အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
အခန်း(၃၂၂) တစ်ချိန်က ငါက စကြဝဌာတစ်ခုလုံးရဲ့ အရှင်ကွ
ထိုအချိန်တွင် နတ်နှလုံးသားအကြီးအကဲ၏ လက်သီးချက်သည် တစ်ဖန် ရောက်လည်ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင်၊ လက်သီး၏အင်အားသည် အနည်းဆုံး နှစ်ဆထက်မနည်းပြင်းထန်ကာ လေထုကို ဖြိုခွင်းသွားသည်။ ရွှယ်အန်းသည် အေးစက်စွာ ကြုံးဝါး၍ မရေမတွက်နိုင်သော ဓားချီများစွာကို ခေါ်ဆောင်လာခဲ့ရာ လက်သီးကို ဓားအလင်းများစွာဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သို့သော်လည်း အသက်ရှုစာအနည်းငယ်ခန့်ကြာမြင့်ပြီးနောက် ဓားအလင်းသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကွဲထွက်သွားသည်။
"ရွှယ်အန်း ကြိုးစားနေလို့အဓိပ္ပါယ်မရှိဘူး ရွှေအင်မော်တယ်အဆင့်အထွတ်အထိပ်ရဲ့စွမ်းအားကို မင်းတကယ်ပဲ နားမလည်ဘူးပဲ”
ခဏအကြာတွင် ခြောက်ကပ်အက်ကွဲနေသာ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
“သခင်”
ရွှယ်အန်းက ခေါင်းလှည့်၍ ကြည့်လိုက်သောအခါ ကျူးရူယန်က ဆံပင်များကို နားရွက်နောက်သို့ သပ်လိုက်သည်ကို မြင်လိုက်ရသည်။
“ဒီရက်တွေအတွက် ကျေးဇူးပါပဲ”
စကားပြောပြီးနောက် ကျူးရူယန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာသည်။
"ကံကြမ္မာမီးလျံ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီအမျိုးသမီးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"နတ်နှလုံးသားအကြီးအကဲက တုန်လှုပ်ခြောက်ခြားစွာအော်လိုက်သည်။
သူသည်မူလက ကျူးရူယန်ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် သဘောမထားဘဲ အာရုံစိုးစင်းမျှ မစိုက်ခဲ့ပေ။ ယခုမူ၊ ကျူးရူယန်၏ခန္ဓာကိုယ်တွင် ပေါ်လာသော ကံကြမ္မာမီးလျံသည် ကောင်းကင်လူသားအဆင့်ကို ဖုံးလွှမ်းထားနိုင်သည်အထိ အလွန်ပြင်းထန်လှသည်။
‘သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ’
ရွှယ်အန်းအနည်းငယ် ထိတ်လန့်သွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် မျက်မှောင်အနည်းငယ်ကျုံ့လိုက်သ်ည။
“ရူယန်!”
မီးတောက်များအတွင်း ကျူးရူယန်ကနူးညံ့စွာပြောလိုက်၏။
"သခင်၊ ခွန်အားပေးဖို့အတွက် ကျွန်မရဲ့ဝိညဥ်ကို စတေးဖို့ ဆန္ဒရှိပါတယ်"
ဤသို့ပြောကာ ရွှယ်အန်း၏ ခန္ဓာကိုယ်ထဲသို့ အလွန်ပြင်းထန်သော ကံကြမ္မာစွမ်းအင်များ ဝင်ရောက်လာသည်။
သို့သော် ကျူးရူယန်၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ တဟုန်ထိုးလဲကျကာ ရှင်သည်သေသည်ကို မသိနိုင်တော့ပေ။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
‘ဒီအမျိုးသမီး… ရွှယ်အန်းကို ကူညီဖို့ သူ့အသက်ကို တကယ်စတေးလိုက်တာလား’
‘ဒါက အရူးထနေတာပဲ’
နတ်နှလုံးသားအကြီးအကဲ၏ မျက်ခွံများက အဆက်မပြတ်လှုပ်ယမ်းနေသည်။ ထိုအချိန်တွင် ရွှယ်အန်းက ငုံ့ကြည့်ကာ ညင်သာစွာ ခေါင်းခါလိုက်သည်။
“မင်းဘာလို့ ဒီလောက်တောင် မိုက်မဲရတာလဲကွာ”
“ရွှေအင်မော်တယ်လေးတစ်ကောင်အတွက်နဲ့ မင်းဒီလောက်လုပ်စရာလိုလို့လား”
"ဒါပေမယ့် မင်းဒီလိုလုပ်လိုက်ပြီဆိုတော့ ငါသူတို့ကို အရင်သတ်ပစ်ရမယ်”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ခေါင်းကို မော့လိုက်ရာ မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပနေသည်။
“သတ်”
ဤသို့ပြော၍ ရွှယ်အန်းသည် ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ နတ်နှလုံးသားအကြီးအကဲဆီသို့ တည့်တည့်ဦးတည်သွားသည်။
"ဟား အသုံးမဝင်ဘူး သေမျိုးတစ်ယောက်စတေးတာက ဘယ်လောက်စွမ်းနိုင်မှာလဲ။ မင်းသေခြင်းတရားကို မရှောင်လွှဲနိုင်ပါဘူးကွာ” နတ်နှလုံးသားအကြီးအကဲက လက်ကို ဆန့်၍ပြောလိုက်သည်။
“မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား။ နှေးလွန်းတယ်ကွ” နတ်နှလုံးသားအကြီးအကဲက ကဲ့ရဲ့ရှုံ့ချ၍ ခုခံတော့မည့်အခိုက်တွင် …
ရွှယ်အန်းက ရုတ်တရက် ရယ်မောလိုက်သည်။
တစ်ချိန်တည်း၌ပင် ရွှယ်အန်းသည် သူ့လက်ထဲရှိ မပြည့်စုံသော အင်မော်တယ်အပိုင်းအစတစ်ခုကို ချေမှုန်းပစ်လိုက်သည်။
ကြောက်မက်ဖွယ်ရာစွမ်းအင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ နတ်နှလုံးသားအကြီးအကဲ၏ မျက်လုံးများထဲတွင် အံ့အားသင့်သော အငွေ့အသက်များ ပေါ်ထွက်လာသည်။
