အခန်း (၂၇၇-၂၇၉)
Vol. 19 Ch. 277-279
အခန်း (၂၇၇) စွဲမက်ဖွယ်ကောင်းသော အမျိုးသမီး
ထွားကျိုင်းသော အမျိုးသားသည် စကားပြောနေစဉ် သူ၏လက်ကို မြှောက်၍ ရိုက်ချလိုက်သည်။ ထိုအမျိုးသားသည် ခန္ဓာကိုယ် အရွယ်အစားကြီးမား၍ သူ၏ လက်ဖဝါးသည်လည်း ပန်ကာအရွယ်အစားခန့်ရှိနေသောကြောင့် ၎င်းနှင့်သာ ထိမိပါက အမျိုးသမီး၏ဦးခေါင်း ကွဲကြေသွားဖွယ်ရှိသည်။ လောင်ရှီသည် ထိတ်လန့်စွာ အော်ဟစ်သည်။
ထိုကဲ့သို့ ရိုက်နှက်မှုမျိုးနှင့် ကြုံတွေ့ရသော်လည်း ထိုအမျိုးသမီးသည် လုံးလုံးလျားလျား မတုန်မလှုပ်ဖြစ်နေသည့်အပြင် သူမ၏ ပါးစပ်ထောင့်များကို မထီမဲ့မြင်ပြုသော အရိပ်အမြွက်များဖြင့် ကွေးညွတ်၍ ထွားကျိုင်းသော အမျိုးသားကို အေးစက်စက် လျစ်လျူရှုမှုမျိုးဖြင့် ကြည့်နေလေသည်။ ထိုအချိန်တွင် ငွေရောင်မီးခြစ်တစ်ခုသည် အလင်းတန်းတစ်ခုကဲ့သို့ အနောက်မှ ပြေးဝင်လာ၍ ထွားကျိုင်းသော အမျိုးသား၏မျက်နှာကို ထိမှန်သွားသည်။
ဘုံး
ထိုအမျိုးသားသည် ဆင်တစ်ကောင်ဖြင့် တိုက်မိသကဲ့သို့ အနောက်သို့ တစ်ဟုန်းထိုး လွင့်ပျံသွားသည်။ သူသည် အဆုံးတွင် စားပွဲတစ်ခုဖြင့် ပိတ်ဆို့ခံရသည့်အချိန်မှ ရပ်တန့်သွား၍ သူ၏မျက်နှာတွင် ကြောက်မက်ဖွယ်အသွင်အပြင်တစ်ခု ပေါ်ပေါက်လာသည်။
သူ၏အရိုးများ ကျိုးသွားရုံသာမကဘဲ သူ၏သွားများသည်လည်း ကျွတ်ထွက်သွားလေသည်။ ဤသို့ဖြင့် ဘားတခုလုံးရှိလူများ နိုးကြားလာခဲ့သည်။ ကျန်ရှိနေသော ဆိုင်ကယ်ဂိုဏ်း၏ အဖွဲ့ဝင်များအားလုံး ရုတ်တရက် မတ်တပ်ထရပ်လိုက်ကြသည်။
"မိန်းမယုတ်၊ မင်းကများ ငါတို့ ဆိုင်ကယ်ဂိုဏ်းသားတစ်ယောက်ကို တိုက်ခိုက်ရဲရတယ်လို့"
အမျိုးသမီးသည် ၎င်းတို့ကို ဂရုမစိုက်ဘဲ ရွှယ်အန်းကို စိတ်ဝင်တစား လှည့်ကြည့်၍ လှပစွာ ပြုံးပြလျက် အနားသို့ ချဉ်းကပ်လာသည်။
“ကျေးဇူးတင်ပါတယ်”
ရွှယ်အန်းသည် ထိုအမျိုးသမီးကို လှည့်ကြည့်ပြီးသည့်နှင့် သူ၏ခေါင်းကို ပြန်ငုံ့၍ အမူမထားဘဲ ပြောလိုက်သည်။
"အသေးအမွှားကိစ္စပါ၊ ကျေးဇူးတင်စရာ မလိုပါဘူး"
ရွှယ်အန်း၏ အကြည့်များက သူမဆီ လွှမ်းခြုံလိုက်သောအခါ အမျိုးသမီးက တုန်လှုပ်မှုများ ခံစားလိုက်ရသည်။ ဤလူ၏ မျက်လုံးများသည် အောက်ခြေမရှိသော ရေကန်များကဲ့သို့ အလွန်နက်ရှိုင်းလှ၍ ၎င်းမျက်လုံးများ အတွင်းသို့ လဲပြိုကျမှုကို တွန်းလှန်ရန် မဖြစ်နိုင်ပေ။ ယခုအချိန်တွင် ဆိုင်ကယ်ဂိုဏ်း၏ အဖွဲ့ဝင်များက တိုက်ခိုက်သူများ သတိထားမိသွားကြသောကြောင့် ၎င်းတို့ကိုင်ဆောင်လာသော သေနတ်များကို ဆွဲထုတ်ကာ သူ့ဘက်သို့ ချီတက်လာကြသည်။
"ကောင်လေး၊ မင်းက ငါတို့ဆိုင်ကယ်ဂိုဏ်း အဖွဲ့ဝင်ကို တိုက်ခိုက်ရဲတယ်ဆိုတော့ မင်းက ရဲတင်းလှချည်လား"
စကားပြောနေစဉ်အတွင်း ၎င်းတို့၏ သေနတ်များအားလုံးကို ရွှယ်အန်းဒထံ ချိန်ရွယ်လိုက်ကြသည်။ ဤမြင်ကွင်းနှင့် ရင်ဆိုင်ရချိန်တွင် လောင်ရှီက အလွန်ထိတ်လန့်သွားသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီစွာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး မလုပ်ပါနဲ့၊ သူက စိတ်မြန်လက်မြန်နဲ့ မစဉ်းစားဘဲ လုပ်လိုက်မိတာပါ..."
