အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
အခန်း(၂၉၈) အတုအယောင်အင်မော်တယ်နှင့် စစ်မှန်သော လွတ်မြောက်အင်မော်တယ်
ရုတ်တရက်။
စမ်းသပ်ဧရိယာ၏ အလင်းမျက်နှာပြင်က ပြင်းထန်စွာ တုန်ခါလာသည်။ ထို့နောက် တစ်နေရာမှ တစ်စုံတစ်ခု လွင့်ထွက်လာကာ လူအုပ်ရှေ့သို့ တိုက်ရိုက် ကျလာသည်။ မြင့်တက်လာသော ဖုန်မှုန့်များနှင့် မီးခိုးများကြားတွင် အလောင်းတစ်လောင်းရှိနေသည်။ လူများစွာက ယင်းကို မြင်မြင်ချင်း သတိထားမိကာ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ငိုယိုလိုက်ကြသည်။
“အဲ့တာ… အဲ့တာ ရွှမ်ယွမ်ဂိုဏ်းက ချူးရှင်းဇယ်ပဲ”
…
လူအုပ်ကြီးက ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ အဝေးမှ စားသောက်ဆိုင်တစ်ခုတွင် အေးဆေးစွာ အရက်သောက်နေသော ရှအာက ပြာမှုန်နေသော မျက်နှာဖြင့် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
နှစ်ပေါင်းများစွာအကြာ ဝိရိယရှိရှိ ကျင့်ကြံခဲ့သော သူ၏ တပည့်အရင်းကြီးကို မြေပြင်ပေါ်တွင် မြင်လိုက်ရသည်။
“ဒါဘယ်သူလုပ်တာလဲ”
အလွန်အေးစက်သော သတ်ဖြတ်ရောင်ဝါတစ်ခု လေထုထဲသို့ ထွက်ပေါ်လာရာ မြေကြီးသည်ပင် ရှအာ၏ ဒေါသကို ခံနိုင်ရည်မရှိသည့်အလား တဖြည်းဖြည်းချင်း အက်ကွဲစပြုလာသည်။
အင်မော်တယ် ထက်ဝက်အဆင့်၏ စွမ်းအားသည် အမှန်တကယ်ပင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။ ကြည့်ရှု့သူများက ဆောင်းရာသီတွင်းရှိ ပုစဥ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြသည်။
ဤအခိုက်အတန့်တွင် ရွှယ်အန်းက တရားခွင်ဧရိယာပြင်ပမှ ဖြည်းညှင်းစွာ ထွက်လာ၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှအာကို ကြည့်လိုက်သည်။
"ငါ သူ့ကိုသတ်လိုက်တာ"
ရှအာသည် ရွှယ်အန်းကို စေ့စေ့ကြည့်နေသော်လည်း စိတ်တွင်းထဲ၌ သံသယစိတ်များ ပြည့်နေသေးသည်။
ဂိုဏ်းခွဲတစ်ခုအား အုပ်စိုးနေသော ဂိုဏ်းဆရာတစ်ဦးအနေဖြင့် သူသည် အများစုထက် ပို၍သတိရှိနေသည်မှာ သဘာဝပင် ဖြစ်သည်။
ရွှယ်အန်းက သာမန်ပုံပေါ်သော်လည်း သူ၏ တည်ငြိမ်မှုကမူ သာမန်လူပိုင်ဆိုင်နိုင်သော အရာမျိုးမဟုတ်ပေ။
ထို့အပြင် သူ၏ တပည့်သည်လည်း ဤလူ၏ လက်ထဲ သတ်ဖြတ်ခြင်းခံခဲ့ရသည့်ပုံပေါ်သည်။
‘ဒီလူက အတိအကျ ဘယ်သူလဲ’
"သားလေး၊ ငါ့ရဲ့ ရွှမ်ယွမ်ဂိုဏ်းက လူတစ်ယောက်ကို သတ်လိုက်တာရဲ့ အကျိုးဆက်ကို မင်း မစဉ်းစားမိဘူးလား" ရှအာက အေးစက်စွာမေးသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"အကျိုးဆက်တွေအကြောင်း ငါမစဉ်းစားထားဘူး၊ မင်းပြောတာက မင်းရဲ့ ရွှမ်ယွမ်ဂိုဏ်းကတော့ တခြားသူတွေကို သတ်ခွင့်ရှိပုံရတယ်၊ ဒါပေမယ့် တခြားသူတွေကိုတော့ သတ်ခွင့်မပေးဘူးပေါ့"
ရှအာသည် ထိုစကားကြောင့် ဖြူဖျော့သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီအဓိပ္ပါယ်မရှိတာတွေ လုံလောက်ပြီ။ ငါ့ တပည့်ကို ချောင်းပြီးတိုက်တဲ့အတွက် ငါဒီနေ့ ပျံ့ချင်မုရော မင်းကိုရော သတ်ပြီး သူ့အတွက် လက်စားချေပေးမယ်”
ဤသို့ပြော၍ ရှအာ၏ ကိုယ်ရောင်ဝါကပိုမိုတောက်ပလာကာ လက်ဖဝါးတစ်ဖက်မြောက်တက်လာသည်။
နတ်ဘုရားလက်ဝါး
သူ့လက်ထဲတွင် ဤသိုင်းကွက်က အလွန်အနှိုင်းမဲ့သော စွမ်းအင်များဖြင့်ပေါက်ကွဲလာသည်။ တစ်ချိန်တည်း၌ပင် ရှအာက ရွှယ်အန်းကို သတိကြီးကြီးထား၍ ဤသိုင်းကွက်မှတစ်ဆင့် သူ၏ ကျင့်ကြံစဥ်ကို သိနိုင်ရန် မျှော်လင့်လျက်ရှိသည်။ လက်ဖဝါးကြောင့် ကွဲအက်သွားသော လေထုက ရွှယ်ဆန်းဆီသို့ ရိုက်ခတ်လာသော်လည်း ရွှယ်အန်းက ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့သို့ တိုးလာသည်။
“နေနဲ့လကို နင်းခြေမယ်”
ရွှယ်အန်းသည် နတ်သုတ်သင်ခြင်းခြောက်သွယ် ပဥ္စမမြောက်သိုင်းကွက်ကို ပြုလုပ်ခဲ့သည်။
ဘမ်း
ရှအာသည် ကောင်းကင်နှင့် မြေကြီးမှ ပေါင်းစုလာသော အလွန်ပြင်းထန်သည့် စွမ်းအားကို ခံစားလိုက်ရကာ သူ၏ အတွင်း သွေးစွမ်းအင်များပင် ရှုပ်ထွေးကုန်သည်။ ထိတ်လန့်ကြောက်လွန့်ဖွယ်ကောင်းသော အခြေအနေတွင် သူက မီတာ တစ်ရာကျော်သို့ ထွက်ပြေးကာ ရွှယ်အန်းကို စိုက်ကြည့်နေ၏။
“ဒါ ဘာသိုင်းလဲ”
ရွှယ်အန်းသည် ခြေတစ်လှမ်းသာ လှမ်းခဲ့ခြင်းဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ရှအာ ခံစားမိခဲ့သည်။
“မင်းကို..သတ်ဖို့လေ”
