← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀) ငါ ဓားမထုတ်တာ အချိန်အတော်ကြာခဲ့ပြီ

လုရွှင်ရွှယ်က အနည်းငယ် ထိတ်လန့်သွားသည်။

"ဒီကောင် ဘာလုပ်မှာလဲ"

"သူ တကယ်ဝင်ပြိုင်ဖို့ ရည်ရွယ်ထားတာလား”

"ဒါက သေချင်နေတာမဟုတ်ဘူးလား"

ထို့ကြောင့် လုရွှင်ရွှယ်က ကျူးရူယန်ကိုပြောလိုက်သည်။

"ဒီလူကို အမြန်တားလိုက်ပါ။ မဟုတ်ရင် သူတကယ်သေသွားလိမ့်မယ်"

ထိုအချိန်တွင် ကျူးရူယန်၏ အမူအရာက ကြည့်မကောင်းတော့ပေ။ လုရွှင်ရွှယ်က ရွှယ်အန်းအပေါ် ထပ်ခါတလဲလဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခြင်းသည် ကျူးရူယန်ကို ဒေါသထွက်စေသည့်အတွက်ကြောင့် သူမ အေးစက်စွာပြောလိုက်သည်။

"ကျွန်မသခင်က ဒီပွဲမှာပါဖို့ စီစဉ်ပြီးသားပါ”

ထိုစကားက လုရွှင်ရွှယ်၏မျက်နှာကို ဖြူဖျော့သွားစေကာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။

‘တကယ်ပါပဲ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို မသိတဲ့ ကောင်ပဲ နင်တို့ကြိုက်တာသာလုပ်တော့’

အတွင်းစိတ်ထဲမှ မကျေမနပ်ဖြစ်နေစဉ်မှာပင် ရှေ့၌ ဆူပူအုံကြွသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူမ မော့ကြည့်၍ အံ့အားသင့်သွားမိသည်။ ရွှယ်အန်းသည် အတွင်းကွင်းထဲသို့ ရောက်ရှိနေပြီဖြစ်သည်ကို သူမမြင်လိုက်ရသည်။

သူ၏ ရောက်ရှိလာမှုက လူအများကို ဆွဲဆောင်နိုင်ခဲ့သည်။

လူအများက သူ့ကို မည်သူမည်ဝါဖြစ်ကြောင်း မသိကြဘဲ သူ၏ သာမန်အမူအရာအပြင် အခြား “အင်မော်တယ်” ဆိုသူများကဲ့သို့ ပျံသန်းလာရမည့်အစား ခြေထောက်နှစ်ချောင်းဖြင့်သာ လျှောက်လာသည်ကို မြင်၍ အနည်းငယ် အထင်အမြင်သေးမိသွားကြသည်။ ယင်းတွင် အစစ်အမှန် အမွေခံ ပြိုင်ဘက်ကင်းပါရမီရှင်များ ပါ၀င်ကာ အားလုံး မျက်မှောင်ကြုတ်သွားကြသည်။

"ဒီကောင်က ဘယ်သူလဲ၊ သူ့ကို သိလား" ချန်လုရှန်က ညနတ်ဆိုးတောင်ကြားမှ နန့်ကုန်ဝူရှန်ကို မေးလိုက်သည်။

"ငါသူ့ကိုမသိဘူး" နန့်ကုန်ဝူရှန်က ခေါင်းခါ၍ "သူက ချောင်ချတဲ့တစ်နေရာရာက သာမန် ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်တယ်”

ရွှယ်အန်းသည် အခြားသူများကို စိတ်မ၀င်စားဘဲ ဖေးပိုင်ကို အနည်းငယ်ပြုံးပြလိုက်သည်။

"ဓားကျွန်ခန္ဓာကိုယ်မျိုးနဲ့”

ထိုစကားကြောင့် ဖေးပိုင်၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာကာ ရွှယ်အန်းကို ခဏကြည့်နေပြီးနောက်မှ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

"မင်းက အသစ်ပေါ်လာတဲ့ ဓားသမားလား။"

ရွှယ်အန်းက ပြုံးလိုက်သည်။

"တကယ်ပဲ၊ မင်းလို စစ်မှန်တဲ့ ဓားသမားကို ဒီမှာ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး။ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလဲ”

သူ့စကားများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်ချောင်းသည် ကောင်းကင်ပေါ်သို့ တက်သွားကာ ကွင်းပြင်ရှိ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ကိုယ့်ကိုယ်ကိုယ်

အရူးလုပ်မိတော့မည့် ရွှယ်အန်းကို ကြည့်ရန် အဆင်သင့်ဖြစ်နေသော လုရွှင်ရွှယ်သည် လူအုပ်ထဲမှကြည့်၍ ဤမြင်ကွင်းကြောင့် လုံးလုံးလျားလျား ထိတ်လန့်သွားရသည်။

‘ဘာလဲ… ဘာဖြစ်နေတာလဲ’

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို သူ မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။

‘သူပြောသမျှက အမှန်တွေများလား’

လုရွှင်ရွှယ်သာမက မူလက အထင်သေးစွာ ကြည့်နေခဲ့ကြသော ပါရမီရှင်များစွာသည်လည်း ထပ်တူ အံ့အားသင့်ခဲ့ကြသည်။

“ဒီလောက် အစွမ်းထက်တဲ့ ဓားရည်ရွယ်ချက်” မီယိုအိက အနည်းငယ် မျက်မှောင်ကျုံ့ကာ ရွှယ်အန်းကို စိုက်ကြည့်နေသည်။

ဒီလူက… တကယ်ကို ကြောက်စရာကောင်းတယ်။

ချန်လုရှန် နှင့် အခြားသူများက ပို၍ပင်ကြည့်ရဆိုးနေသည်။

ဖေးပိုင်တစ်ယောက်ကသာ ကျေနပ်အားရမှုအပြည့်ဖြစ်နေသော မျက်နှာဖြင့်ပြောလိုက်၏။

"ကောင်းတယ် မင်းက တကယ်ပဲ မြို့ကိုပိုင်းခဲ့တဲ့ ဓားသမားပဲ မင်းကိုလာတွေ့ရတာ တန်ပါတယ်”

ထိုအချိန်တွင် ကြီးမားလှသော အင်မော်တယ်နန်းတော်၏ အဆောင်ထိပ်၌ ဧကရာဇ်သားတော် ဟောက်ယွီဟွမ်သည် သူ၏နောက်ကျော၌ လက်နှစ်ဖက်ယှက်၍ ရပ်လျက် အောက်ဘက်ရှိအရာအားလုံးကို အေးစက်စွာငုံ့ကြည့်နေသည်။

"ဧကရာဇ်သားတော် ဒီနှစ်တိုက်ပွဲမှာ ပါဝင်သူတွေရဲ့ ခွန်အားက ဘယ်လိုလဲ"

ယုတ်ညံ့သောအမူအရာဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သူ့ဘေးတွင် ပေါ်လာသည်။

အင်မော်တယ်နန်းတော်၏ အိမ်တော်ထိန်း ကျော့ယွီဟူ။

ဟောက်ယွီဟွမ်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

"ဓားထိန်းချုပ်ရေးဗီလာရဲ့ ဖေးပိုင်က မဆိုးပါဘူး၊ ကျန်တာတွေကတော့ တော်ရုံတန်ရုံထက် ဘာမှ မထူးပါဘူး၊ ထိုးဖို့တောင် မထိုက်တန်ဘူး"

