← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇) မှတ်ထား၊ ဒါက အစပဲရှိသေးတယ်

သို့သော် ၎င်းတို့ မသိခဲ့သည်က ရှန်းရှန်းနှင့် နျန်နျန်တို့ကို နတ်ဘုရားအဆင့်​၏ အသက်ဓာတ်များဖြင့် ဖော်စပ်ထားသော ရင်းမြစ်သန့်စင်ဆေးများကို ရွှယ်အန်းက ငယ်စဉ်ကတည်းက တိုက်ကျွေးထားခဲ့သည်။

ထို့အပြင်၊ ရွှယ်အန်းသည် ဤသမီးလေးနှစ်ဦးကို စိတ်ကူးမယဉ်နိုင်လောက်သည့် အတိုင်းအတာအထိ ချစ်နှစ်သက်သောကြောင့် သူ၏အသက်ဓာတ်များဖြင့် ရေးဆွဲထားသော မရေတွက်နိုင်သည့် အကာအကွယ် မန္တန်များကို ၎င်းတို့၏ခန္ဓာကိုယ်တွင် သူကိုယ်တိုင် ပေးအပ်ထားခဲ့သည်။ တစ်ဝက်အဆင့် အင်မော်တယ်လျှင်ပင် ဤကလေးမလေးနှစ်ဦးကို ထိခိုက်စေရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားရပေလိမ့်မည်။

"ဟွန်း" ဝမ်ပန့်မေက အေးစက်စွာ သရော်ပြုလိုက်သည်၊ သူမသည် ကလေးမလေးများနှင့် စကားများရန်ဖြစ်ရသည်အထိ စိတ်သဘောထား သေးငယ်သူ မဟုတ်သောကြောင့် အန်းယန်ကို မော့ကြည့်၍ ပြောလိုက်သည်။

“မိန်းကလေးအန်း မင်းက ဒီကမ္ဘာကြီးရဲ့ စွမ်းအင်တွေကို တကယ် မသိနားမလည်ပုံရတယ်။ ကျွန်မသာ လုပ်ချင်ရင် မင်း ဒီမှာသေနေပြီ၊ ဒါပေမယ့် ကျွန်မ အဲ့လို မလုပ်ချင်ဘူး။ ဖော်မြူလာနဲ့ နည်းစနစ်တွေကို လွှဲပေးလိုက်ရုံနဲ့ မင်းနဲ့ မင်းရဲ့ ကလေးတွေကို အသက်ရှင်ခွင့်ပေးမယ်။ ဘယ်လိုလဲ" ဝမ်ပန့်မေ၏ အသံသည် အလွန် အေးစက်နေသည်။

“အန်းယန်၊ အင်မော်တယ်အရှင်တို့ ပြောတာ မှန်တယ်။ ရှင် ဆက်ပြီး လှည့်ဖြားနေရင် ရှင်တင်မကဘဲ ရှင့် ညီမလည်း ဒုက္ခရောက်မှာနော်" လျို့ရူယန်သည်လည်း စိတ်မရှည်တော့သောကြောင့် ဝင်ပြောလာသည်။

"ရွှယ်အန်း လာကယ်ဖို့ကို မျှော်လင့်သေးတာတော့ မဟုတ်ပါဘူးနော်။ ရှင် စိတ်ကူးယဉ်နေတာတွေကို ရပ်လိုက်ရင် ကောင်းမယ်။ အခုအချိန်လောက်ဆိုရင် ရှင့်ယောက်ျားရဲ့ အလောင်းကို ဝံပုလွေတွေက စားသွားလောက်ပြီ" လျို့ရူယန် ၏ မျက်နှာသည် လှောင်ရယ်မှုများဖြင့် ပြည့်နှက်နေသည်။

အန်းယန်က သည်းမခံနိုင်တော့ဘဲ ဒယ်ပြားကို ဆုပ်ကိုင်ထားသော သူမ​၏လက်ဖြင့် လျို့ရူယန်ကို တိုက်ရိုက် ပစ်ပေါက်လိုက်သည်။ မွေးရာပါ ပင်ကိုယ်စွမ်းရည် သို့မဟုတ် ဒယ်ပြား ပစ်ပေါက်ခြင်းဆိုင်ရာ အရည်အချင်းတစ်မျိုးမျိုးဖြစ်စေ အန်းယန်၏ ပစ်ပေါက်မှုသည် မယုံနိုင်လောက်အောင် တိကျလွန်းလှ၍ ဒယ်ပြားသည် လျို့ရူယန်​၏ ပါးစပ်ကို ထိမှန်သွားလေသည်။ ပါးစပ်ထောင့်မှ သွေးများ ချက်ချင်း စီးကျလာ၍ သူမ​၏သွားများ ကျိုးကြေသွားသောကြောင့် လျို့ရူယန်က နာကျင်စွာအော်ဟစ်ပြီးနောက် ဗလုံးဗထွေး ရေရွတ်လိုက်သည်။

"အင်မော်တယ်အရှင်တို့... ကျွန်မကို ကယ်ပါ"

ဝမ်ပန့်မေ​၏ မျက်နှာအမူအရာ မည်းမှောင်သွားလေသည်။ အန်းယန်​၏ သူမ အရှေ့တွင် တိုက်ခိုက်ရဲသော အပြုအမူသည် သူမ​၏ဂုဏ်သိက္ခာကို လွန်စွာ ထိပါးစေသည်ဟု မှတ်ယူမိသည်။ ထို့ကြောင့် ဝမ်ပန့်မေသည် အရှေ့သို့ ခြေလှမ်း လှမ်းလာ၍ အေးစက်စွာ ပြောလိုက်သည်။

"မင်းက ကိုယ့်ကိုယ်ကို ဖျက်ဆီးချင်နေမှတော့ ကျွန်မကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့ပေါ့"

သူမသည် စကားပြောနေစဉ်အတွင်း အန်းယန်ဆီသို့ သတ်ဖြတ်ချင်စိတ်များ ပျံ့နှံ့သွားလေသည်။ အန်းယန်၏ မျက်လုံးများတွင် စိတ်ပျက်အားလျော့သော အရိပ်အယောင် ပေါ်ထွက်လာသည်။

'ယောက်ျားရေ ရှင် အခု ဘယ်မှာလဲ။ ကျွန်မ... ကြာကြာ မထိန်းနိုင်တော့ဘူး'

ကျောက်ရွှယ်ဟွေ့၊ ချောက်လဲ့နှင့် အခြားလူများသည် ၎င်းတို့၏ ခြေလက်များပင် မလှုပ်ရှားနိုင်သည်အထိ ဖိအားများကို ခံစားလိုက်ရ၍ ၎င်းတို့၏မျက်နှာများတွင် စိတ်ပျက်အားငယ်မှုများ ပြသလာသည်။ သို့သော် ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်းပြီ၊ မင်းတို့က ကျုပ် ဒေါသကို ဆွလိုက်တာပဲ"

အန်းယန်က အံ့အားသင့်သွားသည်။

'ဒီအသံ…'

ပြီးနောက် အစည်းအဝေးခန်း၏ မှန်နံရံများ ပေါက်ကွဲသံနှင့်အတူ ကွဲကြေသွားပြီးနောက် ရွှယ်အန်းက ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။ သူရောက်လာသည်နှင့် အန်းယန်​၏ မျက်ရည်များ ချက်ချင်း စီးကျလာသည်။

"ယောက်ျား"

"ဖေဖေ" ကလေးမလေးနှစ်ဦးသည်လည်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

ဤ “ခင်ပွန်း” ဟူသော ခေါ်သံသည် နာကျည်းခါးသီးမှုများနှင့် ပြည့်နေသည်။ ရွှယ်အန်းသည် သူ​၏နှလုံးသား နာကျင်မှုကို ခံစားလိုက်ရပြီးနောက် အန်းယန်ကို ပွေ့ဖက်ရန်အတွက် ရှေ့သို့ အမြန်လှမ်းလာလိုက်သည်။

"ကဲ ကဲ မငိုနဲ့တော့ ကိုယ် အခုပြန်လာပြီ မဟုတ်လား"

