← Chapters

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁) ထိတ်လန့်ဖွယ်ရာ အလှည့်အပြောင်း

သူ၏ စကားမဆုံးမီတွင် အရိုးမိစ္ဆာက သေနတ်ကို မြှောက်ကာ ဝီလျံ၏ ခြေထောက်ကို ပစ်လိုက်သည်။ ဝီလျံသည် မြေပြင်ပေါ်သို့ လဲကျသွားကာ သူ၏မျက်နှာတွင် ဦးစွာ မယုံကြည်နိုင်မှု အရိပ်အမြွက်များ ပြသလာပြီးနောက် နာကျင်စွာ အော်ဟစ်လိုက်သည်။

“ခွေးကောင်... အား မင်း ငါ့ကို ဘာလို့ ပစ်တာလဲ"

"ကိုယ့်လူ ခင်ဗျား တစ်ခုခုကို အထင်လွဲနေပုံရတယ်၊ ကျုပ်တို့က ခင်ဗျားရဲ့ပိုက်ဆံနောက် လိုက်နေတာ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျား အသက်ကို ပေးချင်စိတ်ရှိရင် ဒီမိန်းမလှလေးကို အသက်ရှင်ခွင့်ပေးမယ်” အရိုးမိစ္ဆာက သေနတ် ပြောင်းဝကို မှုတ်ထုတ်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

"ဒါပေါ့ ခင်ဗျား သူ့ကို စတေးနိုင်တယ်ဆိုရင်လည်း ကျုပ် ခင်ဗျားကို အသက်ရှင်ခွင့်ပေးမှာပါ။ ဘယ်လိုလဲ" အရိုးမိစ္ဆာသည် သူ၏သေနတ်ကို မြှောက်တင်၍ ဖန်းမင်ရွှယ်ကို ချိန်ရွယ်လိုက်သည်။

အကွာအဝေးတစ်ခုရှိ မြေပြင်တွင် ဝပ်နေေသာ လူကြီးမင်းလုံက တင်းမာသော မျက်နှာအမူအရာြဖင့် ပြောလိုက်သည်။

"ဘာပဲရွေးရွေး သူ သေရမှာပဲ"

အမှန်တကယ်ပင် ထိုစကားကိုကြားပြီးနောက် ဝီလျံက လုံးလုံးလျားလျား မတွန့်ဆုတ်ဘဲ ဖန်းမင်ရွှယ်ကို လက်ညှိုးထိုးပြလိုက်သည်။

"သူ့ကိုသတ်လိုက်။ ပြီးရင် ငါ မင်းကို ပိုက်ဆံတွေအများကြီး ပေးနိုင်တယ်၊ ငါ့အသက်ကို ချမ်းသာပေးပါ"

ဝီလျံ၏ စကားလုံးများသည် လူအများ၏ မကျေနပ်မှု ရေရွတ်သံများ ဖြစ်ပွားလာစေကာ လူအများက သူ၏လုပ်ရပ်ကြောင့် စိတ်နှလုံးသားများ အေးစက်သွားပုံပေါ်သည်။ သို့သော်လည်း ဝီလျံက လုံးလုံးလျားလျား ဂရုမစိုက်ပေ။ သူ၏အမြင်တွင် အလှပဂေးလေးက ကြည်နူးစရာကောင်းသော်လည်း ထိုအရာကို ခံစားရန်အတွက် လူတစ်ဦးက အသက်ရှင်နေရန် လိုအပ်သည်။ ယခုကဲ့သို့ သေခါနီးအချိန်တွင် အလှပဂေးလေးနှင့် ပတ်သတ်၍ စဥ်းစားနေလျှင် မည်သို့သော အကျိုးမျိုးရရှိနိုင်မည်နည်း။

အရိုးမိစ္ဆာက ခက်ထန်စွာ ပြုံးလိုက်သည်။

"ကောင်းပြီ”

ပြီးနောက် သူ၏လက်ကို မြှောက်တင်၍ ဝီလျံ၏ ခေါင်းကို ပစ်ခတ်လိုက်သည်။ ဝီလျံသည် အသက်ရှင်မည်ဟု ထင်မှတ်နေသောကြောင့် သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ခြယ်မှုန်းနေဆဲဖြစ်သည်။

အရိုးမိစ္ဆာသည် အထဲသို့ ဝင်လာကတည်းက လူနှစ်ယောက်ကို သတ်ဖြတ်ခဲ့သည့် သူ၏ ထူးဆန်းသော အပြုအမူသည် လူများစွာ၏ နှလုံးသားကို အေးခဲသွားစေသည်။ ပြီးနောက် အရိုးမိစ္ဆာက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ၊ ကျုပ်က အရိုးမိစ္ဆာပဲ"

လူများစွာ၏မျက်နှာတွင် တုန်လှုပ်ခြောက်ခြားမှုနှင့် စိတ်ပျက်အားငယ်မှုများ ပြသလာသည်။ ယခုအခါ စိတ်ဓာတ်ကြံ့ခိုင်သူ အမျိုးသားမျိုးဖြစ်သည့် လူကြီးမင်းလုံလျှင်ပင် စိတ်ပျက်အားငယ်သည့် အကြည့်များ ပေါ်ပေါက်လာသည်။

"ဘုရားရေ၊ အဲဒါ သူပဲ။ ငါတို့အားလုံးတော့ သေကုန်တော့မှာပဲ’’

"ဘာဖြစ်လို့လဲ" ရွှယ်အန်းက မေးလိုက်သည်။

"ခင်ဗျား မသိဘူး၊ ဒီအရိုးမိစ္ဆာက အရိုးကောက်သိမ်းသူလို့ လူသိများတဲ့ ဒုစရိုက်မြို့တော်က မှောင်လောက သူဌေးပဲ။ သူက အရမ်းရက်စက်ပြီး သနားညှာတာမှု ကင်းမဲ့သူမျိုး၊ သူ ဒီမှာ ပေါ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး" လူကြီးမင်းလုံက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

ပြီးနောက် သူသည် အံကြိတ်ကာ ရွှယ်အန်းကို ခပ်တိုးတိုး ပြောလိုက်သည္။

"ခဏနေ သူ လူတွေ သတ်ဖို့လုပ်တာနဲ့ ကျုပ် အရှေ့ကဦးဆောင်မယ်။ ခင်ဗျား မိန်းမနဲ့ ကလေးတွေကို ခေါ်ပြီး အရင်ထွက်ပြေးနှင့် ကလေးနှစ်ယောက်က အပြစ်ကင်းတယ်”

ရွှယ်အန်းသည် လူကြီးမင်းလုံကို လေးနက်သော မျက်နှာဖြင့် စိုက်ကြည့်၍ ရုတ်တရက် ပြုံးလိုက်သည်။

"ဘာလို့ ရုတ်တရက်ကြီး ရုပ်ရှင်ထဲ ရောက်နေသလို ခံစားနေရတာလဲ’’

လူကြီးမင်းလုံက ခါးသီးစွာ ပြုံးလိုက်သည်။

“ရုပ်ရှင်တွေထဲမှာတောင် ဒီလိုမရိုက်ကြပါဘူး။ ဒီလို အမှောင်သူဌေးမျိုးက ဒီကို ဘာကိစ္စနဲ့ ရောက်လာရတာလဲ”

ထိုအချိန်တွင် အရိုးမိစ္ဆာသည် ဖန်းမင်ရွှယ်အနီးသို့ ချဉ်းကပ်လာ၍ သေနတ်ကို သူမ၏ မျက်နှာထံ ညင်သာစွာ ပွတ်ဆွဲလိုက်ကာ သူ၏မျက်လုံးတွင် ရွှတ်နောက်နောက် အကြည့်များဖြင့်

ပြည့်နှက်နေသည်။ ညနတ်ဆိုး ဧကရီ၏ မျက်လုံးများတွင် ဒေါသအရိပ်အမြွက်များ တောက်လောင်လာသည်။

