← Chapters

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈) ရှေးခေတ်ကတည်းက နာမည်ကြီးစစ်ဗိုလ်ချုပ်တွေက သူတို့ ဆံပင်ဖြူတွေကို သူများ အမြင်မခံဘူး

အော်စကာဆုပေးပွဲနေ့သို့ ရောက်ရှိလာသည်။ ဟောလိဝုဒ်တစ်ခွင်လုံး အုတ်အုတ်ကျက်ကျက်ဖြစ်နေကြသည်။ လမ်းမများပေါ်တွင် ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားများ ရုပ်ရှင်ဝါသနာရှင်များဖြင့် ပြည့်ကျပ်နေ၍ ၎င်းတို့အနက် နိုင်ငံအသီးသီးမှ သရုပ်ဆောင်များစွာလည်းပါဝင်သည်။

ရှန့်ခန်၏စကားအရ ၎င်းသည် ကမ္ဘာ့ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည်။ ရွှယ်အန်းနှင့် သူ့မိသားစုသည် ရှန့်ခန်၏ကားထဲတွင် ထိုင်ကာ ခန်းမဆီသို့ လာခဲ့ကြသည်။

အန်းယန်က အပြင်ဘက်သို့လှမ်းကြည့်၍ အနည်းငယ်စိတ်ရှုပ်လျက်ရှိသည်။

“ယောက်ျား ကို ဘာလို့ မင်ရွှယ့်ကို မဆက်သွယ်ခိုင်းသေးတာလဲ”

လွန်ခဲ့သည့်ရက်အနည်းငယ်က အန်းယန်သည် ဤကိစ္စကြောင့် အနည်းငယ် ပဟေဠိဖြစ်ခဲ့ရသည်။ ဖန်းမင်ရွှယ်က သူ့မိသားစုကို ဟောလိဝုဒ်သို့ ဖိတ်ခဲ့လျှင် အဘယ်ကြောင့်ပေါ်မလာသနည်း။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“သူအလုပ်များနေတာလည်းဖြစ်နိုင်တယ်”

ထို့ကြောင့် အန်းယန်က ခေါင်းညိတ်ကာ မည်သည့်စကားမျှ မပြောတော့ပေ။ သို့သော် ရွှယ်အန်း၏ နှလုံးသားထဲတွင်လည်း သံသယစိတ်များရှိနေ၏။ ထို့နောက် ခေါင်းယမ်းကာ အတွေးကို ပယ်ချလိုက်သည်။

သူမ အမှန်ပင် အလုပ်ရှုပ်နေခြင်းဖြစ်ရပေလိမ့်မည်။

ရွှယ်အန်းသည် အော်စကာပွဲကျင်းပသည့်နေရာ၏ အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။ ညနတ်ဆိုးဧကရီသည် ဟိုတယ်မှန်ရှေ့တွင် ရပ်ကာ မှန်မျက်နှာပြင်မှ အမျိုးသမီးကို ကြည့်နေသည်။ ထိုအမျိုးသမီးသည် ထူးထူးခြားခြား လှပသော်လည်း သူမ၏ မျက်လုံးများတွင် အနက်ရောင်ရောင်ဝါက သူမကို အလွန် ကြောက်မက်ဖွယ်ကောင်းစေသည်။ ညနတ်ဆိုးဧကရီက မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်င ပြန်ဖွင့်လိုက်သောအခါတွင် သူမ၏ မျက်လုံးများက ကြည်လင်သွား၏။ ထို့အပြင် သူမ၏ ရောင်ဝါအားလုံး လျင်မြန်စွာ ပျောက်ကွယ်သွား၍ နောက်ဆုံးတွင် သာမန်လူတစ်ဦးနှင့် ခွဲခြား၍မရနိုင်သည့် အတိုင်းအတာအထိ ပြောင်းလဲသွားသည်။

ညနတ်ဆိုးဧကရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် မှန်ထဲက ရောင်ပြန်ဟပ်မှုကို ထိရန် သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်၍ ပြုံးလိုက်သည်။

"ဒီလျှို့ဝှက်နည်းပညာအတွက် ငါက ငါ့ဝိညာဉ်ရဲ့ စွမ်းအားအများစုကို သုံးလိုက်ရပြီ။ ယခု ဤနေရာတွင် ရွှေအင်မော်တယ် တစ်ဦးရှိနေရင်တောင်

ငါ ဘယ်သူဖြစ်လဲဆိုတာ ပြောနိုင်မှာမဟုတ်ဘူး။ ရွှယ်အန်း ရှင် ဒီလက်ဆောင်ကို ကြိုက်မယ်လို့ မျှော်လင့်ပါတယ်”

ထိုအချိန်တွင် ဟန်ယောင်လည်း ဝင်လာသည်။ ယခု သူမနှင့်ပတ်သက်သော နတ်ဆိုးရောင်ဝါကို မြင်နိုင်ရန် သဲလွန်စမရှိသည့်အပြင် သာမန်လူနှင့်လည်း ခွဲခြား၍ မရနိုင်ပေ။ အရာအားလုံးကို အပြစ်အနာအဆာကင်းစေလိုသော ရည်ရွယ်ချက်ဖြင့် ဤသည်က ညနတ်ဆိုးဧကရီ၏လက်ချက်ပင်ဖြစ်သည်။

“ဧကရီ ပွဲ စတော့မယ်။ သွားကြစို့” ဟန်ယောင်းက ပြောသည်။

ညနတ်ဆိုးဧကရီက ခေါင်းညိတ်ပြပြီးနောက် ဟိုတယ်ခန်းမှ ထွက်လာတော့မည့်ဆဲဆဲတွင် ၎င်းတို့၏ နောက်ကျောမှ လူတစ်ယောက်အသံထွက်လာ၏။

"ခွင့်လွှတ်ပါ မိန်းကလေးဖန်းလား"

ညနတ်ဆိုးဧကရီက လှည့်ကြည့်လိုက်သည်။

ချောမော၍ ဝတ်ကောင်းစားလှဝတ်ထားသော ဆံပင်ရွှေရောင်ရှိသည့် ယောက်ျားသည် မဝေးလှသောနေရာတွင်ရပ်၍ ပြုံးပြနေသည်ကို သူမမြင်လိုက်ရ၏။

ညနတ်ဆိုးဧကရီက အနည်းငယ်ထိတ်လန့်သွားသည်။ ထိုလူ၏မျက်လုံးများထဲ၌ အံ့သြသင့်နေသော အငွေ့အသက်များပေါ်လာသည်။ အမှန်တကယ် ကောလဟာလများကဲ့သို့ပင် သူမသည် ရင်သပ်ရှု့မောဖွယ် အရှေ့တိုင်း အလှပဂေးတစ်ယောက်ဖြစ်သည်။

ဤသည်ကို တွေး၍ ထိုသူက ရှေ့သို့ ယဥ်ကျေးပျူငှာစွာတိုးလာသည်။

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က အမေရိက လောိန်ဂျလီစ်က ဝီလျံပါ။ ကိုယ့်ကို ဝီလျံလို့ ခေါ်လို့ရပါတယ်”

