← Chapters

ပူးကပ်ခြင်း(4)

Vol. 21 Ch. 206

ပူးကပ်ခြင်း(4)

Vol. 21 Ch. 206

အဘွားအို၏ မသိတတ်သော သားငယ်နှင့် မိသားစုများအကြောင်း ဆွေးနွေးကြသည့်အပြင် ဝင်ပူးသည့် ရာဇဝင်များအကြောင်းကိုလည်း ဆွေးနွေးကြပြန်သည်။

လူအများစုကတော့ သဘာဝလွန်ပညာဖြစ်တည်မှုအား အယုံအကြည်မရှိကြချေ။ အတုအယောင်များဟုသာ ထင်နေကြသည်။

ပရိတ်သတ်အများစုကတော့ အစီအစဉ်ကို သွားကြည့်ရန်သာ တိုက်တွန်းတတ်ကြပြီး ပြိုင်ပွဲတွင်းမှ အရာများသည်က ဟန်ဆောင်ပြုလုပ်ရန် ခက်ခဲကြောင်း ပြောဆိုတတ်ကြသည်။

သို့သော် ခေါင်းမာပြီး မိမိယုံကြည်ရာသာ အမှန်ဖြစ်သည်ဆိုသော လူများလည်း ရှိကြသေးသည်။



တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ကုကျစ်စုန့် သက်ပြင်းချလိုက်သည်။

၁၁နာရီကျော်လွန်နေပြီဖြစ်ကာ သူမ အလုပ်ဆင်းချိန်ရောက်နေပြီဖြစ်သော်ငြား ယနေ့အတွက် မဖြေရှင်းရသေးသည့် သဘာဝလွန် ပြဿနာတစ်ခု ကျန်ရှိနေသေးသည်။

‘ကြောင်ကဖေး’နှင့် ဆက်သွယ်နေချိန်တွင် ‘လေပြေသရဖူ’သည်လည်း မြို့၏ အရှေ့ဆင်ခြေဖုံးရပ်ကွက်သို့ ရောက်ရှိနေပြီဖြစ်ည်။ သူက စွန့်ပစ်ထားသော ဆေးကျောင်း၏ အရှေ့တွင် ကားကို ရပ်ထားပြီးနောက် ဖုန်းကို လက်ထဲတွင် ကိုင်ကာ စောင့်ဆိုင်းနေခဲ့သည်။

ကုကျစ်စုန့်ပြောလိုက်သည့် သူ၏ ခန္ဓာကိုယ်တွင် မကောင်းဆိုးဝါးတစ္ဆေများ ပူးကပ်နေသည်ဆိုသော စကားကြောင့် သူ ဤနေရာအား အနည်းငယ် ထိတ်လန့်နေမိသည်။

ကားပေါ်မှ ဆင်းပြီးနောက် ခပ်လှမ်းလှမ်းတွင် ရှိနေသည့် အဆောက်အအား မော်ကြည့်လိုက်မိချိန်တွင် ကျောရိုးထဲထိ စိမ့်သွားအောင် ကြက်သီးမွေးညင်းများ ထသွားခဲ့ရလေသည်။

သူတစ်ယောက်တည်း မဝင်ရဲတော့ပေ။

ထို့ကြောင့် အဆောက်အဦပြင်ပတွင် ဆောင့်ကြောင့်ထိုင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေခဲ့သည်။

‘မြွေပါမသေမျိုး၏ ဝင်ပူးခံရခြင်း’နှင့် ‘ကြက်တစ္ဆေပြဿနာရှာခြင်း’တို့အကြောင်း နားထောင်လိုက်ရပြီးနောက် သူ၏စိတ်ထဲတွင် ထိုအရာများသည် ကြောက်စရာကောင်းသလို စိတ်ဝင်စားဖို့ကောင်းသည်ဟုလည်း တွေးလိုက်မိသည်။

တခြားတစ်ဖက်တွင်လည်း ထိုအရာများသည် အဓိပ္ပာယ်မရှိကြောင်း တွေးနေခဲ့မိသည်။ ကုကျစ်စုန့်စကားများ၏ ယုံကြည်နိုင်မှုအားလည်း သံသယဝင်မိပြန်သည်။

