အခန်း (၃၁၃-၃၁၅)
Vol. 21 Ch. 313-315
အခန်း(၃၁၃) မိုးကြိုးတစ်သောင်းမှဆင်းသက်ခြင်း
လူများစွာက စကားမပြောဘဲ ဆွံ့အနေကြသည်။ အချို့က ရွှယ်အန်းကို လူသေကိုကြည့်နေသည့်အလား ကြည့်နေကြသည်။
အင်မော်တယ် ဧကရာဇ်သားတော် ဟောက်ယွီက ရယ်မောလိုက်သည်။ သူ့ရယ်သံများက ဒေါသနှင့် အထင်အမြင်သေးမှုများဖြင့် ပြည့်နေသည်။
"ကောင်းပြီ၊ မင်းငါ့ကို အောင်အောင်မြင်မြင် ဒေါသဆွနိုင်ခဲ့ပြီ။ အခု မင်းကို စစ်မှန်တဲ့ စွမ်းအားက ဘာလဲ ဆိုတာ ငါကြည့်ခွင့်ပေးမယ်။"
ဤသို့ပြော၍ အင်မော်တယ် ဧကရာဇ်သားတော် ဟောက်ယွီက အမှန်တကယ်ပင် ရှေ့သို့တိုးလာသည်။ သူ့နောက်တွင် လျှပ်စီးကြောင်းများ လိုက်ပါလာ၍ ကောင်းကင်က တဖြည်းဖြည်း မှောင်လာကာ ကောင်းကင်ဘုံရှင်တစ်ဦးအလားဖြစ်လာသည်။
“အဲတာ… မိုးကြိုးဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်ပဲ၊ သူ ကျွမ်းကျင်နေပြီ” တစ်စုံတစ်ယောက်က နှိုးဆော်သံဖြင့် အော်လိုက်သည်။
အများစုမှာ အတိုင်းအတာတစ်ခုအထိ တုန်လှုပ်သွားကြသည်။
ထိုအချိန်တွင် ဖေးပိုင်၏ မျက်နှာက ပို၍ ဖြူဖျော့သွားသည်။ အင်မော်တယဘုရင် ဟောက်ယွီကိုရင်ဆိုင်ရလျှင် အသက်ရှင်ရန်ပင် အခွင့်အရေးမရှိဟု သူ့ကိုယ်သူ ဝန်ခံလိုက်၏။
မီယိုအိကမူခေါင်းခါ၍ ခါးသပ်စွာ ပြုံးလိုက်သည်။ သူ၏ ကျင့်ကြံရေးအဆင့်က အလွန်အထင်ကြီးစရာကောင်းသည်ဟု သူထင်ခဲ့ကာ မြင့်မားသောအဆင့်တစ်ခုရရှိရန် မျှော်လင့်လျက် ဤပွဲသို့ ဝင်ရောက်ခဲ့သည်။
သို့သော် သူသည် အင်မော်တယ်ဘုရင် ဟောက်ယွီ ကဲ့သို့သော ပြိုင်ဘက်ကင်း ဧကရာဇ်သားတော်နှင့် အမှန်တကယ်ရင်ဆိုင်ရသောအခါ ၎င်းတို့ကြားရှိ ကြီးမားသောကွာဟချက်က ကြည်လင်ပြတ်သားလာသည်။
"မိုးကြိုးဧကရာဇ်သိုင်း" အင်မော်တယ်ဘုရင်ဟောက်ယွီက အေးစက်သောလေသံဖြင့် အော်သည်။
ကြီးမားသော လျှပ်စီးကြောင်းကြီးတစ်ခု ကောင်းကင်မှ ဆင်းသက်လာကာ ရွှယ်အန်းဆီသို့ ဦးတည်သွားခဲ့သည်။
သို့သော် ရွှယ်အန်းသည် မကြောက်မရွံ့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ကောင်းတယ်”
ဤသို့ပြော၍ သူက ရှေ့သို့ တိုးလာသည်။
ဘမ်း !
မိုးကြိုးသက်ဆင်းသွားသည်နှင့်တစ်ပြိုင်နက် ကမ္ဘာတစ်ခုလုံးကို နေ့အချိန်ကဲ့သို့ လင်းထိန်သွားစေသည်။
ဤအစွမ်းကြောင့် ကြည့်ရှုသူများက အတော်အတန်အကွာအဝေးသို့ ဆုတ်ခွါသွားကြသည်။
ကျင့်ကြရေးအဆင့်နိမ့်သူ အများအပြားသည် ယခုအခါ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ထိတ်လန့်ဖွယ်ကြည့်နေကြသည်။ ကျူးရူယန်၏ စိုးရိမ်နေသော မျက်နှာက ဖြူဖျော့နေကာ သူမ၏ လက်ချောင်းများသို့ ဖိအားက ပြင်းထန်လွန်းသောကြောင့် လက်ဖဝါးများသို့ပင် ဖောက်ဝင်သွားသည်။
လုရွှင်ရွှယ်ကမူ ယခုအချိန်တွင် အလွန်အမင်းထိတ်လန့်တုန်လှုပ်နေသောကြောင့် တုံ့ပြန်နိုင်စွမ်းပင် ပျောက်တုံးလျက်ရှိသည်။
‘ဒီလူ… သူနိုင်မလား ရှုံးမလား’
လျှပ်စီးက မှိန်ဖျော့သွားသည်။ လေထုအလယ်တွင် မည်သးမျှ မကျန်ရစ်ခဲ့ပေ။ လူအများက မသေမချာဖြစ်စွာ လှည့်ပတ်ကြည့်လိုက်သော်လည်း ရွှယ်အန်း၏ အရိပ်အယောင်ကို မမြင်ခဲ့ရပေ။
‘ကောင်းကင် မိုးကြိုးက သူ့ကို တိုက်ရိုက် ချေမှုန်းတာ ခံလိုက်ရတာလား’
နှင်းတစ်ထောင် နတ်သမီး နှင့် အခြားလူများ၏ မျက်နှာထက်၌ ရွှင်လန်းမှုများ ပေါ်လာသည်။
‘ဒီလိုပဲဖြစ်ရမယ်’
‘ဒီလူ နောက်ဆုံးတော့ သေသွားပြီ’
အချို့က "ဧကရာဇ်သားတော်က ဧကန်မလွဲ ဘုရားဘုန်းကြီးပေတယ်" ဟု ကျယ်လောင်စွာ အော်ပြောနေကြသည်။
ထို့နောက် အင်မော်တယ်ဘုရင် ဟောက်ယွီက မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။
‘မင်းတတ်နိုင်တာ ဒါအကုန်ပဲလား။ မင်းက ဒီ့ထက်ပိုပြီး ကြောက်ဖို့ ကောင်းမယ်ထင်နေတာ’
ဤသို့တွေး၍ အင်မော်တယ်ဘုရင်ဟောက်ယွီက လှည့်ထွက်သွားသည်။ သို့သော် ထိုအချိန်တွင် မိုးခြိမ်းသံတစ်ခု ကောင်းကင်ပြင်အထက်မှ ထွက်ပေါ်လာသည်။
ထို့နောက် မယုံနိုင်လောက်အောင် ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာ၏။
"မိုးကြိုးဧကရာဇ် ဆုံးဖြတ်ချက်လား ဟားဟား ဒီလောက်သေးတဲ့ မိုးကြိုးနတ်စည်းချိပ်လေးနဲ့ ဒီလို အာချောင်ရဲသေးတယ်ပေါ့။ အခု စစ်မှန်တဲ့ ကောင်းကင်ကိုးပါး နတ်မိုးကြိုးအစစ်အမှန်က ဘာလဲဆိုတာကို ပြပေးမယ်"
ဤသည်ကိုကြားသော လူအုပ်ကြီးက တအံ့တဩ လှမ်းကြည့်နေကြသည်။
ထိုနေရာတွင် ရွှယ်အန်းသည် လက်နှစ်ဖက်ကို နောက်ကျော၌ယှက်၍ ကောင်းကင်ဘုံ၏ ဘုရင်ကဲ့သို့ မတ်တပ်ရပ်နေပြီးနောက် လက်တစ်ဖက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
တစ်မိုင်မျှ ကျယ်သော လျှပ်စီးတစ်ခုလတ်ကာ အောက်သို့ ဆင်းသက်၍ အင်မော်တယ်ဘုရင် ဟောက်ယွီဆီသို့ ဦးတည်သွားသည်။
အင်မော်တယ်ဘုရင် ဟောက်ယွီက အံ့အားသင့်သွားသော်လည်း အေးစက်စွာ ရယ်မောလိုက်သည်။
“ချိုးဖျက်”
ထို့အတူ ကြီးမားသော လျှပ်စီးကြောင်းကြီးက အင်မော်တယ်ဘုရင် ဟောက်ယွီ၏ ဖျက်ဆီးခြင်းခံလိုက်ရသည်။
သူက အနည်းငယ် ဆိုးယုတ်စွာ ပြုံး၍ မော့ကြည့်လျက်
“မင်း…”
သို့သော် သူ့စကားကို အဆုံးမသတ်နိုင်လိုက်ပေ။
ရွှယ်အန်းက လက်ဖျောက်တစ်ချက်တီးလိုက်၏။
"မိုးကြိုးတစ်သောင်း... ကမ္ဘာပေါ်ကို ဆင်းလာစေ!"
