အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
အခန်း (၂၅၀) ကျုံးတုရဲ့ ဧရာမငလျင်ကြီး
ခန်းမတစ်ခုလုံး အလွန်တရာ တိတ်ဆိတ်သွားလေ၏။ မြေပြင်ကို ဖုံးလွှမ်းနေသည့် သွေးများနှင့် အရိုးစုများကို ကြည့်နေသည့် လူတိုင်းက တုန်လှုပ်သွားကြသည်။ ရွှယ်အန်းက လျို့မိသားစုကို အမှန်တကယ် ချေမှုန်းဝံ့မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ ရွှယ်အန်းသည် ကျန်ရှိနေကြသူများကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် ထွက်ခွာသွားလေသည်။
သူ၏အနောက်မှ ချန်ဟောက်နှင့် အခြားလူများသည်လည်း လိုက်ပါသွားလေသည်။ ရွှယ်အန်း၏ ပုံရိပ်ကို မမြင်နိုင်တော့သည့်အချိန်မှသာ လူအများအပြား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၍ လူအချို့သည် ကြောက်လန့်မှုကြောင့် ကျင်ငယ်များပင် စွန့်မိသွားသောကြောင့် ခန်းမတစ်ခုလုံး ပြင်းထန်သည့် ဆီးနံ့ ပြည့်နှက်နေလေသည်။
သို့သော် ထိုအချိန်တွင်၊ ၎င်းတို့၏ သက်ဆိုင်ရာ မိသားစုထံ သတင်းပို့ရန် အလုပ်ရှုပ်နေကြသောကြောင့် ကျင်ငယ်စွန့်မိသူများကို လှောင်ပြောင်ရန်ပင် အချိန်မရှိပေ။ ထို့ကြောင့် ရွှယ်အန်းက လက်တစ်ဖက်မြှောက်၍ လျို့မိသားစုကို သုတ်သင်ခဲ့သည့် သတင်းစကားများက တစ်နာရီအတွင်း ကျုံးတုတစ်လျှောက် ပျံ့နှံ့သွားလေသည်။
ဤသတင်းကို ကြားလိုက်ရချိန်တွင် ချန်ရှု့ဟေးက မှန်ထဲရှိ သူ၏ ပါးသိုင်းမွှေးများကို သဘောကျစွာ ကြည့်နေခဲ့သည်။ ကောင်းကင်ကံကြမ္မာဆေးဖြင့် အသက်သွင်းခံရပြီးနောက် ချန်ရှု့ဟေး၏ရောဂါများ ပျောက်ကင်းသွားရုံသာမကဘဲ ယခင်ကထက် များစွာ ပြန်လည်နုပျိုလာခဲ့သည်။ ဤအခိုက်အတန့်တွင် ချန်မိသားစု၏ ဘဏ္ဍာစိုးက အပြေးအလွှား ဝင်ရောက်လာခဲ့သည်။
"သခင်ကြီး၊ မကောင်းတာ တစ်ခုခု ဖြစ်သွားပြီ"
"ဘာဖြစ်တာလဲ။ ဘာကိစ္စရှိလို့ ဒီလောက် ပြေးလွှားနေရတာလဲ"
“မစ္စတာရွှယ် ပြန်လာပြီ"
"ဘာ" ချန်ရှု့ဟေးက အလွန် ဝမ်းမြောက်သွားသည်။
"မစ္စတာရွှယ် အဆင်ပြေမယ်ဆိုတာ ကျုပ် သိသားပဲ။ ဟားဟားဟား သူ အခု ဘယ်မှာလဲ။ ကျုပ် သူ့ကိုသွားတွေ့ရမယ်"
"ဒါပေမယ့် မစ္စတာရွှယ်က ကျုံးတုကို ပြန်လာပြီး လျို့မိသားစုကို ရှင်းပစ်လိုက်တယ်"
"လျို့မိသားစု ရှင်းပစ်လိုက်ရင် ရှင်းလိုက်ပေါ့ ဘာဖြစ်တာမို့လို့... မင်း ဘာပြောလိုက်တယ်"
ချန်ရှု့ဟေးက အံ့သြသွားသည်။
"ဘယ် လျို့မိသားစုလဲ"
"ကျုံးတုက လျို့မိသားစုပေါ့ သခင်ကြီးရယ်"
ချန်ရှု့ဟေး၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
"ဒါက အမှန်ပဲလား"
“တကယ် အမှန်ပါပဲ၊ သတင်းက အပြင်မှာ တော်တော်လေး ပျံ့နှံ့နေပြီ။ မစ္စတာရွှယ်ကို ဖြုတ်ချဖို့ဆိုပြီး အထက်တန်းလွှာ မိသားစုတွေ ပူးပေါင်းဖို့ ပြင်ဆင်နေကြတယ်လို့ ကျွန်တော် ကြားလာတယ်"
ဘဏ္ဍာစိုး၏ စကားကြားပြီးနောက် ချန်ရှု့ဟေး၏မျက်နှာအမူအရာ မည်းမှောင်သွားသည်။
“ချီးပဲ၊ ဒီကောင်တွေက ကောင်းကင်ကံကြမ္မာဆေးရဲ့ ရောင်းအားကို မနာလိုဖြစ်နေကြတာ ကြာပြီ။ ဒင်းတို့က လျို့မိသားစု ပျက်သုဉ်းမှုကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်ရအောင် လုပ်ချင်နေကြတာပဲ”
ချန်ရှု့ဟေးသည် သူ၏ ထက်မြက်သော ထိုးထွင်းသိမြင်မှုဖြင့် ယခုကိစ္စ၏ အဓိကအချက်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။ လျို့မိသားစုသည် ကျုံးတုတွင် ကြီးမားသည့် သြဇာလွှမ်းမိုးမှုရှိ၍ စစ်တပ်အတွင်း၌ အဆင့်မြင့်မား ချိတ်ဆက်မှုများလည်း ရှိနေသည်ဟု သတင်းရှိထားသည်။
ယခုမူကား တစ်မိသားစုလုံး အသတ်ခံခဲ့ရသောကြောင့် ၎င်းတို့၏ တန်ခိုးအာဏာလျှင်ပင် မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ဤအထက်တန်းလွှာ မိသားစုများသည် လျို့မိသားစုအတွက် တရားမျှတမှု ရှာဖွေရန် အကြောင်းပြချက်ဖြင့် လူထုအမြင်နှင့် လူအများစု၏ အရှိန်အဟုန်ကို အသုံးပြု၍ ရွှယ်အန်းကို ဖိအားပေးရန် ဆန္ဒရှိနေပုံရသည်။
ထိုအကြောင်းအရာကို တွေးနေလျက် ချန်ရှု့ဟေး၏ မျက်နှာတွင် အေးစက်စက် ရယ်မောမှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ထိုအထက်တန်းလွှာ မိသားစုများသည် ကပ်ပါးကောင်များကဲ့သို့ နေထိုင် ကြံဆလေ့ရှိသောကြောင့် ရွှယ်အန်းက မည်သူမဆို အတင်းအကျပ် ဖိအားပေး ခိုင်းစေနိုင်မည့်လူမျိုး မဟုတ်ကြောင်းကို နားမလည်ကြပေ။
"သခင်ကြီး၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ဘဏ္ဍာစိုးက မေးလိုက်သည်။
"ကိစ္စတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ လိုအပ်လာရင် ချန်မိသားစုက မစ္စတာရွှယ်ရဲ့ ထောက်ခံသူအဖြစ် ရပ်တည်ကြမယ်” ချန်ရှု့ဟေးက အခန်းထဲတွင် အရှေ့နောက် လျှောက်လှမ်းပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့"
