အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
အခန်း(၂၃၅) ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်ခြင်း
ကမ္ဘာသည် ဇောက်ထိုးလည်ထွက်သွားရာ သက်ရှိအားလုံး တုန်လှုပ်သွားကြသည်။ ထိုလက်ချက်အောက်တွင် လရောင်သည်ပင် တုန်လှုပ်သွားပုံရသည်။ ဝံပုလွေနတ်ဘုရား၏သွေးကို မှီခိုအားထားရသော နှင်းဝံပုလွေဘုရင်က ကျယ်လောင်စွာ အော်လိုက်၏။
“ညှာတာထောက်ထားပေးပါ…”
အင်မော်တယ်ဟူသော စကားလုံးက သူ့ပါးစပ်ထဲမှ ထွက်မလာမီတွင် လက်သီးသည် သူ့နှဖူးပေါ်သို့ တည့်တည့်ကျရောက်လာ၏။
မြေကြီးအက်ကွဲသံများ၊ သွေးများ အစရှိသည့် တစ်စုံတစ်ရာမျှမရှိခဲ့ပေ။ နှင်းဝံပုလွေဘုရင်သည် နေရောင်အောက်တွင် ရေခဲများကဲ့သို့ အရည်ပျော်သွား၍ ဗလာနတ္ထိအဖြစ်ပျောက်ကွယ်သွားသည်။
၎င်းနောက်မှ အစောင့်များနှင့် နောက်လိုက်များက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ခဲ့ကြသည်။
သို့သော်နှင်းဝံပုလွေဘုရင်ကို လက်သီးဖြင့်ထိုးသတ်လိုက်ပြီးနောက်၊ ၎င်း၏စစ်မှန်သောစွမ်းအားသည် မမြင်နိုင်သောလှိုင်းလုံးကြီးတစ်ခု ပြင်းထန်စွာပျံ့နှံ့သွား၍ ကျန်ရှိသော ဧရာမဝံပုလွေများကို လွှမ်းခြုံသွားတော့သည်။ ဤဝံပုလွေများသည် ချုပ်ငြိမ်းခြင်းမန္တန်ဖြင့် ထိသွားသကဲ့သို့ အေးခဲသွားကြသည်။
လေပြင်းတစ်ချက်တိုက်လာပြီးနောက် ၎င်းတို့အားလုံး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
လက်သီးတစ်ချက်သာဖြစ်သော်လည်း ဧရာမဝံပုလွေအားလုံး ပျက်သုဉ်းသွားခဲ့သည်။
အခင်းဖြစ်နေရာတွင် တိတ်ဆိတ်သွားကာ ဝူချင်းနှင့် ရွာသူရွာသားများအားလုံး အံသြသွားကြသည်။
ရွှယ်အန်းသည် ခပ်ဖျော့ဖျော့အပြုံးကို ဆင်မြန်းလျက် မြေပြင်ပေါ်သို့ ဆင်းလာ၏။
"ဒီ နှင်းဝံပုလွေဘုရင်ရဲ့မြို့က ဘယ်မှာလဲ"
ဝူချင်းတုန်လှုပ်နေရာမှ သတိပြန်ကပ်လာသည်။
"မိုင်တစ်ရာဝေးတဲ့နေရာက နှင်းဝံပုလွေမြို့လို့ ခေါ်တဲ့နေရာပါ။ ဆရာဘာလုပ်ဖို့များ စိတ်ကူးထားလို့ပါလဲ”
ရွှယ်အန်း၏အမူအရာက ထူးမခြားနားလှပေ။
"ဒီအကောင်တွေက ရွာတွေကို အလွယ်တကူဖျက်ဆီးဝင်ရောက်ပြီး ငါတို့လူတွေကို သတ်လိုက်တဲ့အတွက် သူတို့ကို သတ်ပြီး အရသာခံမလို့လေ”
"ဒါပေမယ့် မြို့ထဲမှာ ဧရာမဝံပုလွေတွေ အများကြီးရှိတယ်၊ ဆရာတစ်ယောက်တည်းနဲ့..." ဝူချင်း၏ မျက်နှာတွင် စိုးရိမ်မှုအပြည့် ရှိနေသေးသည်။
ထိုအချိန်တွင် လူငယ်များစွာသည် သူ့နောက်မှ ရှေ့သို့ တိုးလာသည်။
"အကြီးအကဲခဗျာ၊ ရွယ်လူကြီးမင်းက အင်မော်တယ် ထင်ပါတယ်။ အဲ့ကောင်တွေဘယ်လောက်များများ သူ့ကို ဘာလုပ်နိုင်မှာလဲ။ နှစ်တွေအကြာကြီးဖိနှိပ်ခံခဲ့ရပြီးတော့ အခု ဒီသားရဲတွေ မျိုးသုဥ်းဖို့ အချိန်ရောက်ပြီ”
"ဟုတ်တယ်။ ဆက်ပြီးတွန့်ဆုတ်မနေပါနဲ့ အကြီးအကဲ”
အောက်ခြေရွာသားများက အော်ငေါက်ကြသည်။
အကြီးအကဲဝူက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီးနောက် ရွှယ်အန်းကို ဦးညွှတ်လိုက်သည်။
"ဆရာ၊ ဒီဝံပုလွေတွေကို ကျုပ် ဘယ်လိုလုပ် မမုန်းဘဲနေပါ့မလဲဗျာ။ ပြဿနာက ဒီ နှင်းဝံပုလွေဘုရင်က အဆင့်နိမ့်တဲ့ ဝံပုလွေဘုရင်တွေပဲ၊ သူ့အထက်မှာ အဆင့်အတန်းမြင့်တဲ့ ဝံပုလွေဘုရင်တွေ၊ ဝံပုလွေသူတော်စင်တွေ၊ ဝံပုလွေနတ်ဘုရားတွေတောင် ရှိတယ်။"
အကြီးအကဲ ဝူ၏ စကားများကို ကြားလိုက်ရာ ရွာသားများ၏ အသံများ တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။
တကယ်ပင် နှင်းဝံပုလွေဘုရင်သည် မကြာသေးမီကမှ ရင့်ကျက်သောအဆင့်နိမ့်တစ်ကောင်မျှသာဖြစ်သည်။ ဝံပုလွေများကြားတွင် ပိုမိုအားကောင်းသော သတ္တဝါများစွာရှိနေသေးသည်။ ရွှယ်အန်းသည် ရွာသားများ၏ စိတ်ပူနေသော မျက်နှာများကို ကြည့်၍ သူ့အသံက ပိုမို အေးစက်လာသည်။
“နှစ်တွေအကြာကြီး ဖိနှိပ်ခံထားရတာ ခံနိုင်ရည်ရှိရဲ့လားလို့ မေးပါရစေ”
လူအုပ်ကြီး တိတ်ဆိတ်သွားကာ အရှက်တရားများ မျက်နှာအနှံ့ ပေါ်လာသည်။
"ဒီသားရဲတွေကခင်ဗျားတို့ကို အုပ်စိုးပြီး ရွာတွေကို သန်ကောင်တွေ ခွေးတွေထက်တောင် နိမ့်နိမ့်ကျကျနဲ့ ချေမှုန်းပစ်နေတာ။ အဲ့တာကို ခံနိုင်တာလား” ရွှယ်အန်းက ဆက်ပြောသည်။