မှ ဝီလျံဖြစ်သည် မင်းငါ့ကို ဝီလျံလို့လည်း ခေါ်လို့ရတယ်"

ညနတ်ဆိုးဧကရီက ပြုံး၍ လက်ကို ဆန့်ထုတ်ကာ ဝီလျံ၏ လက်ကို ပေါ့ပါးစွာဆုပ်ကိုင်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်"

ဝီလျံသည် ဖန်းမင်ရွှယ်၏ နူးညံ့သောလက်ကို ခဏတာ ဆုပ်ကိုင်ထားကာ ယင်းက ခဏတာတွေ့ဆုံမှုဖြစ်သော်ငြားလည်း သူ့နှလုံးခုန်နှုန်းက ခုန်နေဆဲဖြစ်သည်။

တစ်ချိန်တည်း၌ပင် သူ၏ စိတ်နှလုံးက ရွှင်လန်းတက်ကြွမှု အပြည့်ဖြစ်လာသည်။ ဖန်းမင်ရွှယ်သည် ယောက်ျားတိုင်းကို လျစ်လျူရှု့ထားလေ့ရှိသည်ဟု လူအများက ပြောကြသော်လည်း ယခု ထိုသို့မဟုတ်သည်ဟု ထင်ရသည်။ အခြားသူများ၏ ဆွဲဆောင်မှုက တော်ရုံဖြင့် မလုံလောက်ကြောင်း ထင်ရှားသည်။ ဤသို့တွေး၍ ဝီလျံက အနည်းငယ်ပြုံးလိုက်သည်။

"ပထမဆုံးအနေနဲ့ မိန်းကလေးဖန်းက ဒီနှစ်ရဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"

ညနတ်ဆိုးဧကရီက ခေါင်းခါလိုက်သည်။

"အခုပြောနေတာက နည်းနည်းစောနေသေးတယ်။ တောင်းပန်ပါတယ် ဒါပေမယ့် ကျွန်မသွားစရာရှိလို့"

ဤသို့ပြော၍ ထွက်သွားရန် အဆင်သင့်ပြင်လိုက်သည်။ ဝီလျံက ဤအခွင့်အရေးကို လက်လွှတ်မခံချင်ခဲ့ပေ။

“ကိုယ်လည်း အဲ့ကို သွားမလိုပဲ။ တူတူသွားရအောင်ပါ”

ဤသို့ပြော၍ ဝီလျံက ဖန်းမင်ရွှယ်ကို အနည်းငယ်စိုးရိမ်စိတ်ဖြင့်ကြည့်နေသည်။ ဤအမျိုးသမီး၏ အလှက သူ့ကို စွဲလမ်းစေသည်။

ခဏအကြာတွင် ညနတ်ဆိုးဧကရီက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ ဒါဆို”

ဝီလျံက သူ့တွင် အခွင့်အရေးရှိသည်ဟုထင်၍ အလွန်အမင်းပျော်သွားရသည်။ နှစ်ယောက်သား စကားစမြည်ပြော၍ ရယ်မောက ရှေ့သို့လျှောက်လာကြသည်။ သို့သော် ၎င်းတို့နောက်မှလိုက်လာသော ဟန်ယောင်က လှောင်ပြောင်မှုများ၊ သတ်ဖြတ်လိုစိတ်များအပြည့်ဖြင့်ရှိနေသည်ကို ဝီလျံက သတိမထားမိခဲ့ပေ။

ရှန့်မိသားစု သည် ယခုနှစ် အော်စကာဆုအတွက် ဆန်ခါတင်စာရင်းဝင်သည့် ဇာတ်ကားများ မရှိသောကြောင့် ပင်မကျင်းပရာနေရာ၌ ၎င်းတို့အတွက် နေရာမရှိပေ။ယင်းအတွက် စိတ်မကောင်းဖြစ်သကဲ့သို့ ခံစားလိုက်ရသဖြင့် ရှန့်ခန်သည် ရွှယ်အန်းနှင့် အခြားသူများ အတွင်းသို့ ဝင်ရောက်ရန် ဆက်သွယ်မှုအချို့ကို ရှာဖွေရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ရွှယ်အန်းက ခေါင်းယမ်း၍ ပေါ့ပေါ့ပါးပါးရယ်မောလိုက်သည်။

"မလိုပါဘူး၊ ဒီနေရာက တော်တော်ကောင်းပါတယ်၊ ကော်ဇောနီကိုတောင် မြင်နေရတယ်"

ဤသို့ပြောနေစဥ် အနီးနားရှိ လူအုပ်ကြား၌ အုတ်အော်သောင်းတင်းဖြစ်လာသည်။ အနက်ရောင်မာစီးဒီးတစ်စီးရပ်သွားပြီးနောက် တရုတ်ကြယ်ပွင့်တစ်ယောက်ထွက်လာ၏။ နှာတံကြီးကြီးဖြင့် အမျိုးသားကြယ်ပွင့်သည် အသက်မငယ်တော့သည့်တိုင် မျက်လုံးများက စူးရှတောက်ပလျက်ရှိသည်။

(ဘာသာပြန်သူမှတ်စု။ ။ လူကြီးမင်းလုံက ဂျက်ကီချန်းကိုပြောတာပါ )

“ဒါက လူကြီးမင်းလုံပဲ” အန်းယန်က စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။

ရွှယ်အန်းကလည်း ပြုံးလိုက်သည်။ လူကြီးမင်းလုံ၏ကျော်ကြားမှုသည် တရုတ်စကားပြောကမ္ဘာတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်ဟု ဆိုနိုင်သည်။

ဟောလိဝုဒ်၌ အသိအမှတ်ပြုခံရရသော ပထမဦးဆုံးသော တရုတ်မင်းသားများထဲမှ တစ်ယောက်ဖြစ်ကာ ဟောလိဝုဒ်ရှိ တရုတ်ရုပ်ရှင်လောက၏ အခြေအနေကို လက်တစ်ကမ်းနီးပါး ထိန်းထားနိုင်သူဖြစ်သည်။

ရွှယ်အန်းသည်လည်း ထိုကဲ့သို့သောလူကို ချီးမွမ်းမိသည်။ ကင်မရာများ၏ တစ်ဖျပ်ဖျပ်လတ်နေသော မီးရောင်များ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် မီဒီယာအများအပြားက လူကြီးမင်းလုံကို မေးခွန်းများမေးကြသည်။

“လူကြီးမင်းလုံ၊ တရုတ်မင်းသမီး ဖန်းမင်ရွှယ်က အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု အော်စကာဆုရနိုင်ခြေ မြင့်မားမှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ ပြောပြလို့ရမလားခင်ဗျ”

"ဟုတ်ပါတယ် လူကြီးမင်းလုံ ဒီခေတ်သစ် တရုတ်မင်းသမီးကို ဆရာက သိပ်မကြိုက်ဘူးဆိုတဲ့ ကောလဟာလတွေ ရှိပါတယ်"

ထိုသို့သော စုံစမ်းမေးမြန်းမှုများကို ကြုံတွေ့ရသောအခါ အမြဲပြုံးနေသော လူကြီးမင်းလုံ၏ အမူအရာများ လေးနက်သွားသည်။