သူ့အား ပြိုင်ပွဲတွင် မြင်တွေ့သည့် သူငယ်ချင်းများ တစ်ယောက်ပြီးတစ်ယောက် စာပို့ကာ သူ၏ အခြေအနေအား မေးမြန်းကြသကဲ့သို့ ဆိုးလိုက်တာဟုလည်း စနောက်ကြပြန်သည်။

‘လေပြေသရဖူ’ စကားအနည်းငယ်ဖြင့် စာပြန်လိုက်သည်။ ကုကျစ်စုန့် နောက်ဆုံးအစီအစဉ်အား လက်စသတ်ပြီးကြောင်း မြင်လိုက်ရချိန်တွင် သူ ချက်ချင်း မှတ်ချက်ဧရိယာတွင် စာရေးလိုက်သည်။

[ကုတောက်ကျန့်၊ ကျွန်တော်‌ ကျောင်းကို ရောက်နေပါပြီ]

ချက်ချင်းများ ပြန်စာများ တသီတတန်း ရောက်ရှိလာခဲ့သည်။

[နောက်ဆုံးတော့ ရောက်လာပြီ!]

[ငါတော့ စိတ်လှုပ်ရှားနေပြီဟေ့။ လင့်ခ်ပေးပါဦး!]

ကုကျစ်စုန့်လည်း ‘လေပြေသရဖူ’၏ စာအား မြင်တွေ့လိုက်ရပြီးနောက် မိုက်ကရိုဖုန်းဖွင့်ရန် ဖိတ်ခေါ်လိုက်သည်။ ချိတ်ဆက်ပြီးချိန်တွင် ‘လေပြေသရဖူ’လည်း တိုက်ရိုက်ထုတ်လွှင့်မှုအား နောက်ကင်မရာသို့ ပြောင်းလိုက်ပြီးနောက် သူ့ရှေ့မှ မြင်ကွင်းအား လှည့်ပတ်ပြသရင်း ပြောလိုက်သည်။

“ကုတောက်ကျန့်နဲ့အတူ အားလုံးကြည့်ရတာ အဆင်ပြေအောင် ကျွန်တော် ဖုန်းကို ဒီလိုကိုင်ထားပေးပါမယ်၊ တစ်ခု သတိပေးချင်တာက စိတ်ငယ်တဲ့သူတွေဆိုရင် မကြည့်စေချင်ပါဘူး၊ ဒီအဆောက်အဦထဲမှ အရိုးခြောက်တွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ အခြားကြောက်ဖို့ကောင်းတာတွေ အများကြီးရှိတယ်လေ.... ဒီတော့ စိတ်ကို ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါလိမ့်မယ်”

သူက ကျောပိုးအိတ်ထဲမှ ဓာတ်ငွေ့မျက်နှာဖုံးတစ်ခု ထုတ်လိုက်ပြီးနောက် ကင်မရာဖြင့် ရိုက်ပြရင်း ပြောလိုက်သည်။

“စကားမစပ် ခဏနေရင် ကျွန်တော် ဒါကို ဝတ်ထားမှာပါ၊ အသံတော့ နည်းနည်း အုပ်နေလိမ့်မယ်၊ ဓာတ်ငွေ့ယိုစိမ့်တာက ဖြစ်တာ နှစ်နည်းနည်းရှိပြီဆိုပေမယ့် အကျန်အကြွင်းတွေ ရှိလိုရှိငြား မသိနိုင်ဘူးလေ

ဒီတော့ အသက်အတွက်ကတော့ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ”

ဓာတ်ငွေ့မျက်နှာဖုံးပါ ပြင်ဆင်ထားသည်အား မြင်တွေ့ရပြီးနောက် ကြည့်ရှုသူများကတော့ သဘောကျနေကြသည်။

“မိုက်တယ်!”