ဘမ်း ဘမ်း ဘမ်း
မရေမတွက်နိုင်လောက်အောင် ကြီးမားသောလျှပ်စီးကြောင်းကြီးများသည် လေထုအလယ်တွင်ပင် တစ်စတစ်စ ပေါင်းစပ်ကာ ကမ္ဘာကို တုန်လှုပ်စေသော မိုးကြိုးတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။
နောက်ဆုံးတွင် အင်မော်တယ်ဘုရင် ဟောက်ယွီက ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ထိုသို့ပြောနေစဉ် နတ်မိုးကြိုးက သူ့ကို တိုက်ရိုက်ထိမှန်သွားသည်။
ကောင်းကင်ယံ၌ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
မိုးကြိုးလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကာ လူတိုင်း၏ နှလုံးသားက လည်ချောင်းဆီသို့ ခုန်တက်သွားသည်။
‘ဒီတစ်ခါတော့ ဘယ်လိုအခြေအနေဖြစ်မလဲမသိဘူး’
ရုတ်တရက် ချောင်းဆိုးသံများ ဆက်တိုက်ထွက်ပေါ်လာကာ ထိုဟောက်ယွီဧကရာဇ်၏ ပုံရိပ်ကို တဖြည်းဖြည်းမြင်လာရသည်။ သို့သော် ယခုအချိန်တွင်
သူ့တွင် ယခင်ကကဲ့သို့ တည်ကြည်သော အမူအရာမျိုးမရှိတော့ပေ။ သူ၏ ဆံပင်များက ဖွာလန်နေလျက် အဝတ်အစားများ စုတ်ပြဲကာ သူတောင်းစားတစ်ယောက်ကဲ့သို့ သနားစဖွယ်ကောင်းလှလျက်ရှိသည်။
ထိတိလန့်တကြားဖြစ်လျက် သူက ကောင်းကင်ယံထက်ရှိ ရွှယ်အန်းကို မော့ကြည့်လိုက်သည်။
"မင်းမှာ ဘယ်လိုလုပ် အဲ့လိုမျိုး ပြိုင်ဘက်ကင်းတဲ့ မိုးကြိုးသိုင်းမျိုးရှိနေတာလဲ"
"ပြိုင်ဘက်ကင်းဟုတ်လား ငါတော့ မထင်ဘူး" ရွှယ်အန်းက လျစ်လျူရှုကာ တုံ့ပြန်ခဲ့သည်။
သူ၏အမြင်တွင် ဤမိုးကြိုးနည်းပညာသည် အခြေခံအဆင့်၌သာရှိ၍ အရည်အချင်းမပြည့်မီပေ။
ကြယ်တစ်လုံးထက် ပိုကြီးမားသော မိုးကြိုးကို သင်မြင်ဖူးပါသလော။
၎င်းသည် တစ်ချက်တည်းနှင့်ပင် အင်မော်တယ်ဘုရင်များကို ချေမှုန်းနိုင်သည့် ပြိုင်ဘက်ကင်းသော မိုးကြိုးဖြစ်သည်။
"ဒါပေမယ့် မင်းမသေတာ ငါတကယ်အံ့သြတယ်" ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“မင်းသယ်လာတဲ့ မိုးကြိုးနတ်စည်းချိပ် ကွဲကြေသွားလိမ့်မယ်ထင်တယ်”
ဧကရာဇ်ဟောက်ယွီ၏ အမူအရာက ဖြူဖျော့လာသည်။
ရွှယ်အန်းပြောခဲ့သည့်အတိုင်း နတ်မိုးကြိုးမှ လွတ်မြောက်ရခြင်း အကြောင်းအရင်းမှာ မိုးကြိုးနတ်စည်းချိပ်ကို ကိုင်ဆောင်ထားခြင်းကြောင့်ဖြစ်သည်။
ယခုမူကား နတ်စည်းချိပ်က သေချာစွာ ပျက်ဆီးသွားပြီဖြစ်သည်။ သူက အလွန်နာကျင်လွန်းလှသဖြင့် နှလုံးသားထဲမှ သွေးများထွက်နေသည့်အလား ခံစားနေရသည်။
“အဲ့မိုးကြိုးကို မင်း ခံနိုင်ရည် ရှိမရှိ ကြည့်ရအောင်”
ထိုသို့ပြော၍ ရွှယ်အန်းက နောက်တစ်ကြိမ် လုပ်ရန်ပြင်လိုက်သည်။ ဧကရာဇ် ဟောက်ယွီက အံကြိတ်လျက် ဒေါသနှင့် ခါးသက်မှုများဖြင့် မျက်လုံးများက တဖျပ်ဖျပ်တောက်နေသည်။
"မင်း ငါ့ကို အတင်းဖိအားပေးနေတာပဲ”
ဤသို့ပြော၍ ဟောက်ယွီ၏ ဧကရာဇ်ရောင်ဝါက ပို၍ပင် ရှေးကျ၍ လေးနက်လာသည်။
"ဧကရာဇ်သားတော်က သူ့ကျင့်ကြံရေးအဆင့်ကို လောင်ကျွမ်းပစ်လိုက်ပြီ။ တစ်ခုခုကို ဆင့်ခေါ်ဖို့ ကြိုးစားနေတာလား" တစ်စုံတစ်ယောက်က ထိတ်လန့်စွာ ထအော်သည်။
ရွှယ်အန်းသည် သူ့လက်ကို ရပ်တန့်၍ စိတ်ဝင်တစားကြည့်ကာ နှုတ်ခမ်းထောင့်၌ အပျော်သဘောဆောင်သော အပြုံးအရိပ်တစ်ခု ပေါ်လာသည်။
ထိုအချိန်တွင် ကောင်းကင်က လုံးဝ မှောင်မိုက်သွားသည်။
မရေမတွက်နိုင်သော မိုးကြိုးများ ပေါ်လာကာ အကန့်အသတ်မဲ့သည့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
ထို့နောက် မိုးကြိုးပင်လယ်မှ တူနှစ်ချောင်းကိုင်ဆောင်ထားသော ဧရာမရုပ်သွင်ကြီး တဖြည်းဖြည်း ထွက်ပေါ်လာသည်။
"ဘယ်သူက ငါ့ကို နှောင့်ယှက်ရဲတာလဲ"
အသံက မိုးခြိမ်းသံကဲ့သို့ဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ဧကရာဇ်ဟောက်ယွီသည် လေထုအလယ်တွင် နှိမ့်ချစွာ ဒူးထောက်နေသည်။
"ကိုးကောင်းကင် မိုးကြိုးအရှင်ကို ကိုးကွယ်ဆည်းကပ်ပါတယ်။ ဒီလူက ကိုးကောင်းကင်ရဲ့ မိုးကြိုးကို မကောင်းတဲ့နည်းလမ်းတွေနဲ့ ထိန်းချုပ်နေပါတယ်။ သူ့ကို သုတ်သင်ပါ”
"အထက်ကောင်းကင် ကိုးကောင်ကင် မိုးကြိုးအရှင်ကို တကယ်ဆင့်ခေါ်ခဲ့တယ်”
လူများစွာ၏ မျက်နှာများက ဖြူဖျော့လျက်ရှိသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော နိုင်ငံသားအားလုံးနီးပါးက မြေပြင်ပေါ်၌ ဒူးထောက်ကာ အဆက်မပြတ် ဦးညွတ်နေကြသည်။
ဤသည်မှာ စစ်မှန်သော နတ်ဘုရားဖြစ်သည်။