အန်းယန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"မင်းက...ရွှယ်အန်းလား" ထိုအချိန်တွင် အမူမထားသော အသံတစ်ခု ထွက်ပေါ်လာသည်။

ရွှယ်အန်းက လှည့်ကြည့်လိုက်ချိန်တွင် သူ၏အပြုံးများ တဖြည်းဖြည်း မှိန်ဖျော့လာသည်။

"မင်းက ဒီစက်ရုံ တည်ထောင်သူ ရွှယ်အန်းလား။ ကောင်းပြီ၊ မင်း ပြန်လာပြီဆိုတော့… ပစ္စည်းတွေကို လွှဲပေး ဒါဆိုရင် မင်းအသက်ကို ငဲ့ညှာပေးမယ်” ဝမ်ပန့်မေက သူ့ကို မောက်မာစွာ ပြောနေခြင်းကို တွေ့လိုက်ရသည်။

ရွှယ်အန်းက ရယ်မောလိုက်ပြီးနောက် အန်းယန်၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်၍ ရှန်းရှန်းနှင့် နျန်နျန်တို့ကို ငုံ့ကြည့်လိုက်သည်။

"သမီးတို့နှစ်ယောက် မေမေနဲ့ ဟိုနားကိုသွားပြီး ဖေဖေ့ကို စောင့်နေ၊ မျက်လုံးမှိတ်ထားဖို့ မမေ့ကြနဲ့"

"ဟုတ်" နာခံမှုရှိသော ကလေးမလေးနှစ်ဦးသည် အန်းယန်နောက်သို့ လိုက်သွားကြသည်။ ရွှယ်အန်းသည် မတ်မတ်ရပ်ပြီးနောက် သူ​၏နားများကို စိမ်ပြေနပြေ ရှင်းလင်းနေလိုက်သည်။

"စိတ်မရှိပါနဲ့၊ ခုနက ဘာပြောလိုက်တာလဲ။ ကျုပ် ကောင်းကောင်း မကြားလိုက်ရလို့"

ဝမ်ပန့်မေသည် အကြောင်းတစ်စုံတစ်ရာကြောင့် အရိုးထဲထိ အေးစက်မှုများကို သူမ၏နှလုံးသားထဲတွင် ခံစားလိုက်ရသည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူမသည် ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်သည်။

"ဖော်မြူလာနှင့် နည်းစနစ်တွေ လွှဲပြောင်းပေးရင် မင်းကို အသက်ရှင်ခွင့် ပေးမယ်လို့"

သူမ​၏ စကားများ ပြီးဆုံးသည်နှင့် ရွှယ်အန်းက သူမအရှေ့တွင် ရုတ်တရက်ပေါ်လာ၍ သူ​၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ရိုက်နှက်မှုသည် အလွန်တရာ ပြင်းထန်လွန်းလှသည်။ ၎င်းရိုက်ချက်သည် ဝမ်ပန့်မေသည် မြေပြင်မှ လွင့်ပျံသွားစေကာ လေထုထဲတွင် အကြိမ်ပေါင်းများစွာ လည်ပတ်သွား၍ သူမကို လေးလံသော အသံတစ်ခုနှင့်အတူ မြေမြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။ သူမ​၏မျက်နှာတစ်ခြမ်းသည် ရိုက်နှက်မှုကြောင့် ကွဲအက်သွားကာ မူလက လှပသော အသွင်အပြင်သည် အလွန် အကျည်းတန်၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ ပြီးနောက် ဤရိုက်ချက်သည် မြင်ကွင်းကိုအကောက်ကြံမှုများဖြင့် ကြည့်နေသော ကျန်းနုပင်းကို ရုတ်တရက် မတ်တပ်ရပ်သွားစေပြီးနောက် သူက ခက်ထန်စွာ ပြောလိုက်သည်။

“မင်း တကယ် လုပ်ရဲတယ်ပေါ့လေ”

ရွှယ်အန်းသည် ပို၍ အချိန်ဖြုန်းရန်ပင် စိတ်မဝင်စားဘဲ ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် ကျန်းနုပင်းအရှေ့တွင် ပြန်လည်ပေါ်ပေါက်လာကာ ထပ်မံ ရိုက်နှက်ရန်အတွက် လက်ကို မြှောက်တင်လိုက်သည်။ ကျန်းနုပင်း၏ အခြေအနေသည် ဝမ်ပန့်မေမျှ မဆိုးရွားခဲ့ပေ၊ သူသည် ရိုက်နှက်မှုဖြင့် လွင့်ပျံသွား၍ သွားများကို မကယ်တင်နိုင်ခဲ့သော်လည်း သူ၏ပါးရိုးများ မကွဲကြေသွားခဲ့ပေ။

"မှတ်ထား၊ ဒါကအစပဲရှိသေးတယ်" ထိုမှသာ ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

အခန်းတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားကာ မြင်ကွင်းကို ကြည့်နေကြသူများစွာက ပါးစပ်အဟောင်းသားဖြစ်သွားကြ၍ အထူးသဖြင့် လျို့ရူယန်က အဟောင်းသားဖြင့် စိုက်ကြည့်နေသည်။ မည်သို့ပင်ဆိုပါစေ သူမဘက်မှ နတ်ဘုရားများကဲ့သို့ လေးစားကြည်ညိုသော အင်မော်တယ်အရှင်နှစ်ပါး​၏ မျက်နှာကို ရွှယ်အန်းက တိုက်ရိုက် ရိုက်ချလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

"ကောင်းပြီ၊ မင်းက ခွန်းလွန်ရဲ တပည့်နှစ်ယောက်ကို ဒေါသထွက်အောင် လုပ်ခဲ့ပြီးပြီ။ မင်း သေဖို့ပြင်ထား" ဝမ်ပန့်မေသည် ရွှယ်အန်းကို ပြင်းထန်သော နာကြည်းမှုမျိုးဖြင့် စိုက်ကြည့်နေပြီးနောက် မတ်တပ်ရပ်၍ တစ်စုံတစ်ခုဖြင့် ပစ်ပေါက်လိုက်သည်။

၎င်းသည် ချန်ရွှယ်တောင်၏ထူးခြားသည့် စွမ်းရည်မျိုးဖြစ်သည့် ထောင်ချီစက်ယန္တရား ယပ်တောင်ဖြစ်၍ မည်သည့် လွတ်မြောက်အင်မော်တယ်အဆင့်မျှ မနှိုင်းယှဉ်နိုင်သည့် တစ်ချက်တည်းဖြင့် ပွဲချင်းပြီး သတ်ဖြတ်ခြင်း သိုင်းပညာအဖြစ် လူသိများသည်။ ထိုအချိန်တွင် ကျန်းနုပင်းသည် သူ​၏ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်၍ သူ​၏လက်များကြားမှ တောက်ပသော အလင်းရောင်တစ်ခု ပေါ်ပေါက်လာသည်။

၎င်းသည် အရှင်သခင်၏ အမျက်ဒေါသ လှံဟုခေါ်သော လှံရှည်တစ်ခုဖြစ်သည်။ အရှင်သခင်ဂိုဏ်း၏ အဓိက သိုင်းပညာသည် ရှေးဟောင်း ရွှေအင်မော်တယ် အရှင်သခင် ရှန်ယွီထံမှ အမွေဆက်ခံထားသည့် သိုင်းပညာဟု အဆိုရှိကြသည်။ ဤလက်နက်နှစ်ခု၏ ပေါင်းစည်းတိုက်ခိုက်မှုသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

၎င်းတိုက်ခိုက်မှုဖြင့် အခန်းအတွင်းရှိ ပရိဘောဂများအားလုံး လွှစာအဖြစ်သို့ ရောက်ရှိသွား၍ ရှု့လျိုနှင့် အခြားလူများက တုန်လှုပ်ခြောက်ခြားစွာဖြင့် အလွန် စိုးရိမ်နေကြသည်။ သို့သော် ဤချောက်ချားဖွယ် မုန်တိုင်းကြားတွင် ရွှယ်အန်း၏ ငြိမ်သက်သော အသံထွက်ပေါ်လာသည်။