ချက်ချင်းလိုပင် ‘လေပြေသရဖူ’လည်း ဖုန်းကိုကိုင်ထားရင်း လမ်းလျှောက်သွားခဲ့သည်။

“ကုတောက်ကျန့် ကျွန်တော် ဘယ်နေရာနားမှာ ရိုက်ကူးပေးရမှာလဲ?”

“ဗီဒီယိုရိုက်တုန်းက ဘယ်နေရာတွေ သွားခဲ့သေးလဲ? အဲဒီနေရာတွေမှာ ပြန်ရိုက်ပေးတာ အကောင်းဆုံးပဲ၊ ဖုန်းမျက်နှာပြင်ကနေ နေရာအတိအကျကို ခန့်မှန်းလို့ မရဘူး”

သူမ၏ မျက်လုံးထဲတွင်တော့ ကျောင်းဆောင်ကြီးတစ်ခုလုံးသည်က သာမန်မျက်လုံးဖြင့် မမြင်ရနိုင်သော မြူခိုးတစ်လွှာ ဖုံးအုပ်နေခဲ့သည်။

ထိုမြူခိုးများသည် ယင်စွမ်းအင်လည်း မဟုတ်သကဲ့သို့ သရဲစွမ်းအင်လည်းမဟုတ်ပေ။ ထိုအရာများသည်ကား အလောင်းများ ပုတ်သိုးပြီးချိန်တွင် ကျန်ရှိခဲ့သည့် ဓာတ်ငွေ့များနှင့် စွမ်းအင်များသာ ဖြစ်ပြီး သင်္ချိုင်းတစ်ခုအနီးအနားမှ လေထုနှင့်ပင် အသွင်တူနေခဲ့သည်။

ပမာဏအနည်းငယ်ခန့်သာ ရှူရှိုက်မိပါက လူ့ခန္ဓာကိုယ်အား မထိခိုက်နိုင်သော်ငြား ထိုနေရာတွင် အချိန်ကြာကြာနေထိုင်ပါက ထိခိုက်မှုအနည်းငယ်ရှိနိုင်မည်ဖြစ်သည်။

စခရင်မျက်နှာပြင်ပေါ်တွင်တော့ ‘လေပြေသရဖူ’က ခန္ဓာဗေဒအဆောက်အဦထံသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။

လူ့ခန္ဓာကိုယ်နှင့် ခန္ဓာဗေဒအား အဓိကလေ့လာသည့် မေဂျာများသည် ဤအဆောင်တွင် အတန်းတက်ရပြီး စာသင်ခန်းတိုင်းတွင်လည်း လူ့အရိုးများ၊ ဖုန်တင်နေသည့် ကိုယ်တွင်းအင်္ဂါနှင့် သွေးကြောပုံများလည်း နံရံတွင် ပြည့်နှက်နေခဲ့သည်။

“ကျွန်တော် ဗီဒီယိုရိုက်တုန်းကတော့ ဒီနေရာကို အရင်ဆုံး တန်းလာခဲ့တာပဲ၊ အခြားနေရာတွေကတော့ သိပ်ပြီး ရိုက်စရာမရှိဘူးလေ....”

ဒုတိယထပ်သို့ ရောက်လာပြီးချိန်တွင် စာသင်ခန်းများအတွင်း၌ အရိုးခြောက်များ ပိုမိုများပြားလာပြီး လူ့ခန္ဓာအစိတ်အပိုင်းများလည်း စင်များပေါ်တွင် တင်ထားသည်အား မြင်တွေ့လာရသည်။

တချို့ပုလင်းများကတော့ မြေပေါ်သို့ ကျကာ ဖန်ပုလင်းများ ကွဲကြေနေသည်။ ကင်မရာမှ မြေပြင်အား ရိုက်ပြပြီးချိန်တွင် ကြမ်းပြင်၏ အရောင်သည် နံရံထက် ပို၍ အရောင်ရင့်နေကြောင်း သိသာလှသည်။

ပုလင်းများတွင်းမှ မျိုးစိတ်နမူနာများသည် လေနှင့်ထိတွေ့ကာ ပုတ်သိုးပြီး ပုံပျက်ပန်းပျက် ဖြစ်နေသောကြောင့် ဖြစ်နိုင်ချေရှိသည်။

