အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
အခန်း (၂၅၃) ကလေးတစ်ဦး၏ နှလုံးသားကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်း
လူများစွာ ထွက်ခွာသွားသည်နှင့်အမျှ ညသည် ပို၍ မှောင်မိုက်လာသည်။ လခြမ်းတစ်စင်းသည် သစ်ပင်ထိပ်များပေါ်တွင် ချိတ်ဆွဲထားသကဲ့သို့ ဖြစ်နေသောကြောင့် ကြောက်မက်ဖွယ် အုံ့ဆိုင်းနေသည့် အလင်းရောင်မျိုးကို ထုတ်လွှတ်ပေးနေသည်။ ချန်ရှု့ဟေးသည် အန်းမိသားစု၏ နေအိမ်မှ ထွက်လာ၍ မီးအိမ်များဖြင့် ထွန်းညှိထားဆဲဖြစ်သော ဧည့်ခန်းမကို ပြန်လှည့်ကြည့်လိုက်သည်။
စစ်ဘက်ဆိုင်ရာ အရာရှိများသည် အထဲတွင် ရွှယ်အန်းနှင့် အမှုကိစ္စများ ဆွေးနွေးနေကြကြောင်း သူ သိနေသည်။ အန်းမိသားစု၏ ပိုင်ဆိုင်မှုများကို ဝါးမြိုရန် ရည်ရွယ်ချက်ဖြင့် ရောက်လာကြသော အထက်တန်းလွှာ မိသားစုများသည် အရေးနိမ့်စွာ လှည့်ထွက်သွားကြပြီဖြစ်သည်။ ထို့အပြင်၊ ယနေ့ညသည် ကျုံးတု၏ လူများစွာအတွက် အိပ်ပျက်ရသော ညတစ်ညဖြစ်မည်ကို ချန်ရှု့ဟေးက သိထားသည်။
"အဘိုး၊ ဘာဖြစ်လို့လဲ" ချန်ရုရှီသည် အဘိုးဖြစ်သူက ဆက်မသွားဘဲ ရပ်တန့်နေခြင်းကို တွေ့လိုက်ရ၍ မေးလိုက်တယ်။
ချန်ရှု့ဟေးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ အဘိုး ရုတ်တရက် အတွေး နယ်ကျွံသွားလို့။ သွားကြရအောင်"
ချန်မိသားစု ထွက်သွားသည်နှင့် ရွှယ်အန်းသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေ၍ သူ၏သွယ်လျသော လက်ချောင်းများကို လက်တန်းခုံပေါ်တွင် ခပ်ဖွဖွ တီးခေါက်လျှက် သူနှင့် ဆန့်ကျင်ဘက်ရှိ အုပ်စုကို သဘောတွေ့နေသော အကြည့်ဖြင့် ကြည့်နေသည်။
“မစ္စတာရွှယ် ရှရှားနိုင်ငံက ရရှိထားတဲ့ ပစ္စည်းတွေကို ကျုပ်တို့ဆီ လွှဲပြောင်းပေးနိုင်မလား" ဗိုလ်ချုပ်ကြီးဝမ်က ပြောလိုက်သည်။
"ဘာလို့ ပေးရမှာလဲ" ရွှယ်အန်းက ဘာသိဘာသာ ပြန်ပြောသည်။
“မစ္စတာရွှယ်၊ ခင်ဗျား စိတ်ဆိုးနေသေးတာ ကျုပ် သိပါတယ်၊ ဒါပေမယ့် ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကျုပ်တို့ ဟွာရှားနိုင်ငံရဲ့ ကောင်းကျိုးချမ်းသာမှုနဲ့ သက်ဆိုင်တယ်" ဗိုလ်ချုပ်ကြီးဝမ်က လေးနက်စွာ ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ ကျုပ် အဲဒါကို လက်လွှဲပေးမှာပါ၊ ဒါပေမယ့် ခင်ဗျားလက်ထဲကိုတော့ မဟုတ်ဘူး"
ရွှယ်အန်းက စကားပြောနေစဉ် အန်းချင်ကို လှည့်ကြည့်၍ USB တစ်ခုကို ပစ်ပေးလိုက်သည်။
"အချက်အလက်အားလုံးက ဒီထဲမှာ မင်းဘာသာ အဆင်ပြေသလို ကိုင်တွယ်ဖြေရှင်းလို့ရတယ်"
အန်းချင်သည် USB ကို ဖမ်းယူပြီးနောက် အနည်းငယ် အံသြနေသည်။ အခြားဗိုလ်ချုပ်ကြီးများသည်လည်း အေးခဲတောင့်တင်းသွားကြသည်။
“မစ္စတာရွှယ် ဒါက…”
"ဘာလဲ။ ကျုပ် ရထားတဲ့ပစ္စည်းတွေကို ဘယ်သူ့ကို ပေးရမယ်ဆိုတာနဲ့ပတ်သက်ပြီး ခင်ဗျားတို့ဆီက ခွင့်ပြုချက် ယူရဦးမှာလား။ ပြီးတော့ အန်းချင်က စစ်တပ်ကလူပဲ မဟုတ်ဘူးလား။ ခင်ဗျားတို့ကို လွှဲပေးမှ ရမှာလား” ရွှယ်အန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
လူအုပ်ကြီးက တိတ်ဆိတ်သွား၍ လူအများစုက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့နေကြသည်။ ၎င်းတို့သည် ရှရှားနိုင်ငံမှ ရွှယ်အန်း ပြန်ယူလာသည့် စာရွက်စာတမ်းများကို ရယူရန်အတွက် စိတ်အားထက်သန်စွာ ဤနေရာသို့ အမြန်လာရောက်ခဲ့ကြသည်။
ရှရှားနိုင်ငံသည် တစ်ချိန်က ကမ္ဘာ့အကျော်ဇေယျများဖြစ်ခဲ့သောကြောင့် ဤလက်နက်အချက်အလက်များ အလွန် တန်ဖိုးရှိလွန်းလှသည်။ သို့သော်လည်း ရွှယ်အန်းက အန်းချင်ထံသို ၎င်းအချက်အလက်များ ပေးအပ်လိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားခဲ့ပေ။ သူ၏လုပ်ရပ်များနှင့်ပတ်သက်၍ အပြစ်တင်စရာဟူ၍ မရှိပေ။
အန်းချင်သည် စစ်မှုထမ်း နောင်ခံအသိုင်းအဝိုင်းရှိသူဖြစ်၍ သူ၏ခယ်မဖြစ်သူလည်း ဖြစ်သည်။ ဤသည်မှာ စိတ်ခံစားမှုနှင့် ယုတ္တိဗေဒအရပါ ကျိုးကြောင်းဆီလျော်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ၎င်းတို့၏ အပြေးနှင်ခဲ့သော အပြုအမူများ ပြီးဆုံးသွားချိန်တွင် ၎င်းတို့ဘက်မှ မည်သည့်အရာမျှ မရရှိခဲ့ပေ။ ၎င်းတို့အားလုံး ကသိကအောက်ဖြစ်နေချိန်တွင် ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
"ဒါပေမယ့် အန်းချင်က လက်ရှိမှာ တစ်ဦးတည်းဖြစ်နေပြီး စစ်တပ်ရဲ့ ဘာထောက်ပံ့မှုမှ မရှိဘူး။ ဒီတော့ သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပါတနာတစ်ယောက် လိုအပ်မှာ သေချာတယ်”
ရွှယ်အန်း၏ စကားများရှိဆုံးသည်နှင် ဗိုလ်ချုပ်ကြီးဝမ်က မတ်တပ်ထရပ်၍ သူ၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်။
