အပိုင်းပိုင်း ခုတ်ထစ်ခံရသောလူသတ်မှု (3)
Vol. 21 Ch. 210
အငြိုးအတေးဝိဉာဉ်၏ စိတ်ဝိဉာဉ်သည်က မသေဆုံးမီကကဲ့သို့ပင်ဖြစ်သည်။ မျက်နှာပေါ်မှ အမာရွတ်များနှင့် ခြေလက်များပေါ်ရှိ လွှသွားချက်များကိုလည်း အတိုင်းသားမြင်နေရသည်။
မျက်နှာပေါ်တွင် ထိခိုက်ထားမိသည့် နေရာအား ဖတ်ရန် ခက်ခဲမည်ဖြစ်သော်လည်း ကုကျစ်စုန့်ကတော့ အတွက်ကတော့ အရေးမကြီးပေ။
စစ်ဆေးပြီးချိန်တွင် ရလဒ်အား အငြိုးအတေးဝိဉာဉ်ထံမှ မုန်းတီးမှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် ပေါင်းစည်းလိုက်ပြီးနောက် သူမ ဖြည်းညှင်းစွာ သဘောပေါက်လာခဲ့သည်။
“သူမ အသတ်ခံရတဲ့နေရာက ဒီစွန့်ပစ်ဆေးကျောင်းထဲမှာပဲ၊ သေဆုံးချိန်က လွန်ခဲ့တဲ့ ၈၇ရက်လောက်တည်းကဖြစ်လိမ့်မယ်၊ အမျိုးသမီး၊ ကြမ္မာလမ်းကြောင်းက ၂၅နှစ်မှာ ပုံသေဖြစ်သွားတယ်
ဆိုလိုတာက သူ့မွေးနှစ်က ၁၉၉၇ ခုနှစ်ဖြစ်ပြီး သူမမှာ သွေးသံရဲရဲနဲ့ ကပ်ဘေး တစ်ခုကြုံရလိမ့်မယ်”
ကပ်ဆိုးအား မကျော်လွှားနိုင်ခဲ့သည်မှာ နှမြောဖွယ်ကောင်းလှသည်။
“မျက်နှာအရဆိုရင်တော့ သူမရဲ့ မျက်ခုံးတွေက နည်းနည်းမြင့်တယ်၊ မျက်နှာအချိုးအစားက ခပ်ပါးပါးပဲ၊ အဲဒါက သူမကို ပြိုင်ဆိုင်လိုစိတ်ကြီးတဲ့ သူတစ်ယောက်လို့ ပြောချင်တာပဲ
အရာအားလုံးကို ဆုံးရှုံးမှုမရှိ၊ အကောင်းဆုံးပဲ လုပ်ချင်တယ်၊ သူမက ဘဝမှာ အရမ်းတော့ ထင်ပေါ်ကျော်ကြားတဲ့သူမဟုတ်ဘူး၊
တစ်ခါတလေ သူများ လျစ်လျူရှုတာကိုတောင် ခံရတတ်သေးတယ်၊ သူ့မှာ နီးစပ်တဲ့ မိသားစု၊ သူငယ်ချင်း၊ ဆွေမျိုးတွေ တစ်ယောက်မှ မရှိသလို တစ်ခါတလေ အထီးကျန်လွန်းသေးတယ်”
“သူမရဲ့ နဖူးက ‘ထျန်းကျုန်’နဲ့ ‘စီကုန်’အထိ ဗလာဖြစ်နေတယ်၊ အဓိပ္ပာယ်က သူမက သူမရဲ့မိဘတွေနဲ့ ဆက်သွယ်မှုမရှိဘူးဆိုတာပဲ၊ သူမက ငယ်ငယ်တည်းက မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရတာဖြစ်မယ်
ပြီးတော့ မိဘမဲ့ကျောင်းမှာ ကြီးပြင်းလာတာပဲ၊ သူမရဲ့ မိသားစုက သွေးရင်းသားချင်းမဟုတ်ဘူး ၊အကျင့်စရိုက်ချင်းလည်း မတူကြဘူး”
ကျန်းရူယွီ ကောက်ချက်ချမိသည်။
“သူက မိဘမဲ့ဖြစ်ပြီး သူငယ်ချင်းလည်း မရှိဘူးဆိုရင်တော့ သူဒီလောက်ကြာကြာပျောက်သွားတာတောင် ဘယ်သူမှ ရဲစခန်းကို မတိုင်ကြားတာ မထူးဆန်းတော့ပါဘူး”
ကုကျစ်စုန့် အဌဂံတစ်ခုရေးဆွဲလိုက်ရင်း ဆက်ပြောသည်။
“ကျွန်မမှာ သူ့ရဲ့ အသက်ရှိတုန်းက ဇာတာ၈လုံး မရှိတဲ့အတွက် နတ်ဘုရားဆယ်ပါးကို ခွဲခြားလို့ မရနိုင်ဘူး၊ ဒါပေမဲ့ သူမရဲ့ အသွင်အပြင်အရဆိုရင်တော့ အင်္ဂါရုပ်အဟောအရဆိုရင် သာမန်အင်္ဂါရုပ်မျိုးပဲ