တစ်ချို့ပုလင်းများကတော့ မပျက်စီးသေးသောကြောင့် အတွင်းမှ ကိုယ်တွင်းအင်္ဂါနမူနာများအား မြင်တွေ့နိုင်သည်။

ပုလင်းများတွင်းမှ ဆေးရည်များသည်ကညး နှစ်ပေါင်းများစွာ မလဲလှယ်ထားသောကြောင့် အချို့ပုလင်းများသည် တိမ်ထူသကဲ့သို့ မှုန်နေပြီဖြစ်သော်ငြား တချို့ပုလင်းများကတော့ သေချာကြည်လင်ပြတ်သားစွာ မြင်နေရသည်။

“ဒါက ခန္ဓာဗေဒ ဓာတ်ခွဲခန်းလေ.. အင်း ဒီတိုက်ရိုက်ထုတ်လွှင့်မှုလည်း ဘလော့ခံလိုက်ရမှာ စိုးလို့.. ဒီတော့ တချို့နေရာတွေဆိုရင် အသေးစိတ်မရိုက်ပြတော့ဘူးနော်၊

အတိုပြောရရင် ကျွန်တော် ဒီနေရာကို ပထမဆုံးရောက်တုန်းက တော်တော်လေးကို အံ့ဩသွားတာ၊ စိတ်ကို ကြိုပြီး မပြင်ဆင်ထားမိဘူးလေ၊ ဒါကက တကယ့်ကို သရဲကားထဲက ရိုက်ကွင်းလိုပဲ

အားလုံးလည်း တွေးကြည့်ရင် ဘယ်လိုလည်း သိမှာပေါ့”

‘လေပြေသရဖူ’လည်း ပုခုံးကို တွန့်ပြလိုက်ရင်း ကုကျစ်စုန့်အား ကြည့်လိုက်ပြီး မေးလိုက်သည်။

“ကုတောက်ကျန့်ရော ဘယ်လိုထင်လဲ?”

ကုကျစ်စုန့် သက်ပြင်းဖွဖွချလိုက်သည်။

“ဒီနေရာမှာတော့ ဘာမှ ထူးဆန်းတာမရှိပါဘူး၊ ရှင့်ခန္ဓာကိုယ်ပေါ်က အငြိုးတရားက ဒီမှာကျန်ခဲ့တဲ့အရိုးတွေရဲ့ ပိုင်ရှင်တွေကြောင့်မဟုတ်ဘူး၊

သေပြီးချိန် ဝိဉာဉ်က မြေအောက်ကမ္ဘာကို ရောက်သွားတဲ့အချိန်မှာဆိုရင်တောင် သူအသက်ရှိတုန်းက ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ခံစားနိုင်သေးတယ်၊ သူတို့က သူတို့ခန္ဓာကိုယ်တွေ စွန့်ပစ်ခံလိုက်ရပြီဆိုတာကို သိပြီး လာကြည့်ကြတဲ့သဘောမျိုးလောက်ပဲ၊ ဒါကြောင့် ဒီနေရာမှာ အငြိုးအတေးနည်းနည်း ရှိနေတာ”

တချို့လူများသည် အိပ်မက်ထဲတွင် ဆွေမျိုးများအား သစ်ပင်တစ်ပင်အောက်တွင် သို့မဟုတ်‌ ရေကန်တစ်ကန်ဘေးတွင် သွေးအလိမ်းလိမ်းဖြင့် ရပ်နေသည်ကို မြင်တွေ့ရတတ်သည်။

နောက်တစ်ရက် ထိုသစ်ပင်၊ ထိုရေကန်အနီးသို့ သွားရှာပါက ပျောက်ဆုံးနေသော ဆွေမျိုး၏ အရိုးများအား ရှာဖွေတွေ့ရှိရတတ်သည်။