ဤသို့ပြော၍ ရွှယ်အန်းက ကောင်းကင်ပေါ်သို့ ပျံတက်ကာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲလျက် ရှအာဆီသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။
“ကောင်းကင်နဲ့မြေကြီးကို ရွေ့စေ”
“ယင်နဲ့ ယန်ကို ခွဲစေ”
“ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ခွဲစေ”
“အချစ်နဲ့အမုန်းကို ဖြတ်စေ”
“နေနဲ့ လပေါ် တက်လှမ်းစေ”
လက်သီး ငါးချက်တိတိ။
ကောင်းကင်ယံထက်၌ ကျယ်လောင်သော မိုးခြိမ်းသံများနှယ် အသံဗလံများ ထွက်ပေါ်လာသည်။ ရွှယ်အန်းသည် ဘောလုံး စတ်လုံးနှင့် ကစားနေသကဲ့သို့ ရွှမ်ယွမ်ဂိုဏ်းချုပ်ကို ကိုင်တွယ်လျက်ရှိရာ ရှအာက အဘက်ဘက်သို့ လွင့်ထွက်လျက်ရှိသည်။
ကောင်းကင်ယံထက်၌ မိုးခြိမ်းသံများ ထွက်ပေါ်နေကာ သတ်ဖြတ်ရောင်ဝွက လူတိုင်းကို လွှမ်းခြုံသွားသည်။ အထူးသဖြင့် ပျံ့ချင်မုသည် ယခုအချိန်တွင် ပါးစပ်အဟောင်းသားဖြစ်ကာ ရွှယ်အန်း၏ ရက်စက်စွာဖမ်းဆီးခြင်းကို ခံရလျက်ရှိနေသော ရှအာကို မှိန်သေသေဖြင့် စိုက်ကြည့်နေသည်။ သူမသည် ချင်မုမြို့၌ သူမ၏ ရာထူးကို ထိန်းသိမ်းနိုင်ရန် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရကာ ရှအာ၏ မျက်နှာကို မြင်ပင် မမြင်ခဲ့ရပေ။ ယခင်က ရှအာသည် သူမ၏ မာနထောင်လွှားစွာဖြင့် အမြဲတစေ ရှုံ့ချခဲ့သည်။ ပျံ့ချင်မုသည် မိမိနှင့် ရှအာအကြားရှိ အင်အားကွာဟချက်ကို ကောင်းစွာသိရှိထားသောကြောင့် အမြဲတစေ ကြောက်လန့်စွာ ရှင်သန်ခဲ့ရသည်။
ထို့ကြောင့်လည်း ရွှယ်အန်းအား အမြန်ထွက်ခွာရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“`
သို့သော် မမျှော်လင့်ဘဲ အနှိုင်းမဲ့သန်မာသည်ဟု သူမထင်ခဲ့သော ရှအာသည် ရွှယ်အန်း၏ လက်သီးချက်တစ်ချက်ကိုပင် မခံနိုင်ပေ။
ဤလူသည် သူမထင်ထားသည်ထက် များစွာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤအခိုက်အတန့်တွင် ရှအာက ဒေါသကြောင့် နီရဲနေသော မျက်လုံးများဖြင့် ကြည့်လျက် ရုတ်တရက် ရပ်သွားသည်။
“ခွေးကောင် ဒီနေ့ ငါမင်းကို သတ်ဖို့ ငါ့အသက်နဲ့ရင်းလိုက်မယ်”
ဤသို့ပြောနေစဥ် သူ၏ ရောင်ဝါက ပြင်းထန်စွာ တောက်ပလာကာ ဧရိယာတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသော တုန်လှုပ်ခြောက်ခြားဖွယ်ရာတစ်ခု ဖြစ်ပေါ်လာသည်။
ကျင့်ကြံရေးအဆင့်အားနည်းသော အချို့သူများသည် သည်းမခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
“နတ်ဘုရား လက်ဝါး”
ဘမ်း
ရှအာ၏ လက်ဖဝါးက ရုတ်တရက်ကြီးမားလာကာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားဖြင့် ထွက်ပေါ်လာသဖြင့် ဘေးနားမှလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
သို့သော် ဆူနာမီကဲ့သို့ စွမ်းအားပြင်းသော လက်ဝါးချက်ကို ကြုံတွေ့နေရသည့်တိုင် ရွှယ်အန်းက အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိသည့်အလား ခေါင်းခါလိုက်သည်။
“မင်းကသာ အင်မော်တယ်အဆင့်ဆိုရင် ငါ မင်းကို အချိန်အတော်ကြာ ရှောင်နေခဲ့မှာပဲ။ ဒါပေမယ့် အတုအယောင်က အတုအယောင်ပဲကွ၊ ဘယ်တော့မှ အစစ်အမှန်ဖြစ်မလာနိုင်ဘူး”
ရွှယ်အန်း၏စကားများသည် ရှအာကို ထိတ်လန့်စေခဲ့ကာ သူ့တပည့် အသတ်ခံရချိန်ထက်ပင် ပို၍ တုန်လှုပ်သွားခဲ့သည်။
‘ဒီအကြောင်းကို သူဘယ်လိုသိနေတာလဲ’
ထိုအချိန်တွင် ရွှယ်အန်းက လက်သီးကို မြှောက်၍ ထိုးချလိုက်သည်။
“သေစမ်း”
ဤလက်သီးချက်တွင် ရိုးရှင်းသော စကားတစ်လုံးသာပါသည်။ ဆန်းပြားသော လှည့်ကွက်များ သို့မဟုတ် မလိုအပ်သော လုပ်ဆောင်ချက်များလည်းမရှိပေ။
ရှင်းလင်းသန့်စင်သော သတ်ဖြတ်ရောင်ဝါတစ်ခုတည်းသာပါရှိသည်။
သို့ထိတိုင် ဤလက်သီးချက်က ကမ္ဘာနှင့် မြေကြီးကို တုန်လှုပ်သွားစေသည့် ပြင်းထန်သော နတ်လက်ဝါးကို တိုက်ရိုက်ချိုးဖျက်ကာ ရှအာကိုတိုက်ရိုက် ထိမှန်သွားသည်။
ရှအာသည် နှစ်မီတာအကွာသို့ လွင့်ထွက်သွားကာ သွေးများစီးကျလာသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
တုန်လှုပ်ခြောက်ခြားစွာနေသည့် အော်ဟစ်သံများစွာ ထွက်ပေါ်လာသည်။
‘ရှအာ တကယ်ပဲ ရှုံးသွားတာလား’
‘ဒီလူက အင်မော်တယ်အဆင့်ကလူထက် ပိုပြီး အစွမ်းထက်တယ်လို့ ဆိုလိုချင်တာမလား’