"မင်း ပါးစပ်ကို ပိတ်ထားလိုက် အရူးကြီး၊ လမ်းလာ မပိတ်နဲ့" ဂိုဏ်းသားတစ်ဦးသည် ဆူပူကြိမ်းမောင်းပြီးနောက် ရွှယ်အန်းနှင့် အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။
"ဟာ ကောင်မလေးကို ကယ်တင်တဲ့ သူရဲကောင်းကြီး ဖြစ်ချင်တယ်ပေါ့လေ။ ကောင်းပြီ၊ သူတို့ နှစ်ယောက်လုံး ခေါ်လာခဲ့။ ဒီညတော့ ဒီကောင်ရှေ့မှာ ဒီမိန်းမနဲ့ ပျော်ကြမယ်” အမာရွတ်ရှိသော အမျိုးသားက ဖျက်လိုဖျက်ဆီးဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ အမျိုးသမီး၏ မျက်လုံးများ အေးစက်သွားသော်လည်း သူမသည် မည်သည့်စကားမျှ ပြန်မပြောဘဲ ရွှယ်အန်းကို လှည့်ကြည့်လိုက်သည်။ ရွှယ်အန်း၏ မျက်ခုံးများ အနည်းငယ် တွန့်တက်လာပြီးနောက် ပြင်းထန်စွာ အမိန့်ပေးလိုက်သည်။
"ထွက်သွား"
ဤစကားလုံးသည် အခြားလူများအတွက် သာမန်မျှသာထင်ရသော်လည်း ဆိုင်ကယ်ဂိုဏ်းသားများအတွက်မူ မိုးခြိမ်းသံတစ်ခု ပေါက်ကွဲထွက်သကဲ့သို့ ၎င်းတို့၏ နားစည်ကွဲထွက်သွားစေသည်။ ၎င်းတို့အနက် လူတစ်ဦးက အလွန် ထိတ်လန့်သွားသောကြောင့် လဲကျ၍ ပွဲချင်းပြီး သေဆုံးသွားလေသည်။ ထိုအချိန်တွင် ကျန်ရှိနေသော ဆိုင်ကယ်ဂိုဏ်း၏ အဖွဲ့ဝင်များသည် စိတ်အာရုံ ပျက်ပြားစွာဖြင့် တံခါးဆီသို့ အလျင်အမြန် ထွက်ပြေးနေကြစဉ် အနောက်လှည့်ကြည့်၍ လှောင်ပြောင်လိုက်သည်။
“ကောင်လေး၊ မင်းက ဘယ်ဆိုးလိုလဲ။ မင်းမှာ တကယ်သတ္တိရင် ဒီမှာစောင့်နေ"
ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။
"ကောင်းပြီ ကျုပ် ခင်ဗျားကို ဆယ်မိနစ် ပေးမယ်"
ဂိုဏ်းအဖွဲ့ဝင်များ ထိတ်လန့်တကြား ထွက်ပြေးသွားပြီးနောက် ဘားအတွင်းရှိ အခြားသော ဧည့်သည်များက အချင်းချင်း အကြည့်ချင်းဖလှယ်၍ တိတ်တဆိတ် ထထွက်သွားကြသည်။ ၎င်းတို့သည် ဒုစရိုက်မြို့တော်တွင် နေထိုင်သူများအနေဖြင့် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မကြာခဏ မြင်တွေ့ခဲ့ကြသည်။ ထွက်ခွာသွားသူများသည် စစ်ကူများဖြင့် ဧကန်မုချ ပြန်လာမည်ဖြစ်ကြောင်း ၎င်းတို့ သိထားကြသောကြောင့် ဤဘားသည် မကြာမီ သွေးထွက်သံယို မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ လောင်ရှီသည် ကြောက်လန့်တကြား ဖြူဖျော့သွားပြီးနောက် ခြေစောင့်၍ သက်ပြင်းချလိုက်သည်။
“မင်း… မင်း… ဟာ စကားပြောနေဖို့ အချိန်မရှိဘူး။ မြန်မြန်သွား နောက်တံခါးကနေ ထွက်သွားတော့ ဒါမှမဟုတ်ရင် ဆိုင်ကယ်ဂိုဏ်းသားတွေ ပြန်လာတဲ့အခါ မင်းသွားချင်ရင်တောင် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”
ရွှယ်အန်းက ရယ်မော၍ ခေါင်းယမ်းလိုက်သည်။
“ထွက်သွားရမယ်လား၊ ကျုပ်က ဘာလို့ ထွက်သွားရမှာလဲ"
လောင်ရှီသည် မျက်လုံးများ ပြူးကျယ်သွားကာ အဆုံးတွင် အခြေအနေကို လက်ခံလိုက်သည့် ဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
“ကောင်းပြီ၊ မင်းက ပြဿနာကို တောင်းဆိုနေတာပဲ။ မင်းမထွက်သွားရင်လည်းနေ ငါ့ဘာသာ ပုန်းဖို့ နေရာရှာတာပဲ ပိုကောင်းမယ်"
ဤသို့ဖြင့် လောင်ရှီက နောက်ဖေးခန်းသို့ ပြေးသွား၍ သံတံခါးကို တင်းကျပ်စွာ သော့ခတ်လိုက်သည်။ ယခုအချိန် အမျိုးသမီးအပြင် ရွှယ်အန်းနှင့် အရိုးမိစ္ဆာတို့သာ ဘားထဲ၌ ကျန်ရစ်တော့သည်။ အရိုးမိစ္ဆာသည် မြောက်မြားစွာသော မြင်ကွင်းမျိုးစုံကို မြင်တွေ့ခဲ့ရသောကြောင့် ဤအခြေအနေနှင့်ပတ်သက်၍ ဂရုစိုက်ခြင်းမရှိပေ။ တစ်ဖက်တွင်မူ ထိုအမျိုးသမီးသည်လည်း သိသိသာသာ တည်ငြိမ်နေပုံရ၍ နံဘေးတွင်ပင် ထိုင်ချကာ ရွှယ်အန်းကို အံ့အားသင့်နေသေယ အရိပ်အမြွက်များဖြင့် စိုက်ကြည့်နေသည်။
"ရှင် မကြောက်ဘူးလား" အမျိုးသမီးက တီးတိုး မေးလိုက်သည်။
သူမသည် ဤတစ်ကြိမ်တွင် စံနှုန်းမှီသော မန်ဒရင်းဘာသာဖြင့် ပြောလိုက်သည်။ ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဒါဖြင့်ရင် မင်းကရော ဘာလို့မကြောက်တာလဲ"
အမျိုးသမီးက သူ့လက်ကို ဖြန့်၍ ပခုံးတွန့်လိုက်သည်။
“ကျွန်မက ဒီလိုမြင်ကွင်းမျိုးနဲ့ ကြုံဖူးလို့လေ။ အလွန်ဆုံးရှိမှ သူတို့ ကျွန်မကို ပြန်ခေါ်သွားရုံပဲ၊ဒါပေမယ့် ရှင်ကတော့ တကယ် သေသွားနိုင်တယ်"
ရွှယ်အန်းက ရယ်မောပြီးနောက် မည်သည့်စကားမျှ ပြန်မပြောဘဲ သူ၏အရက်ကိုသာ ဆက်သောက်လိုက်သည်။
“အမှန်အတိုင်းပြော ရှင်က ကျွန်မကို လိုက်ဖို့ ကြိုးစားနေတာလား” အမျိုးသမီးက ရွှယ်အန်းကို စိတ်ဝင်တစားကြည့်နေရာမှ ရုတ်တရက် အနားတိုး၍ မေးလိုက်သည်။ ထိုစကားကိုကြားသောအခါ ရွှယ်အန်းက သောက်လက်စ အရက်များ ပြန်ထွက်လာလုနီးပါးဖြစ်သွားခဲ့ရာ၊ ချောင်းဟန့်၍ ခေါင်းယမ်းလိုက်သည်။
"ဒါဆို ရှင် ကျွန်မကို ဘာလို့ကူညီတာလဲ။ ခုနက ကိစ္စတွေက ရှင်နဲ့မှ မဆိုင်တာ" အမျိုးသမီးက စူးစမ်းစွာ မေးလိုက်သည်။