ချန်ရုရှီတစ်ယောက် ထိုသတင်းကို ရရှိချိန်တွင် ဝေ့မိသားစုတွင်ရှိနေ၍ ဝေ့ရူယန်နှင့် ဝေ့ရူလန်တို့ ညီအစ်မများနှင့်အတူ ရင်တွင်းခံစားချက်များ ဆွေးနွေးနေခဲ့သည်။
"ဘာ" ထိုသတင်းကို ကြားလိုက်သည်နှင့် အမျိုးသမီး သုံးယောက်စလုံး အံ့သြသွားကြသည်။ အထူးသဖြင့် ချန်ရုရှီသည် ပူလောင်သော ဒယ်အိုးပေါ်ရှိ ပုရွက်ဆိတ်များကဲ့သို့ မငြိမ်မသက်ဖြစ်၍ ထိတ်လန့်နေသည်။ ဝေ့ရူယန်နှင့် ဝေ့ရူလန်တို့နှစ်ဦးစလုံး၏ မျက်နှာအမူအရာများသည်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
"ရုရှီ၊ အရင်ဆုံး စိတ်အေးအေးထား။ ဒီကိစ္စက အသေးအမွှားကိစ္စမျိုး မဟုတ်ဘူး။ နင် အိမ်ပြန်သွားပြီး သခင်ကြီးချန်ရဲ့ ထင်မြင်ချက်ကို မေးလိုက်တာ ပိုကောင်းမယ်" ဝေ့ရူလန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်။ ဒါဆို ငါ အခု ပြန်လိုက်တော့မယ်" ချန်ရုရှီက ထိုသို့ပြော၍ အမြန်ထွက်သွားလေသည်။
"ရူလန်၊ ဒီကိစ္စကို နင် ဘယ်လိုထင်လဲ" ဝေ့ရူယန်က သူမ၏ ပျာယာခတ်နေသော ထွက်ခွာမှုကို ကြည့်၍ ပြောလိုက်သည်။
"ရုရှီ ပြန်လာမှ ချန်ရှု့ဟေးရဲ့ ထင်မြင်ချက်ကို သူ့ဆီက တစ်ဆင့် စုံစမ်းတော့မယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ကျုံးတုရဲ့ အခြေအနေက သိသိသာသာ ပြောင်းလဲသွားမှာ သေချာတယ်။ ရွှယ်အန်းကို မကျေမနပ်ဖြစ်နေတဲ့ လူတော်တော်များများက အခုအချိန်မှာ ပြဿနာရှာဖို့အတွက် ဆင်ခြေကောင်းကောင်း ရှိနေကြပြီ” ဝေ့ရူလန်သည် သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
"ပြဿနာရှာမယ်တဲ့လား။ ဘယ်လိုပြဿနာမျိုးကို ပြောတာလဲ"
"ကောင်းကင်ကံကြမ္မာဆေး" ဝေ့ရူလန်က အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
"ကောင်းကင်ကံကြမ္မာဆေးလား" ဝေ့ရူယန်၏အမူအရာ ပြောင်းလဲသွားသည်။
"ဟုတ်တယ်။ သာမန်လူသည် အပြစ်မရှိပေမယ့် 'ကောင်းကင်ကံကြမ္မာဆေး' ကို ပိုင်ဆိုင်ထားသူကတော့ အပြစ်ရှိနေတယ်။ ဒီ'ကောင်းကင်ကံကြမ္မာဆေး' ရဲ့ မှော်အစွမ်း အံ့ဩစရာကောင်းလွန်းတော့ မရေတွက်နိုင်တဲ့ လောဘမျက်လုံးတွေကို ဆွဲဆောင်ခဲ့ပြီလေ။ ဒါကြောင့် သူ့ရဲ့ လက်ရှိအခြေအနေက အရင်ကထက်... ပိုပြီး ခက်ခဲလာမှာ"
"ရှင်က အမြဲတမ်း အထက်စီးဆန်ဆန် ပြုမူခဲ့ပြီး ဉာဏ်နည်းပုံရတယ်လို့တောင် ပြောလို့ရတယ်၊ ဒါပေမယ့် ဒီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းရမလဲဆို ကျွန်မ သိချင်မိသား" ဝေ့ရူလန်က စကားစမြည်ပြောလျက် အဝေးတစ်နေရာသို့ မော့ကြည့်၍ ရေရွတ်လိုက်သည်။
ချီမိသားစု။
“သခင်မလေးချီ၊ ဒါက တစ်သက်မှာ တစ်ခါပဲ ရမယ့် အခွင့်အရေးနော်။ ရွှယ်အန်းက ဝံပုလွေလို ရည်မှန်းချက်ရှိသူမျိူး။ သူက ပြီးခဲ့တဲ့တစ်ခေါက်က မင်းတို့ ချီမိသားစုက လူတော်တော်များများကို သတ်ခဲ့ပြီး အခု လျို့မိသားစုကို သုတ်သင်လိုက်ပြီ။ နောက်ပိုင်း သူဘယ်လို ဆိုးရွားတဲ့ လုပ်ရပ်မျိုး ကျူးလွန်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါကြောင့် ဒီလူကို နှိမ်နင်းဖို့ အင်အားစုတွေ ပူးပေါင်းဖို့ ကျုပ်တို့ ဆုံးဖြတ်ခဲ့တာ” လူတစ်ဦးက အဆက်မပြတ် ပြောနေလေ၏။
သို့သော်လည်း ချီဝေ့ယန်က တစ်ချိန်လုံး နှုတ်ဆိတ်၍ ခေါင်းကို ငုံ့ထားလိုက်သည်။
“သခင်မလေးချီ၊ အထက်တန်းလွှာ မိသားစုတွေ အများကြီး ပါဝင်ပြီးပါပြီ။ မင်းဘက်က သဘောတူ ခေါင်းညိတ်လိုက်တာနဲ့ ကျုပ်တို့အောင်မြင်ပြီးရင် 'ကောင်းကင်ကံကြမ္မာဆေး' ရဲ့ ဝေစုကို မင်းလည်း ပိုင်ဆိုင်လိမ့်မယ်" ထိုအမျိုးသားက ချီဝေ့ယန်ကို စတင် သွေးဆောင်လာသည်။
သို့သော် မမျှော်လင့်ထားသည်မှာ ချီဝေ့ယန်က သူမ၏ ခေါင်းမော့လာ၍ ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
"တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်မက ချီမိသားစုမှာ နောက်ဆုံးကျန်တဲ့ မိဘမဲ့တစ်ကောင်ကြွက်ပါ၊ ဒီတော့ ဒီကိစ္စမှာ ကျွန်မ ဝင်မပါချင်ဘူး"
“ဒါပေမယ့်…” ထိုအမျိုးသားက ဆက်လက် စည်းရုံးချင်သော်လည်း ချီဝေ့ယန်က မတ်တပ်ထရပ်၍ ထွက်ခွာနေပြီဖြစ်သည်။
"ဟမ်း၊ တန်ဖိုးထားရကောင်းမှန်းကို မသိဘူး” ထိုအမျိုးသားက သူ၏လက်ကို ဝှေ့ယမ်း၍ ဒေါသတကြီး ထွက်ခွာသွားလေသည်။
“ရှင်တို့တွေက သူ့ရဲ့ ကြောက်စရာ ခွန်အားကို ဘာသိကြမှာမို့လို့လဲ” ထိုအတောအတွင်း ပုတီးစေ့ကန့်လန့်ကာနောက်ကွယ်တွင် ချီဝေ့ယန်က ထွက်ခွာသွားသော ပုံရိပ်များ၏ နောက်ကျောကို စိုက်ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။
ထိုသတင်းများသည် ဆက်လက် ပျံ့နှံ့လျက်ရှိနေ၍ ကျုံးတုရှိ အထက်တန်းလွှာ မိသားစုများ စတင် မငြိမ်မသက် ဖြစ်လာကြသည်။ ပြီးနောက် အဆင့်မြင့် စစ်ရေးညီလာခံတစ်ခုတွင် လျို့မိသားစု၏ ကျောထောက်နောက်ခံဖြစ်သူသည်လည်း ဤအချိန်တွင် အလွန် ဒေါသထွက်နေလေသည်။
