← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄) ခင်ဗျားကို ဓားနဲ့ အနိုင်ယူမယ်

အိုက်မိသားစု။

အိုက်ပေါ်မင်သည် စက္ကူကဲ့သို့ ဖြူဖျော့သော အမူအရာဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေလျက် ဒဏ်ရာများကို ပြန်လည်ကုသနေသည်။ ရွှယ်အန်း၏ လက်သီးချက်သည် သူ့ကို မသတ်နိုင်သော်လည်း သူ၏ အခြေခံစွမ်းအင်ကို ဆိုးရွားစွာ ပျက်စီးစေသောကြောင်း တစ်နှစ် နှစ်နှစ်အတွင်း ပြန်လည်ကောင်းမွန်လာမည် မဟုတ်ပေ။

"ပြောထားတဲ့ ကိစ္စက လုပ်ထားလား" အိုက်ပေါ်မင်က နက်နဲစွာ မေးလိုက်သည်။

"အရှင့်ရဲ့ ညွှန်ကြားချက်အတိုင်း စမ်းသပ်မှု နတ်ကျောက်တုံးကို ထိန်းချုပ်ထားပါတယ်။ အဲ့လူအထဲဝင်တာနဲ့ တပ်တွေခေါ်ပြီး ဝန်းရံ သတ်ဖြတ်လို့ရပါပြီ" ဘဏ္ဍာစိုးတစ်ဦးက လေးနက်သောအသံဖြင့် အစီရင်ခံလိုက်သည်။

အိုက်ပေါ်မင်က ခေါင်းညိတ်ပြလိုက်ရာ၊ သူ​၏မျက်လုံးများတွင် ဒေါသစိတ်များဖြင့် လင်းလက်လာသည်။

"ကောင်းပြီ၊ ငါ့သမီးကိုများ သတ်ရဲရတယ်လို့ ဒီတစ်ခါတော့ ဒင်းကို သွေးကြွေးနဲ့ ဆပ်ခိုင်းရမယ်"

နောက်ဆုံးတွင် စမ်းသပ်မှု နေ့ရက်သို့ ရောက်ရှိလာသည်။ စမ်းသပ်မှု ကွင်းပြင်ရှေ့ရှိ ပွင့်လင်းမြင်သာသော နေရာတွင် ပါဝင်သူများသာမကဘဲ လာရောက်ကြည့်ရှုအားပေးကြသော မြို့သူ မြို့သားများဖြင့် ပြည့်ကျပ်နေသည်။ ယခုအချိန်တွင် လူအုပ်ကြားတွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားပြီးနောက် ခွန်းလွန်အရှေ့ပိုင်း ဒေသအသီးသီးမှ ဆရာသခင်များ ဆက်လက်ရောက်ရှိလာသည်။ ကွင်းထဲသို့ ခမ်းနားသော လှည်းယဉ်တစ်စင်း ဝင်လာ၍ ၎င်းအတွင်းမှ ရှန်ထျန်ဟယ်ဆင်းလာသည်။ သူ​၏ ရောက်ရှိလာမှုသည် လူအများကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

"ရှန်မိသားစုပဲ"

"ရှန်မိသားစုရဲ့ အကြီးဆုံးသားရောက်လာပြီ"

"ရှန်မိသားစုရဲ့ အကြီးဆုံးသားက နတ်ဘုရားလို့ ဓားရေးသိုင်းပညာမျိုးရှိပြီး ခွန်းလွန်ဒေသမြောက်ပိုင်းက ဓားထိန်းချုပ်မှုဗီလာမှာ လေ့ကျင့်ခဲ့တာလို့ ကြားဖူးတယ်။ ဒီစမ်းသပ်မှု ပြိုင်ပွဲမှာ ပထမနေရာကို သူပဲ ရလိမ့်မယ်လို့ ကျုပ် ထင်တယ်"

ရှန်ထျန်ဟယ်သည် ဤတီးတိုးသံများကြားတွင် ငြိမ်သက်နေ၍ သူ​၏ဖခင် ရှန်ယွီချန်ကမူ ဂုဏ်ယူသော အပြုံးမျိုး ဆင်မြန်းကာ နှုတ်ဆက်နေသူများကို ရံဖန်ရံခါ ခေါင်းညိတ်ပြနေသည်။ ထိုအချိန်တွင် ရွှယ်အန်းနှင့် ပျံ့ချင်မုတို့နှစ်ဦးသည်လည်း ခန်းမထဲတွင် ပေါ်ပေါက်လာသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အဖြစ်အပျက်များကြောင့် လူအများအပြားက ရွှယ်အန်းကို သတိထားမိသွားကြသည်။

"အဲ့ဒါ သူပဲ၊ သူ တကယ်ရောက်လာတာပဲ"

"ဒီလူက အိုက်ပေါ်မင်ကို အိပ်ရာထဲလဲသွားစေတဲ့ အနိုင်ယူခဲ့ပြီး၊ စမ်းသပ်မှုပြိုင်ပွဲမှာ ပါဝင်ရဲသေးတယ်။ ဒီလူ တော်တော် သတ္တိရှိတာပဲ"

လူအုပ်ကြီးက စကားစမြည်ပြောနေကြသည်။ ရှန်ထျန်ဟယ်က ရွှယ်အန်းကို စိုက်ကြည့်၍ အနားသို့ လျှောက်လှမ်းလာသည်။ သူ ချဉ်းကပ်လာခြင်းကို မြင်သောအခါ လူအများက အမြန် လမ်းရှင်းပေးလိုက်ပြီးနောက် ရွှယ်အန်း​၏ ကံဆိုးမိုးမှောင်ကျမှုကို အားရဝမ်းသာနေကြပုံဖြင့် ကြည့်လိုက်ကြသည်။ ကျီကျိုးမြို့၏ ဂုဏ်ယူမှု မျက်နှာဖုံးဖြစ်သော ရှန်ထျန်ဟယ်သည် လူအုပ်ကြီး၏မျက်နှာသာပေးမှုကို သဘာဝအတိုင်း ရရှိခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော ဇစ်မြစ်နှင့် ကြီးစိုးသည့် အပြုအမူများရှိသော ရွှယ်အန်းကို လူအများက သတိထား၍ ဆက်ဆံနေကြသည်။

"ခင်ဗျားက တကယ်ကို သန်မာပြီး ကျုပ်ရဲ့ ပြိုင်ဘက်ဖြစ်ထိုက်သူပါ။ ဒါပေမယ့် ဒီစမ်းသပ်မှုမှာ စစ်မှန်တဲ့ စွမ်းအားရှင်က ဘာလဲဆိုတာကို ခင်ဗျား နားလည်စေရမယ်" ရှန်ထျန်ဟယ်က ပြင်းထန်သောလေသံဖြင့် ပြောလိုက်သည်။

ရွှယ်အန်းသည် ရှန်ထျန်ဟယ်၏စကားကို မတုံ့ပြန်ဘဲ ခပ်ဖျော့ဖျော့ ပြုံးပြ၍သာ သူ​၏ ခါးပေါ်ရှိ ဓားကို စိုက်ကြည့်လိုက်သည်။

"ဓားကျင့်ကြံသူလား"

ရှန်ထျန်ဟယ်က ခေါင်းညိတ်လိုက်သည်။

"ဓားထိန်းချုပ်မှုဗီလာရဲ့ တပည့်အရင်း၊ ရှန်ထျန်ဟယ်ပါ"

ပြောနေစဉ်တွင် သူ​၏မျက်နှာ၌ ဂုဏ်ယူမှုများဖြင့် ပြည့်နှက်လာသည်။ ဓားထိန်းချုပ်မှုဗီလာကဲ့သို့ လျှို့ဝှက် အင်မော်တယ် ဂိုဏ်းတစ်ခုတွင် စစ်မှန်သော တပည့်တစ်ဦးဖြစ်လာခြင်းသည် သူ၏ထူးခြားသော အရည်အချင်းအတွက် သက်သေခံချက်တစ်ခုဖြစ်သည်။

