← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း(၃၀၁) ထာဝရကာလတစ်ခုမျှသာ

ဤသို့ပြောလျက် ကြီးကျယ်ခမ်းနားသော အသွင်အပြင်မျိုးရှိသည့် အမျိုးသားတစ်ယောက်က ကောင်းကင်ယံထက်မှ ဆင်းလာသည်။

"လက်အောက်ငယ်သားက မြို့တော်သခင်ကို အလေးပြုပါတယ်။”

မြင်းစီးတပ်မှူးသည် မြေပြင်မှ ရုန်းကန်ထ၍ လေးစားစွာပြောလိုက်သည်။ ရောက်ရှိလာသူမှာ အမှန်ပင် ကျီကျိုးမြို၏ မြို့သခင် အိုက်ဟုန်ယွီ၏ဖခင် အိုက်ပေါ်မင်ဖြစ်သည်။ ထိုအချိန်တွင် အိုက်ပေါ်မင်သည် မြေပြင်ပေါ်ရှိ သူ၏ချစ်လှစွာသော သမီးလေး၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်၍ တိတ်ဆိတ်သွားသည်။ အချိန်အတန်ကြာပြီးသည့်နောက် နောက်ဆုံးတွင် ခေါင်းကို ပြန်မော့လျက် ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။

"မင်းက ဘယ်သူပဲ ဖြစ်ဖြစ် ငါ့သမီးကို သတ်ဖို့ သတ္တိရှိတယ်ဆိုတော့ မင်းကို ငါ တစ်စစီ ခွဲထုတ်ပြီး မင်းရဲ့ ဝိညာဉ်ကို သေတဲ့အထိ နာကျင်နေရအောင် လုပ်ပေးမယ်"

ဤသို့ပြောလျက် အိုက်ပေါ်မင်၏ ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

...

အင်မော်တယ်အဆင့်

စစ်မှန်သော အင်မော်တယ်အဆင့်။

အလွန် အားပြင်းသော လှိုင်းလုံးကဲ့သို့ အလွန်ကျက်သရေရှိသော ဤရောင်ဝါသည် လွတ်မြောက်အင်မော်တယ်အဆင့်၌ ရှိသည့် ပျံ့ချင်မုကိုပင် ကြောက်လန့်တကြား နောက်သို့ ပြန်ဆုတ်သွားစေနိုင်သည်။ ထိုအရာသည် အင်မော်တယ်အဆင့်၏ ခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်သော်လည်း ထိုကဲ့သို့သော‌ ကြောက်မက်ဖွယ်စွမ်းအားများနှင့် ရင်ဆိုင်နေရသည့်တိုင် ရွှယ်အန်းက ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်းအလျင်းဖော်ပြခြင်းမရှိ ခံစားချက်မဲ့နေသော မျက်လုံးများဖြင့်သာ ကြည့်နေသည်။

“ကောင်းပြီ ဒီနေ့တော့ ခွန်းလွန်ရဲ့ အင်မော်တယ်က ဘယ်လောက်ကြောက်ဖို့ ကောင်းလဲဆိုတာကို ငါကြည့်မယ်”

အိုက်ပေါ်မင်က ဒေါသအလွန်ထွက်နေကြောင်း ထင်ရှားကာ ပထမဆုံးသော သူ၏ လှုပ်ရှားမှုသည် ထင်ရှားသော သတ်ဖြတ်ရေးနည်းလမ်းတစ်ခုပင်ဖြစ်သည်။

“အရူး သေပေတော့ ကမ္ဘာဖြိုခွင်းနတ်ဘုရားလက်သီး”

ဘမ်း

ကြီးမားသော လက်သီးအရိပ်ကြီးတစ်ခုက ရွှယ်အန်းဆီသို့တည့်တည့် တိုးဝင်လာသည်။ ရွှယ်အန်းက အနည်းငယ်ပြုံး၍ တိုက်ပွဲဝင်လိုသော စိတ်မျိုးဖြင့် အော်လိုက်သည်။

“လာစမ်းပါ”

ထိုသို့ပြော၍ ရွှယ်အန်းက အိုက်ပေါ်မင်၏ လက်သီးများနှင့် အကြောက်အလန့်ကင်းစွာ ထိပ်တိုက်တွေ့လျက် လက်သီးကို မြှောက်လိုက်သည်။

ဘမ်း

ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ၎င်းတို့၏ လက်သီးချက်နှစ်ခု ထိပ်တိုက်တွေ့ရမှ စွမ်းအင်လှိုင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ မီတာတစ်ထောင်ကျော် ဝန်းကျင်အတွင်းရှိ ၎င်း၏ လမ်‌ကြောင်းရှိ အရာအားလုံး ထိခိုက်ခဲ့ရာ မြေပြင်ပေါ်ရှိ အပြာရောင်ကျောက်ပြားများပင် တစ်လက်မချင်းကွဲအက်၍ အိမ်များအားလုံးပြိုကျသွားသည်။

ပျံ့ဟွာနှင့် ပျံ့ထျန်တို့ကို ကာကွယ်ပေးနေသော ပျံ့ချင်မုက အဝေးမှ ထိတ်လန့်စွာကြည့်နေသည်။

‘ဘယ်သူနိုင်သွားလဲ’

ခဏအကြာတွင် ရုတ်တရက် အိုက်ပေါ်မင်က ဒေါသတကြီးဖြင့် နောက်သို့ ပြန်ဆုတ်သည်ကို မြင်လိုက်ကြရသည်။ သူမျက်နှာထက်၌ ပုံမှန်မဟုတ်သော အငွေ့အသက်များဖြင့် နီမြန်းနေသည်။ သို့သော် ရွှယ်အန်းကမူ ပခုံးအနည်းငယ်မျှသာ ယမ်းသွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွား၏။

ရွှယ်အန်း အသာစီးရသွားခြင်းဖြစ်သဖြင့် ပျံ့ချင်မုတစ်ယောက်တည်းသာ မဟုတ်၊ လူအားလုံး အံ့သြတကြီးဖြစ်ကုန်ကြသည်။ အိုက်မိသားစုမှ ကိုယ်ရံတော်များကိုပင်လျှင် လူတိုင်းက ကြောက်ရွံ့ကြသည်ဖြစ်ရာ ဤသည်က မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။ အင်မော်တယ်အဆင့်သို့ပင် ကျင့်ကြံနိုင်ခဲ့သော မိသားစုခေါင်းဆောင်သည် အမှန်တကယ်ပင် ဤသာမန်လူ၏ လက်ထဲ၌ ရှုံးနိမ့်သွားသလော။ ထိုအချိန်တွင် အိုက်ပေါ်မင်၏ မျက်နှာက အလွန်အရုပ်ဆိုးလျက်ရှိ၏။

“မင်းက ဘယ်သူလဲ။ မင်း ဘယ်အဆင့်ရောက်နေပြီလဲကွ”

ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။

“ငါလား။ ငါက ကျင့်ကြံသူ တစ်ယောက်ပါပဲ။ နောက်တစ်ချက်…”

ဤသို့ပြော၍ ရွှယ်အန်းက လက်သီးကို ထပ်မြှောက်ကာ ထိုးချလိုက်သည်။ အိုက်ပေါ်မင်သည် သူ၏ ကံဆိုးမှုကို စိတ်တွင်းထဲမှ ကျိန်ဆဲနေမိသည်။ သူသည် အင်မော်တယ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူ၏ သိုင်းပညာကြောင့် လူသိများခြင်းမဟုတ်ပေ။ သို့သော် သူ့လက်သီးက ဤလူကို ဖုန်မှုန့်အဆင့်ထိရောက်သည်အထိ ထိုးချနိုင်ပြီဟု သူထင်ထားခဲ့သည်။ သို့သော် မထင်မှတ်ထားစွာဖြင့် သူသည် အသာစီးမရနိုင်ခဲ့ရုံသာမက အရေးလည်းနိမ့်ခဲ့သည်။