‘ဒီကောင်က အခြေအနေကို တမင်တကာ အခွင့်ကောင်းယူနေတာပဲ’

သို့သော် သူမ၏မျက်နှာတွင် ကြောက်လန့်မှုမျိုးသာ ပြသလာ၍ တုန်ရီစွာ ပြောလိုက်သည်။

“ရှင်… ရှင် ဘာလုပ်ချင်လဲ”

အရိုးမိစ္ဆာက ခက်ထန်စွာ ရယ်မောလိုက်သည်။

"ကျုပ် ဘာလုပ်မှာလဲ။ ခင်ဗျား မခန့်မှန်းနိုင်ဘူးလား"

လူတိုင်း၏ မျက်နှာအမူအရာများ ဆိုးရွားလာ၍ ခက်ထန်သော အခြေအနေကို လက်သင့်ခံလိုက်ရသည်။ ညနတ်ဆိုး ဧကရီသည် အဝေးတွင်ရှိနေသော ရွှယ်အန်းကို ခိုးကြည့်လိုက်သည်။ ရွှယ်အန်းသည် မလှုပ်မယှက်ဖြင့် မြေပြင်ပေါ်တွင် ထိုင်ချနေခြင်းကို မြင်လိုက်ရသဖြင့် စိတ်တိုစွာဖြင့် အံကြိတ်လိုက်သည်။

‘ဒီကောင်က ဘာလို့ ဒီလောက်ငြိမ်နေနိုင်မှာလဲ။ သူနဲ့တောင် လုံးဝမတူဘူး’

ရုတ်တရက်ဆိုသလိုပင် အရိုးမိစ္ဆာက ဖန်းမင်ရွှယ်၏ ဦးခေါင်းကို သေနတ်ဖြင့် ဖိ၍ ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။

"ဒီလောက်လှတဲ့ မျက်နှာလေးကို ပစ်ရမှာ နှမြောစရာပဲ’’

မည်သူမျှ စကားမပြောရဲကြပေ၊ လူကြီးမင်းလုံ၏ မျက်နှာသည် အရှက်ရနေသည့် အသွင်အပြင်များ ပြသလာသည်။ ဖန်းမင်ရွှယ်သည် တရုတ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်၍ ယခုအခါတွင် တစ်စုံတစ်ဦး၏ အရှက်ကွဲမှုကို ခံနေရသောကြောင့် တရုတ်အမျိုးသား သရုပ်ဆောင်တစ်ဦးအနေဖြင့် သူသည်လည်း ဒေါသထွက်လာကာ အခြေအနေကို မလိုလားစိတ်များ ခံစားလာရသည်။

"ကျေးဇူးပြုပြီး အဲ့လို မလုပ်ပါနဲ့။ တောင်းပန်ပါတယ် ကျွန်မကို လွှတ်​ပေးပါ" ညနတ်ဆိုး ဧကရီသည် သူမ၏ဒေါသကို အပြင်းအထန် မျိုသိပ်ကာ တောင်းဆိုဟန်ပြုလိုက်သည်။

"လွှတ်​​ပေးရမယ်တဲ့လား။ ကောင်းပြီလေ ဒါပေမယ့် သတ်မှတ်ချက်ကတော့ တစ်စုံတစ်ယောက်က မင်းအစား သေဖို့ ဆန္ဒရှိရမယ်" အရိုးမိစ္ဆာက ဘာသိဘာသာ ပြောလိုက်သည်။

တိတ်ဆိတ်ငြိမ်သက်မှုများက အခန်းတစ်ခုလုံး ပြည့်နှံ့သွားသည်။ ၎င်းတို့ အရှေ့တွင် အလောင်းတစ်ခု လဲကျနေသဖြင့် မည်သူက အရှေ့တိုး၍ သေခြင်းတရားကို ရှာဖွေဝံ့မည်နည်း။ လူကြီးမင်းလုံသည် အသက်ပြင်းပြင်းရှူကာ ဤကိစ္စကို သည်းမခံနိုင်တော့ကြောင်း ဆုံးဖြတ်လိုက်သည်။ ဤအခိုက်အတန့်တွင် အရှေ့သို့ ချီတက်ခြင်းသည် သေခြင်းတရားကို ဆိုလိုကြောင်း သူ ရှင်းရှင်းလင်းလင်း သိသော်လည်း၊ ဟွာရှားရှိ အမျိုးသားများက ၎င်းတို့၏ နိုင်ငံသူ အမျိုးသမီးများ အရှက်ခွဲခံနေရခြင်းကို လက်ပိုက်ကြည့်မနေနိုင်ပေ။ သူသည် သေခြင်းတရားဖြင့် ရင်ဆိုင်ရလျှင်ပင် ကြိုးစားရန် စိတ်ပိုင်းဖြတ်ထားသည်။ သို့သော် လူကြီးမင်းလုံက မတ်တပ်ထခါနီးတွင် တစ်စုံတစ်ယောက်က သူ၏ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။

"ကျုပ် သွားလိုက်မယ်"

လူကြီးမင်းလုံက လန့်ဖျပ်သွားပြီးနောက် ရွှယ်အန်းက မတ်တပ်ထရပ်၍ အရှေ့သို့ လျှောက်သွားခြင်းကို ထိတ်လန့်စွာ ကြည့်နေလေသည်။

“ခင်ဗျား…” လူကြီးမင်းလုံက ထိတ်လန့်တကြား ထအော်လိုက်သည်။

‘’ခင်ဗျားမှာ မိန်းမနဲ့ ကလေးတွေရှိတယ်လေ” သူသည် ထိုသို့ ပြောချင်နေသည်။

“လူကြီးမင်းလုံ စိတ်မပူပါနဲ့ ကျွန်မခင်ပွန်းက ဒီကိစ္စကို ကိုင်တွယ်နိုင်ပါတယ်” ထိုအချိန်တွင် အန်းယန်က တီးတိုး ပြောလိုက်သည်။

လူကြီးမင်းလုံသည် ခါးသီးသော အပြုံးမျိုးဖြင့် ပြုံးပြခဲ့သော်လည်း သူမ၏ စကားကို လုံးလုံးလျားလျား မယုံကြည်ခဲ့ပေ။ အဆုံးတွင် ပြိုင်ဘက်သည် နောက်လိုက်များစွာရှိ၍ နာမည်ဆိုးဖြင့်ကျော်ကြားသော အမှောင်သခင်ဖြစ်သည်။ သူတစ်ယောက်တည်းဖြင့် မည်သို့မျှ ထိခိုက်ဒဏ်ရာ မရှိဘဲ ထွက်လာနိုင်မည်နည်း။

‘အဆင်မပြေရင် ငါလည်း ဝင်ပါလိုက်တာပေါ့’ လူကြီးမင်းလုံက တိတ်တဆိတ် အံကြိတ်လိုက်သည်။

ထိုအချိန်တွင် လူတိုင်း၏အကြည့်များသည် ရွှယ်အန်းဆီ ရောက်သွားကြသည်။ အရိုးမိစ္ဆာက ရယ်စရာတွေ့နေပုံရသည်။ သူ၏အမြင်တွင် ရွှယ်အန်း၏ တည်ရှိမှုသည် သာမန်မျှသာဖြစ်၍ အင်အားကြီးသူတစ်ယောက် ဖြစ်ပုံမပေါ်ပေ။ ဤသို့သောလူမျိုးသည် ကောလဟာလများရှိ မယုံနိုင်ဖွယ် စွမ်းဆောင်ချက်များကို အမှန်တကယ် အောင်မြင်နိုင်ခြင်းဖြစ်လေသလော။ ညနတ်ဆိုး ဧကရီ၏ မျက်နှာသည် ရွှင်မြူးစွာ တောက်ပသွားသည်။