ဟောက်ယွီဧကရာဇ်၏ စကားကိုကြားသော မိုးကြိုးအရှင်၏ ခန္ဓာကိုယ်မှ အလွန်ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
မှိတ်တုတ်မှိတ်တုတ် လျှပ်စီးကြောင်းများကပင် အာကာသထဲ၌ သေးငယ်သော အကွဲအပြဲများကို ဖြစ်ပေါ်စေခဲ့သည်။
“သေမျိုး မင်းက ကောင်းကင်မိုးကြိုးကို မကောင်းတဲ့နည်းလမ်းတွေနဲ့ ချုပ်ကိုင်ရဲတဲ့သူမို့လို့ ခွင့်မလွှတ်နိုင်မယ့် အပြစ်တစ်ခုကို ကျူးလွန်မိပြီ။ ဒီတစ်ကြိမ် မင်းရဲ့ဝိညဉ်ကို ချေမှုန်းပစ်မယ်”
စကားအဆုံး၌ မိုးကြိုးအရှင်က ဟိန်းဟောက်လိုက်ရာ မရေမတွက်နိုင်သော နတ်မိုးကြိုးတို့ထွက်ပေါ်လာ၍ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြာထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများက မြေကြီးကထက်၌ ကြီးမားသော အပေါက်ကြီးတစ်ပေါက်ဖြစ်ပေါ်လာသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။
လုရွှင်ရွှယ်နှင့် ကျူးရူယန်၏စိတ်များသည် ယခုအချိန်တွင် ကြောက်ရွံ့ခြင်းမှ လွတ်ကင်းသွားသည်။
အထူးသဖြင့် ကျူးရူယန်သည် ကောင်းကင်မိုးကြိုးအမြောက်အမြားနှင့် ရင်ဆိုင်နေရသော လူတစ်ယောက်ကိုကြည့်၍ သူမ၏မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေသည်။
လူတိုင်းက ရွှယ်အန်းသေလိမ့်မည်ဟု ထင်နေချိန်တွင်
ရွှယ်အန်းက မော့ကြည့်ကာ မိုးကြိုးအရှင်ကို အနည်းငယ် ပြုံးပြလိုက်သည်။
"နတ်သေးသေးလေးက ငါ့ကို အပြစ်ပေးဖို့ သတ္တိရှိလား"
မိုးကြိုးအရှင်က စိတ်ရှုပ်ထွေးစွာဖြင့် ခေတ္တရပ်လိုက်သည်။
ထို့နောက်တွင် ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ပြောလိုက်၏။
"မိုးကြိုးအားလုံး ငါ့အမိန့်ကို လိုက်နာပါ"
ဘမ်း!
အမိန့်တော်အောက်၌ သူ့ဆီသို့ ချဉ်းကပ်လာသော နတ်မိုးကြိုးများအားလုံး ရုတ်တရက်ရပ်သွားကာ ၎င်းတို့၏
ဘုရင် အစစ်အမှန်ကို မြင်လိုက်ရသဖြင့် ရှေ့သို့ ဆက်မတိုးရဲကြတော့ပေ။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ဧကရာဇ်ဟောက်ယွီက မဖြစ်နိုင်သော အရာများကို မြင်နေရခြင်းဖြစ်နိုင်သည်ဟု တွေးကာ အံကြိတ်လျက် ငေးကြည့်နေမိသည်။
မိုးကြိုးအရှင်က ဦးစွာပထမ ထိတ်လန့်သွားသည်။
“ဘယ်သူလဲ… မင်းက ဘယ်သူလဲ”
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
"ငါအရင်ကပြောဖူးတယ်လေ ငါက သာမန်ကမ္ဘာက ရွှယ်အန်းပါဆိုနေ!"
အခန်း(၃၁၄) ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်
“မဖြစ်ဘူး…” ရုတ်တရက် မိုးကြိးအရှင်က တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။
"သခင်လေး၊ ကျွန်တော့်ကို သက်ညှာပေးပါ"
သို့သော် ထိုစကားလုံးများထိသာ ပြောနိုင်ခဲ့ပြီးနောက် ရွှယ်အန်း၏ လက်ဖဝါးထဲမှ မရေမတွက်နိုင်လောက်အောင် များပြားလှသော လျှပ်စီးကြောင်းများ ထွက်လာပြီးကာ ကျယ်လောင်သောအသံနှင့်အတူပေါက်ကွဲထွက်သွားသည်။
ဤအချိန်တွင် မိုးကြိုးအရှင်က နောင်တနှင့် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဤလူသည် အဘယ်ကြောင့် မိုးကြိုးအမြောက်အမြားကို အမိန့်ပေးနိုင်ရသည့် အကြောင်းကိူ နောက်ဆုံး သူနားလည်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော်... သူသည် အမှန်စင်စစ် မထင်မှတ်လောက်အောင် ကြီးမြတ်၍ ပြိုင်ဘက်ကင်းလှသောကြောင့် ဖြစ်နိုင်သလော။ သူနှင့် နှိုင်းယှဉ်လျှင် သူကိုယ်တိုင်မဆိုနှင့် ကိုးကောင်းကင်ကို အုပ်စိုးနေသော မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံရှင် နတ်ဘုရားပင်လျှင် သူ့ထံ၌ ဦးညွှတ်ရပေလိမ့်မည်။
သို့သော် နောင်တအတွက် အလွန်နောက်ကျသွားပြီဖြစ်သည်။
သို့သော် ရွှယ်အန်းက သူ့ကို မသတ်ခဲ့ပေ။
ပေါ့ပါးသော လှိုင်းလုံးများဖြင့် သူ့ကို ချိတ်ပိတ်ကာ ဘဲဥသုံးလုံးခန့် ဝင်ဆံ့နိုင်လောက်သော ပါးစပ်အဟောင်းသားဖြစ်နေသော ဟောက်ယွီကို ကြည့်၍ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။
"ကဲ၊ အခြား ပျော်ဖို့ကောင်းတဲ့ ဆော့စရာတွေရှိသေးလား။ ထုတ်လာခဲ့စမ်း”
‘ဒါတွေကို ပျော်စရာတွေလို့ သူတကယ်ပြောတာလား’
ဟောက်ယွီ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
“မင်း… မင်း…”
သူမည်သို့ ပြောရမည်ကို မသိတော့ပေ။ သူလေးစားခဲ့သော မိုးကြိုးအရှင်သည် ဤလူထံမှ တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ဤအချက်က သူ့နှလုံးသားကို အေးခဲသွားစေသည်။