"ဒါနဲ့ အခု အသစ်ပေါ်လာတဲ့ ဓားသမားကရော ဘယ်လိုလဲ" ကျော့ယွီဟူက မေးလိုက်သည်။

ဟောက်ယွီဟွမ်က မာနကြီးသောအမူအရာမျိုးဖြင့် ပြောလိုက်၏။

"ကျွန်တော် အင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်ပြီးပြီ။ ရွှေအင်မော်တယ်အဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝက်ပဲ လိုတော့တယ် ဒီလူတွေက ကျွန်တော်နဲ့ မယှဉ်နိုင်ဘူး”

ကျော့ယွီဟူသည် ရိုသေစွာ ဦးညွှတ်ကာ ကြောက်ရွံ့မှုပြည့်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။

ဟောက်ယွီဟွမ်ကဲ့သို့ အင်မော်နယ် အထွတ်အထိပ်အဆင့်၌ ရောက်နေသည့်လူတစ်ယောက်ကို ကမ္ဘာတစ်ဝှမ်းမှ လူအများက ယှဉ်နိုင်ကြမည််မဟုတ်ပေ။ ထို့အပြင် သူက ထိုရွှေအင်မော်တယ်အဆင့်သို့ ခြေတစ်လှမ်းလှမ်းပြီးသည်မှာလည်း အသေအချာပင်ဖြစ်သည်။

၎င်းသည် နားမလည်နိုင်သော ဖြစ်တည်မှုအချို့မှလွဲ၍ အင်မော်တယ်နန်းတော်တွင် အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်လာမည်ဟုလည်း ဆိုလိုသည်။

ကျော့ယွီဟူက သူ့ကို ပို၍ အထင်ကြီးလာသည်။

ယခုအချိန်တွင် အစမ်းပြိုင်ပွဲကို တရားဝင်စတင်ခဲ့သည်။

ပြိုင်ပွဲဝင်များသည် ကွင်းထဲသို့ တယောက်ပြီးတယောက် ဝင်ရောက်လာကြသည်။

ရွှယ်အန်းလည်း ဝင်လာခဲ့သည်။

အလင်းနှင့် အရိပ်တို့ ဖလှယ်ပြီးနောက် သူ့ရှေ့တွင် ပေါ်လာသော ပထမဆုံး ပြိုင်ဘက်မှာ ဖေးပိုင်မှလွဲ၍ အခြားမဟုတ်ပေ။

"ငါဓားမထုတ်တာကြာပြီ" ဖေးပိုင်က ဖြည်းညင်းစွာပြောလိုက်သည်။

“ ဒီတစ်ခါတော့ မင်းကို လေးစားမှုပြဖို့ ဓားထုတ်ပေးမယ်"

ဤသို့ပြော၍ ဖေးပိုင်သည် သူ၏ ဖေးပိုင်ဓားကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သည်။ ကမ္ဘာမြေပြိုကျစေသော အရှိန်အဟုန်မရှိသကဲ့သို့ နတ်လက်နက်လည်း မရှိပေ။

ဖေးပိုင်ဓားသည် ပန်းပဲဆရာဆိုင်မှ ငွေငါတုံးဖြင့် ဝယ်ထားသကဲ့သို့ ရိုးရှင်းကာ မှတ်သားဖွယ်မရှိပေ။

သို့သော် ဓားကိုကြည့်နေသော ဖေးပိုင်၏အမူအရာက သူ့အချစ်ဆုံးချစ်သူကို ငေးကြည့်နေသည့်အလားပင်ဖြစ်သည်။ သူ့လက်ချောင်းများဖြင့် ဓါးကို ညင်သာစွာ ပွတ်သပ်နေသည်။

"ဒီဓားက ငါငယ်ငယ်တည်းက ငါနဲ့အတူရှိခဲ့ပြီး နှစ်ပေါင်းများစွာ တိုက်ပွဲတွေ ဆင်နွှဲခဲ့တယ်။ ကောင်းကင်လူသား သုံးရာနှစ်ဆယ့်တစ်ယောက်၊ လွတ်မြောက် အင်မော်တယ် တစ်ရာ့ရှစ်ဆယ်၊ အင်မော်တယ်ထက်ဝက်အဆင့် ဆယ့်ရှစ်ယောက် ဒီဓားအောက်မှာ သေဆုံးခဲ့တယ်"

"ပြီးတော့ မင်းဟာ ဆယ့်ကိုးယောက်မြောက် ဖြစ်လိမ့်မယ်"

ဤသို့ပြော၍ ဖေးပိုင်၏ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ကြီးမားသော လေဆင်နှာမောင်းများ ရုတ်တရက် ဖြစ်ပေါ်လာသည်။ ဤအရာများအားလုံးကို ဖေးပိုက်၏ ပြိုင်ဘက်ကင်း ဓားချီက ထိန်းချုပ်ထားသည်။

အခြားတိုက်ပွဲများနှင့် မတူစွာဖြင့် ဤ ခွန်းလွန်၏ ပင်မမြို့မှ ပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

ပဏ္ဍိတများက ကြေးမှုံခိုးငွေ့နည်းပညာကိုအသုံးပြု၍ စမ်းသပ်ကွင်းတစ်ခုစီမှ တိုက်ပွဲမြင်ကွင်းများကို လူတိုင်းအား ပြသလျက်ရှိသည်။ ထို့ကြောင့် ဖေးပိုင်ဆီမှ ဤမြင်ကွင်းကို ကြည့်ရှုသူများ မြင်လိုက်ရသောအခါ အားလုံး တအံ့တသြ အော်ဟစ်လိုက်ကြသည်။

“ကြေးမှုံခိုးငွေ့နည်းလမ်းနဲ့တောင် ဒီလောက် အစွမ်းထက်တဲ့ ဓားရည်ရွယ်ချက်ကို ခံစားလို့ရနေသေးတယ်။ ဒီဖေးပိုင်က တကယ်ပဲ သူ့ကျော်ကြားမှုနဲ့ထိုက်တန်တယ်။ သူက တကယ်ကိုပဲ နှစ်တစ်ထောင်မှာ တစ်ခါပေါ်တဲ့ ဓားတာအိုပဲ” ဓားကျင့်ကြံသူ အများအပြားက လေးနက်သော အမူအရာများဖြင့် ပြောလိုက်သည်။

နှင်းတစ်ထောင်နတ်သမီးနှင့် အခြားသူများ၏

မျက်နှာများက ပို၍ပင် ဆိုးဝါးလာသည်။ နောက်ဆုံးတွင်မူ

ဓားထိန်းချုပ်ဗီလာမှ လူများက ပို၍ အင်အားကြီးလေလေ ၎င်းတို့ အနိုင်ရရန် ပိုအခွင့်အလမ်းနည်းလေလေဖြစ်သည်။

လူအုပ်အလယ်တွင် ကျူးရူယန်က လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။

‘သခင်၊ ရှင် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရတော့မှာပဲ’

သူမဘေးတွင်ရပ်နေသော လုရွှင်ရွှယ်၏အမူအရာက မသေမချာဖြစ်နေသည်။

‘ဆိုတော့ ရှင်က တကယ်ပဲ ထူးခြားတဲ့ သခင်တစ်ယောက်ပဲပေါ့။ ဘာဖြစ်လို့ အဲ့တာကို မပြောခဲ့တာလဲ’