‘ နောက်ဆုံးတော့ ငါးစာမိပြီပေါ့လေ’

ရွှယ်အန်းသည် ယခုအခါ အရိုးမိစ္ဆာ၏အနားသို့ ချဥ်းကပ်လာ၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

‘’ကောင်းလိုက်တဲ့ ပစ်ချက်ပါလား”

အရိုးမိစ္ဆာအနည်းငယ် အံ့ဩသွားပြီးနောက် ကြော့ရှင်းစွာ ပြုံးလိုက်သည်။

“ချီးမွမ်းမှုအတွက် ကျေးဇူးပါ”

ပြီးနောက် ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ဒါပေမယ့် လူက တုံးအလွန်းတယ်"

ဘုံး

လူကြီးမင်းလုံအပြင် လူတိုင်းက တုန်လှုပ်သွားကြသည်၊ ရွှယ်အန်းက ရူးသွပ်သွားပြီဟုပင် လူအများက ထင်မြင်ယူဆလိုက်ကြသည်။ ဤသို့သော အချိန်မျိုးတွင် နှိုးဆော်ဝံ့ခြင်းဖြစ်လေသလော။ အရိုးမိစ္ဆာ၏မျက်နှာသည် ပို၍နက်မှောင်လာသည်။

"အိုး၊ ခင်ဗျားရဲ့ အဲ့လိုပြောပုံအရ ကျုပ်က သူ့ကို မသတ်ဝံ့ဘူးလို့ ထင်နေတာလား"

ဤသို့ဖြင့် သူသည် ဖန်းမင်ရွှယ်၏ နဖူးကို သေနတ်ဖြင့် ချိန်ရွယ်လိုက်သည်။ ဖန်းမင်ရွှယ်သည် မျက်ရည်များ ပြည့်နေသော မျက်လုံးများဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။

"လုပ်လေ ခလုတ်ကို ဆွဲလိုက်" ရွှယ်အန်းက မထူးခြားသော အမူအရာဖြင့် ပြောလိုက်သည်။

လူကြီးမင်းလုံက လုံးလုံးလျားလျား အံ့ဩသွားသည်။

‘ဒီလူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’

ဒေါသဖြင့် တောက်လောင်လာသော အရိုးမိစ္ဆာသည် သေနတ်ကို ရွှယ်အန်းထံ ချိန်ရွယ်လိုက်သည်။

"ခင်ဗျားကို ပစ်စေချင်နေတာလား။ ကျုပ် ခင်ဗျားကို အခုချက်ချင်း သတ်လိုက်လို့ရတယ်ဆိုရင် ခင်ဗျား ယုံလား"

သူ စကားပြောနေစဉ် အမှောင်တပည့်များက ၎င်းတို့၏လက်နက်များကို မြှောက်လာကာ အားလုံးက ရွှယ်အန်းကို ဦးတည်လိုက်ကြသည်။ ထိုကဲ့သို့ အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ ရွှယ်အန်းက ညနတ်ဆိုး ဧကရီကို လှည့်ကြည့်လာ၍ ဘာသိဘာသာ ပြောလိုက်သည်။

"ခင်ဗျား ကိုယ့်ကိုကိုယ် ကောင်းကောင်း ဖုံးကွယ်ထားပါတယ်။ ဒါ​ပေမယ့်​ ခင်ဗျားကို မြင်​လိုက်​တာနဲ့ ခင်ဗျားက သူမဟုတ်​မှန်း ကျုပ် သိတယ်​’’

ဤပြောဆိုချက်သည် ညနတ်ဆိုး ဧကရီ၏ စိတ်ထဲတွင် ထိတ်လန့်သွားစေသော်လည်း သူမ၏မျက်နှာအမူအရာ မပြောင်းလဲမှု မရှိေပ။

“အန်း… နင် ဘာတွေပြောနေတာလဲ။ ငါ နားမလည်ဘူး"

ရွှယ်အန်းက ရယ်မောလိုက်ရာ သူ၏ ရယ်သံတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

"နောက်တစ်ခုက... သူက ကျုပ်ကို အန်းလို့ ဘယ်တုန်းကမှ မခေါ်ဘူး"

ညနတ်ဆိုး ဧကရီသည် အတွင်းစိတ်ထဲတွင် အလွန် ထိတ်လန့်တုန်လှုပ်သွားသွားကြောင့် ပြုံးရုံသာ ပြုံးနိုင်သည်။

"နင် ပြောနေတာတွေကို ငါ တကယ်နားမလည်ဘူး၊ ငါက မင်ရွှယ်ပါ..."

“ခန္ဓာကိုယ်ကို လုယူတဲ့ နည်းပညာကို ကျုပ်က တကယ် မမြင်နိုင်ဘူးလို့ ခင်ဗှား ထင်နေတာလား” ရွှယ်အန်းက အေးစက်စွာပြောလိုက်သည်။

ဤတုန်လှုပ်ချောက်ချားဖွယ် လှည့်ကွက်သည် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ ညနတ်ဆိုး ဧကရီ၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်စွာ လှုပ်ဖျပ်ခတ်သွားပြီးနောက် သူမက တဖြည်းဖြည်း ငြိမ်သက်သွားကာ သူမ၏နှုတ်ခမ်းများသည်လည်း အေးစက်သော အပြုံးတစ်ခုအဖြစ်သို့ ကွေးညွှတ်သွားသည်။

‘’ဟုတ်ပါရဲ့ ရှင့်ကို ကျွန်မ ဖုံးကွယ်ထားလို့ မရဘူး၊ ဒါပေမယ့် ရှင် သိရင်တောင် ဒီလို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုးမှာ ရှင် ဘာလုပ်နိုင်မှာလဲ…"

အခန်း (၂၇၂) ဒီနေ့... ခင်ဗျားတို့ အားလုံးသေရမယ်

ထိုစကားဖြင့် ဖန်းမင်ရွှယ်၏ အငွေ့အသက်များ ရုတ်ခြည်း မြင့်တက်လာ၍ သူမ၏ မျက်လုံးများသည် နတ်ဆိုးနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။ သူမ၏ သွယ်လျသော လည်ပင်းနှင့် ပါးပြင်ပေါ်တွင် ဆွဲမက်ဖွယ်ကောင်းသော မန္ဒလာပန်းတစ်ပွင့် တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ ရွှယ်အန်းသည် ၎င်းဖြစ်စဥ်ကို ငြိမ်သက်စွာ ကြည့်နေခဲ့၍ သူ၏မျက်လုံးများရှိ ဒေါသအရိပ်အမြွက်များကို ဖုံးကွယ်ထားသည်။ အရိုးမိစ္ဆာသည် ဂုဏ်သိက္ခာရှိ၍ ကျက်သရေရှိသော အမူအရာဖြင့် အနည်းငယ် ဦးညွှတ်လိုက်သည်။

"ပြန်လာတာကို ကြိုဆိုပါတယ်။ လေးစားရပါသော ဧကရီ"

ညနတ်ဆိုး ဧကရီ၏ မျက်နှာသည် အလွန်အေးစက်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာ၍ ရွှယ်အန်းအပေါ်စီးမှ စကားပြောလိုက်သည်။

"ရွှယ်အန်း၊ ရှင်က ကျွန်မရဲ့အမှောင်နတ်ဆိုးချိုင့်ဝှမ်းက တပည့်တွေကို သတ်လိုက်တယ်။ ဒီနေ့ ရှင်နဲ့ ဒီအကြွေးကို ဖြေရှင်းရမယ်"

ရွှယ်အန်းသည် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ လေထုထဲတွင် လွင့်မျောနေသော ဖန်းမင်ရွှယ်ကို မော့ကြည့်လိုက်သည်။

“အမှောင်နတ်ဆိုး ချိုင့်ဝှမ်းတဲ့လား ဒါဆို ခင်ဗျားကလည်း လျှို့ဝှက် အင်မော်တယ်ဂိုဏ်းကပေါ့"

