ပူးကပ်ခြင်း(1)
Vol. 21 Ch. 203
အဘွားဖြစ်သူမှာ စိတ်ညစ်သလို ဒေါသလဲထွက်ခဲ့ရသည်။ ကြက်ပေါက်လေးများ ဆိုးရွားစွာ သေဆုံးရခြင်းကြောင့်လည်း အင်မတန် စိတ်ဆင်းရဲခဲ့ရသည်။
သူမက ကလေးငယ်အား တားမြစ်ရန်လုပ်ချိန်တိုင်း မှီအောင် မလိုက်နိုင်ခဲ့ပေ။ သို့သော် သားဖြစ်သူနှင့် မြေးတို့ကတော့ အကြိမ်တိုင်း သူမအား ပျက်ရယ်ပြုကာ အဘွားအိုက မြစ်ဖြစ်သူအား ဆော့ကစားရန်အတွက် ကြက်ကလေးပင် မသထာဟု ပြောဆိုတတ်ကြသေးသည်။
ထိုကြက်လေးများသည်ကား ရောင်းချပြီး ငွေရှာရန်သာဖြစ်ပေသည်။ အဘွားအိုမှာ ကြက်ပေါက်လေးများ၏ အသားကို စားရမည်ကို ချီတုံချတုံ ဖြစ်နေခဲ့သော်လည်း သေကြေပျက်စီးသွားသော ကြက်လေးများအား ကောက်ယူကာ စွန့်ပစ်ရမည်ကိုလည်း တွေဝေနေခဲ့သည်။
အဆုံးတွင် အသားအား သန့်ရှင်းကာ နုတ်နုတ်စင်းလိုက်ပြီးနောက် ကြက်သားဆန်ပြုတ်သာ ချက်၍ သောက်လိုက်သည်။
ထိုကြက်လေးများသည်ကား နှိပ်စက်ခံရကာ သေဆုံးခဲ့ရသောကြောင့် အငြိုးအတေးရှိသည့် ‘ကြက်တစ္ဆေ’တစ်ကောင်က ရောက်ရှိနေခဲ့ပြီး အဘွားအိုကို ဝင်ပူးလာခဲ့မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း?
အစပိုင်းကတော့ သူမတွင် ဒဏ်ရာမရှိ၊ သို့သော် အိပ်ရာပေါ်တွင် လဲလျောင်းကာ ဗိုက်နာဝေဒနာ၊ နှာခေါင်းသွေးလျှံခြင်းနှင့် ခြောက်သွေ့သည့် မျက်လုံးများဖြင့် ညည်းညူနေခဲ့ရှာသည်။
နှစ်ရက်အတွင်းမှာပင် သူမ ပိန်ခြုံးသွားခဲ့သည်။
ဦးလေးဖြစ်သူက ဆေးရုံသို့ခေါ်သွားခဲ့သော်လည်း ပြဿနာအား ရှာမတွေ့ခဲ့ပေ။ ရွာမှ နတ်ဝင်သည်ဖြင့် စစ်ဆေးကြည့်လိုက်ချိန်တွင်တော့ ပြဿနာ၏ အရင်းအမြစ်မှာ ‘ကြက်တစ္ဆေ’ဖြစ်ကြောင်း သိလိုက်ရသည်။
ဦးလေးတို့ မိသားစုလည်း ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
သူတို့၏အပြစ်သိနေသည့် မိသားစုသည်က အခြားဆွေမျိုးများအား မပြောရဲခဲ့ပေ။ သို့သော် သူတို့တွင် ဖြေရှင်းနိုင်သည့် နည်းလမ်းဟူ၍လည်း မရှိခဲ့ပေ။
နောက်တွင်တော့ မြွေပါမသေမျိုးက အဘွားအိုအား ဝင်ပူးကာ ပြဿနာရှာနေသည့် ‘ကြက်တစ္ဆေ’ကို ဖိနှိပ်၍ အဘွားအို၏ ခန္ဓာကိုယ်အား အသုံးပြုကာ အသက်စွမ်းအင် ပြန်လည်စုဆောင်းရန်နှင့် ဦးလေးမိသားစုအား နှိပ်စက်နေခဲ့သည်။
မြွေပါ မသေမျိုးက ဆံပင်အား သိမ်းလိုက်ရင်း နှာခေါင်းရှုံ့သည်။
“နင့်ဦးလေးတို့ မိသားစုက ငါ လူမဟုတ်တာကို သိတယ်လေ၊ အဲဒါကြောင့် သူတို့အပြစ်ကိုသူတို့သိပြီး ကြောက်နေတာပေါ့၊ မဟုတ်ရင် ဒီအဘွားကြီးလုပ်သမျှကို ငြိမ်ခံနေလိမ့်မယ်များ ထင်နေလား?”