"ဒါက အစပဲရှိသေးတယ်လို့ ကျုပ် ပြောထားတယ်လေ"

ရွှယ်အန်းသည် ထိုစကားဖြင့် ထောင်ချီစက်ယန္တရား ယပ်တောင်ကို ဆုတ်ဖြဲ၍ အရှင်သခင်လှံရှည်ကို နှစ်ပိုင်း ပိုင်းသည်အထိ ကန်ထုတ်ပြီးနောက် ၎င်းတို့အနားသို့ ရောက်ရှိလာသည်။ ယခင်ကထက် ပိုမို ကျယ်လောင်သော ရိုက်နှက်သံနှစ်ချက်သည် ကျန်းနုပင်းနှင့် ဝမ်ပန့်မေတို့ကို နောက်တစ်ကြိမ် ထပ်မံ ပျံသန်းသွားစေသည်။ မြေပြင်ပေါ်သို့ ပြန်ရောက်ရှိလာချိန်တွင် ရိုက်နှက်မှုကြောင့် ၎င်းတို့​၏မျက်နှာများ ပုံပျက်ပန်းပျက်ဖြစ်နေပြီဖြစ်သည်။ ၎င်းတို့နှာခေါင်းများနှင့် ပါးစပ်များမှ သွေးများ စီးကျလာသည်။

"မပြီးသေးဘူး၊ လာဦးမှာ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

၎င်းတို့နှစ်ဦးစလုံး၏ မျက်လုံးများတွင် အလွန် ထိတ်လန့်နေသည့် အကြည့်များ ရှိနေသည်။ ဤလူက မည်သို့ကြောင့် ဤမျှကြောက်မက်ဖွယ်ကောင်းခြင်း ဖြစ်သနည်း။ နှစ်ဦးစလုံးသည် အံကြိတ်၍ ၎င်းတို့​၏ အစွမ်းထက်ဆုံးသော လျှို့ဝှက်နည်းများကို အသုံးပြုလိုက်ကြသည်။

"နှင်းပေါင်းတစ်ထောင် အလှ"

“မြစ်နံဘေးက အရှင်သခင်​၏ အမျက်ဒေါသ”

ကြောက်မက်ဖွယ် အရောင်အဝါနှစ်စင်းတို့ တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွား၍ အစည်းအဝေးခန်း၏ ခေါင်မိုးသည်လည်း ဤအရောင်အဝါများကြောင့် လွင့်ထွက်သွားလေသည်။ သို့သော် ရွှယ်အန်းသည် သူ​၏လက်နှစ်ဖက် ပိုက်လျက် ငြိမ်သက်စွာ ရပ်ကြည့်နေဆဲဖြစ်သည်။ ကျန်းနုပင်းနှင့် ဝမ်ပန့်မေတို့သည် လျှပ်တစ်ပြက် ပျော်ရွှင်မှုများ တိတ်တဆိတ် ခံစားလိုက်ရသည်။

ယင်းတိုက်ခိုက်မှုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ဂိုဏ်းများမှ လျှို့ဝှက်သိုင်းပညာများဖြစ်ကြ၍ အလွန် အစွမ်းထက်သည့် တစ်ဝက်အဆင့် အင်မော်တယ်များလျှင်ပင် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိကြပေ။ သို့သော် ၎င်းတို့​၏ ပျော်ရွှင်မှုသည် တစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။

"ဒီလောက်နဲ့ မလုံလောက်သေးဘူး" ရွှယ်အန်းက မော့ကြည့်ပြီးနောက် ပုလဲဖြူသွားများ အနည်းငယ်ကို ထုတ်ပြ၍ ပြောလိုက်သည်။ ရွှယ်အန်းသည် ထိုစကားဖြင့် သူ​၏ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ၎င်းတို့​၏ခေါင်းပေါ်သို့ ဖိချပြီးနောက် စကားတစ်ခွန်း ဆိုလိုက်သည်။

"ဒူးထောက်စမ်း"

နှစ်ဦးစလုံးသည် ခေါင်းပေါ်တွင် တောင်တစ်စင်းက ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရ၍ ဒူးဆစ်များ ချက်ချင်း ကွဲအက်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

အခန်း (၂၄၈) လက်ဖျောက်တစ်ချက်ဖြင့် မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားခြင်း

မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ရသော ကျန်းနုပင်းနှင့် ဝမ်ပန့်မေတို့သည် အကြိမ်အနည်းငယ် ရုန်းကန်ခဲ့ရပြီးနောက် ၎င်းတို့၏ ဒူးခေါင်းများ ကွဲအက်သွားသော်လည်း လှုပ်ရှား၍ မရကြောင်း သိရှိလိုက်ရသောအခါ ၎င်းတို့မျက်နှာတွင် အရှက်ရသော အမူအရာများ ဖြတ်သန်းသွားလေသည်။ ပြီးနောက် နှစ်ယောက်သား တိတ်တဆိတ် အကြည့်ချင်းဖလှယ်၍ ခေါင်းငုံ့လိုက်ကြသည်။

"ရွှယ်အန်း၊ ကျုပ်တို့တွေ ခင်ဗျားကို လျှော့တွက်ခဲ့တယ်ဆိုတာ ဝန်ခံတယ်" ကျန်းနုပင်းက အသက်ပြင်းပြင်းရှူထုတ်၍ လေးနက်စွာ ပြောလိုက်သည်။

"ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ကျုပ်တို့ဘက်က အရိုအသေပေးရလောက်တဲ့အထိ ဂုဏ်ယူစရာကောင်းပါတယ်။ ဒီတော့ ပြီးခဲ့တာတွေ အတိတ်မှာပဲ ထားလိုက်ကြရအောင် ဘယ်လိုလဲ"

"အိုး၊ ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့လား” ရွှယ်အန်းက အမူမထားဘဲ မေးလိုက်သည်။

"ဟုတ်တယ်၊ ကျုပ်တို့တွေ ကောင်းကင်ကံကြမ္မာဆေးကို မတောင်းဆိုတော့ဘူး။ ကျုပ်တို့ကို လွှတ်ပေးမယ်ဆိုရင် ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်မယ်” ကျန်းနုပင်းက ပြောလိုက်သည်။

“ကောင်းပါတယ် ဒါပေမယ့်…” ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

"ခင်ဗျားတို့တွေ တစ်ခုခု အထင်လွဲနေပုံရတယ်။ ကျုပ်က အစကတည်းက ခင်ဗျားတို့ကို လွှတ်ဖို့ ရည်ရွယ်မရှိဘူး”

ဝမ်ပန့်မေနှင့် ကျန်းနုပင်းတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ဒေါသ အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

"ရွှယ်အန်း၊ ရှင့်ရဲ့ ကျင့်ကြံမှုအဆင့်က သိပ်ကိုအံ့ဩစရာကောင်းလှပြီလို့ မထင်လိုက်နဲ့။ ကျွန်မ ပြောလိုက်မယ် ခွန်းဟွန်မှာ ရှင့်လိုအဆင့်မျိုးက စကားထဲထည့်ပြောဖို့တောင် မထိုက်တန်ဘူး" ဝမ်ပန့်မေက အေးစက်စွာ ရယ်မောလိုက်သည်။ ရွှယ်အန်းက ဝမ်ပန့်မေကို မထုံတက်သေး အကြည့်မျို့ဖြင့် ကြည့်နေခဲ့ပြီးနောက် အဆုံးတွင် တစ်ချက် ပြုံးပြလိုက်သည်။

"ပြီးပြီလား၊ ပြီးပြီရင်တော့... ငရဲပြည်ကို သွားလိုက်တော့"

ရွှယ်အန်း၏လက်ကို ဝှေ့ယမ်းမှုဖြင့် ဝမ်ပန့်မေ၏ခြေဖဝါးအောက်တွင် ပူပြင်းသော အပူဒဏ်ကို ခံစားလိုက်ရပြီးနောက် လျင်မြန်စွာ လောင်ကျွမ်းလာသော အဖြူရောင် မီးတောက်များကို ငုံ့ကြည့်လိုက်သည်။