‘သူက အတိအကျ ဘယ်သူလဲ၊ ဘာကြောင့် ဒီလောက် ကြောက်စရာကောင်းတာလဲ’
သို့သော်လည်း ရွှယ်အန်းသည် သူ့မေးခွန်းများကို ဖြေရန် စိတ်မဝင်စားခဲ့ပေ။ သူ၏ မသေချာ မရေရာသော အပြုအမူကို မြင်သောအခါ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဘာမှမကျန်တော့တဲ့အတွက် မင်းသေလိုက်တော့"
ဤသို့ဖြင့် ရွှယ်အန်းက ရှေ့သို့ တိုးလာရာ ဖိနှိပ်ထားသော နတ်မိုးကြိုးများ ရုတ်တရက် ထွက်ပေါ်လာသည်။
ဟောက်ယွီက ကြောက်လန့်တကြားအော်လိုက်သည်။ "ငါ့အသက်ကို သက်ညှာပေး…"
အသံက ရုတ်တရက် ရပ်သွားသည်။
သူ့တစ်ကိုယ်လုံး မိုးကြိုးအောက်၌ ပျက်ဆီးသွား၏။ သူ့ဝိညာဉ်သည်ပင် လွတ်မြောက်ရန် အခွင့်အလမ်းမရှိပေ။
ဤလှုပ်ရှားမှုသည် ကျင့်ကြံသူများအားလုံး၏ နှလုံးသားကို အေးခဲစေခဲ့သည်။
၎င်းတို့၏ ရုပ်ခန္ဓာပျက်စီးသွားခဲ့လျှင် ၎င်းတို့၌ နောက်ဆုံးအခွင့်အရေးတစ်ခု ရှိသေးသည်။ ရှင်ပြန်ထမြောက်လာရန် ဖြစ်နိုင်ခြေရှိသော အခိုက်အတန့်ကို စောင့်မျှော်နေသည့် စိတ်ဝိညာဉ်ကို နဂိုအတိုင်း ထိန်းသိမ်းထားရန်သာဖြစ်သည်။ သို့သော် ဝိညဉ်များ၌ကွဲကြေသွားလျှင်မူ လူဝင်စားရန် အခွင့်အရေးပင် ရှိမည်မဟုတ်ပေ။
ရွှယ်အန်းသည် မြင့်မားသော ပလက်ဖောင်းပေါ်ရှိ လူတိုင်းကို ငုံ့ကြည့်ကာ ဘာသိဘာသာပြောလိုက်သည်။ "လူတိုင်းဒီမှာရှိနေပြီဆိုတော့ ဒါကို တစ်ခါတည်းဖြေရှင်းလိုက်ကြရအောင်"
စကားမဆုံးခင်တွင် လရောင်ဓားဘုရင်က ကောင်းကင်သို့ ပျံတက်သွားသည်။
"သားလေး၊ မင်းဧကရာဇ်သားတော်ကို သတ်လိုက်တာနဲ့ အရာရာကို မင်းစိတ်တိုင်းကျ လုပ်လို့ရတယ်လို့ မထင်လိုက်နဲ့။ ငါတို့ရဲ့ ကျင့်ကြံရေးအဆင့်က သူ့ထက်တောင် ပိုအားကောင်းတယ်"
လရောင်ဓားဘုရင်၏ စကားက အလွန်မှန်ကန်သည်။ ကျင့်ကြံရေးအဆင့်အရ အတိအကျပြောရလျှင် ၎င်းတို့သည် ဧကရာဇ်သားတော်ထက်ပင် ပို၍ သန်မာသည်။
သို့သော် ကျင့်ကြံရေးနည်းလမ်းနယ်ပယ်၌မူ ဧကရာဇ်သားတော်ထက် အဆင့်နိမ့်သည်။
ဟောက်ယွီဧကရာဇ်သည် အင်မော်တယ်နန်းတော်၏ လျို့ဝှက်လမ်းစဉ် ကျင့်သုံးခဲ့သည်။
မိုးကြိုးဧကရာဇ် ဆုံးဖြတ်ချက်။
ဤသည်က ကွာဟမှုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လရောင်ဓားဘုရင်သည် ယခုကိစ္စအတွက် စိတ်မပူနိုင်ပေ။ သူသည် အုပ်စိုးရှင်ဂိုဏ်းနှင့် နှင်းတစ်ထောင် နတ်သမီး စသည့် အခြားသူများနှင့် ဆွေးနွေးကာ ရွှယ်အန်းကို အတူတကွ ကိုင်တွယ်ရန် လိုအပ်သည်။
ဤသို့မျှမဟုတိလျှင် ဤလူသည် ကြီးမားသော အန္တရာယ်ဖြစ်လာမည်မှာ သေချာလှသည်။
ထို့ကြောင့် လရောင်ဓားဘုရင်က ကောင်းကင်သို့ ပျံတက်သွားသောအခါ နှင်းတစ်ထောင်နတ်သမီး၊ ညနတ်ဆိုးဧကရီ နှင့် အခြားသူများကလည်း ရှေ့သို့ တက်လာကြသည်။
ရန်သူကိုမြင်ရသည်နှင့် အထူးတလှယ် မုန်းတီးစိတ်များပေါက်ဖွားလာသည်။ အထူးသဖြင့် ရွှယ်အန်းတစ်ကိုယ်လုံးကို ဝါးမြိုဖျက်ဆီးပစ်ချင်သည့် ညနတ်ဆိုးဧကရီဖြစ်သည်။
သို့သော်လည်း ရွှယ်အန်းက သူမကိုမြင်သောအခါ သူမျက်လုံးများ အေးစက်လာသည်။
ဤအမျိုးသမီးသည် ဖန်းမင်ရွှယ်၏အသက်ရှင်သောဝိညာဉ်ကို အချိန်အတော်ကြာ ညှဉ်းပန်းနှိပ်စက်ခဲ့ကာ ရွှယ်အန်းက နောက်ပိုင်းတွင် သူမ၏ ထင်ရှားသောဝိညာဉ်ကို ချေမှုန်းပစ်ခဲ့သော်လည်း ထိုကဲ့သို့ လူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းလဲလှယ်တတ်သောကြောင့် သူမ၏မူလပုံစံကိုမဖယ်ရှားနိုင်ခဲ့ပေ။
"ရွှယ်အန်း မင်းက ငါ့တပည့်စစ်ကို တကယ်ပဲ သတ်ခဲ့တယ်၊ ဒီနေ့ ငါတို့ စာရင်းရှင်းကြရအောင်” နှင်းတစ်ထောင် နတ်သမီးက အော်လိုက်သည်။ သူမ၏ အသံက ပြင်းထန်သော်လည်း ထိတ်လန့်ခြောက်ခြားမှုများပြည့်နေသည်။
ရွှယ်အန်း၏ ကျင့်ကြံရေးအဆင့်သည် သူမကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။ ယခုအခါတွင် ဂိုဏ်းခေါင်းဆောင်များစွာနှင့် လက်တွဲကာ သူ့ကိုသတ်ရန် အခွင့်အရေးကို ဆုပ်ကိုင်ရန် အချိန်တန်ပြီဖြစ်သည်။
မဟုတ်လျှင် ဒုက္ခက အဆုံးမဲ့ဖြစ်ပေလိမ့်မည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ ဒါဆို ဒီနေ့ ငါတို့ စာရင်း ရှင်းကြရအောင်"
ထိုစကားပြောပြီးနောက် ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်သီးတစ်လုံးထိုးချလိုက်သည်။
ဒိုင်း