သေသူများ၏ ဝိဉာဉ်များသည်ကား ဆွေမျိုးများမှ သူတို့၏ အရိုးများကို ရှာဖွေတွေ့နိုင်စေရန် လမ်းညွှန်ပေးနေခြင်းသာ ဖြစ်ပေသည်။

သူတို့သည်က လူမသိ၊သူမသိ သေဆုံးသွားရသည့် သရဲ၊တစ္ဆေများ မဖြစ်လိုကြပေ။

ကုကျစ်စုန့်ကိုယ်တိုင်လည်း ခန္ဓာကိုယ်အား နောင်မျိုးဆက်သစ်များ ရှာဖွေလေ့လာမှုများ ပြုလုပ်နိုင်ရန် လှူဒါန်းခဲ့သည့် လူများကို လေးစားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသည့် ဆေးကျောင်းသားများလည်း မှတ်ချက်များ ရေးသားကြသည်။

[ငါတို့ကျောင်းမှာဆိုရင် ခန္ဓာကိုယ်လှူဒါန်းသူတွေကို အရိုအသေထားရတယ်၊ ခန္ဓာဗေဒစမ်းသပ်မှုတွေ မလုပ်ခင် အရင်ဆုံးအလေးပြုရတယ်

လုပ်ဆောင်နေချိန်အတွင်းမှာလည်း မရယ်မောရဘူး၊ ပြီးတော့ ခန္ဓာကိုယ်လေ့လာလို့မရတဲ့ လှူဒါန်းသူတွေဆိုရင် ကျောင်းကပဲ စီစဉ်ပြီးတော့ မီးရှို့သင်္ဂြိုလ်ပေးရတယ်]

[အဲဒီတုန်းက ဓာတုပစ္စည်းတွေပေါက်ကွဲပြီး အဆိပ်ဓာတ်ငွေ့တွေ ပျံ့လာတော့ ကျောင်းထဲက ကျောင်းသားတွေရော ဆရာတွေရော အသက်လုပြေးရတာဖြစ်မယ်၊

အဲဒီလို အရေးကြီးကိစ္စသာ မဟုတ်ရင် အခုလိုမျိုး အမှားအယွင်းတွေ ရှိမှာမဟုတ်ဘူး]

[အစတုန်းက အရိုးခြောက်တွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနမူနာတွေအများကြီးတွေ့ရတုန်းက ကြောက်မိတယ်၊ ဒါပေမယ့် သူတို့တွေက အသက်ရှိစဉ်တုန်းက မျိုးဆက်သစ်တွေအတွက် ခန္ဓာကို မကြောက်မရွံ့လှူဒါန်းခဲ့တဲ့ သူတွေဆိုတာ သိရပြီးတော့ တဖြည်းဖြည်း ကြောက်စိတ်လျော့သွားပြှ]

[အဲဒီမြို့က အထက်လူကြီးတွေ အဲ့ဒီလှူဒါန်းသူတွေရဲ့ အလောင်းတွေကို သေချာ ပြန်စီစဉ်ပေးသင့်တယ်လို့ ထင်တာပဲ၊ သူတို့ကို အဲ့အတိုင်း ပစ်ထားလို့ မသင့်တော်ဘူးလေ]

ကုကျစ်စုန့်လည်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မှတ်ချက်များအား ဖတ်ကြည့်ပြီးနောက် ခေါင်းငြိမ့်သည်။

“အမှန်ပဲ၊ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကုသိုလ်တွေ၊ ကောင်းမှုတွေပဲ ရှိပြီး အခြားလူကို ထိခိုက်စေလိုစိတ်ဆိုတာ မရှိဘူး”

သရဲတစ္ဆေအများစုသည်က သူတို့၏ ခန္ဓာကိုယ်အား သေဆုံးပြီးချိန်တွင် စနစ်တကျ ထိန်းသိမ်းမထားကြောင်း ခံစားခဲ့ရပုံပေါ်သည်။ စွန့်ပစ်ခံထားရသည့်နှစ်များတွင် သရဲတစ္ဆေတော်တော်များများ သူတို့၏ ခန္ဓာကိုယ်အား လာရောက် ကြည့်ရှုခဲ့ကြလိမ့်မည်။

