← Chapters

အပိုင်းပိုင်း ခုတ်ထစ်ခံထားရသော လူသတ်မှု(2)

Vol. 21 Ch. 209

အပိုင်းပိုင်း ခုတ်ထစ်ခံထားရသော လူသတ်မှု(2)

Vol. 21 Ch. 209

“ကုတောက်ကျန့်… တောက်ကျန့်ပြောတာက အဲ့ဒီဝိဉာဉ်က ကျွန်တော့်ကို ပစ်မှတ်ထားနေခဲ့တာဆို? ကျွန်တော် ဘယ်လိုလုပ်ရမလဲ၊ သူ့ကိုသတ်တာ ကျွန်တော်လည်း မဟုတ်ဘဲနဲ့

သူ.. သူက ကျွန်တော့်ကို လက်စားချေဖို့တော့ လိုက်မလာလောက်ပါဘူးနော်?”

ကုကျစ်စုန့်၏ လေသံမှာ အေးစက်လွန်းလှသည်။

“အငြိုးအတေးဝိဉာဉ်တွေ ဘယ်လိုတွေးလဲဆိုတာကို လိုက်စဉ်းစားနေတော့ရော ဘာထူးမှာလဲ”

သူမ သိချင်မိသည့်အရာတစ်ခုတော့ရှိသည်။

“ရှင် အဲဒီကို ပထမဆုံးသွားတုန်းက ထူးခြားတာတစ်ခုခုများ တွေ့မိသေးလား?”

လေပြေသရဖူ နားမလည်နိုင်ဖြစ်သွားသည်။

“ရှင်ပြောတော့ ရှင်က အဲဒီအလောင်းကန်ထဲကို ဓာတ်ငွေ့မျက်နှာဖုံးဝတ်ပြီး ဝင်သွားတဲ့အချိန်မှာ အနံ့စူးစူးရလိုက်တယ်ဆို?”

လေပြေသရဖူ မျက်စိလည်နေဆဲပင်။ ကုကျစ်စုန့်လည်း သူ့အား ကြည့်ကာ မည်သည်ကို ဆက်ပြောရမှန်းမသိတော့။

“ကျွန်မ အခုလေးတင် အင်တာနက်မှာ ရှာကြည့်လိုက်တာ။ ဖော်မလင်မှာ ပါဝင်တဲ့ အဓိကပစ္စည်းတွေက formaldehyde ဓာတ်ငွေ့ပျော်ရည်တဲ့၊ အဲ့ဒီဓာတ်ငွေ့က ပုံမှန်ဆိုရင်တော့ အနံ့စူးစူးရှိတယ်တဲ့

အထူးသဖြင့် လေထဲမှာ အငွေ့ပျံတဲ့အချိန်ဆို အနံ့အဆိုးဆုံးပဲ၊ ပြီးတော့ အဲ့ဒီဓာတ်ငွေ့က အငွေ့ပျံတာလည်း အရမ်းမြန်တယ်တဲ့၊ ဒီကျောင်းကြီးနဲ့ ဒီအလောင်းကန်နဲ့က စွန့်ပစ်ခံထားရတာလည်း နှစ်ပေါင်းကြာနေပြီ…”

သူမ၏ စကားအား နားထောင်ရင်းနှင့်မှ လေပြေသရဖူလည်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။

မှန်ပေသည်။ ဤနေရာသည်ကား စွန့်ပစ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ ဓာတုပစ္စည်းများ မည်မျှပင် အနံ့ပြင်းပါစေကာမူ ဤမျှနှစ်အတွင်း ထိုဓာတ်ငွေ့များ၏ အနံ့အသက်မှာ ပျောက်လုနီးပါး ဖြစ်ရမည်ဖြစ်သည်။

ထိုသို့ဆိုပါလျှင် အလောင်းကန်ရှိရာအခန်းတွင်းသို့ သူပထမဆုံးဝင်ရောက်သည့်အချိန်တွင် မျက်နှာဖုံး ဝတ်ဆင်ထားပါလျက်နှင့် အဘယ်ကြောင့် အနံ့စူးစူး ရရှိနေရပါသနည်း?

တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ထိုအခန်းအား လတ်တလောအသုံးပြုထားခြင်းကြောင့်သာပင် ဖြစ်သည်။

တစ်စုံတစ်ယောက်သည်က ဤအခန်းတွင်းသို့ လာ၍ အလောင်းကန်တွင် ဓာတုပစ္စည်းအသစ်များ အသုံးပြုခဲ့သည်။

အချိန်မကြာမြင့်သေးသောကြောင့် ဓာတ်ငွေ့များက အပြည့်အဝအငွေ့ပျံခြင်းမရှိဖြစ်နေခဲ့ကာ အခန်းတွင်း၌ အနံ့စူးစူး ကျန်ရစ်ခဲ့ခြင်းသာ ဖြစ်သည်။

စဉ်းစားကြည့်လိုက်ပြီးနောက် လေပြေသရဖူ ဦးရည်များပင် ကျိန်းစက်သွားကာ စိတ်ထဲတွင်လည်း ကြောက်လန့်တုန်လှုပ် သွားခဲ့သည်။

“အရမ်းကြောက်စရာမလိုပါဘူး၊ ရှင်အခု ရောက်နေတဲ့နေရာမှာပဲ ရဲတွေရောက်တဲ့ထိ စောင့်နေလိုက်ပါ၊ အမှုကို ဖြေရှင်းပြီးလို့ လူသတ်သမားကို ဖမ်းမိတဲ့အချိန်ကျရင် အငြိုးအတေးဝိဉာဉ်ရဲ့ ရင်ထဲက အမုန်းတရားတွေလည်း လျော့ပါးသွားလိမ့်မယ်

ဒါဆိုရင် ရှင့်ကိုယ်ပေါ်က ယင်စွမ်းအင်လည်း အလိုလို ပျောက်ကွယ်သွားလိမ့်မယ်”

သူမ မည်သို့ပင်ပြေစေကာမူ လေပြေသရဖူကတော့ ထိတ်လန့်နေဆဲပေ။

သူ၏ မျက်နှာက ရှုံ့မဲ့နေကာ အွန်လိုင်းမှ ဆင်းရန် ငြင်းဆိုခဲ့သည်။ သူ့မြင်ကွင်းထဲတွင် ရဲကားတစ်စီးရောက်ရှိလာသည်ကို မြင်လိုက်မှသာလျှင် တုန်လှုပ်နေသော နှလုံးသားလည်း အနည်းငယ်တည်ငြိမ်သွားခဲ့သည်။

ခေါ်ဆိုမှုအား ဖြတ်တောက်လိုက်ပြီးနောက် ကုကျစ်စုန့် ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။

“အချိန်လည်းကျပြီ၊ ဒီနေ့ရဲ့ မနက်ခင်း အပြန်အလှန်ဆက်သွယ်ခြင်းအစီအစဉ်က ဒီမှာပဲ ပြီးပါပြီ”

ကြည့်၍ မဝသေးသော တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကြည့်ရှုသူများ: “?!!”

[ပြီးပြီလားဟ? လူသတ်မှုက မဖြေရှင်းရသေးဘူးလေ၊ နောက်ဘာတွေဆက်ဖြစ်လဲဆိုတာ ငါတို့လည်း သိချင်တာပေါ့]

[စုန့်စုန့်ကတော့ အဖြစ်မှန်ကို အကုန်သိပြီးနေပြီနေမှာ!]

[အားးး၊ ဘာလို့ ဒီမှာ ရပ်သွားရတာလဲ? ပရိတ်သတ်ကြီး၊ လူသတ်မှုဖြေရှင်းတာလေး ကြည့်ချင်တယ်ဆိုရင် အားလုံး ငါနဲ့အတူ ဒူးထောက်တောင်းပန်ကြပါစို့]

[……]

ကုကျစ်စုန့်ကတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မကျေနပ်နိုင်ဖြစ်နေသည့် မှတ်ချက်များအား ဂရုပင်မစိုက်ပါချေ။

“ကျွန်မတို့က သဘာဝလွန်ပညာရပ်ကို တိုက်ရိုက်ထုတ်လွှင့်နေတာ၊ လူသတ်မှုစုံစမ်းတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမဟုတ်ဘူးလေ

နယ်မြေခံရဲအဖွဲ့က နောက်ဆက်တွဲလုပ်ငန်းတွေကို ဖြေရှင်းလို့ ပြီးသွားပြီဆိုရင် စာထုတ်လိမ့်မယ်၊ ဒီတော့ တရားဝင်စာ ထုတ်ပြန်မယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြပါ”

ထိုစကားကိုပြောပြီးနောက် သူမ တိုက်ရိုက်ထုတ်လွှင့်ခြင်းအား ရပ်တန့်လိုက်ပြီး ကင်မရာပိတ်ထားလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသည်နှင့် ကုကျစ်စုန့်လည်း သက်ပြင်းတစ်ချက်ချလိုက်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။