သူ့ရှေ့မှ အုပ်စိုးရှင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က အပိုင်းပိုင်းပြတ်တောက်သွားသည်။
သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ပြေးထွက်သွားပြီးနောက် ကြောက်လန့်တကြားဖြင့် ကျော်လွှားကာ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားခဲ့သည်။
ရွှယ်အန်းက လက်ဖြင့် ဝိညာဉ်ကို ဆုပ်ကိုင်၍ ပေါ့ပါးစွဋ ညှစ်လိုက်ရာ ထိုဝိဉာဉ်က ကွဲအက်သွားသည်။
တစ်ချက်တည်းနှင့် အုပ်စိုးရှင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် လုံးလုံးလျားလျား သေဆုံးသွားခဲ့သည်။
ကျန်အနည်းစုမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
"အတူတူတိုက်ခိုက်ကြ" လရောင်ဓားဘုရင်က ဓားဖြင့် တိုက်ခိုက်သည်။
ဘမ်း
လရောင်ကဲ့သို့ ဓားတစ်ချောင်းက ရွှယ်အန်းဆီသို့ တည့်တည့်တိုးဝင်လာသည်။ ထိုနေ့က ရှန်ထျန်ဟယ်အသုံးပြုခဲ့သောဓားထက် အဆပေါင်း ရာနှင့်ချီ၍ ပြင်းထန်သည်။
သို့သော် ရွှယ်အန်းကမူ မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့ပေ။
ထိုအချိန်တွင် သူ၏ တိုက်ခိုက်ရေးစိတ်ဓာတ်သည် သွေးရူးသွေးတန်းမြင့်တက်လျက်ရှိသည်။
မရေမတွက်နိုင်သော ဓားမီးရောင်များက ကောင်းကင်သို့ ပျံတက်သွားကာ တိုက်ရိုက်ပြန်ကျလာ၏။
လရောင်ဓားဘုရင်က ထိတ်လန့်တကြားအော်လိုပ်သည်။ “မဖြစ်ဘူး” ”
သို့သော် မဆုတ်မနစ်သော ကပ်ပါးကောင်များကဲ့သို့ ဓားမီးများက သူ့ကို လုံးလုံးလျားလျား လွှမ်းခြုံသွားပြီးနောက် ခဏအကြာတွင် လရောက်ဓားဘုရင် သေဆုံးကာ သူ့လမ်းကြောင်း အဆုံးသတ်သွားသည်။
အောက်မှ ဖေးပိုင်သည်လည်း သိသိသာသာ တုန်လှုပ်သွားသည်။
“ဒီဓား…”
သူ့စကားအရ အသတ်ခံရသော ဆရာဦးလေးအပေါ်သို့ ဝမ်းနည်းမှု အပြည့်အ၀ မရှိခဲ့ပေ။ သူ့မျက်လုံးထဲ၌ ဓားထက် မည်သည့်အရာကိုမျှ မမြင်နိုင်တော့ပေ။
လရောင်ဓားဘုရင် သေသွားပြီးသည်နှင့်တစ်ပြိုင်နက်
ရွှယ်အန်းက နောက်ထပ် ဓားတစ်ချောင်းကို ပစ်ထုတ်လိုက်ရာ နှင်းတစ်ထောင်နတ်သမီးဆီသို့ ကျရောက်သွားသည်။
သူမသည် မီတာရာနှင့်ချီအကွာထိ လွင့်ထွက်၍ သွေးများ တဟုန်ထိုးထွက်ကျလာသည်။ ထို့နောက် ဓားမီးများအောက်၌ နာကျင်စွာ အော်ဟစ်ကာ ခြေလှမ်းအနည်းငယ်သာလှမ်းပြီးနောက် သေဆုံးသွားသည်။
ထိုအချိန်တွင်
ညနတ်ဆိုးဧကရီက ကွင်းထဲ၌ ရပ်နေသည်။
ရွှယ်အန်း၏အကြည့်က သူမဘက်သို့လှည့်လာကြောင်း မြင်လိုက်ရသောအခါ ညနတ်ဆိုးဧကရီသည် တုန်လှုပ်သွားသဖြင့် ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်လိုက်သည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"မင်းကို ဘာလို့ နောက်ဆုံး ထားထားလဲ သိလား"
ညနတ်ဆိုးဧကရီက အသံမထွက်ရဲတော့ပေ။
"မင်း တခြားသူတွေကို စော်ကားခဲ့တာတွေကြောင့် မင်းကို ဒီလိုပဲ ငါအပြစ်ပေးရမယ်" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
ညနတ်ဆိုးဧကရီသည် နောက်ဆုံးတွင် သူမ၏အတွင်းမှ အကြောက်တရားကို မထိန်းနိုင်တော့ဘဲ ထွက်ပြေးသွားသည်။
သို့သော် ညနတ်ဆိုးဧကရီက မိုင်အနည်းငယ်မျှ အကွာအဝေးထိ ပျံသန်းနေစဉ် ရွှယ်အန်းက သူမရှေ့တွင် ပေါ်လာပြီး သူမကို တစ်ချက်တည်း ဖမ်းကိုင်လိုက်သည်။
“ညာတာပေးပါ.. ငါ့အသက်ကို ချမ်းသာပေး”
ညနတ်ဆိုးဧကရီက ရုန်းကန် အော်ဟစ်လျက်ထိတ်လန့်နေသည်။
"အသုံးမကျဘူး ၊ ငါပြောပြီးပြီ သတ်ဖို့ ဆုံးဖြတ်လိုက်ပြီ " ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
ညနတ်ဆိုးဧကရီသည် နောက်ဆုံးတွင် နောင်တရသွားသည်။
ပင်လယ်ကဲ့သို့ ကြီးမားကျယ်ပြန့်သော ရွှယ်အန်း၏ နတ်အာရုံသည် သူမ၏ စိတ်ဝိဉာဉ်သို့ ကျူးကျော်ဝင်ရောက်ကာ သူမ၏ ဝိညာဉ်ကို တိုက်ရိုက် သိမ်းပိုက်ထားပြီးဖြစ်သည်။
ညနတ်ဆိုးဧကရီ၏ဝိညာဉ်ရေးလောကတွင် ရွှယ်အန်းက အေးစက်စွာပြော၏။
“ကိုယ်စိုက်တဲ့ဟာ ကိုယ်ပြန်ရိတ်သိမ်းရတာပ
သူစကားပြောနေစဉ်တွင် ဖြူစင်သောမီးတောက်တစ်ခုသည် ညနတ်ဆိုးဧကရီ၏ဝိညာဉ်အထက်၌ ပေါ်လာသည်။
အဆုံးမရှိသော ဝေဒနာက သူမအား နာကျင်စွာ ငိုကြွေးစေခဲ့သည်။ ထို့နောက် ရွှယ်အန်းသည် ဝိညာဉ်လောကမှ ထွက်သွားကာ တိတ်တဆိတ် စောင့်ကြည့်ခဲ့သည်။
အပြင်ဘက်တွင် မျက်စိတစ်မှိတ်မျှသာ ရှိသော်လည်း ညနတ်ဆိုးဧကရီ၏ဝိညာဉ်ရေးလောကတွင် လအတော်ကြာအောင် ဖြတ်သန်းခဲ့ရသည်။
ထို့နောက် ရွှယ်အန်းက ရုတ်တရက် တွန်းထုတ်လိုက်သည်။