ဤအရာက သူ့ကို အလွန် အမင်း အံ့အားသင့်စေ၏။

‘ဒီကောင်က အင်မော်တယ် တစ်ဝက်အဆင့်လောက်မှာပဲရှိနေလောက်သေးတာကို သူ့စွမ်းအားက ဘာလို့ ဒီလောက်ကြောက်ဖို့ကောင်းနေတာလဲ’

ရွှယ်အန်းက နောက်ထပ်လက်သီးတစ်ချက် ထိုးလာသည်ကို မြင်လိုက်ရသောအခါ အိုက်ပေါ်မင်က အံကို တင်းတင်းကြိတ်ကာ လက်သီးနောက်တစ်ချက် ပြန်ထိုးလိုက်သည်။ ထိုလက်သီးကြောင့်‌ ခြေလှမ်း တစ်ဒါဇင်ကျော်ခန့် နောက်သို့ ပြန်ဆုတ်သွားရသည်။

“နောက်တစ်ချက်”

ဘမ်း

ဘမ်း

လက်သီးချက်နှစ်ချက် တစ်ပြိုင်နက် အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် အိုက်ပေါ်မင်သည် လမ်း၏ အခြားတစ်ဖက်သို့ လွှင့်ထွက်သွားသည်။ ထိုမြင်ကွင်းက ဤအဖြစ်အပျက်အကြောင်း ကြားသိ၍ အပြေးအလွှားရောက်လာကြသော မြင့်မြတ်သည့် မိသားစုကြီးများကိုလည်း တုန်လှုပ်စေခဲ့သည်။

“အဲ့တာ ဘယ်သူလဲ” လူတစ်ယောက်က အော်လိုက်သည်။

ထိုအချိန်တွင် အိုက်ပေါ်မင်၏ မျက်နှာက သွေးပျက်ခြောက်ခြားလျက်ရှိကာ သူ့ခန္ဓာကိုယ်သည်လည်း လဲကျလုနီးပါး ယိမ်းယိုင်နေသည်။

“ငါ့ဆီက နောက်ထပ် လက်သီးတစ်ချက်ကို ခံနိုင်လို့ ခင်ဗျားအသက်ရှင်ရင် ကျုပ်လွှတ်ပေးမယ်”

ထိုသို့ပြောပြီးနောက် သူသည် ရုတ်တရက် လေထုအလယ်သို့ ခုန်တက်၍

“ကောင်းကင်နဲ့မြေကြီး ကို ရွှေ့ပါ” ဟု အော်လိုက်သည်။

ဘမ်း

ဤလက်သီးက အိုက်ပေါ်မင်ဆီသို့ မရောက်သေးသော်လည်း မီတာတစ်ရာအတွင်းမှ မြေပြင်ကို ပြိုကျသွားစေခဲ့ပြီးဖြစ်သည်။

“ဒါက.. ဒါက အင်မော်တယ်လက်သီးချက်ပဲ..” အိုက်ပေါ်မင်က ထိုလက်သီးကို ကြည့်ကာ မယုံမကြည်နိုင်ဖြစ်လျက် သွေးပျက်နေသောအမူအရာဖြင့် ပြောလိုက်သည်။

ဘမ်း

ဤစကားက လူအများကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။

‘အင်မော်တယ်လက်သီး’

ဤသည်ကား အမြင့်မြတ်ဆုံးသော၊ အစွန်းစွန်ဆုံးသောသိုင်းတစ်ခုဖြစ်သည်။

‘ဒီလူက ဒါကို ဘယ်လိုသိတာလဲ။ သူ့ နောက်ခံက ဘာလဲ’

ဤလူများသည် သံသယများ မသေချာမှုများ အပြည့်ဖြင့် ကြည့်နေကြသည်။

အိုက်ပေါ်မင်က အော်လိုက်သည်။

“ငါ အရှုံးကိုလက်ခံပါတယ်”

သို့သော် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ ရွှယ်အန်း၏ လက်သီးက သူ့ဆီသို့ သက်ရောက်လာပြီးနောက် အကွာအဝေးတစ်ခုအထိ လွင့်ထွက်သွားကာ သွေးစိမ်းများ အန်ထွက်လာသည်။

အင်မော်တယ်အဆင့်မှ အိုက်ပေါ်မင်သည် ရွှယ်အန်း၏ လက်သီးတစ်ချက်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ ထိုအချိန်တွင် ကွင်းပြင်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရွှယ်အန်း၏ မြေပြင်ပေါ်သို့ ဆင်းလာ၍ လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာ လမ်းလျှောက်လာာသည်။

“မင်းသမီးက လမ်းပေါ်မှာ မြင်းစီးပြီး လမ်းသွားလမ်းလာတွေကို ဒဏ်ရာရအောင်လုပ်တယ်။ သူ့စိတ်ဓာတ်က မကောင်းဘူး။ အဲ့တာကြောင့် ငါသူ့ကို သတ်ခဲ့တယ်။ ခင်ဗျားပြောစရာရှိလား”

အိုက်ပေါ်မင်က ဖြူဖျော့လျက် မျက်နှာထက်မှ အရှက်တရားများဖြတ်ပြေးသွားသော်လည်း ရွှယ်အန်း၏ ဆုပ်ထားမြဲဖြစ်သော လက်သီးကို မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား အမြန်ပြောလိုက်သည်။

“ပြောစရာမရှိပါဘူး”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆို ငါ မင်းအသက်ကို ချမ်းသာပေးမယ်”

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

"ခင်ဗျား အရှုံးကို တကယ်လက်မခံနိုင်သေးဘူးဆိုတာ ကျုပ်သိပါတယ်။ ကျုပ်က အစမ်းပြိုင်ပွဲမှာ ပါဖို့ရောက်လာတာ။ အချိန်တန်ရင် ခင်ဗျားစိတ်ကြိုက် ကျုပ်ဆီလာလို့ရတယ်”

ထိုစကားပြောပြီးနောက် ရွှယ်အန်းလှည့်ထွက်သွားသည်။

အပြီးသတ်သွားပြီဖြစ်သည်။ အိုက်ပေါ်မင်ကို သူ့တပည့်များက ကူညီ၍ အိုက်မိသားစုထံသို့ ပြန်ပို့ပေးခဲ့ကြရာ သတင်းသည်လည်း အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ကျီကျိုးမြို့တစ်ခုလုံးတုန်လှုပ်သွား၏။

ရှန့်မိသားစုတွင်ဖြစ်သည်။

လက်ရေးလှရေးလေ့ကျင့်နေသည့် ရှန်ထျန်ဟယ်သည် သတင်းကြားသောအခါ အနည်းငယ်မျှ မတုံ့ပြန်ဘဲ ခေါင်းညိတ်လိုက်သည်။

"နားလည်ပြီ"

သတင်းယူလာသူ ထွက်ခွာသွားပြီးနောက် ရှန်ထျန်ဟယ်သည် နောက်ဆုံးစုတ်ချက်ကိုရေးဆွဲလိုက်ကာ သူရေးထားသည့် ‘ဓား’ ဟူသည့် စာလုံးကို ကြည့်နေသည်။ စာရွှက်ပေါ်တွင်သာ ရေးထားခြင်းဖြစ်သော်လည်း အလွန်စွမ်းအားပြင်းသော ဓားချီက ထွက်ပေါ်လျက်ရှိသည်။

တစ်ခုတည်းသော ချို့ယွင်းချက်မှာ နောက်ဆုံးစုတ်ချက်၌ အနည်းငယ် ရပ်သွားခြင်းကြောင့်သာမဟုတ်ပါက အပြစ်အနာအဆာကင်းသော ဓားဝိဥာဉ်၏အသွင်အပြင်က အပြည့်အဝထင်ဟပ်နေမည်ဖြစ်သည်။