"လူတစ်ယောက်ကို ကူညီဖို့ အကြောင်းပြချက် လိုအပ်သေးတယ်လား" ရွှယ်အန်းက ပြန်ပြောသည်။
"မလိုဘူးလား" အမျိုးသမီးက မေးလိုက်သည်။
"မလိုဘူး ဒါပေမယ့် မင်းဘက်က အကြောင်းပြချက် တကယ်လိုအပ်တယ်ဆိုရင်တော့ မင်း ဟွာရှားကမို့လို့ ဖြစ်နိုင်တယ်" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
အမျိုးသမီးသည် ရှားပါးတိရိစ္ဆာန်တစ်ကောင်ကို ကြည့်နေရသကဲ့သို့ ရွှယ်အန်းကို စိုက်ကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။
"မင်းက ဒုစရိုက်မြို့တော်က လူ မဟုတ်တာ သေချာတယ်"
"အိုး ဘာလို့မဟုတ်ရတာလဲ"
“ဘာလို့လဲဆိုတော့ ဒုစရိုက်မြို့တော်ကလူတွေက ဒီလိုမျိုး ပြုမူမှာမဟုတ်ဘူး။ ဒီကလူတွေက ဟိုကောင်တွေ ငါ့ကို ခေါ်သွားတာကို စောင့်ကြည့်ပြီး နောက်မှာကျန်ခဲ့သမျှကို လိုက်ကောက်ဖိုပဲ"
ဤသို့ပြောပြီးနောက် အမျိုးသမီးက သက်ပြင်းချ၍ သူမ၏ဖန်ခွက်ကို မြှောက်လိုက်သည်။
“ရှင်ရဲ့ သောက်ကျိုးနည်း စေတနာအတွက် ကျွန်မ တစ်ခွက်ချီးမြှင့်ပါတယ်”
ရွှယ်အန်းသည်လည်း ပြုံး၍ သူ၏ဖန်ခွက်ကို မော့ချလိုက်သည်။ အရက်သောက်ပြီးသည်နှင့်အမျှ အမျိုးသမီး၏မျက်လုံးများ အနည်းငယ် မှုန်ဝါးလာကာ ရွှယ်အန်း နံဘေးသို့ မှီလျက် ပြောလိုက်သည်။
"ရှင်... ခဏနေလို့ မသေဘူးဆိုရင် ကျွန်မ ရှင်နဲ့ တစ်ညနေပေးလို့ရတယ်။ စိတ်မပူပါနဲ့ ကျွန်မ ပေးမှာပါ”
ရွှယ်အန်းက အနည်းငယ် ထိတ်လန့်သွားပြီးနောက် ခေါင်းခါလိုက်သည်။
"ဘာလဲ ကျွန်မက ညစ်ပတ်တယ်လို့ ထင်လို့လား" အမျိုးသမီး၏ မျက်နှာအမူအရာ အေးစက်သွားသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အဲ့လို မဟုတ်ပါဘူး၊ ကျုပ်မှာ မိန်းမရှိတယ်"
ဤအခိုက်အတန့်တွင် အရိုးမိစ္ဆာက ရယ်မော၍ ဝင်ပြောလာသည်။
"ဟုတ်တယ်။ ကျုပ်တို့သူဌေးရဲ့မိန်းမက သာမာန်မိန်းကလေးတွေနဲ့ လုံးမတူဘဲ လုံးဝ အလန်းစား"
ပြီးနောက် အရိုးမိစ္ဆာက ရွှယ်အန်းဘက်သို့ လှည့်လာ၍ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဘယ်လိုလဲ သူဌေး ကျွန်တော့်ရဲ့ မန်ဒရင်းက မဆိုးဘူး မဟုတ်လား”
အမျိုးသမီးက ထိတ်လန့်သွားသည်။
'သူက အိမ်ထောင်ကျနေပြီလား'
အမျိုးသမီး၏ အကြည့်သည် တဖျပ်ဖျပ် လှုပ်ခတ်သွား၍ အတွေးထဲတွင် လွင့်မျောသွားပုံပေါ်သည်။ ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသော ဆိုင်ကယ်သံများ ထွက်ပေါ်လာသည်။ ပြီးနောက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
“ဒီနေရာပါ၊ ကျုပ်တို့ ညီအစ်ကိုတွေ ဒီမှာ သေသွားတာပါ"
ဤသို့ဖြင့် တင်းပုတ်များ ကိုင်ဆောင်ထားသောလူများက ဘား၏မှန်များကို ရိုက်ခွဲလိုက်ရာ တံခါးသညိလည်း တစ်ချက်တည်းဖြင့် ပွင့်ထွက်သွားသည်။ ဆိုင်ကယ်သမား တစ်စုက တစ်ဦးပြီး တစ်ဦး ဝင်ရောက်လာသည်။ ဤထွားကြိုင်းသော အမျိုးသားများသည် ခေါင်းများ ရိတ်ထား၍ သားရေအကျီ ၀တ်ဆင်ထားကာ ခက်ထန်သော မျက်နှာအမူအရာမျိုးဖြင့် သေနတ်မျိုးစုံကို ကိုင်ဆောင်ထားကြသည်။ ထိုကဲ့သို့ အင်အားပြမှုသည် အရိုးမိစ္ဆာကိုပင် ခေတ္တမျှ အံ့ဩသွားစေသောကြောင့် သူက တိတ်တဆိတ် ရေရွတ်လိုက်သည်။
"ချီးပဲ၊ ဒီဆိုင်ကယ်ဂိုဏ်းနဲ့ မတွေ့ရတာ ဘယ်လောက် မကြာသေးတာကို ဒီကောင်တွေက တော်တော်လေး အင်အားကြီးလာပြီလား"
ထိုအချိန်တွင် ရင်ဘတ်ဗလာနှင့် ခန္ဓာကိုယ်အနှံ့တွင် အမာရွတ်များရှိနေသော လူထွားကြီးတစ်ဦး ဖြည်းညှင်းစွာ လျှောက်သွားနိုင်ရန်အတွက် လူအုပ်ကြီးက လူစုခွဲ၍ လမ်းဖယ်ပေးလိုက်ကြသည်။
အခန်း (၂၇၈) အဆိပ်ပြင်းသော ကင်းမြီးကောက်ဘုရင်မ
"ကျုပ်တို့အစ်ကိုတွေကို သတ်ခဲ့တာ ဒီလူပါ ခေါင်းဆောင်" ကနဦး ထွက်ပြေးသွားသော ဆိုင်ကယ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးက ရွှယ်အန်းကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
ကြွက်သားများဖြင့် ထွားကျိုင်းလှသော အမျိုးသားသည် မထီမဲ့မြင်ပြုစွာဖြင့် ဘေးနားတွင်ရပ်နေသော အမျိုးသမီးဆီသို့ လှည့်ကြည့်လိုက်သည်။ သူမ၏ ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကြောင့် ထိုအမျိုးသား၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပေါ်ပေါက်လာသည်။ အထူးသဖြင့် အမျိုးသမီး၏ ရှည်လျားဖြောင့်စင်းသော ခြေတံများကို မြင်ပြီးနောက် သူ၏မျက်နှာတွင် ရဲတင်းသော ရမက်လောဘဇောများ ပြည့်နှက်လာသည်။
"ဟားဟား၊ ဒီမိန်းမက မဆိုးဘူးပဲ" ထိုအမျိုးသားသည် စကားပြောတေစဉ် သရေများယိုနေလေသည်။
"ခေါင်းဆောင်၊ သူ့ကို ကျုပ်တို့နဲ့အတူ ပြန်ခေါ်သွားကြရင် ဘယ်လိုလဲ"
"ဒါပေါ့" ထွားကျိုင်းသော အမျိုးသားက ထိုသို့ ပြောလိုက်ပြီးနောက် ရွှယ်အန်းကို လက်ညှိုးထိုးလိုက်သည်။
"ဒါပေမယ့် ကျုပ်တို့ သူ့ကိုတော့ သတ်ရမယ်"