သို့သော် ရှအာသည် စစ်မှန်သော အဆင်မော်တယ်မဟုတ်ကြောင်း ရွှယ်အန်းကသာလျှင်သိသည်။ ချင်းရှင်းဇယ်က ယင်းကို ကြည့်၍ သဘောပေါက်သွားသည်။ ရွှမ်ယွမ်ဂိုဏ်း၌ လူတစ်ဦး၏ ကျင့်ကြံရေးအဆင့်ကို မြှင့်တင်ပေးနိုင်သည့်လျှို့ဝှက် နည်းပညာတစ်ခု ရှိသည်ဟု ထင်ရသည်။ ဤအကြောင်း ပြောလျှင် အထင်ကြီးစဖွယ်ကောင်းသည်ဟု ထင်ရလိမ့်မည်မှန်သော်လည်း ကျင့်ကြံရေးအဆင့်သည် အလိမ်အညာ အနည်းငယ်ဖြင့် တည်မြဲနေ၍ရနိုင်သော အရာမဟုတ်ကြောင်း ရွှယ်အန်းက နားလည်ခဲ့သည်။
အတုသည် အမြဲတစေ အတုပင်ဖြစ်ပေလိမ့်မည်။
ကောက်ကျစ်သော လှည့်ကွက်များမှတစ်ဆင့် အင်မော်တယ်အဆင့်သို့ ခဏတာ ရောက်ရှိခဲ့လျှင်ပင် ၎င်းသည် အတုအယောင်တစ်ခုမျှသာဖြစ်ပေလိမ့်မည်ဖြစ်၍ စစ်မှန်သော အင်မော်တယ်အဆင့်နှင့် များစွာကွာခြားသည်။
ထို့ကြောင့် ရွှယ်အန်းက ရှအာကို ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိရှိခဲ့ခြင်းဖြစ်သည်။
ဤအခိုက်အတန့်တွင် ရှအာသည် ထိတ်လန့်တုန်လှုပ်နေသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ့မျက်နှာတွင် ထိတ်လန့်နေသော အမူအရာများရှိနေရာ ထိုအချိန်တွင် အဝေးမှ ဝင်လာသော အလင်းတန်းရှစ်ခုက လျင်မြန်စွာဖြင့်ပင် အနီးသို့ ရောက်လာသည်။
"ဒါက ရွှမ်ယွမ်ဂိုဏ်းက အကြီးအကဲတွေနဲ့ အုပ်ချုပ်သူတွေပဲ” ပျံ့မုခငျ်တစ်ကိုယ်လုံး တုန်လှုပ်သွားပြီးနောက် ကျယ်လောင်စွာ အော်လိုက်သည်။
ဤသည်က ရွှယ်အန်းအတွက် သတိပေးချက်တစ်ခုဖြစ်သည်။
ရွှယ်အန်းသည် ထိုလူများကို လျစ်လျူရှု့ထားကာ တည်ငြိမ်မြဲတည်ငြိမ်နေသော အမူအရာဖြင့် ကြည့်နေသည်။
“ငါတို့ ဂိုဏ်းချုပ်ကြီးကို ဒဏ်ရာရအောင်လုပ်ရရအောင် မင်းက ဘာကောင်မို့လို့လဲ” စွမ်းအားကြီးပုံရသော အဘိုးကြီးတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။
စစ်ကူများရောက်လာသည်ကို မြင်သောအခါ ရှအာသည်လည်း တည်ငြိမ်သွား၍ ရွှယ်အန်းကို လှောင်ရယ်လိုက်သည်။
“ငါဝန်ခံပါတယ်။ မင်းရဲ့ ကျင့်ကြံရေးအဆင့်က နားလည်ရခက်ပေမယ့် အခု ရွှမ်ယွမ်ဂိုဏ်းက ကျွမ်းကျင်ပညာရှင်တွေ ရောက်လာကြပြီဆိုတော့ မင်း တကယ် အင်မော်တယ်ဖြစ်နေရင်တောင် သေရမှာပဲ”
“အိုး မင်းတို့ ကြိုးစားကြည့်လို့ရပါတယ်” ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"သူ့ကို သတ်လိုက်ကြ" ရှာအာက အေးစက်စွာ အမိန့်ပေးသည်။
အကြီးအကဲရှစ်ယောက်ရှိရာ ၎င်းတို့အနက်မှ သုံးဦးသည် အင်မော်တယ် ထက်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်ကာ ကျန်သူများမှာ လွတ်မြောက်အင်မော်တယ် အထွတ်အထိပ်အဆင့်တွင်ရှိကြသည်။
၎င်းအနက် ရှအာသည် အင်မော်တယ် အတုအယောင်အဆင့်တွင်ရှိနေသည်။ ထိုသို့ သော လူများစုပေါင်းနေခြင်းက စစ်မှန်သော အင်မော်တယ်များကိုပင် မျက်မှောင်ကြုတ်စေလိမ့်မည်ဖြစ်ရာ ၎င်းကြောင့် ရှအာက အလွန် မာန်တက်ရန် သတ္တိရှိနေခြင်းဖြစ်၏။ အထူးသဖြင့် ၎င်းတို့ ကိုးယောက်က ထူးခြားသော ပုံစံဖြင့် ဝိုင်းရံထားသောအခါ ၎င်းတို့၏ရောင်ဝါက ပိုမို မြင့်တက်ပြင်းထန်လာသည်။
“ခွေးသား နောက်နှစ်ကျရင် ဒီနေ့က မင်းသေတဲ့ နှစ်ပါတ်လည်ဖြစ်လိမ့်မယ်” ရှအာက ပြင်းပြင်းထနထန် ရယ်မောလိုက်သည်။
အခန်း(၂၉၉) အဆင့်ဖြတ်ကျော်ခြင်း
ဤလက်ဖဝါးကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည်။
ကောင်းကင်က ရုတ်တရက် မှောင်မည်းသွားကာ နေကို ကာလိုက်သော ဧရာမလက်ကြီးက ရွှယ်အန်းဆီသို့ တည့်တည့်ဝင်လာသည်။ ရွှယ်အန်းသည် လေထုထဲတွင် ရပ်နေ၍ မြေကြီးကို ကွဲအက်စေလုနီးသော လက်ဖဝါးကို လက်သီးဖြင့် ကာလိုက်သည်။
ရှအာ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
ဤတိုက်ခိုက်မှုကြောင့် ရွှယ်အန်းသည် ဖုန်မှုန့်များအောက် ကြေမွသွားသည်ကို သူမြင်လိုက်ရသည်။
ဘမ်း
ပေါက်ကွဲသံကြီး ပြီးနောက်
…
ကောင်းကင်ကို မော့ကြည့်ပြန်သောအခါ ထိုနေရာ၌ မည်သူမျှ မရှိတော့ပေ။ မြေပြင်ပေါ်တွင် မီးတောင်ဝကြီးတစ်ခုကဲ့သို့ အပေါက်ကြီးတစ်ခုသာရှိ၍ လူမရှိတော့ပေ။
"ဟားဟားဟား၊ မင်းငါ့ရဲ့ ရွှမ်ယွမ်ဂိုဏ်းကို ဆန့်ကျင်လို့ ဒီလိုဖြစ်သွားတာပဲ။ မင်းအတွက် သင်္ဂြိုလ်စရာနေရာ
မရှိဘူးကွ" ရှအာက အောင်ပွဲခံကာ ရယ်မောလိုက်သည်။
အခြားသူများကလည်း အတွေးကိုယ်စီတွေးနေကြသည်။
ပျံ့ချင်မုနှင့် မောင်နှမများဖြစ်ကြသည့် ပျံ့ဟွာ နှင့် ပျံ့ထျန်တို့ကသာ မီးတောင်ဝအစွန်းသို့ အပြေးအလွှားပြေးလာ၍ ၎င်းတို့ရှေ့မှ မြင်ကွင်းကို ကြည့်နေကြသည်။