"ကျွန်တော်က သတင်းစာရှင်းလင်းပွဲအပြီးမှာ ဒါကို ဆွေးနွေးဖို့ မူလက စီစဉ်ထားခဲ့တာပါ၊ ဒါပေမယ့် အရမ်းသိချင်နေတဲ့အတွက် အခုပြောပြမယ်"

သူ့စကားကြားသောအခါ ပတ်ဝန်းကျင်က မီဒီယာများက စိတ်လှုပ်ရှားစရာကောင်း‌သော သတင်းတစ်ပုဒ်ရတော့မည်ဟု တွေး၍ ဝမ်းသာပီတိဖြစ်သွားသည်။

လူကြီးမင်းလုံက "ဟောလိဝုဒ်မှာ နှစ်အတော်ကြာ ကြိုးပမ်းပြီးနောက်၊ အထူးသဖြင့် အမေရိကကမီဒီယာမိတ်ဆွေတွေက ကျုပ်ကို ပြီးပြည့်စုံတဲ့ အမေရိကန်လူမျိုးတစ်ယောက်လို့ မြင်လာကြတယ်”

“ဒါပေမယ့် ဒီနေ့ ကျွန်တော်ပြောချင်တာက ဘယ်လိုအခြေအနေတွေ ပြောင်းလဲနေပါစေ ကျွန်တော်က တရုတ်လူမျိုးပါ။ ဒါ အရေးကြီးဆုံး အချက်ပဲ ”

“ကျွန်တော် ဟောလိဝုဒ်ကို စရောက်တုန်းကတော့ ကျွန်တော့်မှာ ကျော်ကြားမှု၊ နောက်ခံမရှိလို့ အစကနေ လမ်းကြောင်းပြန်ဖောက်ခဲ့ရတယ်။ နောက်ဆုံး ကိုယ့်အတွက် နာမည်တစ်ခုရလိုက်တဲ့အချိန်မှာတော့ ခေတ်နောက်ကျနေပြီဆိုတာ သိလိုက်ရတယ်”

လူကြီးမင်းလုံ၏ စကားများကြောင့် လူအချို့က ရယ်မောလိုက်ကြပြီးနောက် ချက်ချင်းတိတ်ဆိတ်သွားပြန်သည်။

လူကြီးမင်းလုံက ဆက်လက်၍ ပြော၏။

“ကျွန်တော်က အသက်ကြီးပြီ၊ ဒီတစ်သက်မှာ အော်စကာဆုတောင်ရလိုက်နိုင်မှာမဟုတ်ဘူး။ အကောင်းဆုံးအနေနဲ့တော့ သူတို့က ကျုပ်ကို ဘဝတစ်သက်တာအောင်မြင်မှုဆုတို့ ဘာတို့တော့ ပေးနိုင်မှာပေါ့။ ဒါပေမယ့် ကျုပ်မလုပ်နိုင်တိုင်း အခြားတရုတ်တွေက မလုပ်နိုင်ဘူးလို့ မဆိုလိုဘူးလေ”

“ဒါ့ကြောင့် မိန်းကလေး မင်ရွှယ်က ဟောလိဝုဒ်ထိလာပြီး အော်စကာဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တာကို ကြားလိုက်ရတော့ တစ်ညလုံး အိပ်မပျော်နိုင်လောက်အောင် စိတ်လှုပ်ရှုားမိတယ်”

“ကျုပ် စိတ်ထဲက တစ်ခုတည်းသောခံစားချက်က အရိုးသားဆုံးကောင်းချီးတွေနဲ့ အနက်ရှိုင်းဆုံးသက်သာရာရမှုပါပဲ။ ဘာလို့လဲဆိုတော့ ကျုပ်က တကယ်အသက်ကြီးနေပြီလေ။ မိန်းကလေး မင်ရွှယ်လို လူငယ်တွေအတွက် ရှေ့လျှောက်လမ်းကို ဖောက်ပေးထားခဲ့သင့်ပါတယ်”

ဤသို့ပြော၍ သူ့မျက်လုံးထဲမှ မျက်ရည်များစီးကျလာသည်။

သူ့စကားကြောင့် တရုတ်မီဒီယာ သတင်းထောက်များစွာက မျက်ရည်ကျခဲ့ရသည်။

အမှန်ပင် ငွေရောင်ပိတ်ကားထက်၌ နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့သူသည် နောက်ဆုံးတွင် သူ့အသက်အရွယ်ကို ပြလိုက်ပြီဖြစ်သည်။ နာမည်ကြီး စစ်ဗိုလ်ချုပ်ကြီးများနှင့် ကြီးကျယ်ခမ်းနားသော အလှမယ်များသည်ပင် ၎င်းတို့၏ ဆံပင်ဖြူများကို ပြသရန် ကောင်းကင်က တားမြစ်ထားသည်။

အော်စကာဆုပေးပွဲ မစခင်၌ပင် လူကြီးမင်းလုံ၏ စကားများက အင်တာနက်တစ်ခွင်သို့ပျံ့နှံ့နေပြီဖြစ်သည်။ မရေမတွက်နိုင်သော တရုတ်အင်တာနက်အသုံးပြုသူများသည် အဆိုပါသတင်းကို သဘောကျနှစ်သက်ကြသည်။

အခန်း(၂၆၉) အမှောင်၏တပည့်

ရွှယ်အန်းသည် လူကြီးမင်းလုံ၏ မိန့်ခွန်းကို အဝေးမှ ကြားလိုက်ရကာ အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။

ပြီးတော့မှ၊

ခမ်းနားထည်ဝါသော၊ အကန့်အသတ်ဖြင့်ထုတ်ထားသော Rolls-Royce ကားသည် ခန်းမထဲသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

လူများစွာ၏အကြည့်များက ဤစျေးကြီးသောကားဆီသို့ရွေ့သွားကြကာ လူများစွာက ကြယ်ပွင့်များ မည်သည့်နေရာသို့ရောက်သွားသည်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ခပ်တိုးတိုး အတင်းအဖျင်းပြောဆိုနေကြသည်။

ထိုအချိန်တွင် ကားတံခါးပွင့်လာကာ ဝီလျံ ပထမဆုံးထွက်လာသည်။

လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူက ကားတံခါးတစ်ဖက်သို့ အလျင်အမြန်လျှောက်သွားကာ တံခါးဖွ့င်ပေးရန် လက်ကို ဆန့်ထုတ်၍ အဆင်သင့်ဖြစ်နေသည်။

ထိုအချိန်တွင် သေးသွယ်လှပသော လက်တစ်စုံထွက်လာကာ ဝီလျံ၏ လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်သည်။ ထို့နောက် အလွန်လှပကျော့ရှင်းသော အမျိုးသမီးတစ်ယောက် ကားထဲမှ ထွက်လာ၏။ သူမ၏ အလှက လူများစွာကို အသက်ရှုရပ်သွားစေသည်။ ခန်းမအပြင်ဘက်တွင်ထိုင်နေသော မီဒီယာသတင်းထောက်များက အစပိုင်းတွင် လန့်ဖျပ်ကာ ရူးသွပ်သွားလုနီးပါးဖြစ်ကုန်ကြသည်။