"အိုက်ပေါ်မင်က သူ့သိုင်းစွမ်းရည်ကြောင့်လူသိမများပေမယ့် အင်မော်တယ်အဆင့်ကို ရောက်နေပြီ။ မင်းက တကယ့်ကို ငါ့ရဲ့ ပြိုင်ဘက်ကောင်းဖြစ်ပုံပဲ”

ရှန်ထျန်ဟယ်က တစ်ယောက်တည်းရေရွတ်လျက် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ဓားချီတစ်ခုထွက်ပေါ်လာ၍ စာရွက်ကို ပိုင်းဖြတ်ကာ အပေါ်၌ ရေးထားသော စာလုံးကိုလည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

ရူယန်မျှော်စင်။

ကျူးရူယန်သည် သတင်းကြားသည်နှင့် အချိန်အတော်ကြာ တိတ်ဆိတ်လျက် မျက်တောင်ခတ်ကာ တွေးနေသည်။

"နားလည်ပြီ"

အိမ်အကူက ထွက်သွားတော့မည့်အခိုက်အတန့်တွင် ကျူးရူယန်ကပြောလိုက်၏။

"ခဏနေဦး ငါစာရေးပေးမယ်။ ပြီးရင် ပို့ပေး"

“ဟုတ်”

ကျူးရူယန်သည် သူမ၏ ဘောပင်ကို ကောက်ကိုင်လိုက်၍ ခဏမျှ စဉ်းစားပြီးနောက် စာကြောင်းအချို့ကို ခပ်သွက်သွက် ရေးလိုက်သည်။

"သွားပို့လိုက်ပါ”

“ဟုတ်ကဲ့ မမလေး”

ရွှယ်အန်းနှင့် ပျံ့ချင်မုသည် အခြားသူများနှင့်အတူ တည်းခိုခန်းတစ်ခုတွင် တည်းခိုခဲ့ကြသည်။ ယနေ့အဖြစ်အပျက်များကြောင့် ၎င်းတို့ကပါ ရွှယ်အန်းကို ထိတ်လန့်ကြောက်ရွံ့လျက်ရှိကြသည်။ ပျံ့ထျန်ပင်လျှင် ယခင်ကကဲ့သို့ ရွှယ်အန်းအနားသို့ မသွားဝံ့တော့ပေ။

ထို့ကြောင့်ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်၏။

“မင်း ငါ့ကို ဘာလို့ ဒီလိုကြည့်နေတာလဲ။ မသိရင် ငါက လူတွေကို စားချင်နေတာကျနေတာပဲ”

ပျံ့ချင်မုက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဦးညွတ်၍ ပြောလိုက်သည်။

“အင်မော်တယ်သခင် ကျွန်မ မျက်စိကန်းပြီး အရှင့်ကို စိတ်အနှောက်အယှက်ဖြစ်စေမိပါတယ်”

ပျံ့ချင်မုသည် ယခင်က သူမ စိတ်ထဲ၌ စွဲမြဲနေခဲ့သည့် အထင်အမြင်သေးမှုအတွက် တောင်းပန်နေခြင်းဖြစ်သည်။ ယနေ့တွင်မူ ရွှယ်အန်းသည် ငြင်း၍မရနိုင်သောအချက်အလက်များမှတစ်ဆင့် သူ၏ အစွမ်းသတ္တိကို သက်သေပြခဲ့ကာ အလိုအလျောက်ပင်အပြည့်အဝ ယုံကြည့်လိုက်ရပြီဖြစ်သည်။

“ကောင်းပြီ သိပ်ပြီး လေးစားနေစရာမလိုပါဘူး။ ထာဝရအသက်ရှည်တာလောက်က ဘာမှမဟုတ်ဘူး”

ဤသည်က ရွှယ်အန်း၏ စစ်မှန်သော စိတ်ဓာတ်ပင်ဖြစ်သည်။ အနန္တစကြဝဌာနယ်မြေတွင် အင်မော်တယ်အဆင့်ဟူသည် ပုရွက်ဆိတ်များကဲ့သို့ဖြစ်၍ အများစုမှာ သန်မာသောပုရွက်ဆိတ်များမျှသာဖြစ်သည်။

ထို့ကြောင့် အင်မော်တယ်အဆင့်လူတစ်ယောက်ကို အနိုင်ယူခြင်းသည် ကြွားဝါနေရမည့်အရာမဟုတ်ပေ။

သို့သော်လည်း ပျံ့ချင်မုနှင့် အခြားသူများသည် ရွှယ်အန်း၏ စကားကိုမိမိကိုယ်မိမိ နှိမ့်ချမှုအဖြစ်သဘောထား၍ ၎င်းတို့ စိတ်ထဲ၌ ပို၍ပင် ရိုသေလေးစားလာမိကြသည်။

အခန်း (၃၀၂) ရူယန်မျှော်စင်​၏ ပိုင်ရှင်

"သခင်လေး၊ လူတစ်ယောက်က သခင်လေးကို လာရှာနေပါတယ်" တည်းခိုခန်းမှူးက အထဲဝင်လာ၍ ရိုသေစွာပြောလိုက်သည်။

'ဟမ် လူတစ်ယောက်က ငါ့ကို ရှာနေတာတဲ့လား'

ရွှယ်အန်းက အနည်းငယ် အံ့ဩသွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ဝင်လာခိုင်းလိုက်ပါ"

ခဏအကြာတွင် အခန်းထဲသို့ ငယ်ရွယ်သည့် အမျိုးသမီး အစေခံတစ်ဦး ဝင်လာသည်။

"သခင်လေး၊ ကျွန်မက သခင်မလေးရဲ့ အမိန့်အရ စာလာပို့တာပါ"

"မင်းတို့ရဲ့ သခင်မလေးတဲ့လား" ရွှယ်အန်းက ပို၍ပင် အံ့သြနေမိသည်။

"ကျွန်မရဲ့ သခင်မလေးက ရူယန်မျှော်စင်ရဲ့ ပိုင်ရှင် ကျူးရူယန်ပါ" အမျိုးသမီး အစေခံက ပြောလိုက်သည်။

ရွှယ်အန်းသည် ဖြစ်ပျက်နေသော ကိစ္စများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဖိတ်စာကို လက်လှမ်းလိုက်ဆဲဖြစ်သည်။ သူ ဖွင့်ကြည့်လိုက်သည်နှင့် နူးညံ့သိမ်မွေ့သော စာကြောင်းတစ်ကြောင်းက သူ​၏အမြင်ကို ဖမ်းစားသွားလေသည်။

'ဒီနေ့ အဖြစ်အပျက်တွေကို ကြားလိုက်ရတော့ ရှင်နဲ့ လူချင်းဆုံတွေ့ဖို့ ကျွန်မ နှလုံးသားက တောင့်တနေမိပါတယ်။

မှ / ကျူးရူယန်'

ရွှယ်အန်းက အနည်းငယ် အံ့ဩသွားသည်။

'ဒါက ငါ့အတွက် ဖိတ်စာလား။ ဒါပေမယ့် ဒီ ရူယန်မျှော်စင်ရဲ့ ပိုင်ရှင်ကို ငါ သိမှ မသိတာ'

ထိုအချိန်တွင် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်သော တည်းခိုခန်းမှူးသည် အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလာ၍ ရယ်မောကာ တီးတိုးပြောလိုက်သည်။

"ဒီရူယန်မျှော်စင်ရဲ့ ပိုင်ရှင်က အရမ်း လှပတဲ့ အမျိုးသမီးပါ။ ကျီကျိုးမြို့မှာ သူ့ကို စွဲလန်းတဲ့ အထက်တန်းလွှာမိသားစုက အမျိုးကောင်းသားတွေ အများကြီးရှိပေမယ့် သူ့ကို တွေ့ရဖို့က အရမ်းခက်ခဲတာ။ အခု သူက သခင်လေးကို စပြီး ဖိတ်နေတယ်ဆိုတော့ သခင်လေးက အရမ်း ကံကောင်းတာပဲ"