ထို့နောက် ပျံ့ချင်မုက ဒေါသတကြီး လှမ်းကြည့်၍ အော်လိုက်သည်။
"ရှာအာ၊ ရှင်က လူကိုးယောက်ပေါင်း တိုက်ခိုက်ပြီး မရှက်ဘူးလား”
"ဟားဟား ပျံ့ချင်မု ဉာဏ်နည်းလိုက်တာ။ ဒီနေ့ မင်းသေရတော့မယ်”
ကြီးမားသော လက်ဖဝါးကြီးက ကောင်းကင်၌ တစ်ဖန်ပေါ်လာကာ ရှအာက အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။
ပျံ့ချင်မု၏မျက်နှာသည် ဖြူဖျော့နေသော်လည်း ကြောက်ရွံ့မှုအရိပ်အမြွက်မျှမရှိဘဲ ပျံ့ဟွာကို ပြောလိုက်သည်။
"ထျန်အာကိုခေါ်ပြီး ဒီက အမြန်ထွက်သွား ရှောင်မုမြို့ကို မပြန်နဲ့ အဲ့မှာ မလုံခြုံဘူး”
“မသွားဘူး” ပျံ့ဟွာက ပြတ်ပြတ်သားသားပြောသည်။
"သွားစမ်းပါ ဒီမှာနေနေတာ ကိုယ့် သေတွင်းကိုယ်တူးနေတာပဲ" ပျံ့ချင်မုက ဤသို့ပြောကာ သူမ ဤနှစ်များအတွင်း ပြုစုပျိုးထောင်ခဲ့သော ချင်မုစွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်သည်။
ကြီးမားသော စပျစ်နွယ်ပင်များသည် ကောင်းကင်တ၀က်ကို ဖုံးလွှမ်းကာ ဧရာမလက်ဖဝါးကြီးနှင့် တိုက်ရိုက်တွေ့လိုက်သည်။
ရှအာ၏ နှုတ်ခမ်းပေါ်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်လာကာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထိုအချိန်၌ပင် တွင်းထဲမှ ကောင်းကင်မှ တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
ဤဩဘာသည် အလွန်ပြင်းထန်သဖြင့် ကောင်းကင်ယံထက်မှ ကြီးမားသော လက်ဖဝါးကြီးကို ပျက်ဆီးသွားစေသည်။
ရှအာနှင့် သူ၏အပေါင်းအဖော်များက ခြေလှမ်းများစွာ နောက်ပြန်ဆုတ်လိုက်ကြသည်။
"အဲ့တာ ဘာလဲ” လူတစ်ယောက်က အော်လိုက်သည်။
တွင်းကြီးထဲမှ ဖြည်းညှင်းစွာ လှမ်းထွက်လာသည့် လူတစ်ယောက်ကို အားလုံးက မြင်လိုက်ကြသည်။
ခြေလှမ်းတိုင်းတွင် သူသည် လှေကားထစ်များကဲ့သို့ လေဟာနယ်ထဲ၌ ကောင်းကင်ပေါ်သို့တက်လှမ်းလျက်ရှိသည်။
ခြေတစ်လှမ်း
နှစ်လှမ်း
ခြေလှမ်းတိုင်းတွင် သူ၏ ရောင်ဝါက ပို၍ပင် အားကောင်းလာသည်။
ဤမြင်ကွင်းကို အားလုံးက ထိတ်လန့်တကြားကြည့်နေကြသည်။
သူ ဝေဟင်အလယ်သို့ရောက်သောအခါတွင် အလွန်ပြင်းထန်သော ရောင်ဝါတစ်ခုက ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ပျံ့ချင်မုသည် ရုတ်တရက် တုန်လှုပ်သွားကာ ဤမြင်ကွင်းကို ကြောင်ကြည့်နေသည်။
“အင်မော်တယ် ထက်ဝက်အဆင့်… သူ တိုက်ပွဲကြားထဲ အဆင့်တက်သွားတာလား”
ရှအာက ပို၍ပင် မယုံကြည်နိုင်ဖြစ်နေသည်။
"မဖြစ်နိုင်ပါဘူး၊ မင်း ဘယ်လိုလုပ် အင်မော်တယ်ထက်ဝက်အဆင့်ကို ဒီလောက် မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်မှာလဲ"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အံ့ဩနေတာလား။ တကယ်ဆို ငါ ဖြတ်သွားနိုင်တာ ကြာလောက်ပြီ ငါ ဖိအားနည်းနည်းပဲလိုတာ။ ကံကောင်းလို့ မင်းရဲ့လက်ဖဝါးက ငါ့ကို ကူညီပေးခဲ့တာ"
ဤသည်က်ု ကြားသောအခါ ရှအာက မျက်ရည်ဝဲ၍ ငိုချင်လာသည်။ ဤစကားအဆုံးတွင် သူ့ပြိုင်ဘက်ကို အဆင့်တက်စေရန် သူ တကယ် ကူညီပေးလိုက်မိကြောင်း နားလည်သွားသည်။
ထို့နောက် သူ့နှလုံးသားများ တဒိတ်ဒိတ်ခုန်လာသည်။
“မင်း အင်မော်တယ် ထက်ဝက်အဆင့်ရောက်တော့ရော ဘာဖြစ်လဲ။ ဒီနေ့ ငါမင်းကို သတ်ကို သတ်ဦးမှာပဲ”
ထိုသို့ပြောပြီးနောက် သူသည် ၎င်းတို့ ကိုးယောက်၏ စွမ်းအားကို အရူးအမူး စုစည်းကာ ရွှယ်အန်းကို သေသည်အထိ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ရွှယ်အန်း ခေါင်းခါလိုက်သည်။
"ငါ မကစားတော့ဘူး ပျင်းတယ်"
ဤသို့ပြော၍ ရွှယ်အန်းသည် သူ့မူလနေရာမှ ပျောက်ကွယ်သွား၍ ပြန်ပေါ်လာသောအခါတွင် လူကိုးယောက်ရှေ့ရှိ အရိပ်ကိုးခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ကောင်းကင်နဲ့ မြေကြီးကို ရွှေ့စေ" အရိပ်ကိုးခုက တညီတညွတ်တည်း အော်ဟစ်ကာ လက်သီးထိုးချလိုက်သည်။
ယင်းတွင် အံ့သြဖွယ်ရောင်ဝါမရှိသကဲ့သို့ ကမ္ဘာကွဲလုသော အသံမျိုးလည်းမရှိပေ။ ဤသည်ကားလုံးလုံးလျားလျားပင် သာမန်ကျလှသည်။ သို့သော် ထိုကဲ့သို့သော လက်သီးချက်ကြောင့် လူကိုးယောက်သည် မကြုံစဖူးထိတ်လန့်သွားရသည်။
ပြင်ပစွမ်းအားက ပို၍ အံ့သြဖွယ်ကောင်းလေလေ စွမ်းအားကုန်ဆုံးလေလေဖြစ်ရာ ထိုကဲ့သို့ ထူးခြားသော လက်သီဂသည် ထိုပြင်းထန်လှသော စွမ်းအင်များပေါင်းစပ်နေသည်ကို ပြနိုင်သည်။
သို့သော် ခက်သည်မှာ ၎င်းတို့က တိုက်ခိုက်ရန်ပင်မတတ်နိုင်ကြတော့ပေ။
