← Chapters

ပူးကပ်ခြင်း (5)

Vol. 21 Ch. 207

ပူးကပ်ခြင်း (5)

Vol. 21 Ch. 207

လူသူမရှိ၊ တိတ်ဆိတ်နေသော စာသင်ခန်းကျယ်ကြီးတစ်ခန်းသို့ ရောက်ချိန်တွင် လေပြေသရဖူ၏ အသံပိုကျယ်လာခဲ့သည်။

“ဒီနေရာက ဗီဒီယိုထဲမှာ ဝါးထားတဲ့ ရေကန်ရှိတဲ့နေရာလေ၊ အစက ရိုက်နေတုန်းကတော့ ကျွန်တော်ကိုယ်တိုင် ဝင်သွားခဲ့ပြီး အထဲကို ကြည့်လိုက်သေးတယ်၊

အခုတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ကလေးတွေလည်း ပါနေသေးတာဆိုတော့ ထားလိုက်ပါတော့၊

တံခါးနားမှာတင် ရပ်ပြီးတော့ အထဲက အခန်းပုံစံကို မြင်သာအောင်ပဲ ရိုက်ပြလိုက်ပါမယ်”

ပြောပြောဆိုဆိုပင် ဖုန်းကိုင်ထားသည့် လက်ကို မြှောက်လိုက်ပြီးနောက် အခန်းတွင်းအား ရိုက်ပြလိုက်သည်။

ထိုနေရာသည်က စာသင်ခန်းဟုဆိုသော်ငြား စတိုခန်းနှင့်ပင် ပို၍ ဆင်တူသေးသည်။

အထဲတွင် ပစ္စည်းတင်သည့် စင်များလည်း ဖရိုဖရဲဖြစ်နေသည်ကို မတွေ့ရချေ။ နံရံကပ်စင်အနည်းငယ်သာ ရှိပြီး ထိုစင်များပေါ်တွင်လည်း ရေပိုက်ကဲ့သို့ ပစ္စည်းကိရိယာများနှင့် ဖန်ပုလင်းကြီးများသာ တွေ့ရသည်။

စာသင်ခန်း၏ အလယ်တွင် ရေကန်အသေး၊အကြီး အရွယ်စုံရှိသည်။

အကြီးဆုံးကန်သည်ကား ၆မီတာ၊ ၇မီတာခန့် အကျယ်ရှိသည်ဟု ခန့်မှန်းနိုင်ပြီး အနက် ၁မီတာခန့်ရှိသည်။ ရေကူးကန်အသေးစားနှင့်ပင် အသွင်တူလှသည်။

လေပြေသရဖူ၏ နေရာမှဆိုလျှင် အရိပ်အနည်းငယ်ခန့်သာ မြင်တွေ့နိုင်ပြီး ရေကန်များအတွင်း မည်သည်တို့ရှိသည်အား သေချာရိုက်ကူးမပြနိုင်ပေ။

သူ ဆက်၍ ရှင်းပြနေခဲ့သည်။

“အပြင်မှာ ချိတ်ထားတဲ့ စာသင်ခန်းရဲ့ နာမည်ပြားက ပြုတ်ကျနေတာလေ၊ ကျွန်တော် ပထမဆုံးလာတုန်းက ဒီအခန်းက ဘာအခန်းမှန်းမသိဘူး၊

အပြင်ဘက်ကနေ နှာခေါင်းထဲထိ စူးပြီး ဘာလို့ပြောရမှန်းမသိတဲ့ အနံ့ကြီးရနေခဲ့တာ၊ အဲဒါနဲ့ပဲ ကြောက်ကြောက်နဲ့ ဝင်လာခဲ့တာ၊ နောက်တော့ ဗီဒီယိုကို edit နေရင်းနဲ့မှ ရှာကြည့်လိုက်တော့ ဒီအခန်းက ရုပ်အလောင်းတွေကို ထိန်းသိမ်းပြီး ဆေးစိမ်ထားတဲ့ အလောင်းကန်တဲ့လေ”

“ဒီကျောင်းသာ ဆက်သုံးနေဆဲ၊ ကျောင်းသားတွေ ရှိနေတုန်းဆိုရင်တော့ ဒီကန်တွေက ဖော်မလင်နဲ့ ဖြည့်ထားပြီး သေချာ ပိုးသတ်တာတွေ၊ သန့်ရှင်းရေးတွေလည်း လုပ်ထားမှာပေါ့…”