ဖန်းမင်ရွှယ်…။

သူမရောက်လာပြီ။

ထို့အပြင် သူမသည် ယောက်ျားတစ်ယောက်၏ ဇိမ်ခံကားဖြင့်ရောက်လာခဲ့သည်။

ဒီလူက ဘယ်သူလဲ။

သူတို့ရဲ့ဆက်ဆံရေးကဘာလဲ။

ဤမေးခွန်းများက သတင်းထောက်များ၏ စိတ်ထဲတွင် တလှုပ်လှုပ်ဖြစ်စေကာ စိတ်လှုပ်ရှားစေသည်။

ဝီလျံသည် ထိုအခိုက်အတန့်တွင် ပျော်ရွှင်လျက်ရှိသည်။

သူ့ဘက်တွင် အလှပဂေးလေးရှိနေပြီဖြစ်ကာ လူတိုင်း၏အာရုံစိုက်ခြင်းခံနေရပြီဖြစ်သည်။ သတင်းထောက်များစွာက ၎င်းတို့၏ မေးခွန်များကို အော်ဟစ်၍ ဝိုင်းအုံလာကြသည်။

“မိန်းကလေးဖန်း ဒီနှစ်အော်စကာပွဲအတွက်ရောဘယ်လိုထင်လဲ”

“မိန်းကလေးဖန်း ဒီတစ်ခါ ဆုမရရင် ဘယ်လိုလုပ်မှာလဲ”

သို့သော် ဝီလျံက နောက်ထပ်မေးခွန်းများဆီသို့ ဦးတည်ခဲ့သည်။

“မိန်းကလေးဖန်း ဒီလူက မင်းသမီးရဲ့ချစ်သူလား”

လူအုပ်ကြီးက တိတ်ဆိတ်သွားသည်။

လူများစွာက ဖန်းမင်ရွှယ်ကို ကြည်၍ သူမ၏ အဖြေကို သိချင်နေကြသည်။

ဖန်းမင်ရွှယ်က အနည်းငယ်ပြုံး၍ ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး"

"ဒါဆို ဘာလို့ သူ့ကားနဲ့ လာတာလဲ။ အစ်မတို့ နှစ်ယောက်တွဲနေတာလား" သတင်းထောက်က ဆက်ပြောသည်။

ဝီလျံက စိတ်ရှုပ်လာကာ မျက်မှောင်ကြုတ်လိုက်သည်။ ဤသတင်းထောက်က အလွန်စည်းမရှမရှိလှသည်ဟု သူမြင်မိသည်။ သူက ထိုသူများကို တုံ့ပြန်တော့မည့်အခိုက်အတန့်တွင် သူ့ဘေးနားမှ မိန်းမလှလေးက ထွက်ခွာသွား၏။

သူမ၏နောက်ကို အလျင်အမြန်မလိုက်နိုင်တော့ဘဲ ခဏတာ ရပ်တန့်သွားမိသည်။ သတင်းထောက်များသည်လည်း သတိလက်လွတ်ဖြစ်ကုန်ကြသည်။

‘မိန်းကလေးဖန်းက ဘာလုပ်ဖို့ စီစဥ်နေတာလဲ’

သို့‌သော် ၎င်းတို့၏ စာနယ်ဇင်းစိတ်ဝိဉာဥ်က သူမနောက်သို့လိုက်ရန် လှုံ့ဆော်ပေးလိုက်၏။

ထိုအချိန်တွင် ဖန်းမင်ရွှယ်သည် ကော်ဇောနီအနီးရှိ လူအုပ်ဆီသို့ သွက်သွက်လက်လက် လျှောက်လှမ်းနေပြီဖြစ်သည်။

လူအုပ်ကြီးကလည်း အုတ်အုတ်သဲသဲဖြစ်ကုန်ကြသည်။ ဖန်းမင်ရွှယ်က ၎င်းတို့နားသို့ ချဥ်းကပ်လာပြီဟုထင်ကာ လူအများက စိတ်လှုပ်ရှားလျက်ရှိကြသည်။

သို့သော် ဖန်းမင်ရွှယ်က ရပ်၍ နားရွက်နောက်သို့ ဆံပင်များကို သပ်ကာ အနည်းငယ်ပြုံးလိုက်သည်။

"အန်း နင်လာတာပဲ"

သတင်းထောက်များက ဖန်းမင်ရွှယ်ကို ထိတ်လန့်စေသော ဤလူသည် မည်သူဖြစ်သည်ကို သိချင်စိတ်အားထက်သန်စွာဖြင့် လူအုပ်ဆီသို့ ၎င်းတို့၏ ကင်မရာများကို အလျင်အမြန် ချိန်ရွယ်လိုက်ကြသည်။ အနီးကပ်ကြည့်ရှုလိုက်သောအခါတွင် ဖန်းမင်ရွှယ်သည် ဇနီးနှင့် သားသမီးများနှင့်အတူ ရှိနေသော သူကို အမှန်ပင်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ကြရသည်။

မြင်ကွင်းတစ်ခုလုံးသည် ခဏတာ အံ့အားသင့်ဖွယ်ဖြစ်သွား၏။

ဝီလျံ၏ မျက်နှာသည် ပို၍ပင် မည်းမှောင်နေ၍ သူ့မျက်လုံးများက ဒေါသနှင့် ပြည့်နေသည်။ ကြည့်ရှုသူအများအပြားနှင့် ရင်ဆိုင်ရသော်လည်း ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ်လိုက်သည်။

"အင်း ငါလာတယ်။ နင့်ကို ဂုဏ်ပြုပေးဖို့ အထူးတလှယ်လာခဲ့တာ"

ဖန်းမင်ရွှယ်က ပျော်ရွှင်မှုအပြည့်ဖြင့် ရယ်မောလိုက်သည်။

ထို့နောက် သူမက အန်းယန်ဘက်လှည့်၍ ပြော၏။

“အစ်မအန်း ညီမ အလုပ်တွေရှုပ်နေလို့ လာကြိုဖို့မေ့သွားလို့ပါ။ တကယ်တောင်းပန်ပါတယ်”

အန်းယန်က ပြုံး၍ ပြောလိုက်သည်။

"ရပါတယ်"

ထို့နောက် ဖန်းမင်ရွှယ်က ကောင်မလေးနှစ်ယောက်ကို ကြည့်လိုက်၏။

“ရှန်းရှန်း၊ နျန်နျန် အန်တီဖန်းအကြောင်း စဥ်းစားပြီးသွားပြီလား”

ရွှယ်ရှန်းနှင့် ရွှယ်နျနတို့၏ မျက်နှာထက်တွင် အနည်းငယ်စိတ်ရှုပ်ထွေးသွားသောအမူအရာများထင်ဟပ်လာသော်လည်း ခေါင်းညိတ်၍ နှုတ်ဆိတ်နေလိုက်ကြသည်။

နောက်တော့ ဖန်းမင်ရွှယ်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်၍ ပြောလိုက်၏။

“အန်း နင် ဒီမှာဘာလုပ်နေတာလဲ”