ညနတ်ဆိုး ဧကရီက အေးစက်စွာ ရယ်မောလိုက်သည်။

“မှန်တယ်၊လျှို့ဝှက် အင်မော်တယ်ဂိုဏ်းရှိတယ်လို့ ထင်နေတာတော့ မဟုတ်ဘူးပါဘူးနော်။ ရှင့်ကို အမှန်အတိုင်းပြောလိုက်မယ်။ တကယ့် အင်မော်တယ်က ခွန်းလွန်ထဲမှာရှိတာ၊ ကျွန်မတို့ရဲ့ဘယ်အကြီးအကဲမျိုးမဆို ဆင်းသက်လာပြီး ရှင့်ကို လက်တစ်ချောင်းတည်းနဲ့ ဖိနှိပ်လို့ရတယ်”

ပြီးနောက် ညနတ်ဆိုး ဧကရီ၏ မျက်လုံးများတွင် လောဘဇောများ တောက်လောင်လာသည်။

“ဒါပေမယ့် ဒီကိစ္စက ဆွေးနွေးလို့ ရပါသေးတယ္။ ရှင်သာ ကောင်းကင်ကံကြမ္မာရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ဖို့ ဆန္ဒရှိနေသရွေ့ ကျွန်မဘက်က ပေးညှာပေးဖို့ စဉ်းစားထားပါတယ်”

ညနတ်ဆိုး ဧကရီသည် ကောင်းကင်ကံကြမ္မာဆေးပုလင်းကို ရရှိခဲ့ပြီးနောက် ဤဆေးသည် ဝိညာဉ်စွမ်းအင်နှင့် ပဲ့တင်ထပ်သည့်အပြင် ကျင့်ကြံမှုအဆင့်ကို အမှန်တကယ် မြှင့်တင်ပေးနိုင်ကြောင်း သူမ အံ့ဩစွာ ရှာတွေ့ရှိခဲ့သည်။ ဤရှာဖွေတွေ့ရှိမှုသည် သူမကို စိတ်လှုပ်ရှားစေခဲ့သည်။ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်သည့် မည်သို့သော ဆေးမျိုးဖြစ်ပါစေ ခွန်းလွန်တွင် အလွန်တရာ အဖိုးထိုက်တန်လှသည်။ လောကီလောကတွင် ထိုသို့သော အရာမျိုး တည်ရှိနိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

ထို့ကြောင့် သူမသည် ရွှယ်အန်းနှင့် နီးစပ်မှုရယူကာ ကောင်းကင်ကံကြမ္မာဆေး၏လျှို့ဝှက်ချက်ကို ဖောက်ထုတ်ရန်အတွက် ဖန်းမင်ရွှယ်၏ကိုယ်ခန္ဓာကို ဝင်ပူးသည့် အစီအစဥ်ကို ခက်ခက်ခဲခဲ ကြံစည်ခဲ့ခြင်းဖြစ်သည်။ သူမ စကားကိုကြားသည့်အချိန်မှ ညနတ်ဆိုး ဧကရီက ရွှယ်အန်းဆီကို ချဉ်းကပ်ရသည့်အပြုအမူမျိုး မည်သို့ကြောင့်ပြုလုပ်သည် အရိုးမိစ္ဆာက သဘောပေါက်သွားသည်။ သူသည်လည်း ကောင်းကင်ကံကြမ္မာဆေး၏ အကျိုးသက်ရောက်မှုကို သိထားသောကြောင့် မျက်နှာတွင် လောဘစိတ် ပြည့်နှက်လာ၏။

"ရွှယ်အန်း၊ ဧကရီက အပေးအယူလုပ်ပြီးသွားပြီ၊ ဒီနေ့ ခင်ဗျား ကောင်းကင်ကံကြမ္မာဆေးရဲ့ဖော်မြူလာကို လက်မလွှဲသရွေ့ ဒီလူတွေအားလုံးကို ကျုပ် လွှတ်ပေးလိုက်မယ်"

အရိုးမိစ္ဆာ၏ စကားများသည် ပြင်းထန်သော ရုန်းရင်းဆန်ခတ်အပြုအမူများ ဖြစ်လာစေသည်။ လူများစွာက တုန်လှုပ်စပြုလာသည်။

"သူတို့ကိုပြောလိုက်ပါ"

"မှန်တယ်။ မဟုတ်ရင် ငါတို့အားလုံး ဒီနေ့ သေရတော့မယ်”

ဤသည်မှာ တောင်းဆိုသော လေသံများဖြစ်၍ အချို့က ၎င်းတို့၏ လက်ရှိအခြေအနေအတွက် ရွှယ်အန်းဘက်သို့ ၎င်းတို့၏ ဒေါသစိတ်များ လှည့်လာ၍ အပြစ်တင်ရှုံ့ချလာကြသည်။

"ဒါဆို မင်းက ဒါတွေအားလုံးရဲ့နောက်ကွယ်က ကောင်ပေါ့လေ"

"ပြောပြရင် ပြောပြ မဟုတ်လို့ကတော့ ငါတို့ မင်းကို လွှတ်မပေးဘူး"

ခန်းမတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားသည်။ စိတ်ပျက်အားငယ်သံများနှင့် ကျိန်ဆဲသံများ ရောနှောနေသော်လည်း ၎င်းတို့၏ပစ်မှတ်သည် ရွှယ်အန်းကိုသာ ဦးတည်နေသည်။

လူကြီးမင်းလုံသည် သူ့ဘေးနားရှိ အလွန် တုန်လှုပ်ချောက်ချားစွာ ကျန်ဆဲနေသည့် လူတစ်ဦးကို ကြည့်၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ခင်ဗျားတို့အားလုံး စိတ်ဖောက်ပြန်သွားပြီလား။ ကျုပ်တို့ကို ဓားစာခံအဖြစ် ဖမ်းထားတဲ့လူက အရိုးမိစ္ဆာလေ။ မစ္စတာရွှယ်ကို ဒီလိုမတော်မတရား ပြောနေတာက ဘာအဓိပ္ပါယ်လဲ"

လူကြီးမင်းလုံ၏စကားများသည် လူအချို့ကို အရှက်ရစေသောအကြောင့် ပါးစပ်ပိတ်သွားကြသော်လည်း ၎င်းတို့က ရွှယ်အန်းကို ဒေါသတကြီး စိုက်ကြည့်နေကြဆဲဖြစ်သည်။ ထိုအချိန်တွင် ညနတ်ဆိုး ဧကရီက အေးစက်စွာ ရယ်မောလိုက်သည်။

"ရွှယ်အန်း၊ ရှင် မြင်လား။ ရှင် ဒီနေ့ ဘာမှမပြောရင် ရှင့်ကိုရော ဒီကတခြားလူတွေကိုရော လွှတ်ပေးမှာ မဟုတ်ဘူး"

မုန်တိုင်း၏အလယ်တွင် မတ်တပ်ရပ်နေသော ရွှယ်အန်းသည် ထိုကဲ့သို့ ဖိအားများအောက်တွင် အမူအရာကင်းမဲ့စွာဖြင့် သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ သို့သော် ညနတ်ဆိုး ဧကရီက သူမ၏စိတ်ထဲ၌ ရုတ်တရက် တင်းမာလာသည်။ ရွှယ်အန်း၏အကြည့်များသည် စိတ်အနှောက်အယှက်ဖြစ်ဖွယ်ကောင်းသည်အထိ ငြိမ်သက်လွန်းနေကြောင်း သူမ သတိပြုမိသွားသောကြောင့်ဖြစ်သည်။