စကားပြောနေစဉ်တွင် တည်းခိုခန်းမှူး ၏မျက်နှာသည် အမျိုးသားတိုင်း နားလည်နိုင်လောက်မည့် သိတတ်သောအပြုံးတစ်ခု ပြသနေသည်။ ရွှယ်အန်းက ရယ်ချင်စဖွယ်ဖြစ်မှုနှင့် ရှက်ရွံ့မှုများ ရောထွေးနေ၍ အမျိုးသမီး အစေခံဆီ ဖိတ်စာကို ပြန်ပေးပြီးနောက် ခေတ္တစဉ်းစားကာ ပြောလိုက်သည်။

"မင်းရဲ့သခင်မလေးကို ပြန်ပြောလိုက်ပါ ကျုပ်တို့ မရင်းနှီးတဲ့အတွက် ဆွေးနွေးစရာလည်း ဘာမှမရှိဘူး၊ ဒါကြောင့် တွေ့ဖို့လည်း မလိုလောက်ဘူး မဟုတ်လား"

ရွှယ်အန်း၏စကားကြောင့် တည်းခိုခန်းမှူးနှင့် အမျိုးသမီး အစေခံတို့နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ကျူးရူယန်၏ ဖိတ်ကြားချက်ကို ငြင်းပယ်မည့် အမျိုးသားမျိုး အမှန်တကယ် ရှိလေသလော။ သူသည် သူ​၏ကိုယ်ပိုင်အဆင့်အတန်းကို မြှင့်တင်ရန်အတွက် လျစ်လျူရှုဟန်ဆောင်နေခြင်း ဖြစ်လေသလော။ သို့သော် ရွှယ်အန်း၏ ဘာသိဘာသာ အမူအရာကို ကြည့်ခြင်းအားဖြင့် ဟန်ဆောင်နေသည့်ပုံမပေါ်သည့်အပြင် သူက လှည့်ထွက်သွားလေသည်။ ဤအခိုက်အတန့်တွင် ကြံမိကြံရာဖြင့် အမျိုးသမီး အစေခံက မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်သည်။

"သခင်လေး၊ ခဏစောင့်ပါဦး၊ ကျွန်မတို့ သခင်မလေးက သခင်လေး ထင်တဲ့ ပေါ့ပြက်ပြက် မိန်းကလေးမျိုး မဟုတ်ပါဘူး၊ အရေးကြီးတဲ့ ကိစ္စရှိလို့ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာပါ"

ထိုစကားကို ပြောပြီးနောက် အစေခံအမျိုးသမီးက မြေကြီးပေါ်တွင် ဦးညွှတ်ထားလေ၏။ ထိုဖြစ်စဉ်ကို မြင်သော ရွှယ်အန်းက ခေတ္တ ထိတ်လန့်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"ဒီလောက်သစ္စာရှိဖို့က တော်တော်လေး ခဲယဉ်းတယ်၊ ကောင်းပြီ မင်း ထတော့"

"ဒါဆိုရင် သွားမှာပါလား သခင်လေး" အစေခံအမျိုးသမီးက ဝမ်းသာသွားသည်။

"အရေးကြီးတဲ့ကိစ္စရှိနေမှတော့ ဘာအကြောင်းလဲဆိုတာ သွားကြည့်တာပေါ့" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

ရူယန်မျှော်စင်သည် ညနေပိုင်းတွင် တောက်ပစွာ ထွန်းညှိထားလေသည်။ ကျူးရူယန်သည် လွန်ခဲ့သောသုံးလက ကျီကျိုးမြို့သို့ ဝင်ရောက်လာ၍ ရူယန်မျှော်စင်ကို တည်ထောင်ခဲ့သည်။ သူမသည် သူမ၏ အလှတရားနှင့် ဗျပ်စောင်းပညာတွင် ထူးခြားသော ကျွမ်းကျင်မှုတို့ကြောင့် အလွန် လျင်မြန်စွာ နာမည်ကျော်ကြားလာခဲ့သည်။ နေ့စဥ် လာရောက်လည်ပတ်သူများသည် ကျူးရူယန်​၏ အဓိက ဆွဲဆောင်မှုကြောင့်ဖြစ်သည်။

သို့သော် လူအနည်းငယ်က ဒုတိယထပ်သို့ တက်နိုင်ကြသည်။ လူတစ်ဦးသည် ကောင်းမွန်သောအသွင်အပြင်နှင့် အထက်တန်းလွှာ မိသားစုနောက်ခံတို့ မလိုအပ်ဘဲ မြင့်မားသော ကျင့်ကြံမှုအဆင့်မျိုးသာ လိုအပ်သည်ဟု ဆိုကြသည်။ ဤလိုအပ်ချက်သည် ကျင့်ကြံမှုအဆင့်က မည်သို့ကြောင့် အရေးကြီးသည်ကို ရှင်းရှင်းလင်းလင်း မသိကြသော လူများစွာကို စိတ်ရှုပ်ထွေးစေခဲ့သည်။

ရွှယ်အန်းသည် ထိုနေရာသို့ အစေခံနောက်မှ လိုက်ပါလာသောအခါ ပထမထပ်​၏ ခန်းမသည် ဆူညံပွက်လောရိုက်နေပြီဖြစ်သည်။ ဤနေရာတွင် ရှိနေကြသူများသည် ကျီကျိုးမြို့၏ အထက်တန်းလွှာ မိသားစုများမှ အမျိုးကောင်းသားများဖြစ်ကြသည်။ အရက်သောက်လျက် စကားစမြည်ပြောနေကြသော်လည်း မျက်လုံးများက မငြိမ်မသက်ဖြစ်နေကြရာ၊ ယမကာကို ကျော်လွန်နေသော အတွေးများဖြင့် လှေကားထစ်ဆီသို့ ရံဖန်ရံခါ စိုက်ကြည့်နေကြသည်။ အပေါ်ထပ်သို့ ရွှယ်အန်း တက်သွားသည်နှင့်အမျှ လူအများအပြားဆီမှ အံ့အားသင့်သွားသည့် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

"ဘယ်လိုဖြစ်ကုန်တာလဲ၊ ဒီကောင် ဘယ်ကလဲ"

"ကျုပ်တော့ သူ့ကို မသိဘူး၊ ဒီမြို့က မဟုတ်ဘူး ထင်တယ်"

"သူ့ကြည့်တော့ လူချမ်းသာတစ်ယောက်လို ၀တ်ထားပုံမပေါ်တာတောင် အပေါ်ထပ်ကို တက်သွားနိုင်ရတယ်လို့၊ တကယ့်ကို စိတ်ဆိုးဖို့ ကောင်းလိုက်တာ"

ရေရွတ်သံများကြားတွင် ရွှယ်အန်းက ဒုတိယထပ်သို့ တက်သွားသည်။ ဒုတိယထပ်သည် ကျယ်ဝန်း၍ တောက်ပနေကာ ပုတီးလုံးကန့်လန့်ကာဖြင့် ခန်းမတစ်ခုလုံးကို နှစ်ပိုင်းခွဲထားသည်။ အလင်းရောင်အောက်ရှိ ကန့်လန့်ကာနောက်ကွယ်က ပုံသဏ္ဌန်ကို ဝိုးတဝါးမြင်ရသော်လည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

"ကျေးဇူးပြုပြီး ထိုင်ပါ သခင်လေး" အေးမြပြေပြစ်သော အသံတစ်ခုက သူ့ထံသို့ ပျံ့လွင့်လာသည်။