ဘမ်း
ညနတ်ဆိုးဧကရီ၏လည်ပင်းကို ညှစ်လိုက်ရာ သူမ ချက်ချင်း သေဆုံးသွားခဲ့ရသည်။
သို့သော် မသေခင်၌ သူမ၏ မျက်နှာထင်တွင် ပေါ်နေသော အရာမှာ အကြောက်တရားမဟုတ်တော့ဘဲ အလွန်ပျော်ရွှင်နေပုံရသည့် သက်သာရာရမှုတစ်ခုသာဖြစ်သည်။
နောက်ဆုံးတွင် စိတ်ဝိညာဉ်၏နက်နဲသောညှဉ်းဆဲခြင်းနှင့် နှိုင်းယှဉ်ပါက သေခြင်းသည် အကောင်းဆုံးသက်သာရာဖြစ်သည်။
ထိုအချိန်မှစ၍ ရွှယ်အန်းသည် ရန်သူအားလုံးကို သတ်ပစ်ခဲ့သည်။
အားလုံးက အံဩတကြီး မတ်တပ်ရပ်ကြည့်နေကြသည်။
မည်သူမျှ စကားမပြောဝံ့ကြပေ။
သို့သော် ရွှယ်အန်းသည် ခေါင်းကို မော့ကာ အင်မော်တယ်နန်းတော်ကိာ မော့ကြည့်လိုက်သည်။
"ကျော့ယွီဟူဘယ်မှာလဲ"
အခန်း (၃၁၅) ကောင်းကင်ဘုံ၏ ဥပဒေအောက်မှ စီရင်ထုံးများ
အင်မော်တယ် နန်းတော် အထက်။
ကျော့ယွီဟူ၏ မျက်နှာသည် အောက်တွင် ဖြစ်ပျက်နေသမျှကို ကြည့်နေရာမှ ထိတ်လန့်သွားသည်။ ယခုပင် ဧကရာဇ်သားတော် ဟောက်ယွီ ကွယ်လွန်သွားပြီဟူသော အချက်ကို သူလက်မခံနိုင်ပေ။
ရွှယ်အန်းက သူ့နာမည်ကို ထည့်ပြောလာသောအခါ တုန်လှုပ်ခြောက်ခြားမှုကို တဖြည်းဖြည်း ခံစားလာရသည်။
‘ဘာတွေဖြစ်နေတာလဲ’
‘ငါ့နာမည်ကို သူဘယ်လိုသိလဲ’
ကျော့ယွီဟူ၏ နှလုံးသားထဲတွင် သံသယနှင့် မသေချာမရေရာမှုများ ပြည့်နှက်နေသော်လည်း သူက ခေါင်းကို ငုံ့ထားကာ အေးစက်သောလေသံဖြင့်ပြောလိုက်၏။
"ရွှယ်အန်း မင်းတကယ်ပဲ ငါတို့ရဲ့ အင်မော်တယ်နန်းတော်ရဲ့ ဧကရာဇ်သားတော်ကို သတ်တယ်ပေါ့။ မင်းက အသားသေပဲ ငါ့သခင် ပြန်လာပြီး သေချာပေါက် မင်းကို အပိုင်းပိုင်းကိုက်ဖြတ်လိမ့်မယ်"
ရွှယ်အန်းက သူ့ကို လျစ်လျူရှု၍ လူအုပ်ထဲမှာ ကျူးရူယန်ကို လက်ညှိုးထိုးပြလိုက်ရာ ဓားချီစီးကြောင်းက သူမဆီသို့ တည့်တည့်တိုးဝင်လာသည်။
လူအုပ်ကြီးသည် ရွှယ်အန်း၏အပြုအမူများကို နားမလည်ဘဲ တအံ့တသြ အော်ဟစ်လိုက်ကြသည်။ ကျူးရူယန်က သူမ၏ ခန္ဓာကိုယ် ပေါ့ပါးသွားသည်ဟုသာ ခံစားလိုက်ရပြီးနောက် လေထဲ၌ မြောက်တက်သွားသည်။ ရွှယ်အန်းသည် ကျူးရူယန်အား ဓားချီတစ်စင်း ပေးအပ်၍ သူမကိုလည်း ပိုမိုနီးကပ်စွာ ပျံသန်းနိုင်စေခဲ့သည်။ အင်မော်တယ် နန်းတော်မှ ကျော့ယွီဟူသည် ပထမတစ်ချက်တွင် ကျူးရူယန်ကို မမှတ်မိပေ။
ကျူးရူယန်သည်၏မျက်လုံးများတွင် ဒေါသမီးတောက်များ တဖျပ်ဖျပ်တောက်လျက် ကျော့ယွီဟူကို စေ့စေ့ကြည့်ကာ ခေါင်းကို မော့လိုက်သည်။
"ကျော့ယွီဟူ ကျွန်မကို မှတ်မိလား"
“မင်းက…”
"လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက ဆုံးပါးသွားခဲ့တဲ့ ကျူးမိသားစုကို မှတ်မိသေးလား"
ကျူးရူယန်၏ အသံသည် ရေခဲကဲ့သို့ အေးစက်နေသည်။
"မင်း... မင်းက ကျူးမိသားစုဝင်လား" ကျော့ယွီဟူက ထိတ်လန့်စွာ အော်ပြောလိုက်သည်။
"ဒါပေါ့ ဒီတစ်ခါ ရှင့်ကို လက်စားချေဖို့ ကျွန်မလာခဲ့တာ။ ကျူးမိသားစုရဲ့ အသက်လေးဆယ့်ရှစ်ခုအတွက် ရှင် ပေးဆပ်ရမယ့်အချိန်ပဲ"
ကျော့ယွီဟူ၏ မျက်နှာသည် မထင်မှတ်ထားသည့်ပုံစံမျိုး ပြောင်းလဲသွားသည်။ သို့သော်လည်း ခဏအကြာတွင် သူ၏အမူအရာက တဖြည်းဖြည်း တည်ငြိမ်သွား၏။
"ဒါဆို မင်းက ကျူးမိသားစုရဲ့ အကြွင်းအကျန်ဖြစ်နေတာပေါ့။ ငါမင်းကို မသုတ်သင်ခဲ့တာ နှမျောစရာပဲ။ မင်းရဲ့ မိသားစုဝင်တွေက ငါ့ကြောင့် တကယ်သေခဲ့တာ ငါ ဝန်ခံတယ်"
"ဒါပေမယ့် မင်းငါ့ကို ဘာလုပ်နိုင်မှာလဲ"
ကျော့ယွီဟူက အောင်ပွဲခံစပြုလာသည်။
"ငါတို့ အင်မော်တယ် နန်းတော်ရဲ့ ဧကရာဇ်သားတော်ကို သတ်နိုင်တဲ့ အစွမ်းထက် အကူအညီကို အခု တွေလိုက်ရပါတယ်။ ဒါပေမယ့် ငါတို့ရဲ့ အင်မော်တယ် နန်းတော်ကို စော်ကားထားတဲ့အတွက် သူဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ"
ဤစကားကိုကြားသောအခါ ကျူးရူယန်၏မျက်နှာက ဖြူဖျော့သွား၍ သူမ၏မျက်လုံးများလည်း အရှက်တရားများ၊ ဒေါသများဖြင့် ပြည့်နှက်နေသည်။
ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရာ ကြီးကျယ်ခမ်းနားသော ဓားချီက သည် ကောင်းကင်သို့ တည့်တည့်တိုးဝင်၍ အင်မော်တယ်နန်းတော်အတွင်းရှိ ကျော့ယွီဟူဆီသို့ ဦးတည်သွားလေသည်။
ဘမ်း
ရုတ်တရက် ငွေရောင်အလင်းတန်းတစ်ခု လေထဲ၌ ပေါ်လာကာ ဓားချီကို တားဆီးလိုက်သည်။
ကျော့ယွီဟူက အောင်ပွဲခံ၍ ရယ်မောလိုက်၏။