“မစ္စတာရွှယ် စိတ်ချပါ၊ ကျုပ်ဆိုတဲ့ ဝမ်ထောင်က ပြောစကားကို ကတိတည်တဲ့လူမျိုးပါ။ အန်းချင်သာ ကျုပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူမယ်ဆိုရင် ဘယ်လို သတ်မှတ်ချက်ကိုပဲဖြစ်ဖြစ် ပြောလို့ရပါတယ်”
ဝမ်ထောင်၏ ဦးဆောင်မှုအောက်တွင် တခြားဗိုလ်ချုပ်ကြီးသည်လည်း လိုက်ပါ၍ ပြောကြားလာသည်။
“မစ္စတာရွှယ် ကျုပ်လည်း အတူတူပါပဲ။ ဝမ်ထောင် ကမ်းလှမ်းတာ ဘာပဲဖြစ်ဖြစ် ကျုပ်ဘက်က အဲ့ဒါထပ် ဆယ်ရာခိုင်နှုန်း ထပ်ထည့်ဖို့ အဆင်သင့်ပဲ"
"ကျုပ်က နှစ်ဆယ်ရာခိုင်နှုန်း ထပ်ထည့်မယ်"
"ဟေး ခင်ဗျားတို့အားလုံး ကျုပ်ကို တမင်တကာ ဒုက္ခပေးဖို့ ကြိုးစားနေတာလား" ဝမ်ထောင်က စိတ်တိုသွားသည်။
"ဘာလဲ၊ ခင်ဗျားကျတော့ ကြိုးစားခွင့်ရှိပြီး ကျုပ်တို့ကျတော့ ဝင်ပြောခွင့်မရှိဘူးလာ"
“ရာထူးအဆင့်အရဆိုရင် ခင်ဗျားတို့ထဲမှာ ဘယ်သူက ကျုပ်ကို ယှဉ်နိုင်မှာမို့လို့လဲ” ဝမ်ထောင်က အေးစက်စွာ ပြောလိုက်သည်။
“ဒါက စစ်တပ်ထဲက ရာထူးအဆင့်နဲ့ မပတ်သက်တော့ ခင်ဗျားစကားတွေက အသုံးမဝင်ဘူး။ မိန်းကလေးအန်း၊ ကျုပ်အခု တာဝန်ကျနေတဲ့ နေရာရဲ့ရှုခင်းတွေက တကယ် လှပြီး ပျော်စရာတွေလည်း အများကြီးရှိတယ်။ မင်းအဲဒီကို ရောက်ရင် သေချာပေါက် ကြိုက်သွားမှာ"
"သွားစမ်းပါ။ ခင်ဗျားနေရာက စိုစွတ်တဲ့အပြင် ပူကလည်းပူသေး။ ဘာကို ကောင်းရမှာလဲ"
ရွှယ်အန်း၏ အရှေ့တွင် ဤသြဇာကြီးမားသော ပုဂ္ဂိုလ်များက ၎င်းတို့အချင်းချင်း၏ မကောင်းကြောင်းများကို စတင် လွှင့်ထူလာကြသည်။ စစ်မှုထမ်းစဥ်အချိန် ဖြစ်ပွားခဲ့သည့် အရှက်ရဖွယ်ရာ ပုံပြင်ကိုပြင် ဖော်ထုတ်လာကြသည်။
အန်းချင်သည် ဤမြင်ကွင်းကို ထိတ်လန့်တကြားကြည့်နေရာမှ၊ တစ်ချိန်က မြင့်မားခဲ့သော ပုဂ္ဂိုလ်များသည်လည်း လူကွယ်ရာအရပ်တွင် သာမန်လူများဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ၎င်းတို့အားလုံး အဆက်မပြတ် ငြင်းခုံနေကြစဉ် ရွှယ်အန်းက သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီ၊ ဆက်မငြင်းနဲ့တော့"
၎င်းတို့အားလုံးက ရပ်တန့်သွားကြ၍ ရွှယ်အန်းဆီသို့ အာရုံများ ချက်ချင်း ရောက်ရှိသွားကြသည်။
“ဘာပဲဖြစ်ဖြစ် ကျုပ်တျု့အားလုံးက ဟွာရှားက လူတွေပဲလေ၊ ဒီတော့ လူရွေးပြီး မျက်နှာသာမပေးတဲ့ လုပ်ရပ်မျိုး ကျုပ် မလုပ်ချင်ပါဘူး။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ခင်ဗျားတို့အားလုံး အန်းချင်နဲ့ ပူးပေါင်းနိုင်တယ်၊ ဒါပေမယ့် ကမ်းလှမ်းချက်မှာ ရက်ရောမှုအရှိဆုံးလူက အချက်အလက်တွေ ပိုရမယ်။ ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ" ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ရွှယ်အန်းသည် ၎င်းတို့အတွက် ထောင်ချောက်ကြီးတစ်ခု ချမှတ်ထားလိုက်ကြောင်းကို ဤအင်အားကြီး ပုဂ္ဂိုလ်များက အသေအချာ သိနေကြသည်။ သို့ရာတွင် ၎င်းတို့က အတွန့်တက်ရန် အနေအထားတွင် ရှိမနေသောကြောင့် အံကြိတ်ရမည်ဆိုလျှင် တွင်းထဲကို ခုန်ဆင်းရပေလိမ့်မည်။
"ကောင်းပြီ။ မစ္စတာရွှယ် ပြောတဲ့အတိုင်း လုပ်ရအောင်"
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် စိတ်ရှုပ်နေဆဲဖြစ်သော အန်းချင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"အန်းချင်၊ မင်းက အခုချိန်ကစပြီး ဒီပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ကိစ္စတစ်ခုခုရှိရင် ငါ့ကို မေးလို့ရတယ်။ ဒါပေမယ့် ဒီဂုဏ်ထူးဆောင် လူကြီးမင်းတွေက မင်းကို ကူညီဖို့ စိတ်အားထက်သန်နေမယ်ဆိုတာ ငါ ယုံကြည်တယ်"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျုပ်တို့ တာဝန်ထားလိုက်ပါ၊ အန်းချင်အနောက်မှာ ကျုပ်တို့ရှိပါတယ်"
ရွှယ်အန်းသည် စိတ်အားထက်သန်သော မျက်လုံးများဖြင့် တောက်ပနေသော ထိုအရာရှိများကို ကြည့်၍ ခံစားချက်များ ရုတ်တရတ် ပျံ့နှံ့လာသည်။ မည်သို့သော ပြိုင်ဆိုင်မှုမျိုးဖြစ်ပါစေ ဤစစ်အရာရှိများ၏ သစ္စာရှိစိတ်သည် ကြည်လင်၍ စစ်မှန်လှသည်။
သူသည် ဤတစ်ကြိမ်တွင် အန်းချင်ကို ရှေ့တန်းသို့ တွန်းပို့ခြင်းဖြင့် အနာဂတ်တွင် အန်းမိသားစုအတွက် ယုံကြည်စိတ်ချရသည့် ပံ့ပိုးမှုတစ်ခုရရှိရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။ အန်းချင်သည် များမကြာမီတွင် စစ်တပ်တွင် ရာထူးမြင့်မားလာမည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည်ကို ကြိုတင်မှန်းဆနိုင်ခဲ့သည်။ ထို့ကြောင့် ရွှယ်အန်းသည် အခြေအနေကို အလေးသာမှုမျိုး ထပ်ထည့်ရန် ဆုံးဖြတ်လိုက်သည်။
