← Chapters

ပူးကပ်ခြင်း (2)

Vol. 21 Ch. 204

ပူးကပ်ခြင်း (2)

Vol. 21 Ch. 204

တစ်နေ့တွင် မြွေပါမသေမျိုးက သူမအိမ်အနီးမှ လယ်ကြွက်တစ်ကောင်အား ဖမ်းဆီးကိုက်ဖြတ်ကာ ပါးစပ်တွင် ချီ၍ သူ၏ နေထိုင်ရာတွင်းထဲသို့ ပြန်ယူလာခဲ့သည်။ အပြန်လမ်းတွင် တောင်ပေါ်သို့ မှိုကောက်ရန်လာသည့် အဘွားအိုဖြင့် ဆုံခဲ့ရသည်။

အဘွားအိုသည် သူ့အား မြင်လိုက်ရချိန်တွင် အင်မတန် ပျော်ရွှင်ကာ သူမ ပါးစပ်မှလည်း ခွေးတစ်ကောင်အား ခေါ်နေသည့်အလား ‘ကျွစ်ကျွစ်’ အသံများ ထုတ်လွှတ်လာခဲ့သည်။

မြွေပါမသေမျိုးလည်း လမ်းတွင်ရပ်ကာ ဤအဘွားကြီးအို မည်သည့်အရာကို လုပ်ချင်နေသည်ကို စောင့်ကြည့်လိုက်သည်

မမျှော်လင့်ထားစွာပင် အဘွားအိုသည် သူ့အား မှတ်မိနေခဲ့သည်။

‘မင်းလည်း ဝိဉာဉ်ဆိုင်ရာနယ်မြေကလား? ငါ အရင်နှစ်နှစ်ဆယ်လောက်က မင်းလိုပဲ မသေမျိုးမြွေပါလေးတစ်ကောင် မြင်ဖူးတယ်၊ သူ့အမြီးထိပ်လေးမှာ အဖြူရောင်အမွှေးလေးတွေနဲ့လေ။ မင်းက သူ့ရဲ့ မျိုးဆက်များလား?’

မြွေပါ မသေမျိုး နှာခေါင်းရှုံ့လိုက်ကာ ကြွက်ကြီးအား နှုတ်တွင်ချီ၍ သူ့နေရာသို့ ပြန်လာခဲ့သည်။

သို့သော် ထိုနှစ်၏ နှစ်သစ်ကူးပွဲတော်အချိန်တွင် သူသည်ကား ခြေထောက်ဒဏ်ရာရကာ သေမလိုဖြစ်ခဲ့ဖူးသည့် ထိုအိမ်လေးသို့ တစ်ကြိမ်ပြန်ရောက်လာခဲ့သည်။

ယခုအချိန်တွင်တော့ လွန်ခဲ့သည့်အချိန်ကာလက သတို့သမီးငယ်လေးမှာ အိမ်တွင် အသက်အကြီးဆုံးဖြစ်ကာ ကြက်များအား စီမံနိုင်ခွင့်ရှိနေခဲ့ပြီ။

ထိုအချိန်မှ စ၍ နှစ်စဉ်နှစ်တိုင်း မြွေပါမသေမျိုးသည် မိသားစု၏ ကြက်ခြံသို့ အလည်လာကာ အဝဖြိုးဆုံးကြက်အား ရွေးချယ်တတ်သည်။

ယခင်က လူမိုက်သားငယ်ကတော့ ယခုအချိန်တွင်တော့ ရွာ၏ နာမည်ကြီးလူပျင်းဖြစ်လာခဲ့သည်။

ရွာထဲတွင် တစ်နေကုန် မာကျောက်ကစားခြင်းသည်သာ သူ၏ တစ်ခုတည်းသော ‘အလုပ်’ဖြစ်သည်။

ထိုသားဖြစ်သူက အဘွားအို၏ အိမ်သို့ မကြာခဏ ပြုံးဖြဲဖြဲဖြင့် ရောက်လာကာ အသက်၇၀ အမေအို၏ ချွေးနှဲစာအား လက်ဖြန့်တောင်းလေ့ရှိသည်။