"ဘာဖြစ်နေတာလဲ၊ ဒါ... ဒါက ဧကရာဇ်ဟောက်ယွီရဲ့ အငွေ့အသက်ပဲ"
မှန်သည် ရွှယ်အန်း ဖျက်ဆီးပစ်လိုက်သည့် အင်မော်တယ်အပိုင်းအစသည် အမှန်စင်စစ် ဧကရာဇ်သားတော် ဟောက်ယွီပင်ဖြစ်သည်။
နတ်အလင်းရောင်အလယ်တွင် ရွှယ်အန်းကပြောလိုက်၏။
"ခဏလောက် ငှားထားတာပါ"
နတ်နှလုံးသားအကြီးအကဲက နောက်ဆုံးတွင် ရွှယ်အန်းကြိုးပမ်းနေသည်ကို နားလည်သွားသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းရဲ့နတ်စွမ်းရည်ကို ဖြည့်ဖို့ အခြားလူရဲ့ အင်မော်တယ်အပိုင်းအစကို ဘယ်လိုလုပ်သုံးနိုင်မှာလဲ”
ရွှယ်အန်းက သူ့ကို စိတ်မ၀င်စားဘဲ အော်လိုက်သည်။
“ဝဋ်ကြွေး”
ဧကရာဇ်၏ စွမ်းအင်အပိုင်းအစများကြောင့် ရွှယ်အန်းသည် တစ်ချိန်က အနတ္တစကြဝဌာ၌သုံးနိုင်ခဲ့သော ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းရည်ကို ပြန်လည် အသုံးပြုနိုင်ခဲ့သည်။
ဝဋ်ကြွေး၏ စည်းမျဉ်းအောက်၌ ဘုရားလောင်းသည် သေမျိုးသာဖြစ်ကာ အင်မော်တယ်များသည် ငါးအသားများသာ ဖြစ်သည်။ ဤသည်မှာ ဖြေရှင်း၍မရသော၊ အလွန်ပြင်းထန်သော နတ်စွမ်းရည်တစ်ခုဖြစ်သည်။
ယခုမှာ မပြည့်စုံသည့် ပုံစံဖြစ်နေသော်ညား နတ်နှလုံးသားအကြီးအကဲကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားနိုင်ဆဲဖြစ်သည်။
ရွှယ်အန်းက သူ့လက်သီးကို မြှောက်၍ အဖြူရောင်သွားအနည်းငယ်ကို ထုတ်ပြလျက် ပြုံးလိုက်သည်။
"ကဲ... ငါ့အလှည့်ပဲ"
စကားပြောပြီးနောက် လက်သီးဖြင့်ထိုးလိုက်၏။
နတ်စွမ်းအင်အောက်၌ ကံတရားက ပြောင်းပြန်ဖြစ်သွားသည်။
ရွယ်အန်းက နတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသော်လည်း နတ်နှလုံးသားအကြီးအကဲ၏ ခွန်အားသည် အနိမ့်ဆုံးသို့ လျော့ကျသွားသည်။
ထို့ကြောင့် ဤလက်သီးချက်အောက်၌
နတ် နှလုံးသား အကြီးအကဲသည် ထိတ်လန့်စွာ အော်ဟစ်၍ ခုခံရန် ခွန်အားမရှိဘဲ တိုက်ရိုက် ခုခံလိုက်သာ်။
ကောင်းကင်အလယ်တွင် သူသည် သွေးများရွှဲရွှဲစိုနေကာ ကြောက်ရွံ့ထိတ်လန့်လျက် အံကြိတ်၍ လွတ်မြောက်ရန်သာ တွေးကာ အသက်ကယ်ရတနာကို အပြင်းအထန် အသက်သွင်းလိုက်သည်။
ရွှယ်အန်းက သူ့ကို ထိုအခွင့်အရေးကို ပေးမည်မဟုတ်ကြောင်း ခပ်တိုးတိုးပြော၏။
"နောက်ပြန်လှည့်"
နတ်နှလုံးသားအကြီးအကဲသည် သူ၏ ကျင့်ကြံရေးအဆင့်က ရေစီးကဲ့သို့ လွင့်ပါးသွားသည်ကို ခံစားလိုက်ရကာ ခန္ဓာကိုယ်သည်ဘည်း လျင်မြန်စွာ အိုမင်းရင့်ရော်လာသည်ကို ခံစားလိုက်ရသည်။
"ဘာဖြစ်နေတာလဲ၊ မဖြစ်…." နတ်နှလုံးသားအကြီးအကဲသည် သေခြင်းတရား၏ လှိုင်းတံပိုးကို ခံစားမိလျက် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
ရွှယ်အန်းသည် နတ်နှလုံးသားအကြီးအကဲ၏ နောက်၌ပေါ်လာကာ သူ့နားနားသို့ ကပ်၍ ပြောလိုက်သည်။
"ငါဘယ်သူလဲဆိုတာ မင်းသိချင်လား အခုပြောပြမယ် ငါက တစ်ချိန်က အင်မော်တယ်တွေအားလုံးထဲက အမြင့်မြတ်ဆုံး
အနန္တစကြဝဌာရဲ့ အရှင်ပဲ”
နတ်နှလုံးသား အကြီးအကဲ၏ မျက်နှာက အေးခဲသွားပြီးနောက် ခေါင်းထက်မှစ၍ တဖြည်းဖြည်း ပြာမှုန်အဖြစ်ပြောင်းကာ လေနှင့်အတူ မျောလွင့်သွားသည်။
မျက်စိတစ်မှိတ်အတွင်း၌ နတ်နှလုံးသား အကြီးအကဲက အခိုးအငွေ့အဖြစ် ပြောင်းလဲသွား၏။ သို့ထိတိုင် ရွေ့လျားနေသော နတ်စွမ်းအင်များက နေရာ၌ ကျန်ရစ်ခဲ့သည်။
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ကောက်ယူက စည်းချိပ်ပိတ်လိုက်၏။
ဤသို့ဖြင့် သူသည် နတ်စွမ်းအင်နှစ်ခုကို စုဆောင်းနိုင်ခဲ့ပြီဖြစ်သည်။ ဟောက်ယွီဧကရာဇ်၏ စွမ်းအင်များမှာမူ စတေးပြီး၍ ပျက်ဆီးသွားပြီဖြစ်သည်။ ဤနေရာ၌ရှိနေကြသည့် လူများအားလုံးကြက်သေသေသွားကြသည်။
ဂိုဏ်းချုပ်နှင့် ဘိုးဘေးသတ်ဖြတ်ခံလိုက်ရသည်ကို တွေ့လိုက်ရသော လူများအားလုံးက ရွှယ်အန်းကို ထိတ်လန့်ကြား ကြည့်နေကြသည်။ ရွှယ်အန်း၏ ပုံရိပ်က ၎င်းတို့ကို ခြောက်ခြားစေလှသဖြင့် ထွက်ပြေးကုန်ကြသည်။
"ဓားချီ”
အကန့်အသတ်မဲ့သော ဓားချီများ ထပ်မဲပေါ်ထွက်လာရာ များပြားလွန်းလှသဖြင့် လရောင်ကို ဖုံးလွှမ်းသွားသည်။
“သတ်”
ဘမ်း
ဓားချီများက အင်မော်တယ်နန်းတော်မှ လူတိုင်းကို ဖုံးအုပ်ထားသည်။ ဤလူအများစုမှာ လွတ်မြောက်အင်မော်တယ်များဖြစ်ကာ အချို့က အင်မော်တယ် ထက်ဝက်အဆင့် သို့မဟုတ် အင်မော်တယ်အဆင့်၌ပင် ရှိနေကြသည်။