ထိုအခါ လူတစ်ယောက်က ခပ်တိုးတိုးလေး ငိုကြွေးတော့၏။
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"ဒါကို သည်းမခံနိုင်ဘူးဆိုတာ ကျုပ်ကောင်းကောင်းသိတယ်။ ရှေ့မှာလမ်းမရှိရင် ဘာလို့ မခုခံကြတာလဲ”
"ကျုပ် ခင်ဗျားတို့ကို အခုမှ ကယ်တင်ရတဲ့ အကြောင်းရင်းက ခင်ဗျားတို့က ကျုပ်တို့ လူတွေဖြစ်တာကြောင့်မဟုတ်ဘဲ ပြန်ပြီး တိုက်ထုတ်ချင်တဲ့ ခင်ဗျားတို့ရဲ့ ဆန္ဒကို မြင်ရလို့ပဲ”
"လူဆိုတာ သတ္တဝါအားလုံးရဲ့ ဝိဉာဥ်ဖြစ်တာကြောင့် လူဖြစ်နေတာ။ ဒီတိရစ္ဆာန်တွေ ခြိမ်းခြောက်တာကို မခံရဘူး။ အခုနားလည်ပြီလား”
လူအများ၏အကြည့်များသည် ကြည်လင်လာပြီးနောက် မျက်နှာများစွာသည်လည်း ကြည်လင်ဝင်းပလာခဲ့သည်။
"အကြီးအကဲဝူ ခင်ဗျား တစ်ချိန်က ဒီသားရဲတွေကို ဒူးထောက်မယ့်အစား တိုက်ပွဲမှာပဲသေပစ်မယ်လို့ ပြောဖူးတယ်။ ကျုပ်တို့ နှစ်တွေအကြာကြီး ခံစားခဲ့ကြရတာ။ အခု ရွှယ်လူကြီးမင်းရဲ့ နောက်ကိုလိုက်ပြီး ဒီလူယုတ်မာတွေကို သတ်ပစ်လိုက်ကြရအောင်” အချို့သော လူငယ်များသည် ၎င်းတို့၏ စိတ်ဓာတ်ကို မထိန်းနိုင်ဘဲ ကျယ်လောင်စွာ အော်ကြသည်။
“ဟုတ်တယ် ခွေးမသားတွေကို သတ်ပစ်”
လူအုပ်က စတင်၍ သွေးဆူလာကြသည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်း၏ စကားကြောင့် ယခင်က သတ်ဖြတ်ခံခဲ့ရသည့် မိသားစုဝင်များကို သတိရလျက် အကြီးအကဲဝူ၏ မျက်နှာတွင် မျက်ရည်များကပ်နွယ်လာသည်။ ဤနှစ်များတစ်လျှောက်တွင် ဤအမုန်းတရားက အမြစ်တွယ်နေခဲ့ကာ သူ့ဘဝတစ်လျှောက်လုံး လက်စားချေခွင့်ရတော့မည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော် ရွှယ်အန်း၏ ရောက်ရှိလာမှုက သူ့ကို မျှော်လင့်ချက်ပေးခဲ့၏။
ဝူချင်းသည် အသက်ကို ပြင်းပြင်းရှုကာ ရွှယ်အန်းကို ဦးညွတ်၍ လေးစားစွာပြောလိုက်သည်။
“ရွှယ်လူကြီးမင်း ပြောတက ကျုပ်တို့ ခံစားခဲ့ရတာနဲ့ တစ်ထပ်တည်းပါပဲဗျာ။ ဟွာလူမျိုးတွေကြားမှာ ဘယ်လို သွေးကြောင်တဲ့ကောင်တစ်ကောင်မှရှိမှာမဟုတ်ဘူး။ ကျုပ်တို့ ခင်ဗျားနဲ့ပူးပေါင်းပါမယ်။ တိုက်ပွဲမှာ သေရမယ်ဆိုရင်တောင် လူသားတွေက ဘယ်တော့မှမရှုံးဘူးဆိုတာ အဲ့ သားရဲတွေကို ပြရမယ်”
ဘမ်း
“ကျုပ်တို့ ရွှယ်လူကြီးမင်းနဲ့ပူးပေါင်းပါမယ်” လူအုပ်က ကျယ်လောင်စွာအော်လိုက်သည်။
ဤရွာသားများကို မြင်သောအခါ ရွှယ်အန်းက ခေါင်းအနည်းငယ်ညိတ်လျက် စိတ်မသက်မသာခံစားလိုက်ရသည်။ သူတစ်ယောက်တည်းဖြင့်ပင် မြို့တစ်မြို့လုံးကို ဖျက်ဆီးနိုင်သော်လည်း ယင်းက မကောင်းလှပေ။ အကယ်၍ လူမျိုးစုတစ်စုသည် ဒူးထောက်ခြင်းနှင့်အသားကျလာပါကရန်သူများအားလုံး သတ်ဖြတ်ခံရလျှင်ပင် ၎င်းတို့ ထပ်မံ၍ မတ်တပ်ရပ်နိုင်ကြတော့မည်မဟုတ်ပေ။
ရွှယ်အန်း မြင်ချင်သည်မှာ ဟွာရှားလူမျိုးများက ၎င်းတို့အတွက် ပြန်လည် နိုးထလာကြခြင်းပင်ဖြစ်သည်။ သွေးကြွေးများအားလုံးကို သွေးကြွေးဖြင့်သာ ကြေအေးပေးနိုင်မည်။
ထိုညတွင် အနီးနားရှိ ဟွာကျေးရွာများကို အကြီးအကဲဝဓက ဆက်သွယ်ကာ ရွှယ်အန်းနှင့်ပူးပေါင်းရန် ခေါ်ခဲ့သောကြောင့် ရွှယ်အန်းက မည်သည့် လှုပ်ရှားမှုမျိုးမျှမလုပ်ခဲ့ပေ။
နောက်နေ့မနက်ရောက်သောအခါ ကျေးရွာ၏ ဟင်းလင်းပြင်တွင် ဟွာလူမျိုးများဖြင့် ပြည့်နေသည်။ ၎င်းတို့အားလုံးသည် အလွန်ညှိုးနွမ်းနေသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြကာ မျက်နှာများသည်လည်း ဝါညိုလျက် ခန္ဓာကိုယ်များက ပိန်လှီနေကာ ခက်ခက်ခဲခဲအသက်ရှင်နေကြခြင်းဖြစ်ကြောင်း သိသာလှသည်။
ရွှယ်အန်းက မြို့ရိုးထိပ်တွင်ပေါ်လာသောအခါ လူအုပ်တစ်ခုလုံး အုတ်အုတ်သဲသဲဖြစ်သွားသည်။
“ဒါက ဝူချင်းပြောတဲ့ အင်မော်တယ်လား”
“သူက အရမ်းငယ်သေးတဲ့ပုံပဲ”
“သူက နှင်းဝံပုလွေဘုရင်နဲ့ အခြားဝံပုလွေတွေအများကြီးကို လက်သီးတစ်ချက်တည်းနဲ့သတ်လိုက်တာတဲ့လေ”
၎င်းတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နေသည်။ ဥပမာအားဖြင့် ဝူချင်းဘေးတွင်ရပ်နေသော အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။