လက်ရှိမြင်ကွင်းအား မြင်တွေ့ရပြီးနောက် သူတို့သည် စိတ်မချမ်းမသာဖြစ်သလို ဝမ်းလည်း ဝမ်းနည်းကြလိမ့်မည်။ နှစ်များစွာ ကြာပြီးနောက် စွန့်ပစ်ခံကျောင်းကြီး၏ အပေါ်တွင် မီးခိုးဖျော့ရောင် မြူများ အုံ့ဆိုင်းလာခဲ့သည်။

သို့သော် အရာအားလုံးသည်က အကြောင်းကြောင့်အကျိုးဖြစ်လာကြောင်း၊ မည်သူ့ကိုမှ အပြစ်တင်၍ မရကြောင်း သူတို့အားလုံး နားလည်ကြသည်။

ထို့ကြောင့် ထိုမီးခိုးရောင်မြူခိုးသည်ကား ရန်မလိုသကဲ့သို့ ဝင်ရောက်သွားလာသူများကိုလည်း တိုက်ခိုက်ခြင်း၊ တိုက်စားခြင်းများ မပြုလုပ်နိုင်ပေ။

‘လေပြေသရဖူ’၏ ခန္ဓာကိုယ်ပေါ်မှ အငြိုးတရားသည် ပြင်းထန်လွန်းကာ သူ၏ အသက်အား ဝါးမျိုနေခဲ့သည်။

နောက်ထပ်ဆယ်မိနစ်ခန့်ထိ ‘လေပြေသရဖူ’က စာသင်ခန်းတစ်ခုချင်း ဝင်ကာ၊ ထွက်ကာ ရိုက်ကူးပြနေခဲ့ပြီး အခန်းတိုင်းမှ မြင်ကွင်းမှာလည်း ထိတ်လန့်ဖွယ်ကောင်းလွန်းလှသည်။

ဥပမာဆိုရလျှင် ‘ခန္ဓာနမူနာ’အခန်းတွင် သေချာသိမ်းဆည်းထားသော နမူနာများအား ပုလင်းများထဲတွင်ထည့်ကာ အစီအရီ တင်ထားပြီး ပုလင်းအကြီးများလည်း ရှိသေးသည်။

‘လေပြေသရဖူ’ အသေးစိတ်သေချာ ရိုက်ကူးမပြသည်တောင်မှ ကြည့်ရှုသူအများအပြားက ထိတ်လန့်လွန်း၍ ထ,ပင် အော်မိကြသည်။

ကုကျစ်စုန့်စကားကြောင့် သူသည်လည်း အမြဲ သတိကြီးကြီးထားနေကာ အခန်းတွင်းမှ တစ်ခုခုနှင့် ကြုံဆုံလိုက်ရမည်အား တွေးပူနေခဲ့မိသည်။

အချိန်သည် တရွေ့ရွေ့သာ သွားနေခဲ့ပြီး ပတ်ဝန်းကျင်တွင် ခွေးတစ်ကောင်ကြောင်တမြီးမျှ မရှိသော်လည်း လေပြေသရဖူ၏ နှလုံးခုန်သံကတော့ မြန်သထက်မြန်လာခဲ့သည်။

သူ အဆက်မပြတ် တုန်လှုပ်နေခဲ့သည်။

လျှောက်လမ်းတစ်ခုလုံးကလည်း တိတ်ဆိတ်နေခဲ့လေ၏။ သူ၏ ခြေသံ၊ အသက်ရှူသံနှင့် နှလုံးခုန်သံကိုပါ အတိုင်းသား ကြားနေခဲ့ရသည်။

စိတ်လှုပ်ရှားမှုအား ဖုံးကွယ်ထားနိုင်ရန် ပြောဆိုနေသည့် စကားများကလည်း တဖြည်းဖြည်း ပိုမြန်လာသည်။ သူ မသိလိုက်ချိန်မှာပင် နဖူးနှင့် လက်ဖဝါးတို့သည် ဇောချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။

*

All Chapters