အသံတစ်ခုတည်းဖြင့်ပင် ဤအမျိုးသမီးက အလှပဂေးတစ်ဦးဖြစ်သည်ကို ထင်ရှားစွာ သိနိုင်သည်။ ရွှယ်အန်းသည် မသက်မသာဖြစ်ခြင်းမရှိဘဲ ခပ်ပါးပါး ပြုံးပြီးနောက် ကုလားထိုင်တွင် တိုက်ရိုက် ထိုင်ချလိုက်သည်။ ဤဖြစ်စဉ်သည် သူ့ကို ယိမ်းယိုင်စေခြင်း မရှိပေ။ သို့သော် သူသည် ဤအမျိုးသမီးနှင့် မသိကျွမ်းဝင်ထားသည်မှာ သေချာသောကြောင့် သူမအကြောင်း စူးစမ်းနေမိသည်။

'ဒီတော့ သူက ဘာလိုချင်လို့လဲ'

"သီချင်းတစ်ပုဒ်လောက် နားထောင်ချင်လား သခင်လေး" အမျိုးသမီးအသံက မေးလာသည်။

"ကြိုက်သလို လုပ်ပါ" ရွှယ်အန်းက ဘာသိဘာသာ ပြန်ဖြေလိုက်သည်။

ပုတီးလုံး ကန့်လန့်ကာနောက်ကွယ်မှ ခေတ္တတိတ်ဆိတ်သွားပြီးနောက် မကြာမီတွင် ဗျပ်စောင်း တီးခတ်သံများ လေထုထဲတွင် ပြည့်နှက်လာသည်။ သီချင်းသည် ငြိမ့်ညောင်း၍ ကျက်သရေရှိလှရာ၊ နားထောင်သူများကို သာယာပျော်ရွှင်မှုများ ခံစားရစေသည်။ အခြားအရာများကို ဘေးဖယ်ထားကာ ဤဗျပ်စောင်း အတတ်ပညာကို အခြေခံခြင်းဖြင့် ထိုအမျိုးသမီးသည် သာမန်အမျိုးသမီးတစ်ဦး မဟုတ်သည်မှာ သေချာသည်။

ရွှယ်အန်းသည် ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် ဂီတသံစဉ် ပြောင်းလဲသွားကာ ခမ်းနားထည်ဝါ၍ အံဝင်ခွင်ကျမှုများဖြင့် စတင်ခဲ့သော သံစဉ်သည် ငိုရှိုက်ငိုကြွေးသံများဆီသို့ လျင်မြန်စွာ ထိုးဆင်းသွားခဲ့ရာ အူလှိုက်သည်းလှိုက်ဖြစ်လှသော အတိတ်များကို ပြန်လည် အမှတ်ရသွားစေသည်။ အဆုံးမဲ့သော ဝမ်းနည်းပူဆွေးမှုတို့သည် ခိုကိုးရာမဲ့သော သံယောဇဉ်အဖြစ် နှိုးထလာပုံရသည်။ ရွှယ်အန်းသည် မျက်ခုံး အနည်းငယ် ပင့်၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

'တော်တော်လေး ဆန်းကြယ်ပါလား'

လက်ဖက်ရည် တစ်ခွက် သောက်သုံးချိန်မျှ ကြာမြင့်ပြီးနောက် တေးဂီတသံ ရုတ်တရက် ရပ်တန့်သွားကာ လေထဲတွင် စွဲကျန်နေသည့် ပဲ့တင်ထပ်သံများ ကျန်ရစ်လေသည်။ ရွှယ်အန်းက လက်ဖက်ရည်ခွက်ကို ကောက်ယူ၍ တစ်ကျိုက်သောက်ပြီးနောက် သက်ပြင်းချလိုက်သည်။

"ညည်းညူမှုတွေ ဝမ်းနည်းမှုတွေ အပြည့်နဲ့ပါလား၊ ခင်ဗျား တစ်ခုခုအတွက် ဝမ်းနည်းနေတာလား မိန်းကလေး"

ပုတီးလုံး ကန့်လန့်ကာနောက်ကွယ်မှ အမျိုးသမီးတစ်ဦး၏ အံ့အားသင့်ဖွယ်အသံတစ်ခု ထွက်ပေါ်လာသည်။

“ကျွန်မ အတွေးတွေကို တေးဂီတ တစ်စိတ်တစ်ပိုင်းလောက်ကနေ ပိုင်းခြားသိမြင်နိုင်တာ၊ သခင်လေးက မှတ်သားဖွယ်ကောင်းလှပါတယ်။ ရှင်ပြောတာ မှန်ပါတယ်၊ ရူယန်မှာ ငိုကြွေးစရာ ကိစ္စတွေ ရှိနေပါတယ်"

ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။

"ကျုပ် ရောက်လာကတည်းက ခင်ဗျား မျက်နှာကိုတောင် မမြင်ရသေးဘူး။ ဒါက ခင်ဗျားဆီက ဧည့်သည်ကို ဆက်ဆံတဲ့ သဘောထားလား" သူ​၏အသံသည် သရော်မှုအရိပ်အမြွက်များ သယ်ဆောင်လာသည်။

"ရူယန်က ရိုင်းပြမိတာပါ" သူမသည် စကားပြောနေစဉ်တွင် ပုတီးလုံးကန့်လန့်ကာကို ရုတ်သိမ်းလိုက်ရာ၊ ၎င်းအနောက်မှ ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။

အသားအရေသည် နို့နှစ်ကဲ့သို့ ဖြူစင်နေ၍ ဝေးကွာသည့် တောင်တန်းများကဲ့သို့သော မျက်ခုံးများရှိနေသည်။ ဤကျူးရူယန်သည် အသွင်အပြင်အရ ရင်သပ်ရှုမောဖွယ် လှပလွန်းသည်ဟု ယူဆနိုင်သည်။ သို့သော် ရွှယ်အန်းသည် အလွန် တည်ငြိမ်နေ၍ သူ​၏အကြည့်များကို တုန်ခါမှုတစ်ခုမျှပင် မဖြစ်စေခဲ့ပေ။ သူသည် ပြုံးရုံသာ ပြုံးပြီးနောက် လက်ဖက်ရည်ကို ဆက်လက် သောက်သုံးနေသည်။ ကျူးရူယန်သည် အနည်းငယ် ရှက်ရွံ့စွာဖြင့် ထိုနေရာတွင် ရပ်နေသည်။

ရွှယ်အန်းက မိမိကိုတွေ့သောအခါ မည်သည့် အံ့ဩမှုအရိပ်အယောင်မျှပင် မပြသဘဲ တည်ငြိမ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ ယင်းဖြစ်စဉ်သည် လိုက်ပါလာမည့် သူမ၏ အစီအစဉ်များစွာကို ပျက်စီးသွားစေသည်။ ခဏအကြာတွင် ကျူးရူယန်က အံကြိတ်၍ အရှေ့သို့ လှမ်းလာကာ ရွှယ်အန်း၏ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။

အခြေမခိုင်သော ယောက်ျားတစ်ဦး၏ ဝိညာဉ်ကို ဖမ်းစားသွားစေနိုင်သည့် မိန်းကလေးတစ်ဦး​၏ သင်းပျံ့သော ရနံ့တစ်ခု ပျံ့လွင့်လာသည်။ သို့သော် ရွှယ်အန်းက မည်သည့်အရာကိုမျှ မခံစားရပေ။ ဤအမျိုးသမီးသည် အမှန်တကယ် ဆွဲဆောင်မှုရှိသော်လည်း အန်းယန်နှင့် နှိုင်းယှဉ်လျှင် မပြောပါ့လောက်ပေ။ ထန်ရွှမ်းအာနှင့် အခြားလူများနှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ် ချို့တဲ့နေသည်ဟု ဆိုနိုင်သည်။ သူမ၏ ၀တ်စားဆင်ယင်မှုနှင့် အမူအကျင့်များဖြင့် ရှေးခေတ် အထက်တန်းလွှာ အမျိုးသမီးတစ်ဦး၏ ကျက်သရေရှိမှုနှင့် တင့်တယ်မှုတို့ကိုသာ ချီးကျူးနိုင်သည်။