ဆိုင်ကယ်ဂိုဏ်းသားများက ၎င်းတို့၏သေနတ်များကို ရွှယ်အန်းဆီ ချိန်ရွယ်လိုက်သည်။ တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်တော့မည့်ပုံပေါ်သည်၊ ပြီးနောက် အမျိုးသမီးက ရုတ်တရက် ထပြောလိုက်သည်။
"တော်သင့်ပြီ"
အားလုံးက အနည်းငယ် အံ့ဩသွားချိန်တွင် အမျိုးသမီးက ရွှယ်အန်းကို ပြုံးပြလိုက်ခြင်းကို မြင်တွေ့လိုက်ရသည်။
"ရှင်က လူကောင်းတစ်ယောက်ပါ၊ ဒါပေမယ့် ဒီမြို့မှာ ကြင်နာမှုက အပြစ်တစ်ခုပဲ"
ပြီးနောက် သူမက ခေါင်းမော့၍ ထွားကျိုင်းသော ပြောလိုက်သည်။
“ရှင် ကျွန်မကို လိုချင်တာ မဟုတ်လား။ ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်"
ထွားကျိုင်းသော အမျိုးသားက ခေတ္တ အံ့အားသင့်သွားပြီးနောက် လှောင်ရယ်လိုက်သည်။
“မင်းက သိတတ်သားပဲ၊ ဒါပေမယ့် ကျုပ်တို့ ညီအစ်ကိုတွေကို သူ သတ်ထားတဲ့ ကိစ္စကိုရော ဘယ်လို ဖြေရှင်းကြမလဲ”
"ကျွန်မ သူ့အတွက် အဆင်ပြေပေးတယ်" အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပြီ။ ကျုပ် သဘောတူတယ်။ သွားကြရအောင်" ထွားကျိုင်းသော အမျိုးသားက အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။
သူသည် တုံးအသူမဟုတ်ပေ၊ ရွှယ်အန်းက သူ၏လူများကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပုံအရ သူသည် စွမ်းဆောင်နိုင်သူဖြစ်ကြောင်း သိသာထင်ရှားသည်။ ယခုအခါ ဤအမျိုးသမီးက သူ့အနောက်သို့ အလိုအလျောက် လိုက်လာချင်နေပြီဖြစ်သောကြောင့် သေဆုံးသွားသူတချို့အတွက် မည်သို့ကြောင့် ပြဿနာရှာရန် ကြိုးစားမည်နည်း။ အဆုံးတွင် ဒုစရိုက်မြို့တော်၌ အခြားသော ပြတ်လပ်မှုများ ရှိကောင်းရှိနိုင်သော်လည်း လူသေများက မပြတ်လပ်ခြင်းမရှိပေ။
"ကျွန်မ ဝမ်စီနန်ပါ၊ တွေ့ရတာဝမ်းသာပါတယ်" ထိုအချိန်တွင် အမျိုးသမီးက ချဉ်းကပ်လာ၍ ရွှယ်အန်း၏ နားထဲတွင် တီးတိုး ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သူမ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်ပေါက်လာ၍ မတ်တပ်ထရပ်ပြီးနောက် ဆိုင်ကယ်ဂိုဏ်းသားများနှင့်အတူ ထွက်ခွာသွားလေသည်။ ရွှယ်အန်းသည် ၎င်းတို့၏ နောက်ကျော ပုံရိပ်များကို စိုက်ကြည့်နေခဲ့ရာ၊ လျှို့ဝှက်နက်နဲသော အတွေးများဖြင့် သူ၏အကြည့်များ တဖျပ်ဖျပ် လှုပ်ခပ်နေသည်။ အရိုးမိစ္ဆာက အနည်းငယ် ပြုံးလိုက်သည်။
"အရှင်၊ ဒုစရိုက်မြို့တော်မြို့က အမျိုးသမီးတွေ ဒီကိစ္စတွေကို ဂရုမစိုက်ပါဘူး။ ပြီးတော့ သူပြောတာလည်း မှန်တယ်။ ဒီနေရာမှာ ကြင်နာမှု အကြီးမားဆုံး အပြစ်မျိုးပဲ”
ရွှယ်အန်းက မည်သည့် စကားမျှ မပြောဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အချိန်တစ်ခုအကြာတွင် လောင်ရှီသည် နောက်တံခါးဆီမှ သတိကြီးစွာ ချောင်းကြည့်နေသည်။
"ထွက်သွားကြပြီလား"
“အဘိုးကြီး၊ ခင်ဗျားက အတော်လည်း သတ္တိကြောင်တာပဲ။ အကုန်လုံး ပြန်သွားပါပြီ" အရိုးမိစ္ဆာက ရယ်မော၍ ရေရွတ်လိုက်သည်။ စိတ်သက်သာရာရသွားသော လောင်ရှီသည် နောက်ဆုံးတွင် အပြင်သို့ ထွက်လာခဲ့သည်။
"ငါသာ ဒီလောက် သတ္တိမကြောင်ရင် သေတာကြာပြီ"
ရွှယ်အန်းက မတ်တပ်ထရပ်လိုက်သည်။
"သွားရအောင်။ အိပ်ချိန်ရောက်ပြီ"
ဤသို့ဖြင့် ရွှယ်အန်းက အပေါ်ထပ်သို့ တက်သွားသည်။
"ဘော်ဒါကြီး၊ သူက ဘာဖြစ်နေတာလဲ။ သေခြင်းကနေ လွတ်ရုံလေး လွတ်လာတာတောင် သူ့ပုံစံကြည့်ရတာ မပျော်သလိုပဲ" လောင်ရှီက အရိုးမိစ္ဆာကို မေးလိုက်သည်။
အရိုးမိစ္ဆာက သူ၏အရက်ခွက်ကို မေ့ချပြီးနောက် အနည်းငယ် ပြုံးလိုက်သည်။
"အသက်ရှင်လျက် လွတ်မြောက်သွားလို့ ကံကောင်းတယ်လို့ ခံစားရမှာက ဟိုကောင်တွေ။ ကဲပါ ကျုပ်လည်း အိပ်တော့မယ်" ဤသို့ပြောပြီးနောက် အရိုးမိစ္ဆာသည်လည်း ထ၍ ထွက်သွားလေသည်။
ရွှယ်အန်းက တတိယထပ်ရှိ အခန်းသို့ ပြန်တက်လာချိန်တွင် သူ၏သမီးနှစ်ယောက်က အိပ်ပျော်နေပြီဖြစ်၍ အန်းယန်က အိပ်ယာပေါ်တွင် လဲလျောင်းလျက် ဖုန်းနှင့်ဆော့ကစားနေဆဲဖြစ်သည်။ ရွှယ်အန်းက ဝင်ရောက်လာသည်ကိုမြင်သောအခါ သူမက ထထိုင်လိုက်သည်။
"ဘာလို့ မအိပ်သေးတာလဲ" ရွှယ်အန်းက မေးလိုက်သည်။
“အိပ်လို့မရဘူး။ ခုနက အောက်ထပ်မှာ ဘာတွေဖြစ်နေတာလဲ ဆူညံနေတာပဲ"
"ဘာမှမဟုတ်ပါဘူး။ အရက်အလွန်အကျွံသောက်ပြီး မူးနေတဲ့ လူတွေပါ" ရွှယ်အန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
အန်းယန်က ခေါင်းညိတ်ပြလိုက်သည်။ ရွှယ်အန်းက အိပ်ရာပေါ်သို့ လဲလျောင်းလိုက်ပြီးနောက် အန်းယန်က သူ၏ခါးကို ပွေ့ဖက်၍ သူမ၏ ဦးခေါင်းကို ရင်ခွင်ထဲ တိုးဝှေ့လိုက်သည်။
“ယောက်ျား…”
"ဟမ်"
"ကျွန်မ ခုနကမှ မင်ရွှယ်နဲ့ ဗီဒီယိုကော ပြောနေတာ"
“ဪ"