"ဒါ့အပြင် မီးဖီးနစ်တပ်ဖွဲ့က ဘာလို့ဒီလောက်မြန်မြန် ကြီးထွားလာလဲဆိုတာကို ခင်ဗျားတို့ သိချင်ကြလား"
ရွှယ်အန်း၏ ပေါ့ပါးသော စကားလုံးများသည် ဤဗိုလ်ချုပ်ကြီးများ၏ နားထဲတွင် မိုးခြိမ်းသံတစ်ခုကဲ့သို့ မြည်ဟည်းလာသည်။
"ကျုပ်တို့ သိချင်တာပေါ့" ဝမ်ထောင်က အလောတကြီး ပြောလိုက်သည်။
ယခုအချိန်တွင် မီးဖီးနစ်သည် ပြည်တွင်း၌သာမကဘဲ ကမ္ဘာတစ်ဝှမ်းလုံးတွင်ပင် ဒဏ္ဍာရီဖြစ်လာခဲ့သည်။ ၎င်းတို့သည် တစ်လကျော်အတွင်း၌ပင် အသစ်ဖွဲ့စည်းထားသော တပ်ဖွဲ့တစ်ခုမှ လက်ရွေးစင် တပ်ဖွဲ့အဖြစ်သို့ ပြောင်းလဲသွားခဲ့၍ ပြည်တွင်း အထူးတပ်ဖွဲ့ပြိုင်ပွဲတွင် ပထမနေရာကို ရယူခဲ့သည်။ ပြီးနောက် ၎င်းတို့သည် အဆင့်များစွာကို ကျော်ဖြတ်၍ နိုင်ငံတကာ အထူးတပ်ဖွဲ့များ ယှဉ်ပြိုင်ပွဲသို့ပင် ဝင်ရောက်ခဲ့ကြသည်။
အဆင်မပြေမှု အနည်းငယ်ရှိခဲ့သော်လည်း ၎င်းတို့၏အဖွဲ့တစ်ဖွဲ့လုံး ပြန်ရောက်လာမှုနှင့်ပတ်သက်၍ ၎င်းတို့၏ ကြီးမားသော ခွန်အားကို သက်သေပြနေဆဲဖြစ်သည်။ ထိုကဲ့သို့သော စွမ်းအင်မျိုးကို ဝမ်ထောင်နှင့် အခြားလူများက လိုလားတောင့်တနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ အချိန်တိုတိုအတွင်း အစွမ်းထက်လှသော တပ်ဖွဲ့တစ်ခုကို မည်သို့ လေ့ကျင့်ပေးရမည်ဟူသော မေးခွန်းများနှင့်ပတ်သက်၍ မီးဖီးနစ်၏ နည်းပြဆရာဖြစ်သည့် ရွှယ်အန်းသာလျှင် ဖြေကြားနိုင်မည်ဖြစ်သည်။
“သူတို့အားလုံးက ကျုပ်ဘက် စေ့စေ့စပ်စပ် လေ့ကျင့်ပေးထားတဲ့ လက်ရွေးစင်တွေပဲ။ သူတို့ရဲ့ အခြေအနေနဲ့ အရည်အသွေးတွေအပေါ် မူတည်ပြီး တစ်ယောက်ချင်းစီအတွက် ကျင့်ကြံနည်းကို ကျုပ် ပြင်ဆင်ပေးခဲ့တာ"
သူ၏စကားသည် ပုံမှန်အခြေအနေတွင် တည်ငြိမ်အေးဆေးလေ့ရှိသော ဗိုလ်ချုပ်ကြီးများ ဖြူဖျော့သွားစေသည်။ ကျင့်ကြံခြင်း သိုင်းပညာတစ်ခုသည် အလွန်တရာ အဖိုးတန်သည့် အရာတစ်ခုဖြစ်သည်။ သို့သော် ရွှယ်အန်းက ၎င်းတို့ကို စစ်သားများ လေ့ကျင့်သင်ကြားရာတွင် အသုံးပြုခြင်း ဖြစ်လေသလော။
"ခင်ဗျားတို့တစ်ဦးစီအတွက် ရိုးရှင်းလွယ်ကူတဲ့ ကျင့်ကြံနည်းသိုင်းပညာတွေကို ကျုပ် ပေးနိုင်တယ်။ အံဝင်ခွင်ကျ ဖြစ်စေတဲ့ ကျင့်ကြံနည်း သိုင်းပညာတွေနဲ့ မယှဉ်နိုင်ပေမယ့် ခင်ဗျားတို့ တပ်သားတွေရဲ့ ခွန်အားကို အများကြီး မြှင့်တင်ပေးနိုင်မှာပါ" ဤလူများ စိတ်ဓာတ်ပျက်ပြားနေချိန်တွင် ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်
၎င်းတို့အားလုံး၏ မျက်လုံးများ လင်းထိန်သွားကြသည်။ အထူးသဖြင့် ရွှယ်အန်းကို မျိုချချင်နေသကဲ့သို့ ထင်မှတ်ရသော ဝမ်ထောင်၏ မျက်လုံးများက ပို၍ပင် လင်းလက်နေသည်။
"ဒါပေမယ့် ကြိုတင်သတ်မှတ်ချက်တွေကတော့ အန်းချင်အပေါ်မှာ မူတည်နေသေးတယ်"
စစ်ဗိုလ်ချုပ်ကြီးများသည် တစ်ဦးကို တစ်ဦး လှည့်ကြည့်လိုက်ချိန်တွင် ၎င်းတို့အချင်းချင်း၏ မျက်လုံးထဲတွင် မကြုံစဖူး တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်ကို တွေ့လိုက်ရသည်။ ယန်ချုံးသာလျှင် နောင်တအပြည့်ဖြင့် ခေါင်းငုံ့နေလေသည်။ လျို့မိသားစု၏ လုပ်ရပ်များနှင့် သူ၏ ယခင်ကစကားများကြောင့် ရွှယ်အန်းက မည်သည့် ကျင့်ကြံခြင်းသိုင်းပညာကိုမှ မျှဝေမည် မဟုတ်ကြောင်း သူ သိနေသောကြောင့် ဖြစ်သည်။
ဆိုလိုရင်းမှာ သူ၏ စစ်သားများသည် နောင်တွင် ဝမ်ထောင်နှင့် အခြားလူများ၏ စစ်သားများနှင့် နှိုင်းယှဉ်လျှင် နောက်သို့ ဝေးကွာစွာ ကြရောက်သွားမည်ဖြစ်သည်။ လောကတွင် နောင်တဆေးမျိုးသာရှိလျှင် သူသည် ယခုအချိန်တွင် ထိုကဲ့သို့သော ဆေးမျိုးကို ဆယ်ပေါင်ခန့် လိုချင်နေမည်မှာ သေချာသည်။
အခန်း (၂၅၄) ဒါကို ဘယ်သူက သည်းခံနိုင်မှာလဲ
အန်းမိသားစုတွင် ဖြစ်ပျက်ခဲ့သော သတင်းများ ပြန့်နှံ့သွား၍ ရှရှားနိုင်ငံမှ လူများကို သတ်ပစ်ခဲ့သူက ရွှယ်အန်းဖြစ်သည်ကို သိလိုက်ရသောအခါ လူအများက အံ့သြသွားကြသည်။ ပြီးနောက် ကျုံးတုတစ်ခုလုံး အနည်းငယ် တုန်လှုပ်သွားပုံပေါ်သည်။
အစည်းအဝေးတက်ရောက်ခဲ့ကြသည့် အထက်တန်းလွှာ မိသားစုများအားလုံးသည် ၎င်းတို့၏ မျက်နှာဖုံးများအောက်တွင် တုန်လှုပ်နေကြသည်။ မတက်ရောက်ခဲ့သူများက လျှို့ဝှက်စွာ စိတ်သက်သာရာရနေကြသည်။ ပြီးနောက် အွန်လိုင်းပေါ်၌ ရှရှားနိုင်ငံတွင် ရွှယ်အန်း ပြုလုပ်ခဲ့သော လုပ်ဆောင်မှုများက ဒုံးပျံကဲ့သို့သော အမြန်နှုန်းဖြင့် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