ယခု သူထိုအခန်းထဲသို့ မဝင်ပြရသည့်အကြောင်းရင်းမှာ ကျောင်းသားများနှင့် ဆရာများ အရေးပေါ်ပြောင်းရွှေ့မှု ပြုလုပ်ရချိန်တွင် စာသင်ခန်းတွင်းမှ ပစ္စည်းကိရိယာများနှင့် ခန္ဓာအစိတ်အပိုင်းနမူနာများသာလျှင် မသိမ်းဆည်းနိုင်ခဲ့သည်မဟုတ်၊ ကန်ထဲတွင် စိမ်ထားသည့် အလောင်းကောင်များကိုလည်း ထိုအတိုင်း စွန့်ပစ်ထားခဲ့ရသည်။

နှစ်ပေါင်းများစွာ‌ လေထုနှင့် ထိတွေ့ပြီးနောက် အတွင်းမှ ဖော်မလင်သည် အငွေ့ပျံသွားပြီဖြစ်သည်။

သေဆုံးပြီးသည့် ခန္ဓာအလောင်းကောင်တစ်ခုသည်‌ကညး လေထုနှင့် ထိတွေ့ပါက တစ်နှစ်မှ ငါးနှစ်အတွင်း အရိုးများအထိ ပြိုပျက်သွားမည်ဖြစ်သည်။ သို့သော်‌ ရေကန်ထဲမှ အလောင်းများသည်က ဖော်မလင်ဖြင့် အချိန်ကြာစိမ်ထားသောကြောင့် အချို့အရိုးများ ကျန်ရှိနေသေးသည်။

ကြောက်စရာကောင်းလွန်းသည်မဟုတ်သော်ငြား ရိုက်ကူးရန်မှာ သေဆုံးပြီးသူအား မလေးစားရာကျသည်ဟု တွေးမိသည်။

ဓာတ်ပုံအနည်းငယ် ရိုက်ပြပြီးနောက် လေပြေသရဖူ အခန်းထဲမှ ထွက်ကာ အခြားတစ်နေရာသို့ ဆက်သွားရန် တွေးလိုက်သော်ငြား မိုဘိုင်းလ်ဖုန်းအတွင်းမှ ကုကျစ်စုန့် အသံထွက်လာခဲ့သည်။

“လေပြေသရဖူ”

သူ၏ နှလုံးပင် ထိတ်ခနဲဖြစ်သွားရပြီးနောက် သူ ပို၍ပင် စိတ်ပူပန်သွားခဲ့ရသည်။ ကျောပြင်တစ်ခုလုံးလည်း ကြောက်ချွေးများ ပြန်နေခဲ့ပြီး လည်ချောင်းတွင်လည်း တင်းကြပ်လာခဲ့သည်။

“ဘာများဖြစ်လို့လဲ ကုတောက်ကျန့်?”

ကုကျစ်စုန့် ဖုန်းမျက်နှာပြင်အား တည်ကြည်စွာ စိုက်ကြည့်နေခဲ့သော်လည်း လေသံမှာ ခပ်တိုးတိုးသာ ဖြစ်သည်။

“အရမ်းမတုန်လှုပ်သွားနဲ့၊ ပုံမှန်အတိုင်းပဲ ပရိတ်သတ်တွေနဲ့စကားအပြန်အလှန်ပြောနေလိုက်၊ ဒါပေမဲ့ ဒီအခန်းကနေ ထွက်ပြီးသွားပြီဆိုတာနဲ့ နောက်ကို ပြန်လှည့်မကြည့်နဲ့တော့၊ ကျွန်မပြောတာကို နားလည်တယ်မဟုတ်လား?

အခန်းထဲကနေ ပုံမှန်အတိုင်းထွက်ခဲ့၊

အခန်းထဲက ထွက်ပြီးတာနဲ့ ဒီကျောင်းထဲကနေ ချက်ချင်း ထွက်သွားတော့”

လေပြေသရဖူ: “?!!”

ကြည့်ရှုသူများ: “?!!”