"သူမနဲ့ ဟန်ယောင်တို့ ဥရောပကိုသွားပြီး ရုပ်ရှင်သွားရိုက်ကြတယ်တဲ့"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံး၍ မည်သည့်စကားမျှ မပြောခဲ့ပေ။ ညနတ်ဆိုး ဧကရီကိုသတ်ပြီးနောက် ဟန်ယောင်ကို ဝင်ပူးထားခဲ့သော နတ်ဝိဉာဉ်သာ်လည်း တိမ်တိုက်များ မီးခိုးများ တိမ်များကဲ့သို့ လွင့်စင်သွားခဲ့သည်။ ရွှယ်အန်းနှင့် အန်းယန် မထွက်ခွာမီတွင် ဖန်းမင်ရွှယ်က ဟန်ယောင်ကို ခေါ်ဆောင်၍ ထွက်ခွာသွားပြီဖြစ်သည်။
သူမသည် ထွက်ခွာစဉ်အချိန်တွင်လည်း မည်သည့်စကားမျှ မပြောခဲ့ပေ။ ယခုမူ အန်းယန်၏ စကားကို နားထောင်မှုအရ သူမသည် ရုပ်ရှင်ရိုက်ကူးရန်အတွက် ဥရောပသို့ ထွက်ခွာသွားပုံပေါ်သည်။ ထိုကိစ္စကို စဉ်းစားနေသော ရွှယ်အန်းက သက်ပြင်းချလိုက်သည်။ ဖန်းမင်ရွှယ်သည် သူ့ကို တတ်နိုင်သမျှ ရှောင်တိမ်းနေကြောင်းဖြစ်ကြောင်း သူနားလည်သည်။
"ကောင်းပြီ အိပ်ရအောင်" ရွှယ်အန်းသည် ထိုအတွေးများကို ရပ်တန့်ပြီးနောက် အန်းယန်ကို လှည့်၍ ပွေ့ဖက်ကာ သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ အန်းယန်၏ ခန္ဓာကိုယ်ပေါ်ရှိ သင်းပျံ့သော ရနံ့သည် ရွှယ်အန်း၏ နှလုံးသားကို တဖြည်းဖြည်း ငြိမ်သက်သွားစေသည်။
အပြင်ဘက်တွင် လေပြင်းများ စတင်တိုက်ခတ်လိုက်သည်။ ဝမ်စီနန်သည် ထွားကျိုင်းသော အမျိုးသား၏ ဆိုင်ကယ် အနောက်ခုံတွင် အသာတကြည် ထိုင်လျက် ၎င်းတို့၏ အခြေစိုက်နေရာသို့ ပြန်လိုက်သွားခဲ့သည်။ ၎င်းသည် စွန့်ပစ်ထားသော စက်ရုံတစ်ခုဖြစ်သော်လည်း ဤဆိုင်ကယ်ဂိုဏ်းသားများက ၎င်းတို့၏ အခြေစိုက်နယ်မြေအဖြစ် ပြောင်းလဲခဲ့ကြသည်။
ဆိုက်ကယ်ပေါ်မှ ဆင်းပြီးသည်နှင့် ထိုနေရာတွင် ရပ်ထားသော ဆိုင်ကယ်သမားများက ၎င်းတို့ကို နှုတ်ဆက်ရန် ထွက်လာကြသည်။ သို့သော် ၎င်းတို့၏ မျက်လုံးက ဝမ်စီနန်ကို စူးစိုက်စွာ ကြည့်နေကြသည်။ ထွားကျိုင်းသော အမျိုးသားက ဝမ်စီနန်ကို ဂုဏ်ယူစွာ ပြုံးပြလိုက်သည်။
"ကောင်မလေး၊ မင်းက သိတတ်တဲ့လူမို့လို့ ငါ မင်းကို မသတ်ဘူး၊ ဒါပေမယ့် ဒီညက မင်းအတွက် သေချာပေါက် မမေ့နိုင်တဲ့ညတစ်ညဖြစ်စေရမယ်"
ထိုစကားကိုကြားသည်နှင့် ထိုအမျိုးသား၏ နောက်လိုက်များက ရယ်မောလိုက်ကြသည်။ လူထွားကြီး၏ စကားကို ကြားသောအခါ ဝမ်စီနန်၏ မျက်နှာတွင် မရေရာသော အပြုံးတစ်ခု ပေါ်လာ၍ သူမက အေးစက်စွာ ပြောလိုက်သည်။
"ကံဆိုးတာက ရှင် ကျွန်မကို သတ်ဖို့ မစီစဉ်ထားပေမယ့် ကျွန်မက ရှင့်ကို လွှတ်ပေးမှာ မဟုတ်ဘူး"
ဝမ်စီနန်၏ စကားများသည် ဆိုင်ကယ်ဂိုဏ်းသားများက အံ့ဩသွားပြီးနောက် ခဏအကြာတွင် ရုန်းရင်းဆန်ခတ်များ စတင်ဖြစ်ပေါ်လာသည်။
"သေစမ်း၊ ဒီမိန်းမ ရူးသွားပြီလား"
"ခေါင်းဆောင်၊ ကျုပ်တို့ သူ့ကို အရင်ဆုံး သင်ခန်းစာပေးလိုက်ရမလား"
ထွားကျိုင်းသော အမျိုးသား၏ မျက်နှာအမူအရာ မည်းမှောင်သွားသည်။
“ကောင်းပြီ၊ ဒါပေမယ့် ငါ့ကို ဘယ်လို လွှတ်မပေးဖို့ စိတ်ကူးထားလဲဆိုတာ သိချင်မိသား”
ဝမ်စီနန်က ခပ်ဖျော့ဖျော့ ပြုံးပြပြီးနောက် ထွားကျိုင်းသော အမျိုးသား၏ နားထဲသို့ တစ်စုံတစ်ခုကို တီးတိုးပြောသည်။ ထွားကျိုင်းသော အမျိုးသား၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွား၍ သူ၏ယခင်က ဘဝင်ခိုက်မှုနှင့် မောက်မာမှုများ မရှိတော့ပေ။ ထိုအမျိုးသား၏မျက်နှာအမူအရာ ဖြူဖျော့သွား၍ သူသည် ဝမ်စီနန်ကို ထိတ်လန့်နေသော အကြည့်များဖြင့် ကြည့်နေလေသည်။
“မင်း…မင်း…” သူသည် အလွန်ထိတ်လန့်သွားသောကြောင့် သူ၏စကားကိုပင် ပြီးဆုံးအောင် မပြောနိုင်ပေ။
ဤမြင်ကွင်းသည် တခြားသော ဆိုင်ကယ်ဂိုဏ်ူသားများကို အံသြသွားစေသည်။ ခေါင်းဆောင်သည် မကြာသေးမီက ပုံမှန်သာဖြစ်သော်လည်း မည်သို့ကြောင့် ရုတ်တရက် ပြောင်းလဲသွားခြင်းဖြစ်သနည်း။ ထိုအချိန်တွင် သန်မာသော အမျိုးသားက အမျိုးသမီး၏ခြေရင်း၌ ဒူးထောက်ချလိုက်ရာ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေလေသည်။
“အခု ကြောက်နေပြီလား။ ဆိုးလိုက်တာ အရမ်းနောက်ကျသွားပြီ" ဝမ်စီနန်က အမူအရာကင်းမဲ့သော မျက်နှာဖြင့် ညင်သာစွာ ပြောလိုက်သည်။
သူမ၏စကားသံ ပြီးဆုံးသွားသည်နှင့်ပတ်ဝန်းကျင်ရှိ အမှောင်ထုမှ ရာနှင့်ချီသော အနက်ရောင်ဝတ် အမျိုးသမီးများ ထွက်ပေါ်လာသည်။ ၎င်းတို့လက်ထဲတွင် ကျောရိုးထဲသို့ အေးစိမ့်သွားစေသော သေနတ်ကြီးများ ရှိနေသည်။ ဝမ်စီနန်ကို ပြန်ကြည့်လိုက်ချိန်တွင် သူမ၏မျက်နှာတွင် မည်သည့်အချိန်က မျက်နှာဖုံးတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သနည်း။
ကြောက်မက်ဖွယ် မြွေမျက်နှာဖုံး၌ မြွေ၏ပါးစပ်က အနီရောင် ကင်းမြီးကောက်တစ်ကောင်ကို ကိုက်ခဲထားသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆိုင်ကယ်ဂိုဏ်းသားများအားလုံး ထိတ်လန့်သွားကြရာ၊ တစ်စုံတစ်ယောက် အော်ဟစ်လိုက်ကြသည်။
"ကင်းမြီးကောက် ဘုရင်မပဲ"