"အား... ရွှယ်အန်း၊ ကျွန်မကို အမြန်လွှတ်ပေး၊ မဟုတ်ရင် ကျွန်မတို့ဂိုဏ်းက ရှင်ကို အပိုင်းပိုင်း ဖြတ်ပစ်လိမ့်မယ်" ဝမ်ပန့်မေက ထအော်သည်။

သို့သော် လျင်မြန်စွာ ပျံ့နှံ့လာသော မီးတောက်များကို မည်သည့်အရာကမျှ မတားဆီးနိုင်ခဲ့ပေ။ ခဏအကြာတွင် ဝမ်ပန့်မေကို မီးတောက်များ လုံးလုံးလျားလျား လွှမ်းခြုံသွားကာ သူမ၏ နဂိုက ချစ်စဖွယ် မျက်နှာသည် မီးထဲတွင် လျင်မြန်စွာ ညှိုးနွမ်း၍ အက်ကွဲသွားလေသည်။ ဝမ်ပန့်မေသည် နာကျင်စွာ ရုန်းကန်ပြီးနောက် ပြာများအဖြစ်သို့ ပြောင်းလဲ၍ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းနုပင်းသည် ထိုဖြစ်စဉ်ကို ကြည့်နေရာမှ သူ​၏ အတွင်းအင်္ဂါများ ထိတ်လန့်မှုဖြင့် ရပ်တန့်သွားလေသည်၊ ရွှယ်အန်းက ဤမျှ ရက်စက်ကြမ်းကြုတ်၍ ပြတ်သားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ရွှယ်အန်းက ကျန်းနုပင်းကို လှည့်ကြည့်လိုက်သည်။

"မသေခင်လေး... ခင်ဗျားမှာ ဘာပြောစရာရှိသေးလဲ"

ကျန်းနုပင်း၏ နှလုံးသားထဲမှ အေးစက်မှုများ တိုးမြင့်လာသော်လည်း သူသည် အံကို တင်းတင်းကြိတ်ထားဆဲဖြစ်သည်။

"ကျုပ်တို့က ခွန်းလွန်ရဲ့ တပည့်တွေ၊ ကျုပ်တို့ကို သတ်ရင် ခင်ဗျား ဒုက္ခအကြီးအကျယ် ရောက်သွားလိမ့်မယ်"

"ဒုက္ခလား၊ ကျုပ်က ဒုက္မရောက်မှာကို ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးဘူး” ရွှယ်အန်းက ရယ်မောလိုက်သည်။

ဤသို့ပြောပြီးသည်နှင့် အဆုံးမဲ့မီးတောက်များက ကျန်းနုပင်းကို ထပ်မံလွှမ်းခြုံသွားခဲ့ရာ၊ ခဏအကြာတွင် သူသည်လည်း ပြာအဖြစ်သို့ ပြောင်းလဲကာ သူ၏ဝိညာဉ် ပျက်သုဉ်းသွားလေသည်။ သူမ​၏ မျက်စိရှေ့တွင် ၎င်းတို့နှစ်ဦးစလုံး သေဆုံးသွားခြင်းကို မြင်လိုက်ရသော လျို့ရူယန်သည် အေးခဲ တောင့်တင်းသွားလေသည်။ ရွှယ်အန်းက သူမဘက်သို့ လှည့်ကြည့်ချိန်မှ အသိစိတ်ပြန်ဝင်လာ၍ တုန်ယင်စွာ ပြောလိုက်သည်။

“ကျွန်မကို မသတ်ပါနဲ့၊ ကျွန်မက လျို့မိသားစုကပါ"

"လျို့မိသားစုလား" ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"လျို့မိသားစုလည်း မကြာခင် ပျက်စီးတော့မှာပဲ"

ထိုစကားများဖြင့် ဓားအလင်းတန်းတစ်ခု လင်းလက်ကာ လျို့ရူယန်၏နဖူးကို တိုက်ရိုက်ဖောက်ဝင်ရောက်သွား၍ သူမ၏အလောင်းသည်လည်း မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ကျောက်ရွှယ်ဟွေ့နှင့် ရှု့လျိုကဲ့သို့သော အခြားလူများသည် ရွှယ်အန်းကို အံသြမှင်သက်စွာ ကြည့်နေကြသည်။ အထူးသဖြင့် ရှု့လျိုနှင့် ကောင်းရှန်နန်တို့သည် ဤအချိန်တွင် လုံးလုံးလျားလျား အေးခဲတောင့်တင်းသွားကြသည်။

ရွှယ်အန်းသည် ပြန်ရောက်လာကတည်းက အံ့ဩဖွယ် သုတ်သင်သူတစ်ဦးကဲ့သို့ ရက်စက်ကြမ်းကြုတ်၍ တုနှိုင်းမဲ့ထိုးနှက်မှုများဖြင့် လူများစွာကို သတ်ဖြတ်ခဲ့သည်။ ထိုအချိန်အတွင်း သူ​၏အမူအရာသည် ခွေးများ ကြက်သားများ သတ်ဖြတ်နေသကဲ့သို့ အေးဆေးတည်ငြိမ်နေသည်။ ဤသို့သော အရှိန်အဟုန်မျိုးသည် အမျိုးသမီးအများအပြားကို ဖြူဖျော့သွားစေသည်။ ပြီးနောက် ရွှယ်အန်းသည် အန်းယန်းဆီသို့ လျှောက်လာ၍ အနည်းငယ် ပြုံးပြလိုက်သည်။

"ကိုယ် ပြန်လာတာ နည်းနည်းနောက်ကျသွားလို့ တောင်းပန်ပါတယ်"

"ပြန်လာသရွေ့ ဘာမှမဖြစ်ပါဘူး" အန်းယန်သည် သူမ​၏ဆံပင်များကို နားရွက်အနောက်သို့ ဖွဖွသပ်ပြီးနောက် တောက်ပစွာ ပြုံးလိုက်သည်။

"ဖေဖေ၊ ဖေဖေ၊ မေမေ ခုနက တော်တော်လေး ကြမ်းနေတာ သိလား။ မေမေက ဟိုလူတွေအကုန်လုံးကိုတောင် ကြောက်လန့်သွားအောင် လုပ်လိုက်တာ" ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က အူမြူးစွာ ပြောလိုက်ကြသည်။

ရွှယ်အန်းက ရယ်မောလျက် ထိုင်ချလိုက်ကာ ကလေးမလေးများ၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။

"သမီးတို့နှစ်ယောက်လည်း အံ့သြစရာကောင်းပါတယ်၊ မေမေကို ကာကွယ်ဖို့တောင် သိကြတယ်လေ"

ရွှယ်အန်း ရောက်ရှိလာချိန်တွင် အန်းယန်ကို ကလေးမလေးနှစ်ဦးက ကာကွယ်ပေးနေသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ထိုမြင်ကွင်းသည် ရွှယ်အန်း၏ ဆူပူရမ်းကားမှုကို ဖြစ်ပေါ်စေခဲ့သည်။

"သမီးတို့က မကြောက်ပါဘူး။ သမီးတို့ကို တစ်ယောက်ယောက် အနိုင်ကျင့်ရင် ပြင်းပြင်းထန်ထန် ပြန်ရိုက်ပစ်ရမယ် ဖေဖေ ပြောတယ်လေ" ရွှယ်ရှန်းက သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ဆုပ်၍ ပြတ်သားစွာ ပြောလိုက်သည်။

ရွှယ်အန်းက အလွန် အားရကျေနပ်စွာ ရယ်ဆမာလိုက်သည်။ အင်မော်တယ်လမ်းစဉ်သို့ သွားရာလမ်းသည် မရေတွက်နိုင်သည့် အန္တရာယ် အခက်အခဲများနှင့် ပြည့်နှက်နေသောကြောင့် သူ၏သမီးလေးများကို ဖန်လုံအိမ်ထဲက ပန်းကလေးများ မဖြစ်စေလိုပေ။ တစ်စုံတစ်ယောက်က ၎င်းတို့ကို အနိုင်ကျင့်လျှင် ဆယ်ဆ ပြန်လည် တုံ့ပြန်ရမည့်အကြောင်းသူ​၏သမီးလေးများကို နားလည်အောင် သင်ကြားပေးရပေလိမ့်မည်။