"သခင်လေးကို ဘာလို့ ဒီနေရာကိုလာဖို့ ဖိတ်တာလဲဆိုတာ မသိချင်ဘူးလား" နောက်ဆုံးတွင် ကျူးရူယန်က မထိန်းချုပ်နိုင်ဘဲ မေးမြန်းလိုက်သည်။

“မသိချင်ဘူး” ရွှယ်အန်းက ပြန်ဖြေလိုက်သည်။

ဤတုံ့ပြန်မှုသည် ကျူးရူယန်၏ မျက်နှာကို အနည်းငယ် နီမြန်းသွားစေသည်။ သူမသည် ငယ်စဉ်ကတည်းက အထက်တန်းလွှာကျသော အဆင့်အတန်းတစ်ခုရှိခဲ့ကာ နောက်ပိုင်းတွင် ထိုအခြေအနေမှ ကျဆင်းခဲ့ရသော်လည်း သူမ၏ လှပသော အသွင်အပြင်ကြောင့် ပတ်ဝန်းကျင်ရှိလူတိုင်း​က အမြဲတစေ ရိုသေလေးစားစွာ ဆက်ဆံခဲ့ကြသည်။ ရွှယ်အန်းက ဤမျှ တည်ငြိမ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ ခဏအကြာတွင် ကျူးရူယန်က နှုတ်ခမ်းကို ကိုက်၍ အသက်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

"မြို့ပိုင်ရှင်ကို သခင်လေးက အလွယ်တကူ အနိုင်ယူလိုက်တယ်ဆိုတဲ့ စွဲမက်ဖွယ်ကောင်းပြီး ကျက်သရေရှိတဲ့ ဒီနေ့ ကိစ္စကို ကျွန်မ ကြားလိုက်ရပါတယ်"

“ကျုပ်ကို ချီးမွမ်းဖို့သက်သက် ဖိတ်ခေါ်ခဲ့တာဆိုရင် ခင်ဗျား ဆက်ပြောလို့ရတယ်” ရွှယ်အန်းသည် မည်သည့် အမူအရာမျှ မပြဘဲ အေးစက်စွာ ပြောလိုက်သည်။

ကျူးရူယန်က နောက်ဆုံးတွင် မထိန်းချုပ်နိုင်ဘဲ မော့ကြည့်လိုက်ရာ မျက်ရည်များ ဝင်းလဲ့နေသော သူမ​၏ မျက်လုံးများက ရွှယ်အန်းနှင့် အကြည့်ခြင်းစုံသွားလေသည်။

"သခင်လေးကို ကျွန်မ အကူအညီ တောင်းတစရာ ကိစ္စရှိပါတယ်။ အဲ့ဒါကို လက်ခံပေးလို့ရမလား"

"ပြောကြည့်ပါ"

"ကျွန်မ လူတစ်ယောက်ကို သတ်ချင်လို့ပါ"

"ဘယ်သူလဲ"

"ခွန်းလွန် အင်မော်တယ် နန်းတော်က ကျော့ယွီဟူပါ"

အခန်း (၃၀၃) အမြဲတမ်း အသိတရားဖြင့် ပြုမူခြင်း

သူမ စကားပြီးဆုံးသည်နှင့် ကျူးရူယန်က ရွှယ်အန်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ခွန်းလွန်အင်မော်တယ် နန်းတော် ဟူသော အမည်​၏ အဓိပ္ပာယ်ကို သူမ သိသောကြောင့်ဖြစ်သည်။ သူမသည် တစ်ချိန်က လူများစွာထံမှ အကူအညီတောင်းခံခဲ့ဖူးရာ၊ ၎င်းတို့အားလုံးသည် ယနေ့ခေတ်၏ ထူးခြားသော ပုဂ္ဂိုလ်များဖြစ်ကြ၍ သူမကို အလွန် လေးစားကြကာ သူမ တောင်းဆိုသမျှကို ပြီးမြောက်အောင်မြင်သည်အထိ ပြုလုပ်နိုင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။

သို့သော်လည်း ကျူးရူယန်က “ခွန်းလွန်အင်မော်တယ် နန်းတော်” ဆိုသည့် စကားလုံးလေးလုံးကို ပြောပြီးသည်နှင့် ၎င်းတို့အားလုံး နောက်ပြန်ဆုတ်သွားကြ၍ ဤကိစ္စကို ရှောင်လွှဲရန် အကြောင်းပြချက်မျိုးစုံ ရှာဖွေခဲ့ကြသည်။ ဤအကြိမ်ကြိမ် ထိုးနှက်ချက်များသည် ကျူးရူယန်၏ နောက်ဆုံးမျှော်လင့်ချက် အငွေ့အသက်များကို ပျက်စီးသွားစေခဲ့သည်။

ဤအဆောတလျင် ဖိတ်ခေါ်မှုသည် ကျူးရူယန်၏နောက်ဆုံး ကြိုးစားအားထုတ်မှုဟုလည်း ဆိုနိုင်သည်။ မအောင်မြင်ခဲ့ပါက သူမဘက်မှ လုံးလုံးလျားလျား လက်လျှော့ပစ်လိုက်မည်ဖြစ်သည်။ ထိုအချိန်တွင် ရွှယ်အန်းက အနည်းငယ် မျက်ခုံးပင့်၍ စိတ်ဝင်စားစွာ မေးလိုက်သည်။

"ခွန်းလွန်အင်မော်တယ် နန်းတော်က ကျော့ယွီဟူတဲ့လား ခင်ဗျားက သူနဲ့ ရန်ငြိုးရှိလို့လား"

ကျူးရူယန်သည် သူမ၏ စိတ်နှလုံးကို မြဲမြံအောင် ပြုလုပ်၍ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်၊ နက်ရှိုင်းတဲ့ သွေးကြွေးနဲ့ အမုန်းရန်ငြိုးမျိုးပါ"

ဤစကားများပြောနေချိန်တွင် သူမ​၏ မျက်လုံးများတွင် အမုန်းတရားများဖြင့် ပြည့်နှက်လာသည်။

"တစ်ဖက်မှာက မြင့်မြတ်တဲ့ အင်မော်တယ် နန်းတော်၊ ကျန်တစ်ဖက်မှာက ခင်ဗျားလို အားနည်းတဲ့ မိန်းမကလေးတစ်ယောက်။ ခင်ဗျားတို့ ကြားမှာ ဘယ်လိုရန်ငြိုးမျိုး ရှိနိုင်မှာလဲ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

ကျူးရူယန်​၏ မျက်နှာတွင် မျက်ရည်များစီးကျလာ၍ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြန်မော့ကြည့်လိုက်သည်။

"သခင်လေး၊ ခွန်းလွန်မြို့မှာ ကျွန်မ အဖေက ကျူးထျန်ဟွာလို့ ခေါ်တဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ၊ တစ်နေ့ ရတနာတစ်ခုကို ရှာတွေ့ပြီးတဲ့နောက် ကျော့ယွီဟူက အဲတာကို သိသွားပြီး ရတနာကို မရတဲ့အဆုံး ဒေါသစိတ်နဲ့ ကျွန်မအဖေကို သတ်ပစ်လိုက်တာပါ"