"ရွှယ်အန်း မင်းရဲ့ ကျင့်ကြံရေး အဆင့်က မဆိုးဘူးဆိုတာ ငါ ဝန်ခံပါတယ်၊ ဒါပေမယ့် ငါတို့သာ အင်မော်တယ်နန်းတော်က စိတ်လိုလက်ရ ဆင်းမသွားဘူးဆိုရင် ဒီတောင်တန်းအကာအကွယ်ကို ဘယ်သူမှ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"
ဤသည်မှာ ကျော့ယွီဟူ၏ယုံကြည်မှု၏ရင်းမြစ်ဖြစ်သည်။
အင်မော်တယ်နန်းတော်၏ တောင်တန်းအကာအကွယ်ကို ရွှေအင်မော်တယ်အဆငိ့ရှိ နန်းတော် ဧကရာဇ်နှင့် အကြီးကဲ များစွာတို့က စုပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူက မာနကြီးရန် သတ္တိရှိနေရခြင်းဖြစ်သည်။
ရွှယ်အန်း၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားကာ မရေမတွက်နိုင်လောက်သော ဓားချီများ ကောင်းကင်ဆီသို့ တစ်ဖန် ထိုးတက်လာသည်။ သို့သော် ယခုတစ်ကြိမ်တွင် တောင်တန်းအကာကွယ်မှ ငွေရောင်အလင်းတန်းများသည် ယခင်ကထက် ပိုမိုတောက်ပလာခဲ့သည်။
ဓားချီ၏ ဤဓားများက ယင်းကို အနည်းငယ်မျှ မတုန်လှုပ်စေနိုင်သေးပေ။
"ရွှယ်အန်း မင်းရဲ့ စွမ်းအားကို မဖြုန်းတီးနဲ့၊ ဒီတောင်တန်းအကာကွယ်က မင်း ချိုးဖျက်နိုင်တဲ့ အရာမဟုတ်ဘူး။ ငါတို့ နန်းတော်သခင်နဲ့ အကြီးအကဲတွေက မင်းကို အသက်နည်းနည်းပိုရှည်အောင်ထားပေးထားလို့ပဲ။ မဟုတ်ရင် မင်း သေရလိမ့်မယ်"
"မင်း မြန်မြန်ပြန်သွားပြီး သေခြင်းတရားကို အေးအေးချမ်းချမ်း စောင့်ဆိုင်းနိုင်တဲ့ နေရာရှာဖို့ ငါအကြံပေးတယ်”
ကျော့ယွီဟူက အေးစက်စွာ ရယ်မော၍ ပြောလိုက်သည့်အခါ ကျူးရူယန်၏နှလုံးက တဖြည်းဖြည်း နစ်မြုပ်သွားသည်။ ကျော့ယွီဟူကိုသတ်ရန် မည်မျှ ခက်ခဲကြောင်း သူမ နားလည်သွားပြီဖြစ်သည်။ သူ ထွက်လာရန် ငြင်းနေသရွေ့ ခွန်းလွန်အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် မည်သူမျှ သူ့ကို မည်သို့မျှ လုပ်နိုင်မည်မဟုတ်ပေ။
"သခင် ရှင်က မူလက သေမျိုးကမ္ဘာထဲက လူတစ်ယောက်ပဲ၊ မြန်မြန်ထွက်သွားတာ အကောင်းဆုံးဖြစ်ကောင်း ဖြစ်နိုင်တယ်။ မဟုတ်ရင် ကျော့ယွီဟူပြောသလိုပဲ ဒုက္ခဖြစ်လိမ့်မယ်"
ကျူးရူယန်ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"ရှင်ကူညီပေးခဲ့တာ ကျွန်မအတွက် လုံလောက်နေပြီ၊ ကျွန်မ တကယ်ကို ကျေးဇူးတင်တယ်။ ရှင့်ရဲ့ ကရုဏာတွေကို ဒီတစ်သက်မှာ ကျွန်ပြန်မဆပ်နိုင်လောက်တော့ပါဘူး။ နောင်ဘဝရောက်ရင် ရှင့်ဆီမှာ မြင်းတစ်ကောင်အနေနဲ့ နွားတစ်ကောင်အနေနဲ့ ပေးဆပ်ရမှာ သေချာတယ်"
….
ကျူးရူယန်က ဤသို့ပြော၍ သူမပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
ဤမိန်းကလေးက လက်စားချေရန် ကြီးကြီးမားမား မျှော်လင့်ချက်များ မထားတော့ပေ။ လူအုပ်ကြီးသည် တဖြည်းဖြည်း တိတ်ဆိတ်သွားကာ မျက်နှာများစွာ၌ ဝမ်းနည်းရိပ်များ ဖုံးလွှမ်းသွားကြသည်။ နှစ်ပေါင်းများစွာတိုင်တိုင် အင်မော်တယ်နန်းတော်က အာဏာရှင်ဆန်ဆန် ပြုမူခဲ့ကာ ရွှယ်အန်းပေါ်ပေါက်လာမှုသည် ၎င်းတို့၏ ကြီးစိုးမှုကို အကြီးအကျယ် အကြပ်ရိုက်စေခဲ့သည်။
သို့တိုင် အချိန်ရောက်လာသောအခါတွင် အင်မော်တယ်နန်းတော်က မြင့်မား၍ ပြိုင်ဘက်ကင်းဖြစ်နေသေးကြောင်း လူအများက သဘောပေါက်လိုက်ကြသည်။
လုရွှင်ရွှယ်၏ မျက်လုံးများ၌လည်း မျက်ရည်များ ပြည့်နေပြီဖြစ်ကာ သူမက ထိန်းမနိုင်သိမ်းမရ အော်ဟစ်လိုက်သည်။
"သခင် ကျေးဇူးပြုပြီး ပြေးပါ မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်"
“ဟုတ်တယ် သွားတော့”
တခြားသူများလည်း အော်စပြုလာသည်။
ဤမြင်ကွင်းကို အပေါ်စီးမှ ကြည့်နေသော အင်မော်တယ်နန်းတော်မှ ကျော့ယွီဟူ၏ မျက်နှာက ဆိုးရွားလာကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“အဆင့်နိမ့်တွေ အင်မော်တယ် နန်းတော်ကို ဆန့်ကျင်ဖို့ အပြင်လူနဲ့ ပေါင်းနေကြတယ်။ အနာဂတ်မှာ သူတို့ကို ငါ သေချာပေါက် သတ်ပစ်မယ်”
သို့သော် ဤငိုကြွေးသံများကြားတွင် မျက်လွှာချထားသော ရွှယ်အန်းက ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ မျက်လုံးများက ကြယ်ရောင်စကြဝဠာများကဲ့သို့ တောက်ပနေသည်။
"ငါပြောတယ်" ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာပြောသည်။ သူ့အသံက မကျယ်လှသော်လည်း တက်ရောက်သူတိုင်းရှင်းလင်းစွာ ကြားနေရသည်။
"ငါ့မျက်စိထဲမှာ မင်းတို့ထဲက တစ်ယောက်မှ အင်မော်တယ် မဟုတ်ဘူး၊ ဒါကြောင့် မင်းကိုယ်မင်းထင်နေတဲ့ မြင့်မားပြီး အားကြီးတယ်ဆိုတာတွေက ရယ်စရာပဲ"