“အန်းချင်ကိစ္စ…” အန်းယန်သည် ထိုအခိုက်တွင် အနည်းငယ် စိုးရိမ်စွာ ပြောလိုက်သည်။

"ကိုယ် သိပါတယ်၊ ကိုယ် အခုသွားတော့မှာ" ရွှယ်အန်းက မတ်တပ်ထရပ်၍ ခေါင်းညိတ်လိုက်သည်။

၎င်းတို့စကားပြောနေစဉ် မိုးကုပ်စက်ဝိုင်းမှ အလင်းတန်းများစွာ ထွက်ပေါ်လာ၍ အစည်းအဝေးခန်းထဲသို့ တိုက်ရိုက် ပြေးဝင်သွားကြသည်။ အားလုံးရပ်တန့်သွားမှသာလျှင် ၎င်းတို့အားလုံးက ရက်စက်ကြမ်းကြုတ်သည့် စစ်သားများဖြစ်နေသည်ကို လူတိုင်းက သိလိုက်ရသည်။

"ဆရာ" ချန်ဟောက်နှင့် အခြားလူများက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

ရွှယ်အန်းက ဤနေရာသို့ အမြန်ပြန်လာချိန်တွင် အလွန်စိုးရိမ်နေသဖြင့် မီးဖီးနစ်မှ ဤအဖွဲ့ဝင်များကို အနောက်တွင် ထားရစ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုအချိန်မှသာ ၎င်းတို့အားလုံး လိုက်မိလာခြင်းဖြစ်သည်။

"ငါ့နဲ့ စစ်စခန်းကို ပြန်လိုက်ခဲ့ကြ" ရွှယ်အန်းက ခေါင်းညိတ်ပြီး အေးစက်စွာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက အန်းယန်ကို လှည့်ကြည့်၍ ပြောလိုက်သည်။

"ကိုယ်ပြန်လာခဲ့မယ် ဒီမှာစောင့်နေ"

ဤသို့ဖြင့် ရွှယ်အန်းက ကောင်းကင်သို့ တည့်တည့် ပျံသန်းသွားလေ​၏။ အန်းယန်သည် ၎င်းတို့ဆရာ၏ ဇနီးဖြစ်ကြောင်း သိသွားပြီးနောက် ချန်ဟောက်နှင့် အခြားသူများအားလုံးက သူမကို လေးလေးစားစား ခေါင်းညိတ်ပြပြီးနောက် ရွှယ်အန်းနောက်သို့ လိုက်ပါသွားကြသည်။ ၎င်းတို့ထွက်သွားပြီးနောက် ကျောက်ရွှယ်ဟွေ့၊ ချောင်လဲ့နှင့် အခြားသူများက တစ်ယောက်ကို တစ်ယောက်ကြည့်၍ သက်ပြင်းချလိုက်ကြသည်။

“အစ်ကို(၂)က ပိုပိုပြီး သန်မာလာတာပဲ" ချောင်လဲ့က ထအော်လိုက်သည်။

ရှု့လျိုနှင့် အခြားသူများသည် ထွက်ခွာသွားသော ရွှယ်အန်းကို ကြည့်လျက် ၎င်းတို့​​၏ အမူအရာများ ရှုပ်ထွေးနေသည်။ ဤလူသည် အရေးကြီးသော အခိုက်အတန့်မျိုးတွင် အမြဲတစေ အံ့အားသင့်ဖွယ်များ ယူဆောင်လာတတ်သူဖြစ်သည်။ ထိုအချိန် စစ်စခန်းအတွင်း၌ အန်းချင်သည် ခေါင်းငုံ့၍ ကြမ်းပြင်ကို တိတ်တဆိတ် ပွတ်တိုက်နေသည်။

"ဟေး၊ အန်းချင်က အခု ကြမ်းတိုက်ရတဲ့အထိတောင် ဖြစ်သွားပြီလား" အမျိုးသမီးအချို့က စင်္ကြံလမ်းမှ ဖြတ်သွားပြီးနောက် အချင်းချင်း တီးတိုး ပြောလိုက်ကြသည်။

"ဟီးဟီး၊ သူကြောင့် မီးဖီးနစ်က တစ်ဖက်လပ်နဲ့ သေခဲ့ရတာလေ အပြစ်ပေးခံရတာတောင် တော်လှပြီ။ ကြမ်းပြင် သန့်ရှင်းရေးလုပ်ရတာက ဘာဖြစ်တာမို့လို့လဲ”

"ငါကြားတာတော့ နည်းပြဆရာအသစ် လျို့နဲ့ အန်းချင်တို့ကြားမျာ ရန်ညှိုးရှိတယ်ဆိုပဲ"

ဤဆွေးနွေးမှုများသည် အန်းချင်၏နားထဲသို့ ရောက်ရှိလာသော်လည်း သူမက မော့ကြည့်ခြင်းမရှိဘဲ မျက်နှာအမူအရာသာ အနည်းငယ် ဖျော့တော့သွားသည်။

"ဟေ့ ကြမ်းပြင် သန့်ရှင်းတာက ဒီလောက်နဲ့ မရဘူး၊ နေရာတိုင်းမှာ ခြေရာတွေ ချည်းပဲ။ ထပ်တိုက်ဦး" တြိဂံပုံမျက်လုံးရှိ၍ ပြည့်ဖြိုးသော အမျိုးသမီးတစ်ဦးသည် မောက်မာသောဟန်ပန်ဖြင့် ဖြတ်လျှောက်လာလျက် သတိပေးလိုက်သည်။ အန်းချင်က သူမကို ဗြောင်ကျကျ မော့ကြည့်လိုက်သည်။

"ငါပြောတာ မကြားဘူးလား။ ဒီအထပ်မှာရှိတဲ့ ကြမ်းပြင်တွေအားလုံးကို ထပ်တိုက်လိုက်၊ ပြီးတော့ လက်နဲ့ပဲ လုပ်ရမယ်" ပြည့်ဖြိုးသော အမျိုးသမီးက အားရစွာ ပြောလိုက်သည်။ စစ်မှုထမ်း ရာထူးအရ၊ သူမသည် အန်းချင်ထက် များစွာနိမ့်ကျ၍ ယခင်က အမြဲတစေ အလေးပြုခဲ့ရသူဖြစ်သည်။ ယခုမူ အန်းချင်သည် ခက်ခဲသော အခြေအနေသို့ ကျဆင်းသွား၍ စစ်တပ်တွင် ဟာသတစ်ခုဖြစ်လာခဲ့သည်။ ဤသို့သော အခွင့်အရေးမျိုးတွင် သူမကို မနင်းချေနိုင်လျှင် နှမြောစရာကောင်းပေလိမ့်မည်။

"ဘာကြည့်နေတာလဲ ဒါက နည်းပြဆရာလျို့က အမိန့်ပေးထားတာနော်” ပြည့်ဖြိုးသော အမျိုးသမီးက သူမ၏ ခါးပေါ်ကို လက်နှစ်ဖက် တင်၍ ကြိမ်းမောင်းလိုက်သည်။

အန်းချင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသော်လည်း ခဏအကြာတွင် သူမက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

"အင်း"

"ဟမ်း" ပြည့်ဖြိုးသော အမျိုးသမီးက ထွက်သွားတော့မည့်အချိန်တွင် စင်္ကြံအဆုံးမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျုပ်အထင်တော့ လက်နဲ့တိုက်ရင်တောင် သန့်ရှင်းမယ်မထင်ဘူး"

ပြည့်ဖြိုးသော အမျိုးသမီးသည် အံ့အားသင့်သွားသော်လည်း နောက်လှည့်မကြည့်ဘဲ လှောင်ရယ်လိုက်သည်။

“ဒါဆိုရင် ဘယ်လို သန့်ရှင့်ရပါ့မလဲ”