အဘွားအိုကလည်း လာတိုင်း ငွေပေးရစမြဲပင်။

သူမ အမှိုက်ကောက်၊ ယာစိုက်၍ ရှာဖွေထားရသော ငွေကြေးများသည်က မသိတတ်သော သား၏ လက်ချက်ဖြင့် လောင်းကစားဝိုင်းတွင်းမှ လျော်ကြေးဖြစ်သွားရရှာသည်။

မြွေပါမသေမျိုးသည်ကား မပြောင်းလဲနိုင်သော လူ့သဘာဝအား မုန်းတီးမိသည်။ သို့သော် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည်က လူသားများ၏ ကိစ္စများတွင် ဝင်၍ မစွက်ဖက်နိုင်ပေ။

မဟုတ်ပါက သူ၏ ကျင့်ကြံမှု ပျက်စီးမည်ဖြစ်သည်။

အဘွားအိုက ‘ကြက်တစ္ဆေ’၏ ပြုစားခြင်းခံရကာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အူလမ်းကြောင်းပိုးဝင်ခြင်းတို့ ခံစားနေချိန်မှသာလျှင် ‘ကြက်တစ္ဆေ’အား ဖိနှိပ်ထားနိုင်ရန် သူမ အဘွားအို၏ ခန္ဓာကိုယ်အား ဝင်ပူးခဲ့သည်။

အဘွားအို၏ ဒုက္ခများအား မကြည့်ရက်တော့သည့် မြွေပါမသေမျိုးက မသိတတ်သည့် သားဖြစ်သူနှင့် မိသားစုအား ပညာပြနေခဲ့သည်။

အဘွားအို၏ မြေးဖြစ်သူကို မြင်ရချိန်တွင်လည်း သူမ စိတ်ဆိုးဟန်မပေါ်ခဲ့ပေ။

မသေမျိုးမြွေပါ၏ ဆူပူခြင်းခံရပြီးနောက် ‘ကြောင်ကဖေး’ ဒေါသအလျဉ်းမရှိပေ။

သူမ အနည်းငယ် စိတ်လေးလံသွားရသည်။ ‘မြွေပါမသေမျိုး’၏ စကားများသည် အဓိပ္ပာယ်ရှိလှသည်။

သူမ အဘွားဖြစ်သူက ဖခင်အပါအဝင်  သားသမီး ၇ဦးဖွားမြင်ခဲ့သည်။ သူတို့အားလုံး မြို့ပြတွင် နေထိုင်ကြသော်လည်း မည်သူမှ အဘွားဖြစ်သူအား မြို့သို့ခေါ်၍ ထားရန် စိတ်မကူးခဲ့ကြပေ။

အဘွားဖြစ်သူသည်လည်း မြို့ပြသို့ လိုက်ရန် စိတ်မကူးခဲ့ပေ။

အကြောင်းရင်းမှာ မြို့ပြတွင် ကုန်ဈေးနှုန်းမြင့်သည့်အတွက်  သားသမီးများ ငွေကြေးအကျပ်အတည်း ဖြစ်မည်အား စိုးရိမ်သောကြောင့်ပင်…

သို့သော် သူတို့သည်က ဤပြဿနာအား အလွယ်တကူ ခေါင်းရှောင်ချင်ခဲ့ကြသည်။ အဘွားအိုအား ငွေကြေးအနည်းငယ် ပေးရုံဖြင့် ထောက်ပံ့သည်ဟု ထင်ခဲ့ကြသည်။

အကြာကြီးစဉ်းစားနေပြီးနောက် ‘ကြောင်ကဖေး’ ညင်သာစွာ ပြောလိုက်သည်။

“ရှင်ပြောတာမှန်ပါတယ်၊ ကျွန်မ ဒီပြဿနာဖြေရှင်းပြီးသွားရင် အဘွားကို ခေါ်သွားတော့မယ်၊ ကျေးဇူးလည်း အများကြီးတင်ပါတယ်၊ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မအဘွားတော့….”

ထိုအချိန်တွင် အိမ်အို၏ ပြင်ပမှ ဆူညံသံများနှင့်အတူ အမျိုးသမီးတစ်ဦး၏ အော်ဟစ်ငိုယိုသံ ထွက်ပေါ်လာခဲ့သည်။

“အမယ်လေး ဘုရားရေ..ကျွန်မတို့က အမေ့ကို ဂရုမစိုက်ဘူးတဲ့လား? ကျွန်မ သူမကို နှစ်ရက်တစ်ခါ လာတွေ့ပါတယ်….”