"ကောင်းပြီ၊ ဒီစမ်းသပ်မှုမှာ ခင်ဗျားကိုအနိုင်ယူဖို့ လက်သီးမဟုတ်ဘဲ ဓား သုံးလိုက်မယ်" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

ဘုံး

ရွှယ်အန်း၏ ထုတ်ပြန်ချက်သည် ပတ်ဝန်းကျင်ရှိ လူအများကြားတွင် ရုန်းရင်းဆန်ခတ်များ ဖြစ်သွားစေသည်။ ရွှယ်အန်းသည် အိုက်ပေါ်မင်ကို လွန်ခဲ့သည့် ရက်အနည်းငယ်က သူ၏ လက်သီးများဖြင့် အနိုင်ယူခဲ့ကြောင်း လူအများအပြားက သိရှိခဲ့ကြသည်။ ရွှယ်အန်းသည် လက်သီးသိုင်းပညာတွင် ထူးချွန်သော ကျင့်ကြံသူဟု ၎င်းတို့ ယူဆခဲ့ကြသည်။

ယခုမူ သူသည် ရှန်ထျန်ဟယ်ကို ဓားဖြင့် အနိုင်ယူမည်ဟု ဆိုလိုက်ခြင်းကား အလွန် ရယ်စရာကောင်းနေပုံရသည်။ ဤလူသည် သေခြင်းတရားကို မောက်မာစွာ ရှာဖွေနေသည်ဟု ယုံကြည်ကြသော လူများစွာက မထိန်းချုပ်နိုင်ဘဲ လှောင်ရယ်လိုက်ကြသည်။ ထိုစကားကို ကြားလိုက်သည်နှင့် ရှန်ထျန်ဟယ်၏အကြည့်များ အေးစက်လာသည်။

"ကျုပ်ကို ဓားနဲ့အနိုင်ယူမယ်တဲ့လား၊ ဟား ကျုပ်က အသက်သုံးနှစ် အရွယ်ကတည်းက ဓားကို ခေါင်းအုံးဘေးမှာ ထားအိပ်ပြီး နေ့တိုင်း အကြိမ်ရေ မရေတွက်နိုင်အောင် ဓားရေးလေ့ကျင့်ခဲ့တာ။ ခုနစ်နှစ်အရွယ်မှာ စစ်မှန်ဆရာသခင်အဆင့်၊ ဆယ့်နှစ်နှစ်မှာ ရှောင်ယောင်းအဆင့်၊ ဆယ့်ရှစ်နှစ်မှာ ကောင်းကင်လူသားအဆင့်ကို တက်လှမ်းခဲ့ပြီး နှစ်ဆယ့်နှစ်နှစ်မှာ နောက်ဆုံးမှ ဓားအင်မော်တယ်ဖြစ်လာတာ။ လတ်တလောမှာ ဓားထိန်းချုပ်မှု ဗီလာက လရောင်ဓားဘုရင်ရဲ့ နှစ်သက်မှုကို ရရှိပြီး ပြိုင်ဘက်ကင်းဓားတာအိုကို အမွေဆက်ခံဖို့အတွက် တပည့်အရင်းအဖြစ် သတ်မှတ်ခံခဲ့ရတာ”

ရှန်ထျန်ဟယ်၏ စကားများသည် ပတ်ဝန်းကျင်ရှိ လူအများ၏ အထင်ကြီးမှု အကြည့်များကို ရရှိစေသည်။ ရှန်ယွီချန်၏မျက်နှာသည် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးတွင် သားဖြစ်သူ​၏ အလွန် ကောင်းမွန်သော အလားအလာသည် သူ့ကို ဂုဏ်ကျက်သရေ ထင်ဟပ်စေသည်။ ရှန်ထျန်ဟယ်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် လှောင်ရယ်မှုတစ်ခု ထွက်ပေါ်လာသည်။

"ဒါကိုများ ခင်ဗျားက... ကျုပ်ကို ဓားနဲ့ အနိုင်ယူမယ်လို့ ပြောရဲတယ်တဲ့လား"

ရှန်ထျန်ဟယ်၏မေးခွန်းသည် လူတိုင်းငို ရွှယ်အန်းဆီသို့ လှည့်ကြည့်သွားစေသည်။ လူတိုင်း​၏ မျက်နှာများသည် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။ ဤအကြည့်များနှင့် ရင်ဆိုင်နေရသော်လည်း ရွှယ်အန်းက ရယ်မောလိုက်သည်။

“တော်တော်လေး စွဲမက်စရာကောင်းတာပဲ”

"ဒါပေမယ့် ကျုပ်အတွက်ကတော့ အဲ့ဒါတွေအကုန်လုံးက အမှိုက်လိုပဲ..."

ရွှယ်အန်း​၏ ပါးစပ်မှ "အမှိုက်” ဟူသော စကားလုံး ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဒေါသများဖြင့် ပြည့်နှက်နေသော အကြည့်များစွာကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ရှန်ယွီချန်၏ အမူအရာသည် အလွန် နက်မှောင်သွားခဲ့ရာ၊ ရေများပင် ယိုစိမ့်မည့်ပုံပေါ်သည်။ သို့သော် ရှန်ထျန်ဟယ်​၏ မျက်နှာအမူအရာသည် အနည်းငယ်မျှသာ ပြောင်းလဲသွားပြီးနောက် သူက ခေါင်းညိတ်ပြလိုက်သည်။

"ကျုပ်ရဲ့ ဓားနှလုံးက ကြည်လင်ပြီး ငြိမ်သက်။ ကျုပ်ကို မနှောင့်ယှက်နိုင်ဘူး။ အချိန်တန်ရင် ကျုပ်ရဲ့ ဓားနဲ့ ဘယ်သူက အမှိုက်အစစ်အမှန်လဲဆိုတာ သက်သေပြမယ်"

ထိုစကားကို ပြောပြီးနောက် ရှန်ထျန်ဟယ်က လှည့်ထွက်သွားခဲ့သည်။ ထိုအချိန်တွင် စမ်းသပ်မှုကွင်းပြင်​၏ အ၀င်ဝတွင် ရုန်းရင်းဆန်ခတ်များ ရုတ်တရက် ဖြစ်သွားပြီးနောက် လူအုပ်ကြီးက လမ်းကြောင်းတစ်ခု ဖန်တီးရန် လူစုခွဲပေးလိုက်သည်။

တုနှိုင်းမဲ့ ကျက်သရေရှိစွာ ကြော့ရှင်း လှပသော အမျိုးသမီးတစ်ဦးသည် ထိန်းညှိထားသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသည်။ ကြည့်ရှုနေသော လူအုပ်ကြီးသည် တဖြည်းဖြည်း တိတ်ဆိတ်သွားကာ လူအများအပြားက သူမကို အံ့သြမှုအပြည့်ဖြင့် ကြည့်နေကြသည်။ လှပသောအမျိုးသမီးသည် ဖြတ်လျှောက်သွားပြီးနောက် တစ်စုံတစ်ဦးက တီးတိုး ရေရွတ်လိုက်သည်။

“ဒီကမ္ဘာမှာ ဒီလိုလှတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်တဲ့လား”

"အဲ့ဒါ... အဲ့ဒါ ရူယန်မျှော်စင်ရဲ့ သခင်မလေး ကျူးရူယန်မဟုတ်လား" တစ်စုံတစ်ယောက်က သူမကို မှတ်မိသွားသောကြောင့် မထိန်းချုပ်နိုင်ဘဲ ထုတ်ပြောမိသွားသည်။