လူအများစုက သူ၏အတိတ်က အပြုအမူများကိုပင် တူးဖော်နေကြသည်။ ထိုအချိန်မှသာ အတိတ်ကအကြောင်းများ သိလိုက်ရ၍ လူအများက တအံ့တသြ ဖြစ်နေကြသည်။ ဤရွှယ်အန်းသည် အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်များစွာကို အမှန်တကယ် ပြီးမြောက်အောင်မြင်ခဲ့သူဖြစ်သည်။ ရွှယ်အန်းနှင့်ပတ်သက်သော အန္တရာယ်အဆင့်သည် နိုင်ငံအသီးသီးတွင် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
သို့သော် ဤအခိုက်အတန့်မှသာ အင်တာနက်ပေါ်တွင် ရွှယ်အန်း၏ ရှင်းလင်းပြတ်သားသော ဓာတ်ပုံတစ်ပုံမျှ မတွေ့ရသေးကြောင်း လူအများက သတိထားမိသွားကြသည်။ အဝေးမှ ရိုက်ကူးထားသော ပါပါရာဇီရိုက်ချက်များ၊ သူ၏နောက်ကျော မဟုတ်ရင် ဘေးတိုက်ဓာတ်ပုံများသာ ရှိနေခဲ့သည်။
တစ်စုံတစ်ယောက်က ဓာတ်ပုံကို အနီးကပ်ရိုက်ကူးထားလျှင်ပင် ဓာတ်ပုံထဲရှိ မျက်နှာသည် မြူခိုးများ ဖုံးလွှမ်းနေ၍ သူ၏အသွင်အပြင်ကို ဖုံးကွယ်ထားသကဲ့သို့ မှုန်ဝါးဝါး ဖြစ်နေပုံပေါ်သည်။ ထိုအကြောင်းအရာကြောင့် ထောက်လှမ်းရေး အေဂျင်စီ အများအပြားက အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။
အမေရိကန်နိုင်ငံ။
ထောက်လှမ်းရေးအေဂျင်စီ၏ ခေါင်းဆောင်သည် ရွှယ်အန်း၏ အချက်အလက်များကို ထောက်လှမ်းစုဆောင်းရာတွင် တာဝန်ရှိသော ပုဂ္ဂိုလ်ကို ပြစ်တင်ဝေဖန်ခဲ့ပါသည်။
“ခင်ဗျားရဲ့ အဓိပ္ပာယ်မဲ့တဲ့ အကြောင်းပြချက်တွေကို ကျုပ် မကြားချင်ဘူး၊ သူ့ဓာတ်ပုံကို ရိုက်လာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်။ ခင်ဗျား ဘယ်လိုလုပ်မလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး၊ ပစိဖိတ်ကနေ ဟွာရှားကို ရေကူးရရင်တောင် သူ့ပုံကို ရှင်းရှင်းလင်းလင်း မြင်ချင်တယ်။ နားလည်လား"
ထောက်လှမ်းရေး အရာရှိများ၏ မျက်နှာပေါ်တွင် နာကြည်းသော အကြည့်များ ရှိနေသည်။ ၎င်းတို့သည် ဓာတ်ပုံများကို ရှင်းရှင်းလင်းလင်း ရိုက်ကူးလာခဲ့ကြသော်လည်း မည်သို့ကြောင့် ယခုလို မှုန်ဝါးသွားသည်ကို ၎င်းတို့ မသိကြပေ။
အမေရိကန်နိုင်ငံတွင်သာမကဘဲ ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်သည်လည်း ထောက်လှမ်းရေး ခေါင်းဆောင်ကို အကြိမ်ပေါင်းများစွာ ဒေါသတကြီး ရိုက်နှက်နေသည်။ ထောက်လှမ်းရေး ခေါင်းဆောင်သည် ရိုက်နှက်ချက်တိုင်းဖြင့် ဦးညွှတ်လျက် 'ဟုတ်ကဲ့' ဟု တုံ့ပြန်နေခဲ့သည်။
"အရူးကောင်၊ အသုံးကိုမကျဘူး၊ ဒီ ရွှယ်အန်းက ကျုပ်တို့တိုင်းပြည်မှာ ဒီလောက်ပြဿနာရှာခဲ့တာတောင် အခု ကျုပ်တို့မှာ သူ့ဓာတ်ပုံတောင် မရှိဘူးဆိုတော့ မင်း ဘာများအသုံးကျလဲ"
"ဟုတ်ကဲ့"
"သူ့အချက်အလက်တွေ အခုပဲ ရအောင်ယူလာခဲ့၊ ဒါမှမဟုတ်ရင် အလုပ်ထွက်ဖို့ ပြင်ဆင်ထား"
"ဟုတ်ကဲ့"
အခြားနိုင်ငံများတွင်လည်း အလားတူ ဖြစ်စဉ်များ ပေါ်ထွက်နေခဲ့သည်။ ရွှယ်အန်းကမူ ထိုဖြစ်စဉ်ကို မသိခဲ့ပေ၊ သို့သော် သိခဲ့လျှင်ပင် ရယ်ရုံသာ ရယ်နေပေလိမ့်မည်။ ဤအခြေအနေအတွက် အကြောင်းပြချက်သည် ရွှယ်အန်း၏ အင်အားများက တဖြည်းဖြည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလာသောကြောင့် ဖြစ်သည်။ အထူးသဖြင့် လွတ်မြောက်အင်မော်တယ်ဖြစ်လာပြီးနောက် သူသည် ဤလောက၏ စည်းမျဉ်းများကို တစ်စိတ်တစ်ပိုင်း ကျော်လွန်သွားပြီဖြစ်သည်။ ယင်းဖြစ်စဉ်သည် သူ့ဘက်မှ အလိုမရှိလျှင် သူ၏မျက်နှာအစစ်အမှန်ကို မည်သူမျှ မဖမ်းယူနိုင်သည့်အချက်ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဤစစ်တပ်အရာရှိကြီးများနှင့် စီးပွားရေးကိစ္စများတွင် အန်းချင်အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ ဤစစ်တပ်အရာရှိများသည် ယခုအခါ သူငယ်တန်းကလေးများကဲ့သို့ နာခံမှုရှိစွာ ပြုမူနေကြပြီဖြစ်သည်။ ပြီးနောက် အမျိုးမျိုးသော ထောက်ပံ့မှု အခြေအနေများကို အလကားရနေသကဲ့သို့ အန်းချင်ဆီသို့ ပေးအပ်နေကြသည်။
၎င်းတို့၏ ရည်ရွယ်ချက်သည် ရွှယ်အန်း ကတိပြုထားသော ကျင့်ကြံနည်းသိုင်းပညာကို မြန်မြန်ဆန်ဆန် ရရှိရန်သာဖြစ်သည်။ ရွှယ်အန်းသည် သူ၏ကတိစကားကို မဖောက်ဖျက်ခဲ့ပေ။ စစ်မှုထမ်းများအတွက် သင့်လျော်၍ ရိုးစင်းသော ကျင့်ကြံနည်းများကို ရာနှင့်ချီ၍ ဖန်တီးခြင်းသည် သူ့အတွက် လက်ဖျောက်တစ်ချက်စာမျှသာရှိသည်။
သို့သော်လည်း ဤတိုင်းပြည်၏ ချစ်စဖွယ်လူမျိုးများကို လေးစားသောအားဖြင့် ရွှယ်အန်းက သူ၏ အတွေးအမြင်များကို အလေးအနက်ထား စုစည်း၍ အပြိုင်စကြာဝဋ္ဌာများသို့ လှည့်ပတ်ရာမှ စုဆောင်းခဲ့သော ကျင့်ကြံနည်းများကို အကျဉ်းချုပ်ဖော်ပြခဲ့သည်။ နောက်ဆုံးတွင်၊ အတော်အတန် သင့်လျော်သော ကျင့်ကြံနည်းသုံးမျိုးနှင့် စတင်ခဲ့၍ ထိုသိုင်းပညာများ၏ ကနဦးအလွှာသုံးလွှာကို ဤလူများထံ ဦးစွာပေးအပ်ခဲ့သည်။