‘ကြောင်ကဖေး’လည်း ဆူညံသံကြောင့် အိမ်အပြင်ထွက်လာခဲ့ချိန်တွင် ရွာသားများတစ်စု သူမတို့နေအိမ်သို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

အများကြားတွင် ဆူညံစွာ အော်ငိုနေသည့် အရပ်ပုပု၊ ခပ်ဝဝ အမျိုးသမီးသည် အရှေ့ခြမ်းကိုတော့ သူတို့ ဘယ်လောက် သိတတ်ကြောင်း၊ အနောက်ခြမ်းကိုတော့ သူတို့အပေါ် မတရားစွပ်စွဲခံရကြောင်း အော်ဟစ်ပြောဆိုနေခဲ့သည်။

သူမ၏ နောက်မှ အော်ဟစ်ကာ သံယောင်လိုက်နေသူမှာတော့ ဦးလေးငယ်သာဖြစ်သည်။

‘ကြောင်ကဖေး’အား မြင်ရပြီးနောက် အမျိုးသမီးကြီးမှ အစပြု၍ သူမအား လက်ညိုးငေါက်ငေါက်ထိုးကာ အော်ဟစ်တော့သည်။

“လေးယောက်မြောက်တူမလေး၊ နင်က ဘယ်လိုလုပ်ပြီး ဦးလေးနဲ့အဒေါ်အကြောင်း မဟုတ်တာတွေ ပြောနိုင်ရတာလဲ?

ငါတို့ အငယ်ဆုံးမိသားစုက အမေ့အတွက်မကောင်းဘူးလို့ နင်တို့မို့ ပြောရဲတယ်၊ နင် ငါတို့ တစ်မိသားစုလုံးကို သတ်နေတာလား?!”

ဝမ်းကွဲဖြစ်သူကလည်း ရုပ်တည်ဖြင့် ပြောပြန်သည်။

“နင် တော်တော် အရှက်မရှိတာပဲ၊ မင်က စကားလေးပဲ ပြောတတ်တယ်၊ နင်ကလေးတုန်းက ချိုချဉ်ဝယ်စားရအောင် ပိုက်ဆံ ပေးခဲ့မိတာတောင် ရှက်ဖို့ကောင်းတယ်လို့တွေးမိနေပြီ!”

မည်သည့်အရာများ ဖြစ်သွားမှန်း မသိခင်မှာပင် ‘ကြောင်ကဖေး’တစ်ယောက် မိသားစုတစ်ခုလုံး၏ ဆူပူကြိမ်းမောင်းခံလိုက်ရသည်။

သူမ အံ့ဩလွန်း၍ စကားပင်မပြောနိုင်တော့ပေ။ တစ်ရွာလုံးတွင် ဝိဉာဉ်ရေးရာအစီအစဉ်အား တစ်ဦးတည်းသော ကြည့်ရှုသူဖြစ်သည့် အဘွားအို စကားပြောလိုက်ချိန်မှ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားသည်။

“ရှောင်စစ် မင်း တီဗီမှာ ကုတောက်ကျန့်နဲ့ စကားပြောနေတာလား? အိုး..ဟဲ့ နင်တို့ ကြားကြရဲ့လား? ငါ့အသံက ဖုန်းထဲကနေ ထွက်လာနေတယ်တ! ငါတို့ တီဗီမှာ ပါနေတာလား.. ဟင် ဟုတ်လား?”

‘ဝိဉာဉ်ရေးရာ’အစီအစဉ် နာမည်ကြီးလာသည်နှင့်အမျှ နယ်ဘက်မှ အသက်ကြီးပိုင်းနှင့် သက်လတ်ပိုင်းအရွယ်များကြားတွင် ပို၍ ကျော်ကြားလာခဲ့သည်။

ဘယ်မြို့၊ဘယ်ရွာ၊ ဘယ်တိုင်းပြည်မှာ နတ်ဘုရားများ၊ နတ်ဝင်သည်များနှင့် သဘာဝလွန်ပုံပြင်တွေ မရှိနေလို့လဲ?