လက်သီးချက်ပြီးနောက် ရှအာနှင့် ကျန်သောရှစ်ယောက်လုံး လေထုအလယ်၌ရပ်လျက် ကြောင်အနေကြသည်။
အရိပ်ကိုးခုက တစ်ခုတည်းအဖြစ်ပေါင်းစပ်သွားပြီးနောက် ရွှယ်အန်းက အသက်ရှူထုတ်လိုက်သည်။
ရှအာနှင့် ရှစ်ယောက်တို့သည် ပြာများအဖြစ်သို့်ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားကြသည်။ ရွှမ်ယွမ်ဂိုဏ်းမှ ကျွမ်းကျင်သူများ အားလုံး ပွဲချင်းပြီး သေဆုံးသွားသည်။ ထိုအချိန်မှစ၍ ရွှမ်ယွမ်ဂိုဏ်းသည် သမိုင်း၌သာ နာမည်ကျန်ရစ်တော့မည်ကို တွေးမိသော လူအများက တုန်လှုပ်ခြောက်ခြားသွားကြသည်။
ရွှယ်အန်းကဆင်းသက်ကာ ပျံ့ချင်မု၊ ပျံ့ဟွာနှင့် ပျံ့ထျန်တို့ကို ပြုံးပြလိုက်သည်။
"အဓိကမြို့ကို ဘယ်တော့သွားရမလဲ"
ထိုနေ့တွင် ယွမ်ကျိုးမြို့၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် ခွန်းလွန်အရှေ့ဘက် နယ်မြေတစ်လျှောက် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ကျီကျိုးမြို့။
ရူယန်မျှော်စင်။
ရှန်ထျန်ဟယ်သည် သူ၏ဝိုင်ကို အေးအေးဆေးဆေး သောက်နေသည်။ ပန်းပွင့်ကဲ့သို့ လှပသော မိန်းကလေးတစ်ယောက်က သူ့ခြေထောက်များကို ညင်သာစွာ နှိပ်နယ်ပေးလျက်ရှိသည်။
အခန်းတွင်း၌ တီးမှုတ်နေသည့် ကုချင်(ကြိုးတပ် တရုတ်တူရိယာတစ်မျိုး)သံက ပဲ့တင်ထပ်ကာ ငြိမ့်ညောင်းသော ဂီတသံက နှလုံးသားကို ကြည်နူးစေသည်။
၎င်း၏ အဆုံးသတ်တွင် ရှန်ထျန်ဟယ်က ညင်သာစွာ ချီးကျုူးလိုက်သည်။
“မိန်းကလေး ရူယန်က တကယ်ပဲ ထူးခြားတဲ့ ဂီတစွမ်းရည် ရှိပါပေတယ်”
အေးမြသော အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာသည်။
“သခင်လေးရှန်က ကျွန်မကို မြှောက်ပင့်လွန်းနေပါပြီ”
ရှန်ထန်ဟယ်က တစ်စုံတစ်ခုကို ပြောတော့မည့်အခိုက်အတန့်တွင် ဘဏ္ဍာစိုးက စကားပြောလာ၏။
“သခင်လေး ဘိုးဘေးက သခင်လေးကို အိမ်ပြန်ခေါ်ခိုင်းလိုက်ပါတယ်။ အရေးပေါ်ကိစ္စရှိနေတယ်လို့ ပြောလိုက်တယ်”
ရှန်ထျန်ဟယ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ဖခင်ဖြစ်သူ၏ ဆင့်ခေါ်ချက်အရ မတ်တပ်ထရပ်လိုက်သည်။
“မိန်းကလေး ရူယန် ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော် အခု သွားရမယ်”
“အားမနာဘဲ သွားပါသခင်လေး”
ရှန်ထျန်ဟယ်သည် သူ့မိသားစုအိမ်ကို အမြန်ပြန်သွားခဲ့သည်။
ရှန်ယွီချန်သည် ဖြစ်ရင်းကိစ္စကို အပြန်ပြန်အလှန်လှန်လေ့လာလျက်ရှိရာ ရှန်ထျန်ဟယ်ကို မြင်လိုက်ရသောအခါ သူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“မင်း ဒီသတင်းတစ်ပုဒ်ကို ကြည့်သင့်တယ်ထင်တယ်”
ရှန်ထျန်ဟယ်က ၎င်းကို ယူကြည့်လိုက်ပြီးနောက် ယွမ်ကျိုးမြို့မှ အဖြစ်အပျက်ကို မြင်လိုက်ရကာ မည်သည်မျှ မထူးခြားသည့်အလား ခံစားလိုက်ရသည်။
"ဒါက ကျေးလက်မြို့ငယ်လေးပဲလေ ဘယ်လိုလုပ် ဒီလောက်ဖြစ်နိုင်မှာလဲ” ရှန်ထျန်ဟယ်က သတင်းကို ဖတ်လျက် တွေးလိုက်သည်။
သို့သော် စာကြောင်းအနည်းငယ်ခန့် ဖတ်ရှု့ပြီးနောက် မျက်ခုံးများ ပင့်တက်သွားသည်။ ထို့နောက် သူက အံ့သြတကြီးဖြင့် ပြော၏။
“ဖေဖေ၊ ဒီသတင်းက အမှန်လား”
"အဲ့တာကို စိစစ်ဖို့ ကျုပ် လူတွေ ပို့ထားပြီးပြီ။ သံသယဖြစ်နေစရာ မလိုတော့ဘူး” ရှန်ယွီချန်က ပြောသည်။
ထို့နောက် ၎င်းက ဆက်လက်၍ပြော၏။
"ဒီလူမှာ ထူးဆန်းတဲ့ နောက်ခံမျိုးရှိတယ်။ ဒီနေ့ သူ့ကို ဘယ်သူမှ မမြင်ဖူးပေမယ့် တိုက်ပွဲတစ်ဝက်မှာ အင်မော်တယ် ထက်ဝက်အဆင့်ကို ရောက်သွားပြီးတော့ သူ့ စွမ်းအားက ပိုပြီး ကြောက်ဖို့ ကောင်းလာတယ်”
ရှန်ထျန်ဟယ်က ခေါင်းညိတ်ပြ၍ ပြော၏။
"ဖေဖေ စိတ်ချပါ ရွှမ်ယွမ်ဂိုဏ်းဆိုတာ သေးငယ်တဲ့ ဂိုဏ်းတစ်ခုပဲ။ သူတို့ရဲ့ ကျင့်ကြံရေးအဆင့် တက်လာဖို့ လျှို့ဝှက်နည်းလမ်းတွေရှိတယ်လို့ ကြားဖူးတယ် ဒါ့ကြောင့် သူတို့ကို အင်မော်တယ်လို့ ခေါ်တာက ကြွားဝါလွန်းတာပဲ”
“ပြီးတော့ ငါထျန်ဟယ်ဓားကို အောင်အောင်မြင်မြင် ထုလုပ်နိုင်ခဲ့ပြီ။ ဒီစမ်းသပ်ပြိုင်ပွဲက ငါတို့ ရှန်မိသားစု ခွန်းလွန်ကို ဝင်ရမယ့် အခိုက်အတန့်ပဲ”
ရှန်မိသားစုသာမဟုတ်ပေ။
ခွန်းလွန်အင်မော်တယ် နယ်မြေတွင်းရှိ မြို့ကြီးအနည်းငယ်ထဲမှ တစ်ခုဖြစ်သော ကျီကျိုးမြို့သည် မရေမတွက်နိုင်လောက်အောင် များပြားလှသော မြင့်မြတ်သော မိသားစုများနှင့် ဂိုဏ်းကြီးများရှိရာနေရာဖြစ်သည်။