‘ရှင်က လူလိမ်တစ်ယောက်လို့ တစ်ချိန်လုံးတွေးနေခဲ့မိတာ ရယ်စရာကောင်းလိုက်တာ၊ နောက်ဆုံးမှာ ငါကမှ တကယ့်ဟာသဖြစ်နေတာ သိလိုက်ရတာပဲ”

ဤသို့တွေး၍ လုရွှင်ရွှယ်က သက်ပြင်းချကာ ခါးသက်စွာ ပြုံးလိုက်သည်။

ကဲ ဒါဆို ရှင် ဒီတစ်ခါ အောင်နိုင်မလား ကြည့်ရအောင်။

တစ်ချိန်တည်းတွင် စမ်းသပ်ကွင်း၌ ဖေးပိုင်၏ပြင်းထန်သောဓားအရှိန်အဟုန်ကို ရင်ဆိုင်နေရသော

ရွှယ်အန်း၏မျက်နှာပေါ်မှ အထင်ကြီးသော အကြည့်များက ပို၍ပြင်းထန်လာသည်။

"မင်းက ဒီကမ္ဘာမှာ ပထမဆုံးတွေ့ဖူးတဲ့ သန့်စင်တဲ့ဓားလေ့ကျင့်သူပါ။ မင်းရဲ့ လေ့ကျင့်မှုအဆင့်က နည်းနည်းမှားနေပေမယ့် လေးစားထိုက်တုန်းပဲ" ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဤသည်ကို ကြေးမှုံခိုးငွေ့မှတဆင့် ကြားလိုက်ရသည့် လူအများက အံ့ဩကုန်ကြသည်။ ဓားထိန်းချုပ်ဗီလာမှ ဖေးပိုင်တွင် မှားနေသောကျင့်ကြံစဉ်ရှိသည်ဟု ပြောနေသော ဤလူသည် မည်မျှ ရဲရင့်သနည်း။

သို့သော် ဖေးပိုင်သည် သူ၏ဓားကို ဖြည်းညှင်းစွာမြှောက်လိုက်သည်။

“ဒီဓားချက်ကို မျိုးသုဉ်းခြင်း လို့ခေါ်တယ်”

ထိုစကားနှင့်အတူ ဓားချီမှ ဖြစ်ပေါ်လာသော လေဆင်နှာမောင်းများသည် ရွှယ်အန်းဆီသို့ တည့်တည့် ကျရောက်သွားသည်။ တစ်ချိန်တည်း၌ပင် အံ့မခန်းတောက်ပသော ဓားအလင်းတန်းတစ်ခု ကောင်းကင်ပြင်သို့ ပိုင်းဖြတ်သွားသည်။

ကြေးမှုံခိုးငွေ့အားလုံးသည် ထိုကဲ့သို့သော ပြင်းထန်သော အင်အားကို မခံနိုင်ဘဲ တိုက်ရိုက် ကွဲအက်သွားခဲ့သည်။

ဘမ်း

လူအုပ်ကြီးက တုန်လှုပ်ချောက်ချားသွားသည်။ မကြာခင်၌ပင် တစ်စုံတစ်ယောက်က ကြေးမှုံခိုးငွေ့ကို တစ်ဖန်ပြန်လည် ပြုပြင်လိုက်သဖြင့် ထိုမှသာ လူအများက မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရသည်။

ရွှယ်အန်းသည် ခပ်ဝေးဝေးတွင် ရပ်နေသော်လည်း သူ့ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော ဓားအလင်းရောင်များ ပေါ်လာကာ ဖေးပိုင်ဓားကို တားဆီးထားသည်။

သို့သော် ဖေးပိုင်ဓားသည် ရှေ့သို့ ဆက်လက် တိုး၍ နက်ရှိုင်းစွာ တိုးဝင်လာဆဲဖြစ်ကာ ရှေ့သို့ ရွေ့လျားလိုက်တိုင်း မရေမတွက်နိုင်သော ဓားအလင်းရောင်များ ပျောက်ကွယ်သွား၍ ပြန်ပေါ်လာ၏။

အား

လူများစွာက ပင့်သက်ရှိုက်လိုက်မိကြ၏။

အခန်း(၃၁၁) လောကီလောက

‘ဖေးပိုင်ရဲ့ ဓားနဲ့ထိုးတာကို သူတကယ်ပဲ ခံနိုင်ရည်ရှိခဲ့တယ်’

‘ဒီလူက ကြောက်စရာကောင်းလောက်အောင် အားကောင်းတာပဲ’

သို့သော် ဓားသမားအများအပြားက ပြောလိုက်သည်။

“ဒီလူ ရှုံးတော့မယ်”

ဖေးပိုင်၏ဓားသည် ထိုးစစ်ဆင်နေ၍ ရွှယ်အန်းက ခုခံကာကွယ်နေသောကြောင့်ပင်ဖြစ်ရာ ဓားတာအို၏လမ်းစဉ်တွင် အမြဲတစေ ချီတက်ရန်နှင့် ဘယ်သောအခါမှ နောက်ပြန်မဆုတ်ရန် ခုခံကာကွယ်ခြင်းမပြုဘဲ တိုက်ခိုက်ရန်ပင်ဖြစ်သည်။

ခံစစ်ဟူသည် အရှုံးနှင့်မဝေးတော့ပေ။

ထိုအချိန်တွင် ဖေးပိုင်၏အမူအရာက မည်သို့မျှ မထူးခြားသေးသော်လည်း သူ့မျက်လုံးများမှ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း မှိန်သွားခဲ့သည်။

ကလေးက အရုပ်အသစ်အတွက် တဖြည်းဖြည်း ငြီးငွေ့လာသည့်အလားပင်ဖြစ်သည်။

သို့သော် ဖေးပိုင်၏ ဓားထိပ်က ရွှယ်အန်း၏ ရင်ဘတ်ကို ရောက်သွားတာ့မည့်အခိုက်တွင်

ရွှယ်အန်းက တည်ငြိမ်စွာပြောလိုက်၏။

"မင်းရဲ့ ဓားတာအိုလေ့ကျင့်မှုကို လေးစားလို့ မင်းငါ့ကို အခု အရှုံးပေးရင် မင်းအသက်ကို ငါ သက်ညှာပေးမယ်"

ဘမ်း

လူအများက အံ့ဩသွားကာ အချို့က ကျယ်လောင်စွာ ရယ်မောကြသည်။ လုရွှင်ရွှယ်ပင်လျှင် အနည်းငယ် စိတ်ညစ်သွားရသည်။

‘သေတော့မှာကို ကြွားနေနိုင်သေးတာလား’

ဖေးပိုင်က ထူးမခြားနားသော အမူအရာမျိူးဖြင့် မျက်လုံးထဲတွင် ဓားတစ်ချောင်းသာရှိသည်။ အခြား မည်သည့်အရာမျှ မရှိပေ။

သူက အေးစက်စွာပြောလိုက်၏။

"ငါ့ကို အရှုံးပေးအောင်လုပ်ဖို့ မင်းအရည်အချင်းမပြည့်မီဘူး"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"အဲ့လိုဆိုမှတော့ မင်းအရှုံးပေးဖို့ အရည်အချင်းပြည့်မီတဲ့လူကို ငါတွေ့ခွင့်ပေးမယ်"