“ကျုပ် ကျောင်းတက်နေတုန်းက သူ့ကို အနိုင်ကျင့်ရဲတဲ့လူတိုင်းကို ပြန်တိုက်ခိုက်ပြီး သူ့ဘက်က ရပ်တည်ပေးမယ်လို့ ကတိပေးခဲ့တယ်’’ ရွှယ်အန်းက ဖြည်းညှင်းစွာပြောလိုက်ရာ သူ၏လေသံသည် ခံစားချက်ကင်းမဲ့နေသည်။

“သူက ငယ်ရွယ်တဲ့အချိန်မှာတည်းက မိဘနှစ်ပါးစလုံး ဆုံးရှုံးခဲ့ရပြီး ခက်ခဲတဲ့ဘဝနဲ့ နေခဲ့ရပြီး သူ့ အလှပကြောင့် ကျောင်းစတက်ကတည်းက မရေတွက်နိုင်တဲ့ ပြဿနာတွေနဲ့ ကြုံခဲ့ရတယ်”

“ဒါတောင် သူက ကိုယ့်ကိုယ်ကို ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ လူတွေ သူ့ကို အနိုင်ကျင့်ရင်လည်း တိတ်တိတ်ပုန်း ငိုနေတတ်တဲ့လူမျိုး။ ဘာလို့လဲလို့ မေးတော့ ဒီကမ္ဘာမှာ သူ့ကို ဂရုမစိုက်တဲ့လူ မရှိတာမို့လို့လို့ ပြောတယ်”

အဝေးမှ စိုးရိမ်သောအကြည့်များဖြင့် ကြည့်နေသော အန်းယန်က သူမ၏ မျက်လုံးများ ရုတ်တရက် နီရဲလာလေသည်။

"ကျုပ် မျက်လုံးထဲမှာတော့ သူက ကျုပ်အတွက် ညီမလေး တစ်ယောက်လိုပဲ"

"ဒါကို ခင်ဗျား​က သူ့​စိတ်​ဝိဥာဉ်​ကို ပိတ်လောင်​ပြီး နေ့​တိုင်း ညှဉ်း​ဆဲ​နေတယ်ပေါ့လေ"

အဆုံးတွင် ရွှယ်အန်း၏ လေသံ၌ သတ်ဖြတ်ချင်စိတ်များ အရှိန်အဟုန်ပြင်းစွာ ပြည့်နှက်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ အလွန်အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာ၍ ကောင်းကင်ယံသို့ လွင့်ပျံလာသည်။

"ခင်ဗျားတို့က ဘယ်သူဖြစ်ပါစေ ဒီနေ့ ခင်ဗျားတို့ အကုန်သေရတော့မယ်"

ညနတ်ဆိုး ဧကရီသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။

“လွတ်မြောက်အင်မော်တယ်အဆင့်လား။ မဟုတ်ဘူး လွတ်မြောက်အင်မော်တယ်အဆင့်က ဒီလောက် ကြောက်စရာကောင်းတဲ့ ရောင်ဝါမျိုးကို ပိုင်ဆိုင်နိုင်မှာလဲ။ အရိုးမိစ္ဆာ၊ ပစ်”

ညနတ်ဆိုး ဧကရီ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာ၍ သူမ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အရိုးမိစ္ဆာသည် ဤအခိုက်အတန့်တွင် အနည်းငယ် ငေးငိုင်သွားကာ သူ၏ယခင်က ကျက်သရေရှိဖွယ် အမူအရာသည်လည်း ပျောက်ကွယ်သွား၍ သူ၏အနောက်ရှိ အမှောင် တပည့်များကို အော်ပြောလိုက်သည်။

“ပစ်။ သူ့ကို သေအောင် ပစ်”

သေနတ်သံများ ရွာသွန်းချလာ၍ မရေတွက်နိုင်သော ရွှယ်အန်းဆီသို့ ကျည်ဆန်များ ဦးတည်လာကြသည်။ သို့သော် ကျည်ဆန်များသည် ရွှယ်အန်းနှင့် မီတာ အကွာတွင် ရပ်တန့်သွား၍ ၎င်းတို့အားလုံး တဖြည်းဖြည်း ပြိုကွဲပျံနှံ့သွားလေသည်။ ဤမြင်ကွင်းသည် ကြည့်နေသူ အများအပြားကို အံ့ဩသွားစေသည်။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ကျုပ် ပြောခဲ့တယ်၊ ခင်ဗျားတို့ ဒီနေ့သေရမှာလို့"

ဤသို့ဖြင့် ရွှယ်အန်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးသွာလေသည်။

ဘုံး

ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် အမှောင်ညတွင် ထွက်ပေါ်လာသော သေမင်းတမန်ကဲ့သို့ မရေတွက်နိုင်သော ဓားအလင်းတန်းများသည် ကောင်းကင်မှ ထွက်ပေါ်လာကာ အမှောင်တပည့်များကို လွှမ်းခြုံထားလိုက်သည်။ ညနတ်ဆိုး ဧကရီနှင့် အရိုးမိစ္ဆာတို့သည် ဤတိုက်ခိုက်မှုကို ကိုးယိုးကားယားနိုင်စွာ ရှောင်တိမ်းလိုက်ကြသည်။ ပြီးနောက် အရိုးမိစ္ဆာသည် သူ၏အမှောင်တပည့်များကို ဧရာမသားရဲတစ်ကောင်က ဝါးမျိုသွားသကဲ့သို့ နေရာတွင်ပင် သွေးအိုင်အဖြစ်ပြောင်းလဲ၍ သေဆုံးသွားခြင်းကို ကြောက်ရွံ့နေသော အမူအရာဖြင့် ကြည့်နေလေသည်။

"သခင် ဆာဗီးရပ်စ် ကျွန်ုပ်ကို ကယ်ပါ" အရိုးမိစ္ဆာက အော်ဟစ်လိုက်သည်။

"မင်းတို့လို နိမ့်ကျတဲ့ နတ်ဆိုးတွေက အသုံးမကျတဲ့ကောင်တွေဆိုတာ ငါသိတယ်" ခန်းမထဲသို့ ခွေးကြီးတစ်ကောင် ဝင်ရောက်လာ၍ မောက်မာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

စကားပြောပြီးနောက်၊ ၎င်း၏ခန္ဓာကိုယ် ဖောင်းကားလာ၍ အလွန်ကြီးမားသော ဆာဗီးရပ်စ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

"အဲဒါ ငရဲခွေးပဲ" တစ်စုံတစ်ယောက်က ထအော်လိုက်သည်။

“အို ဘုရားရေ၊ မဟုတ်မှလွဲရော ဒီညတော့ စေတန် ဆင်းသက်လာတာများလား” လူအချို့သည် တုန်လှုပ်စွာဖြင့် ဘုရားတနေကြသည်။

“သေမျိုးတွေ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က အထင်ကြီးစရာပါ၊ ဒါပေမယ့် ငါက မြေအောက်ကမ္ဘာကို အုပ်ဆိုးသူအောက်က နတ်ဆိုးဘုရားပဲ။ ဒီနေ့မှာ နတ်ဘုရားအစစ်က ဘာလဲဆိုတာကို မင်းကို ငါ ပြလိုက်မယ်" ဆာဗီးရပ်စ်​က ရက်စက်စွာပြုံး၍ ပြောလိုက်သည်။

ရွှယ်အန်းသည် အေးစက်သော အမူအရာဖြင့် အရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီးနောက် ရပ်နေသောနေရာမှ ပျောက်ကွယ်သွားလေသည်။ သူသည် ပြန်ပေါ်လာသောအခါ ဆာဗီးရပ်စ်၏ အ​ရှေ့တွင်ရှိနေပြီဖြစ်သည်။

အရှိန်သည် အလွန်မြန်ဆန်လွန်းသောကြောင့် ဆာဗီးရပ်စ်​ကိုပင် အံ့ဩသွားစေသည်။ ပြီးနောက် ရွှယ်အန်းသည် ဆာဗီးရပ်စ်​၏ ဦးခေါင်းကို ဖမ်းဆုပ်၍ အေးစက်စွာပြောလိုက်သည်။