ကုကျစ်စုန့် စကားဆုံးသည်နှင့် လေပြေသရဖူတစ်ယောက် ဦးခေါင်းခွံတစ်ခုလုံး ပွင့်ထွက်သွားသည်အလား ခံစားလိုက်ရသည်။

သူ၏လက်များကလည်း ဖုန်းကို ငြိမ်အောင် မကိုင်နိုင်တော့သည်ထိ  တုန်ယင်နေခဲ့သည်။

သူ့စိတ်ထဲတွင် မေးချင်သည့် စကားများရှိသော်လည်း ထုတ်၍ မမေးရဲချေ။ ယခုအချိန်တွင် သူခံစားနေရသည်မှာ ဤအခန်းကြီးသည် အင်မတန် ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းလှသည်ဟုပင်။

သူ၏ အာခေါင်များခြောက်သွေ့နေပြီး စကားပင် ကျယ်ကျယ်မပြောရဲတော့။

သို့သော် ကုကျစ်စုန့်၏ ညွှန်ကြားချက်အရ သူသည်ကား ကြောက်ကြောက်ဖြင့် စကားများ ဆက်ပြောနေခဲ့သည်။ သူ့ကိုယ်သူလည်း မည်သည့်စကားကို ပြောလို့ ပြောမိမှန်း မသိတော့ချေ။

သူ၏ အာရုံများသည်ကား ခြေထောက်များပေါ်တွင်သာ ရှိနေခဲ့သည်။ သူ အလုပ်ချင်ဆုံးအရာမှာ ဤအခန်းထဲမှ အမြန်ဆုံး ထွက်ပြေးနိုင်ရန်သာဖြစ်သည်။

ပြန်ထွက်ရန် ပြင်ဆင်နေသည့်အချိန်မှာပင် သူ့ကိုယ်သူမထိန်းနိုင်ပဲ မျက်လုံးကို လှန်ကာ အရှေ့သို့ ကြည့်လိုက်မိသည်။

အခန်းကျယ်ကြီးထဲတွင် ဗလာကျင်းနေသည့် ရေကန်များသာ ရှိနေခဲ့သည်။ သူ၏ တင်းကျပ်နေသော စိတ်များ အနည်းငယ်ပြေလျော့စပြုနေချိန်မှာပင် ကုကျစ်စုန့်၏ တီးတိုးစကားသံအား ကြားလိုက်ရသည်။

“ပြေးတော့!”

ကုကျစ်စုန့်၏  အသံက သူ၏နားထဲသို့ ထိတ်လန့်ဖွယ်ရာ တိုးဝင်လာပြီးနောက်တွင် လေပြေသရဖူလည်း ခြေစွမ်းအကုန်သုံးကာ အပြင်သို့ ထွက်ပြေးတော့သည်။

လူသူကင်းမဲ့နေသည့် စွန့်ပစ်ကျောင်းကြီး၏ လျှောက်လမ်းတွင် သူ၏ ခြေသံပြင်းပြင်းသံမှာ ဆူညံနေခဲ့ပြီး မျက်နှာဖုံးအောက်မှ အသက်ရှူသံပြင်းပြင်း၊ ဆူညံနေသော နှလုံးခုန်သံတို့သာ အမှောင်ထုအား ကြီးစိုးနေခဲ့သည်။

သူက အသက်ကယ်တင်နိုင်မည့် နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ကိုင်ဆွဲထားသည့်အလား ဖုန်းကိုသာ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း ကုကျစ်စုန့်အသံကို သေချာဂရုစိုက်နားထောင်နေခဲ့သည်။

“ရှင် သိထားသမျှ ဘုရားကျမ်းစာတွေ အကုန်ရွတ်၊ ပြီးတော့.. လုံးဝ မရပ်လိုက်နဲ့…”

လေပြေသရဖူမှာ လဲကျလုနီးနီးဖြစ်သွားခဲ့ရသည်။

သူသည်ကား စိတ်ဖိစီးမှုများ များပြားလွန်းနေသည်။

အိပ်မက်ယောင်နေခြင်းလော၊ ပင်ပန်းမှုကြောင့် ထင်ယောင်ထင်မှား ဖြစ်နေသည်လော၊ အမှန်ပင် ရှင်းပြလို့ မရနိုင်သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားသလော၊ သူကိုယ်တိုင်လည်း မသိတော့ပေ။

ယခုအချိန်တွင် သူ  ခံစားနေရသည်မှာ ကျောပြင်ထက်မှ နှင်းကိုက်သည့်အလား အေးစိမ့်နေသည့်ခံစားမှုနှင့် နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသော မကောင်းသည့် ခံစားချက်တစ်ခုသာလျှင်။