"ကြည့်၊ ဒါကိုသာကြည့်။ ဒီရွှယ်အန်းက ရဲတင်းလွန်းတယ်။ လူတွေအများကြီးရှေ့မှာ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးကိုသူတကယ် လုပ်ရဲခဲ့တယ်” ဗိုလ်ချုပ်ကြီးတစ်ဦးသည် စားပွဲခုံကို ထုရိုက်၍ အော်ဟစ်လိုက်သည်။
ရွှယ်အန်း၏ အပြုအမူသည် အမှန်တကယ် အစွန်းရောက်ခဲ့သောကြောင့် အခြားဗိုလ်ချုပ်ကြီးများတွင်လည်း လေးနက်သော အမူအရာများ ရှိနေသည်။ ၎င်းတို့အနက် ဗိုလ်မှူးတစ်ယောက်ပင် ရှိနေသေးသည်။
“ကျုပ်တို့ ဒီကိစ္စကို ဒီအတိုင်းမထားသင့်ဘူးလို့ ကျုပ် အဆိုပြုတယ်။ ရွှယ်အန်းဘက်က ဖြေရှင်းချက်ပေးရမယ်"
"ဖြေရှင်းချက်တဲ့လား။ ဘယ်လိုဖြေရှင်းချက်လဲ"
"ရွှယ်အန်းက မီးဖီးနစ်တပ်ဖွဲ့ကို အားကိုးပြီး မောက်မာနေတာ။ ဒါကြောင့် မီးဖီးနစ်ရဲ့ နည်ပြရာထူးက နုတ်ထွက်ပြီး အခြားသူတစ်ဦးကို
ရာထူးပေးအပ်ခိုင်းဖို့ ကျုပ် အဆိုပြုတယ်" စကားပြောနေသော ဗိုလ်ချုပ်ကြီး၏ မျက်လုံးများတွင် လောဘအရိပ်အယောင်များဖြင့် တောက်ပလာသည်။ အကြံပြုချက်နှင့်ပတ်သက်၍ ရေရွတ်သံများနှင့်အတူ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ပြီးနေရက် ဗိုလ်ချုပ်က စိတ်ထဲတွင် တိတ်တဆိတ် လှောင်ရယ်လိုက်သည်။
'ရွှယ်အန်း၊ ဒီကိစ္စကို မင်း ကိုယ်တိုင် ဖန်တီးခဲ့တာ။ အခု မင်းက လူတိုင်းကို စော်ကားလိုက်တော့ ဘယ်သူက မင်းကို ကူညီပေးနိုင်မလဲ ကြည့်ရသေးတာပေါ့။ မီးဖီးနစ်တပ်ဖွဲ့က တကယ့်ရတနာတစ်ခုပဲ။ ငါသာ သူတို့ကို အုပ်ချုပ်နိုင်ရင် ဒါက သေချာပေါက်...'
ထိုဗိုလ်ချုပ်ကြီးက သူ၏ အတွေးထဲ၌ ကြည်နူးနေချိန်တွင် ဆက်သွယ်ရေး စစ်သားတစ်ဦး ကမန်းကတန်း ဝင်ရောက်လာခဲ့သည်။
"သတင်းပို့ပါတယ်"
"ချီးပဲ၊ ဒီမှာ ငါတို့ အစည်းအဝေးလုပ်နေတာ မင်း မမြင်ဘူးလား" ဗိုလ်ချုပ်ကြီးက ကျယ်လောင်စွာ ကြိမ်းဝါးလိုက်၏။
"သတင်းပို့ပါတယ် ဗိုလ်ချုပ်ကြီး၊ အရေးပေါ် ဆက်သွယ်မှုပါ"
ဤသို့ဖြင့် ၎င်းစစ်သားက စာရွက်စာတမ်းတစ်ခု လက်လွှဲပေးလိုက်သည်။ ဗိုလ်ချုပ်ကြီးက စာရွက်စာတမ်းကို အမှုမဲ့အမှတ်မဲ့ ယူ၍ ဖွင့်ကြည့်လိုက်သည်နှင့် သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း ဖျော့တော့သွားကာ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားလေသည်။ စာအိတ်ကို ကိုင်ထားသော သူ၏လက်များလျှင်ပင် အနည်းငယ် တုန်ယင်လာသောကြောင့် တခြားလူများက စိုးရိမ်တကြီး ကြည့်လာကြသည်။
"အဲဒါဘာလဲ။ ဘာဖြစ်တာလဲ"
ဗိုလ်ချုပ်ကြီးတစ်ဦးက အရှေ့သို့ တိုးလာ၍ လှမ်းကြည့်လိုက်ရာ၊ စာရွက်ပေါ်တွင် စာလုံးကြီးများဖြင့် ရေးသားထားသော စာတန်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ရွှယ်အန်းသည် ရှရှားနိုင်ငံ၏ စစ်ဌာနချုပ်ကို ဝင်ရောက် သောင်းကျန်းခဲ့သောကြောင့် အင်ပါယာ၏ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိများအားလုံး ခေါင်းညွှတ်၍ တောင်းပန်ခဲ့ကြသည်။
အခန်း (၂၅၁) အလှပဂေးလေးရဲ့ ခြေရင်းမှာ ရစ်မူးခြင်း
ယနေ့တွင် အန်းမိသားစု၏ နေအိမ်အရှေ့တွင် သက်ဝင်လှုပ်ရှားမှုများဖြင့် စည်ကားနေလေသည်။ ဇိမ်ခံကား အမျိုးအစားများစွာက စီတန်းနေသောကြောင့် သွားလာလှုပ်ရှား၍ မရသကဲ့သိုပင် ဖြစ်နေသည်။ ကျုံးတု၏ အထက်တန်းလွှာမိသားစု ထက်ဝက်နီးပါးခန့် ရောက်ရှိလာကြ၍ ၎င်းတို့သည် ကားထဲမှ ဆင်းလာပြီးနောက် စကားပြောဆိုခြင်းမရှိဘဲ အချင်းချင်း နားလည်မှုများဖြင့် အကြည့်ချင်း ဖလှယ်ကာ အိမ်ထဲသို့ လျှောက်လှမ်းသွားကြသည်။ ၎င်းတို့သည် အထဲသို့ လမ်းလျှောက်နေလျက် အချင်းချင်း တီးတိုး ပြောနေကြသည်။
"ဝါး၊ ဒီနေ့ လူတော်တော်များတာပဲ။ ဟိုမိသားစုနဲ့ ဝမ်မိသားစုရော အားလုံး ရောက်နေကြတာပဲ” တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ဒီရွှယ်အန်းက ကြီးစိုးပြီး ရက်စက်ကြမ်းကြုတ်တဲ့အပြင် မိသားစုတွေကို သတ်ဖြတ် ချေမှုန်းတာမျိုး မကြာခဏ လုပ်တတ်တယ်လို့ ကျုပ် ကြားထားတယ်။ ဒီနေ့ ပြဿနာတော့ မရှိလောက်ပါဘူးနော်" တခြားတစ်ယောက်ယောက်က စိုးရိမ်တကြီး ပြောလိုက်သည်။
"ဟား ကျုံးတုရဲ့ အထက်တန်းလွှာမိသားစု တစ်ဝက်လောက်က ဒီမှာရှိနေတာ၊ သူ ဘာလုပ်နိုင်မို့လို့လဲ။ သူ အရမ်းကြီးစိုးတဲ့ လူဆိုရင်တောင်မှ ကျုပ်တို့အားလုံးကို သတ်ပစ်လို့ရတာမှ မဟုတ်ဘူး” အခြားလူတစ်ဦးက အထင်အမြင်သေးစွာ ပြောလိုက်သည်။
"ကျွတ် ကျွတ်၊ အခြေအနေကို ကြည့်ရတာတော့ ဘာပဲဖြစ်ဖြစ် ဒီနေ့ ရွှယ်အန်းက ဦးညွှတ်ရမယ်ပုံပဲ။ ဆွဲဆောင်လွန်းအားကြီးတဲ့ ကောင်းကင်ကံကြမ္မာ ကို ပိုင်ဆိုင်ထားတာကိုက သူ့အပြစ်ပေါ့” တခြားတစ်ယောက်က မှတ်ချက်ချလိုက်သည်။