ကနဦးတွင် ရှန်ထျန်ဟယ်က အံ့သြသွားပြီးနောက် စိတ်ဓာတ်တက်ကြွမှုများဖြင့် တစ်ဟုန်ထိုး လွှမ်းခြုံသွားသည်။ သူသည် ကျူးရူယန်ကို အချိန်အတော်ကြာသည်အထိ မဆုတ်မနစ် ပိုးပန်းဖူးသော်လည်း သူမသည် သူနှင့် အမြဲတမ်း ခပ်ခွာခွာနေခဲ့၍ တိုက်ရိုက်တုံ့ပြန်ခြင်း မရှိသည့်အတွက် ရှန်ထျန်ဟယ်ကို အကြီးအကျယ် စိုးရိမ်ပူပန်စေခဲ့သည်။ ယနေ့ စမ်းသပ်မှုကွင်း​၏ အရှေ့သို့ ရုတ်တရက် ပေါ်ပေါက်လာခြင်းသည် သူ​၏ စိတ်ဓာတ်ကို မြင့်တက်သွားစေသည်။ သူမသည် သူ​၏ ခံစားချက်ကို နားလည်လက်ခံရန် အဆင်သင့်ဖြစ်နေခြင်း ဖြစ်ပေလိမ့်မည်။ ထိုအတွေးဖြင့် ရှန်ထျန်ဟယ်က အရှေ့သို့ စိတ်လှုပ်ရှားစွာ လှမ်းလာသည်။

"သခင်မလေးရူယန်၊ ဘာလို့ ကိုယ်တိုင်ရောက်လာတာလဲ၊ မင်းရောက်လာတော့ ကိုယ် ရုတ်တရက် ပျာယာခတ်သွားတာ..."

သို့သော် ကျူးရူယန်သည် သူ့ကို မကြည့်သည့်အပြင် တည့်တည့် ဖြတ်လျှောက်၍ ကွင်းထဲ ဝင်သွားခြင်းကို မြင်လိုက်ရသောကြောင့် သူ​၏စကားကို ပြီးဆုံးအောင် မပြောနိုင်ခဲ့ပေ။

'သူ ဘာလုပ်နေတာလဲ'

ရှန်ထျန်ဟယ်က စိတ်ဝင်တစားဖြင့် လှည့်ကြည့်လိုက်သည်။ ကျူးရူယန်သည် ရွှယ်အန်းအနားသို့ ချဉ်းကပ်သွား၍ ရိုသေစွာ အလေးပြုနေခြင်းကို သူ မြင်တွေ့လိုက်ရသည်။

"သခင်"

ဘုံး

ကြည့်ရှုနေသူအားလုံး အံ့အားသင့်သွားကြသည်။

'ဒါက ဘယ်လိုဖြစ်တာလဲ'

ကျီကျိုးမြို့တွင် သူမ၏ အလှတရားကြောင့် လူသိများသော ကျူးရူယန်သည် ဤလူကို မည်သို့ကြောင့် ဤမျှ လေးစားမှု ပြသနေရသနည်း။ ရှန်ထျန်ဟယ်သည် အလွန် အံ့အားသင့်နေသည်။ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ"

"စမ်းသပ်မှုမှာ သခင်ရဲ့ပါဝင်မှုကို စိုးရိမ်မိလို့၊ သခင့်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့ ရောက်လာခဲ့တာပါ"

ထိုစကားကို ကြားလိုက်ရသော ရှန်ထျန်ဟယ်က မတည်ငြိမ်နိုင်တော့ပေ။ သူ​၏မျက်လုံးများတွင် ပြင်းပြသော သတ်ဖြတ်ချင်စိတ်များ ပေါ်ပေါက်လာကာ မျက်နှာက ဖြူဖျော့သွားသည်။

'ကောင်းပြီ ကျုပ်ကို ရန်ဆွရဲတဲ့အတွက်.. ဒီတစ်ခါ ခင်ဗျားကို ကျုပ် သေချာပေါက် သတ်ပစ်မယ်'

ထိုအချိန်တွင် အိုက်မိသားစုမှ အကြီးအကဲတစ်ဦးက ကျယ်လောင်စွာ ကြေညာလိုက်သည်။

“စမ်းသပ် တရားဝင် စတင်ပြီ။ ပါဝင်ယှဉ်ပြိုင်သူများ ကွင်းထဲသို့ ဝင်ကြပါ”

စမ်းသပ်မှု ကွင်းပြင်အထက်တွင် အလင်းအလွှာတစ်ခု တောက်ပလာသည်။ ဤစမ်းသပ်မှုတွင် ပါဝင်သူများ၏ ကျင့်ကြံမှုအဆင့်သည် များစွာ မြင့်မားမည်ဟု ယူဆထားသည့်အတွက် ဤအတားအဆီး အလင်းရောင်သည် ယွမ်ကျိုးမြို့ပေါ်က အတားအဆီးထက် ပို၍ ထူထပ်လှသည်။ ရှန်ထျန်ဟယ်သည် မည်းမှောင်နေသော မျက်နှာအမူအရာဖြင့် ကွင်းထဲသို့ အရင်ဝင်သွားသည်။

ရွှယ်အန်းသည်လည်း ကျူးရူယန်ကို အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် အထဲ ဝင်သွားခဲ့သည်။ ကျူးရူယန်သည် တင်းမာမှုများနှင့် မျှော်လင့်ချက်များ ပြည့်နှက်စွာဖြင့် ရွှယ်အန်း​၏ နောက်ကျောကို စိုက်ကြည့်နေသည်။ ရွှယ်အန်းသည် သူမအတွက် ကလဲ့စားချေရန် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ ထို့ကြောင့် ကျူးရူယန်သည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်း ဝင်ရောက်သွားသည်နှင့် စမ်းသပ်မှုကွင်းပြင် အရှေ့ရှိ အချို့သောလူများက အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် တည်ငြိမ်သော အမူအရာများဖြင့် သူ​၏အနောက်သို့ အမြန်လိုက်ပါသွားကြသည်။

အခန်း (၃၀၅) ဓား ပိုင်နက်

အလင်းနှင့် အရိပ်များ ဆက်တိုက်ပြောင်းလဲပြီးနောက် ရွှယ်အန်း​၏ အရှေ့တွင်ပေါ်လာသောအရာသည် အသေးစား ပလပ်ဖောင်းတစ်ခုဖြစ်သည်။ ပြီးနောက် သူ​၏ ပထမဆုံးပြိုင်ဘက်သည် သိမ်မွေ့၍ ချစ်စဖွယ်ကောင်းသော ညီအစ်မနှစ်ဦးမှလွဲ၍ တခြားလူ မဟုတ်ပေ။

"အစ်ကိုကြီး၊ ဒါက ကျွန်မတို့ ပထမဆုံးအကြိမ် ပါဝင်တဲ့ စမ်းသပ်မှုမို့လို့ ကျေးဇူးပြုပြီး ညှာတာပေးပါ" အမျိုးသမီး တစ်ဦးက သိမ်မွေ့သော အသံဖြင့် တောင်းဆိုလိုက်သည်။

"အသက်တစ်ရာကျော်က ကလေးမလေးတစ်ယောက်လို ပြုမူနေသေးတာ စက်ဆုပ်စရာကောင်းတယ်လို့ မထင်ဘူးလား" ရွှယ်အန်းက ခပ်ပါးပါး ပြုံး၍ ရယ်မောသံဖြင့် ပြောလိုက်သည်။

ဤစကားကြောင့် အမျိုးသမီးနှစ်ဦး​၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားသည်။

"ကောင်လေး၊ မင်းက တော်တော်ကြည့်ကောင်းသားပဲ၊ နှမြောစရာကောင်းတာက မင်းကို တစ်ယောက်ယောက်က သေစေချင်နေတော့ ဒီနေ့ မင်းကို အလိုလိုက်လို့ မရဘူး"