"မင်းရဲ့ မြေအောက်ကမ္ဘာက ဘုရင် ဒီနေရာမှာရှိနေရင်တောင် ဒီနေ့ သူ ငါ့ရှေ့မှာ ဒူးထောက်နေရမှာပဲ’’

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏လက်များကို အသုံးပြုကာ ဆာဗီးရပ်စ်​၏ ခန္ဓာကိုယ်​တစ်ခုလုံးကို ကိုင်ပေါက်လိုက်သည်။ ဆာဗီးရပ်စ်​သည် လေထုထဲ၌ ရုန်းကန်ရန် ကြိုးစားသော်လည်း ရွှယ်အန်း၏ မျက်လုံးများကို မြင်လိုက်ရသောအခါ ၎င်းက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“အရှင် ငဲ့ညှာပေးပါ။ အရှင် ငဲ့ညှာပေးပါ။ အရှင်မှန်း မသိခဲ့လို့ပါ”

သို့သော်လည်း အလွန်နောက်ကျနေပြီဖြစ်ရာ ရွှယ်အန်း​၏ တိုက်ခိုက်မှုသည် ဆာဗီးရပ်စ်​၏ အရိုးတစ်ခုလုံးကို ကျိုးကြေသွားစေသည်။ သို့သော်လည်း ဆာဗီးရပ်စ်​က ခုခံရန်ပင် မဝံ့ရဲဘဲ မြေပြင်ပေါ်သို့ လဲကျသွားကာ ရွှယ်အန်းကို ကြည်ညိုလေးစားစွာ မော့ကြည့်လိုက်သည်။

“အရှင်…”

"မင်းက ငါ့ကို သိတယ်လား" ရွှယ်အန်းသည် လေထုထဲတွင် ရပ်တန့်၍ ဆာဗီးရပ်စ်​ကို ကြည့်လိုက်သည်။

"ကျွန်တော်... ကျွန်တော် မြေအောက်ကမ္ဘာရဲ့ဘုရင်ဆီက အရှင့်အကြောင်း အရင်က ကြားဖူးပါတယ်"

ထိုအချိန်တွင် ဆာဗီးရပ်စ်​သည် နောင်တတရားများဖြင့် ပြည့်နှက်နေသည်။

‘ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ။ သူ ပျောက်နေတာ မဟုတ်ဘူးလား။ သူမှန်းသာ သိခဲ့ရင် ကြောက်လွန်းလို့ မလာရဲမှာတောင် မဟုတ်ဘူး’

မည်သို့ဆိုသော် ဤလူသည် ၎င်းတို့၏ မြေအောက်ကမ္ဘာ ဘုရင်ကပင် ဒူးထောက်၍ နှုတ်ဆက်ရသူဖြစ်သည်။ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် မင်း သေလို့ရပြီ"

ထိုစကား ပြောပြီးနောက် ရွှယ်အန်းက သူ၏လက်ညှိုးဖြင့် ညွှန်လိုက်သည်။ ကြောက်မက်ဖွယ်ဓားချီသည် ဆာဗီးရပ်စ်​၏ ခေါင်းသုံးခေါင်းကို ဖြတ်သန်းသွားရာ၊ ဆာဗီးရပ်စ်​က မတုံ့ပြန်မီတွင် နတ်ဆိုးစွမ်းအင်များ တိမ်တိုက်အဖြစ်သို့ ပြောင်းလဲ၍ ပျောက်ကွယ်သွားလေသည်။

အခန်း (၂၇၃) နတ်ဘုရားတွေကို တောက်လောင်စေတဲ့ မီးလျှံများရဲ့ အရသာကို ခင်ဗျားလည်း မြည်းစမ်းကြည့်လိုက်ပေါ့

ငရဲပြည်​၏ နတ်ဆိုးနတ်ဘုရားများအနက် တစ်ပါးဖြစ်သော ဆာဗီးရပ်စ်​သည် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ရွှယ်အန်းက ညနတ်ဆိုး ဧကရီ လှည့်လာ၍ ဘာသိဘာသာ ပြောလိုက်ငည်။

"ကဲ အခု ခင်ဗျား အလှည့်ရောက်ပြီ”

ရွှယ်အန်း၏အကြည့်ကို ခံစားလိုက်ရသဖြင့် ညနတ်ဆိုး ဧကရီသည် အလိုအလျောက် ခြေတစ်လှမ်းနောက်ဆုတ်သွားသည်။ သူမသည် အသိစိတ်ဝင်လာသည့်အချိန်မှ မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။

“ရှင့် ရဲ့ ကျင့်ကြံမှု အဆင့်က လောကီလူသားတွေကြားမှာ အင်အားကြီးမားတာကို ကျွန်မ ဝန်ခံတယ်၊ ဒါပေမယ့် ရှင် သေချာမသိသေတာတစ်ခုတော့ ရှိတယ်"

ညနတ်ဆိုး ဧကရီ၏ မျက်နှာပြင်တွင် ဘဝင်ခိုက်နေသော အကြည့်တစ်ခု ပေါ်ပေါက်လာသည်။

"ကျွန်မတို့ ညနတ်ဆိုးချိုင့်ဝှမ်းမှာ ရှိတဲ့ အကောင်းဆုံး လျှို့ဝှက်နည်းပညာနှစ်ခုက ဝိညာဉ် ဖမ်းစားခြင်းနှင့် စိတ်အာရုံခံမှုပဲ။ အခု သူ့ခန္ဓာကိုယ်ကို ကျွန်မ သိမ်းပိုက်ထားပြီ၊ ကျွန်မသာ ထွက်သွားဖို့ ဆန္ဒမရှိရင် ရှင့်မှာ ဘာနည်းလမ်းမရှိဘူး"

ရွှယ်အန်း၏ အကြည့်များက တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ စူးစိုက်နေသည်။ ညနတ်ဆိုး ဧကရီက ပို၍ပင် ကျေနပ်နေမိသည်။

"ဟီးဟီး အမှန်အတိုင်းပြောရရင် ဒီခန္ဓာကိုယ်ကို ကျွန်မက တော်တော်ကျေနပ်နေမိလို့ လုံးဝ ထွက်မသွားနိုင်ဘူး။ ဒါမှမဟုတ်ရင် ကျွန်မကို သတ်လိုက်ရင်ရော ဘယ်လိုလဲ။ ဟားဟား"

ညနတ်ဆိုး ဧကရီက ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ခင်ဗျားလည်း အမှားတစ်ခု လုပ်ထားတာပဲ"

"ဟမ်" ညနတ်ဆိုး ဧကရီသည် သူမ၏ ရယ်မောမှုကို ရပ်တန့်၍ ရွှယ်အန်းကို ရှုပ်ထွေးမှုများဖြင့် ကြည့်လိုက်သည်။

“ခင်ဗျားသူ့ဝိညာဉ်ကို မဖိနှိမ့်နိုင်ခဲ့တာ ဘာလို့လဲ မသိဘူးလား"

ညနတ်ဆိုး ဧကရီက ရုတ်တရက် ထိတ်လန့်သွား၍ စကားစပြောရတော့မည့်အချိန်တွင် ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီးနောက် စိတ်အာရုံဖြင့် ပြောလိုက်သည်။

"မြင်းမြီး၊ ငါ ဒီမှာ"

မြင်းမြီး။

၎င်းတို့ ကျောင်းတက်နေစဉ်တွင် ဖန်းမင်ရွှယ်က မြင်းမြီးကဲ့သို့ ဆံပင်စီးထားလေ့ရှိသည်။ ရွှယ်အန်းက သူမကို ဤအမည်ပြောင်မျိုး တိတ်တဆိတ် ပေးထားခဲ့သည်။ ဖန်းမင်ရွှယ်နှင့် ထန်ရွှမ်အာမှလွဲ၍ အခြားမည်သူမျှ ဤအမည်ပြောင်ကို မသိခဲ့ကြပေ။ ဤနာမည်ကိုကြားလိုက်သောအခါ ညနတ်ဆိုး ဧကရီက မထီမဲ့မြင်ပြုစွာ လှောင်ရယ်လိုက်သည်။