ဤနာမည်သည် လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေသည်။ မည်သို့ဆိုသော် သူမသည် ဒုစရိုက်မြို့တော်တွင် လျှို့ဝှက်ဆန်းကြယ်၍ ကြောက်မက်ဖွယ်အကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကင်းမြီးကောက် ဘုရင်မဖြစ်သည်။
သူမသည် မရေတွက်နိုင်သော မျက်နှာများ ရှိနေသကဲ့သို့ သူမ၏ မျက်နှာအစစ်အမှန်ကို မည်သူမျှ မမြင်ဖူးကြပေ။ သို့သော်လည်း လူအအများရှေ့တွင် သူမ ပေါ်ပေါက်လာသည့်အချိန်တိုင်း ကြောက်မက်ဖွယ် မျက်နှာဖုံးမျိုးကို အမြဲတစေ ၀တ်ဆင်ထားခဲ့သည်။
"သူတို့အားလုံးကို သတ်ပစ်လိုက်" ဝမ်စီနန်က အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးများက အရှေ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ အရှေ့တိုးလာ၍ လမ်းတွင်ရပ်နေသော လူများကို ချေမှုန်းပစ်လိုက်သည်။ ၎င်းတို့သည် ဤလူများကို လွှမ်းခြုံသွားသော အနက်ရောင် ဒီရေလှိုင်းများနှင့် ဆင်တူသည်။ ၎င်းတို့၏အော်ဟစ်သံများသည် သုံးစက္ကန့်ထက်မနည်း ကြာမြင့်ခဲ့သည်။ တစ်ချိန်က အင်အားကြီးသော ဆိုင်ကယ်ဂိုဏ်းသည် မီးခိုးများ တိမ်တိုက်များသကဲ့သို့ ပြန့်ကျဲသွားလေသည်။
အခန်း (၂၇၉) ဒီလက်ဆောင်ကို နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်
လေထုထဲတွင် သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။ ဝမ်စီနန်သည် သွေးအိုင်များနှင့် လူသေအလောင်းများကြားတွင် ဝံ့ကြွားစွာ မတ်တပ်ရပ်နေခဲ့ရာ၊ သူ၏ ခရမ်းရောင်ဆံနွယ်များက ည၏ လေတိုက်ခတ်မှုဖြင့် တဖျပ်ဖျပ် လွင့်မျောနေသည်။
“အရှင်မ၊ ဒီအလောင်းတွေကို ဘယ်လိုဖြေရှင်းလိုက်ရမလဲ” လက်အောက်ငယ်သားတစ်ဦးက မေးလိုက်သည်။
"ခေါင်းဆောင်ရဲ့ခေါင်းကိုဖြတ်ပြီး ဟိုဘားရဲ့အဝင်ဝမှာ ထားလိုက်"
“ဟုတ်ကဲ့"
ဝမ်စီနန်သည် ဘား၏ တည်နေရာဆီသို့ လှမ်းကြည့်လိုက်ရာ မျက်နှာဖုံးအောက်ရှိ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။
"ဒီလက်ဆောင်ကို ရှင် သဘောကျမယ်လို့ မျှော်လင့်ပါတယ်..."
နောက်နေ့မနက်တွင် လောင်ရှီက သူ၏လုပ်ရိုးလုပ်စဉ်များအတိုင်း ဘား၏တံခါးများကို စောစောဖွင့်လိုက်သည်နှင့် ချက်ခြင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အရိုးမိစ္ဆာသည် ဆူညံသံကြောင့် လန့်နိုးသွားသောကြောင့် အောက်ထပ်သို့ ဆင်းလာ၍ စိတ်မကျေနပ်စွာ ပြောလိုက်သည်။
"ခင်ဗျား ဘာလို့ အော်နေတာလဲ"
မြေပြင်ပေါ်တွင် ထိုင်ချနေစဉ် လောင်ရှီ၏ မျက်နှာသည် အလွန် ဖြူဖျော့သွား၍ သူ၏အသံသည်လည်း တုန်ယင်နေသည်။
“လူသေ၊ လူသေ”
အရိုးမိစ္ဆာက သူ၏ နှုတ်ခမ်းများကို တွန့်လိုက်သည်။
“လူသေလား၊ ဒုစရိုက်မြို့တော်မှာ ဘယ်အချိန်က လူသေ အရေအတွက် နည်းခဲ့လို့လဲ"
ထိုစကားကို ပြောနေစဉ် ခေါင်းကို လှည့်ကြည့်လိုက်ရာ အရိုးမိစ္ဆာသည်လည်း အံ့ဩသွားသည်။ ဘား၏အဝင်ဝတွင် ဦးခေါင်းကို ချထားခဲ့သည်။ ထိပ်ပြောင်နေသည့် ရက်စက်သော မျက်နှာပြင်တွင် သေခြင်းတရားကို ကြောက်ရွံ့နေသည့် အရိပ်အမြွက်များ ရှိနေဆဲဖြစ်သည်။ ထိုလူသည် ယမန်နေ့က ဤနေရာသို့ ရောက်လာသည့် ဆိုင်ကယ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ အရိုးမိစ္ဆာက အသက်ကို ပြင်းပြင်းရှိုက်လိုက်သည်။
'ဒါကို ဘယ်သူလုပ်တာလဲ'
ထိုအချိန်တွင် ရွှယ်အန်းသည်လည်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။
“အရှင်၊ ဒါကိုကြည့်ပါဦး…” အရိုးမိစ္ဆာက လေးလံသော အမူအရာဖြင့် ပြောသည်။
"သေရင် သေတယ်ပေါ့၊ သူနဲ့ ထိုက်တန်တာကို။ ဘာများထူးဆန်းနေလို့လဲ" ရွှယ်အန်းက ယတိပြတ် ပြောလိုက်သည်။
"ဒါပေမယ့်... ဒီကိစ္စနဲ့ ပတ်သတ်ပြီး ထူးခြားတာ တစ်ခုခု ရှိနေတယ်လို့ ခံစားနေရတယ်။ ဒီလိုလုပ်ခဲ့တာ အဲဒီ့မိန်းမများ ဖြစ်နေမလား" အရိုးမိစ္ဆာက ရေရွတ်လိုက်သည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"သူ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ မကြာခင် သိရမှာပေါ့"
ညနေပိုင်းတွင် သတင်းများ ပို၍ ထွက်ပေါ်လာသည်။ ဆိုင်ကယ်ဂိုဏ်းတစ်ခုလုံး သုတ်သင်ရှင်းလင်းခံခဲ့ရ၍ အဆိုးရွားဆုံးသော မြင်ကွင်းတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ကြောင်း သိရှိလိုက်ရသည်။ ဤသတင်းသည် ဘားထဲရှိ လူတိုင်းကို ထိတ်လန့်သွားစေသည်။ ယမန်နေ့ က ဘားသို့ ရောက်လာသူများစွာက အပြင်းအထန် ဆွေးနွေးနေကြသည်။
"ဘုရားရေ၊ ဆိုင်ကယ်ဂိုဏ်းရဲ့ လွှမ်းမိုးမှုက မကြာသေးခင်ကမှ ပိုပြီး မြင့်တက်လာလေ ဒါကိုတောင် သူတို့က နေ့ချင်းညချင်း ဖျက်ဆီးခံလိုက်ရတယ်"
"ဟမ်း၊ အဲဒါ ဘာများ အံ့သြစရာကောင်းနေလို့လဲ။ သစ်ပင်မြင့်လေ လေတိုက်လေပဲ။
ဆိုင်ကယ်ဂိုဏ်းက ဟိုတလောကပဲ ဘဝင်မောင်နေကြတာ။ ရန်သူတွေ ဖိတ်ခေါ်တာက အထူးအဆန်းတော့ မဟုတ်ပါဘူး"
"ဒါဆို ဘယ်သူလုပ်တယ်လို့ ထင်လဲ"
"အဲဒါ လောင်ကျုံးပဲ ဖြစ်မယ်ထင်တယ်!"