ထို့အပြင် ပြိုင်ပွဲ၏ ကိစ္စများသည်က မိသားစုကိစ္စများဖြင့် ရောထွေးနေသောကြောင့် အချစ်ရေးဇာတ်ကားများထက်ပင် ပို၍ စိတ်ဝင်စားစရာကောင်းသေးသည်။

လူကြီးပိုင်းအများစုသည်ကား  တိုက်ရိုက်ထုတ်လွှင့်မှုအား မည်သို့ ကြည့်ရမည်အား နားမလည်သောကြောင့် ပရိုဂရမ်၏ တည်းဖြတ်ထားသော အပိုင်းများအားကိုသာ ကြည့်တတ်ကြသည်။

သို့သော် တချို့ ကျွမ်းကျင်သည့် လူကြီးများကတော့ မိုဘိုင်းဖုန်းများနှင့် အလွယ်တကူ ကြည့်ရှုနိုင်ကြသည်။ ဤအဘွားသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအား ဖုန်းဖြင့် ကြည့်နေသူတစ်ဦးဖြစ်သည်။

သူမသည်ကား ဆဌမမြောက်အပိုင်းအား တိုက်ရိုက်ကြည့်ရှုနေခြင်းပင်။

သူမ ကြည့်ရှုနေချိန်တွင် တစ်ရွာတည်းမှ အဘွားအိုတစ်ဦးက မျက်နှာပြင်တွင် ပေါ်လာခဲ့သည်။

ထိုသို့ မြင်တွေ့လိုက်ရခြင်းကြောင့် သူမလည်း ဝမ်းပန်းတသာဖြင့် တစ်ခြားသူများကိုပါ ခေါ်၍ ကြည့်ရှုစေခဲ့သည်။

ဆယ်မိနစ်ပင် မကြာလိုက်၊ ရွာတစ်ဝက်ခန့်သည် အဘွားအို၏ သားငယ်မိသားစု ဆိုးသွမ်းမှုကြောင့် အဘွားအို ဒုက္ခရောက်ရကြောင်း၊ သူမသည် ‘ကြက်တစ္ဆေ’၏ ပြုစားခြင်းခံထားရကြောင်း သိရှိသွားကြသည်!

ထိုအချိန်တွင် ကြောင်ကဖေး၏ ဦးလေးသည်ကား လမ်းဘေးတွင် မာကျောက်ကစားနေခဲ့ပြီး ရုတ်တရက် မိန်းမအိုတစ်သိုက်၏ ဝိုင်းဝန်းအပြစ်တင်ခြင်းကို ခံလိုက်ရသည်။

သူ၏လုပ်ရပ်များသည်က လွန်,လွန်းကြောင်း၊ မိခင်အား ထိခိုက်စေသည့်အပြင် ကူညီရန်ပါ ငြင်းဆိုနေကြောင်း ဆူပူကြိမ်းမောင်းခံခဲ့ရသည်။

ဦးလေးဖြစ်သူလည်း အကြောင်းစုံသိရပြီးနောက် ကြောက်လန့်တုန်လှုပ်သွားခဲ့လေသည်။ တူမဖြစ်သူ၏ လက်ချက်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် အိမ်သို့အမြန်ပြန်ကာ မိန်းမဖြစ်သူနှင့် တိုင်ပင်ခဲ့သည်။

တစ်မိသားစုလုံး ခေါင်းချင်းဆိုင်ဆွေးနွေးလိုက်ပြီးနောက် အပြစ်အား လုံးဝ ဝန်မခံရန် သဘောတူခဲ့ကြသည်။

ယခုအချိန်တွင် တစ်နိုင်ငံလုံးက သူတို့အား စောင့်ကြည့်နေခဲ့သည်။

ကျူးလွန်ထားသည့် အပြစ်များ ပေါ်သွားခဲ့ပါက နောင်အနာဂတ်တွင် ဤရွာ၌ မည်သို့ မျက်နှာဖြင့် ဆက်လက်နေထိုင်ရပါမည်နည်း?!

