← Chapters

အပိုင်းပိုင်းခုတ်ထစ်ထားသော လူသတ်မှု (1)

Vol. 21 Ch. 208

အပိုင်းပိုင်းခုတ်ထစ်ထားသော လူသတ်မှု (1)

Vol. 21 Ch. 208

“ဘယ်လို?!”

ကုကျစ်စုန့်၏ စကားကြောင့် လေပြေသရဖူ အံ့အားသင့်သွားခဲ့ရသလို သူနားကြားမှားသလားဟုပင် ထင်လိုက်မိသည်။

“အဲဒီမှာ လူသတ်မှုဖြစ်ခဲ့တာ?!”

တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ ကြည့်ရှုသူများလည်း သိချင်စိတ်ပြင်းပြလွန်းသောကြောင့် မှတ်ချက်ဧရိယာတွင် ???များ တန်းစီနေခဲ့သည်။

[အမှန်အတိုင်းပြောရရင် အဲဒီစွန့်ပစ်ဆေးကျောင်းကြီးက တကယ်လည်း လူသတ်မှုဖြစ်တဲ့နေရာနဲ့ တူနေတာလေ၊ ငါဗီဒီယိုကို စကြည့်တုန်းက တွေးလိုက်မိသေးတယ်၊

ဒီနေရာမှာ လူသတ်ပြီး အလောင်းကို လာပစ်သွားရင်တောင် အသတ်ခံရတဲ့ အလောင်းက ဒီက စွန့်ပစ်ထားတဲ့ အရိုးတွေနဲ့ ရောသွားပြီး ဘယ်သူမှတောင် သိလိုက်မှာမဟုတ်ဘူးလို့၊  အဲဒီအလောင်းကိုတောင် ခွဲဖို့ တော်တော်လေး ခက်လိမ့်မယ်ထင်တယ်နော်?]

[ကုကျစ်စုန့်က လေပြေသရဖူရဲ့ ကိုယ်ပေါ်က အငြိုးတရားက တော်တော်လေး အားပြင်းတယ်လို့ပြောတာ မထူးဆန်းတော့ပါဘူး၊

နှောင့်ယှက်ခံလိုက်ရတဲ့ ဝိဉာဉ်က ခန္ဓာကိုယ်လှူဒါန်းထားတဲ့သူဆိုရင်တော့ အန္တရာယ်မရှိဘူး၊ ဒါပေမယ့် အသတ်ခံလိုက်ရတဲ့သူရဲ့ ဝိဉာဉ်ဆိုရင်တော့ မတူတော့ဘူးလေ!]

[လုပ်စမ်းပါ၊ အခု မတရားကို စိတ်ဝင်စားဖို့ကောင်းနေပြီ၊ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေရင်းကနေ ငါတို့တွေ လူသတ်မှုကိုပါ ဖြေရှင်းလို့ ရတော့မှာများလား?]

[ကုကျစ်စုန့်ပြောတော့ အလောင်းကန်ထဲမှာ အငြိုးအတေးဝိဉာဉ်တွေ ရှိတယ်ဆို? ရဲတွေကလည်း သာမန်လူတွေပဲကို၊ သူတို့လာတော့ အန္တရာယ်မဖြစ်နိုင်ဘူးလား?]

မှတ်ချက်ဧရိယာတွင်းမှ ကြည့်ရှုသူများ၏ စိတ်ပူစွာ မေးမြန်းမှုအား မြင်လိုက်ရပြီးနောက် ကုကျစ်စုန့်ပြန်ဖြေသည်။

“ရဲတွေဆိုတာက အစိုးရဝန်ထမ်းတွေဖြစ်ပြီး သူတို့မှာ တရားဝင်တာဝန်တွေရှိတယ်လေ၊ သူတို့က နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ပေးရတယ်

သူတို့တွေမှာ ဖြောင့်မတ်မှန်ကန်မှုနဲ့ ကုသိုလ်တရားက အလိုအလျောက်ရှိနေတာ၊ သူတို့က သာမန်အဆင့် သရဲ၊တစ္ဆေတွေကိုတော့ ဖိနှိပ်၊နှိမ်နင်းနိုင်စွမ်းရှိတယ်၊ ဒါကြောင့် အန္တရာယ်ဖြစ်မှာ စိတ်မပူပါနဲ့”