“အဓိကပွဲနေရာကို မတက်နိုင်လို့လေ” အန်းယန်က ဘာသိဘာသာပြန်ဖြေသည်။

ဖန်းမင်ရွှယ်က မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့ကို စိတ်ထဲမထည့်နေနဲ့။ ငါအကြောင်းကြားလိုက်မယ်။ ရှန်းရှန်းနဲ့နျန်နျန်ကို အထဲကို ခေါ်သွားလိုက်ပါ။ ဒီည ပွဲအတူတူတက်ကြမယ်”

ထိုသို့ပြောပြီး‌နောက် ဖန်းမင်ရွှယ်က အန်းယန်ကို ခေါင်းညိတ်ပြ၍ ထွက်ခွာသွားသည်။ သူမထွက်သွားသည်ကို မြင်သောအခါ ဝီလျံက ရွှယ်အန်းကို အလျင်အမြန် ကြည့်လိုက်ပြီးနောက်မှ ထွက်သွား၏။ ပြီးနောက် ရှန့်ခန်နှင့် ရှန့်နန်တို့က မနာလိုစိတ်အပြည့်ဖြင့် ပြောလိုက်ကြ၏။

“လူကြီးမင်းရွှယ်၊ မိန်းကလေးဖန်းက တကယ်ကို ထူးခြားတဲ့အလှပဲ။ မာန်တက်တဲ့ အငွေ့အသက်လုံးဝမပါဘဲ လူမှုဆက်ဆံရေးကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်။ သူက တကယ်ကို လေးစားစရာပဲ”

ရွှယ်အန်းက ပြုံး၍ မည်သည့်ခံစားချက်မျှမပြဘဲနေလိုက်သည်။

သတင်းထောက်များသည် အင်တာဗျူးအတွက် ရွှယ်အန်းထံ ချဉ်းကပ်ရန် ရည်ရွယ်ထားသော်လည်း အပြေးရောက်လာကြချိန်တွင် ရွှယ်အန်းနှင့် အန်းယန်တို့က ပင်မနေရာသို့ဝင်သွားကြပြီဖြစ်၏။ ထို့ကြောင့် အခြားရွေးချယ်ရန်လမ်းမရှိတော့ဘဲ ပွဲအပြီးမှသာ ရွှယ်အန်းကို အင်တာဗျူးရန် ပြင်ဆင်၍ စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်လိုက်ကြသည်။ ပင်မနေရာ၌ ကြယ်ပွင့်များစွာ အမှန်တကယ်ပင် စုဝေးလျက်ရှိသည်။

ဖန်သားပြင်ကြီးတွင်သာ မြင်နိုင်သော မျက်နှာများစွာကို တစ်နေရာတည်းတွင် စုစည်းထားသည်။

ရွှယ်အန်းသည် အန်းယန်နှင့် အခြားသူများနှင့်အတူ ထိုင်ရန် ထောင့်တစ်ခုကို ရှာတွေ့ခဲ့သည်။

အနောက်တိုင်းမျက်နှာများစွာကြားတွင် ရွှယ်အန်းနှင့် အဖွဲ့တို့ရောက်လာသောအခါ လူအများက အလိုအလျောက်ပင် အာရုံစိုက်မိလာကြသည်။ ဤအကြည့်များတွင် စူးစမ်းလိုစိတ်များနှင့် ဆန်းစစ်မှုများရှိသော်လည်း အများစုက မောက်မာမှုများကိန်းအောင်းနေသည်။

တရုတ်လူမျိုးများက မည်မျှပင် အောင်မြင်မှုများပြုလုပ်နိုင်စေကာမူ အမေရိကလူမျိုးများက အခြေအမြစ်မရှိသော မောက်မာမှုများ၊ မနာလိုမုန်းထားမှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ သို့သော် ရွှယ်အန်းက ထိုသဘောထားများကို စိတ်မဝင်စားဘဲ ခပ်ဝေးဝေးမှ ဖန်းမင်ရွှယ်ကိုသာ စိုက်ကြည့်နေသည်။

ထိုအချိန်တွင် မန်ဒရင်း တရုတ်ဘာသာစကားဖြင့် နွေးထွေးသော အမျိုးသားအသံတစ်ခုထွက်ပေါ်လာသည်။

"မင်းဘေးမှာ ငါထိုင်လို့ရမလား"

ရွှယ်အန်းက သူ့ခေါင်းကို လှည့်ကြည့်လိုက်ပြီးနောက် ထင်သာသော နှာတံကို သတိပြုမိသည်။

ခဏတာ အံ့သြသွားပြီးနောက် ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။

"ကျေးဇူးပြုပြီး အားမနာပါနဲ့"

လူကြီးမင်းလုံ ထိုင်ပြီးနောက်တွင် သူက ရွှယ်အန်းကို စူးစူးစိုက်စိုက်ကြည့်၍ ပြောလိုက်၏။

"ကျုပ် ရိုင်းမိသလိုဖြစ်လောက်ပေမယ့် မေးပါရစေ၊ မောင်ရင်က သရုပ်ဆောင်ဟုတ်ပုံမရဘူး။ ဟုတ်လား”

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

“ဟုတ်ပါတယ်။ သရုပ်ဆောင်မဟုတ်ပါဘူး”

ဤအခိုက်အတန့်တွင် အန်းယန်က အရမ်းစိတ်လှုပ်ရှားနေကာ ပြောလိုက်၏။

“လူကြီးမင်းလုံ၊ ဆရာ့ လက်မှတ်ရနိုင်မလား"

လူကြီးမင်းလုံက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

“ဒါပေါ့ ရတာပေါ့”

ဤသို့ပြော၍ လေးနက်စွာဖြင့် လက်မှတ်ထိုးပေးကာ အန်းယန်ကို လက်မှတ်ပေးလိုက်၏။ ထို့နောက် အန်းယန်၏ အနားရှိ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို သတိထားမိ၍ အနည်းငယ်မနာလိုမိသွားသည်။

"ဆရာ၊ ဒါ မင်းသမီးတွေလား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“တစ်ခါတလေ ကျုပ်တွေးမိတယ်။ ဘာလို့များပင်ပင်ပန်းပန်းရှင်သန်နေမိတာလဲလို့လေ။ မိသားစုနဲ့ အချိန်ဖြုန်းနိုင်တာ ကောင်းပါတယ်။ မောင်ရင်နဲ့တွေ့ရတာ ကျေနပ်စရာပဲ။ မင်းမှာ မနာလိုစရာကောင်းတဲ့မိသားစုတစ်ခုရှိတယ်လေ”

ဤသို့ဖြင့် လူကြီးမင်းလုံက လက်ကို ရွှယ်အန်းဘက်သို့ ထုတ်ပေးလိုက်သည်။

ရွှယ်အန်းက ပြုံး၍ လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။

“ဆရာလုံက ဘာလို့ ရှေ့မှာ မထိုင်တာလဲ”

လူကြီးမင်းလုံက ခါးသက်စွာပြုံး၍ ခေါင်းခါလိုက်သည်။

“မင်း မယုံနိုင်လောက်ပေမယ့် တကယ်တမ်းကျတော့ ကင်မရာအောက်မှာ နေရတာကို ငါတကယ်မကြိုက်ဘူး။ အရမ်းပင်ပန်းတယ် ပြီးတော့…”