“အကြီးအကဲဝူ ဒီရွှယ်လူကြီးမင်းက အရမ်းငယ်သေးတယ်။ တကယ်လို့သူ့ကျင့်စဥ်က အရမ်းကောင်းရင်တောင် နှင်းဝံပုလွေမြို့ကို သွားတိုက်ဖို့အတွက်ကျတော့…” အကြီးအကဲ၏ အမူအရာက ပြတ်သားနေသည်။
ရွှယ်အန်းက သာမန်ထက်လွန်ကဲလျှင်ပင် ရန်သူမှာ ဝံပုလွေများပြည့်နေသည့် မြို့ကြီးဖြစ်သည်။
“အကြီးအကဲနျဲ့ စိတ်ချပါ။ ကျုပ် ရွှယ်လူကြီးမင်းကို လုံးဝယုံကြည်မှုရှိပါတယ်"
အကြီးအကဲနျဲ့၏ ပါးစပ်သည် အနည်းငယ် လှုပ်ယမ်းသွားပြီးနောက် သက်ပြင်းတိုးတိုးချ၍ ငုံ့ကာ ငြိမ်သွားသည်။
ရွှယ်အန်းသည် အောက်ခြေလူအုပ်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ တဖြည်းဖြည်းဖြင့် လူအုပ်ကြီးက တိတ်ဆိတ်သွားသည်။
“ခင်ဗျားတို့အားလုံးက ဟွာလူမျိုးတွေပါ။ ခင်ဗျားတို့ နှစ်တွေကြာအောင် ကြုံတွေ့ခဲ့ရတဲ့ အရှက်တရားနဲ့ ဖိနှိပ်မှုတွေကို ကျုပ်ပြောနေစရာ မလိုပါဘူး။ ဒီတစ်ကြိမ်မှာတော့ ဒီအကောင်တွေကို ကျုပ်သတ်ပြီး ခင်ဗျားတို့အားလုံးအတွက် လက်စားချေပေးမယ်”
ဘမ်း
လူအုပ်ကြီးတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားကာ မျက်နှာများစွာထက်တွင် မယုံကြည်နိုင်မှုကို ထင်ရှားလျက်ရှိသည်။ ရွှယ်အန်းသည် ပေါ့ပါးစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ကာ အနီးနားရှိ တောင်ကုန်းတစ်ခုကို ဓားအလင်းတန်းဖြင့် နှစ်ပိုင်းခွဲလိုက်သည်။
ထိုဓားတစ်ချောင်း၏ စွမ်းအားသည် သံသယအားလုံးကို ငြိမ်သက်သွားစေသည်။
အကြီးအကဲနျဲ့သည်လည်း တုန်တုန်ယင်ယင်ဖြင့် မျက်ရည်များကျဆင်းလာသည်။
ငယ်ငယ်က လူကြီးများပြောခဲ့သည် ဒဏ္ဍာရီကို သတိရသွားသည်။
ဟွာရှားနိုင်ငံမှ လူများထဲတွင် တစ်ချိန်က ဓားအင်မော်တယ်တစ်ယောက်ရှိခဲ့ကာ ထိုတစ်ချက်တည်းဖြင့် တောင်များကိုရွှေ့ကာ ပင်လယ်များကို လှန်ပစ်နိုင်သည်။ ထိုအချိန်တွင် သူသည် ထိုဓားအင်မော်တယ်က လာရောက်၍ မာနထောင်လွှားနေသော ဝံပုလွေများအားလုံးကို သတ်ပစ်ရန် ဆန္ဒရှိခဲ့သည်။ မည်မျှ အံ့သြဖွယ်ကောင်းမည်နည်း။
သို့သော် ယင်းက စိတ်ကူးယဥ်သက်သက်သာဖြစ်ခဲ့ကာ နှစ်များစွာကုန်လွန်သွားခဲ့သည်။ ရွှယ်အန်းပေါ်လာသောအခါတွင် သူလွန်စွာ စိတ်မကောင်းဖြစ်လာသည်။ ရုတ်တရက် အံကြိတ်ကာ သူ၏ အရိုးများကို စတေးရမည်ဆိုလျှင်ပင် ဓားအင်မော်တယ်နောက်သို့လိုက်၍ ထိုသားရဲအားလုံးကို သုတ်သင်ပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ရှေ့သို့ ညွှန်ပြကာ အော်လိုက်သည်။
"သွားကြစို့၊ နှင်းဝံပုလွေမြို့ကို ဖျက်ဆီးပစ်မယ်”
လူအုပ်ကြီးက စတင်လှုပ်ရှားလာသည်။
ဤလျှို့ဝှက်နယ်မြေတွင်နေထိုင်သော ဒေသခံတို့၏ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံသည် အလွန်ခိုင်မာသည်၊ ပြေးနေသော မြင်းများထက် မနှေးသော အမြန်နှုန်းဖြင့် ပြေးကြသည်။
ရွှယ်အန်းသည် လေထဲသို့ ပျံတက်သွားပြီးနောက် အမုန်းတရားများ ပြည့်နှက်နေသော ဤဟွာရှားလူမျိုးများကို ငုံ့ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။
မည်သည့် လျှို့ဝှက်နယ်မြေပင်ဖြစ်စေ၊ မည်သည့် ခေတ်ပင်ဖြစ်စေ၊ ဟွာရှားလူမျိုးများသည် မည်သည့်အခါမျှ ဒူးထောက် အညံ့ခံကြလိမ့်မည်မဟုတ်ပေ။
‘မင်းတို့ ငါ့ကို သတ်ရင်သတ်လို့ရတယ် ဒါပေမယ့် ဒူးတော့ ဘယ်တော့မှမထောကဘူးကွ’
ဤသည်က ဟွာရှားလူမျိုးများ၏ ကျောရိုးဖြစ်သည်။
အခန်း(၂၃၆) ဓားတစ်ချက်တည်းနှင့် တစ်မြို့လုံးကို သုတ်သင်ခြင်း
နှင်းဝံပုလွေမြို့။
နှင်းများထူထပ်သော တောင်ခြေတွင်တည်ရှိနေသောကြောင့် နှင်းဝံပုလွေမြို့ဟု အမည်ဖြစ်တည်လာခဲ့သည်။ ဧရာမဝံပုလွေများ၏ နေထိုင်ရာနေရာဖြစ်သဖြင့် နေရာတိုင်းတွင် မြင့်မားသောအိမ်များရှိသည်။ မှန်သည်။ အမြင့်ဆုံး အဆောက်အဦများသည် မြို့လယ်ရှိ ဝံပုလွေဘုရားဘုရားကျောင်းတွင်ဖြစ်သည်။
ယခုအချိန်တွင် နှင်းဝံပုလွေမြို့တံခါးဝ၌ ဧရာမဝံပုလွေအချို့က ငြီးတွားနေကြသည်။
"သေစမ်း ဒီတခေါက် ငါတို့ ဗော့ဒ်ကာနည်းနည်းပဲ ရသေးတယ်၊ တကယ်ပျင်းဖို့ကောင်းလိုက်တာ” ခေါင်းပေါ်တွင် ရွှေရောင်အစင်းကြောင်းရှိသော ဝံပုလွေကြီးတစ်ကောင်က ပြောသည်။