သူမရဲ့ အရိုးဖွဲ့စည်းပုံက ဇောက်နက်တယ်၊ မျက်နှာအမူအယာကတော့ နန်းဆန်ပေမယ့် ဆွဲဆောင်မှုမရှိဘူး တောင်ငါးလုံးက ကျယ်ပြန့်ပြီးတော့ လှုပ်ရှားပုံကလည်း ရေစီးလိုပဲ လျင်မြန်တယ်
အသံကတော့ ကျောက်စိမ်းကို ကျောက်နဲ့ခတ်တဲ့အသံမျိုး၊ အဲဒီလို အင်္ဂါရုပ်မျိုးက ရှေးခေတ်မှာဆိုရင် ကိုယ်လုပ်တော်တွေရဲ့ အင်္ဂါရုပ်မျိုးပဲ”
“ရှင်းရှင်းပြောရရင် သူမမှာ ပါးပြင် ခပ်ပါးပါးနဲ့ ကြာပန်းလို မျက်နှာရှိတယ်”
မျက်နှာအနေအထားအရ ဆုံးဖြတ်ရပါလျှင် ဤအငြိုးအတေးဝိဉာဉ်သည်က ကိုယ်လုံးကိုယ်ပေါက် ပိန်ပါးသွယ်လျပြီး ပါးရိုးနှင့် ပါးပြင်တို့ မို့တက်နေကာ စုတ်ချွန်းချွန်းမျက်နှာကျဖြစ်သည်။
အတော်လေးလှပသော်လည်း စိတ်ဓာတ်ပြင်းထန်သည်။ ရှေးယခင်ခေတ်များက ထိုကဲ့သို့ ပုံပန်းသဏ္ဍာန်အား ‘ကိုယ်လုပ်တော်အင်္ဂါရုပ်’ဟု ခေါ်ဝေါ်ကြသည်။
ယခင်အချိန်များက ထိုကဲ့သို့ မျက်နှာရှိသူများသည် နန်းတော်ထဲသို့ ဝင်ရောက်ကာ ကိုယ်လုပ်တော်များအဖြစ် ခစားခွင့်ရတတ်သည်။
သို့သော် ယနေ့ခေတ်တွင်မူ ထိုကဲ့သို့ မျက်နှာမျိုးသည် ကောင်းလွန်းသည်မဟုတ်ပေ။
ထိုကဲ့သို့သော လူများသည်က အိမ်ထောင်ရေးအရှုပ်အရှင်းများ၊ ပျော်ရွှင်မှုမရှိသော အချစ်ရေး၊ သာယာမှုမရှိသော အိမ်ထောင်ရေးများ ကြုံတွေ့ရတတ်ပြီး အထီးကျန်ဆန်တတ်ကြသည်။
သူတို့၏ လမ်းကြောင်းအမှန်အား မရှာဖွေနိုင်၊ မတွေ့ရှိခဲ့ပါက သူတို့သည် တစ်ခြားသူများ၏ အိမ်ထောင်ရေးတွင် သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ တတိယလူဖြစ်လာတတ်ကြသည်။
ဤအငြိုးအတေးဝိဉာဉ်၏ အိမ်ထောင်ရေးလမ်းကြောင်းတွင် ဆိုးဝါးလှသည့် ကြွေးမြီတစ်ခုအား ကုကျစ်စုန့် မြင်တွေ့လိုက်ရသည်။
“ဒီအမျိုးသမီးက အသက်ရှိတုန်းက အငယ်အနှောင်းဖြစ်ခဲ့တယ်၊ သူမရဲ့ချစ်သူက သူမအတွက် ကောင်းတဲ့သူမဟုတ်ဘူး
အဲဒီလူမှာ မိသားစုလည်း ရှိနေတယ်၊ ဒါပေမယ့် အိမ်ထောင်ရေးလမ်းကြောင်းအရ ကြည့်ရရင်တော့ အစတုန်းကတော့ သူမက အဲဒီလူကို သူနဲ့ လက်တွဲဖော်ကောင်းလို့ ယူဆထားတာ
ပြောရရင် အမျိုးသမီးက အငယ်အနှောင်းတော့ဟုတ်တယ်၊ ဒါပေမဲ့ သူတို့ စတွဲတုန်းက အဲဒီလူမှာ အိမ်ထောင်ရှိမှန်း သိမထားခဲ့ဘူး”
“သူမကိုယ်သူမ အငယ်အနှောင်းဖြစ်လို့ဖြစ်မှန်း မသိခဲ့ဘူးပေါ့”
ကျန်းရူယွီ ခေတ္တမျှ အသံတိတ်သွားခဲ့သည်။
“ဒါဆို.. သူမသေရတာက…”
ကုကျစ်စုန့်အသံသည် ရေခဲအလား အေးစက်လွန်းလှသည်။
“အမှန်ပဲ၊ သူမကို သတ်ခဲ့တဲ့ လူသတ်သမားက သူမရဲ့ လက်တွဲဖော်ကောင်းလို့ ထင်ခဲ့တဲ့သူပဲ”
ကျန်းရူယွီ: “!!!”