သူမ မျက်နှာပြင်အား ဖွင့်လိုက်သည်နှင့် ကျန်းရူယွီထံမှ ဖုန်းဝင်လာသည်ကို မြင်လိုက်ရသည်။

ကုကျစ်စုန့်: “……”

တစ်ဖက်လူမှ သူမထံသို့ ဆက်သွယ်လာခြင်းသည်က ကောင်းသည့်ကိစ္စမဟုတ်ဟု တွေးမိလိုက်သော်ငြား ဖုန်းကိုင်လိုက်ဆဲပင်။

ထင်ထားသည့်အတိုင်းပင် ကျန်းရူယွီသည်က သူမ အွန်လိုင်းပေါ်မှ သရဲဖမ်းခြင်း၊ ပြဿနာဖြေရှင်းခြင်းတို့အား စောင့်ကြည့်နေခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသော နယ်မြေခံရဲစခန်းမှ ချက်ချင်းပင် ရဲသားများ စေလွှတ်ခဲ့သည်။ စွန့်ပစ်ဆေးကျောင်းထံသို့ ရောက်ရှိချိန်တွင် မှုခင်းဆေးဆရာဝန်မှ အလောင်းကန်တွင် မူမမှန်သော ဓာတုပစ္စည်း အကြွင်းအကျန်များအား ရှာဖွေတွေ့ရှိခဲ့သည်။

“အခန်းရဲ့ ထောင့်ဆုံးက အလောင်းကန် နံပါတ် ၆ ကန်အထဲနဲ့ ကန်အောက်ခြေမှာ ဆာလဖျူရစ်အက်ဆစ်ပမာဏများများ ရှာတွေ့ခဲ့ရတယ်။ မှုခင်းဆေးဆရာဝန်ကလည်း အဲဒီကန်ရဲ့ အောက်ခြေမှာ လူအရိုးအပိုင်းအစတွေ ရှာတွေ့ခဲ့တယ်လေ

ဒါပေမဲသ အဲ့လောက် ဆာလဖျူရစ်အက်ဆစ်ပမာဏအများကြီးနဲ့ ကြာကြာတိုက်စားခံလိုက်ရပြီးနောက် အလောင်းကောင်ရဲ့ အသားနဲ့ သွေးက လုံးဝ မရှိတော့ဘူး၊

အရိုးတောင်မှ အကြွင်းအကျန်လောက်ပဲ ကျန်တဲ့အဆင့်ဖြစ်အောင် အက်ဆစ်က စားသွားပြီဆိုတော့ စစ်ဆေးရတာ တော်တော်လေး ဒုက္ခရောက်တယ်”

ထို့အပြင် အလောင်းကန်တွင်းမှ ဖော်မလင်ဆေးရည်အကြွင်းအကျန်များလည်း ရှိသေးသကဲ့သို့ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရသည့် အလောင်းကောင်များ၏ အစအနများလည်း ကျန်ရှိနေသေးသည်။

ထိုသို့ အချက်များကို ပေါင်းစည်းလိုက်ပါလျှင် ဤအမှုသည် နစ်နာသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်လည်ရှာတွေ့ရန်ပင် အချိန်ယူရမည်ဖြစ်သည်။

DNA စစ်ဆေးဖို့ရန်ပင် မဖြစ်နိုင်သောကြောင့် သေဆုံးသူ မည်သူဖြစ်ကြောင်း စစ်ဆေးရန်ပင် ခက်ခဲလိမ့်မည်ဖြစ်သည်။

နယ်မြေခံရဲစခန်းမှ လွန်ခဲ့သည့် သုံးလအတွင်း လူပျောက်ကြော်ငြာများ အားလုံးဖြင့် ရှာဖွေကြည့်ခဲ့ပါသော်လည်း ကိုက်ညီသူ တစ်ဦးမျှ ရှာမတွေ့ခဲ့ပေ။

ဖြစ်နိုင်သည်မှာ နစ်နာသူသည်က အခြားနယ်မြေမှ ဖြစ်ပြီး ဤမြို့တွင်း၌ ဆွေမျိုးသားချင်းမရှိသူ တစ်ဦးပင်။

