ကွက်အား ကြက်မွေးရန်အတွက် သီးသန့် ထား,ထားခဲ့သည်။
အဝါရောင် အမွှေးပွပွ ကြက်ပေါက်လေးများသည်က အင်မတန် ချစ်စရာကောင်းကာ ကလေးများအတွက်တော့ မျက်စိကျစရာပင်။
သို့သော် ဦးလေး၏မြေးမှာ ကြက်ပေါက်လေးများနှင့် ကြမ်းကြမ်းတမ်းတမ်း ဆော့ကစားတတ်သည်။ သူက ကြက်ကလေးများအား ခဲဖြင့်ထုသည်၊ လိုက်ဖမ်းသည်၊ ရံဖန်ရံခါ ခြေထောက်နှင့်ပင် တက်နင်းပစ်တတ်သည်။
သူရောက်လာသည့် နှစ်ရက်အတွင်း အဘွားအို၏ ကြက်ပေါက်လေး တစ်ဒါဇင်ကျော်လောက်က အသက်ဆုံးရှုံးခဲ့ရပြီဖြစ်သည်!
*