သူမ အံကို ကြိတ်ရင်း ကျိန်ဆဲမိသည်။
“ခွေးလိုကောင်!”
“ဒါပေမယ့် သူမ မသေခင်တုန်းက သူ့ရဲ့ အိမ်ထောင်ရေးလမ်းကြောင်းက ထိမ်းမြားခြင်းနန်းတော်ကနေ နေရာရွေ့လာတာကို မြင်နေရတယ်
ပြောချင်တာက အဲဒီအချိန်မှာ သူမက တစ်ဖက်လူမှာ အိမ်ထောင်ရှိကြောင်း သိနေပြီဆိုတာပဲ၊ သူမက အငယ်မယားပဲလေ၊ ကျွန်မ ထင်တာတော့ သူတို့နှစ်ယောက် ပြဿနာဖြစ်တာလည်း အဲဒီကိစ္စကြောင့်ပဲ ဖြစ်လိမ့်မယ်
တစ်ဖက်လူရဲ့ ရွေးချယ်မှုကတော့ သူမကို သတ်ပြီး အလောင်းဖျောက်လိုက်တာပဲ”
ကျန်းရူယွီ ခေါင်းကို ငြိမ့်လိုက်သည်။
“ကျွန်မနားလည်ပါပြီ၊ မစ်စ်ကု အဲ့ဒီနစ်နာသူရဲ့ ကိုယ်ရေးအချက်အလက်ကိုရော မြင်နိုင်လားဟင်?”
“အကြမ်းဖျင်းတော့ တွက်ကြည့်လို့ရပါတယ်
သူမရဲ့ မျက်နှာအရ ရေဓာတ်အားကောင်းပေမယ့် သတ္တုနဲ့ မီးဓာတ်အားနည်းတယ်၊ ဒီတော့ သူ မွေးတဲ့နေရာက မြစ်တွေအများကြီးရှိပြီး မိုးကောင်းတဲ့ နေရာမျိုးမှာပဲ
တောင်ကနေ မြောက်ကို ပြောင်းရွေ့လာပြီးတော့ သူက အဲဒီမြို့ကို ရောက်လာတာ၊ ပထဝီဝင်အနေအထားအရဆိုရင်တော့ သူက မြစ်ကမ်းနားက ပြည်နယ်တစ်ခုမှာ နေတာပဲဖြစ်ရမယ်”
ကုကျစ်စုန့်ထံမှ ပြည်နယ်အတည်ပြုပြီးနောက် ကျန်းရူယွီ ဖုန်းကို ထုတ်ကာ နေရာအား ရှာဖွေလိုက်သည်။
“မြစ်ကမ်းဘေးက ဆိုရင်တော့… Hမြို့တော်ပဲ!”