ရွှယ်အန်း၏ စကားများက များစွာသော နှလုံးသားများကို တုန်လှုပ်သွားစေသည်။
"ရယ်စရာပဲဟုတ်လား။ မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲကွ။ မင်းက ဘယ်သူမို့လို့ ဘယ်သူက အင်မော်တယ်ဟုတ်တယ်မဟုတ်ဘူးဆိုတာကို ဝေဖန်နေတာလဲ"
ကျော့ယွီဟူ၏ မျက်နှာက မသေချာမရေရာ ဖြစ်သွားပြီးနောက် လှောင်ရယ်လိုက်သည်။
ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"မင်းပြောတာ မှန်တယ်။ အင်မော်တယ် ဟုတ်မဟုတ်ဆိုတာ ငါ့ရဲ့ ဆုံးဖြတ်ချက် တစ်ခုတည်းပဲ အဲဒါကို... စကားလုံး တွေက ဥပဒေဖြစ်လာတယ်လို့ ခေါ်တယ်ကွ"
ထိုစကားကြောင့် ရွှယ်အန်းသည် ကောင်းကင်ဆီသို့ လွင့်ပျံနေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဟမ်
ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည့်အလားပင် အင်မော်တယ်နန်းတော်၏ တောင်တန်းအကာအကွယ်က ရုတ်တရက် ရွှန်းလဲ့တောက်ပစွာ ထွန်းလင်းတောက်ပလာပြီးနောက် ရွှယ်အန်း၏လမ်းကို ငွေရောင်အလင်းတန်းများဖြင့် တားဆီးလိုက်သည်။
ရွှယ်အန်းက လေထုအလယ်တွင် ပျံဝဲနေကာ ငွေရောင် အလင်းပြင်မှတစ်ဆင့် ကျော့ယွီဟူနှင့် အခြားသူများ၏ အံ့အားသင့်နေသော အကြည့်များကို ကြည့်ကာ ဘာသိဘာသာပြောလိုက်သည်။
"ဒီနေ့ မင်းရဲ့ အင်မော်တယ် နန်းတော်ကို ငါဖြိုဖျက်မယ်"
ဤသို့ပြောလျက် ရွှယ်အန်းသည် လေဟာနယ်ထဲသို့ ခြေတစ်လှမ်းတိုးကာ လက်သီးကို မြှောက်၍ ပေါ့ပေါ့ပါးပါး အော်လိုက်သည်။
"တစ်ချက်တည်းနဲ့ ကောင်းကင်နဲ့မြေကြီးကို ချေဖျက်ပစ်"
နတ်ဘုရားသုတ်သင်ခြင်းနည်းလမ်းခြောက်သွယ်၏ ပထမဆုံးသိုင်းပညာ၏ ပိုမိုအဆင့်မြင့်သော နည်းလမ်းဖြစ်သည်။ ၎င်းသည် ရွှယ်အန်း ဤကမ္ဘာသို့ ပြန်ရောက်လာခဲ့စဉ်မှစ၍ အပြင်းထန်ဆုံးသော လက်သီးချက်ဖြစ်သည်။
လက်သီးက ပေါ့ပါးစွာဖြင့် ငွေရောင်အလင်းတန်းကို ထိသွားသည်။ ထို့နောက် ငွေရောင်အလင်းတန်းများစွာက ပြင်းထန်စွာ တုန်ခါလာကာ ၎င်းကဝန်းရံထားသည့် အင်မော်တယ်နန်းတော်ပင်လျင် အနည်းငယ် တုန်လှုပ်သွားသည်။
ကျော့ယွီဟူက လုံးလုံးလျားလျား ကြောက်ရွံ့နေပြီဖြစ်သည်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
သို့သော် နောက်ဆုံးတွင်မူ ရွှေအင်မော်တယ်၏ တောင်တန်းအကာအကွယ်ကို အလွယ်တကူ ချိုးဖျက်၍မရနိုင်ပေ။ ရွှယ်အန်း၏ လက်သီးချက်ကြောင့် ငွေရောင်အလင်းတန်းက သိသိသာသာ မှေးမှိန်သွားသော်လည်း ၎င်းသည် အင်မော်တယ်နန်းတော်ကို ခိုင်မြဲစွာ ကာကွယ်ထားဆဲဖြစ်သည်။
ထိုမှသာ ကျော့ယွီဟူက သက်ပြင်းတစ်ချက်ချကာ နှုတ်ခမ်းထောင့်တွင် ခပ်ပါးပါးအပြုံးတစ်ခုပေါ်လာသည်။
"အဲ့စကားတွေအားလုံးကြောင့် မင်းကို ထူးခြားတဲ့ လူတစ်ယောက်လို့ ငါထင်ခဲ့တာ ဒါပေမယ့် နောက်ဆုံးတော့ မင်းဒီကို မဖြတ်လာနိုင်ပါဘူး"
သို့သော် သူ့အသံအဆုံးတွင် ရွှယ်အန်းက သူ့၏ ဘယ်လက်ကို ခေါင်းပေါ်မြှောက်လိုက်ရာ သူ့လက်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
“အမှန်တရားကို လက်ခံစမ်း။ ဒါက ဖျက်ဆီးခြင်းရဲ့ ဓားအစစ်အမှန်ပဲ”
မယုံနိုင်လောက်အောင် စုစည်းနေသည့် ဓားစွမ်းအင်များ ကောင်းကင်သို့ တည့်တည့်တက်သွားရာ မိုင်တစ်ရာအတွင်း ရှိ လေနှင့် တိမ်များ ပြောင်းလဲသွားသည်။
အောက်မှကြည့်နေသော ဓားသမားအားလုံး အံ့သြသွားကြသည်။ ဖေးပိုင်သည် အံ့သြထိတ်လန့်စွာဖြင့် ကြည့်လျက် နှလုံးသားတစ်ခုလုံး အလွန်တုန်လှုပ်နေသည်။
‘ဆိုတော့ ဒါက သူ့ရဲ့ ခွန်အား အစစ်အမှန်ပေါ့’
ဓားတာအိုကို နေ့နေ့ညည စေ့စေ့စပ်စပ်လေ့လာပါက သူ့ကို အမှီလိုက်နိုင်မည်ဟု ထင်ခဲ့မိခြင်းက အလွန်ရယ်စရာကောင်းလှသည်။ ဤသည်ကား မိုက်မဲသော နေ့အိပ်မက်တစ်ခုသာဖြစ်သည်။
ဤအခိုက်တွင် ကျော့ယွီဟူနှင့် အခြားသူများ၏ ထိတ်လန့်သော မျက်လုံးများရှေ့တွင် မိုင်ပေါင်းများစွာ အရှည်ရှိသော ဓားအလင်းတစ်ခု ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။
တောင်တန်းအကာကွယ်၏ ငွေရောင်အလင်းတန်းသည် အသက်တစ်ရှိုက်ရှူစာကာလတွင် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။
ကျော့ယွီဟူက စိတ်ပျက်လက်ပျက်ဖြင့် အော်လိုက်၏။
“မဖြစ်ဘူး….”
သို့သော် နောက်ထပ်တစ်စက္ကန့်တွင် ရွှယ်အန်းက သူ့ လည်ပင်းကို ဆွဲညှစ် ဖမ်းဆုပ်ကာ ကျူးရူယန်အနားသို့ ပစ်ချလိုက်သည်။
"ဒီမှာ မင်းလိုချင်တဲ့လူ၊ မင်းလက်နဲ့ သတ်လိုက်ပါ"