ထိုစကားဖြင့် အမျိုးသမီးနှစ်ဦးစလုံး နေရာမှ ပျောက်ကွယ်သွားသည်။ ဤမြင်ကွင်းနှင့် ရင်ဆိုင်ရသောအခါ ရွှယ်အန်းက အနည်းငယ်မျှ ပျာယာခတ်ခြင်း မရှိဘဲ မျက်လုံးများကို မှိတ်ထားလေ၏။ ရုတ်တရက်ဆိုသကဲ့သို့ပင် ရွှယ်အန်း၏ နောက်ကျောတွင် ထူထပ်သော ကံကြမ္မာဆိုး အရိပ်အမြွက်များ ထုတ်လွှတ်နေသည့် ဓားမြှောင်တစ်ချောင်း ထွက်ပေါ်လာပြီးနောက် အရှေ့ကို ပြင်းထန်စွာ ထိုးစိုက်လိုက်လေသည်။ ၎င်းသည် ရွှယ်အန်း၏ဆံပင်များကို ထိုးဖောက်လုနီးပါးဖြစ်သွားခဲ့သည်။

"ခင်ဗျားရဲ့ ဟင်းလင်းပြင် ရှောင်လွှဲခြင်း နည်းပညာက မဆိုးပါဘူး၊ ဒါပေမယ့် ကံဆိုးတာက ကျုပ် ရှေ့မှာ အသုံးမဝင်ဘူး" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

သူ စကားပြောနေစဉ်တွင် လေဟာနယ်ထဲသို့ ဓားချီမျှင်တစ်ချောင်း ဖြတ်သန်းသွားသည်။ အမျိုးသမီးတစ်ဦးက နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ သွေးများ လွင့်စင်လာ၍ အရှိန်ပြင်းစွာ ပြေးထွက်သွားလေသည်။

"ပြေးဖို့ ကြိုးစားနေတုန်းလား"

ရွှယ်အန်းသည် ခပ်လှမ်းလှမ်းတွင် ပေါ်ပေါက်လာရန် ခြေတစ်လှမ်းသာ လှမ်းခဲ့ပြီးနောက် သူ​၏လက်ကို ဆန့်ထုတ်၍ ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ထိုးချလိုက်သည်။

"ထွက်လာစမ်း..."

ရွှယ်အန်း၏အသံ ထွက်လာသည်နှင့် အမျိုးသမီးနှစ်ဦးသည် ဟင်းလင်းပြင်အတွင်းမှ ဆွဲထုတ်ခံလိုက်ရသည်။

“ကယ်ကြပါဦး…”

ဓားချီတစ်မျှင်ဖြင့် ထိုးဖောက်ခံရကာ ပွဲချင်းပြီး သေဆုံးသွားသည့်အတွက် ၎င်းတို့​၏ အော်ဟစ် အကူအညီတောင်းများ ရုတ်ခြည်း ရပ်တန့်သွားလေသည်။ ပလက်ဖောင်းသည် ထိုအချိန်တွင် ပြင်းထန်စွာ တုန်ခါလာ၍ ပလက်ဖောင်းပေါ်တွင် လူပေါင်းသုံးဆယ် လေးဆယ်ခန့် ပေါ်ပေါက်လာသည်။ ရွှယ်အန်းက သူ​၏လက်ကို လွှတ်ချလိုက်ရာ၊ အမျိုးသမီးနှစ်ဦး​၏ အလောင်းများ မြေပြင်ပေါ်သို့ လေးလံသော အသံဖြင့် ပြုတ်ကျသွားသည်။ ယင်းကြောင့် သုံးဆယ် လေးဆယ်ခန့်ရှိသော အုပ်စုကြီးက တစ်ပြိုင်နက်တည်း လန့်ဖျပ်သွားကြသည်။

"ကျုပ် စောင့်နေတာကြာပြီ၊ ခင်ဗျားတို့ နောက်ဆုံးတော့ ပေါ်လာပြီပေါ့" ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

အဖွဲ့​၏ ခေါင်းဆောင်သည် မရေမရာဖြစ်နေသော အကြည့်ဖြင့် အေးစက်စွာပြောလိုက်သည်။

"မင်း သေခါနီးမှာတောင် မောက်မာနေသေးတာလား”

"အိုက်မိသားစုကို လွှတ်ပေးမယ်လို့ ကျုပ် ပြောခဲ့ပေမယ့် အခု သူတို့က သေချင်နေမှတော့ ကျုပ်ကို အပြစ်မတင်နဲ့ပေါ့" ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"အကုန်လုံး အတူတူလာခဲ့ကြ၊ ကျုပ် အလျင်လိုနေတယ်"

ဤလူများသည် တစ်ဦးကိုတစ်ဦး တစ်ချက်ကြည့်ပြီးနောက် ၎င်းတို့​၏ မျက်နှာတွင် တုံ့ဆိုင်းမှုများရှိနေသည်။ ရွှယ်အန်း သတ်လိုက်သော အမျိုးသမီး နှစ်ဦးသည် ရှားအမယ်အို အမွှာဟု လူသိများကြ၍ ခွန်းလွန်အရှေ့ပိုင်း ဒေသတွင် နာမည်ဆိုးနှင့် ကျော်ကြားသော သန်မာသူများဖြစ်သော်လည်း ရွှယ်အန်းက ဓားတစ်ချက်တည်းဖြင့် တိုက်ရိုက် ချေမှုန်းလိုက်သည်။ ဤဖြစ်စဉ်သည် အစပိုင်းတွင် ယုံကြည်မှုအပြည့်ရှိနေသူများကို ရုတ်တရက် သတ္တိမဲ့သွားစေသည်။

"သတ်ကြ။ အိုက်မိသားစုရဲ့ ခေါင်းဆောင်က ကျုပ်တို့ကို ရက်ရက်ရောရော ဆုချလိမ့်မယ်၊ မဟုတ်ရင် ကျုပ်တို့ထဲက တစ်ယောက်မှ ထွက်သွားရမှာ မဟုတ်ဘူး" ခေါင်းဆောင်က အေးစက်စွာ အော်ဟစ်လိုက်သည်။

ထိုသို့ကြားသောအခါ ၎င်းတို့အားလုံးက အံကြိတ်၍ အရှေ့သို့ ချီတက်လာသည်။ ဤလူများသည် အများအားဖြင့် လွတ်မြောက်အင်မော်တယ် ထက်ဝက်အဆင့်တွင်ရှိနေ၍ ခေါင်းဆောင်များသည် လွတ်မြောက်အင်မော်တယ်များဖြစ်ကြသည်။ လူအများအပြား၏ ပေါင်းစပ် တိုက်ခိုက်မှုသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

စမ်းသပ်မှု ပလက်ဖောင်းလျှင်ပင် သည်းမခံနိုင်တော့ဘဲ တဖြည်းဖြည်း အက်ကွဲလာသည်။ ဤအခိုက်အတန့်တွင် အပြင်ဘက်ရှိသူများက စမ်းသပ်ခန်းတစ်ခုလုံး၏ အလင်းရောင် ဖန်သားပြင်က ပြင်းပြင်းထန်ထန် လှုပ်ခတ်နေခြင်းကိုသာ မြင်လိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ"

"ဟုတ်ပါ့၊ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး”

အပြင်ဘက်မှ ကြည့်ရှုသူများက မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေသည်။ အိုက်မိသားစု​၏ လူအနည်းငယ်မျှသာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ၎င်းတို့​၏ မျက်နှာတွင် ကျေနပ်မှုများ ပြည့်နှက်နေသည်။ အထဲတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သေချာသောကြောင့် ယခုအခါ ထိုအမျိုးသားကို သင်္ဂြိုဟ်ရန် နေရာရှိတော့မည် မဟုတ်ပေ။ သို့သော် ၎င်းတို့​၏ မျှော်လင့်ချက်များသည် ပျက်ပြယ်သွားရန်သာ ဇာတာပါရှိနေသည်။ မည်သို့ဆိုသော် ၎င်းအထဲတွင် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။

ရွှယ်အန်းက သူ၏ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်သည်။

"ဓား...ပိုင်နက်"