မြေအောက်ကမ္ဘာ၏ စည်းမျဉ်းများအရလည်း ဤအချက်သည်က အဓိပ္ပာယ်ရှိသည်။

သရဲတစ္ဆေများသည်က ရဲနှင့်တွေ့လျှင် မြေအောက်ကမ္ဘာမှ ယင်အရာရှိများနှင့် တွေ့ဆုံသကဲ့သို့ပင်။

အငြိုးတရားနက်ရှိုင်းပြီး မြေအောက်ကမ္ဘာ၏ စည်းမျဉ်းများအား လိုက်နာမှု မရှိသော စွမ်းအားကြီးသရဲများမှလွဲ၍ သာမန်သရဲတစ္ဆေလေးများသည်က ရဲသားများအား အန္တရာယ်မပြုနိုင်ပေ။

ထို့ကြောင့်လည်း လူအများစုသည်က သရဲခြောက်ခံရပြီးပါက ရဲစခန်းသို့ သွားလျှင် စိတ်လုံခြုံမှုခံစားရသည်ဟု ဆိုတတ်ကြခြင်းပင် ဖြစ်သည်။

လေပြေသရဖူလည်း ခေါင်းကို ဆက်တိုက်ငြိမ့်ကာ ဖုန်းထုတ်၍ နယ်မြေခံရဲစခန်းအား ဖုန်းဆက်လိုက်သည်။

ဖုန်းဝင်သွားချိန်တွင်တော့ တစ်ဖက်မှ အရာရှိအား သူ မည်သို့ ရှင်းပြရမည်မသိဖြစ်နေခဲ့ရသည်။ ထိုစွန့်ပစ်ကျောင်းကြီးထဲတွင် လူသတ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း သူ့တွင်ပြစရာ သက်သေအထောက်အထားလည်းမရှိနေခဲ့ပေ။

အရာအားလုံးသည်က ကုကျစ်စုန့် တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပြောခဲ့သည့် စကားများသာဖြစ်သည်။

သို့သော် သူ့ကိုယ်သူ မိတ်ဆက်ကာ တည်နေရာအား ပြောပြလိုက်ချိန်တွင် ဖုန်းကိုင်သည့် အရာရှိမှ ချက်ချင်း လူလွှတ်ပေးမည်ဟု ပြောဆိုခဲ့သောကြောင့် သူ အံ့ဩသွားရပြန်သည်။

သူ မသိသည့် အချက်တစ်ခုမှာ ဒေသတိုင်းမှ ရဲစခန်းများသည်က အထက်လူကြီးများထံမှ ပေးပို့စာ လက်ခံရရှိထားခဲ့သည်ပင်။

ကုကျစ်စုန့် တိုက်ရိုက်ထုတ်လွှင့်ချိန်တိုင်းတွင် ပြိုင်ပွရိုက်ကူးသည့် နယ်မြေရဲစခန်းမှ အထူးစောင့်ကြည့်လေ့လာသူများဖြင့် စောင့်ကြည့်ရမည်ဆိုသော အမိန့်စာ ရှိနေခဲ့ပြီဖြစ်သည်။

နေရာအများစုတွင်တော့ ထိုအမိန့်စာသည် ပြက်ရယ်ပြုစရာကိစ္စဟု ထင်ကြသော်လည်း ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုပြီးချိန်တွင်တော့ သူမသည်က အမှန်တကယ်ပင် ထူးခြားစွမ်းရည်ပိုင်ဆိုင်ထားသူဖြစ်ကြောင်း အသိအမှတ်ပြုကြရသည်။

သူမက ပြစ်မှုများအား ဖြေရှင်းနိုင်ပြီး နယ်မြေခံရဲစခန်းကိုလည်း လိုအပ်သည့် အချက်အလက်များ ပေးနိုင်သည်။