အထူးသဖြင့် ယခုပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ လူအမြောက်အမြားက စတင်၍ စိတ်ဝင်စားလာကြရာ ရွှယ်အန်းကြောင့် ရွှမ်ယွမ်ဂိုဏ်း ပျက်သုဥ်းသွားသည့် သတင်းရောက်လာသောအခါတွင် အဖွဲ့အသီးသီး၏ အာရုံစိုက်ခြင်းကို အနည်းနှင့်အများ ခံခဲ့ရသည်။
ရူယန်မျှော်စင်။
အံ့မခန်း လှပသော မိန်းကလေးသည် လက်ထဲမှ စာရွက်တစ်ရွက်ကို ကြည့်ကာ မျက်လုံးများ တောက်ပနေသည်။
"တစ်ယောက်ယောက်လာစမ်း"
"မမလေး"
"ဒီလူအကြောင်း ပိုသိရအောင် စုံစမ်းခဲ့"
“ဟုတ်”
အိမ်အကူထွက်သွားပြီးနောက် ကျူးရူယန်သည် ဖြည်းညှင်းစွာထ၍ အခန်းတစ်ဝိုက်သို့ အရှိန်ပြင်းပြင်းဖြင့် လမ်းလျှောက်လိုက်သည်။
"ရွှမ်ယွမ်ဂိုဏ်းကို ချေမှုန်းနိုင်တဲ့ စွမ်းအားနဲ့ ရှင့်ရဲ့ ကျင့်ကြံရေးအဆင့်က အထင်ကြီးစရာပဲ။
ဒါပေမယ့် ရှင် ကျွန်မကို ကူညီနိုင်မလားလို့ စဥ်းစားမိတယ်... နောက်တစ်ဖွဲ့က အင်မော်တယ် နန်းတော်ကပဲ”
အင်မော်တယ်နန်းတော်အကြောင်း ထည့်ပြောလိုက်ပြီးနောက် ကျူးရူယန်၏ မျက်နှာထက်တွင် အရှက်တရားနှင့် စိတ်ပျက် အားငယ်မှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။
အခန်း (၃၀၀) ဓားသွားအောက်က အသက်များ
ကျီကျိုးမြို့။
ခွန်းလွန်အရှေ့ပိုင်းဒေသ၏ အဓိကမြို့။
ပျံ့ဟွာနှင့် ပျံ့ထျန်တို့ မောင်နှမနှစ်ယောက်သည် မြင့်မားလှသော မြို့ရိုးများကို မြင်သောအခါ နှလုံးများ ပေါက်ကွဲလုမတက် ရင်ခုန်နေကြသည်။ ၎င်းတို့အတွက် ၎င်းတို့၏ တစ်သက်တာတွင် တစ်ကြိမ်မျှ ကျီကျိုးမြို့ကို လာရခြင်းသည် ၎င်းတို့၏ အဆက်အသွယ်များကို ကျယ်ပြန့်စေသည်ဟု ယူဆကြသည်။ သို့သော် ပျံ့ချင်မုက ငြိမ်သက်နေသည်။ ဤပြိုင်ပွဲများအတွက် သူမသည် ကျီကျိုးကို တစ်ကြိမ်ထပ်ပို၍ ရောက်ခဲ့ဖူးသည်။
ပြိုင်ပွဲတိုင်းမှ ခြွင်းချက်မရှိ အမြဲတစေ ပယ်ချခံခဲ့ရသည်။
‘ဒီတစ်ကြိမ်တော့ မတူသင့်ဘူးမလား’
…
ပျံ့ချင်မုသည် သူမဘေးမှ ရွှယ်အန်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ ယွမ်ကျိုးမြို့၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများသည် ရက်အနည်းငယ်ကြာခဲ့ပြီဖြစ်သော်လည်း တွေးလိုက်မိသည့်အခါတိုင်း သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။
စစ်မြေပြင်ပေါ်တွင် အင်မော်တယ် ထက်ဝက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် လူကိုးဦးကို လက်သီးများဖြင့် ချေမှုန်းပစ်ခဲ့ရာ ထိုကိုးဦးအနက် အနိမ့်ဆုံးအဆင့်မှာ လွတ်မြောက်အင်မော်တယ်အဆင့်ပင်ဖြစ်သည်။ ဤလူသည် ပျံ့ချင်မု၏ နားလည်နိုင်စွမ်းများကို လုံးလုံးလျားလျား ပြောင်းပြန်လှန်ပစ်လိုက်သည်။ နောက်ဆုံးတွင် ရွှယ်အန်းကို သူမ အကြိမ်ကြိမ် ပြဿနာမရှာရန် သတိပေးခဲ့စဥ်က ရွှယ်အန်း၏ မျက်လုံးများထဲမှ အရိပ်အမြွက်ကို ယခု နားလည်လာသည်။
‘မသိဘဲ အမြင်ကျဥ်းတဲ့အတွက် ငါ့ကို လှောင်ပြောင်များနေမလား’
ဤအတွေးကြောင့် သူမက အသက်ကို ပြင်းပြင်းရှုလိုက်သည်။
“မြို့ထဲကို မြန်မြန်ဝင်ကြရအောင် မဟုတ်ရင် တံခါးတွေ ပိတ်ကုန်တော့မယ်” သူမက ခပ်တိုးတိုးပြောလိုက်သည်။
လူတစ်စုသည် ယွမ်ကျိုးမြို့ထက် အဆပေါင်းများစွာ ကျယ်သော ကျီကျိုးမြို့သို့သွားရာ လမ်းသွားလမ်းလာများအားလုံးက ဝတ်ကောင်းစားလှများဝတ်ထားသည်သာမက စွမ်းအားကြီးသော အရှိန်အဝါများလည်းထွက်ပေါ်လျက်ရှိသည်။ ပျံ့ဟွာနှင့် ပျံ့ထျန်တို့သည် ဆန်းသစ်၍ အသစ်အဆန်းမှန်သမျှကို မြင်ရကာ ပျံ့ထျန်သည် လမ်းဘေးစျေးသည်တစ်ဦးရှေ့တွင် ထိုင်၍ အနီးကပ်ကြည့်နေသည်။ ထိုအချိန်တွင် လမ်းမဘက်သို့ ပြေးနေသည့် မြင်းခြေသံတစ်ခု ထွက်ပေါ်လာသည်။
မြင်းသည် ထူးခြားစွာ စိတ်အားထက်သန်လျက်ရှိ၍ အနီရောင်ဝတ်ထားသော လူက ကြာပွတ်ကို ကိုင်ဆောင်လျက် “လမ်းဖယ်ကြ” ဟု အော်ဟစ်လျက်ရှိသည်။
သူမက ထိုသို့ပြော၍ လက်ထဲမှ ကြာပွတ်ကို ဝှေ့ယမ်းပစ်လိုက်ရာ အနီးနားရှိ လူများသို့ ထိမှန်၍ နာကျင်မှုကြောင့် အော်ဟစ်ကုန်ကြသည်။ ဤရုန်းရင်းဆန်ခတ်ဖြစ်မှုသည် မြင်းဝင်လာသောကြောင့် ဘေးသို့ ဖယ်တော့မည့် ပျံ့ချင်မုနှင့် သူမ၏ အပေါင်းအဖော်များ၏ အာရုံကို ဖမ်းစားခဲ့သည်။
ပျံ့ထျန်သည် နောက်ကွယ်မှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုကို သတိမထားမိဘဲ လမ်းဘေးတွင် ထိုင်မြဲထိုင်နေလျက်ရှိသည်။ ဤသည်ကို မြင်သောအခါ မြင်းစီးလာသော အမျိုးသမီးက ကြာပွတ်ကို ကိုင်၍ ရိုက်ချလိုက်သည်။