"ဟား ဒါကို တကယ်နည်းတယ် ထင်နေလား။ မြို့တိုင်းကို ဖြန့်ထားတဲ့ပစ္စည်းတွေက ပုံသေပဲ၊ ရုတ်တရက် နည်းသွားတာဆိုရင် အထက်က လျှော့ချလိုက်တာဖြစ်ရမယ်” ဧရာမဝံပုလွေတစ်ကောင်က ရယ်မောလိုက်သည်။
“ရှုး … မင်းရဲ့အသံကို လျှော့ထားစမ်း။ နှင်းဝံပုလွေဘုရင် မင်းပြောတာကြားသွားမယ်ကွ။ အဲ့တာဝံပုလွေနတ်ဘုရားရဲ့ မျိုးဆက်ပဲ” အသက်ပိုကြီး၍ ရင့်ကျက်ပုံရသော နောက်ထပ်ဝံပုလွေတစ်ကောင်က သတိပေးသည်။
“ဟား ဒီ နှင်းဝံပုလွေသာအထင်ကြီးခံရရင် သူဒီလို ကျောခိုင်းခံထားရမှာမဟုတ်ဘူး။ နောက်ပြီး အခု သူ မြို့ပြင်ရောက်နေတာမလား။ ဒါတောင် ငါပြောလို့မရဘူးလား”
ဤဘီလူးဝံပုလွေ၏ မကျေနပ်ချက်များသည် အများကြားသို့ ပျံ့နှံ့သွားသည်။ နှင်းဝံပုလွေဘုရင် ဤနေရာသို့ရောက်ရှိပြီးနောက်၊ သူသည် ဝံပုလွေများ၏စိတ်နှလုံးကို အနိုင်ယူရန် အမှန်တကယ် ပျက်ကွက်ခဲ့ကာ၊ သူ၏ လောဘကိုသာဖြည့်ဆည်းပေးခဲ့သဖြင့် အထောက်အပံ့များစွာကို အလွဲသုံးစားလုပ်၍ ကြွယ်ဝချမ်းသာလာခဲ့သည်။
ထိုအချိန်တွင် လူတစ်စုသည် မြို့တံခါးမှ ဖြတ်သွားကြသည်။
"ရပ်"
ဧရာမဝံပုလွေတစ်ကောင်သည် ၎င်းတို့၏လမ်းကြောင်းကို ပိတ်ဆို့ထားသည်။
"ကောင်းပြီ၊ ငါတို့ကသန့်ရှင်းရေးလုပ်ဖို့ ဒီရောက်လာတာပါ” ခေါင်းဆောင်က တုန်လှုပ်စွာဖြင့် ပြောသည်။
ဧရာမဝံပုလွေကြီးသည် ယုတ်ညံ့ဖျင်းဖျင်းသော အသက်ကြီးသူနှင့် သူ့နောက်ကလူများကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် အဝေးသို့ ထွက်သွားရန် လက်ဟန်ပြလိုက်သည်။
“အမြန်ပြန်သွားတော့”
၎င်းတို့ မြို့ထဲသို့ ဝင်လာပြီးသည့်နောက် ဝံပုလွေကြီးက သက်ပြင်းချလိုက်သည်။
"သေစမ်း။ တစ်နေကုန် အဆီတစ်စက်မှကို မထိရဘူး ပြင်းစရာကြီး”
၎င်းတို့ ငြီးတွားနေကြစဥ် အဝေးမှကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ မြို့ကိုစောင့်ကြပ်နေသည့် ဝံပုလွေများသည် ကောင်းကင်ယံထက်မှ လူအုပ်ကြီးတစ်အုပ်က အပြေးချီတက်လာသည်ကို မြင်လိုက်ရသည်။
ဝံပုလွေများသည် ပထမဦးစွာ ကြောင်အနေကြပြီးနောက်မှ ထိတ်လန့်သွားကြ၏။
"ဝံပုလွေနတ်ဘုရားအနားမှာရှိနောကို ဒီအဆင့်နိမ့်လူသားတွေရူးသွားကြပြီလား”
"မြန်မြန် ခေါင်းလောင်းတီးပြီး အချက်ပေးလိုက်”
ဝံပုလွေများသည် အခြားသူများကို သတိပေးရန် ခေါင်းလောင်းကို အရူးအမူးတီးလိုက်ကြသည်။
နှင်းဝံပုလွေမြို့သည် သေးငယ်၍ သာမန်လူများဖြင့် ဝိုင်းရံထားသောကြောင့် အစောင့်များတွင် ၎င်းတို့ အနည်းငယ်မျှသာ ပါဝင်သည်။ ၎င်းတို့က ခေါင်းလောင်းကို တီးပြီးကြသည်နှင့်တစ်ပြိုင်နက် မြို့ရိုးခြေရင်းသို့ လူအုပ်ကြီးရောက်လာသည်။ ထိုအချိန်တွင် ဧရာမဝံပုလွေများသည် ၎င်းတို့၏ ကနဦးထိန်လန့်မှုမှ တည်ငြိမ်သွားကြပြီဖြစ်သည်။
အထူးသဖြင့် ရောက်ရှိလာသော အုပ်စုတွင် တုတ်များ ကိုင်ဆောင်ထားသော နိမ့်ပါးသော သတ္တဝါများ ရှိနေသည်ကို တွေ့လိုက်ရသောအခါ သက်ပြင်းချမိကြသည်။
"ငါကတော့ အရေးကြီးကိစ္စတစ်ခုလို့ထင်လိုက်တာ… ကျွတ် ကျွတ်၊ နိမ့်ပါးတဲ့ လူတစ်စုပဲ" ဝံပုလွေတစ်ကောင်က မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။
၎င်းတို့အတွက် ဤတိရစ္ဆာန်များသည် အားနည်း၍ သတ်ဖြတ်ရန် လွယ်ကူသော သိုးသငယ်များကဲ့သို့ ကြောက်ရွံ့ရန် မတန်ပေ။
"ငါသူတို့အားလုံးကို သတ်ပစ်မယ်"
ဧရာမဝံပုလွေကြီးတစ်ကောင်သည် မြင့်မားသောမြို့ရိုးမှ ခုန်ဆင်းကာ ကြီးမားသောဝံပုလွေအစွယ်တစ်ချောင်းကို လက်ထဲတွင် ကိုင်ဆောင်လျက် ရက်စက်စွာရယ်မောရင်းဖြင့် လူအုပ်ဆီသို့ ပြေးသွားခဲ့သည်။ ဤသားရဲ ဝံပုလွေသည် အရပ် ၃ မီတာကျော်ရှိကာ ၎င်း၏ ခြိမ်းခြောက်မှုအားကြောင့် လူအုပ်ကြီးတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားရသည်။
နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် လူများစွာတို့သည် ၎င်းတို့၏အရိုးများထဲမှပင် ဧရာမဝံပုလွေများကို ကြောက်လန့်နေခဲ့ကြရာ ၎င်းတို့ထံသို့ ချီတက်လာသော တစ်ကောင်ကို မြင်လိုက်ရသည်နှင့် ထွက်ပြေးချင်စိတ်ပေါက်လာကြသည်။
"မြှားကိုပစ်၊ မြန်မြန်ပစ်" ဝူချင်းက အော်လိုက်သည်။