မျက်နှာဖုံးအောက်မှ အသက်ရှူစရာ လေသည်လည်း လျော့ပါးလာပြီး အသက်ရှူရကြပ်လာသည်။

သူ၏ ခြေလက်များလည်း လေးလံလာသည်။ အရှေ့သို့ ပြေးနေသည့် ခြေလှမ်းများသည်လည်း လေးလံလာခဲ့သည်။

ယခု ထိုအချိန်တွင် ဘာသာမဲ့တစ်ဦးဖြစ်သည့် လေပြေသရဖူမှာ သူ သရဲတစ်ကောင်အား တွေ့လိုက်ရကြောင်း အကြွင်းမဲ့ ယုံကြည်သွားသည်။

သူသည်ကား မျက်ရည်များပင် စီးကျလာခဲ့ပြီးနောက် သူ မှတ်မိသည့် ဘုရားစာများအား ဖျစ်ညှစ်စဉ်းစားပါသော်လည်း သူသည်ကား ဗုဒ္ဓဘာသာကိုရော၊ တောက်ဓမ္မပညာကိုပါ လုံးဝအယုံအကြည်မရှိခဲ့ကြောင်း နောင်မှ ရသည့် နောင်တများဖြင့် အမှတ်ရလိုက်သည်။

သူ့ခေါင်းထဲတွင် ရှိသည့် ဘာသာရေးဆိုင်ရာ ဗဟုသုတမှာလည်း ဗလာနတ္ထိသာလျှင်။

ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခုပေါ်လာပြီးနောက် ဗလုံးဗထွေးဖြင့် အော်ဟစ်လိုက်သည်။

“နမော တဿ!!”

တစ်ချိန်တည်းမှာပင် ဗုဒ္ဓမြတ်စွာ၏ ကောင်းချီးအကြောင်းကို သူ တွေးလိုက်သည်။ သူသာ ဤတစ္ဆေသရဲ၏ လက်တွင်းမှ လွတ်မြောက်နိုင်ခဲ့ပါလျှင် ဗုဒ္ဓဘုရားထံတွင် အမွှေးတိုင်ထွန်းပူဇော်မည်၊ နတ်ဘုရားနှင့် တစ္ဆေသရဲများကိုလည်း နောင် မလေးမစား မပြုမူတော့ဟု ဆုံးဖြတ်ချက်ချလိုက်မိသည်။

ဘုရားစာအား ယုံကြည်မှု၊ မျှော်လင့်ချက်များနှင့် ရွတ်ဆိုလိုက်ချိန်တွင် အသက်ရှူကြပ်နေခြင်းနှင့် ကိုယ်ခန္ဓာလေးလံခြင်းများ သိသိသာသာ လျော့သွားသည်ကြောင့် သူနောက်တစ်ကြိမ် ပျော်လွန်း၍ မျက်ရည်ကျမိမတတ်ပင် ဖြစ်သွားရသည်။

ထိုအခိုက်အတန့်တွင် ခေါင်းလောင်းထိုးသံကဲ့သို့ ကြည်လင်ပြတ်သားသော အမျိုးသမီးအသံတစ်ခုသည်က သူ့လက်ထဲတွင် ဆုတ်ကိုင်ထားသည့် မိုဘိုင်းလ်ဖုန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ထွက်ပေါ်လာသည့် အသံတစ်ခုချင်းစီသည်လည်း လေပြေသရဖူ၏ နားအတွင်းသို့ ရှင်းရှင်းလင်းလင်းဝင်ရောက်လာခဲ့ပြီး အသံနောက်ကို လိုက်ကာ စိတ်ထဲတွင် အသံတိတ် လိုက်ဆိုနိုင်ခဲ့သည်!

ကုကျစ်စုန့်: “မြင့်မြတ်လှသော အရှင်သခင်၊ အကျွန်ုပ်၏ အသံအား ကြားသိကာ ဤရက်စက်ကြမ်းကြုတ်သည့် သတ္တဝါအား လာရောက်သိမ်းဆည်းတော်မူပါ ဘုရား..  အက်ကွဲနေသည့် ကျောက်လွှာကြားမှ ထိုးထွက်လာကာ အဆောင်မန္တာန်အား လွှမ်းခြုံထားပြီး…..”