“ငါ့လမ်းက ထွက်သွားစမ်း”
ထိုမြင်းရိုက်ကြာပွတ်၏အသံက နားစည်ကွဲလုမတက် ကျယ်လောင်လှသဖြင့် ပျံ့ချင်မုက ထိတ်လန့်စွာဖြင့် ယင်းကို တားရန်ရှေ့သို့ တိုးလိုက်သည်။ ရွှယ်အန်းက အေးစက်စွာ နှာခေါင်းရှုတ်ကာ ထိုကြာပွတ်ကို လှမ်းဖမ်းလိုက်သည်။ ထိုအမျိုးသမီးသည်လည်း လူတစ်ယောက်က သူမ၏ ကြာပွတ်ကို ဤသို့ ဖမ်းရဲလိမ့်မည်ဟု မထင်ထားသောကြောင့် ထိတ်လန့်နေသည်။
“လွှတ်စမ်း”
သူမက အမိန့်ပေးလျက် ကြာပွတ်ကို ပြန်ယူရန် ကြိုးစားသော်လည်း မည်မျှပင် ကြိုးစားနေစေကာမူ ရွှယ်အန်းက အနည်းငယ်မျှ မလှုပ်ပေ။
“လမ်းပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း မြင်းစီးနေပြီး လူတွေကို ဒဏ်ရာရအောင်လုပ်နေတာ မင်းမိသားစုက မင်းဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ မသင်ပေးထားဘူးလား”
ဤစကားသည် အနီရောင်ဝတ်ထားသော အမျိုးသမီးကို အမျက်ဒေါသဖြင့် လွှမ်းခြုံသွားစေသည်။
“ရှင့်ကိုယ်ရှင် ဘယ်သူထင်နေတာလဲ ဆုံးမရဲတယ်ပေါ့”
ရွှယ်အန်း၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။ ထိုသို့သော မောက်မာမူသည် အမှန်တကယ်ပင် စိတ်အနှောက်အယှက်ဖြစ်ရ၏။
ထို့ကြောင့် သူက ကြာပွတ်ကို ပို၍ တင်းကြပ်နေအောင် ဆုပ်ကိုင်ထားလိုက်သည်။ ကြာပွတ်ကို အတင်းပြန်လုရန် ကြိုးစားနေသော အမျိုးသမီးသည် မြင်းပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်နေ၏။ အလွန်အမင်းဒေါသထွက်လျက်ဖြင့် သူမက ခါးမှ ဓားကို တစ်ချက် ဆွဲထုတ်ယူလိုက်သည်။
“ ကျွန်မ ရှင့်ကို သတ်ပစ်မယ်” သူမက အော်၍ ရွှယ်အန်း၏ မျက်နှာတည့်တည့်သို့ ဓားဖြင့် တိုက်ရိုက်ထိုးချလိုက်သည်။
ဓား၏ အရှိန်သည် လျှပ်စီးတမျှ ပြင်းထန်လှကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသည်။ ပျံ့ချင်မု အနည်းငယ် ထိတ်လန့်သွားသည်။ ဤမိန်းကလေးက ငယ်ရွယ်သော်လည်း ကောင်းကင်ဘုံလူသားအဆင့်တွင်ရှိနေသည်။
ဤဓားနှင့် ရင်ဆိုင်နေရသော်လည်း ရွှယ်အန်းသည် ၎င်းကို တိုက်ရိုက် တစ်ချက်ကြည့်၇န်ပင် စိတ်မဝင်စားပေ။ ဓားချီက သူ့အပေါ်သို့ ရောက်လုနီးချိန်တွင် ရွှယ်အန်းက လက်ကို မြှောက်ကာ လက်ဖျောက်တစ်ချက် ပေါ့ပါးစွာ တီးလိုက်သည်။
ဘမ်း
မိန်းကလေးက အသေအချာထိမှန်လိမ့်မည်ဟု ယုံကြည်ထားသော ဓားသည် ရွှယ်အန်း၏ လက်ဖျောက်တီးသံအောက်၌ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကလည်း ပြင်းထန်လွန်းလှသဖြင့် အနီရောင်ဝတ်ထားသော အမျိုးသမီးကို မြင်းပေါ်မှ ပြုတ်ကျသွားစေသည်။
ဤသည်ကို မြင်သောအခါ ဝမ်းသာအားရဖြစ်နေသင့်သော ပြည်သူများအားလုံး ထိတ်လန့်တကြား ဖြစ်၍ လူစုခွဲလိုက်ကြသည်။ လမ်းဘေးစျေးသည်များပင်လျှင် ထွက်ပြေးကြသဖြင့် ပစ္စည်းသိမ်းရန် စိတ်မဝင်စားကြပေ။
“ရှင် ကျွန်မကို ရိုက်ရဲလား” အမျိုးသမီးက ထော့နဲ့နဲ့ဖြစ်လျက် ဒေါသအငွေ့အသက်များဖုံးလွှမ်းနေသော အကြည့်ဖြင့် ကြည့်၍ အော်လိုက်သည်။
“ဒါက အဲ့လောက် အံ့သြဖို့ကောင်းလား။ မင်း နောက်တစ်ချက် လုပ်ချင်သေးလား” ရွှမ်အန်းက ရှေ့သို့ တိုးလာ၍ ပြောလိုက်သည်။
အနီရောင်ဝတ်ထားသော အမျိုးသမီးက ကြောက်လန့်တကြားဖြစ်လျက် ခြေလှမ်းများစွာ ဆုတ်သွားကာ ရွှယ်အန်းကို စိုက်ကြည့်နေသည်။
“ကောင်းပြီ ရှင် စောင့်နေလိုက်”
သူမပြောနေစဥ် အဝေးမှ ခွာသံများထွက်ပေါ်လာကာ မကြာမီ၌ပင် ဒါဇင်ပေါင်းများစွာသော မြင်းစီးသူများက ၎င်းတို့ဆီသို့ ဦးတည်လာသည်။
ခေါင်းဆောင်သည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ကာ အနီရောင်ဝတ်ထားသော အမျိုးသမီးရှေ့သို့ ဆင်းလာသည်။
“မမလေး”
မှုန်မှိုင်းသော မျက်နှာမျိုးရှိနေသည့် အမျိုးသမီးက ရွှယ်အန်းကို လက်ညှိုးထိုးပြကာ အမိန့်ပေးလိုက်သည်။
“ကျွန်မအတွက် သူ့ကို ရိုက်ပေး”
“ဟုတ်ကဲ့ပါ မမလေး”
ထိုလူက မတ်တပ်ထရပ်၍ ရွှယ်အန်းကို တစ်ချက်ကြည့်ကာ အေးစက်စွာပြုံးလိုက်သည်။
"သားလေး၊ မင်း ငါတို့မြို့သခင်ရဲ့သမီးကို ထိဖို့ သတ္တိရှိတယ်နော်။ မင်း အသက်ရှင်ရတာ ပင်ပန်းနေတဲ့ပုံပဲ”
မြို့သခင်။
ဤအမည်ကို ကြားလိုက်ရသောအခါ ပျံ့ချင်မု၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားသည်။
“မင်းက အိုက်မိသားစုကလား”
“ဟုတ်တယ်”
ပျံ့ချင်မု၏ နှလုံးသားတစ်ခုလုံး တိမ်မြုပ်သွားသည့်အလား ခံစားလိုက်ရသည်။
ကျီကျိုး၏ အိုက်မိသားစု။