ဤပုဂ္ဂိုလ်များသည် ကျင့်ကြံခြင်းများနှင့် ထိတွေ့မှု အနည်းအများရှိခဲ့သောကြောင့် ဤပစ္စည်းများက မည်မျှတန်ဖိုးရှိသည်ကို တစ်ချက်တည်းကြည့်ရုံဖြင့် ပြောနိုင်ကြသည်။ အထူးသဖြင့် ၎င်းတို့ပြန်ရောက်ချိန် လက်တွေ့စမ်းသပ်ကြည့်ကြသောအခါ ပျမ်းမျှဉာဏ်အလင်းရရှိသော စစ်သားများစွာက ၎င်းကို ကျင့်ကြံနိုင်ကြောင်း တွေ့ရှိလိုက်၍ ဤစစ်တပ်အရာရှိများ ရူးသွပ်လုနီးပါး ဖြစ်သွားလေသည်။
ယင်းဖြစ်စဉ်အရ ဟွာရှား၏ စစ်တပ်စွမ်းအင်သည် အဆင့်သစ်တစ်ခုသို့ တက်လှမ်းတော့မည်ဟု ညွှန်ပြနေခြင်းဖြစ်သည်။ ထို့ကြောင့် ရွှယ်အန်းသည်လည်း ၎င်းတို့၏မျက်လုံးထဲတွင် နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာ၍ အန်းချင်၏အဆင့်အတန်းသည်လည်း ဒီရေအလား တိုးမြင့်လာခဲ့သည်။
အန်းချင်သည်လည်း ယခုအခါ စစ်တပ်အတွင်း အရေးပါသော အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။ ဤနည်းအားဖြင့် အန်းမိသားစုတစ်စု၏ စွမ်းအင်သည်လည်း ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ အနည်းဆုံးလျှင် ကျုံးတု၏ လူချမ်းသာ မိသားစုအများစုက ၎င်းတို့၏နောက်ကွယ်တွင် သွားပုတ်လေလွင့် မပြောဝံ့ကြတော့ပေ။ ရွှယ်အန်းသည် ထိုအရာများ ပြုလုပ်ပြီးသည်နှင့် လူအများကြားမှ ပျောက်ကွယ်သွားခဲ့သည်။
အန်းမိသားစု။
ရွှယ်အန်းသည် ကလေးမလေးနှစ်ဦးနှင့် နေ့တစ်ဝက်ခန့် ဂိမ်းကစား၍ အချိန်ဖြုန်းခဲ့ပြီးနောက် ပြုံးပြုံးရွှင်ရွှင်ဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ အန်းယန်သည် ကွန်ပြူတာရှေ့တွင် စိတ်လှုပ်ရှားစွာ ထိုင်၍ ဂိမ်းထဲတွင် အာရုံနစ်မြုပ်နေခဲ့သည်။ သူမသည် အမျိုးမျိုးသော ထိတ်လန့်ဖွယ်ရာ ဂိမ်းများ ကစားရခြင်းနှင့်ပတ်သက်၍ ပိုမို စိတ်ဝင်စားလာခဲ့သည်။ သို့သော်လည်း သူမ၏ သတ္တိသည် ကြီးထွားခြင်း မရှိသေးပေ။
ဥပမာအားဖြင့် အခုမူ ရွှယ်အန်းက သူမ အနောက်တွင် တိတ်တဆိတ် ပေါ်လာသောအခါ အန်းယန်က ဂိမ်းအတွင်းရှိ အခန်းလွတ်တစ်ခုဆီသို့ ဇာတ်ကောင်တစ်ဦးကို လမ်းပြနေခြင်းဖြစ်သည်။ ဖန်သားပြင်တစ်ခုလုံး မည်းမှောင်သွား၍ ဇောက်ထိုးဆွဲထားသော အနီရောင်ဝတ် အမျိုးသမီးတစ်ဦးက သူမ၏ အမြင်အာရုံတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။
ရွှယ်အန်းသည် သူမ၏ ပခုံးကိုထိကိုင်ရန် လက်လှမ်းလိုက်စဉ် အန်းယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အန်းယန်သည် ဓာတ်လိုက်ခံရသကဲ့သို့ တုံ့ပြန်လာ၍ သူမ၏ သတ္တိရှိမှုအတွက် အသုံးပြုခဲ့သည့် ကွန်ပြူတာဘေးရှိ ဒယ်ပြားကို ဆုပ်ကိုင်ပြီးနောက် ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ကွန်ပြူတာ စခရင် ကွဲကြေသွားလေသည်။
၎င်းသည် အရှိန်အဟုန် ပျက်ပြယ်ခြင်းမရှိဘဲ ရွှယ်အန်းဘက်သို့ ကွေ့ဝိုက်၍ ရောက်ရှိသွားသောကြောင့် ရွှယ်အန်းက သူ၏ လက်ကိုဆန့်ထုတ်၍ ဒယ်ပြားကို ဖမ်းဆွဲလိုက်သည်။ ထိုမှသာ အန်းယန်သည် သူမ၏ခင်ပွန်းဖြစ်နေကြောင်း သိလိုက်ရ၍ သက်ပြင်းတစ်ချက်ချကာ ရင်ဘတ်ကို လက်ဖြင့်ပွတ်သပ်လိုက်သည်။
"လန့်သွားတာပဲ"
"ပြီးခဲ့တဲ့ရက်တွေအတွင်း ကွန်ပြူတာ ဘယ်နှစ်လုံးလောက် ရိုက်ချိုးပြီးပြီလဲ" ရွှယ်အန်းသည် ရယ်ချင်စိတ်နှင့် ကူကယ်ရာမဲ့သော ခံစားချက်များ ရောနှောစွာ ပြန်ဖြေလိုက်သည်။
အန်းယန်က အနည်းငယ် ရှက်ရွံ့စွာ လျှာထုတ်ပြလိုက်သည်။
"လန့်သွားလို့ဟာကို၊ သိရဲ့သားနဲ့"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ရိုက်ချိုးတော့လည်း ရိုက်ချိုးတာပေါ့ ကိုယ်က ကွန်ပျူတာအတွက် ဝမ်းနည်းနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီမှာ ပိုပြီး ပျော်စရာကောင်းတာတစ်ခု ရှိသေးတယ်"
ထိုသို့ပြောလျက် ရွှယ်အန်းက အထူးပြုလုပ်ထားသော VR နားကြပ်ကို ထုတ်ယူလိုက်သည်။
"ဒါက ဘာလဲ" အန်းယန်က အနည်းငယ် ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
“စမ်းကြည့်ရင် သိလိမ့်မယ်။ လာ ကိုယ် တပ်ပေးမယ်" ရွှယ်အန်းသည် ကလေးမလေးတစ်ဦးကို လှည့်စားနေသည့် ထူးဆန်သော သူစိမ်း ဦးလေးကြီးတစ်ဦးကဲ့သို့ ချော့မြှူနေလေသည်။
အန်းယန်သည် ရွှယ်အန်း၏စကားကို အမြဲလိုက်နာလေ့ရှိသောကြောင့် နားကြပ်ကို အသာတကြည် တပ်ဆင်လိုက်သည်။ ရွှယ်အန်းက ခလုတ်ဖွင့်လိုက်ပြီးနောက် အပြုံးဖြင့် ကြည့်နေလိုက်သည်။ ကနဦးတွင် အန်းယန်က အလွန် စိတ်လှုပ်ရှားနေသည်။
"ဝိုး ဒါက အရမ်းမိုက်တာပဲနော်၊ ဟန်နီ။ တကယ့် အစစ်အတိုင်းပဲ" သူမက အာမေဍိတ်သံပြုလိုက်သည်။
သို့သော် ခဏအကြာတွင် အန်းယန်က စတင် တုန်ရီလာသည်။
"ယောက်ျား၊ ယောက်ျားရေ။ ဒါ…ဒါက ကျွန်မ ကစားခဲ့တဲ့ သည်းထိတ်ရင်ဖို ဂိမ်းမဟုတ်ဘူးလား။ ရှင် ဘယ်မှာလဲ"