"အဖေ့အသတ်ခံရပြီးတဲ့နောက် စိတ်မကျေနပ်သေးတာနဲ့ ကြီးကြီး ငယ်ငယ် မိသားစုတစ်ခုလုံးကို သတ်ပစ်ဖို့ သူ့လူတွေကို အမိန့်ထုတ်ခဲ့တယ်။ ကျွန်မ အပြင်ရောက်နေတာကြောင့်သာ မဟုတ်ရင် ကျွန်မလည်း သူတို့ဒေါသကြောင့် သားကောင်ဖြစ်ခဲ့ရမှာ။ ဒီနှစ်တွေအတွင်း အပြင်မှာ လွင့်မျောနေရပြီး ဖော်မပြနိုင်တဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ကလဲ့စားချေဖို့ပါ"

ထိုစကားဖြင့် ကျူးရူယန်က ထိုင်ခုံမှ ထလာကာ တင့်တယ်စွာ ဒူးထောက်ချလိုက်သည်။

"သခင်လေးက အရည်အချင်းရှိတဲ့လူပါ။ ကျွန်အတွက် တရားမျှတမှုကိုရှာပြီး ကလဲ့စားချေပေးဖို့ပဲ တောင်းဆိုလိုတာပါ"

ရွှယ်အန်းသည် တိတ်တဆိတ် နားထောင်နေခဲ့ရာ၊ သူ​၏ ဖွင့်ဆို၍ မရသော အမူအရာဖြင့် လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်သည်။

“ကိုယ်ချင်းစာစရာကောင်းပါတယ်၊ ဒါပေမယ့်…”

ရွှယ်အန်း​၏ စကားမဆုံးမီတွင် ကျူးရူယန်က အလျင်အမြန် ဖြတ်ပြောလိုက်သည်။

"ထုံးစံအတိုင်း၊ သခင်လေးကို အလကား ကူညီပေးခိုင်းမှာ မဟုတ်ပါဘူး။ ကျွန်မ ဒီနှစ်တွေအတွင်း စည်းစိမ်ဥစ္စာတွေ အများကြီး စုဆောင်းမိထားပါတယ် အဲ့ဒါတွေ သခင်လေးကို အကုန်ပေးမှာပါ"

ရွှယ်အန်းက ခေါင်းခါ၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကြွယ်ဝမှုတွေက ကျုပ်အတွက် အသုံးမဝင်ပါဘူး"

ဤထုတ်ပြောချက်ကြောင့် ကျူးရူယန်က တိတ်ဆိတ်သွားပြီးနောက် တုန်ရင်စွာ ပြောလိုက်သည်။

"ကျွန်မအတွက် ကူညီပြီး လက်စားချေမယ့်သူကို နောင်တမရှိဘဲ ကျွန်မသခင်အဖြစ် ခစားဖို့ ကတိပြုခဲ့ဖူးပါတယ် သခင်လေး"

ထိုသို့ပြောပြီးနောက် ကျူးရူယန်သည် မျှော်လင့်ချက်အပြည့်ဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။ ရွှယ်အန်းက ရယ်မောလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။

"ဒါက မက်မောလောက်စရာဆိုပေမယ့် ပြိုင်ဘက်က ခွန်းလွန်အင်မော်တယ် နန်းတော်နော်"

'ဒါဆိုရင် အရင်ကအတိုင်းပဲပေါ့'

ကျူးရူယန်သည် သူမ၏ နှလုံးသားထဲတွင် ခါးသီးမှုများ ခံစားလိုက်ရ၍ ခေါင်းကို ညင်သာစွာ ငုံ့လိုက်သည်။ ပြိုင်ဘက်၏ အာဏာသည် အလွန် အင်အားကြီးမားသည်အထိ လွှမ်းမိုးနေသောကြောင့် ရွှယ်အန်းကို သူမ အပြစ်မတင်ပေ။ အမှန်တကယ်ပင်၊ ကျူးရူယန်သည် အဆုံးသတ်တွင် လက်စားချေရန် မျှော်လင့်ချက်များကို ရပ်တန့်ထားလိုက်သည်။ သို့သော်လည်း သူမသည် ကမောက်ကမ ဖြစ်တည်မှုမျိုးဖြင့် နေထိုင်ရခြင်းကို မခံမရပ်နိုင်ဖြစ်မိသည်။ ကလဲ့စားချေမှုသည် သူမဘဝ​၏ လုပ်ငန်းဆောင်တာတိုင်းကို လွှမ်းခြုံနေခဲ့သည်။ မပြုလုပ်နိုင်ခဲ့လျှင် သူ​၏ဘဝသည် အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။

"ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး၊ ကျွန်မရဲ့ ရိုင်းပျမှု့အတွက် စိတ်မရှိပါနဲ့" ကျူးရူယန်က ခပ်တိုးတိုး ပြောပြီးနောက် ဖြည်းဖြည်းခြင်း ထရပ်လိုက်သည်။

"ကျေးဇူးပြုပြီး ပြန်ပါတော့ သခင်လေး" သူမသည် မျက်ရည်များကို ထိန်းချုပ်ထား၍ ဤစကားလုံးများကို ဖွင့်ဟလိုက်သည်။

“ဒါပေမယ့်…” ရွှယ်အန်းက ထိုင်ခုံပေါ်တွင် လျောင်းလျက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။

"အခြားသူတွေက ခွန်းလွန်အင်မော်တယ် နန်းတော်ကို ကြောက်ကြပေမယ့် ကျုပ်ကတော့ မကြောက်ပါဘူး"

ဤစကားကြောင့် ကျူးရူယန်တုန်လှုပ်သွားစေ၍ သူမက ရွှယ်အန်းကို မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်သည်။

“သခင်လေး…” သူမက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် ကျုပ် သိချင်တာက ဒီကိစ္စအတွက် ခင်ဗျား ဘယ်လောက် ပေးဆပ်နိုင်လဲဆိုတာပဲ" ရွှယ်အန်းက ပေါ့ပါးစွာ မေးလိုက်သည်။

ရွှယ်အန်း၏ ရွတ်နောက်နောက် အကြည့်များကို ရင်ဆိုင်နေသော ကျူးရူယန်သည် သူမ၏ နှလုံးသား ဖြည်းညှင်းစွာ နစ်မြုပ်သွားကဲ့သို့ ခံစားလိုက်ရပြီးနောက် ပြင်းထန်စွာ အံကြိတ်ထားလိုက်သည်။ သူမ၏ အပြင်ဝတ်ရုံမှ ဖဲကြိုးများကို ဖြုတ်နေစဉ် သူမ​၏ လက်များ တုန်ရီနေသည်။

"သခင်လေး၊ ကျွန်မ ဒီလောကထဲမှာ နှစ်အတော်ကြာ ကျင်လည်ခဲ့ပေမယ့်၊ ကျွန်မ ကိုယ့်ကိုယ်ကို အမြဲတမ်း ဖြူစင်အောင် နေခဲ့တာပါ၊ နောက်ပြီး ငယ်စဉ်ကတည်းက အပျိုစင်နည်းစနစ်ကို ကျင့်ကြံခဲ့တာကြောင့် ကျွန်မရဲ့ သန့်စင်တဲ့ ယင်က လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်ပါတယ်”

ထိုသို့ပြောပြီးနောက် ကျူးရူယန်သည် သူမ၏အပြင်ဘက်ဝတ်ရုံကို ချွတ်ချလိုက်ရာ၊ သူမ၏နှုတ်ခမ်းများ တုန်ယင်နေလေသည်။

"သခင်လေးသာ ကျွန်မအတွက် လက်စားချေဖို့ ဆန္ဒရှိနေသရွေ့ ကျွန်မကိုယ်ကျွန်မ အခုပဲ ပေးအပ်လို့ရပါတယ်"