လူကြီးမင်းလုံက တောက်ပနေသော ဖန်းမင်ရွှယ်ကို အဝေးက ကြည့်၍ ခပ်တိုးတိုးရယ်လိုက်သည်။

"ဒီည ဒီပွဲက သူနဲ့ဆိုင်ပါတယ်။ အဲ့ကိုသွားပြီး အရူးလို လျှောက်မသွားနေချင်ပါဘူး”

ရွှယ်အန်းက ပေါ့ပေါ့ပါးပါး အပြုံးမပျက်ပြောလိုက်သည်။ အော်စကာ ဆုပေးပွဲ အခမ်းအနား တရားဝင် စတင်တော့မည် ဖြစ်သကဲ့သို့

အရိုးမိစ္ဆာသည် သန်မာကြံ့ခိုင်သော ခွေးကြီးကို ကြိုးဖြင့် ဆွဲ၍ အိမ်ထဲမှ ထွက်လာခဲ့သည်။

ခြံထဲတွင် အနက်ရောင်ဝတ်စုံပြည့် ၀တ်ထားသော အမျိုးသားများဖြင့် ပြည့်နေ၍ ၎င်းတို့၏ အမူအရာများကလည်း အလွန်အမင်းအေးစက်နေသည်။

အရိုးမိစ္ဆာကိုတွေ့သောအခါ အားလုံးက ခေါင်းငုံ့လိုက်ကြသည်။ ၎င်းတို့သည် အရိုးမိစ္ဆာ၏ လက်ရွေးစင် လက်အောက်ခံများဖြစ်ကာ နှစ်ပေါင်းများစွာ ကြိုးစားလုပ်ဆောင်ခဲ့သော ရလဒ်များဖြစ်သည်။

အမှောင်၏တပည့်များဖြစ်ကြသည်။

ထိတ်လန့်တကြားဖြင့် ဒုစရိုက်မြို့တော်မှ ထွက်ပြေးလာခဲ့စဥ်က ၎င်းတို့၏ အင်အားထက်ဝက်ကျော်ခန့် ဆုံးရှုံးခဲ့ရသည်ဖြစ်ရာ မဟုတ်လျှင် ယနေ့ မြင်ကွင်းက ပိုမို ခမ်းနားနေပေလိမ့်မည်ဖြစ်သည်။ အရိုးမိစ္ဆာသည် ခွေးကို ကားထဲသို့ ထည့်ပြီးနောက် ကားထဲသို့ဝင်၍ လက်ကိုဝှေ့ယမ်းလိုက်သည်။

"ထွက်သွား"

အနက်ရောင် ခေတ်ဟောင်းကားလိုင်းတစ်လိုင်းသည် ဗီလာထဲမှ ဖြည်းဖြည်းချင်း ရွေ့လျားလာ၍ အော်စကာပွဲကျင်းပရာနေရာဆီသို့ ဦးတည်သွားခဲ့သည်။

ထိုအချိန်တွင် အရိုးမိစ္ဆာသည် ရှေ့သို့ ကိုင်းညွတ်၍ ပြောလိုက်၏။

"သခင်၊ ကျွန်တော်တို့ မကြာခင်ရောက်တော့မယ်"

အခန်း(၂၇၀) ခန္ဓာကိုယ်ကို လုထားတာလား ဟားဟား

“ကဲ၊ ငါတို့တွေ စိတ်လှုပ်ရှားစရာအကောင်းဆုံး ညနေခင်းအချိန်ကို ရောက်လာပါပြီ။ ဟုတ်ပါတယ်၊ အားလုံးက စိတ်မရှည်တော့ဘူးဆိုတာ သိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုပေးပြီးနောက်မှာ အားလုံးစားလို့ရပြီလေ။” လူမည်းအိမ်ရှင်က အလွန်အကဲပိုသော အမူအရာဖြင့် ပြောလိုက်သည်။

ပရိသတ်ထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။

လူကြီးမင်းလုံက နှုတ်ခမ်းဖျားများကို ဘာသိဘာသာကွေးလိုက်သည်။

"ဒီနှစ်တွေကြာအောင် အမေရိကမှာနေခဲ့ပြီး သူတို့ အစားအသောက် နေပုံထိုင်ပုံတွေနဲ့အသားကျလာပေမယ့် သူတို့ရဲ့ ဟာသစတိုင်ကိုတော့ နားမလည်နိုင်သေးဘူး”

ရွှယ်အန်းက တစ်ခွန်းမျှမပြောဘဲ စင်မြင့်ပေါ်၌ စူးစူးရဲရဲ စိုက်ကြည့်နေသည်။

“ပြီးတော့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိသွားသူကတော့…” အိမ်ရှင်က သူ့စကားကို တမင် ဆွဲဆန့်လိုက်သည်။

"အိုဘုရားရေ လူကြီးမင်းလုံရဲ့ ဂျူနီယာက ဟောလိဝုဒ်မှာ ထပ်ပြီး သမိုင်းတွင်အောင်လုပ်နိုင်ခဲ့ပြန်ပါပြီ။ ဒါက ဟွာရှားက တရုတ်မင်းသမီး ဖန်းမင်ရွှယ်ပါပဲ…”

….

ရလဒ်ကို မျှော်မှန်းထားသော်လည်း ထိုနေရာသည် ကြီးမားစွာဖြင့် အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကြ‌သေး၏ လူများစွာက ဤနာမည်ကို ပထမဆုံးကြားလိုက်ရသည်နှင့် ဤနှစ်၏ အမျိုးသမီးဇာတ်ဆောင်ဆုကို မည်သူရခဲ့ကြောင်း လှည့်ကြည့်လိုက်ကြသည်။ ဤအခိုက်အတန့်တွင် ဝီလျံက ဖန်းမင်ရွှယ်ထံသို့ စိတ်လှုပ်ရှားစွာ ချဉ်းကပ်ကာ ခါးကိုင်း၍ လက်ကမ်းလိုက်သည်။

ဖန်းမင်ရွှယ်အနည်းငယ်ပြုံးကာ မတ်တပ်ထရပ်လျက် စင်မြင့်ပေါ်သို့ လှပစွာ လျှောက်သွားခဲ့သည်။ သူမလျှောက်လှမ်းလာစဥ် သူမ၏တည်ရှိမှုသည် ညနတ်ဆိုးဧကရီကဲ့သို့ပင် တောက်ပလျက်ရှိသည်။

ဖန်းမင်ရွှယ်၏ ခမ်းနားသော ရောင်ဝါကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် လူအများ အံ့အားသင့်သွားကြသည်။

အထူးသဖြင့် ဖန်းမင်ရွှယ်နှင့် တွဲလုပ်ဖူးသော ကြယ်ပွင့်များစွာက ယခုအချိန်တွင် မျက်တောင်မခတ်နိုင်ကြတော့ဘဲကြည့်နေသည်။ တစ်စုံတစ်ယောက်က အချိန်တိုအတွင်းတွင် ဤမျှ အံ့ဖွယ်ကောင်းသော တည်ရှိမှု မည်သို့ဖြစ်လာနိုင်သည်ကို တွေး၍ တိတ်တဆိတ် အံ့သြနေကြသည်။ ဖန်းမင်ရွှယ်က ဆုပေးပွဲစင်မြင့်သို့ တက်ကာ ဆုဖလားကို ပေါ့ပါးစွာကောက်ယူပြီးနောက် မိုက်ခရိုဖုန်းဖြင့် စကားပြောလိုက်သည်။