အန်းယန်က စကားပြောနေစဉ် ရွှယ်အန်းကို ထိကိုင်ရန် ကြိုးစားလိုက်သည်။ ရွှယ်အန်းက တိတ်တဆိတ် အနောက်ပြန်ဆုတ်သွားသည်။ ဤသို့ဖြင့် အန်းယန်က ပို၍ပင် ထိတ်လန့်လာသည်။ သူမ၏ မြင်ကွင်းတွင် အရာအားလုံးက သူမ ကစားခဲ့သည့် ဂိမ်းကဲ့သို့ အမှောင်ထုကြီးသာဖြစ်နေသည်။
သူမ၏ ထိတ်လန့်မှုကြားတွင် မွန်းစတားတစ်ကောင် ရုတ်တရက် ပြေးထွက်လာသည်။ VR နားကြပ်၏ အလွန် ကောင်းမွန်သော အရေအသွေးကြောင့် ၎င်းမွန်းစတားငည် မယုံကြည်နိုင်လောက်အောင် လက်တွေ့ဆန်လွန်းလှသည်။ လန့်ဖျပ်သွားသော အန်းယန်က စူးရှစွာ အော်ဟစ်ပြီးနောက် ဒယ်ပြားကို စတင် ဝှေ့ယမ်းလိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းက သူမ အရှေ့တွင် ရှိနေသောကြောင့် ဒယ်ပြားသည် ရွှယ်အန်း၏ခေါင်းကို ထောင်ကျကျ ထိမှန်သွားသည်။ ပြင်းထန်သော ထိခိုက်မှုသည် ဒယ်ပြားကို ချိုင့်ဝင်သွားစေသည်။ ပြီးနောက် အန်းယန်က နားကြပ်ကို အလျင်အမြန် ချွတ်ယူလိုက်ချိန်တွင် ရွှယ်အန်းက ခေါင်းကို ပွတ်သပ်လျက် နာကျင့်မှုဖြင့် ရှုံ့မဲ့နေသော အမူအရာကို သူမ မြင်လိုက်ရသည်။
"ဟန်နီ... ကျွန်မ ထပ်ပြီး ဒုက္ခပေးမိပြန်ပြီလား" အန်းယန်က မဝံ့မရဲ မေးမြန်းလိုက်သည်။
ရွှယ်အန်းက ရှုံ့မဲ့၍ အရှေ့သို့ ရုတ်တရက် တိုးလာပြီးနောက် ဟန်ဆောင်ရက်စက်သော အမူအရာဖြင့် အန်းယန်ကို ပွေ့ချီလိုက်သည်။
"ဟုတ်တယ်၊ ထပ်ပြီး ဒုက္ခပေးပြန်ပြီ။ အခု မင်းကို ဘယ်လို အပြစ်ပေးရမလဲ ပြော"
ရွှယ်အန်း၏ရင်ခွင်ထဲတွင် ပွေ့ချီခံထားရသော အန်းယန်က မျက်နှာ နီမြန်းလာပြီးနောက် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
"ရှင် ကျွန်မကို အပြစ်ပေးချင်သလောက် အပြစ်ပေးလို့ရပါတယ် ဟန်နီ" သူမက ပြောလိုက်သည်။
အန်းယန်၏ ရှိုးတိုးရှန့်တန့် ချစ်စဖွယ် အသံသည် သူမ၏ ရင်သပ်ရှုမောဖွယ် လှပသော ပါးပြင်များနှင့် ပေါင်းစပ်လိုက်သောကြောင့် ပြင်းထန်မှုများသည် အလွန် အံ့ဩဖွယ်ကောင်းလှသည်။ ရွှယ်အန်းက အံ့အားသင့်သွားသည်။
'ဒါကို...ဘယ်သူက သည်းခံနိုင်မှာလဲ'
အခန်း (၂၅၅) ရစ်မူးပြီး ရေပြင်အလား ကောင်းကင်အလား သတိမထားမိခြင်း၊ နဂါးငွေ့တန်း ဂလက်ဆီသို့ ဦးတည်နေသည့် ကြည်လင်တဲ့ အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ လှေကလေး
ပြင်းထန်သော နေရောင်ခြည်သည် မြေကြီးကို အလွန် ပူပြင်းစေသောကြောင့် ဤသို့သော နေ့မျိုးတွင် မည်သူမျှ အပြင်ထွက်ချင်စိတ် မရှိကြပေ။ အန်းမိသားစုတွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ရွှယ်အန်း၏ ကျောပြင်ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်း၍ တီဗီကြည့်နေကြသည်။ အန်းယန်သည် ရွှယ်အန်း၏ ပခုံးကို မှီလျက် သူမ၏လက်ကိုင်ဖုန်းကို ကြည်နေခဲ့သည်။
အခန်းသည် အေးမြ၍ သာယာလွန်းသောကြောင့် နွေရာသီ၏ အပူဒဏ်မှ လုံးလုံးလျားလျား ကင်းစင်နေသည်။ အန်းယန်၏စကားအရ ရွှယ်အန်းကို မှီနေခြင်းက လေအေးပေးစက် ဘေးတွင်ရှိနေခြင်းထက် ပို၍ သက်တောင့်သက်သာရှိလှသည်။
“ယောက်ျား…” အန်းယန်က ဖုန်း ကြည့်နေရာမှ ရုတ်တရက် အကြည့်လွှဲလာသည်။
"ဟမ်" ရွှယ်အန်းက သူမကို လှည့်ကြည့်လိုက်သည်။
"သဘက်ခါက ဘာနေ့လဲဆိုတာ သိလား" အန်းယန်က ဆန်းကြယ်စွာ ပြောလာသည်။
ရွှယ်အန်းက မျက်မှောင်ကြုတ်၍ တွေးလိုက်သည်။
"ကမ္ဘာ့ရေများနေ့လား"
အန်းယန်၏မျက်လုံးများတွင် စိတ်ပျက်သွားသည့် အရိပ်အမြွက်များ ပေါ်ပေါက်လာသည်။
“ပြီးတော့ရော”
"ဂန်ဒီရှာသမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ်လေးဆယ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့နေ့လား"
အန်ယန်၏ အမူအရာမှာ အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်သွားသော်လည်း သူမက ခပ်တိုးတိုး အသံဖြင့် တုံ့ပြန်နေဆဲဖြစ်သည်။
"အင်း၊ ကိုယ် သိနေမယ်လို့ မထင်ထားဘူး"
"မင်း ယောက်ျားက နက္ခတ်ဗေဒင်ပညာနဲ့ ပထဝီဝင်အပြင် အတိတ်ရော အနာဂတ်ပါ နှစ် ၅၀၀၀၀ ထိ သိထားတဲ့လူပါ။ ဒီလောက်ကိစ္စလေးကို ကိုယ် မသိဘူးထင်နေတာလား"
“ဪ" အန်းယန်က အနည်းငယ် ထိုင်းမှိုင်းစွာ ပြန်ဖြေလိုက်သည်။
အချိန်အတော်အတန် ကြာပြီးနောက်။
“ယန်အာ…”
"ဟင်"
"မနက်ဖြန်ကျရက် မြို့ပြင် ထွက်လည်ကြရအောင်လား"
"ဘယ်ကိုလဲ"
"ကိုယ်နဲ့ လိုက်ခဲ့ရင် သိမှာပေါ့၊ ကိုယ် အကုန်စီစဉ်ထားပြီးသား။ ဒီည ကိုယ်တို့တွေ အပြင်မှာ စခန်းချကြမယ်လေ၊ ဘယ်လိုလဲ ” ရွှယ်အန်း၏ စကားသံသည် ကလေးမလေးနှစ်ယောက်၏ ပြင်းထန်သည့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။
"ဟုတ်၊ ဟုတ်။ တစ်နေကုန် အိမ်မှာ တီဗီပဲ ကြည့်ရတာ ပျင်းဖို့ကောင်းတယ်” ရွှယ်ရှန်းက ဦးစွာ သဘောတူလိုက်သည်။