ဖုန်းချလိုက်ပြီးနောက် လေပြေသရဖူက တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ ကုကျစ်စုန့်၏ စကားသံအား ကြားလိုက်ရသည်။

ကြည့်ရှုသူအချို့က ထိုအလောင်းကန်ထဲတွင် အငြိုးအတေးဝိဉာဉ်များ မြင်တွေ့ခဲ့ပါသလောဟု မေးခွန်းထုတ်ချိန်တွင် သူမ မငြင်းဆိုခဲ့ပေ။

“နေရာအတိအကျဆိုရင် အတွင်းအကျဆုံးရေကန်အသေးထဲမှာ ရှိတာ၊ အဲဒါက မိန်းမငယ်လေးတစ်ဦးရဲ့ ခန္ဓာကိုယ်ပဲ၊ သေဆုံးချိန်က လွန်ခဲ့တဲ့ ၃လလောက်က ဖြစ်မယ်၊

သေဆုံးတဲ့အချိန်မှာ ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခံထားရတယ်

ဒါပေမယ့် ဒါက ကျွန်မရဲ့ အကြိုခန့်မှန်းချက်ပဲ ရှိသေးတာနော် အတိအကျကတော့ ရဲတွေစစ်ဆေး၊ဆုံးဖြတ်ပြီးမှပဲ အဖြေသိရလိမ့်မယ်”

သူမ၏စကားအား ကြားရပြီးနောက် ကြည့်ရှုသူများက မူလ တိုက်ရိုက်ထုတ်လွှင့်သည့်အချိန်သို့ ပြန်သွားကြည့်ကြပြီး ဗီဒီယိုအား လေပြေသရဖူ အတွင်းအကျဆုံးအလောင်းကန်ဘက်သို့ ကင်မရာရိုက်ပြသည့် နေရာထိ ပြန်ရစ်၍ ကြည့်ကြသည်။

သူတိို့က တစ်စုံတစ်ရာများ မြင်တွေ့လို မြင်တွေ့ငြား သေချာအာရုံစိုက်ကြည့်နေခဲ့ကြသည်။

တစ်ချို့လူများကတော့ ဘာကိုမျှမမြင်ရဟုသာ ဆိုသည်။

ကိုယ့်ကိုကိုယ် ယင်၊ယန်မျက်လုံးများရှိသည်ဟု ဆိုကြသူတစ်ချို့ကတော့ ထောင့်နားတွင် အရိပ်တစ်ခု ဖြတ်သွားသည်ကို မြင်လိုက်ရသည်ဟု ဆိုကြပြန်သည်။

သေဆုံးချိန်အား ကုကျစ်စုန့်၏ တိတိကျကျ ဖော်ပြချက်ကြောင့် တချို့က မေးခွန်းထုတ်ကြသည်။

လေပြေသရဖူ ရိုက်ကူးခဲ့သည့် နေရာမှ ကြည့်လျှင် အပြင်ဘက်ဆုံး ကန်ကြီးနှစ်ခု၏ အဆက်နှင့် အတွင်းမှ အရိုးစုအနည်းငယ်ကိုသာ မြင်တွေ့နိုင်ပြီး အတွင်းအကျဆုံး ရေကန်ငယ်သည်က ဗီဒီယိုထဲတွင် မြင်တောင်မမြင်ရပေ။

သို့သော် ကြည့်ရှုသူအများစု မသိသည့်အချက်မှာ ကုကျစ်စုန့်သည်ကား ယင်၊ယန်မျက်လုံးများနှင့်အတူ ဝိဉာဉ်အာရုံခံနိုင်စွမ်းလည်း ရှိသည်။

ထို့ကြောင့်သာလျှင် လေပြေသရဖူ စတိုခန်းကြီးထဲသို့ ကင်မရာဖွင့်ကာ ဝင်ရောက်သွားချိန်တွင် အတွင်းအကျဆုံး ရေကန်အနီးတွင် ရပ်နေသည့် အရိပ်အား မြင်တွေ့လိုက်ရခြင်းပင်ဖြစ်သည်။