"ဒီဆုကို ရခဲ့တဲ့အတွက် ကျွန်မ လူတစ်ယောက်တည်းကိုပဲ ကျေးဇူးတင်ချင်ပါတယ်”

ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားကာ အားလုံးက ငြိမ်သက်စွာနားထောင်နေကြသည်။

“ဒီနေ့ ဒီလူလည်း ဒီမှာပဲ ရှိတယ်။ သူ အခု စင်ပေါ်တက်ပြီး ဒီပီတိကို မျှဝေနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ဤသို့ပြော၍ ဖန်းမင်ရွှယ်က အဝေးမှ ရွှယ်အန်းကို လှမ်းကြည့်လိုက်သည်။ သို့သော် ရွှယ်အန်းကမူ မည်သည့်စကားတစ်ခွန်းမျှ ပြောခြင်းမရှိဘဲ ထိုင်ခုံကို မှီ၍ ထိုင်လိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ခန်းမအတွင်းရှိ လူများ အချင်းချင်း တိုးတိုးတိတ်တိတ် တီးတိုးပြောလာကြသည်။

"ဘာတွေဖြစ်နေတာလဲ"

"ဖန်းမင်ရွှယ်ပြောနေတာ ဘယ်သူလဲ"

"သူတို့က ဒီပွဲကို ရောက်နေတာ၊ ဒါပေမယ့် ဘယ်သူလဲ"

လူအုပ်ကြီး၏ တီးတိုးပြောသံများကြားတွင် လူကြီးမင်းလုံသည်လည်း အံ့အားသင့်သွားသည်။

“မိန်းကလေးဖန်းက ဘယ်သူ့ကိုရည်ညွှန်းတာလဲ”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“ကျွန်တော်လည်းမသိဘူး”

ထိုအချိန်တွင် စင်မြင့်ပေါ်ရှိ ညနတ်ဆိုးဧကရီသည်လည်း အနည်းငယ် စိတ်ပျက်သွားပုံရသည်။

သူဘာလို့ စင်ပေါ်ကို မလာတာလဲ။

တစ်ခုခုကို သူ ရိပ်မိသွားသလား။

မဖြစ်နိုင်ဘူး

နောက်ဆုံးတွင် သူမ၏ နတ်အာရုံက အိပ်စက်နေပြီဖြစ်ကာ သူမ၏ အပြုအမူများအားလုံးကို သူမကိုယ်တိုင်ထိန်းချုပ်ထားခြင်းဖြစ်သည်။ ဩ

သူ ဘယ်လိုများ သတိထားမိနိုင်မလဲ။

မသေချာမရေရာသော အခြေအနေတွင် ရှိနေစဉ် ဝီလျံသည် မြင့်မားသော ပလက်ဖောင်းပေါ်သို့ လျှောက်သွားကာ ဂုဏ်ယူစွာ ပြုံးလိုက်သည်။

“မင်ရွှယ်၊ မင်းဒီလိုပြောရတာ အရမ်းပျော်တယ်။ မင်းကို ဆုရအောင် ကူညီပေးခဲ့လို့ ဂုဏ်ယူမိပါတယ်"

ပရိသတ်က တအံ့တသြဖြင့် တုံ့ပြန်၏။ သို့သော် ဝီလျံ၏ သင့်လျော်သော ၀တ်စားဆင်ယင်မှုကြောင့် လူများစွာက ၎င်းကို အမှန်ဟု ယုံကြည်သွားကြကာ အမှန်တကယ်ပင် သူဖြစ်လိမ့်မည်ဟုတွေးမိကြ၏။ ဖန်းမင်ရွှယ်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်လာသော်လည်း သူမ ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်"

မမြင်နိုင်သော မငြိမ်မသက်မှုများ ထိုကဲ့သို့ ဖြတ်သန်းသွားခဲ့ပြီးနောက် အဖြစ်အပျက်ကို လူအနည်းငယ်မျှသာ သိခဲ့ကြသည်။

ဥပမာအားဖြင့် အန်းယန်က တိတ်တဆိတ်မေး၏။

"ယောက်ျား ဘာလို့ စင် ပေါ်မတက်လိုက်တာလဲ”

ရွှယ်အန်းက ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

"ကိုယ် စဉ်းစားနေတာ"

"ဘာတွေစဉ်းစားနေတာလဲ"

"မင်ရွှယ်ရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ သူ့ကို ဘယ်လို ကယ်တင်ရမလဲ စဉ်းစားနေတာ"

အန်းယန် လန့်သွားသည်။

“ယောက်ျားပြောတာက…”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“စိတ်မပူပါနဲ့ ကိုယ် သူရှိနေသေးတာကို ခံစားမိတယ်။ ဒီတိုင်းပိတ်ထားတာပဲ”

တစ်ချိန်တည်း၌ပင် ရွှယ်အန်း၏မျက်လုံးများလည်း အေးစက်လာသည်။

ရွှယ်အန်းသည် ဒေါသထွက်ခဲ၏။

ဤထောင်စုနှစ်ပေါင်းများစွာ သက်တမ်းရှိ တာအိုနှလုံးသားကို အချည်းနှီး မွေးမြူခဲ့ခြင်းမဟုတ်ပေ။ တခါတရံ သူသတ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သော်လည်း သူ၏ တာအိုနှလုံးသားက ကြည်လင်သန့်ရှင်းနေခဲ့သည်။

သို့သော် ဤအချိန်တွင်မူ အလွန်ပြင်းထန်သော စိတ်ပျက်အားငယ်မှုနှင့် နာကျင်မှုတို့ကို ခံစားလိုက်မိသောကြောင့် ရုတ်တရက် သတ်ပစ်ချင်စိတ်ပေါက်လာသည်။

"ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတယ်ပေါ့ ဟုတ်လား ဟားဟား”

ဆုပေးပွဲ ပြီးဆုံးသွားပြီဖြစ်၍ နောက်ဆက်လက်ကျန်ရှိသည်မှာ ခမ်းနား‌သော ညစာစားပွဲဖြစ်သည်။ မရေတွက်နိုင်သော မင်းသမီးများသည် ခမ်းနားထည်ဝါမှုဖြင့် ယှဉ်ပြိုင်ကြ၍ ဈေးကြီးသော ၀တ်စုံအမျိုးမျိုးဖြင့် ပွဲသို့ ရောက်ရှိလာကြသည်။ တစ်ဖက်တွင် အမျိုးသားများသည် အုပ်စုလိုက် စုပြုံကာ ဆွေးနွေးလျက်ရှိကြသည်။