"ဒါဆို… ရေခဲသေတ္တာကိုပါ ယူသွားလို့ရမလား။ သမီး ရေခဲမုန့်မစားရမှာ ဆိုးလို့” ရွှယ်နျန်က မျက်ခုံးတွန့်၍ ခဏစဉ်းစားပြီးနောက် မဝံ့မရဲ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး" ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ကောင်းပြီလေ" ခင်ပွန်းသည်နှင့် သမီးဖြစ်သူတို့ အလွန် စိတ်လှုပ်ရှားနေခြင်းကို တွေ့လိုက်ရသောအခါ အန်းယန်၏ မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ဖျတ်ကနဲ ပေါ်ပေါက်လာသော်လည်း သူမက ခေါင်းညိတ်လိုက်သည်။
နောက်နေ့တွင် ခြံဝင်းထဲ၌ အသစ်စက်စက် RV ကားတစ်စီး ရပ်တန့်ထားသည်။ ၎င်းသည် ချန်မိသားစုမှ အထူးစေလွှတ်ခဲ့ခြင်းဖြစ်၍ ယာဉ်မောင်းတစ်ဦး ထည့်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း ရွှယ်အန်းက ငြင်းဆန်ခဲ့သည်။ ၎င်းတို့မိသားစုသည် တက်ကြွစွာဖြင့် ယာဉ်ပေါ်သို့ တက်လိုက်ကြသည်။
"ယောက်ျား၊ ရှင် ကားမောင်းတက်လို့လား" အန်းယန် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိသည်။
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ဟာသပဲ၊ အပြိုင်စကြာဝဋ္ဌာပေါင်းစုံမှာ မင်း ယောက်ျား မလုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး"
ဆယ်မိနစ်ကြာပြီးနောက် အန်းယန်သည် မီတာအနည်းငယ်သာ အရှေ့တိုးသေးသော RV ကို ဖြစ်လိုရာဖြစ်ဟူသော အမူအရာဖြင့် ကြည့်လိုက်သည်။
"ယောက်ျား၊ ဒီနှုန်းနဲ့ဆိုရင် မနက်ဖြန် ဒီအချိန်လောက်မှ အိမ်ကထွက်ရမယ် ထင်တယ်"
"ဟာဟား၊ ဒီဟာက ဆန်းသစ်တယ်လို့ ထင်မိလို့ ကိုယ် မင်းကို စနေတာပါကွာ" ရွှယ်အန်းက အနည်းငယ် ရှက်သွားပုံပေါ်သည်။
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အံကြိတ်၍ မျက်လုံးများကို အနည်းငယ် စူးစိုက်လိုက်ရာ၊ သူ၏နဖူးမှ တန်ခိုးကြီးသော စိတ်အာရုံများ ပျံ့လွင့်လာလေ၏။ ရွှယ်အန်း၏ တန်ခိုးကြီးသော စိတ်အာရုံများ၏ လွှမ်းမိုးမှုအောက်တွင် RV ကို ၎င်း၏ အခြေခံအကျဆုံး အစိတ်အပိုင်းများအဖြစ် တည်ဆောက်စေပြီးနောက် သူ၏ စိတ်အာရုံဖြင့် ယာဉ်ကို တိုက်ရိုက်စတင်လိုက်သည်။
"အမျိုးသမီးတို့၊ ထွက်ခွာတော့မှာမို့လို့ မင်းတို့ရဲ့ ထိုင်ခုံခါးပတ်ကို သေချာ ပတ်ထားကြပါ"
RV သည် ရွှယ်အန်း စကားပြောနေစဉ်အတွင်း လေးအိမ်မှ လွှတ်လိုက်သည့် မြှားတစ်စင်းကဲ့သို့ ထွက်ခွာသွားလေသည်။ ကျုံးတုသည် ယနေ့တွင်လည်း ယခင်နေများအတိုင်း စည်ကားနေခဲ့သည်။ လမ်းများပေါ်ရှိ ယာဉ်ကြောများက ဖြည်းညှင်းစွာ ရွေ့လျားနေသည်။
ဤအခြေအနေတွင် ရွှယ်အန်း မောင်းနှင်နေသော RV သည် နက်ရှိုင်းသော ပင်လယ်ထဲမှ ခွဲထွက်နေသည့် ငါးမန်းတစ်ကောင်ကဲ့သို့ဖြစ်နေ၍ ယာဉ်လမ်းကြောင်းတစ်လျှောက် ဘယ် ညာ ကွေ့ဝိုက်၍ အလွန် ပြင်းထန်သော အရှိန်အဟုန်ဖြင့် မောင်းနှင်နေလေသည်။ ကားမောင်းသူအများအပြားသည် ထိုမြင်ကွင်းကို ငေးမော၍ ကြည့်ရှုနေကြသည်။
ဤမျှကြီးမားသော ယာဉ်တစ်စီးသည် ထိုသို့သော အရှိန်အဟုန်ဖြင့် မောင်းနှင်နိုင်မည်ဟု ၎င်းတို့ မထင်မှတ်ထားခဲ့ပေ။ မောင်းနှင်မှုကို လှပမှု အာရုံများဖြင့် ဖြည့်စွမ်းပေးနေသည့် ထိပ်တန်း ပဲ့ကိုင်သူနှင့် ဤယာဉ်သည် မဖြစ်နိုင်ခြင်းဟူသော ဟာကွက်များကို တစ်ခုပြီးတစ်ခု ဖြည့်သွင်းပေးနေသည်။
"ဘယ်လိုတောင်လဲ။ ဘယ်သူမောင်းနေတာလဲ။ Schumacher လား" တစ်စုံတစ်ယောက်က ထအော်လိုက်သည်။
ရွှယ်အန်းသည် ကားထဲရှိ ဒရိုင်ဘာထိုင်ခုံတွင် သက်တောင့်သက်သာ မှီလျက် လက်ဖက်ရည်ကို စိမ်ပြေနပြေ သောက်နေသည်။ ရွှယ်အန်းသည် သူ၏လွှမ်းမိုးနိုင်စွမ်းရှိသော စိတ်အာရုံဖြင့် မိုင်ဒါဇင်များစွာရှိ ယာဉ်များနှင့် လမ်းကြောင်း အခြေအနေများကို ရှင်းလင်းစွာ မြင်နိုင်သောကြောင့် မောင်းနှင်ခြင်းက သူ့အတွက် အားစိုက်ထုတ်ရန် မလိုအပ်ပေ။ ဤဖြစ်စဉ်သည် အန်းယန်ကို ရယ်ရခက် ငိုရခက် ဖြစ်စေသည်။
'ဒါကို လှည့်စားတာလို့ ပြောလိုရတယ် မဟုတ်ဘူးလား'
သို့သော်လည်း လှည့်စားသောအပြုအမူဆိုလျှင်ပင် ဤသည်မှာ သမိုင်းတွင် အထင်ကြီးစရာ အကောင်းဆုံး လှည့်စားမှုမျိုးဖြစ်သည်။
ရှန်ရှန်း။
တောင်တစ်ခုလုံးသည် ဆောင်းဦးရာသီတွင် ဆေးအပြည့် စီခြယ်ထားသော အလွှာလိုက်သစ်တောများကဲ့သို့ အနီရောင်ပြောင်းလဲနေသည့် ကျုံးတု၏ အပြင်ဘက်ရှိ ရှုခင်းသာနေရာမျိုးဖြစ်သည့်အပြင် ဤကမ္ဘာကြီးတွင် မြင်ရခဲအောင် လှပသည့် မြင်ကွင်းတစ်ခုဖြစ်သည်။ သို့သော် ရာသီမကျရောက်သေးသည့်အတွက် ခရီးသွားလာသူ နည်းပါးနေသည်။ ရွှယ်အန်းသည် RV ကို ရေကန်ကမ်းစပ် တစ်လျှောက် မောင်းနှင်လာခဲ့သည်။ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ချိုင့်ဝှမ်းများကြားမှ အေးမြသော လေနုအေးများသည် ကိုယ်ရော စိတ်ပါ လန်းဆန်းသွားစေသည်။