လောင်ကျုံးဟူသော နာမည်ကို ပြောလိုက်သည်နှင် ဆိုင်တစ်ဆိုင်လုံး တိတ်ဆိတ်သွားသည်။ ဒုစရိုက်မြို့တော်ရှိ အမှောင်လောက သုံးဦးတွဲဖက် အုပ်ချုပ်မှုတွင် အရိုးကောက်သိမ်းသူ အရိုးမိစ္ဆာ၊ ကင်းမြီးကောက်ဘုရင်မ ဝမ်စီနန်နှင့် လောင်ကျုံးတို့ဟူ၍ ရှိကြသည်။ဘသို့သော် ယခုအခါ အရိုးမိစ္ဆာသည် နှင်ထုတ်ခံလိုက်ရ၍ ကင်းမြီးကောက်ဘုရင်မက လျှို့ဝှက်ဆန်းကြယ်လှရာ၊ လောင်ကျုံးတစ်ယောက်သာ တက်ကြွစွာ လှုပ်ရှားနေခဲ့သည်။
အထူးသဖြင့် သူ၏သားဖြစ်သူ ရှောင်ကျုံးသည် ဒုစရိုက်မြို့တော် တစ်လျှောက် နာမည်ဆိုးနှင့် ကျော်ကြားသည့် လူမိုက်ဖြစ်သည်။ လောင်ကျုံး၏အမည်ကို ထုတ်ပြောခြင်းသည် လူများစွာ၏ မျက်နှာအမူအရာကို အရောင်ဖျော့သွားစေသည်။ သို့တိုင် သဘောမတူသူအချို့က လှောင်ရယ်လိုက်သည်။
“ဒါက သူလုပ်တာလို့တော့ ကျုပ် မထင်ဘူး။ လောင်ကျုံးက ဒီနှစ်တွေအတွင်း ပိုပြီး သတိထားလာခဲ့တော့ ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်တာ ရှားရှားပါးပါးပဲ"
"ဒါဆို ခင်ဗျားက ဘယ်သူလို့ထင်လဲ" တစ်ယောက်ယောက်က မကျေမနပ်ဖြင့် မေးလိုက်သည်။
"ခင်ဗျား...မနေ့ညက အမျိုးသမီးကို မေ့သွားပြီလား"
ထိုအမျိုးသမီးအကြောင်း ပြောလိုက်သောအခါ ဘားတစ်ခုလုံး တိတ်ဆိတ်သွားသည်။
"ဟမ်း၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက သာမန်မိန်းမတစ်ယောက်ပါ။ ပြည့်တန်ဆာတောင် ဖြစ်ရင် ဖြစ်နိုင်တယ်" တစ်စုံတစ်ယောက်က လှောင်ရယ်လျက် ပြောလိုက်သည်။
“ဟုတ်တယ်" လူအများအပြားက သဘောတူညီစွာ ထောက်ခံလိုက်ကြသည်။
ဤလူများက အဆုံးမသတ်ဘဲ ငြင်းခုံနေကြစဉ် ရွှယ်အန်းနှင့် အရိုးမိစ္ဆာတို့က ဘား၏ ဘေးတွင် ထိုင်သောက်နေကြသည်။ လောင်ရှီ၏ ယမကာ ဖျော်စပ်မှု စွမ်းရည်များသည် အမှန်တကယ် ကောင်းမွန်လှသည်။ အနည်းဆုံးလျှင် ရွှယ်အန်းက သူ၏အရက်နှင့် ပတ်သက်၍ ကျေနပ်နေခဲ့သည်။ လူအုပ်ကြီး၏ ငြင်းခုံမှုကို ကြားလိုက်သောအခါ အရိုးမိစ္ဆာက ဒေါသတကြီးဖြင့် တီးတိုး ပြောလိုက်သည်။
"အဲဒီလူယုတ်မာ ရှောင်ကျုံး၊ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်တော် နှင်ထုတ်ခံရမှာ မဟုတ်ဘူး"
ရွှယ်အန်းက မည်သည့်စကားမှ မပြောဘဲ သူ၏အရက်ကို စိမ်ပြေနပြေ ဆက်သောက်နေသည်။ ဘားတွင် ဆိုင်ကယ်ဂိုဏ်း ပျက်သုဉ်းသွားခြင်းနှင့် ပတ်သက်၍ စည်ကားနေစွာ ဆွေးနွေးနေကြစဉ် ဘားတံခါးပွင့်လာခဲ့သည်။ ဖြောင့်စင်း၍ ရှည်လျားသော ခြေတံရှည်တစ်စုံ ဦးစွာ ဝင်ရောက်လာပြီးနောက် ရင်းနှီးကျွမ်းဝင်မှုရှိသော စကတ်တို့နှင့် တူညီသော ခရမ်းဖျော့ရောင် ဆံနွယ်များ ပေါ်ပေါက်လာခဲ့သည်။ ဘားတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အားလုံးက ထိုအမျိုးသမီးကို စိုက်ကြည့်စွာ ကြည့်နေကြသည်။
အချို့ကပင် ခက်ခက်ခဲခဲ တံတွေးမျိုချပြီးနောက် တိတ်တဆိတ် ထွက်ခွာရန် ပြင်ဆင်နေကြသည်။ သူမသည် ဝမ်စီနန်ဖြစ်သည်။ သူမသည် ရွှယ်အန်းဆီသို့ လျှောက်သွားကာ သူ့နံဘေးတွင် ထိုင်ချ၍ ကြောင်အမ်းအမ်းဖြစ်နေသော လောင်ရှီကို ဘာသိဘာသာ ပြောလိုက်သည်။
"ကျွန်မကို ငရဲမီးတစ်ခွက်ပေးပါ၊ မနေ့ညက အရမ်းပင်ပန်းသွားလို့"
“အာ… အိုး ကောင်းပါပြီ”
လောင်ရှီသည် အဖျော်ယမကာ ရောစပ်ရန်အတွက် အမြန်လှည့်ပတ် ရှာဖွေနေပြီးနောက် ရံဖန်ရံခါတွင် ဝမ်စီနန်ကို ထိတ်လန့်တကြား ကြည့်နေလိုက်သည်။အရိုးမိစ္ဆာလျှင်ပင် ဤအမျိုးသမီးကို ထိုးဖောက် မမြင်နိုင်သောကြောင့် သူ၏ မျက်နှာအရောင် ဖြူဖျော့သွားသည်။ ရွှယ်အန်းသာလျှင် သူ၏အရက်ကို စိမ်ပြေနပြေဖြင့် ဇိမ်ခံ သောက်နေခဲ့သည်။
"ရှင် မသိချင်ဘူးလား" ဝမ်စီနန်က မေးလိုက်မိသည်။
"ဘာကို သိချင်ရမှာလဲ" ရွှယ်အန်းက သူ၏ဖန်ခွက်ကို အောက်ချလိုက်ပြီးနောက် သူမကို လှည့်ကြည့်လိုက်သည်။
"မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလေ" ဝမ်စီနန်က သူမ၏ လုံးဝန်းသော မျက်လုံးများကို အမှိတ်အဖွင့်လုပ်၍ မေးလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"လမ်းကို ရွေးရမှာက ခင်ဗျားလေ ကျုပ်နဲ့ ဘာဆိုင်လို့လဲ"