ထိုအချက်ကြောင့်လည်း စစ်ဆေးရသည်မှာ ပို၍ ခက်ခဲလာခဲ့သည်။

သာမန်စစ်ဆေးသည့် လမ်းစဉ်အတိုင်း ပြုလုပ်မည်ဆိုပါက သဲလွန်စကောက်ခြင်း၊ စစ်ဆေးမှုရလဒ်များ ကြည့်ရှုခြင်းတို့ဖြစ်ပြီး အနည်းဆုံး ရက်အနည်းငယ်မှ နှစ်ပတ်ခန့်ထိ ကြာမြင့်မည်ဖြစ်သည်။

ထို့အပြင် နစ်နာသူ၏ အချက်အလက်အား အတည်ပြုနိုင်စေရန် နယ်မြေခံရဲစခန်းသည် အနီးအနားရှိ စီစီတီဗီများအား လွန်ခဲ့သည့် သုံးလခန့်အထိ ကြည့်ရှုစစ်ဆေးရမည်ဖြစ်သည်။

အမှုအား ဖြေရှင်းနိုင်မည့် သဲလွန်စ ရှာမတွေ့ပါက အနည်းဆုံးလဝက်ခန့်ပင် အချိန်ယူရမည်။ ထိုအချိန်သည်ကလည်း အစောဆုံးပင်ဖြစ်ပေသည်။

သို့သော် ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုသည်က လူသတ်မှုအား အင်တာနက်ပေါ်သို့ တင်လိုက်သကဲ့သို့ဖြစ်ကာ ကြည့်ရှုနေသူများ၊ နာမည်ကြီး ရှာဖွေမှုအား မြင်တွေ့ကြသူများသည်လည်း ရဲစခန်း၏ တရားဝင်အကောင့်တွင် ကျောက်ချ၍  သတင်းအချက်အလက်အား စောင့်ဆိုင်းနေကြလိမ့်မည်။

ထိုအချက်တို့သည်က နယ်မြေခံရဲစခန်းအတွက် ဖိအားတစ်ခု တိုးလာစေခဲ့သည်။

တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုခံနေရသောကြောင့် ဤအမှုသည် နှောင့်နှေးနေ၍ မရနိုင်ပေ။

ဆေးကျောင်းတွင်းမှ အငြိုးအတေးဝိဉာဉ်သည်က စွမ်းအားပြင်းသောကြောင့် နယ်မြေခံဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှ လူများလည်း လာရောက်ကူညီပေးရသည်။

ဆိုရလျှင် သူတို့က အငြိုးအတေးဝိဉာဉ်အား ဖမ်းမိခဲ့ပေပြီ။

အညိုးအတေးဝိဥာဥ်သည်ကား မျက်နှာပြင်တစ်ဖက်မှ ကုကျစ်စုန့်၏ ‘တစ္ဆေသုတ်သင်ခြင်းမန္တာန်’ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သည်။

ထို့ကြောင့် ဝိဉာဉ်ဆိုင်ရာ အဖွဲ့သားများလည်း အားစိုက်ထုတ်ရန် မလိုအပ်ခဲ့ပေ။ သူတို့အားလုံး ကုကျစ်စုန့်၏ စွမ်းအားကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းမှတဆင့်ပင် ဤမျှ စွမ်းအားကြီးနေပါလျှင် သူမနှင့် မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ပါက မည်သို့ ဖြစ်မည်နည်း?

မည်မျှ သန်မာလိမ့်မည်နည်း?

သို့သော် အငြိုးအတေးဝိဉာဉ်သည်ကား အမုန်းတရားကြောင့် အသိစိတ် လုံးဝ ပျောက်ကွယ်နေပြီဖြစ်သည်။

သူသည်က ထူးခြားပညာရှင်နှင့် ဆက်သွယ်နိုင်စွမ်းမရှိသကဲ့သို့ အသုံးဝင်မည့် သဲလွန်စများလည်း မပေးနိုင်ခဲ့ပေ။

ကြံရာမရသည့်အဆုံး ဝိဉာဉ်ဆိုင်ရာအဖွဲ့သည် သူ့အား ယာယီချုပ်တည်းထားရုံသာ တတ်နိုင်တော့သည်။

ကျန်းရူယွီလည်း ကုကျစ်စုန့်ထံသို့လာ၍ အမှု၏ အဓိကသော့ချက်အား ရှာဖွေပေးနိုင်ရန်နှင့် အမှုအား အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန် တောင်းဆိုခဲ့ရသည်။