"ဟုတ်တယ်၊ သာမန်လူသည် အပြစ်မရှိပေမယ့် ပိုင်ဆိုင်မှုများလာရင်တော့ အပြစ်ရှိလာပြီလေ၊ ကောင်းကင်ကံကြမ္မာ က သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားနိုင်တဲ့ အရာမျိုး မဟုတ်ဘူး" တစ်စုံတစ်ယောက်က မျက်လုံးများတွင် လောဘအရိပ်အမြွက်များ လင်းလက်လျက် ပြောလာသည်။
လူတိုင်းက စကားစမြည်ပြောလျက် အန်းမိသားစုအိမ်တော်ထဲသို့ လျှောက်သွားကြလေသည်။ အန်းယင်နှင့် အန်းမင်တို့က ဧည့်သည်များကို ကြိုဆိုလက်ခံနေကြသည်။ ၎င်းတို့နှစ်ဦး၏ ငယ်ရွယ်သော မျက်နှာအမူအရာသည် အနည်းငယ် လေးနက်နေသည်။ အဆုံးတွင်၊ ရောက်ရှိလာသော ဧည့်သည်များအနက် ထိပ်တန်းအဆင့် အထက်တန်းလွှာ မိသားစုများ မရှိကြသော်လည်း ၎င်း၏ အရေအတွက်က များပြားနေဆဲဖြစ်သည်။
များပြားလှသော ဧည့်သည်များ၏ စုပေါင်းလွှမ်းမိုးနိုင်မှုသည် ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ဆိုနိုင်သည်။ ဧည့်သည်များအားလုံး အန်းမိသားစု၏ ဧည့်ခံပွဲခန်းမထဲသို့ ဝင်ရောက်သွားပြီးနောက် အုပ်စုငယ်များ ဖွဲ့စည်း၍ ငြိမ်သက်စွာ စကားစမြည် ပြောနေကြသည်။ ထုံးစံအတိုင်း၊ ဤမျှကြီးမားသော မိသားစုများ၏ တပြိုင်နက်တည်း လှုပ်ရှားမှုများသည် ကျုံးတုတစ်ခုလုံး၏ အာရုံစိုက်မှုများကို စွဲဆောင်စေခဲ့သည်။
ချန်မိသားစု။
အိမ်တော်ထိန်းထံမှ အစီရင်ခံစာကို နားထောင်ပြီးနောက် ချန်ရှု့ဟေး၏ မျက်နှာအမူအရာသည် ရေကဲ့သို့ နက်မှောင်သွား ၍ လေးနက်စွာ ပြောလိုက်သည်။
"ကားပြင်ထား"
“ဟုတ်ကဲ့"
"အဘိုး၊ သမီးတို့နှစ်ယောက်တည်း သွားမှာလား" အိမ်တော်ထိန်းက ကားပြင်ဆင်ရန် ထွက်ခွာသွားစဉ်၌ ချန်ရုရှီက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"မဟုတ်ရင် ဘယ်သူ့ကို ခေါ်သွားမလို့လဲ" ချန်ရှု့ဟေးက တုံ့ပြန်၍ မေးခွန်းထုတ်လိုက်သည်။
"သမီးတို့ ချန်မိသားစုကနေ ကိုယ်ရံတော်အချို့ ခေါ်သွားသင့်တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သူတို့က လူတွေအများကြီးလေ၊ အန်းမိသားစုကို အားကိုးရင်…”
ချန်ရှု့ဟေးက ရယ်မောလိုက်သည်။
"ငတုံးမလေး၊ ချန်မိသားစုရဲ့ သက်တော်စောင့်တွေ ခေါ်သွားတော့ရော ဘာထူးမှာလဲ။ သက်တော်စောင့်တွေ အများကြီး ခေါ်သွားတာထက်စာရင် မစ္စတာရွယ်ရဲ့ အနောက်မှာ ရပ်နေတာက ပိုပြီး အသုံးဝင်ပါတယ်"
ချန်ရှု့ဟေးက ပေါ့ပေါ့တန်တန် ပြောနေခြင်း မဟုတ်ပေ။ ကျုံးတု၏ အထက်တန်းလွှာ မိသားစုများ၏ ထက်ဝက်ခန့်သည် လှုပ်ရှားမှုထဲတွင် ပါဝင်နေကြ၍ ကျန်တစ်ဝက်သည် အခြေအနေများကို စောင့်ကြည့်နေကြသည်။ အကယ်၍ အန်းမိသားစု သို့မဟုတ် ရွှယ်အန်းက သဘောတူညီမှု အရိပ်အမြွက်မျိုး ပြသခဲ့ပါက ထိုအထက်တန်းလွှာ မိသားစုများက သွေးနံ့ရရှိထားသည့် ငါးမန်းများကဲ့သို့ ဝိုင်းအုံလာ၍ အန်းမိသားစုဆီက တစ်စိတ်တစ်ပိုင်းကို ကိုက်ဖြတ်ရန်ပင် စိတ်အားထက်သန်နေမည်မှာ သေချာသည်။
ချန်ရှု့ဟေးက သူ၏ရပ်တည်ချက်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြသနေလျှင် ၎င်းတို့အနက် အများစုကို သူ ဟန့်တားနိုင်ပုံရသည်။ ချန်ရုရှီက နားလည်သော်လည်း အနည်းငယ်မျှ စိတ်မသက်မသာ ခံစားနေရဆဲဖြစ်သည်။
ထိုအချိန်တွင် ဝေ့မိသားစုသည်လည်း သတင်းရရှိသွားသည်။ ဝေ့ရူလန်သည် ထိုအကြောင်း ကြားလိုက်ရချိန်တွင် သူမ၏ဝမ်းကွဲ ဝေရူယန်နှင့်အတူ သစ်ပင်အောက်တွင် စစ်တုရင်ကစားနေခဲ့သည်။ အစီရင်ခံစာကို ကြားလိုက်ပြီးနောက် ဝေ့ရူလန်၏ မျက်ခုံး လှလှလေးများ အနည်းငယ် မျက်မှောင်ကြုတ်သွား၍ သူမက ညင်သာစွာ သက်ပြင်းချလိုက်သည်။
“ဒီကစားပွဲက ဖောက်ထွက်ရ အရမ်းခက်တာပဲ”
ဝေ့ရူယန်က တိတ်ဆိတ်နေ၏။
“ဒီတစ်ခါတော့ ဒီလိုခက်ခဲတဲ့ အခြေအနေကနေ ဘယ်လို လွတ်မြောက်အောင် လုပ်မလဲဆိုတာ ကြည့်ကြရအောင်။ အမြဲတမ်း သတ်ဖြတ်မှုကိုချည်း အားကိုးနေလို့မရဘူး... ဘာပဲဖြစ်ဖြစ် ဒါက ကျုံးတုမှာရှိတဲ့ အထက်တန်းလွှာ မိသားစုတွေရဲ့ တစ်ဝက်လောက်ရှိတယ်လေ" ဝေ့ရူလန်က တီးတိုး ရေရွတ်လိုက်သည်။
ရွှယ်အန်းသည် သူ၏ဇနီးသသည်အပြင် အန်းချင်တို့နှင့်အတူ ခန်းမထဲသို့ ရောက်လာသောအခါ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။ ထိုအကြည့်များတွင် ကြောက်ရွံ့မှု၊ အထင်အမြင်သေးမှုနှင့် အခြားအရာများအပြင် ဒေါသစိတ်များက ပို၍များပြားနေသည်။ သို့သော် လူများစွာ၏ စိုက်ကြည့်မှုကို ရင်ဆိုင်နေရသော ရွှယ်အန်းက တည်ငြိမ်နေခဲ့သည်။ သူသည် ထိပ်ဆုံးခုံဆီသို့ တည့်တည့်လျှောက်သွား၍ ထိုင်ပြီးနောက် အန်းမိသားစု၏ အိမ်အကူတစ်ဦးက လက်ဖက်ရည်တစ်ခွက် အမြန်ယူလာခဲ့သည်။
"ဝိုင်တစ်ပုလင်း ယူလာခဲ့" ရွှယ်အန်းက ခေါင်းခါလိုက်သည်။
အိမ်အကူက ဝိုင်တစ်ပုလင်းကို အလျင်အမြန် အစားထိုးလိုက်သည်။ ရွှယ်အန်းသည် အဆို့ကိုဖွင့်၍ တစ်ခွက်ကို လောင်းချပြီးနောက် တစ်ငုံသောက်လိုက်သည်။ အခန်းတစ်ခုလုံး အလွန် တိတ်ဆိတ်နေ၍ လူတိုင်း၏မျက်လုံးများက ရွှယ်အန်းကို စိုက်ကြည့်နေဆဲဖြစ်သည်။