“အရမ်းလှပတဲ့ ကန်ကြီးပဲ” ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ဤကဲ့သို့ ကြည်လင်၍ ကျောက်စိမ်းနှင့် ဆင်တူသည့် ရေများကို မြင်တွေ့ရသည့်အတွက် အလွန် ပျော်ရွှင်နေကြသည်။
"ကန်ထဲမှာ လှေသွားစီးရအောင်"
RV တစ်စီးသာမကဘဲ ရေကန်ဘေးတွင် ဆိုက်ကပ်ထားသော လှေငယ်တစ်စင်းကိုလည်း ပြင်ဆင်ထားသည့် ချန်မိသားစု၏ အစီအစဉ်များက အလွန်အမင်း ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ မိသားစုတစ်စုလုံး လှေပေါ်သို့ တက်ပြီးနောက် ရွှယ်အန်းက လှေအင်ဂျင်ကို မစတင်ဘဲ ရေကန်တစ်ဝိုက်တွင် လှေကို ရွက်လွှင့်ရန်အတွက် သူ၏ကျင့်ကြံမှုအဆင့်ကို အသုံးပြုခဲ့သည်။ ဤအခိုက်အတန့်တွင် နေဝင်ရီတရောအချိန် နီးကပ်လာကာ နေရောင်ခြည်သည်လည်း ပြင်းထန်မှု ပျောက်ကွယ်၍ နူးညံ့လာခဲ့သည်။
လှေပေါ်တွင် အစားအသောက်နှင့်ပတ်သက်သည့် အဆင့်မြင့် ပါဝင်ပစ္စည်းများ ပြင်ဆင်ထား၍ အသားကင်ရန် ပစ္စည်းအပြည့်အစုံလည်း တပ်ဆင်ထားသည်။ ထို့ကြောင့် ရွှယ်အန်းက သူ၏မိသားစုကို ရေကန်မျက်နှာပြင်ကို ဖြတ်သန်းကာ အပန်းဖြေခရီးထွက်၍ အသားများ ကင်နေလေသည်။ ကလေးမလေးနှစ်ဦးက မိန်းကလေးများနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသားကင်စား၍ ပြောနေကြသည်။
"မနေ့က နင်က ငါ့ထက် ရေခဲမုန့်နှစ်ခွက် ပိုစားခဲ့တော့ ဒီနေ့ နင့်မှာ သုံးခုပဲရတော့မယ်" ရွှယ်ရှန်းက သူမ၏ လက်ချောင်းများကို ရေတွက်လိုက်သည်။
"မဟုတ်ပါဘူး၊ ငါ မစားပါဘူးနော်" အစားအသောက်နှင့် ပတ်သက်၍ အထူးသဖြင့် သူမ အကြိုက်ဆုံးရေခဲမုန့်ကို စားနေချိန်တွင်ရွှယ်နျန်၏မျက်လုံးများက အလွန် တောက်ပနေသည်။
"နင် ဘာပြောတာလဲ၊ မဟုတ်သေးဘူး။ နင် ရေရော ရေနိုင်လို့လား" ရွှယ်ရှန်းသည် သူမ၏ ခါးပေါ်သို့ လက်များ တင်လျက် မသိမသာ ကြိမ်းမောင်းလိုက်သည်။
"ငါ ရေတတ်သားပဲ။ ဟွန်း၊ သေချာကြည့်ထား။ ဗနီလာရေခဲမုန့်တစ်လုံး၊ ခရင်ရေခဲမုန့်တစ်ခု…” ရွှယ်နျန်သည် သူမ၏ ဝဝကစ်ကစ် လက်ချောင်းလေးများဖြင့် စတင် ရေတွက်နေသော်လည်း ရေတွက်သည့်အချိန်အတွင်း၌ပင် သရေယိုနေပြီဖြစ်သည်။
"ဒါဆိုရင် ပြီးရော၊ နင် ရေတွက်တတ်တယ်ပဲထား။ ဒါပေမယ့် နင် မနေ့က ငါ့ထက် နှစ်ခု ပိုစားတယ်၊ အဲဒါကရော"
"ဒါဆို ဒီနေ့ နင်ကို နှစ်ကိုက် ပေးကိုက်မယ်လေ၊ ဘယ်လိုလဲ" ရွှယ်နျန်သည် သူမ၏ ပြူးကျယ်သော မျက်လုံးများဖြင့် ဝမ်းနည်းပူဆွေးစွာ ပြောလိုက်သည်။
ရေခဲမုန့်အတွက် ရန်ဖြစ်နေကြသော ကလေးမလေးနှစ်ဦးကို ကြည့်၍ ရွှယ်အန်းနှင့် အန်းယန်တို့နှစ်ဦးစလုံး ရယ်မောနေကြသည်။ ၎င်းတို့သည် တောင်လေညှင်းများကို မျက်နှာမူ၍ လှေဦးတွင် ထိုင်ကာ ဘီယာများ ဖြည်းညှင်းစွာ သောက်နေကြသည်။ ပျော်ရွှင်မှုဟု ခေါ်သော ခံစားချက်တစ်ခုက လှေငယ်လေးတွင် ပြည့်နှက်နေသည်။
"အရမ်း သာယာတာပဲ" အန်းယန်က တီးတိုး ပြောလိုက်သည်။
ရွှယ်အန်းက အနည်းငယ် ပြုံး၍ မည်သည့်စကားမျှ မဆိုခဲ့ပေ။ မကြာမီတွင် နေဝင်သွား၍ လပြည့် ပေါ်ထွက်လာသည်။ မြို့ပြ၏ ဆူညံမှုများနှင့် ဝေးကွာနေသည့်အတွက် ဤနေရာ၏ လရောင်သည် တခြားနေရာများထက် ပို၍ ကြည်လင်နေသည်။ ကြယ်များလျှင်ပင် ပို၍ ခမ်းနားထည်ဝါစွာ တောက်ပနေသည်။ ရေကန်၏ ငြိမ်သက်၍ ဂယက်ထခြင်းမရှိသော မျက်နှာပြင်သည် ကောင်းကင်ရှိ လမင်းနှင့် ကြယ်များကို ရောင်ပြန်ဟပ်နေသောကြောင့် အပြစ်အနာအဆာကင်းမဲ့သော မှန်တစ်ချပ်နှင့် ဆင်တူနေသည်။
၎င်းတို့ရောက်နေသော နေရာသည် ကောင်းကင်အလား ရေပြင်အလား ပြောရခက်ခဲနေသည်။ ကလေးမလေးနှစ်ဦးလျှင်ပင် ၎င်းတို့အရှေ့က အလှတရားကို နှောင့်ယှက်မိမည်ကို စိုးရိမ်နေသကဲ့သို့ အသံများ တိုးလျော့သွားကြသည်။ အန်းယန်သည် မျက်လုံးများ တောက်ပစွာ လှမ်းကြည့်နေခဲ့ရာ အတွေးနယ်ချဲ့ပုံပေါ်သည်။
“ရစ်မူးပြီး ရေပြင်အလား ကောင်းကင်အလား သတိမထားမိခြင်း၊ ကြည်လင်နေတဲ့ အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ လှေကလေးက နဂါးငွေ့တန်း ဂလက်ဆီကို ဦးတည်နေတယ်။ဘယ်လောက်တောင် လှလိုက်တဲ့ ရှုခင်းလဲလို့" အန်းယန်က တီးတိုး ရေရွတ်လိုက်သည်။
သူမ နံဘေးရှိ ရွှယ်အန်းက တိတ်တဆိတ် ပြုံးရယ်၍ သူ၏အရက်ကို ဖြည်းညင်းစွာ သောက်သုံးနေဆဲဖြစ်သည်။ ညနက်လာသည်နှင့်အမျှ အန်းယန်က သမီးလေးနှစ်ဦးကို RV ထဲတွင် ပြန်အိပ်ရန် ခေါ်ဆောင်သွားစဉ် ရွှယ်အန်းက ရေကန်ဘေးတွင် ထိုင်၍ ဖုန်းကို ထုတ်ယူကာ အဖွဲ့လိုက် စာတိုတစ်စောင် ပေးပို့လိုက်သည်။
"အဆင်သင့်ပြင်ထားကြ"