ကျူးရူယန်​၏ စကားများက မှန်ကန်သည်။ သူမသည် ငယ်စဉ်ကတည်းက အပျိုစင်နည်းစနစ်ကို ကျင့်ကြံခဲ့သည်။ ဤကျင့်ကြံမှု နည်းစနစ်၏ ထူးခြားမှုသည် လူတစ်ဦး၏ ကျင့်ကြံမှုကို အထောက်အကူဖြစ်စေရန် သန့်စင်သော ယင်ကို အသုံးပြု၍ မြင့်မားသောနယ်ပယ်သို့ တိုက်ရိုက် မြှင့်တင်ပေးနိုင်သည့် အချက်မျိုးဖြစ်သည်။ သို့သော် ဤနည်းပညာကို လေ့ကျင့်ရန် အခြေအနေများသည် အလွန်တင်းကြပ်လှသည်။ ၎င်းအတွက် ဖြူစင်၍ အပြစ်အနာအဆာကင်းမဲ့သော အမျိုးသမီးတစ်ဦး လိုအပ်သည့်အပြင် သူမ၏ မရီးဒျန်ငါးပါးကို ပိတ်ဆို့ထားရမည်ဖြစ်သည်။

ဤသည်မှာ ကျူးရူယန်၏နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်လည်းဖြစ်သည်။ သူမ​၏ ဤလက္ခဏာ အသွင်အပြင်သာ ပေါက်ကြားသွားမည်ဆိုလျှင် သူမအတွက် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်လာမည်ကို သူမ အသိဆုံးဖြစ်သည်။ သို့သော် ယခုအချိန်တွင် လက်စားချေရန်အတွက် စိုးရိမ်မှုအားလုံးကို ဘေးဖယ်ထားလိုက်သည်။ ရွှယ်အန်းက အမူမထားဘဲ စိုက်ကြည့်နေသည်။ ရွှယ်အန်း၏ စူးစမ်းသော အကြည့်အောက်တွင် ရောထွေးနေသော စိတ်ခံစားချက်များ ခံစားဆနရသော ကျူးရူယန်သည် သူမ၏ မသေချာ မရေရာသော စိတ်နှလုံးသားဖြင့် ခေါင်းငုံ့လိုက်သည်။

"ကောင်းပြီ၊ ဒီလူကို ကျုပ် သတ်ပေးမယ်"

ရွှယ်အန်း၏စကားသံများသည် ကျူးရူယန်​၏ နားတွင် ကောင်းကင်ဂီတသံများ ကြားလိုက်ရသကဲ့သို့ ထင်မှတ်ရစေသည်။

“သခင်လေး….”

ဤအခိုက်တွင် ရွှယ်အန်းက သူ​၏လက်ကို ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။

"ကောင်းပြီ၊ ခင်ဗျားရဲ့အဝတ်စားတွေကို ပြန်ဝတ်ထားလိုက်၊ အအေးမမိစေနဲ့ဦး"

ရွှယ်အန်း​၏ ဆိုလိုရင်းကို သူမ နားမလည်သောကြောင့် ကျူးရူယန်က အံ့ဩသွားလေသည်။

"ခင်ဗျားက ယုံကြည်တဲ့အရာအတွက် လုံလောက်တဲ့ စျေးနှုန်းကို ပေးဆောင်လိုတဲ့အတွက် ကူညီပေးတာ။ အဲဒါက ကျုပ် သဘောကျတဲ့အချက်ပဲ။ ခင်ဗျား ပြောခဲ့တဲ့ ကျန်တာတွေကတော့ ကျုပ်က တစ်ဖက်လူ အားနည်းနေတဲ့အချိန်မှာ အခွင့်ကောင်းယူတတ်တဲ့ လူမျိုး မဟုတ်ဘူး၊ နောက်ပြီး ကျုပ်မှာ မိသားစုရှိပြီး ကလေးနှစ်ယောက်တောင် ရှိတယ်" ရွှယ်အန်းက ခပ်တိုးတိုး ပြောလိုက်သည်။

ကျူးရူယန်သည် ထိုစကားများကို နားလည်အောင် ရုန်းကန်လျက် ရွှယ်အန်းကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ ရွှယ်အန်းက မတ်တပ်ထရပ်၍ ဘာသိဘာသာ ပြောလိုက်သည်။

"ကျုပ် ဒီစမ်းသပ်မှုကို အောင်နိုင်ပြီးရင် ခင်ဗျား ကျုပ်နဲ့အတူ ခွန်းလွန်မြို့ကို လိုက်ခဲ့၊ အင်မော်တယ်နန်းတော်ဆိုပြီး ဘယ်သူက ဝါကြွားရဲတာလဲဆိုတာ ကျုပ်ကိုယ်တိုင် ကြည့်ချင်သေးတယ်" ပြောပြီးသည်နှင် ရွှယ်အန်းက အောက်ထပ်သို့ ဆင်းသွားလေသည်။

ကျူးရူယန်သည် အချိန်အတော်ကြာသည်အထိ ငေးငိုင်စွာဖြင့် ထိုနေရာတွင် ရပ်နေသည်။

“သခင်မလေး” အသေခံအမျိုးသမီးက ခပ်တိုးတိုး ခေါ်လိုက်သည်။

ကျူးရူယန်က လှည့်ကြည့်လိုက်ရာ၊ သူ​၏မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းနေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ငယ်​ရွယ်​စဉ်​ကတည်းက သူမနှင့်​အတူ ကြီးပြင်းလာခဲ့သည် အစေခံအမျိုးသမီးက နှလုံးသားထဲတွင်​ ခါးသီးစွာ နာကျင်​လာခဲ့သည်​။

"ဂုဏ်ယူပါတယ် သခင်မလေး၊ သခင်မလေးရဲ့လက်စားချေဖို့ မျှော်လင့်ချက်တွေ အခုပြည့်လာတော့မယ်"

ကျူးရူယန်က ဝမ်းနည်းစွာ ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ နှလုံးသားအတွင်းရှိ နူးညံ့သော နေရာကို တစ်စုံတစ်ခုဖြင့် ထိမိသွားသကဲ့သို့ တုန်လှုပ်သွားသည်။ နှစ်ပေါင်းများစွာ အမြစ်မရှိစွာ လွင့်မျောမှုသည် လူအများ၏ စိတ်နှလုံးသားကို အဆိုးဆုံးဟု အမြဲသတ်မှတ်ခဲ့သောကြောင့်သာဖြစ်သည်။ သို့သော်လည်း အဆုံးတွင် ရွှယ်အန်းက သူမကို ဤသို့သောရလဒ်မျိုး ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဤအမျိုးသား ပြောခဲ့သော နောက်ဆုံးစကားသည် ကျူးရူယန်ကို အလွန် စိတ်လှုပ်ရှားစေခဲ့သည်။

“ပြင်ဆင်ထား… သခင်နဲ့ ခရီးထွက်ဖို့ ပြင်ဆင်ထား” ကျူးရူယန်က ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။

ရွှယ်အန်း တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ဆိုင်ရှင်က သူ့ကို မနာလိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ပျံ့ချင်မုနှင့် အခြားလူများလျှင်ပင် ၎င်းတို့၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများရှိနေသည်။ ယင်းဖြစ်စဉ်အတွက် ရွှယ်အန်းက ပြုံးရုံသာပြုံး၍ လျစ်လျူရှုထားလိုက်သည်။

သူသည် အမြဲတစေ ပြတ်သားသော သြတ္တပ္ပစိတ်ဖြင့် ပြုမူခဲ့သောကြောင့် အခြားသူများ၏ ထင်မြင်ချက်များကို ဂရုမစိုက်ခဲ့ပေ။ ရွှယ်အန်း၏ ခွန်းလွန်ခရီးစဉ်သည် အစပိုင်းတွင် ကောင်းကင်နှင့်မြေကြီးကို ပြန့်ပြူးစေရန် သန္နိဋ္ဌာန်မျိုးဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် တစ်စုံတစ်ယောက်ကို ကူညီပေးနိုင်ခြင်းက အလွန် ကောင်းမွန်သော အရာဖြစ်ပေလိမ့်မည်။

All Chapters