"ခင်ဗျားသာ လျှာနဲ့ တစ်ချက်ချင်း လိုက်လျှက်ရင် သန့်ရှင်းလိမ့်မယ်လို့ ကျုပ် ထင်တယ်" အသံသည် ရေကဲ့သို့ ငြိမ်သက်နေ၍ ဂယက်ထခြင်းမရှိပေ။

“အဲဒါက အကြံကောင်းပဲ၊ အန်းချင် နင် ကြားလား။ တစ်စုံတစ်ယောက်က ကြမ်းပြင်ကို လျှာနဲ့ လျှက်ဖို့ အကြံပြုနေတယ်၊ နင် ဘယ်လိုထင်လဲ" ပြည့်ဖြိုးသော အမျိုးသမီးက ရယ်မောလျက် ပြောလိုက်သည်။

အန်းချင်က မည်သည့်စကားမျှ မဆိုဘဲ ခေါင်းငုံ့ထားလိုက်သည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းက စင်္ကြံအဆုံးမှ ဖြည်းညှင်းစွာ လျှောက်လာခဲ့ရာ၊ ပြတင်းပေါက်များမှတစ်ဆင့် သူ​၏မျက်နှာပေါ်သို့ နေရောင်ခြည် ကျရောက်နေသောကြောင့် သူ၏အမူအရာကို မှန်းဆ၍ မရစေခဲ့ပေ။

"ကျုပ် ပြောနေတာ သူ့ကိုမဟုတ်ဘူး ခင်ဗျားကိုပဲ"

အခန်း (၂၄၉) ဓားမိုးရွာသွန်းပြီး လျို့မိသားစု ပျက်သုဉ်းသွားခြင်း

ထိုအခိုက်အတန့်မှသာ အန်းချင်က ရင်းနှီးသောအသံကို မှတ်မိသွားသောကြောင့် မော့ကြည့်လိုက်ချိန်တွင် အံ့အားသင့်သွားလေသည်။

"ငါ ပြန်လာပြီ" ရွှယ်အန်းက သူမကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

သူ​၏စကားများသည် အန်းချင်၏ ခံစားချက်များကို ဖွင့်လှစ်ပေးခဲ့ပုံပေါ်သည်။ သူမသည် ပါးစပ်ကို လက်ဖြင့်ဖုံးအုပ်လျက် ပါးပြင်တွင် မျက်ရည်များ စီးကျလာခဲ့ရာ၊ ယခင်ရက်များအတွင်း ခံစားခဲ့ရသော မတရားမှုများကို ရှင်းထုတ်နေသကဲ့သို့ သူမ​​၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေလေသည်။

“ဒီကိုလာပြီး ပြဿနာရှာရဲရအောင် ရှင်က ဘယ်သူလဲ။ ဒီအမျိုးသမီးကို အနီးကပ်စောင့်ကြပ်ဖို့ နည်းပြဆရာလျို့က တင်းတင်းကျပ်ကျပ် အမိန့်ပေးထားတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ အကြံပြုပါရစေ” ထိုအချိန်တွင် ပြည့်ဖြိုးသော အမျိုးသမီး၏ မျက်နှာအမူအရာ မည်းမှောင်လာ၍ လှောင်ရယ်လိုက်သည်။

"ကျုပ် ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး၊ အရေးကြီးတာက... ခင်ဗျားက အခု ဒူးထောက်ပြီး ကြမ်းပြင်ကို လျှာနဲ့ တစ်ချက်ချင်း လျှက်ရမယ်ဆိုတာပဲ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

“ရှင်ကများ ကျွန်မကို..." ပြည့်ဖြိုးသော အမျိုးသမီးက အလွန် ဒေါသထွက်စွာ ရယ်မောလိုက်သည်။

ပြီးနောက် စင်္ကြံလမ်းမှ ကြောက်မက်ဖွယ် အရောင်အဝါများဖြင့် တပ်ဖွဲ့တစ်စုက ဖြည်းညှင်းစွာ ချဉ်းကပ်လာသောကြောင့် သူမသည်လည်း ကြက်သေသေသွားလေသည်။ လမ်းလျှောက်နေလျက် ဤတပ်ဖွဲ့ဝင်များ ထုတ်လွှတ်လိုက်သည့် ပြင်းထန်သော အရောင်အဝါသည် ဤအထပ်တစ်ခုလုံးရှိ လူများကို ဖြူဖျော့သွားစေသည်။ ထက်မြက်သည့် အမြင်ရှိသူအချို့က ထိတ်လန့်တကြား အော်ဟစ်မိသွားသည်။

"ဒါက ချန်ဟောင်နဲ့ သူ့အဖွဲ့သားတွေပဲ။ သူတို့က မီးဖီးနစ် အထူးတပ်ဖွဲ့ဝင်တွေ”

"မီးဖီးနစ် ပြန်လာပြီ"

ဤသတင်းသည် လူအုပ်ကြီးထဲသို့ ဗုံးတစ်လုံး ပစ်ချခဲ့သကဲ့သို့ အကြီးအကျယ် ရုန်းရင်းဆန်ခတ်များ ဖြစ်သွားလေသည်။

“မီးဖီးနစ်တွေ မစ်ရှင်ပြီးမြောက်ခဲ့ပြီး အပြည့်အ၀ စုစည်းပြီးပါပြီ။ ကျွန်တော်တို့အားလုံး စစ်ဆေးမှုကို စောင့်နေပါတယ် ဗိုလ်ချုပ်အန်း" ထိုအချိန်တွင် ချန်ဟောက်နှင့် အခြားလူများက ရွှယ်အန်း အနောက်သို့ လျှောက်သွားကာ ရပ်တန့်ပြီးနောက် ပြိုင်တူ အော်ဟစ်လိုက်သည်။

၎င်းတို့၏ အသံများသည် ခေါင်မိုးပေါ်ရှိ ကြွေပြားများကိုပင် တုန်လှုပ်စေခဲ့ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ အထူးသဖြင့် အန်းချင်အကြောင်းကို နောက်ကွယ်တွင် မကြာခဏ မကောင်းပြောခဲ့ဖူးသူများ၏ မျက်နှာအမူအရာများ ဖြူဖျော့သွားကြ၍ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေကြ၏။

“ကျွန်မ အခု ဗိုလ်ချုပ် မဟုတ်တော့ဘူး" အန်းချင်၏ မျက်နှာတွင် မျက်ရည်စများ စွန်းထင်းနေသေးသော်လည်း တဖြည်းဖြည်း အရောင်ပြန်တက်လာ၍ ပြုံးပြလိုက်သည်။

"ကျွန်တော်တို့ နှလုံးသားထဲမှာ ခင်ဗျားက အမြဲတမ်း ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်အန်းဖြစ်နေမှာပါ” ချန်ဟောက်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ကဲ၊ ခင်ဗျားကို ရွေးချယ်ခွင့်နှစ်ခုပေးမယ် ဒူးထောက်ပြီး ကြမ်းပြင်ကို လျှက်မလား၊ ဒါမှမဟုတ်ရင်..." ထိုအချိန်တွင် ရွှယ်အန်းက ပြည့်ဖြိုးသော အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

“လျှက်ပါမယ်။ ကျွန်မ လျှက်ပါ့မယ်" ရွှယ်အန်း​၏ စကားမပြီးဆုံးခင်၌ပင် ပြည့်ဖြိုးသော အမျိုးသမီးက တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ချ၍ ထစ်ငေါ့စွာ ပြောလိုက်သည်။

ဤသို့ဖြင့် ပြည့်ဖြိုးသော အမျိုးသမီးက ကြမါးပြင်ပေါ်တွင် ဝပ်တွား၍ လျှာဖြင့် တစ်ချက်ချင်း လျှက်နေလေသည်။ မည်သို့ဆိုသော် မီးနစ်တပ်ဖွဲ့တစ်ဖွဲ့လုံး ပြန်ရောက်လာခြင်းဖြင့် စခန်းတွင် ပိုင်ရှင်အပြောင်းအလဲဖြစ်တော့မည်ကို သူမ အလွန် ရှင်းလင်းစွာ သိနေသောကြောင့်ဖြစ်သည်။