ထိုအရိပ်သည်ကား မြူခိုးများကဲ့သို့ အနီရောင်နှင့်အနက်ရောင်အခိုးများ ရောထွေးနေခဲ့သည်။ အနီရောင်မျက်ဝန်းတစ်စုံကတော့ လေပြေသရဖူအား မြူခိုးများကြားမှ မုန်းတီးစွာ ကြည့်နေခဲ့သည်။

ဆံနွယ်များက ရှည်လျားပြီး မျက်နှာတွင်လည်း ရှည်လျားသော အမာရွတ်တစ်ခုရှိသည်။ သူမ၏ အသားများမှာလည်း လန်နေပြီး သွေးများ တရစပ်စီးကျနေခဲ့သည်။

လည်ပင်း၊ဝမ်းဗိုက်၊ ခြေထောက်နှင့် လက်မောင်းအဆက်များတွင် ဖြတ်တောက်ခံထားရသည့် ဒဏ်ရာများလည်း ထင်ရှားနေလေသည်။

သူမ၏ ဝိဉာဉ်က မပျက်စီးနိုင်သည့်အရာမဟုတ်ပါက ထိုအရာသည်လည်း ယခုအချိန်တွင် တစစီ ပျံ့ကြဲနေမည်ဖြစ်သည်။

ဤအငြိုးအတေးဝိဉာဉ်သည်ကား အသက်မသေဆုံးခင်တွင် ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံခဲ့ရသည်။

သူမ၏ ခြေလက်များ စတင်ပုတ်သိုးသည့် အချိန်တွင် သူ၏ အသိစိတ်သည် နိုးထနေဆဲပင်ဖြစ်သည်။

ဆိုလိုသည့်အဓိပ္ပာယ်မှာ ခြေလက်အင်္ဂါများ ဖြတ်တောက်ခံရချိန်တွင် သူမသည် အသက်ရှိနေဆဲပင်။

လွှသွားမှ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းအား လှီးဖြတ်လိုက်ချိန်တိုင်းတွင် ပြင်းထန်ဆိုးဝါးကာ ပြောမပြနိုင်သည့် နာကျင်မှုကြောင့် သူမ ပြန်လည်နိုးထလာခဲ့ပြီး သွေးထွက်လွန်ခြင်းကြောင့် ပြန်လည်မေ့မျောသွားရပြန်သည်။

အသိစိတ်ပျောက်နေသည့်အချိန်တွင်လည်း လွှသွားချက်၏ နာကျင်မှုကြောင့် တဖန်ပြန်သတိလည်လာရပြန်သည်။

သူမတွင် ရုန်းကန်နိုင်စွမ်းမရှိ၊ အော်ဟစ်အကူအညီတောင်းနိုင်စွမ်းအားမရှိ၊ ဝေဒနာအား အသံတိတ်ခံစားနေရရင်း အငြိုးအတေးများ၊ နာကျည်းချက်များဖြင့် ဖြည်းညှင်းစွာ အသက်ဆုံးရှုံးခဲ့ရသည်။

ကုကျစ်စုန့်၏ ခန့်မှန်းချက်အရ ထိုဝိဉာဉ်အား သတ်ဖြတ်ကာ ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်တောက်ခဲ့သူသည်က မသေဆုံးခင်က ရင်းနှီးသိကျွမ်းခဲ့သူ တစ်ဦး၊ သို့မဟုတ် ယုံကြည်အားထားရသည့် သူတစ်ဦး ဖြစ်နိုင်သည်။

ထို့ကြောင့်သာလျှင် ဝိဉာဉ်၏ နာကျည်းမှုနှင့် အငြိုးအတေးတို့က အဆုံးစွန်ထိ ရောက်ရှိသွားရခြင်းပင်။