သို့သော် ဤဓားချီများအောက်တွင် ၎င်းတို့သည် ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိပေ။
မကြာခင်၌ပင် နေရာအနှံ့သို့ သွေးများ ပျံ့ထွက်၍
အင်မော်တယ်များ၏ ခန္ဓာကိုယ်အပိုင်းအစများက မိုးရွာသည့်အလား ထွက်ပေါ်လာသည်။
ခဏအကြာတွင်အင်မော်တယ်နန်းတော်၏ ဂိုဏ်းသားများအားလုံး သေဆုံးသွားကြသည်။
ရွှယ်အန်းသည် အောက်ကမ္ဘာမြေကြီးကို အပေါ်စီးမှ နတ်ဘုရားတစ်ပါးကဲ့သို့ငုံ့ကြည့်ကာ လေထုအလယ်တွင် ရပ်နေ၏။
ရွှယ်အန်း၏အကြည့်ကြောင့် အဆင့်နိမ့် ကျင့်ကြံရေးသမားများက ထိန်းမရဘဲ ဒူးထောက်လိုက်ကြသည်။
မတ်တပ်ရပ်နေသောသူများ၏ ခန္ဓာကိုယ်များက တုန်လှုပ်နေသည်။
ရွှယ်အန်းသည် ဤလူများကို လျစ်လျူရှု၍ သူ၏ နတ်အာရုံဖြင့် အင်မော်တယ်နန်းတော်ကို ခေတ္တကြည့်ရှု့ပြီးနောက် ခေါင်းယမ်းလိုက်သည်။
"အင်မော်တယ်နန်းတော်နာမည်ခံရဲတာတောင် ဒီလောက်ပဲ ပိုင်ဆိုင်မှုတွေရှိတာလား… အာ ဒီဟာက မဆိုးဘူး”
ဤသို့ပြော၍ သူ့လက်ဝှေ့ယမ်းလိုက်ရာ ဖုန်တက်နေသော လက်စွပ်တစ်ကွင်းက အင်မော်တယ်နန်းတော်အတွင်းမှ ရွှယ်အန်း၏ လက်ဖဝါးထဲကို ပျံထွက်သွားသည်။
"ကောင်းပြီ၊ ဒီနေရာက ကြည့်ရတာ ပျင်းစရာပဲ၊ ဖျက်ဆီးပစ်လိုက်ရအောင်” ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ဘမ်း
အင်မော်တယ်နန်းတော်တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်သွားကာ အက်ကြောင်းများ ထွက်ပေါ်လာ၍ ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ပြိုကျသွားသည်။
ထို့ အတူ တစ်ချိန်က မြင့်မြတ်သော အင်မော်တယ်နန်းတော်သည်လည်း ပျောက်ကွယ်သွားသည်။
ရွှယ်အန်းသည် သူ့လက်ထဲ၌ သွေးရောင်ရှိသော အလင်းတန်းတစ်ခုကို ကိုင်ဆောင်ကာ မြေပေါ်သို့ ပြန်ဆင်းလာပြီးနောက် ကျူးရူယန်အနားသို့ သွားလိုက်သည်။
"ဒီတစ်ခါတော့ မင်းအတွက်အခွင့်အရေးကောင်းလေးပေးမယ်"
ဤသို့ဖြင့် ရွှယ်အန်းက ကျူးရူယန်၏နှဖူးသို့ အလင်းတန်းကို ဖိလိုက်ကာ မျက်လုံးများကို အနည်းငယ် မှိတ်လိုက်သည်။
ယဇ်ပူဇော်မှုကြောင့် ပြန့်ကျဲနေသော ကျူးရူယန်၏ ဝိညာဉ်သည် တစ်ဖန်ပြန်လည်စုစည်းလာ၏။
ဘမ်း
ကျူးရူယန်သည် သူမ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"သခင် ကျွန်မသေပြီလား"
"မင်းမသေသေးဘူး၊ သေတာ အင်မော်တယ်နန်းတော်ကလူတွေပဲ"
“ဒါဆို ကျွန်မ…” ကျူးရူယန်အနည်းငယ် အံ့ဩသွားသည်။
"မင်းရဲ့ ဝိညာဉ်ကို စတေးဖို့ မလိုပါဘူး။ အဲ့တာကြောင့် မင်ရဲ့ စွမ်းအားကို မသုံးထားလို့ မင်းအဆင်ပြေပါတယ်"
ထို့ အတူ ရွှယ်အန်းက လှည့်၍ ဂိုဏ်းဂဏများနှင့် မြင့်မြတ်သော မိသားစုများဆီသို့ လှမ်းကြည့်လိုက်သည်။
“အင်မော်တယ်နန်းတော်ပျက်သုန်းပြီ၊ လက်မခံချင်တဲ့လူရှိလား”
ဤလူများ အားလုံး တညီတညွတ်တည်း တုန်လှုပ်သွားကာ ခေါင်းကို အမြန်ခါလိုက်ကြသည်။
"ကောင်းပြီ"
ဤသို့ဖြင့် ရွှယ်အန်းသည် ပြိုင်ဘက်ကင်းသော နတ်စွမ်းအားဖြင့် ခွန်းလွန်ကို ဖိအားပေးခဲ့သည်။
ဤခေတ်တွင် သူက ထိပ်တန်းလူတစ်ယောက်ဖြစ်လာ၏။
အခန်း(၃၂၃) အိမ်ပြန်ချိန်
သတင်း ပျံ့နှံ့သွားသောအခါ ခွန်းလွန်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
တစ်ချိန်က ရွှယ်အန်း ကျဆုံးလိမ့်မည်ဟု ကြွေးကြော်ထားသူများသည် ယခုအချိန်တွက် စကားတစ်ခွန်းမှ မပြောရဲကြဘဲ နှလုံးသားထဲတွင် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ အင်မော်တယ်နန်းတော်ဖျက်ဆီးခံရကာ ရွှေအင်မော်တယ်များ ဆက်တိုက် သတ်ဖြတ်ခံခဲ့ရပြီးနောက် ဂိုဏ်းတစ်ခုလုံး ပျက်သုဉ်းသွားခဲ့သည်။
ဤလုပ်ရပ်များကြောင့် ရွှယ်အန်းသည် ဤခေတ်၏ ပြိုင်ဘက်ကင်း နတ်သုတ်သင်သူ ဖြစ်လာခဲ့သည်။
"အင်မော်တယ်အဆင့်လောက်နဲ့ ငါတို့ရဲ့ ခွန်းလွန်ကို ဒီလောက် ခေါင်းတောင်မထောင်နိုင်တဲ့အထိ ဖိနှိပ်ခံရမယ်လို့ ဘယ်သူက ထင်မှာလဲ"
သို့သော် ဤစကားလုံးများက ၎င်းတို့၏ နှလုံးသားထဲ၌သာ ငြီးတွားဝံ့သည့် စကားလုံးများဖြစ်သည်။
မြင့်မြတ်သောမိသားစုများနှင့် ဂိုဏ်းဂဏများအတွက် ဤအချိန်တွင် ၎င်းတို့သည် ဆောင်းရာသီမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြကာ ရွှယ်အန်းကို ရန်စမိမည်ကို စိုးရိမ်နေကြသည်။
ကျူးရူယန်၏ အကြီးတန်းအစ်ကို ကျူးလဲ့နှင့် အခြားသူများ သတင်းကြားသောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင် ကျူးလဲ့က ခါးသက်စွာ ပြုံး၏။