ဤမြင်ကွင်းသည် အပြစ်ရှိစိတ်ဖြင့် လူများစွာကို တုန်လှုပ်သွားစေသည်။ ရွှယ်အန်းသည် ပိန်ပါး၍ မျက်တွင်းကျနေသော အန်းချင်ကို မြင်လိုက်ရသောအခါ သူ​၏မျက်လုံးများတွင် ဒေါသအရိပ်အမြွက်များ ဖြစ်ပေါ်လာသည်။

"လျို့နာမည်နဲ့ အကောင် ဘယ်မှာလဲ "

"ဒီနေ့က လျို့မိသားစုခေါင်းဆောင်ရဲ့ အသက်ခြောက်ဆယ်ပြည့် မွေးနေ့မို့လို့ သူတို့အိမ်မှာ မွေးနေ့ပွဲကို ကျင်းပနေကြတယ်" အန်းချင်က တီးတိုး ပြောလိုက်သည်။

ထိုသို့ကြားသောအခါ ရွှယ်အန်းက ခေတ္တရပ်တန့်၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ကောင်းပြီ။ အကုန်လုံးစုစည်းနေတော့ ရှင်းလင်းရတာ ပိုအဆင်ပြေသွားတာပေါ့"

ထိုစကားကို ကြားလိုက်သော ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။ အကြောင်းမှာ ရွှယ်အန်း၏ လေသံက အရေးမပါသည့် အသေးအဖွဲ့ကိစ္စတစ်ခုကို ဆွေးနွေးနေသကဲ့သို့ ပေါ့ပါးဖြစ်နေသောကြောင့်ဖြစ်သည်။

ဤအခိုက်အတန့်တွင် လျို့မိသားစု၏ အိမ်တော်သည် အလွန် လင်းလက်နေ၍ အေးချမ်း ပျော်ရွှင်မှုများဖြင့် သီဆို ကခုန်နေသည့် မြင်ကွင်းများရှိနေသည်။ မိသားစုခေါင်းဆောင် လျို့ကျင်းယီသည် ပင်မထိုင်ခုံတွင်ထိုင်၍ အခြား မိသားစုများစွာမှ ခေါင်းဆောင်များနှင့် ရယ်မောလျက် စကားစမြည်ပြောနေလေသည်။

"လျို့မိသားစုရဲ့ အကြီးဆုံးသားက စစ်တပ်မှာ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးသွားတယ်လို့ ကျုပ်ကြားတယ် ပျော်ရွှင်စရာ အခါသမယပဲ" တစ်စုံတစ်ယောက်က ချီးကျူးစကားများ ပြောလိုက်သည်။

"ဟားဟား၊ ဒါဟာ သေးငယ်တဲ့ အောင်မြင်မှုတစ်ခုပါ။ အဲ့လောက် ကြီးကြီးမားမား မဟုတ်ပါဘူး" လျို့ကျင်းယီသည် ဂုဏ်ယူနေသော်လည်း ဟန်ဆောင်မှုဖြင့် ကျိုးနွံစွာ ပြောလိုက်ဆဲဖြစ်သည်။

“မိသားစုခေါင်းဆောင်က နိမ့်ချလွန်းပါတယ်။ အခုခေတ် ဟွာရှားမှာ မင်ဟွေ့ ရဲ့ အသက်အရွယ်နဲ့ ဒီလို ရာထူးကြီးမျိုး ဘယ်နှစ်ယောက်လောက်ကများ ရနိုင်လို့လဲ"

ဖော်လံဖားစကားသံများ သံပြိုင်လိုက်ပါလာကြသည်။ နောက်ဆုံးတွင် လျို့မိသားစုက သိသာမြင်သာစွာ တိုးတက်လာခဲ့သည်။ ထို့ကြောင့် ဤဖြစ်စဉ်က ထုံးစံအတိုင်း မြှောက်ပင့်မှုများ ဖြစ်စေခဲ့သည်။ အထူးသဖြင့် လျို့မင်ဟွေ့သည် ရာထူးအာဏယ အဆင့်အတန်းတွင် ရှိနေသောကြောင့် သူ၏အနာဂတ်က အကန့်အသတ်မဲ့နေမည် ဖြစ်သည်။

"လာ၊ အတူတူသောက်ကြရအောင်" လျို့ကျင်းယီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ဤအခိုက်အတန့်တွင် သားဖြစ်သူ၏ ရာထူးအတွက် ပျော်ရွှင်ရုံမျှမကဘဲ ခွန်းလွန်ရှိ အင်မော်တယ် တပည့်များနှင့် အဆက်အသွယ်ရရှိထားခြင်းကြောင့် နတ်ဘုရားတစ်ပါးနှင့် ဆက်စပ်နေမိသကဲ့ ခံစားနေရသည်။ သူ​၏သမီးဖြစ်သူကို ခွန်းလွန်ကသာ လက်ခံမည်ဆိုလျှင် လျို့မိသားစု​၏ အနာဂတ်သည် မျိုးဆက်တစ်ထောင်တွင် ကြီးကျယ်ခမ်းနားသော အရာတစ်ခု ဖြစ်လာမည် မဟုတ်သလော။

ဤအကြောင်းကို ပို၍တွေးမိလေလေ လျို့ကျင်းယီက ပို၍ ဝမ်းသာလေလေ ဖြစ်နေမိသည်။ ထိုအချိန်တွင် အခြားစားပွဲတစ်ခု၌ လျို့မင်ဟွေ့နှင့် အသက်အရွယ်ဝန်းကျင်ရှိ အမျိုးသားတစ်စုသည်လည်း ဂုဏ်ပြုထိုင်ခုံတွင် ထိုင်နေသော အမျိုးသားကို ချီးကျူးစကားများဖြင့် ဖျန်းပက်နေကြသည်။

"သခင်လေးလျို့က တကယ့်ကို အင်အားကြီးတာပဲ၊ တပ်ထဲရောက်တာတောင် မကြာသေးပေမယ့် ဗိုလ်ချုပ်အဆင့်ကို တန်းပြီး ရောက်သွားတော့တာပဲ။ သိပ်မကြာခင်မှာ ဗိုလ်ချုပ်ကြီး ရာထူးကိုတောင် လက်လှမ်းမီလာတော့မှာပဲ"

လျို့မင်ဟွေ့က အနည်းငယ် ပြုံးလိုက်သော်လည်း မည်သည့်စကားမျှ မပြောခဲ့ပေ။

"ဟားဟား၊ အန်းမိသားစုရဲ့ ကောင်မလေးက အခု သခင်လေးလျို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ကျုပ် ကြားထားတယ်။ ဘယ်လိုလဲ ခင်ဗျားတို့ အခြေအနေတွေ ဘယ်အဆင့်ထိရောက်နေပြီလဲ" အတွင်းသတင်း သိထားသော အမျိုးသားအချို့က မျက်စိမှိတ်၍ မေးမြန်းလိုက်သည်။

ထိုစကားကိုကြားသောအခါ လျို့မင်ဟွေ့၏ မျက်နှာတစ်ခုလုံးတွင် ဘဝင်ခိုက်သော အကြည့်များ ပျံ့နှံ့လာသည်။

“ဟားဟား၊ အလျင်စလို မရှိပါဘူး။ အခု သူက ကျုပ်လက်ထဲမှာ ရှိနေပြီလေ၊ နောက်ပိုင်း သူနဲ့ပတ်သက်သမျှ အကုန်လုံးက ကျုပ်လကါထဲမှာပဲ မဟုတ်လား” လျို့မင်ဟွေ့က ဘာသိဘာသာ ပြောလိုက်သည်။

"သခင်လေးလျို့က တကယ် မိုက်တာပဲ"

လူအုပ်ကြီးက လျို့မင်ဟွေ့ကို ဝိုင်ခွက်မြှောက်၍ ဂုဏ်ပြုရန် ပြင်ဆင်နေချိန်တွင် ရုတ်​တရက်​ အပြင်​ဘက်​မှ​ ရုန်းရင်းဆန်​ခတ်များ ​ဖြစ်​ပေါ်နေလေသည်​။ လျို့မင်ဟွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယနေ့ကဲ့သို့ လျို့မိသားစု၏ မွေးနေ့ပွဲအခမ်းအနားတွင် မည်သူက ပြဿနာရှာရဲရခြင်းဖြစ်သနည်း။