*

ထိုအငြိုးအတေးဝိဉာဉ် မွေးဖွားလာချိန်မှာလည်း လွန်ခဲ့သည့် သုံးလခန့်က ဖြစ်ချေသည်။

ဤစွန့်ပစ်ခံဆေးကျောင်းကြီးသည်ကား ရာဇဝတ်မှု၏ မှုခင်းနေရာတစ်ခုပင် ဖြစ်နေခဲ့သည်။

အငြိုးအတေးဝိဉာဉ်သည်က ထိုနေရာတွင် မွေးဖွားလာခဲ့သည့်အပြင် ဆေးကျောင်းအိုကြီးထဲတွင် အခြားသော သရဲတစ္ဆေများ၏ အတွေးများ၊ အငွေ့အသက်များ ကျန်ရစ်နေခဲ့သောကြောင့် နယ်မြေသတ်မှတ်သည့် သံလိုက်စက်ဝန်းများအား သက်ရောက်မှု ရှိနေခဲ့သည်။

ထို့ကြောင့်ပင် မွေးဖွားကာစ ဝိဉာဉ်ဆိုးသည်က ခန္ဓာသေဆုံးပြီးချိန်တွင် ဆေးကျောင်းမှ ထွက်ခွာသွားနိုင်စွမ်းမရှိဘဲ အလောင်းကန်ထဲတွင်သာ အမြဲ နေထိုင်ခဲ့ရသည်။

ပြန်လည်ဝင်စားမှုမပြုနိုင်ခြင်း၊ လက်စားမချေနိုင်ခြင်းတို့ကြောင့် ပေါ်ပေါက်လာသည့် အငြိုးတရားများသည်က သုံးလ ကြာမြင့်ချိန်တွင် သူ၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အသိစိတ်တို့အား လှိုက်စားသွားခဲ့ပြီဖြစ်သည်။

အမှန်တရားကို မြင်နိုင်စွမ်းမရှိတော့ပေ။

ကမ္ဘာကြီးတစ်ခုလုံး၊ လူသားအားလုံး၊ အရာအားလုံးကို မုန်းတီးနေခဲ့ပြီး သူ၏ အတွေးများတွင် ဖျက်ဆီးပစ်ရန်ဆိုသော အတွေးသာရှိတော့သည်။

‘အပြစ်ကျုးလွန်သူသာ အပြစ်ဒဏ်ကို ခံရမည်’ဆိုသော နိယာမသည်လည်း သူ့ခေါင်းထဲတွင် မရှိတော့။

ထို့ကြောင့် လေပြေသရဖူ ဤဆေးကျောင်းကြီးထဲသို့ ခြေချလိုက်သည်နှင့် အငြိုးအတေးဝိဉာဉ်၏ ပစ်မှတ်စာရင်းထဲတွင်အလိုအလျောက်ဝင်သွားခဲ့ပြီဖြစ်သည်။

သို့သော် ထိုအချိန်က လေပြေသရဖူသည်က ခေါင်းမာပြတ်သားသော ဘာသာမဲ့တစ်ဦးဖြစ်နေခဲ့သည်။

သူသည် ကမ္ဘာပေါ်တွင် သရဲတစ္ဆေများရှိသည်ဟု လုံးဝအယုံအကြည်မရှိသကဲ့သို့ အကြောက်အလန့်လဲမရှိပေ။ သူ့တွင် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ဖြစ်သလို ခန္ဓာကိုယ်တွင်လည်း ယန်စွမ်းအင်အပြည့်ဖြစ်သည်။

အငြိုးအတေးဝိဉာဉ်က သူ့ခန္ဓာကိုယ်အား ယင်စွမ်းအင်အနည်းငယ်ဖြင့်သာ တိုက်စားနိုင်ပြီး အမှန်တကယ် ထိခိုက်အောင် ပြုလုပ်နိုင်စွမ်းမရှိခဲ့ပေ။

သို့သော် သူ ဆေးကျောင်းမှ ထွက်ကာ အိမ်ပြန်ရောက်ချိန်တွင် အကြီးအကျယ်ဖျားနာခဲ့ပြီး ပြန်လည်ကုသခဲ့သော်ငြား အရှင်းပျောက်ကင်းမှုမရှိခဲ့ပေ။

အကယ်၍ သူသာ ‘ဝိဉာဉ်ရေးရာအစီအစဉ်’တွင် မပါဝင်ခဲ့ပါလျှင်၊ သူ၏ မှတ်ချက်သာ အများကြားထဲမှ ရွေးချယ်မခံခဲ့ရပါလျှင်၊ ကုကျစ်စုန့်သာ သူနှင့် ပတ်သတ်သည့် သဲလွန်စများ ရှာမတွေ့ခဲ့ပါလျှင်….။