လူများက လက်များကို မြှောက်၍ ဝံပုလွေများကို မြှားဖြင့်ပစ်လိုက်ကြသည်။ သို့သော် ဝံပုလွေ၏ အလွန်လျင်မြန်သော အရှိန်ကြောင့်၊ မြှားများက မထိခိုက်စေနိုင်ခဲ့ပေ။ ထိုအချိန်တွင်ပင် ရွှေရောင်အလင်းတန်းတစ်ခုသည် အဝေးမှ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာ၍ ဝံပုလွေကို တစ်ကြိမ်လှည့်ပတ်သွားသည်။
ဝံပုလွေသည် ထိုနေရာတွင် အေးခဲသွားပြီးနောက် ၎င်း၏ကြီးမားသော ခန္ဓာကိုယ်သည် အပိုင်းပိုင်း တဖြည်းဖြည်း ကွဲထွက်သွားသည်။
ဤမင်ကွင်းက လူအုပ်ကြီးကို အလွန်အမင်းကျေနပ်အားရစွာဖြင့် အောင်ပွဲခံစေ၏။ ထို့အပြင် မြို့ရိုးပေါ်မှ ဧရာမဝံပုလွေများအပြားက တုန်လှုပ်ခြောက်ခြားလျက်ရှိကြသည်။
"ဘာဖြစ်နေတာလဲ၊ ဒီရွှေရောင်အလင်းတန်းက ဘာတုန်း"
တစ်ချိန်တည်း၌ပင် နှင်းဝံပုလွေမြို့တစ်ခုလုံးရှိ ရာဂဏန်းကျော်သော ဝံပုလွေများ နံရံဆီသို့ အပြေးအလွှား ပြေးဝင်လာခဲ့ကြသည်။
အချက်ပြသံကြားလိုက်ရပြီးနောက် အားလုံး ပြေးလာကြရာ ဧရာမ ဝံပုလွေများစွာကို မြင်လိုက်ရသောအခါ လူအများ၏ မျက်နှာများ ဖြူဖျော့သွားရသည်။
"နိမ့်ကျတဲ့ သာမန်လူတွေ၊ မင်း ငါတို့ရဲ့ နှင်းဝံပုလွေမြို့ကို အကြောင်းပြချက်မရှိဘဲ မင်းဘာလို့ နှောင့်ယှက်တာလဲ”
သိသာထင်ရှားစွာကြီးမားသော ဧရာမဝံပုလွေတစ်ကောင်သည် ရှေ့သို့လှမ်းလာပြီးနောက် အလျင်အမြန်ပင် မေးလိုက်၏။ နှင်းဝံပုလွေဘုရင်မရှိသည့်အချိန်များတွင်၊ ၎င်းသည် နှင်းဝံပုလွေမြို့ကိုအုပ်ချုပ်ထားရ၏။
ခဏငြိမ်သက်သွားပြီးနောက်၊ လူအုပ်ထဲမှတစ်ယောက်က ဦးဆောင်၍ ထွက်လာသည်။
"ငါတို့က အဆင့်နိမ့်သာမန်လူတွေမဟုတ်ဘူး မင်းတို့ သားရဲတွေကမှ အဆင့်နိမ့်တာကွ"
"ဟုတ်တယ်၊ ငါတို့က နိမ့်ကျတဲ့ သာမန်လူတွေ မဟုတ်ဘူး။ မင်းတို့ကမှ တိရစ္ဆာန်တွေပဲ"
ဤအော်သံများကြောင့် ဧရာမဝံပုလွေများသည် ဒေါသစိတ်ဖြင့် အလွန် တုန်ယင်လာကြသည်။
"မင်းတို့က သေမင်းကို ရှာနေတာ ဆိုတော့ ငါတို့ကို အပြစ်မတင်နဲ့၊ ဒီနိမ့်ကျတဲ့ သာမန်လူတွေကို သတ်ပစ်ကြ"
ဤအမိန့်ကြောင့် ရာပေါင်းများစွာသော ဧရာမဝံပုလွေများသည် ဖြည်းဖြည်းချင်း ချီတက်လာကြသည်။ ရွေ့လျားသွားသောအခါတွင် မြေကြီးတစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ထင်ရသည်။ သို့သော် ယခုအချိန်တွင် လူသားများ၏ မျက်လုံးများသည် ဒေါသနှင့်နီရဲနေသဖြင့် ၎င်းတို့သည် လက်နက်အဖြစ်အသုံးပြုနိုင်သောအရာမှန်သမျှဖြင့် ဧရာမဝံပုလွေများကို ချိန်ရွယ်ထားကြသည်။
၎င်းတို့သည် ကိုယ့်အသက်ကိုယ် မေ့ထားခဲ့ကြပြီးဖြစ်သည်။ ဤပြင်းထန်၍ အကြောက်တရားကင်းသော စိတ်ဓာတ်သည် ဧရာမဝံပုလွေများကို အံ့သြသွားစေသည်။
တစ်ချိန်က အင်အားနည်း၍ အလွယ်တကူ အနိုင်ကျင့်ခံရသော လူသားများသည် အဘယ်ကြောင့် ရုတ်တရက် စည်းလုံးသွားခဲ့ရသနည်း။
"သူတို့အားလုံးကိုသတ်လိုက်"
ပြင်းထန်စွာ အမိန့်ပေးသည့်အတိုင်း မြို့အရှင်၏ ဝံပုလွေမျက်လုံးများတွင် ကြောက်စိတ်များ တောက်ပလာသည်။ သို့သော် သူ့စကားအဆုံးသတ်လိုက်သည်နှင့် လည်ပင်းတစ်ဝိုက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာကာ လျင်မြန်စွာ လှည့်ပတ်သွားသည်။ ထို့နောက် ဧရာမဝံပုလွေ၏ ဦးခေါင်းသည် ကောင်းကင်သို့ ပျံတက်သွားသည်။
ဝံပုလွေ၏ ခန္ဓာကိုယ်သည် မြို့ရိုးပေါ်မှ ပြုတ်ကျသွားသဖြင့် အနီးနားရှိ ဖုန်မှုန့်များ လွင့်ထွက်လာသည်။
ဤမြင်ကွင်းသည် ဧရာမဝံပုလွေများအားလုံးကို အံ့အားသင့်စေခဲ့သည်။
‘အဲ့ ရွှေရောင်အလင်းတန်းကဘာလဲ’
‘ဆရာ ဆရာ့စွမ်းအားက ပြိုင်ဘက်ကင်းပဲ” လူတစ်ယောက်၏ အော်သံနှင့်အတူ လူသားရွာခံများက ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြသည်။
တစ်ချိန်တည်းး၌ပင်၊ ရွှယ်အန်းသည် လူအုပ်ကြီးရှေ့ လေထုထဲတွင် ပေါ်လာ၍ ဝံပုလွေရာဂဏန်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"ဒီနေ့ မင်းတို့ တစ်မြို့လုံးကို သုတ်သင်ရတာ ဘယ်လိုအရသာရှိလဲလို့ မြည်းကြည့်မယ်”
သူ့စကားနောက်တွင် မရေမတွက်နိုင်သော ဓားအလင်းတန်းများ မိုးကဲ့သို့ ရွာကျလာကာ ဝံပုလွေများကို ရိုက်ခတ်သွားသည်။