များပြားလှသော ဓားချီများ ရုတ်တရက် ပေါ်ထွက်လာကာ နေရာတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ လူတိုင်းသည် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များကို လုံးလုံးလျားလျား အသုံးမချနိုင်သကဲ့သို့ ခန္ဓာကိုယ်အတွင်းတွင် လေးလံမှုများ ခံစားလိုက်ရကာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည်လည်း ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွားခဲ့သည်။ ဤနေရာတွင် ဓားချီသည် အကြွင်းမဲ့အုပ်ချုပ်သူဖြစ်သည်။ ဤလူများက လုံးလုံးလျားလျား ထိတ်လန့်သွားကြသည်။

"သတ်" ရွှယ်အန်းက ညင်သာစွာ အမိန့်ပေးလိုက်သည်။

“သတ်” ဆိုသော စကားလုံး ထွက်လာသည်နှင့် ဓားချီများအားလုံးသည် အရိုး တိုက်စားစေသော လောက်ကောင်များသကဲ့သို့ ဤလူများကို ချက်ချင်း ဝါးမျိုသွားသည်။ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် အားလုံး တိတ်ဆိတ်သွားကြသည်။ ဓားအလင်းရောင် လွင့်စင်သွားသောအခါ မြေပြင်ပေါ်တွင် ဖြူဖွေးသော အရိုးများသာ ကျန်ရစ်ခဲ့လေသည်။

"ဒါက ခင်ဗျားတို့ တတ်နိုင်တာ အကုန်ပဲလား။ ပိုပိုပြီး ငြီးငွေ့စရာ ကောင်းလာပြီ။ မြန်မြန် အပြီးသတ်လိုက်ရအောင်"

ရွှယ်အန်းက စိတ်မရှည်စွာ ပြောပြီးသည်နှင့် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်း၍ အလင်းတန်း ကန့်လန့်ကာကို ဖြတ်သန်းပြီးနောက် အရှေ့သို့ လျှောက်သွားလေသည်။ ယခုအချိန်တွင် ရှန်ထျန်ဟယ်သည် ထွားကျိုင်းသော အမျိုးသားတစ်ဦးနှင့် တိုက်ခိုက်နေသည်။ ထွားကျိုင်းသောလူ၏ ထိုးစစ်သည် အလွန် ပြင်းထန်သော်လည်း နှမြောစရာကောင်းသည်မှာ အနည်းငယ် ရှောင်တိမ်းရုံဖြင့် လက်သီးချက်များနှင့် ကန်ချက်များအားလုံးကို ရှန်ထျန်ဟယ်က အလွယ်တကူ ရှောင်လွှဲနိုင်ခဲ့ရာ၊ သူ​၏ ဆံပင်တစ်ချောင်းကို မထိနိုင်ခဲ့ပေ။

ခဏအကြာတွင် ထွားကျိုင်းသော အမျိုးသား၏ တိုက်ခိုက်မှုများ တဖြည်းဖြည်း နှေးကွေးလာ၍ သူ​၏မျက်နှာပေါ်တွင် ချွေးသီးများ စတင် ပေါ်ပေါက်လာသည်။ ထိုအချိန်တွင် ရှန်ထျန်ဟယ်သည် ထွားကျိုင်းသော အမျိုးသား၏လည်ပင်းကို ဓားအိမ်ဖြင့် ချက်ခြင်း ရိုက်လိုက်သည်။

"မလှုပ်နဲ့"

ထွားကျိုင်းသော အမျိုးသား၏ ခန္ဓာကိုယ် တောင့်တင်းသွား၍ ၎င်းက အသက်ပြင်းပြင်းရှူပြီးနောက် အခြေအနေကို လက်ခံစွာ ပြောလိုက်သည်။

“ကျုပ် ရှုံးတာကို ဝန်ခံပါတယ်”

ရှန်ထျန်ဟယ်သည် လျစ်လျူရှုသော အမူအရာဖြင့် ခြေလှမ်းတစ်ဝက် နောက်ပြန်ဆုတ်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားက သက်ညှာခဲ့လို့ပါ"

ရှန်ထျန်ဟယ်သည် ကနဦးမှ နိဂုံးအထိ သူ​၏ဓားကို မည်သည့်အချိန်ကမျှ ဆွဲမထုတ်ခဲ့ပေ။ သူ၏ တိုက်ပွဲအားလုံးသည် ဓားအိမ်ကို အသုံးပြု၍ ၎င်း၏ပြိုင်ဘက်များကို အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဓားမဆွဲဘဲ ပြိုင်ပွဲကို အောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေသော ရှန်ထျန်ဟယ်သည် မောက်မာလွန်းသည်ဟု သူ​၏ ပြိုင်ဘက်အများအပြားက တွေးတောကာ ဒေါသထွက်နေကြသည်။ သို့သော်လည်း သူ​၏ အပြုအမူကို ရှန်ထျန်ဟယ်ကိုယ်တိုင်သာ နားလည်သည်။

သူသည် သူ​၏ရင်ထဲရှိ ဓားချီကို အဆုံးစွန်ထိ ပြုစုပျိုးထောင်လိုခဲ့သည်၊ ဤနည်းဖြင့်သာ သူ​၏ အကြီးကျယ်ဆုံးသော တိုက်ခိုက်မှုကို ထုတ်လွှတ်ကာ ထိုလူကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်နိုင်မည်ဖြစ်သည်။ ထွားကျိုင်းသော အမျိုးသားက ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သည်နှင့် ရှန်ထျန်ဟယ်​အရှေ့ရှိ မြင်ကွင်း ပြောင်းလဲသွားကာ သူ့အရှေ့တွင် ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦး ပေါ်ထွက်လာသည်။ အဘိုးအိုကို မြင်လိုက်ရသောအခါ ရှန်ထျန်ဟယ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

" နတ်ဘိုးဘေးဖြစ်နေတာကို၊ ထျန်ဟယ်က အရိုအသေပေးပါတယ်"

နတ်ဘိုးဘေးက ရယ်မောလိုက်သည်။

"ဒီစမ်းသပ်မှုမှာ ကျုပ်က အပျော်သဘော ဝင်ပါရုံ သက်သက်ပါ။ အရင် လှုပ်ရှားပါ သခင်လေးရှန်"

၎င်းတို့နှစ်ဦး တိုက်ခိုက်ခါနီးတွင် ပလက်ဖောင်းက လှုပ်ခတ်သွား၍ ရွှယ်အန်း ထွက်ပေါ်လာသည်။

"ကောင်းပြီ၊ နောက်ဆုံးတော့ ခင်ဗျားကိုတွေ့ပြီ" ရွှယ်အန်းက အမူမထားဘဲ ပြောလိုက်သည်။

ရှန်ထျန်ဟယ်က ရွှယ်အန်းကို နက်မှောင်သော အမူအရာဖြင့် ကြည့်လိုက်သည်​။

"ဘာတွေ ဖြစ်နေတာလဲ၊ တိုက်ပွဲက မပြီးသေးဘူးလေ။ ခင်ဗျားက ဒီမှာ ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲ"

"စောင့်ရတာ ကျုပ်ပျင်းလာလို့၊ တခြားသူတွေအကုန်လုံးကို ကျုပ် အနိုင်ယူပြီးပြီ၊ အခု ခင်ဗျား တစ်ယောက်ပဲ ကျန်တော့တယ်"

ရွှယ်အန်း၏စကားကြောင့် ရှန်ထျန်ဟယ်အံ့အားသင့်သွားခဲ့သည်။

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မောက်မာနေတာက တကယ့်ကို ရယ်ချင်စရာပဲ" နတ်ဘိုးဘေးက အေးစက်စွာ သရော်လိုက်သည်။

ရွှယ်အန်းသည် အဘိုးအိုကို တစ်ချက်ကြည့်၍ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါနဲ့ ခင်ဗျားက ဘယ်သူများလဲ"

"ကျုပ်က ခွန်းလွန်မြို့ အရှေ့ဘက်ဒေသက နတ်ဆရာဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ နတ်ဘိုးဘေးပဲ ကောင်လေး မင်းက ငယ်ရွယ်ပြီး….”