ကုကျစ်စုန့်၏ စကားသံသည် လျှင်မြန်၍ ပြတ်သားသည်။ သူမ၏ ရေရွတ်သံအဆုံးတွင် လေပြေသရဖူတစ်ယောက်  ထိုစကားလုံးများ၏ စွမ်းအင်ကြောင့် နားများပင် အူသွားသည်ဟု ခံစားလိုက်ရသည်။

သို့သော် သူ့ရင်ထဲမှ ကြောက်စိတ်များက လျော့ပါးပျောက်ကွယ်သွားပြီးနောက် အားလျော့နေသည့် ခြေလက်များလည်း စွမ်းအင်အပြည့်ဖြစ်လာသလိုဖြစ်သွားခဲ့လေ၏။

“…… အကျွန်ုပ်၏ ရှေ့တွင် ရွှေဝါနတ်ဘုရားတည်ရှိသည်၊ နောက်တွင် ယွဲ့ကျန်း ရပ်တည်သည်၊ မြင့်မြတ်သည့် အရှင်သခင်သည် အင်အားကြီးသူကိုပင် အလွတ်မပေး၊ သုတ်သင်၏

သူသည် ပထမဦးစွာ မကောင်းဆိုးဝါးတစ္ဆေများအား သုတ်သင်ရှင်းလင်းပြီး ညအလင်းအား ချုပ်ငြိမ်းစေသည်၊ ဘယ်လိုနတ်ဘုရားက အလျော့မပေးမည်နည်း? ဘယ်လို တစ္ဆေက ဦးဆောင်ရမည်နည်း? အလျင်လိုခြင်းသည် ဥပဒေအလား”

ကုကျစ်စုန့် ရွတ်ဖတ်လိုက်သည့် ဂါထာမန္တာန်သည် ‘တစ္ဆေသုတ်သင်ခြင်း မန္တာန်’ပင်ဖြစ်သည်။

အချိန်က မရှိတော့ဘဲ၊ အငြိုးကြီးသည့် တစ္ဆေသည်လည်း လေပြေသရဖူအား သတ်ဖြတ်ချင်နေခဲ့သည်။

ပစ်မှတ်အား တစ်ချက်တည်းနှင့် အထိနာစေပြီး လေပြေသရဖူလည်း အသက်ရှင်လွတ်မြောက်နိုင်ရန်အတွက် ကုကျစ်စုန့်တစ်ယောက် အငြိုးအတေးဝိဉာဉ်အား တိုက်ရိုက် ထိခိုက်ဒဏ်ရာရစေခြင်းမှအပ ရွေးချယ်စရာမရှိတော့ပေ။

ကုကျစ်စုန့်၏ ရွတ်ဖတ်မှု ပြီးဆုံးသွားသည်နှင့် လေပြေသရဖူးဒ နှင်းကိုက်ခံရသကဲ့သို့ အေးစက်လေးလံနေသည့် ကျောပြင်မှ ခံစားချက်သည်လည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးကာ စွမ်းအင်များ ပြည့်ဝလာသည်ဟု ခံစားလိုက်ရသည်။

အငြိုးအတေးများ၊ အမုန်းတရားများနှင့် ပြည့်နှက်နေသည့် အော်သံနက်ကြီးတစ်ခုသည်က သူ့၏ဦးနှောက်ထဲသို့ ပြေးဝင်လာကာ ထိတ်လန့်လွန်း၍ တစ်ကိုယ်လုံး ဖြူဖျော့သွားပြီးနောက် ဒယီးဒယိုင်ဖြစ်သွားခဲ့သည်။

နောက်ဆုံးတွင် မြေကြီးပေါ်တွင် လူးလိမ့်လဲကျသွားပြီး ပြန်ထလာချိန်မှသာ လေပြေသရဖူ၏ ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

သူ မှောင်မိုက်နေသည့် လျှောက်လမ်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်အား လှည့်မကြည့်တော့ပဲ တစ်ချိုးတည်း ကျောင်းပြင်ပသို့ ထွက်ပြေးလာခဲ့သည်။

ပြီးနောက်တွင် ကားပေါ်သို့ တက်ကာ ထိုစွန့်ပစ်ကျောင်းကြီးမှ အဝေးသို့ မောင်းထွက်လာချိန်တွင် ခရီးတစ်လျှောက်လုံး လေပြေသရဖူ စိတ်နှင့်ကိုယ်နှင့်မကပ်၊ တိတ်ဆိတ်နေခဲ့သည်။