သူစကားပြောနေစဉ်တွင် ရွှယ်အန်း၏ ပတ်၀န်းကျင်ရှိ ဓားအလင်းက ရုတ်တရက် ကွယ်ပျောက်သွားသည်။ ဖေးပိုင်၏ဓားသည် ရုတ်တရက် အရှိန်မြင့်လာ၍ ရွှယ်အန်းကို ပစ်မှတ်ထားသည့် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ဤအရေးကြီးသောအခိုက်အတန့်တွင် ရွှယ်အန်းသည် ဓားထိပ်ကို လက်နှစ်ချောင်းဖြင့် ညှပ်၍ ဖမ်းလိုက်၏။

"ကဲ ငါ့အလှည့်ပဲ"

အဖြူရောင် ဓားအလင်းဖြင့် ပြုလုပ်ထားသည့် ဧရာမဓားကြီး ရုတ်တရက် ပေါ်လာပြီးနောက် ရွှယ်အန်းသည် ဓားကို လက်တစ်ဖက်တည်းတွင် ကိုင်ဆောင်ကာ ပြင်းထန်စွာ ခုတ်ချလိုက်သည်။

ဘမ်း

ပြင်းထန်သော တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာပြီးနောက် စမ်းသပ်ကွင်းသည် ဤမျှကြီးမားလှသော စွမ်းအားကို သည်းမခံနိုင်ဘဲ ပြိုကျကာ မရေမတွက်နိုင်သော အက်ကြောင်းများ ဖြစ်လာသည်။ ဖေးပိုင်သည် ကြိုးဖြတ်ခံလိုက်ရသည့် စွန်ကဲ့သို့ ပျံသန်းကာ မြေပြင်ပေါ်သို့ ပြုတ်ကျ၍ ပါးစပ်ထဲမှ သွေးစိမ်းများထွက်လာသည်။

ကွင်းတစ်ခုလုံး အဆုံးသတ်နှင့်ဆုံလိုက်ရသည့်အလား တိတ်ဆိတ်သွားသည်။ ထိုအနားရှိသောလူများအားလုံး အံ့သြသွားကြရ၏။ လရောင်ဓားဘုရင်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

သူ၏တပည့်ရင်းများထဲမှတစ်ဦးက ထိုသူ၏ လက်ထဲ၌ သေဆုံးသွားခဲ့စဥ်ကတည်းက ရွှယ်အန်းဆီသို့ဦးတည်သော သတ်ဖြတ်ရောင်ဝါများ သူ့ထံမှ ထွက်ပေါ်လာသည်။ သို့သော် ဖေးပိုင်က စတင်လှုပ်ရှားခဲ့သဖြင့် သူကိုယ်တိုင်လှုပ်ရှားရန် အလွန်ပျင်းနေခဲ့သည်။ ဖေးပိုင်၏ ဝင်ရောက်စွက်ဖက်မှုက ဤလူကို သေဆုံးသွားစေလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ ဖေးပိုင်သည် သူ၏ဓားဖြင့် ရှုံးနိမ့်သွားခဲ့သည်။

ထိုအချိန်တွင် ဖေးပိုင်က ဖြည်းညှင်းစွာထလာ၍ အံ့သြထိတ်လန့်မှုများဖြင့် ပြောလိုက်သည်။

“ဒါ ဘာဓားပညာလဲ”

ရွှယ်အန်း၏ လက်ထဲမှ ဓားသည် မရေမတွက်နိုင်လောက်အောင်များပြားလှသော ဓားအလင်းတန်းများအဖြစ်ပြောင်းလဲသွားကာ တဖြည်းဖြည်း ပြန့်ကျဲသွားသည်။

“ဒါက အမြင့်ဆုံးဓားတာအိုပဲ”

ဖေးပိုင်က အသက်ပြင်းပြင်းရှူ၍ ရုတ်တရက် ပျော်ရွှင်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ငါသိပြီ.. ငါရှုံးပါတယ်”

ထိုသို့ဖြင့် သူက လှည့်ထွက်သွားသည်။ ရွှယ်အန်းကလည်း သူ့ကို မသတ်ပစ်ခဲ့ပေ။ ဓားကျင့်ကြံသူ အစစ်များသည် ဤလောက၌ ပို၍ ရှားပါးလာသည်။ တစ်ယောက်ကို သတ်လိုက်ခြင်းက တစ်ယောက်လျော့နည်းသွားခြင်းဖြစ်ပေလိမ့်မည်။

ဤပြိုင်ပွဲတွင် ရွှယ်အန်းက အနိုင်ရခဲ့သည်။ ရွှယ်အန်း၏ မကြာမီသေးမီက ကမ္ဘာပြိုကွဲလုနီးသော ဓားချက်ကြောင့် ဓားသမားအများအပြား တုန်လှုပ်သွားကြသည်။ တစ်ဖက်တွင်မူ လရောင်ဓားဘုရင်၏ ခံစားချက်များ ပြောင်းလဲသွားကာ တဖြည်းဖြည်းနှင့် သူ့မျက်လုံးများထဲတွင် ရက်စက်သော အကြည့်တစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် အခြားပါဝင်သူများအားလုံး၏ ပြိုင်ပွဲများလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ထက်ဝက်နီးပါး ဖယ်ရှားခြင်းခံလိုက်ရ၏။

၎င်းတို့ထဲတွင် ရှုံးနိမ့်၍ သေဆုံးသူ အနည်းငယ်မျှသာ ရှိခြင်းမဟုတ်ပေ။

ဥပမာအားဖြင့် နှင်းတစ်ထောင်ဂိုဏ်းမှ ချန်လုရှန်နှင့်တိုက်ခိုက်ရသူများသည် ဤဆွဲဆောင်မှုရှိ၍ ကျက်သရေရှိလှစွာသော အမျိုးသမီး၏ အညှာအတာ ကင်းမဲ့သော သတ်ဖြတ်သုတ်သင်ခြင်းကို ခံခဲ့ရသည်။ ရွှယ်အန်းရှေ့၌ ပေါ်လာသော ဒုတိယ ပြိုင်ဘက်သည် အားဟန်နန်းတော်ထဲမှ မီယိုအိဖြစ်သည်။ မီယိုအိသည် သူ၏ ယခင်ပြိုင်ဘက်ကို လွယ်လင့်တကူ အနိုင်ယူခဲ့သော်လည်း ရွှယ်အန်းနှင့် ရင်ဆိုင်ရသောအခါတွင်မူ သူ၏ မျက်နှာပေါ်၌ တည်ငြိမ်သော အမူအရာမရှိတော့ပေ။

သို့သော် ဘုန်းကြီးသည် လွန်စွာ တည်ငြိမ်လှသော အမူအရာရှိကာ လက်အုပ်ချီ၍ ပြောလိုက်သည်။

“အနောက်တိုင်းဒေသ အားဟန်နန်းတော်က မီယိုအိပါ”

တိုက်ပွဲမစမီ မိမိကိုယ်ကို မိတ်ဆက်ခြင်းသည် ပြိုင်ဘက်အပေါ် လေးစားမှု ပြသခြင်း ဖြစ်သည်။ ဤသည်ကို ကြားသောအခါ ရွှယ်အန်းက ပြုံး၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“လောကီလောကက ရွှယ်အန်း”

၎င်းသည် ရွှယ်အန်း၏ မကြာသေးမီက ဖေးပိုင်ကို အနိုင်ယူလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်ခြောက်ခြားမှုလှိုင်းလုံးများထက်ပင် ကြီးမားသည်။ မရေမတွက်နိုင်လောက်အောင် များပြားသောလူများက အံ့အားသင့်သော အမူအရာများဖြင့် ကြည့်နေကြသည်။