ရွှယ်အန်းသည် ဤအဘိုးအို၏ မာနထောင်လွှားမှုကို သည်းခံနိုင်စွမ်း မရှိတော့ပေ။

"သွားစမ်းပါ"

အကြီးအကဲများကို လေးစားရကောင်းမှန်း မသိသည့်အတွက် နတ်ဘိုးဘေးက ရွှယ်အန်းကို ဒေါသတကြီး ကြိမ်းမောင်းတော့မည့်အချိန်တွင် ရွှယ်အန်းသည် သူ​၏လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်သည်။ ပြီးနောက် ကြောက်မက်ဖွယ် ဓားချီသည် နတ်ဘိုးဘေး၏နဖူးဆီသို့ တိုက်ရိုက် ထိုးဖောက်သွားသည်။ နတ်ဘိုးဘေးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အားကုန်သုံးကာ သူ၏ခန္ဓာကိုယ်ကို တိမ်းစောင်း၍ တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းခဲ့ရသည်။ ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲသွားကာ ရွှန်းအန်းကို ကြည့်နေသော သူ​၏အကြည့်များတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

"ပေါက်ကရပြောဖို့ သတ္တိရှိသေးလား" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

နတ်ဘိုးဘေးသည် ဖြူဖျော့နေသော မျက်နှာဖြင့် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းကာ ပြိုင်ပွဲမှ အလျင်အမြန် ထွက်ခွာသွားလေသည်။ ပလက်ဖောင်းပေါ်တွင် ရွှယ်အန်းနှင့် ရှန်ထျန်ဟယ်တို့သာ ကျန်ရစ်ခဲ့သည်။ ရှန်ထျန်ဟယ်၏ အမူအရာ လေးနက်လာသည်။ ရွှယ်အန်းက ပေါ့လျော့သော ထိုးနှက်ချက်ဖြင့် ဖော်ပြခဲ့သော ဓားတာအို ကျင့်ကြံမှုသည် သူ့ကို ထိတ်လန့်သွားစေသည်။ ဤအမျိုးသားသည်လည်း ဓားကျင့်ကြံသူ ဖြစ်နိုင်လေသလော။

"ခင်ဗျားရဲ့ဓားကိုဆွဲထုတ်လိုက်၊ ပြိုင်ဘက်ကင်း ဓားတာအိုလို့ခေါ်တဲ့ အစွမ်းက ဘယ်လောက်တောင် ထူးခြားလဲဆိုတာ ကြည့်ပါရစေဦး"

ရွှယ်အန်းက သူ​၏နောက်ကျောတွင် လက်နှစ်ဖက် ပစ်ထားလျက် မတ်တပ်ရပ်၍ ဘာသိဘာသာ ပြောလိုက်သည်။

အခန်း (၃၀၆) အမှန်တိုင်းပြောရရင် ကျုပ် အရမ်းစိတ်ပျက်မိတယ်

"ခင်ဗျားရဲ့ဓားတာအိုက မဆိုးပါဘူး၊ ဒါပေမယ့် ကျုပ် နှစ်ပေါင်းများစွာကြာ လေ့ကျင့်ထားတဲ့ ပြိုင်ဘက်ကင်း ဓားတာအိုနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ" ရှန်ထျန်ဟယ်က အေးစက်စွာ ပြောလိုက်သည်။

သူစကားပြောနေစဉ် ရှန်ထျန်ဟယ်က သူ၏ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ လမင်းဖြူရောင် ဓားချီသည် ပြင်းထန်စွာ ပျံ့နှံ့သွား၍ စမ်းသပ်မှုအခန်းတစ်ခုလုံးကို လမင်းနန်းတော်ကဲ့သို့ တောက်ပသွားစေသည်။ ရွှယ်အန်း၏အမူအရာတွင် ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်းများ မရှိဘဲ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

"ထျန်ဟယ်... ဓားနှလုံးသား" ထိုသို့မြင်သောအခါ ရှန်ထျန်ဟယ်က မထိန်းချုပ်နိုင်ဘဲ ဟိန်းဟောက်လိုက်ရာ၊ စူးရှတောက်ပသော ဓားအလင်းတစ်ခု ကောင်းကင်မှ ပြတ်သားစွာ ခုတ်ထစ်ချလိုက်သည်။

စင်မြင့်တစ်ခုလုံးနှင့် စမ်းသပ်မှု နေရာလွတ်တစ်ခုလုံးကိုပင် ဤဓားဖြင့် တိုက်ရိုက် ခုတ်ပိုင်းပစ်လိုက်သည်။ အပြင်ဘက်မှ ကြည့်နေသော လူအုပ်ကြီးသည် ကောင်းကင်ပေါ်သို့ ဓားချီများ မြင့်တက်လာခြင်းကို မြင်လိုက်ရသည်။ ကနဦးတွင် အနည်းငယ် တုန်လှုပ်နေသော ရှန်ယွီချန်သည် ထိုအချိန်မှသာ စိတ်အေးသွား၍ ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

"ဒါက ကျုပ်သား ထျန်ဟယ်ရဲ့ဓားရည်ရွယ်ချက်ပဲ၊ အခု ကျုပ်သားက အောင်ပွဲခံဖို့ သေချာနေပြီ"

သူသည် ဤအချက်ကို လုံးလုံးလျားလျား ယုံကြည်ချက်ရှိနေသည်။ သူ​၏ စကားကိုကြားပြီးနောက် လူများစွာက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချမိသွားသည်။ မည်သို့ပင် ဆိုစေကာမူ ထိုလူကို အနိုင်ယူနိုင်သရွေ့ အလွန် ကောင်းမွန်ပေလိမ့်မည်။ အခြားလူများအနက် ပျံ့ချင်မုနှင့် ကျူးရူယန်တို့လျှင်သာ ၎င်းတို့၏ အမူအရာများတွင် သိသိသာသာ ပြောင်းလဲမှုများ ပြသလာသည်။

စမ်းသပ်ခန်းတွင် စင်မြင့်ကို ဓားအလင်းရောင်ဖြင့် ဖုံးလွှမ်းထားသောကြောင့် အတွင်းပိုင်းရှိ အခြေအနေကို ခဏတာမြင်တွေ့နိုင်ခြင်းမရှိပေ။ သို့သော်လည်း မိမိက အောင်နိုင်လိမ့်မည်ဟု ရှန်ထျန်ဟယ်က အသေအချာ မှတ်ယူနေသည်။ သူ​၏ဓားချက်ကို မည်သူကမျှ ရှောင်လွှဲခြင်းမရှိဘဲ ခံနိုင်ရည်မည် မဟုတ်ပေ။ ထို့အပြင် သူ၏ဓားသည် လတ်တလော သိသိသာသာ တိုးတက်လာသည်ဟု ရှန်ထျန်ဟယ်က ခံစားနေမိသည်။ ဤအရာသည် သူ၏စိတ်နှလုံးကို ဝမ်းမြောက်ဂုဏ်ယူမှုများဖြင့် ပြည့်နှက်သွားစေသည်။ သို့သော် အသံတစ်ခုကြောင့် သူ​၏ပျော်ရွှင်မှုများ လျင်မြန်စွာ ကွဲအက်သွားသည်။

"အမှန်တိုင်း ပြောရရင် ကျုပ် အရမ်းစိတ်ပျက်မိတယ်"

ဤသို့ဖြင့် ဓားအလင်းရောင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ရာ၊ ရွှယ်အန်းသည် အနောက်တွင် လက်နှစ်ဖက်ကို ပစ်ကာ မထူးခြားသော အမူအရာဖြင့် မတ်တပ်ရပ်နေလျက် ကွင်းပြင်​၏အလယ်၌ ပေါ်ပေါက်လာသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရှန်ထျန်ဟယ်က ထိတ်လန့်တကြားပြောပြီးနောက် သူ​၏မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