ကျန်းရူယွီ ဖုန်းထဲမှ အနူးအညွှတ် တောင်းဆိုခဲ့သည်။

“မစ်စ်ကု၊ ဒီကိစ္စက တကယ်ကို ခက်ခဲနေလို့ပါ၊ မဟုတ်ရင် ကျွန်မတို့ ရှင့်ကို နှောင့်ယှက်မှာ မဟုတ်ပါဘူး၊  အတင်းအကြပ် ကူညီခိုင်းတာမျိုးတော့ မဟုတ်ပါဘူး၊

မစ်စ်ကုရဲ့ အကူအညီကိုလည်း အလကား အဖြစ်မခံနိုင်ပါဘူး၊ ဒါပေမယ့် ကူညီပေးမယ်ဆိုရင်တော့ ကျွန်မတို့တွေ သဘာဝလွန်ပညာလောကရဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ပေးမှာပါ

လုပ်ထုံးလုပ်နည်းအရ ခြေကြွခတွေ၊ ကူညီစရိတ်တွေလည်း ပေးမှာပါ”

“ဒါ့အပြင် ရှားကွေ့လင်ရဲ့ အဖွဲ့ကလည်း မစ်စ်ကုကို သေချာဖိတ်ကြားနေတာလေ၊ ယုံချန်ကို ပြန်ရောက်ရင် တစ်ရက်လောက် တွေ့ပြီး ဆွေးနွေးကြမလားဟင်?”

စကားပြောပြီးသည်နှင့် ကျန်းရူယု အနည်းငယ် စိတ်မသက်မသာဖြစ်နေရသည်။

ကုကျစ်စုန့်သည်ကား ယုံချန်အနောက်မှ တောင်တန်းများတွင် ကပ်ဘေးကျော်လွှားခဲ့သူဖြစ်ကြောင်း၊ ‘မြေကမ္ဘာ’အဆင့်ထက် သာလွန်သည့် ထူးခြားပညာရှင်တစ်ဦးဖြစ်ကြောင်း အထက်လူကြီးများအား ပြောပြလိုက်ချိန်တွင် အားလုံး ဆွံ့အသွားကြသည်။ ထို့နောက် တစ်ခွန်းတည်းသာ ပြန်ပြောခဲ့သည်။

‘ငါတို့ သူမကို ငါတို့ဘက်ကို ပါအောင် ဆွဲထားနိုင်မှ ရမယ်၊ ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ကို ဝင်ရင်တော့ အကောင်းဆုံးပေါ့

ငါတို့မှာ အဆင့်မြင့်ထူးခြားပညာရှင်တွေ လိုအပ်နေတာ၊ ဘာပဲဖြစ်ဖြစ် သူမနဲ့ ရန်သူဖြစ်လို့ မရဘူး’

အချိန်ကြာကြာ တိတ်ဆိတ်နေပြီးနောက် ကုကျစ်စုန့် စကားပြန်သည်။

“နောက်ကိစ္စကိုနောက်မှ ပြောကြတာပေါ့. အရင်ဆုံး အဲ့ဒီဝိဉာဉ်ကို အရင်ကြည့်ပေးမယ်”

ကျန်းရူယွီလည်း အစက မျှော်လင့်မထားခဲ့သော်ငြား ကြားလိုက်ရသည့်စကားကြောင့် အံ့ဩသွားရသည်။

သူမ လုံးဝငြင်းဆိုလိုက်ခြင်းမဟုတ်သောကြောင့် အခွင့်အရေးတစ်ခု ရှိနိုင်သေးသည်!

“ဒါဆိုရင် ကျွန်မ သူတို့နဲ့ မစ်စ်ကုနဲ့ကို အခုပဲ ချိတ်ပေးလိုက်ပါ့မယ်”

“အဲ့လောက်ကြီးမလိုပါဘူး၊ အငြိုးအတေးဝိဉာဉ်က မိထားပြီးပြီပဲလေ”

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှ တစ်ဦးအား အထူးပြုလုပ်ထားသည့် ကျမ်းစာရွက်ဖြင့် အငြိုးအတေးဝိဉာဉ်၏ အသွင်အပြင်နှင့် စိတ်ဝိဉာဉ်တို့အား ပုံစံတူပွားကာ သူမထံသို့ ပို့ခိုင်းလိုက်သည်။

သာမန်လူများအတွက် ခက်ခဲမည့်ကိစ္စရပ်များ၊ အခြားထူးခြားပညာရှင်များ အလွယ်တကူ မဖြေရှင်းနိုင်သည့် ကိစ္စရပ်များသည်က သူမအတွက်တော့ လွယ်ကူလွန်းလှသည်။

*

All Chapters