ဧရာမဝံပုလွေများသည် အစပိုင်းတွင် ဤပါးလွှာသော ဓားမီးများကို အလေးအနက်မထားခဲ့ကြသော်လည်း ချက်ခြင်းပင် ဓားမိုးများက ၎င်းတို့ကို လွှမ်းခြုံသွားသည်။
သွေးများဖြင့်ရောနေသော အော်သံများက နှင်းဝံပုလွေမြို့၏ မြို့ရိုးတစ်လျှောက်ကို ကြက်သွေးရောင်ပြောင်းသွားစေသည်။
၎င်းတို့အထက်တွင် အမြဲရှိနေခဲ့သော လူ့သွေးများစွန်းနေသည့် ဝံပုလွေကြီးများ တစ်ကောင်ပြီးတစ်ကောင် ကျရှုံးသွားသည်ကို မြင်သောအခါ လူ့များစွာဆီမှ မျက်ရည်များ အထိန်းအကွပ်မဲ့ စီးကျလာသည်။
မြို့အကြီးအကဲနျဲ့က စိတ်လှုပ်ရှားစွာ တုန်လှုပ်သွားသည်။
ငယ်စဉ်မှစ၍ အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့သော မြင်ကွင်းသည် နောက်ဆုံးတွင် လက်တွေ့ဖြစ်လာခဲ့သည်။
ခဏအကြာတွင် ဝံပုလွေတစ်အုပ်လုံးသည် သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားကာ မြို့ရိုးများသည် ဓားမိုးများအောက်တွင် ပြိုကျသွားသည်။ ကျယ်လောင်သော ဆူညံသံသည် မြို့တွင်းရှိ လူသားကျွန်များကို တုန်လှုပ်စေကာ ၎င်းတို့ ဘဝတွင် မည်သောအခါမျှ မေ့နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။
မရေမတွက်နိုင်သော ဓားမိုးများ ရွာသွန်းလာ၍ လူသားများက လုံးလုံးလျားလျား ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိကြသော်လည်း အဆိုပါ ကြီးစိုးသော ဧရာမဝံပုလွေများသည် ဓားမိုအောက်တွင် အရိုးဖြူများအဖြစ်ပြောင်းလဲသွားကြသည်။
ရွှယ်အန်းသည် မြို့ကို ဓားတစ်ချောင်းတည်းဖြင့် ချေမှုန်းပစ်လိုက်ခြင်းဖြစ်၏။
ထိုခဏ၌ပင် ဝံပုလွေနတ်ဘုရား၏ ဘုရားကျောင်းရှိရာ မြို့လယ်ခေါင်မှ ကြီးစွာသော အူသံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူလဲ၊ ဘယ်သူက ငါ့လူတွေကို သတ်ရဲတာလဲ”
ဤစကားများ ပဲ့တင်ထပ်လာပြီးနောက် ဘုရားကျောင်းထဲမှ အေးမြသော အလင်းရောင်များ ဖြည်းညှင်းစွာ ထွက်ပေါ်လာကာ အလွန်အမင်းကြီးမားသော ဝံပုလွေကြီးတစ်ကောင်ထွက်လာသည်။
အခန်း(၂၃၇) ရှင်အသက်ရှင်နေဦးမယ်လို့ ကျွန်မမျှော်လင့်တယ်
သူပေါ်လာသောအခါ လူအများက အံ့သြသွားကြသည်။
"ဒါဟာ ဝံပုလွေနတ်ဘုရားစတေးခြင်းပဲ”
"ဒါက ဝံပုလွေနတ်ဘုရားလျှို့ဝှက်သိုင်း”
ရွှယ်အန်းသည် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် လေထဲ၌ မတ်တပ်ရပ်နေသည်။
"မင်းရဲ့လူတွေကို သတ်လိုက်တယ်ဟုတ်လား။ မင်းတို့ ဝံပုလွေမျိုးတွေက ငါ့ဟွာရှားနိုင်ငံသားတွေကို သုတ်သင်တုန်းကရော ဘာလို့ဘာသံမှမထွက်တာလဲ”
အရပ်ခြောက်ပေ သို့မဟုတ် ခုနစ်မီတာ မြင့်သော ဝံပုလွေကြီးသည် လေထုအလယ်မှ ရွှယ်အန်းကို လှမ်းကြည့်သည်။
“မင်းက ပင်မကမ္ဘာက ဓားအင်မော်တယ်လား”
ဤသို့ပြော၍ ၎င်းဧရာမဝံပုလွေမျက်နှာတစ်ပြင်လုံးတွင် အံ့သြမှုနှင့် သံသယအငွေ့အသက်များထင်ဟပ်လာသည်။
"ငါတို့ ဝံပုလွေ မျိုးနွယ်စုက မင်းတို့ ပင်မကမ္ဘာနဲ့ အမြဲပူးပေါင်းဆောင်ရွက်နေတာ။ အခုလိုလုပ်တာ ငါတို့ ဒေါသကို ဆွမိမှာ မကြောက်ဘူးလား”
"စိတ်မကောင်းပါဘူး၊ ဒါပေမယ့် မင်းနဲ့ ပူးပေါင်းထားတဲ့ မျိုးနွယ်က ငါပြန်သွားတာနဲ့ သူတို့နဲ့စာရင်းရှင်းမှာပါ။ ဒါပေမယ့် အခုလောလောဆယ်..."
ရွှယ်အန်းသည် ဧရာမဝံပုလွေကို လှမ်းကြည့်လိုက်သည်။
"မင်းတို့လို ခွေးရူးကောင်တွေကို အရင်သတ်ရမယ်”
"မင်းက သေချင်နေတာပဲ" ဧရာမ ဝံပုလွေကြီးက ကြုံးဝါးလျက် သူ့ဆီသို့ ချီတက်လာသည်။
၎င်း၏ အရှိန်သည် သရဲတစ်ကောင်၏ အရိပ်နီးပါး မြန်ဆန်လှသဖဖြင့် အရွယ်အစားနှင့် မယုံနိုင်လောက်အောင် ကွဲလွဲနေသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ဧရာမဝံပုလွေကြီးသည် ရွှယ်အန်းရှေ့သို့ ချီတက်လာ၏။ ၎င်း၏ကြီးမားသောအရွယ်အစားအောက်တွင်၊ ရွှယ်အန်းသည် အလွန်သေးကွေးသောပုရွက်ဆိတ်ငယ်လေးနှင့်တူသည်။
"ငါ့အတွက်သေပေတော့." ဧရာမဝံပုလွေကြီးသည် ဒေါသတကြီးဟိန်းဟောက်ကာ၊ ၎င်း၏လက်ထဲမှ ဧရာမသံတူကြီးတစ်ခုဖြင့် ရွှယ်အန်းကို ရိုက်ချလိုက်သည်။
ဤမြင်ကွင်းသည် ဟွာရှား နိုင်ငံသားများစွာကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။အများစုက သည်းမခံနိုင်ဘဲ မျက်စိမှိတ်ထားကြသည်။ သို့သော် မျှော်လင့်ထားသည့် အော်သံများနှင့် ရိုက်ခတ်သံများ မပေါ်ပေါက်ခဲ့ပေ။