လောကီလောက…

ထိုသို့သော စကားလုံးကို မသိသူ လူအနည်းငယ်သာရှိသောကြောင့် လူအများ၏ မျက်နှာများက သိသိသာသာပြောင်းလဲသွားသည်။ စမ်းသပ်ကွင်းထဲမှ ထွက်ခွာသွားကာစဖြစ်သော ဖေးပိုင်သည် မျက်တောင် တဖျပ်ဖျပ်ခတ်၍ လှည့်ကြည့်လိုက်သည်။

"လောကီလောကက လူတစ်ယောက်လား။ အမြင့်ဆုံးဓားတာအိုကို တကယ်ကျွမ်းကျင်နေပုံရတဲ့လူက လောကီလောကကပဲ”

ထိုအတွေးဖြင့် ဖေးပိုင်က သူ့စိတ်ကို ထိန်းလိုက်သည်။

ဤအတောအတွင်း မြင့်မားသော ပလက်ဖောင်းပေါ်၌ ရပ်နေသော နှင်းတစ်ထောင်နတ်သမီးနှင့် ညနတ်ဆိုးဧကရီတို့ နှစ်ဦးလုံး လန့်ဖျပ်သွားကြသည်။ ညနတ်ဆိုးဧကရီ၏ ကိုယ်ပွားကို ရွှယ်အန်းက တိုက်ရိုက်ဖျက်ဆီးခဲ့သောကြောင့် သူမသည် ရွှယ်အန်း၏ အသွင်အပြင်ကို သတိမထားမိပေ။

အထူးသဖြင့် ရွှယ်အန်းက ခွန်းလွန်သို့ လာဝံ့လိမ့်မည်ဟု သူမ မည်သည့်အချိန်ကမှ မတွေးထားခဲ့ဖူးပေ။ ယခု သူ့နာမည်ကို ကြားလိုက်ရသောအခါ ၎င်းတို့ နှစ်ယောက်စလုံးက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

‘ဒီလူကို မဖယ်ရှားပစ်ရင် သူက ခြိမ်းခြောက်မှုကြီးကြီးမားမားဖြစ်လာလိမ့်မယ်”

ရွှယ်အန်း၏ မိတ်ဆက်မှုကို ကြားသောအခါ မီယိုအိလည်း အနည်းငယ်ထိတ်လန့်သွားသည်။

"ဒါဆို သူက လောကီလောကထဲက စွမ်းအားကြီးတဲ့ သူတစ်ယောက်ပေါ့ သတိမထားမိတဲ့အတွက် တောင်းပန်ပါတယ်"

ရွှယ်အန်းက ရယ်မောလိုက်၏။

“အပြောတွေတော်လောက်ပြီ။ လာပြီးတိုက်ခိုက်ကြပါ”

ဖေးပိုင်နှင့် သူ၏ မကြာသေးမီက တိုက်ပွဲကြောင့် ရွှယ်အန်း၏ တိုက်ခိုက်ရေးစိတ်ဓာတ်က လုံးလုံးလျားလျား လောင်ကျွမ်းသွားခဲ့သည်။

မီယိုအိသည်လည်း ပြောလက်စစကားကို ရပ်ကာ ရေရွတ်လိုက်သည်။

“ဒီလိုဆိုမှတော့ ကျေးဇူးပြုပြီး ကျုပ်ရဲ့ တိုက်ခိုက်မှုကို လက်ခံပေးပါ”

ထိုစကားနှင့်အတူ မီယိုအိက ရုတ်တရက် မျက်လုံးဖွင့်လာရာ သူ၏ ယခင်က သနားကြင်နာမှုရောင်ဝါများလည်း ပျောက်ကွယ်လျက် အကန့်အသတ်မဲ့သော သတ်ဖြတ်ချင်စိတ်များနှင့် ဒေါသများဖြင့် အစားထိုးသွားသည်။

သူ့ခန္ဓာကိုယ်မှလည်း မပြိုကွဲနိုင်သော ရွှေရောင်အလင်းတန်းများဖြာထွက်လာသည်။

“ဒါက နတ်သိကြားဒေါသအကြည့်ပဲ” အောက်မှ လူတစ်ယောက်က အော်ပြောလိုက်သည်။

“ဆရာမီယိုအိက ဘုရားလောင်းဖြစ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့ ရဟန္တာ၏ ခန္ဓာဘုံကို ရောက်လေပြီ” အခြားတစ်ယောက်က သက်ပြင်းချလိုက်သည်။

မီယိုအိက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဂရုမစိုက်သည့်ဟန်ဖြင့် လက်သီးတစ်ချက် ထိုးလိုက်သည်။ ဤလက်သီးချက်သည် လေထုကို ခွင်းလျက် ရွှယ်အန်းထံသို့ တည့်တည့်ဦးတည်သွားသည်။

မီယိုအိက သူ၏ အကာအကွယ် ရွှေအလင်းကိုလည်း အမြင့်ဆုံးသို့ ဖြန့်ကျက်လိုက်သည်။

သူသည် ရွှယ်အန်း၏ အမြင့်ဆုံးဓားတာအိုကို အလွန်သတိထားသောကြောင့် နှစ်ပေါင်းများစွာ သန့်စင်ထားသော သူ၏ ဗုဒ္ဓဂိုဏ်းရွှေကိုယ်ထည်ကိုဖြင့် ထိုဓားချက်ကို တောင့်ခံရန် တွေးထားသည်။

အကယ်၍ သူခံနိုင်ရည်ရှိပါက သူ့ပြိုင်ဘက်သည်လည်း လက်သီးချက်ဖြင့် လဲကျပေလိမ့်မည်ဖြစ်သည်။

ဤအစီအစဥ်ထက် ပို၍ ပြီးပြည့်စုံသော အစီအစဥ်မျိုး ရှိတော့မည်မဟုတ်ပေ။ ကျွမ်းကျင်သူများစွာက ဤရည်ရွယ်ချက်ကို သတိပြုမိကာ ၎င်းတို့၏ မျက်နှာများပေါ်၌ အပြုံးများပေါ်လာသည်။

ဖေးပိုင်တစ်ဦးတည်းကသာလျှင် လေးနက်သောအမူအရာဖြင့်ကြည့်ပြီးနောက် ခပ်တိုးတိုးပြောလိုက်၏။

“လူမိုက်”

မျှော်လင့်ထားသည့်အတိုင်း မီယိုအိ၏ လက်သီးက ရွှယ်အန်းနှင့်ထိ‌တော့မည်ဖြစ်သည်။

ရွှယ်အန်းက ပြုံးလိုက်၏။

"အချိန်ကောင်းပဲ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လက်သီးကို မြှောက်ကာ လူအုပ်၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူနှင့် ထိပ်တိုက်တွေ့ခဲ့သည်။

ဘမ်း

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံထွက်ပေါ်လာကာ ကြေးမှုံခိုးငွေ့က တစ်ဖန်ပြန်လည် ကွဲအက်သွားသော်လည်း တစ်စုံတစ်ယောက်မှ ချက်ချင်းပြုပြင်ခဲ့သည်။

စမ်းသပ်ကွင်းကို ပြန်ကြည့်၍ ရသောအခိုက်တွင် မီယိုအိနှင့် ရွှယ်အန်းတို့သည် တစ်ယောက်ကိုတစ်ယောက် လက်သီးဖြင့် ထိုး၍ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။