မျက်နှာပေါ်တွင် တပ်ဆင်ထားဆဲဖြစ်သော ဓာတ်ငွေ့မျက်နှာဖုံးအား အမှတ်ရလိုက်ပြီးနောက် သူ  လမ်းဘေးတစ်နေရာတွင် ကားကို ထိုးရပ်လိုက်သည်။

မျက်နှာဖုံးချွတ်လိုက်ချိန်တွင် သူ့၏မျက်နှာတစ်ခုလုံးက ချွေးစေးများ စိုရွှဲနေခဲ့သည်။ ခဏကြာမှ ဖုန်းကို ကောက်ကိုင်လိုက်ပြီး မချိပြုံးလေး ပြုံးပြလာသည်။

“ရှုန်းတိတို့.. ငါ တော်တော်လေးကို… လန့်သွားတာ… ငါလည်း အခုလေးတင်…”

သူ ခဏတွေဝေသွားပြီးနောက် ခေါင်းရမ်းလိုက်ရင်း သက်ပြင်းချသည်။

“အိမ်ပြန်ရောက်တာနဲ့ ဗုဒ္ဓဘုရားကို ကိုးကွယ်ပြီး အမွှေးတိုင်သွားထွန်းမယ်၊ ကုတောက်ကျန့်၊ ကျွန်တော့်ရဲ့ခွေးအသက်ကို ကယ်ပေးလို့ တကယ်ကို ကျေးဇူးတင်ပါတယ်၊ နောက်ဆိုရင် ဒီလိုနေရာမျိုးကိုလာပြီး ကိုယ့်သေတွင်းကိုကိုယ် မတူးတော့ပါဘူး၊ ဗီဒီယိုလည်း လာမရိုက်တော့ဘူး”

လေပြေသရဖူ၏ စကားများမှာ လုံးထွေးနေပြီး အသံမှာလည်း ကြောက်စိတ်မပြယ်သေးသောကြောင့် တုန်ရီနေခဲ့သည်။

တိုက်ရိုက်ကြည့်ရှုနေသူများအား သူကြားခဲ့ရသည့် အသံနက်ကြီးဖြင့် အော်သံအကြောင်းကို မပြောရဲပေ။

ထို့အပြင် သူနောက်ဆုံးအကြိမ် လျှောက်လမ်းဘက်သို့ လှမ်းကြည့်လိုက်ချိန်တွင် မြင်တွေ့လိုက်ရသည့် အမုန်းတရားအပြည့်ဖြင့် အနီရောင်မျက်ဝန်းတစ်စုံအကြောင်းကို မည်သူ့ကိုမျှ မပြောရဲ။

အင်မတန်ကြောက်လန့်နေပုံပေါ်သည့် သူ၏မျက်နှာအား ကြည့်၍ ကုကျစ်စုန့် ပြောချင်သည့်စကားများကို မျိုချလိုက်သည်။

ထို့နောက် လေသံအေးအေးဖြင့် ပြောလာသည်။

“ရဲစခန်းကို ဖုန်းဆက်ပြီး နယ်မြေခံရဲတွေကို အဲဒီနေရာကို လာခိုင်းလိုက်ပါ”

လေပြေသရဖူ: “???”

“အာ… ရဲတွေက ဒီလိုနေရာတွေနဲ့ ဆိုင်လို့လား?”

ကုကျစ်စုန့် ကင်မရာကို ကြည့်ရင်း ခပ်အေးအေးပြန်ဖြေသည်။

“ရှင့်ကို ကျွန်မ အဲဒီနေရာကနေ မြန်မြန်ထွက်သွားခိုင်းရတဲ့ အကြောင်းရင်းက အဲဒီရေကန်ထဲမှာ အငြိုးကြီးဝိဉာဉ်တစ်ကောင်ရှိနေလို့ပဲ၊

ဒါပေမယ့် အဲဒီဝိဉာဉ်က ဟိုးအရင်နှစ်တွေကတည်းက ရှိတာမဟုတ်ဘူး၊ လွန်ခဲ့တဲ့ သုံးလလောက်ကမှ ပေါ်လာတာပဲ၊

အဲဒီအလောင်းကန်ထဲမှာ လူသတ်ပြီး အလောင်းဖျောက်ခံထားရတဲ့ အလောင်းတစ်ခုရှိနေတယ်၊ ရှင်းရှင်းပြောရရင် လူသတ်မှုဖြစ်ခဲ့တာပဲ”

*

All Chapters