“ရယ်စရာကောင်းလိုက်တာ၊ နာမည်ခေါ်ရုံနဲ့ သူ့ကို နှိုးနိုင်မယ်လို့ ရှင် ထင်လား။ ရှင့်ကို လိုက်ပြောမယ်၊ သူ ဒီလို ငြင်းဆန်နေတာကြောင့် နတ်ဆိုးမီးလျှံနဲ့ နေ့တိုင်း သူ့ကို ညှဉ်းပန်းနှိပ်စက်ပစ်မယ်၊ သူ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်”

ရွှယ်အန်းသည် ညနတ်ဆိုး ဧကရီ၏ ကဲ့ရဲ့မှုကို လျစ်လျူရှု၍ တစ်စုံတစ်ခုကို စောင့်နေသကဲ့သို့ ငြိမ်သက်စွာ ရပ်နေသည်။ တစ်ချိန်တည်းမှာပင်

နာမ်လောကတွင် စိတ်အာရုံ သံကြိုးများဖြင့် ခိုင်မြဲစွာ ချည်နှောင်ခံထားရသော ဖန်းမင်ရွှယ်က ခေါင်းငိုက်စိုက်လျက် ရှိနေသည်။ သူမ၏ဝိညာဉ်သည် ကုသရန် မလွယ်ကူသည့် အလွန် ကြီးမားသော အမာရွတ်များရှိနေရာ၊ “ပွန်းပဲ့ ဒဏ်ရာများဖြင့် ဖုံးအုပ်နေခြင်း” ဟူသော ဝေါဟာရလျှင်ပင် ၎င်းအခြေအနေကို ဖော်ပြရန် မလုံလောက်တော့ပေ။

၎င်းသည် ကွဲကြေသွားသော ကြွေရုပ်တစ်ရုပ်ကို မသေသပ်စွာ ပြန်တွဲကပ်ထားသကဲ့သို့ ထင်မှတ်ရသည်။ ဤသို့ပြင်းထန်သော နာကျင်မှုမျိုးသည် သာမန်လူမျာစ​၏ စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။ ထို့အတွက်ကြောင့် ညနတ်ဆိုး ဧကရီက အဆက်မပြတ် ဒေါသထွက်စွာဖြင့် အံ့အားသင့်နေခြင်းဖြစ်သည်။

ဤသို့သော နာကျင်မှုမျိုးကို ခံနိုင်ရည်ရှိရန်အတွက် ဤမိန်းကလေး​၏ စိတ်ဆန္ဒသည် မည်မျှ ခိုင်မာနေခြင်းဖြစ်သနည်း။ ယခုအချိန်တွင် ရွှယ်အန်း၏ “မြင်းမြီး” အကြောင်းကို ဖော်ပြမှု ပြီးဆုံးသွားသည်နှင့် ဖန်းမင်ရွှယ်၏ ခန္ဓာကိုယ် တုန်လှုပ်သွား၍ သူမက ခေါင်းကို ဖြည်းညှင်းစွာ မော့လာခဲ့ရာ၊ သူမ၏ ငေးငိုင်းနေသော မျက်လုံးများသည်လည်း တဖြည်းဖြည်း အသက်ဝင်လာခဲ့သည်။

"နင်လား" ဖန်းမင်ရွှယ်က တီးတိုး ရေရွတ်လိုက်သည်။ ဖန်းမင်ရွှယ်၏ စကားများကို အာရုံရလိုက်သောအခါ ရွှယ်အန်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

'ထင်တဲ့အတိုင်း နင် ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ'

"စိတ်မပူနဲ့ နင့်ကိုကယ်ဖို့ ငါရောက်လာပြီ" ရွှယ်အန်းက နောက်ထပ် သတင်းတစ်ချို့ ထပ်ပို့လိုက်သည်။

ထိုအချိန်တွင် ဖန်းမင်ရွှယ်က ပြုံးလိုက်၍ သူမ၏ ဝိညာဉ်တစ်ခုလုံး ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ပူလောင်လာသည်။ သူမသည် သူမ​၏ ဝိညာဉ်စွမ်းအင်ကို လောင်မြိုက်နေခြင်းဖြစ်သည်။ ဤသည်မှာ စိတ်အာရုံ၏ သံကြိုးများမှ လွတ်မြောက်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

“ရှင်… ရှင် ဘာတွေလုပ်နေတာလဲ” ညနတ်ဆိုး ဧကရီသည် နာမ်လောကရှိ ကွဲလွဲမှုကို သတိပြုမိသွား၍ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထိုအချိန်၌ စိတ်အာရုံ သံကြိုးများ ပြင်းထန်စွာ လောင်ကျွမ်းခြင်းဖြင့် ဗလုံးဗထွေးသံများ ထွက်ပေါ်လာသည်။ ဖန်းမင်ရွှယ်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည့်အပြင် သူမ၏ ဝိညာဉ်စွမ်းအင်ကို လောင်ကျွမ်းပြီးနောက် ပို၍ပင် အားနည်းလာခဲ့သည်။ သို့သော်လည်း သူမကို ချုပ်နှောင်ရန် ရည်ရွယ်ထားသော ဝိညာဉ် အကျဉ်းထောင်ကို မကြောက်မရွံ့ ဖျက်ဆီးနေဆဲဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်သည် အေးခဲတောင့်တင်းသွား၍ သူမ၏ မျက်နှာတွင် ရုန်းကန်မှုများ ပြသလာသည်။ ဝိညာဉ် ပင်လယ်အတွင်း ရှိနေသော ညနတ်ဆိုး ဧကရီ၏ ဝိညာဉ်သည် ကြောက်ရွံ့မှုများဖြင့် အော်ဟစ်လိုက်သည်။

“မဖြစ်နိုင်ဘူး။ ဒီလို ဝိညာဉ်စွမ်းအင်ကို လောင်မြိုက်တာက ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုစလုံးကို ပျက်ပြားလိမ့်မယ်။ နင် မကြောက်ဘူးလား"

"ငါ ကြောက်တာပေါ့၊ ဒါပေမယ့် အခုသူရောက်နေပြီဆိုတော့ ငါ ဘာမှမကြောက်တော့ဘူး" ဖန်းမင်ရွှယ်က အေးစက်စက် လေသံဖြင့် ပြန်ဖြေလိုက်သည်။

စကားပြောနေစဉ်အတွင်း ဖန်းမင်ရွှယ်၏ဝိညာဉ်သည် အတူသေဆုံးရန် သန္နိဋ္ဌာန်ချထားသကဲ့သို့ ညနတ်ဆိုး ဧကရီကို တိုက်ရိုက် ချီတက်လာသည်။ ညနတ်ဆိုး ဧကရီသည် အလွန် ကြောက်လန့်သွားကာ ဖန်းမင်ရွှယ်နှင့် စတင် ရောယှက်သွားလေသည်။ သူမသည် ဝိညာဉ်ခွန်အားအရ ဖန်းမင်ရွှယ်ထက် အဆတစ်ထောင်မျှ သန်မာသူဖြစ်သည်။