"ခင်ဗျားရဲ့ဓားတာအိုနဲ့ ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းလို့ ခေါ်ရဲတယ်တဲ့လား။ လောကီလောကမှာ ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်ထက် အားနည်းတဲ့ ဓားကျင့်ကြံသူနဲ့ ကျုပ် တွေ့ဖူးတယ်၊ သူ့ဓားတာအိုကမှ ခင်ဗျားထက် ပိုသန်မာသေးတယ်" ရွှယ်အန်းက ခေါင်းခါလိုက်သည်။

ရွှယ်အန်း ပြောခဲ့သော ဓားကျင့်ကြံသူသည် လင်းနန်မြို့၏ဓားအင်မော်တယ် ယွီယွမ်ယိကို ရည်ညွှန်းခြင်းဖြစ်သည်။ ရွှယ်အန်းသည် ယွီယွမ်ယိကို ဓားတာအိုတွင် အမှားပြုလုပ်ခဲ့သည်ဟု ပြောခဲ့သော်လည်း သူသည် လောကီလောက​​၏ တာအို အစွန်းအဖျားကို ထိမိခဲ့သောကြောင့် အောင်မြင်မှုတစ်ခုကို ရရှိခဲ့သူဖြစ်သည်။

ငယ်စဉ်ကတည်းက ခွန်းလွန်၏ အင်မော်တယ်နယ်မြေတွင် ကြီးပြင်းလာခဲ့သည့် ဤရှန်ထျန်ဟယ်သည် လောကီလောကထက် အဆတစ်ရာ ပိုမို ကောင်းမွန်သော ကျင့်ကြံမှုအခြေအနေများဖြင့် ကြီးပြင်းလာခဲ့သော်လည်း ပြင်ပ စွမ်းအင်ကိုသာ လိုက်စားခဲ့သောကြောင့် ရွှယ်အန်းအတွက် အမှိုက်သရိုက်မျှသာ ဖြစ်သည်။

ရှန်ထျန်ဟယ်၏ မျက်နှာသည် ပြာနှမ်းသွားသည်။

"ပေါက်ကရတွေ လာပြောမနေနဲ့၊ ခင်ဗျားရဲ့ဓားတာအိုက ကျုပ်ဆရာထက် ပိုသာမယ်လို့ ကျုပ် မယုံဘူး။ သေပေတော့"

ထိုစကားကို ပြောပြီးနောက် ရှန်ထျန်ဟယ်သည် သူ၏ဓားဖြင့် ထပ်မံ တိုက်ခိုက်ရန် အသင့်ဖြစ်နေသကဲ့သို့ မြှောက်တင်လိုက်သည်။ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ခင်ဗျားရဲ့ ဆရာလား။ ဟီးဟီး၊ ကျုပ်ကို တစ်ချိန်က များပြားတဲ့ နယ်မြေတွေက အင်မော်တယ်တွေအားလုံး ခေါင်းညွှတ်လာအောင်တောင် လုပ်နိုင်ခဲ့တာ၊ သူက ဘာမို့လို့လဲ"

ရှန်ထျန်ဟယ်၏ မျက်နှာ ဖြူဖျော့သွားသည်၊ သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဓားရည်ရွယ်ချက်ကို သူ ခံစားလိုက်ရသည်။ သို့သော် ရှန်ထျန်ဟယ်သည် အံကြိတ်လျက် သူ၏ ကျင့်ကြံမှု အဆင့်များအားလုံးကို ထျန်ဟယ်ဓားထဲသို့ ပြင်းထန်စွာ စုစည်း၍ ထိုးစိုက်လိုက်သည်။

"သေလိုက်" ရှန်ထျန်ဟယ်က ဟိန်းဟောက်လိုက်သည်။

ဘုံး

ထျန်ဟယ် ဓားရည်ရွယ်ချက်သည် တစ်ဟုန်းဟုန်း တောက်ပနေသော မြစ်ကဲ့သို့ ခုန်တက်သွား၍ ရွှယ်အန်းဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ ရွှယ်အန်းသည် မလှုပ်မယှက်ဖြင့် တည်မြဲစွာ မတ်တပ်ရပ်နေသည်။ ပြီးနောက် ရှန်ထျန်ဟယ်သည် သူ​၏အတွင်း အစိတ်အပိုင်းများ ကွဲလုမတတ်ဖြစ်သွားစေသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ သူ​၏ ထျန်ဟယ်ဓား ရည်ရွယ်ချက်သည် ရွှယ်အန်းဆီသို့ မရောက်မီ ရပ်တန့်သွားကာ ဧကရာဇ်မင်းရှေ့မှောက်ရှိ လက်အောက်ခံများကဲ့သို့ ဦးညွှတ်နေပြီးနောက် ပျောက်ကွယ်သွားခြင်းကို မြင်တွေ့လိုက်လေသည်။

“မဖြစ်နိုင်ဘူး၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ရှန်ထျန်ဟယ်၏ မျက်နှာသည် ဖြူဖျော့သွားသည်။

"ခင်ဗျား ဘယ်လောက်ပဲ လေ့ကျင့်ထားပါစေ ခင်ဗျားရဲ့ဓားတာအိုက အမှိုက်သရိုက်ဖြစ်နေဆဲပဲ... ဘာလိုဆို ခင်ဗျားမှာ အရည်အချင်းမရှိလို့ပဲ" ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ဤစကားများသည် ရှန်ထျန်ဟယ်ကို သေလုနီးပါး ထိခိုက်သွားစေသည်။ ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်ရှိ လူများက ဓားတာအို ပါရမီရှင်ဟု အမြဲတစေ ခေါ်လေ့ရှိသော မိမိကို ယခုအခါ အရည်အချင်းမရှိသူဟု လူတစ်ယောက်က ရုတ်တရက် ပြောလာသည်။ ဤကြီးမားသော ခြားနားချက်သည် ရှန်ထျန်ဟယ်ကို သွေးအန်လုနီးပါးဖြစ်စေခဲ့သည်။

"ပေါက်ကရတွေ လာမပြောနဲ့၊ ကျုပ်မှာ ဓားတာအိုအတွက် အရည်အချင်းမရှိရင် ဒီကမ္ဘာပေါ်မှာ ဘယ်သူက အရည်အချင်းရှိမှာလဲ" ရှန်ထျန်ဟယ်သည် ရူးသွပ်လုနီးပါး ဖြစ်နေသည်။

"ခင်ဗျားက မယုံမှတော့၊ ဒီနေ့ အင်မော်တယ် ဓားအစစ်အမှန်က ဘာလဲဆိုတာ ကျုပ် ပြမယ်" ရွှယ်အန်းက အရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်။

ရွှယ်အန်း၏စကားများဖြင့် သူ့အရှေ့တွင် ဓားအလင်းတန်းများ တဖြည်းဖြည်း ထွက်ပေါ်လာပြီးနောက် အဖြူရောင် ဧရာမ ဓားကြီးအဖြစ်သို့ ပေါင်းစပ်သွားသည်။

"ကျုပ် ဓားကိုကြည့်ထား... ကောင်းကင်ကိုဖြတ်စမ်း"

ထိုစကားများ ကျလာသည်နှင့်အမျှ ရွှယ်အန်းသည် ဓားအိမ်ကို ညင်သာစွာ ဆုပ်ကိုင်၍ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ကို လှုပ်ယမ်းစေသော ဓားရည်ရွယ်ချက်သည် ကောင်းကင်ယံသို့ တခဏချင်း ခုန်တက်လာကာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အထက်တွင်ရှိသော စမ်းသပ်ခန်း​၏ အလင်းဖန်သားပြင်သည် တခဏမျှသာ ထိန်းထားနိုင်ပြီးနောက် ကျယ်လောင်စွာ ပြိုကွဲသွားလေသည်။