ထိုမှသာ မီယိုအိက ခါးသက်သက်ပြုံးလိုက်သည်။

“သခင်လေးက ဓားရော လက်သီးရော နှစ်ခုစလုံးမှာ ထူးချွန်နေတာကိုသိလိုက်ရတာပဲ။ ရှုံးနိမ့်သွားတာကို ဝန်ခံပါတယ်”

ထိုသို့ပြောပြီးနောက် မီယိုအိ၏ အနီးတစ်ဝိုက်ရှိ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ကွဲအက်သွားကာ‌ ခြေလှမ်းတစ်ဒါဇင်ကျော်ခန့် နောက်သို့ဆုတ်၍ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ထို့နောက် လက်အုပ်ချီလျက် ပြောလိုက်၏။

"သက်ညှာပေးလို့ ကျေးဇူးပါ ကျေးဇူးရှင်"

ထိုသို့ပြော၍ သူလှည့်ထွက်သွားသည်။ လက်သီးတစ်ချက်တည်းဖြင့် အားဟန်နန်းတော်၏ ဂုဏ်ဆောင် မီယိုအိသည် ရှုံးနိမ့်သွား၏။ ယခုအချိန်တွင် ရွှယ်အန်းသည် ဓားနှင့် လက်သီးတို့ဖြင့် နှစ်ကြိမ်တိုင်တိုင် အနိုင်ရခဲ့သည်။

ကွင်းတစ်ခုလုံး တုန်လှုပ်သွား၏။

အထူးသဖြင့် သေမင်းကဲ့သို့ ဖြူဖျော့နေသည့် လုရွှင်ရွှယ်၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများ အပြည့်ရှိနေသည်။ ဤလူက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူမ နားလည်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ရွှယ်အန်း၏ မော့ကြည့်၍ ပြောလိုက်၏။

“တစ်ယောက်ချင်းတိုက်ရတာ ငြီးငွေ့ဖို့ ကောင်းလွန်းတယ် အခု လူတိုင်းကို စိန်ခေါ်လိုက်မယ်”

အခန်း(၃၁၂) ငါတစ်ယောက်တည်းက အင်မော်တယ်

လူအများက ၎င်းတို့ နားကြားမှားလိုက်သည်ဟု ထင်နေကြသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ၎င်းတို့၏ အမူအရာများ အေးခဲသွားသည်။

‘လူတိုင်းကို စိန်ခေါ်တယ်…’

ဤသည်မှာ မောက်မာခြင်း၏ အမြင့်ပင်ဖြစ်သည်။

အနည်းဆုံး ဂိုဏ်းပေါင်းစုံမှ ပညာရှင်များနှင့် ဂိုဏ်းခေါင်းဆောင်များအားလုံး ဒေါသတကြီး ဟစ်အော်ကြသည်။

"ဒါက ဒေါသထွက်စရာပဲ"

"သူ့ကိုသတ်"

သို့သော် ညနတ်ဆိုးဧကရီနှင့် နှင်းတစ်ထောင်နတ်သမီးက ပျော်ရွှင်မှုအပြည့်ဖြင့် ကြည့်နေကြ၏။ ၎င်းတို့ မျက်လုံးထဲတွင် ရွှယ်အန်း ပိုမောက်မာလေလေ ယင်းက လူအများ၏ ဒေါသကို နှိုးဆော်၍ နောက်ပိုင်းတွင်သူ့ကို သတ်ရန် ပို၍ လွယ်ကူလေလေဖြစ်သည်။

အင်မော်တယ်နန်းတော်တွင် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် ဧကရာဇ်သားတော် ဟောက်ယွီက အေးစက်စွာပြုံးလိုက်သည်။

‘ဒီလူက နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ’

ရွှယ်အန်းသည် ဖေးပိုင်နှင့် မီယိုအိတို့နှစ်ယောက်လုံးကို တစ်ယောက်ပြီးတစ်ယောက်အနိုင်ယူကာ စွမ်းရည်အချို့ကို ပြသခဲ့သည်။ သို့သော် သူ့ကို ယှဥ်နိုင်ရန် များစွာလိုအပ်သေး၏။

ဧကရာဇ်သားတော် ဟောက်ယွီက ဤသည်ကို ယုံကြည်သည်။

“သူပြောတဲ့အတိုင်းလုပ်ပါ”

“ဟုတ်…” ကျော့ယွီဟူက ခေါင်းညိတ်လိုက်သည်။

ဤလူကို ကြည့်၍ သူ့နှလုံးသားထဲ၌ ဆိုးရွားသော ခံစားချက်မျိုးအမြဲရှိနေခဲ့ရာ ရွှယ်အန်းကို အမြန်သေသွားစေရန် စိတ်အားထက်သန်လျက်ရှိသည်။

မကြာခင်၌ ပြိုင်ပွဲကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ ဂိုဏ်းအသီးသီးမှ ရွေးချယ်ထားသောသူများအားလုံး စုဝေးလျက် ၎င်းတို့နှင့် မျက်နှာချင်းဆိုင်တွင် ရွှယ်အန်းက ၎င်းဆို့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်။

ဤလူများက မည်သို့ဖြစ်သွားသည်ကို မသိသောကြောင့် ရွှယ်အန်းကို တွေ့သောအခါ ၎င်းတို့၏ အမူအရာများမှောင်မိုက်သွားရသည်။

“ဘာတွေဖြစ်နေတာလဲ ဘာလို့ ငါတို့အားလုံး တက်လာတာလဲ" အုပ်စိုးရှင်ဂိုဏ်း၏ မြောင်ဟောက်ယန်သည် တုန်လှုပ်ခြောက်ခြားဖွယ်ရာ မသေချာမှုများဖြင့် ပြည့်နှက်နေသောမျက်နှာဖြင့် ကြည့်၍ မေးလိုက်၏။

ရွှယ်အန်းသည် သွားအနည်းငယ်ကို ကြည့်ကောင်းစွာဖြင့် ဖြဲပြလျက် ပြုံးကာ ပြောလိုက်သည်။

“ငါက ရွှယ်အန်းပဲ ဒီတစ်ခါ မင်းတို့အားလုံးကို ငါကိုယ်တိုင် အနိုင်ယူပြမယ်”

ဘမ်း

ရွေးချယ်ခံထားရသူအားလုံး တုန်လှုပ်သွားပြီးနောက် အချို့က “မာန်တက်နေတဲ့ကောင်” ဟု ဒေါသတကြီး အော်ဟစ်ကြသည်။

မြောင်ဟောက်ယန်၏ မျက်နှာသည်လည်း မည်းမှောင်သွားကာ ပြန်လည်ချေပရန်ပြင်နေသည်။

ထို့နောက် သူတိတ်ဆိတ်သွား၏။

ယခုအချိန်လေးတင်ပြောလိုက်သော အုပ်စိုးရှင်ဂိုဏ်းခေါင်းဆောင်၏ စကားသံက သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေသည်။

“ဒါက မင်းရဲ့ စီနီယာအစ်ကို ကျန်းနုပင်ကို သတ်လိုက်တဲ့ကောင်ပဲ။ အားလုံးပူးပေါင်းပြီး သူ့ကို သတ်ကြစမ်း”