“သူမရဲ့ မိဘတွေက သူအသက် ၇နှစ်လောက်မှာ မတော်တဆဖြစ်ပြီး ဆုံးပါးသွားတယ်၊ အခြားဆွေမျိုးတွေလည်း မရှိတော့ အနီးအနားက အစိုးရမိဘမဲ့ကျောင်းကို ပို့ခံလိုက်ရတယ်
ပြီးတော့ မိန်းကလေးလည်းဖြစ်နေတယ်၊ အသက်လည်း ကြီးနေပြီဆိုတော့ အကုန်မှတ်မိနေတတ်တဲ့အရွယ်လေ၊ ဒါကြောင့် သူမကို မွေးစားမယ့်သူ မရှိခဲ့ဘူး”
“သူမရဲ့ အသက် ၁၃နှစ်လောက်မှ ဆွေမျိုးနည်းနည်းဝေးတဲ့ အမျိုးတစ်ယောက်က မွေးစားပြီး မိဘမဲ့ဂေဟာကနေ ထွက်လာခဲ့ရတယ်
နောက်တော့ ကောလိပ်ကနေ ဘွဲ့ရတယ်၊ သူမက အိမ်ကိုလည်း သံယောဇဉ်မရှိသလို သူငယ်ချင်းဆိုတာလည်း မရှိတော့ ရွေးချယ်ထားတဲ့မြို့မှာပဲ ဝင်ခွင့်စာမေးပွဲကို ဖြေခဲ့တာလေ၊ သူ့ရဲ့ ပြောင်းရွေ့ခြင်းနန်းတော်အရဆိုရင် E မြို့တော်ပဲ”
“ပိုပြီးတိကျတဲ့အချက်အလက်ကတော့ သူ့မျက်နှာပေါ်က အမာရွတ်ကြောင့် သေချာမမြင်ရတော့ဘူး၊ ပြီးတော့ အမုန်းတရားတွေနဲ့ မျက်နှာကလည်း ပုံပျက်နေတော့ လတ်တလောတော့ အခြားအရာတွေကို သေချာမမြင်ရဘူး”
“ရပါပြီ၊ ဒါဆိုရင်ကို တော်တော်လေး လုံလောက်နေပါပြီ!”
“ဒီလောက်တိကျတဲ့ သဲလွန်စနဲ့ဆိုရင်တော့ နစ်နာသူရဲ့ ကိုယ်ရေးအချက်အလက်ကို သေချာရှာတွေ့နိုင်မှာပါ၊ ဒါဆို ဒီအမှုလည်း ဖြေရှင်းနိုင်ဖို့ မခဲယဉ်းတော့ဘူး၊ ကျေးဇူးအများကြီးတင်ပါတယ် မစ်စ်ကု”
“ကောင်းပါပြီ”
ကုကျစ်စုန့် အသာအယာခေါင်းငြိမ့်သည်။
“ဒါဆို ကျွန်မဖုန်းချလိုက်တော့မယ်၊ အမှုကို စုံစမ်းတာ အောင်မြင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်”
“ကောင်းပါပြီ၊ ကျွန်မကိုလည်း ခွင့်ပြုပါဦး၊ အမှုကို ဖြေရှင်းနိုင်ပြီဆိုတာနဲ့ ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်”
ကုကျစ်စုန့်မှ တွက်ချက်မှုများ ရေရွတ်ပြနေစဉ် ကျန်းရူယွီက ဒေသခံရဲစခန်းဖြင့် တစ်ချိန်လုံး အဆက်အသွယ်ရှိနေခဲ့သည်။
ဖုန်းချပြီးသည်နှင့် သူမ Eမြို့တော်၏ ရဲစခန်းသို့ ချက်ချင်းဆက်သွယ်လိုက်လေသည်။
“အရာရှိဝမ်၊ နစ်နာသူက H မြို့တော်က အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးပဲ၊ သူမရဲ့မိဘတွေက သူမ အသက် ၇နှစ်အရွယ်မှာ ဆုံးပါးသွားတာ
ပြီးတော့ သူမကို နယ်မြေခံမိဘမဲ့ကျောင်းကို အပို့ခံလိုက်ရတယ်၊ အသက် ၁၃နှစ်မှာ မိဘမဲ့ကနေ ထွက်သွားတယ်၊ အဲဒီမြို့က ရဲစခန်းကို ဆက်သွယ်ပြီး ဒီလိုကလေးမျိုးရှိ၊မရှိ စုံစမ်းခိုင်းလိုက်ပါ၊ ရှိတယ်ဆိုရင် သူ့ရဲ့ အချက်အလက်တွေ တောင်းလိုက်ပါ”
သဲလွန်စ မရှိသောကြောင့် အကြပ်ရိုက်နေသည့် အရာရှိဝမ်လည်း သတင်းကြားရပြီးနောက် အံ့အားသင့်သွားရပြီး မယုံကြည်နိုင်စွာ မေးခွန်းထုတ်မိသည်။
“အရာရှိကျန်း… အဲဒီ အချက်အလက်တွေ ဘယ်ကနေများ ဆွဲထုတ်လာတာတုန်း?”
ထို့နောက် ရဲစခန်းတွင် ပျံ့နှံ့နေသည့် သတင်းအား သတိရလိုက်ပြီး ထပ်မေးပြန်သည်။
“မဟုတ်မှလွဲရော… ဟိုနာမည်ကြီးနေတဲ့ အင်တာနက်ပေါ်က မင်းသမီးကိုများ သွားမေးထားတာလား?”