သူသည် နောင်နှစ်လ၊ သုံးလအတွင်း ခန္ဓာကိုယ်တွင်းမှ မရပ်မတန့် တိုက်ခိုက်နေသော ယင်စွမ်းအင်ကြောင့် တဖြည်းဖြည်းချင်း အားအင်ချိနဲ့လာမည်ဖြစ်သည်။

ထိုအချိန်တွင် သူ မည်မျှဖြောင့်မတ်သတ္တိရှိပါစေ၊ ဆက်တိုက်ကံဆိုးကာ နောက်ဆုံးတွင် သေပွဲဝင်ရမည်သာဖြစ်သည်။

စွန့်ပစ်ခံဆေးကျောင်းကြီးထံသို့‌ နောက်တစ်ကြိမ်ပြန်ရောက်လာချိန်တွင်တော့ လေပြေသရဖူသည် ပထမတစ်ကြိမ်ထက် သတ္တိနှင့် ယုံကြည်မှုနည်းပါးနေခဲ့သည်။

သူသည်က သရဲတစ္ဆေများ၏ ဖြစ်တည်မှုအား ယုံကြည်စပြုလာပြီး ကြောက်လည်း ကြောက်တတ်လာခဲ့သည်။ ထိုကြောက်စိတ်ကြောင့်ပင် ခန္ဓာကိုယ်တွင်းမှ အားကောင်းသည့် ယန်စွမ်းအင်သည်လည်း အားလျော့လာခဲ့သည်။

ကုကျစ်စုန့်မျက်လုံးထောင့်မှ အလောင်းကန်တွင်း ရပ်နေသည့် အငြိုးအတေးဝိဉာဉ်အား မြင်လိုက်ရချိန်တွင် သူမအနေဖြင့်  လေပြေသရဖူအား မည်သည့်အရာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ပြန်လှည့်ထွက်လာစေချင်ခဲ့သည်။

သို့သော် လေပြေသရဖူသည်က စိတ်လှုပ်ရှားလွန်းနေခဲ့သောကြောင့် အငြိုးအတေးဝိဉာဉ် သူ၏ မူမမှန်မှုအား သတိပြုမိသွားခဲ့သည်။

အငြိုးအတေးဝိဉာဉ်၏ အကြံမှာ လူများအား ဒုက္ခပေးချင်ရုံသာဖြစ်သော်ငြား ဤလူသားသည် သူမ၏ ဖြစ်တည်မှုအား သိနေကြောင်း သိလိုက်ရချိန်တွင်တော့ ပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့သည်။

ဤလူသားအား သူမနှင့်အတူ တစ်သက်လုံး ခေါ်ထားချင်ခဲ့သည်။

ကုကျစ်စုန့် ကင်မရာအား တစ်ချက်လှမ်းကြည့်လိုက်သည်။ မျက်နှာပြင်တွင်တော့ လေပြေသရဖူက နဖူးမှ ချွေးစေးများအား တစ်ရှူးဖြင့် သုတ်နေခဲ့ခဲ့သည်။ သူ၏မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ပြီး အသက်လုပြေးခဲ့ရသောကြောင့် အမောမပြေနိုင်သေးပေ။

ကြောက်လန့်တုန်လှုပ်လွန်းသောကြောင့် ခြေထောက်ပေါ်တွင် ဖြန့်တင်ထားသည့် လက်ချောင်းများသည်လည်း တဆတ်ဆတ် တုန်ယင်နေဆဲဖြစ်သည်။

သူ ပြန်လှည့်ကြည့်ချိန်တွင် မြင်တွေ့ခဲ့ရသော အနီရောင်သွေးလွှမ်းနေသည့် မျက်ဝန်းတစ်စုံအကြောင်းကို တွေးမိရုံနှင့် ကျောရိုးတစ်လျှောက်လုံး စိမ့်သွားအောင် ကြက်သီးဖြန်းဖြန်းထမိသည်။

*

All Chapters