"ငါတို့ တကယ်ကို အမြော်အမြင် ကင်းမဲ့နေပုံပဲ၊ အဲ့နေ့က သူ့ကို အားကိုးပြီး ထွက်မပြေးဖြစ်ခဲ့ရင် အခု ငါတို့ ဘယ်လောက် ချီးမြှောက်ခံနေရမလဲ"
ကျူးလဲ့၏ စကားကြောင့် လူတိုင်း သက်ပြင်းချရုံသာ ချနိုင်ခဲ့ကြသည်။
ထိုအချိန်တွင် ချင်မုမြို၌ ပျံ့ချင်မုသည် ဤသတင်းကို အစပိုင်းတွင် မသိခဲ့ပေ။
ထိုနေ့တွင် သူမသည် မြို့ထဲ၌ အလုပ်များနေခဲ့ရာ ရုတ်တရက် ကြီးကျယ်ခမ်းနားသော စီတန်းလှည့်လည်ပွဲကြီး အရှိန်ပြင်းစွာ ထွက်ပေါ်လာသည်။ ပျံ့ချင်မုသည် ရန်သူတိုက်ခိုက်မှုတစ်ခုဟု ထင်မြင်၍ ချက်ခြင်း အချက်ပေးခေါင်းလောင်းကို တီးခတ်လိုက်သည်။
သို့သော် ၎င်းတို့က တိုက်ပွဲအတွက် အပြည့်အ၀ ပြင်ဆင်ထားသည့် ရန်သူများမဟုတ်ကြောင်း သိလိုက်ရသည်။
ကျီကျိုးမြို့၏ မျိုးနွယ်စုကြီးများမှကျင်းပပေးသည့် ကြိုဆိုပွဲဖြစ်သည်။
ပျံ့ချင်မုအံ့အားသင့်သွားသည်။
‘ဘာတွေဖြစ်နေတာလဲ’
သာမန်အားဖြင့် မြင့်မြတ်သောမိသားစုများနှင့် ဂိုဏ်းခွဲများသည် အဘယ်ကြောင့် ဤမျှ ယဉ်ကျေးပျူငှာ လာသနည်း။
ပျံ့ချင်မုသည် ထိုလူများထံမှ သတင်းကို ကြားလိုက်ရပြီးနောက် အဘယ်ကြောင့် ၎င်းတို့၏ မျက်နှာများတွင် ဖော်ရွေသော အပြုံးများရှိနေရခြင်းဖြစ်ကြောင်း နားလည်သွားသည်။
ဤမြင့်မြတ်သောမိသားစုများနှင့် ဂိုဏ်းခွဲများသည် ရွှယ်အန်း၏စွမ်းဆောင်မှုကြောင့် ထိတ်လန့်ခဲ့ကြကာ ကျီကျိုးနှင့်ပတ်သက်သည့်ကိစ္စရပ်အချို့ကြောင့် ရွှယ်အန်းထံရောက်လာမည်ကို စိုးရိမ်သဖြင့် ရွှယ်အန်းနှင့် ကောင်းမွန်စွာဆက်ဆံခဲ့သော ပျံ့ချင်မုနှင့် ၎င်းတို့၏အဆက်အသွယ်များကို ပြန်အမှတ်ရခဲ့ကာ တောင်းပန်ရန် ရက်ရောသောလက်ဆောင်များနှင့်အတူ ထွက်လာကြခြင်းဖြစ်သည်။
ဤသည်ကို ကြားပြီးနောက် ပျံ့ချင်မုသည် ပျော်ရွှင်မှုနှင့် အံ့အားသင့်မှုတို့ကို ရောနှောခံစားမိသွားသည်။
တစ်ချိန်က လိမ်လည်သူဟု သူမထင်မြင်ခဲ့ဖူးသော ရွှယ်အန်းသည် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်သော ပုဂ္ဂိုလ်အဖြစ် ပြောင်းလဲ၍ အဆင့်ဆင့် ကြီးထွားလာခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် လူတိုင်းအပေါ် တိုက်ရိုက်လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့ကာ ခွန်းလွန်၏ အရှင်သခင်ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူမ၏ အဆင့်အတန်းသည် ဒီရေနှင့်အတူ တက်လာကာ လေးစားစရာ ဖြစ်လာသည်။
သို့သော်လည်း ရွှယ်အန်းကိုယ်တိုင်ကမူ ထိုအဖြစ်အပျက်များကို သတိမထားမိခဲ့ပေ။
ခွန်းလွန်မြို့၌ နောက်ထပ်နှစ်ရက်ကြာ ဆက်လက် နေထိုင်ခဲ့သည်။
ဤနှစ်ရက်အတွင်း မရေမတွက်နိုင်သော ဂိုဏ်းများနှင့် မြင့်မြတ်သောမိသားစုများသည် ရွှယ်အန်းနှင့် ပေါင်းစည်းရန် ဖြစ်နိုင်သည့် နည်းလမ်းတိုင်းကို ကြိုးစားခဲ့ကြသည်။
သို့သော် ရွှယ်အန်းက ၎င်းတို့ကို လုံးဝလျစ်လျူရှုခဲ့သည်။
ရွှယ်အန်းသည် အလိုအလျောက် ခွန်းလွန်၏ အရှင်သခင်ဖြစ်လာမည်ဟု လူအများက ထင်မြင်ယူဆကြသာ်။
သို့သော် ရွှယ်အန်းအတွက် သေးငယ်သော ခွန်းလွန်သည် မည်သည့်အဓိပ္ပါယ်မျှ မရှိကြောင်း မည်သူမျှ မသိခဲ့ကြပေ။
ထိုအကြောင်းကိုပြောရလျှင် နှင်းတစ်ထောင်ဂိုဏ်း၊ , ညနတ်ဆိုးနန်းတော်၊ အုပ်စိုးရှင်ဂိုဏ်း နှင့် အခြားသောဂိုဏ်းများစွာတို့၏ ဂိုဏ်းဆရာများကို ရွှယ်အန်းက သတ်ပစ်ခဲ့သော်လည်း ၎င်းတို့၏ အခြေခံအုတ်မြစ်များ ကျန်ရှိနေခဲ့သည်။
သို့သော် များပြားလှသော အင်မော်တယ်များကို ချေမှုန်းသည့် ရွှယ်အန်း၏သတင်းက ပျံ့နှံ့သွားသောအခါ ထိုဂိုဏ်းများက လက်တုံ့ပြန်မှုကို ကြောက်လန့်ကာ အမှန်တကယ် ထွက်ပြေးသွားကြသည်။ ထို့ကြောင့် ဤဂိုဏ်းများသည် မီးခိုးများနှင့် တိမ်များအဖြစ်သို့ ပြန့်ကျဲသွားသည်။
သို့သော် ထိုနှစ်ရက်အတွင်း ရွှယ်အန်းက အခြားအလုပ်မလုပ်တော့ဘဲ ကျူးရူယန်ကို ကျင့်ကြံနည်း သင်ပေးသည်။ သူသည် ကျဆုံးသွားသော လွတ်မြောက်အင်မော်တယ်အများအပြား၏ အနှစ်သာရအသွေးကို သန့်စင်ကာ ကျူးရူယန်အား ပေးအပ်ခဲ့သည်။
ယင်းသည် သူမ၏ ကျင့်ကြံရေးအတွက် မယုံနိုင်လောက်အောင် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးခဲ့သည်။ ဤသည်မှာ ကျူးရူယန်ကို ပေးအပ်ခဲ့သည့် အခွင့်ကောင်းတစ်ခုလည်းဖြစ်သည်။
ကျူးရူယန်က ကျင့်ကြံနည်းကို အလွတ်ကျက်ပြီးသည်နှင့် ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။