မြောင်ဟောက်ယန်နှင့် အတူတက်လာသူများမှာ ၎င်းတို့၏ ကိုယ်ပိုင်ဂိုဏ်းများမှ သီးသန့်ပျိုးထောင်ထားသော ပါရမီရှင်ကဲ့သို့လူများမှာ နှင်းတစ်ထောင်ဂိုဏ်း၏ ချန်လုရှန်နှင့် ညနတ်ဆိုးနန်းတော်၏ နန့်ကုန်ဝူရှန်တို့ဖြစ်သည်။

၎င်းတို့၏ အမူအရာများအားလုံးပြောင်းလဲသွားသည်။

“ဒီလူက ဓားထိန်းချုပ်ဗီလာရဲ့ ဖေးပိုင်နဲ့ အားဟန်နန်းတော်ရဲ့ မီယိုအိကို အနိုင်ယူပြီး ပြိုင်ဘက်ကင်းအစွမ်းတွေ ပိုင်ဆိုင်ထားတာပဲ။ အတူပူးပေါင်းပြီး သူ့ကို သတ်လိုက်ကြရအောင်”

ရွှယ်အန်း၏ ဂုဏ်ယူဖွယ်ရာ အောင်နိုင်မှုများကို ကြားလိုက်ရပြီးနောက် ကျန်သောလူများလည်း ထိတ်လန့်သွားကြသည်။

“ဟုတ်တယ် သူက သာမန်လောကက လူတစ်ယောက်ပဲလေ။ သတ်လိုက်ကြရအောင်” မြောင်ဟောက်ယန်က ဒေါသတကြီး လူသတ်ချင်စိတ်အပြည့်ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

သူ့လက်ထဲမှ လှံရှည်တစ်ချောင်းက ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်။

အုပ်စိုးရှင်လှံ

အုပ်စိုးရှင်ဂိုဏ်း၏ အထူးသိုင်းကွက်တစ်ခုဖြစ်သည်။

အခြားလူများသည် တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်၍ ခေါင်းညိတ်ကာ ၎င်းတို့၏ အပြင်းထန်ဆုံး သိုင်းပညာများကို စတင်ပြင်ဆင်ကြသည်။ ဤရွေးချယ်ခံရသူများအနက် အဆင့်အနိမ့်ဆုံးမှာ လွတ်မြောက်အင်မော်တယ်များဖြစ်ကြ၍ အများစုသည် အင်မော်တယ် ထက်ဝက်အဆင့်၌ ရှိနေကြသည်။

ထိုသို့သော စွမ်းအားက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် ရွှယ်အန်းသည် မည်သည့်ခံစားချက်မျှ ပြသခြင်းမရှိဘဲ ထူးမခြားနားသော လေသံဖြင့် ပြောလိုက်သည်။

“ဒီတစ်ခါတော့ မင်းတို့အားလုံးကို လေးစားမှုအပြည့်ရှိတဲ့ နှလုံးသားရှိတာရဲ့ အဓိပ္ပါယ်ကို အားလုံးနားလည်အောင် ငါပြောပြမယ်”

ထိုသို့ပြောပြီး မကြာခင်၌ပင် ရွှယ်အန်း၏ ရောင်ဝါက မျက်စိတစ်မှိတ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာအထိ ပြောင်းလဲသွားသည်။

“အင်မော်တယ်ထက်ဝက်အဆင့်… မဟုတ်ဘူး… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီလိုမျိုးအစွမ်းထက်တဲ့ အင်မော်တယ် ထက်ဝက်အဆင့်မျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ” လူတစ်ယောက်က အော်လိုက်သည်။

အပြင်မှကြည့်နေသော ဂိုဏ်းများစွာက အလွန်အမင်း အံ့သြသွားကြသည်။

"ဘာ...ဒီကောင်က ဘယ်လိုကောင်လဲ" နှင်းတစ်ထောင်နတ်သမီးက ကြောက်လန့်တကြား ညည်းညူလိုက်သည်။

ဧကရာဇ်ဟောက်ယွီ၏ အမူအရာသည်ပင် အနည်းငယ် လေးနက်သွားသည်။

“ဘယ်လောက်တောင် အရှိန်ပြင်းတဲ့ ရောင်ဝါလဲ”

“သူ့ကို တိုက်ကြ အမြင့်ဆုံးအခြေအနေကို မရောက်စေနဲ့” မြောင်ဟောက်ယန်က အော်လိုက်သည်။

ဤလူများက အိပ်မက်မှ နိုးထလာသည့်အလား ၎င်းတို့အားလုံးသည် ၎င်းတို့၏ စွမ်းအားအကြီးဆုံးသော သိုင်းပညာများကို စတင်အသုံးပြုကြသည်။

“အုပ်စိုးရှင်ရဲ့ မြစ်ပိုင်းဖြတ်ဓား”

“ညတောင်ကြား အနီရောင်နှင်း”

“အကန့်အသတ်မဲ့ ညနတ်ဆိုး”

….

ဘမ်း

မရေမတွက်နိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော အဆုံးစွန်သော သိုင်းကွက်များက ရှည်လျား‌သော မြစ်ကြီးတစ်ခု သဖွယ်ရောနှောကာ ရွှယ်အန်းဆီသို့ တိုက်ရိုက်ချီတက်သွားကြသည်။ ဤသိုင်းကွက်များကို ရင်ဆိုင်၍ ရွှယ်အန်းက ခေါင်းငုံ့ကာ ရယ်မောလိုက်သည်။

“အထက်ကနေ သက်ရှိအားလုံးကို ငုံ့ကြည့်လို့ရရုံနဲ့ မင်းကိုယ်မင်း မြင့်မြတ်ပြီး စွမ်းအားကြီးတယ်လို့ မထင်လိုက်ပါနဲ့။ သူတို့ကို အနိုင်ယူပြီးရင် မင်းဆီလာခဲ့မယ်”

သူ့စကားကြောင့် လူများစွာက လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။ ရွေးချယ်ခံထားရသော လူနည်းစုကသာ အင်မော်တယ်နန်းတော်ဆီသို့ လှမ်းမျှော်ကြည့်ကာ တစ်စုံတစ်ခုကို ခပ်ဝါးဝါး မှန်းဆလျက် ၎င်းတို့၏ နှလုံးသားတစ်ခုလုံး တိမ်မြုပ်သွားသည့်အလား ခံစားလိုက်ရသည်။

ဟောက်ယွီဟွမ်၏ မျက်နှာက မည်းမှောင်နေကာ အေးစက်သော သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများမှတစ်ဆင့် အတိုင်းသားမြင်နေရသည်။

"ကောင်းပြီ၊ ငါ့ကို အံတုရဲတဲ့ မင်းကို ဧကရာဇ်သားတော်ဆိုတာ ဘာအဓိပ္ပါယ်လဲ ငါ မကြာခင် ပြောပြမယ်”

ထိုအချိန်တွင် အဆိုပါ ပူးပေါင်းတိုက်ခိုက်မှုများက ရွှယ်အန်း၏ အနီးသို့ တိုးလာနေပြီဖြစ်သည်။ သူ့ဆံပင်များက လေပြေလေညှင်းများကြောင့် အနည်းငယ်လွင့်နေသည်။ ထိုအချိန်၌ ရွှယ်အန်းက လက်ကို မြှောက်၍ လက်သီးပြင်ကာ အေးစက်စွာ အော်လိုက်သည်။

“အဆုံးစွန်ဆုံး နတ်သတ်ဖြတ်ခြင်း”