ဝမ်စီနန်သည် ဆွံ့အသွားသောကြောင့် အားမလိုအားမရဖြင့် အံကြိတ်နေခဲ့သည်။ လူတိုင်း၏ တုံ့ပြန်မှုအပြင် အထူးသဖြင့် ရွှယ်အန်း၏ တုံ့ပြန်မှုကို တိုင်းတာရန်အတွက် ယနေ့တွင် ဤနေရာသို့ သူမ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူမသည် ဤလူနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်နေသည်။
အထူးသဖြင့် သူ၏ ပြတ်သားသော စိတ်နေသဘောထားကို ဝမ်စီနန် အလွန်သဘောကျနေမိသည်။ သို့သော်လည်း သူမ၏ အံ့ဩမှုအရ ရွှယ်အန်းက သူမကို လုံးလုံးလျားလျား ဂရုစိုက်ပုံမပေါ်ပေ။ ဤအချက်သည် ဝမ်စီနန်ကို စိတ်မကျေမနပ်ဖြစ်စေသည်။
"ဟေ့...တကယ်တော့ မနေ့ညက ကျွန်မ ရှင့်ကို ကျေးဇူးတင်ခဲ့သင့်တာ" ဝမ်စီနန်က ရုတ်တရက် တီးတိုး ပြောလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"ကျုပ်ပြောပြီးပြီပဲ၊ ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး"
"ဟမ်း၊ တော်တော်လည်း ဆွဲဆောင်မှု မရှိတဲ့လူပဲ" စိတ်တိုလွယ်တတ်သူ ဝမ်စီနန်သည် နောက်ဆုံးတွင် သူမ၏ စိတ်ရှည်သည်းခံမှု ပျောက်ဆုံးကာ ထိုစကားများကို ပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။
"မနက်ဖြန်က ကျွန်မ မွေးနေ့၊ လာဆင်နွှဲဖို့ စိတ်ဝင်စားလား" ဘား၏ ဝင်ပေါက်သို့ ရောက်သည့်အချိန်မှ နောက်ပြန်လှည့်လာ၍ ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"စိတ်မ၀င်စားဘူး"
“ရှင်…” ဝမ်စီနန်၏ မျက်ခုံးများ တွန့်တက်သွားသော်လည်း သူမ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် အေးစက်စွာ ခဟွန်း၍ ထွက်ခွာသွားလေသည်။
သူမ ထွက်ခွာသွားပြီးနောက် လူအများက ရွှယ်အန်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။ အချို့ကပင် မနာလိုစိတ်ဖြင့် အစိမ်းရောင် ပြောင်းလုနီပါးဖြစ်နေ၏။ ဝမ်စီနန်၏ အပြုအမူများသည် ရွှယ်အန်းကို ရေလာမြောင်းပေးလုပ်နေသည်မှာ သိသာထင်ရှားသည်။ သို့သော် ရွှယ်အန်းက ၎င်းအပြုအမူများကို လုံးလုံးလျားလျား မတုန်မလှုပ်ဖြစ်နေမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
၎င်းသည် ပထမဦးစွာ လှုပ်ရှားခဲ့သော အမျိုးသမီးကို ငြင်းပယ်လိုက်သကဲ့သို့ပင် ဖြစ်နေသည်။ သို့သော် အရိုးမိစ္ဆာသည် မအံ့သြမိပေ။ ဝမ်စီနန်သည် အန်းယန်နှင့် နှိုင်းယှဉ်လျှင် ရုပ်ဆိုးသော ဘဲတစ်ကောင်နှင့် ထူးမခြားနားပေ။ သို့တိုင် အရိုးမိစ္ဆာက သူ၏ သိချင်စိတ်များကို ဖော်ထုတ်မိလိုက်သည်။
"အရှင်၊ အဲဒီအမျိုးသမီးက တော်တော် လျှို့ဝှက်ဆန်းကြယ်တယ်နော်၊ တကယ် လက်မခံချင်တာ သေချာလို့လား"
ရွှယ်အန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ကျုပ် စိတ်မ၀င်စားဘူး၊ ပြီးတော့ လူငယ်ဇာစ်မြစ်ရဲ့ နေရာကို တတ်နိုင်သမျှ အတိအကျ ရှာဖွေထား။ ဒီမှာဆက်အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး"
ဤသို့ဖြင့် ရွှယ်အန်းက မတ်တပ်ထရပ်၍ အပေါ်ထပ်သို့ တက်သွားလေသည်။ ဝမ်စီနန်သည် အပြင်ဘက်တွင် သူမ၏ ကားထဲသို့ ဒေါသတကြီး ဝင်သွားခဲ့သည်။ ကားအတွင်းရှိ လူများက ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ၎င်းတို့အားလုံးသည် ဘုရင်မ၏ စိတ်သဘောထားနှင့် ပတ်သက်၍ သိနားလည်ခဲ့ကြသည်၊ သူမသည် အနည်းငယ် ရန်ဆွမျိုး ကြုံရလျှင်ပင် သတ်ဖြတ်တတ်သူတစ်ဦးဖြစ်သည်။
"ကျွန်မတို့ကို ဒီဘားကို ရှင်းလိုက်မလား၊ အရှင်မ" ဝမ်စီနန်၏ အစေခံတစ်ဦးက မေးလိုက်သည်။
သို့သော်လည်း မထင်မှတ်ထားသည်မှာ ဝမ်စီနန်က ထိုအစေခံ၏ မျက်နှာကို ရိုက်နှက်လိုက်သည်။ ထိုရိုက်နှက်မှုသည် အစေခံ၏ ပါးစပ်မှ သွေးများ ထွက်လာစေခဲ့သော်လည်း ၎င်းတို့က ခေါင်းမဖော်ဝံ့ကြပေ။
"အဲဒီ့စကားတွေ ထပ်ပြောရဲရင် ပြောကြည့်၊ ထောင်ချီတဲ့ မြွေတွေ ဝါးမျိုခံရအောင် မြွေတွင်းထဲ ပစ်ချခံရမယ် မှတ်"
“ဟုတ်ကဲ့" အစေခံက တုန်ရီနေသော အသံဖြင့် ပြန်ဖြေသည်။
ဝမ်စီနန်သည် အသက်ပြင်းပြင်းရှူရှိုက် ရုတ်တရက် ငြိမ်သက်လာခဲ့ရာ၊ သူမ၏နှုတ်ခမ်းများပေါ်တွင် ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်ထွေက်လာသည်။
"ကျွန်မ ချိန်ပြီးရင် ကျွန်မ လက်ထဲကနေ လွတ်သွားတဲ့ ယောက်ျားမျိုး မတွေ့ဖူးသေးဘူး။ ရှင့်မှာ မိန်းမရှိနေရင်တောင် အတူတူပဲ"