"ရွှယ်အန်း ခင်ဗျားမှာ ပြောစရာမရှိဘူးလား" အဆုံးတွင် တစ်စုံတစ်ယောက်က သည်းမခံနိုင်တော့ဘဲ ဦးစွာ မတ်တပ်ထရပ်၍ ပြောလိုက်သည်။
"ဘာကိုပြောရမှာလဲ" ရွှယ်အန်းက သူ၏ဝိုင်ခွက်ကို အောက်ချ၍ ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"ခင်ဗျား လျို့မိသားစုကို သုတ်သင်လိုက်တဲ့အကြောင်းလေ၊ ခင်ဗျားရဲ့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ နည်းလမ်းတွေအတွက် အပြစ်ရှိတယ်လို့ မခံစားရဘူးလား"
"ဟုတ်တယ်။ ခင်ဗျားက နတ်ဆိုးလူသတ်သမားပဲ”
လူအုပ်ကြီးက အချိန်ခဏမျှ ဒေါသထွက်နေကြ၍ အများစုက ရွှယ်အန်း၏ ပြတ်သားသော သတ်ဖြတ်မှုကို ကြောက်လန့်နေကြသော်လည်း ရွှယ်အန်း ယခုအချိန်တွင် မည်သူ့ကိုမျှ သတ်ရန် ကြံရွယ်ထားပုံမပေါ်သဖြင့် ၎င်းတို့အားလုံး ရဲရင့်လာ၍ စတင်စွပ်စွဲလာကြသည်။ ဤသို့သော အခြေအနေမျိုးတွင် ရွှယ်အန်းက အမူအရာကင်းမဲ့စွာဖြင့် ငြိမ်သက်စွာ ကြည့်နေခဲ့သည်။
သို့သော်လည်း အန်းချင်က ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ အရှေ့သို့ တိုးလာသည်။ “ရှင်တို့အားလုံး ပြောလို့ဝပြီလား။ လျို့မိသားစုက အမြဲတမ်း ကောက်ကျစ်ပြီး မရေတွက်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေ၊ ဒီကိစ္စတွေကြတော့ ရှင်တို့ ဘာလို့ မပြောကြတာလဲ။
"နေပါဦး မင်းက ဘယ်သူလဲ" တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
"ကျွန်မက အန်းချင်ပဲ"
“အိုး၊ ဒါဆို မင်းက သခင်မလေးအန်းပေါ့။ ဟားဟား လျို့မိသားစုက ဘာတွေလုပ်ခဲ့လဲဆိုတာကို ကျုပ်တို့ မသိပေမယ့် ရွှယ်အန်းက ကျုံးတုကိုရောက်လာတာနဲ့ အန်းမိသားစုတော်တော်များများကို ပထမဆုံးသတ်ခဲ့ပြီး ချီမိသားစုကို မျိုးသုဉ်းလုနီးပါးလုပ်ခဲ့တယ်၊ အခုလည်း လျို့မိသားစုက သူ့သားကောင် ဖြစ်သွားပြီ။ ဒီအတွက် ဖြေရှင်းချက်ပေးရမယ်" ထိုလူက စိတ်ချလက်ချ စကားပြောသည်။
"ဟုတ်တယ်။ မိသားစုခေါင်းဆောင်ဝမ် ပြောတာ မှန်တယ်" တစ်စုံတစ်ယောက်က သံယောင်လိုက် ပြောလာသည်။
ဦးစွာ ပြောကြားသူသည် ရွှယ်အန်း၏ သတ်ဖြတ်မှုကို ခံခဲ့ရသည့် ဝမ်ခယ့်၏ဖခင်ဖြစ်၍ ဝမ်မိသားစု၏ မိသားစုခေါင်းဆောင် ဝမ်ချင်ဖြစ်သည်။ လူအုပ်ကြီးထံမှ သဘောတူညီမှုကို ကြားလိုက်ရသောအခါ ဝမ်ချင်က ကိုယ်ကိုယ်ကို ဟုတ်လှပြီဟု ပို၍ ခံစားလိုက်ရသည်။
"ရွှယ်အန်း၊ ခင်ဗျား တစ်ခုခုမပြောချင်ဘူးလား" ဝမ်ချင်က အေးစက်စွာ မေးလိုက်သည်။
ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပါယ်ရှိသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"ခင်ဗျားက ဖြေရှင်းလိုချင်တာလား။ ကောင်းပြီလေ ဒါဆိုရင် ခင်ဗျားတို့က ဘယ်လို ဖြေရှင်းချက်မျိုး လိုချင်တာလဲ"
ထိုစကားကို ကြားလိုက်သောအခါ အထက်တန်းလွှာ မိသားစုအားလုံးရှိ လူအများ၏ မျက်နှာများ ရွှင်မြူးသွားကြသည်။ ၎င်းတို့ အများအပြား၏ ဖိအားများနှင့် ရင်ဆိုင်နေရသော ရွှယ်အန်းသည် အမှန်တကယ် နောက်ဆုတ်သွားခဲ့သည်။
"ကျုပ်တို့က တခြားဘာမှ မလိုချင်ဘူး၊ ခင်ဗျားရဲ့ ကောင်းကင်ကံကြမ္မာကုမ္ပဏီက ရှယ်ယာတွေကိုပဲ ကျုပ်တို့ကို ဝယ်ခွင့်ပေး" ဝမ်ချင်က ပြောလိုက်သည်။
"အရှက်ကို မရှိဘူး" အန်းချင်က ဒေါသထွက်လွန်းသောကြောင့် သူမ၏ မျက်နှာနီရဲလာသည်။
အမှန်တိုင်းပြောရမည်ဆိုလျှင် ရှယ်ယာဝယ်ခြင်းနှင့်ပတ်သက်၍ ဤလူများအားလုံးတွင် အခြားအကြံဥာဏ်များ ရှိနေကြသည်။ ထိုအချိန်တွင် ဝင်ပေါက်မှ ရုတ်ရုတ်သဲသဲဖြစ်လာ၍ ချန်ရှု့ဟေးက ချန်ရုရှီနှင့်အတူ ဧည့်ခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။
"ချန်မိသားစုပဲ"
"ချန်မိသားစုက လူတွေရောက်လာပြီ"
လူအုပ်ကြီးတစ်ခုလုံး ဆူညံသွားကြသည်။
"မစ္စတာရွှယ်၊ ချန်မိသားစု ရောက်လာပါပြီ" ချန်ရှု့ဟေးသည် တခြားနေရာကို တစ်ချက်မှ မကြည့်ဘဲ ရွှယ်အန်းထံ တည့်တည့် လျှောက်သွား၍ ဦးညွှတ်လိုက်သည်။
ရွှယ်အန်း၏ အကြည့်များ အနည်းငယ် တုန်ခါသွား၍ ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် ချန်ရှု့ဟေးသည် ရွှယ်အန်း အနောက်တွင် တိတ်တဆိတ် ရပ်တည်နေခဲ့သည်။ အထက်တန်းလွှာ မိသားစုများ၏ မျက်နှာအမူအရာတွင် မနာလိုဖြစ်နေသည့် အရိပ်အမြွက်များ ပေါ်ပေါက်လာသည်။
ချန်ရှု့ဟေးသည် အပြုအမူဖြင့် သူ၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသနေခြင်းဖြစ်သည်။ ရွှယ်အန်းက အခြားလူများကို ဂရုမစိုက်ဘဲ ဝိုင်နောက်တစ်ခွက်ကို ဖြည်းညှင်းစွာ မော့သောက်လိုက်သည်။ အန်းယန်က မတ်တပ်ထလာ၍ ခင်ပွန်းဖြစ်သူ၏ ပခုံးကို သနားစိတ်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။