"ဒီမှာ ငါ့လုပ်ငန်းပြီးပြီ၊ ငါပြန်ရမယ့်အချိန်ရောက်ပြီ"
ကျူးရူယန်သည်မူ ခွဲခွာရန် တွန့်ဆုတ်နေ၏။
"သခင်၊ ကျွန်မ သခင့်ကို သေမျိုးလောကဆီ ပြန်ပို့ပေးမယ်"
ရွှယ်အန်းက ပြုံးလိုက်သည်။
"မင်းက ခွန်းလွန်ဇာတိပါ၊ ဒါကြောင့် မင်းရဲ့ လုံ့လစိုက်ထုတ်မှုကို ဒီမှာ ဆက်လုပ်ပါ။ ငါပြန်မလာတော့မှာမျိုး မဟုတ်ဘူး"
ဤသည်ကိုကြားသောအခါ ကျူးရူယန်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် ရွှယ်အန်းသည် သူ့လက်ဖြင့် ဓားတစ်ချောင်းကို ဖန်တီး၍ လေကို ဓားတစ်ချက်ဖြင့်ခွဲကာ ကောင်းကင်၌ အနက်ရောင်အကွဲအပြဲကို ဖန်တီးခဲ့သည်။ ထို့နောက် ထိုထဲသို့ ဝင်သွားကာ ခွန်းလွန်နယ်မြေမှ ပျောက်ကွယ်သွားသည်။
ကျူးရူယန်သည် ပုံမှန်ပြန်ဖြစ်သွားသော နေရာကို လွတ်လွတ်လပ်လပ် စိုက်ကြည့်နေလျက် သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော လွတ်ငြိမ်းချမ်းသာမှုကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် လုရွှင်ရွှယ်သည် တိတ်တဆိတ် ချဉ်းကပ်လာပြီးနောက် ခေါင်းယမ်းလိုက်၏။
"နင် သူ့ကိုတကယ်တော့ မလွှတ်ပေးလိုက်သင့်ဘူး"
ကျူးရူယန်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာကာ ခေါင်းငုံ့လိုက်သည်။
"သခင်... ညီမသခင်မှာ မိသားစုရှိတယ်၊ ပြီးတော့ ညီမမှာ ဘာဆန္ဒမှမရှိတော့ပါဘူး။ သူ့ကျွန်ဖြစ်ရတာ ညီမနှလုံးသားကို ကျေနပ်အားရစေတယ်"
လုရွှင်ရွှယ်က လေးလေးနက်နက် သက်ပြင်းချလိုက်ပြီးနောက် ငြိမ်သွားသည်။
ကမ္ဘာမြေ၏ ခွန်းလွန်တောင်ပေါ်တွင်။
လှပသော တောင်ကုန်းငယ်လေးတစ်ခုသည် အာကာသအတွင်း ပြင်းထန်သောပြောင်းလဲမှုကို ကြုံတွေ့ရကာ ထို့နောက်တွင် ရွှယ်အန်းက ဝေဟင်၌ ပေါ်လာသည်။
မကြာမီ သူပြန်လာချိန်တွင် ရွှယ်အန်းသည် ကမ္ဘာမြေပေါ်ရှိ ဝိညာဉ်စွမ်းအင်က သူထွက်ခွာသွားချိန်ထက် အနည်းငယ်ပို၍ ထူထဲနေသည်ကို တွေ့ရှိသောကြောင့် အနည်းငယ် အံ့ဩသွားရသည်။ သို့သော်လည်း တိုးလာမှုသည် အနည်းငယ်သာသာကာ ရွှယ်အန်းက ဝိညာဉ်ရေးရာ စွမ်းအင် အတက်အကျကို အကဲဆတ်သောကြောင့် သိသာနေခြင်းဖြစ်သည်။
‘ထူးဆန်းတယ်’
‘အကြာကြီး ထွက်သွားမိတာများလား’
ရွှယ်အန်းက သူ့ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ရာ သာမန်မဟုတ်သော အရာတစ်ခုကို သတိထားမိလိုက်သည်။
အဝေးမှ တာအို ဘုရားကျောင်းငယ်လေးပင်ဖြစ်၏။
ရွှယ်အန်းက ထိုနေရာသို့ တိုက်ရိုက်ပျံသန်းခဲ့သည်။ ရှင်သာမဏေတစ်ပါးသည် ခြံဝင်းကို တံမြက်စည်းလှည်းနေ၏။
ရွှယ်အန်းကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်သောအခါ ရှင်သာမဏေပြုသူ အံ့ဩသွားခဲ့သည်။
"ခွင့်လွှတ်ပါ ဒါပေမယ့် လက်ရှိရက်စွဲနဲ့ အချိန်က ဘယ်လောက်လဲ။"
အတွေ့အကြုံမရှိသေးသော တာအိုကျင့်ကြံသူသည် သူ့ကို ပြန်မဖြေဘဲ ကွက်ကွက်ကွင်းကွင်းကြည့်နေသည်။
ရွှယ်အန်းသည် မျက်ခုံးကို အနည်းငယ်ပင့်လိုက်၏။
"တစ်ဆိတ်လောက်"
ဤသို့ပြောပြီးနောက် သူ၏ နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ မိမိအလိုရှိသော အချက်အလက်ကို တိုက်ရိုက် ရရှိခဲ့သည်။
ဟမ်၊ နှစ်လပဲ ရှိသေးတယ်။
ရံဖန်ရံခါတွင် လျှို့ဝှက်ဘုံနှင့် ကမ္ဘာသည် တူညီသောအချိန်ဇယားပေါ်တွင် ရှိနေတတ်သည်။ တစ်ခါတစ်ရံ၌ လျှို့ဝှက်နယ်မြေတစ်ခုမှ တစ်ရက်သည် ကမ္ဘာပေါ်ရှိ တစ်နှစ်နှင့် ညီမျှနိုင်သည့် အခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်။ ဤသည်မှာ ကောင်းကင်ရှိနေ့သည် ကမ္ဘာပေါ်ရှိ တစ်နှစ်နှင့် ညီမျှသည်ဟုသော ဒဏ္ဍာရီ၏ရင်းမြစ်ဖြစ်သည်။
အချိန်မကုန်ခဲ့လှသောကြောင့် ရွှယ်အန်းက သက်တောင့်သက်သာရှိလာသည်။
“ကျေးဇူးပါပဲ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ကောင်းကင်သို့ ပျံတက်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ မိုးကုတ်စက်ဝိုင်းအတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။ ထိုဘုန်းကြီးသည် ရုပ်တုတစ်ခုအလား အေးခဲလျက် ထိုနေရာ၌ပင် ရပ်နေ၏။
ထို့နောက် တာအို အကြီးအကဲတစ်ယောက် ထွက်လာသည်။
"မင်းနောက်တစ်ခါ အပျင်းတစ်နေပြန်ပြီလား ထပ်ပြီး တံမြက်စည်းကို ပြန်သွားလှည်းစမ်း"
အတွေ့အကြုံမရှိသေးသော တာအိုကျင့်ကြံသူသည် နောက်ဆုံးတွင် အသိပြန်ဝင်ခါကာ တုန်လှုပ်သောအသံဖြင့်ပြော၏။