နတ်သတ်ဖြတ်ခြင်းခြောက်သွယ်၏ နောက်ဆုံးသော သိုင်းကွက်။

နောက်ဆုံးတွင် ၎င်းက ရွှယ်အန်း၏ လက်ထဲ၌ ပေါ်လာ၏။ သူ၏ အင်မော်တယ် ထက်ဝက်အဆင့်ဖြင့် ဤသိုင်းကွက်၏ တစ်ထောင်လျှင် တစ်ပုံသာ ထုတ်သုံးနိုင်ခဲ့သည်။ သို့သော် ၎င်းက လုံလောက်သည်။

အချိန်တစ်ခုလုံးက အေးခဲသွားသည့်အလားထင်ရ၏။

ရွေးချယ်ခံထားရသော အမွေခံအားလုံး၏ မျက်နှာပေါ်ရှိ အမူအရာများပြောင်းလဲသွားကာ မျက်လုံးများထဲမှ အကြောက်တရားကိုပင် မြင်နိုင်နေပြီဖြစ်သည်။

ထို့နောက် အရာအားလုံးသည် တခဏချင်း ပြိုကျစပြုလာသည်။ ဤပြင်းထန်သောတိုက်ခိုက်မှုသည် မီးခိုးများနှင့် တိမ်များအဖြစ်သို့ ပျံ့လွင့်သွားသည်။

ဘမ်း

ဤအခိုက်အတန့်တွင် ထို စွမ်းအင်များက ကြီးမားသော လှိုင်းလုံးကြီးများအဖြစ်ပျံ့နှံ့သွား၏။ ၎င်းတို့ တိုက်နေသော တိုက်ခိုက်ရေးကွင်းအပါအဝင် အစမ်းကွင်းကြီးတစ်ခုလုံး ပျက်ဆီးသွားသည်။ ကြွင်းကျန်သော စွမ်းအားများကပင် အပြင်မှ ကြည့်နေသောလူများကို ထိခိုက်မိသွားစေနိုင်သည်။

တစ်ချက်တည်းဖြင့် ကောင်းကင်နှင့်မြေကြီးက ဦးညွတ်သွားသည်။

အသည်မှာ တစ်ချိန်က နတ်ဘုရားအဆင့်၌ ရှိခဲ့စဥ်က ရွှယ်အန်း၏ ခမ်းနားမှုမျုးဖြစ်သည်။

ယခုအချိန်တွင် ရွှယ်အန်းသည်တိုက်ပွဲ၌ ရူးသွပ်လျက် ခုန်ကာ အားပါးတရရယ်မော၍ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးနောက် လေထုအလယ်၌ ပေါ်လာသည်။

အားလုံးက သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သော ရွေးချယ်ခံရသူများ အပါအဝင် လူအားလုံးက ရွှယ်အန်းကို အလွန်စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်နေကြသည်။

၎င်းတို့၏ မျက်လုံးများထဲ၌ နာကြည်းမှု၊ ကြောက်ရွံ့မှုများရှိနေကြသည်။

“မင်းကိုယ်မင်း ထွက်မပြသေးဘူးလား။ မင်းယုံရင်ယုံ မယုံရင်နေ မင်း အခု ထွက်မလာရင် ဒီ အင်မော်တယ် နန်းတော်လို့ ခေါ်တဲ့ နေရာကို ငါ ဖြိုခွဲပစ်မယ်” ရွှယ်အန်းက လေထုအလယ်၌ ရပ်လျက် အလွန် ပုံမှန်ကျသောအသံဖြင့် ပြောလိုက်သည်။

ဤစကားသည် နျူကလီယားဗုံးလို ပေါက်ကွဲကာ လူတိုင်းကို ၎င်းတို့၏ ကျောရိုးတစ်လျှောက်ဆိမ့်အေးသွားသည်အထိ ခံစားသွားရစေခဲ့သည်။

‘ဘာလဲ

သူတကယ်ပဲ အင်မော်တယ်နန်းတော်ကို စိန်ခေါ်ရဲတာလား’

ယခုတင် ထိုးခဲ့သော ရွှယ်အန်း၏ လက်သီးချက်က ကမ္ဘာပြိုကွဲလုနီးပါး ပြင်းထန်လှသော်လည်း

အင်မော်တယ်နန်းတော်ကို စိန်ခေါ်ခြင်းကမူ အလွန်အမင်းအလှမ်းမမီနိုင်သေးဟု လူအများက ထင်ကြသည်။

သို့သော် အချို့က ရွှယ်အန်းသည် ယခုတစ်ကြိမ် ကိုယ့်သေတွင်းကိုယ်တူးနေသည်ဟုထင်၍ တိတ်တဆိတ်ဝမ်းသာသွားကြသည်။

တစ်ချိန်တည်း၌ပင် ဧကရာဇ်မင်းတစ်ပါးကဲ့သို့ ကြီးကျယ်ခမ်းနားလှသော အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်းက တော်တော် အထင်ကြီးစရာပဲ ဒါပေမယ့် ကံမကောင်းစွာနဲ့ ငါက ဧကရာဇ် သားတော်မို့လို့ မင်းက ငါနဲ့ အဆင့်အရမ်းဝေးနေသေးတယ်”

ထိုအသံနှင့်အတူ ဟောက်ယွီဟွမ်က လေထုအလယ်၌ ပေါ်လာသည်။ ထိုသူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ စူးရှထက်မြက်သော မျက်ခုံးမွှေးများနှင့် တောက်ပနေသော မျက်လုံးများရှိရာ ထိုလူ၏ ရုပ်ရည်ကလည်း အလွန်ချောမောလှသည်။

သူ့ကိုမြင်သောအခါ ကြည့်ရှုသူအများအပြားသည် စစ်မှန်သော အင်မော်တယ်ကို မြင်လိုက်ကြရသည့်အလား ဒူးထောက်လိုက်ကြမိသည်။

"သေမျိုး အခု မင်းကို ငါ အခွင့်အရေး ပေးလိုက်ပြီ။ မင်း အခုသုံးနေတဲ့ နောက်ဆုံးနည်းလမ်းကို ငါ့လက်ထဲအပ်ရင် ငါမင်းအသက်ကို ချမ်းသာပေးမယ်" ဟောက်ယွီဟွမ်၏ မျက်လုံးများက လောဘကြီးစွာဖြင့် တောက်ပလာသည်။

ရွှယ်အန်း၏ ယခုလုပ်ခဲ့သော လက်သီးချက်ကို သူအလွန်အထင်ကြီးမိသည်။ သူ့အမြင်အရ ရွှယ်အန်းသည် ရွေးချယ်ခံထားရသော အမွေခံအများအပြားကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ရခြင်းမှာ နောက်ဆုံးသော သိုင်းပညာကြောင့်ဖြစ်ကြောင်း အသေအချာပင်ဖြစ်သည်။

၎င်းကို ဆည်းပူးနိုင်လျှင် မိမိ၏ အနာဂတ် ကျင့်ကြံရေးတွင် များစွာအကျိုးရှိမည်ဖြစ်သည်။

ဤသည်ကို ကြားသောအခါ ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

“သေမျိုးဟုတ်လား၊ အဟက် ဒီအနန္တစကြဝဠာမှာ ငါတစ်ယောက်တည်းကပဲ စစ်မှန်တဲ့ အင်မော်တယ်ကွ”

“မင်းက ဘာတန်ဖိုးရှိလို့တုန်း”

All Chapters