၎င်းတို့သည် ထောင်စုနှစ်တစ်ခုကြာတည်မြဲနေသည့် တော်ဝင်မိသားစုတစ်ခုဖြစ်ကာ လက်ရှိ ကျီကျိုးမိသားစု၏ မြို့သခင်များဖြစ်ကြသည်။
ဤအမျိုးသမီးက ဤမျှ မာန်တက်နေသည်မှာ အံ့သြဖွယ်မဟုတ်ပေ။
သို့သော် ရွှယ်အန်းက ဆက်လက်၍ ထူးမခြားနားပြောလိုက်သည်။
“မင်း စကားပြောလို့ ပြီးပြီလား။ မြန်မြန်လုပ် ငါအလျင်လိုနေတယ်”
“မင်း ကိုယ့်သေတွင်းကိုယ်တူးနေတာလား”
ဤသို့ ပြော၍ ထိုသူက ဓားကို ဆွဲထုတ်ကာ ထိုးချလိုက်သည်။ သူ့ဆီမှ ထွက်လာသော စွမ်းအားက အံ့သြဖွယ်ဖြစ်ကာ အင်မော်တယ်ထက်ဝက်အဆင့်တွင်ရှိနေကြောင်း ပြသလျက်ရှိသည်။ သူ့နောက်ရှိ ဒါဇင်ပေါင်း များစွာသော နောက်လိုက်များက လေးမြှားများကို ဆွဲကာ ရွှယ်အန်းဆီသို့ တည့်တည့် ချိန်ရွယ်၍ ပစ်လိုက်ကြသည်။ အိုက်ဟုန်ယွီ၏ မျက်နှာထက်၌ စိတ်လှုပ်ရှားနေသော အမူအရာမျိုးပေါ်လာသည်။
ဤအခိုက်အတန့်တွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပေါင်းစပ်တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်လိုက်ရသော်လည်း ရွှယ်အန်းသည် ရှေ့သို့သာ ဆက်၍ လျှောက်လာသည်။
ဘမ်း
လမ်းတစ်ခုလုံး တုန်လှုပ်သွားကြသည်။ မြင်းစီးသမားများနှင့် ၎င်းတို့၏ မြင်းများအားလုံး တုန်လှုပ်ခြောက်ခြားကာ ခြေချော်ကုန်ကြသည်။
ထိုသူက နောက်ပြန်လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျ၍ ချက်ချင်း ပြန်မထနိုင်တော့ပေ။ အိုက်ဟုန်ယွီသည် အခင်းဖြစ်နေရာတွင် တစ်ယောက်တည်း ကျန်ခဲ့၏။
"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူမ၏ မိသားစု၏ အစောင့်တပ်မှူးသည် ဓားချက်တစ်ချက်မှပင် မလုပ်နိုင်ခဲ့ဘဲ ဤလူ၏ တစ်ချက်တည်း အကန်ခံလိုက်ရသည်။
‘သူ ဘယ်အဆင့်ကို ရောက်နေပြီလဲ’
ထိုအချိန်တွင် ရွှယ်အန်းက အိုက်ဟုန်ယွီကို ကြည့်၍ ခေါင်းခါလိုက်သည်။
“မင်း အသက်ကို ချမ်းသာပေးဖို့ ရည်ရွယ်ထားပေမယ့် ကံဆိုးစွာနဲ့ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းရဲ့နှလုံးသားက အဆိပ်ပြင်းနေပြီ၊ မင်းအသက်ဆက်ရှင်နေရင် ကျိန်စာတစ်ခုဖြစ်မှာပဲ။ ဒါ့ကြောင့် မင်းသေလိုက်တာ ပိုကောင်းတယ်”
ဤသို့ပြော၍ ရွှယ်အန်းက ပေါ့ပေါ့ပါးပါး လက်ကို ဝှေ့ယမ်းကာ အိုက်ဟုန်ယွီဆီသို့ ဓားစွမ်းအင်တစ်ခုကို ပစ်လွှတ်လိုက်သည်။ အိုက်ဟုန်ယွီသည် တစ်စုံတစ်ယောက်က သူမကို အမှန်တကယ် သတ်ဝံ့လိမ့်မည်ဟု မတွေးထားခဲ့ဖူးသဖြင့် အလွန်အမင်း ကြောက်ရွံ့လျက်ရှိသည်။
ဘမ်း
ဓားစွမ်းအင်က ချင်းကပ်လာသောအခါ အိုက်ဟုန်ယွီရှေ့၌ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာကာ သူမကို ကာကွယ်ပေးလိုက်သည်။ အိုက်ဟုန်ယွီသက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် အဖေဖြစ်သူက ပေးသော အကာအကွယ် ကျောက်စိမ်းဆွဲသီးကို ဝတ်ဆင်ထား၏။
သို့သော် သူမ ခဏတာ သက်သာရာရသွားသောအခိုက်အတန့်တွင် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
“နောက်တစ်ချက်”
နောက်ထပ် ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာကာ ရွှေရောင်အလင်းတန်းကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေသည်။
အိုက်ဟုန်ယွီ ထိတ်လန့်သွား၏။
“မဖြစ်ဘူး… မလုပ်ပါနဲ့…”
သို့သော် ထိုအော်သံက သူမ၏ ပါးစပ်မှထွက်လာသည်နှင့်တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းက ကွဲအက်သွားသည်။ တစ်ချိန်တည်း၌ပင် မြို့တွင်း၏ အဝေးတစ်နေရာမှ လူတစ်ယောက်၏ အော်သံတစ်ခု ထွက်ပေါ်လာသည်။
“မင်း ဓားအောက်ကလူကို သက်ညှာပေးပါ”
ကံမကောင်းစွာဖြင့် ရွှယ်အန်း၏ သတ်ပစ်ရန် ဆုံးဖြတ်ချက်သည် ကျောက်တုံးကဲ့သို့ ခိုင်မာသည်။
ထိုအမျိုးသမီးသည် ငယ်ရွယ်သော်လည်း သူမ၏ အပြုအမူများက ရက်စက်ကြမ်းကြုတ်လှသည်ဖြစ်ရာ သူ့ကိုပင် မသန်မစွမ်းဖြစ်သွားသည်အထိ ရိုက်နှက်ရန် အမိန့်ပေးခဲ့သည်။
ဤသို့ဖြင့် ရွှယ်အန်းက မျက်ခုံးကို အနည်းငယ်ပင့်လိုက်သောအခါ အိုက်ဟုန်ယွီ၏ ရင်ဘတ်ထဲသို့ ဓားချီကတစ်စင်း တိုက်ရိုက် ထိုးဖောက်သွားကာ သွေးများပန်းထွက်လာသည်။
အိုက်ဟုန်ယွီ၏ မျက်နှာထက်မှ ထိတ်လန့်သော အမူအရာက အေးခဲသွားပြီးနောက် သူမ၏ အလောင်းသည် မြေပြင်ထက်သို့ လဲကျသွားသည်။ ထိုအချိန်တွင် မယုံနိုင်လောက်အောင် ဒေါသထွက်နေသော အသံတစ်ခု ထွက်ပေါ်လာ၏။
“တော်တော်သတ္တိရှိနေတာပဲ အရူး”