"ဆရာ၊ ကျွန်တော် အင်မော်တယ်တစ်ပါးကို မြင်လိုက်တယ်”
"အင်မော်တယ်တစ်ပါးဟုတ်လား ငါ့ဖင်ကြီးကို အင်မော်တယ်။ မင်း ဆရာရဲ့ဝိုင်ကို ထပ်ခိုးသောက်နေပြန်ပြီထင်တယ်။ မင်းအတွက် ထမင်း မရှိဘူး" တာအိုကျင့်ကြံသူကြီးက အိမ်ထဲသို့ မပြန်မီ သူ့ကို ကြိမ်းမောင်းသည်။
တာအိုကျင့်ကြံသူအငယ်က တံမြက်စည်းကို ကိုင်ကာ အနည်းငယ် ဝမ်းနည်းသွားရသည်။
‘အခု လာသွားတာ အင်မော်တယ်မှန်းသိသာပါတယ်’
ယခုအချိန်တွင် ရွှယ်အန်းသည် အိမ်သို့ပြန်ရန် စိတ်အားထက်သန်နေကာ လေယာဉ်ဖြင့် ခရီးသွားချင်စိတ်မရှိလှပေ။ အင်မော်တယ်ထက်ဝကိအဆင့်ကို ဖြတ်ကျော်ပြီးနောက် လေထုတွင် ပျံသန်းခြင်းက အားထုတ်မှုအများအပြားမလိုအပ်ပေ။
ထို့ကြောင့် ပေကျင်းသို့ တိုက်ရိုက်ပျံသန်းရန် ရွေးချယ်ခဲ့သည်။
ပေကျန်းရှိ နံပါတ်တစ်ရှန်ဗီလာတွင်
အန်းယန်သည် သမီးနှစ်ယောက်နှင့်အတူ ပန်းခြံထဲတွင် ကစားနေသည်။ ရှောင်ရှသည် အနီးနားတွင် အိပ်လျက် လျှင်မြန်စွာ အိပ်ပျော်နေသည်။ အန်းယန်ရောက်လာပြီးသည့်အချိန်မှစ၍ ၎င်းက ထန်ရွှမ်အာနှင့်အတူ အလုပ်သို့လိုက်ပါရန် မလိုအပ်တော့ပေ။
ချက်ပြုတ်ထားသော အစားအစာမျိုးစုံကို စားကာ နေ့စဉ် အိပ်စက်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ ထုံထိုင်းလာသည်။
"မေမေ၊ ရှောင်ရှက အရမ်းပျင်းတာပဲ" ရွှယ်ရှန်းက ထအော်သည်။
"ဟုတ်တယ်၊ သမီးနဲ့ ကစားဖို့ နားရွက်ကို ဆွဲနှိုးလိုက်ပေမယ့် လွှတ်ချလိုက်တာနဲ့ ပြန်အိပ်သွားပြန်တယ်။ အပျင်းကောင်" ရွှယ်နျန်က ဒေါသတကြီး ပြောသည်။
အန်းယန်က ခပ်ပြုံးပြုံး ပြန်ဖြေတော့မည့်အခိုက်တွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရှောင်ရှသည် ကောင်းကင်ကို မော့၍ ရုတ်တရက် ထလာသည်။
"ဘာတွေဖြစ်နေတာလဲ" အန်းယန်ကလည်း အနည်းငယ် ကြောင်သွားသည်။
သို့သော် ချက်ချင်းပင် ကလေးနှစ်ယောက်က ပျော်ရွှင်မှု အပြည့်ဖြင့် ထအော်သည်ကို မြင်လိုက်ရသည်။
“ဖေဖေ ဖေဖေပြန်လာပြီ”
အခန်း(၃၂၄) ငြိမ်သက်သောနှစ်များ
ရွှယ်အန်းသည် နံပါတ်တစ်ရှန်ဗီလာသို့ တိုက်ရိုက်ပြန်ပျံသန်းသွားကာ ခြေချလိုက်သည်နှင့် မိန်းကလေးငယ်နှစ်ဦးသည် ရွှင်မြူးကာ သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာကြသည်။
ရွှယ်အန်းက သူ့သမီးနှစ်ယောက်ကို ကျေကျေနပ်နပ် ချီလိုက်သည်။
“ဖေဖေ ဒီချိန်ထိ ဘာလုပ်နေလဲ။ ရှန်းရှန်းနဲ့ နျန်နျန် ဖေဖေ့ကို အရမ်းလွမ်းနေတယ်" ရွှယ်ရှန်းက ရွှယ်အန်း၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ ချစ်ခင်စွာပြောနေသည်။
“ဖေဖေက လူဆိုးတွေကို တိုက်ခိုက်ဖို့ သွားတာ" ရွှယ်အန်းက သူ့သမီးနှစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ပြောင်သည်။
နတ်ဆိုးများကို တိုက်ခိုက်သည့်အကြောင်း ကြားလိုက်ရသည်နှင့် မိန်းကလေးနှစ်ယောက်၏ မျက်လုံးများ တောက်ပလာသည်။
"ဖေဖေ ဘယ်သူက ပိုအစွမ်းထက်လဲ၊ ဖေဖေလား Ultramanလား" ရွှယ်နျန်က မျက်လုံးပြူးကျယ်ဖြင့် မေးလိုက်သည်။
ရွှယ်အန်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့ အဖေက ပိုအစွမ်းထက်တယ်"
"Sailor Moon နဲ့ ယှဉ်ရင်ရော" ရွှယ်ရှန်းက အမြန်မေးလိုက်သည်။
“ဖေဖေကသူ့ထက်လည်း အစွမ်းထက်တယ်" ရွှယ်အန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
“ရေးးး"
"ဒါဆို ဖေဖေ အသွင်ပြောင်းလို့ရလား" ရွှယ်ရှန်းက မေးသည်။
"အသွင်ပြောင်းတယ်ဟုတ်လား"
"ဟုတ်တယ်၊ Sailor Moon က အသွင်ပြောင်းသလိုမျိုး၊ အရမ်းမိုက်တဲ့ အသွင်ပြောင်းတာမျိုးပြောင်းလို့ရလား" ရှန်းရှန်း၏ မျက်လုံးများ တောက်ပလာသည်။
အိုး... ရွှယ်အန်းသည် ဤမိန်းကလေးနှစ်ယောက် anime ကို အလွန်အကျွံကြည့်ကောင်းနေနိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
"ကောင်းပြီ ရှန်းရှန်းနဲ့ နျန်နျန် ဖေဖေက အသွင်ပြောင်းနိုင်တယ်၊ ဒါပေမယ့် သမီးတို့နှစ်ယောက် လိမ်လိမ်မာမာနေမှ ပြောင်းပြလိမ့်မယ်" အန်းယန်က ပြုံး၍ပြော၏။
"အွန်း သမီးတို့ လိမ်လိမ်မာမာနေပါ့မယ်" ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က တညီတညွတ်တည်း ပြောကြားခဲ့သည်။
"ဒီမှာ သမီးတို့နှစ်ယောက်အတွက် လက်ဆောင်လေးတွေ" ရွှယ်အန်းက အနှစ်တစ်ထောင် ချင်မုနှလုံးသားမှပြုလုပ်ထားသည့် ဆွဲသီးလေးနှစ်လုံးကို ထုတ်ယူလိုက်သည်။