သူတို့၏ အဖိုးတန်မြေးလေးပင် အပြစ်တင်ခံရမည်ဖြစ်သည်။

ယခုလေးတင် အင်တာနက်ပေါ်မှ လူအများအပြားသည်က မြေးငယ်အား ကလေးဆိုးဟု ခေါ်ဝေါ်နေကြသည်မဟုတ်ပါလော?

ထို့ကြောင့် သူတို့နှစ်ဦးလုံး မတရားစွပ်စွဲခံရကြောင်း၊ တူမဖြစ်သူသည်သာ လိမ်ညာပြောဆိုနေခြင်းဖြစ်ကြောင်း အော်ဟစ်ခဲ့ကြသည်။

သို့သော် ရွာသားများကတော့ မယုံကြည်ကြပေ။ ထို့အပြင် သူတို့သည်ကား တီဗီတွင်လည်း ပါချင်သေးသောကြောင့် ဦးလေးနှင့် အဒေါ်တို့အား အဘွားအို၏ အိမ်သို့ ‘ကြောင်ကဖေး’နှင့် မျက်နှာချင်းဆိုင်ရှင်းရန် ခေါ်လာခဲ့ကြသည်။

လင်မယားနှစ်ယောက်လည်း ကျွံသည့်စကား ပြန်နှုတ်မရသောကြောင့် ရွေးချယ်စရာမရှိပဲ လိုက်လာခဲ့ရလေသည်။

ဖြစ်ကြောင်းကုန်စင်သိပြီးဖြစ်သော ‘ကြောင်ကဖေး’လည်း ဒေါသတကြီးဖြင့် ပြောလိုက်မိသည်။

“ဦးလေး၊ အန်တီ၊ မဟုတ်ရင်တောင် ကျွန်မ လာရှာတော့မလို့ပဲ၊ အခု ရောက်လာတော့ အဆင်သင့်သွားတာပေါ့၊ အဘွားက ဟင်းရွက်ခင်းထဲလဲတယ်ဆိုပြီး ဦးလေးတို့ပြောခဲ့တာလေ

အခုကျတော့ အဖြစ်မှန်က အဲဒီစကားအတိုင်း မဟုတ်ပါလား? သူက ကျွန်မကို အကုန်ပြောပြပြီးသွားပြီ!”

“နင့်အဘွားက မကောင်းဆိုးဝါးဝင်ပူးခံထားရတာလေ၊ ဒါတောင် ညည်းက သူ့စကားယုံရဲတယ်ပေါ့?

ညည်း ဦးနှောက်ရော ရှိရဲ့လား ဟမ်? ကလေးမ.. ညည်း တောင်ကိုလက်ညိုးထိုး၊ မြောက်ကိုလက်ညိုးထိုး လုပ်မနေစမ်းပါနဲ့၊ အဲဒီ မြွေပါမသေမျိုးဆိုတာက လူယုတ်မာအစစ်ပဲ၊

သူက ညည်းအဘွားခန္ဓာကိုယ်ကို အပိုင်သိမ်းချင်နေတာဟဲ့!”

အဒေါ်ဖြစ်သူသည်ကား ရင်ထုမနာဖြစ်ရသည့်ဟန်ဖြင့် အော်ဟစ်နေခဲ့သည်။

“ပြီးတော့ နင်တို့ရဲ့ တခြားဦးလေးတွေ အဒေါ်တွေက ငါတို့ထက်တောင် ချမ်းသာပါသေးတယ်၊ နင်တို့အကုန်လုံးကျတော့ မြို့ပေါ်မှာ အိမ်ကြီးရာကြီးတွေနဲ့ နေတယ်၊

ငါတို့အမေကတော့ ငါ့ယောင်္ကျားကပဲ ပြုစုဂရုစိုက်ပေးနေရတယ်၊ နေ့တိုင်း သူမ ခြေလက်တွေ ကျိုးသွားမလား စိုးရိမ်လွန်းလို့ ငါ့မှာတော့ အမေ့ကို နေ့တိုင်းလာကြည့်ရတာ၊

ငါတို့လောက် ကျေးဇူးသိတတ်တဲ့ သားသမီးရှိရဲ့လား ?!”

ဦးလေးဖြစ်သူက ဝင်မပြောသော်ငြား ဆေးတံအား ခေါက်ကာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေခဲ့လေသည်။

*

All Chapters