ရွှယ်အန်းက အန်းယန်ကို မော့ကြည့်၍ မည်သည့် စကားမျှ မဆိုဘဲ ပြုံးပြလိုက်သည်။ ချန်ရုရှီသည် ဤနူးညံ့ကြင်နာနေသော မြင်ကွင်းကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွား၍ ခေါင်းငုံ့ချ၍ တွေးနေမိသည်။
'သူတို့ပြောတဲ့ ရစ်မူးနေချိန် အလှပဂေးလေးရဲ့ ပေါင်ပေါ် အနားယူခြင်းဆိုတာက ဒါမျိုးကို ခေါ်တာများလား'
"ရွှယ်အန်း၊ ချန်မိသားစုက ခင်ဗျားကို ကျောထောက်နောက်ခံ ပေးထားတယ်ဆိုရင်တောင် ကျုပ်တို့ ကြောက်မယ်မထင်နဲ့။ ဒီနေ့ကိစ္စအတွက် ခင်ဗျား ကျုပ်တို့ကို ဖြေရှင်းချက်ပေးရမယ်"
“မှန်တယ်"
အောက်ခြေရှိ လူအုပ်ကြီးက ဆူညံသံများ စတင် ပြုလုပ်လာပြန်သည်။ ရွှယ်အန်း၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွား၍ မျက်ခုံးများကြားတွင် အေးစက်စက် သတ်ဖြတ်ချင်စိတ် အရိပ်အမြွက်များ စုစည်းလာသည်။
ဤလူများသည် သူ၏နောက်ဆုံးသော စိတ်ရှည်သည်းခံမှုကို ချေမှုန်းပစ်လိုက်သည်။ ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ရုန်းရင်းဆန်ခတ် ဖြစ်စဉ်များ တစ်ဖန် ဖြစ်ပေါ်လာ၍ ကိုယ်ရံတော်ပေါင်းများစွာ ဝင်ရောက်လာခဲ့သည်။ ပြီးနောက် ပခုံးပေါ်တွင် ကြယ်ပွင့်များ တပ်ဆင်သည့် တပ်မတော် အရာရှိ အများအပြား လျင်မြန်စွာ ဝင်ရောက်လာခြင်းကို ၎င်းတို့ တွေ့ရှိလိုက်ရသည်။
အခန်း (၂၅၂) လူသတ်ဓားဖြင့် နိုးထခြင်း
"အဲ့ဒါက ဗိုလ်ချုပ်ကြီးဝမ်"
"ဟိုမှာ ဗိုလ်ချုပ်ကြီးချန် မဟုတ်လား။ ပြီးတော့ ဗိုလ်ချုပ်ကြီးယန်။ ဘုရားရေ၊ ဒီဗိုလ်ချုပ်ကြီးတွေက ဘာလို့ ဒီကိုရောက်လာတာလဲ”
လူအုပ်ကြားတွင် ပြင်းထန်သော လှုပ်ရှားမှုများဖြစ်ပေါ်သွား၍ အများစု၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက်များ မြင်တွေ့လိုက်ရသည်။ များပြားလှသော စစ်ဘက်ဆိုင်ရာ ရာထူးကြီး ပုဂ္ဂိုလ်များ ရောက်ရှိလာပုံအရ ဤတစ်ကြိမ်တွင် ရွှယ်အန်းက အမှန်တကယ် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ဤဗိုလ်ချုပ်ကြီးများ ရောက်ရှိလာသောအခါ အခန်းသည် ကြယ်စုများ စုဝေးနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
"ဗိုလ်ချုပ်ကြီဝမ်၊ ဒီကို ဘာကိစ္စနဲ့များ လူကိုယ်တိုင် ရောက်လာတာလဲ မသိ" ဝမ်ချင်က ကျယ်ပြောစွာ ပြုံးရယ်၍ ချဉ်းကပ်လိုက်သည်။
ဗိုလ်ချုပ်ကြီးဝမ်ဟု သူ ခေါ်ဆိုခဲ့သော အမျိုးသားက သူနှင့် စကားစမြည် ပြောခဲ့ခြင်းမရှိဘဲ လေးနက်သော အမူအရာဖြင့် သူ့ဘေးမှ တည့်တည့် ဖြတ်လျှောက်သွားခဲ့သည်။ အခန်းတစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
ဗိုလ်ချုပ်ကြီးက ရွှယ်အန်းဆီသို့ ချဉ်းကပ်လာစဉ် လူအုပ်ကြီးအနက် အများစုက ရင်ခုန်စွာ စောင့်ကြည့်နေကြသည်။ သို့သော်လည်း ရွှယ်အန်းက ဤကိစ္စကို စိတ်မ၀င်စားပုံမပေါ်ပေ။ ထိုအချိန်တွင် သူ၏ဝိုင်ခွက်ကို ကိုင်၍ ဝိုင်လောင်းထည့်ပြီးနောက် မော့သောက်လိုက်သည်။
သူ၏မျက်လုံးများသည် သုံးပုံခန့်က ရစ်မူးနေသည်ဟု ထင်ရ၍ ကျန်ခုနစ်ပုံတွင် အထိန်းအကွပ်မဲ့သော မောက်မာမှုများရှိနေသည်။ ရုတ်တရက် ဗိုလ်ချုပ်ကြီးများအားလုံးက တန်းစီရပ်တန့်၍ တညီတညွတ်တည်း ဦးညွှတ်ကာ တလေးတစား ဆိုလိုက်သည်။
“ခင်ဗျား… မစ္စတာရွှယ်လား” ၎င်းတို့အသံများသည် ခေါင်မိုးပေါ်ရှိ ကြွေပြားများကို တုန်ခါသွားစေ၍ လူအများ၏ အပြုံးများကိုလည်း ပြိုပျက်သွားစေသည်။
"ဘာ... ဘာတွေ ဖြစ်နေတာလဲ" လူအများအပြားက ၎င်းတို့၏အမြင်အာရုံများကိုပင် မယုံကြည်နိုင်ဖြစ်နေသည်။
တစ်ဦးချင်းစီက အခြားနေရာများတွင် သြဇာအာဏာကြီးမားသူများ ဖြစ်နိုင်သည့် ဤမျှများပြားသော ဗိုလ်ချုပ်ကြီးများက ယခု ရွှယ်အန်းကို ရိုသေလေးစားမှုမျာစ ပြသနေခြင်းဖြစ်လေသလော။
'တစ်ခုခုများ မှားယွင်းနေတာလား'
အထူးသဖြင့် ဤဗိုလ်ချုပ်များကြားတွင် လျို့မိသားစု၏ ဗိုလ်ချုပ်ကြီးယန်ချုံးကို လူအများက သတိထားလိုက်မိသောကြောင့် ဖြစ်သည်။ သူ၏မျက်နှာအမူအရာသည် ပြာနှမ်းနေသော်လည်း တလေးတစား ဦးညွှတ်၍ ရပ်တန့်နေဆဲဖြစ်သည်။ အထက်တန်းလွှာ မိသားစုများသာမကဘဲ အန်းချင်၊ ချန်ရှု့ဟေးနှင့် ချန်ရုရှီတို့သည်လည်း အံ့အားသင့်နေကြသည်။
အထူးသဖြင့် ရွှယ်အန်းက နောက်တစ်ကြိမ် အကျယ်တဝင့် သတ်ဖြတ်မှုမျိုး မပြုလုပ်လျှင် ယနေ့ကိစ္စသည် ဖြေရှင်းရခက်မည်ဟု ထင်နေခဲ့သော ချန်ရုရှီက ပို၍ပင် အံ့ဩနေမိသည်။ သို့သော် ဤကဲ့သို့ ခန့်မှန်းရခက်ခဲသော အလှည့်အပြောင်းများကို မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်တွင် ရွှယ်အန်းက သူ၏ဝိုင်ခွက်ကို အောက်ချလိုက်၍ ခပ်ဖျော့ဖျော့ အပြုံးမျိုးဖြင့် ထိုဗိုလ်ချုပ်ကြီးများကို လှည့်ကြည့်လိုက်သည်။
“ခင်ဗျားက ကောင်းကောင်းသိနေသားပဲ" ရွှယ်အန်းက ဆိုသည်။