"ဟင် ဖေဖေ၊ ဒါက ဒယ်ပြားဟုတ်ဘူးလား" ရှန်းရှန်းက အံ့ဩသွားသည်။
ရွှယ်အန်းသည် အနှစ်တစ်ထောင် ချင်မုနှလုံးသားကို အကာအကွယ် အဆောင်လက်ဖွဲ့ နှစ်ခုအဖြစ် သန့်စင်ထားကာ သူ့သမီးများ မကြိုက်မည်ကို စိုးရိမ်သဖြင့် ၎င်းတို့ကို ဒယ်ပြားပုံသဏ္ဍန်အတိုင်း ရိုးရိုးရှင်းရှင်း ပုံဖော်ထားသည်။
ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"သမီးတို့ ကြိုက်လား"
"အွန်း သမီးတို့ အရမ်းကြိုက်တယ် ကျေးဇူးတင်ပါတယ် ဖေဖေ"
ကလေးမလေးများက ရွှယ်အန်း၏ပါးကို နမ်းကာ ပျော်ရွှင်စွာ ကစားရန် အထဲသို့ ဝင်သွားကြသည်။
ထိုမှသာ ရွှယ်အန်းမတ်တပ်ထရပ်၍ လှပစွာရပ်နေသော အန်းယန်ကို ကြည့်ကာ နူးညံ့စွာပြုံးလိုက်သည်။
“ယန်အာ”
အန်းယန်၏ မျက်လုံးများက အနည်းငယ်နီနေကာ နားရွက်ဘေးမှ ဆံပင်များကို သပ်လိုက်သည်။
“ယောက်ျား”
ရိုးရှင်းသော စကားလုံးနှစ်လုံးသည် အမိန့်ပေါင်း တစ်ထောင်ကျော်နှင့်ညီမျှသည်။ ရွှယ်အန်းသည် ရှေ့သို့ တိုးလာကာ အန်းယန်ကို ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်သည်။
အန်းယန်သည် အနည်းငယ် ရုန်းကန်ကာ အနည်းငယ် ရှက်ရွံ့လျက်ရှိသည်။
"ရှန်းရှန်းနဲ့ နျန်နျန် ရှိနေတယ်လေ"
ရွှယ်အန်းသည် သူမ၏ ခေါင်းထိပ်ကို ပွတ်သပ်ကာ ရယ်မောလိုက်၏။
"သူတို့နှစ်ယောက် မမြင်ရအောင် ကို ပိတ်ထားပြီးပြီ”
အန်းယန်က သဘောတူညီသည့်သဘောဖြင့် ရွှယ်အန်း၏ရင်ခွင်ထဲတွင် သူမ၏ခေါင်းကိုမြှုပ်ထားသည်။
နှစ်ယောက်သား နွေးထွေးသော အခိုက်အတန့်ကို ကြည်နူးစွာ ခံစားလျက် ငြိမ်သက်စွာ ရပ်နေကြသည်။
ထိုအချိန်တွင် ရှောင်ရှသည် တိတ်တဆိတ် နောက်ပြန်ဆုတ်နေလေ၏။ ရွှယ်အန်း၏ အကာအရံဆိိုသော အရာမှာ ရိုးရှင်းသော လှည့်စားမှု တစ်ခုမျှသာဖြစ်၍ မိန်းကလေးငယ်နှစ်ဦးအတွက် ထိရောက်သော်လည်း သူ့အပေါ် အသုံးမဝင်ပေ။
ထို့ကြောင့် ဖြစ်ပျက်နေသော အရာမှန်သမျှကို မြင်နေရသည်။
ရှောင်ရှက စကားမပြောနိုင်သော်လည်း သူ့စိတ်သည်မူ ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်အရွယ် ကလေးတစ်ယောက်ကဲ့သို့သာဖြစ်သည်။
အရွယ်ရောက်ပြီး သူ၏သခင်များက သူတို့၏ ချစ်ခင်တွယ်တာမှုကို ပျော်ရွှင်စွာ ခံစားနေကြောင်း မြင်လိုက်ရသဖြင့် အမြန်ထွက်သွားလေသည်။
သို့သော် အိမ်နောက်ဖေးမှ ထွက်ခါနီးတွင် ရွှယ်အန်း၏ အသံက ထွက်ပေါ်လာ၏။
"ဘယ်ကို ပြေးနေတာလဲ"
ရှောင်ရှ အေးခဲသွားပြီးနောက် နောက်လှည့်ကာ ရွှယ်အန်းကျေနပ်စေရန် လျှာထုတ်ပြလိုက်သည်။
ရွှယ်အန်းသည် အနည်းငယ် ရယ်မောနေကာ ရယ်ရခက် ငိုရခက်ဖြစ်နေ၏။
"မင်းက ကျောက်လုံနဂါး တစ်ကောင် ဖြစ်ပေမယ့် ခွေးလေးတစ်ကောင်နဲ့ ဘာလို့ ပိုပိုတူလာတာလဲ”
“နောက်ပြီး…” ရွှယ်အန်းက ရှောင်ရှ၍ ဖောင်းကားနေသော ဗိုက်ကို အနည်းငယ် ကူကယ်ရာမဲ့ ကြည့်လိုက်သည်။
"ဝိတ်ချဖို့ အချိန်ရောက်ပြီ"
ခဏအကြာ
ဘမ်း
ရွှယ်အန်းသည် ဗုံးတစ်လုံး ပစ်နေသည့်အလား ရှောင်ရှကို အဝေး တောင်ထိပ်မှ ယွင်မင်ရေကန်ထဲသို့ တန်းတန်းမတ်မတ် လှမ်းပစ်လိုက်သည်။
ဝေဟင်အလယ်တွင် ရှောင်ရှက ဝမ်းနည်းမျက်ရည်ကျလာသည်။
‘ချစ်ရတဲ့ ကြက်ကင်၊ ဘဲကင်၊ ဝက်သားထမင်းကြော်၊ ငံပြာရည်တံတောင်ဆစ်၊ ဝက်နားရွက်ချဉ်… နှုတ်ဆက်ပါတယ်’
ထို့နောက်ရေကန်ထဲသို့ ထိုးကျသွားပြီးနောက် သူ့ခန္ဓာကိုယ်သည် ကျောက်လုံနဂါးအဖြစ်သို့ ပြောင်းလဲသွားရာ စိတ်ပျက်လက်ပျက်ဖြင့်
ရေကန်အောက်ခြေသို့ ဆင်းသွား၏။
အန်းယန်က စိုးရိမ်တကြီးဖြင့်ပြော၏။
“ယောက်ျား ဒါက သိပ်မကြမ်းတမ်းလွန်းဘူးလား ကျောက်လုံဆိုပေမယ့် ကလေးတစ်ယောက်လို ဖြစ်နေတုန်းပဲလေ"
ရွှယ်အန်းက ပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး ကိုက ကူညီပေးနေတာပါ မဟုတ်ရင် အစာ စားပြီး အိပ်လိုက်၊ ပြန်ထလိုက်လုပ်နေတဲ့ ကျောက်လုံ က နဂါးတွေအတွက်တော့ အရှက်ရစရာဖြစ်မှာ အမှန်ပဲ"
"... ဒါဆို ကောင်းပြီ"
စိမ်းလန်းစိုပြေသော သစ်ပင်အောက်ရှိ ခုံတန်းလျားလေးတွင် နှစ်ယောက်သား ထိုင်နေကြစဉ် လေပြေလေညင်းများက သူတို့နောက်ကွယ်မှ ကလေးမလေးများ၏ ရယ်မောသံကို ရံဖန်ရံခါ သယ်ဆောင်လာသည်။
အချိန်များ အေးအေးဆေးဆေး ကုန်လွန်သွားခဲ့သည်။
"ယန်အာ"
"ဟမ်"
"လက်ထပ်ရအောင်"
အတန်ကြာ တိတ်ဆိတ်သွားသည်။
"အိုး"
အန်းယန်က ခပ်တိုးတိုးပြန်ဖြေကာ ခေါင်းငုံ့ထားလိုက်သည်။
“"အိုး"က ဘာကိုဆိုလိုတာလဲ” ရွှယ်အန်းက ပြုံး၍ မေးလိုက်သည်။