အဘွားအိုသည်ကား သားဖြစ်သူအား မွေးဖွားချိန်မှ တစ်သက်လုံး ကျွေးမွေးစောင့်ရှောက်ခဲ့သော်လည်း ကျေးဇူးမသိတတ်သည့် သားကတော့ အမေဖြစ်သူ နာမကျန်းဖြစ်နေသည်ကိုပင် မိသားစုအား ပြောမပြနိုင်ခဲ့ပေ။
သူတို့မိသားစု လုပ်ရပ်များ ပေါ်မည်၊ ဆွေမျိုးများက အပြစ်တင်မည်ကိုသာ ထိတ်လန့်နေခဲ့ကြသည်။
အဘွားအိုအား ကယ်တင်ခဲ့သူမှာ အနီးအနားတွင် တရားကျင့်ကြံနေခဲ့သည့် ဆွေမတော်၊မျိုးမစပ် မြွေပါတစ်ကောင်သာ ဖြစ်သည်။
ကယ်တင်ရသည့် အကြောင်းရင်းမှာလည်း လွန်ခဲ့သည့်နှစ်နှစ်ခန့်က အဘွားအိုက နှစ်သစ်ကူးပွဲတော်တွင် သူ့အတွက် ကြက်တစ်ကောင် ချန်ထားပေးခဲ့ခြင်းကြောင့်ပင်။
မြွေပါမသေမျိုး ဝင်ပူးရခြင်း၏ အကြောင်းစုံအား သိရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး ပွက်ညံသွားခဲ့သည်။
[အဲဒါက တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနော်၊ ကလေးက ငယ်သေးလို့ မသိသေးပါဘူးလို့ မပြောနဲ့၊ အသက်က လေးနှစ်တောင်ရှိနေပြီ၊ အဲဒီအရွယ်တည်းက သေသေချာချာသင်ပြ ဆုံးမ မထားကြဘူးလား?
မိဘတွေက ကလေးတွေကို ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာ သင်မပေးလို့ကတော့ ကြီးလာရင် ဒုက္ခကြီးကြီးတွေ့မှာပဲ!]
[အဘွားက အသားကို ဘယ်တုန်းကမှ မစားချင်ရှာဘူး၊ ဒါပေမယ့် တက်နင်းခံလိုက်ရပြီး သေသွားတဲ့ ကြက်လေးတွေကို ဟင်းစားလုပ်လိုက်ရတယ်၊
ငါ တကယ် မျက်ရည်တောက်တောက်ကျမိတယ်၊ သနားစရာကောင်းလိုက်တဲ့အဘွားပဲ၊ သူ့အပြစ်လည်း မဟုတ်ပါဘဲနဲ့ ကျေးဇူးမသိတတ်တဲ့ မိသားစုကြောင့် အသက်ဆုံးရတော့မလို့]
[အဲဒီလို မသိတတ်တဲ့ သားက အပြစ်ပေးခံရမှာမဟုတ်ဘူးလား? သက်ကြီးရွယ်အိုတွေရဲ့ စုဆောင်းငွေတွေကို သုံးရဲတဲ့ကောင်တွေက တော်တော်လေးကို မျက်နှာပြောင်တဲ့ဟာတွေပဲ၊ သူတို့က တိရိစ္ဆာန်တစ်ကောင်လောက်တောင် ကျေးဇူးမသိတတ်ဘူး]
[လက်စားချေချင်တယ်ဆိုရင်လည်း လူတော့ မှန်အောင် ရွေးသင့်ပါတယ်၊ အဲဒီဝိဉာဉ်က ကြက်လေးတွေကို ဝေဒနာခံစားရအောင်လုပ်တဲ့ ကလေးဆိုးကိုပဲ နည်းနည်းလောက် နောင်ကျဉ်သွားအောင် ပညာပေးရမှာမဟုတ်ဘူးလား?
ရိုးသားတဲ့ အဘွားကို မဟုတ်ဘူးလေ၊ ဒီကြက်တစ္ဆေက တကယ်ကိုများ ဘယ်လို အစောင့်အရှောက်ဝိဉာဉ်များလဲ?]