"ဘာဖြစ်တာလဲ" အပြင်ဘက်မှ ကြည့်နေသူများက ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

၎င်းတို့ အော်ဟစ်ပြီးမကြာမီတွင် ကျီကျိုးမြို့ကို နှစ်ခြမ်း ပိုင်းဖြတ်စေသော ဓားအလင်းရောင်တစ်စင်း ပြိုကျလာသည်။ ဤသည်မှာ ခြေလှမ်းတစ်ဝက် အင်မော်တယ်အဆင့်သို့ ရောက်ပြီးကတည်းက ရွှယ်အန်း၏ ထုတ်လွှတ်ခဲ့သည့် အပြင်းထန်ဆုံး ဓားချက်လည်းဖြစ်သည်။ ဖုန်မှုန့်များ အရပ်ရပ်သို့ မြင့်တက်သွားပြီးနောက် ကျီကျိုးမြို့တစ်ခုလုံး ဤဓားအောက်တွင် တုန်လှုပ်သွားသည်။ တခြားလူများကမူ အံ့အားသင့်သော တိတ်ဆိတ်မှုများဖြင့် ကြည့်နေကြ၏။ ဤဓားချက်သည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက်ပင် သာလွန်စေခဲ့သည်။

ရှန်ယွီချန်က ရုတ်တရက် ဖျော့တော့သွားသည်။

"ထျန်ဟယ်... သူ အဆင်ပြေရဲ့လား"

ဤအချက်သည်လည်း လူအများစုက စိုးရိမ်နေသည့်အရာဖြစ်သောကြောင့် ၎င်းတို့အားလုံး လှည့်ကြည့်လိုက်ကြသည်။ စမ်းသပ်မှု ကွင်းပြင်သည် လုံးလုံးလျားလျား ပျက်စီးသွားခြင်းကို မြင်တွေ့လိုက်ရ၍ ဖုန်မှုန့်များ တဖြည်းဖြည်း ရှင်းလင်းလာသောအခါ အလယ်ဗဟိုတွင် လူနှစ်ဦးသာ ရပ်တည်နေခဲ့သည်။ ၎င်းတို့ထဲက တစ်ဦးသည် ရှန်ထျန်ဟယ်ဖြစ်သည်။ သူ​၏သားဖြစ်သူ ဒဏ်ရာကင်းမဲ့နေကြောင်း မြင်လိုက်ရသော ရှန်ယွီချန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူ့နှလုံးသား တုန်လှုပ်လာပြန်သည်။

"လက်စသတ်တော့ ကျုပ် တကယ် မှားနေခဲ့တာကို" ရှန်ထျန်ဟယ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

ထိုစကားကို ပြောပြီးနောက် ရှန်ထျန်ဟယ်က လှည့်ထွက်သွားသည်။ ရှန်ယွီချန်က သားဖြစ်သူကို တွေ့ရန် အမြန်သွားခဲ့သော်လည်း ခြေလှမ်းအနည်းငယ်မျှ မလှမ်းနိုင်မီတွင် ရှန်ထျန်ဟယ်က မြေပြင်ပေါ်သို့ ရုတ်တရက် ဒူးထောက်ကျသွား၍ သူ​၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

"ထျန်ဟယ်" ရှန်ယွီချန်က အော်ဟစ်လိုက်သည်။

ရှန်ထျန်ဟယ်က ဖခင်ဖြစ်သူကို ညင်သာစွာ ခေါင်းခါပြလိုက်သည်။

"အဖေ၊ ကျွန်တော် အဖေ့ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေမိပြီ။ ကျွန်တော်ရဲ့ ဓားနှလုံးသားက ပျက်စီးသွားမို့လို့ အဖေ့ကို အသက်ကြီးတဲ့အထိ ပြုစုလို့ မရတော့ဘူး။ ကျွန်တော် သေပြီးသွားရင် ကျွန်တော်ကို အငြိုးအတေးမထားနဲ့ အဖေ"

ရှန်ယွီချန်သည် အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားသည်။ ရှန်ထျန်ဟယ်က ရွှယ်အန်းကို ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

စကားပြောပြီးနောက် ရှန်ထျန်ဟယ်က မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားခဲ့ရာ၊ ရွှယ်အန်းက တိတ်တဆိတ် ကြည့်နေသည်။ ယခုအချိန်အထိ မကျေမနပ်ဖြစ်နေသော ရှန်ထျန်ဟယ်သည် ရွှယ်အန်း​၏ ဓားချက်ကို ဓားနှလုံးသားဖြင့် ခုခံရန်ကြိုးစားခဲ့ရာ၊ အပိုင်းပိုင်းကွဲအက်၍ သေဆုံးသွားခဲ့သည်။ ဤဖြစ်စဉ်အတွက် မည်သူ့ကိုမျှ အပြစ်မတင်နိုင်ပေ။ ထိုသို့တွေးပြီးနောက် ရွှယ်အန်းက ခေါင်းခါ၍ ထွက်ခွာရန် အရှေ့သို့ လှမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် ရှန်ယွီချန်၏ မျက်လုံးများ နီရဲနေသည်။

"ကျုပ်သားရဲ့အသက်ကို ပြန်ပေးစမ်း"

သူသည် ဤသို့ဖြင့် အရှေ့သို့ ချီတက်လာသည်။ ရွှယ်အန်းသည် အနောက်ကိုပင် လှည့်မကြည့်ဘဲ သူ​၏လက်ကောက်ဝတ်ကို ဝှေ့ယမ်း၍ ရှန်ယွီချန်ကို မြန်ဆန်စွာ လွင့်ပျံသွားသည်အထိ ပစ်လွှတ်လိုက်သည်။

"ခင်ဗျားရဲ့သားကို ထောက်ထားပြီး၊ ဒီတစ်ခေါက် ခင်ဗျားကို လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် ကျုပ်ရဲ့သည်းခံမှုကို ထပ်ပြီး မစမ်းသပ်ဖို့ ကျုပ် မျှော်လင့်တယ်" ရွှယ်အန်းက ဘာသိဘာသာ အမူအရာဖြင့် လျှောက်သွားလေသည်။

ရှန်ယွီချန်သည် ရွှယ်အန်း၏ ဆုတ်ခွာသွားသော နောက်ကျောကို စိုက်ကြည့်လျက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ လူအုပ်ကြီးသည် ထိုမြင်ကွင်းကို ကြောက်လန့်တကြား ကြည့်နေကြသည်။ စမ်းသပ်မှု ကွင်းပြင်သို့ ဝင်ရောက်ချိန်မှ ယခုအချိန်အထိ တစ်နာရီမျှသာ ကြာမြင့်ခဲ့သော်လည်း မရေတွက်နိုင်သော သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာ့ဖသ်မှုများ ဖြစ်ပွားခဲ့သည်။

ရှန်မိသားစု၏ အလွန် မြတ်နိုးလေးစားရသော သားအကြီးဆုံးလျှင်ပင် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရကာ သေဆုံးသွားခဲ့သည်။ ဤအမျိုးသားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းခြင်းဖြစ်သနည်း။ ကျူးရူယန်တစ်ဦးသာလျှင် သူ​မ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားနေသော မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

ရွှယ်အန်းသည် ပိုမို သန်မာလေ၊ သူမ၏ ကလဲ့စားချေမှု မျှော်လင့်ချက်များ ပို၍ ကြီးမားလာလေဖြစ်သည်။

“သခင်….”

ရွှယ်အန်းက ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။

"ကျုပ်မှာ လုပ်စရာတွေရှိသေးတယ်၊ ပြီးရင် ခွန်းလွန်မြို့ကို သွားကြမယ်"

ဤသို့ဖြင့် ရွှယ်အန်းက လေထုထဲသို့ ခုန်ဝင်၍ မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။

All Chapters