လူအုပ်ကြီးသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သောအခါ လက်တစ်ဖက်ဖြင့် ဝံပုလွေကြီး၏ တူကို ပေါ့ပေါ့ဆဆ ကိုင်ဆောင်ထားသည့် ရွှယ်အန်းသည် လေထဲ၌ ရပ်နေသည်ကိုသာ တွေ့လိုက်ရသည်။
ဝံပုလွေနတ်ဘုရားက ထိတ်လန့်မှုအပြည့်ဖြင့် ရွှယ်အန်းကို အသေသတ်ရန်ကြိုးပမ်းလျက်ရှိ၍ သူ့၌ ရှိသမျှ ခွန်အားများကိုသုံးလိုက်သည်။ သို့သော်လည်း ရွှယ်အန်းက တည်ငြိမ်မြဲတည်ငြိမ်နေ၍ သူ့အသံသည်လည်း အေးစက်မြဲအေးစက်နေသည်။
"မင်းမှာ ခွန်အားတွေ ရှိရဲ့လား"
ဤသို့ဖြင့် ရွှယ်အန်း၏ လက်သည် အပေါ်သို့ ဖြည်းညှင်းစွာတက်လာသည်။ ဝံပုလွေနတ်ဘုရားက အစွမ်းရှိသမျှ ထုတ်သုံးခဲ့သော်လည်း တူသည် တဖြည်းဖြည်းခြင်း ပြန်လည် မြင့်တက်လာ၏။
"မင်းငါ့ကို တူနဲ့ရိုက်တယ်ဆိုတော့ ငါ လည်းတူနဲ့ပြန်ရိုက်ပေးရတာပေါ့”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ဧရာမဝံပုလွေကြီး ဆုပ်ကိုင်ထားသော တူတံကို ရုတ်တရက် ဆွဲထုတ်၍ လက်ကိုင်ကို ဆုပ်ကိုင်ကာ သူ့လက်ကို မြှောက်လျက် ရိုက်ချလိုက်သည်။ ကျယ်လောင်သော လေထုအက်ကွဲသံနှင့်အတူ သံတူသည် ဧရာမဝံပုလွေကြီးထံသို့ တည့်တည့် သက်ဆင်းသွားသည်။
ဤအဖြစ်အပျက်ကြောင့် ဝံပုလွေနတ်ဘုရား၏ဝိဉာဥ်သည် ခန္ဓာကိုယ်မှ လွင့်ထွက်သွားပုံရသည်။
“မဖြစ်ဘူး…”
စူးရှသောအသံတစ်ခု ပဲ့တင်ထပ်လာသည်။
ဝံပုလွေနတ်ဘုရား၏ ရောင်ဝါသည် သံတူကြောင့် ကွဲအက်သွား၍ ၎င်း၏ ခန္ဓာကိုယ်သည် အမှိုက်ပုံကြီးထဲသို့ တည့်တည့်ကျသွား၏။ ဤသို့ဖြင့် နှင်းဝံပုလွေမြို့မှ ဧရာမဝံပုလွေများအားလုံး ပျက်သုဉ်းသွားခဲ့သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးက ကျယ်လောင်စွာ ကြွေးကြော်လိုက်ကြသည်။
"သခင်ကစွမ်းအားကြီးလိုက်တာ”
"သခင်က တိုက်ပွဲပေါင်းတစ်ရာတိုက်တောင် ရှုံးမှာမဟုတ်ဘူး”
အကြီးအကဲနျဲ့နှင့် ဝူချင်းတို့သည် တစ်ယောက်ကိုတစ်ယောက်တစ်ချက်ကြည့်၍ ရုတ်တရက် မြေပြင်ပေါ်တွင် ဦးစွာဒူးထောက်လိုက်သည်။ ၎င်းတို့ ဒူးထောက်လိုက်သောအခါ အခြားသူများလည်း လိုက်ပါဒူးထောက်ကြသည်။
"သခင်ကြီးရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"
ရွှယ်အန်းသည် လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်လျက် လေထဲတွင် အပြုံးမပျက်ဘဲ ရပ်နေသည်။ ဤလူများထံမှ ကျေးဇူးတရားသိတတ်မှုကို သူခံစားမိသည်။
ထို့နောက်တွင် ဝံပုလွေနတ်ဘုရား အလောင်းထဲမှ အလင်းအမှုန်အမွှားများ ထွက်ပေါ်လာ၍ မယုံနိုင်လောက်အောင် အရှိန်ပြင်းစွာဖြင့် ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားခဲ့သည်။
ရွှယ်အန်းက အလင်းတန်းကို လက်ဖြင့် လှမ်းဖမ်းလိုက်သည်။
၎င်းသည် ဝံပုလွေနတ်ဘုရား၏ ဝိညာဉ်ဖြစ်သည်။
ရွှယ်အန်းက သူ့ကိုဖမ်းမိလိုက်သည်ကို မြင်လိုက်ရသောအခါ ဝံပုလွေဝိဉာဥ်က ထိတ်လန့်စွာဖြင့် လက်ဝါးပြင်ထက်၌ ပြင်းထန်စွာ ဒူးထောက်ချလိုက်သည်။
“သက်ညှာပေးပါ သခင်၊ သက်ညှာပေးပါ။ ကျွန်တော်မျိုးက နိမ့်ကျတဲ့ ဝံပုလွေတစ်ကောင်ပါ။ ဟွာရှားနိုင်ငံသားတစ်ယောက်ကိုမှ မသတ်ခဲ့ဖူးပါဘူး”
သို့သော် သူ့စကားကြောင့် ဒေါသသံများထွက်ပေါ်လာသည်။
"ဘယ်တော့မှ မသတ်ဖူးဘူးလား၊ ဒါဆို ငါ့သမီးကို ဝံပုလွေနတ်ဘုရားအတွက် ဘာလို့ အသုံးချခဲ့တာလဲ”
ဝံပုလွေဝိညာဉ်သည် ကြောက်လန့်တကြား တုန်လှုပ်သွားသည်။
"သေသွားတဲ့ဝံပုလွေကြီးတွေက ဘာလို့ အသက်ဝိညာဉ်မရှိတာလဲ၊ မင်းတစ်ယောက်တည်းဘာလို့ ဝိဉာဥ်ရှိတာလဲ”
ဝံပုလွေဝိညာဉ်သည် တုန်လှုပ်ချောက်ချားနေပုံရသည်။
ရွှယ်အန်းက ပြုံး၍ ပြော၏။
“မင်းပါးစပ်ကမပြောရင်လည်း ဝိဉာဥ်ကို ငါရှာလို့ရတယ်”
"ဝံပုလွေတွေအားလုံးက ဝံပုလွေနတ်ဘုရားရဲ့သားမြေးတွေပါ။ သူတို့သေသွားရင် သူတို့ရဲ့ဝိညာဉ်တွေက ပင်မမြို့မှာရှိတဲ့ ဝံပုလွေဘုရားခန်းမဆီကို ပြန်သွားလိမ့်မယ်။ ငါတို့ရဲ့စွန့်လွှတ်မှုတွေက မတူညီတဲ့အတွက်ကြောင့် အသက်ရှင်တဲ့ဝိညာဉ်တွေကို သိမ်းထားရတာ"
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"အဓိကမြို့ကြီးကဘယ်မှာလဲ”
"ဒီ..."