[……]
ကြောင်ကဖေး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး တုန်ရီနေခဲ့သည်။
“ဘာလို့များ ဒီလိုလုပ်နိုင်ရတာလဲ!?”
ဦးလေးတို့မိသားစုသည်ကား တခြားမိသားစုဝင်များထံမှ အပြစ်တင်ခံရမည်ကို စိုးရိမ်သောကြောင့် အဘွားဖြစ်သူ၏ အခြေအနေအမှန်ကို ဖုံးကွယ်ထားခဲ့သည်။
ထိုအရာသည်က ကုသမှုအား ပို၍ နှောင့်နှေးစေမည်မဟုတ်ပါလော?
အကယ်၍သာ ‘မြွေပါမသေမျိုး’သာ အဘွားအိုထံမှ ဂရုစိုက်မှုမရခဲ့ပါလျှင်၊ ‘ကြက်တစ္ဆေ’အား ဖိနှိပ်နိုင်ရန်အတွက် အဘွားအိုအား ဝင်မပူးခဲ့ပါလျှင်? သူတို့အနေဖြင့် အဘွားဖြစ်သူ၏ အခြေအနေ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာသည်ကို ထိုင်ကြည့်နေကြမည်လော?
‘ကြောင်ကဖေး’မှာ ယခုအဖြစ်အပျက်အား မည်သို့ပင် တွေးကြည့်ပါစေ၊ လက်မခံနိုင်ခဲ့ပေ။
အဘွားအား ယခုလိုဖြစ်အောင် လုပ်သူမှာလည်း အခြားသူမဟုတ်၊ သူမ၏ သွေးဖြင့် ကိုယ်တိုင်မွေးခဲ့ရသည့် သားအရင်းဖြစ်နေခဲ့သည်!
အဘွားအိုအား ဝင်ပူးထားသည့် မြွေပါမသေမျိုးကတော့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း ပါးစပ်ကို ဖုံးကာ ပြောလိုက်သည်။
“နင်တို့ မျိုးဆက်သစ်တွေက ပြောတော့ဖြင့် အဘိုးအဘွားတွေအပေါ်မှာ သိတတ်ပါမယ်ဆို? နောက်ဆုံးကျရင်တော့ ဘာဖြစ်သွားလဲသိလား?
ဘယ်သူမှ ဒီအဘွားကြီးအိုကို ဂရုမစိုက်ကြဘူး? နင်လည်း သူမရဲ့သားအငယ်ဆုံး နင့်ဦးလေးက ငပျင်းဆိုတာကို မသိတာလဲမဟုတ်ဘူး၊
ဒီမိသားစုက ဒီအဘွားကြီးကို သေချာဂရုစိုက်မယ်လို့ တကယ်ယုံကြည်ကြတယ်ပေါ့? ငါတော့ မထင်ဘူး”
“နင်တို့သာ နင်တို့ပြောသလို သိတတ်လှပါပြီဆိုရင် ဘာလို့ ဒီအဘွားကို ခေါ်မသွားကြတာလဲ?”
မြွေပါမသေမျိုးသည်ကား လယ်သမားများ၏ ယာခင်းများတွင် လှည့်ပတ်သွားလာနေခဲ့သူဖြစ်ကာ ဤရွာမှ လူအများအပြားထက်လည်း အသက်အရွယ်အားဖြင့် ကြီးမြင့်သည်။
လယ်သမားတိုင်းကို သိထားသလို မိသားစုတိုင်း၏ လျှို့ဝှက်ချက်ကိုလည်း သူမ အကုန်သိသည်။
မည်သူသည်က မည်သူနှင့် ဖောက်ပြန်နေသည်။ မည်သည့်ယောကျ်ားက မည်သည့်နေရာတွင် ဖောက်ပြန်နေသည်။ မည်သူက လောင်းကစားလုပ်ရင်း အိမ်ကိုပေါင်ထားရသည် စသည်တို့ကို သူမ အားလုံးသိသည်။
ကြောင်ကဖေး၏ အဘွား ဤအမျိုးသမီးကိုလည်း သူမ အိမ်ထောင်ကျချိန်၊ ကလေးရချိန်၊ မြေးချီရချိန်မှအစ မြစ်ရသည်အထိ သူမ စောင့်ကြည့်ခဲ့သည်။