သို့သော် ဖန်းမင်ရွှယ်သည် ဝိညာဉ်အစစ်အမှန်ဖြစ်သည့်အပြင် မကြောက်မရွံ့ ထင်ရာစိုင်းနေသောကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ညနတ်ဆိုး ဧကရီကို ခုခံရ ခက်ခဲစေခဲ့သည်။ ဤအရာအားလုံးကို ပြင်ပကမ္ဘာက မည်သူမျှ မသိခဲ့ကြဘဲ ဖန်းမင်ရွှယ်၏ မျက်နှာအရောင် အဖြူနှင့် အမည်းကြား ပြောင်းလဲနေကာ မသေချာမရေရာသော အမူအရာမျိုးဖြစ်နေခြင်းကိုသာ ၎င်းတို့ မြင်တွေ့လိုက်ရသည်။ ရွှယ်အန်းသည် ရှေ့သို့ လှမ်းလာ၍ လက်အမူအရာဖြင့် အမိန့်ပေးလိုက်သည်။

"လာ"

ဝိညာဉ် ပင်လယ်အတွင်းရှိသော ညနတ်ဆိုး ဧကရီသည် ကြီးမားသော စုပ်ယူမှုကို ခံစားလိုက်ရ၍ မအော်ဟစ်နိုင်မီတွင် ရွှယ်အန်းက သူမကို အတင်းဆွဲထုတ်လေသည်။ ရွှယ်အန်း၏ လက်ဖဝါးတွင် အနက်ရောင် မြူခိုးများ ပေါ်ပေါက်လာ၍ ညနတ်ဆိုး ဧကရီ၏ ထိတ်လန့်တုန်လှုပ်သော အသံ ထွက်ပေါ်လာသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှင့်မှာ ဘယ်လိုလုပ်ပြီး ဒီလောက် ပြင်းထန်တဲ့ စိတ်အာရုံမျိုးရှိနေတာလဲ"

“ကျုပ် ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူ။ ကဲ… ပြင်းထန် မီးလျှံနဲ့ လောင်ကျွမ်းတဲ့ ခံစားချက်ကို မြည်းစမ်းကြည့်လိုက်” ရွှယ်အန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။

ထိုစကားပြောနေစဉ် အဖြူရောင် မီးတောက်တစ်ခု ထွက်ပေါ်လာ၍ အနက်ရောင် မြူခိုးများကို ဖုံးအုပ်လိုက်ရာ၊ ညနတ်ဆိုး ဧကရီက ဆိုးရွားစွာ အော်ဟစ်လိုက်သည်။

"အား ရွှယ်အန်း၊ ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ ဒါက ကျွန်မရဲ့ ဝိညာဉ်အပိုင်းအစတွေထဲက တစ်ခုပဲ။ ရှင် ကျွန်မကို သတ်ရဲရင် ကျွန်မ မူရင်းခန္ဓာကိုယ်က ရှင့်ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး"

"စိတ်မပူပါနဲ့ ကျုပ်တို့ မကြာခင် ပြန်ဆုံရမှာပါ"

ညနတ်ဆိုးက ဧကရီအံ့ဩနေမိသည်။

'သူ ဘာကို ဆိုလိုချင်တာလဲ'

"ခင်ဗျားတို့အားလုံးက ခွန်းလွန်က မဟုတ်လား။ အချိန်တန်ရင် ခင်ဗျားရဲ့ ခွန်းလွန်ကို ကျုပ် ချေမှုန်းပြမယ်" ရွှယ်အန်းက ဆက်ပြောလိုက်သည်။

ဤသို့ဖြင့် အဖြူရောင် မီးလျှံက ပို၍ပင် ပြင်းထန်စွာ တောက်လောင်လာကာ ညနတ်ဆိုး ဧကရီ၏ နတ်ဆိုးဝိညာဉ်သည်လည်း ဆက်လက်၍ ဆိုးရွားစွာ ငိုကြွေးနေခဲ့သည်။ သို့သော်လည်း အသက်ရှူရှိုက်မှု အနည်းငယ်အကြာတွင် အရာအားလုံး တိတ်ဆိတ်သွားလေ​၏။

သူမသည် သူမ၏ ဝိညာဉ်များ ပြန့်ကျဲသွားသည်အထိ အမှန်တကယ် နှိပ်စက်ခံခဲ့ရသည်။ ထိုအချိန်တွင် ဖန်းမင်ရွှယ်က သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ရွှယ်အန်းက သူမကို အပြုံးဖြင့် ကြည့်လိုက်သည်။

"နင် ဒီရက်အတွင်း ပင်ပန်းသွားပြီ"

ဖန်းမင်ရွှယ်၏မျက်ရည်များ စီးကျလာသော်လည်း သူမသည် ပြုံးပြနိုင်ခဲ့သည်၊ ပြီးနောက် သူမ​၏ခန္ဓာကိုယ် အနည်းငယ်မျှ ယိမ်းယိုင်သွား၍ လဲကျလုနီးပါးဖြစ်သွားလေသည်။ ထိုနေ့ရက်များအတွင်း နှိပ်စက်ညှဉ်းပန်းမှုသည် သူမ၏ စိတ်ဝိညာဉ်ကို အလွန် အားနည်းစေခဲ့သည်။ သူမ၏ ဝိညာဉ်စွမ်းအင်ကို လောင်မြိုက်ခဲ့သောကြောင့် ယခုအခါ သူမ ခန္ဓာကိုယ်သည် ပင်ပန်း နွမ်းနယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ရွှယ်အန်းသည် သူ​၏လက်ကို ဝှေ့ယမ်းလိုက်ခြင်းဖြင့် နတ်ဆိုးဝိညာဉ်ကို လောင်မြိုက်ရာမှ ကျန်ရစ်ခဲ့သော သန့်စင်သည့် စိတ်အာရုံများကို သူမထံ ပို့ပေးလိုက်သည်။ ဤသည်မှာ ညနတ်ဆိုး ဧကရီ​၏ ဝိညာဉ် အသက်ဓာတ်များဖြစ်သောကြောင့် ဝိညာဉ်ကို များစွာအကျိုးပြုစေသော အရာဖြစ်သည်။

ထို့ကြောင့် ဖန်းမင်ရွှယ်၏မျက်နှာသည် ခဏအတွင်း နှင်းဆီရောင်သန်းလာခဲ့ရာ၊ အထူးသဖြင့် သူမ၏မျက်လုံးများတွင် လင်းလက်သော တောက်ပမှုတစ်ခု ရှိနေသည်။ သူမတွင် အစွမ်းထက်သော အရိပ်အမြွက်များပင် အနည်းငယ် ရှိနေပုံပေါ်သည်။ ရွှယ်အန်း အနည်းငယ် ပြုံးလိုက်သည်။ ပြီးနောက် တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေသော အရိုးမိစ္ဆာကို လှည့်ကြည့်၍ ပြောလိုက်သည်။

“အခုမှ ထွက်သွားနိုင်သေးတယ်လို့... ထင်နေတာလား”

အရိုးမိစ္ဆာ၏ ခန္ဓာတစ်ခုလုံး တောင့်တင်းလာပြီးနောက် မျက်နှာချိုသွေးသော အပြုံးတစ်ခုဖြင့် အနောက်လှည့်ကြည့်လာသည်။

“အရှင်... အရှင်ကြီး။ ဒါတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ အကုန်လုံးက အဲဒီ့ညနတ်ဆိုးရဲ့ အပြစ်တွေပါ”

“ကျွန်တော် အရှင်စေတန်၏ နာမည်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်၊ ကျွန်တော် တွန်းအားပေး ခံခဲ့ရတာကြောင့်ပါ” အရိုးမိစ္ဆာသည် ခံပြင်းမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ဖြောင့်မတ်စွာ ပြောလိုက်သည်။

ရွှယ်အန်းက ခါယမ်းလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"ဒါဆိုရင် လူငယ်ဇာစ်မြစ်ကရော"

အရိုးမိစ္ဆာ၏ အပြုံးများ အေးခဲသွား၍ သူ​၏မျက်ခွံများ အပြင်းအထန် လှုပ်ယမ်းလာသည်။

'ဒီလူက ဘယ်လိုပြီး အကုန်လုံးသိနေရတာလဲ'

All Chapters