ကျန်းရူယွီ: “ဟုတ်တယ်”
ရဲအရာရှိဝမ်: “……”
“တကယ်ကြီးပြောနေတာလား?”
ကျန်းရူယွီ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“ဒီကိစ္စတစ်ခုလုံးက ကုတောက်ကျန့်ကြောင့်ပဲ ရှာတွေ့တာလေ၊ အဲဒီအချက်အလက်တွေ မှန်ကန်တယ်ဆိုတာ ကျွန်မ အာမခံရဲတယ်၊ ကျွန်မပြောလိုက်တဲ့အချက်တွေကိုပဲ အခု သွားပြီး စစ်ကြည့်ပေးပါ”
အရာရှိဝမ်လည်း တွေးတွေးဆဆဖြင့် ခေါင်းကိုငြိမ့်လိုက်သည်။
သူ့စိတ်ထဲတွင်တော့ သိပ်၍ မယုံကြည်ချင်သေးပေ။ သဘာဝလွန်ပညာရပ်ဖြင့် အမှုအခင်းအား အထောက်အကူဖြစ်စေသည်ဟု သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
မျက်မြင်တွေ့ရသည်ကိုသာ ယုံကြည်တတ်သည့် သူ့ကဲ့သို့ အရာရှိအိုကြီးအတွက်တော့ ဤသည်က ယုံကြည်ရန် ခက်ခဲလှသည်။
သူ သံသယများဖြင့် H မြို့တော်မှ ရဲစခန်းသို့ ဆက်သွယ်ကာ အချက်အလက်များ ပေးလိုက်သည်။
နာရီဝက်ခန့်ကြာပြီးနောက် သူပေးသည့် တိကျသေချာလွန်းသော အချက်အလက်များဖြင့် မိန်းကလေးအား စုံစမ်းထောက်လှမ်းခဲ့ကြသည်။
တစ်ဖက်မှ အကြောင်းပြန်လာချိန်တွင် အရာရှိဝမ် ကွန်ပြူတာပေါ်မှ ဖိုင်များအား ကြည့်ရင်း မျက်လုံးပြူးသွားခဲ့ရသည်။
ဖိုင်ထဲမှ အမျိုးသမီးလေးသည်ကား ကုကျစ်စုန့်ပြောထားသည့် အချက်အလက်များနှင့် တထေရာတည်း ကိုက်ညီနေခဲ့သည်။
မှတ်တမ်းဖိုင်များအရ ထိုမိန်းကလေးသည်က လွန်ခဲ့သည့်တစ်နှစ်ခန့်က ကောလိပ်မှ ဘွဲ့ရခဲ့ပြီးနောက် Eမြို့တော်မှ ဌာနတစ်ခုတွင် စာရေးမအဖြစ် အလုပ်ဝင်ခဲ့သည်။
ရဲအရာရှိများက ထိုဌာနသို့ သွားရောက်ခဲ့ချိန်တွင် ဌာနတွင်းမှ လုပ်ဖော်ကိုင်ဖက်များ၏ ပြောစကားအရ ထိုမိန်းကလေး အလုပ်ထွက်သွားသည်မှာ သုံးလခန့်ရှိပြီဖြစ်သည်။
မိန်းကလေး၏ ချစ်သူအကြောင်းမေးမြန်းရာတွင်လည်း လုပ်ဖော်ကိုင်ဖက်များကတော့ သူမတွင် ချစ်သူရှိမှန်းပင် မသိဟုသာ တစ်ညီတည်းဖြေကြသည်။
ထိုမိန်းကလေးသည်ကား မာနကြီးကာ ကုမ္ပဏီတွင်လည်း စိတ်ဆတ်သောကြောင့် ဌာနတစ်ခုတည်းမှ လူများဖြင့်ပင် မပေါင်းသင်းတတ်ဟု ဆိုကြသည်။
စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရဲအရာရှိများ၏ ပစ်မှတ်သည်က မိန်းကလေး၏ သူဌေးထံသို့ ဦးတည်သွားခဲ့သည်။
သုံးရက်ကြာပြီးနောက်တွင် H မြို့တော်၏ ရဲဌာနတရားဝင်အကောင့်မှ ရက်ရက်စက်စက် လူသတ်ကာ ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်ခဲ့သည့် အမှု၏ တရားခံကို ဖမ်းမိကြောင်း စာထုတ်ပြန်ခဲ့လေသည်။
*