အန်းယန်က မျက်ရည်များအပြည့်ဖုံးလွှမ်းနေသည့် မျက်နှာဖြင့် သူမခေါင်းကို မော့ထားကာ ဝမ်းသာအားရ ပြုံးလိုက်သည်။
"'အိုး' ဆိုတာ ကျွန်မ အရမ်းကျေကျေနပ်နပ်ကြီးလက်ခံပါတယ်လို့ ဆိုလိုပါတယ်”
"ယန်အာ ဒီတစ်ခါ မင်းကို တုနှိုင်းမရတဲ့ မင်္ဂလာပွဲကို ကိုကျင်းပပေးမယ်။ အရင်က ချို့ယွင်းချက်အားလုံးကို ပြင်ဆင်ဖို့" ရွှယ်အန်းက လေးနက်စွာပြောသည်။
"ကျွန်မ တခြားဘာမှ မတောင်းဆိုပါဘူး၊ တကယ်ဆို ခုနဲ့တင်ကျေနပ်ပါတယ်" အန်းယန်က ခပ်တိုးတိုး ပြောသည်။
"မင်းကို အနန္တစကြဝဠာမှာ အပျော်ရွှင်ဆုံး အမျိုးသမီးဖြစ်အောင် ထားမယ်လို့ ကို ကတိပေးခဲ့တယ်၊ ခု အဲ့ကတိကို တည်အောင်လုပ်မယ်"
ရွှယ်အန်းက လက်ကို လှန်ပြကာ အင်မော်တယ် စွမ်းအင်အပိုင်းအစနှစ်ခုကို ထုတ်ပြလိုက်သည်။
"ဒါက ဘာလဲဆိုတာ ကြည့်ကြည့်"
အန်းယန်သည် တောက်ပနေသော အင်မော်တယ် စွမ်းအင်အပိုင်းအစနှစ်ခုက မည်သည့်အရာများဖြစ်ကြောင်း မသိသော်လည်း ၎င်းတို့အတွင်းမှ ကြီးမားသော စွမ်းအင်ကို သူမ ခံစားနိုင်သည်။
"ဒါတွေက မင်းရဲ့ စည်းချိပ် တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားပေးနိုင်တဲ့ ရွှေအင်မော်တယ်စွမ်းအင်တွေပဲ" ရွှယ်အန်းက ရှင်းပြသည်။
အန်းယန်၏ တစ်ကိုယ်လုံး တုန်ယင်နေကာ သူမ၏ စည်းချိပ်ကို မစဉ်းစားဘဲ မေးလိုက်သည်။
“ရွှေအင်မော်တယ်လား"
“အင်း”
အန်းယန်၏ မျက်လုံးများ နီရဲလာပြန်သည်။ ယခု သူမသည် ကျင့်ကြံသူတစ်ဦးဖြစ်နေပြီဖြစ်သဖြင့် ရွှေအင်မော်တယ်၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်နေပြီဖြစ်သည်။
၎င်းသည် နယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့တိုင် သူမ၏ စည်းချိပ်အတွက် ရွှယ်အန်းသည် ၎င်းတို့၏ စွမ်းအင်များကို ရယူရန် ရွှေအင်မော်တယ်များကို သတ်ခဲ့သည်။
"ဘာဖြစ်တာလဲ" ရွှယ်အန်းက အနည်းငယ် အံ့ဩသွားသည်။
တစ်ချိန်က အင်မော်တယ်အရှင့်ရာထူး ချီးမြှောက်ခံရသော်လည်း မိန်းကလေး၏ သိမ်မွေ့သော အတွေးအမြင်များကို အပြည့်အဝ နားလည်ရန် မဖြစ်နိုင်ပေ။
အသက်ပြင်းပြင်းရှူ၍ အန်းယန်က လေးနက်သောအသံဖြင့် ပြော၏။
“ယောက်ျား မိန်းမအတွက် စည်းချိပ်က ပြဿနာမဟုတ်ဘူး။ အဲ့တာကို အချိန်ကြာလာတာနဲ့အမျှ ဖြည်းဖြည်းချင်း ချိုးဖျက်နိုင်လောက်တယ်လေ။ ကျေးဇူးပြုပြီး ဒီလိုအန္တရာယ်ရှိမှာမျိူး ထပ်မလုပ်နဲ့၊ ကောင်းပြီလား”
"ဘာလို့လဲဆိုတော့... ကျွန်မစိတ်ပူလို့လေနော်"
ရွှယ်အန်းအံ့အားသင့်သွားပြီးနောက် ရုတ်တရက် တုန်လှုပ်သွားသည်။
"အင်း ဟုတ်တယ် ကို မင်းပြောတာကို နားထောင်မယ်။ ဒါပေမယ့် ဒီ အင်မော်တယ်အဆင့် စွမ်းအင်နှစ်ခုကို ကိုတို့ မဖြုန်းတီးသင့်ဘူးလေ"
ဤသို့ပြော၍ ရွှယ်အန်း၏အမူအရာက လေးနက်လာကာ သူ၏လက်မှ အဖြူရောင်မီးတောက်များ ထွက်ပေါ်လာပြီးနောက် ထို စွမ်းအင်အပိုင်းအစနှစ်ခုက အလင်းပတ်လမ်းကြောင်းများအဖြစ် အရည်ပျော်သွားသည်။
ထို့နောက် ရွှယ်အန်းသည် အန်းယန်၏နဖူးပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်ရာ အလင်းပတ်လမ်းကြောင်းသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းဝင်ရောက်သွားသည်။
အင်မော်တယ်အဆင့်၏ စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ဖြတ်သန်းနေစဉ်တွင် အန်းယန်၏ ရောင်ဝါက ရုတ်တရက် မြင့်တက်လာသည်။
အန်းယန်၏ ဝိညာဉ်၏နက်ရှိုင်းသောအစိတ်အပိုင်းတစ်ခုတွင် ထို အင်မော်တယ်စွမ်းအင်အပိုင်းအစ၏ စွမ်းအင်သက်ရောက်မှုအောက်တွင် မီးခိုးရောင် စည်းချိတ်ဆီမှ ပြင်းထန်သောရောင်ဝါတစ်ခု လင်းလက်တောက်ပလာသည်။
မီးခိုးရောင်တံဆိပ်ပေါ်တွင် အက်ကြောင်းတစ်ခုပေါ်လာရာ ၎င်းက သတိမပြုမိနိုင်လောက်အောင် သေးငယ်သည်။
သို့သော် တစ်ချိန်တည်းတွင် အင်မော်တယ်စွမ်းအင်အပိုင်းအစ၏ စွမ်းအင်များ ကုန်ဆုံးသွားသည်။
ရွှယ်အန်းက ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားနှင့်ပြီးဖြစ်သည်။
အင်မော်တယ်စွမ်းအင် အပိုင်းအစနှစ်ခုဖြင့် စည်းချိတ်ကို ချိုးဖျက်၍မရနိုင်ပေ။
နောက်ဆုံးတွင် ၎င်းသည် အင်မော်တယ်ဘုရင်မှ ထားရှိသည့် စည်းချိပ်ဖြစ်သည်။ ဤအတွေးကြောင့် ရွှယ်အန်း၏ နှလုံးသားသည် အဆုံးမဲ့သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။
မင်းက ဘယ်သူပဲဖြစ်ပါစေ ငါ့မိန်းမကို စည်းချိပ်ပိတ်ရဲတာ မင်းသေဖို့ပြင်ထား။