အကြောင်းအရာများသည် ယခုနှစ်ရုပ်ရှင်အရည်အသွေးနှင့် မင်းသမီးများမှလွဲ၍ အခြားအကြောင်းအရာများမဟုတ်ပေ။ ရွှယ်အန်းသည် အချိုပွဲဧရိယာတွင် အချိုပွဲစားရန် သမီးနှစ်ယောက်ကို ခေါ်ဆောင်ကာ အလုပ်ရှုပ်နေသောကြောင့် အဆိုပါဆွေးနွေးပွဲများတွင် ပါဝင်ခြင်းမရှိပေ။ ဤသည်ကိုမြင်သောအခါ လူများဝိုင်းခံထားရသော လူကြီးမင်းလုံက လူအုပ်ထဲက တိုးထွက်၍ ရွှယ်အန်းကို ဝိုင်နီတစ်ခွက်ကမ်းလိုက်သည်။

"မင်းက စကားအများကြီးပြောရတာမကြိုက်ဘူးထင်တယ်" လူကြီးမင်းလုံက ခပ်ပြုံးပြုံးပြောသည်။

ရွှယ်အန်းက ဝိုင်နီတစ်ငုံသောက်လိုက်၏။

"ကျွန်တော် စကားမပြောချင်တာ မဟုတ်ပါဘူး။ ဒီညတော့ လုပ်စရာတွေရှိလို့”

"အိုး"

လူကြီးမင်းလုံက ဆက်မေးတော့မည့်အခိုက်အတန့်တွင် ခန်းမ၏ တံခါးများပျက်ဆီးပြိုကျလာသည်။ ထို့နောက် အနက်ရောင်ဝတ်စုံဝတ်ထားသော လူအုပ်စုကြီးသည် ပြင်းထန်သောသေနတ်မျိုးစုံကို ကိုင်ဆောင်ကာ ၎င်းတို့ထဲမှ အချို့ပင် ဒုံးပစ်လောင်ချာများပင် သယ်ဆောင်လာကြသည်။

ဤမြင်ကွင်းသည် ပွဲရှိလူတိုင်းကို အံ့အားသင့်စေခဲ့၍ အမျိုးသမီးများ အော်ဟစ်စပြုလာသည်။

သို့သော် အရိုးမိစ္ဆာက အေးဆေးလျှောက်သွား၍ မျက်နှာကျက်ကို သေနတ်အချက်ပေါင်း တစ်ဒါဇင်ကျော်ခန့် ပစ်ခတ်လိုက်သောကြောင့် လူအုပ်က ကြောက်လန့်တကြားငြိမ်သွားကြရာ ခန်းမတစ်လုံးတိတ်ဆိတ်သွားသည်။

"လူကြီးမင်းတို့၊ ညစာစားပွဲကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်" အရိုးမိစ္ဆာက အနည်းငယ် ဦးညွှတ်ကာ လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြီးပြည့်စုံသော ကိုယ်နေဟန်ထားဖြင့်ပြောလိုက်သည်။

"မင်း... မင်း ဘာလုပ်ချင်လို့လဲ" လူထွားကြီးတစ်ယောက်က ဒေါသတကြီးမေးလိုက်သည်။

ဒိုင်း

ဤသို့ပြောလိုက်သောအခိုက်အတန့်တွင် ကျည်ဆံတစ်စင်းက သူ့ခေါင်းထဲသို့ ဖောက်ဝင်သွားကာ အလောင်းက မြေပြင်ပေါ်သို့ လဲကျသွားသည်။

အမျိုးသမီးတစ်ဦး၏ ငိုကြွေးသံနောက်တွင် လူများစွာက အော်ဟစ်လိုက်ကြသည်။

အရိုးမိစ္ဆာက ခေါင်းခါလိုက်၏။

"တောင်းပန်ပါတယ် ၊ ငါ့ကို မေးခွန်းထုတ်တဲ့ လေသံနဲ့ ပြောတဲ့လူတွေကို မကြိုက်ဘူး"

ထိုအချိန်တွင် ဝီလျံသည် သူ့အနားရှိ ဖန်းမင်ရွှယ်ကို ‌ခေါ်လိုက်သည်။

"မင်ရွှယ်၊ နောက်ကလိုက်ခဲ့၊ ကို မင်းကို ဒီကနေ ဘေးကင်းကင်းထုတ်သွားပေးမယ်”

ဖန်းမင်ရွှယ်က မျက်မှောင်ကြုတ်၍ အေးစက်စွာကြည့်လိုက်သည်။

ညနတ်ဆိုးဧကရီသည် ဤအခိုက်အတန့်တွင် သွေးအန်လုနီးပါး ဒေါသဖြစ်လျက်ရှိသည်။ သူမ၏ မူလအစီအစဥ်သည် ရွှယ်အန်းနှင့် နီးစပ်စေကာ ကောင်းကင်ကံကြမ္မာဆေးကို ချော့ယူ၍ သတ်ပစ်ရန်ပင်ဖြစ်သည်။

သို့သော် အရိုးမိစ္ဆာသည် ကွင်းရှိလူတိုင်းကို ဓားစာခံအဖြစ် ခေါ်ဆောင်ရန် ဤမျှ စိတ်အားထက်သန်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ဖန်းမင်ရွှယ်က ကြောက်လန့်နေသည်ဟုထင်သောကြောင့် ဝီလျံက ခပ်တိုးတိုးပြောလိုက်သည်။

"မကြောက်ပါနဲ့ ဒီကောင်တွေက ပိုက်ဆံလိုချင်တာ ဖြစ်နိုင်တယ်။ ကိုယ့်မှာ ပိုက်ဆံအများကြီးရှိတယ်။ ကိုယ်တို့ပေးလိုက်လို့ရတယ်”

"ဒီကိစ္စကို ရှင်အရမ်းသိနေပုံပဲ"

ဝီလျံက ပြုံးလိုက်သည်။

“အဟက် အရင်တုန်းက အကြိမ်နည်းနည်းလောက် ပြန်ပေးဆွဲခံခဲ့ရဖူးတယ်လေ”

ဤသို့ပြောနေစဥ် ၎င်းတို့ဆီသို့ ဖြည်းညှင်းစွာလျှောက်လာကာ ဖန်းမင်ရွှယ်ကို ပြုံးပြလိုက်သည်။

“ည…”

ဖန်းမင်ရွှယ်သည် မျက်မှောင်ကြုတ်၍ ဆက်မပြောရန် တင်းမာစွာကြည့်ကာအချက်ပြလိုက်သဖြင့် အရိုးမိစ္ဆာက အနည်းငယ်ထိတ်လန့်လျက် ဝီလျံကို လှည့်ကြည့်လိုက်သည်။

"ကလေး၊ မင်းဘာတွေပြောနေတာလဲ"

ဝီလျံက ဂုဏ်ယူစွာ မတ်တပ်ရပ်လိုက်၏။

“ဆရာ စိတ်အေးအေးထားပါ။ ကျွန်တော် မခုခံပါဘူး။ ခင်ဗျားက ငွေနောက်လိုက်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခင်ဗျားကျေနပ်စေမယ့် ပမာဏတစ်ခုကို ကျုပ်မိသားစုက ပေးဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ မင်ရွှယ်၊ ကျွန်တော် သူ့ကို ရွေးဖို့ငွေလည်း ပေးဖို့ ဆန္ဒရှိပါတယ်”

All Chapters