“မစ္စတာရွှယ်၊ ဒီကိစ္စမှာ နားလည်မှုလွဲမှားမှုတွေ အများကြီးရှိနေတော့ ကျုပ်တို့တွေ ထိုင်ပြီး စကား အေးဆေး ပြောသင့်တယ်ထင်တယ်" ထိုအချိန်တွင် ဗိုလ်ချုပ်ကြီးဝမ်သည် ခါးသီးသောအပြုံးဖြင့် အရှေ့တို့လာ၍ ပြောလိုက်သည်။
"သေချာပေါက် စကားပြောသင့်တာပေါ့၊ ဒါပေမယ့် ကျုပ် အရင်ဆုံးမေးချင်တာက မီးဖီးနစ်တပ်ဖွဲ့ ပျောက်ဆုံးမှုကို ဘာကြောင့် အန်းချင်အပေါ် အပြစ်တင်ရတာလဲဆိုတာပဲ" ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
ဤမေးခွန်းသည် ဗိုလ်ချုပ်ကြီးများ၏ မျက်နှာအမူအရာများကို တင်းမာသွားစေသည်။
"ဗိုလ်ချုပ်ကြီးလင်း ကွယ်လွန်သွားပြီး အန်းချင်က တစ်ဦးတည်း ကျန်ခဲ့တော့ စိတ်တိုင်းကျ ခြယ်လှယ်လို့ရပြီလို့ ထင်နေတာလား။ ဟမ်" ပြီးနောက် ရွှယ်အန်းက သဘောတွေ့နေသော လေသံဖြင့် ပြောလိုက်သည်။
ဟမ်ဆိုသည့် နောက်ဆုံးစကားလုံးသည် ပြင်းထန်သော တိုက်ပွဲများ ကြူံတွေ့ခဲ့ဖူးသည့် စစ်ဗိုလ်ချုပ်ကြီးများ၏ နှလုံးသားများထဲသို့ တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
"ဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့က ဒီကိစ္စကို မှန်မှန်ကန်ကန် မကိုင်တွယ်ခဲ့ဘူး၊ ကျုပ်တို့တွေ သေချာပေါက် ပြန်ပြင်ဆင်ပေးပါ့မယ်" ဗိုလ်ချုပ်ကြီးဝမ်၏ မျက်နှာတွင် ချွေးစေးများဖြင့် ပြည့်နှက်လာသည်။
ဤမြင်ကွင်းကြောင့် လူများစွာက ညည်းညူနေသကဲ့သို့ ရေရွတ်မိသွားစေသည်။
“ဘုရားရေ၊ ငါ ရူးများသွားပြီလား”
တစ်စုံတစ်ခု လွဲမှားနေကြောင်း လူအများအပြား ခံစားမိကြမှာ သေချာသည်။
အချို့လူများသည် ထိုဗိုလ်ချုပ်ကြီးများအားလုံးက စည်းလုံးညီညွတ်၍ ရိုကျိုးစေသည်ကို အတိအကျ အကြောင်းအရင်းကို စုံစမ်းလိုသောကြောင့် ပြင်ပသို့ ဆက်သွယ်ရန် ဖုန်းများကို လျှို့ဝှက်စွာ ထုတ်ယူနေကြသည်။ သတင်းအချက်အလက်များက အလွန် လျင်မြန်စွာ ရောက်ရှိလာ၍ ထိုလူများက ၎င်းတို့၏ ဖုန်းများကို စစ်ဆေးကြည့်လိုက်သောအခါ အံသြသွားကြသည်။
မည်သို့ဆိုသော် အင်တာနက်တစ်ခွင်တွင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်ဦးသည် ရှရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံကို ဓားတစ်ချောင်းဖြင့် ခုတ်ပိုင်းခဲ့ဟူသော သတင်းတစ်ပုဒ် ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် ဓာတ်ပုံတစ်ပုံလည်း ပါရှိနေသည်။
'ဓာတ်ပုံထဲကလူက ရွှယ်အန်းကလွဲပြီး တခြား ဘယ်သူဖြစ်ရမှာလဲ။ ဒါက...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ'
လူတိုင်း၏ ကျောရိုးထဲသို့ အေးစက်မှုများ စီးဆင်းသွားလေသည်။ လူတစ်ယောက်သည် နိုင်ငံတစ်ခုလုံးကို ဖိနှိမ့်ခဲ့ခြင်းဖြစ်လေသလော။
'ဒါက ဖြစ်နိုင်ပါ့မလား'
ရှရှားနိုင်ငံမှ အဆင့်မြင့် စစ်အရာရှိများစွာကို သတ်ဖြတ်ခဲ့၍ များပြားလှသော လျော်ကြေးငွေများကို ဖိအားပေး တောင်းဆိုခဲ့ခြင်းကဲ့သို့သော အသေးစိတ်အချက်အလက်များကို အချို့သောလူများက အခြားသော လမ်းကြောင်းများမှ သတင်းအချက်အလက်များ တိကျစွာ ရရှိခဲ့ကြသည်။
ဤသတင်းများကို လူအများထံ ချပြခဲ့သောအခါ လူတိုင်းက အံသြသွားကြသည်။ ကြောက်ရွံ့တတ်က်သူများပင် တုန်လှုပ်နေကြသည်။ ရွှယ်အန်းသည် အေးဆေး တည်ငြိမ်နေရုံမကဘဲ လှုပ်ရှားလိုက်သည်နှင့် လျို့မိသားစုတစ်ခုလုံးကို သုတ်သင်ဝံ့ခြင်းက အံ့ဩစရာ မဟုတ်ပေ။
တခြားတိုင်းပြည်၏ စစ်ခေါင်းဆောင်များကို ဖြတ်သတ်ခဲ့၍ အင်ပါယာတစ်ခုကို ခေါင်းငုံ့တောင်းပန်ရန် ဖိအားပေးနိုင်ခဲ့သည့် ကြီးကျယ်ခမ်းနားသော လုပ်ရပ်များနှင့် နှိုင်းယှဉ်လျှင် လျို့မိသားစုကို ရှင်းပစ်ခြင်းက အသေးအဖွဲ့ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ဖော်ပြရန်ပင် မလိုအပ်ပေ။
ထိုအချိန်တွင် ရွှယ်အန်းက အန်းချင်၏ကိစ္စနှင့်ပတ်သက်၍ အလွန် မကျေမနပ်ဖြစ်နေသည် အခြေအနေများကို ဤဗိုလ်ချုပ်ကြီးများက သတိပြုမိသွားကြ၍ အန်းချင်ကို ၎င်းတို့အားလုံး ဝိုင်းဖွဲ့နှစ်သိမ့်ပေးလျက် သူမကို တရားဝင် ရာထူးပြန်ပေးရန်အတွက် နေရာမှာတွင် ဆုံးဖြတ်လိုက်ကြသည်။
အန်းချင်သည် ပုံမှန်အချိန်တွင် အဆက်အသွယ် မပြုနိုင်သော အဆိုပါ သြဇာကြီးသည့် ပုဂ္ဂိုလ်များကို အနည်းငယ် အံ့အားသင့်စွာ ကြည့်၍ တဖြည်းဖြည်း နားလည်လာသည်။ ၎င်းတို့သည် ရွှယ်အန်းကြောင့် ဤသို့ ပြုမူနေခြင်းဖြစ်သည်။ ဤသို့ သဘောပေါက်လာသဖြင့် အန်းချင်သည် သူမ၏ခဲအိုအပေါ် လေးစားမှုများ ပိုမိုတိုးမြင့်လာသည်။ ရွှယ်အန်းသည် ဤဗိုလ်ချုပ်ကြီးများကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် အစီအစဉ်မရှိပေ။ ၎င်းတို့ကို အနည်းငယ် ပြစ်တင်ရှုံ့ချခြင်းက လုံလောက်မည်ဖြစ်သည်။
'ဒါပေမယ့် ကျန်တဲ့လူတွေအတွက်ကတော့...'