ရွှယ်အန်း၏ စိတ်ရှည်သည်းခံမှု လုံးလုံးလျားလျား ကုန်ဆုံးသွားပြီးနောက် သူ့လက်ကို တင်းတင်းကျပ်ကျပ် ညှစ်လိုက်သည်။
အက်။
ဝံပုလွေဝိညာဉ်သည် သနားဖွယ်ကောင်းစွာ ငိုကြွေးလျက် အစိတ်စိတ်အမွှာမွှာကြေမွသွာကာ ၎င်းဝိဉာဥ်အတွင်းရှိ မှတ်ဉာဏ်များကို ရွှယ်အန်းမှ ရယူခဲ့သည်။ ဝံပုလွေနတ်ဘုရား၏မှတ်ဉာဏ်ထဲမှ ရက်စက်ကြမ်းကြုတ်၍ သွေးထွက်သံယို မြင်ကွင်းများက ရွှယ်အန်းကို အလွန်အမင်းဒေါသထွက်စေသည်။ ဤဝံပုလွေများကို သူသတ်ဖြတ်ခဲ့သည့်နည်းလမ်းများက မရက်စက်သည်ဟုပင်ထင်ရ၏။
ရွှယ်အန်းသည် ယင်းမှ အလွန်အသုံးဝင်သောအချက်အလက် အနည်းငယ်ရှာဖွေတွေ့ရှိခဲ့သည်။
ဥပမာအားဖြင့်၊ အဓိကမြို့၏တည်နေရာ၊ ဝံပုလွေနတ်ဘုရား၏လျှို့ဝှက်ချက်များစသည်ဖြင့်ဖြစ်သည်။
မူလက ဤလျှို့ဝှက်နယ်မြေကို ဝံပုလွေနတ်ဘုရားက ပိုင်ဆုင်ခြင်းမဟုတ် ရှေးဟောင်း ဟွာရှားမှ စွမ်းအားကြီးဖြစ်တည်မှုတစ်ခုက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုစွမ်းအားကြီးသတ္တဝါနှင့် အခြားအင်အားကြီးပုဂ္ဂိုလ်များရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီးနောက် ဟွာရှားလူအချို့သာ ဤကမ္ဘာတွင် ရှင်သန်ကျန်ရစ်ခဲ့သည်။
နောက်ပိုင်းတွင်၊ဝံပုလွေနတ်ဘုရားသည် အလင်းဘုရားကျောင်းမှ ကမ္ဘာအဆုံးတိုင်အောင် လိုက်၍ ဤလျှို့ဝှက်နယ်မြေကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ကာ ၎င်း၏သီးသန့်နယ်မြေအဖြစ် လျင်မြန်စွာ ပြုလုပ်ခဲ့သည်။ မျိုးဆက်များ ကြီးထွားလာပြီးနောက်၊ ဝံပုလွေနတ်ဘုရား၏သားမြေးများသည် ဤကမ္ဘာတစ်ဝှမ်းလုံးသို့ ပြန့်နှံ့သွား၍ အုပ်စိုးရှင်များဖြစ်လာကာ မူလနေထိုင်သူများကို ဒုက္ခရောက်စေသည်။
ယခုအခါ ဝံပုလွေနတ်ဘုရားသည် ဝံပုလွေနတ်ခန်းမ၌ အိပ်စက်နေဆဲဖြစ်၍ ၎င်း၏သားစဉ်မြေးဆက်များသည် ပင်မကမ္ဘာတွင် ရုရှားနိုင်ငံနှင့် အဆက်အသွယ်ရှိကာ ၎င်းတို့နှင့် မကြာခဏ ပူးပေါင်းဆောင်ရွက်နေကြသည်။
ရုရှားနိုင်ငံသည် အမျိုးမျိုးသော စွမ်းအားရှိသော ဝိညာဉ်များကို ထောက်ပံ့ပေး၍ ဝံပုလွေမျိုးနွယ်စုသည် ရုရှားနိုင်ငံကို ဝံပုလွေနတ်ဘုရားသွေးဖြင့် ထောက်ပံ့ပေးသည်။
မီးဖီးနစ်ကဲ့သို့သော အဖွဲ့ဝင်များ၏ တည်နေရာနှင့် ပတ်သက်၍ ဤဝံပုလွေနတ်ဘုရားကိုးကွယ်သူသည်လည်း မသိခဲ့ပေ။ သို့သော် ရွှယ်အန်းသည် ၎င်းတို့အားလုံး အသက်ရှင်နေသေးကြောင်း ခန့်မှန်းနိုင်သည်။
ရွှယ်အန်းက စစ်ဝံပုလွေ လျှို့ဝှက်နယ်မြေအတွင်း အရပ်ရပ်၌ တိုက်ပွဲဝင်နေချိန် ပင်မကမ္ဘာပေါ်တွင် ကြီးမားသော အုံကြွမှုကြီး စတင်နေပြီဖြစ်သည်။ ဤသည်မှာ ရွှယ်အန်းနှင့် မီးဖီးနစ်အဖွဲ့ ပျောက်ဆုံးသွားပြီးနောက် ခုနစ်ရက်မြောက်နေ့ဖြစ်သည်။
ဆိုက်ဘေးရီးယားရှိ လေ့ကျင့်ရေးစခန်းသည် အလွန်တိတ်ဆိတ်နေသည်။
အခြားတပ်များ ကွဲနေပြီဖြစ်သည်။
ဆုရှနာသည် ခေါင်မိုးပေါ်၌ ရပ်နေကာ သူမ၏ အကြည့်များက အေးစက်နေသည်။
ရုတ်တရက် ရဟတ်ယာဉ်တစ်စင်း ခေါင်မိုးပေါ် ဆင်းသက်လာသည်။
“ဗိုလ်ချုပ်ကြီးဆုရှနာခင်ဗျာ၊ ရဟတ်ယာဉ်ပေါ်တက်ပြီး ထွက်သွားပါ။ ဒီနေရာကို စွန့်ပစ်ဖို့ ဆုံးဖြတ်ထားပါတယ်" အရာရှိတစ်ဦးက ပြောသည်။
ဆုရှနာသည် ခေါင်းတညိတ်ညိတ်နှင့် အချိန်အတော်ကြာတိတ်ဆိတ်နေပြီးမှ ရဟတ်ယာဥ်ပေါ်သို့ တက်လိုက်သည်။
ဤခုနစ်ရက်အတွင်း သူမ ရှာဖွေနိုင်သမျှ လူအင်အားကို စုဆောင်းခဲ့သော်လည်း အလောင်းနှင့်သွေးများမှ လွဲ၍ အခြားမတွေ့ပေ။
ရဟတ်ယာဉ်ပေါ်တွင်ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ တောအုပ်ကြီးကိုကြည့်လျက် ဆုရှနာသည် သူမ၏နှလုံးသားထဲတွင် တိတ်တဆိတ်ဆုတောင်းနေခဲ့သည်။
ရှင် အသက်ရှင်နေဦးမယ်လို့ ကျွန်မမျှော်လင့်တယ်။
ကျုံးတုမြို့
အန်းမိသားစု
ကျောက်ရွှယ်ဟွေ့၊ ချောင်လဲ့ ယန်ပင်းယီ နှင့် အခြားအနည်းငယ်သော သူတို့၏ မျက်လုံးများတွင် လေးနက်သောအမူအရာများနှင့် ဝမ်းနည်းမှုအငွေ့အသက်တို့ရှိနေသည်။
ရုတ်တရက်၊ တံခါးပွင့်လာပြီးနောက် အန်းယန်က သမီးနှစ်ယောက်ကို ခေါ်လာသည်။
"မရီး”
"မရီး”
သုံးယောက်သား အမြန်ထလိုက်ကြသည်။
အန်းယန်က အနည်းငယ်ပြုံးလိုက်၏။
“ရှင်တို့ ဒီကို ရောက်လာပြီပေါ့”
"ဟုတ်တယ်၊ မရီး။ ဘာမှအထူးတလည်မဟုတ်ပါဘူး။ ညီမလေးကို လာကြည့်ဖို့ လာခဲ့လိုက်တာ။ ဒုတိယအစ်ကို..” ချောင်လဲ့က အလျင်စလို ပြောလိုက်သည်။
ကျောက်ရွှယ်ဟွေ့က သူ့ကို ဒေါသတကြီး ကန်ထုတ်လိုက်၏။
"မရီး၊ ညီမလေး ဘယ်လိုနေလဲလို့ လာကြည့်ရုံကြည့်တာပါ”