ကြောင်ကဖေးအား သူမ ပြောမပြခဲ့သည့်အချက်တစ်ခုမှာ သူမနှင့် အဘွားအိုကြားမှ ဆက်ဆံရေးသည်ကား အချိန်ကြာမြင့်လှပြီ ဖြစ်သည်။
အမျိုးသမီးကြီးသည်ကား ဤရွာသို့ လင်သားနောက်သို့ လာပါခဲ့သည့် ချွေးမငယ်ဘဝတွင် မြွေပါမသေမျိုးက လူများအား ဝင်မပူးနိုင်သေးသလို လူစကားလည်း မပြောဆိုနိုင်သေးပေ။
သူမက သူမ၏ အသိစိတ်ပင်လယ်ပြင်အား ဖွင့်ကာစအချိန်၊ ဝိဉာဉ်စွမ်းအင်များဖြင့် စတင် ကျင့်ကြံချိန်သာနေသေးဖြစ်သည်။
မင်္ဂလာဦးညတွင် သူ့အနေဖြင့် ထိုမိသားစု၏ မီးဖိုချောင်ထဲမှ ကြက်ကင် အကြွင်းအကျန်များအား ခိုးစားခဲ့မိသည်။ ရလဒ်မှာတော့ သူ၏ နောက်ခြေထောက်နှစ်ဖက်က ကြွက်ထောင်ချောက်ထဲတွင် ဖမ်းမိသွားကာ မီးဖိုထဲမှ အိုးခွက်များလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
အိမ်ဦးရှင်ယောကျ်ားက ဆူညံသံများ ကြားရချိန်တွင် အိမ်အား သူခိုးကပ်သည်ဟု ထင်မိသွားသောကြောင့် ချက်ချင်း ပြေးလာခဲ့သည်။
ခြေထောက်ဒဏ်ရာရနေသည့် မြွေပါငယ်လေးအား မြင်လိုက်ရချိန်တွင် သူက ဟင်းချက်ဓားတစ်လက်ကို ဆွဲ၍ ခုတ်ထစ်ရန် ပြင်တော့သည်။
ထိုအခိုက်တွင် အနီရောင်ဝတ်စုံအား ဝတ်ဆင်ထားဆဲဖြစ်သည့် သတို့သမီးငယ်မှ သူ့အား တားမြစ်ခဲ့သည်။
“မြွေပါမသေမျိုးက ဝိဉာဉ်နယ်မြေကလေ၊ သူ့ကို စားစရာ အကြွင်းအကျန်လေး ပေးလိုက်ပါ၊ အော်ဖို့လည်း မလိုသလို သတ်လည်း သတ်မပစ်ပါနဲ့၊ ဒါမှ သူတို့က လက်စားပြန်လာ မချေမှာ…”
အိမ်ဦးရှင်ယောင်္ကျား ငြင်းဆိုသည်။
“မြွေပါမသေမျိုး ဟုတ်လား? အဲဒါတွေက အလကားစကားတွေပဲ၊ သူတို့က ဒီတိုင်း အဝါရောင်ကြွက်တွေချည်းပဲ၊ အရေဆုတ်လိုက်မယ် ဆိုရင် လက်အိတ်လုပ်လို့ရတယ်”
နောက်ဆုံးအချိန်ထိ သတို့သမီးလေးက ခင်ပွန်းသည်အား ထပ်ခါထပ်ခါ နားချခဲ့သည်။
သူမက နာကျင်မှုကြောင့် တုန်ရီနေသည့် မြွေပါငယ်အား ထောင်ချောက်မှ ဖြုတ်ပေးလိုက်ပြီးနောက် ဂုတ်ပိုးမှဆွဲကာ အိမ်နောက်ဖေးတွင် ပြန်လွှတ်ပေးခဲ့သည်။ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူမက ကြက်ကင်တစ်ခြမ်းကိုပါ မြွေပါငယ်၏ ခြေထောက်နားတွင် ထားကာ တီးတိုးပြောရှာသည်။
‘ဒီနေ့က ငါ့အတွက်တော့ အရေးကြီးတဲ့နေ့လေ၊ မင်းကို တစ်နပ်ကျွေးတယ်လို့ပဲ သဘောထားလိုက် ဟုတ်ပြီလား? မင်းက ဝိဉာဉ်စွမ်းအင် ရှိတယ်ဆိုရင် ဒါကို ယူပြီး သွားတော့နော်၊