လျို့မင်ဟွေ့က မတ်တပ်ထ၍ သွားကြည့်ရန် ပြင်ဆင်နေချိန်တွင် လျို့မိသားစု၏ ကိုယ်ရံတော် အများအပြားက တံခါးပေါက်မှ နောက်ပြန် လွင့်ပျံလာကာ မွေးနေ့ပွဲ​၏ စားပွဲအများအပြားကို အပေါ်သို့ကျရောက်သွား၍ မလှုပ်မယှက် လှဲလျောင်းနေကြသည်ကို မြင်လိုက်ရသည်။ အခန်းထဲရှိ လူအများအပြားက ထိတ်လန့်သွားကြသည်။

"ဘယ်​သူလဲ။ ဘယ်သူက လျို့မိသားစုအိမ်တော်မှာ ရိုင်းစိုင်းရဲတာလဲ” လျို့မင်ဟွေ့က ရုတ်​တရက်​ မတ်တပ်ထရပ်၍ ​​ဒေါသတကြီး​ အော်ဟစ်လိုက်​သည်​။

ထိုအချိန်တွင် ရွှယ်အန်းက ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ လူအများအပြားက သူ့ကို မှတ်မိသွားကြသောကြောင့် သူ​၏အသွင်အပြင်သည် အခန်းတွင်းရှိ အခြေအနေကို အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

"သူက ရွှယ်အန်း မဟုတ်ဘူးလား"

"သူ ဆိုက်ဘေးရီးယားမှာ သေဆုံးသွားပြီး မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ"

"လျို့မင်ဟွေ့ဆိုတာ ခင်ဗျားလား" လူအုပ်ကြီး၏ အံ့အားသင့်စွာ မေးခွန်းထုတ်နေသော အကြည့်များကြားတွင် ရွှယ်အန်းက လျို့မင်ဟွေ့ကို ကြည့်၍ မေးလိုက်သည်။

"ရွှယ်အန်း ခင်ဗျားက လျို့မိသားစု အိမ်ထဲကို ကျူးကျော်ပြီး ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

"ဒါဆို ရပြီ။ ကျုပ် ဒီကို ဘာလုပ်ဖို့ ရောက်လာတာလဲဟုတ်လား" ရွှယ်အန်း ရယ်မောလိုက်သည်။

"ဘာလုပ်ဖို့လဲဆိုတော့ ခင်ဗျားရဲ့ လျို့မိသားစုတစ်ခုလုံးကို သုတ်သင်ဖို့ပေါ့"

'ဘာ'

ရွှယ်အန်း၏စကားများက လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ လျို့မင်ဟွေ့က ဒေါသကြီးစွာဖြင့် ရယ်မောလိုက်သည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်။ ရွှယ်အန်း ခင်ဗျားရဲ့ ဒီစကားလုံးတွေနဲ့ပဲ ကျုပ် ခင်ဗျားကိုဒီနေရာမှာ အကြောင်းပြချက်ရှိရှိ သတ်ပစ်လို့ရပြီ။ ကျုပ်က ဗိုလ်ချုပ်အဆင့်မှာ ရှိနေတယ်ဆိုတာကို မမေ့နဲ့။ ခင်ဗျားက…”

"ဗိုလ်ချုပ်တစ်ယောက် ဒီလောက်မောက်မာနိုင်နေရင်၊ ဒါဆိုရင် ဘယ်လိုလုပ်မလဲ" ရွှယ်အန်းသည် မီးငှက်စစ်ဗိုလ်ချုပ်​၏ ရာထူးတံဆိပ်ကို ရွှတ်နောက်နောက် အမူအရာဖြင့် ထုတ်ယူလိုက်သည်။

လျို့မင်ဟွေ့သည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ထိုရာထူးတံဆိပ်ကို စိုက်ကြည့်နေသည်။

“ဒါ… ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အဲ့ဒီ့ မီးငှက်စစ်ဗိုလ်ချုပ် ရာထူးတံဆိပ်က ထူးချွန်တဲ့ ထောက်ပံ့မှုတွေမရှိဘဲ ရနိုင်တဲ့ဟာ မဟုတ်ဘူး”

လျို့မင်ဟွေ့က အံကြိတ်လိုက်သည်။

“ခင်ဗျားက စစ်ဗိုလ်ချုပ်ဖြစ်နေတော့ရော ဘာဖြစ်လဲ၊ အဲ့ဒါနဲ့ပဲ စိတ်ကြိုက် လူသတ်လို့ရတယ် လို့ ရရောလား"

"ခင်ဗျား ပြောတာမှန်တယ်" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

သူ​၏ စကားသံနောက်တွင် ချန်ဟောက်နှင့် အခြားလူများ လိုက်လာကြရာ၊ အလွန် ကြောက်မက်ဖွယ် အရောင်အဝါသည် နေရာတစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။

"ရွှယ်အန်း၊ မင်း ကျုပ်တို့ကို သတ်ရဲတယ်လို့ ကျုပ်မယုံဘူး။ ဒါက ကျုံးတုဆိုတာကို မှတ်ထားဦး၊ မင်း ဒီလောက် မောက်မာနေရင် သတိသာထားနေ..." လျို့ကျင်းယီသည် ထိုင်မနေနိုင်တော့ဘဲ မတ်တပ်ထရပ်၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ခင်ဗျား ပြောတာ မှန်ပါတယ်... ကျုပ်က အဲ့လို မောက်မာတဲ့လူပဲ" ရွှယ်အန်းက ပြုံးပြ၍ လျို့ကျင်းယီ​၏ စကားကို ဖြတ်ပြောလိုက်သည်။

ထိုစကားများဖြင့် လျို့မိသားစုဝင်များအားလုံးကို ချိန်ရွယ်နေသည့် ဓားအလင်းရောင်သည် လေထုထဲသို့ ပျံဝဲ၍ မြင့်တက်လာလေသည်။ ဤမြင်ကွင်းသည် လျို့မင်ဟွေ့နှင့် အခြားသူများ၏ အမူအရာများကို အကြီးအကျယ် ပြောင်းလဲသွားစေသည်။

"မဟုတ်ဘူး၊ မင်း ငါတို့ကို မသတ်နိုင်ဘူး၊ ငါ့သမီးက ခွန်းလွန် အင်မော်တယ်ရဲ့ တပည့်ပဲ" လျို့ကျင်းယီက ကြောက်လန့်တကြား ထအော်လိုက်သည်။

သို့သော်လည်း ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"စိတ်မရှိပါနဲ့၊ ခင်ဗျားကို ပြောဖို့ မေ့သွားတယ် ခင်ဗျားသမီးနဲ့ အဲဒီခွန်းလွန်အင်မော်တယ် နှစ်ယောက်က ကျုပ်လက်ချက်နဲ့ သေသွားကြပြီ"

"ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လျို့ကျင်းယီသည် စိတ်ဓာတ်ကျလာ၍ သူ​၏မျက်နှာတွင် ယုံကြည်မှုကင်းမဲ့သော အကြည့်များဖြင့် ပြည့်နှက်နေသည်။

"ခင်ဗျားရဲ့ နောက်​ဘဝမှာ လူ​ကောင်းတစ်ယောက်ဖြစ်​နိုင်​မယ်​လို့ ကျုပ် မျှော်​လင့်​ပါတယ်​" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။ ပြောပြီးသည်နှင့် ဓားမိုးများ ရွာသွန်းနေသကဲ့သို့ ကျဆင်းလာ၍ လျို့မိသားစုဝင်အားလုံးကို သွေးမြူများအဖြစ်သို့ ဖြတ်ပိုင်းပစ်လိုက်ရာ၊ လျို့မိသားစုတစ်ခုလုံး ပျက်သုဉ်းသွားလေသည်။

All Chapters