ရွှယ်အန်းက ဝိုင်နောက်တစ်ခွက်ကို ဖြည်းညှင်းစွာ ငုံ့လိုက်ပြီးနောက် အခန်းထဲတွင် မတ်တပ်ရပ်၍ လှည့်ပတ်ကြည့်ရှုလိုက်သည် ။
"ခုနက ကျုပ်ဆီက ဖြေရှင်းချက်လိုချင်တာ ဘယ်သူလဲ"
မည်သူမျှ မတုံ့ပြန်ရဲကြပေ။ လူတိုင်းသည် ရွှယ်အန်းဘက်မှ သတိပြုမိသွားမည်ကို စိုးရိမ်လာသဖြင့် တတ်နိုင်သမျှ ခေါင်းငုံ့ရန် ကြိုးစားနေကြသည်။ ဝမ်ချင်သည် ဖြူဖျော့နေသော မျက်နှာဖြင့် ထွက်ပေါက်ဆီသို့ လျှို့လျှို့ဝှက်ဝှက် လျှောက်နေခဲ့သည်။
"မပိုင်ဆိုင်သင့်တဲ့အရာကို လိုချင်တပ်မက်တာက လောဘပဲ။ ဒီတော့…” ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
ဝမ်ချင်က နားထောင်နေစဉ် ကျောရိုးတစ်လျှောက် အေးစက်မှုမျာယ ဆင်းသက်သွားသော်လည်း ကိုယ့်ကိုယ်ကို အားတင်း၍ တုန်လှုပ်နေသောအသံဖြင့် ပြောလိုက်လိုက်သည်။
"ရွှယ်အန်း ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒီလူတွေအားလုံးရှေ့မှာ ကျုပ်ပြောလိုက်မယ်၊ ကျုပ် ဘာအမှားမှမလုပ်ခဲ့ဘူး၊ ခင်ဗျား သတ္တိရှိရင်...”
ဝမ်ချင်က စကားပြောနေစဉ်တွင် လှည့်၍ ထွက်ပြေးသွားသော်လည်း မပြီးဆုံးခင်၌ပင် ဓားအလင်းတန်းတစ်ခုက သူ၏လည်ပင်းကို ဖြတ်တောက်သွားလေသည်။ ဓားအရှိန်သည် အလွန် မြန်ဆန်လွန်းသောကြောင့် လေထဲသို့ ဝမ်ချင်၏ဦးခေါင်း လွင့်ပျံသွားသော်လည်း သူ၏ခန္ဓာကိုယ်သည် အရှေ့သို့ ခြေလှမ်းအနည်းငယ်မျှ ဆက်သွားနေပြီးနောက် ကျယ်လောင်စွာ ပြိုလဲသွားလေသည်။ အခန်းတစ်ခုလုံးရှိ လူများ ထိတ်လန့်သွားကြသည်။ ဤဗိုလ်ချုပ်ကြီးများလျှင်ပင် ရွှယ်အန်းက ဤမျှများပြားသော လူများအရှေ့တွင် လူတစ်ဦးကို သတ်ဝံ့မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ဗိုလ်ချုပ်ကြီးယန်ချုံး၏ မျက်နှာသည် ဖြူဖျော့လာ၍ သူ၏ မျက်ခွံများ ထိန်းမနိုင်သိမ်းမရ လှုပ်ယမ်းသွားသည်။ ရွှယ်အန်း၏အကြည့်များက သူ့အပေါ်ကို လွှမ်းခြုံလာသောအခါတွင် အလိုအလျောက် နောက်ပြန်ဆုတ်သွား၍ သူ၏ခေါင်းကို လေးနက်စွာ ငုံ့ထားလိညက်သည်။ အခြားလူများသည်လည်း ရွှယ်အန်း၏အကြည့်အောက်တွင် ခြေလှမ်းများစွာ ဆုတ်ခွာသွားကြသည်။ ဤသည်မှာ ဗိုလ်ချုပ်ကြီးများကို ခေါင်းညွှတ်စေ၍ ကမ္ဘာကို နောက်ပြန်ဆုတ်သွားစေသည့် ဖြစ်ရပ်ဖြစ်သည်။
'ဒါ…ဒါက တကယ့်ကို ပြိုင်ဘက်ကင်း အပြုအမူပဲ'
အထူးသဖြင့် စူးရှတောက်ပသော ဓားအလင်းရောင်ကို ပေါ့ဆစွာ ထုတ်လွှတ်၍ လူ့အသက်ကို နှုတ်ယူလိုက်သည့် အပြုအမူကို မြင်လိုက်ရသောအခါ ချန်ရုရှီက ရွှယ်အန်း၏ ပုံသဏ္ဌန်ကို ငေးငိုင်စွာ စိုက်ကြည့်နေခဲ့သည်။ သူမ၏နှလုံးသားထဲတွင် မလိုလားအပ်သော အတွေးတစ်ခု ပေါ်ပေါက်လာသည်။
လူသတ်ဓား ကိုင်ဆောင်သူ။
ချန်ရှု့ဟေးသည် မုတ်ဆိတ်မွေးများကို ပွတ်သပ်၍ သက်ပြင်းချလိုက်သည်။ သူသည် ဘဝတွင် ထူးခြားသည့် အဖြစ်အပျက်ပေါင်းများစွာနှင့် ကြုံတွေ့ဖူး၍ မရေမတွက်နိုင်သည့် ထူးချွန်သူများစွာကို မြင်တွေ့ဖူးသူဟု ကိုယ့်ကိုယ်ကို ယူဆခဲ့သူဖြစ်သည်။ သို့သော်လည်း မိမိကို ရွှယ်အန်းကဲ့သို့ ထိတ်လန့်စေသူမျိုး မရှိခဲ့ဖူးပေ။ ဤလူသည် ကောင်းကင်ကိုးဘုံ၏ နတ်နဂါးအနွယ်ဝင်မျိုးနှင့် အမှန်တကယ် ဆင်တူသူဖြစ်သည်။
ထိုအချိန်တွင် သတင်းကိုစောင့်လျက် စစ်တုရင်ကစားနေသည့် ဝေ့ရူလန်သည် အဖြစ်အပျက်များကို နောက်ဆုံးတွင် သိလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့သည်။ သူမသည် စစ်တုရင်တုံးကို ကိုင်လျက် အချိန်အတော်ကြာ ရပ်တန့်နေသည်။ ထို့နောက် သူမသည် သက်ပြင်းချ၍ စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
"ငါမှားသွားပြီ"
"ဘာမှားသွားလို့လဲ" ဝေ့ရူယန်က မေးလိုက်သည်။
"ငါ သူ့ကို ဖောက်မြင်နိုင်ပြီလို့ ထင်ခဲ့ပေမယ့် ငါ့ အမြင်အာရုံတွေက အကန့်အသတ်တွေ ရှိနေဦးမယ် မထင်ထားဘူး"
"ဒီကပ်ဆိုးကြီးကို ကျော်ဖြတ်ဖို့အတွက် သူ ရုန်းကန်နေရမယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမယ့် သူ လှုပ်ရှားဖို့တောင် မလိုအပ်ဘဲ သူ့ရဲ့ ခိုင်မာတဲ့ ခွန်အားတစ်ခုတည်းက လူတိုင်းကို ဆုတ်ခွာအောင် လုပ်နိုင်ခဲ့တယ်လေ"
ဝေ့ရူလန် စကားပြောနေစဉ်တွင် မင်ဖုန်းတောင်ပေါ်ရှိ ဓားကိုင်ထားသော လူငယ်၏ ပုံရိပ်သည် သူမ၏ အမြင်အာရုံတွင် ပေါ်ပေါက်လာသည်။ သူမသည် နည်းဗျူဟာအရ သူမနှင့် တန်းတူညီနိုင်သူမရှိဟု အမြဲတစေ ယူဆခဲ့သော်လည်း ဤလူ၏အရှေ့တွင် ခွန်အားသာ ထာဝရတည်မြဲ၍ အခြားအရာအားလုံးက ပုံရိပ်ယောင်များသာဖြစ်ကြောင်း ဝေ့ရူလန်က နားလည်လာခဲ့သည်။