အစကတော့ မင်းခိုးစားတာ မိတာနဲ့ ယောင်္ကျားက မင်းကို ရိုက်သတ်တော့မလို့ လုပ်နေတာ၊ ဒါပေမဲ့ ငါသူ့ကို တားလိုက်တယ်၊ မင်း ငါ့ရဲ့ ကြင်နာမှုကို မှတ်မိနိုင်တယ်ဆိုရင် သူ့ကို လက်စားချေတာမျိုး၊ ရန်ပြုတာမျိုးတွေ မလုပ်နဲ့တော့နော်…’
မြွေပါမသေမျိုးလေးက သွားဖြဲပြကာ သတို့သမီးလေးဆီသို့ အော်ဟစ်သံပေးလိုက်သည်။ ထို့နောက် ကြက်ကင်အား ပါးစပ်တွင် ကိုက်ချီ၍ လယ်ကွင်းထဲသို့ ထော့နဲ့ထော့နဲ့ဖြင့် ဝင်သွားခဲ့သည်။
နောက်ပိုင်းတွင်တော့ ရံဖန်ရံခါ ရွာမှ ဖြတ်သွားဖြတ်လာရှိချိန်တိုင်းတွင် ထိုအမျိုးသမီးငယ်လေးတစ်ဦးတည်း အိမ်တွင် ထမင်းဟင်းချက်ပြုတ်သည်၊ ကြက်မွေးသည်၊ လယ်စိုက်နေသည်များကို မြင်တွေ့ခဲ့ရသည်။
သူမ၏ ခင်ပွန်းသည်က ဒေါသကြီးသူဖြစ်သော်လည်း သူမကတော့ မည်မျှ ဆဲဆိုခံနေပါစေ၊ မျက်နှာတစ်ချက် မပျက်ခဲ့ပေ။ အေးဆေးစွာပင် ခင်ပွန်းသည်အား ဂရုစိုက်ပေးခဲ့သည်။
မြွေပါမသေမျိုးစိတ်တွင်တော့ ဤအမျိုးသမီးငယ်သည်က ပျော့ညံ့လွန်းသည်ဟုသာ တွေးမိသည်။
သူ့ကိုသာ ထိုကဲ့သို့ တစ်စုံတစ်ယောက်က အော်ဟစ်ဆူပူခဲ့ပါလျှင် ထိုလူအား ကိုက်သတ်ပစ်လိမ့်မည်ဟုတွေးခဲ့သည်။
နောက်ပိုင်းတွင်တော့ အမျိုးသမီးငယ်လေးက ကလေးငယ်များကို မွေးဖွားခဲ့ပြီး ခင်ပွန်းသည်ကတော့ နာမကျန်းဖြစ်ကာ ဆုံးပါးသွားခဲ့သည်။
ထိုအမျိုးသမီးက ကလေးငယ်များအား ပင်ပန်းဆင်းရဲကြီးစွာ ပြုစုပျိုးထောင်ခဲ့သည်။ အမျိုးသမီးငယ်လေးဘဝမှ အဘွားအိုတစ်ဦးဘဝရောက်လာချိန်တွင် သူမ၏ အသားအရည်သည်လည်းတင်းတင်းရင်းရင်းဖြင့် သန့်စင်မှုမရှိတော့။ ပါးရေနားရေတွန့်ကာ အစက်အပြောက်များ ပေါ်လာခဲ့သည်။
သူမ မွေးဖွားခဲ့သည့် တချို့ကလေးငယ်များမှာ စည်းကမ်းမရှိကြ။ သူတို့ထဲတွင် အငယ်ဆုံးသားသည် ရွာထဲတွင် နာမည်ကြီး လူမိုက်ဖြစ်သည်။
မြွေပါမသေမျိုးသည်ကား အစကတော့ ဤအမျိုးသမီးနှင့် သူ၏ ကြားမှ ဆက်ဆံရေးသည် သည်ဘဝ၊သည်မျှသာဟု တွေးခဲ့မိသည်။
သူသည် အသက်ရှည်ရှည်ဖြင့် တောက်ဓမ္မပညာအား လေ့လာကျင့်ကြံကာ မသေမျိုးအစစ် ဖြစ်လာပေတော့မည်။
ဤသာမန်အမျိုးသမီးမှာတော့ သာမန်ဘဝမျိုးသာ နေထိုင်ရပြီး ဒဏ်ရာများ၊ ပင်ပန်းဆင်းရဲမှုများနှင့်သာ မြှုပ်နှံခံလိုက်ရမည် ဖြစ်သည်။
*